ပေါင်းစပ်စွမ်းအင်စက်ကွင်း
Vol. 14 Ch. 266
ကမ္ဘာပျက်ကပ်အတွင်း အမြစ်တွယ်ခဲ့သော သတိမပြတ်သည့်အလေ့အကျင့်က ယခုအခါ တစ်လနီးပါး ငြိမ်းချမ်းသောဘဝကို ရရှိခဲ့သည့်တိုင် အလွယ်တကူ ပျောက်ကင်းသွားခြင်းမရှိသေးချေ။
လော်ယွမ် အိပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် မကြာမီပင် ဟွမ်ကျားဟွေက လှုပ်ရှားသံကြောင့် နိုးလာခဲ့၏။ သူမသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်ပြီး ဘေးတွင်ချထားသော ဟန်းဖုန်းကို ကောက်ယူကာ အချိန်ကြည့်လိုက်ရာ ညတစ်ဆယ့်နှစ်နာရီပင် ထိုးလုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမက အပြစ်တင်သလို ဆိုလိုက်သည်။ "ဘာလို့ ဒီလောက်နောက်ကျမှ ပြန်လာတာလဲ... ညစာ စားပွဲပေါ်မှာရှိတယ်... ကျွန်မ သွားနွှေးလိုက်မယ်"
ထိုသို့ပြောရင်း သူမက ထရန်ပြင်လိုက်သည်။
"မနွှေးနဲ့တော့... နင်ပြန်အိပ်ဦး... မနက်စောစောထရဦးမှာမလား" လော်ယွမ်က တားလိုက်သည်။
"နိုးသွားမှတော့ ဘယ်လိုပြန်အိပ်လို့ရတော့မှာလဲ" ဟွမ်ကျားဟွေက ထထိုင်လိုက်ရာ စောင်အောက်မှ သူမ၏ ချောမွေ့ဝိုင်းစက်သော ပခုံးသားများ ပေါ်ထွက်လာ၏။ သူမသည် အတွင်းခံဖြင့် မတ်တပ်ထရပ်လိုက်ပြီး အပေါ်ထပ်အင်္ကျီတစ်ထည်ကို လှမ်းယူလိုက်သည်။ ထိုအခါမှ နံရံထောင့်တွင် ချထားသော အလင်းရောင်ထွက်နေသည့် အရာဝတ္ထုကို သတိပြုမိသွားကာ အံ့အားသင့်စွာ မေးလိုက်သည်။
"ရှင် ဘာတွေယူလာတာလဲ... လှလိုက်တာနော်"
"အဆင့်မြင့် သန္ဓေပြောင်းငှက်တစ်ကောင်ရဲ့ အတောင်ပံပဲ... ငါကံကောင်းတယ်လို့ ပြောရမယ်... လမ်းဘေးဈေးဆိုင်မှာ ဒီလိုပစ္စည်းကောင်းမျိုး တွေ့လိမ့်မယ်လို့ မထင်ထားဘူး" လော်ယွမ်က ပြုံးရင်းပြောလိုက်သည်။ ဤတစ်ကြိမ်က တကယ်ပင် ကံကောင်းခြင်းဖြစ်၏။ သာမန်ဖြတ်သွားရုံမျှဖြင့် အစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါ၏ ပစ္စည်းအစိတ်အပိုင်းကို ရရှိခဲ့ခြင်းမှာ အမှန်ပင် မယုံနိုင်စရာကောင်းလှသည်။
သို့သော် သေချာစဉ်းစားကြည့်လျှင် အံ့ဩစရာတော့ မဟုတ်ပေ။ အစိမ်းရောင်အဆင့် သတ္တဝါများသည် တစ်ဦးချင်းအနေဖြင့် တွေ့ကြုံရန် အလွန်ခက်ခဲသော်လည်း စစ်တပ်အတွက်မူ ရှားပါးသည်မဟုတ်ပေ။ တစ်ကောင်တည်းကို သတ်နိုင်လျှင်ပင် ထိုသတ္တဝါ၏ ကြီးမားသောကိုယ်ထည်အရ အပိုင်းအစဖြစ်သော ပစ္စည်းများကိုပင် ထိုစဉ်က စစ်သားများက အမှတ်တရအဖြစ် ယူဆောင်သိမ်းဆည်းထားခြင်းမှာ မနည်းလှနိုင်ပေ။
ဤပစ္စည်းများသည် အချို့သော သုတေသနဌာနများမှလွဲ၍ သာမန်လူများအတွက် အသုံးမဝင်လှပေ။ ဤအတောင်ပံကဲ့သို့ပင် သာမန်လူတစ်ယောက် ဝယ်ယူမိလျှင် ဇိမ်ခံအလှဆင်ပစ္စည်းတစ်ခုအဖြစ်သာ ရှိပေမည်။ သို့သော် သူ့အတွက်မူ အလွန်ကောင်းမွန်သော ပေါင်းစပ်ပစ္စည်းတစ်ခုဖြစ်ရာ တန်ဖိုးမှာ လုံးဝမနှိုင်းယှဉ်သာအောင် ကွာခြားလှ၏။
