← Chapters

ပြန်ဆုံခြင်း

Vol. 14 Ch. 274

ပြန်ဆုံခြင်း

Vol. 14 Ch. 274

"ဧရာမဖွတ်ကြီးနဲ့ မျောက်ဝံကြီးတို့ ရော... ဘယ်လိုအခြေအနေရှိလဲ မသိဘူး" လော်ယွမ်က စိတ်ထဲတွင် တိတ်တဆိတ် စိုးရိမ်နေမိ၏။

"သူတို့အားလုံး အသက်ရှင်ကြဖို့ပဲ ဆုတောင်းရမယ်"

လာပို့သော နံနက်စာကို စားသုံးပြီးနောက် လော်ယွမ်က ကျန်းမာတောက်ဓားကို ယူ၍ ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။ သူ၏အရေပြားမှာ အပ်များဖြင့် ထိုးစိုက်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး ဓား၏ထက်ရှသောအရှိန်အဝါက လူကိုဖိစီးစေ၏။ သူ၏စိတ်စွမ်းအားဖြင့် အမြဲတစေ သန့်စင်ထားသောကြောင့် ဖြစ်မည်၊ ဤကျန်းမာတောက်ဓားသည် အလွန်အမင်း အစွယ်ထုတ်ပြလာပြီး ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကဲ့သို့ ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သာမန်အချိန်များတွင်လည်း ယင်နှင့်ခြင်များပင် မကပ်ဝံ့ဘဲ ဖုန်မှုန့်များပင် မတင်နိုင်လောက်အောင် အလွန်ထူးဆန်းအံ့ဩဖွယ် ကောင်းလှ၏။

ဝူရှောင်ရှောင်က တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မနေ့ကအဖြစ်အပျက်ပြီးနောက် သူမသည် လော်ယွမ်အပေါ် အနည်းငယ်စိမ်းကားသွားပြီး ယခင်ကကဲ့သို့ ရင်းနှီးမှုမရှိတော့ပေ။ ဤသည်က စွန်းရုံတအား ချက်ချင်းပင် သက်ပြင်းချနိုင်စေခဲ့သည်။

လော်ယွမ်က ဓားသွားကို လက်ဖဝါးဖြင့် ညင်သာစွာသုတ်သင်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်သည်လည်း တဖြည်းဖြည်း တည်ငြိမ်သွားတော့၏။

မွန်းမတည့်မီမှာပင် ဗုံးခိုကျင်း၏ အခြေအနေက ရုတ်တရက် တင်းမာလာခဲ့သည်။ ရှေ့တန်းမှဆုတ်ခွာလာသော ဒဏ်ရာရစစ်သားအမြောက်အမြားသည် ဗုံးခိုကျင်းထဲသို့ ဆက်တိုက်ဝင်ရောက်လာကြပြီး အသံချဲ့စက်၏ ကြေညာသံအောက်တွင် ဆရာဝန်နှင့် သူနာပြုအများအပြားကို တာဝန်ပေးအပ်လိုက်သည်။ ဗုံးခိုကျင်းတစ်ခုလုံးကို ဖိစီးသော အငွေ့အသက်များက လွှမ်းခြုံထား၏။ အပြင်ဘက်မှ အခြေအနေမှာ ဆက်လက်ဆိုးရွားလာပြီး မကြာမီမှာပင် ဒုတိယအသုတ်၊ တတိယအသုတ် ဒဏ်ရာရသူများ အစဉ်လိုက်ဝင်ရောက်လာကြသည်။ တစ်ကြိမ်ထက်တစ်ကြိမ် အရေအတွက် ပိုများလာပြီး ဒဏ်ရာရသူများ၏ ဒဏ်ရာများမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာသည်။

မြေအောက်ပထမထပ်သည် မကြာမီမှာပင် ပြည့်ကျပ်သွားခဲ့သည်။ ညဘက်ရောက်သောအခါ မြေအောက်ဒုတိယထပ်မှ ဂိုဒေါင်အချို့ကိုလည်း ရှင်းလင်းကာ ယာယီစစ်ဆေးရုံများအဖြစ် ပြောင်းလဲခဲ့ကြသည်။

