← Chapters

ယုရှောင်ယွီ အောင်မြင်သွားတယ်

Vol. 4 Ch. 57

ယုရှောင်ယွီ အောင်မြင်သွားတယ်

Vol. 4 Ch. 57

"တကယ်လား...."

ကျောင်းအုပ်ကြီးလုတို့လူစုနှင့် မတူညီဘဲ ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့သည် သူမတို့၏ခန္ဓာကိုယ်များအတွင်းရှိ သွေးစက်များသည် မည်သည့်ထိခိုက်နာကျင်မှုမျှမရှိဘဲ စုပ်ယူရန် ပို၍လွယ်ကူသွားကြောင်း အာရုံခံမိချိန်တွင် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။

အထူးသဖြင့် ယုရှောင်ယွီသည် 'လေးလေးနက်နက်ကျင့်ကြံနေစဉ်' အတောအတွင်း၌ သူမ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကာ အချိန်‌ကောင်းကို စောင့်ဆိုင်းနေသည်။

သွေးများကိုမြိုချလိုက်ခြင်းနှင့်အတူ မီးပြင်းဖိုကို အောင်မြင်စွာထွန်းညှိနိုင်ရန် အခွင့်ကောင်းတစ်ခုရှာဖွေရန် အချိန်ကျပြီဖြစ်သော်လည်း အလွန်အတုအယောင် ဆန်နေပေမည်။

သူမသည် အင်အားအလွန်အကျွံစိုက်ထုတ်နေသည့်အလား သူမ၏မျက်နှာ နီမြန်းနေသော်လည်း သူမသည် မည်သည့်နေရာ၌ မည်သည့်စွမ်းအားမျိုး ရှိနေသည်ကို ဂရုမစိုက်ချေ။ ဤသွေးစက်သည် ဟန်ပြသက်သက်သာဖြစ်ပြီး မီးပြင်းဖိုကို ထွန်းညှိနိုင်ခြင်းမရှိကြောင်း သူမ သိရှိထားသဖြင့် များစွာဟန်ဆောင်နေရန် အကြောင်းမရှိချေ။ဤသည်မှာ သူမ၏အင်အားစိုက်ထုတ်မှုကို အလဟဿဖြုန်းတီးခြင်းသက်သက်ပင်။

တခြားတစ်ဖက်တွင် လျှူမင်ယွဲ့ထံ၌ လုံးလုံးလျားလျား ကွဲပြားခြားနားသော အစီအစဉ်ရှိနေသည်။သူမသည် အနည်းငယ်အချိန်ဆွဲကာ ကျရှုံးသွားယောင်ဆောင်ပြီး ကျန်းရွှမ်ကို အရူးလုပ်ရပေမည်။သို့ရာတွင် သူမသည် စိတ်အားထက်သန်စွာပြုမူမှသာ တခြားလူများမှ သူမ၏ဟန်ဆောင်မှုကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ချေ။

သူမ၏စိတ်အတွင်း၌ ဤအတွေးရှိနေသဖြင့် လျှူမင်ယွဲ့သည် သူမ၏ဝမ်းဗိုက်အတွင်းရှိ သွေးစက်ကို အာရုံစူးစိုက်လိုက်သည်။ဟန်ပေလိပ်သွေးသည် အလွန်အေးစက်ကာ မီးပြင်းဖိုတစ်ခု ထွန်းညှိရန်လိုအပ်သော ပူပြင်းသည့်စွမ်းအားမျိုးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ဤသွေးစက် အလုပ်မဖြစ်သည်ကို သိရှိသော်လည်း သူမသည် ထိုအရာ၏စွမ်းအင်တန်းတတန်းကို စုပ်ယူကာ သူမ၏ရင်းမြစ်စွမ်းအင်များနှင့်ရောယှက်ပြီး ကျန်းရွှမ်၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ သူမ၏ရင်းမြစ်ရေအိုင်အတွင်းသို့ ဝင်ရောက်သွားစေသည်။

