အကာအကွယ်ကို မှုတ်ထုတ်ခြင်း
Vol. 4 Ch. 58
ကျောင်းအုပ်ကြီးလုသည် အစောပိုင်းက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သော်လည်း ကျောင်းတော်အကြီးအကဲများဖြစ်သော သူတို့အားလုံးသည် မီးပြင်းဖိုကို မီးထွန်းညှိရာ၌ ဓလေ့ထုံးထမ်းလုပ်ငန်းစဥ်တစ်ခုရှိကြောင်း သိရှိထားပေ၏။သာမာန်ဆရာတစ်ယောက်သည် စံသတ်မှတ်ထားသော အဆင့်များကို လိုက်နာသရွေ့ အခက်အခဲများစွာ ရင်ဆိုင်ရမည်မဟုတ်ဘဲ ယေဘုယျအားဖြင့် အောင်မြင်နိုင်သည်။သို့ရာတွင် ကျန်းရွှမ်၏နည်းစနစ်သည် ဤဓလေ့ထုံးတမ်းလုပ်ငန်းစဉ်နှင့် မတူညီချေ။သူတို့၏အမြင်၌ သူသည် ဗရုတ်ကျနေပုံရသော်လည်း ယခုအချိန်၌ သူ အမှန်တကယ် အောင်မြင်သွားခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် လူများအားလုံးသည် ယုရှောင်ယွီထံသို့ ကြည့်လိုက်ကြ၏။
"ငါ တကယ်အောင်မြင်သွားပြီ....ငါ ခုဏက ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူနိုင်တယ်"
ကျောင်းအုပ်ကြီးအပါအဝင် လူအမြောက်အများသည် သိချင်စိတ်ပြင်းပြစွာဖြင့် သူမအားစူးစိုက်ကြည့်နေသည်ကို မြင်တွေ့သဖြင့် ယုရှောင်ယွီ၏မျက်နှာ နီမြန်းသွားကာ သူမ၏အသံတွင် ယခင်ယုံကြည်ချက်မျိုး ပျောက်ဆုံးသွားသည်။
"မီးပြင်းဖို့တစ်ခုကို ထွန်းညှိပြီးတော့ နင်က ရင်းမြစ်စွမ်းအင်ကို စုပ်ယူနိုင်တာလား...ရှောင်ယွီ နင် ထွန်းညှိလိုက်တဲ့မီးပြင်းဖိုက ဘယ်အဆင့်လဲ....ငါတို့ကို ပြောပြပေးနိုင်မလား"
မိုယန်ရွှယ်က မေးမြန်းသည်။
"ငါ....ငါက အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့တယ်....နင့်လိုပဲ ငါလည်း တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်းတစ်ရာ့လေးဆယ်ကို စုပ်ယူနိုင်တယ်"
ယုရှောင်ယွီက သူမ၏ခေါင်းကို ခပ်မြင့်မြင့်မော့ပြီး ပြောဆိုသည်။
"အထွတ်အထိပ်အဆင့်လား..."
မိုယန်ရွှယ်ကိုကြည့်ရသည်မှာ သံသယဝင်နေပုံပင်။
"ဒါက အမှန်ပဲ... နင်က ငါ့ကို မယုံဘူးလား"
ယုရှောင်ယွီက တုံ့ပြန်မေးမြန်းကာ သူမ၏အသံတွင် ထိတ်လန့်တကြားဖြစ်နေသော အရိပ်အယောင်များ ရောယှက်နေသည်။
"ဒါက ငါ နင့်ကို မယုံလို့မဟုတ်ဘူး...ငါက အတည်ပြုချင်ရုံပါပဲ....."
