မစ်ရှင်အသစ်
Vol. 14 Ch. 275
ဤနှစ်ရက်အတွင်း တဝုန်းဝုန်း မြည်ဟည်းနေသော အမြောက်သံများနှင့် တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာသော ဒဏ်ရာရစစ်သားများကြောင့် ဗုံးခိုကျင်းတစ်ခုလုံးသည် စိုးရိမ်ပူပန်မှု၊ ဂနာမငြိမ်ဖြစ်မှုတို့ဖြင့် ပြည့်နှက်လာခဲ့၏။ အထူးသဖြင့် ယနေ့နံနက်ခင်း၌ ကန္တာရမြို့၏ ကာကွယ်ရေးတပ်မကြီးမှ အင်အားတစ်ဝက်ကျော်ကိုပင် ခွဲထုတ်၍ စစ်မြေပြင်သို့ အသုတ်လိုက် စေလွှတ်လိုက်သည့်အခါ ထိုတင်းမာသော အငွေ့အသက်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။
ကံကောင်းထောက်မစွာပင် ဟော်တုံသည် ထောက်ပံ့ရေးဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ဤအကြိမ် ဆင့်ခေါ်ခြင်းခံရသူများ စာရင်းထဲ၌ မပါဝင်ခဲ့ပေ။ သို့ရာတွင် ဤကံကောင်းမှုသည်လည်း အချိန်ကြာမြင့်စွာ ခံလိမ့်မည်မဟုတ်ကြောင်း ထင်ရှားလှ၏။
ဤရက်အနည်းငယ်အတွင်း ဟော်တုံက လာရောက်တွေ့ဆုံသည့်အကြိမ်ရေသည် ပို၍ပင် မကြာခဏဖြစ်လာခဲ့ပြီး သူ၏ စကားလုံးများထဲ၌ အဆိုးမြင်ဝါဒတို့ လွှမ်းခြုံနေ၏။ လော်ယွမ်က စပ်စုရန် ရည်ရွယ်ခြင်းမရှိသော်လည်း ဟော်တုံ၏ မပွင့်မလင်း ပြောဆိုနေသော လေသံများအရ သူသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ အနာဂတ်အပေါ်၌ လုံးဝ အကောင်းမြင်ခြင်းမရှိကြောင်း ထင်ရှားနေသည်။
တတိယမြောက်နေ့သို့ ရောက်သောအခါ၊ လော်ယွမ်ကဲ့သို့ အာရုံခံစားမှုခြောက်ပါးလုံး ထက်မြက်လှသော အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် သန္ဓေပြောင်းပိုးကောင်တို့၏ တောင်ပံခတ်သံများနှင့် စူးရှသော အော်မြည်သံများကိုပင် ရှင်းလင်းစွာ ကြားနေရပြီဖြစ်သည်။ ဤသည်မှာ သန္ဓေပြောင်းပိုးကောင်အနည်းငယ်သည် ကန္တာရမြို့အနီးသို့ ချဉ်းကပ်လာနေပြီဖြစ်ကြောင်း ထင်ရှားလှ၏။ ထိုနေ့၌၊ ပြည်သူလူထု၏ ဖိအားကို လျှော့ချရန်နှင့် စိတ်ဓာတ်တက်ကြွစေရန်အတွက် ရံဖန်ရံခါ သီချင်းများနှင့် ရှေ့တန်းမှ အောင်ပွဲသတင်းများကို ထုတ်လွှင့်ပေးလေ့ရှိသော အသံချဲ့စက်များသည်လည်း ရပ်တန့်သွားခဲ့ပြီး ဗုံးခိုကျင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။
ပဉ္စမမြောက်နေ့သို့ ရောက်သောအခါတွင်မူ ဒဏ်ရာရသူများ ထပ်မံဝင်ရောက်လာခြင်းမရှိတော့သကဲ့သို့ အပြင်ဘက်မှ အမြောက်သံများသည်လည်း စတင်၍ တိတ်ဆိတ်သွားခဲ့သည်။ စစ်ပွဲကား ပြီးဆုံးသွားခဲ့ဟန်တူ၏။ သို့ရာတွင် စစ်မြေပြင်သို့ ချီတက်သွားသော ကာကွယ်ရေးတပ်မကတော့ ပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ပေ။ ထိုနေ့၌ ဟော်တုံသည် အဆောင်ထဲ၌ တစ်နေ့လုံး နေခဲ့၏။ လူတိုင်း၏ နှလုံးသားသည် လေးလံဖိစီးနေပြီး တစ်နေ့လုံး မည်သူမျှ စကားကောင်းကောင်း မပြောဖြစ်ကြချေ။ အပြင်ဘက်မှ အခြေအနေသည် ပိုကောင်းလာခြင်းမဟုတ်ဘဲ ပို၍ပင် ဆိုးရွားသွားခဲ့ပြီဖြစ်ကြောင်း လူတိုင်း ကောင်းစွာသိ၏။
