ငှက်မွေး
Vol. 14 Ch. 265
လူတို့ မြင်နိုင်ခြင်းအကြောင်းရင်းမှာ အရာဝတ္ထုများမှ ရောင်ပြန်ဟပ်သော အလင်းတန်းက မျက်ကြည်လွှာထဲသို့ ဝင်ရောက်ပြီး မျက်ကြည်လွှာပေါ်ရှိ ထူထပ်သော အာရုံကြောများမှတစ်ဆင့် ဦးနှောက်သို့ သတင်းအချက်အလက် ပေးပို့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သာမန်စိုက်ကြည့်ခြင်းသက်သက်တွင် စွမ်းအားတစ်စုံတစ်ရာ ပါဝင်ခြင်းမရှိပေ။ သို့သော် အကယ်၍ စိတ်ခံစားချက်များ ပေါင်းစပ်ပါဝင်လာပါကမူ ထူးခြားသွားပြီဖြစ်၏။ ဤသည်မှာ စိတ်စွမ်းအားကဏ္ဍနှင့် သက်ဆိုင်သွားပြီ ဖြစ်၏။
စောစောက လော်ယွမ်သည် ရန်လိုမုန်းတီးမှုကို ရှင်းလင်းစွာ ခံစားလိုက်ရသောကြောင့် မသိစိတ်ဖြင့် ခေါင်းလှည့်ကြည့်လိုက်မိခြင်း ဖြစ်သည်။
"ဒီနေရာမှာလည်း လေလွင့်နေသူတွေ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး" လော်ယွမ်က အဝေးမှ အစက်အပျောက်ငယ်လေးများကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
တောထဲတွင် ဤကဲ့သို့သော ရန်လိုမုန်းတီးမှုကို သူ ကျင့်သားရနေပြီဖြစ်ပြီး လုံးဝပင် ဂရုမစိုက်တော့ပေ။ ထိုလေလွင့်နေသူများသည် မည်သည့်သူစိမ်းမဆို ဝင်ရောက်လာသည်ကို အလွန်အမင်း သတိထားကာ ကာကွယ်တတ်ကြပြီး ဤသည်မှာ သူတို့၏ ပင်ကို ဗီဇပင်ဖြစ်နေပြီ ဖြစ်သည်။
သူက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် လောနေသည်။ သူသည် ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့ထံမှ ထုတ်လွှတ်နေသော အငွေ့အသက်ကို မသဲမကွဲ ခံစားနေရပြီ ဖြစ်သည်။
သို့သော် အငွေ့အသက်မှာ ပြောင်းလဲနေသကဲ့သို့ ရှိပြီး ပို၍ ဖိနှိပ်ချုပ်တည်းထားသလို၊ ပို၍ အားနည်းနေသလို ဖြစ်နေသောကြောင့် သူ့ကို မဆုံးဖြတ်နိုင်ဘဲ ဇဝေဇဝါ ဖြစ်သွားစေသည်။
မိုင်အနည်းငယ်ခန့် လျှောက်လှမ်းပြီး အကြိမ်ကြိမ် ကွေ့ကောက်သွားလာပြီးနောက် သူ၏မျက်စိရှေ့တွင် တောင်ကြားတစ်ခု ပေါ်ထွက်လာသည်။ အပြင်ဘက်မှ နေရောင်ခြည်ထွန်းလင်းတောက်ပပြီး အပင်များကျဲပါးသော ဂိုဘီကန္တာရနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် အခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်နေ၏။ တောင်ကြားအတွင်း၌ အပင်များ ထူထပ်စွာပေါက်ရောက်နေပြီး အလင်းရောင်မှာ မှောင်မိုက်နေသည်။ တောင်ကြားအောက်ခြေတွင် ၇ပေခန့်ကျယ်သော စမ်းချောင်းငယ်လေးတစ်ခုက တသွင်သွင် စီးဆင်းနေသောကြောင့် လေထုထဲတွင် ရေငွေ့များ ပါဝင်နေသကဲ့သို့ စိုစွတ်သော အငွေ့အသက်တစ်မျိုးကို ဆောင်ကြဉ်းပေးနေသည်။
ထူးဆန်းသော ပန်းမန်များ၊ သစ်ပင်ဆန်းများနှင့် သက်တမ်းရင့်နွယ်ပင်အမျိုးမျိုးတို့က ဤနေရာတွင် ရှင်သန်ကြီးထွားနေကြပြီး ဤနေရာသည် အပင်များကင်းမဲ့သော ပြန်လည်တည်ဆောက်ရေးဇုန်နှင့် နီးကပ်စွာ တည်ရှိနေသည်ဟု မည်သူမျှ တွေးထင်နိုင်မည်မဟုတ်ပေ။
တောင်ကြားသို့ ရောက်သောအခါ ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့၏ ခြေရာများမှာ အလွန်ထင်ရှားနေပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင် ဧရာမခြေရာကြီးအမျိုးမျိုးကို အခါအားလျော်စွာ တွေ့မြင်နေရပြီး ဧရာမဖွတ်ကြီး၏ ခြေရာမှာမူ တဆခန့် ပိုကြီးနေသကဲ့သို့ ရှိသည်။
လော်ယွမ်က ရပ်တန့်လိုက်ပြီး ၃ပေပတ်လည်နီးပါးရှိသော ဧရာမခြေရာကြီးကို သေချာစိုက်ကြည့်ရင်း အမူအရာမှာ အနည်းငယ် အံ့အားသင့်သွားသည်။
ယခင်က ဧရာမဖွတ်ကြီး၏ ခြေရာမှာ ကြီးမားသော်လည်း ဤမျှလောက်အထိ မကြီးမားခဲ့ပေ။ အများဆုံးမှာ ၁ပေခွဲခန့်သာရှိပြီး ၎င်းမှာပင် အလွန်တုန်လှုပ်ဖွယ်ရာ ဖြစ်နေပြီ ဖြစ်သည်။ အချို့သော ဟိုတယ်ဧည့်ခန်းဆောင်များရှိ ဒေါက်တိုင်ကြီးများထက်ပင် မသေးလှချေ။ ၃ပေပတ်လည်ရှိသော ခြေရာမှာမူ ကမ္ဘာဦးခေတ် တွင်ပင် ၎င်းနှင့်နှိုင်းယှဉ်နိုင်သော ဒိုင်နိုဆော အနည်းငယ်သာ ရှိပေလိမ့်မည်။
သူ၏အမူအရာမှာ ပြောင်းလဲသွားပြီး ယခုအခါ တစ်ခုတည်းသော ရှင်းပြချက်မှာ ဧရာမဖွတ်ကြီးသည် နောက်တကြိမ်ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်သည်။
