လူ့ဘီလူးကြီး
Vol. 14 Ch. 277
ဤသို့သော ပြင်းထန်မှုမရှိလှသည့် တိုက်ပွဲငယ်များက လော်ယွမ်၏ စိတ်ဝင်စားမှုကို လုံးဝမဆွဲဆောင်နိုင်ခဲ့ပေ။ သူ၏အာရုံမှာ ထူးထွေဆန်းပြားလှသော ဆင့်ကဲပြောင်းလဲစွမ်းရည်များဆီသို့သာ လုံးလုံးရောက်ရှိနေခဲ့၏။ ထို့ကြောင့် သူသည် အဖွဲ့၏နောက်ဆုံးသို့ မသိလိုက်မသိဘာသာပင် ကျန်ရစ်နေခဲ့တော့သည်။
အမည်းရောင် သန္ဓေပြောင်းပိုးကောင်တစ်ကောင်သည် အခွင့်ကောင်းရပြီဟု ထင်မှတ်သွားဟန်တူပြီး လော်ယွမ်ရှိရာဘက်သို့ အလျင်အမြန် ပျံသန်းထိုးဆင်းလာရာ လူအုပ်မှာ ကစဉ့်ကလျား ရှောင်တိမ်းကြသည်။ ထိုအထဲမှ ဆင့်ကဲပြောင်းလဲသူ အမျိုးသမီးတစ်ဦးက သူ့ကို ဆွဲခေါ်ရန် ကြိုးစားလိုက်သော်လည်း လော်ယွမ်၏ ခန္ဓာကိုယ်က ပင်ကိုအသိစိတ်အရ အနည်းငယ်တိမ်းရှောင်လိုက်သဖြင့် သူမ၏လက်မှာ လေထဲတွင်သာ လွဲချော်သွားခဲ့သည်။ ထိုသို့ဖြစ်သွားမှုကြောင့် သူမကိုယ်တိုင်ပင် ဟန်ချက်ပျက်ကာ ယိုင်နဲ့သွားပြီး ရှောင်တိမ်းရန် အချိန်မရတော့ပေ။ ဤမြင်ကွင်းကို သတိပြုမိလိုက်သူများမှာ ထိုအမျိုးသမီးအတွက် စိတ်မကောင်းဖြစ်ကာ သက်ပြင်းတိတ်တိတ် ချလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေပြင်းများ မျက်နှာကိုလာရိုက်ခတ်၏။ သို့သော် ထင်မှတ်မထားသည်မှာ ထိုအမည်းရောင် သန္ဓေပြောင်းပိုးကောင်ကြီးသည် သက်မဲ့အရာတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် ထိုးကျသွားခြင်းပင်။ မြေပြင်မှာ ချိုင့်ခွက်ငယ်တစ်ခုဖြစ်သွားပြီး ပိုးကောင်ကြီးမှာ အကြိမ်အနည်းငယ် တဆတ်ဆတ်တုန်သွားပြီးနောက် လုံးဝငြိမ်သက်သွားတော့သည်။
စောစောက စိတ်လွတ်နေသော ထိုအမျိုးသားနှင့် သူ့ကိုကယ်တင်ရန်ကြိုးစားသော ဆင့်ကဲပြောင်းလဲသူအမျိုးသမီးတို့မှာမူ သန္ဓေပြောင်းပိုးကောင်နှင့် ၁ပေခွဲခန့်အကွာ၊ ခြေတစ်လှမ်းစာမျှသာ ကွာဝေးသောနေရာတွင် ရပ်နေခဲ့ကြ၏။ သူတို့နှစ်ဦးမှာ ထိုနေရာတွင် အစကတည်းက ရပ်နေခဲ့ကြသည့်အလားပင်။ သူတို့က မိမိတို့ ကံကောင်းသွားပြီး ဒဏ်ရာအပြင်းအထန်ရကာ သေခါနီးဖြစ်နေသော ပိုးကောင်တစ်ကောင်နှင့် တိုက်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟုသာ ထင်မှတ်လိုက်ကြသည်။
တစ်စက္ကန့်ခန့်ကြာမှသာ ထိုအမည်းရောင်ပိုးကောင်၏ ဦးခေါင်းတစ်ခြမ်းမှာ ခန္ဓာကိုယ်ပေါ်မှ ဖြည်းညင်းစွာ လျှောကျသွားခဲ့သည်။ ကံမကောင်းသည်မှာ လူအုပ်မှာ အဝေးသို့ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဤမြင်ကွင်းကို မည်သူမျှ သတိမပြုမိလိုက်ခြင်းပင်။
"ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်… ကိုယ်ကလုံလောက်တဲ့ အစွမ်းမရှိပဲ သူရဲကောင်းမလုပ်နဲ့… ဘယ်အချိန်သေမယ်မှန်းမသိ ဖြစ်သွားလိမ့်မယ်" လော်ယွမ်က ထိုအမျိုးသမီးကိုဆွဲကာ အဖွဲ့၏တစ်ဖက်ခြမ်းသို့ ခေါ်သွားပြီး လေးနက်သောအသံဖြင့် "ဒါပေမဲ့... ကျေးဇူးပါ" ဟု ဆိုလိုက်သည်။
ဤသို့သော ကလေးကစားစရာအဆင့်သာရှိသည့် တိုက်ပွဲများက သူ့ကို စိတ်မပါဝင်စားစေသော်လည်း၊ မည်သည့်သက်ရှိမဆို သူ၏အာရုံခံနိုင်စွမ်းကို လှည့်စားကာ ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားခြင်းမှာမူ အိပ်မက်မက်နေခြင်းပင် ဖြစ်၏။ အာရုံခံနိုင်စွမ်းဟူသည် လှုပ်ရှားနေသော အရာဝတ္ထုများအပေါ်တွင် အာရုံအခံနိုင်ဆုံး ဖြစ်သည်။
ဝမ်ယွိကျဲ တစ်ချက်ကြောင်သွားပြီး အနေရခက်စွာဖြင့် "ကျွန်မ ရှင့်ကို မကူညီနိုင်ခဲ့ပါဘူး… ရှင့်ကြောင့်သာ ကျွန်မ အသက်ရှင်ခဲ့ရတာပါ" ဟု ပြန်ပြောလိုက်သည်။
သူမ၏ကိုယ်လုံးကိုယ်ထည်မှာ သေးသွယ်ပြီး လေတိုက်လျှင်ပင် လဲကျသွားမည့်အလား ပိန်လှီနေ၏။ စောစောက ပိုးကောင်ကြီးထံမှ ရှောင်တိမ်းရန် သူမကိုဆွဲခေါ်စဉ်က အလေးချိန်ကိုပင် သတိမထားမိလိုက်ပေ။ မထင်မရှားသော ရင်သားအစုံနှင့် ပြားချပ်သော ကိုယ်လုံးကိုယ်ပေါက်တို့က သူမကို မဖွံ့ဖြိုးသေးသော မိန်းကလေးတစ်ဦးကဲ့သို့ ထင်မှတ်စေသည်။
လော်ယွမ်က ချက်ချင်းပင် လှောင်ပြောင်သည့်လေသံဖြင့် "ကိုယ့်ကိုယ်ကိုသိရင်ပြီးတာပဲ… ကမ္ဘာပျက်ကပ်ကြီးဖြစ်တာ ဒီလောက်ကြာနေပြီ… ခင်ဗျားလိုလူမျိုး ရှိနေသေးလိမ့်မယ်လို့ မထင်ထားဘူး… ကိုယ့်အသက်ကိုစွန့်ပြီး သူများကိုကယ်တာ… ဘယ်လောက်သူရဲကောင်းဆန်လိုက်လဲ… ကမ္ဘာမပျက်ခင်ကတောင် ဒါမျိုးကရှားပါးတဲ့အမျိုးအစားပဲ" ဟု ဆိုလိုက်သည်။
ဝမ်ယွိကျဲသည် မည်မျှပင် တုံးအသည်ဖြစ်စေ ထိုစကားများထဲမှ လှောင်ပြောင်သရော်မှုကို နားလည်လိုက်၏။ သူမ၏မျက်နှာမှာ နီရဲတက်လာပြီး ဒေါသတကြီးဖြင့် "ရှင်ဘယ်လောက်ပဲ အစွမ်းထက်ထက်… ကျွန်မကိုလှောင်ပြောင်ခွင့်မရှိဘူး… လူတိုင်းကသာ ရှင့်လို သွေးအေးနေကြမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ဘာမျှော်လင့်ချက်မှ ရှိတော့မှာမဟုတ်ဘူး… လူသားမျိုးနွယ်လည်း မျိုးသုဉ်းသွားလိမ့်မယ်" ဟု ပြန်ပြောလိုက်သည်။
လော်ယွမ်သည် ထိုစကားကိုကြားသောအခါ တစ်ချက်ကြောင်သွားပြီး သူမကို အကဲခတ်သလို ကြည့်လိုက်မိသည် "ဟုတ်ပြီလေ… ခင်ဗျားရဲ့ အတွေးအခေါ်က မြင့်မြတ်တယ်ပဲထားပါတော့… ဒါပေမဲ့ ဒီကျေးဇူးကိုတော့ ကျွန်တော်လက်ခံလိုက်မယ်… ခဏနေရင် ကျွန်တော့်နောက်မှာပဲနေ… ကျွန်တော်လည်း ခင်ဗျားအသက်ကို တစ်ခါပြန်ကယ်ပေးမယ်"
