← Chapters

ပူးပေါင်းကြံစည်ခြင်း

Vol. 14 Ch. 278

ပူးပေါင်းကြံစည်ခြင်း

Vol. 14 Ch. 278

လော်ယွမ်က သူ့ကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်၏။ "ဗိုလ်မှုး… ခင်ဗျားက ကျွန်တော့်ကို သိနေတာလား"

"ကျွန်တော့်ကို ရှုကျစ်ချန်လို့ပဲ ခေါ်ပါ… မင်္ဂလာပါဆရာယွမ်… အစတုန်းကတော့ ကျွန်တော်လည်း သိပ်မသေချာဘူး… ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ခင်ဗျားရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုပဲ မြင်ဖူးတာလေ… ဒါကြောင့် လမ်းတစ်လျှောက်လုံး ခင်ဗျားကို သတိထားကြည့်နေတာ"

လော်ယွမ်က သဘောပေါက်သွား၏။ သူ့ကို အစကတည်းက မှတ်မိနေခဲ့ခြင်းဖြစ်၏။ သို့ဆိုလျှင် အစောပိုင်းက ခန္ဓာကိုယ်ပြောင်းလဲလိုက်ခြင်းသည် အကျပ်အတည်းကို ကျော်လွှားရန်သက်သက်မဟုတ်ဘဲ သူ၏အစွမ်းကို ပြသခြင်းလည်း ဖြစ်ပေမည်။ မိမိ(လော်ယွမ်)က ထိန်းချုပ်ရခက်ပြီး ပဋိပက္ခဖြစ်ပွားစေမည်ကို စိုးရိမ်သောကြောင့်ဖြစ်မည်။ စစ်ဘက်နှင့် နိုင်ငံရေးနယ်ပယ်နှစ်ခုလုံးတွင် အဆင့်မြင့်နေရာသို့ ရောက်ရှိနိုင်သူများသည် သာမန်လူများမဟုတ်ကြသည်မှာ အမှန်ပင်တည်း။

"ထားပါတော့… ခင်ဗျားက ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ" လော်ယွမ်က မေးလိုက်၏။

"တစ်နေရာရာမှာ သီးသန့်စကားပြောလို့ရမလား" ဒုတိယဗိုလ်မှူးကြီး သို့မဟုတ် ရှုကျစ်ချန်က ပြောလိုက်၏။

လူတိုင်း၏ အံ့အားသင့်သော အကြည့်များကြားတွင် သူတို့နှစ်ဦးသည် ထောင့်တစ်နေရာသို့ လျှောက်သွားကြ၏။ ရှုကျစ်ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် မျက်နှာတည်ဖြင့် "ဒီတစ်ခေါက်တာဝန်က လုံးဝပုံမှန်မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်… ခင်ဗျားရောက်လာမယ် ဆိုတာကို ကျွန်တော် နည်းနည်းလေးတောင် မသိလိုက်မရလိုက်ဘူးလေ… တကယ်ဆို ဒါမျိုးက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ… ကျွန်တော် အစကတည်းက သံသယရှိနေခဲ့တာ… ဒါပေမဲ့ ခင်ဗျားရောက်လာတာက ကျွန်တော့်ရဲ့သံသယကို ပိုခိုင်မာသွားစေတာပဲ" ဟု ပြောလိုက်သည်။

လော်ယွမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး "တစ်ယောက်ယောက် မှားသွားတာလည်း ဖြစ်နိုင်တာပဲ… ကျွန်တော်က ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး" ဟု ဆို၏။

"မဟုတ်ဘူး… ကန္တာရမြို့က အဆင့်ငါး ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ပေါ့ပေါ့ဆဆဆက်ဆံရလောက်တဲ့ အဆင့်အတန်းမရှိသေးဘူး… ကျွန်တော်သိသလောက်တော့ မြို့တော်အစိုးရက ခင်ဗျားကို အမြဲတမ်း အတော်လေးအလေးထားခဲ့တာ… အင်းပေါ့ ဒါက သံသယဖြစ်စရာအချက်တွေထဲက တစ်ခုပဲရှိသေးတယ်"

