← Chapters

မျှော်လင့်ချက်မဲ့ခြင်းထဲမှရူးသွပ်မှု

Vol. 14 Ch. 280

မျှော်လင့်ချက်မဲ့ခြင်းထဲမှရူးသွပ်မှု

Vol. 14 Ch. 280

အကယ်၍သာ ဧရာမပိုးကောင်ကြီး၏ ဘယ်ဘက်တောင်ပံအစိတ်အပိုင်းတွင် ၃ပေခန့်ကျယ်ဝန်းပြီး မြင်ရသူတိုင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခုသာ မရှိခဲ့ပါလျှင် လူအုပ်စုမှာ ကြာမြင့်စွာကပင် စိတ်ဓာတ်ပြိုလဲကာ လှည့်ပြန်ပြေးသွားကြလောက်ပြီ ဖြစ်၏။

"ရှူး... ဒီလောက်ပြင်းတဲ့ ဒဏ်ရာနဲ့ သူ့ဒဏ်ရာပေါ်ကို ကန်စွန်းဥ (လက်ပစ်ဗုံး) လေးနှစ်လုံးလောက် ပစ်ထည့်လိုက်ရုံပဲ... ဒါတောင်မှ သူ မလဲကျဘူးဆိုရင် ငါ မယုံတော့ဘူး" ဖုန်ကော့ဟွာက ရုတ်တရက် လုံးဝန်းသော လက်ပစ်ဗုံးအချို့ကို ထုတ်ယူလိုက်ပြီး သူ၏ ရိုးသားဖြောင့်မတ်ဟန်ရှိသော မျက်နှာပေါ်တွင် ရူးသွပ်သော အမူအရာတစ်ခု ဖြတ်ပြေးသွားကာ အသံကိုနှိမ့်၍ တုန်ယင်စွာ ဆိုလိုက်၏။

"မဖြစ်ဘူး... အရင်ပြန်ဆုတ်မယ်" လော်ယွမ်က မျက်နှာပျက်ယွင်းစွာ ဆို၏။ ဤနေရာသည် မြေမျက်နှာပြင် အလွန်ကျဉ်းမြောင်းလှရာ သူ၏တိုက်ပွဲအတွက် လုံးဝမသင့်တော်ပေ။ သူ၏ သွက်လက်မှု ၁၅ မှတ်ဖြင့်ပင် လှုပ်ရှား ခုန်ပျံရန် နေရာမရှိချေ။ တစ်ဖက်လူသာ တစ်ရှိန်ထိုး တိုးဝင်လာပါက သူ ရှောင်တိမ်းရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

အကယ်၍ ယခင်ကဆိုလျှင် သူ၌ အနိုင်ရနိုင်ခြေ ငါးဆယ်၊ ခြောက်ဆယ်ရာခိုင်နှုန်း ရှိသေးသည်ဟု ဆိုနိုင်သော်လည်း၊ ဤသို့သော ပတ်ဝန်းကျင်အခြေအနေအောက်တွင်မူ နှစ်ဆယ်ရာခိုင်နှုန်းပင် မရှိလောက်တော့ပေ။

"ဟုတ်တယ်... ဆရာယွမ် ပြောတာမှန်တယ်... အရင်ပြန်ဆုတ်ကြတာပေါ့... ဒီသတ္တဝါကြီးက အရမ်းထူးဆန်းလွန်းတယ်... ကျွန်တော်တို့ သေချာပြန်တိုင်ပင်မှ ဖြစ်မယ်" ရှုကျစ်ချန်က သတိပြန်ဝင်လာပြီး အလျင်အမြန် ဆို၏။ ဤသတ္တဝါကြီးမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သူသည် မိမိကိုယ်ကို ကြောက်တတ်သူမဟုတ်ဟု ယုံကြည်၏။ ရာထူးမြင့်မားသော်ငြားလည်း ပုံမှန်တာဝန်များတွင် အမြဲတစေ ရှေ့ဆုံးမှ တိုးဝင်လေ့ရှိသည်။ သို့သော် ဤသတ္တဝါကြီး၏ ရှေ့မှောက်တွင်မူ သူ ကြီးမားသော စိတ်မလုံခြုံမှုကို ခံစားနေရဆဲ ဖြစ်၏။

