← Chapters

အခန်း (၂၈၁-၂၈၅)

Vol. 16-20 Ch. 281-285

အခန်း (၂၈၁-၂၈၅)

Vol. 16-20 Ch. 281-285

Chapter 281

လုယွီသည် ကျင့်ကြံခြင်းမျှော်စင်၌ အချိန်၁၅ရက်ကြာ ဆက်လက်လေ့ကျင့်နေခဲ့သည်။

တစ်ချို့လူများက ထိပ်တန်းလေ့ကျင့်ရေးအခန်းသို့ ဝင်ရောက်လိုကြသော်လည်း မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့၏အမိန့်အရ မည်သူကမျှ လုယွီအားမနှောက်ယှက်ဝံ့ကြချေ။

ဤအချိန်အတောအတွင်းတွင် ထိပ်တန်းလေ့ကျင့်ရေးအခန်း၏အနီးပတ်လည်ရှိလေထုသည် နေ့တိုင်းနီးပါး စိတ်ဝိညာဥ်စွမ်းအင်များနှင့်ပြည့်နှက်နေလေ၏။

"ခွေးမသား...ဒီလိုကောင်းတဲ့အရာမျိုးကို သူလိုအကျင့်မကောင်းတဲ့ကောင်မှ ရရတယ်လို့ကွာ..."

တစ်ချို့တပည့်များက သူတို့၏ရင်ဘတ်များကိုထု၍ ခြေဆောင့်နင်းသည်အထိဒေါသထွက်နေကြပြီး လုယွီအား လေ့ကျင့်ရေးအခန်းအတွင်းမှဆွဲထုတ်ကာ သူတို့နှင့်နေရာချင်းလဲချင်နေကြပေသည်။

ထိပ်တန်းလေ့ကျင့်ရေးခန်းအတွင်း၌ အစောပိုင်းက လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော လုယွီ၏အော်ရာသည် အဆုံးသတ်၌ ပို၍ပို၍ အားကောင်းလာခဲ့သည်။ လုယွီ၏ခန္ဓာကိုယ်အရည်ပြားပေါ်တွင် အလင်းရောင်အလွှာတစ်လွှာရှိနေလေ၏။ ထိုအလင်းရောင်အလွှာ၏တစ်ခြမ်းသည်အဖြူရောင်ဖြစ်ပြီး တစ်ခြမ်းသည်အနက်ရောင်တောက်ပနေသည်။

ဟူး....

လုယွီက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်တွင် သူ၏နဖူးပြင်ပေါ်၌ ကျန်းချီများက လွှမ်းခြုံသွားခဲ့သည်။ ထိုကျန်းချီများအတွင်းတွင် ရွှေရောင်အမြူတေတစ်ခုက ဖြည်းဖြည်းချင်းလှည့်ပတ်နေလေသည်။

ရွှေရောင်အမြူတေ၏မျက်နှာပြင်ပေါ်တွင် နဂါးပျံငါးကောင်ရစ်ခွေနေပုံရှိနေသည်သာမက ချိပ်စည်းသင်္ကေတတချို့ပင်လျှင် တည်ငြိမ်စွာလှည့်ပတ်တည်ရှိနေသည်။

အမွူတဖှေဲ့စညျးခွငျးနယျပယျ ပဉ်စမအဆငျ့....

လတစ်ဝက်တာအချိန်အတောအတွင်း၌ လုယွီ၏ကျင့်ကြံမှုနယ်ပယ်သည် အလျှင်အမြန်တိုးတတ်လာခဲ့သည်။

"နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်က ကွန်ဖြူးရှပ်တာအိုကျမ်းစာနဲ့ တစ်ကယ်ကိုပေါင်းစပ်လို့ရတာပဲ"

လုယွီက မျက်လုံးများကိုဖွင့်လိုက်ချိန်တွင် အလင်းရောင်များက ဖြတ်ခနဲလင်းလက်သွားခဲ့သည်။

ဤအချိန်တွင် သူ၏ကွဲပြားခြားနားနေသောကျန်းချီများကိုလည်း အပြည့်အစုံပေါင်းစပ်နိုင်ခဲ့ပြီဖြစ်ပေ၏။

"ကွန်ဖြူးရှပ်တာအိုဝါဒရဲ့ ဥပဒေသအပိုင်းအစတစ်ခုတောင် ဒီလိုစွမ်းဆောင်ရည်မျိုးရှိတယ်...ငါက ကောင်းကင်ဘုံအင်ပါယာရဲ့ တစ်ခြားမဟာတာအိုအပိုင်းအစတွေကိုလည်း ရှာတွေ့နိုင်ဖို့လိုလိမ့်မယ်"

လုယွီက မတ်တတ်ထရပ်ကာ လေ့ကျင့်ရေးအခန်း၏တံခါးကိုဖွင့်ပြီး အပြင်သို့ထွက်ခွါလိုက်တော့သည်။ သူ အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် ပြင်ပတွင်တပည့်တစ်အုပ်စုက မတ်တတ်ရပ်စောင့်ဆိုင်းနေမည်ဟု သူမျှော်လင့်မထားမိချေ။

ထိုတပည့်များ၏ဝတ်စုံ ဂုတ်အနားသတ်တွင် စာလိပ်ပုံရေးထိုးထားကြသည်။ သူတို့က ဝမ်ဟွာကျောင်းဆောင်မှ တပည့်များဖြစ်ပေ၏။

"ယုတ်မာတဲ့ သူခိုးကောင် ထွက်လာပြီဟေ့"

"ဒီတစ်ကြိမ်တော့....သူကိုအလွတ်မပေးတော့ဘူး...သူကို သင်ခန်းစာကောင်းကောင်းပေးရမယ်"

ဝမ်ဟွာကျောင်းဆောင်မှတပည့်များက လုယွီအားကြည့်၍ ဒေါသတကြီးအော်ဟစ်နေကြ၏။

လုယွီက မျက်မှောင်ကြုတ်ထားလေသည်။ သူ လေ့ကျင့်ရေးခန်းပြင်ပသို့ထွက်ထွက်ချင်း ဤကဲ့သို့ပြဿနာမျိုးကြုံတွေ့ရမည်ဟု သူမျှော်လင့်မထားမိပေ။

"ဟမ့်.....မင်းက ကောင်းကင်သိုင်းပညာခန်းမဆောင်ရဲ့ကထိကအသစ်လား"

ခန့်ညားသေသပ်စွာဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က မောက်မာစွာဖြင့် လုယွီအားစိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။

လုယွီက မျက်ခုံးတစ်ချက်ပင့်လိုက်လေ၏။

"မင်းက ဘယ်သူလဲ"

လူငယ်က လက်နောက်ပစ်ပြီး အေးဆေးသောအမူအယာဖြင့် ပြန်လည်ပြောဆိုလိုက်လေ၏။

"ငါက ဝမ်ဟွာကျောင်းဆောင်ရဲ့လက်ထောက်ကထိက ဖန်ချီ...ပြီးတော့ ငါက ဖန်ဖမ်းရဲ့ဝမ်းကွဲအကိုပဲ"

လုယွီက ထပ်မံမေးမြန်းလေသည်။

"မင်း ဒီနေရာကို မင်းညီအတွက်လက်စားချေဖို့ လာတာလား"

"ထွီ....ဖန်ဖမ်းလိုအမှိုက်က ဝမ်ဟွာကျောင်းဆောင်ရဲ့တပည့်ခေါင်းဆောင်ဖြစ်လာတယ်ဆိုတာ ငါကြောင့်ပဲ"

ဖန်ချီက သူ၏ခေါင်းကိုမော့ပြီး မောက်မာသောလေသံဖြင့် ဆက်လက်ပြောဆိုလိုက်သည်။

"ငါက ဖန်ဖမ်းထက်အသက်တစ်နှစ်ပဲကြီးတယ်ဆိုတာ မင်းကိုပြောဖို့မေ့သွားတယ်...အခု ငါက ဝမ်ဟွာကျောင်းဆောင်ရဲ့လက်ထောက်ကထိကဖြစ်နေပြီလေ...မင်းက ဖန်ဖမ်းလိုအမှိုက်ကောင်ကို ရိုက်နှက်ပြီး ကိုယ်ကိုကိုယ်အဟုတ်ကြီးထင်နေတာလား"

"ပြီးတော့ မင်း...."

