← Chapters

ဆွေးနွေးပွဲ

Vol. 25 Ch. 373

ဆွေးနွေးပွဲ

Vol. 25 Ch. 373

“မြို့က လုံခြုံနေပြီဆိုတော့ လူသစ်တွေကို နေ့ဘက်မှာ အပြင်ထွက် ရှာဖွေခွင့်ပေးလို့ရပြီ”

ရှီတိယွမ်က နန်ကျင်းကို ပြောသည်။

“စွမ်းအားရှင်တွေနဲ့ အဆင့်မြှင့်တင်သူတွေကို စမ်းသပ်မှု လုပ်ခိုင်းပါ— အခမဲ့ပစ္စည်းတွေ ရဖို့ ကောင်းတယ်”

နန်ကျင်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ကျွန်မ သူတို့ကို ကတိပေးထားပြီးပြီ။ ဖီးနစ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာဆိုတော့ စမ်းသပ်မှုက သူတို့ရဲ့ ခွန်အားကို တိုင်းတာဖို့နဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ ပစ္စည်းတွေက အပိုဆုလေးပဲ”

လင်းရှန် တိတ်ဆိတ်နေသော်လည်း သူ၏စိတ်ထဲတွင် အလုပ်လုပ်နေသည်၊၊

ညလျှောက်လှမ်းသူများသည် အနန္တရထားနှင့် နဂါးတောင် ၁ နှစ်ခုလုံးကို ချဉ်းကပ်ခဲ့ပုံရသည်။

ဆိုလိုသည်မှာ ရှီတိယွမ်တွင်လည်း ကြက်သွေးရောင်ဖီးနစ်တံဆိပ်ရှိနိုင်သည်— သို့သော် ထိုသူက အေးခဲအမှောင်ဆေးရည်ကို ရရှိပြီးပြီလားတော့ လင်းရှန် မသိပေ။

မိုနီကာသည် ရှီတိယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

“ရှင့်လို ယာဉ်တန်းကြီးက ထက်မြက်တဲ့ လူသစ်တွေကို လိုက်ရှာလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ။ ရှင်က စိတ်မဝင်စားတဲ့ပုံ ပေါ်နေတယ်”

“ကျွန်မတို့က တက်တက်ကြွကြွ လူစုဆောင်းတာမျိုး မလုပ်ဘူး” နန်ကျင်းက ရိုးရှင်းစွာ ပြန်ဖြေသည်။

“ကျွန်မတို့ တတ်နိုင်ရင် ကူညီတယ်။ လူတွေ ထွက်သွားချင်ရင်လည်း ကျွန်မတို့ မတားဘူး။ ဒီက လူတိုင်း ရှင်သန်ဖို့အတွက် အတူတူတိုက်ခိုက်ကြတယ်— အထူးအခွင့်အရေးဆိုတာ မရှိဘူး”

သူမ၏ စကားများသည် အခြားသော ယာဉ်တန်းခေါင်းဆောင်များ၏ စိတ်ထဲတွင် ထိမိသွားသည်။

သူတို့အများစုသည် အခက်အခဲများကြားမှ အဖွဲ့များ ဖွဲ့စည်းခဲ့ကြပြီး တစ်ဦးကိုတစ်ဦး မိသားစုကဲ့သို့ ဆက်ဆံကြကာ လစာ သို့မဟုတ် အကျိုးခံစားခွင့်များကို မည်သည့်အခါမျှ ဆွေးနွေးခြင်း မပြုခဲ့ကြပေ။

“ရှင်ကရော ကိုလူချော”

မိုနီကာသည် လင်းရှန်ဘက်သို့ လှည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် စိတ်ဝင်စားမှုများ တောက်ပနေသည်။

“အဘိုးကြီး ချီနဲ့ ရှီက ရှင့်ကို ဒဏ္ဍာရီတစ်ပါးလို ပြောကြတယ်။ ဖီးနစ်တောင် ရှင့်ကို လိုချင်နေတာ... ရှင့်ရဲ့ အင်အားကို ချဲ့ထွင်ဖို့ စဉ်းစားဖူးလား”

လင်းရှန်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသည်။

“ကျုပ်က အခု လူသစ်တွေ မလိုသေးဘူး။ ပစ္စည်းတွေ ဒါမှမဟုတ် လက်နက်တွေကို လဲလှယ်တာ ပိုကောင်းတယ်”

