← Chapters

ကျောက်မြေကန္တာရ

Vol. 14 Ch. 263

ကျောက်မြေကန္တာရ

Vol. 14 Ch. 263

လော်ယွမ်သည် လမ်းတစ်လျှောက် လျှောက်လာစဉ် လူများ သုံးငါးယောက်စီ အစုအဖွဲ့ဖွဲ့ကာ တောဘက်သို့ ထွက်ခွာသွားနေကြသည်ကို မကြာခဏ မြင်တွေ့ရ၏။

ဤနေရာသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ နယ်စပ်ဒေသဖြစ်၏။ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖယ်ရှားရန် အချိန်မှန် ရှင်းလင်းလေ့ရှိသော်လည်း ထိုရှင်းလင်းမှုမှ လွတ်ထွက်သွားသော အန္တရာယ်များ (သို့မဟုတ် သတ္တဝါများ) ရှိနေဆဲဖြစ်၏။ ဤမုဆိုးများ ရှိနေခြင်းက ထိုကဲ့သို့သော လျှို့ဝှက်ခြိမ်းခြောက်မှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်တားဆီးပေးထား၏။ ထို့ကြောင့် ဤကိစ္စအပေါ် ပြန်လည်တည်ဆောက်ရေးဇုန်၏ သဘောထားမှာ အားပေးခြင်းလည်းမဟုတ်၊ တားမြစ်ခြင်းလည်းမဟုတ်ဘဲ အခြေခံအားဖြင့် လွတ်လပ်စွာသွားလာအမဲလိုက်ခွင့်ပြုထားသည့် သဘောထားမျိုးဖြစ်၏။

လော်ယွမ်က တစ်ဦးတည်း လျှောက်လှမ်းနေသဖြင့် လူအများအပြားက စကားစမြည်လာပြောကြပြီး အဖွဲ့ဖွဲ့ရန် ကြိုးစားကြသော်လည်း လော်ယွမ်က ပြုံးလျက် ငြင်းပယ်လိုက်၏။

ဤသူများသည် အခြေခံအားဖြင့် သာမန်လူများသာဖြစ်ကြသည်။ အများစုမှာ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါငယ်လေးများကို ဖမ်းဆီး၍ ဘဝအခြေအနေကို အနည်းငယ် မြှင့်တင်ရန်သာ ဖြစ်သည်။ လော်ယွမ်က ၎င်းတို့ကို စိတ်ဝင်စားခြင်းမရှိသလို ယနေ့ သူလာခြင်းမှာလည်း အမဲလိုက်ရန်အတွက် မဟုတ်ပေ။

၂မိုင်၊ ၃မိုင်ခန့် လျှောက်လှမ်းလာပြီးနောက် လူများမှာ တဖြည်းဖြည်း ရှင်းလင်းသွား၏။ လော်ယွမ်သည် ခြေလှမ်းများကို သွက်လိုက်ပြီး သူ၏သွားနှုန်းမှာ ပို၍ပို၍ လျင်မြန်လာသည်။

ဤနေရာသည် မူလက သဲကန္တာရဖြစ်သော်လည်း လေထုမှာ ခြောက်သွေ့မနေပေ။ ပွယောင်းသော သဲမြေပေါ်တွင် ကျဲပါးပြီး ဝါကျင်ကျင်ဖြစ်နေသော မြက်ပင်များ ပေါက်ရောက်နေသည်။ ထိုအပင်များပေါ်မှ ပိုးသတ်ဆေးအနံ့သင်းသင်းတစ်ခု ရရှိနေပြီး၊ မကြာသေးမီကမှ ပေါင်းသတ်ဆေးဖျန်းထားသည်မှာ ထင်ရှားလှ၏။