နောင်တွင် ပစ္စည်းကောင်းများ မလွတ်သွားစေရန် လမ်းဘေးဈေးဆိုင်များကို မကြာခဏ သွားရောက်ကြည့်ရှုရမည့်ပုံရှိသည်။
"ဒါက ဘာအဆင့်အတောင်ပံမို့လို့လဲ" ဟွမ်ကျားဟွေက လော်ယွမ်၏ ဝမ်းသာနေသော အမူအရာကို ကြည့်ရင်း အံ့ဩစွာ မေးလိုက်သည်။ ဤကဲ့သို့သောပစ္စည်းများသည် မည်သည့်အဆင့်သတ္တဝါထံမှ လာသည်ကို လော်ယွမ် ခွဲခြားသိမြင်နိုင်သော ထူးခြားသည့်စွမ်းရည်ရှိသည်ကို သူမ သိ၏။
"အဆင့်ခြောက်လေ" လော်ယွမ်က ပြုံးရင်းပြောလိုက်သည်။
ဟွမ်ကျားဟွေ၏ မျက်နှာတွင် အံ့သြသည့်အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ လော်ယွမ် အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေသည်ကို နားလည်သွားပြီဖြစ်သည်။ ပြောရလျှင် သူမသည် လော်ယွမ်နှင့်အတူ အမြဲစွန့်စားသွားလာခဲ့သော်လည်း အစိမ်းရောင်အဆင့် သတ္တဝါကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ မြင်ဖူးသည်မှာ အသားစများ၊ သွေးများနှင့် အစိတ်အပိုင်းပစ္စည်းများသာဖြစ်ပြီး အပြည့်စုံဆုံးမှာ လိပ်ဘီလူးဥတစ်လုံးသာ ဖြစ်၏။
သူမက ရှေ့သို့တိုးကာ ထိုဧရာမအတောင်ပံကြီးကို စူးစမ်းစွာ ပွတ်သပ်ကြည့်လိုက်ရာ မျက်လုံးများမှာ မှိုင်းမိသွားသကဲ့သို့ ဖြစ်သွား၏။ အစိမ်းနုရောင်အတောင်ပံသည် ကျောက်မျက်ရတနာတစ်ခုကဲ့သို့ စွဲမက်ဖွယ်အလင်းရောင်ကို ထုတ်လွှတ်နေပြီး လက်ဖြင့်ထိတွေ့လိုက်သောအခါ နွေးထွေးနေသေးသည်။ ထိတွေ့မှုမှာ နူးညံ့ပျော့ပျောင်းပြီး ချောမွေ့နေ၏။
ဤအစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါသည် ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်နှင့်ပင် တူနေသည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသည် အပြစ်အနာအဆာကင်းစင်ပြီး လူကိုစွဲမက်စေသည်။ အတန်ကြာမှ ဟွမ်ကျားဟွေ သတိပြန်ဝင်လာပြီး ညစာနွှေးရန် သတိရတော့သည်။
"ဒီနေ့ အသီးအရွက်နည်းနည်း ဝယ်လာတယ်... နည်းနည်းရင့်တာကလွဲရင် အရသာက မဆိုးဘူး... ကျန်တဲ့အသားခြောက်ကိုလည်း ကျွန်မ ဟင်းရည်ချက်လိုက်တယ်... အခုဆို ခဲသွားလောက်ပြီ... ပြန်နွှေးလိုက်ဦးမှပဲ"
"ဖြစ်သလိုလေး လုပ်လိုက်ရင် ရပါတယ်... နင်လည်းသိသားပဲ ငါ့သွားတွေက မာတယ်လေ... အသားခြောက်လည်း ဝါးနိုင်တယ်" လော်ယွမ်က ဟွမ်ကျားဟွေ၏ တီတီတာတာပြောသံကို နားထောင်ရင်း စိတ်ထဲတွင် နွေးထွေးစွာ ပြောလိုက်သည်။
မကြာမီ မီးဖိုချောင်မှအသံက ဝမ်ရှီရှီကိုပါ နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူမသည် လော်ယွမ်အတွက် စိတ်ပူနေသဖြင့် ကောင်းစွာအိပ်မပျော်ခဲ့ပေ။ အသံသဲ့သဲ့ကြားရုံမျှဖြင့် လန့်နိုးလာပြီး ညဝတ်အင်္ကျီအပါးလေးကိုပင် မလဲနိုင်ဘဲ ပြေးထွက်လာတော့သည်။
ထိုပါးလွှာသော ညဝတ်အင်္ကျီသည် အနည်းငယ်တိုနေဟန်တူပြီး ပေါင်တံများကို မဖုံးကွယ်နိုင်ဘဲ လှပသောမြင်ကွင်းအများစုမှာ ပေါ်လွင်နေ၏။ ရင်ဘတ်နေရာသည်လည်း ဖောင်းကြွနေပြီး ပြေးလွှားလာသည်နှင့်အမျှ ယုန်ငယ်လေးများကဲ့သို့ အပေါ်အောက် ခုန်ပေါက်နေကာ နို့နှစ်ရောင်အသားစိုင်ဖြူဖြူများမှာ အခါအားလျော်စွာ ပေါ်ထွက်လာသည်။