"ဒါတွေက ကျွန်တော်နဲ့ မဆိုင်ဘူးလေ… ကျွန်တော်က နိုင်ငံရေးကို စိတ်မဝင်စားဘူး"

ရှုကျစ်ချန်၏ မျက်နှာအမူအရာသည် လုံးဝမပြောင်းလဲဘဲ လေးနက်သောလေသံဖြင့် "ဆရာယွမ်… ဒါက နိုင်ငံရေးနဲ့မဆိုင်ဘူး… ခင်ဗျား ဒီပြဿနာက ဘယ်လောက်ကြီးမှန်း လုံးဝသဘောမပေါက်သေးဘူး… ဒီမှာရှိနေတဲ့ ဆင့်ကဲပြောင်းလဲသူတွေက ကန္တာရမြို့က ဆင့်ကဲပြောင်းလဲသူအားလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော် ပါဝင်နေတာ… ပြီးတော့ တာဝန်မစခင်က ကျွန်တော်လျှောက်ထားခဲ့တဲ့ လက်နက်ကြီးအမျိုးအစားနဲ့ တစ်ကိုယ်တော်လက်နက်တွေကိုလည်း အထက်က ဘာအကြောင်းပြချက်မှမရှိပဲ ပယ်ချခဲ့တယ်လို့ ကျွန်တော်ပြောရင် ခင်ဗျား ဒီလိုတွေးတော့မှာ မဟုတ်ဘူး" ဟု ဆို၏။

"ခင်ဗျားပြောချင်တာက ကန္တာရမြို့က ဆင့်ကဲပြောင်းလဲသူတွေကို ရှင်းပစ်ဖို့ ပြင်ဆင်နေတာလား" လော်ယွမ်၏မျက်လုံးထဲတွင် အေးစက်သောအရောင်တစ်ချက် ဖြတ်ပြေးသွား၏။ ကန္တာရမြို့တွင် ကျန်နေခဲ့သော ဟွမ်ကျားဟွေတို့ပါ ထိခိုက်နိုင်သည်ကို တွေးမိသောအခါ သူ၏ကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဩဇာအရှိန်အဝါတစ်ရပ်ကို အလိုအလျောက် ထုတ်လွှတ်လိုက်မိသည်။

လော်ယွမ်၏ ဩဇာအရှိန်အဝါသည် ယခုအခါ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော နယ်ပယ်တစ်ခုအဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့ပြီး လွတ်လပ်စွာ ထိန်းချုပ်နိုင်နေပြီဖြစ်၏။ သာမန်အချိန်တွင် မည်သည့်ထူးခြားမှုမျှ မမြင်ရဘဲ အန္တရာယ်ကင်းမဲ့ပုံပေါက်သော်လည်း စိတ်ခံစားမှုလှုပ်ရှားလာသည်နှင့် ဩဇာအရှိန်အဝါသည် သူ၏စိတ်ဆန္ဒအတိုင်း ပေါက်ကြားထွက်ပေါ်လာတတ်သည်။

သာမန်လူတစ်ယောက်၏ ဒေါသသည် အများဆုံး ကြောက်မက်ဖွယ်ကောင်းအောင်သာ မြင်စေနိုင်သော်လည်း လော်ယွမ်၏ဒေါသမီးမှာမူ သက်ရှိတို့၏ဘဝကို ချုပ်ငြိမ်းစေနိုင်ပြီး အနည်းဆုံး အပြာနုရောင်အဆင့် သက်ရှိတစ်ဦးပင်လျှင် လုံးဝခုခံနိုင်မည်မဟုတ်ပေ။

ဤတစ်ကြိမ်တွင် အမှတ်မထင် ပေါက်ကြားထွက်ပေါ်လာခြင်းဖြစ်သော်လည်း သာမန်လူတစ်ယောက် ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ခဲ့ပေ။ ချက်ချင်းဆိုသလိုပင် ရှုကျစ်ဟုန်သည် ရုတ်တရက် အသက်ရှုရခက်ခဲသွားပြီး မောဟိုက်လာကာ နားထင်ကြောများမှာ ထောင်ထလာ၏။ သို့သော် သူ၏မာကျောသောစိတ်ဓာတ်ကြောင့် အံကိုကြိတ်ကာ ကြံ့ကြံ့ခံနေလိုက်သည်။