သို့သော် လော်ယွမ်က အညှောင့်အသစ်များ သဲမြေထဲမှ တစ်ဖန်ပြန်၍ ထိုးထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ထိုအညှောင့်များပေါ်မှ သေးငယ်သော နှင်းစက်လေးများမှာ ခပ်ဖျော့ဖျော့ တုန်ခါနေပြီး၊ နံနက်ခင်း၏ နေရောင်ခြည်ကို ကြိုဆိုရင်း နုနယ်သော အကိုင်းအရွက်များကို ဖြန့်ကျက်လျက်ရှိသည်။ လူသားမျိုးနွယ်နှင့် သဘာဝတရား၊ ဤသည်မှာ နှစ်ရှည်ကြာမြင့်မည့် စစ်ပွဲတစ်ခုဖြစ်ရန် ကြမ္မာဖန်လာပြီး အချိန်ကြာမြင့်စွာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်၏။

အဝေးရှိ မီးပြတိုက်၏အောက်ခြေတွင် ပိုးမွှားအလောင်းများမှာ တောင်ကုန်းငယ်တစ်ခုအလား စုပုံနေ၏။ အချို့ပိုးမွှားများမှာ သေသေချာချာ မသေကြသေးဘဲ၊ မီးလောင်ကျွမ်းထားသော မည်းနက်သည့်ခန္ဓာကိုယ်များဖြင့် ရုန်းကန်တွားသွားလျက်၊ ဤပိုးမွှားသုဿန်မြေမှ ဝေးရာသို့ ထွက်ခွာရန် ကြိုးပမ်းနေကြပြီး ပတ်ဝန်းကျင် ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးကိုပင် ဖုံးလွှမ်းထားလေသည်။

သူ့၏လေးလံသော စစ်ဖိနပ်များဖြင့် ပိုးမွှားတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ နင်းချေလိုက်ရာ၊ ရောင်စုံအရည်ပျစ်များ ပေါက်ကွဲထွက်လာ၏။ လော်ယွမ်က ရွံရှာစက်ဆုပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး၊ ဤဧရိယာမှ ခပ်မြန်မြန် ထွက်ခွာလိုက်သည်။

ထိုအချိန်တွင် အဝေးမှ သေနတ်သံများ ထွက်ပေါ်လာသည်။ ကြားရသည့်အသံအရ သေနတ်တစ်လက်တည်း မဟုတ်ပေ။

"မင်းလို သတ္တိမရှိတဲ့ကောင်က တပ်ပြေးလုပ်ရဲတယ်ပေါ့ ဟုတ်လား... သေနတ်အခုချလိုက်စမ်း... စည်းကမ်းထိန်းသိမ်းရေးကော်မတီက မသိခင် ငါနဲ့တပ်ကို ပြန်လိုက်ခဲ့" ဒေါသဖြစ်သော်လည်း ထိန်းချုပ်နေရသည့် အသံတစ်ခုက အဝေးမှ လွင့်ပျံလာသည်။

"ကျွန်တော့်ကို လွှတ်ပေးပါဗျာ... ကျွန်တော့်အိမ်မှာ ကလေးတွေရှိသေးတယ်... ခင်ဗျားတို့ ကျွန်တော့်ကို မမြင်လိုက်ဘူးလို့ပဲ သဘောထားလိုက်ပါ... တောင်းပန်ပါတယ်ဗျာ" စကားပြောသူ၏ အသံသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်လျက်ရှိ၏။

"တပ်ပြေးတစ်ယောက် ဘယ်လိုအဆုံးသတ်ရလဲ မင်းသိသားပဲ... တခါတည်းတန်းပစ်သတ်ခံရမှာ... မိုက်မနေနဲ့တော့ ငါနဲ့ပြန်လိုက်ခဲ့... ဒီကိစ္စကို ငါမသိလိုက်ဘူးလို့ သဘောထားလိုက်မယ်" နားချနေသူ၏ အသံတွင် ဒေါသများ ပါဝင်လာပြီးနောက်၊ လေးနက်သောလေသံဖြင့် ဆက်လက်ပြော၏။ "မင်းလည်းသိမှာပဲ... ဒီရက်ပိုင်းတွေအတွင်း တပ်ပြေးလုပ်တဲ့ကောင်တွေထဲမှာ ဘယ်ကောင်က ဇာတ်သိမ်းကောင်းလို့လဲ... တောထဲမှာ သန္ဓေပြောင်းသတ္တဝါတွေရဲ့ အစာဖြစ်သွားတာကလွဲရင် မင်း ဘယ်ကိုမှ ထွက်ပြေးလို့မလွတ်ဘူး"