မိုယန်ရွှယ်သည် 'စမ်းသပ်မည်"ဟူသော စကားလုံးကို ပြောဆိုတော့မည့်အချိန်မှာပင် ကျောင်းအုပ်ကြီးလုမင်ရုန်က သူမအား ကြားဖြတ်ဟန့်တားသည်။
"မီးပြင်းဖိုကိုထွန်းညှိနိုင်တာက အရမ်းကောင်းတယ်.....မင်းရဲ့အဆောင်ကို ပြန်တော့....ဒါကို မြန်မြန်အသုံးပြုပြီး ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူပြီးတော့ မင်းရဲ့ရင်းမြစ်ရေအိုင်ကို ဖြည့်တင်းလိုက်ပါ"
သူ၏စူးရှသောအမြင်အာရုံကြောင့် ယုရှောင်ယွီ မအောင်မြင်သည်ကို သူ ပြောဆိုနိုင်သည်။သူမသည် မြို့အရှင်၏ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ကျန်းရွှမ် အရှက်ရမည့်ဘေးမှ ကာကွယ်ခြင်းဖြစ်ပေမည်။ဤသည်မှာ သူ၏ရည်မှန်းချက်ပန်းတိုင်နှင့် ကိုက်ညီနေသောကြောင့် သူမအား ပေါ်လွင်စေခြင်းမရှိဘဲ ကူညီ၍ဖုံးကွယ်ပေးရပေမည်။
"ဟုတ်ကဲ့...."
ယုရှောင်ယွီသည် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး ထွက်ခွာသွားရန် နောက်သို့ချာခနဲလှည့်လိုက်သည်။သူမသည် တခြားလူများ၏ရှေ့တွင် စိုးရိမ်ပူပန်ခြင်းမရှိ ဟန်ဆောင်နိုင်သော်လည်း သူမ၏သူငယ်ချင်းကောင်းရှေ့တွင် လိပ်ပြာမလုံမှုကို အနည်းငယ်ခံစားရသည်။
"ခဏနေအုံး...."
သူမ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးသောအချိန်မှာပင် စိတ်မကြည်မသာအော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့တာလား...ငါ ဘာလို့ ဒါကို အာရုံမခံမိတာလဲ"
"..."
ယုရှောင်ယွီသည် တုန်ရီသွားကာ နောက်သို့ချာခနဲလှည့်ကြည့်လိုက်ချိန်၌ ကျန်းရွှမ်သည် သူမ၏နောက်၌ မတ်တတ်ရပ်နေပြီး စိတ်ရှုပ်ထွေးမှုကြောင့် မျက်မှောင်ကြုတ်ထားသည်ကို သူမ မြင်တွေ့မိသည်။
"ငါ....ငါ...."
ယုရှောင်ယွီသည် မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိသဖြင့် သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
သူမသည် သူ့အတွက် ဖုံးကွယ်ပေးရန် ကြိုးစားနေသော်လည်း ယခုအချိန်၌ သူ့ကိုယ်သူ ထုတ်ဖော်တော့မည်အလားပင်။ဤသည်ကြောင့် သူမ မည်ကဲ့သို့ ဆက်၍ဟန်ဆောင်ရမည်နည်း။
