အခန်း (၃၈၁-၃၈၅)
Vol. 21-25 Ch. 381-385
Chapter 381
ထိုသူ၏စကားထွက်ပေါ်ပြီးချိန်မှာပင် သူ၏နံဘေးရှိသွေးများ ပို၍တည်ငြိမ်လာခဲ့သည်။ မူလက ပွက်ပွက်ဆူနေသောသွေးကန်သည် ၎င်း၏စွမ်းအားကိုဆုံးရှုံးသွားပုံဖြင့် ပုံမှန်မဟုတ်တော့ဘဲ တည်ငြိမ်စပြုလာခဲ့သည်။
"နေအုံး...မင်းတို့ကြည့်ကြစမ်း...သွေးကန်အလယ်က လူတစ်ယောက်ထွက်လာပြီ"
"တကယ်လို့ ငါတို့သာသွေးကန်အလယ်မှာဆိုရင် သေသွားမှာသေချာတယ်...ဘယ်လိုလူမှာ ဒီလိုကြီးမားတဲ့စွမ်းရည်မျိုးရှိတာလဲ"
သွေးကန်၏အလယ်ဗဟိုမှနေ၍ လူတစ်ယောက်က ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။ ထိုလူသည် မည်သည့်သွေးမျှစွန်းထင်းနေခြင်းမရှိဘဲ သွေးကန်၏အစွန်းဘက်ထိလမ်းလျှောက်လာလေ၏။
သူက လုယွီသာဖြစ်ပေသည်။
လုစွေ့ထင်းသည် မယုံကြည်နိုင်မှုများကြောင့် ပါးစပ်အဟောင်းသားနှင့် ပြောဆိုလိုက်၏။
"နင် အသက်ရှင်နေတုန်းလား"
"သူကို ရှန်းချင်ခေါ်လာတာ...သူက ရှန်းချင်နဲ့အတူတူပဲဖြစ်ရမယ်"
"သွေးကန်ထဲမှာအမှားအယွင်းတွေဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုဖြစ်နေတာတွေအားလုံးနီးပါးက သူကြောင့်ပဲဖြစ်မှာ...သူကိုသတ်ကြ"
တစ်ချို့လူများက ဒေါသတကြီးအော်ဟစ်ပြီး လုယွီထံသို့ တိုးဝင်သွားကြသည်။
လုယွီ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်တောက်ပသွားပြီးနောက် သူ၏လက်ချောင်းကိုလှုပ်ခတ်လိုက်ရာတွင် ပြင်းထန်သောကျန်းချီလှိုင်းများ ထွက်ပေါ်လာခဲ့သည်။
ဘုန်း...
လုယွီထံသို့ ဒေါသတကြီးပြေးဝင်လာသူများအားလုံး လွင့်စင်သွားကြ၏။
"အဝိုင်းကြီးအဆင့် ကျင့်ကြံသူ.."
"စီနီယာ...ခွင့်လွှက်ပေးပါ...ကျွန်တော်တို့ ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပါဘူး"
ထိုသူများသည် လုယွီ၏အစွမ်းထက်သောအရှိန်အဝါအောက်တွင် ကြောက်ရွံတုန်လှုပ်နေကြသည်။
"တစ်ကယ်လို့ မင်းတို့အသက်ရှင်ချင်သေးတယ်ဆိုရင် ငြိမ်ငြိမ်နေကြ"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
လုစွေ့ထင်းသည် ထောင့်တနေရာ၌ ခွေယိုင်နေပြီး မလှုပ်ရှားဝံ့ပေ။ လုယွီ၏မျက်လုံးများအား သူမက တစ်ချက်ကြည့်လိုက်ရာတွင် အဆုံးမရှိသောရေခဲလှိုဏ်ခေါင်းကြီးအတွင်းသို့ ကျရောက်သွားသကဲ့သို့ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားမှုကို ခံစားလိုက်ရသည်။
မည်သူကမျှ စကားမပြောဝံ့တော့ချေ။ ဤအချိန်၌ စကားသံထွက်လာသူသည် သေလူသာဖြစ်သွားပေမည်။
"မင်းတို့က ဒီလိုကောတ်ကျစ်ယုတ်မာတဲ့နည်းလမ်းနဲ့ ငါကိုထောင်ချောက်ဆင်ချင်တာလား"
လုယွီက သွေးကန်အစွန်းမှနေ၍ သူ၏ရှေ့မှဝင်္ကပါကြီးကို ကြည့်ပြီးပြောဆိုလိုက်၏။ ထို့နောက် လုယွီက သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သူ၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ခရက်....
လုယွီက ဝင်္ကပါကြီး၏မမြင်နိုင်သော အတားအဆီးအလွှာကို သူ၏လက်ချောင်းများဖြင့် ထိတွေ့လိုက်သည်။
အစောပိုင်းက သွေးကန်အတွင်းမှလူများသည် သူတို့စွမ်းအားရှိသမျှ ပင်ပန်းကြီးစွာတိုက်ခိုက်ခဲ့သော်လည်း အတားအဆီးအားမချိုးဖျက်နိုင်ခဲ့ကြပေ။
သို့ရာတွင် ယခုလက်ရှိ လုယွီက ပေါ့ပေါ့ပါးပါးထိတွေ့လိုက်ချိန်တွင်မူ ဝင်္ကပါကြီးတစ်ခုလုံး ပျက်စီးသွားလေ၏။
သွေးကန်၏ရှေ့၌ အနက်ရောင်အမြှောက်များစွာကို အတန်းလိုက်တပ်ဆင်ထားပြီးဖြစ်သည်။
ရှန်းချင်သည် သွေးကန်အတွင်းမှ တစ်စုံတစ်ယောက်ထွက်လာသည်ကိုမြင်ချိန်တွင် သူက မအောင့်အည်းနိုင်တော့ဘဲ သရော်တော်တော်ပြောဆိုလိုက်သည်။
"သေမှာမကြောတ်တဲ့ကောင်တစ်ကောင်ရှိနေတယ်...ငါအတွက် သူကိုသတ်လိုက်ကြစမ်း"
"ကောင်းပြီလေ"
ရှန်းချင်၏နောက်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ ရှန်းချင်၏ဆံပင်များအားလုံးထောင်မတ်သွားပြီး သူက အလျှင်စလို နောက်သို့လှည့်ကြည့်လိုက်သည်။
သူက လုယွီအား မြင်တွေ့လိုက်ရ၏။
"မင်း ဘယ်လိုနည်းနဲ့ထွက်လာတာလဲ"
ရှန်းချင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့သည်။ သူ၏စိတ်နှလုံးသားအတွင်း၌ ဆိုးရွားသောခံစားချက်မျိုးကိုရုတ်တရက် ရရှိလိုက်လေ၏။
"ဘာလို့ နတ်ဆိုးအင်ပါယာက ထွက်မလာတာလဲ....."