"ဘယ်သူက ရှင့်ကိုအထင်ကြီးနေလို့လဲ" ဝမ်ယွိကျဲက နှုတ်ခမ်းစူရင်း ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ တိတ်တိတ်လေး ဝမ်းသာနေမိသည်။ စောစောက သူ၏အစွမ်းကို သူမ မြင်တွေ့လိုက်ရပြီး သူမ၏ခန္ဓာကိုယ်မှာ ကြီးမားသောစွမ်းအားတစ်ခု၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ သို့သော် ဤသို့ဖြစ်လေလေ ထိုသူ၏အစွမ်းမှာ ပို၍ နက်နဲပြီး ခန့်မှန်းရခက်လေပင် ဖြစ်သည်။
စကားပြောနေသည့် ကြားမှာပင် နောက်ထပ်သန္ဓေပြောင်းပိုးကောင်တစ်ကောင်ကို လော်ယွမ်က ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်လိုက်ပြန်၏။ ဤတစ်ကြိမ်တွင် ဝမ်ယွိကျဲသည် မျက်လုံးကို အစွမ်းကုန်ဖွင့်ကြည့်လိုက်မှသာ မှိန်ပျပျအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ အသေးစိတ်ကိုမူ သူမ လုံးဝမမြင်နိုင်ခဲ့ပေ။ သူ၏လက်များ လှုပ်ရှားသွားသည်လား၊ ဓားကိုအသုံးပြုလိုက်သည်လား သို့မဟုတ် အခြားမည်သည့်အရာကို အသုံးပြုလိုက်သည်ကိုပင် သူမ မသိလိုက်။ သူမသည် မည်သို့ပင်ဖြစ်စေ ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ပြီး မျက်စိအမြင်မှာ သာမန်လူများထက် များစွာသာလွန်သည့်တိုင်အောင် သူမသည် ဝေဝေဝါးဝါးသာ မြင်ခဲ့ရလျှင် သာမန်လူများအဖို့ ဆိုဖွယ်ရာမရှိတော့ပြီ။
ဝမ်ယွိကျဲသည် သူ့ကို မကြာခဏ ခိုးကြည့်နေမိသည်။ နောက်ဆုံးတွင် စိတ်ထဲမှ စပ်စုစိတ်ကို မထိန်းနိုင်တော့ဘဲ ရုတ်တရက် "ဟေး… ရှင့်အစွမ်းက ဒီလောက်တောင်ကြီးတာ… ကျွန်မ ဘာလို့ ရှင့်အကြောင်း တစ်ခါမှမကြားဖူးရတာလဲ" ဟု မေးလိုက်သည်။
လော်ယွမ်က ထိုစကားကိုကြားသောအခါ နောက်ပြောင်လိုသောလေသံဖြင့် "ကျွန်တော့်နာမည်က 'ဟေး' မဟုတ်ဘူး… ပြီးတော့ နာမည်တောင်မပြောရသေးဘဲနဲ့ ခင်ဗျားကကျွန်တော့်အကြောင်း မကြားဖူးဘူးလို့ ဘယ်လိုလုပ်သိတာလဲ" ဟု ပြန်မေးလိုက်သည်။
"ဒါဆို ရှင့်နာမည်က ဘယ်သူလဲ" ဝမ်ယွိကျဲက မေးလိုက်သည် "ဒါပေမဲ့ သေချာတာကတော့ နာမည်ကြီးမဟုတ်နိုင်ဘူး… ကမ္ဘာမပျက်ခင်က ကျွန်မအိမ်က ဒီအနားမှာပဲ… ကျွန်မက ဒီနေရာရဲ့ ပထမဆုံး ဒေသခံတွေထဲက တစ်ယောက်ပဲ… ကြွားတာတော့မဟုတ်ဘူး… ကန္တာရမြို့ရဲ့ လူတစ်သိန်းနီးပါးလုံးကို သိတယ်လို့တော့ မပြောရဲပေမယ့်… နာမည်ကြီးတဲ့ ဆင့်ကဲပြောင်းလဲသူအများစုကိုတော့ ကျွန်မ တွေ့ဖူးတယ်" ဝမ်ယွိကျဲက နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားက ဒေသခံတစ်ယောက် ဖြစ်နေတာကိုး" လော်ယွမ်က အနည်းငယ်အံ့ဩစွာဆိုသည် သူမ၏မျက်နှာက အနောက်ပိုင်းသားရုပ်ပေါက်နေခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ သူမ၏ကံက အလွန်ကောင်းလွန်းသည်ဟု ဆိုရပေမည်။ တကယ်တော့ သူ့လိုသေဘေးကို အကြိမ်ကြိမ်ကျော်ဖြတ်ပြီး ဤနေရာသို့ရောက်လာနိုင်သည့် သူများကို ကံကောင်းသည်ဟုပြော၍ရသည်။ အဘယ်ကြောင့်ဆိုသော် အများစုမှာ ဤနေရာသို့ပင် မရောက်နိုင်ဘဲ လမ်းမှာပင်အသက်စွန့်လိုက်ရသောကြောင့်ဖြစ်သည်။ သို့သော် သူမကဲ့သို့ ပြန်လည်တည်ထောင်ရေးဇုန်၏ ဒေသခံဖြစ်နေခြင်းက တော်ရုံကံကောင်းတာထက်ပင် ကျော်လွန်နေသည်။ ဤနေရာတွင် မွေးဖွားလာရခြင်းသည်ကပင် သူမ၏ ကျွမ်းကျင်မှုတခုဖြစ်နိုင်ပေသည်။
