သီးသန့်နေရာ
Vol. 14 Ch. 271
"ထမင်းရပြီဟေ့"
"တော်သေးတာပေါ့... ဒီမှာဗိုက်ဆာလွန်းလို့ သေတော့မယ်"
စားဖိုမှူးဝတ်စုံနှင့် လူကြီးတစ်စုက ၃ပေခွဲခန့်မြင့်သော သစ်သားပုံးကြီးများစွာကို တွန်းလှည်းများဖြင့် ခန်းမကျယ်ကြီးထဲသို့ ဝင်လာရာ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်သွား၏။ သို့သော် ပြန်လည်ထူထောင်ရေးဇုန်တွင် စည်းကမ်းဟူသည် နေရာတိုင်း၌ရှိပြီး စည်းစနစ်ကျနမှုမှာ လူတိုင်း၏ အရိုးထဲအသားထဲတွင် စွဲမြဲနေခဲ့ပြီးဖြစ်သည်။ မည်မျှပင် ဆာလောင်မွတ်သိပ်နေသူဖြစ်စေကာမူ စိတ်ကိုချုပ်တည်းကာ တန်းစီစောင့်ဆိုင်းရ၏။
အနီးအနားရှိ လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော စစ်သားများကလည်း အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်ဟန့်တားနိုင်သည့် အာနိသင်ရှိနေသည်လည်း ဖြစ်နိုင်၏။
လော်ယွမ်ကလည်း မတ်တပ်ထလိုက်ပြီး လူအများနှင့်အတူ တန်းစီလိုက်သည်။
ခန်းမကျယ်ကြီးတစ်ခုလုံးတွင် လူထောင်ပေါင်းများစွာဖြင့် ပြည့်ကျပ်နေ၏။ သစ်သားပုံးများ ဒါဇင်ပေါင်းများစွာ ရှိနေသော်လည်း လော်ယွမ်တို့အဖွဲ့ အစားအစာရရှိချိန်တွင် နာရီဝက်ခန့်ပင် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
ညစာမှာ လူတစ်ဦးလျှင် ပေါင်မုန့်ပြားကြီးနှစ်ခုဖြစ်ပြီး နှစ်ခုပေါင်းလျှင် ပေါင်ချိန်တစ်ပေါင်ခန့် လေး၏။ ပေါင်မုန့်ပြားကြီးမှာ ထူးဆန်းသော အစိမ်းရောင်သန်းနေပြီး ဂျုံမှုန့်ကဲ့သို့သော အရာမျိုးမဟုတ်သည်မှာ ထင်ရှား၏။
"ဒါကရှားစောင်းမုန့်လေ... ရှင့်ပုံစံကြည့်ရတာ ဒါမျိုးတစ်ခါမှ မစားဖူးဘူးထင်တယ်" ကျိုးယလီက လော်ယွမ် တွေဝေနေသော အမူအရာကိုမြင်ပြီး အနည်းငယ် မနာလိုသလို လေသံဖြင့် ဆိုလိုက်သည်။
လော်ယွမ်က အနေရခက်စွာပြုံးလိုက်ပြီး စပ်စုစွာဖြင့် "ရှားစောင်းမုန့်ဟုတ်လား... ရှားစောင်းပင်နဲ့ လုပ်ထားတာလား" ဟု မေးလိုက်သည်။
ဤအရာမျိုးကို သူ အမှန်တကယ် မစားဖူးပေ။ သူ ခေါင်းငုံ့ကာ တစ်ကိုက်ကိုက်လိုက်ပြီး ဖြည်းညင်းစွာဝါးကြည့်ရာ ဤမုန့်၏အထိအတွေ့မှာ အလွန်ကြမ်းတမ်းလှပြီး မျိုချလိုက်သည့်အခါ လည်ချောင်းကို ပွတ်တိုက်သွားသဖြင့် အနည်းငယ်ပင် စပ်ဖျဉ်းဖျဉ်းနာကျင်သွား၏။
သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ ပွန်းပဲ့သွားခြင်းမျိုး မဖြစ်နိုင်သော်လည်း သာမန်လူများထက် ပိုမိုသတိရှိသော သူ၏အမြှေးပါးလွှာများက မာကျောသောအစားအစာနှင့် ပွတ်တိုက်မိသောအခါ မိမိကိုယ်ကိုကာကွယ်သည့်အနေဖြင့် နာကျင်မှုကို ဖြစ်ပေါ်စေခြင်းသာ ဖြစ်၏။
