ခြောက်ကပ်နေသောကန္တာရမြို့
Vol. 14 Ch. 276
ထိုစစ်အရာရှိသည် အလွန်ပြတ်သားသူဖြစ်ပြီး အဖွဲ့သည် လျင်မြန်စွာပင် အပြေးတစ်ပိုင်းဖြင့် ရှေ့သို့တိုးလိုက်သည်။
"ဒီစစ်အရာရှိလည်း ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်လောက်တယ်... မဟုတ်ရင်ဒီလောက်လူတွေကို နာခံအောင် လုပ်နိုင်မှာမဟုတ်ဘူး" သူ၏စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ ဤကဲ့သို့ အရှိန်အဝါကြီးမားပြီး အားကိုးထိုက်သော အဖွဲ့သားတစ်ဦး ရှိနေခြင်းကြောင့် ဤမစ်ရှင်သည် ပိုမိုချောမွေ့သွားလိမ့်မည်ဟု မျှော်လင့်ရသည်။
သူအကြောက်ဆုံးမှာ အသုံးမကျသော အဖွဲ့သားများနှင့် တွေ့ကြုံရမည်ကိုပင်။ ထိုအခါတွင် အကူအညီမရသည့်အပြင် မိမိကိုပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်။ တစ်ဖက်လူမှာ ပြင်းထန်လွန်းသော်လည်း ဤကဲ့သို့ ကိုယ်ထင်ရာပြုမူတတ်သည့် တစ်ကိုယ်ကောင်းဆန်သော ဆင့်ကဲပြောင်းလဲသူအုပ်စုကိုမူ ဤသို့သော ပုဂ္ဂိုလ်မျိုးကသာ နှိပ်ကွပ်အုပ်ချုပ်နိုင်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤမစ်ရှင်သည် အလွန်အန္တရာယ်များပြီး လော်ယွမ်ကိုယ်တိုင်ပင် ဖိအားအလွန်ကြီးမားသည်ဟု ခံစားနေရ၏။ အကယ်၍ ဤသို့သောလူတစ်ဦးသာ မရှိခဲ့ပါက အဖွဲ့သည် ဖရိုဖရဲဖြစ်ကာ ခေါင်းဆောင်မဲ့သွားပေလိမ့်မည်။ ထိုအခါ သူကိုယ်တိုင်လည်း ဤကဲ့သို့ပင် ပြုလုပ်မိမည်မှာ မလွဲဧကန်ပင်။
သို့သော် တစ်ချက်မှာ သူ၌ တရားဝင်ရာထူးအာဏာမရှိသလို နှစ်ချက်မှာ အခြေအနေမကောင်းပါက 'ကြက်ကိုသတ်၍ မျောက်ကိုခြောက်သည့်' နည်းလမ်းကိုသာ အသုံးပြုရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းသည် အကျိုးသက်ရောက်မှု မကောင်းသည့်အပြင် ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများ ကျန်ရစ်စေပြီး အဆုံးမသတ်နိုင်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်၏။
ဟိုက်ဒရောလစ် လေမှုတ်သံနှင့်အတူ ဗုံးခိုကျင်း၏ ထူထဲလှသော သံတံခါးကြီးများမှာ တစ်လွှာပြီးတစ်လွှာ ပွင့်ဟလာပြီး အပြင်ဘက်မှ ဆူညံသံများမှာ လျင်မြန်စွာပင် ပိုမိုရှင်းလင်းလာသည်။ ထို့အပြင် အပြင်ဘက်သံတံခါးကို သန္ဓေပြောင်းသတ္တဝါများက ကုတ်ခြစ်နေသောကြောင့် ဖြစ်ပေါ်လာသည့် နားစူးသွားကြိမ်းဖွယ် စူးရှသောအသံများကိုပင် ကြားနေရ၏။
ဆင့်ကဲပြောင်းလဲသူအချို့၏ နဖူးပြင်တွင် ချွေးစေးများ စတင်စို့ထွက်လာပြီး ခြေလှမ်းများမှာလည်း တဖြည်းဖြည်း တွန့်ဆုတ်လာ၏။ ဂုဏ်သိက္ခာနှင့် အမိန့်တို့ကြောင့်သာ ဆက်လက်၍ ရှေ့တိုးနေကြရခြင်း ဖြစ်သည်။
