စစ်ပွဲကြီး
Vol. 14 Ch. 269
လူအုပ်ကြီးမှာ လုံးဝရုန်းရင်းဆန်ခတ် ဖြစ်သွားလေပြီ။ တုံ့ပြန်မှုမြန်သူအချို့သည် မိမိတို့၏သားသမီးများကို အလျင်အမြန်ဆွဲကာ အနီးဆုံးမှ ဗုံးခိုကျင်းများဆီသို့ ပြေးလွှားသွားကြ၏။ သို့ရာတွင် ကမ္ဘာပျက်ကပ်ထဲမှ လျှောက်လှမ်းလာခဲ့ကြသူများပီပီ သူတို့၏စိတ်ဓာတ်များမှာ အလွန်အမင်းသန်မာနေကြပြီဖြစ်၏။ လူအများမှာ ထိတ်လန့်နေကြသော်လည်း ဆောက်တည်ရာမရဖြစ်သွားခြင်းမရှိဘဲ မမြင်ရသော စည်းစနစ်တစ်ခုဖြင့် ရွေ့လျားနေကြဆဲဖြစ်၏။
"ကျွန်မတို့လည်း ဗုံးခိုကျင်းကို အမြန်သွားကြရအောင်... ဒါက စစ်ရေးလေ့ကျင့်မှုသက်သက်လည်း ဖြစ်နိုင်တာပဲ။" ဝူရှောင်ရှောင် က အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းရင်း အပြုံးကို အနိုင်နိုင်ဖန်တီးကာ ဆိုလိုက်၏။
သူမ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိပြီးသည့်နောက် တစ်မြို့လုံး လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံမြည်သည်မှာ အကြိမ်အနည်းငယ်ရှိခဲ့သည်။ တစ်ကြိမ်က သားရဲအုပ်လေးတစ်စု ဝင်ရောက်လာခြင်းမှလွဲ၍ ကျန်အကြိမ်များမှာ စစ်ရေးလေ့ကျင့်မှုများသာ ဖြစ်ခဲ့သည်။ ယခုတစ်ကြိမ်သည်လည်း ထိုနည်း၎င်းပင် ဖြစ်ကောင်းဖြစ်ပေမည်။
"ဒါ လေ့ကျင့်တာ မဖြစ်နိုင်ဘူး" လော်ယွမ်က လေးနက်စွာဆို၏။ သူသည် အလိုအလျောက်ပင် ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။ စီးကရက်ပုံသဏ္ဌာန် အစက်အပြောက်ငယ် ဆယ်ဂဏန်းခန့်သည် တောက်လောင်သောမီးတောက်များကို မှုတ်ထုတ်ရင်း ခေါင်းအထက်မှ အလျင်အမြန် ဖြတ်သန်းပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။
ထို့နောက် မကြာမီမှာပင် တိုက်လေယာဉ် ရာပေါင်းများစွာသည် ကောင်းကင်ယံမှ ပျံသန်းလာပြန်သည်။ အရေအတွက်ကိုကြည့်လျှင် အနည်းဆုံး အစင်းငါးရာကျော်သည်။
ကမ္ဘာမပျက်မီက အမေရိက၊ တရုတ်၊ ရုရှား ဟူသော စစ်အင်အားကြီး သုံးနိုင်ငံမှလွဲ၍ အခြားနိုင်ငံများတွင် ခေတ်မီတိုက်လေယာဉ် အစင်းတစ်ရာအထက် ပိုင်ဆိုင်မှု အလွန်နည်းပါးလှရာ ယခုမူ တစ်ကြိမ်တည်းဖြင့် အစင်းငါးရာကျော် ထွက်ပေါ်လာခြင်းဖြစ်၏။
ဤသည်မှာ စစ်ပွဲကြီးတစ်ရပ်၏ နိမိတ်ပင်တည်း။
"ကိုကြီးယွမ်" ချန်ကျားယီက လျှောက်လှမ်းလာရင်း လော်ယွမ်၏ အတွေးစကို ဖြတ်တောက်လိုက်၏။
