မင်္ဂလာဆောင်ဓာတ်ပုံ
Vol. 14 Ch. 261
ဒုတိယနေ့သို့ရောက်သော် တပ်ခွဲမှူးရှနှင့် ထိုစစ်သားအနည်းငယ်တို့ အလျင်စလိုပင် ထွက်ခွာသွားကြ၏။ အချိန်အတော်ကြာအောင် အဆက်အသွယ်ပြတ်တောက်နေခဲ့သည့်အတွက် ရှင်ကျင်း(မြို့သစ်)သို့ သွားရောက်ကာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်လုပ်ဆောင်ရန် လိုအပ်သောကြောင့်ပင် ဖြစ်သည်။
တတိယနေ့၌ ဟော်တုံနှင့် လင်းရှောင်ကျီတို့သည် စစ်တပ်၏ စစ်မှုထမ်းဆင့်ခေါ်သည့် အမိန့်စာကို လက်ခံရရှိခဲ့ကြသည်။ ဟော်တုံက အနီးအနားရှိ ကာကွယ်ရေးတပ်ဖွဲ့သို့ သွားရောက်ခဲ့ရ၏။ ကမ္ဘာမပျက်မီကာလက သူသည် သာမန်စီးပွားရေးသမားလေးတစ်ဦးသာ ဖြစ်ခဲ့ရာ ယခုကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေအောက်၌ စက်ရုံတွင် အထွေထွေအလုပ်သမားအဖြစ် လုပ်ကိုင်သည်မှတစ်ပါး စစ်တပ်သို့ ဝင်ရောက်ခြင်းသာလျှင် ရွေးချယ်စရာ ရှိတော့သည်။ သူကိုယ်တိုင် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ဤသည်မှာ မလွှဲမရှောင်သာသော လမ်းဖြစ်၏။
လင်းရှောင်ကျီမှာမူ ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည့်အကြောင်းရင်းကြောင့် အနီးအနားရှိ ရှေ့တန်းစစ်မျက်နှာဖြစ်သော တပ်မ (၁၂) စစ်ဒေသသို့ သွားရောက်ခဲ့ရသည်။ ထွက်ခွာသွားစဉ် သူ၏မျက်နှာထက်၌ ကြောင်ငေးအံ့ဩသင့်မှုတို့ ထင်ဟပ်နေခဲ့၏။ ထိုနေရာသို့ တာဝန်ကျလိမ့်မည်ဟု သူ မည်သို့မျှ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားလှသည်။ ရှေ့တန်းတပ်များက အခြေစိုက်စခန်းကာကွယ်ရေးတပ်ဖွဲ့များနှင့်မတူဘဲ များစွာ ပို၍ အန္တရာယ်ကြီးမားပြီး များစွာ ပို၍ ပင်ပန်းဆင်းရဲလှပေသည်။
သူ၏ နားလည်မှုအရ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိလာမှတော့ မိမိ၏ ဆင့်ကဲပြောင်းလဲသူဟူသော ဂုဏ်ပုဒ်ဖြင့် နောက်တန်းတွင် တည်ငြိမ်ပြီး ဝင်ငွေကောင်းမွန်သော အလုပ်တစ်ခုကို ရရှိသင့်သည်ဟု သူထင်ထားခဲ့သည်။ မည်သည့်အန္တရာယ်ကိုမျှ ထပ်မံရင်ဆိုင်စရာမလို၊ မည်သူတစ်ဦးတစ်ယောက်၏ မျက်နှာကိုမျှ ကြည့်စရာမလိုဟု သူ မျှော်လင့်ခဲ့သည်။ သို့သော်လည်း ရလဒ်မှာ ဤသို့ဖြစ်လာခဲ့ချေသည်။