လမ်းကြား၏ လှေကားထစ်များကို ဖြတ်သန်းလာပြီးနောက်၊ နောက်ဆုံးသံတံခါးကြီး လေးလံနှေးကွေးစွာ ပွင့်ဟလာသည်နှင့်အမျှ စစ်အရာရှိက လက်မြှောက်၍ သတိပေးဟန် ပြုလိုက်ရာ သေနတ်မောင်းတင်သံများမှာ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာ၏။
စစ်တပ်၏ ဆင့်ကဲပြောင်းလဲသူအများစုသည် ရိုင်ဖယ်များကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြပြီး ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ပုံစံတကျ ချိန်ရွယ်လိုက်ကြ၏။
လူတိုင်း၏ အသက်ရှူသံများမှာ သိသိသာသာ လေးလံလာပြီး အချိန်က တစ်စက္ကန့်ချင်း ကုန်ဆုံးသွားသည်။ သံတံခါးပွင့်ဟလာသည်နှင့်အမျှ အပြင်ဘက်မြင်ကွင်းသည် တဖြည်းဖြည်း မျက်စိထဲသို့ ဝင်ရောက်လာ၏။ သို့သော် သံတံခါးကို ကုတ်ခြစ်နေသော သန္ဓေပြောင်းသတ္တဝါမှာမူ မည်သည့်နေရာသို့ ရောက်ရှိသွားမှန်းမသိ ပျောက်ကွယ်နေလေပြီ။
"ဘာမှမရှိပါဘူး... သံတံခါးဖွင့်တဲ့အသံကြောင့် လန့်ပြေးသွားပြီထင်တယ်" ရှေ့ဆုံးမှ လူထွားကြီးတစ်ဦးက သံတံခါးမှ သတိဖြင့်တိုးထွက်လာပြီး ပတ်ဝန်းကျင်ကို လျင်မြန်စွာ တစ်ချက်အကဲခတ်လိုက်သည်။ ထို့နောက် စိတ်အနည်းငယ်ပေါ့ပါးသွားဟန်ဖြင့် အော်ရယ်လိုက်၏။
"အသံတိတ်ကြစမ်း... အားလုံး သတိအနေအထားနဲ့ နေကြ... ကမ္ဘာပျက်ကပ်ကြီးထဲမှာ ရှင်သန်နိုင်တဲ့ သန္ဓေပြောင်းသတ္တဝါတွေက ဒီလောက် မတုံးအဘူး... ကျွန်တော်သံသယရှိတာက..." ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်အရာရှိက အေးစက်စွာ ဆိုလိုက်သည်။
စကားသံပင် မဆုံးသေးမီ ဗန်ကားတစ်စီးအရွယ်အစားရှိပြီး ကြောက်မက်ဖွယ်ရာ ရုပ်သွင်ရှိသော ပိုးကောင်ကြီးတစ်ကောင်သည် ပုန်းကွယ်ရာထောင့်မှ လျင်မြန်စွာ ပျံထွက်လာ၏။ သတ္တုကဲ့သို့ မည်းနက်နေသော ၎င်း၏ရှေ့လက်အင်္ဂါများသည် လျှပ်စီးလက်သကဲ့သို့ ပစ်ထွက်လာပြီး စောစောက ရယ်မောနေသော လူထွားကြီး၏ နဖူးတည့်တည့်သို့ မျက်စိတစ်မှိတ်အတွင်း ထိုးစိုက်ဝင်သွားသည်။ မာကျောလှသော ဦးခေါင်းခွံသည် ဤသတ္တုစပ်သဖွယ်မာကျောသော သန္ဓေပြောင်းသတ္တဝါပိုးကောင်၏ ရှေ့လက်အင်္ဂါအောက်တွင် အနည်းငယ်မျှပင် တားဆီးနိုင်စွမ်းမရှိဘဲ တိုက်ရိုက်ပင် ဖောက်ထွင်းဝင်ရောက်သွားတော့သည်။
ဤကဲ့သို့သော ဒဏ်ရာမျိုးသည် လင်းရှောင်ကျီ၏ အလွန်အစွမ်းထက်သော ကိုယ်တိုင်ကုသနိုင်စွမ်းဖြင့်ပင်လျှင် ကယ်တင်နိုင်မည်မဟုတ်တော့ပေ။ သူသည် မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာပေါ်တွင် စောစောက မပျောက်ကွယ်သေးသော အပြုံးအရိပ်အယောင်များ ထင်ကျန်နေဆဲဖြစ်သည်။ တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ရီလာသည်။ ကံဆိုးလှသော ဤလူထွားကြီးသည် သူ၏ဆင့်ကဲပြောင်းလဲမှုအစွမ်းကိုပင် ထုတ်မသုံးလိုက်ရဘဲ အသက်ပျောက်သွားခဲ့ရချေပြီ။