ဖန်ချီ၏လေသံသည် လုယွီအားသေချာကြည့်ပြီးနောက် လှောင်ပြောင်သရော်လိုသံသို့ ပြောင်းလဲသွား၏။

"မင်းက ကထိကရာထူးကိုရတာက တောင်သခင်စန်လို့ရဲ့ဂရုစိုက်ပေးမှုနဲ့ ကျောင်းအုပ်ကြီးရဲ့တူတော်စပ်မှုတွေကြောင့်လို့ ငါကြားထားပြီးသား...မင်းနဲ့ငါကြားက ကွာခြားချက်ကို မင်းသိသင့်တယ်"

"မင်းက ဒီစကါးလုံးတွေပြောဖို့လောတ်နဲ့ ဒီလူအုပ်စုကိုခေါ်လာခဲ့တာလား"

လုယွီက ပေါ့ပေါ့တန်တန်သာ တုံပြန်ပြောဆိုနေလေသည်။

"ဟမ့်...နှုတ်သီးကောင်းလျှာပါးကောင်ကများ"

ရုတ်တရက် ဖန်ချီ၏မျက်နှာပေါ်တွင် ကောက်ကျစ်ယုတ်မာပုံရသည့် အပြုံးမျိုးပေါ်ထွက်လာသည်။

"မင်းက ကျောင်းအုပ်ကြီးရဲ့တူဖြစ်နေတာကြောင့်...ဒီနေ့ ငါမင်းကိုမသတ်ဘူး....မင်းက မြေကြီးပေါ်ဒူးထောက်ပြီး ငါကိုသုံးကြိမ်အရိုအသေပြု...ပြီးရင်မင်းလက်မောင်းတစ်ဖက်ကို ချိုးပြီး သမင်ဖြူကျောင်းတော်ကနေထွက်သွားတော့"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်မိလေသည်။ ထိုဖန်ချီဆိုသောကောင်က သူ၏ကျင့်ကြံဆင့်အား ဖျက်ဆီးလိုနေသည်မှာ သိသာထင်ရှားပေ၏။ လုယွီကိုမသတ်ဟုပြောပြီး ကြီးမားသောကြင်နာမှုပြသဟန်ဆောင်နေခြင်းမှာ ကြီးမားသောဒုက္ခပေးရန်သာဖြစ်ပေမည်။

"ငါက ကထိကတစ်ယောက်ဆိုတာတော့ မင်းမမေ့နဲ့"

လုယွီက ဖန်ချီ၏ပခုံးကို ပုတ်လိုက်သည်။

"အခု ငါက ကထိကတစ်ယောက်အနေနဲ့ မင်းလိုလက်ထောက်ကထိကတစ်ယောက်ကို ဒီနေရာကထွက်ခွါသွားစေချင်တယ်...မင်း နားလည်လား"

ထိုစကားဆုံးသည်နှင့် လုယွီက သူအင်္ကျီလက်ကို ဝှေ့ယမ်းကာ ထွက်ခွါသွားတော့သည်။

"မင်း ဘယ်သွားမှာလဲ"

ဝမ်ဟွာကျောင်းဆောင်မှတပည့်များက လုယွီအား တားဆီးထားကြ၏။

ဘန်း...

လုယွီက သူ၏ကျန်းချီလှိုင်းများကိုထုတ်လွှက်လိုက်ရာတွင် ဝမ်ဟွာကျောင်းဆောင်မှတပည့်များသည် နာကျင်မှုကြောင်စူးစူးဝါးဝါးအော်ဟစ်ပြီး နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်ကြရသည်။

Chapter 282

ဝမ်ဟွာကျောင်းဆောင်မှတပည့်များသည် လုယွီထွက်ခွါမည်ကို တားဆီးထားနိုင်စွမ်းမရှိကြပေ။

"မင်းက အရည်အချင်းနည်းနည်းတော့ရှိသားပဲ...ဒါပေမယ့် ငါ ဒီနေရာမှာရှိနေတယ်လေ"

ဖန်ချီ၏မျက်လုံးများတွင် လုယွီကိုအထင်အမြင်သေးမှုများပြည့်နှက်နေပြီး သူက စိတ်ပျက်လက်ပျက်ပုံဖြင့် ခေါင်းခါယမ်းလိုက်၏။ သူနှင့်အတူပါလာသော တပည့်များသည် ဝမ်ဟွာကျောင်းဆောင်မှထူးချွန်သူများ မဟုတ်ကြချေ။

ဖန်ချီ၏အမြင်တွင် လုယွီ၏စွမ်းရည်သည် အသုံးမကျသောသူများကိုသာ တိုက်ခိုက်နိုင်မည်ဟု ထင်မှတ်ထားသည်။ ဖန်ချီက သရော်စကားကို ထပ်မံပြောဆိုလိုက်ပြန်၏။

"မင်းက သမင်ဖြူကျောင်းတော်ကို သွေးသားတော်စပ်မှုနဲ့ဝင်လာခဲ့တဲ့ကောင်...မင်းက ကျောင်းအုပ်ကြီးရဲ့တူဖြစ်နေလို့ ငါကဘာမှမလုပ်ဘူးလို့ မင်းထင်နေတာလား"

လုယွီက ဖန်ချီကို ပြန်လှည့်ကြည့်ပြီး အေးတိအေးစက်ပြောဆိုလိုက်သည်။

"မင်းက အသက်ရှင်နေတဲ့ကာလပတ်လုံး လျှာရှည်နေမယ့်ကောင်ပဲ"

"မင်း လုပ်ရဲလား"

ဖန်ချီ၏မျက်လုံးများအတွင်း၌ ဒေါသထွက်မှုနေမှုများ အထင်းသားမြင်နေရသည်။

"ခုမှ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကိုရောက်တဲ့ ခလေးတစ်ယောက်ကများ...မင်းက ငါကိုဘာလုပ်နိုင်မှာလဲ"

ရုတ်တရက် ဖန်ချီက ယပ်တောင်တစ်ချောင်းကိုဆွဲထုတ်ပြီး ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ ယပ်တောင်၏မျက်နှာပြင်ပေါ်တွင် အသက်ဝင်နေသည့်အလားရေးဆွဲထားသည့် တောင်တန်းနှင့်အင်းဆက်ပိုးမွှားများ ရေတံခွန်နှင့်ငါးများကူးခတ်နေပုံ ရှိနေလေ၏။

"တောင်တန်းနှင့်ရေပြင်ယပ်တောင်"

ဖန်ချီ၏ယပ်တောင် ဝှေ့ယမ်းလိုက်မှုနှင့်အတူ သူ၏နောက်ရှိယပ်တောင်ပုံရိပ်ကြီးက လုယွီထံသို့ ကျဆင်းသွားလေသည်။

ထိုအခြင်းအရာက လုယွီအား မျက်စိနောက်သွားစေ၏။ သူသည် သူတော်စင်တစ်ယောက်မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်က သူအား ထပ်ခါထပ်ခါရန်စစော်ကားပါက လုယွီက သူ့အားသုတ်သင်ဖယ်ရှားပစ်ရန် ဝန်လေးနေမည်မဟုတ်ပေ။

လုယွီ၏လက်ဝါးအတွင်း၌ အနက်ရောင်ကျန်းချီလုံးကြီး ထွက်ပေါ်လာပြီး ဖန်ချီထံသို့ သာမာန်ကာလျှံကာ ပစ်လွှက်လိုက်သည်။

ဒေါင်.....

