လူငယ်ဘဝ
Vol. 14 Ch. 267
ကန္တာရမြို့၏ အမှတ်(၂) အလယ်တန်းကျောင်း ကစားကွင်းပြင်ကျယ်ကြီးထဲ၌ နည်းပြဆရာ၏ အသံကုန်ဟစ်အော်သံများ လွှမ်းခြုံလျက်ရှိ၏။ ကျောင်းသားရာပေါင်းများစွာတို့သည် ပြင်းပြင်းထန်ထန် ပူလောင်နေသော နေရောင်အောက်တွင် လှံစွပ်များတညီတညာတန်းစီလျက် ချွေးသံတရွှဲရွှဲဖြင့် လေ့ကျင့်နေကြသည်။ အမိန့်ပေးသံတစ်ချက် ထွက်ပေါ်လာတိုင်း လက်ထဲမှ လှံစွပ်များသည် တညီတညွတ်တည်း ရှေ့သို့ထိုးထွက်သွားကြရာ ထိုမြင်ကွင်းမှာ အားမာန်အပြည့်နှင့် ခမ်းနားထည်ဝါလှပေသည်။
မျိုးတုံးပျောက်ကွယ်မည့် ဖိအားအောက်ကြောင့် ကမ္ဘာပျက်ပြီးနောက် ပြန်လည်တည်ဆောက်ရေးဇုန်တွင် လိုအပ်သော ယဉ်ကျေးမှုဆိုင်ရာသင်ကြားမှုများအပြင် စစ်ရေးလေ့ကျင့်မှုသည် အဓိကဘာသာရပ်ကြီးတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ယောက်ျားလေးများအတွက်မူ တစ်နေ့တာ၏အချိန်တစ်ဝက်ခန့်ကို ဤကစားကွင်းပြင်ပေါ်၌သာ ကုန်ဆုံးကြရ၏။
သေနတ်ပစ်ခတ်ခြင်း၊ လက်နက်ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခြင်း၊ လက်နက်အေးများဖြင့် လေ့ကျင့်ခြင်းတို့အပြင် နေ့စဉ်နံနက်ခင်းတိုင်း၌ အလေးနှင့်၃မိုင်ပြေးရခြင်းတို့ ပေါင်းစပ်လိုက်သောအခါ လေ့ကျင့်ခန်းများ၏ပြင်းထန်မှုမှာ ကမ္ဘာမပျက်မီက အထူးတပ်ဖွဲ့များ၏ လေ့ကျင့်ရေးစခန်းထက်ပင် များစွာမလျော့နည်းလှပေ။
စွမ်းအင်မြင့်မားသော အစားအစာထောက်ပံ့မှုအောက်တွင် ဆယ့်သုံးဆယ့်လေးနှစ်အရွယ် လူငယ်လေးများသည် စောစီးစွာပင် ကြီးထွားဖွံ့ဖြိုးလာကြ၏။ တစ်ယောက်ချင်းစီတိုင်းက နွားပေါက်လေးများသဖွယ် သန်မာကြံ့ခိုင်ကြသည်။ ထို့အပြင် အားအင်ပြည့်ဝနေသောကြောင့် ဤမျှပြင်းထန်သော လေ့ကျင့်ခန်းများအောက်၌ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခြင်းမရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် နေသားတကျဖြစ်လာခဲ့ကြသည်။
ကျုံးချူချန်သည် အဖွဲ့၏အလယ်တွင် စိတ်မပါတပါဖြင့် လေ့ကျင့်နေ၏။ နည်းပြဆရာသင်ကြားပေးသော စစ်သုံးလှံစွပ်ထိုးနည်းကို သူကအနည်းငယ် အထင်မကြီးပေ။ အစ်ကိုကြီးယွမ်၏ ဓားသိုင်းပညာနှင့် နှိုင်းယှဉ်လိုက်လျှင် ဤသည်တို့မှာ အလွန်ပင်ကွာခြားလှသည်။