တပ်မကြီးသည် တပ်လုံးပြုတ် ကျဆုံးသွားခဲ့သည် သို့မဟုတ်ပါက နည်းဗျူဟာအရ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်မည်။ ဤနေရာကား လုံးဝ စွန့်ပစ်ခြင်းခံလိုက်ရလေပြီ။
ဗုံးခိုကျင်းသည် အထီးကျန်မြို့တော်လေးတစ်မြို့အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့၏။ မူလက အခြေအနေဆိုးရွားလာသည်နှင့် မြေအောက်မီးရထားလမ်းမှတစ်ဆင့် ပြောင်းရွှေ့သင့်သော်လည်း ထိုသို့ ပြုလုပ်မည့် အရိပ်အယောင်များ ပေါ်ထွက်လာခြင်းမရှိခဲ့ပေ။ တစ်နေ့သော နေ့လယ်ခင်းအချိန်ရောက်မှသာ ဦးနှောက်ထဲမှ စနစ်ထံမှ မစ်ရှင်နှင့်ပတ်သတ်သော သတင်းတစ်ခု ရုတ်တရက် ဝင်ရောက်လာပြီး အကြောင်းရင်းကို သိရှိခဲ့ရတော့သည်။
ဒင်..."ဒီ"အဆင့် မစ်ရှင် - မြေအောက်မီးရထားဘူတာရုံ၌ ခိုအောင်းနေသော သန္ဓေပြောင်းပိုးကောင်များကို ရှင်းလင်းရန်။
အချိန်ကန့်သတ်ချက် - မရှိ (လက်ခံ/ငြင်းပယ်)
လော်ယွမ်၏ မျက်နှာသည် တည်ကြည်သွား၏။ သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးမှ အတည်ပြု ခလုတ်ကို နှိပ်လိုက်သည်။
ဤမစ်ရှင်သည် စွမ်းအားတိုးတက်လာရန်အတွက်ဖြစ်စေ၊ လုံခြုံသော နောက်တန်းသို့ ချောမွေ့စွာ ပြောင်းရွှေ့နိုင်ရန်အတွက်ဖြစ်စေ သူသည် ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ရမည်သာ ဖြစ်၏။ သူက ဤသို့သော မနက်ဖြန်အတွက် အာမမခံနိုင်သော ဘဝမျိုးကို လက်ခံနိုင်ပြီး ကောင်းမွန်စွာ ရှင်သန်နိုင်မည်ဖြစ်သော်လည်း ဟွမ်ကျားဟွေနှင့် ကျိုးယလီတို့၏ ဤရက်ပိုင်းအတွင်းမှ မတည်ငြိမ်သော မျက်ဝန်းများကို မြင်တွေ့ရသည့်အခါ လူတိုင်းက ဤသို့ အန္တရာယ်နှင့် စိတ်လှုပ်ရှားမှုတို့ အမြဲပြည့်နှက်နေသော ဘဝကို နှစ်ခြိုက်စွာ လက်ခံနိုင်ကြသည်မဟုတ်ကြောင်း သူ ကောင်းစွာသိ၏။
သူမတို့သည် တည်ငြိမ်အေးချမ်းသော ဘဝနှင့် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တောင့်တကြသည်။ ဤသို့သော ပတ်ဝန်းကျင်၌ သူမတို့သည် ရေထဲမှ ငါးတစ်ကောင်ပမာ မိမိကိုယ်ကို ယုံကြည်မှုများ ပြန်လည်ပြည့်ဝလာပြီး တုန်လှုပ်စိုးရိမ်ခြင်းများ မရှိတော့ချေ။
သူကိုယ်တိုင်ပင်လျှင် ဤရက်အတောအတွင်း၌ စိတ်အပန်းပြေဆုံး အချိန်များ ဖြစ်ခဲ့သည်မဟုတ်ခဲ့ပါလော။ အိပ်စက်သည့်အခါ ကြက်အိပ် ကြက်နိုးဖြစ်ရန်မလို၊ ဓားရိုးကို အချိန်တိုင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုက်ပွဲအတွက် အသင့်ပြင်ထားရန်လည်း မလိုအပ်တော့ပေ။