ယုရှောင်ယွီသည် ထိတ်လန့်တကြားဖြစ်နေရုံသာမက ကျောင်းအုပ်ကြီးလုမင်ရုန် ယန်ချင်ရှု နှင့်တခြားအကြီးအကဲများ၏ မျက်နှာများပေါ်မှအပြုံးများသည်လည်း တောင့်တင်းသွားသည်။ယုရှောင်ယွီ၏ပူပေါင်းဆောင်ရွက်မှုကြောင့် သူတို့သည် ဆင်ခြေများစွာပေးရန်မလိုတော့ဘဲ ယနေ့ပြဿနာကို လွယ်လင့်တကူဖြေရှင်းနိုင်မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။ကျန်းရွှမ်သည် သူ၏အကာအကွယ်ကို သူကိုယ်တိုင် မှုတ်ထုတ်လိုက်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။
'အစ်ကိုကြီး...မင်း ကိစ္စတွေကို ဘာလို့ခက်ခဲအောင် လုပ်နေတာလဲ'
'ငါတို့က မင်းကိုကူညီဖို့ ကြိုးစားနေတာလေ'
ရုတ်ချည်းဆိုသလိုပင် ကျောင်းအုပ်ကြီးလုမင်ရုန်နှင့်တခြားအကြီးအကဲများသည် သူတို့၏စိတ်များအတွင်း၌ ထောင်နှင့်ချီသောကျိန်စာများ လှည့်ပတ်နေသကဲ့သို့ ခံစားမိသည်။သူတို့သည် အမှားကျူးလွန်ခဲ့သောလူများကို မြင်တွေ့ဖူးသော်လည်း ကိုယ့်ကိုယ်ကိုယ် ဤမျှထိ နှိုက်နှိုက်ချွတ်ချွတ်ဖျက်ဆီးသော တစ်စုံတစ်ယောက်ကို မမြင်တွေ့ဖူးချေ။
"အမ် ဒါက....ယုရှောင်ယွီက မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့တယ်...ငါ ခုဏက ရင်းမြစ်စွမ်းအင်တန်းစီးဆင်းမှုကို အာရုံခံမိတယ်"
ကျောင်းအုပ်ကြီးလုမင်ရုန်သည် ကိုးယိုးကားယားအပြုံးတစ်ခုကို အားယူပြုံးကာ သူ၏မျက်ခွံများ တုန်ရီနေသည်။
"ဟုတ်တယ်....ဒါက အမှန်ပဲ...ငါတို့အားလုံး ဒါကို ခံစားမိတယ်"
ဝူယွင်ကျိုးကလည်း အလျင်အမြန် ထောက်ခံလိုက်ကာ သူ၏နောက်တွင် ယန်ချင်ရှု ဝူလျှူယွင်နှင့်တခြားအကြီးအကဲများအားလုံး သံယောင်လိုက်ကြသည်။
"မင်းရဲ့နည်းလမ်းက မှန်တယ်...မီးပြင်းဖိုတစ်လုံးကိုထွန်းညှိတာက အရမ်းရိုးရှင်းပြီးတော့ သဘာဝအတိုင်းပဲ...."
"ကြည့်ရတာ ဘာတစ်ခုမှ ဖြစ်ပျက်သွားပုံမရပေမယ့် အဖြစ်မှန်က မီးတောက်တွေလောင်ကျွမ်းနေတာ အရမ်းပြင်းထန်ပြီးတော့ အစွမ်းထက်တယ်"
ကျောင်းအုပ်ကြီးနှင့်အကြီးအကဲများသည် သူမအား ကာကွယ်ပေးနေသည်ကို မြင်တွေ့ချိန်၌ ယုရှောင်ယွီသည် လုံးလုံးလျားလျားကြက်သေသေသွားလေ၏။
'ဘာတွေ ဖြစ်နေတာလဲ...ငါက ဘယ်သူလဲ...ငါ ဘယ်နေရာကို ရောက်နေတာလဲ'
'ငါ့ရဲ့အဖေမှာပဲ ဒီလို သြဇာအာဏာမျိုး ရှိတာမဟုတ်လား....သူက ငါ့ကိုကူညီပြီးလိမ်ပေးဖို့အတွက် အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ အဆင့်မြင့်အကြီးအကဲတွေအားလုံးကို တံစိုးလက်ဆောင်တွေ ပေးထားတာများလား...'