ကျော်ကြားမှုနှင့် ထိုက်တန်ပါပေ၏။ ဤသည်မှာ အဆင့်ငါးနှင့် အဆင့်လေး၏ တကယ့်ကွာခြားချက်ပင်လော။ သူက စိတ်ထဲတွင်တွေးလိုက်မိ၏။

သူ ခန္ဓာကိုယ်ပြောင်းလဲလိုက်သောအခါ ပုံပန်းသဏ္ဌာန်မှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း သာမန်သက်ရှိများနှင့် ရင်ဆိုင်ရလျှင် ဤကြီးမားသောခန္ဓာကိုယ်၊ ကြောက်မက်ဖွယ်ခွန်အားတို့ဖြင့် မည်မျှပင်လာစေကာမူ ရှင်းပစ်နိုင်ကြောင်း သူကိုယ်တိုင်သိ၏။ သို့သော် သန္ဓေပြောင်းသတ္တဝါသည် အဆင့်ငါး (အစိမ်းနုရောင်အဆင့်) သို့ ရောက်ရှိသွားသည်နှင့် သူ၏လေးလံသောခန္ဓာကိုယ်သည် မယှဉ်နိုင်တော့ဘဲ အများဆုံး ခေတ္တမျှသာ တောင့်ခံထားနိုင်ပေလိမ့်မည်။

ထို့ကြောင့် သူသည် ယနေ့ထက်တိုင် အဆင့်ငါး သက်ရှိတစ်ကောင်ကို တစ်ဦးတည်းသတ်ဖြတ်နိုင်ခဲ့သည့် မှတ်တမ်းမရှိသေးဘဲ တရားဝင် သန္ဓေပြောင်းအဆင့်မှာလည်း အဆင့်လေးတွင်သာ ရှိနေသေးသည်။ သို့သော် သူသည် အဆင့်ငါးနှင့် သူ၏စွမ်းဆောင်ရည်မှာ များစွာမကွာခြားဘဲ အနည်းငယ်သာ ဖြစ်လိမ့်မည်ဟု အမြဲတမ်းယုံကြည်ခဲ့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူသည် လော်ယွမ်၏စွမ်းဆောင်ရည်ကို လုံးဝမှားယွင်းစွာ ခန့်မှန်းမိခဲ့ခြင်းပင်။ သူသည် အဆင့်ငါးမဟုတ်ဘဲ အမှန်တကယ်တွင် အဆင့်ခြောက် ဖြစ်နေလေပြီ။

……………………………………………………………………………………………………………

"ခင်ဗျားရဲ့အစွမ်းအစက တရားဝင်ခန့်မှန်းထားတာထက် အများကြီး ပိုမြင့်တာပဲ" ရှုကျစ်ဟုန်၏ တည်ငြိမ်နေသော မျက်နှာတွင် နောက်ဆုံး၌ အကူအညီမဲ့သော အမူအရာတစ်ချက် ပေါ်ထွက်လာသည်။ "ဒါပေမဲ့ ခင်ဗျား စိတ်ကို နည်းနည်းလျှော့ပါဦး"

လော်ယွမ်၏စိတ်သည် လေးလံသွားသော်လည်း အပြုံးတစ်ချက်ကို အနိုင်နိုင်ဖန်တီးလိုက်ရာ စောစောက ကြောက်မက်ဖွယ်ဩဇာအရှိန်အဝါသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ ရှုကျစ်ဟုန်သည်လည်း သက်ပြင်းတစ်ချက်ချနိုင်တော့ပြီး ဆက်လက်ပြောကြားသည်။

"ခင်ဗျားစောစောက ပြောတာဖြစ်နိုင်ခြေရှိပေမယ့် နည်းတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလုပ်ရပ်က ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ တူတူပဲလေ... ရှင်ကျင်း(မြို့တော်သစ်)က ဒီလို ကိုယ့်အခြေခံအုတ်မြစ်ကို ကိုယ်ပြန်ဖြိုချတဲ့အလုပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး... ကျွန်တော်ကတော့ ကန္တာရမြို့ကို တစ်ယောက်ယောက်က ထိန်းချုပ်သွားပြီလို့ပဲထင်တယ်"