"အစ်ကိုကြီး… ရှင် နာမည်ဘယ်လိုခေါ်လဲဆိုတာ မပြောသေးဘူးလေ"
"အချိန်တန်ရင် သိမှာပေါ့… အခုလောလောဆယ် အသံမထွက်နဲ့ဦး" လော်ယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ရေကဲ့သို့ အေးစက်တည်ငြိမ်သွား၏။ ဝမ်ယွိကျဲသည် ထိုအမူအရာကိုမြင်သောအခါ ချက်ချင်းပါးစပ်ပိတ်လိုက်ပြီး သူနှင့်အတူ မော့ကြည့်လိုက်ရာ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူဖျော့သွားတော့သည်။
အခြေအနေမှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့၏။ မည်သည့်အချိန်ကတည်းကပင်မသိ အပေါ်မှအလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့လာခဲ့ပြီး သန္ဓေပြောင်းပိုးကောင်များ၏ တောင်ပံခတ်သံများမှာ ရဟတ်ယာဉ် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ တစ်ချိန်တည်းတွင် မြည်ဟည်းနေသကဲ့သို့ ကောင်းကင်တစ်ခွင်လုံး ပျံ့နှံ့နေ၏။ သေခါနီး ပိုးကောင်များ၏ ကြောက်မက်ဖွယ်အော်ဟစ်သံများနှင့်အတူ ကန္တာရမြို့တစ်ဝက်ခန့်မှ သန္ဓေပြောင်းပိုးကောင်များမှာ ဤနေရာသို့ ဆွဲဆောင်ခေါ်ယူလာသကဲ့သို့ စုပြုံရောက်ရှိလာကြသည်။
မကြာမီမှာပင် သန္ဓေပြောင်းပိုးကောင်များမှာ မိုးသီးမိုးပေါက်များနှယ် ကျဆင်းလာပြီး သေနတ်ကျည်ဆန်များ၏ ပစ်ခတ်တားဆီးမှုကိုပင် ထိုးဖောက်ကာ လူအုပ်ထဲသို့ တိုးဝင်လာကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် လူများမှာ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရ သေဆုံးလာခဲ့သည်။
လော်ယွမ်လည်း အလေးအနက်ထားလာရတော့သည်။ သူ၏လက်ထဲမှ ကျန်းမာတောက်ဓားသည် လေထဲတွင် အေးစက်သောဓားအလင်းတန်းများအဖြစ် မကြာခဏ ဖြတ်ပြေးသွား၏။ သူ၏ကိုယ်ပတ်လည် ၁၅ပေအတွင်း ပေါ်လာသမျှသော သန္ဓေပြောင်းပိုးကောင်တိုင်းမှာ ချက်ချင်းပင် သတ်ဖြတ်ခံရပြီး နှစ်ပိုင်းပြတ်သွားရာ ပတ်ဝန်းကျင်မှလူများမှာ မကြာခဏ လှည့်ကြည့်လာကြသည်။
သို့သော် နေရာအနှံ့အပြားကိုမူ သူ မကြည့်ရှုနိုင်ခဲ့သဖြင့် သေဆုံးသူဦးရေမှာ တဖြည်းဖြည်း များပြားလာခဲ့သည်။
ထိုအချိန်တွင် ထိုဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်အရာရှိမှာ နောက်ဆုံးတွင် လှုပ်ရှားလာခဲ့၏။ သူသည် စစ်ယူနီဖောင်းကို လျင်မြန်စွာချွတ်လိုက်ပြီး ရှပ်အင်္ကျီကို ဆွဲဖြဲကာ ဘေးတွင် ခေါက်တင်ထားလိုက်သည်။