မထွက်ခွာမီက သူ လော်ယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။ လော်ယွမ်က သူ့အတွက်အထက်အရာရှိကို စကားကောင်းတစ်ချို့ ပြောကြားပေးလိမ့်မည်ဟု သူက မဖြစ်နိုင်မှန်းသိလျက်နှင့် မျှော်လင့်နေမိ၏။ ဤနေရာမှ အထက်အရာရှိကြီးများက လော်ယွမ်ကို မည်မျှ အလေးထားသည်ကို သူ ကောင်းကောင်းသိ၏။ လော်ယွမ်သာ စကားတစ်ခွန်း ဆိုလိုက်ပါက ရလဒ်သည် ချက်ချင်းပင် ပြောင်းလဲသွားနိုင်ပေသည်။ သို့တိုင်အောင် နောက်ဆုံးအထိ သူကထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။ သူ၏ ကြီးမားသော မာနတရားက မည်သူတစ်ဦးတစ်ယောက်၏ ရှေ့မှောက်၌မျှ ခေါင်းငုံ့ခစားခွင့် မပြုချေ။ ထိုသူက မိမိ၏ အသက်ကို ကယ်တင်ခဲ့ဖူးသူ ဖြစ်နေသည့်တိုင်အောင်ပင်တည်း။
စတုတ္ထနေ့တွင် ဟွမ်ကျားဟွေနှင့် အခြားသူများလည်း အလုပ်တာဝန်များ အသီးသီး ရရှိခဲ့ကြသည်။
ဟွမ်ကျားဟွေသည် သူမ၏ မူလရဲအလုပ်ကိုပင် ပြန်လည်လုပ်ကိုင်ခဲ့ရသော်လည်း အနီးအနားရှိ ရပ်ကွက်ရဲစခန်း၏ စခန်းမှူးအဖြစ်သို့ တိုက်ရိုက် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ကျိုးယလီက ဘဏ္ဍာရေးဌာန၌ တာဝန်ကျခဲ့ပြီး မုဝမ်ဝမ်မှာမူ ကန္တာရမြို့ဒုတိယလက်နက်ကုမ္ပဏီသို့ သွားရောက်ခဲ့ရသည်။ ထို့အပြင် ချန်ကျားယီ အပါအဝင် ကလေးငယ်သုံးဦးမှာ အရွယ်မရောက်သေးသည့်အတွက် ဒေသဆိုင်ရာ ကျောင်းတစ်ကျောင်းသို့ ပို့ဆောင်ခြင်းခံခဲ့ရ၏။ မူလက ဝမ်ရှီရှီလည်း ထိုအထဲ၌ ပါဝင်ခဲ့သော်လည်း မည်သို့ပင် ဖျောင်းဖျပြောဆိုစေကာမူ သူမက လက်မခံခဲ့ပေ။
အဖြစ်အပျက်များစွာကို ဖြတ်သန်းကြုံတွေ့ခဲ့ပြီးနောက် သူမ၌ ယခင်ကကဲ့သို့ စာကို လိမ်လိမ်မာမာ သင်ကြားလိုစိတ် မရှိတော့ချေ။ ထို့အပြင် ယခင်အချိန်များ၌ပင် သူမသည် စာကို ကောင်းကောင်းသင်ကြားမည့် အမျိုးအစား မဟုတ်ခဲ့သည်မှာ သေချာလောက်၏။ လော်ယွမ်၏ တောင်းဆိုမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူမက ကျန်ရစ်ခွင့်ရခဲ့ပြီး လော်ယွမ်ကဲ့သို့ပင် အလုပ်အကိုင်မရှိသူတစ်ဦး ဖြစ်လာခဲ့တော့သည်။
အချိန်ကား တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး လော်ယွမ်က သူ၏ နေ့စဉ်အချိန်အများစုကို လေ့ကျင့်ခန်းလုပ်ခြင်းအပေါ်၌သာ မြှုပ်နှံထားခဲ့သည်။ အကြောင်းမှာ ဤအရာမှလွဲ၍ သူ၌ အခြားမည်သည့်အလုပ်မျှ လုပ်စရာမရှိသောကြောင့်ဖြစ်သည်။ သူ့အတွက်တာဝန်ခွဲဝေမှုက ကျမလာသေးသော်လည်း လာရောက်တွေ့ဆုံ နှုတ်ဆက်သူများကမူ မပြတ်မတောက် ရှိနေခဲ့သည်။
မြို့ထဲမှ အဓိကခေါင်းဆောင်များအားလုံးနီးပါး တစ်လှည့်စီ လာရောက်တွေ့ဆုံခဲ့ကြ၏။ အစပိုင်း၌ လော်ယွမ်က ဟန်ဆောင်ပန်ဆောင် ဧည့်ခံခဲ့သေးပြီး စိတ်ရှည်စွာဖြင့် ဆက်ဆံခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူသည် သည်းမခံနိုင်တော့အောင် စိတ်ရှုပ်လာခဲ့သည်။ သူက စိတ်စွမ်းအားကို အသုံးပြု၍ အရိပ်အမြွက်ပေးရန် ကြိုးစားကြည့်ခဲ့ရာ အကျိုးသက်ရောက်မှု အတော်လေး ကောင်းမွန်သည်ကို တွေ့ရှိခဲ့ရသည်။ သူ၏ ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပေးမှုအောက်၌ ဤလူများသည် သူ့အပေါ်၌ တဖြည်းဖြည်း ကြောက်ရွံ့သော စိတ်ဓာတ်တစ်မျိုး ဖြစ်ပေါ်လာခဲ့ကြပြီး နောက်ပိုင်းတွင် လာရောက်တွေ့ဆုံသူများ သိသိသာသာ နည်းပါးသွားခဲ့တော့၏။