ရှန်းချင်၏မျက်လုံးများက အနည်းငယ်မိန်းမောတွေဝေနေပြီးနောက် နောက်သို့လှည့်၍ထွက်ပြေးလိုက်တော့သည်။
သူက အလွန်လျှင်မြန်စွာဖြင့် လွတ်မြောက်ရန်ကြိုးစားရာ အဝေးသို့ချက်ချင်းပင် ရောက်ရှိသွားခဲ့သည်။
"ဘာမှစိုးရိမ်မနေနဲ့....မင်းလည်း မကြာခင် သူနဲ့တူတူဖြစ်တော့မှာ"
လုယွီ၏အသံက ရှန်းချင်၏နားအတွင်းသို့ စူးစူးရှရှဝင်ရောက်လာလေ၏။
ရှန်းချင်က သူ လွတ်မြောက်ရန်အခွင့်အရေးမရှိခြင်းကို နားလည်သွားခဲ့သည်။ သူက အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏လက်အတွင်း၌ကျန်းချီများကို စုစည်းလိုက်သည်။ အချိန်တခဏအတွင်းမှာပင် သူကဧရာမခြင်္သေ့နက်ကြီးတစ်ကောင်ကိုဆင့်ခေါ်ပြီး လုယွီထံသို့စေလွှက်လိုက်လေသည်။
လုယွီကမူ တည်ငြိမ်နေဆဲပင်။ သူ၏လက်ဝါးအတွင်းမှ သတ်ဖြတ်ခြင်းဥပဒေသထွက်ပေါ်လာပြီးနောက် သူ၏ပတ်ဝန်းကျင်တစ်ခုလုံး အစွမ်းထက်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်သွားခဲ့သည်။
ဘုန်း...
ရှန်းချင် ဆင့်ခေါ်ထားသော ကျန်းချီခြင်္သေ့နက်ကြီးသည် အပိုင်းပိုင်းအစစကြေမွသွားလေ၏။
လုယွီ၏သတ်ဖြတ်ခြင်းဥပဒေသသည် ရှန်းချင်၏ခြင်္သေ့နက်ကိုဖျက်ဆီးလိုက်သည့်အပြင် ရှန်းချင်၏ခန္ဓာကိုယ်ပေါ်သို့ပါ ကျရောက်သွားခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ရှန်းချင်၏ဒွါရခုနစ်ပေါတ်မှသွေးများယိုစိးကျလာပြီး ဒူးထောက်ပြိုလဲကျသွားလေ၏။
"မကောင်းတဲ့သူကိုကူညီခဲ့မှတော့...မင်းလည်း သေဖို့အချိန်တန်ပြီ"
လုယွီ၏မျက်လုံးများက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် တောက်ပနေပေ၏။
ခေါင်းဖြတ်ဓားက လုယွီထံမှထွက်ပေါ်လာပြီးနောက် ရှန်းချင်၏ဦးခေါင်းအား ဖြတ်တောက်လိုက်တော့သည်။
ဗြန်း....
