← Chapters

ပဋိပက္ခ

Vol. 14 Ch. 272

ပဋိပက္ခ

Vol. 14 Ch. 272

ဝမ်ရှီရှီက တံခါးဖွင့်ပေးလိုက်သောအခါ ဝင်လာသူမှာ ဟော်တုံဖြစ်ပြီး သူ၏နောက်တွင် ဗိုလ်မှူးကြီး စစ်ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦး လိုက်ပါလာသည်။

"ခေါင်းဆောင်ယွမ်... ဒါက ကာကွယ်ရေးတပ်မက တပ်မမှူးလျိုပဲ" ဟု ဟော်တုံက ဘေးသို့ အနည်းငယ် ကပ်ရပ်လိုက်ပြီး မျက်နှာငယ်ဖြင့် မိတ်ဆက်ပေးသည်။ သူ၏မျက်နှာတွင် မတတ်သာနိုင်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။

ရောက်ရောက်ခြင်းမှာပင် ဤသို့သော အထက်ပိုင်းလူကြီးတစ်ဦး ရောက်ရှိလာသောကြောင့် လော်ယွမ်၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွား၏။ သူက ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။ "တပ်မမှူးလျို ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး... ဒါကတကယ်ဂုဏ်ယူစရာပဲ"

"ကျွန်တော်လည်း ခင်ဗျားရဲ့သတင်းကို ကြားနေရတာ ကြာပြီ... ကန္တာရမြို့ကို အစွမ်းထက်တဲ့ဆင့်ကဲပြောင်းလဲသူတစ်ယောက် ရောက်နေတယ်လို့ ကြားပေမဲ့ တွေ့ဆုံဖို့ အခွင့်မကြုံခဲ့ဘူး... ခုနက ခင်ဗျားတို့ ဖြတ်သွားတာ မြင်လိုက်လို့ အမြန် လိုက်လာတာလေ... ကျွန်တော့်ကို ရုတ်တရက်ကြီး ပေါက်ချလာတယ်လို့တော့ အပြစ်မတင်ပါဘူးနော်" တပ်မမှူးလျိုက ပွင့်လင်းစွာ ရယ်မောရင်း ဆိုကာ လက်ဆွဲနှုတ်ဆက်ပြီးနောက် အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွား၏။

"တပ်မမှူးလျိုလို လူကြီးတစ်ဦး ရောက်လာတာကို... အားရပါးရကြိုဆိုရမှာပေါ့... ဒါပေမဲ့ ဒီနေရာက သိပ်မကောင်းတော့... ဧည့်ခံဖို့ ဘာမှမရှိတာ အားနာစရာပဲ" လော်ယွမ်က ကိုယ်ကို အသာရွှေ့၍ ဧည့်သည်ကို ဝင်ခွင့်ပြုရင်း ခပ်ပြုံးပြုံး ဆိုသည်။

"ဒီနေရာက တကယ်မကောင်းတာပဲ... ဒီမှာဘာမှမရှိဘူး... ဟော်တုံ ခဏနေရင် ငါ မင်းကို စာတစ်စောင်ရေးပေးလိုက်မယ်... မင်းက အခုသွားပြီး စည်သွပ်ဘူး သေတ္တာနည်းနည်းယူလာခဲ့" တပ်မမှူးလျိုက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း ခေါင်းညိတ်ကာ ဟော်တုံဘက်သို့ လှည့်၍ ဆိုသည်။

လော်ယွမ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးတောလိုက်မိသည်။ ဤသဘောထားမှာ အနည်းငယ် အာဏာပြင်းလွန်းနေသည်တကား။

"ဟုတ်ကဲ့ပါ တပ်မမှုး" ဟော်တုံသည် ဤပြဿနာဖြစ်ပွားနိုင်သော နေရာမှ အလျင်အမြန် ထွက်ခွာသွားသည်။ မသွားမီတွင် သူက ဟွမ်ကျားဟွေကို မျက်ရိပ်တစ်ချက် ပြသွား၏။

ဟွမ်ကျားဟွေသည် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားပြီး အကြောင်းပြချက်တစ်ခု အမြန်ရှာကာ လူအများကို ဆွဲခေါ်၍ အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။

