အန္တရာယ်နီးကပ်လာပြီ
Vol. 14 Ch. 273
တပ်မမှူးလျှို သူ၏အခန်းသို့ ပြန်ရောက်လာသည်။ ပေ၃၀၀ကျော်မျှသာရှိသော လမ်းတိုလေးသည် သူ၏တစ်ကိုယ်လုံးမှ ခွန်အားများကို ကုန်ဆုံးသွားစေသကဲ့သို့ပင်။ သူသည် ခုတင်ပေါ်သို့ ဖင်ချထိုင်လိုက်ပြီး မသိစိတ်ဖြင့် စီးကရက်ကိုထုတ်ကာ မီးခြစ်ကိုယူလိုက်သည်။ တုန်တုန်ယင်ယင်ဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးမှ မီးညှိနိုင်တော့သည်။ သူက အားရပါးရတစ်ချက်ရှိုက်ဖွာလိုက်ရာ သန္ဓေပြောင်းဆေးရွက်ကြီး၏ ပြင်းရှသောမီးခိုးငွေ့များသည် အဆုတ်ထဲသို့ လုံးဝဝင်ရောက်သွားပြီး ဦးနှောက်သည် ချက်ချင်း မူးဝေသွားသကဲ့သို့ ဖြစ်သွားသည်။ အတန်ကြာမှ သူ သတိပြန်ဝင်လာသည်။
သူသည် ရုတ်တရက် အနည်းငယ်ချမ်းစိမ့်လာသည်ကို ခံစားလိုက်ရပြီး မိမိတစ်ကိုယ်လုံး စိုစွတ်နေသည်ကို သတိပြုမိလိုက်သည်။ အတွင်းခံအဝတ်အစားများသည် ချွေးများဖြင့် လုံးဝရွှဲနစ်နေခဲ့ပြီဖြစ်သည်။
ကန္တာရမြို့၏ အဓိကဆုံးဖြတ်ချက်ချမှတ်သူများထဲမှ တစ်ဦးအနေဖြင့် သူ၏နေထိုင်မှုအခြေအနေသည် အခြားသူများထက် များစွာသာလွန်၏။ အခန်းတစ်ခုလုံးသည် ကျယ်ဝန်းလင်းထိန်နေပြီး ရှိသင့်ရှိထိုက်သော လျှပ်စစ်ပစ္စည်းများနှင့် ပရိဘောဂများ အစုံအလင်ရှိသည်။ နေထိုင်မှုအခြေအနေကို ပြောရလျှင် ကမ္ဘာမပျက်မီက ကြယ်သုံးပွင့်အဆင့်ဟိုတယ်ထက် မနိမ့်ကျပေ။
သို့သော် ဤသို့ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်သည် သူ့အား လုံခြုံမှုကို စိုးစဉ်းမျှ မပေးနိုင်ခဲ့ပေ။ ထောက်ပံ့ရေးဌာနက သူ့အား အဘယ်ကြောင့် ဤသို့သော တစ်ယောက်ခန်းကို စီစဉ်ပေးခဲ့သည်ကိုပင် သူ မုန်းတီးမိသည်။ လူရှစ်ယောက်နေထိုင်ရသော ကျပ်ညပ်သည့်အဆောင်ခန်းသည်ပင်လျှင် ဤသို့ အေးစက်တိတ်ဆိတ်နေခြင်းထက် အဆတစ်ရာမက သာလွန်ပေလိမ့်မည်။
အစောပိုင်းက လော်ယွမ်ဟုခေါ်သော ထိုဆင့်ကဲပြောင်းလဲသူ၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများကို ပြန်တွေးမိလိုက်တိုင်း သူ၏တစ်ကိုယ်လုံး အေးစက်တုန်လှုပ်သွားသည်။
ထိုအရာသည် အဆုံးအစမရှိသော ကြောက်ရွံ့မှု၊ မျှော်လင့်ချက်ကင်းမဲ့ကာ အသက်ရှူမှားလောက်အောင် ကြောက်ရွံ့မှုပင် ဖြစ်သည်။ သေခြင်းတရားနှင့် ဤမျှနီးကပ်ခဲ့ရသည်မှာ သူ၏ဘဝတွင် တစ်ခါမျှမရှိခဲ့ဖူးပေ။ ယခုအချိန်တွင် ပြန်တွေးကြည့်လျှင်ပင် သူ၏နှလုံးသားသည် တုန်လှုပ်နေဆဲဖြစ်သည်။
တစ်ဖက်လူတွင် ဤအရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသည်ကို သူ စိုးစဉ်းမျှ သံသယမရှိပေ။ ထိုကြောက်မက်ဖွယ်ကောင်းသော ဆင့်ကဲပြောင်းလဲသူသာ ဆန္ဒရှိပါက သူသည် စစ်တပ်၏ အထပ်ထပ်ကာကွယ်မှုအောက်တွင် ရှိနေလျှင်ပင် ကြက်တစ်ကောင်ကိုသတ်သကဲ့သို့ သူ့အား သတ်ဖြတ်နိုင်ပေလိမ့်မည်။