အမဲလိုက်ရသည်မှာ အလွန်လွယ်ကူသွားသောကြောင့်ဖြစ်မည် ထိုသန္ဓေပြောင်းသတ္တဝါပိုးကောင်သည် သတိကြီးစွာဖြင့် ချက်ချင်းထွက်ခွာမသွားပေ။ ၎င်း၏ အေးစက်ကြောက်မက်ဖွယ်ကောင်းသော ပေါင်းစပ်မျက်လုံးများက ဤသတ္တဝါအုပ်စုကို အထက်စီးမှ အကဲခတ်ကြည့်ရှုနေ၏။ ၎င်း၏ ရိုးရှင်းသော အတွေးအခေါ်အရ ဤသည်မှာ အလွယ်တကူ အမဲလိုက်နိုင်သော အစာအရင်းအမြစ်တစ်ခုဖြစ်ပြီး အစာရှားပါးသော ဤသဲကန္တာရထဲတွင်...
သို့သော် ၎င်း၏အတွေးများသည် သေနတ်သံများကြောင့် လျင်မြန်စွာ ပြတ်တောက်သွား၏။ သန္ဓေပြောင်းသတ္တဝါများအတွက် အထူးဒီဇိုင်းထုတ်ထားသော ၁၅မီလီလီတာ အဖြိုက်အနက်သတ္တု သံချပ်ဖောက်ကျည်ဆန်များနှင့် ပြောင်းဝကျယ်သော ရိုင်ဖယ်အသစ်များသည် တစ်စက္ကန့်လျှင် ပေ၂၈၀၀ ကျော်နှုန်းဖြင့် ပြောင်းဝမှ ပန်းထွက်သွားသည်။ ၎င်းတို့၏ စွမ်းအားမှာ ကမ္ဘာမပျက်မီက ဘားရပ်စနိုက်ပါရိုင်ဖယ်များထက် များစွာ သာလွန်လှ၏။
(ဘားရပ်စနိုက်ပါရိုင်ဖယ် - Barrett anti-material sniper rifle မြေပြင်မှာ ဒေါက်ထောက်ပြီး ပစ်ရတဲ့ အရမ်းပြင်းတဲ့စနိုင်ပါသေနတ်မျိုးဖြစ်ပါတယ်)
ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းသယ်ယူပို့ဆောင်ရေးများ ပြတ်တောက်သွားသဖြင့် ကျန်ရှိနေသော နိုင်ငံများသည် ကျွန်းငယ်လေးများသဖွယ် ဖြစ်သွားခဲ့ကြပြီး နည်းပညာများစွာမှာ နောက်ပြန်ဆုတ်ယုတ်သွားခဲ့သည် သို့မဟုတ် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် အတော်အတန် သိမ်းဆည်းထားသော စစ်ရေးနည်းပညာမှာမူ အခြေခံအားဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့အပြင် ဤနှစ်များအတွင်း ရှင်သန်ရေးဖိအားများကြောင့် အရင်းအမြစ်များကို ဤကဏ္ဍသို့ လုံးဝပုံအောထားခဲ့သည်... သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုလုံးကပင် စစ်ရေးအတွက် အကျိုးဆောင်ပေးနေသည်ဟု ဆိုနိုင်သည်။ ဤသည်က စစ်ရေးနည်းပညာကို ခုန်ပျံကျော်လွှား တိုးတက်စေခဲ့သည်။