သူမ၏နုပျိုလန်းဆန်းသော တက်ကြွမှုတို့က အပြင်သို့ပင် လျှံထွက်လာတော့မည့်အလား ဖြစ်နေသည်။
သူမက ပြေးလာပြီး နွယ်ပင်လေးတစ်ပင်ကဲ့သို့ လော်ယွမ်၏လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်ကာ ဝမ်းသာအားရ ပြောလိုက်သည်။ "ကိုကြီးယွမ်... ဘယ်တုန်းက ပြန်ရောက်တာလဲ"
"နောက်တစ်ခါသွားရင် သမီးကိုလည်းခေါ်ပါ... ဒီမှာ ပျင်းလွန်းလို့ သေတော့မယ်"
လော်ယွမ်က ရုန်းမထွက်ဘဲ ပြောလိုက်သည်။ "နင်တည်ငြိမ်တဲ့ဘဝကို မနေတတ်တော့ဘူးမလား... နောက်တစ်ခါ သွားဖြစ်ရင်ပြောမယ်"
……………………………………………………………………………………………………………………………………………………
လော်ယွမ် ထမင်းစားပြီးသောအခါ ဟွမ်ကျားဟွေကို အိပ်ခိုင်းလိုက်သည်။ မနက်ဖြန် သူမ အလုပ်သွားရဦးမည် မဟုတ်ပါလား။ ဝမ်ရှီရှီမှာမူ အိပ်ရာမဝင်သေးပေ။ သူမသည် လော်ယွမ်ကဲ့သို့ပင် အလုပ်လက်မဲ့တစ်ယောက်ဖြစ်ပြီး လော်ယွမ်က ပစ္စည်းပေါင်းစပ်တော့မည်ဟု ပြောသည်ကို ကြားသောအခါ အိပ်ချင်စိတ်ပင် ပျောက်ကွယ်သွားပြီး ကြည့်ရှုရန် ဇွတ်အတင်း ပူဆာနေတော့သည်။
လော်ယွမ်လည်း မတတ်နိုင်တော့ဘဲ သူမ၏သဘောအတိုင်း လွှတ်ထားလိုက်ရသည်။ သူက ဟွမ်ကျားဟွေ အိပ်စက်ခြင်းကို အနှောင့်အယှက်မဖြစ်စေရန် အတောင်ပံကို အိပ်ခန်းထဲမှ ဧည့်ခန်းသို့ ရွှေ့လိုက်သည်။
အမည် - တိမ်ပြာငှက်၏အတောင်ပံ
ရှားပါးမှုအဆင့် - အစိမ်းရောင်
အလေးချိန် - ၅၃ ကီလိုဂရမ်
ထပ်တိုးအစွမ်း - အပူချိန်နိမ့် စွမ်းအင်စက်ကွင်း၊ အပူချိန်မြင့် စွမ်းအင်စက်ကွင်း
သုံးသပ်ချက် - တိမ်ပြာငှက်သည် ကောင်းကင်၏ဘုရင်ဖြစ်ပြီး မျိုးပွားခြင်းမှလွဲ၍ သူ၏ဘဝတစ်လျှောက်လုံး အိုင်ယွန်နိုစဖီးယားလွှာတွင် နေထိုင်သဖြင့် ပြင်ပလောကမှ သိရှိသူနည်းပါးသည်။ သူ၏အတောင်ပံသည် အစွမ်းထက်သော အပူချိန်နိမ့် စွမ်းအင်စက်ကွင်းနှင့် အပူချိန်မြင့် စွမ်းအင်စက်ကွင်းကို ထုတ်လွှတ်နိုင်သည်။
"စွမ်းအင်စက်ကွင်း နှစ်မျိုးတောင်" လော်ယွမ်က စိတ်ထဲတွင် တွေးလိုက်သည်။
မဝယ်ခင်ကိုင်ကြည့်ကတည်းက စွမ်းအင်စက်ကွင်း နှစ်မျိုးရှိမှန်း သိသော်လည်း စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်နေမိဆဲ ဖြစ်သည်။
စွမ်းအင်စက်ကွင်းအကြောင်း သူ အနည်းငယ်သိထားသည်။ ဤသည်မှာ အစိုင်အခဲ၊ အရည်၊ အငွေ့တို့ပြီးနောက် စတုတ္ထမြောက် ဒြပ်၏အခြေအနေဖြစ်ပြီး အပူချိန်မြင့် စွမ်းအင်စက်ကွင်းနှင့် အပူချိန်နိမ့် စွမ်းအင်စက်ကွင်းဟူ၍ နှစ်မျိုးခွဲခြားထားသည်။
အပူချိန်မြင့် စွမ်းအင်စက်ကွင်းမှာမူ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများတွင် မကြာခဏတွေ့ရလေ့ရှိသော ပလာစမာရည် ဖြစ်ပြီး နေကဲ့သို့သော ကြယ်တာရာများသည် ဤအခြေအနေတွင် ရှိနေသည်။ အပူချိန်နိမ့် စွမ်းအင်စက်ကွင်းမှာမူ ပိုမိုတွင်ကျယ်စွာ တွေ့ရပြီး တီဗီ၊ နီယွန်မီးလုံးများနှင့် ဆေးဘက်ဆိုင်ရာခွဲစိတ်မှုများတွင် အပူချိန်နိမ့် စွမ်းအင်စက်ကွင်းကို အသုံးပြုကြသည်။