သူ ရုတ်တရက် နှဖူးကိုရိုက်လိုက်မိသည်။ ဧရာမဖွတ်ကြီး၏ အခြေအနေကို ကြည့်ရှုလိုလျှင် လွယ်ကူသည် မဟုတ်ပါလော။ သူ စိတ်ကူးတစ်ချက်ဖြင့် အရည်အသွေးပြဇယားကို ဖွင့်လိုက်သည်။ ဤအချိန်အတောအတွင်း သူ၏ဘဝမှာ အေးချမ်းတည်ငြိမ်ပြီး စစ်ပွဲများနှင့် ကင်းဝေးနေသောကြောင့် ဧရာမဖွတ်ကြီး၏ အခြေအနေကို သိပ်ဂရုမစိုက်မိခဲ့ပေ။ ယခု အသုံးပြုရန် လိုအပ်လာမှသာ သတိရလိုက်တော့သည်။
ထင်သည့်အတိုင်းပင်…
တိုက်ခိုက်ရေးသားရဲ - ဖွတ်နဂါး
အဆင့် - ၃ (အစိမ်းနုရောင်အဆင့်)
အရည်အသွေးများ
-----------------
ခွန်အား - ၂၁
လျင်မြန်မှု - ၁၆
ကြံ့ခိုင်မှု - ၁၉
ဉာဏ်ရည် - ၇
အာရုံခံနိုင်စွမ်း - ၆
စိတ်စွမ်းအား - ၁၂
အတွေ့အကြုံ - ၁၆၂၀/၉၆၀၀
ကျွမ်းကျင်မှုများ
---------------
ကိုက်ဖြတ်ခြင်းကျွမ်းကျင်မှု - ၁၂
ဆွဲဖြဲခြင်း - ၁၃
တိုးဝင်တိုက်ခိုက်ခြင်း - ၁၁
အမြီးဖြင့်ရိုက်ခြင်းကျွမ်းကျင်မှု - ၁၅
တောတွင်းရှင်သန်ရေး - ၁၈
မျက်နှာအမူအရာဖတ်ခြင်း - ၈
နှာမှုတ်ခြင်း - ၁၅
ပင်ကိုစွမ်းရည်များ - အန္တရာယ်ကြိုတင်သိမြင်ခြင်း၊ မီးမှုတ်ထုတ်ခြင်း၊ လျင်မြန်စွာပြန်လည်ကောင်းမွန်ခြင်း
အခြေအနေ - အားပြည့်နေသည်
သစ္စာစောင့်သိမှု - ၇၂ (၅၀ အောက်ရောက်ပါက အချိန်မရွေး သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းတို့ ဖြစ်ပွားနိုင်သည်။ အမြင့်ဆုံး ၁၀၀)
လက်ကျန်အရည်အသွေးမှတ် - ဝ
လက်ကျန်ကျွမ်းကျင်မှတ် - ဝ
အချိန်အတန်ကြာ မတွေ့လိုက်ရဘဲ ဧရာမဖွတ်ကြီးသည် တိတ်တဆိတ် အစိမ်းနုရောင်အဆင့်သို့ တက်လှမ်းသွားရုံသာမက အမည်ပင် ပြောင်းလဲသွားသည်ကို သူ မထင်ထားခဲ့ပေ။
လော်ယွမ် မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲတွင် ဝမ်းသာရမည်လော၊ စိုးရိမ်ရမည်လော မသိနိုင်ဖြစ်သွားသည်။ ဧရာမဖွတ်ကြီး၏ ခွန်အား၊ ကြံ့ခိုင်မှုနှင့် အာရုံခံနိုင်စွမ်းတို့ တစ်မှတ်စီ တိုးလာခဲ့သည်။ သို့သော် အံ့ဩဖွယ်အကောင်းဆုံး တိုးတက်မှုမှာမူ ဉာဏ်ရည်ဖြစ်ပြီး တစ်ဟုန်ထိုး ခုနစ်မှတ်အထိ တက်လာကာ မူလမှသုံးမှတ်တိတိ မြင့်တက်လာခဲ့သည်။
ဤသည်မှာ သန္ဓေပြောင်းသတ္တဝါများ၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပင်လော။ ပို၍သန်မာလာပြီး ပို၍ဉာဏ်ကောင်းလာကြသည်။ လော်ယွမ်သည် အဆင့်မြင့်သန္ဓေပြောင်းသတ္တဝါများကို "သတ္တဝါ" ဟု သုံးနှုန်း၍မရတော့ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ဧရာမဖွတ်ကြီး၏ မူလပုံစံမှာ ဖွတ်တစ်ကောင်မျှသာ ဖြစ်သည်။ ဆင့်ကဲပြောင်းလဲမှု သီအိုရီအရဆိုလျှင် ၎င်းသည် အဆင့်နိမ့် တွားသွားသတ္တဝါတစ်ကောင်သာဖြစ်ပြီး ဉာဏ်ရည်အဆင့်မှာ လူသားများနှင့် မျောက်ဝံကဲ့သို့သော သတ္တဝါများကို မဆိုထားနှင့် နို့တိုက်သတ္တဝါများကပင် သူထက် အပြတ်အသတ် သာလွန်သည်။
သို့သော် ဤကဲ့သို့သော အဆင့်နိမ့်သက်ရှိတစ်ကောင်သည် အစိမ်းနုရောင်အဆင့်သို့ ရောက်သည်နှင့် ဉာဏ်ရည်အဆင့်မှာ ခုနစ်မှတ်အထိ ရောက်ရှိလာပြီး သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်နှင့်ပင် တူညီနေပြီ ဖြစ်သည်။ ပို၍အဆင့်မြင့်သော နို့တိုက်သတ္တဝါများဆိုလျှင် ပြောင်းလဲမှုမှာ ပို၍ပင် အံ့ဩဖွယ်ကောင်းပေလိမ့်မည်။
ထိုအချိန်တွင် မြေပြင်သည် ရုတ်တရက် အနည်းငယ် တုန်ခါသွားပြီး ရေနွေးငွေ့မီးရထားခရာသံကဲ့သို့ ဧရာမဟိန်းဟောက်သံကြီးတစ်ခု အဝေးမှ ပျံ့လွင့်လာရာ လေထုပင် တုန်ခါသွားသည်။
"သူရောက်လာပြီ"
လော်ယွမ်နှင့် ရင်းနှီးသော အငွေ့အသက်တစ်ခုက သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
တောင်ကြားတစ်ခုလုံး ပွက်လောရိုက် လှုပ်ရှားသွားပြီး ချုံပုတ်သစ်ပင်များ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများသည် ဘေးအန္တရာယ်ကြီး ကျရောက်လာသကဲ့သို့ အသက်လု ထွက်ပြေးကြလေသည်။
