← Chapters

အလင်းရောင်

Vol. 14 Ch. 279

အလင်းရောင်

Vol. 14 Ch. 279

"ဆရာယွမ် မင်္ဂလာပါ... ခင်ဗျားနာမည်ကို ကြားနေတာ ကြာပြီ... ကျွန်တော်က ဟူလျန်ချင်း... မီးစွမ်းအင်ပိုင်ရှင်တစ်ယောက်ပေါ့... ကျွန်တော့်ကို လျန်ချင်းလို့ ခေါ်လို့ရတယ်" ဟူလျန်ချင်း၏ မျက်နှာသည် အလွန်အမင်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံလိုက်ရသည့်အလားပင်။

"...ကျွန်တော်က ရှောင်ပိုင်ဟုန်ပါ... သတ္တုအမျိုးအစား ဆင့်ကဲပြောင်းလဲသူပဲ... ကျွန်တော့်ကို သိတဲ့သူတွေကတော့ သံဗူးရှောင်လို့ ခေါ်ကြတယ်... ဟဟ" ရှောင်ပိုင်ဟုန်က ရှက်ရွံ့စွာဖြင့် ခေါင်းကိုကုတ်လိုက်သည်။

"...ကျွန်တော်က ရှန်ကျိရှင်းပါ... စွမ်းရည်က လေထုတုန်ခါတာပဲ... ခင်ဗျားနဲ့ အတူလက်တွဲရတာ ဝမ်းသာပါတယ်" ရှန်ကျိရှင်းက ခပ်ပြတ်ပြတ်သာ ဆိုလိုက်၏။ သူ၏ မျက်ဝန်းအိမ်ထဲတွင် ဂရုမစိုက်ဟန်နှင့် မာနထောင်လွှားမှု အရိပ်အယောင်တစ်ခု ကိန်းအောင်းနေသည်။

(ခြံကြည့်ရှင်းမဟုတ်ဘူနော် ရှန်ကျိရှင်း)

လော်ယွမ်က ပြုံး၍ ခပ်ဖွဖွခေါင်းညိတ်လိုက်၏။ သူ့ကိုမြင်လိုက်ရသည်က ယခင်က လင်းရှောင်ကျီကို သတိရသွားစေသည်။ ထိုသူနှစ်ဦးလုံးသည် တစ်သဘောတည်း၊ တစ်ဘာသာတည်းသော လူစားမျိုးပင် ဖြစ်ကြ၏။

"ရှောင်ရှန်က ထူးချွန်ပေမဲ့ အဆင့်ငါးရောက်ဖို့တော့ အများကြီးလိုသေးတယ်... မင်္ဂလာပါအကိုယွမ်... ကျွန်မနာမည် လီချင်းချင်းတဲ့... လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဆင့်ကဲပြောင်းလဲသူပဲ... အကိုယွမ်က ဒီလောက်တောင် နုပျိုနေလိမ့်မယ်လို့ မထင်ထားဘူး" အဖွဲ့ထဲမှ တစ်ဦးတည်းသော အမျိုးသမီး၏ မျက်ဝန်းများတွင် အရည်ကြည်များ လဲ့သွား၏။ သူမသည် လော်ယွမ်အထက် အတော်လေး စိတ်ဝင်စားဟန်ရှိသည်။ သို့သော် ဝမ်းနည်းစရာမှာ သူမ၏ ရုပ်ရည်သည် သာမန်အောက်သာရှိပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းမှုမှလွဲ၍ အခြားမည်သည့် ဆွဲဆောင်မှုမျှ မရှိချေ။

"...ကျွန်တော့်နာမည် ဖုန်ကော်ဟွာပါ... ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲသူပဲ... ကျွန်တော်က ခံစစ်ကို အဓိကထားတယ်... ခင်ဗျားရဲ့ အဖွဲ့သားဖြစ်ရတာ ဂုဏ်ယူပါတယ်" လူသန်ကြီးတစ်ဦးက ဟားတိုက်ရယ်မောရင်း ဆိုသည်။

လော်ယွမ်က သူ့အား မသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်၏။ ထိုသူသည် အရပ်မြင့်မားပြီး သန်မာကာ ဂေါ်ရီလာမျောက်ကြီးတစ်ကောင်နှယ် အလွန်အမင်း သန်မာကြံ့ခိုင်သော ခံစားချက်ကို ပေးစွမ်း၏။ သူ၏မျက်နှာတွင် ကြမ်းတမ်းခက်ထန်သော အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ ရိုးသားအေးဆေးသော အသွင်ကို ဆောင်နေသည်။

