← Chapters

ဒဏ္ဍာရီ

Vol. 14 Ch. 262

ဒဏ္ဍာရီ

Vol. 14 Ch. 262

နံနက်စောစောတွင် ဟော်တုံသည် အပြင်ဘက်မှ လှမ်း၍အော်ခေါ်လိုက်၏။

"ခေါင်းဆောင်ယွမ် ရှိလားခင်ဗျ"

လော်ယွမ်က တံခါးမကြီးကို တွန်းဖွင့်လိုက်ရာ မောဟိုက်နေသော ဟော်တုံကို တွေ့လိုက်ရပြီး သူ၏လက်ထဲတွင်လည်း ပစ္စည်းထုပ်ကြီးတစ်ထုပ်ကို ဆွဲကိုင်ထားသည်။ ကြည့်ရသည်မှာ အလေးချိန် မနည်းလှသည့်ပုံပင်။

"ခင်ဗျားကလည်း ဘာလို့ ဒါမျိုးတွေလုပ်နေတာလဲ... ကျွန်တော့်ဆီမှာ ဒါတွေမရှားပါဘူး... ခင်ဗျားရဲ့စေတနာကိုကျွန်တော်တကယ်နားလည်ပါတယ်... ပြန်ယူသွားလိုက်ပါ" လော်ယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါတွေက တန်ဖိုးရှိတာတွေ မဟုတ်ပါဘူး... တပ်ကခွဲတမ်းချပေးတာတွေပါ... ခင်ဗျားလည်းသိသားပဲ... ကျွန်တော်က တစ်ယောက်တည်းသမားလေ... ဒါတွေကိုဘယ်လိုမှစားလို့ကုန်မှာမဟုတ်ဘူး... ခင်ဗျားဆီမပို့ရင်လည်း ပျက်စီးသွားမှာပဲ" ဟော်တုံက ပြုံးရင်းပြောသည်။ သူသည် ဒုဗိုလ် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တောင့်တောင့်မတ်မတ်ထိုင်နေ၏။ စစ်တပ်သည် အရာအားလုံးကို အရည်ကျိုသည့်မီးဖိုကြီးတစ်ခုပင်တည်း။ တိုတောင်းသောအချိန်အတွင်းမှာပင် သူ၏ကိုယ်ပေါ်တွင် စစ်သားတစ်ဦး၏ ထင်ရှားသော လက္ခဏာများ ပေါ်ထွက်နေခဲ့ပြီ။

"ခင်ဗျားက ကျွန်တော့်ကို တပ်ရဲ့စည်းမျဉ်းတွေ မသိဘူးများထင်နေလား... ခင်ဗျားလည်း အသက်မငယ်တော့ဘူးလေ... ရေရှည်အတွက် စဉ်းစားသင့်နေပြီ... အခွင့်အရေးရှိတုန်း အိမ်ထောင်ပြုပြီး အခြေကျလိုက်တော့" လော်ယွမ်က ရယ်မောကာ မာန်လိုက်သည်။

"ကျွန်တော်က... တယောက်တည်းနေတာ ကျင့်သားရနေပါပြီ... အခြေအနေတည်ငြိမ်မှပဲ ကြည့်ရမယ်... ကျွန်တော်ရုတ်တရက် အာဇာနည်ဆန်ဆန်သေသွားရင် တခြားသူအတွက် ဖြစ်သွားမှာပေါ့" ဟော်တုံက ရယ်မောလိုက်သည်။

လော်ယွမ်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ထိုအကြောင်းအရာကို ရှောင်လွှဲလိုက်သည်။ သူကအသံကို ရုတ်တရက်နှိမ့်လိုက်ပြီး "အခုတလော... အခြေအနေ ဘယ်လိုရှိလဲ" ဟု မေးလိုက်၏။