ယခင်က နှိုင်းယှဉ်စရာမရှိသဖြင့် သူသည် သိုင်းပညာတိုင်း ဤသို့ပင်ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုအခါ ကမ္ဘာပျက်ပြီးနောက်ပိုင်း ကြမ်းတမ်းသောတိုက်ပွဲများကို ဖြတ်သန်းခဲ့သည့် သိုင်းပညာရှင်များစွာတို့က ပြန်လည်ပြုစုထားသော ဤလှံစွပ်ထိုးနည်းသစ်ကို လေ့ကျင့်သောအခါ သူသည် ပြောမပြတတ်သော အဆင်မပြေမှုကို ခံစားနေရသည်။ သူ၏စွမ်းအားများကို ထုတ်သုံးစရာနေရာမရှိသကဲ့သို့ အမြဲခံစားနေရပြီး မူလက ဆယ်ပုံပြည့်အစွမ်း ထုတ်သုံးနိုင်သော်လည်း ယခုအခါ သုံးပုံမျှပင် ထုတ်မသုံးနိုင်သကဲ့သို့ ခံစားနေရသည်။
သို့သော် သူသည် ငယ်စဉ်ကတည်းက စကားနည်းပြီး လိမ္မာအေးဆေးသူဖြစ်ရာ နည်းပြဆရာက မည်သို့လေ့ကျင့်ခိုင်းသည်ဖြစ်စေ သူကထိုအတိုင်း လေ့ကျင့်၏။ သို့ရာတွင် ဤသည်မှာ အတန်းထဲ၌ နည်းပြဆရာကို မျက်နှာချိုသွေးခြင်းမျှသာဖြစ်ပြီး သီးသန့်အနေဖြင့်မူ တစ်ခါမျှလေ့ကျင့်ခြင်းမရှိခဲ့ပေ။ ထိုအစား လော်ယွမ်သင်ကြားပေးခဲ့သော ဓားသိုင်းပညာကိုသာ ပို၍ပြင်းထန်စွာ လေ့ကျင့်ခဲ့သည်။ တစ်နေ့နေ့တွင် သူသည်လည်း လော်ယွမ်ကဲ့သို့ အစွမ်းထက်ပြီး မည်သည့်အရာကိုမျှ မကြောက်ရွံ့သူတစ်ယောက် ဖြစ်လာရန် မျှော်လင့်နေမိသည်။
ရက်စက်ကြမ်းတမ်းသော အမှောင်ထဲတွင် အချိန်ကာလတစ်ခုကြာ ဖြတ်သန်းခဲ့ဖူးသူပီပီ သူသည် ဤလောကကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို အတန်းဖော်အများစုထက် ပိုမိုနက်ရှိုင်းစွာ နားလည်ထား၏။ စွမ်းအားမရှိလျှင် အခြားသူများ၏ သတ်ဖြတ်စားသောက်မှုကို ခံရရုံသာရှိသည်။ သန္ဓေပြောင်းသားရဲများသာမက လူသားများ၏ သတ်ဖြတ်မှုကိုပါ ခံရနိုင်ပေသည်။
သူပို၍သန်မာလာရန် လိုအပ်သည်။ မိမိကိုယ်ကို ကာကွယ်ရန်နှင့် မိမိကာကွယ်လိုသူများကို ကာကွယ်ရန်အတွက် အစွမ်းထက်လာမှဖြစ်ပေမည်။
သူသည် စိတ်မပါလက်မပါ လေ့ကျင့်နေသော်ငြား သူ၏လှုပ်ရှားမှုများမှာ စံအကျဆုံးဖြစ်နေဆဲပင်။ လပေါင်းများစွာ သို့မဟုတ် တစ်နှစ်ခန့် လေ့ကျင့်ထားသော အတန်းဖော်များထက်ပင် ပိုမိုစံကျပြီး နည်းပြဆရာထက်ပင် ပို၍ချောမွေ့နေသေးသည်။
ထိုအချိန်တွင် အဝေးမှ စစ်သားတစ်ယောက်က နည်းပြဆရာကို လက်ယပ်ခေါ်လိုက်ရာ နည်းပြဆရာက ခေါင်းညိတ်ပြပြီး နောက်သို့လှည့်ကာ "ကျုံးချူချန်... ရှေ့ထွက်ခဲ့" ဟု အော်ခေါ်လိုက်သည်။