"သွားစို့... ငါတို့အိမ်ပြန်ကြမယ်" လော်ယွမ်သည် ချန်ကျားယီကိုမြင်သောအခါ အမူအရာမှာ ခေတ္တမျှ ကြောင်အသွားပြီး သူမ၏အလှတွင် အံ့အားသင့်သွားမိ၏။ သူမက မှတ်ပင်မမှတ်မိနိုင်လုနီးပါးဖြစ်နေခဲ့သည်။ သို့သော် သူသည် လျင်မြန်စွာ သတိပြန်ဝင်လာပြီး ပြောလိုက်သည်။
ချန်ကျားယီက ခေါင်းညိတ်လိုက်၏။ သူမသည် လော်ယွမ်အပေါ် အကြွင်းမဲ့ယုံကြည်သူဖြစ်ရာ သူမကို ရောင်းစားလျှင်ပင် သူ့အတွက် ငွေပြန်ရေတွက်ပေးမည့်သူဖြစ်သဖြင့် အနည်းငယ်မျှ ဆန့်ကျင်ခြင်းမရှိချေ။
"လော်ယွမ်... ပစ္စည်းတွေထားလိုက်တော့" ဝူရှောင်ရှောင်သည် လော်ယွမ်က အိမ်ပြန်ရန်ကြံရွယ်နေသည်ကိုမြင်သဖြင့် ပစ္စည်းများသွားသိမ်းမည်ဟုထင်ကာ စိတ်လောစွာဖြင့် "ဗုံးခိုကျင်းထဲမှာ ရိက္ခာအများကြီး သိုလှောင်ထားတယ်... တစ်မြို့လုံးကလူတွေ ခြောက်လလောက် အသက်ရှင်ဖို့တောင် အဆင်ပြေတယ်"
"ငါ့အိမ်မှာ လူတွေရှိသေးတယ်... ငါအိမ်ကို တစ်ခေါက်ပြန်မှရမယ်" လော်ယွမ်သည် စိတ်ပူနေသော ဝူရှောင်ရှောင်ကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး လေးနက်စွာ ပြောလိုက်၏။
"ရှင့်က တကယ်အတာပဲ... သူတို့ဘာသာ ဗုံးခိုကျင်းကို သွားကြမှာပေါ့... အဲ့ဒီအခါကျမှ ပြန်ရှာလည်း ရတာပဲကို" ဝူရှောင်ရှောင်သည် လမ်းမပေါ်တွင် လူများ တဖြည်းဖြည်းရှင်းလင်းသွားသည်ကိုမြင်၍ စိုးရိမ်တကြီး ပြောလိုက်သည်။
"ဘာမတော်တဆမှ မဖြစ်အောင် ငါကိုယ်တိုင် သွားခေါ်တာက... ပိုစိုးရိမ်ရတယ်" လော်ယွမ်က ဆို၏။ သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ သိနေသည်။ ဤခရီးလမ်းတစ်လျှောက် ကမ်းရိုးတန်းဒေသမှ ဤနေရာအထိ မရေမတွက်နိုင်သော အန္တရာယ်များကို ဖြတ်သန်းလာခဲ့ရာ အဖွဲ့ထဲမှလူများသည် သူ့အပေါ်တွင် အလွန်အမင်း မှီခိုနေကြပြီဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများသည် သူကိုယ်တိုင် ပြန်မသွားပါက သူ့ကိုသာ ဆက်လက်စောင့်ဆိုင်းနေကြပေလိမ့်မည်။
စွန်းရုံတသည် စိတ်မရှည်နိုင်တော့ဘဲ အခွင့်ကောင်းယူ၍ "ဒါဆို ငါတို့ အရင်သွားနှင့်လိုက်မယ်... ဗုံးခိုကျင်းမှာပဲ ပြန်တွေ့ကြတာပေါ့" ဟု ဆိုလိုက်သည်။
"ခဏနေဦး... အခုကြည့်ရတာတော့ ဘာအန္တရာယ်မှ မရှိသေးဘူး... နင့်အိမ်ကို ငါတို့ပါတစ်ခါထဲ လိုက်ခဲ့လိုက်မယ်... ပြီးမှအတူသွားကြတာပေါ့" လော်ယွမ် ထွက်သွားရန်ပြင်နေသည်ကိုမြင်သောအခါ ဝူရှောင်ရှောင်၏စိတ်ထဲတွင် တစ်စုံတစ်ရာက လှုံ့ဆော်လိုက်သည့်အလား ရုတ်တရက် ထိတ်ခနဲဖြစ်သွားပြီး "အားလုံး အတူတူသွားကြရင် တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်လို့ရတာပေါ့။"
