သဝန်တိုခြင်း
Vol. 14 Ch. 268
နောက်တစ်နေ့ နံနက်ခင်း၌ ဟွမ်ကျားဟွေ ထွက်ခွာသွားသည်နှင့် ဝမ်ရှီရှီသည် ချက်ချင်းပင် ရှက်သွေးဖြာလျက် သူမ၏ အခန်းအတွင်းမှ အတွင်းခံများကို ယူဆောင်လာခဲ့၏။ သူမ၏ နှလုံးသားသည် သမင်ငယ်တစ်ကောင်နှယ် ခုန်ပေါက်လျက် လော်ယွမ်၏ အခန်းတွင်းသို့ ဝင်ရောက်သွားခဲ့သော်လည်း မကြာမီမှာပင် စိတ်ပျက်အားငယ်သော အမူအရာဖြင့် တံခါးအပြင်ဘက်သို့ ပြန်လည်မောင်းထုတ်ခြင်းခံလိုက်ရသည်။
အရောင်အသွေးစုံလင်လှသော အတွင်းခံဝတ်စုံများထံမှ မိန်းမပျိုလေးတစ်ဦး၏ သင်းပျံ့သော ရနံ့သဲ့သဲ့ကို ရရှိနေ၏။ ထိတွေ့ကိုင်တွယ်ကြည့်လိုက်လျှင်လည်း နွေးထွေးမှုအငွေ့အသက် အနည်းငယ် ကျန်ရှိနေသေးရာ လတ်တလောမှ လဲလှယ်ထားခဲ့ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်ပေသည်။
"ဒီကောင်မလေးတော့"
မိဘများထံမှ ကောင်းမွန်သော မျိုးရိုးဗီဇကို ဆက်ခံရရှိထားသောကြောင့်ပေလော၊ သို့တည်းမဟုတ် ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်လာသောကြောင့်လော မသိနိုင်သော်လည်း အရွယ်ရောက်ကြီးပြင်းလာသည်နှင့်အမျှ ဝမ်ရှီရှီသည် ပန်းလေးတစ်ပွင့်ပမာ အလှသွေးကြွယ်လာခဲ့ပြီး ပန်းချီကားထဲမှ ထွက်ပေါ်လာသော နတ်သမီးငယ်လေးတစ်ပါးနှင့်ပင် တူနေတော့၏။ ရုပ်ရည်အလှအပအရ နှိုင်းယှဉ်ရလျှင် ဟွမ်ကျားဟွေနှင့် ကျိုးယလီတို့ကဲ့သို့သော အမျိုးသမီးများသည် မိမိနှင့်ရင်းနီးနေသော သာမန်လှပသည့် မိန်းကလေးများမျှသာ ဖြစ်၏။ နေရာတိုင်း၌ တွေ့ရှိနိုင်မည်မဟုတ်သော်လည်း ကမ္ဘာမပျက်မီက စည်ကားလှသော လမ်းမများပေါ်၌မူ မကြာခဏ တွေ့မြင်နိုင်သေးသည်။ ဝမ်ရှီရှီ၏ အလှတရားမှာမူ မြင်ရသူတိုင်းကို အံ့အားတသင့် မှင်သက်သွားစေပြီး သာမန်လူသားများအဖို့ မထိုက်တန်သလိုပင် ခံစားရစေသည်အထိ ဖြစ်၏။
ဤသို့ အမူအယာမျိုးစုံဖြင့် ချစ်စဖွယ်ကောင်းလှသော မိန်းမပျိုလေးတစ်ဦးက သူ၏ ရှေ့မှောက်၌ အဆင်သင့် ခူးယူဆွတ်ခူးခံရန် အသင့်ရှိနေပြီး နည်းလမ်းပေါင်းစုံဖြင့် အရိပ်အမြွက်ပြသနေခြင်းသည် လော်ယွမ်အတွက် ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ သာမန်လူသားတို့ထက် များစွာသာလွန်သော ခန္ဓာကိုယ်စွမ်းအားနှင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့်ပင် ယှဉ်နိုင်သော ပြည့်ဖြိုးသည့် သွေးသားခွန်အားတို့က သူ့အား သာမန်ယောက်ျားတစ်ဦးထက် ဆယ်ဆမက ပိုမိုပြင်းထန်သော ကာမဆန္ဒကို ဖြစ်ပေါ်စေ၏။
လောကီလူသားတို့၏ အမြင်များ၊ ကိုယ်ကျင့်တရားဆိုင်ရာ တားမြစ်ချက်များသည်လည်း အချိန်ကာလ၏ တိုက်စားမှုနှင့်အညီ သူ၏ နှလုံးသားထဲ၌ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီးဖြစ်သည်။ အကယ်၍သာ သူ၏ စိတ်အတွင်း၌ အန္တရာယ်၏ အငွေ့အသက်ကို အမြဲတစေ သတိထားနေခြင်း မရှိခဲ့ပါလျှင်၊ ခြိုးခြံစွာ ကျင့်ကြံသော ရသေ့တစ်ပါးပမာ မိမိကိုယ်ကို ချုပ်တည်းထိန်းသိမ်းကာ အစွမ်းထက်လာရန်သာ ရူးသွပ်မတတ် လေ့ကျင့်ခြင်းအပေါ်၌ ပုံအောထားခြင်း မရှိခဲ့ပါလျှင် ဝမ်ရှီရှီသည် ကြာမြင့်စွာကတည်းကပင် သူ၏ ဇနီးအဖြစ်သို့ ရောက်ရှိသွားလောက်ပြီ ဖြစ်၏။
လော်ယွမ်သည် စိတ်ထဲမှ လှုပ်ရှားမှုများကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး ကျန်ရှိသော ပစ္စည်းများကို အတွင်းခံများပေါ်၌ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
ပေါင်းစပ်ပြီးနောက်တွင် တိမ်ပြာငှက်၏ အမွှေးအတောင်အချို့ ကျန်ရှိနေသေး၏။ ဤသည်မှာ ကျိုးယလီအတွက် ချန်ထားခြင်းဖြစ်ပြီး လော်ယွမ်သည် ညနေကျလျှင် သူမထံသို့ တစ်ခေါက်သွားရောက်ရန် ပြင်ဆင်လိုက်သည်။
