သံလိုက်စက်ကွင်းပြောင်းပြန်လှန်ခြင်း
Vol. 14 Ch. 270
လော်ယွမ်က ကိုယ်ကိုနှိမ့်၍ ထူထဲသော သတ္တုတံခါးကြီးကို ဖြတ်ဝင်သွား၏။ အောက်ဘက်တွင် သာမန်မြေအောက်ခန်းများကဲ့သို့ "Z" ပုံသဏ္ဌာန် လှေကားထစ်များရှိနေသည်။ ဘေးနှစ်ဖက်မှ မီးရောင်များ၏ ထွန်းလင်းထားမှုအောက်တွင် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေ၏။
လှေကားပေါင်း ငါးခုခန့် သို့မဟုတ် ပေ၆၀ခန့်အနက်သို့ ဆင်းသွားပြီးနောက် ၉ပေခန့်ကျယ်သော လမ်းကြားရှည်တစ်ခုထဲသို့ ရောက်ရှိသွားသည်။ ပေ၆၀ကျော်တိုင်းတွင် စစ်သားတစ်ဦးစီက ကင်းစောင့်နေပြီး၊ တင်းမာသော အငွေ့အသက်တစ်ခုက လူတိုင်း၏စိတ်ထဲတွင် တဖြည်းဖြည်း ပျံ့နှံ့လာသည်။
လော်ယွမ်က ဓားရိုးဖြင့် လမ်းကြား၏နံရံကို ခေါက်ကြည့်လိုက်ရာ ထူထဲတောင့်တင်းသော ပဲ့တင်သံတစ်ခု ထွက်ပေါ်လာ၏။ သူ၏အာရုံခံစားမှုအရ ဤနံရံများ၏ ကွန်ကရစ်အလွှာသည် ၃ပေကျော်ပင် ထူထဲကြောင်း တွေ့ရှိလိုက်ရသည်။ ဤမျှထူထဲမှုသည် ဧရာမအမြောက်ကြီးများ၏ ပစ်ခတ်မှုကိုပင် ခံနိုင်ရည်ရှိပေလိမ့်မည်။
သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤကဲ့သို့သော ကာကွယ်ရေးအောက်တွင် အစိမ်းရောင်အဆင့် သတ္တဝါတစ်ကောင်ပင်လျှင် ထိုးဖောက်ဝင်ရောက်လိုပါက အတော်လေး အားထုတ်ကြိုးပမ်းရပေလိမ့်မည်။
သူ နောက်ထပ် တစ်မိနစ်ကျော်ခန့် ဆက်လက်လျှောက်လှမ်းခဲ့ပြီး၊ ခန့်မှန်းခြေ လက်မ၂၀ခန့်ထူသော သတ္တုတံခါးကြီးသုံးခုကို အဆင့်ဆင့်ဖြတ်သန်းပြီးနောက် ဆူညံသံများ တဖြည်းဖြည်း ထွက်ပေါ်လာကာ သူတို့အဖွဲ့က ခန်းမကြီးတစ်ခုထဲသို့ ဝင်ရောက်သွားကြသည်။
ပတ်လည် ပေ၄၀၀၀ကျော် ကျယ်ဝန်းသော ခန်းမကြီးထဲတွင် လူသံများ ပွက်လောရိုက်နေပြီး နေရာတိုင်းတွင် လူများ ပြည့်ကျပ်သိပ်သည်းနေ၏။
ဤလူများသည် ထိုင်နေသူများ၊ သို့မဟုတ် မတ်တပ်ရပ်နေသူများဖြစ်ကြပြီး သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုနှင့် မလုံခြုံမှုတို့က ရောထွေးနေသည်။
တစ်နှစ်၊ နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးက ဝါးခနဲ အော်ငိုနေပြီး မိန်းမတစ်ဦးက အဆက်မပြတ် ချော့မြှူနေသည်။ ဘေးတွင် ခင်ပွန်းဖြစ်ဟန်တူသော ယောက်ျားတစ်ဦးက နို့ဘူးကို အဆက်မပြတ် ရှာဖွေနေသော်လည်း မေ့ကျန်ခဲ့ဟန်တူကာ မျက်နှာပျက်ယွင်းလျက်ရှိ၏။
မုဆိုးမဖြစ်ဟန်တူသော အဘွားအိုတစ်ဦးက ထောင့်တစ်နေရာတွင် အထီးကျန်စွာ ထိုင်နေပြီး တခါတရံ သက်ပြင်းရှည်များ ချနေ၏။ သူမ၏ အရွယ်လွန်၍တွန့်နေသော မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖြတ်ပြေးနေသည်။
ကိုယ်ခန္ဓာတောင့်တင်းသော လူငယ်အချို့ကမူ ဤတစ်ကြိမ် ဖြစ်ပွားနိုင်သည့် အကြောင်းအရာများကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး သူတို့၏ မျက်နှာများမှာ တက်ကြွရွှင်လန်းနေ၏။
ခန်းမကြီးထဲတွင် လူ့ဘဝပုံစံအမျိုးမျိုး၊ လူအမျိုးမျိုးအဖုံဖုံ ရှိနေကြသည်။
လော်ယွမ်က လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်လိုက်၏။ ကြမ်းတမ်းသော ကွန်ကရစ်နံရံများပေါ်တွင် စိတ်ဓာတ်လှုံ့ဆော်ရေး ဆောင်ပုဒ်ကြီးများကို နေရာအနှံ့ ကပ်ထားသည်။ ခန်းမကြီးအနီးတွင် အခြားလမ်းကြားများစွာ ရှိနေသေးရာ ဤကဲ့သို့သော ခန်းမကြီးမှာ တစ်ခုတည်းမက ရှိနိုင်သည်ဟု ထင်ရ၏။
သူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ကမ္ဘာမပျက်မီက ဗုံးခိုကျင်းများနှင့် နှိုင်းယှဉ်လျှင် ယခုဤနေရာသည် ကာကွယ်ရေးမှာ ပိုမိုအားကောင်းပြီး ဒီဇိုင်းမှာလည်း ပိုမိုသင့်လျော်သည်မှာ ထင်ရှားလှ၏။ ထို့အပြင် အသက်ရှင်ကျန်ရစ်သူများကို နေရာချထားပေးသည့် ခန်းမကြီးများမှာ တစ်ခုနှင့်တစ်ခု သီးခြားစီ တည်ရှိနေကြသည်။ ခန်းမတစ်ခု ကျဆုံးသွားလျှင်ပင် လမ်းကြားများရှိ သံတံခါးများကို ပိတ်လိုက်ခြင်းဖြင့် အခြားဧရိယာများ၏ လုံခြုံရေးကို အာမခံနိုင်ပေသည်။
"ငါတို့ ထိုင်စရာနေရာတစ်ခုခု သွားရှာကြရအောင်" ဝူရှောင်ရှောင်က စိတ်ထဲမှ မလုံခြုံမှုများကို ဖိနှိပ်ရင်း ဆိုလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ အခြေအနေအရ ဤနေရာတွင် မည်သည့်အခန်းများမှ စီစဉ်ပေးမည်မဟုတ်သည်မှာ ထင်ရှား၏။ သူက လွတ်နေသော နေရာတစ်ခုကို ဖြစ်သလိုရှာ၍ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ဟွမ်ကျားဟွေတို့အဖွဲ့မှာလည်း ပုံမှန်အတိုင်းပင် ထိုင်ချလိုက်ကြ၏။
သူတို့သည် တောနက်ထဲတွင် ရှင်သန်နေထိုင်မှုနှင့် အသားကျနေကြပြီဖြစ်သည်။ ပုံမှန်အချိန်များတွင် သန့်ရှင်းသပ်ရပ်မှုကို ဂရုစိုက်နိုင်သေးသော်လည်း၊ ဤကဲ့သို့ အရေးပေါ်အခြေအနေအောက်တွင်မူ မိမိတို့၏ အကောင်းဆုံးအခြေအနေကို အချိန်ပြည့်ထိန်းသိမ်းထားနိုင်ခြင်းသည်သာ အရေးကြီးဆုံးဖြစ်ကြောင်း ကောင်းစွာနားလည်ထားကြသည်။
သို့သော် ဝူရှောင်ရှောင်နှင့် စွန်းရုံတတို့နှစ်ဦးအတွက်မူ အနည်းငယ် အသားမကျဖြစ်နေသည်မှာ ထင်ရှား၏။ ဝူရှောင်ရှောင်က တစ်ချက်တွေဝေသွားပြီး မည်သည်ကိုတွေးနေသည်မသိဘဲ သူမလည်း ထိုင်ချလိုက်သည်။ စွန်းရုံတကမူ ဖုန်များပြည့်နေပြီး အချိန်အတော်ကြာ သန့်ရှင်းရေးမလုပ်ထားသည့် ကြမ်းပြင်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် အကြိမ်ကြိမ် တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် ထိုင်မချဘဲ ဆောင့်ကြောင့်ထိုင်ခြင်းကိုသာ ရွေးချယ်လိုက်သည်။
လော်ယွမ်က စွန်းရုံတကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤသို့ ဆောင့်ကြောင့်ထိုင်နေခြင်းသည် ပေါ့ပေါ့ပါးပါးနိုင်သလို အချိန်မရွေး ထရပ်၍ ထွက်ပြေးနိုင်သဖြင့် ထိုင်နေခြင်းထက် ပိုလုံခြုံသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အန္တရာယ်အပြည့်ရှိသော တောနက်ထဲ၌ ဤသို့ထိုင်ခြင်းက မဖြစ်မနေ ရှောင်ကြဉ်ရမည့်အရာ ဖြစ်သည်။ ဆောင့်ကြောင့်ထိုင်ခြင်းသည် အချိန်ကြာလာသည်နှင့် သွေးလည်ပတ်မှုမကောင်းဘဲ ခြေထောက်များ ထုံကျင်လာနိုင်ရုံသာမက ဒူးများကို အလွန်အမင်းကွေးထားသောကြောင့် ချက်ချင်းထရပ်လိုသည့်အခါ ကြွက်သားများက ချက်ချင်းအာရုံစိုက်ရန် ခက်ခဲပြီး ထရပ်သည့်အခါ လှုပ်ရှားမှုများ တောင့်တင်းနှေးကွေးသွားစေသည်။ အကယ်၍ တောနက်ထဲတွင်သာဆိုလျှင် အန္တရာယ်နှင့်ကြုံသည့်အခါ ဤသို့ နှောင့်နှေးကြန့်ကြာမှုလေးတစ်ခုကပင် သေစေနိုင်ရန် လုံလောက်လှသည်။
သို့သော် ဤနေရာသည် ခိုလှုံရေးစခန်းဖြစ်ပြီး ကာကွယ်ရေးမှာ အားကောင်းလှရာ အချိန်တိုအတွင်း အန္တရာယ်မရှိနိုင်ပေ။ လော်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားပြီး သတိမပေးဖြစ်တော့ပေ။
အမှန်အတိုင်းဆိုရလျှင် ဤလူအပေါ် သူ၏အထင်အမြင်မှာ သိပ်မကောင်းလှချေ။ ၎င်းမှာ တစ်ဖက်လူက ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံသည့်အခါ ပြသတတ်သည့် ရန်လိုမှုမျိုးကြောင့်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အချောအလှဇနီးအား သဝန်တိုခြင်းမှာ ယောက်ျားတိုင်း ကြုံတွေ့ရမည့် ပုံမှန်တုံ့ပြန်မှုတစ်ခုသာဖြစ်ပြီး သူကိုယ်တိုင်လည်း ထိုအတိုင်းသည်ပင်။ ကွာခြားသွားသည်မှာ သဝန်တိုစိတ်အနည်းအများ သို့မဟုတ် ဟန်ဆောင်နိုင်ခြင်းရှိမရှိသာ ဖြစ်၏။