ကြမ်းပြင်ပေါ်၌ သွေးများနေရာအနှံ့ ပြန့်ကျဲသွားလေ၏။
ရှန်းချင်အား ကူညီပေးရန်ရောက်ရှိနေကြသော မြေအောက်လောကနတ်ဆိုးဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများသည် ကြက်သေသေသွားကြပြီး သူတို့၏ရှေ့မှမြင်ကွင်းကို တွေဝေမိန်းမောစွာဖြင့် ကြည့်ရှုနေမိကြ၏။
အဆုံးသတ်၌ မည်သို့ဖြစ်ပျက်သွားခဲ့သနည်း....။
ဆတ်ခံသူအရှင်သခင်က သေဆုံးသွားသလော...။
လုယွီက ကြမ်းပြင်ပေါ်၌ ခြေတစ်ချက်ဆောင့်ပြီး အေးစက်စက်ပြောဆိုလိုက်သည်။
"ဘယ်သူ လှုပ်ရှားရဲသေးလဲ"
Chapter 382
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ မည်သည့်အသံမျှမကြားရတော့ချေ။
ဦးခေါင်းမရှိတော့သော ဆတ်ခံသူအရှင်သခင်ရှန်းချင်၏ရုပ်အလောင်းကြီးက မြေပြင်ပေါ်၌ရှိနေဆဲဖြစ်ပြီး ဦးခေါင်းပြတ်ကြီးမှသွေးများယိုစီးကျနေဆဲဖြစ်ပေ၏။
မည်သူကမျှ ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ကြဘဲ လုယွီက နားလည်မှုလွဲမှားပြီး သူတို့အားကြံရာပါအဖြစ် သတ်ဖြတ်ပစ်မည်အား စိုးရွံနေကြသည်။
"ဟား ဟား ဟား...မင်းရဲ့မြေခွေးအမြှီးကို အစောကြီးထုတ်ပြလိုက်ပြီလား"
အိမ်ရှေ့စံမင်းသားက လုယွီကို မောက်မာသောအကြည့်ဖြင့် ကြည့်ရှုနေလေ၏။ သူ၏နံဘေး၌ အဖိုးအိုသုံးယောက်ရှိနေသည်။
ထိုအဖိုးအိုသုံးယောက်သည် ပုံပန်းသွင်ပြင်တူညီပြီး သူတို့၏ခန္ဓာကိုယ်မှပြင်းထန်သောအော်ရာများကို ထုတ်လွှတ်ထားလေသည်။ သူတို့သုံးယောက်လုံးသည် အဝိုင်းကြီးအဆင့်ကျင့်ကြံသူများဖြစ်ကြ၏။
အိမ်ရှေ့စံမင်းသားက လုယွီကိုလက်ညှိုးညွှန်ပြီး သူ၏နံဘေးရှိအဖိုးအိုအားပြောဆိုလိုက်သည်။
"ဧည့်အကြီးအကဲသုံးယောက်ခဗျာ...သူက အင်မော်တယ်မဟာမိတ်ကစေလွှက်ထားတဲ့ သူလျှိုတစ်ယောက်ပါ...ကျွန်တော်က လူသက်သေလည်းရရှိထားပါတယ်...ဒါပေမယ့် သူက ဆတ်ခံသူအရှင်သခင်ရှန်းကို အခွင့်ကောင်းယူပြီး သတ်ဖြတ်ပစ်မယ်ဆိုတာကိုတော့ ကျွန်တော်မျှော်လင့်မထားမိဘူး...သူက ယုတ်မာပြီးရိုင်းစိုင်းလွန်းတယ်"
အဖိုးအိုက လုယွီအား မျက်စိတစ်ချက်စွေကြည့်ပြီး အိမ်ရှေ့စံမင်းသားအားပြောဆိုလိုက်သည်။
"ဘာမှစိုးရိမ်မနေပါနဲ့...ငါ သူကို လွယ်လွယ်ကူကူ ဖမ်းဆီးပေးနိုင်တယ်"
အဖိုးအိုသုံးယောက်က လက်နောက်ပစ်ပြီး ကျော်လွှား၍မရနိုင်သောတောင်ကြီးများကဲ့သို့ မတ်တတ်ရပ်နေကြရာ လူများအားထိတ်လန့်ကြောက်ရွံနေစေသည်။
"ကောင်လေး...မြန်မြန်ဒူးထောက်ပြီး သေပေးစမ်း...ဒါဆိုရင် မင်းကို မြန်မြန်သေခွင့်ပေးလိုက်မယ်"
အဖိုးအိုသုံးယောက်အနက်မှ ခေါင်းဆောင်ဖြစ်သူက ပြောဆိုလိုက်၏။
လုယွီက တည်ငြိမ်စွာဖြင့်သာ ပြန်လည်ပြောဆိုလိုက်သည်။
"ငါကိုအရှုံးပေးမလား...ဒါမှမဟုတ် အသေခံမလား"
"မင်း...သေချင်နေတာလား"
ခေါင်းဆောင်အဖိုးအို၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။
အဖိုးအိုသုံးယောက်က အော်ဟစ်ကြုံးဝါးပြီးနောက် သူတို့၏ခန္ဓာကိုယ်မှ ကျန်းချီများအား ဧရာမစက်ဝိုင်းပုံသိပ်သည်းလိုက်ရာတွင် တောက်ပသောအလင်းရောင်များထွက်ပေါ်လာခဲ့သည်။
ထိုအလင်းရောင်ပျံနှံ့သွားပြီးဖြာထွက်လာခြင်းက မြေပြင်ပြင်ပေါ်သို့ကျရောက်သွားသည်တွင် ကြီးမားသည့်အက်ကွဲကြောင်းကြီးများပင် ဖြစ်ပေါ်စေခဲ့သည်။
"အစိမ်းရောင်အကျဥ်းထောင် မီးလက်ဝါး"
အဖိုးအိုသုံးယောက်သည် အော်ဟစ်ပြီး အချိန်တပြိုင်နက်တည်း လက်ဝါးရိုက်ချက်များကို ထုတ်လွှက်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် ကျန်းချီစက်လုံးကြီးသုံးလုံးက လုယွီထံသို့ တိုးဝင်လာခဲ့သည်။
သူတို့၏အကြားတွင် လေပြင်းတိုက်ခတ်နေသံများကိုပင်ကြားနိုင်ပေရာ နံဘေးရှိလူများက အလွန်အမင်းထိတ်လန့်တုန်လှုပ်နေကြသည်။
"ဒါလေးပဲလား"
လုယွီက အေးစက်စက်ပြောဆိုပြီးနောက် ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။
ဘန်း ဟူသောအသံနှင့်အတူ မြေပြင်တစ်ခုလုံးတုန်ခါသွားလေ၏။
လုယွီ၏နောက်ကျောတွင် ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့် ကြမ်းကြုတ်ရက်စက်သော မျက်နှာထားရှိသော မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လုယွီက သူနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော လူသုံးယောက်ကိုညွှန်ပြပြီး အေးစက်စက်ရေရွတ်လိုက်သည်။
"ယမမင်းရဲ့ဒေါသ..."
ဝေါ......