"ဟုတ်ကဲ့... နည်းပြ" ကျုံးချူချန်သည် စံချိန်မီ ခြေလှမ်းများဖြင့် အပြေးအလွှားသွားကာ အဖွဲ့ထဲမှ ထွက်ခွာလာခဲ့သည်။
"မင်းအဖွဲ့ကို ခဏဦးဆောင်လိုက်ဦး... ဆယ်မိနစ်ပဲ ကျန်တော့တယ်... အချိန်စေ့ရင် မင်းတို့ဘာသာ အဖွဲ့ခွဲလိုက်တော့" နည်းပြဆရာက အချိန်ကိုတစ်ချက်ကြည့်ရင်း သူ့အား ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ နည်းပြ" ကျုံးချူချန်က အံ့ဩခြင်းမရှိဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဤသို့သောအဖြစ်အပျက်မျိုးမှာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီးဖြစ်သည်။ နည်းပြဆရာအလုပ်သည် သူ၏အချိန်ပိုင်းအလုပ်မျှသာဖြစ်ပြီး သူသည် ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးလည်းဖြစ်သည်။ အကြိမ်များစွာပင် သင်တန်းအချိန်တစ်ဝက်၌ အခေါ်ခံရတတ်သည်။ သို့သော် ယခင်က အဖွဲ့ကိုဦးဆောင်သူမှာ အခြားအတန်းဖော်တစ်ဦးဖြစ်ပြီး မကြာသေးမီကမှ သူ့အလှည့်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။
နည်းပြဆရာထွက်သွားသည်နှင့် အဖွဲ့မှာ ချက်ချင်းပင် အနည်းငယ်ပျော့ပျောင်းသွား၏။ လူအများအပြားက သက်ပြင်းချလိုက်ကြပြီး မူလက တက်ကြွနေသောအရှိန်အဝါမှာ တစ်ခဏအတွင်း လျော့ကျသွားသည်။ သို့သော် ဤသည်မှာ ယခင်ကထက် အနည်းငယ်ဖြေလျှော့လိုက်ခြင်းမျှသာဖြစ်ပြီး မည်သူမျှ စကားတီးတိုးမပြောသလို လေ့ကျင့်ခန်းများကိုရပ်တန့်ကာ ထိုင်ချအနားယူခြင်းမျိုးလည်း မပြုလုပ်ကြပေ။
ကမ္ဘာပျက်ပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးပုံစံသည် ယခင်ကကဲ့သို့ အပေါ်ယံပုံစံမျိုးမဟုတ်တော့ဘဲ စာထူးချွန်သောကျောင်းသားအနည်းငယ်မှလွဲ၍ ဤနေရာရှိ ကျောင်းသားအများစုမှာ အခြေခံအားဖြင့် အရံစစ်သားများ သို့မဟုတ် လက်နက်ကိုင်အလုပ်သမားများဖြစ်ကြပြီး စစ်မှန်သော စစ်ဥပဒေကို ကျင့်သုံးကြသည်။ ပြစ်ဒဏ်ပေါ့ပါးလျှင် ကျောင်းမှထုတ်ပယ်ပြီး ပြင်းထန်လျှင်မူ တိုက်ရိုက်ပစ်သတ်သည်အထိ အရေးယူနိုင်သည်။
ပျင်းရိဖွယ်ကောင်းသောအချိန်ကို ခဏတာဖြတ်သန်းပြီးနောက် ကျောင်းဆင်းခေါင်းလောင်းသံမြည်လာသောအခါ ကျုံးချူချန်သည် ချက်ချင်းပင် အဖွဲ့ခွဲကြောင်းကြေညာလိုက်သည်။