ဤလူမှာမူ သိသိသာသာ ကွဲပြားနေသည်။ တစ်ဖက်လူက ပြသနေသည်မှာ ပုံမှန်အခြေအနေမျိုးမှ ရန်လိုမှုမဟုတ်ဘဲ နက်ရှိုင်းသော ရန်လိုစိတ်တစ်မျိုး ပါဝင်နေသည်။
ဤသည်မှာ စိတ်ဝိညာဉ်အဆင့်မှ ခံစားရသော မသိစိတ်၏ အလိုလိုသိမြင်မှုတစ်မျိုး ဖြစ်၏။
မရေမတွက်နိုင်သော သေရေးရှင်ရေး အကျပ်အတည်းများကြားမှ လေ့ကျင့်ရရှိလာသော သူ့၏စိတ်ပိုင်းဆိုင်ရာ အလိုလိုသိမြင်မှုကို သာမန်လူတစ်ဦးအနေဖြင့် လိမ်ညာလှည့်ဖြားရန်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။ လူတို့သည် မိမိတို့၏ အတွင်းစိတ်ကို ဖုံးကွယ်ရန်နှင့် မိမိတို့၏ သရုပ်ဆောင်မှုကို ပြည့်စုံစေရန် ဟန်ဆောင်မျက်နှာဖုံးပေါင်းများစွာကို တပ်ဆင်လေ့ကျင့်နိုင်သော်လည်း မိမိတို့၏ အတွင်းစိတ်ကိုမူ မည်သည့်အခါမျှ လှည့်ဖြားနိုင်မည်မဟုတ်ပေ။
သို့သောလော်ယွမ်အတွက်က အရေးမကြီးပေ။ သူက သာမန်လူတစ်ဦး၏ မကောင်းသည့်အကြံကို ဂရုမစိုက်နေလိုက်ရုံသာ ဖြစ်၏။
"ဒါနဲ့ချောင်လင်းးရော... နင် သူ့ကို အကြောင်းမကြားလိုက်ဘူးလား" လော်ယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း အနည်းငယ် အံ့ဩစွာဖြင့် ဟွမ်ကျားဟွေကို မေးလိုက်သည်။
ဝူရှောင်ရှောင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။ နာမည်အရ ကြည့်ရသည်မှာ နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်ပြန်ပြီဟု စိတ်ထဲတွင် တွေးလိုက်မိသည်။ လော်ယွမ်နှင့်အတူ တစ်လမ်းလုံး ခရီးနှင်လာခဲ့ရာ သူမ၏ ဤအထက်တန်းကျောင်းနေဖက် သူငယ်ချင်းသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေကြောင်း ပို၍ပို၍ ခံစားလာရသည်။ ဤအမျိုးသမီးများမှာ တစ်ဦးတစ်ယောက်မျှ သာမန်လူများ မဟုတ်ကြသလိုပင်။ လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားရုံသာမက သူတို့၏ အမူအရာမှာလည်း သာမန်လူများနှင့် ကွဲပြားနေသည်။ မိန်းမတို့၏ နွဲ့နှောင်းရှက်ရွံ့မှုမျိုး လုံးဝမရှိဘဲ လှုပ်ရှားမှုများမှာ ကျွမ်းကျင်သွက်လက်လှသည်။ အကြောင်းရင်းကို သူမမသိသော်လည်း၊ သူတို့၏အရှေ့တွင် သူမ အနည်းငယ် ဖိအားခံစားနေရသည်။
သူတို့အားလုံးသည် သီးခြားစီထိုင်နေကြသယောင်ရှိသော်လည်း၊ လော်ယွမ်ကို ဗဟိုပြုထားသည်မှာ မသိမသာ ထင်ရှားနေ၏။ အချို့မှာ ထိုင်နေသည့်နေရာများက အလွန်ပင် ရင်းနှီး နီးစပ်လှပြီး တစ်ဦးနှင့်တစ်ဦး ထိကပ်နေလုနီးပါးပင်။ သူတို့ကြားတွင် မည်သည့်ပတ်သက်မှုမှ မရှိဟု ဆိုလျှင် သူမ မည်သို့မျှ ယုံကြည်မည်မဟုတ်ပေ။ မူလက ဤမျှနှင့်ပင် များလှပြီဟု ထင်ထားခဲ့သော်လည်း၊ ယခု နောက်ထပ် အမျိုးသမီးတစ်ဦး၏ အမည်ကို ကြားလိုက်ရပြန်သည်။
"ရှင်သူ့ကို မေ့သွားပြီတောင် ထင်နေတာ" ဟွမ်ကျားဟွေက လော်ယွမ်ကို မပြုံးမရယ်တချက် ကြည့်လိုက်ပြီး "ချောင်လင်းနဲ့ ဟော်တုံတို့ဖြစ်နေတာ ကြာပြီလေ... ဟော်တုံက ကာကွယ်ရေးတပ်ရဲ့ နောက်တန်းထောက်ပံ့ရေးဌာနမှာ ဒု-ညွှန်ကြားရေးမှူးဆိုတော့... သူ့မိန်းမကို သူ စီစဉ်ပြီးသားနေမှာပေါ့"
ဟွမ်ကျားဟွေ၏ အနည်းငယ်နောက်ပြောင်သော အကြည့်ကို လော်ယွမ်က မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။ သူ၏စိတ်ထဲတွင် အပြစ်ကင်းသောကြောင့် မျက်နှာပူစရာမလိုဘဲ တည်ငြိမ်စွာ နေနိုင်၏။ သူက အံ့ဩစွာဖြင့် "ဒီလိုအဖြစ်မျိုးရှိတာလား... ဟော်တုံငါ့ကို တစ်ခါမှ မပြောဖူးဘူး" ဟု ဆိုလိုက်သည်။