"တပ်ကြပ်ကြီး... ခင်ဗျားရဲ့ စေတနာကို ကျွန်တော်နားလည်ပါတယ်... ပုံမှန်အချိန်တွေမှာလည်း ခင်ဗျား ကျွန်တော့်ကို အရမ်းဂရုစိုက်ခဲ့တာပဲ... ဒါပေမဲ့ ပြန်သွားရင် အလကား အသေခံရုံပဲ ရှိမှာဆိုတော့... ထွက်ပြေးတာကမှ ပိုကောင်းဦးမယ်... ခင်ဗျားတို့လည်း ထွက်ပြေးကြပါတော့... အမှန်အတိုင်း ပြောရရင် ဒီတစ်ခါ ကန္တာရမြို့က သေချာပေါက် တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး... ခင်ဗျားတို့က ဒီအတိုင်း အလကား အသေခံကြမလို့လား" ထိုသူကပင် ပြန်လှည့်၍ နားချနေလေသည်။

ထိုသူ၏ စကားကိုကြားရသောအခါ လော်ယွမ်၏ စိတ်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး သူ၏မျက်နှာသည် မည်းမှောင်သွား၏။ အခြေအနေများမှာ ဤမျှလောက်ပင် ဆိုးရွားနေပြီလော။ မြို့ပြင်မှ တပ်စခန်းများပင်လျှင် တောင့်ခံနိုင်စွမ်းမရှိတော့ဟု ဆိုလိုသလော။ ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ဤမျှ အားကောင်းသော ကာကွယ်ရေးစနစ်၊ ဤမျှ ခိုင်မာသော ခံတပ်ကြီးကို ဧရာမအမြောက်ကြီးများဖြင့် တရစပ်ပစ်ခတ်လျှင်ပင် အချိန်တိုအတွင်း ထိုးဖောက်နိုင်မည် မဟုတ်ပေ။

ပတ်ဝန်းကျင်သည် ရုတ်ခြည်းတိတ်ဆိတ်သွားပြီး အတော်ကြာမှ နားချနေသူက အသံကျယ်လောင်စွာဖြင့် ထပ်မံပြောလိုက်သည်။

"မင်း သောက်စကားတွေ လျှောက်ပြောမနေနဲ့... ငါတောင်မသိတဲ့ကိစ္စကို မင်းက ဘယ်က သတင်းရလာတာလဲ"

"အဲ့ဒီအတွက်တော့ ဘာမှမပူပါနဲ့... ကျွန်တော် အဲ့တာကိုမထင်မှတ်ဘဲ ကြားလိုက်တာ... ဒီနေရာကို သိပ်မကြာခင် ပိုးမွှားအုပ်ကြီးလာတော့မှာ... ခင်ဗျားမယုံရင်တောင် မျက်စိနဲ့ မြင်နိုင်တာပဲ... သိပ်မကြာခင်ကမှ တိုးမြှင့်လိုက်တဲ့ ကျည်ဆန်တွေနဲ့ လောင်စာဆီတွေက ဂိုဒေါင်တွေထဲမှာ ပြည့်လျှံနေပြီလေ... စစ်ပွဲက အချိန်မရွေးဖြစ်သွားနိုင်တယ်... ကျွန်တော်ပြောတာကိုနားထောင်စမ်းပါ... အားလုံး ထွက်ပြေးကြပါတော့"