ဖန်ချီက သူ၏ယပ်တောင်သည် နံရံကြီးတစ်ခုနှင့်ရိုက်ခတ်သွားမိသကဲ့သို့ ရုတ်တရက်ခံစားမိသည်။ ယပ်တောင်မှတစ်ဆင့် တန်ပြန်အားတစ်ခုက သူထံသို့စီးဆင်းလာခဲ့သည်။ ဖန်ချီက သူ၏လက်မောင်းသည် ကြွပ်ဆတ်ပြီးထုံထိုင်းလာသကဲ့သို့ ခံစားရသည်။

"ဟမ့်....နတ်ဆိုးပညာတွေကျင့်ကြံနေတဲ့ကောင်ကများ...ငါ့ရှေ့မှာ မဆင်မခြင်လုပ်ဝံ့တယ်ပေါ့"

ဖန်ချီ၏နဖူးပေါ်တွင် ရုတ်တရက် သင်္ကေတတစ်ခုမျောလွင့်နေလေ၏။

"ဒူးထောက်စမ်း"

ဖန်ချီက သူ၏သင်္ကေတနယ်ပယ်တစ်ခုလုံး၏စွမ်းအားကို ထုတ်လွှက်ပြီး လုယွီထံသို့တိုးဝင်သွားသည်။

"ရပ်လိုက်စမ်း"

ဓားချီတစ်ခုက ဖန်ချီနှင့်လုယွီတို့အကြားသို့ ပိုင်းခြားဝင်ရောက်လာခဲ့သည်။

ဓားချီပျောက်ကွယ်သွားသည်နှင့် ဓားရှည်တစ်ခုက မြေပြင်ပေါ်၌ ထိုးစိုက်နေခဲ့သည်။ ထို့နောက် ဒေါသထွက်နေသည့်မိန်းကလေးတစ်ယောက်က ဓားရှည်၏နောက်၌ မတ်တတ်ရပ်နေလေသည်။ ထိုမိန်းကလေးသည် လုရွှမ်အာဖြစ်ပေ၏။

"ဖန်ချီ....သူကိုထိခိုက်အောင်လုပ်ခွင့် နင်ကိုပေးထားလို့လား"

လုရွှမ်အာက ခက်ထန်တင်းမာစွာဖြင့် ပြောဆိုလိုက်သည်။

လုရွှမ်အာကိုမြင်လိုက်သော ဖန်ချီက သူ၏လက်မှယပ်တောင်ကိုခေါက်သိမ်းပြီး အပြုံးဖြင့်ပြောဆိုလိုက်သည်။

"စီနီယာအမလုပါလား...ကျွန်တော်က အတန်းဖော်တွေနဲ့ပညာဖလှယ်နေတာပါ...သူကိုဘာလို့ ထိခိုက်နာကျင်အောင်လုပ်ရမှာလဲ"

ဖန်ချီ၏စကားကိုကြားသည်နှင့် လုရွှမ်အာက ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်သည်။

"နင်ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့ သူရဲ့ကျင့်ကြံမှုနယ်ပယ် ကွာခြားတာကို နင်ပြန်တွေးကြည့်ဦး"

"စီနီယာအမလု....အသုံးမဝင်တာတွေမပြောပါနဲ့...သူက ကျွန်တော်ဝမ်းကွဲညီရဲ့ကျင့်ကြံမှုနယ်ပယ်ကို ဖျက်ဆီးခဲ့တယ်....ဒီကိစ္စကို မင်းက လွှက်ပေးထားလို့မရဘူးလား"

ဖန်ချီက မတုန်မလှုပ်ဖြင့် ပြောဆိုလိုက်လေ၏။

လုရွှမ်အာက လုယွီအား မကြည်မသာကြည့်ကာ မြေပြင်အား ခြေဆောင့်နင်းနေလေသည်။

"ကောင်းပြီလေ...ငါရဲ့အမေပြန်လာတဲ့အချိန်ကျရင်...နင်ကိုအလျော်ပေးတဲ့အနေနဲ့ စွမ်းအင်မြစ်ကိုအသုံးပြုခွင့်ရမယ့်အခွင့်အရေးရဖို့ ငါ ပြောပေးမယ်"

"တစ်ကယ်လား"

ရုတ်ချည်းဆိုသလိုပင် ဖန်ချီက အလွန်ပျော်ရွှင်သွားမိသည်။

လုရွှမ်အာက ဖန်ချီအား စိတ်ရှုပ်ထွေးသွားပုံဖြင့်ကြည့်ရှုလိုက်သည်။

"ငါက စကားကိုဘယ်တုန်းကမှ လိမ်ညာမပြောဖူးဘူး"

ဖန်ချီက စိတ်ကျေနပ်မှုရသွားပုံဖြင့် ရယ်မောနေလေ၏။

"ကောင်းတယ်...ကောင်းတယ်...စီနီယာအမလုကိုယ်တိုင်ပြောနေမှတော့ သူ ဖန်ဖမ်းကိုလုပ်ခဲ့တဲ့ကိစ္စကို ကျွန်တော်က ခွင့်လွှက်ပေးရမှာပေါ့"

ထို့နောက် ဖန်ချီက လုယွီကို တစ်ချက်ကြည့်ပြီး အထင်အမြင်သေးဟန်ဖြင့် သူ၏ခေါင်းကိုခါယမ်းနေခဲ့သည်။

"စီနီယာအမလုကသာ မင်းအတွက်ပြောမပေးဘူးဆိုရင် ငါ့လက်ချက်နဲ့မင်းရဲ့အရိုးတွေအကုန်ကျိုးကြေပြီး မသန်မစွမ်းဖြစ်သွားလိမ့်မယ်...မင်းရဲ့ အသက်ရှင်နေတဲ့နေ့ရက်တွေကို တန်ဖိုးထားပါ....အခုဏက ငါရဲ့ခွန်အားတစ်ဝက်ကိုပဲအသုံးပြုထားတာ"

"မင်းလည်း သူမကိုကျေးဇူးတင်ရမှာပါ"

လုယွီက တည်ငြိမ်စွာဖြင့်သာ တုန့်ပြန်ပြောဆိုလိုက်သည်။

ဖန်ချီက သူ၏ခွန်အားတစ်ဝက်ခန့်ကိုအသုံးပြုထားသော်လည်း လုယွီကမူ ခွန်အား၏ဆယ်ပုံတစ်ပုံကိုပင် အသုံးပြုထားခြင်းမရှိသည်ကို သူ မသိရှိနိုင်ပေ။