သို့သော် ဟော်တုံ သူ့ရှေ့တွင် ကြောက်ကြောက် ရွံ့ရွံ့ဖြစ်နေတတ်သည့်ပုံစံနှင့် အားလုံးသတိထားကြသည့် တောနက်ထဲတွင် ရှိစဉ်က ချောင်လင်း သူ့အပေါ် အကြိမ်ကြိမ် ပွင့်လင်းစွာ အရိပ်အမြွက်ပေးခဲ့မှုများကို ပြန်တွေးမိသောအခါ လော်ယွမ် နားလည်သွားသည်။ ဟော်တုံက သူ၏တုံ့ပြန်မှုကို ကြောက်ရွံ့နေခြင်းဖြစ်မည်မှာ ထင်ရှားသည်။
သူ စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။ သူသည် ကာမစိတ်ကိုသာ အဓိကထားသော တိရစ္ဆာန်တစ်ကောင် မဟုတ်ပေ။ ချောင်လင်းက ရုပ်ရည်မဆိုးသည့်အပြင် ဉာဏ်လည်းကောင်းသော်လည်း တွက်ချက်အားကြီးလွန်းသည်။ ဤသို့သောလူမျိုးသည် ကမ္ဘာမပျက်မီတွင်ဖြစ်စေ ယခုအချိန်တွင်ဖြစ်စေ ကောင်းစွာရှင်သန်နိုင်သော်လည်း သူသဘောကျသည့် ပုံစံမျိုး မဟုတ်သည်မှာ ထင်ရှား၏။
"ဒါနဲ့ ဟော်တုံပြောတာတော့ ဒီမှာ အခန်းပိုတွေရှိတယ်တဲ့... သူလာရင်ကျွန်မတို့အတွက် တစ်ခန်း စီစဉ်ပေးလိမ့်မယ်" ဟွမ်ကျားဟွေက ဆက်ပြောသည်။ လော်ယွမ်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်ကို မြင်သောအခါ သူမ စိတ်ထဲမှ တိတ်တိတ်ကလေး သက်ပြင်းချလိုက်မိသည်။ သူမသည် လော်ယွမ်၏ တုံ့ပြန်မှုကို အမှန်တကယ်ပင် ကြောက်ရွံ့မိသောကြောင့် တမင်တကာ နောက်ပြောင်သောလေသံဖြင့် စကားစခဲ့ခြင်းဖြစ်သည်။
ချောင်လင်းနှင့် ဟော်တုံတို့ကို သူမကပင် စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ အဖြစ်မှန်ကို သူသိသွားပြီး လော်ယွမ် စိတ်အနှောင့်အယှက်ဖြစ်ကာ မနှစ်မြို့ခြင်း သို့မဟုတ် စိတ်ပျက်ခြင်းတို့ ဖြစ်ပေါ်လာပါက သူမ ဘာဆက်လုပ်ရမည်ကို အမှန်တကယ်ပင် မသိတော့ပေ။
သူမသည် အပြင်ပန်းတွင် မြင်ရသလောက် စိတ်မခိုင်မာပေ။ သူမ၏ အချစ်သည် အားနည်းပြီး နာခံတတ်၏။ သူမသည် လက်အောက်ခံအိမ်ထောင်ဖက်ဖြစ်သောကြောင့် ကျိုးယလီ၏ တည်ရှိမှုကို မသိကျိုးကျွန်ပြုနိုင်သလို ဝမ်ရှီရှီ၏ အခြေအနေကိုလည်း လျစ်လျူရှုထားနိုင်ရုံသာဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို အပိုလူတစ်ယောက် (မလိုအပ်သူ) မဖြစ်စေရန်အတွက်သာ ဖြစ်၏။
…………………………………………………………………………………………………………………………………………
ရှင်ကျင်း၊ ပြန်လည်တည်ဆောက်ရေးဇုန်၏ မြို့တော်။
ဤသည်မှာ မြို့သစ်တစ်မြို့ဖြစ်ပြီး တည်ထောင်ခဲ့သည်မှာ တစ်နှစ်ခွဲသာရှိသေးသော သော်လည်း ယခုအခါ နိုင်ငံ၏ အကြီးဆုံးမြို့တော်နှင့် နိုင်ငံရေးဗဟိုဌာန၊ စီးပွားရေးဗဟိုဌာန ဖြစ်နေပြီဖြစ်သည်။ မရေမတွက်နိုင်သော စက်ရုံများနှင့် များပြားလှသော သုတေသနဌာနများက မြို့တော်တစ်ခုလုံး၏ သုံးပုံနှစ်ပုံခန့် ဧရိယာကို နေရာယူထားသည်။
မီးခိုးခေါင်းတိုင်များမှာ သစ်တောတစ်ခုကဲ့သို့ သိပ်သည်းနေပြီး နေ့ရောညပါ အနံ့ဆိုးထွက်သော မီးခိုးမည်းများကို ကောင်းကင်သို့ ပန်းထုတ်လျက်ရှိသည်။ ထူထပ်သော မီးခိုးမြူများက နူးညံ့သော ပဝါပါးတစ်စကဲ့သို့ မြို့တော်၏ နေရာတိုင်းကို လွှမ်းခြုံထားသဖြင့် နေရောင်ခြည်ပင်လျှင် ဤအခြေအနေအောက်တွင် မှိန်ဖျော့ဖျော့သာ ရှိနေ၏။
ရှင်းဟွာလမ်းက သာမန်လမ်းနာမည်တစ်ခုသာ ဖြစ်သည်။ ကမ္ဘာမပျက်မီက ဤအမည်ဖြင့် လမ်းပေါင်း ထောင်ချီ၊ သောင်းချီ ရှိခဲ့ပေမည်။ သို့သော် ယခုအခါ ဤမြို့တော်တွင်မူ ၎င်းသည် ထူးခြားသော အဓိပ္ပာယ်ကို ဆောင်ယူထားသည်။
