အခန်း (၈၁-၈၅)
Vol. 1-5 Ch. 81-85
Chapter 81
လုခိုင်ရှန်က သူ၏ရှေ့တွင်ဖြစ်ပျက်နေသော မြင်ကွင်းအား ယုံကြည်နိုင်ခြင်းမရှိပေ။
လွန်ခဲ့သောရက်အနည်းငယ်အကြာက ထိုနတ်ဆိုးသားရဲများသည် လုခိုင်ရှန်၏စစ်တပ်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ အကယ်၍ အင်မော်တယ်တစ်ယောက်က လှုပ်ရှားခဲ့သည်ဆိုလျှင်ပင် ဤမျှအထိများပြားသော သားရဲအုပ်စုအား အမြစ်ပြတ်သုတ်သင်နိုင်မည်မဟုတ်ချေ။
မည်သည့်အကြောင်းကြောင့် ထိုနတ်ဆိုးသားရဲအားလုံးသည် ရုတ်တရက် သေဆုံးသွားကြသနည်း...။
"ငါမှာမင်းနဲ့ အသုံးမဝင်တဲ့စကားတွေပြောနေဖို့ အချိန်မရှိဘူး...ငါ မင်းကို နောက်တစ်ခေါက်ထပ်မေးမယ်....စစ်နတ်ဘုရားဂိုဏ်းကကောင် ဘယ်မှာလဲ"
ဟူယန်းလီ၏အသံသည် မိုးခြိမ်းသံတမျှကျယ်လောင်နေရာ လူအများအား နားအူထွက်သွားစေသည်။
လုခိုင်ရှန်က အံတင်းတင်းကြိတ်လိုက်မိသည်။ သူက ဤမျှပြင်းထန်သည့်စွမ်းအားကို တောင့်ခံနိုင်ရန်ခက်ခဲကြောင်း သိရှိသွားခဲ့သည်။
လုခိုင်ရှန်သည် ရှီထျန်းနဝမအဆင့်သို့ ရောက်ရှိနေသူဖြစ်ပေ၏။ တာလျန်နိုင်ငံတော်တွင်ပင် လုခိုင်ရှန်၏ပြိုင်ဘက်ဖြစ်နိုင်သူမှာ လူအနည်းငယ်သာရှိသည်။
သို့ရာတွင် သူက ဟုယန်းလီနှင့်ရင်ဆိုင်ရသောအချိန်တွင်မူ ဟူယန်းလီ၏အော်ရာသက်သက်ဖြင့်ပင် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသည်။
သို့သော် ထိုနတ်ဆိုးသားရဲများ မည်ကဲ့သို့သေဆုံးရသည်ဆိုသည်ကိုမူ သူ အမှန်တစ်ကယ် သိရှိထားခြင်းမရှိပေ။
စစ်နတ်ဘုရားဂိုဏ်းမှ အင်မော်တယ်အား ထုတ်ပေးရန်ဆိုသည်မှာ ပို၍ပင်ရယ်မောစရာဖြစ်သည်။ မည်သည့်နေရာတွင် သူက အင်မော်တယ်အား မြင်ခဲ့သနည်း...။
"ငါက မင်းကိုမျက်နှာသာပေးထားတာတောင်မှ မင်းက အလိုက်မသိဘူး....မင်း သေလိုက်တော့
ဟူယန်းလီသည် သေမျိုးတစ်ယောက်က သူ၏အမိန့်ကို မနာခံဝံ့ခြင်းကို မြင်တွေ့ရချိန်တွင် သူကိုယ်သူ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ဒေါသတကြီးဖြစ်သွားခဲ့သည်။
ဟူယန်းလီက ရုတ်တရက်သူ၏လက်ဝါးကိုဆန့်ထုတ်လိုက်သည်။ သူ၏လက်ဝါးအတွင်းတွင် အုပ်ချုပ်သူနဂါးတစ်ကောင်၏ဟိန်းဟောက်သံနှင့်တူညီသော နက္ခတ်တာရာစွမ်းအင်ပါဝင်နေသည်။
ထိုအရာက နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်ပင် ဖြစ်ပေ၏။ သိုင်းပညာရှင်တစ်ယောက်သည် ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်လျှင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျန်းချီများအားလုံးသည် အံ့အားသင့်ဖွယ်အစွမ်းထက်သည့် စစ်မှန်စွာအကောင်အထည်ဖော်နိုင်သည့် နက္ခတ်တာရာချီအဖြစ်ပြောင်းလဲသွားသည်။
သာမာန်ကျန်းချီနှင့်နက္ခတ်တာရာချီအကြားတွင် ကွဲပြားခြားနားချက် များစွာရှိပေသည်။
လုံချီနယ်ပယ်ရှိ လူတစ်ယောက်၏ကျန်းချီသည် မည်မျှအားကောင်းနေပါစေ နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်ရှိကျင့်ကြံသူ၏ယှဉ်ပြိုင်ဘက်ဖြစ်ရန်မှာမူ မည်သို့မျှယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
ထိုအခြင်းအရာသည် ကျင့်ကြံခြင်းအဆင့်ကွာခြားချက်ကြောင့်ဖြစ်ပြီး ထိုကွာဟချက်ကိုဖာထေးနိုင်ရန် တစ်ခြားမှော်ပစ္စည်းများကို အသုံးပြု၍ရင်ဆိုင်လျှင်ပင် အလွန်ခက်ခဲပေလိမ့်မည်။
ဝွစ္...
လုခိုင်ရှန်၏ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသည့်လေပြင်းတစ်ခုက ဖိအားပေးလိုက်ရာ သူ၏အရွတ်အကြောနှင့်အရိုးများ ကျိုးပဲ့သွားသည့်အသံများ ထွက်ပေါ်လာသည်။
"ဆရာသခင် ဟို"
စစ်သည်ပေါင်းများစွာက အော်ဟစ်ပြီး တရကြမ်းတိုးဝင်လိုက်ကြသည်။
"ပုရွတ်ဆိတ်တစ်သိုက်ကများ...မင်းတို့က လာပြီးကူညီချင်နေတာလား"
ဟူယန်းလီက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ပြီး ရုတ်တရက် သူက နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ရိုက်ထုတ်လိုက်သည်။
ထိုအစွမ်းထက်သည့်အော်ရာကြောင့် မြို့နံရံများသည် ပြိုကျပျက်စီးကုန်ပြီး လူများစွာသည်လည်း မြေပြင်ပေါ်၌ဖိနှိပ်ထားခြင်းကို ခံထားရသည်။ သူတို့က မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိတော့ချေ။
ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက် မြို့အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ရပ်လိုက်စမ်း"
ထိုအသံထွက်ပေါ်လာသည်နှင့် ဟူယန်းလီထုတ်လွှတ်ထားသော ဖိအားသည် ချက်ချင်းပင် လွင့်ပြယ်သွားခဲ့သည်။
"ဟွန်...ငါက နောက်ဆုံးတော့ သူရဲဘောကြောင်တဲ့လိပ်ကိုတွေ့ရပြီပေါ့...မင်း ထွက်လာရဲသေးတာပဲ"
ဟူယန်းလီက နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏မျက်လုံးများတွင်လည်း အထင်အမြင်သေးခြင်းများနှင့် ပြည့်နှက်နေသည်။
သို့ရာတွင် သူက လုယွီကို မြင်လိုက်ချိန်တွင် ရုတ်တရက် အံအားသင့်သွားရသည်။
ဘာလဲဟ....ရှီထျန်းအဆင့်လား...
သူက အမှန်တစ်ကယ်သေမျိုးပဲရှိသေးတာတောင်.....ဒီကောင်လေးက သူအသက်ကိုယ်သူ မလိုချင်တော့တာများလား...