"ကန္တာရမြို့ကို ထိန်းချုပ်တယ် ဟုတ်လား... ဒီလိုရက်စက်ကြမ်းတမ်းတဲ့ခေတ်ကြီးထဲမှာ ဒီလူတစ်သိန်းလောက်နဲ့ ဘာလုပ်လို့ရမှာလဲ"

"ခင်ဗျားနဲ့ ကျွန်တော့်မျက်စိထဲမှာတော့ ရယ်စရာကောင်းတယ်လို့ ထင်ရပေမယ့် နိုင်ငံတော်ထူထောင်ပြီးခါစက တောင်ပေါ်ရွာလေးက လယ်သမားတောင် ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ကြေညာသေးတာပဲ... လောကကြီးမှာ မိုက်မဲပြီး ရည်မှန်းချက်ကြီးတဲ့လူတွေ ဘယ်တုန်းကမှ မရှားခဲ့ဘူး... အထူးသဖြင့် ဒီနှစ်ပိုင်းတွေမှာ ဒီလိုကိစ္စမျိုးတွေ အရမ်းများလာတယ်" ရှုကျစ်ချန်က မျက်နှာညိုမှောင်စွာဖြင့် ပြောလိုက်ရာ မကောင်းသောအတိတ်တစ်ခုခုကို ပြန်သတိရသွားသည့်ဟန်တူ၏။

လော်ယွမ်သည် မျက်မှောင်အနည်းငယ်ကြုတ်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် အေးစက်စွာ ဆို၏။ "ဒါဆို ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ... တကယ်လို့ အရမ်းခက်ခဲတဲ့ကိစ္စမျိုးဆိုရင်တော့ ဆက်မပြောတာ ပိုကောင်းလိမ့်မယ်"

ရှုကျစ်ချန်သည် လော်ယွမ်၏သဘောထားကို မအံ့ဩပေ။ အထက်လူကြီးများက ဆင့်ကဲပြောင်းလဲသူများကို သတိထားစောင့်ကြည့်သလို တစ်ဖက်ကလည်း ဆွဲဆောင်သိမ်းသွင်းနေသောကြောင့်အပြင် ကြီးမားသော ရှင်းလင်းမှုလှုပ်ရှားမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ဆင့်ကဲပြောင်းလဲသူအများစုသည် နိုင်ငံရေးနှင့် ဝေးဝေးနေလိုကြသည်။ အထူးသဖြင့် ဤသို့သော ထိလွယ်ရှလွယ်ကိစ္စရပ်များတွင် လော်ယွမ်၏သဘောထားသည် ဆင့်ကဲပြောင်းလဲသူများ၏ စိတ်နေစိတ်ထားနှင့် လုံးဝကိုက်ညီနေ၏။ သူကဲ့သို့ အာဏာကို စိတ်အားထက်သန်သူမှာမူ အလွန်ပင်ရှားပါးလှသည်။

"ခင်ဗျားကို အခက်တွေ့စေမှာ မဟုတ်ပါဘူး... ခင်ဗျားက ကြားနေပေးရင်ပဲ ရပါပြီ"

"ကျွန်တော် ဘာမှမသိသလို ဟန်ဆောင်နေပါ့မယ်" လော်ယွမ်က တည်ငြိမ်စွာ ဆို၏။

ရှုကျစ်ချန်က ကျေနပ်သော အပြုံးတစ်ချက်ပြုံးလိုက်သည်။ "အင်းပေါ့... ဒါတွေအကုန်လုံးက ကျွန်တော့်ရဲ့ခန့်မှန်းချက်သက်သက်ပါပဲ... အခြေအနေက ကျွန်တော်တို့ထင်ထားတာထက် ပိုကောင်းချင်ကောင်းနေမှာပါ... ဒါပေမဲ့ ဒီတစ်ခေါက်တာဝန်ကို အရင်ပြီးအောင်လုပ်ကြတာပေါ့"