ထို့ကြောင့် မိမိအတွက်ဖြစ်စေ၊ သူမတို့အတွက်ဖြစ်စေ ဤမစ်ရှင်ကို ငြင်းပယ်ရန် အကြောင်းပြချက် တစ်စက်မျှမရှိချေ။
သူက စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖုန်မှုန့်တစ်စက်မျှပင် မတင်နိုင်သော ထိုကျန်းမာတောက်ဓားကို အကျိုးမရှိမှန်းသိလျက်နှင့်ပင် သေသေချာချာ ထပ်မံ၍ သုတ်သင်နေမိတော့သည်။
"လော်ယွမ်... ရှင် အဆင်ပြေရဲ့လား" ဟွမ်ကျားဟွေက အနားသို့ လျှောက်လာပြီး အသံတိုးတိုးဖြင့် မေးလိုက်၏။ သူမက လော်ယွမ်ကို စိုးရိမ်တကြီး ကြည့်နေသည်။ လော်ယွမ်၏ မျက်နှာထက်မှ ညှိုးငယ်နေသော အရိပ်အယောင်ကို သူမ ခံစားမိလိုက်ပြီး ရုတ်တရက်ပင် စိတ်ပူပန်စရာများစွာ ရှိနေသည့်အလား ထင်မှတ်မိသည်။
"ဘာမှမဖြစ်ပါဘူ... ရုတ်တရက် ကိစ္စတချို့ကို သွားတွေးမိလို့ပါ... ဘာမှမပူနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ်" လော်ယွမ်က မျက်မှောင်ကြုတ်ထားရာမှ ဖြေလျှော့လိုက်ပြီး ပြောလိုက်သည်။ ထို့နောက် ကျိုးယလီ၏ စိုးရိမ်တကြီး ကြည့်နေသော အကြည့်ကို နူးညံ့သော အပြုံးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။
သို့သော်လည်း ချစ်စဖွယ် မျက်စောင်းလှလှလေးတစ်ခုကိုသာ ပြန်လည်ရရှိခဲ့သည်။
ထိုအခိုက်အတန့်၌ သူသည် အမှန်တကယ်ပင် ကြီးမားသော ဖိအားကို ခံစားနေရ၏။ လွန်ခဲ့သောတစ်ကြိမ်က မီးခိုးရောင်လူ့ဘီလူးမျိုးနွယ်ကို မျိုးဖြုတ်ခဲ့သည့် အထူးမစ်ရှင် (အခက်အခဲအဆင့် တစ်ဆင့်လျော့ကျသွားသောကြောင့် "အီး" အဆင့်သာ ရှိခဲ့သည်) မှလွဲ၍ ဤသည်မှာ သူ ဒုတိယအကြိမ် ကြုံတွေ့ရသော "ဒီ"အဆင့် မစ်ရှင်ဖြစ်သည်။
ဆိုလိုသည်မှာ ဤအကြိမ်မစ်ရှင်၌ အစိမ်းရောင်အဆင့်ရှိသော သတ္တဝါတစ်ကောင်နှင့် ကြုံတွေ့ရနိုင်ခြေ အလွန်မြင့်မားကြောင်းကို ညွှန်ပြနေသည်။
အစိမ်းရောင်အဆင့် သတ္တဝါများနှင့် အစိမ်းရောင်အဆင့်အောက် သတ္တဝါများသည် လုံးဝကွဲပြားခြားနားသော သက်ရှိပုံစံနှစ်မျိုး ဖြစ်ကြ၏။ အစိမ်းရောင်အဆင့်အောက်၊ အစိမ်းနုရောင်အဆင့်ပင် ဖြစ်လင့်ကစား သာမန်သက်ရှိမျှသာ ဖြစ်သည်။ သို့သော် အစိမ်းရောင်အဆင့်သို့ ဝင်ရောက်သွားသည်နှင့် ထိုသက်ရှိသည် ဒဏ္ဍာရီဆန်သော အရောင်အသွေးအချို့ စတင်ပေါ်ပေါက်လာပြီး သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်လာကြသည်။
ဥပမာအားဖြင့် လွန်ခဲ့သောတစ်ကြိမ်က တွေ့ဆုံခဲ့သော မြွေနဂါး၏ အကြေးခွံများက "မြေခွဲရေခွင်း" အစွမ်းရှိပြီး တိမ်ပြာငှက်၏ အမွှေးအတောင်များ၌ "ပလာစမာစွမ်းအင်စက်ကွင်း" ပါရှိခြင်းတို့သည် ဤသက်ရှိတို့၏ အားကောင်းမှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့ကို မီးမောင်းထိုးပြနေသည် မဟုတ်ပါလော။