ဟော်တုံသည် သူ့အား ကိုယ်ရေးကိုယ်တာကိစ္စမေးခြင်းမဟုတ်ဘဲ အပြင်ဘက်မှအခြေအနေကို မေးခြင်းဖြစ်ကြောင်း နားလည်၏။ သို့သော် ဤသို့သောမေးခွန်းမျိုးက လျှို့ဝှက်အဆင့်သတ်မှတ်ချက်ရှိသည်မှာ ထင်ရှားသည်။ သူသည် ခေတ္တမျှ ချီတုံချတုံဖြစ်သွားပြီးမှ လေသံတိုးတိုးဖြင့် "ကျွန်တော်လည်း သိပ်မသိဘူးဗျ... ကျွန်တော်က နောက်တန်းထောက်ပံ့ရေးမှာပဲရှိတာ... ဒါပေမဲ့ နောက်ပိုင်းမှာ ဂိုဒေါင်က ကျည်ဆန်သုံးစွဲမှု အရမ်းများလာတာကို သတိထားမိတယ်... ကျည်ဆန်တွေ၊ စက်ဆီတွေအများကြီးကို ရှေ့တန်းကို ပို့လိုက်ရတယ်" ဟု ဆို၏။

လော်ယွမ်သည် ခေါင်းကို ညင်သာစွာညိတ်လိုက်၏။ သူသည်လည်း လတ်တလောရက်များတွင် အခြေအနေသိပ်မကောင်းသည်ကို ခံစားမိနေခဲ့သည်။ ဤရက်ပိုင်းများအတွင်း လမ်းမများပေါ်တွင် ယာဉ်တန်းများ အကြိမ်ကြိမ်ဖြတ်သန်းသွားလာနေသည်ကို တွေ့ခဲ့ရ၏။ အများစုမှာ ညသန်းခေါင်ယံတွင်ဖြစ်ပြီး တစ်ခါတစ်ရံ နေ့ခင်းဘက်တွင်ပင် ဖြတ်သန်းသွားတတ်သည်။ ထို့ပြင် လေထုထဲမှ ယမ်းငွေ့နံ့သည်လည်း ပိုမိုပြင်းထန်လာခဲ့သည်။

လော်ယွမ်၏ မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်ကိုမြင်သောအခါ ဟော်တုံ၏စိတ်ထဲတွင်လည်း ဒိန်းခနဲဖြစ်သွား၏။ လော်ယွမ်ကို သာမန်လူတစ်ယောက်ကဲ့သို့ တိုင်းတာ၍မရနိုင်ကြောင်း သူသိသည်။ လော်ယွမ်တွင် နားလည်ရခက်သော စွမ်းရည်အချို့ရှိပြီး ကျရောက်လာမည့်အန္တရာယ်ကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိ၏။ ဤသို့သောအဖြစ်အပျက်မျိုးမှာ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြိမ်တိုင်းတွင်လည်း အလွန်တိကျမှန်ကန်ခဲ့သည်။ သူက အလျင်အမြန်ပင် "လင်းရှောင်ကျီ ရောလာသေးလား... သူက ရှေ့တန်းတပ်မှာဆိုတော့ ပိုပြီးသိထားမှာသေချာတယ်" ဟု မေးလိုက်သည်။

"မလာဘူး" လော်ယွမ်က ခေါင်းခါရင်း ဆို၏။ လင်းရှောင်ကျီ ထွက်သွားပြီးကတည်းက တစ်ခေါက်မျှ ပြန်မလာခဲ့ပေ။ ရှေ့တန်းစည်းကမ်းများ တင်းကျပ်သောကြောင့်လော၊ သို့မဟုတ် လုံးဝမလာချင်သောကြောင့်လော မသိနိုင်ချေ။ "ခင်ဗျား အရင်ပြန်နှင့်တော့... တကယ်လို့ သတင်းထူးတခုခုရရင် ကျွန်တော့်စီအမြန်ဆုံးလာခဲ့... ကြိုတင်ပြင်ဆင်ထားရအောင်ပေါ့"

"စိတ်ချပါ ခေါင်းဆောင်ယွမ်... ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး" ဟော်တုံသည် ထရပ်လိုက်ပြီး စိုးရိမ်သောကများဖြင့် ထွက်ခွာသွား၏။