အထူးသဖြင့် ဤကဲ့သို့နေရာမျိုးတွင်ဖြစ်သည်။
သူ၏စစ်တပ်အများစုသည် ဗုံးခိုကျင်း၏ပထမအလွှာတွင် တာဝန်ထမ်းဆောင်နေကြသည်။ ဤနေရာတွင် ကိုယ်ရံတော်နှစ်ယောက်မှလွဲ၍ အခြားမည်သူမျှမရှိပေ။ ကိုယ်ရံတော်နှစ်ယောက်က ထိုဆင့်ကဲပြောင်းလဲသူအတွက် အနှောင့်အယှက်ပင် ဖြစ်နိုင်မည်မဟုတ်ပေ။
အကယ်၍ ယနေ့ သူသာ မိမိကို လာသတ်မည်ဆိုလျှင်...
ဤသို့တွေးမိသောအခါ လော်ယွမ်၏ ကြောက်မက်ဖွယ်ပုံရိပ်သည် သူ၏ဦးနှောက်ထဲတွင် ပိုမိုကြီးမားလာသကဲ့သို့ပင်။ တပ်မမှူးလျှို၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရဘဲ တုန်ယင်လာသည်။ သူက ရုန်းကန်ထရပ်လိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ကြောက်ရွံ့မှုတို့က သူ၏နှလုံးသားကို လွှမ်းခြုံသွားသည်။ သူသည် အိမ်ပျောက်နေသောခွေးတစ်ကောင်ကဲ့သို့ နေရာတွင် ဂနာမငြိမ် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။
သူ၏မျက်နှာသည် တစ်ခါတစ်ရံ ရက်စက်ကြမ်းကြုတ်သွားပြီး တစ်ခါတစ်ရံ ကြောက်ရွံ့ထိတ်လန့်သွားသည်။ သို့သော် စိတ်ထဲမှကြောက်ရွံ့မှုက လုံးဝအသာစီးရနေသည်။
နောက်တစ်နေ့မနက် ကိုယ်ရံတော်က တံခါးခေါက်ကာ မနက်စာလာပို့သောအခါမှ သူသည် တစ်ညလုံး မသိလိုက်မသိဘာသာ ကုန်ဆုံးသွားခဲ့သည်ကို သတိပြုမိလိုက်သည်။
မိမိ အသက်ရှင်နေသေးသည်လား... မဟုတ်သေး... ဤသည်က ယာယီမျှသာ ဖြစ်နိုင်၏။
သူက ကိုယ်ရံတော်ကို လက်ပြထွက်သွားခိုင်းလိုက်သည်။ မြေပြင်ပေါ်မှ စီးကရက်တိုများကို ကြည့်ရင်း တစ်ညလုံးမအိပ်ရ၍ တင်းမာနေသော မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ၏မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲနေသည်။ "သူဘာမှမလုပ်ခင်မှာ ဖြစ်ခဲ့တဲ့ပြဿနာကို အမြန်ဆုံးပြေလည်အောင်လုပ်ရမယ်... အကောင်းဆုံးကတော့ သူ့ကိုဒီကနေ တခြားနေရာကိုအမြန်ဆုံး ရွှေ့ပြောင်းပေးလိုက်တာပဲ"
ဤသို့တွေးမိသောအခါ သူ၏မျက်လုံးများ အရောင်တောက်လာပြီး အကျယ်ကြီးအော်လိုက်သည်။ "ရှောင်ဟူ... ထောက်ပံ့ရေးဌာနက ဟော်တုံကို ခေါ်လိုက်"
မြေပြင်ပေါ်မှ စီးကရက်တိုများကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး "ခဏနေဦး... အခန်းကို သန့်ရှင်းဖို့ လူတစ်ယောက် အရင်လွှတ်လိုက်ဦး"
.......................................................................................................................................