သစ်ပင်များ အဆက်မပြတ် ပြိုလဲသံများနှင့်အတူ ထူထပ်သော တောအုပ်ကြီးထဲတွင် ၁၂ပေကျယ်သော လမ်းမကြီးတစ်ခု ပွင့်ထွက်လာပြီးနောက် ဧရာမသတ္တဝါကြီးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာသည်။
ဤသည်မှာ ကိုယ်လုံးကိုယ်ထည် အလွန်ကြီးမားသော ဖွတ်ကြီးတစ်ကောင်ဖြစ်ပြီး တစ်ကိုယ်လုံးရှိ အစိမ်းရောင်အကြေးခွံများမှာ စိမ်းလန်းသော ကျောက်မျက်ရတနာများ လွှမ်းခြုံထားသကဲ့သို့ တောက်ပစိုပြည်နေသည်။ ကြီးမားလှသော ဦးခေါင်းပေါ်တွင် အသွေးအသား တစ်စက်မျှမရှိဘဲ မီးခိုးရောင်အပေါ်ယံအရေပြားတစ်လွှာမှလွဲ၍ အားလုံးမှာ အရိုးခွံများဖြင့် ဖွဲ့စည်းထားရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤသည်မှာ အမြင့် ပေ၃၀ခန့်နှင့် အရှည် ၄၅ပေနီးပါး ရှိသော ဖွတ်နဂါးတစ်ကောင် ဖြစ်သည်။ လူသားတစ်ယောက် သူ၏ရှေ့တွင် လက်မြှောက်လိုက်လျှင်ပင် သူ၏ဒူးခေါင်းကို မမီနိုင်ပေ။
သို့သော် ထိုတောင်ကုန်းပမာ ကိုယ်လုံးကြီးမှာ ပုံစံမကျသော ခံစားမှုမျိုး မရှိဘဲ သေသပ်စွာထုဆစ်ထားသော အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။ ထိုကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းကြီးမှာပင် ထူးခြားသော အလှတရားတစ်မျိုးကို ဆောင်နေပြီး လူကို တစ်ချက်ကြည့်ရုံဖြင့် မမေ့နိုင်အောင် ဖြစ်စေသည်။
ဧရာမဖွတ်ကြီးသည် လော်ယွမ်ကို မြင်သောအခါ အမူအရာပြောင်းလဲသွားပြီး ရုတ်တရက် အရှိန်မြှင့်လိုက်ရာ ပြင်းထန်သော လေပြင်းများနှင့် ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်များ တိုးဝှေ့လာသည်။ တန်ပေါင်းများစွာ လေးလံသော ကိုယ်အလေးချိန်ဖြင့် ခြေလှမ်းတစ်လှမ်းချင်းစီတိုင်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်ရာ မြေပြင်တုန်ခါမှုကြောင့် ဘေးမှ စမ်းချောင်းရေများပင် ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
သာမန်လူတစ်ယောက်သာ ဤသို့သောအဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရပါက ကြောက်လန့်တုန်လှုပ်ပြီး လှုပ်ရှားနိုင်တော့မည်မဟုတ်ပေ။ လှည့်ထွက်ပြေးနိုင်လျှင်ပင် စိတ်ဓာတ်ကြံ့ခိုင်သူဟု သတ်မှတ်ရပေမည်။ သို့သော် လော်ယွမ်သည် ဤသို့သော မြင်ကွင်းမျိုးကို များစွာကြုံတွေ့ခဲ့ပြီးဖြစ်၍ အနည်းငယ် ကျင့်သားရနေပြီ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်မှာ အနည်းငယ် ကွာခြားနေ၏။ သူသည် ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး ၎င်းမှာ ယခင်ဧရာမဖွတ်ကြီးထံမှ တစ်ခါမျှ မရဖူးသော ဖိအားမျိုး ဖြစ်သည်။ သူသည် မသိစိတ်ဖြင့် ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်ကာ တစ်ကိုယ်လုံးကို အားအနည်းငယ်စုစည်းပြီး အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်လိုက်သည်။ ထို့နောက် သူ၏စိတ်ထဲတွင် သစ္စာစောင့်သိမှုကို အလျင်အမြန် ကြည့်ရှုလိုက်သည်။
ပြီးနောက်သူ၏စိတ်ထဲတွင် ပေါ့ပါးသွားသည်။
"သစ္စာစောင့်သိမှု - ၇၂"
"တော်သေးတယ်... စိတ်ချရတဲ့အခြေအနေမှာဘဲ... ရှိနေသေးတယ်"
အတွေးမဆုံးမီမှာပင် ဧရာမဖွတ်ကြီးသည် သူနှင့် ၁၅ပေအကွာတွင် ရပ်တန့်လိုက်သည်။ မည်သည့်ပိုလျှံသောအရှိန်၏ လှုပ်ရှားမှုမျှ မဖြစ်ပေါ်ဘဲ ၎င်း၏ကိုယ်လုံးကိုယ်ထည်နှင့် လုံးဝမလိုက်ဖက်သော ပေါ့ပါးမှုမျိုးကို ပြသလိုက်ရာ လော်ယွမ် အံ့အားသင့်သွားသည်။ ဤသို့သော လုပ်ဆောင်နိုင်စွမ်းမှာ သူ၏စိတ်ကူးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
စိတ်ထဲတွင် တိတ်တဆိတ် သတိထားနေစဉ်မှာပင် စားပွဲဝိုင်းငယ်တစ်ခုမျှကြီးမားသော ဦးခေါင်းကြီးကို ငုံ့ချလိုက်ပြီး သူ၏ရင်ဘတ်ကို ချစ်ခင်စွာ ပွတ်သပ်ရင်း ဝမ်းမြောက်သော ညည်းသံ ပြုလိုက်သည်။
လော်ယွမ်သည် နောက်ဆုံးတွင် လုံးဝစိတ်အေးသွားပြီး သူ၏ကျောပြင်တွင် အနည်းငယ် အေးစိမ့်နေသည်ကို ခံစားလိုက်ရကာ မသိလိုက်မသိဘာသာ ချွေးစေးများပင် ထွက်ပေါ်နေခြင်းဖြစ်သည်။ ယခု ဆင့်ကဲပြောင်းလဲပြီးသော ဖွတ်နဂါးသည် သူ့အပေါ် ကြီးမားသော ဖိအားပေးစွမ်းနိုင်ပြီဖြစ်ပြီး အချို့သော နေရာများတွင် အစိမ်းရောင်အဆင့်ထက် မနိမ့်တော့ကြောင်း ဝန်ခံရပေမည်။