သို့သော် ထိုတစ်ကြိမ် မြွေနဂါးကို ကံကောင်းထောက်မစွာ သတ်ဖြတ်နိုင်ခဲ့ပြီးနောက် အချိန်သည် ခြောက်လပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ယခု သူ၏ စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်၍မရနိုင်တော့ပေ။ စွမ်းအား၊ ဉာဏ်ရည်နှင့် လျင်မြန်မှု ဟူသော အရည်အသွေးသုံးမျိုးစလုံး၌ တစ်မှတ်စီ ပေါင်းထည့်ပြီးဖြစ်ရာ တစ်မှတ်တိုင်းက ရာခိုင်နှုန်းငါးဆယ် တိုးမြင့်စေသည်ကို ထည့်တွက်ပါက တကယ့်တိုက်ခိုက်ရေးစွမ်းရည်သည် ဆယ်ဆမက တိုးတက်လာခဲ့ပြီးဖြစ်သည်။
ထို့အပြင် ဤသို့ လုံလောက်သော အချိန်ကာလအတွင်း၌ သူ၏ မိမိပိုင် စွမ်းအင်နယ်ပယ်အပေါ် အသုံးချနိုင်စွမ်းသည်လည်း ပို၍ ကျွမ်းကျင်လာခဲ့သည်။ ယခုအခါ စနစ်က ထည့်သွင်းပေးလိုက်သော အသိအမြင်များကို လုံးဝ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်ပြီး မိမိကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုဖြင့် အမှတ်တစ်မှတ်ကိုပင် တွန်းတင်နိုင်ခဲ့သည်။
ဤတစ်ကြိမ်၌ ထိုသို့သော အဆင့်မြင့်သက်ရှိမျိုးနှင့် ရင်ဆိုင်ရပါက လွန်ခဲ့သောတစ်ကြိမ်ကဲ့သို့ သေမင်းတမန်၏ တံခါးဝသို့ ကိုးခေါက်တိုင်တိုင် ရောက်ရှိခဲ့ရသည့်အလား သနားစရာကောင်းတော့မည်မဟုတ်ပေကြောင်း သူ ယုံကြည်သည်။
ဤသို့ တွေးမိသောအခါ သူသည် မိမိ၏ လက်သီးကို အားကုန်သုံး၍ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတော့သည်။
.................................................................................................................................
နေ့လယ်စာ စားပြီးသည်နှင့် မထင်ထားဘဲ အစိုးရဝန်ထမ်းတစ်ဦး ရောက်ရှိလာခဲ့သည်။
လော်ယွမ်ကို အနည်းငယ် အံ့ဩသွားစေသည်မှာ ဤအကြိမ် လာရောက်သူသည် အတွင်းရေးမှူးကျန့် မဟုတ်ဘဲ အတော်အတန် ရုပ်ရည်ရှိသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပင်။ တစ်ဖက်လူ၏ အသက်သည် မငယ်တော့ဘဲ မျက်လုံးထောင့်များ၌ မျက်ရစ်အရေးအကြောင်းသဲ့သဲ့ကို မြင်တွေ့နိုင်ရာ သူမ၏ကလေးပင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ရှိနေလောက်ပြီဟု ခန့်မှန်းရသည်။ သို့သော် အသားအရေမှာ ဖြူစင်ဝင်းမွတ်ပြီး ခန္ဓာကိုယ်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ဟန်တူသည်။ အလုပ်အကိုင်၌ ထူးချွန်သော ပညာတတ်တစ်ဦး၏ အသိဉာဏ်မြင့်မားသော အငွေ့အသက်မျိုးကို ထုတ်လွှတ်နေပြီး အတော်လေး ကြည့်၍ ရှု၍ ကောင်းမွန်လှ၏။