"သခင်လေး...မဆင်မခြင်မလုပ်နဲ့....အဲ့ဒီလူက အင်မော်တယ်ဂိတ်က အကြီးအကဲတစ်ယောက်ပဲ"
လုချီနှင့်လုဝူတို့က သူတို့၏သခင်လေး လုယွီလက်မောင်းအား ချက်ချင်းဆွဲလိုက်ကြသည်။
လုချီက လုယွီ၏နတ်ဘုရားစွမ်းရည်များကို ယခင်ကမြင်တွေ့ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် သူတို့၏ရှေ့မှလူသည် အင်မော်တယ်ဂိတ်၏ အကြီးအကဲအဆင့်ပုံရိပ်ရှိသောသူဖြစ်လေ၏။ ထိုအကြီးအကဲအား ဆန့်ကျင်တိုက်ခိုက်ရန် နည်းလမ်းရှိမည်မဟုတ်ဘဲ အဆုံးသတ်ကောင်းမည်မဟုတ်ချေ။
လုဝူကမူ သူ၏နှလုံးသားတစ်ခုလုံး စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေသည်။ ယခုလက်ရှိတွင် အမတ်ကြီးသည် အင်မော်တယ်အကြီးအကဲ၏ဖိနှိပ်ထားခြင်းခံနေရသည်။ အကယ်၍ သခင်လေးသာ တစ်ခုခုဖြစ်ခဲ့လျှင် နောင်တစ်ချိန်တွင် သူ မည်သူကိုမျှမျက်နှာပြဝံ့မည်မဟုတ်ချေ။
"ကျွတ်...ကျွတ်...ကောင်လေး...မင်း အတော်သတ္တိကောင်းတဲ့ကောင်ပဲ"
မြို့တွင်းမှထွက်လာသူက ဆယ်ကျော်သက်တစ်ယေညက် ဖြစ်သည်ကို မြင်လိုက်သော ဟူယန်းလီ၏မျက်လုံးများတွင် အထင်သေးခြင်းများထင်ဟပ်နေလေ၏။ ထိုလူငယ်၏ မောက်မာရဲတင်းမှုအတွက် တန်ကြေးပြန်လည်ပေးဆပ်ရပေမည်။
ဟူယန်းလီ၏မျက်လုံးများက အေးစက်စက်အလင်းရောင်တောက်ပနေပြီး သူ၏ခန္ဓာကိုယ်မှအော်ရာသည်လည်း ထင်ယောင်ထင်မှားဖြစ်စပြုလာသည်။
တစ်ခြားတစ်ဖက်မှ လုယွီကမူ ဟူယန်းလီ၏ကျင့်ကြံခြင်းဖြင့် ခြိမ်းခြောက်မှုအားမခံရသကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြင့် သူ့အားစိုက်ကြည့်နေပေသည်။
"ခင်ဗျားရဲ့နတ်ဆိုးသားရဲတွေကို သတ်ခဲ့တာ ကျုပ်ပဲ....တစ်ကယ်လို့ ခင်ဗျားသေချင်နေတယ်ဆိုရင် ကျုပ်စီကိုလာခဲ့လိုက်"
လုယွီက မြေပြင်ပေါ်တွင်ခြေတစ်ချက်ဆောင့်လိုက်ပြီး လေးတစ်စင်းမှမြှားတစ်ချောင်းလွှက်လိုက်သကဲ့သို့ သူကလေထုအတွင်း ဖြောင့်တန်းစွာပျံ့ဝဲပြီး မြို့နံရံပေါ်သို့ ဆင်းသက်လိုက်သည်။
"အဖေ...အဆင်ပြေရဲ့လား"
လုယွီက ကောင်းကင်မူလရွှေဆေးပြားတစ်ပြားကို ထုတ်ယူပြီး လုခိုင်ရှန်၏ပါးစပ်အတွင်းသို့ ခွံကျွေးလိုက်သည်။
လုခိုင်ရှန်က သူ၏သားတိုက်ကျွေးသည်ကို ငြင်းဆန်ခြင်းမပြုဘဲ ဆေးပြားကိုချက်ချင်းမြိုချပြီး ခေါင်းမော့၍ သားဖြစ်သူအား မေးမြန်းလိုက်လေ၏။
"ယြီအာ....အဲ့ဒါဘာလဲ"
"ဒါက အမှန်တစ်ကယ်တော့ ဆေးပြားတစ်ပြားပါ...ပြီးတော့ အဲ့ဒီဆေးပြားက ထိပ်တန်းအဆင့်ဆေးပြားပါ"
ဟူယန်းလီ၏မျက်လုံးများတွင် ရုတ်တရက် လောဘအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"ကောင်လေး...အဲ့ဒီဆေးပြားကို မင်းဘယ်နေရာကရတာလဲ"
Chapter 82
လုယွီက ဤကဲ့သို့တုန့်ပြန်မှုမျိုးရရှိမည်အား ကြိုတင်သိရှိထားပုံနှင့် ယုယန်းလီထံသို့ အကြည့်တစ်ချက်ပို့လိုက်သည်။
"ခင်ဗျား ဘာသိချင်တာလဲ...ကောင်းပြီလေ....ခင်ဗျား ကျုပ်ကိုဖမ်းမိမယ်ဆိုရင် ကျုပ်ပြောပြမယ်"
လုယွီက ရွှတ်နောက်နောက် ပြုံးလိုက်လေသည်။
"ယွီအာ....မဆင်မခြင်မလုပ်နဲ့...သူက အင်မော်တယ်တစ်ယောက်"
လုခိုင်ရှန်က စိုးရိမ်တကြီးပြောကြားလိုက်၏။
"အဖေ....စိတ်မပူပါနဲ့...သူက ကျွန်တော်ကိုသတ်ဖို့ အရည်အချင်းမရှိသေးပါဘူး"
လုယွီ၏အသံက လေထုအတွင်း ပဲ့တင်ထပ်ထွက်ပေါ်လာပြီးနောက် ယခုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လုခိုင်ရှန်က တုန်လှုပ်သွားရ၏။ လုယွီ မည်သည့်အချိန်က ထွက်ခွားသွားသည်ကို သူမပြောနိုင်ပေ။
"ကောင်စုတ်လေး....မင်းက ငါကို အဝေးကိုမျှားခေါ်လာတာမလား"
ဟူယန်းလီက ဉာဏ်ကောင်းသူဖြစ်၍ လုယွီ မည်သည့်အရာကိုစီစဉ်နေသည်အား သိရှိနေခဲ့သည်။
သို့ရာတွင် လုယွီ၏ရွေ့လျားမှုသည် အလွန်လျှင်မြန်ပြီး တောင်တန်းများအကြားတွင် ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်သောအခါတွင်မူ ဟူယန်းလီက စိတ်လှုပ်ရှားမှုအားခံစားလိုက်ရပြီး တရကြမ်းလိုက်လံဖမ်းဆီးလိုက်သည်။
ထိုအရာက ထိပ်တန်းအဆင့်ဆေးပြားဖြစ်ပေသည်။
ဟူယန်းလီဟူသော သူစီမှာပင်လျှင် ဤကဲ့သို့ဆေးပြားမျိုးမရှိပေ။ ထိုကဲ့သို့ ရတနာအမျိုးအစားသည် သူရရှိသင့်သော အရာဖြစ်ပေသည်။
အဝေးတစ်နေရာတွင် လူနေကင်းမဲ့သောလွင်ပြင်တစ်ခု၏အစွန်အဖျား၌ တောင်တန်းကြီးတစ်ခုအားမြင်နေရသည်။ ထိုတောင်တန်းကြီးကို မြူ ခိုးများရစ်ဝဲနေသည့်ကြားမှ မှိန်ပျပျသာမြင်နိုင်ပေ၏။
လုယွီသည် အထီးကျန်မြို့သို့ ပထမဆုံးရောက်ရှိစဉ်ကတည်းက ယခုနေရာအား သတိပြုမိခဲ့သည်။ ဤနေရာသည် တာလျန့်နိုင်ငံတော်အတွင်း သူကြုံခဲ့ဖူးသည့် ထျန်းချို့တောင်တန်းနှင့် တူညီမှုများရှိနေခဲ့သည်။ ယခုနေရာတွင် ဝင်္ကပါအခင်းအကျင်းများရှိမည်ဟု သူက တိတိကျကျသိနေလေ၏။
သို့ရာတွင် သူ၏ရှေ့ရှိ ဝင်္ကပါသည် အလွန်လှိူ့ဝှက်ဆန်းကြယ်ပေသည်။ တောင်တန်းများ၏အနက်ရှိုင်းဆုံးနေရာမှ ရှေးဟောင်းအော်ရာတစ်ခု ထုတ်လွှတ်ထားလေသည်။