လော်ယွမ် ထွက်ခွာသွားစဉ် သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်၏။ ယခု သူ၏ဉာဏ်ရည်မှာ ၁၄ မှတ်ရှိနေပြီဖြစ်ရာ ကိစ္စများစွာကို တမင်တကာ မစူးစမ်းလျှင်ပင် ပင်ကိုယ်အသိဖြင့် အဖြစ်မှန်နီးနီး မှန်ကန်အောင် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိ၏။ ဤလူသည် ဦးစွာ ခွန်အားကိုအသုံးပြု၍ မိမိကို နှိမ်နင်းရန်ကြိုးစားသည်။ ယခုလည်း ချက်ချင်း ဗုံးခိုကျင်းသို့ပြန်၍ အခြေအနေကို မစုံစမ်းဘဲ ဤတာဝန်ကို ပြီးမြောက်အောင် အရင်လုပ်ဆောင်လိုသည်။ ဤအချက်နှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ဤလူသည် ကိစ္စရပ်များကို ကြိုတင်ကြံစည်ပြီးမှ လှုပ်ရှားတတ်ပြီး မည်သူ့ကိုမျှ သူ့အားတိုက်ခိုက်ရန် အကြောင်းပြချက်မပေးသူဖြစ်၏။

ဤသို့သော အာဏာကို ပြင်းပြင်းထန်ထန် တောင့်တသောလူစားမျိုးသည် အလွန်အန္တရာယ်များမည်မှာ သေချာသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဤသည်မှာ သာမန်တာဝန်မဟုတ်ဘဲ "ဒီ" အဆင့် မစ်ရှင်ဖြစ်နေခြင်းပင်။ မစ်ရှင်ပြီး၍ မသေပဲကျန်ပင်လျှင် ကောင်းမည်ဟု လော်ယွမ်က စိတ်ထဲတွင် တွေးနေမိ၏။

သူစောစောက ပြောခဲ့သော သံသယဖြစ်ဖွယ်အချက်များမှာမူ သတင်းအချက်အလက် အလွန်နည်းပါးသည့်အပြင် ၎င်းတို့အားလုံးမှာ သူ၏တစ်ဖက်သတ်စကားများသာ ဖြစ်နေသောကြောင့် လော်ယွမ် လုံးဝမယုံကြည်ရဲသေးပေ။

.................................................................................................................................................

လော်ယွမ် ပြန်ရောက်လာသည်နှင့် ဝမ်ယွိကျဲက စပ်စုသောမျက်နှာဖြင့် "ဟေး... ရှင်နဲ့ ဟိုအထူးတပ်ဖွဲ့ခေါင်းဆောင် သိနေကြတာလား" ဟု မေးလိုက်၏။

"သူက ကျွန်တော့်ကို သိတာ... ကျွန်တော်က သူ့ကို မသိဘူး" လော်ယွမ်က ပြန်ဖြေလိုက်သည်။

"ရှင်ကြွားချင်ရင်လည်း ဒီလောက်အသံကျယ်ကြီးနဲ့ မပြောနဲ့လေ" ပတ်ဝန်းကျင်မှ မထီမဲ့မြင်၊ လှောင်ပြောင်သရော်သော အကြည့်များက ဝိုင်းအုံလာသည်ကို ခံစားမိသောအခါ ဝမ်ယွိကျဲ၏မျက်နှာသည် ချက်ချင်းပင် ပူလောင်သွားပြီး အသံကိုနှိမ့်ကာ မကျေမနပ်ဖြင့် ဆိုလိုက်သည်။

"ပထမတစ်ချက်... ကျွန်တော် ဘယ်တော့မှ မကြွားဘူး... ဒုတိယတစ်ချက် တကယ်လို့ အသက်ရှင်ချင်တယ်ဆိုရင် အခုကစပြီး ပါးစပ်ပိတ်ထားလိုက်တော့" လော်ယွမ်က သူမကို အေးစက်စက်တစ်ချက် ကြည့်လိုက်၏။

ဝမ်ယွိကျဲက စိတ်ထဲမှ မကျေမနပ် မြည်တွန်လိုက်မိသော်လည်း အဘယ်ကြောင့်မှန်းမသိ သူ၏ဤသို့တစ်ချက်ကြည့်လိုက်ရုံဖြင့် မူလက ပြည့်နှက်နေသော မကျေနပ်မှုများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ သူမသည် ခြေလှမ်းနှစ်လှမ်းခန့် အမြန်လျှောက်လိုက်ပြီး လော်ယွမ်၏နောက်သို့ လိုက်ပါသွား၏။

လော်ယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ "စိတ်ညှို့အစွမ်းက တကယ်အသုံးဝင်တာပဲ"

........................................................................................................................................