"ရှားစောင်းမုန့်လို့ခေါ်မှတော့ ရှားစောင်းကစီဓာတ်နဲ့ ပဲလုပ်ထားတာပေါ့... ကျွန်မတို့စက်ရုံမှာ ဒီဟာကိုပဲ အမြဲစားနေရတာ... ပေါင်းစားမလား... ပြုတ်စားမလား... ကြော်စားမလား... ပြောရရင် မနက်ရော နေ့လည်ရော ညရော သုံးနပ်လုံး ဒါပဲစားရတာ" မုဝမ်ဝမ်က လော်ယွမ်၏ အနေရခက်နေသောပုံစံကိုမြင်ပြီး ရယ်စရာကောင်းသလိုဖြင့် ရှင်းပြလိုက်သည်။
ပြန်လည်ထူထောင်ရေးဇုန်သို့ ရောက်ရှိပြီးနောက် တည်ငြိမ်သောပတ်ဝန်းကျင်နှင့် အေးချမ်းသောဘဝက သူမ၏လုံခြုံမှုမရှိသောခံစားချက်ကို အကြီးအကျယ်လျော့ကျစေခဲ့သည်။ သူမသည် ယခင်ကထက် ပိုမိုပွင့်လင်းလာပြီး ယခုအခါ လူအများနှင့် ရယ်မောပြောဆိုနိုင်နေပြီဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်စဉ်က မျက်နှာသေနှင့် နေခဲ့ရသည်နှင့်စာလျှင် အခြားတယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထို့ပြင် စိတ်နေစိတ်ထားပြောင်းလဲလာသည်နှင့်အမျှ ထိုလျှို့ဝှက်ဆန်းကြယ်သော သီးခြားဆန်သည့် ခံစားချက်မှာလည်း များစွာလျော့ပါးသွားခဲ့ပြီး အနည်းဆုံးတော့ စကားပြောလိုက်သည့်အခါ ရုတ်တရက်ကြီး တောင့်တောင့်ကြီးဖြစ်မနေတော့ပေ။
"တကယ်တော့... ငါတို့စားတာလည်း ရှားစောင်းကစီဓာတ်ပဲ" ဟွမ်ကျားဟွေက အနည်းငယ်မျက်နှာပူသလိုဖြင့် ရှင်းပြလိုက်သည်။ "ဒါပေမဲ့ နည်းနည်းတော့... ပိုသန့်စင်တာပေါ့"
"ဈေးကလည်း ခုနစ်ဆ... ရှစ်ဆလောက် ကွာတာကိုး" ဝူရှောင်ရှောင်က တိုးတိုးလေးညည်းတွားလိုက်ပြီး စိတ်ထဲတွင် ခါးသက်သွားသည်။
သာမန်ရှားစောင်းကစီဓာတ်မှာ မသန့်စင်ဘဲ အမျှင်ဓာတ်အနည်းငယ် ကျန်ရှိနေသေးသည်။ အချိုးအစားမှာ အလွန်နည်းပါးသော်လည်း ဤသဲကန္တာရတွင် နေရာတိုင်း၌ပေါက်နေသော မီတာရာနှင့်ချီမြင့်သည့် ဧရာမအပင်ကြီးများ၏ ပင်စည်ကို ထောက်ပံ့ထားသော အမျှင်ဓာတ်မှာ ဝါးပင်များထက်ပင် အဆပေါင်းများစွာ မာကျောလှသည်။ အမှုန့်ကြိတ်ထားသော်လည်း မျိုချရန် အလွန်ခက်ခဲလှသည်။ သို့သော် ၎င်းမှာ ပမာဏများပြားပြီး ဈေးပေါကာ ဗိုက်ပြည့်စေသောကြောင့် ယခုအခါ ပြန်လည်ထူထောင်ရေးဇုန်၏ အဓိကအစားအစာဖြစ်နေခဲ့သည်။
သန့်စင်ထားသောအဆင့်မြင့် ကစီဓာတ်မှာမူ အဆင့်ဆင့်သောလုပ်ငန်းစဉ်များစွာကို ဖြတ်သန်းရပြီး ကြမ်းတမ်းသောအမျှင်ဓာတ်များကို လုံးဝဖယ်ရှားထားသောကြောင့် အရသာမှာ သာမန်ကစီဓာတ်နှင့် နီးပါးတူညီသည်။ ဈေးနှုန်းမှာလည်း အဆင့်သုံးသန္ဓေပြောင်းသတ္တဝါအသားနှင့် ညီမျှသည်။ သူမ၏ခင်ပွန်းက ဝင်ငွေကောင်းသော်လည်း ပုံမှန်အချိန်တွင် ဝယ်စားရန် နှမြောမိသည်။ သာမန်အလုပ်သမားများမှာမူ ဝယ်စားရန်ပင် မတတ်နိုင်ပေ။ သို့သော် ယခုအခါ ဤသူများက ၎င်းကို အဓိကအစားအစာအဖြစ် စားသုံးနေကြသည်တကား။