လုယွီက မြို့အတွင်းရှိသာမာန်စစ်သားများအား တိုက်ခိုက်မှု၏အကျိုးဆက်သက်ရောက်မည်ကို မလိုလားသဖြင့် သူက ဟူယန်းလီအား မျှားခေါ်ရန်အစီအစဉ်ဆွဲခဲ့ခြင်းဖြစ်သည်။
လုယွီ၏ပုံရိပ်က ပေါ့ပါးဖျက်လတ်နေပြီး ကြည့်ရသည်မှာ လေထုအတွင်းပျံ့ဝဲနေပုံထင်နေရသည်။ ချက်ချင်းပင် သူက မြူ ခိုးများအတွင်း ပျောက်ကွယ်သွားလေသည်။
"ခွေးမသားလေး...တော်တော်မြန်တဲ့ကောင်ပဲ"
ဟူယန်းလီက တိတ်တဆိတ်ကျိန်ဆဲလိုက်ပြီး လုယွီနောက်သို့လိုက်ပါသွားလိုက်သည်။
သူက တောင်တန်းအတွင်းသို့ ဝင်ရောက်မိသည်နှင့် သူ၏ခန္ဓာကိုယ်အား မြူ ခိုးများကဝန်းရံနေပေသည်။
ဟူယန်းလီက ပေါက်ကွဲလုမတတ်အော်ဟစ်လိုက်ရာ အစွမ်းထက်သော နက္ခတ်တာရာချီများထွက်လာပြီး ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့သည်။
ကံဆိုးစွာဖြင့် ပတ်ဝန်းကျင်မှမြူ ခိုးများသည် မမြင်နိုင်သောပုံရိပ်တစ်ခုနှင့်တူနေပြီး ဟူယန်းလီ၏အော်ရာက အနည်းငယ်မျှပင် သက်ရောက်မှုမရှိပေ။
"ခွေးမသားလေးက ဘယ်လိုနေရာကို ရွေးချယ်ရမလဲဆိုတာ တစ်ကယ်သိနေတာပဲ....ဒါပေမယ့် မင်းက ဒီနေရာမှာရှိနေမှတော့ ငါ့လက်က လွတ်မြောက်ဖို့မစဉ်းစားနဲ့'
ဟူယန်းလီ၏မျက်လုံးများသည် ရုတ်တရက် ဓားသွားတမျှချွန်ထက်သောအကြည့် ထင်ဟပ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများ ပြန့်ကားလာပြီး လည်ချောင်းအတွင်းမှအစွမ်းထက်သော အော်ရာတစ်ခုကို အစပျိုးလိုက်ကာ ဟုယန်းလီက ရုတ်တရက် ကောင်းကင်ကိုမော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။
ဝေါင်း....
ပတ်ဝန်းကျင်နေရာတစ်ခုလုံးတွင် ကျယ်လောသည့်အသံကြီးက ပဲ့တင်ထပ်နေပေ၏။
လဖက်ရည်တစ်ခွက်ပြင်ဆင်ချိန်ကြာပြီးနောက်တွင် ဟုယန်းလီ၏အသံသည် သစ်တောအုပ်တစ်ခုလုံးအား နှံ့စပ်သည်အထိ ပျံ့နှံ့သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် သစ်တောအုပ်အတွင်းမှ သစ်ပင်များစွာသည် ခါးလယ်မှကျိုးပဲ့ကုန်ကြပြီး လေထုအတွင်းဖုန်မှုန့်များ တထောင်းထောင်းထနေပြီးနောက် ကြမ်းကြုတ်ရက်စက်သော နတ်ဆိုးသားရဲတစ်စုက ဟူယန်းလီ၏နံဘေး၌ စုရုံးရောက်ရှိလာကြသည်။
"အဲ့ဒီကောင်လေးနောက်ကို ခြေရာခံလိုက်ကြစမ်း...သူ့ကိုရှာကြ"
ဟူယန်းလီ အော်ဟစ်လိုက်သည်နှင့် ရုတ်တရက် သစ်တောအုပ်အတွင်းမှ နတ်ဆိုးသားရဲများအားလုံး ပျောက်ကွယ်သွားကြပြီး လုယွီအား စတင်ရှာဖွေလိုက်ကြသည်။
လုယွီကတော့ ယခုလက်ရှိတွင် လှိုဏ်ခေါင်းတစ်ခုအတွင်း ပလ္လင်ခွေ၍ထိုင်နေခဲ့သည်။
လှိုဏ်ခေါင်း၏ဝင်ပေါက်ကို ကျောက်တုံးများဖြင့် ပိတ်ဆို့ထားပြီးဖြစ်သောကြောင့် ပြင်ပမှနေ၍ လှိုဏ်ခေါင်းအတွင်းကို မြင်ရန်မှာမဖြစ်နိုင်ပေ။
ထို ဟူယန်းလီဆိုသူသည် နက္ခတ်တာရာပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ သူနှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်လျှင် လုယွီက အားတော်တော်စိုက်ထုတ်ရပေမည်။
ဤမျှမက ထိုကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေကြသော လူတိုင်းသည် များသောအားဖြင့် အသက်ကယ်ရတနာ တစ်ခု နှစ်ခု ဆောင်ထားတတ်ကြသည်။
လုယွီက သူ့အား ယခုနေရာသို့ မျှားခေါ်ခဲ့ခြင်းဖြစ်သဖြင့် သူက သတိအပြည့်အဝထားနေပေမည်။
"ဒီနေရာက အော်ရာက အရမ်းရှေးကျလွန်းပြီး သာမာန်မဟုတ်တဲ့အစွမ်းမျိုးရှိနေတယ်....ကြည့်ရတာတော့ ဒီတောင်တန်းအတွင်းမှာ လှို့ဝှက်ပြီးနေတဲ့ ကျွမ်းကျင်သူရှိလိမ့်မယ်"
လုယွီ၏မျက်ခုံးများကြားတွင် တည်ကြည်လေးနက်သွားသောအရိပ်အယောင် ထင်ဟပ်သွားလေ၏။
အစွမ်းထက်သောကျွမ်းကျင်သူ ဆိုသူများမှာ ဤကမ္ဘာလောကပေါ်ရှိ ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သည့် တစ်စုံတစ်ရာမဟုတ်ပေ။
"ဘယ်သူ ဖြစ်နေမလဲ...အရင်တုန်းက တစ်နေရာရာမှာ အဲ့ဒီအော်ရာမျိုးကို ငါခံစားမိဖူးတာသေချာတယ်...ငါရဲ့အတိတ်ဘဝက မိတ်ဆွေဟောင်းတစ်ယောက်များဖြစ်နေမလား"
လုယွီက ထိုအကြောင်းကို တွေးတောမိချိန်တွင် သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ တုန်လှုပ်သွားခဲ့သည်။
သူ၏အတိတ်ဘဝက "မိတ်ဆွေဟောင်း"အများစုသည် သူ့အပေါ်၌ နက်ရှိုင်းသောရန်ငြှိုးများဖြင့် ဆန့်ကျင်တိုက်ခိုက်ကြသူများဖြစ်သည်။
ထိုပြင် မြေအောက်လောကတာအိုသခင်၏ရန်သူဖြစ်သည်အထိ အရည်အချင်းရှိသူသည် စကြာဝဠာကြီးတစ်ခုလုံးအားအုပ်စိုးနိုင်သည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေ၏။
"ငါရဲ့ ကျင့်ကြံမှုနယ်ပယ်ကိုမြှင့်တင်ဖို့ မြန်မြန်ကြိုးစားမှရတော့မယ်"
လုယွီက သူ၏ပျံ့လွင်နေသော အတွေးများကိုဖိနှိပ်လိုက်ပြီး လျှင်မြန်စွာဖြင့် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားတော့သည်။
Chapter 83
နွစ္နာရီ...