ကန္တာရမြို့၏ ကျန်ရှိနေသော သန္ဓေပြောင်းပိုးကောင်အများစုကို ရှင်းလင်းပြီးဖြစ်သောကြောင့်လောမသိ ခရီးဆက်ထွက်လာပြီးနောက်တွင် ဒဏ်ရာပြင်းထန်စွာရ၍ ကျန်ရစ်ခဲ့သော ပိုးကောင်အနည်းငယ်နှင့် ရံဖန်ရံခါတွေ့ဆုံရသည်မှလွဲ၍ လမ်းတစ်လျှောက်လုံး အချိန်အတော်ကြာသည်အထိ အလွန်တရာ တည်ငြိမ်အေးချမ်းလျက်ရှိ၏။

သို့သော် လူအင်အားများပြားခြင်းနှင့် စိတ်များတင်းကျပ်နေခြင်းတို့ကြောင့် ဘူတာရုံအနီးသို့ ရောက်ရှိသောအခါ နေ့လယ် သုံးနာရီပင် ထိုးနေပြီဖြစ်သည်။

ဘူတာရုံကို လှမ်းမြင်နေရပြီဖြစ်သော်လည်း လူတိုင်းသည် တညီတညွတ်တည်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။ မျက်စိရှေ့မှ မြင်ကွင်းသည် လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။

လော်ယွမ်၏ မျက်နှာသည်လည်း တဖြည်းဖြည်း လေးနက်တည်ကြည်လာ၏။ ကာကွယ်ရေးကို ထည့်သွင်းစဉ်းစားသောကြောင့် ပြန်လည်တည်ဆောက်ရေးဇုန်၏ ရထားလမ်းမှာ အများအားဖြင့် မြေအောက်တွင် ရှိသော်လည်း မြေပြင်ပေါ်တွင်မူ ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည်ပို့ဆောင်ရေးအတွက် အဆောက်အအုံများ တည်ဆောက်ထားဆဲဖြစ်၏။

မြို့၏ အဓိကသွေးကြောကို ဆက်သွယ်ပေးထားသော ဤအလွန်အရေးကြီးသည့် အဆောက်အအုံသည် ကန္တာရမြို့၏ ရှားပါးသော ကွန်ကရစ်အဆောက်အအုံများထဲမှ တစ်ခုဖြစ်ရုံသာမက ကာကွယ်ရေးစနစ်ကိုလည်း စစ်ဘက်ဆိုင်ရာ ခံတပ်အဆင့်ဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။

သို့သော် ယခုအချိန်တွင် ဤကြီးမားသော အဆောက်အအုံကြီးသည် အများစုမှာ ပြိုကျပျက်စီးနေပြီး ဧရိယာတစ်ခုလုံးမှာ မီးလောင်ထားသကဲ့သို့ မည်းနက်တူးခြစ်နေ၏။ ထူးဆန်းသည်မှာ လော်ယွမ်သည် မည်သည့်မီးတောက်မီးလျှံ သို့မဟုတ် မီးခိုးငွေ့မျှ မမြင်ရသော်လည်း အဝေးမှ လှမ်းမျှော်ကြည့်လိုက်သောအခါ အပေါ်မှလေထုသည် အနည်းငယ် လိမ်လည်ကောက်ကွေးနေပြီး အပူချိန်မြင့်မားနေသေးသည်မှာ ထင်ရှားသည်။