အကယ်၍ ရှင်ကျင်းသည် နိုင်ငံ၏ ဗဟိုအာရုံကြောစနစ်ဖြစ်သည်ဟု ဆိုလျှင် ဤနေရာသည် နှလုံးသားပင် ဖြစ်သည်။ ဗဟိုဌာနချုပ်များအားလုံးနီးပါး ဤနေရာတွင် အခြေစိုက်ကြသဖြင့် ဤနေရာရှိ လုံခြုံရေးမှာ အလွန်အမင်း တင်းကျပ်လှ၏။ လမ်းမတစ်လျှောက်လုံးတွင် သုံးလှမ်းတစ်ကင်း၊ ငါးလှမ်းတစ်စခန်း ရှိနေပြီး သံချပ်ကာယာဉ် ဒါဇင်ပေါင်းများစွာက လှည့်လည်ကင်းလှည့်နေကြသည်။ ထို့အပြင် မိုင်ဝက်အကွာတွင်တပ်စွဲထားသော အထူးစွမ်းရည်ပြည့်ဝသော မြို့တော်စောင့်တပ် ရှိနေသည်ကို မဆိုထားနှင့် သိပ်သည်းလှသော အလိုအလျောက် လေကြောင်းကာကွယ်ရေးကွန်ရက်နှင့် ပေါင်းလိုက်လျှင် သန္ဓေပြောင်းသတ္တဝါ ယင်ကောင်တစ်ကောင်ပင် ဖြတ်သန်းနိုင်မည်မဟုတ်ပေ။
လမ်းအလယ်ရှိ မထင်မရှား မီးခိုးရောင် အဆောက်အအုံငယ်လေးတစ်ခုတွင် လုံခြုံရေးမှာ ပို၍ပင် တင်းကျပ်နေသည်။ အကယ်၍ အပေါ်မှ ဆိုင်းဘုတ်တွင် "စစ်ကော်မတီ" ဟူသော အနီရောင် ခန့်ညားထည်ဝါသည့် စာလုံးကြီးများသာ မရှိပါက ဤနေရာသည် ယခုနိုင်ငံ၏ အမြင့်ဆုံး အာဏာပိုင်ဗဟိုဌာနဖြစ်ကြောင်း မည်သူမျှ ထင်မြင်မိမည်မဟုတ်ပေ။
လွန်ခဲ့သောရက်အနည်းငယ်မှစ၍ ဤနေရာရှိ လေထုမှာ အလွန်အမင်း လေးလံတင်းကျပ်နေသည်။
အဖြစ်အပျက်မှာ လွန်ခဲ့သော တစ်လခန့်က စတင်ခဲ့သည်။ ဘူမိဗေဒသုတေသနဌာနမှ သုတေသီတစ်ဦးသည် ထူးဆန်းသောကိစ္စတစ်ခုကို မမျှော်လင့်ဘဲ သတိပြုမိလိုက်သည်။ သူ၏ သံလိုက်တိုင်းကိရိယာမှ ကမ္ဘာ့သံလိုက်စက်ကွင်းသည် ၈ ဒီဂရီ သွေဖည်သွားပြီး သံလိုက်စက်ကွင်းအားမှာ ၁၂% အားနည်းသွားကြောင်း တွေ့ရှိလိုက်ရသည်။
အကယ်၍ ဤသည်မှာ ကမ္ဘာမပျက်မီကသာဆိုလျှင် ကမ္ဘာကို တုန်လှုပ်စေမည့် သတင်းကြီးတစ်ပုဒ် ဖြစ်လိမ့်မည်။ သို့သော် လူသားမျိုးနွယ် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ခက်ခဲစွာ ရုန်းကန်နေရချိန်တွင် ဤကဲ့သို့သော ကိစ္စမျိုးမှာ သဘာဝအတိုင်းပင် လျစ်လျူရှုခြင်း ခံလိုက်ရသည်။
သံလိုက်စက်ကွင်း သွေဖည်မှုမှာ ရံဖန်ရံခါ ဖြစ်လေ့ရှိပြီး အမြဲတစေ ပြောင်းလဲနေတတ်သည်။ ကမ္ဘာ့ကျောက်လွှာများ ရွေ့လျားခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ အကြီးစား အနုမြူပေါက်ကွဲမှုများနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့က ဝင်ရိုးစွန်းပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။ ကမ္ဘာ့သမိုင်းတွင် သံလိုက်စက်ကွင်း ပြောင်းပြန်လှန်ခြင်း ဖြစ်စဉ်များပင် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။
ဤတစ်ကြိမ်မှာမူ အပြောင်းအလဲ အနည်းငယ် ပိုကြီးမားသွားရုံသာ ဖြစ်၏။
ကမ္ဘာပျက်ကပ်ကြီးက သူ့၏စိတ်များကို မာကျောထူထဲသွားစေခဲ့ပြီးဖြစ်ရာ သူက ၎င်းကို စိတ်ထဲမထားဘဲ မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ထားလိုက်ပြီးနောက် ဂရုမစိုက်မိတော့ပေ။
အချိန်ဆယ်ရက်ခန့် ကြာသွားပြီး သူ၏ သုတေသနပရောဂျက်မှာ တိုးတက်မှုမရှိဘဲ အတွေးအခေါ်များမှာ ပိတ်ဆို့နေသကဲ့သို့ ခံစားရပြီး ဦးနှောက်များပင် နာကျင်လာသည်။ ထိုအချိန်တွင် ဓာတ်ခွဲခန်းထဲမှ မထင်မရှား သံလိုက်တိုင်းကိရိယာကို မြင်လိုက်သောအခါ လွန်ခဲ့သောရက်အနည်းငယ်က တိုင်းတာခဲ့မှုကို ရုတ်တရက် သတိရသွားသည်။ ရုတ်တရက် စိတ်ကူးပေါက်လာ၍ သူ အမှတ်မထင်ပင် တစ်ကြိမ်ထပ်မံ တိုင်းတာကြည့်လိုက်သည်။ သို့သော် ထွက်ပေါ်လာသော အဖြေကမူ သူ၏မျက်နှာကို ဖြူဖျော့သွားစေသည်။
ရလဒ်အရ သွေဖည်မှု ၁၇ ဒီဂရီဖြစ်နေပြီး သံလိုက်စက်ကွင်းအားက ၂၁% အားနည်းသွားသည်။