သူ၏ စကားများသည် သူ၏ အရိပ်အောက်တွင် ခိုလှုံရန် ရှာဖွေနေသူများထံမှ မလိုအပ်သော ပြဿနာများကို တားဆီးရန်အတွက် ရည်ရွယ်သော ရှင်းရှင်းလင်းလင်း ငြင်းပယ်ခြင်း ဖြစ်သည်။

သူသည် လူတိုင်းကို ကာကွယ်ပေးနိုင်မည် မဟုတ်သော်လည်း စစ်မှန်သော မဟာမိတ်များကို တွေ့ပါက စဉ်းစားမည်ဖြစ်သည်။

မိုနီကာ မျက်ခုံးပင့်လိုက်သည်။

“အိုး... နှမျောစရာပဲ။ ရှင့်အကြောင်း ကြားပြီးတော့ ကျွန်မရဲ့ ရထားကို ရှင်နဲ့ ပူးပေါင်းဖို့ အသင့်ဖြစ်နေတာကို”

သူမသည် ချီလီကို စနောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“တွေ့လား အဘိုးကြီးချီ။ သူက ကျွန်မကိုတောင် မလိုချင်ဘူးတဲ့”

ရှီတိယွမ်၏ မျက်လုံးများ လင်းလက်လာသည်။

“နေပါဦး— မင်းမှာ ရထားရှိတယ်လား”

“သာမန် ရထားမဟုတ်ဘူး” ချီလီက ရေရွတ်ပြီး မျက်လုံးလှန်ကြည့်လိုက်သည်။

“အဲ့ဒါက တိုက်ကြီးဖြတ်ကျော်အဆင့် ရထားယာဉ်တန်း၊ အလိုအလျောက် လက်နက်စနစ်တွေ၊ မြေမျက်နှာပြင်တိုင်းမှာ လိုက်လျောညီထွေဖြစ်အောင် လုပ်ထားတယ်။ လူနှစ်ဆယ်ပဲ ပါပေမယ့် လူနှစ်ရာရဲ့ ပစ်အားနဲ့ တူညီတယ်”

လင်းရှန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

မိုနီကာက ပြဿနာဖြစ်သည်။

“တိုက်ကြီးဖြတ်ကျော်အဆင့် ရထား”

လင်းရှန် မျက်ခုံးပင့်လိုက်သည်။ သူသည် မိုနီကာကို အခြားသော ယာဉ်တန်းခေါင်းဆောင်တစ်ဦးဟုသာ ယူဆခဲ့သော်လည်း ထိုကဲ့သို့သော အရည်အချင်းရှိသည့် ရထားကို မောင်းနှင်နေပါက သူမသည် လျစ်လျူရှုထားနိုင်သူ မဟုတ်ပေ။

ရှီတိယွမ်ကမူ ထင်ရှားစွာ သဘောကျနေ၏။

“‌သေစမ်း… တကယ့်ကို အထူးအစီအစဉ်ပဲ… လင်းရှန်… မင်း စဉ်းစားသင့်တယ်— ဒီအမျိုးသမီးမှာ ကောင်းမွန်တဲ့ ယာဉ်တန်းရှိတယ်။ သူမက တကယ်ပဲ ပူးပေါင်းချင်ရင် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လိမ့်မယ်”

သို့သော် ချီလီက လက်များကို ပိုက်ထားပြီး ငြီးငွေ့နေပုံရသည်။

“ကျွတ် ကျွတ်…မိုနီကာ အရက်ကို ဖြည်းဖြည်းသောက်ဖို့ ငါ မပြောခဲ့ဘူးလား။ အခု နင် အရက်မူးပြီး ပြောနေတာတွေက…. လင်းရှန်ဆီက အကူအညီတောင်းမယ့်သူက နင် မဟုတ်လား။ ဒီလို ဆက်လုပ်နေရင် သူက နင့်ကို ရူးနေပြီလို့ ထင်လိမ့်မယ်”

လင်းရှန်သည် မိုနီကာ၏ ဖန်ခွက်အလွတ်ကို ကြည့်လိုက်သည်— သူမ၏ ပုလင်းမှာ တစ်ဝက်လောက် ကုန်နေပြီ ဖြစ်သည်။