အဘယ်ကြောင့်ဆိုသော် ဖွတ်နဂါး၏ အရည်အသွေးများသည် လော်ယွမ်ကို လုံးဝ တန်ပြန်သက်ရောက်မှု ရှိနေသောကြောင့် ဖြစ်သည်။
လော်ယွမ် အဘယ်ကြောင့် အစွမ်းထက်နေရသနည်း။ ကြောက်မက်ဖွယ်ကောင်းသော ဓားပညာ၊ အံ့ဩဖွယ် စိတ်စွမ်းအားနှင့် သန်မာသော ခန္ဓာကိုယ်တို့မှာ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ သူ၏စိတ်ထဲတွင် အကြီးမားဆုံးအကြောင်းရင်းမှာ လျင်မြန်မှုပင် ဖြစ်သည်။
၎င်းသည် အလွန်ထူးဆန်းသော အရည်အသွေးတစ်မျိုးဖြစ်ပြီး အဆင့်တက်တိုင်း အလွန်ထူးခြားသော ခံစားမှုကို ပေးစွမ်းသည်။ လော်ယွမ်၏ စိတ်ထဲတွင် အရည်အသွေးအမှတ်တိုးမြှင့်ခြင်းအားလုံးက လျင်မြန်မှုအရည်အသွေးကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ရန်အတွက်သာ ဖြစ်သည်ဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူကို အချိန်၏နယ်ပယ်(Time dimension)အတွင်းသို့ ဝင်ရောက်နိုင်စေသကဲ့သို့ ဖြစ်သောကြောင့်ပင်။
အခြားသူများ၏ တစ်စက္ကန့်သည် ယခု သူ၏မျက်လုံးထဲတွင် ၇.၅ စက္ကန့်နှင့် ညီမျှနေသည်။ သူ၏မျက်လုံးထဲတွင် လောကကြီးက နှေးကွေးသွားခဲ့သည်။ အမှတ်တကယ်တော့ လောကကြီးက နှေးကွေးသွားခြင်းမဟုတ်ဘဲ သူက မတူညီသော အချိန်၏နယ်ပယ်(Time dimension)အတွင်းသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။
လူသားများအတွက် အဓိပ္ပာယ်မရှိသော တစ်စက္ကန့်သည် လူသားတစ်ယောက် အတွေးတစ်ခု ဖြစ်ပွား၍ပင် မပြီးသေးမီ ဖြစ်သည်။ သို့သော် အချို့သော ဘက်တီးရီးယားများအတွက်မူကား ဘဝတစ်ခုကြာချိန်ပင် ဖြစ်သည်။ ထိုအတောအတွင်း ခွဲခြမ်းခြင်း၊ အစာရှာခြင်း၊ ကြီးထွားခြင်း၊ ရင့်ကျက်ခြင်း၊ မျိုးပွားခြင်းတို့ ပြုလုပ်ကြသည်။
အကယ်၍ ဘက်တီးရီးယားများတွင် အတွေးအခေါ်ရှိပါက ထိုတစ်စက္ကန့်သည် သူတို့အတွက် စုံလင်လှပသော ဘဝတစ်ခု ဖြစ်ပေလိမ့်မည်။
(ဘက်တီးရီးယားတွေက အများအားဖြင့် ခွဲခြမ်းခြင်း၊ အစာရှာခြင်း၊ ကြီးထွားခြင်း၊ ရင့်ကျက်ခြင်း၊ မျိုးပွားခြင်းတို့ ကို အမြန်ဆုံး ၁၀မိနစ်၊ မိနစ်၂၀ကနေ အကြာဆုံးနာရီပေါင်းများစွာနဲ့ရက်ပိုင်းအထိ အချိန်ယူပြီး ပြုလုပ်ကြပါတယ်။ ဒီဝတ္ထုမှာရေးထားသလို ၁စက္ကန့်အတွင်းတော့မဟုတ်ဘူး။ ၁စက္ကန့်အတွင်းလို့ပြောတာက အချိန်ကွာခြားမှုနှစ်ခုကို နှိုင်းယှဉ်ပြဖို့အတွက် ဥပမာအနေနဲ့ရေးထားတာပါ။ နောက်ပြီး ခွဲခြမ်းခြင်း၊ အစာရှာခြင်း၊ ကြီးထွားခြင်း၊ ရင့်ကျက်ခြင်း၊ မျိုးပွားခြင်း ဆိုတာက ဘက်တီးရီးယားတွေရဲ့ဘဝဖြစ်စဉ်ကိုပြောတာဖြစ်ပါတယ်။ ခွဲခြမ်းခြင်းဆိုတာ မွေးဖွားခြင်းကိုပြောတာပါ။ ဘက်တီးရီးယားတွေက တစ်ကောင်ကနေ မိမိရဲ့ဒီအန်အေတစ်ခုလုံးကိုပုံတူကူးပြီး ၂ကောင်အဖြစ်ခွဲလိုက်ပါတယ်။ ဒါကိုခွဲခြမ်းခြင်း သို့မဟုတ် မွေးဖွားခြင်းလို့ခေါ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဖြစ်လာတဲ့၂ကောင်က လုံးဝခန္ဓာကိုယ်အသစ်ဖြစ်ပြီး မူလအကောင်ဆိုတာ ဒီနေရာမှမရှိတော့တဲ့အတွက် မိဘနဲ့သားသမီးဆိုတဲ့ ဆက်သွယ်ချက် ဘက်တီးရီးယားတွေမှာမရှိပါဘူး။ အဲ့လို၂ကောင်ဖြစ်တာနဲ့ အဲ့အသစ်ဖြစ်လာတဲ့၂ကောင်က အာဟာရတွေကိုစုပ်ယူ (အစာရှာခြင်း) ပြီး ကြီးထွားလာပါတယ်။ အဲ့လိုကြီးထွားလာပြီး အချိန်တခုရောက်(ရင့်ကျက်ခြင်း) တာနဲ့ နောက်တကြိမ်၂ကိုယ်ခွဲ (မျိုးပွားခြင်း) ပါတယ်။ အဲ့လိုနဲ့အသစ်၂ကောင်ကနေ အသစ်၄ကောင်ဖြစ်သွားပါတယ်။ အဲ့လိုသံသရာလည်ပြီး တဖြည်းဖြည်း အကောင်ရေများလာတာပါ။ ဒါက ဘက်တီးရီးယားတွေရဲ့ ဘဝဖြစ်စဉ်ကို ကြုံလို့ရှင်းပြတာပါ)
ဤသည်မှာ မတူညီသော အချိန်နယ်ပယ်၂ခု၏ အစစ်အမှန် သရုပ်ဖော်မှုပင် ဖြစ်သည်။
သို့သော် ဖွတ်နဂါး၏ လျင်မြန်မှုအမှတ်မှာ လော်ယွမ်ထက်ပင် ပိုမိုမြင့်မားပြီး အံ့ဩဖွယ်ရာ ၁၆ မှတ်အထိ ရှိနေသည်။ အကယ်၍ ယခင်ကသာဆိုလျှင် လော်ယွမ် သူ့ကို လွှမ်းမိုးထားနိုင်သေးသည်။ ဖွတ်နဂါး၏ လျင်မြန်မှုက လော်ယွမ်ထက် တစ်မှတ်သာသော်လည်း ဉာဏ်ရည်ကြောင့် ၎င်းကို အပြည့်အဝ အသုံးမချနိုင်ခဲ့ပေ။