ဤသည်မှာ ဆယ်ရက်အတွင်း ၉ ဒီဂရီအထိ သွေဖည်သွားခြင်းဖြစ်၏။ ၎င်းက လူ့သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းပင်တည်း။ သူ၏မျက်နှာအမူအရာမှာ အနည်းငယ် မသေမချာဖြစ်လာပြီး ယခင်တစ်ကြိမ်က မှတ်တမ်းကို မှားယွင်းမှတ်သားမိသည်ဟုပင် ထင်မိသွားသည်။ သူ အိမ်သို့ တခေါက် ပြန်သွားပြီး တစ်ညလုံး အိပ်မပျော်ဖြစ်ခဲ့သည်။ နောက်တစ်နေ့မနက်တွင် သူ ထိုင်းမှိုင်းနေသော ဦးနှောက်ဖြင့် တစ်ကြိမ်ထပ်မံ တိုင်းတာကြည့်လိုက်ရာ ၁၈ ဒီဂရီ ဖြစ်နေ၏။ သူ၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး အခြေအနေ၏ ဆိုးရွားမှုကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူက သုတေသနဌာနသို့ ချက်ချင်း အစီရင်ခံတင်ပြခဲ့ပြီး သုတေသနဌာနမှတစ်ဆင့် ဗဟိုသို့ ဆက်လက်တင်ပြခဲ့ရာ ကြီးမားသော အာရုံစိုက်မှုကို ချက်ချင်း ရရှိခဲ့သည်။
သုတေသနဌာနပေါင်းများစွာ နေ့ရောညပါ မနားတမ်း လုပ်ဆောင်ပြီးနောက် ပိုမိုအသေးစိတ်ကျသော အစီရင်ခံစာတစ်စောင်သည် စစ်ကော်မတီ၏ အစည်းအဝေးစားပွဲပေါ်သို့ ရောက်ရှိလာသည်။ ထွက်ပေါ်လာသော ကောက်ချက်မှာ မျှော်လင့်ချက်ကင်းမဲ့ဖွယ်ရာပင်။ အချက်အလက်များအားလုံးအရ ကမ္ဘာ့သံလိုက်စက်ကွင်းသည် မကြာမီ ပြောင်းပြန်လှန်တော့မည်ဖြစ်ပြီး ပြောင်းပြန်လှန်မည့် အရှိန်မှာ အလွန်လျင်မြန်သောကြောင့် တုံ့ပြန်ရန် အချိန်ပင် ရမည်မဟုတ်ပေ။
သံလိုက်စက်ကွင်း ပြောင်းပြန်လှန်ခြင်း၏ အကျိုးဆက်များမှာ ကပ်ဘေးအဆင့်ပင် ဖြစ်၏။ သံလိုက်စက်ကွင်း ပြောင်းပြန်လှန်သည်နှင့် အရင်ဆုံး သံလိုက်စက်ကွင်းအားမှာ အားနည်းသွားမည်ဖြစ်ပြီး အားပမာဏ သုညအထိ ကျဆင်းသွားနိုင်သည်။ ထိုအချိန်တွင် ကမ္ဘာ့ကိုဒိုင်းသဖွယ်ကာကွယ်ထားသော "သံလိုက်စက်ကွင်း" က ယာယီ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုအခါပြင်းထန်သော နေမုန်တိုင်း က ကမ္ဘာမြေကို "ကျရောက်" ပြီး အိုဇုန်းလွှာမှာ ပျက်စီးသွားမည်ဖြစ်ကာ ပြင်းထန်သော ခရမ်းလွန်ရောင်ခြည်များက မည်သည့်အတားအဆီးမျှမရှိဘဲ ကျရောက်လာမည်ဖြစ်သည်။
သို့သော် ပို၍ဆိုးရွားသည်မှာ စူပါနိုဗာ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော စကြဝဠာမုန်တိုင်းသည် ယခုအချိန်အထိ ငြိမ်သက်သွားခြင်းမရှိသေးဘဲ နေအဖွဲ့အစည်းအတွင်း လှည့်လည်သွားလာနေဆဲ ဖြစ်သည်။ သံလိုက်စက်ကွင်း၏ ကာကွယ်မှုသာ မရှိတော့ပါက ထိုအချိန်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
(စူပါနိုဗာ - Supernova ပေါက်ကွဲမှုဆိုတာက မင်မင်တို့ရဲ့နေ (ကြယ်) ထက် ၁၀ဆ၊ အဆ၂၀လာက်ကြီးတဲ့ နေက စွမ်းအင်တွေကုန်ဆုံးသွားတဲ့အခါမှာ သူ့ရဲ့ဗဟိုဆွဲငင်အား (core gravity)ကို တောင့်မခံနိုင်တော့ပဲ အထဲကိုအရှိန်အဟုန်နဲ့ပြန်ကျုံ့ဝင်ပြီး ပေါက်ကွဲသွားတာကိုပြောတာပါ။ စူပါနိုဗာပေါက်ကွဲမှုဖြစ်ဖို့အတွက် ဒြပ်ထုအရမ်းကြီးဖို့လိုပါတယ်။ မင်မင်တို့ရဲ့နေကတော့ ဒြပ်ထုအဲ့လောက်မကြီးတဲ့အတွက် စွမ်းအင်တွေကုန်သွားရင်တောင် စူပါနိုဗာပေါက်ကွဲမှု မဖြစ်နိုင်ပဲ အဖြူရောင်ကြယ်ပုလေးအဖြစ်ကျုံ့ဝင်ပျက်စီးသွားမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့နှစ်ပေါင်း ၄.၅ ဘီလီယံလောက်လိုပါသေးတယ်။ စူပါနိုဗာပေါက်ကွဲမှုဖြစ်ရင် အဲ့ဒီနေရဲ့လက်ကျန်စွမ်းအင်တွေအကုန်လုံး စကြဝဠာထဲ ပေါက်ကွဲထွက်တဲ့အတွက် အနီးနားမှာသက်ရှိတွေနေထိုင်တဲ့ ဂြိုလ်တွေရှိခဲ့ရင် သူတို့အတွက်ကပ်ဆိုက်သလိုပါပဲ။ အဲ့ဒီပေါက်ကွဲထွက်သွားတဲ့စွမ်းအင်တွေက စကြဝဠာထဲမှာ နှစ်ထောင်ချီအောင် တည်ရှိနေနိုင်ပါတယ်တဲ့။)