ကံဆိုးသည်မှာ တစ်ဖက်လူ၏ သဘောထားသည် အေးစက်နေပြီး မောက်လည်းမမောက်မာသလို နှိမ့်လည်းမနှိမ့်ချသည့် ပုံစံမျိုးရှိသည်။ စံမီသော ရုံးဝန်ထမ်းဆန်သည့် လေသံဖြင့် ပြောဆိုနေပြီး အသံထဲ၌ စိတ်အားထက်သန်မှု တစ်စက်မျှမရှိသော်လည်း လူကို အပြစ်ပြောစရာ မည်သည့်အချက်မျှ ရှာမတွေ့နိုင်အောင် ပြုလုပ်ထားသည်။
ဤအချက်က သူ့ကို အနည်းငယ် နားမလည်နိုင်ဖြစ်သွားစေသည်။ တစ်ဖက်လူ၏ သဘောထားအရဆိုလျှင် သူမသည် မိမိ၏ အကြောင်းကို မသိရှိသည်မှာ ထင်ရှားလှ၏။
လော်ယွမ်က မိမိ၏ အရည်အချင်းကို အခွင့်ကောင်းယူပြီး မာနထောင်လွှားနေခြင်းတော့ မဟုတ်ပေ။ သို့သော် အစိုးရဌာနမှ ဝန်ထမ်းများသည် သူ့အပေါ်၌ အမြဲတစေ အလွန်အမင်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ကြသည်မှာ သူပင်လျှင် စိတ်ရှုပ်ထွေးရသည်အထိ ဖြစ်ခဲ့သည်။ နောက်ဆုံး၌ စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပေးခြင်းကို အသုံးပြု၍ ထိုသူတို့ကို လက်လျှော့အရှုံးပေးစေခဲ့ရသည်။ သို့တိုင်အောင် သာမန်အချိန်များ၌ ရရှိသော "ဂရုစိုက်မှု" များမှာ အနည်းငယ်မျှ လျော့ကျသွားခြင်းမရှိခဲ့ပေ။ ယခုတစ်ကြိမ် အထက်မှ သူ့အကြောင်းကို ဘာမျှမသိသော လူတစ်ဦးကို စေလွှတ်လိုက်ခြင်းသည် အနည်းငယ် ထူးဆန်းနေသည်မှာ ထင်ရှားလှ၏။
သို့သော် သူသည် နိုင်ငံရေးကို လုံးဝ စိတ်ဝင်စားခြင်းမရှိသည့်အတွက် များများစားစား မတွေးတော့ဘဲ ဓားကို ဆွဲကိုင်လိုက်ကာ လူအုပ်စုကို နှုတ်ဆက်ပြီးနောက် ထိုဝန်ထမ်းအမျိုးသမီးနှင့်အတူ အပြင်သို့ လျှောက်ထွက်လာခဲ့သည်။
ထွက်ခွာသွားစဉ် လော်ယွမ်၏ မျက်လုံးများက ဘေးချင်းကပ် အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်မိသည်။ အခန်းတံခါးသည် ဟင်းလင်းပွင့်နေပြီး အတွင်း၌ လူတစ်ယောက်မျှ ရှိမနေတော့ချေ။
"ဒီကလူတွေ ပြောင်းရွှေ့သွားကြပြီလား" လော်ယွမ်က လျှောက်လှမ်းရင်း စကားမရှိ စကားရှာသည့်အနေဖြင့် ထိုအမျိုးသမီးကို မေးလိုက်၏။
"ကျွန်မက အဆောင်ကိစ္စ တာဝန်ခံမဟုတ်လို့ သိပ်မသိဘူး" ထိုအမျိုးသမီးက လျင်မြန်စွာ လျှောက်လှမ်းရင်း ခေါင်းပင်မလှည့်ဘဲ ပြန်ပြောလိုက်သည်။
"ဒါဆို ဒီတစ်ခေါက်မစ်ရှင်မှာ လူဘယ်နှယောက်လောက် ပါလဲဆိုတာ ခင်ဗျားသိလား" လော်ယွမ်က မိမိကိုယ်ကို လှောင်ပြောင်သည့်အနေဖြင့် ပြုံးလိုက်ပြီး ဆက်လက်၍ မေးလိုက်၏။
"ကျွန်မက ၁(ခ) ဇုန်က ဆင့်ကဲပြောင်းလဲသူတွေကိုပဲ အကြောင်းကြားရတာ... စာရင်းအတိအကျက ကျွန်မဆီမှာ မရှိဘူး" ထိုအမျိုးသမီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဟန်လုပ်ထားသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါနဲ့ ခင်ဗျား..."