"ဒီတာဝန်ကို ကျွန်မလည်း လက်လျှော့လိုက်ပြီ" အဖွဲ့ထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူ လီချင်းချင်းကလည်း မျက်နှာဖြူဖျော့စွာဖြင့် ဆိုသည်။

"မင်းတို့တွေ သရဲဘောကြောင်သွားတာလား.. ဒါက ဒဏ်ရာရနေတဲ့ သန္ဓေပြောင်းသားရဲတစ်ကောင်ပဲလေ" ဖုန်ကော့ဟွာက ရုတ်တရက် တိုးညင်းစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရာ သူ၏စိတ်အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ထင်ရှားလှသည်။ "ငါ သူ့ကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်လိုက်ကြ"

"ရှင်က တကယ်ပဲ အရူးပဲ" ထိုအချိန်တွင် လီချင်းချင်းက ရုတ်တရက် ဆဲရေးလိုက်ပြီး ချက်ချင်းပင် လှည့်ထွက်ပြေးတော့သည်။

လီချင်းချင်း၏ ဆဲရေးသံမှာ အလွန်ရုတ်တရက်နိုင်လှပြီး ထွက်ပြေးတိမ်းရှောင်ပုံမှာလည်း အလွန်ထူးဆန်းနေ၏။ လော်ယွမ်၏ စိတ်ထဲတွင် သံသယတစ်ချက် ဖြတ်ပြေးသွားစဉ်မှာပင် သူ၏နားများက စနက်တံဆွဲဖြုတ်လိုက်သော ကြည်လင်ပြတ်သားသည့်အသံကို ထက်မြက်စွာ ကြားလိုက်ရသည်။ သူ၏စိတ်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မျက်လုံးများ ချက်ချင်း ဖုန်ကော့ဟွာထံသို့ ရောက်ရှိသွား၏။ သူ၏လက်ထဲမှ လက်ပစ်ဗုံးသည် ရှူးရှူး မြည်ကာ မီးခိုးစိမ်းများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသောအခါ မျက်နှာ ချက်ချင်းပျက်ယွင်းသွား၏။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် လူအုပ်ကို ကျော်ဖြတ်သွားပြီး တစ်ချိန်တည်းတွင် အသံကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "သေစမ်း... အားလုံး အမြန်ပြေးကြ"

ဤအချိန်တွင် ထိုသန္ဓေပြောင်းသတ္တဝါ နိုးသွားမည်၊ မနိုးသွားမည်ကို သူ လုံးဝဂရုမစိုက်နိုင်တော့ချေ။

"ခွေးမသား... မင်း တကယ်ပဲ ရူးသွားပြီပဲ"

"မင်းသေချင်ရင် ကိုယ့်ဘာသာသေ... ငါတို့ကို လာဆွဲမထည့်နဲ့"

ယခုအချိန်အထိ ရှင်သန်နိုင်ခဲ့သော ဆင့်ကဲပြောင်းလဲသူများထဲတွင် သာမန်လူတစ်ဦးမျှ မပါဝင်ပေ။ စကားသံမဆုံးမီမှာပင် လူတိုင်း ချက်ချင်း အခြေအနေမမှန်တော့သည်ကို သဘောပေါက်ကာ အလျင်အမြန် လှည့်ထွက်ပြေးကြတော့၏။