သူက အတောင်ပံကို မသိစိတ်ဖြင့် ပွတ်သပ်ကြည့်ရင်း စိတ်ထဲတွင် ပို၍အံ့ဩလာသည်။ အပူချိန်သုံးလေးဆယ်ဒီဂရီမျှသာရှိသော အတောင်ပံတစ်ချောင်းတွင် အပူချိန်မြင့် စွမ်းအင်စက်ကွင်း မည်သို့ရှိနေနိုင်မည်နည်း။
ထိုအရာသည် ပလာစမာရည်ဖြစ်ပြီး အပူချိန်မှာ အနည်းဆုံး ဒီဂရီသောင်းချီရှိရမည်ဖြစ်ကာ ၎င်း၏အငွေ့မျှဖြင့်ပင် အရာအားလုံးကို အရည်ပျော်သွားစေနိုင်သည်။ သို့သော် ထူးဆန်းသည်မှာ ဤအတောင်ပံပေါ်တွင် ထိုကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကို စိုးစဉ်းမျှ မခံစားရခြင်းပင် ဖြစ်သည်။
သူက အကြိမ်ကြိမ်အခါခါ သေချာကြည့်ရှုနေသော်လည်း တခါတရံ တောက်ပလာသော အလင်းရောင်မှသာ နှလုံးတုန်လှုပ်ဖွယ် ကြောက်မက်ဖွယ်စွမ်းအင်ကို မသဲမကွဲ ခံစားမိနေသည်။
သို့သော် သူ၏ဦးနှောက်သည် ယခုအခါ ယခင်နှင့်မတူတော့ပေ။ ယူဆခြင်း၊ တွက်ချက်ခြင်း၊ ပယ်ချခြင်း၊ စသည်တို့ကို သူ၏ဦးနှောက်က လျင်မြန်စွာ ထပ်ခါတလဲလဲ အလုပ်လုပ်နေပြီး မကြာမီတွင် ဖြစ်နိုင်ခြေတစ်ခုကို တွက်ဆမိသွားသည်။
ဤသည်မှာ ပေါင်းစပ်စွမ်းအင်စက်ကွင်းတစ်ခု ဖြစ်နိုင်ပြီး အနည်းဆုံး အလွှာသုံးလွှာရှိပေမည်။ စက်ကွင်း၏အောက်ဆုံးအလွှာသည် အပူချိန်နိမ့် စွမ်းအင်စက်ကွင်းဖြစ်ရမည်။ သို့မဟုတ်လျှင် အစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါပင်လျှင် ထိုကြောက်မက်ဖွယ်အပူချိန်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ အပူချိန်မြင့် စွမ်းအင်စက်ကွင်းသည် အလယ်အလွှာတွင်ရှိပြီး အပြင်ဘက်ဆုံးအလွှာသည်လည်း အပူချိန်နိမ့် စွမ်းအင်စက်ကွင်းဖြစ်ရမည်။ ဤသည်မှာ အတောင်ပံက အပူချိန်နိမ့်ကျနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
စွမ်းအင်စက်ကွင်းသုံးလွှာသည် အပြန်အလှန်ချိတ်ဆက်ပေါင်းစပ်နေပြီး အပြန်အလှန်အထောက်အကူပြုကာ ပြီးပြည့်စုံသော စွမ်းအင်လည်ပတ်မှုစနစ်တစ်ခုကို ဖွဲ့စည်းထားသည်။ အပူချိန်မြင့် စွမ်းအင်စက်ကွင်း၏ ကြောက်မက်ဖွယ်စွမ်းအင်ကိုလည်း ဤစနစ်အတွင်း၌ ပြီးပြည့်စုံစွာ ချိတ်ပိတ်ထားပြီး စနစ်တစ်ခုလုံးသည် လိုက်လျောညီထွေစွာ တည်ရှိနေသဖြင့် စွမ်းအင်ယိုစိမ့်မှု စိုးစဉ်းမျှမရှိပေ။
ဤနည်းပညာသည် သူ၏သာမန်အသိပညာအရ လူသားတို့၏ သိပ္ပံနည်းပညာအဆင့်ကို လုံးဝကျော်လွန်နေပြီး အနည်းဆုံး ဆယ်စုနှစ်အတွင်း လုံးဝမဖြစ်နိုင်ပေ။
ဤပေါင်းစပ်စက်ကွင်းသည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ စွမ်းအင်ဒိုင်းတစ်ခုနှင့်ပင် တူနေသည်။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများနှင့် စွမ်းအင်အများစုသည် ဤစက်ကွင်းကြောင့် အရည်ပျော်သွားခြင်း သို့မဟုတ် စုပ်ယူခံရခြင်း ဖြစ်သွားပေလိမ့်မည်။