"ဒါက အဆင်ပြေပါတယ်...မင်းရဲ့ဝမ်းကွဲအမက မင်းကိုကာကွယ်နိုင်ဖို့ တန်ကြေးကြီးကြီးပေးလျော်ထားမှတော့... မင်းကိုမျက်နှာသာအနည်းငယ်ပေးရတာ ငါအတွက်မခက်ခဲပါဘူး"

ဖန်ချီက စကားဆုံးသည်နှင့် ရယ်မောရင်း ထွက်ခွါသွားတော့သည်။

လုယွီကို ကြည့်ပြီး လုရွှမ်အာက မျက်မှောင်ကြုတ်ကာ ပြောဆိုနေလေသည်။

"နင်ထပ်ပြီး ပြဿနာမရှာလို့မရဘူးလား...ဖန်ချီက ဝမ်ဟွာကျောင်းဆောင်က ပါရမီရှင်တစ်ယောက်....နင်မှာ ကထိကဆိုတဲ့ အဆင့်အတန်းရှိနေတာနဲ့ ကျောင်းတော်မှာ နင်လုပ်ချင်သလိုလုပ်လို့ရပြီလို့ ထင်နေတာလား"

လုယွီက လုရွှမ်အာကို ပြန်ပြောစရာစကားလုံးမရှိသည်အထိ ဆွံအသွားမိသည်။ ထိုမိန်းကလေးသည် သူအား ပို၍ပို၍ နားလည်မှုလွဲမှားလာခဲ့သည်။ အမှန်အားဖြင့် လုယွီကလည်း သူမအားရှင်းမပြချင်ပေ။

"ဒီကိစ္စက ပြီးသွားပြီဆိုပေမယ့်...မင်းက ဝမ်ဟွာကျောင်းဆောင်ကိုသွားပြီး သူတို့ကို သွားတောင်းပန်"

လုရွှမ်အာ၏အေးစက်စက်အသံ ထွက်ပေါ်လာ၏။

Chapter 283

"ကောင်းပြီလေ"

လုယွီက လုရွှမ်အာ၏စကားကို ကြားဖြတ်၍ ပြောဆိုလိုက်၏။ ထို့နောက် လုယွီက သူမကို လက်ညှိုးထိုး၍ သတိပေးစကားပြောဆိုလိုက်လေ၏။

"နားထောင်စမ်း...ဒါက ငါ မင်းကို စကားနဲ့တုန့်ပြန်တဲ့ နောက်ဆုံးတစ်ကြိမ်ဖြစ်လိမ့်မယ်...မင်း ငါကိစ္စတွေကိုထပ်ပြီးဝင်နှောက်ယှက်မယ်ဆိုရင်...ငါရဲ့ရိုင်းပျမှုအတွက် အပြစ်မတင်နဲ့"

စကားဆုံးသည်နှင့် လုယွီက သူ၏ခြံဝန်းသို့ပြန်လည်ထွက်ခွါသွားတော့သည်။

သူက မြေအောက်လောက၏တာအိုသခင်ဖြစ်ပြီး မြောက်များစွာသောသာမာန်တာအိုသခင်များ၏ မော့ကြည့်ခြင်းခံရသူဖြစ်သည်။ သူ၏အမြင်တွင် ယခုသူရှေ့မှောက်မှလူများသည် လူပြက်တစ်စုထက်မပိုချေ။ ဤနေရာ၌ လုယွီက စိတ်ရှည်သည်းခံနေရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ သူ၏အဒေါ်ကြောင့်သာဖြစ်သည်။ ထိုလူပြက်အုပ်စုသည် သူအပေါ်၌ အလွန်အမင်းလွန်ကျူးလာပါက သတ်ဖြတ်ပစ်ရန် ညှာတာနေမည်မဟုတ်ချေ။

"ခွေးမသား"

လုရွှမ်အာ၏ဒေါသများပေါက်ကွဲနေလေသည်။ သူမ၏လက်မှကျန်းချီလှိုင်းတစ်လှိုင်း လှုပ်ခတ်လာမှုနှင့်အတူ စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ဂလောင်...ဂလောင်....

သို့သော် သူမမျှော်လင့်မထားမိဘဲ ခွေးတစ်ကောင်ကပြေးလာပြီး မြေပြင်ပေါ်မှစိတ်ဝိညာဥ်ကျောက်တုံးကို ကောက်ချီကာ သူမရှေ့ပြေးလာပြီးအမြှီးဝှေ့ယမ်းနေလေသည်။

"ငါက နင်ကိုကူညီတာထက် ခွေးတစ်ကောင်ကိုကူညီတာပိုကောင်းလိမ့်မယ်...အနည်းဆုံးတော့ ခွေးကတောင် မျက်နှာသာပြန်ပေးရမှန်းသိသေးတယ်"

လုရွှမ်အာက ဒေါသတကြီးဖြင့် မြေပြင်ပေါ်၌ ခြေဆောင့်နေလေ၏။

……

ကထိကခြံဝန်း၏အနောက်ဘက်တွင် နေရာကျယ်ဝန်းသောတောင်ကုန်းတစ်ခုတည်ရှိသည်။ အနောက်ဘက်တောင်ကုန်းနေရာသည် အလွန်တိတ်ဆိတ်ငြိမ်သက်ပြီး သစ်ပင်ကြီးများကလည်းကြီးမားကာ အလွန်လှပသောမြင်ကွင်းများရှိပေသည်။ အထူးသဖြင့် ဤနေရာသည် စိတ်ဝိညာဥ်စွမ်းအင်များပေါကြွယ်ဝပြီး ကျင့်ကြံရန်အတွက် အလွန်သင့်တော်ပေသည်။

ထပ်...ထပ်...ထပ်...

ခပ်အုပ်အုပ်အသံထွက်ပေါ်လာပြီးနောက် အနက်ရောင်လူရိပ်တစ်ရိပ်က သစ်တောအုပ်အား ဖြတ်သန်း၍ဝင်ရောက်လာလေသည်။

ထိုလူရိပ်က လုယွီသာ ဖြစ်ပေ၏။ ထိုအချိန်တခဏတွင် လုယွီက နဂါးတစ်ကောင်ကဲ့သို့ပျံသန်းပြီး လျှပ်ပြက်သလိုလျှင်မြန်ကာ သစ်တောအုပ်အတွင်း၌ ရှေ့နောက်လွန်းထိုးပြေးလွှားနေလေသည်။

ဘုန်း....