ဟော်တုံထွက်သွားပြီးနောက် လော်ယွမ်သည် နေရာတွင်ပင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်ပြီး သိုင်းပညာကို ခေတ္တမျှ လေ့ကျင့်လိုက်၏။ မကြာမီပင် ဟွမ်ကျားဟွေ အိပ်ရာထလာသည်။ စားပွဲထောင့်တွင် တင်ထားသော အထုပ်ကိုမြင်သောအခါ "ဒါဘယ်သူလာပို့သွားတာလဲ" ဟု မေးလိုက်၏။

"ဟော်တုံလေ... အသားတွေဖြစ်လောက်တယ်" လော်ယွမ်က ဆို၏။

ဟွမ်ကျားဟွေက အထုပ်ကို ဖွင့်လိုက်ရာ အတွင်းထဲတွင် အသားပေါင် သုံးလေးဆယ်ခန့်နှင့် အရက်ပုလင်းကြီးတစ်လုံး ပါလာသည်။ အရက်မှာ ဆယ်ပေါင်ခန့် လေးမည်ဖြစ်၏။ ဖန်ပုလင်းကြီးထဲတွင် တစ်စုံတစ်ခုကို စိမ်ထားပုံရပြီး အတုံးကြီးတစ်တုံးဖြစ်၏။ ဆယ်ပေါင်ဝင် ပုလင်းကြီးတစ်ခုလုံးတွင် ထိုအရာတစ်ခုတည်းကပင် သုံးပေါင်ခန့် လေးမည်ထင်ရသည်။ သူမသည် တစ်ချက်ကြည့်လိုက်ပြီး နှခေါင်းရှုံ့လိုက်ကာ မျက်နှာများ ရဲတွတ်သွားသည်။ "ရှက်လည်းမရှက်ဘူး... ရှင့်ကို ဒါတွေ လာပို့ရတယ်လို့"

လော်ယွမ် လှမ်းကြည့်လိုက်သောအခါ အတွင်းထဲတွင် မည်သည့် သန္ဓေပြောင်းသတ္တဝါ၏ လိင်တံမှန်းမသိသည့်အရာဖြစ်နေသဖြင့် ချက်ချင်းပင် စကားမပြောနိုင်ဖြစ်သွား၏။ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ဤသို့သောအရာကို လိုအပ်ပါဦးမည်လော။

"ဒါကို ရှင့်ကို လုံးဝသောက်ခွင့်မပေးဘူး" ဟွမ်ကျားဟွေက မျက်နှာနီနီဖြင့် သတိပေးလိုက်သည်။ ဤအရာကိုမသောက်မီကပင် သူ၏စွမ်းဆောင်ရည်မှာ ဤမျှကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ၎င်းကိုသာသောက်လိုက်ပါက သူမ သေလုမျောပါးဖြစ်သွားနိုင်သည် မဟုတ်တုံလော။

"ဒါဆိုလည်း လွှင့်ပစ်လိုက်ပေါ့" လော်ယွမ်လည်း ဘာပြောရမှန်းမသိတော့ချေ။

"တော်စမ်းပါ... လွှင့်ပစ်ရအောင် နှမြောစရာကြီး... နောက်မှ တခြားသူကို ပေးလိုက်မယ်" ဟွမ်ကျားဟွေသည် ခြိုးခြံချွေတာခြင်းကို အလေ့အကျင့်ရနေပြီဖြစ်ရာ အမှန်တကယ်လွှင့်ပစ်ရမည်ဆိုလျှင် နှမြောလှပါ၏။

"နင့်သဘောပဲ... ဒါနဲ့ခုတလောသတိဝီရိယနဲ့နေ... အခြေအနေမကောင်းဘူးဆိုရင် လျှောက်မပြေးနဲ့... ရဲစခန်းထဲမှာပဲနေ... ငါနင့်ကိုလာခေါ်မယ်" လော်ယွမ်က မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေ၏ မျက်နှာ အနည်းငယ်ပျက်သွားပြီး မေးလိုက်သည်။