သို့ရာတွင် လော်ယွမ်၏ မျက်မှောင်များမှာ အနည်းငယ် ကြုတ်သွား၏။ ထိုရိုးသားစွာပြုံးနေသော မျက်ဝန်းများထဲတွင် ရူးသွပ်မှုနှင့် ယိမ်းယိုင်မှု အရိပ်အယောင်တစ်ခု ဖုံးကွယ်နေသကဲ့သို့၊ အရူးအမူးနိုင်သော အငွေ့အသက်တစ်ခု ပျံ့လွင့်နေသကဲ့သို့ သူက မသဲမကွဲ ခံစားလိုက်ရသည်။

သို့သော် ဤကဲ့သို့သော ပြဿနာမျိုးသည် ယခုအခါ အလွန်အတွေ့ရများနေပြီဖြစ်၏။ ရက်စက်ကြမ်းတမ်းသော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဖိအားများနှင့် အမှောင်ထုသည် ဤလောက၏ တစ်ခုတည်းသော ခေါင်းစဉ်ဖြစ်နေသည်။ လူတိုင်းတွင် စိတ်ပိုင်းဆိုင်ရာရောဂါ အနည်းနှင့်အများ ရှိနေကြပြီး ဤအခြေအနေသည် စစ်သားများကြားတွင် အထူးသဖြင့် ထင်ရှားသည်။ လော်ယွမ်လည်း များများစားစား မစဉ်းစားလိုက်တော့ပေ။

ထိုအချိန်တွင် ရှုကျစ်ချန်က နောက်တစ်ကြိမ် စိတ်ဓာတ်မြှင့်တင်စကား ဆိုလိုက်သည်။ "ဒီတစ်ခေါက်တာဝန်က တော်တော်လက်ဝင်မယ်... ပြီးတော့ အခုအခြေအနေကလည်း ပုံမှန်မဟုတ်တော့... ကျဆုံးသွားတဲ့သူတွေအတွက် ထောက်ပံ့ကြေးအပြင် ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်တစ်ခုချမယ်... ဒီတစ်ခေါက် အထက်ကိုအပ်ရမယ့် ဝေစုထဲက သုံးဆယ်ရာခိုင်နှုန်းကို လျှော့ပေါ့ပေးမယ်... ပြီးတော့ ဆရာယွမ်ရဲ့ ဝေစုကိုလည်း အဲ့ဒီထက်အပ်ရမယ့် ဝေစုထဲကပဲ နှုတ်ယူသွားမယ်... အထက်က မငြင်းလောက်ဘူးလို့ ကျွန်တော်ထင်တယ်"

နောက်ဆုံးစကားတစ်ခွန်းတွင် လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသော်လည်း ဝမ်းနည်းစရာမှာ လော်ယွမ်မှလွဲ၍ မည်သူမျှ ထိုအတွင်းသဘောကို နားလည်နိုင်ခြင်းမရှိခဲ့ပေ။

လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများ ထွက်ပေါ်လာကြသည်။ ထိုလူများက တစ်ယောက်လျှင် မည်မျှရရှိမည်ကို တိုးတိုးတွက်ချက်နေကြမှပင် လော်ယွမ်သည် ဆင့်ကဲပြောင်းလဲသူများ တာဝန်ထမ်းဆောင်သည့်အခါ တိုက်ပွဲမှရရှိသော ပစ္စည်းများ၏ ငါးဆယ်ရာခိုင်နှုန်းကို အထက်သို့ အပ်နှံရကြောင်း သိလိုက်ရ၏။ ကျန်သည်ကို လူအများဖြင့် ထပ်မံခွဲဝေလိုက်သောအခါ လက်ထဲတွင် ကျန်ရှိသည်မှာ အလွန်နည်းပါးသွားတော့သည်။

အသက်ရှင်နေသရွေ့ ချမ်းသာကြွယ်ဝနိုင်သော ရှေ့တန်းစစ်သားများနှင့် နှိုင်းယှဉ်လျှင် ဤနေရာမှ ဆင့်ကဲပြောင်းလဲသူများသည် ဆင်းရဲဒုက္ခရောက်နေသော အုပ်စုတစ်စုနှင့်ပင် တူနေ၏။ သို့သော် သာမန်ပြည်သူများနှင့် နှိုင်းယှဉ်လျှင်မူ အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေသည်မှာ အမှန်ပင်။