"ကျွန်မက သာမန် ဌာနခွဲဝန်ထမ်းတစ်ယောက်ပဲ... ရှင့်မှာ မေးစရာတွေ ရှိနေသေးရင် ပြည်သူ့ရေးရာဌာန... ဆင့်ကဲပြောင်းလဲသူများဆိုင်ရာ ဌာနခွဲက ကျွန်မတို့ ဌာနခွဲမှူးကို သွားမေးလို့ရတယ်" ထိုအမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။ ဆင့်ကဲပြောင်းလဲသူတို့၏ နာမည်ဂုဏ်သတင်းက သိပ်မကောင်းမွန်ဘဲ အကျင့်စရိုက်အမျိုးမျိုး ရှိနေသောကြောင့် ဖြစ်မည်။ စကားအနည်းငယ် ပြောဆိုပြီးသည်နှင့် တစ်ဖက်လူသည် သူ့အား အကြောင်းမရှိအကြောင်းရှာ စကားလာပြောနေသော လူရှုပ်လူပွေတစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ထင်ရှားလှ၏။
သူက မူလက အတွင်းရေးမှူးကျန့်၏ အခြေအနေကို မေးမြန်းလိုသေးသော်လည်း စကားဖြတ်ခြင်း ခံလိုက်ရသည်။ တစ်ဖက်လူ၏ အေးစက်သော သဘောထားကို မြင်သောအခါ လော်ယွမ်သည်လည်း ဆက်လက်မေးမြန်းလိုစိတ် မရှိတော့ချေ။
.........................................................................................................................................................
လော်ယွမ်သည် ကံမကောင်းစွာပင် ပထမဆုံး အကြောင်းကြားခြင်းခံရသူ ဖြစ်ခဲ့၏။ ထို့နောက် သူသည် ဤအမျိုးသမီးနှင့်အတူ ၁(ခ) ဇုန်၌ နေထိုင်သော ဆင့်ကဲပြောင်းလဲသူများကို တစ်ဦးပြီးတစ်ဦး လိုက်လံဆင့်ခေါ်ခဲ့ရသည်။ လူအားလုံးကို အကြောင်းကြားပြီးစီး၍ ကာကွယ်ရေးတပ်မ၏ စခန်းရှိ အတွင်းပိုင်း လေ့ကျင့်ရေးခန်းမသို့ စုဝေးရောက်ရှိသည့်အခါ အချိန်သည် တစ်နာရီပင် ကျော်လွန်သွားခဲ့လေပြီ။
နောက်ထပ် နာရီဝက်ခန့် ဆက်လက်စောင့်ဆိုင်းပြီးမှသာ လူအားလုံး နောက်ဆုံး၌ စုံညီစွာ ရောက်ရှိလာခဲ့ကြသည်။
ကန္တာရမြို့၌ ဤမျှများပြားသော ဆင့်ကဲပြောင်းလဲသူများ ရှိနေသည်ကို သူ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိလိုက်ရခြင်း ဖြစ်၏။ သူ တစ်ချက် ဝေ့ကြည့်လိုက်ရာ အားကောင်းသော တွေးခေါ်နိုင်စွမ်းက သူ့အား ချက်ချင်းပင် အရေအတွက်ကို သိရှိစေခဲ့သည်။
စုစုပေါင်း ခုနစ်ဆယ့်ရှစ်ဦးဖြစ်သည်။
ဤအထဲမှ အများစုမှာ စစ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သားများဖြစ်ကြပြီး သာမန်လူများမှာ သုံးပုံတစ်ပုံပင် မပြည့်ချေ။ ဆင့်ကဲပြောင်းလဲသူ အများစုသည် စစ်တပ်၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီးဖြစ်ကြောင်း ထင်ရှားလှသည်။ ကျန်ရှိသော ဆင့်ကဲပြောင်းလဲသူများမှာမူ... သူ၏ ထက်မြက်သော နားအာရုံသည် ရုတ်တရက် ဆင့်ကဲပြောင်းလဲသူနှစ်ဦး၏ တိုးတိုးပြောဆိုသံကို ကြားလိုက်ရပြီး စစ်ဝတ်စုံမဝတ်ဆင်ထားသူများအားလုံးသည် အရပ်သားများချည်း မဟုတ်ကြောင်း ချက်ချင်းပင် သိရှိလိုက်ရသည်။