"ငါလည်း သေချာမပြောတတ်ဘူး" လော်ယွမ်က လေးနက်စွာဆို၏။ "နင် သတိထားနေရင် ရပါပြီ"

ဟွမ်ကျားဟွေသည် လော်ယွမ်က အကြောင်းမရှိဘဲ ပြောဆိုခြင်းမဟုတ်မှန်း သိသဖြင့် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရှင်လည်းသတိထားနော်... ကျွန်မ မနက်စာ သွားလုပ်လိုက်ဦးမယ်"

မီးဖိုချောင်တွင် အလုပ်ရှုပ်နေသော ဟွမ်ကျားဟွေ၏ ပုံရိပ်ကိုကြည့်ရင်း လော်ယွမ်၏စိတ် အေးချမ်းတည်ငြိမ်သွား၏။ အိုးမဲ့အိမ်မဲ့ လှည့်လည်သွားလာခဲ့ရပြီးမှ ယခုကဲ့သို့ တည်ငြိမ်အေးချမ်းသောဘဝကို ရရှိရန် မလွယ်ကူကြောင်း သူသိ၏။ သို့သော် ကံဆိုးသည်မှာ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ရောက်ရှိနေသဖြင့် ယာယီငြိမ်းချမ်းမှုကိုသာ ရရှိနိုင်ခြင်းပင်တည်း။

မနက်စာစားပြီးနောက် ဟွမ်ကျားဟွေ အလုပ်သို့ထွက်သွား၏။ လော်ယွမ်က ဝမ်ရှီရှီ၏အခန်းတံခါးကို ခေါက်လိုက်သည်။ "နင်... အခုထိမထသေးဘူးလား"

"ဟာ... ကိုကြီးကလည်း... သမီးခဏလေး ထပ်အိပ်ဦးမယ်" အတွင်းမှ ဝမ်ရှီရှီ၏ ပျင်းရိချွဲနွဲ့သော အသံ ထွက်ပေါ်လာသည်။

"နင်ကတော့... တစ်နေ့တစ်ခြား ပိုပျင်းလာတာပဲ... ငါအပြင်သွားလိုက်ဦးမယ်... မနက်စာစားဖို့ မမေ့နဲ့ဦး" လော်ယွမ်က ဆို၏။ အကယ်၍ အရင်ကသာ ဤသို့ပျင်းရိနေပါက သူသည် သူမကို ကောင်းကောင်းသင်ခန်းစာပေးပေလိမ့်မည်။ သို့သော် ယခုမူ သူမ၏သဘောအတိုင်း လွှတ်ထားလိုက်တော့သည်။

သို့သော် သူမကလုံးဝပျင်းရိ၍ ကယ်တင်မရသောအခြေအနေတော့မဟုတ်ပေ။ နေ့စဉ် စိတ်စွမ်းအင်လေ့ကျင့်မှုကို ဝမ်ရှီရှီသည် တစ်ခါမျှ မရပ်တန့်ခဲ့ပေ။ ထို့ပြင် လော်ယွမ်၏အကြံပေးချက်အရ စိတ်စွမ်းအင်အသုံးပြုခြင်းကို နိစ္စဒူဝအလုပ်များတွင်ပါ ထည့်သွင်းအသုံးပြုနေ၏။ ယခုအခါ သူမသည် ပျံသန်းနိုင်လျှင် လုံးဝလမ်းမလျှောက်တော့သလို၊ စိတ်စွမ်းအင်ဖြင့် ရွှေ့ပြောင်းနိုင်လျှင်လည်း လုံးဝလက်ကိုမသုံးတော့ပေ။ စိတ်စွမ်းအင်ကိုအသုံးပြုခြင်းက သူမ၏ပင်ကိုယ်အသိထဲသို့ လုံးဝနီးပါး ပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။