ကျေနပ်ဖွယ်အဖြေကို ရရှိပြီးနောက် စိတ်ကျေနပ်မှုရသွားသော ဆင့်ကဲပြောင်းလဲသူများသည် ရှေ့သို့ ဆက်လက်ချီတက်ကြသည်။

ရှုကျစ်ချန်က အနားသို့ကပ်လာပြီး သူ၏မျက်နှာသည် ရေကဲ့သို့ တည်ကြည်ငြိမ်သက်နေကာ အသံကိုနှိမ့်၍ မေးလိုက်သည်။ "ခင်ဗျား ဘယ်လိုထင်လဲ"

"ဒါက မီးအမျိုးအစား သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဆိုတာ သံသယရှိစရာမလိုဘူး... အဆင့်ကတော့... ကျွန်တော် ခန့်မှန်းလို့မရဘူး... ဒါပေမဲ့ တော်တော်လေး ရင်ဆိုင်ရခက်လိမ့်မယ်လို့ ထင်တယ်" လော်ယွမ်က ဖုံးကွယ်၍ ပြောလိုက်၏။ အကယ်၍ သန္ဓေပြောင်းသတ္တဝါ၏ ကြောက်မက်ဖွယ်စွမ်းအားကို သူတို့အား အမှန်အတိုင်း သိခွင့်ပေးလိုက်ပါက သူတို့၏ တိုက်ခိုက်လိုစိတ်များ လုံးဝပျောက်ဆုံးသွားစေနိုင်၏။

သူ၏စိတ်ထဲတွင် ဤလူများသည် ထိုထိပ်တန်းအဆင့်သတ္တဝါ၏ အာရုံကို ဆွဲဆောင်ရန်အတွက် ငါးစာများသာ ဖြစ်၏။

သူ၏စွမ်းအားသည် ယခုအခါ ယခင်နှင့်မတူဘဲ အဆများစွာ တိုးတက်လာခဲ့ပြီး အကြွင်းမဲ့ယုံကြည်မှုလည်း ရှိနေသော်လည်း ဤကဲ့သို့သော ထိပ်တန်းအဆင့်သတ္တဝါနှင့် ရင်ဆိုင်ရာတွင် တစ်ကြိမ်ပေါ့ဆရုံဖြင့် အသက်ကို ပေးဆပ်ရမည်ဖြစ်ကြောင်း လော်ယွမ်က ကောင်းစွာနားလည်ထား၏။

ဤသည်မှာ အတ္တကြီးရာကျနိုင်သော်လည်း မိမိမရှိခဲ့လျှင်လည်း သူတို့သည် ဤတာဝန်ကို မလွဲမသွေ ထမ်းဆောင်ရမည်ဖြစ်ပြီး အဖွဲ့လိုက်ကျဆုံးသွားနိုင်ခြေပင် ရှိ၏။ သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သန္ဓေပြောင်းသတ္တဝါကို အမြန်ဆုံးသတ်ဖြတ်ပြီး ဤလူများကို တတ်နိုင်သမျှ များများ ကယ်တင်ရန်သာ ဖြစ်သည်။

ရှုကျစ်ချန်က မျက်နှာပျက်ပျက်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်ထဲတွင် မလုံမခြုံဖြစ်နေ၏။ ပတ်ဝန်းကျင်တွင် ရှိသည်ဟု ထင်ရရုံမျှသော ဖိနှိပ်သည့်အငွေ့အသက်တစ်ခု ပျံ့နှံ့နေပြီး သူ၏ရင်ဘတ်ကို အောင့်သက်သက်ဖြစ်စေသည်။ သူ၏စိတ်ထဲတွင် နောင်တရသောစိတ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာသော်လည်း ၎င်းကို အတင်းထိန်းချုပ်လိုက်ပြီး ခေါင်းလှည့်ကာ အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။ "ဘယ်လိုမှ မအောက်မေ့ပါနဲ့... ခင်ဗျားရဲ့ တကယ့်အဆင့်ကဘယ်လောက်လဲ သိလို့ရမလား"