လက်ဖြင့်ထိတွေ့ရုံမျှဖြင့် နွေးထွေးနေခြင်းမှာ ၎င်းကို အသက်သွင်းရန် အခြေအနေမပြည့်မီသေးသောကြောင့် ဖြစ်နိုင်၏။ ဤစက်ကွင်းသည် မည်မျှပင် စွမ်းအင်လည်ပတ်နေစေကာမူ အသက်သွင်းလိုက်သည်နှင့် စွမ်းအင်အချို့ကို သုံးစွဲရမည်ဖြစ်သဖြင့် အမြဲတမ်းလှုံ့ဆော်ထားသည့်အခြေအနေတွင် ရှိနေနိုင်မည်မဟုတ်ပေ။ ယခင်က ထိတွေ့ကိုင်တွယ်မှုများသည် ဤအခြေအနေသို့ ရောက်ရှိရန် လုံးဝမလုံလောက်ခဲ့ပေ။
ထိုအချိန်တွင် သူသည် ကြောက်မက်ဖွယ်အရာတစ်ခုကို ရုတ်တရက် သတိရလိုက်ရာ နဖူးတွင် ချွေးစေးများ ချက်ချင်းထွက်လာပြီး မျက်နှာပင် ဖြူဖျော့သွားသည်။
အန္တရာယ်ကင်းမဲ့ပုံရသော ဤအတောင်ပံထဲတွင် ကြောက်မက်ဖွယ်စွမ်းအင်များ ပါဝင်နေနိုင်၏။ အကယ်၍ ပေါင်းစပ်နေစဉ်အတွင်း စွမ်းအင်ယိုစိမ့်မှုဖြစ်ပွားခဲ့ပါက သူ၏စွမ်းအား ဆယ်ဆပိုမိုအားကောင်းနေလျှင်ပင် ချက်ချင်းပြာမှုန်ဖြစ်သွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် မဆင်မခြင် မလုပ်ဆောင်မိခဲ့ပေ။
"ကိုကြီးယွမ်... ဘာဖြစ်လို့လဲဟင်" ဝမ်ရှီရှီက လော်ယွမ်၏ မျက်နှာမကောင်းသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး" လော်ယွမ်က အားတင်းပြုံးလိုက်သော်လည်း ဦးနှောက်ထဲတွင် လျင်မြန်စွာ တွေးတောနေဆဲဖြစ်သည်။
"မဟုတ်သေးဘူး... ဒီလောက်မဆိုးနိုင်ဘူး... အလယ်အလွှာရဲ့စွမ်းအင်က သိပ်မများလောက်ဘူး... တိမ်ပြာငှက်က ဘယ်လောက်ပဲစွမ်းအားကြီးကြီး... ဒါက ငှက်မွေးတစ်ချောင်းပဲလေ... ပြီးတော့သက်မဲ့ပစ္စည်းတစ်ခုဖြစ်နေပြီပဲ"
"ဘယ်လောက်ပဲတွေးနေတွေးနေ အလကားပဲ... စမ်းသပ်ကြည့်တာက ပိုကောင်းတယ်"
"ရှီရှီ... နင် နောက်နည်းနည်းဆုတ်နေ" လော်ယွမ်က ပြောလိုက်သည်။
"ဟုတ်" ဝမ်ရှီရှီက ဘာကိုဆိုလိုမှန်းမသိသော်လည်း နာခံစွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
လော်ယွမ်က ဝမ်ရှီရှီကို တစ်ချက်ကြည့်လိုက်ပြီး သူမ ၉ပေခန့်အကွာသို့ ရောက်သွားသည်ကို မြင်သောအခါ စိတ်အေးသွားသည်။ ဤအကွာအဝေးက လုံလောက်ပြီဖြစ်သည်။
ထို့နောက် သူက အသင့်ဆောင်ထားသော ကျန်းမာတောက်ဓားကို ဆွဲထုတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ဓားသွားပေါ်တွင် မီးတောက်ကဲ့သို့ ပြင်းထန်သော ဓားအလင်းရောင်များ ချက်ချင်းထွက်ပေါ်လာပြီးနောက် ဓားအလင်းရောင်တစ်ချက် လျှပ်စီးကဲ့သို့ လေထုကိုဖြတ်သန်းကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
ပျော့ပျောင်းသောအတောင်ပံသည် စိတ်စွမ်းအားပါဝင်သော ဓားသွားနှင့် ထိတွေ့လိုက်သည်နှင့် "တကျစ်ကျစ်" မြည်သံနှင့်အတူ အပြာဖြူရောင် လျှပ်စီးကြောင်းငယ်များ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ လော်ယွမ်၏ အမြင်အာရုံစူးရှမှုသာ မရှိပါက တွေ့မြင်နိုင်မည်မဟုတ်ပေ။ နောက်တစ်ခဏတွင် အတောင်ပံ နှစ်ပိုင်းပြတ်သွားသည်။