လူအုပ်ကြီးက ဝမ်းသာအားရအော်ဟစ်လိုက်ကြသော်လည်း စုပေါင်းပညာရေးကို အလေးထားသော အဖွဲ့ဖြစ်သည့်အလျောက် အခြေခံစည်းကမ်းကို ထိန်းသိမ်းထားဆဲဖြစ်သည်။ သူတို့သည် အကြမ်းဖျင်းအားဖြင့် တန်းစီလျက် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို သယ်ဆောင်ကာ စားသောက်ဆောင်ရှိရာသို့ လျှောက်လှမ်းသွားကြသည်။
ကျုံးချူချန်နှင့် ရင်းနှီးသော အတန်းဖော်အချို့ တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်:
"အကိုချန်... ဒီနေ့စားသောက်ဆောင်မှာ အဆင့်လေး အသား ရမယ်တဲ့" ဝက်ခြံများပြည့်နေသော အရပ်ရှည်ရှည်ကျောင်းသားတစ်ယောက်က လျှို့ဝှက်သောလေသံဖြင့် ပြောလိုက်သည်။
"အဆင့်လေးအသားဟုတ်လား... ဒါက ဇိမ်ခံပစ္စည်းပဲ... မင်းဘယ်လိုသိတာလဲ" ဘေးမှသူငယ်ချင်းတစ်ယောက်က မျက်လုံးများတောက်ပလာကာ ဝင်ပြောလိုက်သည်။
"ငါ့အဒေါ်က စားသောက်ဆောင်မှာ ထမင်းချက်တာလေ... သူက ငါ့ကိုခိုးပြောတာ" အရပ်ရှည်ရှည်ကျောင်းသားက ဂုဏ်ယူစွာပြောသည်။ "အပြင်မှာ ဒီလိုအသားမှုန့်တစ်ပေါင်ကို ရိက္ခာကူပွန် ပေါင် ၃၀ နဲ့ ရောင်းလို့ရတယ်ကြားတယ်"
လူအများအပြားထံမှ အသက်ရှူအောင့်သံများ ထွက်ပေါ်လာသည်။
ကျုံးချူချန်က နှုတ်ခမ်းမဲ့လိုက်ပြီး စကားမပြောပေ။ ယခင် တောထဲတွင်ရှိစဉ်က ဤသို့သောအသားမျိုးကို သူစားရလွန်း၍ ငြီးငွေ့နေခဲ့ပြီ။ အဆင့်လေးအသားကို မဆိုထားနှင့် အဆင့်ငါး၊ အဆင့်ခြောက်အသားများကိုပင် စားခဲ့ဖူးသည်။ အကယ်၍ ဈေးနှုန်းဖြင့်တွက်မည်ဆိုပါက ရိက္ခာကူပွန်ပေါင်တစ်သောင်းပင် မကလောက်ပေ။
"ဈေးကြီးလိုက်တာ... ငါတို့ဘယ်လောက်ရမလဲမသိဘူးနော်... တစ်ယောက်တစ်ပေါင်လောက်ရရင် တော်တော်မိုက်မှာ" တစ်စုံတစ်ယောက်က စိတ်ကူးယဉ်ရင်း သွားရည်များပင် ကျလာသည်။
"နှာခေါင်းသွေးလျှံပြီး မသေရင်ပဲကံကောင်း... ငါခန့်မှန်းရသလောက် တစ်ဆယ်သားလောက်ရရင်တောင် များနေပြီ... ဒီလိုအဆင့်မြင့်အစားအစာက အားအလွန်ကောင်းပြီး ကာမအားတိုးစေတယ်... စားတဲ့လူကို ဆန္ဒတွေတောက်လောင်စေပြီး မိန်းမတွေကို သတိရစေတယ်လို့ ကြားတယ်" မျက်မှန်တပ်ထားသော ကျောင်းသားတစ်ယောက်က မချိုမချဉ်မျက်နှာဖြင့် တိုးတိုးလေးပြောလိုက်သည်။
"ဒါဆို မိန်းကလေးတွေစားရင်ရော" ဤခေါင်းစဉ်သည် လူငယ်လေးများ၏ စိတ်ဝင်စားဆုံးအချက်ကို ထိမှန်သွားသည်မှာ သေချာသည်။