"အဆင့်ငါးလောက်ရှိမယ်... ဒါမှမဟုတ် အဲ့ထက်ပိုနိုင်တယ်... ခင်ဗျားလည်းသိသားပဲ ကျွန်တော်က ပြန်လည်တည်ဆောက်ရေးဇုန်ကို ရောက်တာမကြာသေးတော့ တိတိကျကျ မစမ်းသပ်ရသေးဘူး"

ရှုကျစ်ချန်က သူ့အား တစ်ချက်ကြည့်လိုက်သော်လည်း ဝမ်းနည်းစရာမှာ တစ်ဖက်လူ၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး မျက်နှာအမူအရာမှ ဘာကိုမျှ ခွဲခြမ်းစိတ်ဖြာ၍မရပေ။ သူက နောက်တစ်ကြိမ် ထပ်မံစမ်းသပ်ရန် ပြင်ဆင်နေစဉ်မှာပင် ရှေ့မှလူများထံတွင် ရုတ်တရက် အခြေအနေတစ်ခု ပေါ်ပေါက်လာသည်။

"ခေါင်းဆောင်ရှူ... ဆရာယွမ်... ရှေ့မှာ တွင်းကြီးတစ်တွင်းရှိတယ်... ကျွန်တော်တို့ ဆင်းသွားကြမလား"

သူတို့နှစ်ဦးသည် စကားပြောနေသောကြောင့် လူအုပ်နှင့် အတော်လေး နောက်ကျကျန်ခဲ့ပြီး ရှေ့မှလူများသည် ကုန်စည်ဂိုဒေါင်၏ ခန်းမကြီးထဲသို့ ရောက်နှင့်နေကြပြီဖြစ်သည်။

"ကျွန်တော် အရင်ကြည့်လိုက်မယ်" ရှုကျစ်ချန်က ပြောရင်း ရှေ့သို့ အမြန်လျှောက်သွားလိုက်သည်။

လော်ယွမ်လည်း နောက်မှလိုက်သွား၏။ ကုန်စည်ဂိုဒေါင်ခန်းမကြီးသည် စတုရန်းမီတာပေါင်း သောင်းချီကျယ်ဝန်းပြီး အတွင်းထဲတွင် တောင်ကုန်းငယ်များသဖွယ် ကုန်သေတ္တာများ စုပုံထားသည်။ ပိုးကောင်အုပ်ကြီး ဝင်ရောက်လာစဉ်က ဤနေရာမှ ကုန်ပစ္စည်းများကို အချိန်မီမရွှေ့ပြောင်းနိုင်ခဲ့ဘဲ ဂိုဒေါင်တစ်ဝက်ခန့်စာ ကုန်သေတ္တာများ ကျန်ရှိနေသေးသည်။ ထိုတွေ့ရှိခဲ့သော တွင်းပေါက်ကြီးသည် လွတ်နေသော ထောင့်တစ်နေရာတွင် ရှိနေ၏။

လော်ယွမ်က တစ်ချက်ကြည့်လိုက်ရာ တွင်းပေါက်ကြီးသည် စတုရန်းမီတာတစ်ရာခန့် ကျယ်ဝန်းပြီး မြေအောက် ပေ၃၀အနက်မှ ရထားလမ်းကြောင်းဆီသို့ တိုက်ရိုက်ပေါက်နေသည်။ ယခုအခါ အတွင်းထဲသည် မည်းမှောင်နေပြီး အချိန်မရွေး သတ္တဝါဆန်းကြီးတစ်ကောင် ထွက်ပေါ်လာနိုင်သကဲ့သို့ ခံစားရကာ စိတ်ထဲတွင် ကြက်သီးမွှေးညင်းများ ထလာမိသည်။

သူက အနီးအနားမှမြေပြင်ကို ခြေထောက်ဖြင့် အားစိုက်ပွတ်တိုက်ကြည့်လိုက်ရာ မီးသွေးပြာများရောနှောနေသော သဲမှုန်များ ထွက်ပေါ်လာသည်။ ဤနေရာ၏ သဲကန္တာရအဖြစ်သို့ အသွင်ပြောင်းနေသော လက္ခဏာများက ပတ်ဝန်းကျင်ထက် ပိုမိုပြင်းထန်နေ၏။