"ခေါင်းဆောင်... ဒီတစ်ခါ ဘယ်လိုဖြစ်တာလဲ... ဘာလို့ ငါတို့လို အစိုးရ လုံခြုံရေးဝန်ထမ်းတွေပါ အပြင်ထွက်ရတာလဲ" ဆင့်ကဲပြောင်းလဲသူတစ်ဦးက အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။
"ဒါက အထက်က စီစဉ်တာ... ငါလည်း သေချာမသိဘူး" အခြား ဆင့်ကဲပြောင်းလဲသူတစ်ဦးက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ ငါကြားတာတော့ ဒီကိစ္စကို အမြဲတမ်းကော်မတီက စုပေါင်းအတည်ပြုလိုက်တာတဲ့"
"ဒီလူတွေက တကယ်ကိုမဆင်မချင်လုပ်နေတာပဲ... ငါတို့အားလုံး သွားရမယ်ဆိုရင် အစိုးရဌာနတွေရဲ့ လုံခြုံရေးကို ဘယ်လို အာမခံနိုင်တော့မှာလဲ... ဒီခေတ်ကြီးထဲမှာ စိတ်ဖောက်ပြန်နေတဲ့ ဆင့်ကဲပြောင်းလဲသူတွေ နည်းတာမှမဟုတ်တာ" ထိုဆင့်ကဲပြောင်းလဲသူက မျက်နှာပျက်စွာဖြင့် ပြောလိုက်ပြီး လေသံသည် အနည်းငယ် ပြင်းထန်နေသည်။
"စစ်တပ်က စောင့်နေတာပဲကို... မင်းက ဘာတွေစိတ်ပူနေတာလဲ" ခေါင်းဆောင်ဟု အခေါ်ခံရသော ဆင့်ကဲပြောင်းလဲသူက ခပ်အေးအေးပင် ပြောလိုက်ပြီး လေသံထဲ၌ အနည်းငယ် မထီမဲ့မြင်ပြုဟန် ပါဝင်နေသည်။ ထို့နောက် သူ၏ မျက်နှာသည် တည်ကြည်သွားပြီး ဆက်ပြောသည်။ "ဒါပေမဲ့ ဒီတစ်ခါတော့ သတိထားရမယ်... မတော်တဆဖြစ်သွားရင် အသက်ပါဆုံးရှုံးရနိုင်တယ်... အခု အပြင်မှာ သန္ဓေပြောင်းပိုးကောင်တွေချည်းပဲ... ငါခန့်မှန်းရသလောက်တော့ ဒီတစ်ခေါက်မစ်ရှင်က တစ်ဝက်လောက် ပြန်လာနိုင်ရင်တောင် တော်တော်ကောင်းနေပြီ"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်... ကျွန်တော် သတိထားပါ့မယ်... အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ အဖွဲ့က လူတွေကို စုခေါ်လိုက်မယ်... အချင်းချင်း အပြန်အလှန် ကူညီစောင့်ရှောက်ကြတာပေါ့... ဒါဆို ပိုစိတ်ချရတယ်" ထိုဆင့်ကဲပြောင်းလဲသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အဲ့လိုပဲလုပ်ကြတာပေါ့... ငါ တပ်ခွဲမှူးကြီးဆီ သွားလိုက်ဦးမယ်"
..........................................................................................................................................