"အရမ်းမြန်မြန်မပြေးကြနဲ့လေ... ငါ့ကိုစောင့်ကြပါဦးဟ" ဖုန်ကော့ဟွာ၏ မူလရိုးသားဖြောင့်မတ်ဟန်ရှိသော မျက်နှာမှာ ယခုအခါ တွန့်လိမ်နေပြီ ဖြစ်၏။ သူ၏ ကျယ်လောင်ခြောက်ကပ်ပြီး ပုံပျက်နေသော အသံထဲတွင် ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုတစ်မျိုး ပါဝင်နေသည်။ သူသည် မီးခိုးတလူလူထွက်နေသော လက်ပစ်ဗုံးကို ဆုပ်ကိုင်ထားရင်း မည်သို့မျှမဖြစ်သကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လူအုပ်နောက်သို့ အမီ လိုက်ပါလာ၏။

"ရူးသွားပြီ... သူ တကယ် ရူးသွားပြီ... သံဘူးရှောင်... ဦးလေးရှောင်... ခင်ဗျားရဲ့ ဆင့်ကဲပြောင်းလဲအစွမ်းကို အမြန်သုံးလိုက်တော့" ဟူလျန်ချင်းက အမှတ်တမဲ့ နောက်သို့ လှည့်ကြည့်လိုက်ရာ ကြောက်လန့်တကြား လိပ်ပြာလွင့်မတတ် ဖြစ်သွားပြီး အသံကုန်ခြစ်၍ အော်ဟစ်လိုက်၏။

ဖုန်ကော့ဟွာသည် သူနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။ သူ၏ မီးဓာတ်စွမ်းရည်မှာ ဤအခြေအနေအောက်တွင် ပေါက်ကွဲမှုကို အရှိန်မြှင့်တင်ပေးပြီး ပိုမိုပြင်းထန်သော ပေါက်ကွဲမှု ဖြစ်စေခြင်းမှလွဲ၍ အခြားမည်သို့မျှ အသုံးမဝင်ပေ။ ဤမျှ နီးကပ်သော အကွာအဝေးမှ ပေါက်ကွဲမှုတွင် သူ ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်သည့်တိုင် အသက်ရှင်လွတ်မြောက်နိုင်မည် မဟုတ်ချေ။

"ခွေးမသား... ဒီအရူးက ငါတို့ကိုအသေသတ်မလိုပဲ" ရှောင်ပိုင်ဟုန်သည် အဖွဲ့ခေါင်းဆောင်ဟူ၏ မျှော်လင့်ချက်မဲ့နေသော အသံကို ကြားပြီး လှည့်ကြည့်လိုက်ရာ ဦးရေပြားပင် ထုံကျဉ်သွားသည်။

"မြန်မြန်လုပ်... မြန်မြန်... အချိန်မမီတော့ဘူး" ရှန်ကျိရှင်းကလည်း အရူးအမူး အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်လေထုမှာ တုန်ခါလာပြီး ပေါက်ကွဲမှုကို တိုက်ရိုက်ရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း ထင်ရှားလှ၏။

"ခွေးမသား... ငါ့ကိုသတ်လို့ရမယ်မထင်နဲ့ကွ" အဖွဲ့ခေါင်းဆောင်ရှောင်က သူ၏စွမ်းရည်ကို အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ လည်ပင်းတွင် အကြောစိမ်းများ ထောင်ထလာသည်။

ဖုန်ကော့ဟွာသည် လက်ထဲမှ လက်ပစ်ဗုံး လျင်မြန်စွာ ပုံပျက်သွားသည်ကို ခံစားမိလိုက်၏။ သူ၏မျက်နှာပေါ်မှ ဟန်ဆောင်ထားသော ရိုးသားဖြောင့်မတ်သည့် မျက်နှာဖုံးမှာ လုံးဝကွာကျသွားပြီး ကြောက်မက်ဖွယ်ရာ အမူအရာသို့ ပြောင်းလဲသွားသည်။ "လုပ်မနေနဲ့ အလကားပဲ... အားလုံး အတူတူ သေကြတာပေါ့"