စိုးရိမ်ထိတ်လန့်မှုဖြင့် တစ်ညလုံးမအိပ်ခဲ့ရသော တပ်မမှူးလျှိုနှင့်နှိုင်းယှဉ်လျှင် လော်ယွမ်မှာမူ စိုးစဉ်းမျှ အနှောင့်အယှက်မဖြစ်ခဲ့ဘဲ နံနက်စောစောတွင် သူ၏ပင်ကိုအလေ့အကျင့်အရ အချိန်မှန် နိုးထလာခဲ့သည်။
သူသည် ထုံးစံအတိုင်း ချက်ချင်းထကာ လေ့ကျင့်ခန်းမလုပ်ခဲ့ပေ။ ဗုံးခိုကျင်း၏ မြေအောက်ဒုတိယအလွှာတွင် ကုန်လှောင်ရုံများနှင့် စင်္ကြံလမ်းများသာရှိပြီး အခန်းအတွင်းမှာမူ ပို၍ပင် ကျဉ်းမြောင်းလှသည်။ ခုတင်နှစ်လုံးမှလွဲ၍ ၃ပေကျယ်သော လျှောက်လမ်းသာ ကျန်ရှိသဖြင့် လှုပ်ရှားမှုများကို လုံးဝမပြုလုပ်နိုင်ပေ။ သူသည် ခုတင်ပေါ်တွင် စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် ခုတင်ပေါ်မှဆင်း၍ လေ့ကျင့်ခန်းလုပ်ရန် စိတ်မပါတော့ပေ။
ထိုအချိန်တွင် သူက သူ၏ရှေ့သွားကို စမ်းကြည့်လိုက်ပြီး ရုတ်တရက် ခါးသီးစွာ ပြုံးလိုက်မိသည်။
မူလက သာမန်သန္ဓေပြောင်းသတ္တဝါ၏ အရိုးကိုပင် တစ်ချက်တည်းကိုက်ဖြတ်နိုင်သော ခိုင်မာသည့်ရှေ့သွားများသည် ယခုရက်ပိုင်းတွင် ယိုင်နဲ့ကာ ကျွတ်ကျရန် တာဆူနေကြပြီဖြစ်သည်။ ရှေ့သွားများသာမက အခြားသွားများလည်း တဖြည်းဖြည်း ကျွတ်ကျတော့မည့် လက္ခဏာများ ပြသလာသည်။ ရှေ့သွားက အစောဆုံးဖြစ်နေပြီး ပို၍ပို၍ မခိုင်မြဲတော့ခြင်းသာ ဖြစ်သည်။
"ဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ... ငါဒါကို နှုတ်ပစ်လိုက်ရမှာလား" လော်ယွမ်၏စိတ်ထဲတွင် မတတ်နိုင်သလို ခံစားလိုက်ရသည်။ သူ ပါးစပ်ဟလိုက်သည်နှင့် ရှေ့သွားတစ်ချောင်းမရှိသည်ကို အခြားသူများ တွေ့မြင်သွားပြီး သူ၏ပုံရိပ်တစ်ခုလုံး ပျက်စီးသွားမည်ကို တွေးမိသောအခါ သူ၏မျက်နှာကို ဘယ်မှာထားရမည်မသိတော့ပေ။ ဝမ်ရှီရှီပင်လျှင် ရယ်မဆုံးဖြစ်နေပေလိမ့်မည်။
သွားများ ယိုင်နဲ့လာရသည့်အကြောင်းရင်းကိုမူ သူ စိုးစဉ်းမျှ စိုးရိမ်ခြင်းမရှိပေ။ စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို အမြဲတမ်းစစ်ဆေးနေပြီး လူ့ခန္ဓာကိုယ်ကို အတော်အတန် နားလည်သဘောပေါက်နေပြီဖြစ်သော သူသည် ဤသည်မှာ အဘယ်ကြောင့်ဖြစ်ရသည်ကို ရှင်းလင်းစွာ သိနေသည်။ ၎င်းကထူးဆန်းအံ့ဩစရာတော့ မဟုတ်ပေ သွားလဲရမည့်အချိန် ရောက်လာခြင်းမျှသာ ဖြစ်သည်။