(အပြာဖြူရောင်ဆိုတာက အလယ်ကအဖြူရောင် ဘေးအနားသတ်၂ခုက အပြာရောင်ရှိတဲ့ လျှပ်စီးကြောင်းကိုပြောတာပါ)
ခုခံမှုကို များများစားစား မခံစားလိုက်ရပေ။ အကယ်၍ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာသော လျှပ်စီးကြောင်းငယ်သာမရှိပါက သာမန်အစိမ်းရောင်အဆင့် ပစ္စည်းတစ်ခုနှင့် ဘာမှမခြားနားပေ။
သို့သော် ဤသည်မှာ ထင်ယောင်ထင်မှားမျှသာ ဖြစ်သည်။ ထိုစောစောက ပေါ်ထွက်လာသော အပြာရောင်လျှပ်စီးကြောင်းသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို လော်ယွမ်သာ သိသည်။ ထိုတစ်ခဏတွင် သူ၏စိတ်စွမ်းအားသည် အပေါက်ဖြစ်သွားသော မိုးပျံဘောလုံးတစ်လုံးကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။
ထိတွေ့ချိန်သည် ဝ.၀၁ စက္ကန့်ပင်မရှိသော်လည်း စိတ်စွမ်းအားက အပုံနှစ်ဆယ်ပုံတစ်ပုံခန့် ကုန်ဆုံးသွားသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ အကယ်၍ စိတ်စွမ်းအားက လွှမ်းခြုံမထားပါက ကျန်းမာတောက်ဓား၏ ဓားသွားပင်လျှင် အရည်ပျော်သွားပေလိမ့်မည်။
အကယ်၍ စောစောက မဆင်မခြင် ပေါင်းစပ်ခဲ့ပါက ထိုတစ်ခဏအတွင်း သူ၏လက်ချောင်းများပင် အငွေ့ပျံသွားနိုင်သည်ကို တွေးကြည့်၍မရနိုင်အောင်ပင် ဖြစ်သည်။
သူ၏စိတ်ထဲတွင် ကြောက်စိတ်များ ကျန်ရှိနေသေးသည်။ ဤပစ္စည်းသည် ဆူးများပြည့်နှက်နေသော ဖြူကောင်တစ်ကောင်နှင့်တူပြီး ကိုင်တွယ်ရန် နည်းလမ်းမရှိပေ။ ထပ်တိုးအစွမ်းက အစွမ်းထက်ပြီး ပြီးပြည့်စုံသော ကာကွယ်ရေးတစ်ခုဖြစ်နိုင်သော်လည်း ပေါင်းစပ်လျှင်ရင်ဆိုင်ရမည့် အန္တရာယ်ကို တွေးမိသောအခါ သူ စိတ်ဝင်စားမှု လျော့ကျသွားသည်။
"ကိုကြီးယွမ်... အလင်းရောင်က မှိန်သွားပြီနော်" ဝမ်ရှီရှီက အမြဲတမ်းအာရုံစိုက်နေသဖြင့် ရုတ်တရက် ထပြောလိုက်သည်။
လော်ယွမ်က ထိုစကားကိုကြားသောအခါ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သေချာကြည့်လိုက်ရာ အမှန်ပင်တည်း။
သူက အတွေးမှားထဲတွင် နစ်မြုပ်နေမိကြောင်း သဘောပေါက်သွားသည်။ မည်မျှပင်အားကောင်းသော စွမ်းအင်ဖြစ်စေ တစ်ချိန်ချိန်တွင် ကုန်ဆုံးသွားမည်သာဖြစ်သည်။ သူ့တွင် အချိန်အလုံအလောက်ရှိသည်မဟုတ်ပါလော။
သူက နောက်တစ်ကြိမ် ဓားဖြင့်ခုတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင် လျှပ်စီးကြောင်းသည် အမှန်တကယ် အားနည်းသွားပြီး အတောင်ပံတစ်ခုလုံးလည်း ပို၍မှိန်ကျသွားသည်။
သူ၏မျက်နှာပေါ်တွင် ဝမ်းသာမှုအရိပ်အယောင်များ ပေါ်ထွက်လာပြီး ဝမ်ရှီရှီ၏ခေါင်းကို ပုတ်ကာ ရယ်မောရင်း ပြောလိုက်သည်။ "ဒီတစ်ခါတော့ နင်ငါ့ကို တကယ်ကူညီလိုက်တာပဲ"
ဝမ်ရှီရှီမှာမူ မျက်နှာငယ်လေးဖြင့် ကြောင်တောင်တောင်ဖြစ်သွားပြီး သူမ မည်ကဲ့သို့ကူညီလိုက်မှန်း စဉ်းစားခန်းဖွင့်နေသည်။