သို့သော် ရှဲခနဲ အသံတစ်ချက် ထွက်ပေါ်လာပြီး လူသန်ကြီး၏ လက်ထဲတွင် ဧရာမမီးတောက်ကြီးတစ်ခု ဝင်းခနဲ ထတောက်လာပြီး ချက်ချင်းပင် ပြန်လည်ငြိမ်းသေသွား၏။

လူအုပ်စုမှာ ထိတ်လန့်တကြား လှည့်ကြည့်လိုက်ပြီးမှ သက်ပြင်းတစ်ချက်ချနိုင်ကာ ခြေလှမ်းများလည်း ရပ်တန့်သွားကြသည်။

"ဖုန်ကော့ဟွာ... မင်းဆီကဖြေရှင်းချက်ကို ငါကြားချင်တယ်" ဟူလျန်ချင်းက မျက်နှာမည်းမှောင်စွာဖြင့် ဆိုသည်။

"ဖြေရှင်းချက်ဟုတ်လား... ဟားဟား ဖြေရှင်းချက်ကတော့... ငါတို့အားလုံး အတူတူ ငရဲကို သွားကြတာပေါ့ကွာ" ဖုန်ကော့ဟွာ၏ အမူအရာမှာ တွန့်လိမ်နေပြီး မျက်နှာတွင် ကြောက်ရွံ့မှု တစ်စိုးတစ်စိမျှမရှိဘဲ အရူးအမူး ရယ်မောနေ၏။ သူ၏ လက်တစ်ဖက်မှာ လုံးဝ မည်းတူးခြောက်ကပ်သွားပြီး ပျို့အန်ချင်စရာကောင်းသော အသားကင်နံ့တစ်ခု ထွက်ပေါ်နေသည်။

"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ... အခု မင်း လူသတ်မှုမမြောက်သေးခင်မှာ နောင်တရဖို့ အချိန်မီသေးတယ်" ရှုကျစ်ချန်၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားပြီး သွေးဆောင်ဖြားယောင်းလိုက်သည်။ အစွမ်းထက် ဆင့်ကဲပြောင်းလဲသူတစ်ဦးကို အသေခံတပ်သားအဖြစ် အသုံးပြုနိုင်ခြင်းမှာ မည်သူမဆို တတ်နိုင်သည်မဟုတ်ပေ။ ဤတာဝန်၏ ထူးဆန်းမှုနှင့် ဆက်စပ်တွေးတောကြည့်လိုက်ပါက အဖြေမှာ ထင်ရှားနေပြီ ဖြစ်၏။

"ဟားဟားဟား... အချိန်မမီတော့ဘူး... အချိန်မမီတော့ဘူး... သတ္တဝါကြီး နိုးလာပြီ... ငါတို့အားလုံး သေရတော့မယ်" ဖုန်ကော့ဟွာက အရူးအမူး ရယ်မောလိုက်သည်။

ဤအချိန်တွင် မြေပြင်သည် အနည်းငယ် တုန်ခါစပြုလာပြီး ပိုးကောင်သံ၊ ငှက်သံနှင့်တူသော စူးရှသည့်အော်မြည်သံတစ်ချက်နှင့်အတူ လှိုဏ်ခေါင်းလမ်း၏ အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာသည်။

"သေစမ်း... အမြန်ပြေး" ရှုကျစ်ချန်က မျက်နှာပျက်ယွင်းစွာဖြင့် အော်ဟစ်လိုက်ပြီး တစ်ဖန် လှည့်ထွက်ပြေးတော့သည်။