အသစ်ပေါင်းစပ်ထားသော ဝတ်စုံသည် အပြာနုရောင်အဆင်းရှိပြီး မည်သည့်အလင်းရောင်မျှ ထုတ်လွှတ်ခြင်းမရှိပေ။ ဤဝတ်စုံကိရိယာ၏ အံ့ဖွယ်ဆန်းကြယ်မှုမှာ ပလာစမာစွမ်းအင်စက်ကွင်းသည် လေထဲတွင်လွင့်နေသော လျှပ်စစ်ဓာတ်အမှုန်များကို စုပ်ယူ၍ ဖြည်းညင်းစွာ အားပြန်ဖြည့်နိုင်စွမ်းရှိသည့်ဟန်ရှိပြီး လျှပ်စစ်စီးကြောင်းကိုလည်း တိုက်ရိုက် စုပ်ယူနိုင်ဟန်တူသည်။
ဤသည်မှာ လော်ယွမ် တစ်ညလုံးမအိပ်ဘဲ စမ်းသပ်ခဲ့သည့် ရလဒ်ဖြစ်၏။ ယခု သူ၏ ကိုယ်ပေါ်မှ အတွင်းခံဝတ်စုံသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေပြီး မူလအမွှေးအတောင်၏ အလင်းရောင်ထက်ပင် ပို၍ တောက်ပနေသည်။ ထို့အပြင် အမွှေးအတောင်များက ရံဖန်ရံခါ လျှပ်စီးများ ထုတ်လွှတ်တတ်သည်နှင့် နှိုင်းယှဉ်ပါက ပေါင်းစပ်ထားသော ဝတ်စုံကိရိယာသည် အလွန်အမင်း တည်ငြိမ်ပြီး စွမ်းအင်ယိုစိမ့်မှု အရိပ်အယောင်တစ်စက်မျှပင် မရှိချေ။
လော်ယွမ်၏ ခန့်မှန်းချက်အရ အမွှေးအတောင်သည် အနည်းငယ် ပျက်စီးနေဟန်ရှိပြီး အမွှေးအတောင်၏ အချို့သော ပလာစမာထုတ်လွှတ်သည့် အစိတ်အပိုင်းများမှ စွမ်းအင်များ ယိုစိမ့်နေခြင်း ဖြစ်မည်။ စနစ်၏ ပေါင်းစပ်မှုကမူ အရာအားလုံးကို ပြီးပြည့်စုံစွာ ပြန်လည်ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်၏။
အမှန်အတိုင်းဆိုရလျှင် ဤသို့သော အတွင်းခံဝတ်စုံကို ဝတ်ဆင်ထားရသည်မှာ သူပင်လျှင် အနည်းငယ် ရင်တုန်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အတွင်း၌ အပူချိန်မြင့် ပလာစမာများ ပါဝင်နေပြီး အကယ်၍သာ ပျက်စီး၍ ပေါက်ကွဲထွက်လာပါက ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မြင့်မားမှုအောက်၌ သူ၏ ခန္ဓာကိုယ်သည် ပါးလွှာသော စက္ကူတစ်ရွက်ထက် များစွာ သာလွန်မည်မဟုတ်ပေ။
သို့သော် ဤသို့သော ကာကွယ်မှုကိုပင် ချိုးဖျက်နိုင်ခဲ့ပါလျှင် သူ၏ အသက်သည်လည်း ဆုံးခန်းတိုင်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ညွှန်ပြနေပေလိမ့်မည်။
သာမန်ကျည်ဆန်များက အစိမ်းရောင်အဆင့်၏ ကာကွယ်မှုကို လုံးဝ ထိုးဖောက်နိုင်ခြင်းမရှိပေ။ ဤသို့သော ကာကွယ်ရေးကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်မှာ ထိုးဖောက်နိုင်စွမ်းမြင့်မားသော သံချပ်ကာဖောက်ကျည်ဆန်များ သို့မဟုတ် အဆင့်မြင့် သန္ဓေပြောင်းသတ္တဝါများသာ ဖြစ်၏။ ပထမအမျိုးအစားကို ထိရောက်သော ကာကွယ်မှုမရှိဘဲ ထိမှန်မိပါက တစ်ချက်တည်းဖြင့်ပင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပြီး ဒုတိယအမျိုးအစား၏ တိုက်ခိုက်ခြင်းကို ခံရပါကမူ ဆိုဖွယ်ရာမရှိတော့ဘဲ အသားစများအဖြစ်သို့ ကြေမွသွားရုံသာ ရှိပေလိမ့်မည်။
တကယ်တမ်းတွင် စိတ်ပိုင်းဆိုင်ရာ အချက်များကို ဖယ်ထုတ်လိုက်ပါက ဤသို့သော အတွင်းခံဝတ်စုံသည် ကြောက်မက်ဖွယ်ကောင်းသယောင် ထင်ရသော်လည်း ပျက်စီးသွားသည့်တိုင် အန္တရာယ်များစွာ မရှိလှပေ။ အမွှေးအတောင်ကို ဖြတ်တောက်စဉ်ကတည်းကပင် တွေ့မြင်နိုင်သည်မှာ အတွင်းမှ ပလာစမာစက်ကွင်းသည် တစ်ခုတည်း ပြည့်စုံနေသော အရာမဟုတ်ဘဲ သေးငယ်သော ယူနစ်တစ်ခုချင်းစီဖြင့် ဖွဲ့စည်းထားပြီး တစ်ခုနှင့်တစ်ခု စွမ်းအင် သီးခြားတည်ရှိနေခြင်းပင် ဖြစ်သည်။ ပျက်စီးသွားသည့်တိုင်အောင် ထွက်ပေါ်လာသော စွမ်းအင်သည် အသက်အန္တရာယ်ကို မဖြစ်စေဘဲ အများဆုံးမှာ အပူချိန်မြင့်မားစွာဖြင့် အရည်ပျော်သွားသော အပေါက်ငယ်အချို့ကိုသာ ချန်ထားခဲ့မည် ဖြစ်သည်။
..........................................................................................................................................