"သူတို့လည်း ယောက်ျားလေးတွေကို သတိရမှာပေါ့ကွ" မျက်မှန်သမားက ခေါင်းကိုမော့ကာ တက်ကြွစွာပြောလိုက်သည်။ ထိုစဉ် သူ၏မျက်လုံးများက တစ်ချက်တောက်ပသွားသည်။ "ဟင်... အကိုချန်... ဟိုအစိမ်းရောင်အသားအရေနဲ့ သန္ဓေပြောင်းအလှလေး မင်းကိုလာရှာပြန်ပြီ"
ကျုံးချူချန်က မျက်မှောင်ကြုတ်လိုက်သည်။ "ပါးစပ်ပိတ်ထား... သူက သန္ဓေပြောင်းလူသားမဟုတ်ဘူးလို့ ငါပြောထားတယ်လေ...ထားလိုက်တော့ မင်းကိုပြောလည်း နားလည်မှာမဟုတ်ပါဘူး"
………………………………………………………………………………………………………………………………
ကြီးထွားဖွံ့ဖြိုးဆဲအရွယ် မိန်းကလေးတစ်ယောက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေတတ်သည်။ ကပ်ပါးရေညှိကပ်ငြိပြီးနောက်တွင်မူ ဤဖြစ်စဉ်သည် ပို၍ပင်လျင်မြန်လာခဲ့သည်။ တစ်လတာတိုတောင်းသောအချိန်အတွင်း မူလက မဖွံ့ဖြိုးသေးသော ထိုမိန်းကလေးသည် ယခုအခါ ကျော့ရှင်းလှပလာပြီး မပွင့်သေးသော နှင်းကြာပန်းတစ်ပွင့်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။ သူမ၏ခန္ဓာကိုယ်မှာလည်း မီးပုံးပျံကို လေမှုတ်လိုက်သကဲ့သို့ မူလကပိန်လှီခြောက်ကပ်နေရာမှ အချိုးအဆက် ပြေပြစ်လှပလာခဲ့သည်။
အစိမ်းနုရောင်အသားအရေသည် နူးညံ့ချောမွေ့နေပြီး ကျောက်စိမ်းဖြင့်ပြုလုပ်ထားသလားဟု ထင်မှတ်ရလောက်အောင် ကြည်လင်သောအရောင်အဝါကို ထုတ်လွှတ်နေသကဲ့သို့ရှိ၏။ ကပ်ပါးရေညှိသည် သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကို လျင်မြန်စွာပြောင်းလဲစေပြီး သူမအား အသစ်တဖန်မွေးဖွားလာသကဲ့သို့ ဖြစ်စေခဲ့သော်လည်း ပို၍စကားနည်းသွားစေခဲ့သည်။
သူတို့နှစ်ဦးသည် လူသူမရှိသောကစားကွင်းပြင်ပေါ်တွင် ရည်ရွယ်ချက်မဲ့စွာ လျှောက်လှမ်းနေကြသည်။ အချိန်အတော်ကြာသည်အထိ မည်သူမျှစကားမစကြပေ။ ချန်ကျားယီသည် ဤသို့တိတ်ဆိတ်ခြင်းကို အသားကျနေပြီဖြစ်သော်လည်း ကျုံးချူချန်မှာမူ မိန်းကလေး၏အလှတရားကြောင့် စိတ်ညို့ခံထားရပြီး မကြာခဏ ခိုးကြည့်နေမိသည်။
သူသည် ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားသည့် အရွယ်သို့ရောက်နေပြီဖြစ်သည်။ ယခင်က အတူတူဒုက္ခခံခဲ့သော သူငယ်ချင်းသည် ယခုအခါ လွန်စွာချောမောလှပလာပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ သူစိမ်းဆန်သလိုခံစားရသည့်အပြင် ကြီးမားသောဖိအားကိုပါ ခံစားနေရပြီး သူမကို တည့်တည့်ပင်မကြည့်ဝံ့တော့ပေ။