"မဟုတ်ဘူး....လုံးဝ မဖြစ်နိုင်ဘူး"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက မီးပြင်းဖိုကို တကယ်ထွန်းညှိနိုင်တယ်ဆိုရင် ငါ အာရုံခံနိုင်ရမယ်...အလျင်စလို ထွက်သွားဖို့မလိုဘူး....မင်း ရင်းမြစ်စွမ်းအင်တွေကို ဘယ်လိုစုပ်ယူတယ်ဆိုတာ ဒီနေရာမှာ ငါ့ကိုပြစမ်း"
အစောပိုင်းက သူသည် မူလဘူတမြေဝါရောင်စွမ်းအင်တန်းတစ်တန်းကို သူမ၏ရင်းမြစ်ရေအိုင်အတွင်းသို့ ပို့ဆောင်ခဲ့သည်။ထိုစွမ်းအင်တန်းသည် သူ၏အသိစိတ်အာရုံနှင့် ချိတ်ဆက်ထားပေ၏။အကယ်၍ သူမသည် မီးပြင်းဖိုကို အမှန်တကယ်ထွန်းညှိနိုင်ပါက သူ အာရုံခံနိုင်မည်မှာ သေချာပေါက်ပင်။သို့ရာတွင် ယခုအချိန်၌၊သူသည် မည်သည့်အရာကိုမျှ မခံစားရချေ။
သူမ လိမ်လည်နေသည်မှာ သိသာထင်ရှားပေ၏။
"ငါ...."
ယုရှောင်ယွီ ငိုချင်စိတ်ပေါက်သွားသည်။
'လိမ်ရတာက ဘာလို့ ဒီလောက်ထိ ခက်ခဲတာလဲ'
"ရှောင်ယွီ....ဒါက အမှန်ပဲ.....ငါလည်း တစ်ခုခုလွဲချော်နေပြီလို့ ထင်တယ်....နင် ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူဖို့ ကြိုးစားကြည့်စမ်းပါ....ငါတို့အားလုံး ဒါကို ကြည့်ချင်တယ်"
မိုယန်ရွှယ်က ရှေ့သို့ထွက်ပြီး ပြောဆိုသည်။
ယုဖုန်းကလည်း တိုက်တွန်းလေ၏။
"ညီမလေး....ဒါက ကျင့်ကြံရုံပဲလေ...အချိန်အများကြီးယူဖို့ မလိုပါဘူး"
လက်ဝဲဘက်တွင် ကျောင်းအုပ်ကြီးလုမင်ရုန်နှင့်အကြီးအကဲများ လက်ယာဘက်တွင် ဆရာကျန်းရွှမ်ရှိနေကာ ရှေ့တည့်တည့်၌ သူမ၏သူငယ်ချင်းကောင်းနှင့်အစ်ကိုရှိနေသဖြင့် ယုရှောင်ယွီသည် အသိစိတ်ကင်းလွတ်သွားသကဲ့သို့ ခံစားနေရသည်။
'ငါလည်း ဒါကိုပြချင်တယ်...ဒါပေမဲ့ ငါက လိမ်နေတာ...ငါက လိမ်နေတာလေ...'