ဟွမ်ကျားဟွေကို အိမ်တစ်လုံး ခွဲဝေချထားပေးသော်လည်း သူမကဤနေရာ၌ပင် ဆက်လက်နေထိုင်ခဲ့သည်။ အခြားသူများလည်း ရံဖန်ရံခါ လာရောက်တွေ့ဆုံ စုဝေးတတ်ကြ၏။ ကျိုးယလီမှာမူ တစ်ကြိမ်တစ်ခါမျှ လာရောက်ခဲ့ခြင်းမရှိပေ။ သူမသည် မျက်နှာပူပြီး ရှက်တတ်သူဖြစ်ရာ လော်ယွမ်ထံသို့ တစ်ယောက်တည်း သီးသန့်လာရောက်ရန်မှာ ကိုယ့်ကိုယ်ကိုယ်လုံးဝ သဘောတူမည်မဟုတ်ပေ။
သို့သော် သူမအား ခွဲဝေပေးထားသော အိမ်ကိုမူ လော်ယွမ်က အစောပိုင်းကတည်းက ဝင်ထွက်နေခဲ့ပြီးဖြစ်သည်။ ကျိုးယလီသည် အကြိမ်တိုင်း၌ ရှက်သွေးဖြန်းကာ ဒေါသထွက်ဟန်ပြသော်လည်း နောက်ဆုံးတွင်မူ လော်ယွမ်၏ အလိုအတိုင်း မငြင်းဆန်သာဘဲ လိုက်လျောခဲ့ရသည်သာ ဖြစ်၏။ သူမ၏ နှလုံးသားထဲ၌လည်း ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်လည်း ဖြစ်တန်ရာ၏။
တည်ငြိမ်အေးချမ်းသော ဘဝက လူကို နစ်မွန်းသွားစေ၏။ အကြိမ်ပေါင်းများစွာ၌ သူသည် မိမိကိုယ်ကို ကမ္ဘာမပျက်မီ အချိန်ကာလသို့ ပြန်လည်ရောက်ရှိသွားသည်ဟုပင် ထင်မှတ်မှားသွားခဲ့သည်။
သို့သော် အဝေးမှ ရံဖန်ရံခါ ကြားလိုက်ရသော အမြောက်သံများနှင့် လေထုထဲ၌ နေရာအနှံ့ ပျံ့နှံ့နေသော ယမ်းငွေ့နံ့သဲ့သဲ့တို့က ဤသည်မှာ မိမိကိုယ်ကို နှစ်သိမ့်ခြင်းမှ ဖြစ်ပေါ်လာသော အမြင်အာရုံ မှောက်မှားမှုတစ်ခုမျှသာ ဖြစ်ကြောင်း သူ့အား နားလည်သဘောပေါက်စေ၏။ ဤနေရာသည် ငြိမ်းချမ်းသော ကမ္ဘာလောကတစ်ခု မဟုတ်ဘဲ စစ်ပွဲသည်သာလျှင် ဤနေရာ၏ အဓိက အကြောင်းအရာ ဖြစ်ပေသည်။
ဤနေရာ၌ အချိန်တိုင်းတွင် လူအများအပြား အသတ်ဖြတ်ခံနေရပြီး အချိန်တိုင်းတွင် မရေမတွက်နိုင်သော သွေးစက်များက သဲမြေများကို စွန်းထင်းစေလျက်ရှိသည်။
ထို့ကြောင့် သူ့ဘဝက တည်ငြိမ်အေးချမ်းနေသော်လည်း လေ့ကျင့်မှုများမှာမူ တစ်ခဏမျှပင် လျော့ရဲသွားခြင်း မရှိခဲ့ပေ။
ဓားသိုင်းလေ့ကျင့်ရန် အချိန်များစွာ ပေးထားသည်မှလွဲ၍ စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်းကိုလည်း တစ်စက္ကန့်မျှ မရပ်တန့်ခဲ့ပေ။ ဤအချိန်အတောအတွင်း သူ၏ ခန္ဓာကိုယ်သည် စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်း၏ အံ့ဖွယ်အကျိုးကျေးဇူးများကို တဖြည်းဖြည်း ပြသလာခဲ့သည်။