ဟွမ်ကျားဟွေ မျက်နှာနီမြန်းသွားသည်။ ဤအရာအားလုံးမှာ လော်ယွမ်ကြောင့်ပင်။ တောထဲတွင် အသားကို အမြဲစားလေ့ရှိသော အကျင့်က ဤနေရာအထိ ပါလာခဲ့သည်။ တစ်နေ့သုံးနပ်၊ အနပ်တိုင်းတွင် အသားနှင့်ဟင်းသီးဟင်းရွက် ပါရသည်။ ထို့ပြင် မကြာသေးမီက သူ၏စားနိုင်စွမ်းမှာ အလွန်ကြီးမားလာပြီး နေ့စဉ် သာမန်လူ ငါးရက်၊ ခြောက်ရက်စာ ပမာဏကို စားသုံးနေသည်။ သာမန်လူများအတွက် ငွေပမာဏများစွာဖြစ်သော ထောင်ပေါင်းများစွာသောငွေမှာ တစ်လအတွင်းမှာပင် ကုန်သလောက်ဖြစ်နေခဲ့ပြီ။
"လော်ယွမ်... အမှန်တိုင်းပြောစမ်းပါ... နင်က တကယ်တမ်း ဘာအလုပ်လုပ်တာလဲ" ဝူရှောင်ရှောင်က နောက်ဆုံးတွင် မနေနိုင်ဘဲ စပ်စုမေးမြန်းလိုက်သည်။
"ငါနင့်ကို ပြောပြီးပြီလေ... လောလောဆယ်တော့ ငါကအလုပ်လက်မဲ့ပဲ" လော်ယွမ်က အလျင်အမြန်စားသောက်ရင်း နောက်ဆုံးတစ်လုတ်ကို မျိုချလိုက်ပြီး ဟွမ်ကျားဟွေကမ်းပေးသော ရေကို တစ်ကျိုက်တည်းမော့သောက်လိုက်ကာ မတတ်နိုင်သည့်ဟန်ဖြင့် ဆိုလိုက်သည်။
အမျိုးသမီးအချို့မှာ တိတ်တိတ်ခိုးရယ်မောလိုက်ကြသည်။
"မယုံပါဘူး... မပြောချင်လည်း နေပေါ့" ဝူရှောင်ရှောင်က နှုတ်ခမ်းမဲ့လိုက်ပြီး စိတ်ဆိုးသလိုဆိုလိုက်သည်။ အခြားအမျိုးသမီးများ၏ ခိုးရယ်သံများက သူ၏ယူဆချက်ကို ပိုမိုခိုင်မာသွားစေသည်။
"အမှန်တိုင်းပြောတော့လည်း နင်ကမယုံဘူး" လော်ယွမ်က ဆိုသည်။
ထိုအချိန်တွင် အတွင်းရေးမှူးကျန့်က ခန်းမကျယ်ကြီးထဲသို့ ဝင်လာပြီး ဟိုဟိုဒီဒီကြည့်ရှုရှာဖွေနေသည်။ မကြာမီမှာပင် သူ၏ထူးခြားသော "ဝိညာဉ်အမြင်အာရုံ" ဖြင့် လော်ယွမ်တို့အဖွဲ့ကို တွေ့ရှိသွားသည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ထူးခြားသော ဝိညာဉ်အမြင်အာရုံထဲတွင် လော်ယွမ်မှာ ကောင်းကင်တွင်ဆွဲထားသော နေလုံးကြီးတစ်လုံးနှယ် အဆုံးအစမရှိသော အလင်းရောင်များ ထုတ်လွှတ်နေပြီး အနီးသို့ကပ်ရုံမျှဖြင့် သူ၏ဝိညာဉ်ကို လောင်ကျွမ်းစေသလို ခံစားလိုက်ရသည်။ သူ၏အင်အားမှာ ယခင်တစ်ကြိမ်တွေ့ဆုံစဉ်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့သည်။
"သူဒီကိုရောက်လာတာ ဘယ်လောက်မှတောင်မကြာသေးဘူးမလား"
သူက ချက်ချင်းပင် စိတ်ကိုပြန်ထိန်းလိုက်ပြီး မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ "ဆရာယွမ်... စောစောကရှာမတွေ့လို့ စိတ်ပူနေတာ ခင်ဗျားတို့ ကဒီမှာရှိနေတာကိုး... မြို့တော်ဝန်ဝူက ဆရာယွမ်တို့အတွက် အခန်းကြိုတင်စီစဉ်ခိုင်းထားတယ်... အခုပဲ သွားကြမလား"