လူအုပ်အကြားတွင်ရှိနေသော ယုဖုန်းသည် သူ့ရှေ့ရှိမြင်ကွင်းကို မျက်တောင်မခတ်ဘဲ စူစစိုက်ကြည့်ရင်း ဒေါသကြောင့် သူ၏မျက်နှာနီမြန်းနေသည်။သူသည် ထပ်မံ၍သည်းမခံနိုင်တော့ဘဲ ရှေ့သို့ထွက်ကာ အော်ဟစ်လိုက်၏။

"ကျန်းရွှမ်... မီးပြင်းဖိုကို ဘယ်လိုထွန်းညှိလဲဆိုတာကိုတောင် မင်း သိလို့လား...ဘယ်သူက သွေးစက်တွေကို မြိုချလို့လဲ....တကယ်လို့ ငါ့ညီမ တစ်ခုခုဖြစ်သွားရင် မြို့အရှင်အိမ်တော်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

ယုဖုန်း စကားပြောဆိုနေသည်ကို မြင်ချိန်တွင် ချန်းဟောင်၏မျက်လုံးများ တောက်ပသွားကာ သူသည်လည်း အော်ဟစ်လိုက်သည်။

"ချင်ကွမ်းသားရဲသွေးနဲ့ လင်းယွမ်သားရဲသွေးတို့ကို ဒီအတိုင်းဖြုန်းတီးလိုက်တာက အရမ်းအတင့်ရဲတာပဲ...အဖြူရောင်ကျောက်တုံးကျောင်းတော်မှာ မင်းလိုဆရာတစ်ယောက် မလိုဘူး"

"ဒါက အမှန်ပဲ...သူက မြင်းထိန်းတစ်ယောက်လို့ ငါ ကြားထားတယ်...ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ သူက ဘာသိမှာလဲ...သူ့ကို ဆရာတစ်ယောက်အဖြစ် ခေါ်ထားတာက ကျောင်းသားတွေကို လှည့်စားနေတာပဲ"

"ငါတို့ အဓိပ္ပါယ်မရှိတာတွေကို ပြောနေတာ မဟုတ်ဘူး...လူတိုင်း ဒီကိစ္စကို မြင်တာပဲ...ဘယ်သူက မီးပြင်းဖိုကို ဒီနည်းလမ်းနဲ့ ထွန်းညှိကြလို့လဲ....တကယ်လို့ မီးစာက သတ္တုတစ်စဖြစ်နေရင်တောင် သူက အဲ့ဒါကို ဝါးစားခိုင်းမှာလား"

သူတို့၏စကားလုံးများနှင့်အတူ လူအများသည် အလျင်အမြန် ပူးပေါင်းလာကြကာ ထိုလူများအနက်မှအများစုသည် ချန်းဟောင် သို့မဟုတ်ယုဖုန်းနှင့် ဆက်သွယ်ထားပြီး ပြစ်တင်ဝေဖန်ခြင်းအရှိန်အဟုန်ကို မြှင့်တင်ပေးရန်ပင်။ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်သည် လူများအားလုံး၏ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရသော ပစ်မှတ် ဖြစ်လာခဲ့သည်။

'တကယ်လို့ သူ မီးပြင်းဖိုထွန်းညှိတဲ့နေရာမှာ ကျရှုံးသွားရင်တောင် ဘာမှမဖြစ်ဘူး...နောက်ပိုင်းကျရင် ငါက နည်းလမ်းတခုရှာပြီး ကျောင်းအုပ်ကြီးလုဆီကနေ အကူအညီတောင်းလို့ရတယ်....ဒါပေမဲ့ ချင်ကွမ်းသားရဲသွေးကတော့ နှမြောစရာပဲ..... သွေးစက်တစ်စက်ကို ရင်းမြစ်ဒင်္ဂါး သောင်းနဲ့ချီပြီးတန်တယ်"

မိုယန်ရွှယ်သည် သူမသူငယ်ချင်း၏အခက်အခဲကိုမြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့ဖြစ်သွားသော်လည်း အနည်းငယ်စိတ်သက်သာရာရသွားသည်။