ယခုအခါ သူမ၏စိတ်စွမ်းအင်သည် ကီလိုဂရမ်ခြောက်ဆယ်ကျော် အလေးချိန်ကို ရွှေ့ပြောင်းနိုင်ပြီဖြစ်၏။ လော်ယွမ်ကို လုံးဝလေထဲမြောက်တက်အောင် မပြုလုပ်နိုင်သေးသော်လည်း သူမ စိတ်စွမ်းအင်၏ လှုပ်ရှားမှုက သူ့စိတ်အား ကယောက်ကယက်ဖြစ်စေရန် လုံလောက်ပြီး သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို များစွာကျဆင်းသွားစေသည်။

ဥပမာအားဖြင့် အနီးသို့ကပ်လာသောအခါ တိုက်ခိုက်ရန်မလိုအပ်ဘဲ သူ့အား အပေါ်သို့တွန်းတင်လိုက်ရုံမျှဖြင့် သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် ပျံတက်သွားပေမည်။ အကယ်၍ ထိုအချိန်တွင် စူးချွန်တစ်ခု သို့မဟုတ် အခြားအရာတစ်ခုခုက ရုတ်တရက်တိုက်ခိုက်လာပါက သူ့အစွမ်းပင်အပြည့်အဝမထုတ်သုံးလိုက်ရပဲ အလွယ်တကူ အရှုံးနှင့်ရင်ဆိုင်ရပေလိမ့်မည်။

စိတ်စွမ်းအင်သည် အမှန်ပင် ကြီးမားသောစွမ်းရည်များ ပုန်းလျှိုးနေသည့် စွမ်းအားတစ်ခုဖြစ်ရာ သူပင်လျှင် အနည်းငယ် အားကျမိ၏။

လော်ယွမ်က တံခါးကိုပိတ်လိုက်ပြီး မြို့အပြင်ဘက်သို့ ထွက်ခွာသွား၏။

မြို့တံခါးဝရှိ အစောင့်စစ်သားအနည်းငယ်က လော်ယွမ်လာသည်ကိုမြင်သောအခါ မျက်နှာအမူအရာပြောင်းလဲသွားပြီး အလျင်အမြန် အလေးပြုလိုက်ကြ၏။

လော်ယွမ်က တစ်ချက်ကြည့်လိုက်ရာ အမှတ်မထင် မှတ်မိသွား၏။ ၎င်းတို့မှာ သူတို့အဖွဲ့ကန္တရမြို့သို့ စတင်ဝင်ရောက်စဉ်က ငြင်းပယ်ခဲ့သော အစောင့်များဖြစ်ကြသည်။ ယခုအခါ သူတို့၏သဘောထားမှာ လုံးဝပြောင်းလဲသွားခဲ့ပြီး စကားလုံးတိုင်းတွင် ကြောက်ရွံ့ရိုသေမှုနှင့် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်နေ၏။

မြို့တံခါးဝတွင် ရိုးရှင်းသောဖောင်ဖြည့်ခြင်းများကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးနောက် လော်ယွမ်သည် လူတိုင်း၏တောက်ပသော အကြည့်များအောက်တွင် မြို့တံခါးမှ ထွက်ခွာသွား၏။

ဤအချိန်တွင် မြို့ပြင်သို့ထွက်သူ မနည်းလှပေ။ အများစုမှာ တောထဲသို့ စွန့်စားထွက်ခွာမည့်သူများ ဖြစ်ကြသည်။ ဓားမကြီးတစ်လက်ကိုကိုင်ကာ မြို့ပြင်သို့ထွက်ရန် ပြင်ဆင်နေသော လူငယ်တစ်ဦးက အစောင့်တစ်ဦးအား စပ်စုသလို၊ မြှောက်ပင့်သလို မေးလိုက်သည်။ "အစ်ကိုလျို... အဲ့ဒါ ဘယ်သူလဲဗျ... တစ်ခါမှ မမြင်ဖူးသလိုပဲ"