လော်ယွမ် တစ်ချက်တွေဝေသွားသည်။ သူတစ်ပါးက မျက်နှာသာပေးသည်ကို မိမိက မောက်မာစွာထိုင်နေ၍ မဖြစ်ပေ။ သူက ပြုံးရင်း မတ်တပ်ထရပ်ကာ လက်ကမ်းပေးလိုက်သည်။ "အတွင်းရေးမှူးကျန့် မင်္ဂလာပါ... ဒီလိုဆိုရင်တော့ အားနာစရာကြီး"
"ဆရာယွမ်ကို ဖိတ်ကြားခွင့်ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ... ဘာမှအားနာစရာ မလိုပါဘူး" အတွင်းရေးမှူးကျန့်က အလျင်အမြန်ပြောလိုက်ပြီး စိတ်ထဲတွင် အရေးပေးခံရသလို ခံစားလိုက်ရကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ယခုအခါ သူသည် နိုင်ငံရေးဘက်သို့ ကူးပြောင်းသွားပြီဖြစ်သော်လည်း သူ၏အရိုးထဲတွင် ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ စိတ်ဓာတ်ရှိနေဆဲဖြစ်ပြီး အင်အားကို သာမန်လူများထက် ပိုမိုလေးစားကာ စိတ်ထက်သန်မှုရှိသည်။
"ကျွန်တော်တို့မှာ လူနည်းနည်းများတယ်ဗျ... အားလုံးအတွက်စီစဉ်ပေးလို့ အဆင်ပြေပါ့မလားမသိဘူး" ထိုအချိန်တွင် လော်ယွမ်က အနည်းငယ်အားနာဟန်ဖြင့် မေးလိုက်သည်။
"ခုနစ်ယောက်လား... ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး" အတွင်းရေးမှူးကျန့်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရင်ဘတ်ကိုပင် ထု၍ အာမခံချင်စိတ်ပေါက်သွားသည်။
အမှန်အတိုင်းပြောရလျှင် ဤသို့သောအင်အားကြီးပုဂ္ဂိုလ်နှင့် စကားပြောရခြင်းမှာ သူ့ကို အလွန်ထိတ်လန့်စေသည်။ အင်အားကွာဟမှုက အလွန်ကြီးမားလှသဖြင့် အကယ်၍သာ စကားမှားသွားပါက ထိုနေရာတွင်ပင် အသက်ပျောက်သွားနိုင်သည်ဟု စိတ်ထင်ယောင်ထင်မှားဖြစ်စေသည်။
သိရှိနားလည်မှုများလေလေ ပို၍ကြောက်ရွံ့ရိုသေလေလေဖြစ်ပြီး တစ်ခါတစ်ရံတွင် သာမန်ဆင့်ကဲပြောင်းလဲသူများကဲ့သို့ပင် တည်ငြိမ်စွာမနေနိုင်တော့ပေ။
ဝူရှောင်ရှောင်နှင့် စွန်းရုံတတို့မှာ အတွင်းရေးမှူးကျန့်၏ မြှောက်ပင့်ဖော်ရွေလွန်းသော အမူအရာကိုမြင်ပြီး မျက်နှာပေါ်ရှိ အံ့အားသင့်မှုကိုပင် မဖုံးကွယ်နိုင်တော့ပေ။ ဤလော်ယွမ်မှာ မည်သူမည်ဝါဖြစ်၍ မြို့တော်ဝန်ကိုပင် လှုပ်ရှားသွားစေနိုင်သနည်း။
"အတွင်းရေးမှူးကျန့်က ဒီလောက်တောင် စေတနာထားမှတော့ ကျွန်တော်တို့ လိုက်ခဲ့ရတာပေါ့" လော်ယွမ်က ဆိုသည်။
..............................................................................................................................