လေထုထဲတွင် ပိုးသတ်ဆေးနံ့ပြင်းပြင်းက ပျံ့နှံ့နေသည်။ ကာကွယ်ရေးဝတ်စုံများဝတ်ဆင်ထားသော အလုပ်သမားအများအပြားက နေရာတိုင်း၏ထောင့်တိုင်းကို ပိုးသတ်ဆေးများ လိုက်လံဖျန်းပက်နေကြပြီး စောင်များနှင့် စားသောက်ဖွယ်ရာများကိုပင် ချန်မထားခဲ့ပေ။

ကန္တာရမြို့၏ ကာကွယ်ရေးတပ်မသည် ကြီးမားသောရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ရှိနေသည်။ လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သားအများအပြားက စစ်ဆေးရုံအနီးတွင် တင်းမာသောမျက်နှာထားများဖြင့် ကင်းလှည့်နေကြသည်။ အခါအားလျော်စွာ သေနတ်သံများနှင့် မီးမှုတ်သံများ၊ ထို့အတူ နာကျင်စွာဖြင့် စူးရှစွာအော်ဟစ်သံများကို ကြားနေရသည်။

သန္ဓေပြောင်းသတ္တဝါများ၏ စွမ်းရည်များမှာ အလွန်ထူးဆန်းပြီး မကောင်းဆိုးဝါးဆန်ကာ ကြောက်မက်ဖွယ်ကောင်းသော ဗိုင်းရပ်စ်များနှင့် လျှို့ဝှက်ဆန်းကြယ်သော မျိုးဗီဇကူးစက်မှုများကို သယ်ဆောင်လာတတ်သည်။ ၎င်းတို့၏တိုက်ခိုက်မှုကို ခံရသည်နှင့် ဒဏ်ရာရရုံသက်သက်သာ မဟုတ်တော့ပေ။ ကပ်ပါးကပ်တွယ်ခြင်း၊ သန္ဓေပြောင်းလဲခြင်း၊ ကူးစက်ခြင်းတို့သည် ဒဏ်ရာရသူများကြားတွင် မကြာခဏဖြစ်ပွားတတ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်သည် ဤကိစ္စရပ်များတွင် သွေးနှင့်ရင်းခဲ့ရသော သင်ခန်းစာပေါင်းများစွာကို ရရှိခဲ့ပြီးဖြစ်ရာ စနစ်တကျဖြေရှင်းမည့် အစီအစဉ်များလည်း ရှိနှင့်ပြီးဖြစ်သည်။

လော်ယွမ်သည် ထိုစူးရှသောပိုးသက်ဆေးနံ့ကို မခံနိုင်တော့ဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော် ကံမကောင်းစွာပင် စင်္ကြံလမ်းပေါ်မှအနံ့မှာလည်း သိပ်ပြီးလတ်ဆတ်ခြင်းမရှိပေ။

ထိုအချိန်တွင် တစ်ဖက်ခန်း၏တံခါးက ပွင့်လာပြီး အတွင်းမှအမျိုးသားတစ်ဦး ထွက်လာသည်။ နွားသိုးတစ်ကောင်ကဲ့သို့ သန်မာသောခန္ဓာကိုယ်နှင့် ၆ပေခွဲနီးပါးမြင့်သောအရပ်သည် လူကိုကြီးမားသော ဖိအားတစ်ရပ်ကို ခံစားရစေသည်။

လော်ယွမ်က အလိုအလျောက်ပင် တစ်ချက်ပို၍ကြည့်လိုက်မိသည်။ ထိုသူက ရိုးသားဟန်ဖြင့်ပြုံးပြပြီး ဆေးလိပ်တစ်ဘူးထုတ်ကာ လက်ဟန်ပြလိုက်သည်။ လော်ယွမ်က မိမိဆေးလိပ်မသောက်ကြောင်း ခေါင်းခါပြသည်ကိုမြင်သော် သူတစ်ယောက်တည်း ဆေးလိပ်တစ်လိပ်ကိုမီးညှိကာ အားရပါးရနှစ်ချက်သုံးချက်ခန့် ရှိုက်ဖွာလိုက်ပြီး မီးခိုးငွေ့များကိုပင် မျိုချလိုက်သည်။ သူ၏အမူအရာကိုကြည့်ရသည်မှာ ဆေးလိပ်ဖြတ်ထားသည်မှာကြာပြီဖြစ်သော ဆေးလိပ်သမားဟောင်းတစ်ဦးနှင့်တူပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ဆေးလိပ်တစ်လိပ်မှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားသည်။