"အောက်မှာ ရထားလမ်းပဲ... ဟိုသန္ဓေပြောင်းသတ္တဝါက အောက်မှာ ရှိနေလောက်တယ်... အားလုံး ဆင်းဖို့နေရာရှာကြ" ရှုကျစ်ချန်က တည်ကြည်စွာ ပြောလိုက်သည်။

ရထားလမ်းကြောင်းသည် မြေအောက် ပေ၃၀အနက်တွင်ရှိရာ သာမန်လူတစ်ယောက်အနေဖြင့် တိုက်ရိုက်ခုန်ဆင်းရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် ပြိုကျမှုကြောင့် ကွန်ကရစ်တုံးများ အစုလိုက်အပုံလိုက် ထပ်ဆင့်ကျကာ မြေအောက်သို့တိုက်ရိုက် ဆင်းသက်နိုင်သော တောင်စောင်းတစ်ခု ဖြစ်ပေါ်နေသဖြင့် ဤဆင့်ကဲပြောင်းလဲသူများအတွက်မူ လုံးဝအခက်အခဲမရှိပေ။

သူတို့အဖွဲ့သည် လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး ခုန်ကျော်ဆင်းသက်ကာ အောက်ခြေမှ ဧရာမဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားကြသည်။

ဤနေရာသည် လေလုံနေသောကြောင့် ဥမင်လိုဏ်ခေါင်း၏ အပူချိန်သည် သိသိသာသာ ပိုမြင့်မားနေပြီး ဒီဂရီရှစ်ဆယ်ခန့်အထိ တိုက်ရိုက်ရောက်ရှိနေသည်။ မီးဖိုကြီးတစ်ခုထဲသို့ ခေါင်းစိုက်ဝင်သွားသကဲ့သို့ပင်။

လော်ယွမ်နှင့် ဟူလျန်ချင်းဟုခေါ်သော မီးဓာတ်အမျိုးအစား ဆင့်ကဲပြောင်းလဲသူမှလွဲ၍ အခြားသူအားလုံး၏ မျက်နှာများမှာ နီရဲနေပြီး ချွေးများမှာ ရေကဲ့သို့ စီးကျနေကြသည်။

ဟူလျန်ချင်းသည် မီးအမျိုးအစား ဆင့်ကဲပြောင်းလဲသူဖြစ်ရာ ဤအခြေအနေတွင် ရေထဲမှငါးကဲ့သို့ပင် ဖြစ်နေသည်။ လော်ယွမ်မှာမူ ထိုပလာစမာအတွင်းခံဝတ်စုံ၏ အာနိသင်ကြောင့် အပူချိန်က လုံးဝမသက်ရောက်ပေ။

အမှန်မှာ လော်ယွမ်သည် ဤဝတ်စုံက စွမ်းအင်တိုက်ခိုက်မှုအများစုကို ကာကွယ်နိုင်ကြောင်း ကြိုတင်သိရှိထားပြီး အပူစွမ်းအင်သည်လည်း စွမ်းအင်တစ်မျိုးဖြစ်သည်မှာ သေချာသည်။ သို့သော် အာနိသင် ဤမျှကောင်းမွန်လိမ့်မည်ဟုမူ သူ လုံးဝထင်မှတ်မထားခဲ့ပေ။

အသားပေါ်နေသော အစိတ်အပိုင်းများတွင် ပူလောင်မှုကို ခံစားရသည်မှလွဲ၍ ခန္ဓာကိုယ်တွင် မည်သည့်ထူးခြားမှုမျှ မခံစားရပေ။

သူက အင်္ကျီလက်စကို တိတ်တဆိတ် လိပ်တင်လိုက်သောအခါ ဤဝတ်စုံသည် မှိန်ပျပျအလင်းရောင်များ တလက်လက်ထွက်နေသည်ကို တွေ့လိုက်ရသည်။ နံနက်က တွေ့ခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် အလင်းရောင်သည် အတော်အတန် တိုးပွားလာခဲ့သည်။ ၎င်းသည် အပူစွမ်းအင်တိုက်ခိုက်မှုကို ကာကွယ်ပေးရုံသာမက ထိုအပူစွမ်းအင်များကိုပါ စုပ်ယူနေကြောင်း ထင်ရှား၏။