"ပြေးလည်းအလကားပဲ... ငါ မင်းတို့ကို ငရဲမှာ စောင့်နေမယ်" ဖုန်ကော့ဟွာက မူလနေရာတွင် ရပ်နေရင်း လူအများ လျင်မြန်စွာ ထွက်ခွာသွားသည်ကို ကြည့်ကာ ကြောက်မက်ဖွယ်ရာ ဆို၏။ လှိုဏ်ခေါင်းလမ်း၏ အပူချိန် ပြင်းထန်စွာ မြင့်တက်လာသည်နှင့်အမျှ သူ၏အရေပြားပေါ်တွင် အရည်ကြည်ဖုများ လျင်မြန်စွာ ထွက်ပေါ်လာပြီးနောက် အဝါရောင်အဆီများ အဆက်မပြတ် စီးကျလာသည်။ သူ၏အချိန်ကျရောက်လာပြီဖြစ်ကြောင်း ခံစားမိဟန်တူ၏။ အပူချိန်မြင့်မားမှုကြောင့် ခြောက်သွေ့နောက်ကျိနေသော သူ၏မျက်လုံးများမှာ တစ်ဖန် ကြည်လင်လာပြီး သေခါနီးအလင်းတန်းကဲ့သို့ သူ အားကုန်အော်ဟစ်လိုက်သည်။"အဲ့ဒီ အရမ်းလှတဲ့ မိန်းမကို သတိထား... ငါ့အတွက် လက်စားချေပေးပါ"

စကားသံမဆုံးမီမှာပင် သူ၏ဝမ်းဗိုက်မှာ လျင်မြန်စွာ ဖောင်းကားလာပြီး မျက်လုံးများ ပြူးကျယ်ထွက်လာကာ တစ်ကိုယ်လုံးမှ အငွေ့များ တလူလူ ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဝမ်းဗိုက်သည် ကိုယ်ဝန်ဆယ်လဆောင်ထားသော အမျိုးသမီးထက်ပင် ကြီးမားသွားပြီး ဝမ်းဗိုက်အရေပြားမှာ ကြည်လင်လာတော့မတတ် ဖြစ်နေ၏။ အတွင်းအပြင် ဖိအားကို မခံနိုင်သောကြောင့် မျက်လုံးများမှာ ဂေါ်လီလုံးများကဲ့သို့ တဖျစ်ဖျစ် မြည်ကာ ပထမဆုံး လွင့်စင်ထွက်ကျလာပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ ထို့နောက် ဘုန်း ခနဲ အသံကျယ်ကြီးတစ်ချက်နှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့၏။

လီချင်းချင်းသည် ရှေ့ဆုံးမှ အသက်လု ပြေးလွှားနေပြီး သူမ၏အမူအရာမှာ မျှော်လင့်ချက်ကင်းမဲ့နေ၏။

သူမသည် လျှို့ဝှက်ဆန်းကြယ်သော ကြိုတင်ဟောကိန်းထုတ်နိုင်သည့် အမျိုးအစား ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ပြီး စွမ်းရည်မှာ အလွန်ရှားပါးထူးခြားလှ၏။ စွမ်းရည်မှာ အားနည်းပြီး အများဆုံး အနာဂတ်၏တစ်စက္ကန့်အတွင်းမှ ပုံရိပ်ကိုသာ ခံစားသိရှိနိုင်သော်လည်း တိုက်ပွဲအတွင်း အကူအညီမှာမူ အလွန်အားကောင်းလှပေသည်။

ဤစွမ်းရည်ကို အားကိုး၍ သူမသည် အများအားဖြင့် အန္တရာယ်များကို ဦးစွာ ရှောင်ရှားနိုင်ခဲ့ပြီး သူမထက် ပိုမိုအားကောင်းသော ဆင့်ကဲပြောင်းလဲသူများကိုပင် အနိုင်ယူနိုင်ခဲ့၏။

သို့သော် ယခုအချိန် ဤနေရာတွင်မူ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်မှာ လုံးဝအသုံးမဝင်တော့ပေ။ စိတ်ထဲတွင် မြင်နေရသော အနာဂတ်ပုံရိပ်များအားလုံးမှာ ပိုမိုဆိုးရွားသော ရလဒ်များသာ ဖြစ်နေ၏။