လော်ယွမ်သည် အချိန်ကို ကြည့်လိုက်ရာ ငါးနာရီ ထိုးလုနီးပါး ဖြစ်နေပြီဖြစ်၍ အိမ်တံခါးဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ယနေ့သည် လတိုင်း၏ တခုတည်းသော အနားယူရက် ဖြစ်၏။ မည်သို့မျှ လုပ်စရာမရှိသည့်အတွက် သူသည် ကျောင်းဘက်သို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူက ကလေးငယ်သုံးဦး၏ အမည်ခံ အုပ်ထိန်းသူ ဖြစ်နေသေးသည် မဟုတ်ပါလား။
ပြောရလျှင် ဤသည်မှာ သူ ပထမဆုံးအကြိမ် ကျောင်းသို့ သွားရောက်ခြင်း ဖြစ်၏။ လုံးဝ လုံခြုံစွာ ပိတ်ထားသော စစ်အုပ်ချုပ်ရေးပုံစံ စီမံခန့်ခွဲသည့် ကျောင်းတစ်ကျောင်းဖြစ်သည့်အတွက် သာမန်အချိန်များ၌ သင်ကြားရေးဝန်ထမ်းများမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ကျောင်းအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိပေ။ ကျောင်း၏ မျက်နှာချင်းဆိုင် လမ်းမသည်လည်း အေးစက်တိတ်ဆိတ်နေပြီး လူသူကင်းမဲ့နေကာ သွားရောက်သည့်တိုင်အောင် မည်သူ့ကိုမျှ တွေ့မြင်နိုင်မည်မဟုတ်ပေ။
သို့သော် ယနေ့မှာမူ ထူးခြားနေသည်မှာ ထင်ရှားလှ၏။ ကျောင်းဝင်းသို့ မရောက်ရှိသေးမီမှာပင် လော်ယွမ်သည် ကျောင်းဂိတ်ဝ၌ ကလေးများကို လာရောက်ကြိုဆိုနေသော မိဘများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။ စိတ်လှုပ်ရှားနေသော အသံများ၊ ဝမ်းမြောက်ပျော်ရွှင်သော ရယ်မောသံများ... ကြမ်းတမ်းလှသော ကမ္ဘာပျက်ကပ်က လူတို့၏ နေထိုင်မှုဘဝပုံစံကို ပြောင်းလဲစေခဲ့သော်လည်း နွေးထွေးသော မိသားစုသံယောဇဉ်ကိုမူ ပြောင်းလဲစေနိုင်ခြင်းမရှိခဲ့ပေ။
လော်ယွမ်သည် ဤသို့သော လူ့လောက၏ ပျော်ရွှင်ဖွယ်မြင်ကွင်းများကို ကြည့်ရင်း နှုတ်ခမ်းထောင့်၌ နွေးထွေးသော အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့သည်။
သူသည် လူအုပ်ကြားထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း မိမိ လာရောက်ကြိုဆိုရမည့်သူများကို မတွေ့ရှိရသဖြင့် မျက်နှာထက်၌ အကူအညီမဲ့သော အရိပ်အယောင်တစ်စ ပေါ်လာခဲ့သည်။ ဤအပေါ်၌ သူ အံ့ဩခြင်းမရှိပေ။ ဤနေရာသို့လာခဲ့သည့်ခရီးလမ်းတစ်လျှောက်လုံး၌ သူ၏ သဘောထားပုံစံက အလွန်အမင်း တင်းမာလွန်းခဲ့သည်။ တပ်ခွဲမှူးရှကဲ့သို့သော သူပင်လျှင် တစ်ခါတစ်ရံ သူ၏ ရှေ့မှောက်၌ တုန်လှုပ်ချောက်ချားနေပြီး ရိုသေကြောက်ရွံ့နေခဲ့ရလျှင် ထိုကလေးငယ်များမှာမူ ဆိုဖွယ်ရာမရှိတော့ချေ။ သူတို့၏ စိတ်ထဲ၌ မိမိသည် အပြင်းထန်ဆုံးသော ဆရာတစ်ဦးထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေမည် ဖြစ်တန်ရာ၏။
ထိုစဉ်လူအုပ်ထဲမှ အမျိုးသမီးငယ်တစ်ဦးသည် လော်ယွမ်ကို တိတ်တဆိတ် ခိုးကြည့်နေပြီး သူမ၏ မျက်နှာထက်၌ မသေချာမရေရာသော အံ့ဩမှုတစ်စ ထင်ဟပ်နေ၏။ သူမသည် အကြိမ်ကြိမ် အကဲခတ်ကြည့်ရှုနေပြီး ကြည့်လေလေ ရင်းနှီးနေသကဲ့သို့ ထင်လေလေ ဖြစ်နေသည်။ ထိုအမျိုးသားသည် ထူးခြားမှုကို သတိပြုမိသွားသည့်အလား ရုတ်တရက် သူမဘက်သို့ လှည့်ကြည့်လာပြီး မျက်လုံးများထဲ၌ အံ့ဩမှုတစ်စ ဖြတ်ပြေးသွားသည်မှာ ထင်ရှားလှ၏။
"ဝူရှောင်ရှောင်" လော်ယွမ်က အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်သည်။