သို့သော် ဤအရာများ မတိုင်မီပင် သံလိုက်စက်ကွင်း ရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်လာသော သန္ဓေပြောင်းသတ္တဝါများ၏ နေရာပြောင်းရွှေ့မှုက ပြန်လည်တည်ဆောက်ရေးဇုန်၏ အနီရောင်အရေးပေါ်အခြေအနေကို နှိုးဆော်လိုက်ပြီဖြစ်သည်။
သံလိုက်စက်ကွင်း အပြောင်းအလဲကို ပိုးမွှားများနှင့် ငှက်များမှာ လူသားများထက် ပိုမို အာရုံခံစားနိုင်စွမ်း ရှိကြသည်။ အမှန်တကယ်တော့ အစီရင်ခံစာ မတင်သွင်းမီကတည်းက ဂြိုဟ်တုပုံရိပ်များအရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သန္ဓေပြောင်းသတ္တဝါများ၏ ထူးခြားသော လှုပ်ရှားမှုများကို ဖမ်းယူရရှိထားပြီးဖြစ်သည်။
များပြားလှသော ပိုးမွှားများနှင့် ငှက်များသည် အုပ်စုလိုက် အဖွဲ့လိုက်ဖြင့် အရူးအမူး တဟုန်ထိုး ပျံသန်းနေကြသည်။ ဤပိုးမွှားအလုံးအရင်း သို့မဟုတ် ငှက်အလုံးအရင်းများထဲတွင် သေးငယ်သည့်အုပ်စုမှာ စတုရန်းကီလိုမီတာအနည်းငယ်ရှိပြီး၊ ကြီးမားသည့်အုပ်စုမှာမူ စတုရန်းကီလိုမီတာ ရာပေါင်း၊ ထောင်ပေါင်း၊ သောင်းပေါင်းများစွာအထိ ရှိကြသည်။ ဂြိုဟ်တုပုံရိပ်များတွင် ၎င်းတို့မှာ သိပ်သည်းစွာဖြင့် ကြီးမားသော အရိပ်မည်းကြီးများအဖြစ် ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသည်။
ကံမကောင်းစွာဖြင့်ပင် ပြန်လည်တည်ဆောက်ရေးဇုန်သည် ထိုပိုးမွှားအလုံးအရင်းကြီးတစ်ခု၏ လမ်းကြောင်းပေါ်တွင် တည်ရှိနေခဲ့သည်။
ဤမတိုင်မီက အနုမြူဗုံး အမြောက်အမြား (၎င်းတို့ထဲတွင် အားပြင်း ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးပင် ပါဝင်သည်) ကို ပိုးမွှားအုပ်ကြီးအား လမ်းတစ်ဝက်တွင် ကြားဖြတ်တားဆီးရန် သို့မဟုတ် လမ်းကြောင်းပြောင်းလဲစေရန် အသုံးပြုခဲ့ပြီးဖြစ်သည်။ သို့သော် အကျိုးသက်ရောက်မှုမှာ မပြောပလောက်ပေ။ ပိုးမွှား အများစုကို သုတ်သင်နိုင်ခဲ့သော်လည်း ထိုကြောင့်ပင် ပိုးမွှားအုပ်ကြီးမှာ ပိုမို ကစဉ့်ကလျားဖြစ်ကာ ဧရိယာပိုမိုကျယ်ပြန့်သွားပြီး ယခုအခါ စတုရန်းကီလိုမီတာ သောင်းပေါင်းများစွာအထိ ကျယ်ဝန်းသွားပြီဖြစ်သည်။
ထို့ကြောင့်အနုမြူဗုံးသုံးစွဲမှုများကို ရပ်တန့်လိုက်ရသည်။
၎င်းမှာ အနုမြူဆောင်းရာသီ လာမည်ကို စိုးရိမ်သောကြောင့်တော့ မဟုတ်ပေ။ အမှန်တကယ်တွင် လွန်ခဲ့သောတစ်နှစ်အတွင်း တစ်ကမ္ဘာလုံးတွင် အနုမြူဗုံး အလုံး သုံးထောင်ကျော် ပစ်ခတ်ခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဆယ်လုံးနီးပါး ပေါက်ကွဲခဲ့သည်။ ဤအခြေအနေကို ပုံဖော်ရလျှင် "ရေငတ်ပြေရန် အဆိပ်သောက်ခြင်း" သာဖြစ်၏။ အခြေအနေများမှာ ဤထက်ပိုဆိုးသွားစရာ မရှိတော့ပေ။ အချို့သိပ္ပံပညာရှင်များက ဓာတ်ရောင်ခြည်တိမ်တိုက်များကို ထည့်မစဉ်းစားပါက အနုမြူဆောင်းရာသီသည် ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟုပင် ကြေညာခဲ့ကြသည်။
သို့သော် ကမ္ဘာကြီးသည် အေးမြမလာခဲ့သလို ဓာတ်ရောင်ခြည်တိမ်တိုက်များလည်း ပေါ်ပေါက်မလာခဲ့ပေ။ ကမ္ဘာလုံးဆိုင်ရာ အပင်ဇီဝဒြပ်ထုမှာ ကမ္ဘာမပျက်မီကထက် အဆပေါင်းသောင်းချီ၍ ကြီးမားလာမှုအောက်တွင် ဓာတ်ရောင်ခြည်များမှာ အပြည့်အဝ စုပ်ယူခြင်းခံလိုက်ရသည်။ ဓာတ်ရောင်ခြည် စုပ်ယူမှုကြောင့် ဖြစ်ပေါ်လာသော မျိုးဗီဇပြောင်းလဲမှုများအတွက်မူ စကားတစ်ခွန်းသာရှိသည်။ အခြေအနေများမှာ ဤထက်ပိုဆိုးသွားစရာအကြောင်း မရှိတော့ဟူ၍ဖြစ်သည်။