လျင်မြန်မှု ၁၆ မှတ်ရှိသော်လည်း ၎င်းသည် အများဆုံး ၁၃ မှတ်စာလောက်သာ အသုံးချနိုင်ခဲ့သည်။ အကယ်၍ မျဉ်းဖြောင့်အတိုင်း ပြေးလွှားတိုက်ခိုက်လျှင် တော်သေးသော်လည်း နေရာကျဉ်းအတွင်း လှုပ်ရှားရမည်ဆိုလျှင်မူ မဖြစ်နိုင်တော့ပေ။ ၎င်း၏ သနားစရာကောင်းသော ဦးနှောက်ပမာဏဖြင့် လိုက်ပါတုံ့ပြန်နိုင်မည် မဟုတ်ပေ။
ဉာဏ်ရည်၏ကန့်သတ်မှုကြောင့် ၎င်းသည် ထူးထူးခြားခြား အစွမ်းထက်ပုံမပေါ်ခဲ့ဘဲ သာမန်သန္ဓေပြောင်းသတ္တဝါများနှင့် သိပ်မကွာခြားသကဲ့သို့ ဖြစ်နေသည်။ လော်ယွမ်က လျင်မြန်မှု ၁၅ မှတ်ဖြင့် အစိမ်းရောင်အဆင့် သားရဲကြီးများကို သတ်ဖြတ်နိုင်သည့် အံ့ဩဖွယ်ရာ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ပါက အလွန်ကွာခြားလှသည်။
သို့သော် ယခုအခါ ဉာဏ်ရည်၏ ခုန်ပျံတိုးတက်လာမှုနှင့်အတူ ၎င်းသည် စီပီယူ (CPU) အသစ်တစ်ခု လဲလှယ်တပ်ဆင်လိုက်သကဲ့သို့ပင်။ အားအနည်းဆုံး အချက်ကို ဖြည့်ဆည်းလိုက်နိုင်ပြီဖြစ်ရာ ၎င်း၏အစွမ်းအစမှာ ချက်ချင်းပင် တစ်ဟုန်ထိုး တိုးတက်သွားသည်။ ယခုအချိန်တွင် သူမည်သည့်အဆင့်သို့ ရောက်ရှိသွားပြီကို လော်ယွမ်ပင်လျှင် စိတ်ကူးကြည့်၍မရနိုင်တော့ပေ။ သို့သော် အနည်းဆုံးတော့ အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများကို မှုစရာမလိုသော သတ္တဝါတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။
……………………………………………………………………………………………………………………………………………………
မျောက်ဝံကြီးသည်လည်း နောက်မှ လိုက်ပါလာသည်။ သက်ရှိကြီးနှစ်ကောင်မှာ အတူတကွ နေထိုင်ခဲ့ကြပုံရသော်လည်း ယခုအခါ မျောက်ဝံကြီးသည် ဖွတ်နဂါး၏ လွှမ်းမိုးမှုကို အပြည့်အဝ ခံထားရပုံရပြီး ကြောက်လန့်တကြားဖြင့် ထောင့်တစ်နေရာတွင် ပုန်းကွယ်နေကာ ဖွတ်နဂါးအနားသို့ မကပ်ဝံ့ဘဲ လော်ယွမ်ကိုသာ သနားစဖွယ် မျက်လုံးများဖြင့် ကြည့်နေသည်။
လော်ယွမ်ကို ငိုရခက် ရယ်ရခက် ဖြစ်သွားစေသည်မှာ ရက်ပေါင်းနှစ်ဆယ်ကျော် မတွေ့လိုက်ရဘဲ မျောက်ဝံကြီး၏ သစ္စာစောင့်သိမှုမှာ တစ်ဟုန်ထိုး တက်လာပြီး ဖွတ်နဂါးကို ကျော်လွန်ကာ ၈၂ မှတ်အထိ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
အကောင်းအဆိုးသည် နှိုင်းယှဉ်မှသာ ထွက်ပေါ်လာသည်မှာ အမှန်ပင်တည်း။ ဤအချိန်အတောအတွင်း မျောက်ဝံကြီးသည် ဖွတ်နဂါး၏ နှိပ်စက်မှုကို မနည်းမနော ခံခဲ့ရပုံရသည်။
လော်ယွမ်သည် ဖွတ်နဂါးနှင့် ခဏတာ "ဆက်ဆံရေး" ပြုလုပ်လိုက်ပြီး ဤအချိန်အတောအတွင်း မတွေ့ရခြင်းကြောင့် ဖြစ်ပေါ်လာသော စိမ်းသက်မှုကို ဖယ်ရှားလိုက်သည်။ သူသည် လက်တွေ့ကျသောသူတစ်ဦးဖြစ်ရာ ဖွတ်နဂါး၏ တန်ဖိုး ကြီးစွာတိုးတက်လာသောအခါ ယခင်ကကဲ့သို့ လျစ်လျူရှုသော သဘောထားမျိုးဖြင့် ဆက်ဆံ၍မဖြစ်တော့ဘဲ ချော့မြှူခြင်းမှာ လိုအပ်သော နည်းလမ်းတစ်ခု ဖြစ်လာသည်။
သူသည် တောင်ကြားတွင် နာရီအနည်းငယ်ကြာ နေထိုင်ခဲ့ပြီး ဖွတ်နဂါးနှင့်အတူ ၎င်း၏ပိုင်နက်ကို "လိုက်လံစစ်ဆေး" ခဲ့သည်။ ဤအတောအတွင်း ဖွတ်နဂါးမှာ အလွန်စိတ်လှုပ်ရှားနေပြီး အောင်မြင်မှုရရှိသော ကလေးငယ်တစ်ဦးက မိဘများထံ အလျင်အမြန် ကြွားဝါချင်သော ဂုဏ်ယူမှုမျိုး ရှိနေသည်ကို သူ ခံစားမိသည်။
သူ၏စိတ်ထဲတွင် အတွေးတစ်ချက်ဝင်လာပြီး ချီးကျူးစကားအနည်းငယ် ဆိုလိုက်ရာ ဖွတ်နဂါး၏ သစ္စာစောင့်သိမှုမှာ ချက်ချင်းပင် နှစ်မှတ် တိုးလာခဲ့သည်။