ကျယ်လောင်စူးရှသောအော်သံကြီးက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ချက်ချင်းပင်ပျံ့နှံ့သွားခဲ့သည်။
အဖိုးအိုသုံးယောက် ထုတ်လွှက်ထားသော ကျန်းချီစက်လုံးကြီးသည် မည်သည့်အသိပေးချက်မျှမရှိဘဲ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အပိုင်းပိုင်းအစစကြေမွပျက်စီးသွားလေသည်။
ထို့နောက် မည်သည့်ကာကွယ်ထားမှုမျှမရှိသော အဖိုးအိုသုံးယောက်သည် နောက်သို့လွင့်စင်ထွက်သွားကြ၏။ သူတို့က မြေပြင်နှင့်ပြင်းထန်စွာရိုက်ခတ်မိပြီး သူတို့၏ခန္ဓာကိုယ်များမှ သွေးများယိုစီးကြလာကြသည်။
"ပြီးတော့ မင်း...."
လုယွီက အိမ်ရှေ့စံမင်းသားအား ကြည့်ရှုလိုက်၏။
ယခင်က ယုံကြည်ချက်ခိုင်မာမှုများနှင့်တောက်ပနေသော အိမ်ရှေ့စံမင်းသား၏မျက်လုံးများတွင် ယခု ကြောက်ရွံထိတ်လန့်မှုများ အထင်းသားထင်ဟပ်နေလေသည်။ မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ သူက နောက်သို့ထွက်ပြေးလေတော့သည်။
သို့ရာတွင် လုယွီက အိမ်ရှေ့စံမင်းသားအား ထွက်ပြေးရန်အခွင့်အရေး ပေးမည်လော...။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီထံမှ ခေါင်းဖြတ်ဓားထွက်လာပြီး အိမ်ရှေ့စံမင်းသား၏ခေါင်းကို ဖြတ်တောက်လိုက်တော့သည်။
တိတ်ဆိတ်ငြိမ်သက်ခြင်း....
ဒေါက်ဟူသောအသံများနှင့်အတူ မြေအောက်လောကနတ်ဆိုးဂိုဏ်းမှ အကြီးအကဲများက မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။
ထိုကောင်လေးက ဆတ်ခံသူအရှင်သခင်ရှန်းချင်ကိုသတ်ဖြတ်ခဲ့သည့်အပြင် ဧည့်အကြီးအကဲသုံးယောက်ကိုလည်း သူ၏လှုပ်ရှားမှုတစ်ခုတည်းဖြင့်အနိုင်ယူခဲ့သည်။
ထိုအရာက မည်ကဲ့သို့စွမ်းအားမျိုးဖြစ်မည်နည်း....
လုယွီက လက်နောက်ပစ်ပြီး အဖိုးအိုသုံးယောက်ထံသို့ လျှောက်လှမ်းသွားလိုက်၏။
"မင်းတို့နာမည် ဘယ်လိုခေါ်လဲ"
လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။
အဖိုးအိုသုံးယောက်သည် မြေအောက်လောကနတ်ဘုရားပုံရိပ်၏ကြုံးဝါးသံကြောင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအား ဆုတ်ဖြဲခြင်းခံထားရသကဲ့သို့ ခံစားနေရသည်။
လုယွီက သူတို့အားမေးမြန်းလာသည့်အချိန်တွင် အဖိုးအိုခေါင်းဆောင်က နာကျင်စွာခံစားနေရရာမှ တုန်ရီသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ရှမင် တစ်...သူတို့က ကျွန်တော်ညီတွေဖြစ်တဲ့ ရှမင်နှစ်နဲ့ရှမင်သုံးပါ"
ဤကဲ့သို့နာမည်မျိုးသည် အမှန်တကယ် ထူးဆန်းနေပေ၏။
လုယွီက မျက်မှောင်ကြုတ်နေရင်းမှ ပြောဆိုလိုက်သည်။
"မင်းတို့က တာအိုကျင့်ကြံသူတွေလား"
အဖိုးအိုက ခါးသက်သက်အပြုံးဖြင့် ခေါင်းညိတ်ပြရင်း သူတို့၏လည်ပင်းပေါ်ရှိ အနီရောင်ဦးခေါင်းခွံအမှတ်အသားကို ထုတ်ဖော်ပြသလိုက်၏။
"ဒါက သွေးကျွန်ချန်ထားခဲ့တဲ့ အမှတ်အသားပဲ"
လုယွီက ခေါင်းညိတ်ပြီး သူ၏လက်ကိုအကြီးအကဲသုံးယောက်၏လည်ပင်းများပေါ်သို့ တလှည့်ချင်းစီတင်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အနီရောင်ဦးခေါင်းခွံအမှတ်အသားက ပျောက်ကွယ်သွားခဲ့သည်။
"ငါစီမှာ သစ္စာခံကြ...ငါက မင်းတို့ရဲ့လွတ်လပ်ခွင့်ကိုကန့်သတ်မှာမဟုတ်ဘူး"
လုယွီက တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်သည်။
Chapter 383
အနီရောင်ဦးခေါင်းခွံအမှတ်အသား ပျောက်ကွယ်သွားသည်နှင့် အဖိုးအိုသုံးယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားကြသည်။