သူမ၏ခြေလှမ်းများမှာ တဖြည်းဖြည်း နှေးကွေးလာပြီး အမြင်အာရုံမှာ တဖြည်းဖြည်း ဝေဝါးလာကာ ဦးနှောက်မှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားသည်။ ထို့နောက် သူမ မြေပြင်ပေါ်သို့ ပျော့ခွေ လဲကျသွားတော့၏။

"မလုပ်နဲ့" မျှော်လင့်ချက်ကင်းမဲ့သော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။

………………………………………………………………………………

နောက်မှ လီချင်းချင်း၏ နာကျင်စွာအော်ဟစ်သံကို ကြားသောအခါ ဟူလျန်ချင်း၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူ၏ ဆင့်ကဲပြောင်းလဲမှုစွမ်းရည်ကို အစွမ်းကုန် ထုတ်လွှတ်ထားရာ တစ်ကိုယ်လုံးတွင် မြူခိုးကဲ့သို့ ပါးလွှာသော အပြာရောင်မီးတောက်များ ပျံ့နှံ့နေပြီး ပတ်ဝန်းကျင်လေထုမှာ ပြင်းထန်စွာ လိမ်ကောက်နေသည်။ ဤမီးတောက်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ သူပြုလုပ်ခဲ့ဖူးသော စမ်းသပ်မှုအရဆိုလျှင် သာမန်သံတုံးတစ်တုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားပါက ဆယ်စက္ကန့်အတွင်း နီရဲလာပြီး စက္ကန့်သုံးဆယ်အကြာတွင် ပျော့ပျောင်းကာ အရည်ပျော်လာ၏။

အကယ်၍ လူ့ခန္ဓာကိုယ်ကို ထိမှန်ပါက မသေလျှင် ဒဏ်ရာရမည်မှာ သေချာသည်။ ကန္တာရမြို့တွင် မည်သူမျှ သူနှင့် အနီးကပ်မတိုက်ခိုက်ဝံ့ပေ။ အဆင့်ငါး ဆင့်ကဲပြောင်းလဲသူ လော်ယွမ်ပင်လျှင် သူ၏အနားသို့ ချဉ်းကပ်နိုင်မည်မဟုတ်ဟု သူ ယုံကြည်၏။

လှိုဏ်ခေါင်းလမ်း၏ အပူချိန်မှာ အမှန်တကယ်တော့ သိပ်မမြင့်မားဘဲ အများဆုံး တစ်ရာ၊ နှစ်ရာဒီဂရီခန့်သာ ရှိသည်ကို သူ ခံစားမိ၏။ မီးဓာတ်ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် ဤသို့သော အပူချိန်မျိုးကို မူလက သူ အလေးမထားခဲ့ပေ။ သူ၏အရေပြားမျက်နှာပြင်သည် ဤအပူချိန်ကို စုပ်ယူပြီး မိမိ၏စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိ၏။

သို့သော် ယခုအပူချိန်မှာ အလွန်ထူးခြားနေပြီး ခန္ဓာကိုယ်အတွင်းပိုင်းမှ ထုတ်လွှတ်နေသကဲ့သို့ပင်။ လုံးဝ ခုခံကာကွယ်၍မရ၊ လုံးဝ စုပ်ယူ၍မရဘဲ သူ့ကို ပြာကျသည်အထိ လောင်ကျွမ်းစေလိုသကဲ့သို့ ရှိနေ၏။

"လျှောက်ပြေးကြနဲ့... ကျဉ်းမြောင်းတဲ့နေရာတစ်ခုခုမှာ ပုန်းနေ... ဒါ မိုက်ခရိုဝေ့ဖ်လှိုင်းပဲ" ရှေ့မှ ရှန်ကျိရှင်းက အော်ဟစ်လိုက်သည်။ လှိုင်းအမျိုးအစားတူ စွမ်းရည်ပိုင်ရှင်တစ်ဦးအနေဖြင့် သူသည် လေထု၏တုန်ခါမှုအပေါ် ခံစားနိုင်စွမ်းရှိပြီး လေထုထဲမှ ထူးခြားမှုကို လျင်မြန်စွာ ခံစားမိလိုက်သည်။