စွန်းရုံတ၏ မျက်နှာမှာ အရုပ်ဆိုးအကျည်းတန်သွားပြီး သူ၏မျက်နှာပေါ်မှ အပြုံးသည်လည်း ချိတ်ဆွဲထား၍ မရတော့ပေ။ သို့သော် ဤအချိန်တွင် သူ့ကို မည်သူမျှ သတိမထားမိတော့ချေ။
"ရတယ်လေ... ဒါပေမဲ့ အားလုံး ခပ်သွက်သွက်လျှောက်မှဖြစ်မယ်" လော်ယွမ်က ခေါင်းညိတ်လိုက်၏။ သူသည် ဝူရှောင်ရှောင်အပေါ် အတော်လေး အမြင်ကောင်းရှိပြီး မည်သို့ပင်ဖြစ်စေ ကျောင်းနေဖက်ဟောင်းတစ်ယောက်ဖြစ်ရာ အချိန်တန်လျှင် ကူညီနိုင်သမျှ ကူညီလိုက်မည်ဟု တွေးလိုက်သည်။
"သိပြီ" ဝူရှောင်ရှောင်က အလျင်အမြန် ဆိုလိုက်သည်။
လော်ယွမ်သည် နောက်ထပ်စကားမများတော့ဘဲ ချန်ကျားယီကို ဆွဲကာ ဖြည်းဖြည်းပြေးစပြုလိုက်သည်။ ကျောင်းနှင့် သူ၏ရပ်ကွက်မှာ မဝေးလှဘဲ ၂မိုင်ခန့်သာ ရှိ၏။ ဤအကွာအဝေးသည် ခန္ဓာကိုယ်ကြံ့ခိုင်မှု သာမန်ထက်လွန်ကဲနေသော လော်ယွမ်နှင့် ရေညှိပင်ကပ်ပါးစွဲနေသော ချန်ကျားယီအတွက်သာမက သာမန်လူတစ်ယောက်ပင်လျှင် အားကုန်ပြေးနှုန်းဖြင့် လွယ်ကူစွာ သွားနိုင်သည်။
သို့သော် လေ့ကျင့်ခန်းဘာမှမလုပ်သော သာမန်လူနှစ်ဦးဖြစ်သည့် ဝူရှောင်ရှောင်နှင့် စွန်းရုံတအတွက်မူ ထိုသို့မဟုတ်ချေ။ လမ်းတစ်ဝက်ခန့်သာ ပြေးရသေးသည် နှစ်ဦးလုံးမှာ ချွေးများဖြင့်ရွှဲနစ်ကာ နွားတစ်ကောင်ကဲ့သို့ မောဟိုက်နေကြပြီဖြစ်သည်။
"လော်ယွမ်... ဘယ်လောက်လိုသေးလဲ" ဝူရှောင်ရှောင်သည် ပြေးလွှားရင်း မောဟိုက်စွာဖြင့် ပြောလိုက်ရာ သူမ၏မျက်နှာမှာ ဖြူဖျော့နေပြီ။
"ရောက်တော့မယ်... သိပ်မလိုတော့ဘူး" လော်ယွမ်က နောက်သို့လှည့်ကြည့်လိုက်ရာ ဝူရှောင်ရှောင် မခံနိုင်တော့သည်ကို တွေ့လိုက်ရသဖြင့် ခဏစဉ်းစားပြီး "ဒါမှမဟုတ် ငါနင့်ကိုဆွဲပြီး ပြေးရမလား"
ဝူရှောင်ရှောင်သည် ခေတ္တမျှ ချီတုံချတုံဖြစ်သွားပြီး စွန်းရုံတကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ ကြည့်နေသည်ကိုမြင်သောအခါ စွန်းရုံတက အလိုက်သိစွာ ပခုံးတွန့်ပြလိုက်ရာ သူမသည် ပြုံးလိုက်ပြီး "ဒါလည်းမဆိုးဘူး... နင့်ရဲ့သက်လုံက တကယ်ကောင်းတာပဲနော်... နင်က ချွေးတောင်မစို့သလိုပဲ"
လော်ယွမ်က ပြုံးလိုက်သော်လည်း စကားမဆိုဘဲ ချန်ကျားယီ၏လက်ကို လွှတ်လိုက်ပြီး ဝူရှောင်ရှောင်၏ လက်ကို ဆွဲကာ ဆက်လက်ပြေးလွှားလိုက်သည်။
ဝူရှောင်ရှောင်သည် သူမ၏အမည်အတိုင်းပင် သေးငယ်သောကိုယ်ဟန်ရှိပြီး အရပ်မှာ ငါးပေနှစ်လက်မခန့်သာရှိကာ ကိုယ်အလေးချိန်မှာ ပေါင်ကိုးဆယ်ခန့်သာ ရှိပေမည်။ ချန်ကျားယီထက် များစွာမလေးလှပေ။ လော်ယွမ်က အနည်းငယ်အားစိုက်လိုက်ရုံမျှဖြင့် သူမသည် ဆွဲခေါ်ရာသို့ ပါသွားတော့သည်။