"သွားကြည့်ရအောင်" ရှုကျစ်ချန်က ဆို၏။

စကားဆုံးသည်နှင့် သူသည် ရှေ့မှဦးဆောင်၍ လျှောက်သွား၏။ ပေ၁၅၀၀အကွာသို့ ချဉ်းကပ်လာသောအခါ လူတိုင်းသည် မျက်နှာဆီသို့ ရိုက်ခတ်လာသော အပူလှိုင်းများကို ခံစားလာရသည်။ ပို၍နီးကပ်လာလေ အတွင်းမှအပူချိန်မှာ ပို၍မြင့်မားလာလေဖြစ်ရာ ဆင့်ကဲပြောင်းလဲသူအချို့မှာ မခံနိုင်တော့ဘဲ ဆုတ်ခွာသွားကြ၏။ ရှုကျစ်ချန်သည်လည်း အတင်းအကျပ်မတားမြစ်တော့ပေ။ အပြင်ဘက်မှ အပူချိန်ကိုပင် မခံနိုင်လျှင် အတွင်းသို့ဝင်ရောက်၍ တာဝန်ထမ်းဆောင်ရန်မှာ ပြောစရာပင်မလိုတော့ပေ။

မည်းနက်တူးခြစ်နေသောနေရာ၏ အစွန်းသို့ ရောက်သောအခါ လေထုအပူချိန်သည် ခြောက်ဆယ်၊ ခုနစ်ဆယ်ဒီဂရီသို့ ရောက်ရှိနေပြီဖြစ်သည်။

ဆုတ်ခွာသွားသူများ တဖြည်းဖြည်းများပြားလာသည်။ လော်ယွမ်သည် ဝမ်ယွိကျဲ၏ မျက်နှာတစ်ခုလုံး ချွေးများရွှဲနစ်နေပြီး အသားအရေမှာ အပူလောင်၍ နီရဲနေသော်လည်း အသံတိတ်တင်းခံနေသည်ကို သတိပြုမိလိုက်သည်။ "ခင်ဗျားလည်း ပြန်တော့... ဒီနေရာက ခင်ဗျားခံနိုင်တဲ့နေရာ မဟုတ်ဘူး"

"ဒီလောက်အပူလောက်ကို ကျွန်မ မကြောက်ပါဘူး... ကျွန်မသန္ဓေပြောင်းအစွမ်းကိုတောင် မထုတ်သုံးရသေးဘူး" ဝမ်ယွိကျဲသည် မျက်နှာပူသွားပြီး မကျေမနပ်ဖြင့် ဆို၏။

"ပါးစပ်ပိတ် ပြီးအခု ပြန်တော့" လော်ယွမ်က သူမကို စူးစိုက်ကြည့်လိုက်၏။

လော်ယွမ်၏ စိတ်စွမ်းအားမှာ ကြီးမားလှသဖြင့် တမင်တကာ အသုံးမပြုလျှင်ပင် လူတို့ကို အလိုအလျောက် နာခံစေနိုင်သည်။ ဝမ်ယွိကျဲသည် နှုတ်ခမ်းဆူပွပွဖြင့် မြည်တွန်လိုက်သော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ဆုတ်ခွာသွားရ၏။

မီးခိုးများဖြင့် မည်းနက်နေသော ကွန်ကရစ်မြေပြင်သည် အဆက်မပြတ်အပူရှိန်ကြောင့် အလွန်ကြွပ်ဆတ်ပြီး သဲဆန်နေ၏။ နင်းလိုက်တိုင်း ဂျွတ် ဂျွတ် ဟူသော ကျိုးပဲ့သံများ ထွက်ပေါ်နေသည်။ ခန်းမဆောင်အတွင်းရှိ ပစ္စည်းကိရိယာအများစုမှာ လောင်ကျွမ်းသွားပြီး ပြာပုံများသာ ကျန်ရစ်ကာ မီးခိုးငွေ့များ တငွေ့ငွေ့ထွက်နေ၏။

ယခုအချိန်တွင် ဤနေရာ၏အပူချိန်မှာ ဒီဂရီခုနစ်ဆယ်အထက်သို့ ရောက်ရှိနေပြီဖြစ်ပြီး လော်ယွမ်အပါအဝင် ၆ ယောက်သာ ကျန်ရှိတော့သည်။