လော်ယွမ်၏နှာခေါင်းမှာ အလွန်အာရုံခံကောင်းလှရာ ပိုးသတ်ဆေးနံ့ပင် မဖုံးအုပ်နိုင်သော ထူးဆန်းသည့်အနံ့တစ်မျိုးကို လျင်မြန်စွာရရှိလိုက်သည်။ သူက ထိုလူသန်ကြီးကို မော့ကြည့်လိုက်မိသည်။ ဤလူသန်ကြီးသည် ရေမချိုးသည်မှာ အလွန်ကြာပြီဖြစ်ကြောင်း ထင်ရှားလှ၏။ သူ၏အရေပြားပေါ်တွင် ထူထဲသောအညစ်အကြေးများက ကပ်ညိနေပြီး သန့်ရှင်းနေသောသူ၏အဝတ်အစားများနှင့် အလွန်ပင်ကွဲပြားခြားနားနေသည်။ ထို့အပြင် ထိုအဝတ်အစားများသည် သူနှင့်သိပ်မတော်သည်ကိုပါ သူသတိပြုမိလိုက်သည်။

လော်ယွမ်က စဉ်းစားဟန်ဖြင့်ကြည့်ရင်း "မိတ်ဆွေ... ခင်ဗျား ဒီကို ဘယ်တုန်းကရောက်တာလဲ" ဟု စမ်းသပ်မေးမြန်းလိုက်သည်။

"ဒီနေ့ညနေကပဲ... စစ်တပ်နဲ့အတူတူလာတာ" လူသန်ကြီးက ရိုးသားစွာပြုံးလျက် ဖြေလိုက်သည်။

လော်ယွမ်သည် ကြည့်ရင်းကြည့်ရင်း ပို၍ထူးဆန်းလာသလို ခံစားမိသည်။ ကန္တာရမြို့၏ဒေသခံများမှာ မနေ့ကတည်းက ဗုံးခိုကျင်းထဲသို့ အားလုံးဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ သူက ပုံမှန်အတိုင်းပင် "ဒီနေ့ညနေလား... တမျိုးတော့မထင်နဲ့နော်... ခင်ဗျားက စစ်သားလား" ဟု မေးလိုက်သည်။

"ကျွန်တော်က စစ်သားနဲ့မတူလို့လား" လူသန်ကြီးက ပြန်မေးလိုက်သည်။

"ဒီကိုလာတဲ့စစ်သားတွေအားလုံးက ဒဏ်ရာရထားတဲ့သူတွေချည်းပဲလေ... ခင်ဗျားက ဒဏ်ရာရထားတဲ့ပုံလည်းမပေါ်ဘူး... ပြီးတော့ ခင်ဗျားရဲ့အမူအရာကလည်း စစ်သားနဲ့လုံးဝမတူဘူး" လော်ယွမ်က ပြုံးလျက်ဆိုသည်။

လူသန်ကြီးက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ရိုးသားသောမျက်နှာထားသည် ရုတ်တရက် ကြမ်းတမ်းခက်ထန်သွားသည်။ သူက ခြိမ်းခြောက်သလို လက်မောင်းကိုမြှောက်ပြလိုက်ပြီး ခြေလှမ်းအနည်းငယ်တိုးကာ လော်ယွမ်၏နားနားကပ်၍ "ဒီမှာချာတိတ်... စပ်စုတတ်တဲ့စိတ်က လူကိုသေစေနိုင်တယ်လို့ ဘယ်သူမှမင်းကို မသင်ပေးထားဘူးလား... ကိုယ့်ဒုက္ခကိုယ် မရှာချင်နဲ့" ဟု တိုးညှင်းစွာသတိပေးလိုက်သည်။

လော်ယွမ်၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ယခုအချိန်တွင် သူ၏ရှေ့၌ ဤသို့ထောင်လွှားဝံ့သူ အလွန်နည်းပါးသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်မှာပင် ဘေးခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးက လူသန်ကြီးကို စူးစူးရဲရဲတစ်ချက်စိုက်ကြည့်ကာ မကျေမနပ်ဖြင့် "ရှဲ့ကြီး... အပြင်မှာ ဘာပေါက်ကရတွေလုပ်နေတာလဲ... အထဲအမြန်ဝင်ခဲ့" ဟု အော်လိုက်သည်။

ထို့နောက် လော်ယွမ်ဘက်သို့လှည့်၍ "တောင်းပန်ပါတယ်ဗျာ... ကျွန်တော့်သူငယ်ချင်းက နည်းနည်းမဆင်မခြင်နိုင်လို့ပါ... ခင်ဗျားဘယ်လိုမှ စိတ်ထဲမထားနဲ့နော်" ဟု ပြုံးလျက်ပြောလိုက်သည်။