ေလးနာရီ...
လုယွီက ပြင်ပမှအမှောင်ထုနှင့်ရောစပ်နေသည့်အလား မြေပြင်ပေါ်တွင် တစ်ချိန်လုံး ပလ္လင်ခွေထိုင်နေခဲ့သည်။
သို့ရာတွင် သူ၏အော်ရာသည် သာမာန်မျက်လုံးဖြင့်ပင်မြင်နိုင်သည့်အရှိန်ဖြင့် အလျှင်အမြန် အားကောင်းလာခဲ့သည်။
အမှောင်ထုအတွင်းတွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သိသာမြင်သာသည့် ရွှေရောင်အလင်းတန်းက မှိန်ပျပျထွက်ပေါ်နေလေသည်။ အကယ်၍ တစ်စုံတစ်ယောက်က လုယွီအား နီးကပ်စွာသွား၍ကြည့်လျှင် သူ၏အရေပြားပေါ်တွင် တဖြည်းဖြည်းလောင်ကျွမ်းနေသည့် ရွှေရောင်မီးတောက်အား မြင်ရပေမည်။
လှိုဏ်ခေါင်းအတွင်းတွင် ပိန်းပိတ်အောင်မှောင်မဲနေသော်လည်း လုယွီက တဖြည်းဖြည်းလောင်ကျွမ်းနေသည့် မီးအိမ်တစ်လုံးဖြင့်တူညီနေသည်။
"နဂါးကိုးကောင် အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်က ငါကိုယ်တိုင် ဖန်တီးထားတဲ့နည်းစနစ်တစ်ခုပဲ...ငါရဲ့အရင်ဘဝတုန်းက ငါ့ကိုယ်ငါ မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ရှနိးလင်းလုံက ငါကိုဖမ်းဆီးဖို့စီမံနိုင်ခဲ့တယ်"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေလေသည်။
သူ၏ယခင်ဘဝတွင် လုယွီက နဂါးကိုးကောင်ခန္ဓာကိုယ်နည်းစနစ်အား အကန့်အသန်ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။ ၎င်းနည်းစနစ်ကို လုယွီအသုံးပြုသည်နှင့် မည်မျှအစွမ်းထက်သောတိုက်ခိုက်မှုဖြစ်ပါစေ ထိုနဂါးကိုးကောင်က ရူးသွပ်လုမခန်း ဝါးမြိုပစ်ပြီးရရှိသောစွမ်းအားများကို လုယွီအပိုင်ဖြစ်စေခဲ့သည်။
သို့ရာတွင် တာအိုသခင်အယောက်တစ်ရာကျော်၏ ပူးပေါင်းတိုက်ခိုက်ခြင်းခံရချိန်တွင်မူ ထိုထိတ်လန့်ဖွယ်စွမ်းအားကို လုယွီ၏နဂါးကိုးကောင်ခန္ဓာကိုယ်က တောင့်ခံနိုင်ခြင်းမရှိခဲ့ပေ။
"ဒီနည်းစနစ်ကို အဆင့်မြှင့်တင်နိုင်မယ့် နည်လမ်းတစ်ခုတော့ရှိသင့်တယ်"
လုယွီက တီးတိုးရေရွတ်လိုက်မိသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ လုယွီ၏စကားကိုကြားလျှင် သူတို့၏သွားများကျွတ်ကျသည်အထိပင် ရယ်မောကြပေလိမ့်မည်။
ရှီထျန်းနယ်ပယ်အဆင့်တွင်ရှိသော တစ်စုံတစ်ယောက်အတွက် ကျင့်ကြံခြင်းနည်းစနစ်မိတ္ထူ တစ်စုံရရှိခြင်းသည် လုံလောက်စွာကောင်းမွန်နေပြီဖြစ်သည်။ လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ၏ကျင့်ကြံခြင်းနည်းစနစ်အား အဆင့်မြှင့်တင်မည်ဟု ပြောဝံ့မည်မဟုတ်ချေ။
သို့ရာတွင် ယခုလုယွီ၏ကျင့်ကြံခြင်း နည်းစနစ်သည် ယခင်ဘဝက သူကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်သည်။ ထိုနည်းစနစ်၏အသေးစိတ်များအထိပင် ထိုးထွင်းသိမြင်နိုင်ပေသည်။
"ဟမ္.."
လုယွီက လေးလေးနက်နက်တွေးတောနေစဉ်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ ကျန်းချီများ၏ရွေ့လျားမှုအား ရုတ်တရက် ခံစားမိလိုက်သည်။
တစ်စုံတစ်ခုက သူ၏ဒန်တျန်အတွင်းမှ တိတ်တဆိတ်မြင့်တက်လာခြင်းဖြစ်သည်။ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်နေခဲ့သည်။ သူက ချက်ချင်းဆိုသလိုပင် သူ၏ဒန်တျန်အတွင်းသို့ကြည့်လိုက်ရာ တောက်ပနေသောရွှေရောင်ကျန်းချီများ ထွက်ပေါ်နေခြင်းအား တွေ့ရှိရသည်။
ထိုကျန်းချီများသည် ဓားရှည်တစ်ခုအသွင်ဖြင့် စုစည်းနေလေသည်။ ထိုဓားက ရိုးရှင်းပြီးဖြောင့်စင်းနေကာ ခမ်းနားကြီးကျယ်သောအရိပ်အယောင်များကို ထုတ်ဖော်ထားသည်။ ဓား၏အရိုးတွင် နဂါးအမှတ်အသားစည်းတံဆိပ် ထွင်းထုထားသည်။
အကယ်၍ လုယွီ ခန့်မှန်းသည်မှာမှန်ကန်သည်ဆိုလျှင် ထိုဓားက ကောင်းကင်ဘုံအင်ပါယာထိုက်ကန်း ကိုင်တွယ်ခဲ့သည့် အတုမရှိနက်နဲသိမ်မွေ့မိုးကောင်ကင်ဓား ဖြစ်ပေမည်။
"ကောင်းကင်ဘုံအင်ပါယာရဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်က သေဆုံးသွားပြီ....ဓားရဲ့ဓားဝိညာဉ်ကလည်း သခင်မဲ့နေပြီပဲ"
ရုတ်တရက် လုယွီက သူ၏ကျန်းချီများ အနည်းငယ်ပြောင်းလဲသွားခြင်းကို ခံစားမိသည်။
ထိုဓားနှင့်သူခန္ဓာကိုယ်ရှိ နဂါးနက်နှစ်ကောင်တို့ တဖြည်းဖြည်းပေါင်းစပ်နေရာတွင် တစ်စုံတစ်ခုက တားဆီးထားပုံရသည်။
ၢ
၎င်းတို့နှစ်ခုသည် လုံးဝဥသုံခြားနားနေသည့် ကျန်းချီအမျိုးအစားများဖြစ်လေသည်။ လုယွီ၏နဂါးကိုးကောင် အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်က ၎င်း၏လမ်းကြောင်းတွင်ရှိသော အရာရာတိုင်းကို ဝါးမြိုပြီး အလွန်အမင်း ဖိနှိပ်ညှင်းပန်းတတ်ကာ ကြမ်းတမ်းသည့်အမျိုးအစားဖြစ်သည်။
ကောင်းကင်ဘုံအင်ပါယာ၏ အတုမရှိနက်နဲသိမ်မွေ့ကောင်းကင်ဓားကမူ ဖြောင့်မတ်ပြီး အလွန်အမင်းစွမ်းအားပြင်းထန်သည့်အရာဖြစ်သည်။
"ဖူး..."