အစောပိုင်းက သတိမထားမိခဲ့သော်လည်း ယခုကဲ့သို့ ဆွဲခေါ်ခံရသောအခါမှ ဝူရှောင်ရှောင်သည် သူမ၏ ဤကျောင်းနေဖက်မှာ အလွန်အမင်းသန်မာကြောင်း သိရှိသွားတော့သည်။ သူမတစ်ယောက်လုံးကို ဆွဲပြေးနေသည့်တိုင်အောင် သူ၏အသက်ရှူသံမှာ အနည်းငယ်မျှ ပုံမပျက်ဘဲ တသမတ်တည်းသောအရှိန်ကို ထိန်းထားနိုင်၏။ သူ၏အသားအရေမှာ အလွန်ချောမွေ့ပြီး လက်ဖဝါးမှာ နူးညံ့ပျော့ပျောင်းသော်လည်း အလွန်အားကောင်းလှသည်။ မိမိဘေးမှ ယောက်ျားတစ်ဦး၏ ကောင်းမွန်သောရနံ့ကို ခံစားမိသောအခါ သူမ၏နှလုံးသည် တဒုတ်ဒုတ်ခုန်လာပြီး မျက်နှာမှာ ရဲတွတ်လာကာ ခေါင်းသည်ပင် အနည်းငယ် မူးဝေလာတော့သည်။
စွန်းရုံတ၏အဆုတ်မှာမူ ပန်းပဲဖိုကဲ့သို့ ရှူးရှူးရှဲရှဲမြည်တမ်းလျက်ရှိပြီး ခြေထောက်များမှာ ထုံကျဉ်လုနီးပါးဖြစ်နေသည်။ ရှေ့မှလူသုံးယောက် တဖြည်းဖြည်းပြေးထွက်သွားသည်ကိုကြည့်ရင်း သူ၏မျက်နှာမှာ အရုပ်ဆိုးသွားသည်။ ပို၍သူမကျေမနပ်ဖြစ်မိသည်မှာ လမ်းတစ်လျှောက်လုံး ဝူရှောင်ရှောင်သည် သူ့အား တစ်ချက်မျှပင် လှည့်မကြည့်ခြင်းပင်။
---------------------------------------------------------------------------------------------------------------------------------------
ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့်အကြာတွင် လေးယောက်သား စံအိမ်သို့ ရောက်ရှိလာကြသည်။
စွန်းရုံတသည် ဆိုဖာပေါ်သို့ ဝုန်းခနဲထိုင်ချလိုက်ပြီး မျက်နှာဖြူဖျော့ကာ ပြင်းထန်စွာမောဟိုက်နေ၏။ ထိုအချိန်တွင် သူ၏စိတ်ထဲတွင် အနည်းငယ်အံ့အားသင့်သွားသည်။ ဤ ရုပ်ချောတဲ့ကောင်က ဤသို့သော အဆင့်မြင့်ရပ်ကွက်တွင် နေထိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤနေရာက သူပင်လျှင် နေထိုင်ခွင့်မရှိသောနေရာဖြစ်၏။
ဤသို့သောနေရာတွင် နေထိုင်ရန် ပိုက်ဆံရှိရုံမျှဖြင့် လုံလောက်သည်ဟု ထင်မှတ်၍မရချေ။ ယခုခေတ်တွင် နေအိမ်များကို ရောင်းဝယ်ခြင်း လုံးဝမပြုနိုင်တော့ဘဲ ပိုက်ဆံမည်မျှပင်ရှိစေကာမူ အသုံးမဝင်တော့ချေ။
လူတိုင်းသည် ပြန်လည်တည်ဆောက်ရေးဇုန်သို့ ဝင်ရောက်သည်နှင့် နေအိမ်တစ်လုံး ခွဲဝေရရှိကြသည်။ ဤသို့သောအဆင့်မြင့်ရပ်ကွက်တွင် နေထိုင်နိုင်သူများမှာ သာမန်လူများမဟုတ်ကြပေ။ ပါမောက္ခအဆင့်ရှိသော အဆင့်မြင့်သုတေသီ သို့မဟုတ် အစိုးရအရာရှိကြီးများသာ ဖြစ်ကြသည်။