"တပ်မမှူးလျို ကျွန်တော့်ကို တွေ့ချင်တာ... ဘာကိစ္စရှိလို့လဲ" လူများအားလုံး ထွက်သွားသည်ကို မြင်သောအခါ လော်ယွမ်သည် ဆက်လက်၍ ကွေ့ပတ်မနေတော့ဘဲ ပွင့်လင်းစွာပင် မေးလိုက်သည်။

တပ်မမှူးလျိုသည် အပြုံးကို ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ထိုင်လိုက်သည်။ သူ၏မျက်လုံးများက လော်ယွမ်ကို စူးစိုက်ကြည့်ရင်း ဆိုသည်။ "ဆရာယွမ်က ပွင့်လင်းတဲ့သူဆိုတော့ ကျွန်တော်လည်း တည့်ပဲ ပြောတော့မယ်... ကျွန်တော်သိရသလောက် ခင်ဗျားမှာ အခုထိ တိကျတဲ့အလုပ်အကိုင် မရှိသေးဘူးနော်... ဒါက ခင်ဗျားရဲ့ အရည်အချင်းအတွက် တကယ်ကို ဖြုန်းတီးရာကျလွန်းတယ်... ခင်ဗျား စစ်တပ်ကို စိတ်ဝင်စားလားမသိဘူး"

သူ၏ကိုယ်လုံးမှာ အနည်းငယ် ဝဖြိုးပြီး ဦးခေါင်းမှာ လုံးဝန်းကာ မျက်နှာတွင် အသားများ ပြည့်တင်းနေသည်။ ပြုံးလိုက်သည့်အခါ ကြင်နာတတ်သူတစ်ဦးဟု ထင်ရသော်လည်း အပြုံးကို ရုတ်သိမ်းလိုက်သည့်အခါ ထိုသာမန်မျက်နှာပေါ်မှ ရာထူးကြီးမြင့်သူတစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်လာ၏။ သာမန်လူတစ်ယောက်သာဆိုလျှင် ဤအချိန်၌ ခြေလက်များ ပျော့ခွေကာ လက်ဖဝါးတွင် ချွေးများ စို့နေလောက်ပြီ ဖြစ်သည်။

"ဒါက စစ်မှုထမ်းဖို့ ဆင့်ခေါ်တာလား" လော်ယွမ်၏ မျက်နှာအမူအရာ တင်းမာသွားသည်။

"ဒီလိုလည်း သတ်မှတ်လို့ရတယ်... ဒါမှမဟုတ် ဖိတ်ခေါ်တာလို့သတ်မှတ်ချင်လည်းရတယ်" တပ်မမှူးလျို၏ အကြည့်များက ဖိအားပေးနေ၏။

"တကယ်လို့ ကျွန်တော် ငြင်းတယ်ဆိုရင်ရော..." လော်ယွမ်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

"စစ်မှုထမ်းဖို့က... အရွယ်ရောက်ပြီးသား အမျိုးသားတိုင်းရဲ့ တာဝန်ပဲလေ... စစ်မှုထမ်းဖို့ ငြင်းဆန်တာကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် သတ်မှတ်တယ်... ခင်ဗျားအဲ့လိုဖြစ်ချင်တာ သေချာလို့လား" တပ်မမှူးလျို၏ မျက်နှာ မည်းမှောင်သွားပြီး ဆိုသည်။

လော်ယွမ်၏ စိတ်ထဲတွင် အမည်မသိသော ဒေါသမီးတစ်ချက် ဟုန်းခနဲ တောက်လောင်သွား၏။ သူသည် ကျေးဇူးတရားကို တန်ဖိုးထားသူတစ်ဦး ဖြစ်သည်။ ဤခရီးတစ်လျှောက်တွင် တပ်ခွဲမှူးကျိုးနှင့် တပ်ခွဲမှူးရှမှ သာမန်စစ်သားငယ်လေးများအထိ စစ်သားတိုင်းက သူ၏စိတ်ထဲတွင် လေးနက်သော အမှတ်တရများ ချန်ထားခဲ့ကြသည်။ သူတို့က လေးစားထိုက်သော လူတစ်စု ဖြစ်၏။