မြို့အရှင်အိမ်တော်သည် အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေခဲ့သော ကျန်းရွှမ်၏အကူအညီကြောင့် ကျေးဇူးတင်နေမည်ဖြစ်သော်လည်း မြို့အရှင်သည် သူ့သမီး၏အနာဂတ်အတွက် စွန့်စားရမှုများ အလွန်များပြားနေလေပြီ။ထို့ကြောင့် သူသည် ကျန်းရွှမ်ကို အလွန်မှီခိုအားထားတော့မည် မဟုတ်ချေ။

လူအုပ်အကြားရှိ ရုန်းရင်းဆန်ခတ်မှုများ ပို၍ကျယ်လောင်ပြီး ပြင်းထန်လာသည်ကို မြင်တွေ့သဖြင့် မိုယန်ရွှယ်သည် ထပ်မံ၍သည်းမခံနိုင်တော့ဘဲ ရှေ့သို့ထွက်ကာ အော်ဟစ်လိုက်၏။

"အားလုံးပဲ....ငြင်းခုံနေတာကို ရပ်လိုက်ကြတော့"

မိုမိသားစု၏အကြီးဆုံးသမီး အလှပဂေးလေးတစ်ယောက်ဖြစ်ကာ ကျောင်းအုပ်ကြီး၏တိုက်ရိုက်တပည့်ဖြစ်သဖြင့် သူမ၏မကျေမနပ်အော်ဟစ်လိုက်သောအသံကြောင့် လူအုပ်ကြီး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

မိုယန်ရွှယ်က မျက်ခုံးပင့်ပြီး ပြောဆိုသည်။

"တကယ်လို့ ဆရာကျန်းရွှမ် မှားနေတယ်ဆိုရင်တောင် ကျောင်းတော်က ကိုင်တွယ်ဖြေရှင်းလိမ့်မယ်...ငါတို့ကျောင်းသားတွေ မဟုတ်ဘူး...စီနီယာယုဖုန်း ငါ ပြောတာမှန်ရဲ့လား"

"ယန်ရွှယ်...မင်း ပြောတာ အမှန်ပါပဲ...ဒါပေမဲ့ ဒီကိစ္စမှာ ရှောင်ယွီ ပါဝင်ပတ်သက်နေတယ်...ငါက ထိုင်ကြည့်မနေနိုင်ဘူး"

ယုဖုန်းက တုံ့ပြန်သည်။

"ငါက နင့်ရဲ့စိုးရိမ်မှုကို နားလည်တယ်...ဒါပေမဲ့ နင် ချဉ်းကပ်တဲ့နည်းလမ်းကို ငါ သဘောမတူဘူး....မနေ့က ကျောင်းအုပ်ကြီးကိုယ်တိုင် ဆရာကျန်းကို အရံဆရာအဖြစ် ခန့်အပ်ခဲ့တယ်....ဒါ့ပြင် ရှောင်ယွီကို သူရဲ့လက်အောက်မှာ တပည့်ဖြစ်လာဖို့ ခေါင်းမာခဲ့တဲ့လူက မြို့အရှင်ပဲ"

"ဒါက...."

ယုဖုန်း၏အသံ တိမ်ဝင်သွားသည်။သူ ဤကိစ္စအကြောင်းကို ကြားသိပြီးဖြစ်သည်။သူ့ညီမ ဤကဲ့သို့အခြေအနေသို့ ရောက်ရှိသွားသော အကြောင်းရင်းခံအရင်းအမြစ်သည် သူတို့၏ဖခင်ကြောင့်ပင်။ကျန်းရွှမ်သည် ငြင်းဆန်ရန် ကြိုးစားခဲ့သော်လည်း မြို့အရှင်၏ခေါင်းမာမူများစွာကို ရင်ဆိုင်ပြီးနောက် သဘောတူညီခဲ့ခြင်းဖြစ်သည်။ယခုအချိန်၌ ကျန်းရွှမ်အား သူ အပြစ်တင်သည်မှာ မသင့်လျော်ချေ။

သခင်မလေးဟောင်းမှ သူ့အတွက် စကားပြောပေးသည်ကိုကြည့်ပြီး ကျန်းရွှမ်သည် အံ့အားသင့်သွားပေ၏။သူ တုံ့ပြန်တော့မည့်အချိန်မှာပင် မိုယန်ရွှယ်၏စူးရှသောအကြည့် သူ့ထံသို့ ကျရောက်လာသည်။