"ဪရတယ်... ကိစ္စမရှိပါဘူး... ကျွန်တော်တို့ စကားပြောနေရုံပါပဲ" လော်ယွမ်က ပြုံးလျက်ဆိုသည်။

ထိုနှစ်ယောက် တံခါးပိတ်၍ ဝင်သွားသည်ကို ကြည့်ရင်း လော်ယွမ်၏အပြုံးမှာ ပျောက်ကွယ်သွားသည်။ ဤလူအုပ်စုတွင် ပြဿနာတစ်ခုခုရှိသည်မှာ သေချာ၏။ ထို့အပြင် ထိုလူသန်ကြီးဖြစ်စေ၊ မျက်မှန်သမားဖြစ်စေ နှစ်ဦးလုံးက သူ့ကို ရင်းနှီးနေသော ခံစားချက်ကို ပေးစွမ်းနေပြီး တစ်နေရာရာတွင် တွေ့ခဲ့ဖူးသကဲ့သို့ ရှိနေသည်။

………………………………………………………………………………………………………………………………………………

"ရှဲ့ကြီး... မင်းကတကယ်ပေါ့ဆတာပဲ... ငါမင်းကို သတိထားဖို့ အစကတည်းက ပြောထားတာကို... ဒီမှာနေတဲ့သူတွေထဲမှာ သာမန်လူတစ်ယောက်မှမပါဘူးကွ... ငါသာ ဖုန်ဟွေ့ကို လွှတ်ပြီးမခေါ်ခိုင်းလိုက်ရင်... စစ်သားတွေတောင် ရောက်ရင်ရောက်လာမှာ" စုယွီက မျက်နှာပျက်စွာဖြင့် ဆိုလိုက်သည်။

"ငါဘာမှမလုပ်ပါဘူး... သူ့ကို နည်းနည်းပဲခြိမ်းခြောက်ကြည့်တာပါ" ရှဲ့ကြီးက ခေါင်းငုံ့ကာ တိုးတိုးလေးညည်းတွားလိုက်ပြီး ပြန်လည်ချေပခြင်းမပြုဝံ့ပေ။ စုယွီဟုခေါ်သော ဤလူငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူကောင်းစွာသိသည်။ သူသည် လူသန်ကြီးတစ်ယောက်၏ ခွန်အားကို ပိုင်ဆိုင်ထားသော်ငြား သူ၏ရှေ့တွင်မူ တစ်ချက်စာမျှပင် မခံနိုင်ပေ။

"ခြိမ်းခြောက်ကြည့်တာဟုတ်လား... ခွေးမသား မင်းဘာလုပ်နေလဲဆိုတာရော မင်းသိရဲ့လား... ငါတခါထဲပြောလိုက်မယ် ဒါက တောနက်ထဲမှာမဟုတ်ဘူး... ပြန်လည်တည်ဆောက်ရေးဇုန်ကွ... ငါတို့အခုထိ စိတ်တိုင်းကျ လုပ်ချင်တာလုပ်လို့မရသေးဘူး... တွေ့တဲ့လူတိုင်းကို အမမော်ကပဲ လိုက်ဖြေရှင်းပေးနေရမှာလား" စုယွီက အေးစက်စွာရယ်မောလိုက်သည်။ သူ၏စိတ်လှုပ်ရှားလာသည်နှင့်အမျှ မျက်စိဖြင့်မမြင်နိုင်သော လျှပ်စစ်စက်ကွင်းတစ်ခုက ပျံ့နှံ့ထွက်ပေါ်လာပြီး လေထုထဲတွင် တဖျစ်ဖျစ်မြည်သံများ တိုးညှင်းစွာထွက်ပေါ်လာသည်။

"ခေါင်းဆောင်... ငါမှားသွားပါတယ်... နောက်ဘယ်တော့မှ ဒီလိုမဖြစ်စေရပါဘူး" ရှဲ့ကြီးသည် သူ၏ဆံပင်များထောင်ထလာသည့် စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားကာ အလျင်အမြန်ခေါင်းငုံ့၍ အရှုံးပေးလိုက်သည်။