ကမ္ဘာပျက်ကာလ၏ စစ်ပွဲသည် ပထမ၊ ဒုတိယ ကမ္ဘာစစ်များထက် အဆပေါင်းရာနှင့်ချီ၍ ပိုမိုရက်စက်ကြမ်းတမ်းသော စစ်မြေပြင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရန်သူမှာ လူသားများမှ သားရဲများအဖြစ်သို့ ပြောင်းလဲသွားပြီး လက်နက်ချအညံ့ခံရန် မဖြစ်နိုင်သလို အပေးအယူလုပ်၍လည်း မရနိုင်သောကြောင့် ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးနှုန်းကြောင့် သူတို့သည် စစ်တပ်ထဲသို့ ဝင်ရောက်ပြီး စစ်သားတစ်ယောက် ဖြစ်လာသည့်အချိန်မှစ၍ သေမင်း၏ ချောက်နက်ကြီးထဲသို့ ခြေတစ်လှမ်းချလိုက်သည်နှင့် တူနေ၏။

ပြန်လည်တည်ဆောက်ရေးဇုန်သို့ ဝင်ရောက်ပြီးနောက် ကန္တာရမြို့၏ တက်ကြွလန်းဆန်းသော အငွေ့အသက်များက သူ့ကို များစွာ ကူးစက်စေခဲ့သည်။ နောက်တန်းမှ အလုပ်ကြိုးစားသော အလုပ်သမားများ၊ ဇွဲလုံ့လရှိသော ကျောင်းသားများ၊ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသော သုတေသနပညာရှင်များ၊ ဤသို့သော ပတ်ဝန်းကျင်ကြီးအောက်တွင် သူ မည်မျှပင် တစ်ကိုယ်ကောင်းဆန်စေကာမူ ဤအငွေ့အသက်များက ကူးစက်ခံရပြီး မကြာခဏဆိုသလို သွေးများ ဆူပွက်လာခဲ့သည်။

အကယ်၍ တစ်ဖက်လူက လေးစားစွာ ဆက်ဆံပြီး နိုင်ငံတော်အတွက် တာဝန်ကျေပွန်ရန် ပြောဆိုခဲ့ပါက သူ မည်မျှပင် စစ်တပ်ကို မနှစ်သက်စေကာမူ၊ မည်မျှပင် ချုပ်တည်းမှုကို မကြိုက်စေကာမူ လူသားတို့၏ ဤနောက်ဆုံး ခိုလှုံရာနေရာ၏ တည်ငြိမ်မှုအတွက်၊ မိမိမိသားစု၏ လုံခြုံမှုအတွက်၊ လူသားတစ်ဦးအနေဖြင့် ထမ်းဆောင်သင့်သော တာဝန်အတွက် သူ သဘောတူလိုက်မိမည် ဖြစ်သည်။

သို့သော် ဤလူသည် ဝင်လာသည်နှင့် အာဏာပြင်းထန်လှပြီး နေရာတကာတွင် အသာစီးယူရန် ကြိုးစားနေသည်။ ယခုအခါတွင်မူ စကားလုံးများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မိမိကိုယ်သူ ပျော့ညံ့သူတစ်ဦးဟု ထင်မှတ်ပြီး ကြိုက်သလို ညှစ်၍ရမည်ဟု ထင်နေသလော။

သူ စစ်တပ်အကြောင်း များများစားစား မသိသော်လည်း ဟော်တုံမှတစ်ဆင့် ကာကွယ်ရေးတပ်မကဲ့သို့သော တတိယတန်းစားတပ်ဖွဲ့တွင် ထူးချွန်သော ဆင့်ကဲပြောင်းလဲသူများ မရှိကြောင်း သူ သိ၏။ ရှိလျှင်လည်း ဆက်လက်ထိန်းထားနိုင်မည်မဟုတ်ဘဲ ရှေ့တန်းတပ်ဖွဲ့များသို့ ဆွဲခေါ်သွားခြင်း ခံရမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ မေးစရာပင်မလိုဘဲ သိသာနေ၏။ သူ့ကို စစ်တပ်ထဲသို့ ဆွဲသွင်းပြီး အထက်လူကြီးဌာနများသို့ မိတ်ဆက်ပေးကာ မျက်နှာသာရယူရန် ကြံစည်နေခြင်းသာ ဖြစ်သည်။

ယခင်က တွေ့ဆုံခဲ့ဖူးသော သေမင်းကို မကြောက်မရွံ့သည့် စစ်သားများနှင့် နှိုင်းယှဉ်ပါက ဤသို့သောလူမှာ စစ်သားများကြားမှ အမှိုက်သရိုက်တစ်ဦးပင် ဖြစ်သည်။