ပြန်လည်တည်ဆောက်ရေးဇုန်တွင် လူတန်းစားကို တရားဝင်ခွဲခြားထားခြင်းမရှိသော်လည်း ၎င်းမှာ မကြေညာဘဲ လျှို့ဝှက်ထားခြင်းသာဖြစ်သည်။ အမှန်တကယ်တွင် ခွဲဝေပေးသော နေအိမ်နှင့် ခံစားခွင့်များကိုကြည့်လျှင်ပင် အရာအားလုံးကို သိနိုင်၏။
ဒီကောင်က တကယ်တမ်း မည်ကဲ့သို့ပုဂ္ဂိုလ်များ ဖြစ်နေသနည်း။
စွန်းရုံတ၏မျက်နှာမှာ အရုပ်ဆိုးသွားပြီး စိတ်ထဲတွင်လည်း အစောပိုင်းက သူ့ကိုရန်မစမိခဲ့သည့်အတွက် ကံကောင်းသွားသည်ဟု တိတ်တဆိတ်တွေးလိုက်မိသည်။
ထိုစဉ် အခန်းတံခါး ရုတ်တရက်ပွင့်လာပြီး အမျိုးသမီးနှစ်ဦး ထွက်လာသည်။ ထိုအခါသူ၏မျက်လုံးများသည် ချက်ချင်းပင် မလှုပ်မယှက်နိုင်တော့ဘဲ ထိုအမျိုးသမီးနှစ်ဦးထံတွင် သံလိုက်ကဲ့သို့ ကပ်တွယ်သွား၏။ အသက်ကြီးပုံရသော အမျိုးသမီး၏ရုပ်ရည်မှာ အလွန်အမင်းထူးခြားလှသည်ဟု မဆိုနိုင်သော်လည်း သူ၏ဇနီးထက်တော့ သာလွန်၏။ သူမ၏ ပြည့်ဖြိုးရင့်ကျက်ပြီး လှပသောကိုယ်ဟန်မှာ မြင်ရသူတိုင်းကို စိတ်လှုပ်ရှားစေနိုင်သည်။
အငယ်ဖြစ်သူမှာမူ လူသားတစ်ဦးနှင့်မတူလောက်အောင် လှပလွန်းလှ၏။ သူမသည် အပြစ်ကင်းစင်သော အနုပညာလက်ရာတစ်ခုကဲ့သို့ဖြစ်ပြီး အစိတ်အပိုင်းတိုင်းမှာ ပြီးပြည့်စုံနေကာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အကြည့်လွှဲရန် ခက်ခဲလှသည်။
စွန်းရုံတသည် ထိုအငယ်လေး၏ စူးရှသောအကြည့်ကို ခံလိုက်ရသဖြင့် အလျင်အမြန် အကြည့်လွှဲလိုက်ပြီး ထပ်မံမကြည့်ဝံ့တော့ချေ။ စိတ်ထဲတွင်မူ မနာလိုအားကျစိတ်များဖြင့် ပြည့်နှက်သွားပြီး အရည်အသွေးကောင်းသောမုန်လာဥဖြူလေးများကို ခွေးက ကိုက်စားသွားပြီဟု တိတ်တဆိတ် တွေးလိုက်မိသည်။
လော်ယွမ်က တစ်ချက်ကြည့်လိုက်ရာ နှစ်ဦးလုံးမှာ လက်နတ်များအပြည့်အစုံချိတ်ဆွဲထားပြီး အဝတ်အစားများအားလုံးကိုလည်း ပြန်လည်ပြုပြင်ထားသော အဝတ်များသို့ လဲလှယ်ဝတ်ဆင်ထားကြပြီဖြစ်သည်။
"ကျိုးယလီဆီ ဖုန်းဆက်ပြီးပြီလား" လော်ယွမ်က မေးလိုက်သည်။
ဟွမ်ကျားဟွေက သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး "လေကြောင်းတိုက်ခိုက်ရေးအချက်ပေးသံ ကြားတာနဲ့ ကျွန်မ ချက်ချင်းဖုန်းဆက်လိုက်တယ်... သူခဏနေ ရောက်လာမယ်ထင်တယ်... ဝမ်ရှကွမ်တစ်ယောက်ပဲ မလာတော့ဘူးလို့ ပြောတယ်"