ပိုမိုအားကောင်းသော ယမ်းများနှင့် ပိုမိုကောင်းမွန်သော သတ္တုစပ်များ၊ ထို့အပြင် ကမ္ဘာပျက်ကပ်ကြီးမှ ရှင်သန်ကျန်ရစ်သူများ၏ အားကောင်းသော ကိုယ်ခန္ဓာကြံ့ခိုင်မှုတို့ဖြင့် ရန်သူသည် လူအချင်းချင်းမှ သန္ဓေပြောင်းသတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားသောအခါ အဖျက်စွမ်းအားကြီးနိုင်သမျှ ကြီးအောင် အခြေခံ၍ ဖန်တီးထားသော ကြောက်မက်ဖွယ် အားကောင်းသည့် လက်နက်ဆန်းများ ပေါ်ထွက်လာတော့သည်။ ဤရိုင်ဖယ်အသစ်သည် ထိုအထဲမှ တစ်ခုပင်ဖြစ်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် ပိုးကောင်၏ မာကျောလှသော အခွံမာကြီးသည် ချက်ချင်းပင် ကြေမွသွား၏။ ဒဏ်ရာတစ်ခုစီတိုင်းမှာ ၇လက်မ၊ ၈လက်မခန့် ကျယ်ဝန်းပြီး ဝမ်းဗိုက်ကဲ့သို့ ပျော့ညံ့သောနေရာများမှာ တိုက်ရိုက်ပင် ပေါက်ထွက်သွားသည်။
သန္ဓေပြောင်းသတ္တဝါပိုးကောင်သည် စူးရှစွာ အော်မြည်လိုက်ပြီး မကြာမီမှာပင် တုန်ရီလျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
.......................................................................................................................................
စောစောကပင် ရယ်မောနေသောလူသည် မျက်စိတစ်မှိတ်အတွင်း အသက်ပျောက်သွားခဲ့ရာ ဤမစ်ရှင်၏ သေဆုံးနှုန်းမြင့်မားမှုကို ကြိုတင်တွက်ဆထားပြီးဖြစ်သော်လည်း ယခုအချိန်တွင်မူ အေးစက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
လော်ယွမ်၏ မျက်နှာမှာ တည်ငြိမ်တိတ်ဆိတ်သွားပြီး သူ၏လက်က ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိ၏။ ဤပိုးကောင်၏ အစွမ်းမှာ သိပ်မကြီးမားလှဘဲ အများဆုံး အပြာရင့်ရောင်အဆင့်သာ ရှိပြီး သူ၏လက်တစ်ဖက်တည်းဖြင့်ပင် အလွယ်တကူ သုတ်သင်နိုင်၏။ သို့သော် သူသည် လူအုပ်ကြားထဲတွင် ရှိနေပြီး ရှေ့နောက်ဝဲယာတွင် လူများဖြင့် ပြည့်နှက်နေသဖြင့် ပိုးကောင် ပေါ်လာသည့် တဒင်္ဂအတွင်း အန္တရာယ်ကို ကြိုတင်သတိပြုမိခဲ့သော်လည်း ကယ်တင်ရန်မှာမူ အချိန်မမီတော့ပေ။
"ကျွန်တော် အခုတစ်ခေါက်ထပ်ပြီး အလေးအနက်ပြောမယ်... လမ်းမှာ စကားစမြည်ပြောတာတို့ ဆူညံတာတို့ လုံးဝရှောင်ရမယ်... ဟုတ်ပြီအခု... ဆက်သွားကြရအောင်" ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်အရာရှိက အသံကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် စစ်သားနှစ်ဦးကို ခေါ်ယူကာ တုန်ရီနေဆဲဖြစ်သော အလောင်းကို လမ်းဘေးသို့ မထုတ်ထားလိုက်သည်။
လူအများမှာ ကမ္ဘာပျက်ကပ်ကြီး၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အသားကျနေကြပြီဖြစ်ရာ အလောင်းကို စီမံပုံအပေါ် မည်သို့မျှ ဂရုမစိုက်ကြဘဲ မျက်နှာများသာ ပို၍ လေးလံဖိစီးသွားကြသည်။