ရှမင်တစ်က ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်လိုက်ရာတွင် သူ၏ခန္ဓာကိုယ်မှတဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ မူလက ကွေးညွတ်နေသောသူ့ခန္ဓာကိုယ်သည် ထိုအချိန်တခဏ၌ ထောင်မတ်လာလေ၏။
တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများနှင့်အတူ အဖိုးအိုသုံးယောက်၏ကျင့်ကြံဆင့်နယ်ပယ်များလည်း မြင့်တတ်သွားခဲ့သည်။
ထိုအမှတ်အသားသည် နတ်ဆိုးအင်ပါယာက ဤလူသုံးယောက်အား ထိန်းချုပ်ခဲ့သောအရာဖြစ်ပေ၏။
အဖိုးအိုသုံးယောက်သည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏ဧည့်အကြီးအကဲများဟု လူအများကသိရှိထားကြသော်လည်း အမှန်စင်စစ်တွင်မူ သူတို့က နတ်ဆိုးအင်ပါယာ၏ကျေးကျွန်များသာဖြစ်ပေသည်။
သူတို့ မည်မျှထိ ပြင်းပြင်းထန်ထန် ကျင့်ကြံပါစေ...ထိုအမှတ်အသားကြောင့် သူတို့၏ကျန်းချီ တစိတ်တဒေသကို နတ်ဆိုးအင်ပါယာအား ပေးအပ်ထားရသည်။ အချိန်များကုန်လွန်လာသော်လည်း သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် မူရင်းနေရာ၌သာ တံ့နေပေ၏။
"ကျေးဇူးတင်ပါတယ် အရှင်သခင်"
ရှမင်တစ်တို့သုံးယောက်လုံး လုယွီ၏ရှေ့၌ ဒူးထောက်လိုက်ကြသည်။
"မြေအောက်လောကနတ်ဆိုးဂိုဏ်းမှာ နတ်ဆိုးအင်ပါယာရဲ့မျိုးဆက်တွေရှိသေးလား"
လုယွီက မေးမြန်းလိုက်သည်။
ရှမင်တစ်က လေးလေးစားစား ပြန်လည်ဖြေဆိုလိုက်၏။
"အရှင်သခင်ကို အစီရင်ခံပါတယ်...နတ်ဆိုးအင်ပါယာရဲ့မျိုးဆက်တွေက အခုပင်မယဇ်ပလ္လင်မှာ ရှိနေပါတယ်"
"သူတို့ကိုဖမ်းဆီးပြီးတော့ သူတို့ရဲ့ကျင့်ကြံမှုတွေကိုဖျက်ဆီးပြီး သာမာန်လူတွေလိုအသက်ရှင်ခိုင်းလိုက်"
လုယွီက ရှမင်တစ်တို့လူစုအား ညွှန်ကြားလိုက်လေသည်။
"ဟုတ်ကဲ့"
ရှမင်နှစ်နှင့်ရှမင်သုံးတို့က လုယွီ၏အမိန့်အတိုင်းဆောင်ရွက်ရန် ထွက်ခွါသွားတော့သည်။
"အရှင်သခင်...နတ်ဆိုးအင်ပါယာ....."
"နတ်ဆိုးအင်ပါယာက သေပြီ"
လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ နတ်ဆိုးမင်ပါယာ၏ဦးခေါင်းကို ထုတ်လိုက်သည်။
ထိုဦးခေါင်း၌ သွေးများစွန်းထင်းနေဆဲ ဖြစ်ပေ၏။ လုယွီက ဦးခေါင်းပြတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ဖုန်မှုန့်များကြား၌ တလိမ့်လိမ့်လိမ့်ဆင်းသွားခဲ့သည်။
ရှမင်တစ်က လေအေးတစ်ချက် ရှိုက်လိုက်မိသည်။ မြေအောက်လောကနတ်ဆိုးဂိုဏ်းကို နတ်ဆိုးအင်ပါယာက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးအင်ပါယာ မည်မျှအထိအစွမ်းထက်ကြောင်းကို မည်သူမျှအတိအကျမသိရှိကြသော်လည်း အလယ်ပိုင်းကုန်းမြေမှထိပ်သီးကျင့်ကြံသူများပင် သူရှေ့၌ အမှားမလုပ်ဝံ့ကြချေ။
ရှမင်တစ် ပြန်တွေးကြည့်လျှင် သူတို့သုံးယောက်သည် အဝိုင်းကြီးအဆင့်ကျင့်ကြံသူများဖြစ်ကြ၏။ သို့သော် နတ်ဆိုးအင်ပါယာ၏ရှေ့မှောက်တွင် သူတို့၌ ပြန်လည်ခုခံတိုက်ခိုက်ရန် စွမ်းအားမရှိခဲ့ချေ။
ယခုချိန်တွင်မူ နတ်ဆိုးအင်ပါယာသည် လူငယ်လေးတစ်ယောက်၏လက်အတွင်း၌ သေဆုံးခဲ့ရ၏။
"အရှင်သခင်က အစွမ်းထက်လိုက်တာ"
ရှမင်တစ်က လုယွီကိုကြည့်သောအကြည့်များတွင် ရိုလေလေးစားခြင်းများ ပြည့်နှက်နေပေသည်။
ရုတ်တရက် ရှမင်တစ်က တစ်စုံတစ်ခုကိုတွေးတောမိပုံဖြင့် ပြောဆိုလိုက်သည်။
"အရှင်သခင်က နတ်ဆိုးအင်ပါယာကို သတ်လိုက်ပြီဆိုမှတော့ မြေအောက်လောကနတ်ဆိုးဂိုဏ်းက အုပ်ချုပ်သူကင်းမဲ့သွားပြီ...အရှင်သခင်က မြေအောက်လောကနတ်ဆိုးဂိုဏ်းကို ထိန်းချုပ်ပါလား"
လုယွီက လက်ကိုသာ ဝှေ့ယမ်းပြလိုက်၏။