ဤမျှ သောက်ထားသော်လည်း သူမသည် အရင်ကထက် ပိုမို သတိရှိနေပုံရပြီး သူမ၏ စကားများသည် ပိုမို လွတ်လပ်လာခဲ့သည်။

မိုနီကာသည် ချီလီ၏ မှတ်ချက်ကို လျစ်လျူရှုကာ၊ လင်းရှန်ကို စူးစမ်းရင်း လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားသည်။

“ကျွန်မ အလေးအနက်ပြောနေတာပါ။ ရှင်က တကယ်ကို အံ့မခန်းပဲ… လင်းရှန်”

သူမသည် ပြုံးပြပြီး သူမ၏ ဖန်ခွက်ကို လှည့်လိုက်သည်။

“ရှင့်ရဲ့ ရထားက တိုက်ကြီးဖြတ်ကျော်အဆင့် မဟုတ်ပေမယ့် ပိုတန်ဖိုးရှိတဲ့ အရာတစ်ခု ရှိတယ်— ရှင်ပဲ”

လင်းရှန်သည် တိတ်ဆိတ်စွာပင် သူမကို အသေးစိတ် ရှင်းပြရန် စောင့်နေခဲ့သည်။

မိုနီကာသည် နောက်ဆုံးတွင် သက်ပြင်းချကာ နောက်သို့မှီလိုက်သည်။

“ကောင်းပြီ… ကောင်းပြီ။ အလုပ်အကြောင်း ပြောရအောင်။ ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်ရဲ့ အကူအညီကို လိုအပ်နေတာပါ”

သူမ၏ ဖန်ခွက်ကို ချလိုက်သောအခါ သူမ၏ မျက်နှာအမူအရာသည် တည်ကြည်သွားသည်။

“ဒါဆို ခင်ဗျား ဘယ်လို အကူအညီမျိုး လိုအပ်တယ်ဆိုတာ ပြောပြပေးနိုင်မလား”

“ခစ် ခစ်~ ကျွန်မ တကယ် ရိုးရိုးသားသား ပြောတာပါ။ ဘယ်မိန်းမက သူရဲကောင်းကို မကြိုက်ဘဲ နေမလဲ… ဟုတ်တယ်မလား” မိုနီကာက လင်းရှန်ကို စနောက်သော မျက်လုံးဖြင့် ပြုံးပြကာ ပြောသည်။ သူမ အတော်လေး စိတ်ပြေလက်ပျောက် ရှိနေပုံရသည်။

“ဪ… ဟုတ်သားပဲ… ကပ္ပတိန်လင်း… ကျွန်မရဲ့ ရထားမှာ ပြဿနာလေးတစ်ခု ရှိတယ်။ ရှင်က ယန္တရားစွမ်းအားရှင်ဆိုလို့ ကူညီပေးနိုင်မလားလို့”

“ပြဿနာလေး” လင်းရှန် မျက်ခုံးပင့်လိုက်သည်။

“အဲဒီလောက် သေးငယ်ရင် တခြားဘယ်သူမှ ဘာလို့ မပြင်နိုင်ရတာလဲ”

ဒီမတိုင်မီက ရှီတိယွမ်က သူမ၏ ရထားသည် အခြေခံအားဖြင့် စစ်ဘက်အဆင့် ဖြစ်ပြီး အလိုအလျောက်စနစ်မြင့်မားကြောင်း ပြောခဲ့သည်။ ထိုကဲ့သို့သော စက်မျိုးကို မောင်းသူတစ်ဦးက ချို့ယွင်းချက်သေးသေးလေးကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။ လင်းရှန်သည် နဂါးတောင် ၁ နှင့် ငွေကြယ် နှစ်ခုလုံးတွင် အင်ဂျင်နီယာများ ရှိကြောင်း သိသည်။ ပြီးတော့ စီလန်မြို့မှာ နဂါးတောင် ၁ ကြုံတွေ့ခဲ့ရသည့် ကြမ်းတမ်းသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများလည်း မရှိပေ။ ဒါဆို ဘယ်လို သေးငယ်သောပြဿနာမျိုးကို မပြင်နိုင်ရတာလဲ။