မိုက်ခရိုဝေ့ဖ်လှိုင်းသည် 300MHz မှ 300GHz ရှိသော လျှပ်စစ်သံလိုက်လှိုင်းတစ်မျိုးဖြစ်ပြီး ၎င်းသည် လှိုင်းများကို စုပ်ယူနိုင်သော အရာဝတ္ထုများ (ဥပမာ ရေနှင့် သက်ရှိဒြပ်ပေါင်းများ) ကို မော်လီကျူးတုန်ခါမှုဖြစ်စေကာ အချင်းချင်းပွတ်တိုက်စေပြီး အပူဓာတ်ကို ထုတ်ပေးသည်။ ဤသည်မှာ မော်လီကျူးအဆင့်တွင် သက်ရောက်သော အပူပေးခြင်းဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ယံမှ ကာကွယ်မှုမှာ လုံးဝအသုံးမဝင်ချေ။

"သေစမ်း... ဒါကို အစောကတည်းက တွေးမိလိုက်ရမှာ" ရှုကျစ်ချန်က အော်ဟစ်လိုက်သည်။ ဤအချိန်တွင် သူ၏ပုံစံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး တစ်ကိုယ်လုံးတွင် ထူထဲသော အဆီများ စီးကျနေ၏။ ကိုယ်ပေါ်မှ အရေပြားအဆီများမှာ အရည်ပျော်သွားသကဲ့သို့ဖြစ်ပြီး ပြေးလွှားရင်း အဆက်မပြတ် ကွာကျသွားလိုက်၊ အရေပြားအသစ်များ ပြန်ပေါက်လာလိုက် ဖြစ်နေသည်။

ထိုအချိန်တွင် သူ၏ရှေ့၌ လှိုဏ်ခေါင်းမျက်နှာကြက်မှ ပြုတ်ကျလာသော ၆ပေကျော်မြင့်သည့် ကွန်ကရစ်တုံးကြီးတစ်တုံး ပေါ်ထွက်လာသည်။ သူ လျင်မြန်စွာ နောက်ကွယ်သို့ ပုန်းခိုလိုက်ပြီး ခန္ဓာကိုယ်အပူချိန် တဖြည်းဖြည်း ကျဆင်းသွားသည်ကို ခံစားမိမှ အနည်းငယ် သက်ပြင်းချနိုင်တော့သည်။

စက္ကန့်အနည်းငယ်မကြာမီမှာပင် ဟူလျန်ချင်းသည် ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့် သူ၏အမြင်အာရုံထဲသို့ ပေါ်ထွက်လာပြီး ခြေလှမ်းများ ပျော့ခွေကာ မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။

"မြန်မြန်လာခဲ့... ခြေလှမ်းနည်းနည်းပဲ လိုတော့တယ်" ရှုကျစ်ချန်က အသံကျယ်ဖြင့် ဆိုသည်။

"ငါ မရတော့ဘူး... ငါ့ကို ဂရုမစိုက်နဲ့တော့" သူ ခါးသက်စွာ ပြုံးလိုက်သည်။ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မြင့်မားမှုများ ထုတ်လွှတ်နေပြီး မိုက်ခရိုဝေ့ဖ်၏ လှိုင်းဒဏ်အောက်တွင် သူ၏စွမ်းရည်မှာ ထိန်းချုပ်မှုလွတ်သွားပုံရ၏။ ကိုယ်ပေါ်မှ မီးတောက်များမှာ ပို၍ပို၍ တောက်လောင်လာပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်ပါ စတင်၍ ထိန်းမနိုင်သိမ်းမရ တောက်လောင်လာသည်။ စက္ကန့်အနည်းငယ်မပြည့်မီမှာပင် လူတစ်ကိုယ်လုံးသည် ချက်ချင်း မီးသွေးခဲအဖြစ်သို့ ပြောင်းလဲသွားတော့၏။