လူတစ်ယောက်၏ဘဝတွင် ပုံမှန်အားဖြင့် သွားနှစ်ကြိမ်ပေါက်နိုင်ပြီး မွေးဖွားစဉ်တစ်ကြိမ်နှင့် ဆယ်နှစ်သားအရွယ်တွင်တစ်ကြိမ် ဖြစ်သည်။ သို့သော် သူ၏ကိုယ်ပေါ်တွင် တတိယအကြိမ် ဖြစ်ပွားလာခဲ့သည်။
လော်ယွမ်သည် ရုတ်တရက် "ခန္ဓာကိုယ်ဟောင်းကိုစွန့်၍ ခန္ဓာကိုယ်သစ်လဲလှယ်ခြင်း" ဟူသော စကားလုံးတစ်လုံးကို သတိရလိုက်ရာ သူ၏ကိုယ်ပေါ်မှ အဖြစ်အပျက်နှင့် အလွန်ကိုက်ညီနေသည်။
ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲမှုအဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏ကိုယ်သည် ထူးဆန်းသောပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူ၏စွမ်းရည်များသည် မူလကတည်းက စနစ်၏မြှင့်တင်ခြင်းကို ခံထားရသဖြင့် အကျိုးသက်ရောက်မှုမှာ သိပ်မသိသာလှပေ။ သို့သော်ငြားလည်း ဤကာလအတွင်း သူ၏ခွန်အားသည် ရာခိုင်နှုန်းခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် တိုးတက်လာခဲ့ပြီး လျင်မြန်ဖျတ်လတ်မှုမှာ ရာခိုင်နှုန်းနှစ်ဆယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ရာခိုင်နှုန်းသုံးဆယ် တိုးတက်လာခဲ့သည်။ ဉာဏ်ရည်မှာမူ ခန့်မှန်း၍မရသော်လည်း ဤကာလအတွင်း သူ၏အတွေးအခေါ်များသည် ပိုမိုစူးရှလာပြီး ပြဿနာတစ်ခုကြုံတွေ့သည်နှင့် အဓိကအချက်ကို တိုက်ရိုက်ထောက်ပြနိုင်ကာ အကြမ်းဖျင်းခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိလာသည်ကို သိသိသာသာ ခံစားမိသည်။
ဤစွမ်းရည်များသည် တစ်ခုချင်းစီမှာ များစွာမတိုးတက်ဘဲ တစ်ခုမျှ နှစ်ဆထိတိုးတက်ခြင်းမရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာမူ ဤသို့တွက်ချက်၍မရပေ။ လော်ယွမ် ဤမျှကြာမြင့်စွာ စနစ်ကို လေ့လာစမ်းသပ်ခဲ့ရာမှ သိရှိချက်အရ တိုက်ခိုက်ရေးစွမ်းရည်သည် စွမ်းရည်အားလုံး၏ မြှောက်လဒ်နီးပါးဖြစ်သည်။ ယခုလက်ရှိ သူ၏စွမ်းအားဖြင့် လွန်ခဲ့သောတစ်လက သူ၏ကိုယ်သူ ချက်ချင်းသတ်ဖြတ်နိုင်ပြီး သို့မဟုတ် သူ၏ကိုယ်ပွားသုံးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုပင် အနိုင်ယူနိုင်သလို ထို့ထက်ပင် ပိုများနိုင်သည်။
.........................................................................................................................................................