"မလုပ်ဘူး....မင်းက ငါနောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့မှတော့ မင်းက နတ်ဆိုးဂိုဏ်းရဲ့အုပ်ချုပ်သူပဲ"
ရှမင်တစ်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားပြီး သူကချက်ချင်းပင် မြေပြင်ပေါ်၌ဒူးထောက်လိုက်သည်။
"ကျွန်တော်က အရှင်သခင်ရဲ့ယုံကြည်မှုကို သစ္စာမဖောတ်ဝံ့ပါဘူး"
"ကောင်းပြီလေ....မြေအောက်လောကက ကိစ္စရပ်တွေအားလုံးကို မင်း တာဝန်ယူထား...ငါ ရက်နည်းနည်းလောတ်တံခါးပိတ်ကျင့်ကြံမယ်...ဘယ်သူမှ လာမနှောက်ယှက်စေနဲ့"
လုယွီက အမိန့်ပေးလိုက်လေ၏။
ရှမင်တစ်က လေးလေးစားစား ပြန်လည်ပြောဆိုလိုက်လေသည်။
"ဟုတ်ကဲ့ပါ အရှင်သခင်"
ဤဖြစ်ရပ်များအားလုံးသည် လူအများ၏ရှေ့မှောက်၌ ဖြစ်ပျက်သွားခြင်းဖြစ်ပေ၏။ တစ်ချို့လိမ္မာပါးနပ်သူများသည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏ကောင်းကင် ပြောင်းလဲသွားပြီဟူသည်အား သိရှိနေကြသည်။
သွေးကန်အတွင်းမှ ထွက်လာသောသူများကမူ အံ့အားသင့်တုန်လှုပ်နေသောအနေအထား၌ ရှိနေကြသည်။ ဤအချိန်တခဏ၌ သူတို့မြင်နေရသောမြင်ကွင်းကြောင့် ပို၍ပင်ထိတ်လန့်နုန်လှုပ်သွားလေ၏။
"ငါ အိပ်မက်မက်နေတာများလား"
"အဲ့ဒီကောင်လေးက နတ်ဆိုးအင်ပါယာနဲ့အိမ်ရှေ့စံမင်းသားကို သတ်လိုက်တာလား"
လူတိုင်းသည် အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသော်လည်း ထိတ်လန့်တုန်လှုပ်နေဆုံးလူမှာမူ နံဘေးတနေရာ၌ ပုန်းအောင်းနေသော လုစွေ့ထင်းဖြစ်ပေသည်။
သူမက လုယွီအား မုန်းတီးခဲ့သည်။ ထို့ကြောင့် လုယွီ၏သရုပ်မှန်ကို ပြောဆိုခဲ့မိ၏။ သို့ရာတွင် လုယွီက အချိန်တခဏအတွင်းမှာပင် အိမ်ရှေ့စံမင်းသားကို သတ်ဖြတ်နိုင်ခဲ့မည်ဟု သူမ မျှော်လင့်မထားမိခဲ့ချေ။
"ဒီနေရာက မြန်မြန်ထွက်သွားမှဖြစ်မယ်"
လုစွေ့ထင်းသည် တုန်ရီနေရာမှ ချက်ချင်းပင် နောက်လှည့်၍ ထွက်ခွါလိုက်တော့သည်။
လုစွေ့ထင်း၏ထွက်ခွါသွားခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏စိတ်အာရုံကိုမျှဆွဲဆောင်နိုင်ခြင်းမရှိပေ။
ဤအချိန်တခဏတွင် မြေအောက်လောကနတ်ဆိုးဂိုဏ်းနစ်ခုလုံး ဝရုန်းသုန်းကားဖြစ်နေလေသည်။
မုလကမင်းသားဘွဲ့ခံယူထားကြသော နတ်ဆိုးအင်ပါယာ၏တိုက်ရိုက်မျိုးဆက်များအားလုံး ကျင့်ကြံမှုများ ဖျက်ဆီးခြင်းခံလိုက်ရသည်။ သူတို့က ယခုအဖြစ်အပျက်များကို လက်ခံနိုင်စွမ်းမရှိသဖြင့် ပြန်လည်ခုခံတိုက်ခိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် ရှမင်တစ်တို့လူစုသည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၌ ဂုဏ်သတင်းကြီးမားသူများဖြစ်၍ ပုန်ကန်ထကြွမှုများအားလုံးကို အလျှင်အမြန်နှိမ်နှင်းနိုင်ခဲ့သည်။
သို့ရာတွင် ထိုကိစ္စရပ်များအားလုံးသည် လုယွီအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှမရှိချေ။
မြေအောက်လောကနတ်ဆိုးဂိုဏ်း၌ နောက်ထပ်တစ်လခန့်ကျင့်ကြံပြီးနောက် လုယွီက တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခဲ့သည်။
ပြင်ပ၌ ရှမင်တစ်တို့လူစုသည် လုယွီအား အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေကြ၏။
Chapter 384
"အရှင်သခင်"
လုယွီထွက်လာခြင်းကိုမြင်သည်နှင့် ရှမင်တစ်တို့လူစုက တရိုတသေနှုတ်ဆတ်လိုက်ကြသည်။
သူတို့က လုယွီ တံခါးပိတ်ကျင့်ကြံရာမှထွက်လာခြင်းကို အပြေးအလွား လာရောက်ကြိုဆိုကြခြင်းဖြစ်သည်။
ရက်အနည်းငယ်သာကြာသောအချိန်အတွင်း၌ပင် လုယွီ၏အော်ရာသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းအောင် ပြောင်းလဲသွားခဲ့သည်။