လော်ယွမ်သည် ဗုံးခိုကျင်း၏အောက်တွင် နောက်ထပ်အထပ်တစ်ထပ် ရှိနေသေးသည်ကို တွေ့ရှိလိုက်ရသည်။
"ဒီအထပ်က အဓိကအားဖြင့် ဂိုဒေါင်တွေလေ... အတွင်းမှာ သိုလှောင်ပစ္စည်းတွေအများကြီး ရှိတယ်... ဥပမာ အစားအသောက်တို့... သောက်ရေတို့... ကျည်ဆန်တို့... လောင်စာဆီတို့ ပေါ့... ဒါ့အပြင် အပိုစက်ရုံတချို့လည်းရှိတယ်... ဗုံးခိုကျင်းကို လုံးဝပိတ်ထားလိုက်ရင်တောင် ခြောက်လကနေ တစ်နှစ်အထိ အေးဆေးနေလို့ရတယ်" အတွင်းရေးမှူးကျန့်က ရှင်းပြသည်။
လူတိုင်း၏မျက်နှာမှာ ထူးဆန်းသွားသည်ကိုမြင်သောအခါ အတွင်းရေးမှူးကျန့်က အလျင်အမြန်ထပ်ပြောလိုက်သည် "အင်းပေါ့... ကျည်ဆန်သိုလှောင်ရုံက တော့ လူနေတဲ့နေရာနဲ့ အဝေးကြီးမှာပေါ့... ပြီးတော့သေချာစေ့စေ့စပ်စပ် ကာကွယ်ထားတာမို့လို့... ပေါက်ကွဲရင်တောင် ဘာမှမဖြစ်နိုင်ဘူး... လုံးဝစိတ်ပူစရာမလိုပါဘူး"
အတွင်းရေးမှူးကျန့်၏ ရှင်းပြချက်ကိုကြားမှ လူတိုင်း စိတ်သက်သာရာရသွားကြသည်။ မည်သူမဆို မိမိတို့သည် ကျည်ဆန်သိုလှောင်ရုံအနီးတွင် အိပ်စက်နေရသည်ကို သိပါက စိုးရိမ်ပူပန်ပြီး အိပ်ပျော်မည်မဟုတ်ပေ။
"အတွင်းရေးမှူးကျန့်... အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိလား" ထိုအချိန်တွင် ကျိုးယလီက မနေနိုင်ဘဲ မေးလိုက်သည်။
လော်ယွမ်ကလည်း အနည်းငယ်စပ်စုသွားသည်။ ယခုတစ်ကြိမ် ကိစ္စမှာ ဤမျှကြီးကျယ်နေသောကြောင့် သာမန်ကိစ္စတစ်ခုတော့ မဖြစ်နိုင်ပေ။ ကံဆိုးလျှင် ကန္တာရမြို့ပင်လျှင် ကျဆုံးသွားနိုင်၏။
အတွင်းရေးမှူးကျန့်၏ ခြေလှမ်းများမှာ ခေတ္တရပ်တန့်သွားပြီး မျက်နှာမှာ တုံ့ဆိုင်းသွားသည်။ အချိန်အတော်ကြာမှ "ဒီကိစ္စက လျှို့ဝှက်ချက်ပဲ... ခင်ဗျားတို့ ဘယ်သူ့ကိုမှ ပြန်မပြောမိစေနဲ့... လူတွေထိတ်လန့်သွားနိုင်တယ်" ဟု တိုးညင်းစွာပြောလိုက်သည်။
လူတိုင်း၏စိတ်ထဲတွင် တင်းမာသွားပြီး အလျင်အမြန်ခေါင်းညိတ်လိုက်ကြသည်။
"ကျွန်တော်တို့ အထက်က သတင်းရထားတယ်... အလွန်ကြီးမားတဲ့ ပိုးကောင်အုပ်ကြီးတစ်အုပ်က ဒီနေရာကို ဖြတ်သန်းသွားလိမ့်မယ်တဲ့... ရှေ့တန်းမှာ စစ်ပွဲက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက စနေပြီ... ဒါပေမဲ့ ရောက်လာတဲ့သတင်းတွေအရတော့ အခြေအနေမကောင်းဘူး... ရှေ့တန်းသာ ကျသွားရင် ကန္တာရမြို့ကို ယာယီစွန့်လွှတ်ရနိုင်တယ်"
လော်ယွမ်၏မျက်နှာမှာ လေးနက်သွားသည် "ဒါဆိုရင် ကျွန်တော်တို့ ဒီမှာ အချိန်တော်တော်ကြာ နေရနိုင်တယ်ဆိုတဲ့ သဘောပေါ့"
လူတိုင်း၏ မျက်နှာမှာလည်း ညှိုးငယ်သွားသည်။