မိုနီကာသည် သူမ၏ ဖန်ခွက်ကို စားပွဲပေါ် ပေါ့ပေါ့ပါးပါး တင်လိုက်ပြီး လက်ချောင်းများကို ခါလိုက်သည်။ သူမ၏ နောက်မှ မျက်မှန်အထူကြီး တပ်ထားသည့် အမျိုးသားတစ်ဦးသည် တတ်ဘလက်တစ်ခုကို အမြန် ပေးလိုက်သည်။

လင်းရှန်သည် ၎င်းကို ယူလိုက်ပြီး မျက်နှာပြင်ကို ကြည့်လိုက်သောအခါ သူ၏ မျက်ခုံးများ အနည်းငယ်သာ မြင့်တက်သွားသည်။ မျက်နှာပြင်တွင် မိုနီကာ၏ ရထားပုံစံကြမ်းနှင့် စနစ်ချို့ယွင်းချက် မှတ်တမ်းများကို ဖော်ပြထားသည်။ သူ့ကို အရင်ဆုံး အံ့အားသင့်စေသည်မှာ ရထားကိုယ်တိုင်ပင်— ငွေကြယ်ကို ပြန်လည် မြင်တွေ့ရသကဲ့သို့ ချက်ချင်း ဖြစ်သွားစေခဲ့သည်။

မိုနီကာ၏ ရထားတွင် တွဲရှစ်တွဲသာ ရှိသော်လည်း ၎င်းသည် အလွန်စမတ်ကျပြီး မြေပြင်အခြေပြု ရွေ့လျားစစ်သင်္ဘောနှင့် ပိုတူသည်။

စွမ်းအင်တွဲ၊ ပါဝါတွဲ၊ လုံးဝ ပေါင်းစပ်ထားသော လျှပ်စစ်စနစ်၊ အလိုအလျောက် သေနတ်ပစ်စင် ၄၂ ခု၊ ပတ်ပတ်လည် အခြေအနေ အာရုံခံစနစ်၊ ကြိမ်နှုန်းအမျိုးမျိုးရသော ရေဒါ၊ မီးငြှိမ်းသတ်စနစ်၊ ရေခဲဖျက်စနစ်၊ လေကြောင်းကာကွယ်ရေးစနစ်၊ အနီးကပ် လျှပ်စစ်ကာကွယ်ရေး နယ်ပယ်...

မီတာ ၂၀၀ ရှည်လျားသော ရထားတစ်စီးလုံးကို လည်ပတ်ရန် လူငါးဦးအောက်သာ လိုအပ်သည်။ ကျန်အဖွဲ့သားများသည် တိုက်ခိုက်ရေးသမားများနှင့် ထောက်ပံ့ပို့ဆောင်ရေး အထောက်အကူပြုများ ဖြစ်ကြသည်။ အတွင်းပိုင်းသည် ခိုင်ခံ့ပြီး လုံခြုံသည်— ကမ္ဘာပျက်ကပ်ခိုလှုံနေရာ၏ အိပ်မက်တစ်ခုလို ဖြစ်သည်။ အလိုအလျောက် လေလည်ပတ်မှုစနစ်ပင် ပါရှိသည်။

လင်းရှန်၏ မျက်လုံးများ လင်းလက်လာသည်။ ဤနေရာရှိ အရာအားလုံးသည် သူ တစ်ချိန်က ကိုယ်တိုင်တည်ဆောက်ရန် စိတ်ကူးခဲ့သော အရာများ ဖြစ်သည်။ သို့သော် မိုနီကာ၏ ရထားသည် ချောမွေ့ပြီး စည်းလုံးသော တည်ဆောက်မှုဖြစ်သည်— ၎င်းသည် ကြီးမားစွာ ပြုပြင်မွမ်းမံထားသော သာမန်ရထားတစ်စီးသာ ဖြစ်သည့် အနန္တ ရထားနှင့် လုံးဝ ကွဲပြားခြားနားသည်။ ဤအရာသည် ငွေကို လုံးဝအသားပေးကာ တည်ဆောက်ထားသည်၊၊

“ဒီရထားက ကမ္ဘာပျက်ကပ်အတွက် သီးသန့် ဖန်တီးထားပုံရတယ်...”

All Chapters