ဖွတ်နဂါးသည် လူစကားကို နားမလည်သော်လည်း အချိန်ကြာမြင့်စွာ ချွေး၊ သွေးများဖြင့် ရရှိခဲ့သော သင်ခန်းစာများကြောင့် အချို့သော အမိန့်စကားများအပြင် သခင်ဖြစ်သူ၏ စိတ်ခံစားချက်ပြောင်းလဲမှုကိုလည်း နားလည်သဘောပေါက်လာခဲ့ပြီး ဖိအားအောက်တွင် မိမိဘာသာသင်ယူကာ မျက်နှာရိပ်မျက်နှာကဲကြည့်ရှုခြင်း စွမ်းရည်ကို ရရှိခဲ့သည်။ ၎င်း၏အမြင်တွင် သခင်ဖြစ်သူက ပါးစပ်ထောင့်များ ကွေးသွားပြီး မျက်နှာတွင် အရေးအကြောင်းများ ပေါ်လာလျှင် ၎င်း မှန်ကန်စွာ လုပ်ဆောင်မိခြင်းဖြစ်ပြီး၊ မည်သည့်အမူအရာမျှမရှိဘဲ မျက်နှာရှည်ကြီးဖြစ်ကာ မည်းမှောင်သွားလျှင်မူ ၎င်း မှားယွင်းစွာ လုပ်ဆောင်မိခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လျှင် အကောင်းဆုံးတုံ့ပြန်မှုမှာ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဝပ်နေပြီး ညည်းသံပြုခြင်းပင် ဖြစ်သည်။
မိုးချုပ်စပြုလာမှ လော်ယွမ်သည် ဖွတ်နဂါး၏ "မခွဲနိုင်မခွာနိုင်" သော အကြည့်နှင့် မျောက်ဝံကြီး၏ "သနားစဖွယ်" မျက်ဝန်းများကြားမှ လှည့်ထွက်လာခဲ့သည်။
…………………………………………………………………………………………………………………………………………
လော်ယွမ်သည် တစ်လမ်းလုံး အလျင်စလို ခရီးနှင်လာခဲ့ရာ ကန္တာရမြို့သို့ ရောက်သောအခါ ည ဆယ့်တစ်နာရီကျော်နေပြီ ဖြစ်သည်။
မြို့တံခါးမှာ ပိတ်ထားပြီးဖြစ်သော်လည်း ကန္တာရမြို့၏ တံခါးစောင့်များမှာ လော်ယွမ်ကို မှတ်မိနေပြီဖြစ်ပြီး သူ အပြင်ထွက်သွားစဉ်က အထူးမှတ်တမ်းတင်ထားခဲ့သည်။ လော်ယွမ် ရောက်လာသည်ကို မြင်သောအခါ ဆက်သွယ်ရေးကိရိယာဖြင့် အထက်လူကြီးထံ သတင်းပို့ပြီးနောက် မြို့တံခါးကို ဖွင့်ပေးလိုက်သည်။
ကန္တာရမြို့သည် များသောအားဖြင့် ဟာလာဟင်းလင်းဖြစ်နေပြီး လူသူကင်းမဲ့ကာ မြို့ပျက်ကြီးတစ်မြို့ဟုပင် ထင်မှတ်ရသည်။ အချိန်နှစ်ချိန်အတွင်းသာ မြို့တစ်မြို့၏ ဆူညံမှုကို ခံစားရနိုင်သည်။
တစ်ချိန်မှာ နံနက် ရှစ်နာရီမတိုင်မီဖြစ်ပြီး နောက်တစ်ချိန်မှာ ယခုအချိန်ပင် ဖြစ်သည်။
ယခုမှာ အလုပ်ဆင်းသည့် အစည်ကားဆုံးအချိန်ဖြစ်ပြီး လမ်းမများပေါ်တွင် အလုပ်သမားဝတ်စုံများဖြင့် လူအုပ်ကြီးများ လှုပ်ရှားသွားလာနေကြသည်။
အချို့သော လမ်းဘေးဈေးသည်ငယ်လေးများသည်လည်း ဤရှားပါးသော အချိန်ကို အခွင့်ကောင်းယူကာ ဘေးနှစ်ဖက်တွင် ဈေးဗန်းမျိုးစုံကို ခင်းကျင်းပြီး ဘဝတိုးတက်ရေးအတွက် ဈေးရောင်းနေကြသည်။ သူတို့အများစုမှာ အလုပ်သမားဝတ်စုံများ ဝတ်ဆင်ထားကြပြီး အလုပ်မှ ပြန်လာကာစ အလုပ်သမားများဖြစ်ကြောင်း ထင်ရှားလှသည်။ ဈေးဗန်းပေါ်မှ ပစ္စည်းများမှာ နည်းပါးလှပြီး အသား၊ ဟင်းသီးဟင်းရွက်၊ သရေစာ စသည့် အစားအသောက်များအပြင် ကိုယ်တိုင်ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းအချို့လည်း ရှိနေသည်။
ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများဖြစ်ပြီး အများစုမှာ သစ်သားများဖြစ်ကာ အချို့မှာ အရိုးများ၊ သားရေများ ဖြစ်ကြသည်။
ဥပမာအားဖြင့် သားရေစစ်စစ်ဖြင့် ချုပ်ထားသော အိတ်ငယ်များ၊ တိရိစ္ဆာန်လက်သည်းများကို သွေးထားသော ဓားမြှောင်များ၊ ထို့အပြင် ကိုယ်တိုင်ပြုလုပ်ထားသော ခုံတန်းများ၊ သစ်သားပုံးများနှင့် ပန်းကန်ခွက်ယောက်များ စသည့် နေ့စဉ်သုံးပစ္စည်းများမှာ အမျိုးအစားစုံလင်လှပြီး မျက်စိကျိန်းသွားစေသည်။
ဆူညံစွာအော်ဟစ်ရောင်းချသံ၊ ဈေးဆစ်သံ၊ ငြင်းခုံသံများမှာ မပြတ်တမ်းထွက်ပေါ်နေပြီး လမ်းမတစ်ခုလုံးကို ဆူညံပွက်လောရိုက်နေစေသည်။
လူကို ကမ္ဘာပျက်ကာလထဲတွင် မဟုတ်ဘဲ ဆူညံသော ကျေးလက်ဈေးတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ထင်မှတ်မှားစေသည်။
"ရိက္ခာလက်မှတ် ၃၀ လား... ဈေးကြီးလိုက်တာ... ဓားပြတိုက်တာနဲ့တောင်တူနေပြီ... ဒီငှက်မွေးကို ငါက လှလို့သာ ဝယ်ချင်တာ... တစ်ကျပ်တောင်ပေးချင်တာမဟုတ်ဘူး" အသံတစ်သံ လော်ယွမ်၏ နားထဲသို့ ဝင်ရောက်လာသည်။
"မဝယ်ချင်ရင်နေ... ဒါကသူ့ရဲ့တန်ဖိုးပဲ... ငါအဲ့တာကို စစ်မြေပြင်ကနေရလာတာ... အဲ့ဒီအတွက် တပ်ရင်းတစ်ဝက်လောက် သေသွားတယ်... အခုဒီငှက်မွေးနည်းနည်းပဲကျန်တော့တာ... ဈေးကတပြားမှ မလျှော့နိုင်ဘူး" တိုးညင်းသော အသံတစ်ခုက ဆိုသည်။