"ဆရာကျန်း....ကျောင်းအုပ်ကြီးက နင့်ကို အရံဆရာတစ်ယောက်အဖြစ် ခန့်အပ်ခဲ့မှတော့ နင့်ရဲ့တာဝန်တွေပေါ်မှာပဲ အာရုံစိုက်သင့်တယ်....သင်ကြားခြင်းက နင်နဲ့မသင့်တော်ဘူး ...ရှောင်ယွီလို ပါရမီအရည်အချင်းမျိုးက ကျင့်ကြံတဲ့နေရာမှာ နှောင့်နှေးလို့မရဘူး...နင်ဖြစ်ဖြစ် မြို့အရှင်ဖြစ်ဖြစ် နင်တို့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ပြည့်ဖို့အတွက် လူတစ်ယောက်ရဲ့အနာဂတ်ကို စွန့်စားခိုင်းလို့ မရဘူး"

"အမ်....."

သူမ၏တဲ့တိုးပြောဆိုလိုက်သောစကားများကြောင့် ကျန်းရွှမ်သည် မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။ထိုအချိန်မှာပင် ကျောင်းအုပ်ကြီးလုမင်ရုန်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ရှေ့သို့ထွက်လာခဲ့သည်။

"ဒါက လုံလောက်ပြီ"

ဤသည်မှာ သူ၏အကန့်အသတ်သို့ ရောက်ရှိသွားလေပြီ။ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ရန် သူတို့သည် အင်အားစိုက်ထုတ်၍ ကြိုးပမ်းခဲ့သော်လည်း ဤရူးသွပ်မိုက်မဲသောကျောင်းသားများကြောင့် ကျန်းရွှမ်ကို အပြစ်ပြုမိပြီးဖြစ်သည်။

' 'ကျင့်ကြံတဲ့နေရာမှာ နှောင့်နှေးလို့မရဘူး'နဲ့ 'ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ပြည့်ဖို့အတွက်'ဆိုတာ မင်း ဘာကိုဆိုလိုတာလဲ... ဒီလိုပါရမီရှင်တစ်ယောက်နဲ့ ဆက်သွယ်နိုင်ဖို့အတွက်ဘယ်သူက လူတစ်ယောက်ရဲ့အနာဂတ်ကို ဂရုစိုက်နေမှာလဲ.... သူ ကြီးပြင်းလာတာနဲ့ သူ့ရဲ့အသေးငယ်ဆုံး မျက်နှာသာပေးမှုတစ်ခုကတောင် နှစ်ရာနဲ့ချီပြီး ပြင်းပြင်းထန်ထန်ကြိုးစားတာထက် ပိုပြီးတန်ဖိုးရှိလိမ့်မယ်'

'အင်ပါယာတည်ထောင်တဲ့ဧကရာဇ်တွေရဲ့စစ်ဗိုလ်ချုပ်တွေကို ကြည့်လိုက်အုံး...သူတို့တစ်ယောက်ချင်းစီက နက်နဲသိမ်မွေ့ပြီးတော့ အစွမ်းထက်တယ်...ဒီလိုမျိုး အုပ်ချုပ်သူအရှင်တစ်ယောက်နဲ့ မတွေ့ခဲ့ရဘူးဆိုရင် သူတို့က ရွာလူကြီးတွေအဖြစ် ဆက်ရှိနေပြီးတော့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာဖို့ကိုပဲ အိပ်မက်မက်နေရလိမ့်မယ်...သူတို့က အခွင့်အာဏာကြီးမားတဲ့ စစ်ဗိုလ်ချုပ်တွေ ဖြစ်လာမှာမဟုတ်ဘူး'

"ဆရာတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်သင်ကြားခြင်းနည်းစနစ်တွေ ရှိပြီးတော့ ဆရာကျန်းမှာလည်း သူ့ရဲ့ကိုယ်ပိုင်အတွေးအမြင် ရှိတယ်...အခုချိန်မှာ ယုရှောင်ယွီနဲ့လျှူမင်ယွဲ့တို့က သူတို့ရဲ့မီးပြင်းဖိုတွေကို ထွန်းညှိနေတဲ့ အရေးကြီးအချိန်အခိုက်အတန့်ကို ရောက်နေတယ်... မင်းပဲဖြစ်ဖြစ် တခြားဘယ်သူပဲဖြစ်ဖြစ် သူတို့ကို နှောက်ယှက်လို့မရဘူး"