လော်ယွမ်သည် အကြိမ်ကြိမ်ချီတုံချတုံဖြစ်ပြီးနောက် သူ၏ပုံရိပ်မပျက်စီးစေရန် နောက်ဆုံးတွင် ရှေ့သွားကို ဆက်လက်ထားရှိရန် ဆုံးဖြတ်လိုက်ပြီး သဘာဝအတိုင်း ကျွတ်ထွက်မည့်နေ့ကို စောင့်ဆိုင်းနေလိုက်သည်။ သွားအသစ်၏ ကြီးထွားနှုန်းအရ ဤရက်ပိုင်းအတွင်း ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် အိပ်ရာထလာကြပြီဖြစ်သည်။ လော်ယွမ်လည်း ဆက်လက်လှဲလျောင်းမနေတော့ပေ။ အမျိုးသမီးများနှင့် အတူနေထိုင်ရသဖြင့် အဝတ်အစားများ မချွတ်ဘဲ အိပ်ခဲ့သည်။ သူက စောင်ကိုဖယ်လိုက်ပြီး အပေါ်ထပ်ခုတင်မှ တိုက်ရိုက်ခုန်ဆင်းလိုက်သည်။
မျက်နှာသစ်ပြီးသည်နှင့် ဟော်တုံ ရောက်လာသည်။ သူက ထူးဆန်းသောမျက်နှာထားဖြင့် လော်ယွမ်ကို ခေါ်လိုက်ပြီး အိတ်ကပ်ထဲမှ ထူထဲသော ရိက္ခာဘောက်ချာတစ်ထပ်ကို ထုတ်ယူကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်ယွမ်... ဒါက တပ်မမှူးလျှိုရဲ့ တောင်းပန်တဲ့လက်ဆောင်ပဲ... သူက ကျွန်တော့်ကို ပြောခိုင်းလိုက်တာက ဒါတွေအားလုံးက အထင်အမြင်လွဲရုံသက်သက်ပါပဲတဲ့... ခေါင်းဆောင်ယွမ်အနေနဲ့ စိတ်မကွက်ပဲ ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်တဲ့"
လော်ယွမ်က စိတ်ထဲတွင် တွေးလိုက်သည်မှာ မနေ့က သူ၏အရိပ်အမြွက်ပြသမှုသည် အကျိုးသက်ရောက်မှုရှိပုံရသည်ဟု ဖြစ်သည်။ ဤမျှထူထဲသော ရိက္ခာဘောက်ချာတစ်ထပ်သည် တစ်သောင်းခန့်ရှိပေလိမ့်မည်။ သူက ဤမျှများပြားသောငွေကို အလွယ်တကူထုတ်ပေးနိုင်သည်ကို ကြည့်ပြီး တစ်ဖက်လူ လာဘ်စားခြစားမှုပြုလုပ်သည်ဟု သံသယမရှိပေ။ သန္ဓေပြောင်းသတ္တဝါအသားရောင်းဝယ်ခွင့်တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသော ကာကွယ်ရေးတပ်မ၏ တပ်မမှူးတစ်ယောက်အနေဖြင့် ထိုငွေအနည်းငယ်အတွက် လာဘ်စားနေမည်ဆိုလျှင် အလွန်တုံးအရာကျပေလိမ့်မည်။
ယခုခေတ်ကာလတွင် ကာကွယ်ရေးတပ်မကဲ့သို့သော တတိယတန်းစားတပ်ဖွဲ့ပင်လျှင် တိုက်ပွဲများ မနည်းမနော ကြုံတွေ့ရမည်ဖြစ်ပြီး အခါအားလျော်စွာ မြို့ပြင်သို့ စစ်ရေးလေ့ကျင့်ရန် ထွက်ရသေးသဖြင့် အကြိမ်တိုင်းတွင် ရရှိသော သန္ဓေပြောင်းသတ္တဝါများမှာ မနည်းလှပေ။ ရှေ့တန်းတပ်ဖွဲ့များနှင့် နှိုင်းယှဉ်၍မရသော်လည်း သာမန်လူများနှင့်နှိုင်းယှဉ်လျှင် အလွန်ချမ်းသာကြွယ်ဝပေလိမ့်မည်။ လော်ယွမ်က ဖိအားတစ်စုံတစ်ရာမရှိဘဲ လက်ခံလိုက်ပြီး ချမ်းသာသူများထံမှယူ၍ ဆင်းရဲသူများကို ပေးကမ်းခြင်းဟု သဘောထားလိုက်သည်။ သူက ပြုံးရင်းပြောလိုက်သည်။ "တပ်မမှူးလျှိုကို ပြောလိုက်... အရာအားလုံးကို အခြေအနေကြည့်ပြီး ဆုံးဖြတ်မယ်လို့"