အစောင့်က သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး ဤလူများသိထားလျှင်လည်း ကောင်းသည်၊ သို့မှ ဆရာယွမ်ကို မပြစ်မှားမိကြမည်ဟု တွေးလိုက်သည်။ သူက မျက်နှာထားတည်တည်ဖြင့် "အရင်တခေါက် မြေအောင်းပိုးကောင်တွေ ကျူးကျော်တုန်းက သတင်းကြားဖူးတယ်မလား... အဲ့ဒါ ဒီပုဂ္ဂိုလ်ပဲ... သူက အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူပဲ" ဟု ဆို၏။

ပတ်ဝန်းကျင်မှ အသက်ရှူမှားသံများ ထွက်ပေါ်လာ၏။ လူအများအပြားမှာ အံ့ဩတုန်လှုပ်သွားသလို၊ တစ်ချိန်တည်းမှာပင် ဝမ်းသာသည့်အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။

"အဲ့တာသူကိုး... သူက ကျွန်တော်တို့ရပ်ကွက်မှာ နေတာလား... ဒါဆို အရမ်းကောင်းတာပေါ့... ကြားရတာတော့ အဲ့ဒီမြေအောင်းပိုးကောင်တွေ အများကြီးကို သူက အပိုင်းပိုင်းခုတ်သတ်ပစ်လိုက်တယ်ဆိုပဲ" တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ဒါထက်တောင်ပိုသေးတယ်... ကျွန်တော့်ရဲ့ စစ်သားသူငယ်ချင်းတစ်ယောက်ပြောတာတော့ မျက်စိတစ်ချက်မှိတ်လိုက်ရုံရှိသေးတယ်... အဲ့ဒီမြေအောင်းပိုးကောင် သေသွားတာတဲ့... သူ့မျက်နှာကိုတောင် သေချာမမြင်လိုက်ရဘူးတဲ့" တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"စောစောက သိခဲ့ရင် နှုတ်ဆက်လိုက်ရမှာ" တစ်စုံတစ်ယောက်က နှမြောတသစွာ ဆိုသည်။

"အမှန်ပဲ... သူက ကျွန်တော်တို့ကို ဂရုမစိုက်ရင်တောင်မှ မိတ်ဖွဲ့ထားနိုင်ရုံလေးနဲ့တင် အမြတ်ပဲ... ဘယ်လိုပဲပြောပြောဒါက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တယောက်ပဲမလား"

ယခုခေတ်တွင် စိတ်ဝင်စားစရာ အသစ်အဆန်းဟူ၍ များများစားစားမရှိလှပေ။ ထို့အပြင် မြေအောင်းပိုးကောင်များ တိုက်ခိုက်ခြင်းကဲ့သို့ ကြီးမားသောအဖြစ်အပျက်ကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ ထိုအချိန်ကအဖြစ်အပျက်များသည် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့ပြီး ထိုလျှို့ဝှက်ဆန်းကြယ်သောပုံရိပ်နှင့် ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော သူ၏စွမ်းဆောင်ရည်တို့သည် လူတို့၏ လက်ဖက်ရည်ဝိုင်း၊ ထမင်းဝိုင်းများမှ အဓိကပြောစရာအကြောင်းအရာ ဖြစ်လာခဲ့သည်။

...........................................................................................................................

လော်ယွမ်၏နားများမှာ ထက်မြက်လှ၏။ သူသည် အဝေးသို့ရောက်နေပြီဖြစ်သော်လည်း အသံများကို ကြည်လင်ပြတ်သားစွာ ကြားနေရဆဲဖြစ်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်ချက် ပေါ်ထွက်လာ၏။ သူ၏စိတ်သည် ဤသို့သော ကိုးကွယ်မှုနှင့် ကြောက်ရွံ့ရိုသေမှုတို့မှ ရရှိလာသော ကြည်နူးချမ်းမြေ့သည့်ခံစားချက်ကို အမှန်တကယ် နှစ်သက်နေမိသည်ကို သူတွေ့ရှိလိုက်ရသည်။

ဆက်ရန်...

All Chapters