လော်ယွမ်က အတောင်ပံကို လျင်မြန်စွာ ဆက်လက်ခုတ်ပိုင်းရာ လက်ဝါးအရွယ် အပိုင်းငယ်များစွာ ဖြစ်သွားသည်။ အစပိုင်းအကြိမ်အနည်းငယ်မှလွဲ၍ လျှပ်စီးကြောင်းများ လုံးဝပျောက်ကွယ်သွားပြီး အတောင်ပံ၏အပူချိန်ပင် ကျဆင်းသွားသည်။ စွမ်းအင်များ လုံးဝကုန်ဆုံးသွားပြီဖြစ်ကြောင်း ထင်ရှား၏။
လော်ယွမ် အိပ်ခန်းထဲသို့သွားကာ အပေါ်ဝတ်အင်္ကျီတစ်ထည်နှင့် အတွင်းခံအဝတ်အစားတစ်စုံ ယူလာခဲ့သည်။
ယခုအခါ သူ၏အဝတ်အစားများသည် တစ်စုံတည်းမဟုတ်တော့ပေ။ မြို့တော်ဝန်ရုံးမှ လက်ဆောင်ပေးထားသည်များနှင့် ဟွမ်ကျားဟွေ ဝယ်ပေးထားသည်များလည်း ရှိနေသည်။ သို့သော် သူ သိပ်မဝတ်ဖြစ်ပေ။ သူက မိမိကိုယ်တိုင်ပေါင်းစပ်ထားသော အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ရှိပြီး ၎င်းက ပို၍လုံခြုံသည်ဟု ခံစားရသည်။
ထို့အပြင် လျှော်ဖွပ်ရလွယ်ကူပြီး ချက်ချင်းခြောက်သွေ့နိုင်သည်။
သူသာမက ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေတို့လည်း ထိုနည်း၎င်းပင်။ ကမ္ဘာပျက်ကပ်ကို ဖြတ်သန်းလာသူများအတွက် လုံခြုံမှုထက် အရေးကြီးသောအရာ မရှိတော့ပေ။
အပေါ်ဝတ်အင်္ကျီသည် ကိုယ်ကျပ်အမျိုးအစား တိုက်ခိုက်ရေးဝတ်စုံဖြစ်သည်။ ယခုအခါ နိုင်ငံသားတိုင်း စစ်မှုထမ်းနေရသဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်တွင် စစ်တပ်ဖြစ်စေ၊ အရပ်သားဖြစ်စေ လူတိုင်းတစ်စုံစီ ပိုင်ဆိုင်ကြသည်။ ကွာခြားချက်မှာ စစ်တပ်သုံးသည် အရောင်နှင့်ဒီဇိုင်း တူညီပြီး အရပ်သားသုံးမှာမူ ဒီဇိုင်းမျိုးစုံရှိကာ အချို့မှာ မိမိဘာသာ ချုပ်လုပ်ထားသဖြင့် ထူးခြားနေသည်ဟု အမြင်ခံရမည်ကို စိုးရိမ်စရာမလိုပေ။
သို့သော် လော်ယွမ်က အပေါ်ဝတ်အင်္ကျီ၏ ညဘက်တွင် အလင်းရောင်ထွက်နေမည့် ဂုဏ်သတ္တိကို တွေးမိသောအခါ အပေါ်ဝတ်အင်္ကျီကို ပေါင်းစပ်မည့်အစီအစဉ်ကို လက်လျှော့လိုက်ပြီး အတွင်းခံအဝတ်အစားကိုသာ ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။
အပေါ်ဝတ်အင်္ကျီသည် အလွန်ထင်ရှားလွန်းပြီး မလိုအပ်သောအန္တရာယ်များကို ဆွဲဆောင်ကာ ပြဿနာရှာသကဲ့သို့ ဖြစ်နေပေမည်။ သက်ရှိတို့သည် အလင်းရောင်ကို နှစ်သက်ကြရာ အလင်းရောင်ထွက်သောအင်္ကျီသည် ကမ္ဘာပျက်ကပ်တွင် သေမင်းကိုဖိတ်ခေါ်နေခြင်းနှင့် တူနေသည်။
ထို့အပြင် အတွင်းခံအဝတ်အစားကို အပေါ်ဝတ်နှင့် တွဲဝတ်နိုင်သည်။ အမှန်အတိုင်းပြောရလျှင် ယခင်က ပေါင်းစပ်ထားသော အဝတ်အစားတစ်စုံကို သူ အနည်းငယ် နှမြောနေမိသည်။ အဆင့်နိမ့်သော်လည်း လေတိုးနှုန်းကို လျှော့ချပေးနိုင်သော စွမ်းရည်သည် အလွန်အသုံးဝင်ပြီး သူ၏အမြန်နှုန်းကို အဆုံးစွန်အထိ ထုတ်ဖော်နိုင်စေပြီး တိုးတက်လာသော တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်သတ်မှတ်ချက်ဖြင့် တိုင်းတာ၍မရနိုင်ပေ။
..............................................................................................................................