"စိတ်ချ... ခေါင်းဆောင်ယွမ်... ဒါနဲ့ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ... ကျွန်တော်ကြည့်ရတာ သူ မနေ့က တစ်ညလုံးမအိပ်ရဲဘဲ ကြောက်နေပုံပဲ... မျက်လုံးတွေက ယုန်မျက်လုံးလို နီရဲနေတာ" ဟော်တုံက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဟော်တုံ၏လေသံထဲတွင် သူတို့၏တပ်မမှူးအပေါ် လေးစားမှု စိုးစဉ်းမျှမရှိပေ။ သို့မဟုတ် သူ၏ရှေ့တွင် တမင်ဟန်ဆောင်ပြခြင်းလည်း ဖြစ်နိုင်သည်။ လော်ယွမ်က အဓိပ္ပာယ်ပါသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "မင်းလည်း စမ်းကြည့်ချင်တယ်ဆိုရင်တော့ ငါ မင်းကို ပြောပြလို့ရတယ်"
အရိပ်အမြွက်ပြသခြင်းသည် လူ၏အတွေးအခေါ်ကို လှည့်စားနိုင်ပြီး အခြားသူများကို မိမိ၏ဆန္ဒအတိုင်း ပြုမူစေနိုင်သည်။ ဤကဲ့သို့သောစွမ်းရည်သည် မည်သူမဆို၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ဆွဲဆောင်နိုင်ရာ သူသည် အခြားသူများကို ပြောပြမည်မဟုတ်ပေ။
(ဒါက စိတ်ညှို့တာနဲ့ နည်းနည်းဆင်ပါတယ်။ စိတ်စွမ်းအင်နဲ့တစ်ဖက်လူရဲ့ စိတ်ထဲကို အတွေးတချို့ရိုက်သွင်းပေးလိုက်တဲ့သဘောပါပဲ)
"မ...မလုပ်ပါနဲ့... ကျွန်တော် မစမ်းချင်ပါဘူး" ဟော်တုံက ကြောက်လန့်တကြား ခေါင်းအမြန်ခါလိုက်သည်။ ခေါင်းဆောင်ယွမ်သည် ယခုအခါ ပို၍ပို၍ နားလည်ရခက်ခဲလာပြီး အခြားမည်သို့သော ကြောက်မက်ဖွယ်စွမ်းရည်များ ရှိနေသေးသည်ကို မည်သူသိနိုင်မည်နည်း။ သူ လုံးဝမစမ်းဝံ့ပေ။
ကျိုးယလီက မျက်နှာမကောင်းဘဲ လော်ယွမ်ကို ဆွဲခေါ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ရှောင်ယွမ်... ဒီပိုက်ဆံကို ယူတာ မကောင်းဘူးနော်... ကျွန်မ စိတ်ထဲမှာ မလုံခြုံသလို ခံစားရတယ်... ပြန်ပေးလိုက်ပါလား"
သူမ၏မျက်နှာသည် ဖြူဖျော့နေပြီး မနေ့ညက ကောင်းစွာအိပ်မပျော်ခဲ့ကြောင်း ထင်ရှား၏။ လော်ယွမ်က သူမကို ခေါင်းကိုပုတ်ပေးလိုက်ပြီး စကားမပြောမီမှာပင် ဟော်တုံက ဘေးမှ စိတ်ပျက်စွာ ဝင်ပြောလိုက်သည်။ "အစ်မကျိုး... ကျွန်တော့်ကို ဒုက္ခမပေးပါနဲ့... ဒီတာဝန်မကျေရင် ကျွန်တော့်ရှေ့ဆက်ပြီး ဒုက္ခရောက်ရမှာ"