"ရှင်က" ဝူရှောင်ရှောင်၏ မျက်နှာသည် အနည်းငယ် ပူလောင်သွားသည်။ မိမိ၏ အမည်ကို အခေါ်ခံရပြီး တစ်ဖက်မှလူကို မသိရှိခြင်းက သူမအား အနေရခက်သွားစေသည်။ သူမက အလျင်အမြန်ပင် ပြန်လည်ပြင်ဆင်ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ရင်းနှီးနေသလိုပဲ... ဒါပေမဲ့ ဘယ်လိုမှစဉ်းစားလို့မရဘူး"
"လော်ယွမ်လေ... အထက်တန်းကျောင်းတုန်းက ငါတို့တခန်းထဲ... နင်မေ့သွားပြီလား" လော်ယွမ်က ပြုံးရင်း ပြောလိုက်သည်။ သူ၏ စိတ်ထဲ၌လည်း အနည်းငယ် ဝမ်းသားသွားမိသည်။ ယခုကဲ့သို့ ကြမ်းတမ်းလှသော ကမ္ဘာပျက်ကပ်ထဲ၌ ယခင်က အတန်းဖော်တစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရခြင်းသည် အလွန်တရာမလွယ်ကူလှသော ကိစ္စဖြစ်၏။
"လော်ယွမ်... နင်က တကယ်ပဲ လော်ယွမ်လား... တော်တော်လေး ပြောင်းလဲသွားတယ်နော်... ဒါ တကယ်... တကယ်ကို မယုံနိုင်စရာပဲ" ဝူရှောင်ရှောင်၏ မျက်နှာထက်၌ အံ့ဩမှုများ ဖြတ်ပြေးသွားပြီး သေသေချာချာ အထပ်ထပ် ကြည့်လိုက်မိသည်။ အကယ်၍သာ မျက်ခုံးမျက်လုံးများက ယခင်အတိုင်း အနည်းငယ် ရင်းနှီးနေသေးသည် မဟုတ်ပါက အခြားသူတစ်ယောက် ဖြစ်သွားသည့်အလားပင်။ မှတ်ဉာဏ်ထဲမှ ရှက်တတ်သော ကောင်လေးတစ်ယောက်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့နိုင်တော့ချေ။ ယခုအချိန်၌ သူသည် ကြက်အုပ်ထဲမှ ကြိုးကြာတစ်ကောင်ကဲ့သို့ ထင်ရှားနေပြီး တစ်ကိုယ်လုံးမှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည်။
"နင့်ကို ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး" လော်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
ဝူရှောင်ရှောင်သည် ယခင်က သူ၏ အရှေ့ခုံတွင်ထိုင်သော သူငယ်ချင်းဖြစ်ပြီး အထက်တန်းကျောင်းတုန်းက သူ တိတ်တခိုး စိတ်ဝင်စားခဲ့ရသော၊ သူ၏ စိတ်ကူးထဲမှ နတ်သမီးလေးတစ်ပါး ဖြစ်ခဲ့သည်။ သူမစကားတစ်ခွန်း ပြောလိုက်ရုံမျှဖြင့် မျက်နှာများ နီမြန်းပြီး ရင်ခုန်ခဲ့ရသည်။ သို့သော် ယခုအခါ အခြေအနေတို့ ပြောင်းလဲသွားခဲ့ပြီး ယခင်ကကဲ့သို့ ရင်ခုန်လှုပ်ရှားမိသော အတွေးမျိုး မရှိတော့ချေ။
"ဟုတ်... ဟုတ်တယ်နော်... တကယ်ကို မယုံနိုင်စရာပဲ... နင် ဒီကို ဘယ်တုန်းက ရောက်တာလဲ" ဝူရှောင်ရှောင်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် စကားများ ထစ်ငေါ့လျက် ပြောလိုက်သည်။
"ငါဒီကိုရောက်တာ သိပ်မကြာသေးဘူး... နင်ကရော" လော်ယွမ်က ပြုံးရင်း ပြောလိုက်သည်။
"ဒါကြောင့်နင့်ကို အရင်ကမတွေ့တာကိုး" ဝူရှောင်ရှောင်က ပြုံးလိုက်သော်လည်း များများစားစား မတွေးမိချေ။ "ငါက ဘွဲ့ရပြီးကတည်းက ဒီမှာ စေတနာ့ဝန်ထမ်း ဆရာမ လာလုပ်နေတာလေ... နောက်တော့ ဒီဒေသမှာပဲ တခါတည်း အလုပ်ဝင်လိုက်တာ... ပြောရရင် တော်တော်လေး ကံကောင်းတယ်"
"နင်ကတကယ်ကို ကံကောင်းခဲ့တာပဲ... အဲ့တော့နင်ကဒီမှာ ဆရာမပေါ့" လော်ယွမ်သည် ရေမြေခြား၌ အသိဟောင်းနှင့် တွေ့ဆုံရသည့် စိတ်လှုပ်ရှားမှုမှ တဖြည်းဖြည်း တည်ငြိမ်လာပြီး ပြောလိုက်သည်။
"ဟုတ်တယ်လေ... နင်ကရော... နင့်ကလေးကို လာကြိုတာလား" ဝူရှောင်ရှောင်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်ပြီး လော်ယွမ်ကို ရဲတင်းစွာ ကြည့်လိုက်ရာ မျက်လုံးများထဲ၌ ကြည်လင်သော အလင်းရောင်များ တောက်ပနေသည်။