လုယွီက ဧရာမကျောက်တုံးကြီးတစ်တုံးကို လက်သီးနှင့်ထိုးနှက်လိုက်ရာတွင် ကျောက်တုံးကြီးက အမှုန်များအဖြစ်ကြေမွလွင့်စင်သွားပေ၏။

သို့ရာတွင် ဤအခြင်းအရာက တုန်လှုပ်စရာအကောင်းဆုံးကိစ္စ မဟုတ်သေးချေ။

လုယွီ၏ပုံရိပ်သည် အနက်ရောင်အရိပ်သုံးခုအဖြစ် ပြောင်းလဲသွားပြီးနောက် တခဏအကြာမှာပင် တောစပ်၌ပြန်လည်ထွက်ပေါ်လာခဲ့သည်။

လုယွီ၏လှုပ်ရှားမှုသည် အလွန်အမင်းမြန်ဆန်ပြီး ပုံရိပ်သုံးခုလုံးကို အစစ်အမှန်လူရိပ်များအဖြစ်မြင်နိုင်ပေသည်။ ထို့နောက်မှသာ ပုံရိပ်နှစ်ခုက တဖြည်းဖြည်းမှုန်ဝါးသွားပြီး နောက်ဆုံး၌ ပုံရိပ်အားလုံးက လူတစ်ယောက်တည်းအဖြစ် စုစည်းသိပ်သည်းသွားလေသည်။

"နဂါးပတ်ခြေလှမ်း...ငါကအခု တတိယအဆင့်ကို အောင်မြင်အောင်လေ့ကျင့်နိုင်ပြီ"

လုယွီက ခေါင်းမော့လိုက်ချိန်တွင် သူ၏မျက်လုံးများက လင်းလက်တောက်ပနေပေသည်။

ကျင့်ကြံခြင်းမျှော်စင်မှပြန်လာပြီးနောက် လုယွီသည် အနောက်ဘက်တောင်ကုန်း၌ လေ့ကျင့်နေခဲ့သည်။ သူ၏အချိန်သည် အလွန်အမင်းအဖိုးတန်ပေ၏။

"တကယ်လို့ ငါက ပုံမှန်နည်းလမ်းတွေနဲ့သာ ဆက်ပြီးလေ့ကျင့်မယ်ဆိုရင်...စမ်းသပ်ပွဲမတိုင်မီ လတစ်ဝက်လောက်မှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ဆဋ္ဌမအဆင့်ကိုရောက်ရှိလိမ့်မယ်"

လုယွီက တွေးဆနေလေသည်။

လုယွီသည် အသိစိတ်ပြန်ဝင်လာကတည်းက တစ်နှစ်အချိန်အတောအတွင်းတွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ဆဋ္ဌမအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သည်။

တစ်ခြားသူများ၏အမြင်တွင် ဤကိစ္စက အလွန်တုန်လှုပ်ဖွယ်ကောင်းပေမည်။ သို့သော် လုယွီကမူ စိတ်ကျေနပ်မှုမရှိသည်မှာ သိသာထင်ရှားပေသည်။

သူသည် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်ကို ဝါးမြိုနိုင်ခဲ့၏။ သူ၏ကျင့်ကြံမှုအမြန်နှုန်းသည် အင်္သချေစကြာဝဠာတစ်ခုလုံးရှိ မိသားစုကြီးများမှ ပါရမီရှင်ဆိုသူများထက် အနည်းငယ်ပို၍မြန်ဆန်နေသည်ကို သူ သိရှိထားပြီးဖြစ်သည်။

အကယ်၍ သူသာ ဤအရှိန်နှုန်းအတိုင်း ဆက်လက်လေ့ကျင့်နိုင်ပါက ကောင်းကင်ဘုံအင်ပါယာဖြစ်နေသူရှန်းလင်းလုံကို တုံပြန်တိုက်ခိုက်နိုင်ရန် အခွင့်အရေးရှိလာနိုင်ပေသည်။

"ဘာသံတုန်း"

ရုတ်တရက် လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။ သူက တောအုပ်အတွင်း၌ ရက်အနည်းကြာလေ့ကျင့်ခဲ့သော်လည်း မည်သူကိုမျှ မြင်တွေ့ခဲ့ခြင်းမရှိပေ။

"မဟုတ်သေးဘူး...ဒါက နတ်ဆိုးစွမ်းအင်တွေပဲ"

လုယွီက အံ့အားသင့်တုန်လှုပ်သွားခဲ့၏။

ဤနေရာသည် ကွန်ဖြူးရှပ်နှင့်တာအိုဝါဒကို သင်ကြားသောကျောင်းတော်ဖြစ်သည်။ မည်သည်ကြောင့် နတ်ဆိုးချီများရှိနေရသနည်း။

နတ်ဆိုးချီသည် ဖျတ်ခနဲထွက်ပေါ်လာပြီး လျှို့ဝှက်ဖုံးကွယ်နေသော်လည်း လုယွီက အာရုံခံနိုင်ဆဲဖြစ်သည်။

လုယွီက သူ၏အသက်ရှုနှုန်းကို ထိန်းသိမ်းပြီး နတ်ဆိုးချီများထွက်ပေါ်လာသည့် နေရာသို့ တိတ်တဆိတ်သွားလိုက်လေသည်။

တောအုပ်အတွင်း၌ ပြောင်ရှင်းနေသောနေရာတစ်နေရာတွင် တပည့်တစ်ချို့က စကားပြောဆိုနေကြ၏။

"နတ်ဆိုးဗိုလ်ချုပ်ကို ကြိုဆိုပါတယ်"

ရုတ်ချည်းဆိုသလိုပင် တပည့်တစ်ယောက်က နေရာတစ်နေရာသို့ဦးတည်၍ သူ၏ခါးကိုညွှတ်ကာ အရိုအသေပြုလိုက်သည်။

တောအုပ်၏တစ်နေရာမှ မှောင်မည်းနေသောအရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရိပ်ကိုကြည့်လျှင် မည်သည့်အရာဟုအတိအကျပြောဆိုနိုင်ခြင်းမရှိဘဲ အနက်ရောင်မြူခိုးများအဖြစ်သာ မြင်နိုင်ပေသည်။

"မင်းတို့ သူမကိုဖမ်းမိခဲ့လား"

အနက်ရောင်မြူခိုးများကြားမှ အသံတစ်သံထွက်ပေါ်လာသည်။

"ကျွန်တော်တို့ သူမကို ဖမ်းနိုင်ခဲ့တယ်.....အမှန်အတိုင်းပြောရရင် သူမကိုဖမ်းနိုင်ဖို့ ကျွန်တော်တို့အင်အားတော်တော်စိုက်ထုတ်ခဲ့ရတယ်"

တပည့်တစ်ယောက်က အပြုံးဖြင့် ဖြေဆိုလိုက်လေ၏။

တစ်ခြားတပည့်များက အဝတ်များဖြင့်ဖုံးအုပ်စည်းနှောင်ခံထားရသူတစ်ယောက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

တပည့်တစ်ယောက်က ဖမ်းဆီးခံလာရသူ၏ခေါင်းမှ ဦးထုပ်ကိုဖယ်ရှားလိုက်ချိန်တွင် လှပချောမောသောမျက်နှာတစ်ခုပေါ်ထွက်လာခဲ့သည်။

သူမက မဟာကွန်ဖြူးရှပ်ပညာရှင်ဖန်းယင်၏တပည့်မဖြစ်သူ ကျီးချန်ယွီ ဖြစ်နေပေ၏။

Chapter 284

ကျီးချန်ယွီ၏ဝါးခမောက် ဖယ်ရှားခံရပြီးနောက် သူမ၏ဆံပင်များက ပြန့်ကျဲကျလာလေ၏။ သူမက အနည်းငယ်ရှက်ရွံနေဟန်ရှိသော်လည်း သူမ၏နူးညံလှပသောမျက်နှာလေးကိုမူ ဖုံးကွယ်ထားနိုင်စွမ်းမရှိတော့ချေ။