"ရှောင်ယွီ တော်တော့... သူလည်း မရည်ရွယ်ဘဲ မှားသွားတာပါ" မော်ချီဝမ်က အားနည်းစွာဖြင့် ဆိုလိုက်သည်။ သူမ၏မျက်နှာမှာ ဖြူဖျော့နေပြီး အရေပြားမှာ သွေးမရှိတော့သကဲ့သို့ ဖြစ်နေသည်။ ကြီးမားသောဖျားနာမှုတစ်ခုကို ခံစားထားရသကဲ့သို့ သူမအား နာမကျန်းဖြစ်နေသော အလှတရားတစ်မျိုးကို ပေးစွမ်းနေသည်။

"ဒီတစ်ခါတော့ အမမော်က တောင်းပန်ပေးလို့ ခွင့်လွှတ်လိုက်မယ်... ဒါပေမဲ့ နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်စေနဲ့" ထိုလူငယ်က အမမော်ကို စိတ်မကောင်းစွာဖြင့် ကြည့်လိုက်ရာ သူ၏မျက်နှာထားမှာ ချက်ချင်းပင် ပျော့ပျောင်းသွားသည်။

ဤလူအုပ်စုသည်ကား ယခင်လော်ယွမ် တောနက်ထဲသို့သွားစဉ် အဝေးမှတစ်ချက်လှမ်းမြင်ခဲ့ရသော လေလွင့်သူအုပ်စုပင် ဖြစ်တော့သည်။ ဗုံးခိုကျင်းထဲသို့ ဝင်ရောက်ပြီးမှသာ သူတို့မှတစ်ဆင့် ကန္တာရမြို့ကို ထိန်းချုပ်ရန်ကြိုးစားခြင်းမှာ အလွန်ရိုးရှင်းလွန်းသော တွေးခေါ်မှုဖြစ်ကြောင်း သူတို့သဘောပေါက်သွားကြသည်။

"ငါခုနက တစ်ပတ်ပတ်ကြည့်ခဲ့သေးတယ်... ဗုံးခိုကျင်းရဲ့ မြို့တော်အစိုးရရုံးခန်းကို အစောင့်အကြပ်အပြည့်နဲ့ တင်းတင်းကြပ်ကြပ်ကာကွယ်ထားတယ်... အထဲမှာ ဆင့်ကဲပြောင်းလဲသူတွေလည်း မနည်းလောက်ဘူး... သူတို့က ဒီအချက်ကို ကြိုတင်ကာကွယ်ထားတာ သိသာတယ်... ငါအဲ့နားမရောင်ခင်မှာတင် အတားခံလိုက်ရတာ... အတင်းအကျပ်ဖောက်ဝင်တာကလွဲရင် သာမန်နည်းနဲ့ထိုးဖောက်ဝင်ရောက်ဖို့ တော်တော်ခက်တယ်" သာမန်ရုပ်ရည်ရှိသော်လည်း မျက်လုံးများက သိမ်းငှက်ကဲ့သို့ စူးရှသော အမျိုးသားတစ်ဦးက လေးနက်စွာဆိုသည်။

"အဲ့လိုလုပ်ရင် ငါတို့တက်လမ်းကို ပိတ်လိုက်တာနဲ့ အတူတူပဲ... ကန္တာရမြို့ကိုရလိုက်ရင်တောင်... ကာကွယ်ရေးတပ်မက လက်ပိုက်ကြည့်နေမှာ မဟုတ်သလို... ပြန်လည်တည်ဆောက်ရေးဇုန်ကပါ ဆင်းလာရင် ငါတို့ကန္တာရမြို့ကို သေချာပေါက် ကာကွယ်ထားနိုင်မှာမဟုတ်ဘူး" စုယွီက လေးနက်သောမျက်နှာထားဖြင့် ဆိုလိုက်သည်။ သူစိတ်ထဲတွင် သက်ပြင်းချမိသည်။ ကန္တာရမြို့၏နောက်ကွယ်မှ ဧရာမအဖွဲ့အစည်းကြီးကိုသာ ထည့်မတွက်ခဲ့လျှင် သူ၏စွမ်းအားဖြင့် ဤမြို့ငယ်လေးကို အစောကတည်းက အုပ်စိုးနိုင်ခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ သတိကြီးစွာထားပြီး အသေးစိတ်ကြံစည်နေစရာပင်မလိုချေ။