ဝူရှောင်ရှောင်သည်လည်း အဘယ်ကြောင့်မှန်းမသိ လော်ယွမ်ကို တွေ့လိုက်ရကတည်းက ပြင်းထန်သော လှုပ်ရှားမှုတစ်မျိုးက သူမ၏ နှလုံးသားကို ပြည့်နှက်သွားစေပြီး အကြောင်းပြချက်မရှိဘဲ ရင်ခုန်သံများ မြန်ဆန်လာကာ မျက်နှာသည် အနည်းငယ် ပူလောင်လာခဲ့သည်။
စနစ်ကို ရရှိပြီးနောက် လော်ယွမ်သည် စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်သာမက ရုပ်ရည်သည်ပင်လျှင် အနည်းငယ် ပြောင်းလဲသွားပြီး ပို၍ပင် ခန့်ညားချောမောလာခဲ့သည်။ ထို့အပြင် ဆင့်ကဲပြောင်းလဲမှုကာလသို့ ရောက်ရှိလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းမှ မျိုးရိုးဗီဇများသည် နက်ရှိုင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး သူ့အား အတွင်းမှအပြင်သို့တိုင် ဆန့်ကျင်ဘက်အမျိုးသမီးများအပေါ် ပြင်းထန်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေစေသည်။
မျိုးနွယ်စုများ၏ မျိုးပွားခြင်း ရှုထောင့်မှ ပြောရလျှင် ဤသည်မှာ ထူးချွန်သော မျိုးရိုးဗီဇများ ဆက်လက်တည်တံ့နိုင်ရန်အတွက် ခန္ဓာကိုယ်၏ နက်ရှိုင်းသော နေရာမှ ဖြစ်ပေါ်လာသော ဗီဇဆန္ဒတစ်မျိုးပင် ဖြစ်သည်။ ဤအချက်က သူ့အား အပြင်ထွက်တိုင်း နောက်ပြန်လှည့်ကြည့်သူ များပြားလာစေပြီး သူ့ကို အတော်လေး ခေါင်းကိုက်စေခဲ့သည်။
"ဟုတ်တယ်လို့လည်း ပြောလို့ရတယ်... ဒါပေမဲ့ ငါ့ကလေးတော့ မဟုတ်ဘူးပေါ့... မွေးစားထားတဲ့သဘောပဲ" လော်ယွမ်က ကြောင်သွားပြီး အလိုက်သင့်ဖြေလိုက်သည်။
"ဟုတ်သားပဲ... နင့်မှာကလေးရှိရင်လည်း ဒီလောက်ကြီးမှာ မဟုတ်သေးဘူး" ဝူရှောင်ရှောင်သည်လည်း မိမိ၏ အသိဉာဏ်မဲ့သော ခန့်မှန်းချက်အတွက် ရယ်မောလိုက်မိသည်။
အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်မည် ဝူရှောင်ရှောင်သည် စကားစသည်နှင့် လုံးဝ ရပ်တန့်နိုင်ခြင်းမရှိတော့ချေ။ လော်ယွမ်သည် မည်သို့မျှ လုပ်စရာမရှိသည်ကို မြင်သောအခါ သူမနှင့်အတူ ဟိုအကြောင်းသည်အကြောင်း ပြောဆိုနေလိုက်သည်။
"ရှောင်ရှောင်... ဒါ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လား" အသံတစ်သံက သူတို့နှစ်ဦး၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။
စကားပြောသူမှာ လက်ဆွဲအိတ်တစ်လုံးကို လွယ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထူထဲသော အနက်ရောင်မျက်မှန်ကိုင်းကို တပ်ဆင်ထားကာ မျက်နှာထက်၌ အပြုံးတစ်ချက်ကို ချိတ်ဆွဲထားသည်။ သို့သော် လော်ယွမ်ကမူ သူ၏ အပြုံးသည် အနည်းငယ် ဟန်ဆောင်နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်၏။
ဝူရှောင်ရှောင်၏ စိတ်ထဲ၌ ချက်ချင်းပင် အနည်းငယ် ထိတ်လန့်သွားပြီး မိမိ၏ စောစောက လှုပ်ရှားသွားသော စိတ်အပေါ် အပြစ်တင်မိလိုက်သည်။ မိမိ ယနေ့ ဘာဖြစ်နေပါသနည်း။ သူမက ဟန်ဆောင်သည့်အနေဖြင့် နားသယ်စပ်မှ ဆံပင်များကို သပ်တင်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။ "ဒါက လော်ယွမ်တဲ့... ကျွန်မရဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေ... ဒီမှာ သူနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး... ဝမ်းသာလွန်းလို့ စကားနည်းနည်း များသွားတယ်... ဒါက ကျွန်မယောက်ျား စွန်းရုံတ... သုတေသနဌာနမှာ အလုပ်လုပ်တာ"