ကျီးချန်ယွီ၏ဝဲဖြာနေသော ဆံပင်များကြားမှ လှပသောမျက်ဝန်းတစ်စုံသည် သူမရှေ့ရှိ ကျောင်းတော်မှတပည့်များအား စူးစိုက်ကြည့်နေခဲ့သည်။

"နင်တို့ဖြစ်နေမယ်လို့ ငါမျှော်လင့်မထားမိဘူး...ကျောင်းတော်ကတပည့်တွေက ဘယ်လိုဖြစ်ပြီး မြေအောက်လောကနတ်ဆိုးဂိုဏ်းကသူတွေနဲ့ ဆက်သွယ်နေကြတာလဲ"

ကျီးချန်ယွီက မေးမြန်းလိုက်လေသည်။

ကျောင်းတော်တပည့်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"စီနီယာအမကျီး....မင်းက အရမ်းနုံအတာပဲ....ငါတို့ကို ကျောင်းတော်က တပည့်တွေလို့ မင်းကထင်နေတာလား"

ထိုတပည့်က စကားဆုံးသည်နှင့် သူ၏အင်္ကျီလက်ကို မတင်ခဲ့သည်။ သူ၏လက်မောင်းတွင် အနက်ရောင်အရိုးစုပုံ ရှိနေလေ၏။

"နတ်ဆိုးလမ်းကြောင်း လျှောက်လှမ်းသူပဲ...နင်က မြေအောက်လောကနတ်ဆိုးကလန်က သူလျှိုမလား"

ကျီးချန်ယွီ၏မျက်လုံးများသည် ဒေါသကြောင့် နီမြန်းသွားပေသည်။

"စီနီယာအမက ကျောင်းတော်ထဲမှာ ငနုံငအတွေ အများကြီးရှိတာကိုပဲ အပြစ်တင်ပါ...အရင်ကတော့ ကျောင်းတော်ကို သရုပ်မှန်ဖုံးကွယ်ပြီးဝင်ဖို့ ခက်ခဲမယ်လို့ ငါထင်ခဲ့တယ်....ဒါပေမယ့် အခုကတော့ မင်းမြင်တဲ့အတိုင်းပဲလေ"

ထိုတပည့်က ကျီးချန်ယွီအား လှောင်ပြောင်သရော်နေလေသည်။

တစ်ခြားတပည့်တစ်ယောက်က ကျီးချန်ယွီ၏အလွန်တင့်တယ်လှပသော ခန္ဓာကိုယ်အားကြည့်၍ သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သူ၏မျက်လုံးများက ဆိုးညစ်သောဆန္ဒများဖြင့် တောက်ပနေခဲ့သည်။

"ငါ မင်းကို မြင်တဲ့ နေ့တိုင်းအချိန်တိုင်း စိတ်ထဲမရိုးမရွဖြစ်နေသလို ခံစားရတယ်...ဒီနေတော့ ငါ အခွင့်အရေးရလာပြီ"

ရုတ်ချည်းဆိုသလိုပင် ထိုတပည့်က ကျီးချန်ယွီနားသို့ရောက်ရှိလာပြီး ပွေ့ဖက်လိုက်သည်။

"ရပ်လိုက်စမ်း"

ရုတ်တရက် အနက်ရောင်မြူခိုးထုကြီးအတွင်းမှ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာ၏။

"သူမက မင်းသားလေးရဲ့လူပဲ...ဘယ်သူမှ သူမကိုထိလို့မရဘူး"

တပည့်ဖြစ်သူက အလျှင်စလို နောက်သို့ဆုတ်လိုက်လေသည်။

"သူမက မင်းသားလေးအလိုရှိတဲ့ အမျိုးသမီးလား...ဒီငယ်သားက ရိုင်းပျမိပါတယ်"

မည်သည့်တုံဆိုင်းခြင်းမှမရှိဘဲ တပည့်ဖြစ်သူက သူ၏ပါးကို ရိုက်နှက်နေတော့သည်။

ဖြောင်း....ဖြောင်း...

သူ၏ပါးကို နှစ်ချက်ရိုက်ပြီးနောက်တွင် တပည့်ဖြစ်သူ၏မျက်နှာတွင်သွေးစသွေးနများ ထွက်ပေါ်လာသော်လည်း သူက အမှုထားပုံမရချေ။

အနက်ရောင်မြူခိုးများအတွင်းမှ ရယ်မောသံကြီးထွက်ပေါ်လာခဲ့သည်။

"ကောင်းပြီ...သူမကို ငါစီပေးတော့"

"ဘယ်လက်ရုံးနတ်ဆိုးဗိုလ်ချုပ်...ဒီအမျိုးသမီးက ကျင့်ကြံရာမှာထူးချွန်တဲ့သူတစ်ယောက်ပါ...ဘယ်လိုနည်းနဲ့ သူမကို တောင်အောက်ခေါ်သွားမှာလဲ"

တပည့်တစ်ယောက်က မေးမြန်းလိုက်၏။

"ငါမှာ ငါ့နည်းလမ်းနဲ့ငါရှိတယ်"

လူအုပ်ကြီးက ကျီးချန်ယွီကို အနက်ရောင်မြူခိုးထုရှိရာဘက်သို့ တွန်းပို့လိုက်ကြသည်။

'မင်းသားလေး'ဆိုသူကြောင့် ထိုသူများက အလွန်အမင်းဂရုစိုက်နေကြပြီး ကျီးချန်ယွီကိုထိကိုင်ရမည်ကိုပင် ကြောက်ရွံနေကြ၏။

"နင်က သမင်ဖြူကျောင်းတော်ကို လာရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့"

ကျီးချန်ယွီက အနက်ရောင်မြူခိုးထုကို စိုက်ကြည့်ပြီးပြောဆိုလိုက်သည်။

အနက်ရောင်မြူခိုးထုအတွင်းက ရယ်မောရင်းသာ ပြန်လည်ပြောဆိုလိုက်လေ၏။

"တစ်ကယ်လို့ မင်းရဲ့ကျောင်းအုပ်ကြီးနဲ့အကျဥ်းထောင်ခန်းမသခင်သာရှိရင် ငါ​ နည်းနည်းတော့ ကြောက်ရွံမိအုံးမယ်...ဒါပေမယ့် အခုက မင်းတို့သမင်ဖြူကျောင်းတော်မှာ စန်လို့တစ်ယောက်ပဲရှိတာလေ...ငါက သူကိုဘာလို့ ကြောက်ရမှာလဲ"

"ဒီကို လာခဲ့"

အနင်ရောင်မြူခိုးထုအနီးသို့ ကျီးချန်ယွီက ရောက်ရှိသွားခဲ့သည်။

သို့သော် ထိုအချိန်တွင် ကျီးချန်ယွီ၏ညာဘက်လက်မှ ကြိုးက ရုတ်တရက် ပြတ်တောက်သွားလေ၏။ သူမ၏လက်အတွင်းတွင် အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး တောအုပ်၏ပြင်ပသို့ဦးတည်၍ ပျံဝဲသွားလေသည်။

"မင်းက အကူအညီ လိုချင်နေတုန်းပဲလား"