"ဪ... ခင်ဗျားက ဒဏ်ရာနဲ့ အငြိမ်းစားယူထားတဲ့ စစ်သားကိုး... စောစောက ကျွန်တော် ရိုင်းသလိုဖြစ်သွားတယ်... ဒါပေမဲ့ ဒီဈေးကတော့ မများလွန်းဘူးလား... ဒီငှက်မွေးက အလှဆင်ဖို့ပဲ သုံးလို့ရတာလေ... သားရေပြန်ဝယ်တဲ့ဆိုင်ကို ရောင်းရင် ခင်ဗျားကို တစ်ကျပ်တောင် ပေးမှာမဟုတ်ဘူး... ငါးကျပ်ပေးမယ်... ဒါ ကျွန်တော် အများဆုံးပေးနိုင်တာပဲ... ကျွန်တော့်ထက် ပိုပေးမယ့်သူ ရှိမှာမဟုတ်ဘူး" တစ်ဖက်လူမှာ ဒဏ်ရာရစစ်သားတစ်ဦးဖြစ်ကြောင်း ကြားသောအခါ ဈေးစစ်သူ၏ လေသံမှာ ချက်ချင်းပင် ယဉ်ကျေးသွားသည်။
"၃၀ ပဲ... ဒါ ငါ့အသက်နဲ့ လဲလာတာ... တစ်ကျပ်မှ မလျှော့ဘူး" ဈေးသည်က ဆိုသည်။ သူ၏အသံထဲတွင် စိတ်ခံစားချက် တစ်စိုးတစ်စိမျှ မပါဝင်ပေ။
လော်ယွမ်သည် စိတ်ထဲတွင် အနည်းငယ် သိချင်သွားပြီး ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ဈေးသည်မှာ သန်မာထွားကျိုင်းသော လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ဘယ်ဘက်ခြေထောက်မရှိတော့ဘဲ ခြေတုတစ်ခုဖြင့် အစားထိုးထားသည်။ သူ၏မျက်နှာမှာ မည်သည့်အမူအရာမျှမရှိဘဲ နှုတ်ခမ်းများကို တင်းတင်းစေ့ထားရာ ခေါင်းမာသောသူတစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။ တစ်ခွန်းပြောပြီးလျှင် လုံးဝ ပြန်မပြင်တော့ဘဲ တစ်ဖက်လူ မည်မျှပင် ဈေးဆစ်စေကာမူ သည်းခံနေသည်။
သူက အကြည့်ကို ရွှေ့လိုက်ပြီး ဈေးဆိုင်ခုံပေါ်မှ ငှက်မွေးကို ကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏မျက်နှာမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ဤငှက်မွေးသည် ၉ပေကျော်ရှည်ပြီး ၉ပေနီးပါး ရှိ၏။ သူသည် ဤထက်ပိုရှည်သော ငှက်မွေးများကို တွေ့ဖူးသော်လည်း ၎င်းတို့မှာ အမြီးမွေး သို့မဟုတ် တောင်ပံမွေးများ ဖြစ်ကြသည်။ ဤငှက်မွေးမှာမူ ၎င်း၏ပုံသဏ္ဌာန်အရ သာမန်ကိုယ်ထည်မှ အမွေးတစ်ပင်မျှသာ ဖြစ်သည်။ ဝမ်းဗိုက်မှ ဖြစ်နိုင်သလို ကျောပြင်မှလည်း ဖြစ်နိုင်သည်။ ဤသို့သော အမွေးအမျိုးအစားမှာ အများအားဖြင့် တိုတောင်းပြီး တောင်ပံမွေးနှင့် နှိုင်းယှဉ်ပါက သုံးလေးဆ ကွာခြားတတ်သည်။
သူက ဤငှက်မွေး၏ ပိုင်ရှင်သည် အရွယ်အစားမည်မျှ ကြီးမားလိုက်မည်ကို စိတ်ကူးကြည့်နိုင်၏။
အလယ်မှ မည်းနက်သော ငှက်မွေးရိုးတံမှလွဲ၍ ငှက်မွေးတစ်ခုလုံးမှာ စိမ်းပြာနုရောင် သန်းနေပြီး အလွန်သန့်စင်လှပြီး မှိန်ဖျော့သော လမ်းမီးအောက်တွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည်။ အကယ်၍ အမြင်အာရုံ စူးရှပါက သေးငယ်သော အလင်းတန်းများ စီးဆင်းနေသည်ကိုပင် တွေ့မြင်နိုင်သည်။ ၎င်းက သာမာန်ပစ္စည်းမဟုတ်မှန်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။ အကယ်၍ ကမ္ဘာမပျက်မီကသာဆိုလျှင် ဤအလှဆင်တန်ဖိုးတစ်ခုတည်းဖြင့်ပင် ဤငှက်မွေးသည် မိုးထိ မြင့်သော ဈေးနှုန်းတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအခါ ပတ်ဝန်းကျင်တွင် ကြည့်ရှုသူများပြားသော်လည်း စိတ်ဝင်စားသူမှာမူ အလွန်နည်းပါးလှသည်။
ဝယ်သူမှာ စိတ်မလျှော့သေးဘဲ အကြိမ်အနည်းငယ် ထပ်မံဈေးဆစ်ကြည့်သေးသည်။ အာပေါက်လုမတတ် ဖြစ်နေသော်လည်း တစ်ဖက်လူမှာ ဤဈေးကိုသာ တင်းခံနေသောကြောင့် နောက်ဆုံးတွင် စိတ်ပျက်စွာဖြင့် လက်လျှော့လိုက်ရသည်။
ဤငှက်မွေးကို သူ အလွန်သဘောကျပြီး စွဲလမ်းနေမိသည်။ ဤသို့ ထူးခြားသော လက္ခဏာများရှိသည့် ငှက်မွေးမှာ အဆင့်မြင့်သန္ဓေပြောင်းသတ္တဝါတစ်ကောင်ထံမှ ကျန်ရစ်ခဲ့သော ငှက်မွေးဖြစ်မည်မှာ သေချာပြီး အလွန်တရာ ရခဲလှသည်။ သို့သော် တစ်ဖက်လူ တောင်းသောဈေးမှာ အလွန်မြင့်မားနေပြီး ဤတန်ဖိုးနှင့် လုံးဝမထိုက်တန်ပေ။ ရိက္ခာလက်မှတ် ၃၀ ဆိုသည်မှာ အရွယ်ရောက်ပြီးသူတစ်ဦးကို တစ်လစာ ကျွေးမွေးနိုင်ပြီး သူကဲ့သို့သော အဆင့်မြင့် နည်းပညာရှင်တစ်ဦးအတွက်ပင်လျှင် သေချာစဉ်းစားရမည့် ငွေပမာဏကြီးတစ်ခု ဖြစ်သည်။
"ကျွန်တော် ကြည့်လို့ရမလား" ထိုသူက လှည့်ထွက်ကာ ဈေးသိမ်းရန် ကြံရွယ်လိုက်စဉ်မှာပင် အသံတစ်သံ နားနားသို့ ရောက်လာရာ သူ၏ခြေလှမ်းများ ချက်ချင်းပင် ရပ်တန့်သွားသည်။
"ကြိုက်သလိုကြည့်ပါ" စစ်ပြန်ကြီးက ဆိုသည်။