ထို့နောက် သူက ကောင်းကင်သို့ မော့ကြည့်ကာ အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ရုတ်တရက် ဟိန်းဟောက်လိုက်ရာ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှ၏။ သူ၏တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ချက်ချင်းပင် လိမ်ယှက်နေသော သစ်မြစ်များကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး တင်းမာလာသည်။ မည်းနက်သောသွေးကြောများမှာ လျင်မြန်စွာထူထဲလာပြီး အရေပြားအောက်တွင် ဧရာမတီကောင်ကြီးများသဖွယ် လှုပ်ရှားသွားလာနေသည်ကို တစ်ကြောပြီးတစ်ကြော မြင်တွေ့နေရ၏။ ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ ဖိနှိပ်ချုပ်ချယ်ထားသော အငွေ့အသက် တစ်ခု လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ဝမ်ယွိကျဲက "အမြန်ရှောင်ကြ… သူ ပုံစံပြောင်းတော့မယ်" ဟု ထိတ်လန့်တကြား အော်လိုက်သည်။
ထိုသို့ပြောပြီး လော်ယွမ်ကိုဆွဲကာ ထိုနေရာမှ ထွက်ခွာရန်ကြိုးစားသော်လည်း လော်ယွမ်က ချက်ချင်းပင် သူမ၏လက်ကို ဆွဲဖယ်လိုက်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
ထို့နောက် သူသည် အနီးအနားမှလူများအားလုံး နောက်သို့ဆုတ်ခွာသွားကြသည်ကို သတိပြုမိလိုက်၏။ သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှု သို့မဟုတ် ကြောက်ရွံ့ရိုသေမှုတို့ ထင်ဟပ်နေသည်။
"သူ ပုံစံပြောင်းတော့မှာ… အရမ်းနီးကပ်နေရင် အချင်းချင်းထိခိုက်မိနိုင်တယ်" ဟု ဝမ်ယွိကျဲက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
လော်ယွမ်သည် အကျိုးပြုသောစကားကို နားထောင်လေ့ရှိသူပီပီ လူအုပ်နှင့်အတူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ထိုအချိန်တွင် စစ်အရာရှိ၏ ပေကိုးဆယ်ပတ်လည်အတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။
လော်ယွမ်က စပ်စုစွာဖြင့် စစ်အရာရှိကို စူးစိုက်ကြည့်ရှုနေ၏။ ထိုသူ၏ထူးဆန်းသောပြောင်းလဲမှုမှာ ယခုမှ စတင်နေဆဲသာဖြစ်သည်။ သူ၏တစ်ကိုယ်လုံး ဖောင်းပွလာပြီး တစ်စက္ကန့်မပြည့်မီမှာပင် မူလ ၆ပေအရပ်မှ ၁၀ပေကျော်အထိ လျင်မြန်စွာ ရှည်ထွက်လာပြီး ဆက်လက်၍လည်း မြင့်မားလာနေဆဲပင်။ ဤသို့ပြောင်းလဲမှုမှာ အလွန်နာကျင်ပုံရပြီး သူ၏မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ကြမ်းတမ်းခက်ထန်နေ၏။ သူ ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နောက်တစ်ကြိမ် ဟိန်းဟောက်ကာ လက်နှစ်ဖက်ဖြင့် မြေကြီးကို အားကုန်ထုနှက်လိုက်သည်။