အနက်ရောင်မြူခိုးထုကြီးမှ ရယ်မောသံထွက်ပေါ်လာပြန်၏။

အနက်ရောင်မြူခိုးထုအတွင်းမှ အနက်ရောင်အလင်းတန်းတစ်ခုက ဖျတ်ခနဲထွက်ပေါ်လာပြီး ချက်ချင်းပင် အဖြူရောင်အလင်းတန်းအား ပစ်ချလိုက်သည်။ အဖြူရောင်အလင်းတန်းသည် ဖျတ်ခနဲတစ်ချက်လက်ပြီးနောက် ငြိမ်းသေသွားတော့သည်။

"ငါနဲ့အတူလိုက်ခဲ့...မင်းက မင်းသားလိုချင်နေတဲ့သူဖြစ်လို့ ငါ မင်းကို ကြမ်းကြမ်းတမ်းတမ်းမဆတ်ဆံချင်ဘူး"

အနက်ရောင်မြူခိုးထုအတွင်းမှအသံက လှောင်ပြောင်သရော်လိုက်လေ၏။

"နင် အိပ်မက်မက်မနေနဲ့"

ရုတ်ချည်းဆိုသလိုပင် ကျီးချန်ယွီက ဒေါသတကြီးအော်ဟစ်ပြီးနောက် သူမ၏ခန္ဓာကိုယ်မှကြိုးများအားလုံး ပြတ်ထွက်သွားတော့သည်။

ထို့နောက် ကျီးချန်ယွီက သူမ၏အင်္ကျီလက်မောင်းအတွင်းမှ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ သူမ၏လက်ချောင်းလှုပ်ခတ်မှုနှင့်အတူ ကျောက်စိမ်းအဆောင်မှ တောက်ပသည့်အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

"ဒါက မြင့်မြတ်တဲ့ သူတော်စင်ပစ္စည်းပဲ"

တပည့်များက တုန်လှုပ်သွားကြပြီး ထွက်ပြေးရန်ကြံရွယ်လိုက်ကြသည်။ သို့သော် အဖြူရောင်အလင်းတန်းက သူတို့အားရှာဖွေတွေ့ရှိပုံရပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့အားလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဘုန်း...ဘုန်း....

မသဲမကွဲအသံများထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်၌ လဲကျသွားသောတပည့်များသည် ပြာမှုန်များအဖြစ်ပြောင်းလဲပြီး လွင့်စင်သွားတော့သည်။

အကယ်၍ သူတို့နေရာ၌ အစစ်အမှန်ကွန်ဖြူးရှပ်တပည့်များဖြစ်ပါက သူတော်စင်ပစ္စည်း၏လွှမ်းခြုံမှုအောက်တွင် အဆင်ပြေနေပေမည်။ သို့ရာတွင် ထိုသူအားလုံးက နတ်ဆိုးဂိုဏ်းသားများဖြစ်ပေ၏။

"မင်းမှာ အရည်အချင်းတစ်ချို့ ရှိသေးတာပဲ"

အနက်ရောင်မြူခိုးထုအတွင်းမှ အံ့အားသင့်နေသံ ထွက်ပေါ်လာ၏။

သို့ရာတွင် အဆုံးသတ်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ အဆုံးမရှိသောအနက်ရောင်မြူခိုးများက အဖြူရောင်အလင်းတန်းများကို လွှမ်းခြုံသွားပြီး ကျီးချန်ယွီထံသို့ ဆင်းသက်လာခဲ့သည်။

ကျီးချန်ယွီက အံတင်းတင်းကြိတ်ပြီး နေရာတစ်နေရာထံသို့ ဦးတည်၍ထွက်ပြေးတော့သည်။ ထိုဦးတည်ဘက်က အတိအကျပင် လုယွီပုန်းအောင်းနေသော နေရာဖြစ်ပေ၏။

Chapter 285

ကျီးချန်ယွီက ပြေးလွှားနေရင်း မြက်ခင်းအတွင်း၌ ပုန်းအောင်းနေသော လုယွီကို မြင်တွေ့မိလေသည်။

"ကျွတ်...ကျွတ်...ဒီလိုနေရာမှာ လူတစ်ယောက်ပုန်းအောင်းနေမယ်လို့ ငါထင်မထားမိဘူး"

အနက်ရောင်မြူခိုးအတွင်းမှ လှောင်ပြောင်သံထွက်ပေါ်လာ၏။ ထို့နောက် အနက်ရောင်မြူခိုးထုက လုယွီထံသို့ဦးတည်၍ ရွေ့လျားလာတော့သည်။

သူ့အား အနက်ရောင်မြူခိုးထုက မြင်တွေ့သွားခြင်းကြောင့် လုယွီက ထပ်မံပုန်းကွယ်နေ၍ မရတော့ချေ။

လုယွီ၏ရှေ့ရှိ အနက်ရောင်မြူခိုးထုအတွင်းမှ လူပုဂ္ဂိုလ်၏ကျင့်ကြံမှုနယ်ပယ်သည် အနည်းဆုံး ကောင်းကင်သင်္ကေတနယ်ပယ်အဆင့်ရှိပြီး အဝိုင်းသေးအဆင့်သို့ပင် ရောက်ရှိနေနိုင်ပေ၏။

ထိုသူအား လုယွီပင်လျှင် ဂရုတစိုက်ကိုင်တွယ်ရပေမည်။

"သူနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး မတိုက်ခိုက်နဲ့...ပြေးတော့"

ဤနေရာ၌ အမျိုးသားတစ်ယောက် ပုန်းအောင်းနေမည်ဟု ကျီးချန်ယွီ မျှော်လင့်မထားမိချေ။ သို့ရာတွင် ကျီးချန်ယွီက လုယွီသည် ယခုနေရာသို့ မတော်တဆကျူးကျော်ဝင်ရောက်မိခြင်းဖြစ်မည်ဟု ထင်မြင်ထားသည်။

ထိုအချိန်တခဏတွင် သူတော်စင်ပစ္စည်းသည် အနက်ရောင်မြူခိုးများကိုသာ ဖိနှိပ်နိုင်ခြင်းမရှိပါက သူမ လွတ်မြောက်ရန်ခက်ခဲပေမည်။

"နင် ဘာလို့တွေဝေနေတာလဲ...မြန်မြန်ပြေးတော့လေ"

လုယွီက ထွက်ခွါသွားခြင်းမရှိသည်ကိုကြည့်ပြီး ကျီးချန်ယွီသည် အလွန်အမင်းစိတ်လှုပ်ရှားနေ၏။

လုယွီက ခေါင်းခါယမ်းလိုက်၏။

"လွတ်ဖို့လမ်း မရှိတော့ဘူး"

ကျီးချန်ယွီက ကြက်သေသေသွားခဲ့၏။ ထို့နောက် သူမကြည့်လိုက်ရာတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား အနက်ရောင်မြူခိုးများက အပြည့်အဝဝိုင်းရံထားသည်ကို မြင်တွေ့မိလေသည်။

အနက်ရောင်မြူခိုးများက သူတို့နှစ်ယောက်အား ဝိုင်းရံထားလေ၏။ ပတ်ဝန်းကျင်မှ တိုက်ခတ်နေသောလေထုပင် မှုန်မှိုင်းနေပေသည်။

ကျီးချန်ယွီက သူမ၏လက်အတွင်းရှိ ကျောက်စိမ်းအဆောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။ ကျောက်စိမ်းအဆောက်မှ ထုတ်လွှက်ပေးနေသော အဖြူရောင်အလင်းတန်းသည် ထိုအနက်ရောင်မြူခိုးများ၏ကျူးကျော်မှုကို ခုခံနိုင်စွမ်းမရှိသလောတ်ဖြစ်နေလေ၏။