ယခုအချိန်သည် နေ့လယ် တစ်နာရီ၊ နှစ်နာရီဖြစ်ပြီး တစ်နေ့တာ၏ အပူဆုံးအချိန်ဖြစ်သည်။ မူလက ကန္တာရမြို့၏ ကောင်းကင်ယံတွင် ပျံ့နှံ့နေသော မြူခိုးသဖွယ်ဖြစ်သည့် မီးခိုးမြူများမှာ ယခုအခါ လွင့်ပြယ်သွားခဲ့ပြီဖြစ်ပြီး ဤနေရာသည် မကြာမီ တောရိုင်းနယ်မြေအဖြစ်သို့ ပြန်လည်ရောက်ရှိတော့မည်ကို အရိပ်အမြွက်ပြနေသကဲ့သို့ပင်။
လော်ယွမ်သည် ဤကပ်ဘေးကြီးကြုံခဲ့ရသော မြို့တော်ကို ခြောက်ကပ်သော အမူအရာဖြင့် အကဲခတ်ကြည့်ရှုနေမိ၏။ ဤတိတ်ဆိတ်ငြိမ်သက်ပြီး သာယာလှပသော နယ်စပ်မြို့လေးသည် ယခုအခါ အသက်မဲ့သော အငွေ့အသက်များ လွှမ်းခြုံကာ အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
ကမ္ဘာပျက်ပြီးနောက် အဆောက်အအုံအများစုမှာ သစ်သားဖြင့် ဆောက်လုပ်ထားသည်။ သန္ဓေပြောင်းသတ္တဝါပိုးကောင်များ၏ မွေးရာပါဗီဇကို ပြောင်းလဲရန် ခက်ခဲသောကြောင့်လော၊ သို့မဟုတ် နေ့ရောညပါ အဆက်မပြတ် နေရာရွှေ့ပြောင်းလာရသဖြင့် ဆာလောင်မွတ်သိပ်မှုကြောင့်လောမသိ မည်သည့်အရာကိုမဆို စားသုံးရန် ဝန်မလေးကြတော့ပေ။
သူ၏အမြင်အာရုံထဲတွင် ကန္တာရမြို့တစ်မြို့လုံးသည် အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အဆင့်မြင့် ကွန်ကရစ်နှင့် သံမဏိတို့ဖြင့် တည်ဆောက်ထားသော အရေးကြီးသည့် အဆောက်အအုံ အနည်းငယ်သာလျှင် ကြိုးစားရပ်တည်နေနိုင်သေးသည်။
လေထုထဲမှ ယမ်းငွေ့နံ့များမှာ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ ယခုအခါ ကြီးမားသော ပိုးကောင်အုပ်ကြီး ဖြတ်သန်းသွားခဲ့ပြီဖြစ်ပြီး ကန္တာရမြို့တွင် ကျန်ရှိနေသော သန္ဓေပြောင်းသတ္တဝါပိုးကောင်များမှာ အနည်းငယ်မျှသာ ဖြစ်သည်။ ထို့အပြင် အတော်များများမှာ ဒဏ်ရာရရှိထားပြီး အုပ်စုကြီး၏ စွန့်ပစ်ခြင်းကို ခံထားရသူများ ဖြစ်ကြသည်။
အချို့ ဒဏ်ရာပြင်းထန်သော ပိုးကောင်များမှာမူ သေဆုံးသွားကြပြီး အခြားသန္ဓေပြောင်းသတ္တဝါပိုးကောင်များ၏ ခွဲဝေစားသောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်မည်။ လမ်းတစ်လျှောက်လုံးတွင် ဤကြီးမားသော အလောင်းများ၏ အခွံမာအကြွင်းအကျန်များကို နေရာအနှံ့ တွေ့မြင်နိုင်ပြီး မီးခိုးငွေ့တန်းများသဖွယ် ပျံဝဲနေသော ယင်ကောင်နှင့် ခြင်များ၏ လွှမ်းခြုံခြင်းကို ခံထားရရာ သရဲတစ္ဆေနယ်မြေတစ်ခုအလားပင်တည်း။
သို့သော် ဤသို့ဖြစ်နေစေကာမူ ကန္တာရမြို့သည် အလွန်အန္တရာယ်များနေဆဲပင်။