နောက်ဆုံးတွင် ချန်ကျားယီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူမသည် ခဏတာတွေဝေသွားပြီးမှ ရုတ်တရက် သတိပြန်ဝင်လာသကဲ့သို့ရှိသည်။
"မနက်ဖြန်က တစ်လမှာတစ်ရက်ရတဲ့ အားလပ်ရက်ပဲ... နင်အိမ်ပြန်မှာလား" ချန်ကျားယီက နူးညံ့သောအသံလေးဖြင့် မေးလိုက်သည်။
"ဘယ်ကိုပြန်မှာလဲ... ကိုကြီးယွမ်တို့စီကိုလား" လော်ယွမ်နှင့် ရင်ဆိုင်ရတိုင်း သူသည် စိတ်ထဲတွင် အနည်းငယ်တင်းကြပ်နေပြီး ပေါ့ပေါ့ပါးပါးမနေနိုင်ပေ။ သူက အလိုအလျောက် ရှောင်လွှဲလိုက်သည်။ "မပြန်တော့ဘူး... ငါဟိုတလောက အရံတပ်ဖွဲ့ထဲဝင်လိုက်တယ်... ပိတ်ရက်မှာ စစ်တန်းလျားကို စေတနာ့ဝန်ထမ်းသွားလုပ်ရလောက်တယ်"
"ဪ... တန့်ဝေလည်း သွားမယ်ထင်တယ်" ချန်ကျားယီက အနည်းငယ်စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
ချန်ကျားယီက တန့်ဝေအကြောင်းကို ထည့်ပြောသောအခါ ကျုံးချူချန်သည် အကြောင်းပြချက်မရှိဘဲ အနည်းငယ်စိတ်မသက်မသာခံစားလိုက်ရပြီး စကားဆက်မပြောတော့ပေ။
ကျောင်းရောက်ပြီးနောက် နေ့စဉ်နှင့်အမျှ အလုပ်များလွန်းသောကြောင့် သူတို့နှစ်ဦးမှာ တွေ့ဆုံချိန်နည်းပါးသွားခဲ့သည်။ သို့သော် မတွေ့ဆုံဖြစ်သော်လည်း တန့်ဝေ၏ ကျော်ကြားသောနာမည်မှာမူ သူ၏နားထဲသို့ မကြာခဏရောက်လာတတ်သည်။
ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် ရန်ဖြစ်မှုကြောင့် သူတစ်နေကုန် အချုပ်ကျခဲ့သည်ဟု ကြားရသည်။ နည်းပြဆရာကို ထိုးကြိတ်ခဲ့မိပုံရ၏။
သို့သော် ထို့နောက်ပိုင်းတွင် မည်သူမျှသူ့ကို ပြဿနာမရှာသည့်အပြင် အရိုက်ခံရသောနည်းပြဆရာနှင့်ပင် ရင်းနှီးသွားပြီး မိတ်ဆွေကောင်းများဖြစ်သွားကြသည်။ စစ်တပ်မှ အရာရှိကြီးများပင် သူ၏နာမည်ကြောင့် လာရောက်ကြည့်ရှုခဲ့ကြပြီး ဘွဲ့ရ၍ အရည်အချင်းပြည့်မီသည်နှင့် ဒုတိယဗိုလ်အဆင့်ကို ချီးမြှင့်ရန် စစ်တပ်မှ ကြိုတင်သတ်မှတ်ထားပြီးဖြစ်ကြောင်း သတင်းများပင်ထွက်ပေါ်နေသည်။
ကျောင်း၏ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပြီဖြစ်သော တန့်ဝေနှင့် နှိုင်းယှဉ်လိုက်လျှင် သူမှာမူ အနည်းငယ်တိတ်ဆိတ်နေခဲ့သည်။ အနည်းဆုံးတော့ သူ၏အရည်အချင်းကို သိသူမှာ လက်တစ်ဆုပ်စာမျှသာရှိသည်။