လော်ယွမ်က ငှက်မွေးကို လှမ်းကိုင်လိုက်ပြီး မသိမသာ အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်ရာ သူ၏မျက်လုံးများ အရောင်တောက်သွားသည်။
စောစောက ဝယ်သူမှာ လော်ယွမ်က ငှက်မွေးကို ပေါ့ပေါ့ပါးပါး မလိုက်ပြီး အလေးချိန်မရှိသကဲ့သို့ အလွယ်တကူ ချိန်ဆကြည့်နေသည်ကို မြင်သောအခါ သူ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ အခြားသူများ မသိနိုင်သော်လည်း သူ စောစောက တစ်ကြိမ် မကြည့်ခဲ့ဖူးသည်။ ၎င်းကို မနိုင်ခဲ့သော်လည်း အားကုန်သုံးလိုက်ရ၏။ ဤငှက်မွေး၏ အလေးချိန်မှာ အနည်းဆုံး ပေါင်တစ်ရာကျော်ခန့် ရှိပေလိမ့်မည်။
"ဒါဘယ်လောက်လဲ" လော်ယွမ်က ငှက်မွေးကို ဖြည်းညင်းစွာ ပြန်ချလိုက်ပြီး အမူအရာမပြောင်းဘဲ မေးလိုက်သည်။
"၃၀"
"ကျွန်တော် ယူမယ်... ဒါပေမဲ့ အခု ပိုက်ဆံမပါလာဘူး... ခင်ဗျား ကျွန်တော့်အိမ်ကို လိုက်ယူရလိမ့်မယ်" လော်ယွမ်က ဆိုသည်။ ဤနေရာတွင် သုံးစွဲစရာ နေရာနည်းပါးသောကြောင့် သူသည် အများအားဖြင့် ပိုက်ဆံဆောင်လေ့မရှိပေ။
စစ်ပြန်ကြီးက လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။ အကယ်၍ သာမန်လူသာဆိုလျှင် သူ ချက်ချင်းပင် သဘောတူလိုက်မည်ဖြစ်သည်။ သေမင်းနှင့် ယှဉ်ပြိုင်ခဲ့ဖူးသော စစ်သားဟောင်းတစ်ဦးအနေဖြင့် အစွမ်းသတ္တိနှင့် သတ္တိမှာ မညံ့လှဘဲ ခြေတစ်ဖက် ပြတ်သွားသည့်တိုင် သာမန်လူတစ်ယောက် သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သို့သော် တစ်ဖက်လူမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှသည်။ ငှက်မွေးကို ပေါ့ပေါ့ပါးပါး မနိုင်ခြင်းတစ်ခုတည်းဖြင့်ပင် တစ်ဖက်လူ၏ ခွန်အားမှာ အလွန်ကြီးမားကြောင်း ပြသနေသည်။
သို့သော် ကမ္ဘာပျက်ကာလ၏ ဥပဒေမှာ ပြင်းထန်လှပြီး ဆိုးရွားသော ရာဇဝတ်မှုများ ဖြစ်ပွားလေ့မရှိသောကြောင့် သူ သိပ်မစိုးရိမ်ပေ။ ခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ခဏလေး... ခဏလေး... စပ်စုသလိုဖြစ်မှန်းသိပေမဲ့ တခုလောက်မေးချင်လို့... ခင်ဗျား ဒီငှက်မွေးကို ဘာလုပ်ဖို့ ဝယ်တာလဲ" မိမိနှစ်သက်သော ပစ္စည်းကို တစ်ဖက်လူက ဈေးကြီးပေး၍ ဝယ်ယူသွားသည်ကို မြင်သောအခါ စောစောက ဝယ်သူမှာ စိတ်မလျှော့နိုင်ဘဲ မေးလိုက်သည်။
"အလှဆင်ဖို့လေ... လှတယ်လို့ မထင်ဘူးလား" လော်ယွမ်က ဆိုသည်။
စောစောက ဝယ်သူမှာ မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိသည်။ သတိပြန်ဝင်လာသည့်အခါတွင်မူ နှစ်ယောက်သား ထွက်ခွာသွားပြီ ဖြစ်သည်။ ငှက်မွေးမှ ထုတ်လွှတ်နေသော အလင်းရောင်မှိန်မှိန်သာ တစ်ဖက်လူ၏ လက်မောင်းလှုပ်ရှားမှုနှင့်အတူ လှပသော အလင်းတန်းများအဖြစ် ကျန်ရစ်ခဲ့သည်။ သူ၏စိတ်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ဟာလာဟင်းလင်း ဖြစ်သွားသည်။
…………………………………………………………………………………………………………………………………………
ပိုက်ဆံပေးချေပြီးနောက် လော်ယွမ်သည် ငှက်မွေးကို အိပ်ခန်းထဲသို့ ညင်သာစွာ သယ်ဆောင်သွားသည်။ အိပ်ခန်းထဲတွင် မီးမဖွင့်ထားဘဲ အမှောင်ကျနေ၏။
ဤအချိန်တွင် ငှက်မွေးမှ ထုတ်လွှတ်နေသော အလင်းရောင်မှိန်မှိန်သည် တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ် ဖြစ်နေသည်။
လော်ယွမ်သည် ဤသည်မှာ ရောင်ပြန်ဟပ်သောအလင်းမဟုတ်ဘဲ အမှန်တကယ် ထွန်းလင်းနေခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤသည်မှာ စွမ်းအားတစ်မျိုးမျိုးက သဘာဝအတိုင်း ထုတ်လွှတ်ခြင်း၏ ပြင်ပလက္ခဏာတစ်ရပ်ဖြစ်ကြောင်း လော်ယွမ်တစ်ယောက်တည်းသာ သိပေသည်။
ဤသို့သော ရတနာကို အလှဆင်ရန်အတွက် အသုံးပြုမည်ဆိုလျှင် အလွန်အမင်း ဖြုန်းတီးရာကျပေလိမ့်မည်။ ဤကဲ့သို့ တန်ဖိုးကြီးသော ပစ္စည်းမှာ တွေ့ကြုံရန် ခဲယဉ်းလှသည်။ ဤအဆင့်မြင့် ပစ္စည်းရရှိလာပြီဖြစ်သောကြောင့် သူ၏ကိုယ်ပေါ်မှ အဝတ်အစားများကို နောက်ဆုံးတွင် အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်သည်။
ဆက်ရန်...