လော်ယွမ်က သက်ပြင်းတစ်ချက် အသာချလိုက်၏။ သူသည် အံ့ဩမသွားပေ။ ဝမ်ရှကွမ်၏ စိတ်မှာ အပြင်ပန်းတွင် နူးညံ့သော်လည်း အတွင်းတွင်မာကျောသူဖြစ်ပြီး အချစ်အမုန်းပြတ်သားသူဖြစ်သည်။ အမှန်တရားကို သိမြင်သွားပြီးနောက် လမ်းတစ်လျှောက်လုံးတွင် ဝမ်ရှကွမ်သည် သူ့ကို တမင်တကာ ရှောင်ခွာနေခဲ့သည်။ ယခု ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိလာသောအခါ သူနှင့် ထပ်မံ၍ မပတ်သက်လိုတော့သည်မှာ ထင်ရှားလှသည်။ လူတိုင်းတွင် မိမိ၏ရှင်သန်ရပ်တည်ပုံနည်းလမ်းနှင့် မိမိ ရှိကြသည်တည်း။
(ဝမ်ရှကွမ်ဆိုတာ သူ့အဖေကဆင့်ကဲပြောင်းလဲတာမအောင်မြင်ပဲ ဘီလူးလို အသားစိမ်းတွေစားလို့အသတ်ခံလိုက်ရပြီး လော်ယွမ်သွားကယ်ထုတ်လာတဲ့ ကောင်မလေးပါ။ လော်ယွမ်ရဲ့ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တဦးဖြစ်ပြီး လော်ယွမ်ကိုစိတ်ဝင်စားနေခဲ့ပေမယ့် အကယ်ခံရပြီးနောက် လော်ယွမ်မှာ ကောင်မလေးတွေအများကြီးရှိနေတာ သိသွားတော့ ရှောင်နေလိုက်တာပါ)
ဟွမ်ကျားဟွေသည် ဝူရှောင်ရှောင်ကို တိတ်တဆိတ် အကဲခတ်နေ၏။ သူမက မသိမသာ ပြုံးရင်း "ရှင် မိတ်ဆက်မပေးတော့ဘူးလား... ဒီနှစ်ယောက်က..."
"သူကငါ့ အထက်တန်းကျောင်းနေဖက် ဝူရှောင်ရှောင်... ဒါက သူ့ရဲ့ခင်ပွန်း စွန်းရုံတပဲ... လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့တာ... ဒါက ကျွန်တော့်ရဲ့ချစ်သူ ဟွမ်ကျားဟွေ... ပြီးတော့ ဒါက ဝမ်ရှီရှီ။" လော်ယွမ်က အပြန်အလှန် ရိုးရှင်းစွာ မိတ်ဆက်ပေးလိုက်သည်။
လူအချို့က အပြန်အလှန် ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်ကြသော်လည်း ဝမ်ရှီရှီတစ်ယောက်သာ နှုတ်ခမ်းစူကာ စကားမပြောဘဲနေ၏။ လော်ယွမ်၏ မိတ်ဆက်ပေးပုံကို မကျေနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။
လူတိုင်း ခေတ္တမျှထိုင်နေကြစဉ် မုဝမ်ဝမ် မောဟိုက်စွာဖြင့် ရောက်ရှိလာသည်။ သူမ၏အသွင်အပြင်မှာ ယခင်ကထက် များစွာကောင်းမွန်လာပြီး မျက်နှာတွင်လည်း အမူအရာအချို့ ပိုမိုပေါ်လွင်လာသည်။ ဤအချိန်အတောအတွင်း သူမ ကောင်းမွန်စွာ ဖြတ်သန်းခဲ့ရသည်မှာ ထင်ရှားသည်။
လူတိုင်းသည် စကားတစ်ခွန်းစနှစ်ခွန်းစ ပြောဆိုနေကြသော်လည်း သူတို့၏စိတ်များမှာ ဤနေရာတွင် လုံးဝမရှိချေ။ အချိန်သည် တစ်မိနစ်၊ တစ်စက္ကန့် ကုန်လွန်လာပြီး မြေပြင်သည်လည်း အနည်းငယ် တုန်ခါလာသည်။ လော်ယွမ်သည် မထိန်းနိုင်တော့ဘဲ သူ၏လက်ပတ်နာရီကို အကြိမ်ကြိမ်ကြည့်ကာ နေရာတွင် ဟိုဟိုဒီဒီလမ်းလျှောက်နေသည်။ လူတိုင်း တဖြည်းဖြည်း စကားပြောရပ်တန့်သွားကြပြီး ဝူရှောင်ရှောင်သည် စကားစရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း အခန်းထဲတွင် မသိမသာပျံ့နှံ့နေသော လေးနက်တင်းမာသည့်လေထုကြောင့် ခြောက်လှန့်ခံထားရသကဲ့သို့ ဖြစ်နေသည်။