ဤသည်မှာ စကားလုံးများဖြင့် ဖော်ပြ၍မရသော ခံစားမှုတစ်မျိုး ဖြစ်၏။ အကယ်၍ မဖြစ်မနေ ဖော်ပြရမည်ဆိုလျှင် ယခင်က ခန္ဓာကိုယ်သည် အပြင်ဘက်မှ ထူထဲသော ဂွမ်းကပ်အင်္ကျီကြီးတစ်ထည်ကို ဝတ်ဆင်ထားရသည့်အလား အလွန်အမင်း လေးလံပြီး ပျော့ပျောင်းမှုမရှိဟု ခံစားခဲ့ရသည်။ သို့သော် ယခုအခါ၌မူ ထိုဂွမ်းကပ်အင်္ကျီသည် တဖြည်းဖြည်း ပါးလွှာလာပြီး ခန္ဓာကိုယ်သည် ပို၍ ပေါ့ပါးလာကာ ပို၍ လျင်မြန်သွက်လက်လာခဲ့သည်။
ထို့အပြင် မကြာသေးမီက သူ၏ အစားစားသည့် ပမာဏသည် တဖြည်းဖြည်း များပြားလာခဲ့သည်။ မူလက တစ်ရက်လုံး အစာမစားဘဲ နေသည့်တိုင်အောင် ဆာလောင်မွတ်သိပ်သည်ဟု မခံစားခဲ့ရပေ။ သို့သော် ယခုအခါ၌မူ နေ့စဉ် အစားအစာအမြောက်အမြားကို စားသုံးနေရတော့သည်။ အကယ်၍သာ အဆင့်မြင့်အစားအစာအချို့ သိုလှောင်ထားခြင်း မရှိခဲ့ပါက သူ၏ စုဆောင်းထားသောငွေအနည်းငယ်နှင့် ဟွမ်ကျားဟွေ၏ လစာငွေကို ပေါင်းလိုက်သည့်တိုင်အောင် လုံလောက်မည်မဟုတ်သည်မှာ သေချာ၏။
ဤသို့ ထူးဆန်းသော အခြေအနေက လော်ယွမ်ကို စိတ်မသက်မသာ မဖြစ်စေခဲ့ပေ။ အကြောင်းမှာ အစားစားသည့် ပမာဏ များပြားလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ဆိုင်ရာ အရည်အသွေးများသည်လည်း တိုးတက်လာသည်ကို တွေ့ရှိခဲ့ရသောကြောင့် ဖြစ်သည်။ အရည်အသွေးပြဇယား၌ ထင်ရှားစွာ ပြသခြင်းမရှိသော်လည်း သူ ရှင်းလင်းစွာ ခံစားသိရှိနေရသည်။
ဥပမာအားဖြင့် မူလက သူသည် မူလနေရာမှ ၂၀၊ ၂၁ပေထိသာ ခုန်နိုင်ခဲ့ပြီး စံအိမ်၏ အမိုးပေါ်သို့ တိုက်ရိုက် ခုန်တက်နိုင်ခြင်းမရှိခဲ့ပေ။ ယခုအခါ၌မူ အနိုင်နိုင်ပင် ခုန်တက်နိုင်ခဲ့လေပြီ။ ယခင်က တွန်းရွှေ့နိုင်မည်မဟုတ်ဟု ခံစားခဲ့ရသော ကျောက်တုံးကြီးကို ယခုအခါ ဖြည်းညင်းစွာ တွန်းရွှေ့နိုင်နေပြီဖြစ်သည်။
ဤသို့ တိုးတက်လာခြင်းသည် ဘက်စုံမှဖြစ်ပြီး အာရုံခံစားမှုနှင့် စိတ်စွမ်းအားကဲ့သို့သော နက်နဲသည့် အရည်အသွေးများမှလွဲ၍ အခြားအရည်အသွေးများအားလုံးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။ တစ်ခါတစ်ရံ သူသည် မိမိကိုယ်ကို ကြီးထွားရှင်သန်နေသော သစ်ပင်တစ်ပင်ကဲ့သို့ ခံစားရပြီး သူ၏ ခန္ဓာကိုယ်သည် နားလည်သဘောပေါက်နိုင်ခြင်းမရှိသော ဆင့်ကဲပြောင်းလဲမှုတစ်မျိုးကို ဖြတ်သန်းနေသည်ဟု ထင်မှတ်မိ၏။
ဤသည်မှာ စိတ်စွမ်းအား၏ သန့်စင်ခြင်းကိုခံထားခဲ့ရသော ခန္ဓာကိုယ်က ဆိုးရွားလှသော ပတ်ဝန်းကျင်၏ ဖိအားအောက်၌ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်အား အကျိုးရှိပြီး ကောင်းမွန်သော ဆင့်ကဲပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်တန်ရာ၏။