"မဟုတ်ဘူး...ငါ ဒီနေရာမှာ သေရတော့မှာလား"

ကျီးချန်ယွီ၏စိတ်အနေအထား အောက်ခြေထိတိုင် ကျဆင်းနေခဲ့သည်။ သူမက နံဘေးရှိလုယွီအား တစ်ချက်ကြည့်လိုက်၏။ သူမ၏မျက်လုံးများတွင် အထီးကျန်ဆန်မှုအရိပ်အယောင်များက ထင်ဟပ်နေပေသည်။ ကံဆိုးစွာနှင့် သူမ မသေဆုံးမီ ယခင်က သူမမမြင်တွေ့ဘူးသောသူနှင့် အတူရှိနေရလေ၏။

"ငါကို မင်းရဲ့ကျောက်စိမ်းအဆောင်ပေး"

ရုတ်တရက် လုယွီက ပြောဆိုလိုက်၏။

ကျီးချန်ယွီက ကြည့်လိုက်ရာတွင် သူမထံသို့လက်ကမ်းနေသော လုယွီကိုမြင်တွေ့မိသည်။

"နင်က ငါ့လက်ထဲက ကျောက်စိမ်းအဆောင်ကိုလိုချင်တာလာ....ဒါက ရတနာတစ်ခုဖြစ်ပေမယ့်....တစ်ကယ်လို့ နင်သာသေသွားမယ်ဆိုရင် ဘာရတနာမှ အသုံးဝင်မှာမဟုတ်တော့ဘူး"

ကျီးချန်ယွီက တိုးညင်းစွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်။ ။ သူမမသေဆုံးမီအချိန်ခဏဝယ် ဤကဲ့သို့လောဘကြီးသောသူမျိုးနှင့် ဆုံတွေ့ရမည်ဟု သူမမျှော်လင့်မထားမိချေ။

"ငါ အဲ့ဒါကိုခဏဌားတာ...တစ်ကယ်လို့ မင်းမသေချင်ဘူးဆိုရင် ကျောက်စိမ်းအဆောင် ငါကိုပေး"

လုယွီ၏အသံသည် တည်ကြည်လေးနက်နေလေ၏။

ကျီးချန်ယွီက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါနေပြီးနောက် သူမက ကျောက်စိမ်းအဆောင်ကို လုယွီအား ပေးအပ်လိုက်သည်။ သူမက ထပ်မံ၍ အငြင်းပွါးလိုစိတ်မရှိတော့ချေ။

ဘယ်လက်ရုံးနတ်ဆိုးဗိုလ်ချုပ်က သူမကို မြေအောက်လောက၏မင်းသားလေးဆိုသူအတွက် ဖမ်းဆီးချင်နေပေ၏။ မည်သို့သောကိစ္စများက သူမကိုစောင့်ဆိုင်းနေမည်ကို သူမမတွေးတောလိုတော့ချေ။ သူမကိုယ်သူမ နတ်ဆိုးများ၏ဖမ်းဆီးခြင်းခံမည့်အစား သတ်သေရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။

"သူ ဒီနေရာမှာရှိနေမှတော့....ငါ သေဖို့အတွက် ကူညီပေးနိုင်လောတ်ပါတယ်"

ကျီးချန်ယွီက တွေးတောလိုက်၏။ သူမ စိတ်နှလုံးသားအတွင်း သိမ်းဆည်းထားသောသူကိုမူ ထပ်မံဆုံတွေ့ရန် မဖြစ်နိုင်တော့ချေ။

"အရည်အသွေးက တော်တော်ညံတာပဲ....သူတော်စင်တစ်ယောက် ဖြစ်မလာခင်က အသုံးပြုခဲ့တဲ့ပစ္စည်းပဲဖြစ်ရမယ်...ဒါက ကြည့်ရတာ ခမ်းနားထည်ဝါပုံသက်သက် ပစ္စည်းကြီးပဲ"

လုယွီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်၏။

ထိုစကားကိုကြားချိန်တွင် ကျီးချန်ယွီ၏စိတ်အတွင်းမှ ဒေါသထွက်သွားခဲ့သည်။ ကျောက်စိမ်းအဆောင်ကို သူမအား ထိုပုဂ္ဂိုလ်မှ ပေးခဲ့ခြင်းဖြစ်သည်။

"နင် ဘာသိလို့လဲ....နင်က သေရတော့မှာတောင် လောဘကြီးနေတုန်းပဲ"

ကျီးချန်ယွီက အော်ဟစ်လိုက်သည်။

သူမ ဖမ်းဆီးခံရချိန်တွင် အရိုးပျော့ဆေးမှုန့်များ တိုက်ကျွေးခြင်းကိုခံထားရသဖြင့် ယခုချိန်၌ သူမတွင် ခွန်အားမရှိတော့ပေ။

"ကောင်လေး...မင်းက သူမနဲ့မတူဘူး...သူမက မင်းသားလေးရဲ့နှစ်သက်ခြင်း ခံထားရတာ...ငါ သူမကိုသတ်မှာမဟုတ်ဘူး....ဒါပေမယ့် မင်းကတော့မတူဘူး....တစ်ကယ်လို့ မင်းအပြစ်တင်ချင်တယ်ဆိုရင် နေရာမှားပြီးရောက်လာတဲ့ မင်းကိုယ်မင်းသာအပြစ်တင်"

အနက်ရောင်မြူခိုးထုအတွင်းမှ အေးစက်စက်အသံကြီးဖြင့် ပြောဆိုနေလေ၏။

ကျီးချန်ယွီက အနက်ရောင်မြူခိုးထုကိုတစ်ချက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါ နင်နဲ့လိုက်မှာ မဟုတ်ဘူး"

"စိတ်မကောင်းပါဘူး...မင်း စိတ်တိုင်းကျ ဖြစ်မယ်မထင်ဘူး"

အနက်ရောင်မြူခိုးထုအတွင်းမှ ရုတ်တရက် စုပ်အားဝဲဂယက်တစ်ခုဖြစ်ပေါ်လာပြီး ကျီးချန်ယွီအား စုပ်ယူရန်ကြိုးပမ်းနေခဲ့သည်။

ကျီးချန်ယွီက အံတင်းတင်းကြိတ်လိုက်၏။ ရုတ်တရက် သူမ၏ဆံထိုးကိုဆွဲဖြုတ်ပြီး သူမကိုယ်သူမ သတ်သေရန် ပြင်ဆင်လိုက်လေသည်။

"မင်း လုပ်ရဲလား"

အနက်ရောင်မြူခိုးထုအတွင်းမှ စူးရှရှအော်ဟစ်သံနှင့်အတူ ဆံထိုးက လွင့်စင်သွားလေ၏။

ထို့နောက် အနက်ရောင်မြူခိုးထုအတွင်းမှ လက်တစ်ဖက်ဆန့်ထွက်လာပြီး ကျီးချန်ယွီအား ဖမ်းဆွဲလိုက်သည်။

ထိုအချိန်မှာပင်.....

"မင်းကို အဲ့လိုလုပ်ခွင့်ပြုလို့လား"

ရုတ်တရက် လုယွီက ဒေါသတကြီးအော်ဟစ်လိုက်လေ၏။

All Chapters