"အဲ့လိုဖြစ်နိုင်တယ်... ဒါမှမဟုတ် အခြေအနေဆိုးလာရင် အတွင်းပိုင်းကမြို့တွေကို ဆုတ်ခွာရနိုင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ကန္တာရမြို့မှာ လူဦးရေ တစ်သိန်းနီးပါးရှိတယ်လေ... စက်ပစ္စည်းတွေလည်း အများကြီးပဲဆိုတော့ ထိန်းသိမ်းမှုမရှိတော့ရင် ခဏလေးနဲ့ သံချေးတက်ပြီး ပျက်စီးသွားမှာ... အထက်ကလူတွေက ဒီအတိုင်းတော့ အလဟဿအဖြစ်ခံမှာ မဟုတ်ပါဘူး"
ယခုအခါ ပြန်လည်ထူထောင်ရေးဇုန်တွင် ထုတ်လုပ်နိုင်စွမ်းအချို့ ပြန်လည်ရရှိလာပြီဖြစ်သော်လည်း ကမ္ဘာမပျက်မီကနှင့် နှိုင်းယှဉ်၍မရသေးပေ။ အချို့သောစက်ပစ္စည်းများကိုမူ လုံးဝထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ တစ်ခုချင်းစီတိုင်းကို များပြားသောလူအင်အားနှင့် ပစ္စည်းအင်အားများသုံးစွဲကာ ကျဆုံးသွားသောဇုန်များမှ သယ်ဆောင်လာခဲ့ရခြင်းဖြစ်သည်။ အထူးသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကျဆုံးဇုန်များမှ စက်ပစ္စည်းများမှာ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသောကြောင့် အစပိုင်းကကဲ့သို့ ပစ္စည်းကိရိယာများကို နေရာအနှံ့ရှာဖွေ၍မရတော့ဘဲ ယခုအခါ တစ်ခုဆုံးရှုံးလျှင် တစ်ခုလျော့သွားခြင်းပင် ဖြစ်သည်။
"ဒါပေမဲ့ မြေအောက်ရထားက လမ်းတစ်လမ်းပဲရှိတာ... ကုန်တင်ရထားနဲ့ပေါင်းရင်တောင် နှစ်လမ်းပဲလေ... အချိန်တိုအတွင်း ဒီလောက်များတဲ့လူတွေနဲ့ စက်ပစ္စည်းတွေကို ဘယ်လိုလုပ်သယ်လို့ရမှာလဲ" စွန်းရုံတက မျက်နှာဖြူဖျော့ကာ ပြောလိုက်သည်။
သူသည် ကြီးမားသောပြောင်းရွှေ့မှုကြီးကို ကြုံတွေ့ခဲ့ဖူးသူဖြစ်ရာ မြွေကိုက်ခံရဖူးသူက ကြိုးကိုမြင်တိုင်းလန့်သလို ဖြစ်နေသည်။ သေရေးရှင်ရေးအချိန်အခါမှ ရက်စက်မှုကို သူ ကောင်းကောင်းသိသည်။ ထိုအချိန်တွင် စက်ပစ္စည်းများ၊ အရည်အချင်းရှိသူများ၊ မိန်းမနှင့်ကလေးများ ကိုဦးစားပေးရသည်။
ထိုအချိန်က မရေမတွက်နိုင်သော လူများမှာ ရက်စက်စွာ စွန့်ပစ်ခံခဲ့ရပြီး ခုခံသူများမှာ စက်သေနတ်များဖြင့် ပစ်သတ်ခံခဲ့ရသည်။ ထို့အတူ မြောက်မြားလှသော လူများမှာ ပြောင်းရွှေ့နေစဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ရပြီး သတ္တဝါများ၏ စားသောက်ခြင်းကို ခံခဲ့ရသည်။ ထိုရက်စက်သောမြင်ကွင်းမှာ ယခုအချိန်အထိ သူ၏အိပ်မက်ဆိုးများတွင် မကြာခဏ ပြန်လည်ပေါ်ပေါက်လေ့ရှိသည်။
ယခု ပြန်လည်ထူထောင်ရေးဇုန်မှာ အတော်အသင့်လုံခြုံနေပြီဖြစ်သော်လည်း အရေးကြီးသည့်အချိန်သို့ရောက်သောအခါ အမြဲတမ်း ဦးစားပေးအစီအစဉ်များ ရှိနေဦးမည်သာဖြစ်သည်။