ဤသို့သော ပြောင်းလဲမှုသည် မည်မျှကြာမြင့်မည်၊ သူ၏ အရည်အသွေးများကို မည်သည့်အဆင့်အထိ အားကောင်းစေမည်ကို သူ မသိနိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ဤသည်မှာ စိတ်ဓာတ်တက်ကြွဖွယ်ရာနှင့် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ပြီး သူ၏ စိတ်ခံစားချက်များကိုပင် များစွာ ကောင်းမွန်လာစေခဲ့သည်။
............................................................................................................
လုံးဝ လုံခြုံစွာ ပိတ်ထားသော မြေအောက်ရထားသည် တဖြည်းဖြည်း ရပ်တန့်သွားပြီးနောက် တပ်ခွဲမှုးရှသည် ဘူတာရုံမှ ထွက်ခွာလာခဲ့သည်။
သူ၏ အမူအရာသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ထဲ၌မူ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောနှောနေ၏။ ရှင်ကျင်းမြို့မှ လုပ်ငန်းစဉ်များ ပြီးဆုံးသည်နှင့် သူသည် ခဏတာရရှိသော အားလပ်ရက်ကို အခွင့်ကောင်းယူကာ လန်ဟွေ့မြို့သို့ အလျင်အမြန် ပြန်လာခဲ့ခြင်းဖြစ်သည်။ ဤ ရင်းနှီးကျွမ်းဝင်ခဲ့သော မြို့တော်ကြီးကို ကြည့်ရင်း ယခုအခါ၌မူ အနည်းငယ် စိမ်းသက်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။
သူ ဤမြို့တော်မှ ထွက်ခွာသွားခဲ့သည်မှာ တစ်နှစ်ပင် ရှိနေခဲ့ပြီ။ ဤနေရာ၌ မရေမတွက်နိုင်သော စက်ရုံအသစ်များနှင့် မီးခိုးခေါင်းတိုင်အသစ်များ ထပ်မံစိုက်ထူထားပြီး အရာအားလုံးမှာ မြို့မူလပုံစံပင် ပျောက်ကွယ်နေလေပြီ။ ဤအရာများက သူ့ကို အနည်းငယ် ထိတ်လန့်သွားစေသည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ အိမ်သို့ သွားရန်အတွက် မြို့ထဲ၌ မည်သည့်ဘတ်စ်ကားမျှ မရှိဘဲ အရာအားလုံးကို ခြေကျင်လျှောက်၍သာ သွားရ၏။ သူ၏ ခြေလှမ်းများသည် လျင်မြန်နေသော်လည်း အိမ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူ၏ ခြေလှမ်းများသည် တဖြည်းဖြည်း လေးလံလာခဲ့သည်။
တပ်မ (၁၉) ၏ နိုင်ငံရေးဌာနမှတစ်ဆင့် သူ သိရှိခဲ့သည်မှာ သူ၏ သေဆုံးစာရင်း အစီရင်ခံစာသည် မိသားစုဝင်များ၏ လက်ထဲသို့ ကြာမြင့်စွာကတည်းက ရောက်ရှိသွားခဲ့ပြီးဖြစ်ကြောင်းပင်။ သူ ပျောက်ဆုံးနေခဲ့သည်မှာ ခြောက်လနီးပါးပင် ရှိနေခဲ့ပြီ။ သူ၏ ချစ်လှစွာသော ဇနီးသည်သည် သူ၏ သေဆုံးမှုကို လက်ခံလိုက်လောက်ပြီဖြစ်ပြီး သူ၏ ငယ်ရွယ်သော ကလေးငယ်သည်လည်း သူ့အပေါ်၌ စိမ်းသက်နေလောက်ပြီ ဖြစ်သည်။