လုယွီက သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ၏ဒန်တျန်အတွင်းရှိ အင်အားနှစ်ခုမှာ တစ်ခုနှင့်တစ်ခုရစ်ခွေပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြခြင်းအား ခံစားမိလေ၏။
"ဘာတွေဖြစ်ကုန်တာလဲ"
လုယွီက အလွန်အံ့အားသင့်နေရင်း ကြံ့ကြံ့ခံနေနေရသည်။
ကျန်းချီအမျိုးအစားနှစ်ခုတွင် တစ်ခုက ဖြောင့်မတ်ခြင်းလမ်းစဉ်ဖြစ်ပြီး တစ်ခုကနတ်ဆိုးလမ်းစဉ်ဖြစ်နေရာ မီးနှင့်ရေ ယှဉ်တွဲမနေနိုင်သကဲ့သို့ဖြစ်နေပေ၏။
အကယ်၍ လုယွီနေရာတွင် တစ်ခြားတစ်ယောက်သာဖြစ်ခဲ့လျှင် သူတို့၏ခန္ဓာကိုယ်ပေါက်ကွဲပြီးသေဆုံးမည်ဖြစ်သော်လည်း လုယွီက အားအင်အပြည့်ဖြင့် တောင့်ခံနေခဲ့သည်။
သူ၏အစွမ်းထက်သောကျန်းချီများကြောင့် လုယွီ၏အရေပြားများမှ သွေးများယိုစီးကျနေလေသည်။ ယခုလက်ရှိ သူ၏ပုံပန်းသွင်ပြင်သည် အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းနေပေ၏။
ဒေါင်
လုယွီ၏ဝမ်းဗိုက်ခေါင်းမှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေရင်းမှ ရုတ်တရက် သူက မျက်လုံးဖွင့်လိုက်သည်။ သူက ဖြောင့်မတ်ခြင်းနှင့်နတ်ဆိုးစွမ်းအင်နှစ်ခု တဖြည်းဖြည်း ရောယှက်နေသည်အား ခံစားမိလေ၏။
လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ကြမ်းကြုတ်ရက်စက်သော နဂါးနက်နှစ်ကောင်အမှတ်အသားများမှာ ပျောက်ကွယ်သွားပြီးနောက် အံ့အားသင့်ဖွယ် မူလဘူတဖရိုဖရဲအမှတ်အသား(ထိုက်ကျိ)က အစားထိုးနေရာယူနေခဲ့သည်။
ထိုအမှတ်အသားက ယန်အတွင်း၌ယင်ရှိနေပြီး ယင်အတွင်း၌ယန်ရှိနေသော ပုံသဏ္ဌာန်ဖြစ်သည်။ လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ထိုက်ကျိအမှတ်အသားက တဖြည်းဖြည်း လှည့်ပတ်နေလေ၏။ အချိန်တခဏအကြာမှာပင် ပတ်ဝန်းကျင်၌ရှိသော ကမ္ဘာမြေကြီးမှစိတ်ဝိညာဉ်စွမ်းအင်များက ဒီရေစီးဆင်းလာသည့်အလား သူခန္ဓာကိုယ်အတွင်းသို့စီးဝင်လာကြသည်ကို လုယွီခံစားမိလိုက်သည်။
လုယွီ၏ မူလကပိတ်ဆို့နေသော မရီးဒါန်းဆက်ကြောင်းများသည်လည်း ချက်ချင်းတွန်းဖွင့်ခံလိုက်ရသည်။ လုယွီက သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်ရာ ကျန်းချီအများအပြားပါဝင်နေခြင်းကြောင့် လှိုဏ်ဂူအတွင်းတွင် ပဲ့တသ်ထပ်ထွက်ပေါ်နေလေသည်။
ရှီထျန်း နဝမအဆင့်
သူ၏ကျင့်ကြံခြင်းသည် အကြီးအကျယ်တိုးတတ်လာသည်သာမက သူ၏ကျင့်ကြံခြင်းနည်းစနစ်သည်လည်း အံသြတုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ကြုံတွေ့လိုက်ရခြင်းကို လုယွီက ခံစားမိလေသည်။
ထိုမူလဘူတဖရိုဖရဲအမှတ်အသားကို လုယွီက ကြည့်လိုက်မိစဉ်တွင် ရှေးကျပြီးအထီးကျန်သော အော်ရာမျိုးထုတ်လွှတ်နေခြင်းအား ခံစားမိသည်။
"ဒါက ဘာလဲ"
လုယွီက မျက်မှောင်ကြုပ်လိုက်မိ၏။ သူ၏ယခင်ဘဝမှာပင် ဤကဲ့သို့ ထိုက်ကျိအမှတ်အသားမျိုးကို မည်သည့်အချိန်ကမျှ မြင်တွေ့ဖူးခြင်းမရှိပေ။
ထိုအချိန်မှာပင် လှိုဏ်ဂူဝင်ပေါက်ကို ကာရံထားသည့်ကျောက်တုံးကြီးအား ရုတ်တရက်ကန်ထုတ်ခြင်းခံလိုက်ရသည်။
"ကောင်စုတ်လေး...မင်းက ဒီနေရာမှာပုန်းအောင်းနေတာနဲ့...ဒီ အဖိုးကြီးက မင်းကို ရှာမတွေ့နိုင်တော့ဘူးလို့ ထင်နေတာလား"
ကြမ်းတမ်းသော ရယ်သံကြီးတစ်သံက လှိုဏ်ဂူပြင်ကမှထွက်ပေါ်လာလေသည်။
Chapter 84
လုယွီက သူ၏ကျင့်ကြံခြင်းအဆင့်အား ချိုးဖျက်ရန် ပြင်ဆင်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ထိုက်ကျိအမှတ်အသားသည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များအား အငမ်းမရဝါးမြိုနေခဲ့သည်။
လုယွီက ထိုဝါးမြိုနေသောစွမ်းအားသည် ယခင်က နဂါးကိုးကောင် အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ထက် ပို၍အားကောင်းသည်အား ခံစားမိသည်။
ထိုစိတ်ဝိညာဉ်စွမ်းအားများပြောင်းလဲနေခြင်းကြောင့် ဟုယန်းလီ၏စူးစမ်းရှာဖွေနေခြင်းမှ မလွတ်မြောက်တော့သည်မှာ ပုံမှန်သာဖြစ်ပေသည်။
ဟုယန်းလီက ဤနေရာအထိလမ်းတလျှောက်လုံး သားရဲဘုရင်အုပ်စုကိုပါ ခေါ်ဆောင်လာလေရာ သူတို့၏သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် ကောင်းကင်ယံထိတိုင် တဟုန်ထိုးမြင့်တက်နေလေ၏။
ပြင်ပရှိကောင်းကင်ယံသည် မှောင်မိုက်နေပြီဖြစ်လေ၏။
တောအုပ်တစ်ခုလုံးကို အမှောင်ထုကဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်သည်လည်း အပြည့်အဝတိတ်ဆိတ်နေကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ၏တည်ရှိမှုကိုသာလျှင် သိမြင်နိုင်ပေသည်။
"ကောင်စုတ်လေး...ငါ့ အမိန့်ကိုနာခံပြီး ထိပ်တန်းအဆင့်ဆေးပြားတွေထုတ်ပေးစမ်း...ဒီအဖိုးကြီးက မင်းရဲ့အလောင်းကို အင်္ဂါစုံအောင်ထားပေးမယ်"