ယုရှောင်ယွီ၏လိမ်လည်မှု ပေါ်လွင်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေသည်ကိုကြည့်ပြီး လုမင်ရုန်သည် ထပ်မံ၍ကြည့်မနေနိုင်တော့ဘဲ အပြုံးတစ်ခုကို ဖျစ်ညှစ်၍ပြုံးလိုက်သည်။
"ကျင့်ကြံခြင်းက သီးသန့်ကိစ္စတစ်ခုပဲ...ဒီလောက်လူတွေအများကြီးရှေ့မှာ အဲ့ဒီလိုမျိုးလုပ်ဖို့ မလိုဘူး"
"ဒါက သေချာပေါက်လိုအပ်တယ်...တကယ်လို့ သူ မီးပြင်းဖိုကို မထွန်းညှိနိုင်ဘူးဆိုရင် ဘယ်နေရာမှာ ပြဿနာရှိနေလဲဆိုတာ ငါ သိဖို့လိုတယ်...အဲ့ဒီလိုမှသာ ငါ ပြင်ဆင်နိုင်လိမ့်မယ်"
ကျန်းရွှမ်က ရှင်းပြသည်။
စနစ်တကျကောင်းကင်လမ်းမှ ဆင်းသက်လာသောနည်းလမ်းသည် ယုရှောင်ယွီနှင့် အပြည့်အဝကိုက်ညီပေ၏။ဤနည်းလမ်းသည် မည်သည်ကြောင့် အောင်မြင်ခြင်း မရှိသနည်း။ ဤသည်မှာ အလွန်ထူးဆန်းပေ၏။
လူအများ စကားစစ်ထိုးနေစဉ်မှာပင် မျက်လုံးမှိတ်၍ကျင့်ကြံနေသော လျှူမင်ယွဲ့သည် ရုတ်တရက် မတ်တတ်ထရပ်ပြီး အထင်အမြင်သေးသောအကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လေသည်။
"ဘာမှစမ်းသပ်နေဖို့ မလိုဘူး...ယုရှောင်ယွီက သူ့ရဲ့မီးပြင်းဖိုကို မထွန်းညှိရသေးဘူးဆိုတာ ငါ သက်သေခံနိုင်တယ်....ဒါကိုကြည့်ရင် ဆရာကျန်းက တခြားလူတွေရဲ့ကျင့်ကြံခြင်းကို ဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတာ နည်းနည်းလေးတောင်မသိဘူးလို့ ဆိုလိုတာပဲ"
"သက်သေခံနိုင်တာလား....မင်းမှာ ဘာသက်သေရှိလို့လဲ"
ယန်ချင်ရှု၏ဦးရေပြား တင်းကြပ်သွားကာ သူမအား အလျင်အမြန် အော်ငေါက်လိုက်၏။
'သူတို့က ဘယ်လိုလူမျိုးတွေလဲ...'
ယမန်နေ့က သူတို့သည် ကျန်းရွှမ်အတွက် ဖုံးကွယ်ပေးခဲ့စဥ်၌ သူတို့အားလုံး စွမ်းအားများကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်ပြီး ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိမှသာ စိတ်သက်သာရာရမှုကို ခံစားရသည်။ယနေ့တွင် သူတို့သည် သူ့အား ဆက်လက်၍ကူညီပေးလိုသော်လည်း စိတ်အေးမှုကို မခံစားရချေ။
ဤကဲ့သို့ အဆက်မပြတ် စိတ်ရှုပ်ထွေးနေရမှုများကြောင့် သူတို့အားလုံး သေဆုံးသွားနိုင်ချေရှိသည်။
"ငါက ငါ့ကိုယ်ငါ့ သက်သေအဖြစ် အသုံးပြုမယ်.... ငါက လင်းယွမ်သားရဲသွေးကို သန့်စင်ပြီးတော့ ဆရာကျန်းရွှမ်ရဲ့နည်းလမ်းအတိုင်းလုပ်ဆောင်ခဲ့ပေမယ့် ငါ့ရဲ့ရင်းမြစ်ရေအိုင်က တည်ငြိမ်နေပြီးတော့ အပြောင်းအလဲမရှိဘူး...ခုထိ မီးပြင်းဖိုကို မထွန်းညှိနိုင်ဘူး...ငါ မအောင်မြင်မှတော့ သူ အောင်မြင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး'
လျှူမင်ယွဲ့က ခေါင်းမော့ပြီးပြောဆိုကာ သူမ၏မျက်လုံးအကြည့်သည် စူးရှပြီး စိန်ခေါ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ယုရှောင်ယွီ....နင် စမ်းသပ်ခံရဲလား...ဒါမှမဟုတ် နင် လိမ်နေတယ်ဆိုတာကို ဝန်ခံမှာလား"
"ငါ...."