သူက အင်္ကျီလက်စကို ပြန်ချလိုက်ပြီး ဓားရိုးကို အားစိုက်ဆုပ်ကိုင်လိုက်သည်။ ဤလေလုံနေသော နေရာထဲတွင် ထိပ်တန်းအဆင့်သတ္တဝါ၏ အငွေ့အသက်ကို နောက်ထပ် ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ပေ။ သဘာဝဘေးအန္တရာယ် ကျရောက်လာသကဲ့သို့၊ မိုးသားတိမ်တိုက်မည်းကြီးများက မြို့ကိုဖိစီးထားသကဲ့သို့ပင်ဖြစ်ပြီး အထူးသဖြင့် ဤသို့ မည်းမှောင်နေသော ပတ်ဝန်းကျင်တွင် လူကို အဆုံးမဲ့ကြောက်ရွံ့ထိတ်လန့်မှုကို ပေးစွမ်းနေသည်။

ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် အားအနည်းဆုံးအလင်းရောင်ပင် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည် လုံးဝမည်းမှောင်သွားတော့သည်။ အကယ်၍ လမ်းတစ်လျှောက် ပစ်ချခဲ့သော အလင်းတိုင်များသာမရှိပါက လော်ယွမ်၏ အလင်းမှိန်အမြင်အာရုံပင်လျှင် ကြီးစွာထိခိုက်ပေလိမ့်မည်။

သူ၏မျက်လုံးများသည် အလင်းရောင်ထုတ်လွှတ်နိုင်ခြင်းမရှိဘဲ အမြင်အာရုံသည် အလင်းပြန်မှုကိုသာ အားကိုးနေရဆဲဖြစ်သည်။ ဤကဲ့သို့ လေလုံနေသော မြေအောက်ပတ်ဝန်းကျင်တွင် အားအနည်းဆုံးအလင်းရောင်ပင်လျှင် ဖြတ်သန်းဝင်ရောက်ရန် ခက်ခဲလှ၏။

"ခင်ဗျားတို့ပြောကြည့်... အထဲမှာ ဘာရှိမယ်ထင်လဲ... ပိုးကောင်လား... ဒါမှမဟုတ် သတ္တဝါဆန်းကြီးလား" ရှောင်ပိုင်ဟုန်က အသံတိုးတိုးဖြင့် နောက်ပြောင်ပြောဆိုလိုက်သော်လည်း သူ၏အသံသည် ထိန်းချုပ်မရဘဲ တုန်ယင်နေသည်။

သို့သော် မည်သူမျှ လှောင်ပြောင်ခြင်းမရှိပေ။ အမှန်မှာ လော်ယွမ်မှလွဲ၍ လူတိုင်း၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

"ပါးစပ်ပိတ်ထား... အသံမထွက်နဲ့" ရှုကျစ်ချန်၏ အသံသည် လည်ချောင်းအောက်ခြေမှ ထွက်ပေါ်လာသကဲ့သို့ဖြစ်ပြီး အသံမှာ ခြောက်ကပ်နေကာ ပြောမပြနိုင်သော စိတ်မရှည်မှုကို ခံစားရစေသည်။

ပတ်ဝန်းကျင်သည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း၏ခြေသံများနှင့် စည်တီးသကဲ့သို့ ကျယ်လောင်နေသော နှလုံးခုန်သံများကိုသာ ကြားနေရသည်။ အခါအားလျော်စွာ အနီးအနားမှ တွင်းပေါက်မှ ကျောက်စရစ်ခဲများ လိမ့်ကျလာသံက လူကို တုန်လှုပ်ချောက်ချားစေသည်။

ဥမင်လိုဏ်ခေါင်းသည် အလွန်ကျယ်ဝန်းပြီး ဘယ်မှညာသို့ ရထားလမ်းလေးလမ်း ဖြန့်ခင်းထားသည်။ မှတ်ဉာဏ်ထဲမှ သာမန်ရထားလမ်းများနှင့်မတူဘဲ ဤရထားလမ်းများ၏ အကျယ်သည် အလွန်ကြီးမားပြီး လမ်းတစ်ခုစီသည် ၆ပေကျော်ခန့် ကျယ်ဝန်းမည်ဟု ခန့်မှန်းရသည်။ ဥမင်လိုဏ်ခေါင်းတစ်ခုလုံးသည် ၆၅ပေခန့်ကျယ်ဝန်းပြီး ပေ၂၀ကျော် မြင့်မား၏။