သို့သော် သူ၏အဆင့်အတန်းမှာ ယခုအခါ မတူညီတော့ဘဲ ပထမဆုံးပြောင်းရွှေ့ရမည့်အသုတ်တွင် ပါဝင်လောက်အောင် အရေးပါနေပြီဖြစ်သည်ကို ပြန်လည်စဉ်းစားမိသောအခါ စွန်းရုံတ၏စိတ်မှာ အနည်းငယ်ပေါ့ပါးသွားသည်။
အတွင်းရေးမှူးကျန့်က သူ့ကို မကျေမနပ်တစ်ချက်ကြည့်လိုက်ပြီး "ဒါက ကျွန်တော့်ရဲ့ခန့်မှန်းချက်သက်သက်ပါ... အတိအကျကတော့ အခြေအနေပြောင်းလဲမှုနဲ့ အထက်ကဆုံးဖြတ်ချက်အပေါ် မူတည်တယ်... အခြေအနေအရမ်းဆိုးလာရင်တောင် အနည်းဆုံးတော့ ဒီဗုံးခိုကျင်းက လုံခြုံတယ်... အားလုံးမပြောင်းရွှေ့နိုင်ရင်တောင် ကျန်တဲ့လူတွေက ဒီမှာရှိတဲ့သိုလှောင်ပစ္စည်းတွေနဲ့ ခြောက်လကနေ တစ်နှစ်အထိ နေလို့ရတယ်မလား... ဒီလောက်အချိန်က ပြန်လည်ထူထောင်ရေးဇုန်အတွက် ကျဆုံးသွားတဲ့နယ်မြေတွေကို ပြန်သိမ်းဖို့ လုံလောက်တယ်"
လူတိုင်း၏စိတ်ထဲတွင်လည်း ပေါ့ပါးသွားကြသည်။ အခြေအနေမည်မျှပင်ဆိုးဝါးစေကာမူ အနည်းဆုံးတော့ ဤနေရာက လုံခြုံသေးသည်။
လူတစ်စုသည် မိနစ်အနည်းငယ်ခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် ဂိုဒေါင်တစ်ခုအနီးတွင် ရပ်တန့်လိုက်သည်။ အတွင်းရေးမှူးကျန့်က တံခါးဖွင့်လိုက်ရာ အတွင်း၌ စတုရန်းမီတာ သုံး၊ လေးဆယ်ခန့်ကျယ်သော အခန်းတစ်ခန်းကို တွေ့လိုက်ရသည် "ဒီနေရာက အရင်က ရုံးခန်းနေရာပေါ့... နောက်ပိုင်း အခန်းကအရမ်းကျယ်လို့ အများစုကို အဆောင်အဖြစ် ပြောင်းလိုက်တာ... ဆရာယွမ်... ခင်ဗျားတို့ ဒီမှာပဲနေပါ... ရေနွေးနဲ့ အစားအသောက်တွေ ခဏနေ လာပို့လိမ့်မယ်... တခြားဘာလိုအပ်တာရှိသေးလဲ... ဘာပဲလိုလို ကျွန်တော့်ကို လာရှာလို့ရတယ်... ကျွန်တော်က ဒီနားက အခန်း ၂၀၃၃ မှာနေတာ... ဒါမှမဟုတ် မြို့တော်ဝန်ဝူစီ တန်းသွားလဲရတယ်... ကျွန်တော်တို့က တစ်ခန်းတည်းနေကြပါ"
"ကျွန်မတိုက့ စားပြီး..." ဝူရှောင်ရှောင်က စားပြီးပြီဟု ပြောရန်ကြံရွယ်လိုက်စဉ်မှာပင် ဟွမ်ကျားဟွေက ဆွဲလိုက်သောကြောင့် ချက်ချင်းသဘောပေါက်သွားပြီး ပါးစပ်ပိတ်လိုက်သည်။
ဟွမ်ကျားဟွေက လော်ယွမ်၏ အံ့မခန်းစားနိုင်စွမ်းအရ စောစောက ရှားစောင်းမုန့်အနည်းငယ်မှာ သူ၏ဗိုက်ကို လုံးဝမပြည့်စေမှန်း သိနေသည်။ မူလက သူမ၏ကျန်ရှိနေသော မုန့်ကို သူ့အားပေးရန် ကြံရွယ်ထားသော်လည်း ယခုအခါ အစားအသောက်များ လာပို့မည်ဆိုမှတော့ ငြင်းပယ်ရန် အကြောင်းမရှိပေ။
အတွင်းရေးမှူးကျန့် ထွက်ခွာသွားပြီးနောက် လူတစ်စု အခန်းထဲသို့ ဝင်ရောက်လိုက်ကြသည်။ အတွင်းပိုင်းမှာ ကျောင်းသားအဆောင်ကဲ့သို့ ပြင်ဆင်ထားပြီး သေးငယ်သောနေရာလေးထဲတွင် ကုတင်ရှစ်လုံး ချထားရာ လူအားလုံးအတွက် လုံလောက်ပေသည်။ ထို့အပြင် အတွင်း၌ ရေချိုးခန်းတစ်ခုပင် ပါရှိသေးသည်။