"ကျုပ်ရှေ့ကနေ အခုချက်ချင်းထွက်သွားစမ်း" လော်ယွမ်၏ မျက်နှာ ရုတ်ခြည်းပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ အမြဲတစေ ထိန်းချုပ်ထားသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။

တပ်မမှူးလျို၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားပြီး နဖူးတွင် အကြောစိမ်းများ ထောင်ထလာကာ ချွေးစေးများ မထိန်းနိုင်ဘဲ စီးကျလာသည်။ ဤသည်မှာ လော်ယွမ်က မသိစိတ်ဖြင့် ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး သူ့ကို ရန်သူအဖြစ် မသတ်မှတ်သောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ဝိညာဉ်မှာ ကြာမြင့်စွာကပင် လွင့်စင်သွားပြီး ဦးနှောက်သေသော လူသားတစ်ဦး ဖြစ်သွားလောက်ပြီ ဖြစ်သည်။

သူ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားပြီး ပြင်းထန်သော ကြောက်ရွံ့မှုတစ်ခုက သူ၏နှလုံးသားကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရကာ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေမိသည်။ သူ နောက်တစ်ကြိမ် မာမာထန်ထန် ပြန်ပြောရန် ကြံရွယ်လိုက်သော်လည်း ထိုအေးစက်တည်ငြိမ်သော မျက်ဝန်းများကို မြင်လိုက်ရမှ သတိပြန်ဝင်လာသည်။ ဤပုဂ္ဂိုလ်သည် နောက်တန်းတွင် မွေးထုတ်လိုက်သော ယဉ်ကျေးသိမ်မွေ့သည့် ဆင့်ကဲပြောင်းလဲသူတစ်ဦး မဟုတ်ပေ။ သူသည် တရုတ်နိုင်ငံတစ်ဝက်ကို ခြေကျင်နီးပါး ဖြတ်သန်းလာပြီး လမ်းတစ်လျှောက် မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်လာခဲ့သူ၊ ဟော်တုံ၏ ပြောကြားချက်အရ ထိုအထဲတွင်အဆင့်ခြောက် သန္ဓေပြောင်းသက်ရှိတစ်ကောင်ပင် ပါဝင်နိုင်ခြေရှိသော အစွမ်းထက် ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်သည်။ သူ ဖတ်ရှုခွင့်ရခဲ့သော အတွင်းရေးအချက်အလက်တစ်ခုတွင် သူ့အား "အလွန်အမင်း အန္တရာယ်ရှိသူ" ဟု သုံးသပ်ထား၏။

မိမိမှာ ရူးမိုက်စွာဖြင့် သူ့ကို ခြိမ်းခြောက်မိသွားခဲ့သည်။ သူ နောက်ထပ် မနေရဲတော့ဘဲ မတ်တပ်ထရပ်လိုက်ပြီး ယိုင်နဲ့နဲ့ဖြင့် အခန်းထဲမှ ထွက်ခွာသွားသည်။ နှုတ်ဆက်စကားပင် ပြောရန် မေ့လျော့သွား၏။

တံခါးဖွင့်လိုက်သောအခါ ဟော်တုံနှင့် လူအုပ်စုမှာ တံခါးဝတွင် မင်သက်စွာ ရပ်နေကြသည်။ နံရံဘေးတွင် သစ်သားသေတ္တာအချို့ကို ချထားပြီး စောစောက သယ်ဆောင်လာသော စစ်သုံးစည်သွပ်ဘူးများ ဖြစ်ကြောင်း ထင်ရှား၏။ တပ်မမှူးလျို၏ မျက်နှာမှာ တောင့်တင်းစွာ ပြုံးလိုက်ပြီး လျင်မြန်စွာ လျှောက်လှမ်းကာ စင်္ကြံပေါ်တွင် ပျောက်ကွယ်သွားတော့သည်။

ကျိုးယလီသည် အလျင်အမြန် တံခါးတွန်းဖွင့်ဝင်လာပြီး ထိတ်လန့်စိုးရိမ်သော မျက်နှာဖြင့် "ဒီတိုင်းငြင်းချင်ရင် ငြင်းလိုက်လို့ရတာပဲကို... ရှင်ကဘာလို့သူ့ကို စိတ်ဆိုးအောင် သွားလုပ်လိုက်တာလဲ"