ပြင်ဆင်ချိန် နာရီဝက်ခန့်ကြာသော်လည်း ပေါင်းစပ်ချိန်မှာမူ ငါးမိနစ်မျှသာ ကြာမြင့်သည်။ ဝမ်ရှီရှီ၏ အံ့ဩခြင်းနှင့် အားကျမနာလိုဖြစ်နေသော အကြည့်များအောက်တွင် အစိမ်းနုရောင် အတွင်းခံအဝတ်အစားတစ်စုံက နှစ်ယောက်သား၏ရှေ့တွင် ပေါ်ထွက်လာသည်။
တိမ်ပြာငှက်သည် ကာကွယ်ရေးအတွက် အတောင်ပံကို အသုံးပြုရန်မလိုအပ်သောကြောင့် ဖြစ်နိုင်သည် အဝတ်အထည်သည် အလွန်ပျော့ပျောင်းသော်လည်း ခိုင်မာမှုရှိနေပြီး အစိမ်းရောင်အဆင့်ပစ္စည်းများတွင် ပါဝင်လေ့ရှိသော မာကျောမှုကို မခံစားရပေ။
ထို့အပြင် ထိတွေ့လိုက်လျှင် ပိုးထည်ထက်ပင် ချောမွေ့နူးညံ့နေသည်။ အတွင်းခံအဝတ်အစားတစ်စုံလုံးသည် ကီလိုဂရမ်အနည်းငယ် လေးလံသည်မှလွဲ၍ အခြားမည်သည့်အားနည်းချက်မျှမရှိသလောက်ဖြစ်ရာ ဝမ်ရှီရှီမှာ အားကျလွန်း၍ မျက်လုံးများပင် တောက်ပနေသည်။
"အားကျမနေနဲ့... နင်လည်း တစ်စုံရမှာပဲ... အခု သွားအိပ်တော့... မနက်ဖြန်ကျရင် နင့်အဝတ်တွေ ငါ့ကိုပေး" လော်ယွမ်က သူမကိုတစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် ပစ္စည်းများ အနည်းငယ်ပိုနေသေးသည်။ တစ်စုံလုံးပေါင်းစပ်ပြီးသည့်တိုင် ပစ္စည်းအများစု ကျန်ရှိနေသေးရာ နောက်ထပ် နှစ်စုံ၊ သုံးစုံခန့် ပေါင်းစပ်နိုင်သေးသည်။
သို့သော် ယနေ့ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တည်းရှိနေပြီး ညနက်နေသည့်အပြင် အတွင်းခံအဝတ်အစားကဲ့သို့သော ကိုယ်ရေးကိုယ်တာပစ္စည်းကို ပေါင်းစပ်ရမည်ဖြစ်သဖြင့် မနက်ဖြန်မှ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ပြောပြီး လော်ယွမ်သည် အဝတ်အစားကိုယူကာ အိပ်ခန်းဆီသို့ လျှောက်သွားရင်း အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။
အမည် - စွမ်းအင်စက်ကွင်း အတွင်းခံအဝတ်အစား
ပါဝင်ပစ္စည်း - တိမ်ပြာငှက်၏ အတောင်ပံ၊ ဝါဂွမ်းမျှင်
ရှားပါးမှုအဆင့် - အစိမ်းရောင်
အလေးချိန် - ၃ ကီလိုဂရမ်
ကာကွယ်မှု - ၂၂-၂၅
ထပ်တိုးအစွမ်း - ပေါင်းစပ်စွမ်းအင်စက်ကွင်း
ဝတ်ဆင်ရန်လိုအပ်ချက် - မရှိ
သုံးသပ်ချက် - ဤသည်မှာ စွမ်းအင်စက်ကွင်းပါဝင်သော အတွင်းခံအဝတ်အစားဖြစ်သည်။ ၎င်းသည် စွမ်းအင်တိုက်ခိုက်မှုအများစုနှင့် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအချို့ကို ကာကွယ်နိုင်သည်။
ဆက်ရန်...