မြေပြင်သည် ဤလူသားဆန်ခြင်းမရှိသော အင်အားအောက်တွင် အနည်းငယ်တုန်ခါသွား၏။ ကွန်ကရစ်ခင်းထားသော လမ်းမကြီးမှာ တို့ဟူးကြေများထက်ပင် မသာတော့ပေ။ ချက်ချင်းပင် ကျောက်စများ လွင့်စင်သွားပြီး မကြာမီမှာပင် ၃ပေကျော်နက်သော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ငါးစက္ကန့်ကျော်အကြာတွင် သူ၏ပြောင်းလဲမှုမှာ နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူ ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်ရာ ချက်ချင်းပင် လေပြင်းများ တိုက်ခတ်လာပြီး သဲများ၊ ဖုန်များဖြင့် မျက်စိပင်မဖွင့်နိုင်အောင် ဖြစ်သွားသည်။ မျောက်ဝံကြီးထက်ပင် များစွာပို၍ ကြီးမားသော သူ၏ခန္ဓာကိုယ်ကို ကြည့်ရင်း လော်ယွမ်သည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်မိပြီး မျက်နှာမှာ ထိတ်လန့်အံ့ဩသွားသည်။
အမြင့်ပေ၅၀နီးပါး၊ ငါးထပ်တိုက်နီးပါးမြင့်မားသော ဧရာမကိုယ်လုံးကိုယ်ထည်၊ သတ္တုကဲ့သို့ မည်းနက်နေသော အရေပြား၊ သစ်မြစ်များကဲ့သို့ လိမ်ယှက်နေသော ကြွက်သားများ၊ ဤအရာအားလုံးက သူ၏ကြောက်မက်ဖွယ်ကောင်းမှုနှင့် အစွမ်းထက်မှုကို ပြသနေ၏။
ဤသို့သောပြောင်းလဲမှုမှာ သာမန်အတွေးအခေါ်သာရှိသူများအတွက် အလွန်ပင်ထိတ်လန့်ဖွယ်ကောင်းလှပြီး လက်ရှိရူပဗေဒဆိုင်ရာ အသိတရားများကို လုံးဝဆန့်ကျင်နေ၏။ လော်ယွမ်သည် အရပ်၆ပေရှိပြီး ကီလို ၈၀၊ ၉၀ ခန့်သာ လေးသော သာမန်လူသားတစ်ဦးက ပေ၅၀နီးပါးမြင့်ပြီး တန်ချိန်ဆယ်ဂဏန်းကျော်လေးသော လူ့ဘီလူးကြီးတစ်ဦးအဖြစ်သို့ မည်သို့ပြောင်းလဲသွားသည်ကို လုံးဝစိတ်ကူးကြည့်၍မရနိုင်ပေ။
လော်ယွမ် အတွေးများယောက်ယက်ခတ်နေစဉ်မှာပင် ထိုသူမှာ လှုပ်ရှားလာခဲ့ပြီဖြစ်သည်။ သူ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဟိန်းဟောက်လိုက်ရာ အသံမှာ မိုးခြိမ်းသံကြီးတစ်ခုနှယ် ပေါက်ကွဲထွက်လာပြီး လေထုထဲတွင် မျက်စိဖြင့်မြင်နိုင်သော လှိုင်းဂယက်များပင် ပေါ်ထွက်လာသည်။ အနီးအနားမှ သန္ဓေပြောင်းပိုးကောင်အချို့မှာ တည့်တည့်ထိမှန်သွားပြီး ချက်ချင်းပင် အရက်မူးနေသူများကဲ့သို့ ယိုင်နဲ့ကာ မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ထိုးကျသွားသည်။
ထို့နောက် သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပိုးကောင်တစ်ကောင်ကို လေထဲတွင် ဖမ်းဆုပ်လိုက်သည်။ ကားငယ်တစ်စီးအရွယ်အစားရှိသော ဤပိုးကောင်မှာ သူ၏လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ခြင်းခံလိုက်ရပြီးနောက် ကြေမွသွားကာ အရည်များ လွင့်စင်သွားတော့သည်။