သူမက ဘဝအသစ်တစ်ခုကိုပင် စတင်နေလောက်ပြီ ဖြစ်သည်။
ဤအကြောင်းကိုတွေးမိသောအခါ သူ၏ စိတ်ထဲ၌ ဖော်ပြမရနိုင်အောင် ရှုပ်ထွေးသွားပြီး ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်သွားတော့သည်။
ထားလိုက်ပါတော့လေ။ မည်သို့ပင်ဖြစ်စေ သွားရောက်ကြည့်ရှုရမည်သာ ဖြစ်သည်။ အကယ်၍... ဆိုလျှင်လည်း... သူမကိုဂုဏ်ပြုပေးလိုက်ရုံသာပင်ရှိသည်။ ဤသည်မှာ သူမ၏ အမှားမဟုတ်၊ အပြစ်တင်စရာ ရှိလျှင် ဤသေမင်းတမန်ခေါ်သော လောကကြီးကိုသာ အပြစ်တင်ရပေလိမ့်မည်။
သူသည် အသစ်ဝယ်လာသော စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး မီးညှိကာ တစ်ဖွာ ရှိုက်ဖွာလိုက်သည်။ ထို့နောက် ချက်ချင်းပင် ၎င်းကို လက်ဖြင့် ကြိတ်ခြေမီးငြိမ်းသတ်လိုက်၏။ အိမ်ရှိရာ ရပ်ကွက်ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် သူ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။
ရပ်ကွက်အတွင်း၌ လူတစ်ဦးတစ်ယောက်မျှမရှိဘဲ ရှင်းလင်းခြောက်သွေ့နေ၏။ သူသည် ဤအခြေအနေကို ကြာမြင့်စွာကတည်းက ကျင့်သားရနေခဲ့ပြီဖြစ်သည်။ ကမ္ဘာပျက်ကပ်၏ ပတ်ဝန်းကျင်သည် အလုပ်မရှိသော လူအားများကို ရှင်သန်ခွင့် မပြုပေ။ သက်ကြီးရွယ်အိုများပင်လျှင် မိမိတို့ တတ်နိုင်သမျှ အလုပ်ကို လုပ်ကိုင်ကြရသည်။
သူ၏ စိတ်ထဲ၌ အကြောင်းပြချက်မရှိဘဲ အနည်းငယ် ပေါ့ပါးသွားပြီး သူ၏ ခြေလှမ်းများကို အရှိန်မြှင့်တင်ကာ မိမိ၏ အိမ်ရှိရာသို့ လျှောက်သွားခဲ့သည်။
တံခါးမကြီးသည် တင်းကျပ်စွာ ပိတ်ထား၏။ သူသည် သူ၏ လည်ပင်းမှ သော့ကို ဖြုတ်ယူလိုက်သည်။ လေယာဉ်ပျက်ကျပြီးကတည်းက အရေးကြီးသော ပစ္စည်းအချို့ကို ပျောက်ဆုံးမသွားစေရန် သူ၏ လည်ပင်း၌ အမြဲတမ်း ချိတ်ဆွဲထားခဲ့သည်။
သော့ကို သော့ပေါက်အတွင်းသို့ ထည့်သွင်းလိုက်ပြီး ညင်သာစွာ လှည့်လိုက်သည်နှင့် တံခါးသည် ပွင့်သွားခဲ့သည်။
သူသည် ရုတ်တရက် ကြောင်ငေးသွားပြီး စိတ်အာရုံတို့ လွင့်မျောသွား၏။ သူသည် ခဏမျှ ရပ်တန့်နေပြီးနောက် ဧည့်ခန်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။ အိမ်သည် သန့်ရှင်းသပ်ရပ်စွာ တန်ဆာဆင်ထားပြီး အရာအားလုံးသည် မပြောင်းလဲသလို ရှိသော်လည်း အနည်းငယ် ပြောင်းလဲသွားသလိုလည်း ဖြစ်နေသည်။ သို့သော် နံရံပေါ်မှ မင်္ဂလာဓာတ်ပုံမှာမူ ရှိနေဆဲပင်။
ဓာတ်ပုံထဲ၌ သူ၏ အပြုံးသည် တောင့်တင်းနေပြီး သူ၏ ဇနီးသည်ကမူ ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ လှပစွာ ပြုံးရယ်နေလေသည်။
ဆက်ရန်...