စောစောက အသံမှာ အလွန်ကျယ်လောင်သောကြောင့် အပြင်မှလူများ အားလုံး ရှင်းလင်းစွာ ကြားလိုက်ရသည်။ ဤသူမှာ ကာကွယ်ရေးတပ်မ၏ တပ်မမှူး၊ ကန္တာရမြို့၏ ဆုံးဖြတ်ချက်ချမှတ်သူများထဲမှ တစ်ဦး ဖြစ်သည်။ လော်ယွမ်က ဤသို့သော လူကြီးတစ်ဦးကို စိတ်ဆိုးအောင် လုပ်လိုက်သည်ကို တွေးမိသောအခါ သူမ မထိန်းနိုင်ဘဲ စိုးရိမ်ထိတ်လန့်ကာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားသည်။

"ခေါင်းဆောင်ယွမ်... တပ်မမှူးလျိုကစိတ်ဓာတ်သိပ်မကောင်းဘူးနော်... သူကနည်းနည်းလေး မကျေနပ်ရင်တောင် ပြန်လက်စားချေတတ်တဲ့သူ... ခင်ဗျား သတိထားမှ ဖြစ်မယ်" ဟော်တုံက သတိပေးလိုက်သည်။

"ရှင်ကများ အေးအေးဆေးဆေး ပြောနေသေးတယ်... ရှင်ခေါ်လာလို့သာမဟုတ်ရင် အဲ့ဒီ လျို... အဲ့ဒီ လျိုကတုံးပြောင်က ဘယ်လိုလုပ်ဒီကိုရောက်လာမှာလဲ" ဝမ်ရှီရှီက ဟော်တုံ၏ မည်သို့မျှမဖြစ်သကဲ့သို့သော ပုံစံကို မြင်သောအခါ ဒေါသတကြီး ဆိုလိုက်သည်။

ဟော်တုံမှာ ခါးသက်စွာ ပြုံးလိုက်သည်။ သူ၏ရာထူးအခြေအနေကြောင့် သူ ဘာများတတ်နိုင်ဦးမည်နည်း။ ယခုအခြေအနေတွင် သူမှာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေပြီ။ ထို့အပြင် ယခုတစ်ကြိမ် တပ်မမှူးလျို၏ အရှက်ရသွားပုံကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် တစ်ဖက်လူ၏ စရိုက်အရ ဤတစ်ကြိမ် ပြန်သွားပြီးနောက် သူ၏ဘဝမှာ ခက်ခဲကြမ်းတမ်းတော့မည် ဖြစ်သည်။

"ရှီရှီတော်တော့... ဒီကိစ္စကဟော်တုံကိုလည်း အပစ်တင်လို့မရဘူး... သူလည်း မတတ်သာလို့ သာလုပ်ရတာ... အခုလိုဖြစ်သွားတော့ သူတောင်အပြစ်တင်ခံရနိုင်သေးတယ်" လော်ယွမ်က ပြုံးရင်း ဆိုသည်။

ဤကိစ္စတွင် လော်ယွမ်က သူ့ကို အပြစ်တစ်စက်မျှ မတင်သည်ကို မြင်သောအခါ ဟော်တုံ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး အလျင်အမြန် ဆိုသည်။ "တပ်မရုံးချုပ်က သူတစ်ယောက်တည်း ခြယ်လှယ်လို့ရတာတော့မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရာထူးက ရှိနေသေးတာပဲ... သူ ကျွန်တော့်ကို ဘာလုပ်နိုင်မှာမို့လဲ... ကျွန်တော့်ကို ရှေ့တန်းပို့ပါစေလို့တောင် ဆုတောင်းနေတာ... မဟုတ်ရင် ခန္ဓာကိုယ်က သံချေးတောင်တက်ချင်နေပြီ"

"လော်ယွမ်... နင်ပြန်တောင်းပန်လိုက်တာ ကောင်းမယ်ထင်တယ်... အခုနေဆိုအချိန်မီလောက်သေးတယ်... ဟုတ်သားပဲ... နင်ကမြို့တော်ဝန်ဝူနဲ့ သိတယ်မလား... သူ့ကို ကြားဝင်စေ့စပ်ခိုင်းကြည့်ပါလား" ဝူရှောင်ရှောင်က စိုးရိမ်သော မျက်နှာဖြင့် ဆိုသည်။