"မင်္ဂလာပါ"
"မင်္ဂလာပါ"
နှစ်ဦးသားသည် လက်ဆွဲနှုတ်ဆက်လိုက်ကြသော်လည်း နှစ်ဦးစလုံး၏ အပြုအမူက ဟန်ဆောင်နေကြသည်မှာ ထင်ရှားလှ၏။
အသစ်ပေါ်ထွက်လာသော ဤအမျိုးသားက စွန်းရုံတအား ကြီးမားသော စိုးရိမ်ပူပမ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဤအမျိုးသား၏ ချောမောသော ရုပ်ရည်သည် သူပင်လျှင် အနည်းငယ် မျက်စိကျိန်းသွားစေသည်။ ထို့အပြင် စောစောက ဇနီးသည် သူနှင့် စကားပြောနေစဉ်တွင် သူ၏ မျက်နှာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး မျက်လုံးများထဲမှ မျက်ရည်များပင် ထွက်ကျလာတော့မည့်အလား ဖြစ်နေသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
ခွေးမသား ရုပ်ချောတဲ့ကောင်။
စွန်းရုံတ၏ ရုပ်ရည်သည် သာမန်မျှသာဖြစ်ပြီး အနည်းငယ်ပင် အကျည်းတန်သည်ဟု ဆိုနိုင်သည်။ စိတ်ဓာတ်သည် အားငယ်တတ်သလို မာနလည်း ကြီးတတ်သည်။ ကမ္ဘာမပျက်မီကတည်းက သူသည် လက်ထောက်သုတေသီတစ်ဦးမျှသာဖြစ်ပြီး လစဉ် ရရှိသော လစာငွေအနည်းငယ်၊ အိမ်မရှိ၊ ကားမရှိဖြင့် အသက်သုံးဆယ်ကျော်သည့်တိုင်အောင် လူပျိုကြီးတစ်ဦး ဖြစ်နေခဲ့သည်။
ကမ္ဘာပျက်ကပ် စတင်လာပြီးနောက် သုတေသနပညာရှင်များ အလွန် ရှားပါးသွားသည့်အခါ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ဝင်ရောက်ပြီးနောက် သူသည် ဓာတ်ခွဲခန်း၏ ညွှန်ကြားရေးမှူးအဖြစ်သို့ ထူးထူးခြားခြား ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ထို့နောက် မိတ်ဆက်ပွဲတစ်ခု၌ ဝူရှောင်ရှောင်နှင့် တွေ့ဆုံခဲ့ပြီး ဇုန်မူဝါဒ၏ လမ်းညွှန်မှုအောက်၌ နှစ်ဦးသားသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လက်ထပ်ခဲ့ကြသည်။ လှပသော ဇနီးသည်ကို ရရှိသည့်အတွက် ဝမ်းမြောက်ကျေနပ်မိသော်လည်း စိုးရိမ်ပူပန်မှုလည်း ရှိနေခဲ့သည်။ မိမိကိုယ်ကို ယုံကြည်မှုမရှိသော စိတ်ဓာတ်က သူ့အား ဇနီးသည်၏ အနားသို့ ချဉ်းကပ်လာသော အမျိုးသားတိုင်းကို အလွန်အမင်း သတိထားစေခဲ့ပြီး မျက်နှာချင်းဆိုင်မှ ထိုသူမှာမူ သတိထားရမည့် အမျိုးသားအားလုံးထဲ၌ အမြင့်ဆုံးအဆင့်တွင် ရှိနေသည်မှာ ထင်ရှားလှ၏။
ခွေးမသား ရုပ်ချောတဲ့ကောင်။
"မင်းက ရှောင်ရှောင်ရဲ့ ကျောင်းနေဘက်သူငယ်ချင်းဖြစ်နေတာကိုး... မင်းက ဘယ်ဌာနမှာ အလုပ်လုပ်တာလဲ" စွန်းရုံတက သူ၏ မျက်နှာမှ ကြွက်သားများကို ဆွဲဆန့်လိုက်ပြီး အပြုံးတုဖြင့် ပြောလိုက်သည်။
"ကျွန်တော်က အခုမှ ရောက်တာဆိုတော့ လောလောဆယ် အလုပ်မရှိသေးဘူး... သူတို့ချပေးတာကို စောင့်နေတုန်းပဲ" လော်ယွမ်က သူ့ကို ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။ တစ်ဖက်မှ သူ့အပေါ် ရန်လိုစိတ် အနည်းငယ် ရှိနေသည်ကို သူ ခံစားမိ၏။ ဤသည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။ မည်သူမဆို မိမိ၏ ဇနီးသည်က အခြားအမျိုးသားတစ်ဦးနှင့် ဤမျှ ပျော်ရွှင်စွာ စကားပြောနေသည်ကို မြင်လျှင် စိတ်ထဲ၌ ကြည်နူးနေမည်မဟုတ်ပေ။