ကာဗွန်အခြေပြုသက်ရှိများသည် ခန္ဓာကိုယ်၏ပင်ကိုယ်သဘာဝကြောင့် အပူချိန်မြင့်မားခြင်းကို ခုခံနိုင်စွမ်းမရှိပေ။ ပရိုတိန်းသည် အပူချိန် ခြောက်ဆယ်၊ ခုနစ်ဆယ်ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သည်နှင့် ပုံသဏ္ဌာန်ပြောင်းလဲသွားတတ်သည်။ အစွမ်းအထက်ဆုံး ဆင့်ကဲပြောင်းလဲသူများပင်လျှင် သန္ဓေပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်၏ အပူဒဏ်ခံနိုင်ရည် တိုးမြင့်လာသော်လည်း ဆဲလ်အရည်များနှင့် သွေးများကို ဆူပွက်စေနိုင်သော ဒီဂရီတစ်ရာစင်တီဂရိတ်ထက် ကျော်လွန်သည့်အပူချိန်ကို မခုခံနိုင်ပေ။

လော်ယွမ်သည် ကျန်ရှိနေသောလူများကို အကဲခတ်ကြည့်လိုက်၏။ အစိုးရ၏ဖိနှိပ်မှုများအောက်တွင် သိုသိပ်စွာနေသည့် အလေ့အကျင့်က င့်ကဲပြောင်းလဲသူများ၏ အရိုးထဲထိ စိမ့်ဝင်နေပုံရသည်။ ဤနေရာရှိ လူအများစုကို သူ ယခင်က လုံးဝသတိမထားမိခဲ့ပေ သူတို့သည် ရှေ့တွင် လုံးဝ ပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိသည်မှာ ထင်ရှားသည်။

သို့သော် ဤလူများ၏ စိတ်ဓာတ်မှာလည်း ကျဆင်းနေပြီး စိတ်ထဲတွင် ဆုတ်ခွာလိုစိတ်များ ပေါ်ပေါက်နေသည်မှာ ထင်ရှားသည်။

ရှုကျစ်ချန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အလျင်အမြန်ရပ်တန့်ကာ စိတ်ဓာတ်မြှင့်တင်ပေးလိုက်သည်။

"ဒီတစ်ခေါက်တာဝန်ရဲ့ အခက်အခဲက ထင်ထားတာထက် ပိုနေတယ်... ဒီနေရာအထိ ရောက်လာနိုင်တာ ကျွန်တော်တို့တတွေပဲ ရှိတော့တယ်... ဗျူဟာအသစ်မချခင်မှာ အစွမ်းထက်တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ကျွန်တော် အရင်ဆုံးမိတ်ဆက်ပေးမယ်... သူ့ကိုလူတိုင်း ကြားဖူးပြီးသားဖြစ်မှာပါ"

စကားပြောရင်း သူက လော်ယွမ်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ လော်ယွမ်က ခေါင်းညိတ်ပြသည်ကို မြင်မှ ဆက်လက်ပြောကြားသည်။ "ဒီပုဂ္ဂိုလ်ကတော့ ဆရာယွမ်ပဲ… နာမည်အပြည့်အစုံက လော်ယွမ်တဲ့… ကန္တာရမြို့ရဲ့ တစ်ဦးတည်းသော အဆင့်ငါး ဆင့်ကဲပြောင်းလဲသူပေါ့"

ပတ်ဝန်းကျင်အခြေအနေက ထူးခြားသောကြောင့် ရှုကျစ်ဟုန်၏အသံမှာ အလွန်တိုးညှင်းနေသော်လည်း လူတိုင်း၏စိတ်ထဲတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွား၏။ မည်မျှပင် တည်ငြိမ်သူဖြစ်စေကာမူ ယခုအချိန်တွင် မျက်နှာများတွင် ထူးခြားသောအရောင်များ ဖြတ်ပြေးသွားကြသည်။ လော်ယွမ်ကိုယ်တိုင်ပင် မသိလိုက်ဘဲ သူ၏နာမည်သည် ကန္တာရမြို့တွင် အချိန်ကြာမြင့်စွာ ပျံ့နှံ့နေခဲ့ပြီး တဖြည်းဖြည်း ဒဏ္ဍာရီဆန်လာခဲ့သည်။ နာမည်ကိုသာ ကြာမြင့်စွာကြားဖူးပြီး လူကိုမူ မမြင်ဖူးဘဲ အလွန်လျှို့ဝှက်ဆန်းကြယ်နေခဲ့ရာ ဤသို့ အသံတိတ်နေတတ်သော လူငယ်ဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ဆက်ရန်…

All Chapters