ဟူယန်းလီ၏မျက်နှာပေါ်တွင် ရက်စက်သောအပြုံးတစ်ခုရှိနေပြီး သူ၏နံဘေးရှိသားရဲဘုရင်အား လက်ညှိုးညွှန်ပြလိုက်သည်။
"အဲ့ဒီလိုမှမဟုတ်ရင် ငါ ကမင်းကို အပိုင်းပိုင်းအစစစုတ်ဖြဲပြီး ငါရဲ့သားရဲကိုကျွေးပစ်မယ်....အမှန်က မင်း ချက်ချင်းသေမှာတော့မဟုတ်ဘူး...မင်းရဲ့အသားတွေကို နတ်ဆိုးသားရဲက နည်းနည်းချင်းစီ စုတ်ဖြဲပစ်တာကို မင်းကိုယ်တိုင်မြင်ရအောင် ငါလုပ်ပေးမယ်"
ဟူယန်းလီ၏နံဘေးမှ သားရဲဘုရင်က တုန့်ပြန်သည့်အနေဖြင့် မိုးကောင်းကင်အားမော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိအော်ရာများမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလာသည်။
လုယွီက ထိုမြင်ကွင်းကို ယခင်ကအတိုင်း အေးဆေးတည်ငြိမ်စွာပင် ကြည့်နေလေ၏။ လုယွီက သူ၏ရင်ခွင်ကြားမှ ဆေးပြားတစ်ပြားကိုထုတ်ယူပြီး သူ၏ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။
ထိုဆေးပြားက ကောင်းကင်မူလရွှေဆေးပြားပင်ဖြစ်သည်။ ယခု လုယွီ၏လက်ရှိအဆင့်ဖြင့် ကောင်းကင်မူလရွှေဆေးပြား၏အာနိသင်သည် အကျိုးသက်ရောက်မှုမရှိသော်လည်း သူ၏ကုန်ဆုံးသွားသောကျန်းချီတစ်ချို့ကိုမူ ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိလေသည်။
"ဒါက တစ်ကယ်ကို ထိပ်တန်းအဆင့်ဆေးပြားပဲ"
ဟူယန်းလီ၏ မျက်လုံးများပြူ းကျယ်လာပြီး သူ၏မျက်နှာသည်လည်းလောဘအရိပ်အယောင်များ ဖုံးလွှမ်းနေသည်။
"ခင်ဗျား လိုချင်နေတာမလား...ဒါဆို လာယူလေ"
လုယွီကိုကြည့်ရသည်မှာ တည်ငြိမ်အေးဆေးနေသော်လည်း သူ၏မျက်လုံးများအတွင်းမှ သတ်ဖြတ်ချင်နေသောစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။
လုယွီက အလွန်လျှင်မြန်စွာဖြင့် လှုပ်ရှားလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုံရိပ်တစ်ခုကဲ့သို့ သားရဲဘုရင်များ၏ရှေ့၌ထွက်ပေါ်လာသည်။
ဘန်း...ဘန်း...ဘန်း...
အစွမ်းထက်သော ခပ်အုပ်အုပ်အသံတစ်ချို့ထွက်ပေါ်လာပြီးနောက် ထိုသားရဲဘုရင်များ လွင့်စင်ထွက်သွားကြသည်။ ထို့နောက် သူတို့က မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာလေ၏။
"မင်းက ငါရှေ့မှာ ဘယ်လိုတောင်သောင်းကျန်းဝံ့နေတာလဲ"
ဟူယန်းလီက ဒေါသတကြီး အောာဟစ်ပြီး ရုတ်တရက် ရှေ့သို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှက်လိုက်သည်။
နက္ခတ်တာရာစွမ်းအင်က စူးရှပြင်းထန်သောလေပြင်းကိုသယ်ဆောင်၍ လုယွီ၏နောက်ကျောစီသို့ တရကြမ်းတိုးဝင်သွားခဲ့သည်။
လုယွီက အလျှင်စလိုဖြင့် သူ၏ခန္ဓာကိုယ်အား လှည့်လိုက်ပြီး လက်ဝါးနှစ်ဖက်စလုံးအား ဆန့်ထုတ်လိုက်လေ၏။ ကျယ်လောင်သော မြည်သံကြီးနှင့်အတူ လုယွီတို့နှစ်ယောက်စလုံးသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
"ကောင်စုတ်လေး....မင်းကိုယ်မင်း အရမ်းခွန်အားကောင်းနေပြီလို့ ထင်နေတာပေါ့"
ဟူယန်းလီက တိတ်တဆိတ်တုန်လှုပ်သွားမိသည်။
သူသည် နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ဖြစ်သော်လည်း ဤသေမျိုးကောင်လေးအား ဖိနှိပ်ထားနိုင်ခြင်းမရှိပေ။
ရုတ်တရက် လုယွီသည် သူ၏ခြေဖဝါးအတွင်းသို့ စွမ်းအားတစ်ချို့ပို့လိုက်ပြီးနောက် သူက မီတာ သုံးဆယ် လေးဆယ်အကွာအဝေးသို့ ခုန်လိုက်ပြီး မျက်တောင်တသ်ခတ်စာအချိန်အတွင်းမှာပင် အရိပ်အယောင်မကျန်ရှိသည်အထိ ပျောက်ကွယ်သွားလေသည်။
"မင်းက ထွက်သွားချင်သေးတာလား"
ဟူယန်းလီက ကြုံးဝါးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် မြှားတစ်စင်းအလား ရှေ့သို့တဟုန်ထိုး တိုးဝင်သွားခဲ့သည်။
လုယွီနှင့်ဟူယန်းလီတို့ အသေအရှင်တိုက်ခိုက်နေကြစဉ်တွင် လူအုပ်စုတစ်စုက တောင်၏တစ်ခြားတစ်ဖက်ခြမ်းတွင် ရောက်ရှိနေကြသည်။
ထိုလူများသည် တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ဓားပျံများ၏ထိပ်တွင် မတ်တတ်ရပ်နေကြသည်။ သူတို့က အလွန်ငယ်ရွယ်ပြီး ကြည့်ရပုံမှာ ဂိုဏ်းကြီးများမှ လူငယ်ပါရမီရှင်များဖြစ်ပုံရသည်။
ထိုလူငယ်ပါရမီရှင်များထံမှအော်ရာများသည် သိပ်သည်းကျစ်လစ်နေပြီး သူတို့ထဲမှအများစုသည် အစွမ်းထက်သောအော်ရာပိုင်ရှင်များဖြစ်ကြသည်။ သူတို့အကြားတွင် အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်အောက်ရောက်ရှိသည့်သူ မရှိပေ။
အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်သို့ စစ်နတ်ဘုရားဂိုဏ်းနှင့်အင်္သေချေသားရဲဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်သာလျှင် ဤနယ်မြေအတွင်း၌ ရောက်ရှိကြသည်။