"တောက်... သေစမ်း... သေစမ်းကွာ"

ရှောင်ပိုင်ဟုန်နှင့် ရှန်ကျိရှင်းတို့၏ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ခံစားမိပြီး လော်ယွမ်မှာမူ မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိနိုင်တော့ပေ။ အထီးကျန်မှုနှင့် မျှော်လင့်ချက်မဲ့မှုတစ်မျိုး သူ၏စိတ်နှလုံးထဲမှ ပေါ်ထွက်လာ၏။ ထို့အပြင် မျက်စိရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် သူကဲ့သို့ စိတ်ဓာတ်ခိုင်မာသူပင်လျှင် စိတ်ခံစားချက်များ မထိန်းနိုင်ဘဲ ပြိုလဲသွားမိသည်။ ရှုကျစ်ချန်က မြေပြင်ကို အားနှင့်ထုလိုက်ပြီး ဒဏ်ရာရနေသော သားရဲကြီးတစ်ကောင်ကဲ့သို့ တိုးညင်းစွာ ဟိန်းဟောက်နေမိ၏။

လှိုဏ်ခေါင်းလမ်းထဲမှ မိုက်ခရိုဝေ့ဖ်လှိုင်းများမှာ ပို၍ပို၍ အားကောင်းလာပြီး တဖြည်းဖြည်း ကျောက်တုံးနောက်ကွယ်တွင် ပုန်းအောင်းနေ၍ပင် အသုံးမဝင်တော့ပေ။ တစ်ချိန်တည်းမှာပင် တိုးညင်းသော ခြေသံတစ်စုံက ဤဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး အသံမှာ လျင်မြန်စွာ ပိုမိုရှင်းလင်းလာသည်။

ဒဏ်ရာရထားသောကြောင့် ဖြစ်မည် ၎င်း၏ ခြေလှမ်းအကြိမ်နှုန်းမှာ မမြန်လှပေ။ သို့သော် ၎င်း၏ ဧရာမကိုယ်လုံးကိုယ်ပေါက်ကြီးဖြင့် ရှေ့ဆက်လာသော အရှိန်မှာ အနည်းငယ်မျှ မနှေးကွေးပေ။ မိမိအနေဖြင့် ဘေးကင်းစွာ ထွက်ခွာနိုင်တော့မည်မဟုတ်ပေ။

သူ၏စိတ်ထဲတွင် နောင်တတစ်ချက် ဖြတ်ပြေးသွားသည်။ ဤတာဝန်သည် မူလကတည်းက ပရိယာယ်တစ်ခု ဖြစ်နိုင်ပြီး သူကမူ မိမိကိုယ်ကို ဉာဏ်ကောင်းသည်ဟု ထင်ကာ တက်ကြွစွာထောင်ခြောက်ထဲသို့ ဝင်ရောက်လာခဲ့မိသည်။

"ဒါပေမဲ့ သေရမယ်ဆိုရင်တောင်... ဒီတိုင်းတော့ အသေမခံဘူးကွ" သူ တိုးညင်းစွာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး မျက်နှာမှာ ရုတ်တရက် ကြောက်မက်ဖွယ်ရာ ဖြစ်သွားသည်။

"အားးးးးးးးးးးး" သူ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ကိုယ်လုံးရှိ အဝတ်အစားများကို ဆွဲဖြဲလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်သည် လှိုဏ်ခေါင်းလမ်းထဲတွင် တစ်ဖန် ပေါ်ထွက်လာ၏။ သူက ကိုယ်ကိုကိုင်းထားပြီး ကြမ်းတမ်းခက်ထန်သော မျက်လုံးများဖြင့် ရှေ့သို့ ကြည့်ရင်း ဆိုသည်။"လာခဲ့... လာခဲ့စမ်းပါ... သောက်ပိုးကောင်လေး"

ဆက်ရန်...

All Chapters