လော်ယွမ်သည် ဘယ်ဘက်ခြမ်းမှ ဥမင်နံရံပေါ်တွင် နက်ရှိုင်းသော ပွတ်တိုက်ရာများကို သတိပြုမိလိုက်ပြီး အထက်တွင် ဂျယ်လီကဲ့သို့သော အရည်အချို့ ကပ်ငြိကျန်ရှိနေသည်။

ဤသတ္တဝါသည် အပေါ်ဘက်မှ အုပ်စုနှင့်ကွဲကွာသွားသော သန္ဓေပြောင်းပိုးကောင်များနှင့်အတူ ဒဏ်ရာရရှိထားဟန်တူပြီး ဤနေရာတွင် မဖြစ်မနေ ခိုအောင်းနေရခြင်း ဖြစ်၏။

ဤသို့တွေးမိသောအခါ လော်ယွမ်သည် အနည်းငယ် သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ ဒဏ်ရာရနေသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် အကောင်းပကတိရှိသော သတ္တဝါတစ်ကောင်ထက် ရင်ဆိုင်ရ ပိုမိုလွယ်ကူပေလိမ့်မည်။

ထိုအချိန်တွင် အဖွဲ့သားများသည် ဥမင်လိုဏ်ခေါင်း၏ အကွေ့သို့ ချိုးကွေ့လိုက်ရာ အားလုံးသည် တစ်ပြိုင်နက်တည်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး ခန္ဓာကိုယ်များက ရုတ်တရက် ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် ဖြစ်သွားကြ၏။

ပြင်းထန်သောကြောက်ရွံ့မှုကြောင့် နှလုံးခုန်သံများ ရပ်တန့်သွားလုနီးပါး ဖြစ်သွားသည်။

ရှေ့ဘက် မလှမ်းမကမ်းတွင် မှိန်ပျပျအလင်းရောင်တစ်ကွက် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအားနည်းသော အလင်းရောင်ကို အမှီပြု၍ ကြီးမားသောသတ္တဝါကြီးတစ်ကောင်က လူတိုင်း၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

၎င်းထံမှ ပြင်းထန်သော ဖိအားပေးသည့်အငွေ့အသက်များ ပျံ့လွင့်နေ၏။ မီးတောက်နှင့်တူသော အမွေးရှည်များ ပေါက်နေသည့် ကြီးမားသောလက်သည်းကြီးတစ်စုံသည် ရထားလမ်းပေါ်တွင် ကွေးညွတ်လျက်ရှိပြီး ရထားလမ်းထက်ပင် သိပ်မငယ်လှပေ။ နွေရာသီပုစဉ်းကောင်နှင့်တူသော ရှည်လျားပြီး ရွှေရောင်ကွက်ပုံစံ အမာစားတောင်ပံတစ်စုံသည် ကိုယ်ပေါ်တွင် ညင်သာစွာ တင်ထားပြီး ရွှေသားကဲ့သို့သော ခံစားမှုကို ပေးသည်။ အမြီးပိုင်းတွင် သူ၏ကိုယ်အရှည်နီးပါးရှိသော အမြီးဆူးတစ်ချောင်း ပေါက်နေပြီး အရောင်မှာ မည်းနက်နေကာ မြင်ရသူတိုင်းကို ရင်တုန်စေသည်။

ယခုအချိန်တွင် ၎င်းသည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဝပ်နေပြီး မလှုပ်မယှက်ရှိနေသည်။ တစ်ကိုယ်လုံးမှ မှိန်ပျပျအလင်းရောင်များ ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်၏ အတက်အကျလှုပ်ရှားမှုနှင့်အတူ မျက်နှာပြင်မှ အလင်းအမှောင်ပြောင်းလဲမှုတို့သည် တစ်သားတည်း ကျနေ၏။ ယခုအချိန်တွင် ၎င်းသည် မတ်တပ်မရပ်သေးသော်လည်း အမြင့်မှာ ၁၅ပေကျော်နေပြီဖြစ်ပြီး ကျောဘက်သည် ဥမင်မျက်နှာကြက်နှင့် ထိလုနီးပါးဖြစ်နေသည်။ ဧရာမဥမင်လိုဏ်ခေါင်းကြီးတစ်ခုလုံးကို လုံးဝနီးပါး ပိတ်ဆို့ထားပြီး အဝေးမှကြည့်ရုံမျှဖြင့်ပင် ကြီးမားသော ဖိအားကို ခံစားနေရသည်။

ဆက်ရန်...

All Chapters