"အမှန်တော့ အခုမှ ချပေးတဲ့ အလုပ်တွေက ကောင်းတဲ့အလုပ် သိပ်မရှိတော့ဘူး... အဆက်အသွယ်မရှိလို့ကတော့ အလုပ်သမား လုပ်တာမဟုတ်ရင်... စစ်သားပဲ လုပ်ရတော့မှာ... စစ်သားလုပ်တာက အန္တရာယ်များတာကို ထားဦး... အလုပ်သမားလုပ်ရင်တောင်မှ တတ်ထားတဲ့ပညာရပ်တခုခုမရှိရင်... အလုပ်ကြမ်းသမားပဲ လုပ်ရမှာ... အဲ့တာက အရမ်းပင်ပန်းသလို လစာကလည်း နည်းတော့ နောက်ဆို အိမ်ထောင်တောင် ပြုနိုင်မှာ မဟုတ်ဘူး" စွန်းရုံတက ပြိုင်ဘက်ကို အနိုင်မခံ အရှုံးမပေးဘဲ တိုက်ခိုက်နေသည်။ ဤစကားများသည် ယခင်က သူ၏ အဖြစ်အပျက်များပင် ဖြစ်သည်။
"ဒီလိုဆိုလည်းဘယ်တတ်နိုင်ပါ့မလဲ... အခုမှ ရောက်ခါစဆိုတော့... အသိလည်းမရှိသေးဘူးလေ... ဒီလိုပဲဖြည်းဖြည်းချင်း စောင့်ရတော့မှာပေါ့" လော်ယွမ်က အနည်းငယ် ရယ်ချင်စိတ်ဖြစ်သွားပြီး ပြောလိုက်သည်။
"ရုံတ... ဒါက ကျွန်မရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်လေ... ရှင့်အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကူညီရမှာပေါ့" ဝူရှောင်ရှောင်သည် စွန်းရုံတ၏ ပြိုင်ဘက်ကို တိုက်ခိုက်နေသော စကားများကို နားမလည်ဘဲ လော်ယွမ်အတွက် အနည်းငယ် စိုးရိမ်သွားပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။
"ဟုတ်ပြီလေ... ဒါဆိုမင်းမှာ ဘွဲ့တစ်ခုခု ရှိတယ်မလား... မရှိလည်း ကိစ္စမရှိပါဘူး... ငါ မင်းကို ငါ့ဆီမှာ လက်ထောက်အဖြစ် သွင်းပေးလို့ရတယ်" စွန်းရုံတသည် ဝူရှောင်ရှောင်က ပြိုင်ဘက်အပေါ် ဤမျှ အလေးထားသည်ကို မြင်သောအခါ စိတ်ထဲ၌ သဝန်တိုမှု ပိုမိုပြင်းထန်လာပြီး ရုတ်တရက် ရောဂါသည်တစ်ဦးကဲ့သို့ ပြုံးလိုက်သည်။
"ဘယ်လို... ခင်ဗျားတို့က သီးသန့် လူသွင်းပေးလို့ရတာလား" လော်ယွမ်သည် စွန်းရုံတ၏ စကားကို ကြားသောအခါ အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။
"စည်းမျဉ်းအရတော့ မရဘူးပေါ့... ဒါပေမဲ့ ငါတို့က သုတေသနဌာနဆိုတော့ 'ယာယီဝန်ထမ်း' အနည်းငယ် ခေါ်ယူခွင့်ရှိတယ်" စွန်းရုံတက စိတ်ထဲ၌ ယုတ်မာစွာ တွေးလိုက်ပြီး "ယာယီဝန်ထမ်း" ဟူသော စကားလုံးအပေါ် အနည်းငယ် အသံဖိ၍ ပြောလိုက်ရာ မျက်နှာက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသွားသည်။
ယာယီဝန်ထမ်းဆိုသည်မှာ ကမ္ဘာမပျက်မီက အဓိပ္ပာယ်ရှိသော ယာယီဝန်ထမ်းမျိုးမဟုတ်ဘဲ စမ်းသပ်ခံလူသားများကို ဆိုလိုခြင်းဖြစ်သည်။ မျိုးနွယ်စု ရှင်သန်ရေးအတွက် ယခင်က ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားများကြောင့် တားမြစ်ထားသော စမ်းသပ်မှုအားလုံးကို ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်ပြီး ကြမ်းတမ်းရက်စက်သော လူ့ခန္ဓာကိုယ်စမ်းသပ်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေသည်။
လူပုံတူပွားခြင်းသည် ကြမ်းတမ်းမှုအဆင့် အနိမ့်ဆုံး စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သည်။ လူ့ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲခြင်း၊ မျိုးရိုးဗီဇ ထည့်သွင်းခြင်း၊ ဓာတ်ရောင်ခြည်သင့် သန္ဓေပြောင်းလဲခြင်းတို့ကြောင့် နှစ်စဉ် ဓာတ်ခွဲခန်းထဲ၌ သေဆုံးသွားသော ရာဇဝတ်သားများနှင့် စေတနာ့ဝန်ထမ်းများသည် သောင်းပေါင်းများစွာ ရှိနေသည်။