"ဟုတ်တယ်... ငွေရေးကြေးရေးဆို ငါတို့စုပေးလို့ရတယ်" စွန်းရုံတက ဆိုသည်။ သူ၏မျက်လုံးများမှာ အရောင်လက်နေပြီး စိတ်ထဲတွင်မူ အနည်းငယ် ဝမ်းသာနေဟန်ရှိသည်။

"ငါတို့က လူတွေကို လိုက်တောင်းပန်နေရဦးမှာလား" ဝမ်ရှီရှီက နှုတ်ခမ်းကိုစူကာ မထီမဲ့မြင် ဆိုသည်။ "သူ့ကိုသတ်လိုက်ရင်ပြီးရော မဟုတ်လား... ဟော်တုံ သူဘယ်မှာနေလဲ ရှင်သိလား"

အခန်းထဲတွင် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

စွန်းရုံတသည် ဤလှပတင့်တယ်သော ကောင်မလေး၏ သတ်ဖြတ်လိုစိတ်ပြင်းပြသော စကားကြောင့် လန့်သွားမိသည်။ ဤသည်မှာ နောက်နေခြင်းပင် ဖြစ်ရမည်။ သူ တိတ်တဆိတ် အခြားသူများ၏ အမူအရာကို အကဲခတ်လိုက်ရာ သူတို့အားလုံးမှာ စဉ်းစားတွေးတောနေဟန်ရှိပြီး နောက်နေသည့်ပုံ လုံးဝမပေါက်ပေ။ ထိုနူးညံ့သိမ်မွေ့သော အမျိုးသမီးလေး ကျိုးယလီပင်လျှင် လှပသော မျက်မှောင်လေးများကိုသာ ကြုတ်လိုက်သည်။ ဤသူများမှာ အဘယ်သို့သော လူများနည်း။

ဝူရှောင်ရှောင် လည်း ကြောက်လန့်၍ မျက်နှာဖြူဖျော့သွားပြီး လူအများကို သံသယမျက်လုံးများဖြင့် ကြည့်နေမိသည်။ လော်ယွမ်၏ အသံထွက်ပေါ်လာမှသာ သတိပြန်ဝင်လာတော့သည်။

"နင်က အခုတောထဲမှာလို့ ထင်နေတာလား... ပြန်လည်တည်ဆောက်ရေးဇုန်မှာဆိုရင် ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ စည်းကမ်းကို လိုက်နာမှဖြစ်မှာပေါ့" လော်ယွမ်က ညင်သာစွာ ဆူလိုက်ပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်သည်။ "ပြီးတော့ တပ်မမှူးလျိုက ငါ့ဆီကို လာပြီးပြီးချင်း သေသွားတယ်ဆိုရင်... သက်သေမရှိရင်တောင် ငါတို့လုပ်မှန်း သိသာနေမှာပဲ"

"ဒါ့အပြင်... စကားချင်းမတိုက်ဆိုင်တာနဲ့ လူသတ်တယ်ဆိုတာက အရမ်းလွန်လွန်းတယ်... နောက်မှပဲ ကြည့်စီစဉ်ကြတာပေါ့... အဲ့ဒီလူ အသိတရားရဖို့ပဲ မျှော်လင့်ရမယ်" လော်ယွမ်က ဆိုသည်။ သူ၏စိတ်ထဲတွင်မူ သိပ်မစိုးရိမ်လှပေ။ တစ်ဖက်လူ မထွက်ခွာမီကတည်းက သူ စိတ်ပိုင်းဆိုင်ရာ သတိပေးချက်တစ်ခု ပေးလိုက်ပြီး ဖြစ်သည်။ ဤမျှအချိန်ကြာပြီးနောက် ယခုအခါတွင် ဤပဋိပက္ခကို မေ့လျော့နေလောက်ပြီဖြစ်ပြီး စောစောက မြင်ကွင်းအပေါ် ကြောက်ရွံ့မှုသာ ကျန်ရစ်နေလောက်ပြီ ဖြစ်သည်။

လော်ယွမ်က လူသတ်သည့်အကြောင်းအရာကို ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်ကို ကြားသောအခါ ဝူရှောင်ရှောင်မှာ ကြက်သေသေကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤယခင်က ရင်းနှီးခဲ့သော အထက်တန်းကျောင်းနေဖက် သူငယ်ချင်းသည် ဤအခိုက်အတန့်တွင် အလွန်ပင် စိမ်းကားသွားသကဲ့သို့ ရှိနေတော့သည်။

ဆက်ရန်...

All Chapters