"ခုတလော နင့်ကိုအနိုင်ကျင့်တဲ့လူ ရှိသေးလား" ကျုံးချူချန်က တန့်ဝေအကြောင်းကို ဆက်မပြောလိုသောကြောင့် အလိုအလျောက်ပင် စကားလမ်းကြောင်းလွှဲလိုက်သည်။
"မရှိပါဘူး" ချန်ကျားယီ၏မျက်နှာမှာ အနည်းငယ်ညှိုးငယ်သွားသည်။ ရေညှိကပ်ငြိပြီးနောက် သူမ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အကြီးအကျယ်တိုးတက်လာခဲ့ပြီး စွမ်းအားအရဆိုလျှင် တန့်ဝေနှင့် ကျုံးချူချန်ပင် သူမကိုမယှဉ်နိုင်ရာ မည်သူက သူမကို အနိုင်ကျင့်ဝံ့မည်နည်း။
သို့သော် သူမကို မည်သူမျှ အဖက်မလုပ်ကြပေ။ လူတိုင်းက သူမကို မြွေ၊ ကင်းမြီးကောက်ကဲ့သို့ ရှောင်ရှားကြပြီး ထူးဆန်းသောသတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်ကြသည်။ ရင်းနှီးသောသူများပင်လျှင် သူမနှင့် မသိမသာအကွာအဝေးတွင် နေကြသည်။ ရေညှိကပ်ငြိခဲ့စဉ်က ထိုလူများ၏ ထိတ်လန့်တကြားဖြစ်နေသော မျက်ဝန်းများကို သူမ အခုထိမှတ်မိနေသေးသည်။ ကိုကြီးယွမ်တစ်ယောက်တည်းသာ အစအဆုံး သူမကိုယုံကြည်ခဲ့ပြီး သူမ၏အသားအရေနှင့် ရေညှိများကို စိတ်ထဲမထားခဲ့ပေ။
ကျုံးချူချန်သည် မူလကတည်းက အခြေအနေကို အလိုက်သင့်ပြောဆိုတတ်သူတစ်ဦးမဟုတ်ရာ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူတို့နှစ်ဦးကြားတွင် ပြောစရာစကားမရှိတော့ပေ။
ခဏအကြာတွင် ကျုံးချူချန်က "နောက်ပိုင်း နင့်ကိုတစ်ယောက်ယောက်အနိုင်ကျင့်ရင် ငါ့ကိုပြော... ငါကူညီပေးမယ်" ဟု အဆင်မပြေစွာဖြင့် ပြောလိုက်သည်။
"အင်း" ချန်ကျားယီက စိတ်မပါတပါဖြင့် ထူးလိုက်ပြီး ခဏစဉ်းစားကာ "ငါအခုတလော... အသက်ရှူမဝသလို ဖြစ်နေတယ်" ဟု ပြောလိုက်သည်။
"နင်နေမကောင်းလို့လား" ကျုံးချူချန်က အနည်းငယ်စိုးရိမ်စွာဖြင့် ပြောလိုက်ပြီး သူမမျက်နှာပေါ်မှ အစိမ်းနုရောင်အသားအရေကို တစ်ချက်ကြည့်ကာ အကြည့်ကို အလျင်အမြန်ပြန်လွှဲလိုက်သည်။
"နေမကောင်းတာမဟုတ်ဘူး... ငါတစ်ခုခုတော့ လုံးဝမှားနေသလိုခံစားနေရတယ်... ငါနင့်ကို ပြောပြသင့်တယ်ထင်လို့" ချန်ကျားယီက သူ့ကိုကြည့်ရင်း မူလကတည်ငြိမ်နေသောမျက်နှာမှာ အနည်းငယ်လေးနက်သွားကာ ပြောလိုက်သည်။
ဆက်ရန်...