အပြင်လူတယောက်က ထိုအရာများကို လုံးဝနားလည်မည်မဟုတ်ပေ။
(အရင်က တရုတ်အစိုးရဦးဆောင်တဲ့ မျိုးရိုးဗီဇကနေ ခွေးအတုကြောင်အတု လုပ်သလို လူအတုလုပ်ဖို့ စမ်းသတ်တဲ့လုပ်ရပ်မျိုးရှိခဲ့ဖူးတယ်။ နောက်တော့ အပြည်ပြည်ဆိုင်ရာက ဝိုင်းတားလို့လားဘာလားမသိဘူး တရုတ်အစိုးရက တရားဝင်ရပ်လိုက်တယ်လို့သတင်းလွှင့်ခဲ့တယ်။ နောက်ကွယ်မှာ ခိုးလုပ်နေမနေကတော့ မပြောနိုင်ဘူးပေါ့။ ဒါမျိုးလုပ်ရပ်တွေက စစ်အင်အားကြီးနိုင်ငံတွေမှာ ရှိတတ်တယ်။ လူအတုလုပ်တယ်ဆိုတာက ကိုယ့်ရဲ့မျိုးရိုးဗီဇကို ပုံတူကူးယူပြီး ကိုယ်နဲ့တထရောတည်းတူတဲ့ လူတစ်ယောက်ကို သန္ဓေယူဖန်တီးတာပါ။ ဒီနည်းက ခွေးတွေကြောင်တွေမှာ အောင်မြင်နေတာကြာပါပြီ။ တခါက အမေရီကန်ကလူတယောက် သူ့ခွေးလေးသေသွားလို့ ဝန်ဆောင်မှုပေးတဲ့ ဓာတ်ခွဲခန်းမှာ အဲ့ခွေးရဲ့ဗီဇကိုပုံတူကူးပြီး သေသွားတဲ့ခွေးနဲ့ချွတ်စွတ်တူတဲ့ခွေးတကောင် ဖန်တီးခဲ့ဖူးတယ်)
ဤစေတနာ့ဝန်ထမ်းသည် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဓာတ်ခွဲခန်းသို့ ရောက်ရှိသွားသည့်အခါ သူ၏ သဘောအတိုင်း ဖြစ်တော့မည်မဟုတ်ပေ။ ကမ္ဘာပျက်ကပ်၏ စေတနာ့ဝန်ထမ်း လုပ်ငန်းစဉ်သည် ယခင်ကကဲ့သို့ တင်းကျပ်ခြင်းမရှိတော့ဘဲ များပြားလှသော ငွေကြေး၏ သွေးဆောင်မှုအောက်၌ မည်သို့ပင်ဖြစ်စေ စာချုပ်လက်မှတ်ထိုးသွားအောင် လှည့်စားနိုင်ပေသည်။
လော်ယွမ်သည် ထိုသူ၏ ဇနီးသည်နှင့် စကားအနည်းငယ် ပြောဆိုလိုက်ရုံမျှဖြင့် သူ၏စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သို့မျှ မထင်ထားခဲ့ပေ။ အကယ်၍သာ သူ့ဇနီးသည်ကို တချိန်ကသူစိတ်ဝင်စားခဲ့ဖူးကြောင်းသိရှိသွားပါက မည်သို့သော လုပ်ရပ်များ ပြုလုပ်မိမည်ကို မသိနိုင်ချေ။
"စိတ်မရှိပါနဲ့... ဒီကိစ္စကို နောက်မှပဲ ပြောကြတာပေါ့... ကျွန်တော်စောင့်နေတဲ့လူ ရောက်လာပြီ" လော်ယွမ်သည် ကျောင်းဂိတ်ဝမှ ထွက်လာသော ချန်ကျားယီကို မြင်လိုက်ရသည့်အတွက် သဝန်တိုခြင်းမီးတောက်များ လောင်ကျွမ်းနေသော ဤလူနှင့် ဆက်လက်စကားပြောလိုစိတ် မရှိတော့ဘဲ ချန်ကျားယီကို လက်လှမ်းပြလိုက်သည်။
"ဒါက ရခဲတဲ့ အခွင့်အရေးနော်... နောက်ဆို ဒီလိုအခွင့်အရေးမျိုး ရှိချင်မှ ရှိတော့မှာ" စွန်းရုံတက "စေတနာကောင်းဖြင့်" ပြောလိုက်သည်။
"ဟုတ်တယ် လော်ယွမ်... သုတေသနဌာနရဲ့ လစာက တော်တော်လေး ကောင်းတယ်" ဝူရှောင်ရှောင်ကလည်း စိတ်အားထက်သန်စွာဖြင့် တိုက်တွန်းလိုက်သည်။
ထိုအချိန်၌ နားစည်ကို ထိုးခွင်းလုမတတ် စူးရှလှသော လေကြောင်းရန်ကာကွယ်ရေး အချက်ပေးဥဩသံသည် ရုတ်တရက် မြည်ဟီးလာပြီး မြို့တော်တစ်ခုလုံး၏ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။ လော်ယွမ်၏ စိတ်ထဲ၌ တုန်လှုပ်သွားပြီး အလိုအလျောက်ပင် ခါးနားသို့ စမ်းလိုက်သော်လည်း ဗလာနတ္ထိသာ စမ်းမိလိုက်သည်။ ထိုအခါမှ ဓားကို အိမ်၌ ထားခဲ့သည်ကို သတိရသွားသည်။
ကျောင်းဂိတ်ဝသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဝူရှောင်ရှောင်နှင့် စွန်းရုံတတို့ဘက်သို့ လှည့်ကြည့်လိုက်ရာ နှစ်ဦးသားသည် ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့နေလေပြီ။
ဆက်ရန်...