ဟွမ်ကျားဟွေက ဘေးမှ ပြုံးစိစိဖြင့် စကားမပြောဘဲ နေလိုက်သည်။ သူမ၏စိတ်ဓာတ်သည် ကျိုးယလီကဲ့သို့ မပျော့ညံ့သလို လောကအတွေ့အကြုံလည်း မနည်းလှပေ။ တပ်မမှူးလျှိုကို စိတ်ဆိုးအောင်လုပ်မိခြင်းသည် ကြီးမားသောကိစ္စဟု သူမ မခံစားမိပေ။ ထို့အပြင် လော်ယွမ် အရာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။ အဆိုးဆုံးဖြစ်နိုင်ခြေမှာ ဤပြန်လည်တည်ဆောက်ရေးဇုန်တွင် မနေတော့ဘဲ သူနှင့်အတူ လှည့်လည်သွားလာရုံသာ ဖြစ်သည်။ ယခင်ကလည်း ဤသို့ပင် နေထိုင်ခဲ့သည် မဟုတ်ပါလား။
"အမယလီဘာမှမပူနဲ့... ငါသာ မယူလိုက်ဘူးဆိုရင် တစ်ဖက်လူက ပိုပြီးစိုးရိမ်နေလိမ့်မယ်... အဲ့ဒီအခါကျမှ ချောင်ပိတ်အရိုက်ခံရတဲ့ခွေးလို မဲမဲမြင်ရာပြန်ကိုက်နေရင် ပိုဆိုးသွားမှာ" လော်ယွမ်က ရှင်းပြလိုက်သည်။
"ဟုတ်တယ်..ယလီ... ဘာမှမဖြစ်ဘူး နင် ဝင်မပါနဲ့တော့" ဟွမ်ကျားဟွေကလည်း ဘေးမှ ဝင်ပြောလိုက်သည်။
ဟွမ်ကျားဟွေပင်လျှင် ဘာမှမဖြစ်ဟု ပြောသောအခါ ကျိုးယလီလည်း ယာယီအားဖြင့် စိတ်အေးလိုက်ရပြီး ဟော်တုံကို ပြောလိုက်သည်။ "ရောက်လာမှတော့ မနက်စာ အတူစားသွားပါလား"
"မဖြစ်ဘူး... သူများဆန်စားထားတော့ သူများအလုပ်လုပ်ရဦးမှာ... ကျွန်တော် အမြန်ပြန်တော့မယ်... တပ်မမှူးလျှိုက ကျွန်တော့်ကို စောင့်နေတုန်းပဲ" ဟော်တုံက လက်အဆက်မပြတ်ကာရင်း ခါးသက်သက်ရယ်မောကာ စကားအနည်းငယ်ပြောပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားသည်။
ထိုအချိန်တွင် လော်ယွမ်သည် မြေပြင်မှ သတိထားမိရုံမျှသာ ရှိသောတုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီးနောက် တိုးညင်းသောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အလားတူအသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ဤအသံများသည် တိုးညင်းပြီး လေးလံကာ ကောင်းကင်စွန်းမှ တလိမ့်လိမ့်တက်လာသော မိုးခြိမ်းသံကဲ့သို့ပင်။ ကမ္ဘာပျက်ကပ်ကို ဖြတ်သန်းဖူးသူများအတွက် တစ်ကြိမ်ကြားဖူးရုံမျှဖြင့် မေ့ပျောက်ရန် ခက်ခဲလှသည်။
"အမြောက်ကြီး... ဒါ အမြောက်ကြီးပစ်သံပဲ... ပိုးကောင်အုပ်က အပြင်ကာကွယ်ရေးစည်းကို ဝင်တိုက်နေပြီ" သူ၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး မျက်နှာပျက်သွားသည်။
ဆက်ရန်...