"ပိုးမွှားအုပ်ကြီး ဟုတ်လား... ဒီစခန်းမှာ ဒါမျိုးတစ်ခါမှ မကြုံဖူးတာမှ မဟုတ်တာ... ဘယ်တုံးက ငါတို့ရဲ့ ခံစစ်စည်းကို သူတို့ ဖောက်ထွင်းနိုင်ခဲ့လို့လဲ... မဟုတ်မဟတ်တာတွေ လျှောက်မပြောနဲ့တော့... ငါ မင်းကို တစ်ခွန်းပဲမေးမယ်... မင်း ငါနဲ့လိုက်မှာလား မလိုက်ဘူးလား" တပ်ကြပ်ကြီးဆိုသူက ဒေါသကို ထိန်းချုပ်ရင်း အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ရာ အသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေ၏။

"ဒါ... ဒါပေမဲ့ အရေအတွက်အလွန်များတဲ့ ပိုးမွှားအုပ်ကြီး ဆိုရင်ရော" တပ်ကြပ်ကြီး၏ လေသံထဲမှ ပြတ်သားမှုကို ခံစားမိဟန်တူသော်လည်း ထိုသူက ဆက်လက်၍ နားချရန် ကြိုးစားနေဆဲဖြစ်၏။

"ဒါ မင်းရဲ့ နောက်ဆုံးဆုံးဖြတ်ချက်လား" တပ်ကြပ်ကြီးက လေးပင်သော အသံဖြင့် ဆို၏။ "အပိုတွေ ဆက်မပြောနဲ့တော့... ဘာအကြောင်းပြချက်မှလည်း လာမပေးနဲ့အလကားပဲ... ငါနဲ့အတူ ပြန်လိုက်မလား... ဒါမှမဟုတ် ဒီမှာပဲ သေမလား"

ပတ်ဝန်းကျင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး အတော်ကြာမှ သေနတ်သံတချက်ထွက်ပေါ်လာတော့သည်။

အဝေးမှ သေနတ်သံကို နားထောင်ရင်း လော်ယွမ်သည် အတွေးနက်နေ၏။ သူ၏မျက်ဝန်းထဲတွင် စိုးရိမ်သောကရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ထိုတပ်ပြေး ပြောသွားသည်မှာ အမှန်တကယ်ဖြစ်နိုင်ပါမည်လော။

အကယ်၍ ပိုးမွှားအုပ်ကြီးသာ အမှန်တကယ်ဖြစ်ပါက အခြေအနေဆိုးရွားသွားပြီဖြစ်သည်။ ပိုးမွှားလှိုင်းသည် အကြောက်မက်ဖွယ်အကောင်းဆုံး သတ္တဝါလှိုင်းတစ်မျိုးဖြစ်၏။ ရွေ့လျားနှုန်း အလွန်လျင်မြန်ရုံသာမက အများစုမှာ ကောင်းကင်တွင် ပျံသန်းနေကြသောကြောင့် ကာကွယ်ရန် အလွန်ခက်ခဲလှသည်။ ကာကွယ်ရေးစည်းတန်းအနီးသို့ ချဉ်းကပ်လာသည်နှင့် ကန္တာရမြို့သည် မလွဲမသွေ ရိုက်ခတ်မှုဒဏ်ကို ခံရမည်ဖြစ်သည်။ အကယ်၍ အင်အားအလွန်ကြီးမားသော ပိုးမွှားအုပ်ကြီးသာဖြစ်ပါက ၎င်းသည် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်ပေတော့မည်။

သူ၏စိတ်ထဲတွင် အရိပ်မည်းတစ်ခု ဖြတ်ပြေးသွားပြီး ခြေလှမ်းများမှာ တဖြည်းဖြည်း ပို၍ လျင်မြန်လာသည်။