နောက်ထပ်ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ကျိုးယလီသည် နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။
"ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ" လော်ယွမ်က ပြောလိုက်သည်။
"လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အတင်းဆွဲထားလို့လေ... အခုတောင် မနည်းထွက်လာရတာ" ကျိုးယလီက အနည်းငယ် မလုံမလဲဖြင့် ပြောလိုက်သည်။
လှပသောအမျိုးသမီးတစ်ဦးအနေဖြင့် သူမတွင် ပိုးပန်းသူများ မရှားပါးသည်မှာ သေချာသည်။ သူမက လူလွတ်ဖြစ်ကြောင်း သိရှိပြီးနောက် သူမ၏အထက်အရာရှိသည် နေ့စဉ် တောက်တဲ့တွယ်ကပ်သကဲ့သို့ သူမကို လိုက်ကပ်နေသဖြင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရ၏။ သူမ၏စရိုက်မှာ နူးညံ့ပြီး အမြဲတမ်းအလျှော့ပေးတတ်သူဖြစ်ကာ တစ်ဖက်လူမှာလည်း သူမ၏အထက်အရာရှိဖြစ်နေသောကြောင့် အလုပ်သင်ပေးမည်ဟူသော အကြောင်းပြချက်ကို သူမအနေဖြင့် အတိအလင်း ငြင်းဆိုရန် ခက်ခဲလှသည်။ ဤတစ်ကြိမ်တွင် သူမက အိမ်သာသွားမည်ဟု အကြောင်းပြ၍ လွတ်ထွက်မလာခဲ့ပါက ထိုသူသည် လိုက်လာဖွယ်ပင် ရှိနေသည်။
နောက်တစ်ကြိမ်တွင် လော်ယွမ်ကို ဤကိစ္စကို ဖြေရှင်းခိုင်းကြည့်ရမည်။ သို့မှသာ ထိုသူ လက်မြှောက်အရှုံးပေးသွားပေမည်။
"နောက်တခါကျရင် သတိထားပေါ့... ငါတို့အခုအမြန် သွားကြရအောင်" လော်ယွမ်သည် နောက်ထပ်ဘာမှမပြောတော့ဘဲ ထောင့်မှ ကျန်းမာတောက်ဓားကို ဆွဲကိုင်ကာ ရပ်ကွက်အတွင်းရှိ ဗုံးခိုကျင်းဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။
ဤမျှကြာအောင် အချိန်နှောင့်နှေးခဲ့ပြီးနောက် လမ်းမများပေါ်တွင် လမ်းသွားလမ်းလာ အလွန်နည်းပါးသွားပြီဖြစ်ပြီး လူအများစုမှာ ဗုံးခိုကျင်းထဲသို့ ဘေးကင်းစွာ ဝင်ရောက်သွားကြပြီဖြစ်သည်။
လူတိုင်းသည် ဖြည်းဖြည်းပြေးလွှားလာရာ မကြာမီမှာပင် ဗုံးခိုကျင်းတံခါးဝသို့ ရောက်ရှိလာကြသည်။ ဗုံးခိုကျင်းတံခါးမှာ တစ်ဝက်တစ်ပျက် ပိတ်ထားပြီးဖြစ်ကာ တံခါးဝတွင် စစ်သားတစ်စုက စောင့်ကြပ်လျက်ရှိသည်။
"ခင်ဗျားတို့ မြန်မြန်လုပ်ကြ... နောက်ထပ်သုံးမိနစ်နေရင် ဗုံးခိုကျင်း ပိတ်တော့မယ်" စစ်သားတစ်ဦးက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး လော်ယွမ်တို့အဖွဲ့ကို မြင်သောအခါ မျက်နှာများပင် မည်းမှောင်သွားတော့သည်။
ဆက်ရန်...