"ဒါမှမဟုတ် မနက်ဖြန် ငါထပ်ကြိုးစားကြည့်ရမလား... အဲ့ဒီအချိန်ဆို ကျွန်မလည်း တော်တော်လေး ပြန်ကောင်းနေလောက်ပါပြီ" မော်ချီဝမ်က ဖြူဖျော့သောမျက်နှာဖြင့် ဆိုလိုက်သည်။

"အမအခုလိုအပ်တာက ဒဏ်ရာကို သေချာဂရုစိုက်ဖို့ပဲ... ဒီကိစ္စကို ခဏထားလိုက်တာပေါ့... အလျင်စလိုလုပ်စရာမလိုပါဘူး... အချိန်က ငါတို့ဘက်မှာ ရှိနေတာပဲ" စုယွီက ငြင်းပယ်လိုက်သည်။ ဤတစ်ကြိမ်မအောင်မြင်လျှင်ပင် သူက အမမော်ကို အသက်စွန့်စားခွင့်ပြုမည် မဟုတ်ပေ။

သူမ၏စိတ်ညှို့ပညာမှာ အစွမ်းထက်သော်ငြား အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်းမရှိပေ။ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်တစ်ခုအနေဖြင့် စိတ်ညှို့မှုတစ်ကြိမ်တိုင်းသည် သူမ၏စွမ်းအင်များစွာကို ကုန်ဆုံးစေသည်။ ထို့အပြင် တစ်ဖက်လူ၏ စိတ်စွမ်းအား အားကောင်းလေ စွမ်းအင်ကုန်ဆုံးမှု များလေဖြစ်သည်။

ဤနေရာသို့ဝင်နိုင်ရန်အတွက် လမ်းတစ်လျှောက်လုံးတွင် လူခုနစ်ယောက်၊ ရှစ်ယောက်ကို စိတ်ညှို့ခဲ့ရုံဖြင့် အမမော်၏စွမ်းအင်မှာ ကုန်ခမ်းသွားခဲ့ပြီဖြစ်ပြီး တန်ပြန်သက်ရောက်မှုပင် ဖြစ်လုနီးပါးဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ခက်ခက်ခဲခဲအောင်မြင်ခဲ့သော်လည်း သူမကိုယ်တိုင်မှာမူ သတိလစ်မေ့မြောလုနီးပါးဖြစ်ခဲ့ရာ သူ့ကိုအလွန်ပင် စိတ်မကောင်းဖြစ်စေခဲ့သည်။

သူက အပေါ်ယံတွင် တည်ငြိမ်ဟန်ဆောင်ထားသော်လည်း စိတ်ထဲတွင်မူ တိတ်တဆိတ် စိုးရိမ်ပူပန်နေသည်။ သူတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် မြေအောက်ဒုတိယထပ်သို့ ဝင်ရောက်နိုင်ခဲ့သော်လည်း သူတို့သည် တရားမဝင်သူများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ကြာရှည်စွာ ပုန်းအောင်းနိုင်မည်မဟုတ်ဘဲ အချိန်မရွေး ဖော်ထုတ်ခံရနိုင်သည်။ ထိုအချိန်ကျရောက်လာပါက သူရွေးချယ်ခွင့်ရှိတော့မည် မဟုတ်ပေ။

သူ၏လက်ဖဝါးထဲတွင် လျှပ်စီးများတလက်လက်ထသွားပြီး မျက်နှာတွင် ကြမ်းတမ်းခက်ထန်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူက ခေါင်းမော့လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူတို့သည် ခေတ်ဟောင်း၏ အကြွင်းအကျန်များသာဖြစ်သည်ကို အဘယ်ကြောင့် ဤချို့ယွင်းနေသော သာမန်လူများက နားမလည်နိုင်ကြသနည်း။ ခေတ်၏တိုးတက်မှုကို ဟန့်တားသော မည်သည့်အပြုအမူမဆို ပုရွက်ဆိတ်တစ်ကောင်က လှည်းကိုတားဆီးရန် ကြိုးစားခြင်းနှင့်တူသည်။ ယခုဤခြေလှမ်းက အနည်းငယ်ကွေ့ကောက်နေသော်လည်း သူ့၏အနာဂတ်သည် သေချာပေါက် လင်းလက်နေမည်ဖြစ်သည်။ ခေတ်နောက်ကျကျန်နေသောအရာများက တိုးတက်မှု၏ဒီရေလှိုင်းအောက်တွင် တိုက်စားခံရမည်ဖြစ်သကဲ့သို့ပင်။

ဆက်ရန်...

All Chapters