ယုရှောင်ယွီ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလုမတတ်ပင်။
'လိမ်ရတာ အရမ်းခက်တာပဲ'
"ရှောင်ယွီ....ဘာတွေဖြစ်နေတာလဲ...ငါတို့ကို ပြောပြစမ်းပါ"
မိုယန်ရွှယ်က သူမ၏သူငယ်ချင်းကို တိုက်တွန်းလိုက်သည်။
"ငါ...ငါက ဆရာကျန်း အရှက်ရသွားမှာကို စိုးရိမ်တာကြောင့် တမင်သက်သက်ဟန်ဆောင်လိုက်တာပါ"
သူမ ထပ်မံ၍ဖုံးကွယ်မရတော့သည်ကို သိရှိသွားသဖြင့် ယုရှောင်ယွီက ဝန်ခံလိုက်ကာ သူမ၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းနေပေ၏။သူမသည် ဤကိစ္စတွင် သူမ၏ဖခင် ပါဝင်ပတ်သက်နေသော အမှန်တရားကို ထုတ်ဖော်၍မရသောကြောင့် သူမကသာ အပြစ်များကို ခံယူရပေမည်။
သို့ရာတွင် သူမ ဝန်ခံလိုက်သောအချိန်တွင် လူအုပ်ကြီး လှုပ်လှုပ်ရွရွဖြစ်သွားသည်။
"ဒါက လိမ်နေတာလား...."
"ဒါဆိုရင် အဲ့ဒီဆရာကျန်းက ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ဘာတစ်ခုကိုမှ မသိဘူးလား"
"သောက်ချေးပဲ...သူက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ကို လှည့်စားဝံ့တာလဲ"
လူအုပ်ကြီးထံမှ ဆူညံသံများ မြင့်တက်လာသည်။အထူးသဖြင့် ယုဖုန်းတို့လူစုသည် ဒေါသတကြီးဖြင့် သူတို့၏လက်သီးများကို ဆုပ်ထားကာ ကျန်းရွှမ်ကို သင်ခန်းစာပေးရန် အဆင်သင့်ဖြစ်နေကြသည်။
"ကျောင်းအုပ်ကြီး...ဆရာကျန်းက ကျင့်ကြံခြင်းနဲ့ပတ်သတ်ပြီး ဘာမှမသိတဲ့ လူလိမ်တစ်ယောက်ပဲ....ဒီလိုလူမျိုးက ဆရာတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး... သူက လိမ်လည်ပြီးတော့ အသုံးမဝင်တဲ့နည်းစနစ်တွေကို သင်ကြားပေးတယ်လို့ ငါ သူ့ကို တရားဝင်စွပ်စွဲပြစ်တင်တယ်"
လူအုပ်ကြီး၏ဒေါသများကို မြင်တွေ့ချိန်၌ လျှူမင်ယွဲ့က တုံ့ဆိုင်းနေခြင်းမရှိဘဲ ဒေါသတကြီးအော်ဟစ်လိုက်သည်။
'ဟမ့် နင်က ငါ့ကို အရှက်ရအောင် လုပ်ခဲ့မှတော့...ငါက နင့်ကို အဆပေါင်းတစ်ရာ ပိုပြီးအရှက်ရအောင် လုပ်ပြမယ်...."
လျှူမင်ယွဲ့က တွေးတောကာ စိတ်ကျေနပ်မှုကို ခံစားမိသည်။ဤလူငယ်လေးသည် မကြာမီမှာပင် အရှက်တကွဲဖြစ်သွားမည်ဟု သူမ ယုံကြည်သည်။သို့ရာတွင် ရုတ်တရက် သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ဘုန်း....
သူမ၏ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်ရှိ ထူထပ်သိပ်သည်းသော ရင်းမြစ်စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် စီးဝင်လာပေ၏။
"ဒါက မီးပြင်းဖိုတစ်ခုကိုထွန်းညှိပြီးတော့ ရင်းမြစ်စွမ်းအင်တွေကို စပြီးစုပ်ယူတာ မဟုတ်လား"
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ငြိမ်အတိကျသွားသည်။