မကြာမီမှာပင် ညီညာသော ခြေသံများ အပြင်ဘက်မှ ထွက်ပေါ်လာပြီး အရပ်မြင့်မားသော ဒုတိယဗိုလ်မှူးကြီးတစ်ဦးသည် လက်နက်အပြည့်အဝ တပ်ဆင်ထားသော စစ်သားတစ်စုကို ဦးဆောင်လျက် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့သည်။ သူက အေးစက်စက် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
မူလက ဆူညံနေသော လေ့ကျင့်ရေးခန်းမသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
သူသည် အရပ်အမောင်း မြင့်မားပြီး မျက်နှာထား အေးစက်တည်ကြည်လှသည်။ သပ်ရပ်စွာ ဝတ်ဆင်ထားသော စစ်ဝတ်စုံသည် သူ၏ ကိုယ်ပေါ်၌ မည်သည့်တွန့်ကြေမှု သို့မဟုတ် ဖုန်မှုန့်မျှ မမြင်တွေ့ရဘဲ လော်ယွမ်အား ပထမဆုံးအကြိမ် မြင်တွေ့ရုံမျှဖြင့် အထင်ကြီးလေးစားစိတ် ဖြစ်ပေါ်စေခဲ့သည်။
"ကောင်းတယ်ဟေ့... ဒီမှာ အများစုက စစ်သားတွေပဲ... ကျန်တဲ့ အစိုးရလုံခြုံရေးဌာနက ရဲဘော်တွေနဲ့ အရပ်သား ဆင့်ကဲပြောင်းလဲသူတွေကလည်း အရန်စစ်သားတွေပဲ... ကျွန်တော်က စကားပြောသိပ်မတော်သလို အပိုစကားတွေနဲ့ မဆိုင်တဲ့စကားတွေလည်း မပြောတတ်ဘူး... ဒါပေမဲ့ တစ်ခုတော့ ကျွန်တော်သိထားတယ်... စစ်သားတဦးရဲ့ တာဝန်က အမိန့်နာခံဖို့ပဲ... ကန့်ကွက်ချင်တဲ့သူရှိရင် ရှေ့ထွက်လာခဲ့လို့ရတယ်"
လေ့ကျင့်ရေးခန်းမသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ လော်ယွမ်သည်လည်း လူအုပ်စုနှင့်အတူ အေးစက်စွာဖြင့် ဘေးမှ စောင့်ကြည့်နေလိုက်သည်။
"ဟုတ်ပြီ" သူ၏ မျက်နှာထက်၌ ကျေနပ်မှုများ ပေါ်ထွက်လာသည်။ "ဒီတစ်ခေါက်မစ်ရှင်က အရမ်းအရေးကြီးတယ်... အကျယ်တဝင့် ပြောရရင် နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမသွားဖို့နဲ့ သက်ဆိုင်နေပြီး လူသားမျိုးနွယ် ရှင်သန်ရေးနဲ့ပါ ဆက်စပ်နေတယ်... အပေါ်ရံလောက်ပဲ ပြောရမယ်ဆိုရင်တော့ ကန္တာရမြို့က လူဦးရေ တစ်သိန်းနီးပါး လုံခြုံတဲ့ နောက်တန်းကို ချောမွေ့စွာ ပြောင်းရွှေ့နိုင်ရေးနဲ့ သက်ဆိုင်နေသလို... ခင်ဗျားတို့ရဲ့ ဇနီးမယား... သားသမီးတွေ ဆက်လက်ပြီး တည်ငြိမ်စွာ နေထိုင်နိုင်ရေးနဲ့လည်း သက်ဆိုင်နေတယ်"
"ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေနဲ့ ကိုယ့်ရဲ့အစွမ်းအစကြီးမားလေလေ... တာဝန်ကပိုကြီးလေလေဆိုတာကို ကျွန်တော်အမြဲတမ်း ယုံကြည်ထားတယ်... စုပေါင်းလုပ်ကိုင်လိုစိတ်မရှိတဲ့လူတစ်ယောက်က ဘယ်လောက်ပဲ စွမ်းအားကြီးတဲ့ ဆင့်ကဲပြောင်းလဲသူဖြစ်ပါစေ... ဒီကြမ်းတမ်းတဲ့ ကမ္ဘာပျက်ကပ်ထဲမှာ အချိန်အကြာကြီး ရှင်သန်နိုင်မှာ မဟုတ်ဘူး... သန္ဓေပြောင်းသားရဲတွေရဲ့ မစင်အဖြစ်ရင်ဖြစ် ဒါမှမဟုတ် လေလွင့်သူတွေဖြစ်သွားတဲ့ နိုင်ငံတော်သစ္စာဖောက်တွေက ဒီအချက်ကို ကောင်းကောင်း သက်သေပြနေခဲ့ပြီးသားပဲ"
"ဟုတ်ပြီ... ရှည်ရှည်ဝေးဝေး မပြောတော့ဘူး... ဒီတစ်ခေါက်မစ်ရှင်ကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်မယ်"
"ကဲ... အခု လူတိုင်း လက်နက်ကိရိယာတွေ စစ်ဆေးပြီး ထွက်ခွာဖို့ ပြင်ကြတော့"
ဆက်ရန်...