တိရစ္ဆာန်လောကတွင် အစာဝနေသော ခြင်္သေ့တစ်ကောင်သည် မြင်းကျားများကို သူ၏ပိုင်နက်ထဲတွင် လှည့်လည်သွားလာခွင့် ပြုထားနိုင်၏။ ခွေးအများ၏ အစာလုယူမှု၊ စိန်ခေါ်မှုများကိုပင် လျစ်လျူရှုထားနိုင်၏။ သို့သော် ဆာလောင်မွတ်သိပ်နေသော ခြင်္သေ့တစ်ကောင်မှာမူ သူ၏အမြင်အာရုံထဲမှ မည်သည့်သက်ရှိသတ္တဝါကိုမျှ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ အကယ်၍ ထိုခြင်္သေ့သည် ဒဏ်ရာရရှိထားပါက သူ၏တိုက်ခိုက်နိုင်စွမ်း ကျဆင်းသွားနိုင်သော်လည်း သူ၏တိုက်ခိုက်လိုစိတ်မှာမူ အပြင်းထန်ဆုံးဖြစ်နေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့မှအစာကို လက်လွှတ်လိုက်ရပါက သူ၏အတွက် သေခြင်းတရားသာ ရှိတော့သောကြောင့် ဖြစ်၏။
ဗုံးခိုကျင်းမှ ထွက်လာပြီး မကြာမီမှာပင် လူအုပ်စုသည် တစ်ကောင်ပြီးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံနေရသည်။ ခြေလက်အင်္ဂါများ မပြည့်စုံသော သန္ဓေပြောင်းသတ္တဝါပိုးကောင်များသည် အသိဉာဏ် လုံးဝကင်းလွတ်နေသကဲ့သို့ပင်။ လော်ယွမ်သည် အမြီးပိုင်းတစ်ခုလုံး ပြတ်တောက်နေပြီး ရောင်စုံကလီစာတစ်ဝက်ကို ဒရွတ်တိုက်ဆွဲယူကာ ဤဘက်သို့ ရုန်းကန်ပြေးလွှားလာသော ပိုးကောင်တစ်ကောင်ကိုပင် တွေ့လိုက်ရ၏။
သို့သော် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော ဆင့်ကဲပြောင်းလဲသူများအတွက် ကြီးမားသော ဒုက္ခမဖြစ်စေခဲ့ပေ။
ဤအချိန်ကျမှသာ လော်ယွမ်သည် ဤဆင့်ကဲပြောင်းလဲသူများကို အထင်သေးလွန်းခဲ့မိကြောင်း သတိပြုမိလိုက်သည်။ ဆင့်ကဲပြောင်းလဲသူအများစု၏ အစွမ်းမှာ သိပ်မကြီးမားလှဘဲ အဆင့်နှစ်၊ အဆင့်သုံးမှာ အဓိကဖြစ်နေပြီး အများစုမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။ အချို့မှာ ခွန်အားအလွန်ကြီးမားပြီး အချို့မှာ လှုပ်ရှားမှု လျင်မြန်ဖျတ်လတ်ကာ အချို့မှာမူ သီးခြားကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆင့်ကဲပြောင်းလဲနေကြသည်။ လော်ယွမ်သည် မျက်လုံးသုံးလုံးရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးနှင့် မျက်နှာနှစ်ဖက်၊ လက်လေးဖက်ရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးကိုပင် တွေ့လိုက်ရရာ သူ၏အမြင်အာရုံမှာ အံ့ဩဖွယ်ရာ ကျယ်ပြန့်သွားခဲ့ရသည်။
ဤစနစ်အတွင်းမှ သာမန်ဆင့်ကဲပြောင်းလဲသူများသည် စွမ်းရည်အမျိုးမျိုး ကွဲပြားနေသော်လည်း၊ သူ၏အမြင်တွင်မူ တကယ့်အစွမ်းမှာ ပြောပလောက်ခြင်းမရှိပေ။ သို့သော် သာမန်လူထက် သာလွန်သော ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် လက်ထဲမှ အားပြင်းသော လက်နက်များ ပေါင်းစပ်လိုက်သောအခါ ဤအားနည်းချက်ကို လုံးဝ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
သို့ရာတွင် လော်ယွမ်ကိုပင် အထူးတလည် အာရုံစိုက်မိစေသော ဆင့်ကဲပြောင်းလဲသူ အချို့လည်း ရှိနေ၏။