ရှမင်တစ်တို့လူစုက လုယွီ၏အော်ရာသည် ပို၍တည်ငြိမ်လာသည်ကိုခံစားမိပြီး သွေးကန်အတွင်းမှထွက်လာချိန်ကကဲ့သို့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြင်းထန်နေခြင်းမရှိသည်ကို တွေ့မြင်မိ၏။
ရက်မည်မျှကြာသေးလို့နည်း...။
လူအများက အံ့အားသင့်တုန်လှုပ်နေသောအကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုနေကြသည်။
"ဂုဏ်ထူးဆောင်အုပ်ချုပ်သူ...မင်းက ငါတို့ကို အရှင်သခင်အသစ်စီ ခေါ်သွားမှာဆို...ဘယ်နေရာမှာလဲ"
ရှမင်တစ်၏နောက်မှ သရော်တော်တော်ပြောလိုက်သံ ထွက်ပေါ်လာလေ၏။
ရှမင်တစ်တို့လူစု၏နောက်မှ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်က လူတစ်ချို့အားဦးဆောင်၍ ရောက်ရှိလာခဲ့သည်။
"အတင့်ရဲလိုက်တာ....အရှင်သခင်က မင်းတို့ရှေ့မှာလေ...ပေါတ်ကရစကားတွေပြောနေတာ ခုရပ်စမ်း"
ရှမင်တစ်က ဒေါသတကြီးအော်ဟစ်လိုက်၏။
သတ်လတ်ပိုင်းအရွယ်လူက လက်ပိုက်လျက်အနေအထားဖြင့် ပြောဆိုလိုက်လေ၏။
"ငါကတော့ ကိုယ်နေရာကိုယ်မသိတဲ့ ကောင်လေးတစ်ယောက်ကိုပဲမြင်တယ်...မင်းပဲ အဲ့ကောင်ကိုရိုသေလေးစားနေလိုက်....မင်းက နတ်ဆိုးအင်ပါယာနဲ့ဆတ်ခံသူအရှင်သခင်ကို မင်းကိုယ်တိုင်သတ်ခဲ့တာပဲဖြစ်မယ်...ပြီးမှ ငါတို့လက်ခံနိုင်အောင် မင်းရဲ့ဟန်ပြအဖြစ်နဲ့ ဒိကောင်ကို ရုပ်သေးလုပ်ပြီး ကြိုးဆွဲနေတာမလား...မင်း ငါတို့ကို ငတုံးများထင်နေလား"
သတ်လတ်ပိုင်းအရွယ်လူကြီး၏နောက်၌ အေးတိအေးစက်ပြုံးနေကြသော လူတစ်စုရှိနေသည်။ သူတို့သည် မြေအောက်လောကနတ်ဆိုးဂိုဏ်းမှ ထိပ်သီးအဆင့်အတန်းပိုင်ဆိုင်ထားသည့် အကြီးအကဲများဖြစ်ကြ၏။
သို့ရာတွင် ထိုသူတို့က မြေအောက်လောကနတ်ဆိုးဂိုဏ်းတွင် ကပ်တွယ်နေကြသူများသာဖြစ်သည်။ အကယ်၍ သူတို့၌ အကျိုးကျေးဇူးရရှိမည်သာဆိုလျှင် နတ်ဆိုးဂိုဏ်းအားစွန့်ခွါသွားမည်သာဖြစ်ပေ၏။
သူတို့က နတ်ဆိုးအင်ပါယာနှင့်ရင်ဆိုင်တိုက်ခိုက်ရန် သတ္တိမရှိကြချေ။ သို့သော် ရှမင်တစ်က နတ်ဆိုးဂိုဏ်း၏အရှင်သခင်ဖြစ်လာချိန်တွင်မူ သူတို့၏စိတ်နှလုံးသားများ လှုပ်ရှားလာကြသည်။
"ဂုဏ်ထူးဆောင်အုပ်ချုပ်သူ...ငါက နတ်ဆိုးဂ်ုဏ်းကိုရောက်လာတာ အချိန်မင်းလောတ်မကြာသေးဘူး...အခု နတ်ဆိုးဂိုဏ်းက ဖရိုဖရဲတွေဖြစ်နေမှတော့ အရှင်သခင်အသစ်ကို ငါတို့သေချာပြန်ဆုံးဖြတ်ကြရအောင်"
သတ်လတ်ပိုင်းအရွယ်လူကြီးက ပြောဆိုလိုက်၏။
"မင်း ဘယ်သူကို ရုပ်သေးလို့ပြောလိုက်တာလဲ"
ရှမင်တစ်က အော်ဟစ်လိုက်လေ၏။
သတ်လတ်ပိုင်းအရွယ်လူကြီးက သရော်တော်တော်လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"ဟန်ဆောင်မနေပါနဲ့...မင်းရဲ့အစီအစဥ်ကို ငါတို့အားလုံးသိပြီးသားပဲကို...မင်းက ရုပ်သေးတစ်ရုပ်ကိုထောက်ပံပြီး မြေအောက်လောကနတ်ဆိုးဂိုဏ်းတစ်ခုလုံးက ရတနာတွေကို မောင်ပိုင်စီးချင်နေတာမလား"
"ကျွင်းဟောင်...ဒီကိုလာစမ်း"
သတ်လတ်ပိုင်းအရွယ်လူက လက်ဝှေ့ယမ်းလိုက်သည်။ သူ၏နောက်မှ ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်က ရိုင်းစိုင်းသောမျက်နှာအမူအယာဖြင့် ထွက်လာခဲ့သည်။
"ဂုဏ်ထူးဆောင်အုပ်ချုပ်သူ...သူက ငါရဲ့တပည့် ကျူးကျွင်းဟောင်...ဒီနှစ်မှအသက်သုံးဆယ်ပြည့်မှာ...အဝိုင်းသေးအဆင့်ကျင့်ကြံမှုနယ်ပယ်ကိုရောက်နေတဲ့သူတစ်ယောက်...ဒါပြင် မြေအောက်လောကနတ်ဆိုးဂိုဏ်းမှာ ကျော်ကြားတဲ့လူငယ်ပဲ့နင်းတစ်ယောက်ပဲ...သူကို တစ်ချက်ကြည့်ကြည့်ပါအုံး"