( အနုမြူဆောင်းရာသီ (nuclear winter) ဆိုတာက အနုမြူဗုံးတွေပေါက်ကွဲတဲ့အခါ ထွက်ပေါ်လာတဲ့ဖုန်မှုန့်တွေ မီးခိုးတွေက ကောင်းကင်မှာ စုပြုံပြီး နေရောင်ခြည်ကိုပိတ်ထားလိုက်တဲ့အခါ တလောကလုံး အမှောင်ကျသွားပြီး နေရဲ့အပူချိန်မရှိတော့တဲ့အတွက် ကမ္ဘာရဲ့အပူချိန်က ရေခဲမှတ်အောက်ရောက်သွားတာကိုပြောခြင်းဖြစ်ပါတယ်။ အနုမြူဆောင်းရာသီ ဖြစ်ဖို့အတွက် အနုမြူဗုံးအခု၂၅၀တပြိုင်တည်းပေါက်ကွဲဖို့လိုအပ်ပါတယ်။ အဲ့ဒီဖုန်မှုန့်တွေနဲ့ မီးခိုးတွေက ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ မပျောက်သွားပဲ နေရောင်ခြည်ကိုပိတ်စို့ထားနိုင်တယ်တဲ့။ ဒါကြောင့်အဲ့လိုဖြစ်ခဲ့ရင် သက်ရှိတွေအကုန်မျိုးတုံးပြီး ရေနေသတ္တဝါတွေနဲ့ အပင်တွေအကုန်သေကုန်မှာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ အနုမြူဗုံးပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ အဆိပ်ငွေ့တွေ ဓာတ်ရောင်ခြည်တွေကြောင့်သာမဟုတ်ရင် အနုမြူဆောင်းရာသီက ကမ္ဘာကြီးပူနွေးမှုကို ရပ်တန့်စေနိုင်တဲ့နည်းလမ်းလို့ဆိုပါတယ်။ ဒါက ဒီဝတ္ထုမှာဖော်ပြထားတာကိုပြောတာပါ အပြင်မှာ သိပ္ပံပညာရှင်တွေတကယ်အဲ့လိုပြောမပြောတော့ မင်မင်လည်းမသေချာဘူး)
အနုမြူတိုက်ခိုက်မှုကို ရပ်တန့်လိုက်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်တွင် အနုမြူဗုံးများ ထပ်မံပစ်ခတ်ခြင်းသည် ဖြုန်းတီးမှုသက်သက်သာ ဖြစ်သောကြောင့် ဖြစ်၏။ အနုမြူဗုံးများမှာ မုန်လာဥများ မဟုတ်ပေ။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် ရုရှားတို့ကဲ့သို့ သိုလှောင်ထားသောဗုံး အလုံးပေါင်းသောင်းချီ ရှိနေခြင်းမဟုတ်ချေ။
တရုတ်နိုင်ငံ၏ စုစုပေါင်းသိုလှောင်မှုမှာ အလုံးရာဂဏန်းအနည်းငယ်သာ ရှိခဲ့သည်။ ထို့အပြင် နိုင်ငံဧရိယာမှာလည်း ကြီးမားကျယ်ပြန့်လှရာ ကမ္ဘာပျက်ကပ်ကြီး အစပိုင်းတွင် အနုမြူဗုံးအမြောက်အမြား ပစ်ခတ်ခဲ့မှုကြောင့် သိုလှောင်ထားသမျှမှာ လုံးဝကုန်ခမ်းသွားလုနီးပါး ဖြစ်နေပြီဖြစ်သည်။
လက်ရှိ ထုတ်လုပ်နိုင်စွမ်းအရ အနုမြူဗုံး ထုတ်လုပ်ခြင်းမှာ သိပ်မခက်ခဲလှပေ။ အကယ်၍ အပြည့်အဝ အားစိုက်ထုတ်ပါက တစ်နှစ်လျှင် အလုံးရာဂဏန်းအနည်းငယ်ပင် ထုတ်လုပ်နိုင်သေးသည်။ သို့သော် ယူရေနီယမ်သတ္တုရိုင်း ရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အားအတွက် ယူရေနီယမ် လိုအပ်မှုတို့က လက်ရှိ အနုမြူဗုံး ထုတ်လုပ်မှုပမာဏကို အတားအဆီးဖြစ်စေပြီး အမြဲတစေ "သိုလှောင်မှုမရှိ" အခြေအနေတွင် ရှိနေစေခဲ့သည်။
...................................................................................................................................................
စတုရန်းကီလိုမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းသော ပိုးမွှားအုပ်ကြီးသည် "အလွန်ကြီးမားသော ပိုးမွှားလှိုင်း" အဆင့်ဖြစ်သည်။ အကယ်၍ ၎င်းသာ အနီးကပ်ရောက်ရှိလာပါက ပြန်လည်တည်ဆောက်ရေးဇုန်၏ ထက်ဝက်ခန့်မှာ ပိုးမွှားများဖြင့် ပြည့်နှက်သွားမည်ဖြစ်ပြီး ပြန်လည်တည်ထောင်ကာစ လူသားယဉ်ကျေးမှုမှာလည်း ထပ်မံ၍ ပြင်းထန်သော ထိုးနှက်မှုကို ခံရမည်ဖြစ်သည်။ ခက်ခဲစွာ ရရှိထားသော အောင်မြင်မှုများလည်း တစ်မုဟုတ်ချင်း ပျက်စီးသွားပေမည်။ ယခုအခါ တပ်မကြီး ဆယ်ခုကျော် စစ်သားပေါင်း သန်းချီ၍ လွန်ခဲ့သောရက်အနည်းငယ်ကတည်းက လမ်းကြောင်းသုံးခုခွဲ၍ စစ်မျက်နှာသို့ ချီတက်သွားကြပြီဖြစ်သည်။
စစ်ပွဲကြီးကား မလွဲမသွေ ဖြစ်ပွားတော့ပေမည်။
ဆက်ရန်...