သန္ဓေပြောင်းပိုးကောင်များမှာ အခြေခံအသိဉာဏ် ဝင်စပြုနေပြီဖြစ်သည်။ ဤသို့ထင်ရှားပြီး အလွန်အမင်းခြိမ်းခြောက်နိုင်သော ပစ်မှတ်ကြောင့် သူသည် ချက်ချင်းပင် ပိုးကောင်အားလုံး၏ပစ်မှတ်ဖြစ်လာတော့သည်။ သန္ဓေပြောင်းပိုးကောင်အများအပြားမှာ ရုတ်တရက် လမ်းကြောင်းပြောင်းကာ လူ့ဘီလူးကြီးဆီသို့ ပျံသန်းထိုးဆင်းလာကြသည်။
ထိုအချိန်တွင် လော်ယွမ်သည် လူ့ဘီလူးကြီး၏ သေစေနိုင်သော အားနည်းချက်တစ်ခုကို သတိပြုမိလိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ အလွန်နှေးကွေးပြီး လျင်မြန်ဖျတ်လတ်မှုမှာ သာမန်လူတစ်ဦးထက် အနည်းငယ်သာ သာလွန်သည်။ သူသည် နောက်တစ်ကောင်ကို ထပ်မံခြေမွရန် ကြိုးစားသည့်အနေဖြင့် လက်များကို အချည်းနှီး ဝှေ့ယမ်းနေသော်လည်း သူ၏လှုပ်ရှားမှုများမှာ အမြဲတမ်း တစ်ဝက်ခန့် နောက်ကျနေခဲ့သည်။
သန္ဓေပြောင်းပိုးကောင်အများအပြားမှာ သူ၏ကိုယ်ပေါ်သို့ ခုန်အုပ်တက်ရောက်လာကြသည်။ လှံစွပ်များကဲ့သို့ ချွန်ထက်သော ရှေ့ခြေများဖြင့် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ထဲသို့ အားကုန်ထိုးစိုက်ကြသလို ကြီးမားပြီးထက်ရှသော ပါးစပ်များဖြင့်လည်း အသွေးအသားများကို အားကုန် ကိုက်ဖြတ်စားသောက်ကြသည်။
ဒဏ်ရာများမှ သွေးများမှာ စမ်းချောင်းငယ်တစ်ခုပမာ စီးကျလာသည်။
သို့ရာတွင် လူ့ဘီလူးကြီး၏ ကိုယ်လုံးကိုယ်ထည်မှာ အလွန်ကြီးမားလှသဖြင့် ပိုးကောင်များကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာများမှာ ကြောက်မက်ဖွယ်ကောင်းပြီး တစ်ခုစီမှာ ဇလုံတစ်လုံးစာမျှ ကျယ်ဝန်းကာ ၁ပေခွဲခန့်အထိ နက်ရှိုင်းသော်လည်း သူ၏ကိုယ်လုံးကိုယ်ထည်နှင့်စာလျှင် ဤဒဏ်ရာများမှာ သူ၏ခန္ဓာကိုယ်အပေါ်ယံလွှာကိုသာ ထိခိုက်စေနိုင်ခဲ့သည်။
ဆာလောင်မွတ်သိပ်နေသော ဤသန္ဓေပြောင်းပိုးကောင်များမှာ အငမ်းမရဖြစ်နေသော အရူးများသဖွယ်ပင်။ အသွေးအသားများ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ပို၍ရူးသွပ်လာကြပြီး အသိတရားများ လုံးဝပျောက်ဆုံးသွားကြသည်။ ထိုအချိန်တွင် လူ့ဘီလူးကြီး၏ လှုပ်ရှားမှုများ မည်မျှပင် နှေးကွေးစေကာမူ သူ၏ စားပွဲဝိုင်းအရွယ်အစားရှိသော လက်ကြီးများဖြင့် တစ်ကောင်ပြီးတစ်ကောင် ညှစ်ခြေပစ်နိုင်ခဲ့ပြီး ဒဏ်ရာများထဲမှ ဆွဲထုတ်ပစ်ခဲ့သည်။ သို့သော် ပို၍များပြားသော သန္ဓေပြောင်းပိုးကောင်များမှာ တစ်အုပ်ပြီးတစ်အုပ် သူ၏ကိုယ်ပေါ်သို့ တက်ရောက်လာကြပြီး ရူးသွပ်စွာဖြင့် သွေးသားများကို စားသုံးနေကြသည်။
သို့သော် ဤသို့ မိမိကိုယ်ကိုငါးစာအဖြစ် အသုံးပြု၍ တိုက်ခိုက်သောတိုက်ပွဲမှာ ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ ဤအတိုင်းဆက်သွားပါက အခြေအနေမကောင်းနိုင်တော့ပေ။