ကာကွယ်ရေးစည်းတန်းဇုန်ကို ဖြတ်သန်းသွားသောအခါ သူ အသေအချာ အကဲခတ်ကြည့်လိုက်၏။ များပြားလှသော သယ်ယူပို့ဆောင်ရေးထရပ်ကားကြီးများသည် အဆက်မပြတ် ဝင်ထွက်သွားလာနေကြပြီး၊ ကားလမ်းမပေါ်တွင် ဖုန်မှုန့်များ ထူထပ်စွာ လွင့်ပျံနေသည်။ ခံတပ်ကြီးများပေါ်မှ ဧရာမအမြောက်ပြောင်းကြီးများပင်လျှင် အဆက်မပြတ် စမ်းသပ်ချိန်ညှိနေကြသည်။ စိတ်ထင်၍လားမသိ ကာကွယ်ရေးစည်းတန်းဇုန်တစ်ခုလုံးသည် တင်းမာသော အခြေအနေတစ်ခုကို ပေးစွမ်းနေသကဲ့သို့ပင်။

လော်ယွမ်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းခွင့်ကတ်ကို ပြသပြီးနောက် ကာကွယ်ရေးစည်းတန်းမှ ထွက်ခွာကာ ၆မိုင်ခန့် ဝေးကွာသော တောင်ကြားချိုင့်ဝှမ်းတစ်ခုဆီသို့ ဦးတည်လိုက်သည်။

တောင်ကြားချိုင့်ဝှမ်းဟု ဆိုရသော်လည်း အမှန်စင်စစ်တွင်မူ ဧရာမကျောက်ဆောင်ကြီးများဖြင့် ဖွဲ့စည်းထားသော ကျောက်မြေကန္တာရတစ်ခုသာ ဖြစ်၏။

ဤကျောက်ဆောင်ကြီးများမှာ တစ်ခုချင်းစီ မီတာရာပေါင်းများစွာ မြင့်မားကြပြီး အဝေးမှ လှမ်းမျှော်ကြည့်လျှင် တောင်ထွတ်တောင်ထိပ်များသဖွယ် ထင်ရသည်။ ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာသည်နှင့်အမျှ များပြားလှသော အပင်တို့သည် ကျောက်တုံးများကြားမှ ကြီးထွားလာကြရာ အဝေးမှ လှမ်းကြည့်လျှင် ကျောက်တုံး၏ မူလအရောင်ကိုပင် မမြင်နိုင်တော့ဘဲ စိမ်းစိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးကို ဤနေရာတွင် နေရာချထားခဲ့သည်။ ဤကဲ့သို့ အန္တရာယ်ကြီးမားသော ဧရာမသတ္တဝါကြီးများကို လုံခြုံရေးဇုန်ထဲတွင် ထားရှိမည်မဟုတ်သည်မှာ သဘာဝကျလှ၏။ ဤကျောက်မြေကန္တာရသည် ထိုသတ္တဝါကြီးနှစ်ကောင်၏ နယ်မြေပိုင်နက် ဖြစ်လာခဲ့သည်။

လော်ယွမ်သည် ဟန်းဖုန်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ဂြိုဟ်တုတည်နေရာပြစနစ်ကို ဖွင့်လိုက်ရာ အစိမ်းရောင်အစက်နှစ်စက်မှာ အနီးနားတွင်ရှိနေပြီး အဝေးသို့ထွက်သွားခြင်းမရှိသည်မှာ ထင်ရှား၏။ ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးကို ဤနေရာတွင် မထားရှိမီကတည်းက သူတို့၏ ကိုယ်ထဲတွင် ချစ်ပ်ပြားများ ထည့်သွင်းထားခဲ့ပြီး မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ရှာဖွေနိုင်လေသည်။

ဟန်းဖုန်းသည် ချစ်ပ်ပြားထည့်သွင်းပြီးနောက် လက်ဆောင်အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာမပျက်မီက ခေတ်မီလှပသော ဟန်းဖုန်းများနှင့် နှိုင်းယှဉ်လျှင် ယခုခေတ်၏ ဟန်းဖုန်းများမှာ အနည်းငယ်ထူထဲပြီး လေးလံကာ အသားကျနေသော ထိတွေ့မျက်နှာပြင်(Touch Screen)မှာ ပျောက်ကွယ်သွားပြီး ၎င်းအစား ရှေးကျသော ဂဏန်းခလုတ်များက အစားထိုးဝင်ရောက်လာသည်။ လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က နိုကီယာ(Nokia)ခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရ၏။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပြတ်တောက်ခြင်းနှင့် စက်မှုဇုန်အများစု ပျက်စီးသွားခြင်းတို့ကြောင့် အချို့သော နည်းပညာများမှာ နောက်ပြန်ဆုတ်ကာ ယိုယွင်းလာသည်မှာ ထင်ရှားလှသည်။