ထ်ုလူငယ်ပါရမီရှင်များ၏မျက်လုံးများအတွင်းတွင် မောက်မာနေသောအကြည့်များကိုသာ တွေ့ရပေမည်။ သို့ရာတွင် သူတို့က ရိုသေလေးစားစွာဖြင့် မိန်းကလေးတစ်ယောက်အား ဝန်းရံထားကြသည်။
အစိမ်းရောင်ဝတ်စုံနှင့်မိန်းခလေး၏ ရှည်လျားသောဆံနွယ်များသည် လေထုအတွင်းတဖျပ်ဖျပ်လှုပ်ခါနေပြီး သူမ၏အမူအယာသည် ရေခဲတမျှအေးစက်နေပေသည်။
သူမ၏ဆွဲဆောင်မှုရှိသောမျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုကိုဝတ်ဆင်ထားပြီး ညှို့ဓာတ်ပါသောမျက်ဝန်းတစ်စုံကိုသာ လှစ်ဟထားလေရာ လူအများအား သူမ၏မျက်နှာဖုံးကို ဖယ်ရှားပစ်ချင်စိတ်အား ခံစားမိစေသည်။
"နတ်သမီး ကျန်း...အချိန်က အတော်နောက်ကျပြီး ညတောင်ရောက်နေပြီ...ငါတို့က ဘာအတွက်နဲ့ စွန့်ပစ်နယ်မြေရဲ့ဝင်ပေါက်မှာ စောင့်နေရတာလဲ"
ငယ်ရွယ်ပြီး ချောမောသည့် လူငယ်တစ်ယောက်က တလေးတစား ပြောဆိုလိုက်သည်။
မိန်းကလေးက သူမ၏ဦးခေါင်းကို ခါယမ်းလိုက်လေ၏။
"အဖိုးက ရုတ်တရက် ထိုးထွင်းသိမြင်သွားပြီး ဒီနယ်မြေထဲမှာကျင့်ကြံနေတယ်...ငါတို့က ဒီနားပတ်လည်မှာဘဲနေပြီး ဘယ်သူမှအဖိုးကို နှောက်ယှက်လို့မရအောင် စောင့်ကြပ်ရမယ်"
"အဲ့ဒီလိုဆိုမှတော့..ငါတို့က ပတ်ဝန်းကျင်နေရာအနှံ့မှာ ကင်းလှည့်ပြီး စီနီယာရဲ့ကျင့်ကြံမှုကို ဘယ်သူမှမနှောက်ယှက်နိုင်အောင် ကာကွယ်ထားမယ်"
လူငယ်ပါရမီရှင်များက တစ်ယောက်ပြီးတစ်ယောက် အလုအယက်ပြောဆိုနေကြသည်။
ထိုအချိန်မှာပင် လူငယ်တစ်ယောက်က လုယွီနှင့်ဟူယန်းလီ၏ပုံရိပ်များကို သတိပြုမိသွားပြီး သူက မျက်မှောင်ကြုပ်လိုက်လေ၏။
Chapter 85
"ဒါက နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်တစ်ယောကာက လိုက်လံဖမ်းဆီးနေတာ....အာ့...ဟမ်...သေမျိုးတစ်ယောက်ကိုလား"
တောင်တန်းများအတွင်းတွင် မြူ များထူထပ်နေသေည်ခည်း ထိုလူစုသည် လုယွီနှင့်ဟူယန်းလီတို့၏နေရာနှင့် ဝေးကွာခြင်းမရှိပေ။ တောအုပ်အတွင်းတွင်ဖြစ်ပျက်နေသော အရာအားလုံးက ချက်ချင်းပင် သူတို့၏မျက်လုံးအတွင်း ဝင်လာခဲ့သည်။
သူတို့၏ရှေ့မှမြင်ကွင်းကား အမှန်တစ်ကယ်ပင် ထူးဆန်းနေသောမြင်ကွင်းဖြစ်လေ၏။ လူတိုင်းက စူးစမ်းချင်စ်တ်အပြည့်ဖြင့် ကြည့်ရှုနေမိကြသည်။ နှင်းတမျှအေးစက်သည့် မျက်နှာဖုံးစွပ်မိန်းကလေးပင်လျှင် သူမ၏လှပသောမျက်လုံးများဖြင့် လုယွီတို့အား ငေးမောကြည့်နေသည်။
"အဲ့ဒီကျင့်ကြံသူရဲ့ဝတ်စုံကို ကြည့်လိုက်ကြစမ်း....ကြည့်ရတာ ဒီအနီးအနားမှာရှိတဲ့ အင်မော်တယ်ဂိတ်တံခါးက ဝတ်စုံနဲ့ တူနေသလိုပဲ....ဟူး...ဒါက အဆင့်နိမ့်အင်မော်တယ်ဂိုဏ်းတစ်ခုက လူဆိုတာသေချာတယ်....သူတို့က သေမျိုးတွေကိုတောင် သတ်ချင်နေတာပါလား"
လူငယ်ပါရမီရှင်တစ်ချို့က သူတို့၏ခေါင်းများကိုခါယမ်းပြီး လှောင်ပြောင်သရော်နေကြလေ၏။
သူတို့အားလုံးက အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့၏ကျင့်ကြံဆင့်သို့ရောက်ရှိသည့်မည်သူမဆို ကိုယ်ပိုင်မာနများရှိသည်မှာ သဘာဝအတိုင်းပင်ဖြစ်သည်။ သူတို့အတွက်ကတော့ သေမျိုးများဟူသည်မှာ ပုရွတ်ဆိတ်များထက်မပိုချေ။
သို့ရာတွင် နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်ရှိသော ဟူယန်းလီကမူ သေမျိုးတစ်ယောက်အား သည်းကြီးမည်းကြီးလိုက်လံဖမ်းဆီးနေရလေသည်။
သူတို့၏အမြင်တွင်မူ ယခုမြင်ကွင်းသည် လောကအတွင်း ရယ်မောရဆုံးဟာသပြက်လုံးသာ ဖြစ်လေ၏။
"ဖူယန်...သူတို့ကို ထွက်သွားခိုင်းလိုက်စမ်း...စီနီယာရဲ့ကျင့်ကြံမှုကို အနှောက်အယှက်မဖြစ်စေနဲ့"
မိန်းကလေး၏ဘေး၌ မတ်တတ်ရပ်နေသည့် အရပ်ရှည်ရှည်လူငယ်တစ်ယောက်က အမိန့်ပေးလိုက်သည်။
ထိုအရပ်ရှည်ရှည်နှင့်လူငယ်၏ဝတ်စုံသည် တစ်ခြားသူများထက်အဆင့်မြင့်ပုံပေါ်သည်မက သူ၏အော်ရာသည်လည်းပို၍အားကောင်းလေသည်။
သူတို့အားလုံးက အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်များဖြစ်ကြသည်မှာ ထင်ရှားသော်လည်း ထိုအရပ်ရှည်ရှည်နှင့်လူငယ်၏ကျင့်ကြံဆင့်သည် အမြူ တေဖွဲ့စည်းခြင်း နဝမအဆင့်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။
ဖူယန်ဟု ခေါ်ဆိုခံရသည့် ချောမောသည့်လူငယ်တစ်ယောက်က ချက်ချင်းပင် တလေးတစားပြန်ပြောလိုက်သည်။
"ဟုတ္ကဲ့ပါ...အႀကီးဆံုးစီနီယာအကိုႀကီး"
လုယွီက ဟူယန်းလီ၏ လိုက်လံဖမ်းဆီးခြင်းခံနေရသော်လည်း သူ၏လက်များကို နောက်ကျောတွင်ပစ်၍ စိမ်ပြေနေပြေဖြင့် အပန်းဖြေလမ်းလျှောက်ထွက်နေသကဲ့သို့ ထင်နေရသည်။
"ကောင်စုတ်လေး....ငါမင်းကို ဖမ်းမိတာနဲ့...မင်းရဲ့ခန္ဓာကိုယ်ကို အစပေါင်း သိန်းသောင်းချီထိ စုတ်ဖြဲပစ်မယ်"
ဟူယန်းလီက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ခြေထောက်အောက်ရှိ နက္ခတ်တာရာချီမှာလည်း ပို၍အားကောင်းစပြုလာသည်။