နေရာမှာ ရိုးရှင်းသော်လည်း ဤသို့သော ကျဉ်းမြောင်းပြီး လူပြည့်ကျပ်နေသော ဗုံးခိုကျင်းတွင် ဤထက်ပို၍ တောင်းဆိုရန် မဖြစ်နိုင်တော့ပေ။ ဇိမ်ကျသည်ဟုပင် ဆိုနိုင်သေးသည်။
"စောစောက ဘာလို့ အတွင်းရေးမှူးကျန့်နောက် လိုက်လာတာလဲ... ဟော်တုံက အခန်းစီစဉ်ပေးမယ်လို့ ပြောထားတယ်မလား" ဟွမ်ကျားဟွေက လော်ယွမ်ကိုဆွဲကာ တိုးတိုးလေးမေးလိုက်သည်။
"ဗုံးခိုကျင်းမှာ အခန်းတစ်ခန်းစီစဉ်ပေးဖို့ဆိုတာက ဘယ်လိုလုပ်လွယ်မှာလဲ... သူကအခုမှဒီကိုရောက်တာလေ... သူ့မှာအဲ့ဒီလောက် အာဏာရှိဦးမှာမဟုတ်ဘူး... ငါ့အထင်တော့ အတွင်းရေးမှုးကျန့်ငါတို့ကိုအခန်းစီစဉ်ပေးတာ စစ်တပ်ရဲ့အမိန့်ကြောင့် ဖြစ်နိုင်တယ်" လော်ယွမ်က ရှင်းပြသည်။ သူရောက်လာသည်မှာ ဤမျှကြာမြင့်နေပြီဖြစ်ရာ သူ၏နာမည်မှာ ကန္တာရမြို့၏ အထက်လူကြီးများထံတွင် စာရင်းပေါက်နေလောက်ပြီဖြစ်သည်။ အကယ်၍ စစ်တပ်ဘက်မှ လာရောက်စည်းရုံးခြင်းမရှိပါက ထူးဆန်းသည်ဟု ဆိုရပေမည်။
"ရှင်က စစ်တပ်နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိလို့လား" ဟွမ်ကျားဟွေက နားမလည်စွာမေးလိုက်သည်။
"မဟုတ်ပါဘူး... ဒီအတိုင်း တခြားဖက်က ပိုရင်းနှီးပြီး ဆက်ဆံရတာ ပိုအဆင်ပြေတယ်ထင်လို့" လော်ယွမ်က ပြုံးရင်းဆိုသည်။
စစ်တပ်၏ပုံစံမှာ တင်းကျပ်ပြီး အမိန့်နာခံမှုကို အသက်သဖွယ်သဘောထားရာ အရိုးထဲအသားထဲတွင် စိမ့်ဝင်နေပြီဖြစ်သည်။ အထူးသဖြင့် ယခုလိုပတ်ဝန်းကျင်မျိုးတွင် စစ်တပ်၏အမြင်၌ လူတိုင်းမှာ စစ်သားများဖြစ်နေပြီး စစ်သားနှင့်အရပ်သားခွဲခြားမှုမှာ အလွန်ဝေဝါးနေသည်။ အကယ်၍ စည်းရုံးမှုမအောင်မြင်ဘဲ သဘောတရားချင်းမတိုက်ဆိုင်ပါက ပြန်လည်ညှိနှိုင်းရန် လမ်းရှိတော့မည်မဟုတ်ပေ။ နှိုင်းယှဉ်ကြည့်လျှင် အစိုးရပိုင်းမှာ ပို၍ သံတမန်ဆန်ပြီး ဆက်ဆံရ ပို၍လွယ်ကူသည်။
အမှန်အတိုင်းပြောရလျှင် သူက လွတ်လပ်ပေါ့ပါးစွာ နေသားကျနေပြီဖြစ်ပြီး စည်းကမ်းတင်းကျပ်သော စစ်တန်းလျားဘဝကို အမှန်တကယ်ပင် အသားကျရန် ခက်ခဲလှသည်။ ထို့ပြင် စစ်မြေပြင်တွင် တစ်ဦးချင်း၏အင်အား မည်မျှပင်ကြီးမားစေကာမူ သေးငယ်နေဆဲသာဖြစ်သည်။ သို့သော် လော်ယွမ် မထင်ထားသည်မှာ သူ တမင်တကာရှောင်ရှားနေသော်လည်း ကြုံတွေ့ရမည့်ဒုက္ခများမှာ ရှောင်လွှဲ၍မရခြင်းပင် ဖြစ်သည်။
အခန်းထဲသို့ ဝင်ရောက်ပြီး ငါးမိနစ်ပင်မပြည့်သေးခင်မှာပင် တံခါးခေါက်သံ ရုတ်တရက်ထွက်ပေါ်လာသည်။
ဆက်ရန်...