လုမင်ရုန်က သူ၏အင်္ကျီလက်ကိုခါယမ်းပြီး ပြောဆိုကာ သူ၏မျက်နှာပေါ်တွင် စိတ်မကျေမနပ်မှုများဖြင့် ပြည့်နှက်နေသည်။

"ဆရာပြောတာ အမှန်ပါပဲ...ဒါပေမဲ့..."

မိုယန်ရွှယ်သည် အချိန်တခဏကြာခန့် ချီတုံချတုံဖြစ်နေပြီးနောက် ဆက်လက်၍ပြောဆိုသည်။

"မီးပြင်းဖိုကိုထွန်းညှိတဲ့ ဆရာကျန်းရဲ့နည်းလမ်းက အခြေခံအားဖြင့်တော့ မှားနေတယ်...ဒါကြောင့် အောင်မြင်မှုနှုန်းက အရမ်းနိမ့်ပါးလိမ့်မယ်"

"မီးပြင်းဖိုတွေက ပုံသဏ္ဍာန်အမျိုးမျိုးရှိတာကြောင့် ဒါတွေကို ထွန်းညှိနိုင်တဲ့ နည်းလမ်းတွေက မရေမတွက်နိုင်အောင်ရှိတယ်...မင်းကို မီးပြင်းဖိုထွန်းညှိပေးခဲ့တဲ့ ငါ့ရဲ့နည်းလမ်းက တခြားနည်းလမ်းတွေအားလုံးကို ကိုယ်စားပြုထားတာ မဟုတ်ဘူး"

လုမင်ရုန်သည် သူမ မည်သည့်အရာအားဆိုလိုသည်ကို နားလည်သဘောပေါက်သဖြင့် သူမအား ထပ်မံ၍ကြားဖြတ်ဟန့်တားလိုက်သည်။

"ငါ နားလည်ပါတယ်...ဒါပေမယ့် ငါက ငါ့ရဲ့အမြင်အတိုင်း ရပ်တည်မယ်....တကယ်လို့ သူ့ရဲ့နည်းစနစ်က မီးပြင်းဖိုကို ထွန်းညှိနိုင်တယ်ဆိုရင် ငါကိုယ်တိုင် သူ့ကို တောင်းပန်မယ်...."

မိုယန်ရွှယ်က အခိုင်အမာပြောဆိုသည်။သို့ရာတွင် သူမ၏စကား အဆုံးမသတ်သေးမီမှာပင် သူမ၏သူငယ်ချင်းကောင်းဖြစ်သော ယုရှောင်ယွီသည် ရုတ်တရက်မျက်လုံးဖွင့်ကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသောအသံဖြင့် အော်ဟစ်လိုက်၏။

"အမ်...ငါရဲ့မီးပြင်းဖိုကို မီးထွန်းညှိနိုင်ပြီ...ငါ အောင်မြင်သွားပြီ"

"...."

မိုယန်ရွှယ် ကြက်သေသေသွားသည်။

"...."

ယုဖုန်း ချန်းဟောင်နှင့်တခြားလူများသည်လည်း ကြက်သေသေသွားလေ၏။သူတို့သာမက ကျန်းရွှမ်၏အရှက်ကို ကယ်တင်ရန် ပြင်ဆင်ထားသည့် လုမင်ရုန် ယန်ချင်ရှု ဝူလျှူယွင်နှင့်တခြားလူများသည်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အံ့အားသင့်နေကြသည်။

မည်သို့ ဖြစ်ပျက်သွားသနည်း...

ဤကဲ့သို့ အရိုင်းဆန်သောနည်းလမ်းတစ်ခုသည် မီးပြင်းဖိုတစ်ခုကို အမှန်တကယ် ထွန်းညှိနိုင်သလော....

'ဒါက တကယ်ကြီးလား....'

All Chapters