ထိုသူများထဲမှ ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် သတ္တုကို ထိန်းချုပ်နိုင်စွမ်းရှိဟန်တူ၏။ အပျက်အစီးများ ပတ်လည်မှ သံချောင်းများသည် ရေစီးကြောင်းများကဲ့သို့ လှုပ်ရှားစီးဆင်းသွားပြီး ကြီးမားသော သန္ဓေပြောင်းသတ္တဝါပိုးကောင်တစ်ကောင် သူ၏ရှေ့ ပေ၆၀အတွင်းသို့ ဝင်ရောက်လာသည်နှင့် ရုတ်တရက် ထိုးထွက်လာသော သတ္တုဆူးချွန်များ၏ ထိုးနှက်ခြင်းကိုခံရပြီး ဇကာပေါက်သဖွယ် ဖြစ်သွားတော့သည်။ တိုက်ခိုက်မှု ပြီးဆုံးသွားသောအခါ ထိုသတ္တုဆူးချွန်များသည် အရည်ပြန်ပျော်သွားပြီး သူ့ထံသို့ ပြန်လည်စီးဝင်ကာ သူ၏ခြေဖမိုးမှတစ်ဆင့် ပျံ့နှံ့တက်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ငွေဖြူရောင် တစ်ကိုယ်လုံးဖုံးသည့် သံချပ်ကာအဖြစ်သို့ ပြောင်းလဲသွား၏။
နောက်ထပ်ဆင့်ကဲပြောင်းလဲသူတစ်ဦးမှာမူ အစွမ်းကို ထုတ်လွှတ်လိုက်သည့်အခါ ပတ်ပတ်လည် ၁၂ပေအတွင်းမှ လေထုသည် ရေနွေးဆူပွက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွား၏။ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ လွင့်တက်လာပြီးနောက် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရာ စွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လော်ယွမ်ပင်လျှင် အကြိမ်အနည်းငယ် ထပ်မံကြည့်ရှုမိသည်။ ဤကဲ့သို့ စက်ကွင်းစွမ်းအားနှင့် ဆင်တူသော အစွမ်းမျိုးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ ကံမကောင်းစွာဖြင့် မည်သည့်သန္ဓေပြောင်းသတ္တဝါပိုးကောင်ကမျှ ထိုအစွမ်းကို မိုက်မိုက်မဲမဲ ဝင်ရောက်စမ်းသပ်ခြင်းမရှိရာ ၎င်းကမည်မျှစွမ်းကြောင်းကိုမူ မသိရှိလိုက်ရပေ။ သို့သော် အနီးအနားမှ ကျောက်တုံးများ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူကိုယ်တိုင်ပင်လျှင် ကာကွယ်မှုမရှိဘဲ ဤစက်ကွင်းထဲသို့ ဝင်ရောက်သွားပါက လျင်မြန်စွာ ပြာမှုန်ဖြစ်သွားလိမ့်မည်ဟု လော်ယွမ် ယုံကြည်မိသည်။
ကလေးငယ်တစ်ဦး သေနတ်ကိုင်ထားသကဲ့သို့ပင် သေနတ်ကစွမ်းအားကြီးသော်လည်း ၎င်းကိုမသုံးတတ်ပါက အချည်းအနှီးပင်။ အကယ်၍ သူ၏အစွမ်းမှာ ဤမျှသာဖြစ်ပါက မိမိ၏ စိတ်စွမ်းအားကာကွယ်မှုဖြင့် ခေတ္တခဏမျှသာ တောင့်ခံနိုင်လျှင်ပင် သူ့ကို ချက်ချင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။
သို့သော် လော်ယွမ် အာရုံအစိုက်ဆုံးဖြစ်သော ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်အရာရှိမှာမူ မည်သို့မျှ လှုပ်ရှားခြင်းမရှိသဖြင့် သူ့ကို အနည်းငယ် စိတ်ပျက်သွားစေသည်။
ဆက်ရန်...