သူက လုယွီအား အကြိမ်ပေါင်းများစွာ ဖမ်းမိလုနီးပါးဖြစ်ခဲ့သည်။ သို့ရာတွင် လုယွီက သူ၏ကျန်းချီများကို လှည့်ပတ်လိုက်သည်နှင့် ဟူယန်းလီနှင့် ဆယ်မီတာအကွာအဝေးသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။
လုယွီက ပြေးလွှားနေရင်းမှ ရုတ်တရက် သူ၏ခြေထောက်များအား ရပ်တန့်ပစ်လေသည်။
"ဘာမှားနေလို့လဲ ကောင်စုတ်လေး.....မင်း ထပ်မပြေးတော့ဘူးလား"
ဟူယန်းလီက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
လုယွီက ဟူယန်းလီအား တစ်ချက်ကြည့်လိုက်သည်။ ထိုသူက အမှန်တစ်ကယ်တုံးအသည်လား သို့မဟုတ် တုံးအချင်ယောင်ဆောင်နေသည်လားကို သူမသိတော့ပေ။
လုယွီက သူနှင့် စက်ဝိုင်းပုံလှည့်ပတ်ပြေးနေသည်ကိုကား ဟုယန်းလီ မည်သို့မျှ နားလည်သဘောပေါတ်နိုင်ခြင်းရှိမည်မဟုတ်ပေ။
ယခုနေရာသည် လုယွီယခင်က ကျင့်ကြံခဲ့သည့် လှိုဏ်ခေါင်းနှင့် အလှမ်းမဝေးတော့ချေ။ ကံဆိုးစွာဖြင့် ဟူယန်းလီက ထိုအရာအား အနည်းငယ်မျှပင် သတိပြုမိခြင်းမရှိပေ။
လုယွီက သူကျင့်ကြံနေစဉ်ကတည်းက ဤနေရာရှိဝင်္ကပါအားလေ့လာ၍ လိုအပ်သောပစ္စည်းများအား ပြင်ဆင်ထားပြီးဖြစ်သည်။ သူက လမ်းတလျှောက်လုံး အစီအစဉ်ဆွဲနေခဲ့ခြင်း ဖြစ်လေ၏။
"ကြည့်ရတာ ခင်ဗျားရဲ့ကျင့်ကြံဆင့်က ကျုပ်ထက် အဆင့်မြင့်ပေမယ့် ခင်ဗျားရဲ့ အတွေ့အကြုံက ကျုပ်ကိုမှီဖို့အများကြီးလိုသေးတယ်"
လုယွီက စိတ်ပျက်လက်ပျက်ပုံဖြင့် သူ၏ခေါင်းကို ခါယမ်းနေလေသည်။
"ကောင်စုတာလေး....မင်း ဘာပြောတာလဲ"
ဟူယန်းလီ ဒေါသအကြီးအကျယ်ထွက်သွားပေ၏။
ယခုလက်ရှိတွင် သူ၏အသက်က လုယွီထက် အဆပေါင်းများစွာ ပိုကြီးလေသည်။ သို့သော် လုယွီ၏လေသံသည် အကြီးအကဲတစ်ယောက်က ဂျူ နီယာတစ်ယောက်အား ပြစ်တင်ဆုံးမနေသည်နှင့်တူညီနေပေသည်။
ဟူယန်းလီသည် ဒေါသတကြီးဖြစ်နေပြီး သူကလုယွီနှင့်အချိန်မဖြုန်းလိုတော့သဖြင့် သူ၏လက်ဝါးအတွင်းရှိအစွမ်းထက်ချီအချို့ကိုချိတ်ဆတ်ပြီး လုယွီထံသို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။
"ဝွစ္..."
ဟူယန်းလီ၏ နက္ခတ်တာရာချီသည် ချွန်ထက်သောဓားတစ်ချောင်းကဲ့သို့ လေထုအားထိုးခွဲသွားသည်။
လုယွီက ထိုလေပြင်း သူထံသို့ချဉ်းကပ်လာသည့်အချိန်ထိ တိတ်တဆိတ်စောင့်ဆိုင်းနေပြီးမှ ရုတ်တရက် လေသံနှိမ့်၍ အော်ဟစ်လိုက်သည်။
"နက်နဲသိမ်မွေ့ဝင်္ကပါက အကန့်အသတ်မရှိဘူး...ဘာနည်းလမ်းမှအသုံးမဝင်ဘူး"
ရုတ်တရက် ပွင့်နေသောလေဟာနယ်အတွင်းမှ အနက်ရောင်ကွင်းတစ်ကွင်း၏အလင်းရောင် ထွက်ပေါ်လာသည်။
လေထုအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် ပိတ်ဆို့ခံထားရပုံ မြင်နေရသည်။ ဟူယန်းလီအသုံးပြုနေသော နက္ခတ်တာရာချီများပင် အတော်အသင့်အားပျော့သွားခဲ့သည်။
္
လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး ဟုယန်းလီအား လက်ညှိုးညွှန်လိုက်သည်။
"ချုပ်နှောင်စမ်း"
ချက်ချင်းဆိုသလိုပင် အနက်ရောင်ကွင်းက ပိတ်သွားပြီး ဟုယန်းလီက အတွင်း၌ပိတ်မိနေလေသည်။
ဟုယန်းလီက အပြင်းအထန်ရုန်းကန်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် သူ၏နက္ခတ်တာရာချီများသည် ရောင်ခြည်စက်ဝန်း၏စုပ်ယူခြင်းအား ခံလိုက်ရသည်။
"ဝင်္ကပါလား....ဒါက ဝင်္ကပါတစ်ခုပဲ....မင်းက ဝင်္ကပါပညာရှင်တစ်ယောက်လား....မဖြစ်နိုင်ဘူး...မင်းရဲ့အသက်အရွယ်နဲ့ သေမျိုးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဝင်္ကပါတပ်ဆင်နိုင်မှာလဲ"
ကိစ္စအားလုံးခြုံငုံပြီး ဟူယန်းလီက မည်သို့ဖြစ်ပျက်နေသည်များကို နောက်ဆုံး၌ နားလည်သဘောပေါက်သွားခဲ့သည်။
လုယွီ၏အမူအယာက တည်ငြိမ်နေပြီးသူက လေသံတိုးတိုးဖြင့် ပြောကြားလိုက်သည်။
"ခင်ဗျား ကျုပ်အဖေကို ဒဏ်ရာရစေကတည်းက....ဒီလိုအဆုံးသတ်မျိုး ကြုံရမယ်ဆိုတာ ခင်ဗျားသိသင့်တယ်"
ထိုအချိန်မှာပင် ပုံရိပ်တစ်ရိပ်က မြူ ခိုးကြားမှ ထွက်ပေါ်လာခဲ့သည်။ ဓားပျံစီးနင်းလာသောသူကား ဖူယန်ပင် ဖြစ်ပေ၏။
"မြန်မြန် ထွက်သွားကြစမ်း....မင်းတို့ကြားမှာဘာဖြစ်နေနေ...ဒီနားမှာ လာမရှုပ်ကြနဲ့"
အဝေးမှနေပြီး ဖူယန်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သို့ရာတွင် သူက ရုတ်တရက် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့အေးခဲသွားခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာ လိုက်လံဖမ်းဆီးခံရသော သေမျိုးက နက္ခတ်တာရာနယ်ပယ်ကျင့်ကြံသူ၏နဖူးအား ထိုးဖောတ်လိုက်ခြင်းကို မြင်တွေ့ရခြင်းကြောင့်ဖြစ်ပေ၏။
ဘန်း ဟူသောအသံနှင့်အတူ နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူ၏နဖူးမှ သွေးများယိုစီးကျပြီး သူက မြေပြင်ပေါ်သို့ လဲကျသွားလေသည်။