ထိုအချိန်တွင် လော်ယွမ်ကို ထိတ်လန့်အံ့ဩသွားစေသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ သူ၏ဒဏ်ရာများမှာ အလွန်လျင်မြန်သောအရှိန်ဖြင့် ပြန်လည်ကျက်နေခြင်းပင်။ တစ်စက္ကန့်ပင်မပြည့်မီမှာပင် ထိုကြောက်မက်ဖွယ်ဒဏ်ရာများမှာ လုံးဝပျောက်ကွယ်သွားပြီး စောစောက ဒဏ်ရာရရှိခဲ့သော အမှတ်အသားမျိုးပင် မတွေ့ရတော့ပေ။
ဤသို့ပြန်လည်ကျက်သွားခြင်းမှာ သာမန်မိမိဘာသာကုစားခြင်းမျိုးနှင့် လုံးဝမတူပေ။ သူ၏စူးရှသော အမြင်အာရုံဖြင့် သာမန်ပြန်လည်ကုစားခြင်းတွင် ပေါ်ပေါက်လေ့ရှိသော အသားနုတက်ခြင်းနှင့် ကြွက်သားများ ပြန်လည်ဆက်စပ်ခြင်းမျိုးကို လုံးဝမတွေ့ရှိရပေ။ မိမိဘာသာကုစားခြင်းဟု ဆိုရမည့်အစား အသားစိုင်များ နေရာရွှေ့ပြောင်းဖြည့်တင်းခြင်းဟု ဆိုလျှင် ပို၍မှန်ကန်ပေမည်။
အထူးသဖြင့် လော်ယွမ် သတိပြုမိသည်မှာ သူ၏အရပ်မှာ မသိမသာအားဖြင့် ၄လက်မကျော်ခန့် ပုဝင်သွားခြင်းပင်ဖြစ်ပြီး ဤအချက်က သူ၏သုံးသပ်ချက်ကို ပိုမိုခိုင်မာသွားစေသည်။
အချိန်မှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားပြီး လူ့ဘီလူးကြီး၏ ခြေထောက်အောက်မှ အလောင်းများမှာ တဖြည်းဖြည်းစုပုံလာကာ တောင်ပူစာငယ်တစ်ခုပမာ ဖြစ်လာခဲ့သည်။ ရူးသွပ်စွာ အသတ်ခံနေရသော သန္ဓေပြောင်းပိုးကောင်များမှာ နောက်ဆုံးတွင် ထိုသူ၏ကြောက်မက်ဖွယ်ကောင်းပုံကို သဘောပေါက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဝရုန်းသုန်းကား ထွက်ပြေးသွားကြရာ ကောင်းကင်ကြီးမှာ ပြန်လည်လင်းထိန်လာခဲ့သည်။
ထိုအချိန်တွင် လူ့ဘီလူးကြီး၏အရပ်မှာ ၁၂ပေခန့် ပုဝင်သွားခဲ့ပြီဖြစ်သည်။ ဤမျှများပြားသော သွေးသားများ သန္ဓေပြောင်းပိုးကောင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်ကို တွေးမိသောအခါ လော်ယွမ်ပင်လျှင် ကြက်သီးမွေးညင်းများထသွားမိသည်။
လူ့ဘီလူးကြီးသည် အဝေးမှကောင်းကင်ကို ကြည့်လိုက်ပြီး သူ၏အေးစက်သောမျက်နှာပေါ်တွင် လေးနက်သောအရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူ၏ဧရာမခန္ဓာကိုယ်ကြီးမှာ လေလျော့သွားသော မီးပုံးပျံတစ်လုံးနှယ် လျင်မြန်စွာ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။ မျက်နှာအနည်းငယ် ဖြူဖျော့နေသည်မှလွဲ၍ အပေါ်ယံကြည့်လျှင် အားနည်းသွားသော လက္ခဏာမျိုး မတွေ့ရပေ။
ဒုတိယဗိုလ်မှူးကြီးသည် အဝတ်အစားများ ပြန်လည်ဝတ်ဆင်ပြီးသောအခါ သူ၏မျက်လုံးများမှာ ချက်ချင်းပင် လော်ယွမ်ထံသို့ စူးစိုက်ရောက်ရှိလာပြီး မထင်မှတ်ဘဲ သူရှိရာဘက်သို့ လျှောက်လှမ်းလာကာ "စကားနည်းနည်းလောက် ပြောလို့ရမလား" ဟု မေးလိုက်သည်။
ဆက်ရန်…