လော်ယွမ်သည် အကွာအဝေးကို ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဤသတ္တဝါကြီးနှစ်ကောင်က အဝေးသို့ ထွက်ခွာသွားခြင်း မရှိပေ။

ဤသည်မှာ သူတို့ကို နေရာချထားပြီးနောက် ဤနေရာသို့ သူပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်၏။

သူ၏စိတ်ထဲတွင် အနည်းငယ် စိတ်စောလာမိသည်။ ဤနေရာသည် ကာကွယ်ရေးစည်းတန်းနှင့် ဝေးကွာနေပြီဖြစ်သည်ကို မြင်သောအခါ သူသည် နောက်ဆုံးတွင် ခြေလှမ်းများကို သွက်၍ ပြေးလွှားလိုက်တော့သည်။

မျက်နှာချင်းဆိုင်မှ လေပြင်းများ တဟူးဟူးတိုက်ခတ်လာသော်လည်း အဝတ်အစား၏ လေစီးကြောင်းထိန်းညှိပေးနိုင်စွမ်းကြောင့် နူးညံ့သော လေပြေညင်းအဖြစ်သို့ ပြောင်းလဲသွား၏။ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိလာပြီးနောက် ဤသည်မှာ သူ ပထမဆုံးအကြိမ်အဖြစ် ဤသို့ စိတ်ရှိတိုင်း လျင်မြန်စွာ ပြေးလွှားရခြင်းဖြစ်၏။ စံအိမ်၏ ခြံဝင်းကျဉ်းထဲတွင် မဟုတ်ဘဲ ဤနေရာတွင် မည်သည့်စိုးရိမ်ပူပန်မှုမျှ၊ မည်သည့်အတားအဆီးမျှ မရှိပေ။

သူသည် ပို၍ပို၍ လျင်မြန်စွာ ပြေးလွှားလာရာ ပတ်ဝန်းကျင်မှ မြင်ကွင်းများမှာ နောက်သို့ လျင်မြန်စွာ ကျန်ရစ်ခဲ့သည်။

ဤရက်များအတွင်း သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် အသွင်ပြောင်းလဲနေခဲ့ပြီး အစားအစာအများအပြား စားသုံးမှုနှင့်အတူ သူ၏ခွန်အားသည်လည်း ဆယ့်ငါးမှတ်သို့ နောက်ဆုံးတွင် ထိုးဖောက်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ခြေတစ်လှမ်း မြေပေါ်သို့ ကျရောက်လိုက်တိုင်း မြေပြင်သည် ပေါက်ကွဲသွားသည့်အလား တွင်းငယ်တစ်ခု ဖြစ်ပေါ်သွား၏။ အားကောင်းလှသော ခွန်အားက သူ၏အရှိန်ကို ယခင်ကထက် ပိုမိုမြင့်မားစေပြီး လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ သူ၏ခန္ဓာကိုယ်သည် ပို၍ပေါ့ပါးလာပြီး ခြေတစ်လှမ်းတိုင်းသည် ပေ၃၀ခန့်အထိ ကျယ်ပြန့်လာရာ လေထဲလွင့်ပါမသွားစေရန် ကိုယ်ကိုနှိမ့်၍ ဟန်ချက်ထိန်းထားရလေသည်။

မကြာမီမှာပင် သူသည် ကျောက်မြေကန္တာရ၏ အောက်ခြေသို့ ရောက်ရှိသွားတော့သည်။

ဆက်ရန်...

All Chapters