သတ်လတ်ပိုင်းအရွယ်လူကြီးက သူကိုယ်သူယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုနေလေ၏။
ကျူးကျွင်းဟောင်က ယုံကြည်ချက်အပြည့်ရှိသောအပြုံးဖြင့် ရှေ့သို့ထွက်လာပြီး ရှမင်တစ်အားလက်သီးဆုပ်၍ အရိုအသေပြုလိုက်သည်။
"ဂုဏ်ထူးဆောင်အုပ်ချုပ်သူကို နှုတ်ဆတ်ပါတယ်"
ထို့နောက် ကျူးကျွင်းဟောင်က လုယွီကိုကြည့်ပြီး သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်လေသည်။
"မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့ အရှင်သခင်က အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကျွန်တော်မျှော်လင့်တယ်...ဘာမှသုံးစားမရတဲ့ ရုပ်သေးရုပ်မဖြစ်စေချင်ဘူး"
ကျူးကျွင်းဟောင်က လုယွီအား စိတ်ပျက်လက်ပိက်အကြည့်မျိုးဖြင့်ကြည့်ပြီး ပြောဆိုလိုက်၏။
"မင်း ဘာနည်းလမ်းတွေအသုံးပြုပြီး ဂုဏ်ထူးဆောင်အုပ်ချုပ်သူရဲ့အသိအမှတ်ပြုမူကို ရရှိထားတယ်ဆိုတာတော့ ငါမသိဘူး...ဒါပေမယ့် ငါ မင်းအကြောင်းစုံစမ်းကြည့်တာတော့ အရင်တုန်းက မင်း လမ်းလျှောက်သူအဆင့်ပဲရှိတာ...ကံကောင်းပြီး ရတနာတစ်ခုရရှိခဲ့လို့ အရင်နတ်ဆိုးအင်ပါယာက မင်းကို ဗိုလ်ချုပ်ရာထူးပေးခဲ့တာပဲရှိတယ်"
"ဟား ဟား ဟား...မင်းလို ဗိုလ်ချုပ်အဆင့်က ငါရှေ့မှာရပ်နေဖို့တောင် အဆင့်မမှီဘူး"
ကျူးကျွင်းဟောင်က လုယွီအား အထင်အမြင်သေးမှုအပြည့်ဖြင့် သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါယမ်းနေလေသည်။
သတ်လတ်ပိုင်းအရွယ်လူကြီးက ပြုံးလိုက်လေ၏။
"ဂုဏ်ထူးဆောင်အုပ်ချုပ်သူ...မင်း သေသေချာချာ စဥ်းစားပေးမယ်လို့ ငါမျှော်လင့်ပါတယ်...ငါတို့မြေအောက်လောကနတ်ဆိုးဂိုဏ်းကို သူများတွေလှောင်ရယ်စရာဖြစ်အောင် မလုပ်ပါနဲ့"
ရှမင်တစ်၏ဦးခေါင်းမှသွေးကြောများ ထောင်တတ်နေပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ပြီးပြီလား....မင်းတို့ပြောပြီးရင် ထွက်သွားကြစမ်း"
"ဒါက ဒီလေါတ်ထိ စိတ်ဆိုးစရာလား"
သတ်လတ်ပိုင်းအရွယ်လူကြီးက ထပ်မံပြောဆိုလိုက်လေ၏။
"တစ်ကယ်လို့ မင်းရဲ့ကျင့်ကြံဆင့်က ငါထက်မြင့်တယ်ဆိုရင်တောင်...ငါ ခေါ်လာတဲ့သူက အစွမ်းမရှိတဲ့သူမဟုတ်ဘူး...မြေအောက်လောကနတ်ဆိုးဂိုဏ်းကကိစ္စတွေကို မင်းတစ်ယောက်တည်းနဲ့ ဆုံးဖြတ်ချက်ချလို့ရမယ်မထင်နဲ့"
သတ်လတ်ပိုင်းအရွယ်လူကြီး၏နောက်မှ လူများက သူတို့၏ကျန်းချီများကိုထုတ်လွှက်လိုက်ကြသည်။ သူတို့အားလုံးက အစွမ်းထက်သောအဝိုင်းကြီးအဆင့်ကျင့်ကြံသူများဖြစ်ပေ၏။
Chapter 385
"ဟား ဟား ဟား ဟား"
ရှမင်တစ်က အော်ဟစ်ရယ်မောလိုက်ရာတွင်ပတ်ဝန်းကျင်နေရာတစ်ခုလုံး သူ၏မိုးခြိမ်းသံတမျှကျယ်လောသောရယ်မောသံက ပဲ့တင်ထပ်ပျံနှံ့နေလေသည်။
သတ်လတ်ပိုင်းအရွယ်လူကြီး၏မျက်လုံးများအတွင်း၌ သတိထားနေသောအရိပ်အငွေ့များ ထင်ဟပ်လာခဲ့သည်။ သူနောက်ရှိ အကြီးအကဲများသည်လည်း သူတို့၏ကျန်းချီများကို လှည့်ပတ်ထားပြီး ရှမင်တစ်အား ရင်ဆိုင်နိုငိရန် အဆင်သင့်ပြင်ဆင်ထားကြသည်။
"မင်းတို့က ငါရှေ့မှာလာပြီး ရိုင်းစိုင်းရဲတယ်ပေါ့"
ရှမင်တစ်၏ဒေါသတကြီးအော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ရှိလေထုပင် တုန်ခါသွားခဲ့သည်။
သတ်လတ်ပိုင်းအရွယ်လူကြီးက အံတင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။
"ဂုဏ်ထူးဆောင်အုပ်ချုပ်သူ...မင်းဘယ်လောတ်ပဲအစွမ်းထက်ထက် ငါတို့အကုန်လုံးကို မင်းတို့လူစုလောတ်နဲ့ ရင်ဆိုင်လို့မရနိုင်ဘူး"
ရှမင်တစ်က အေးစက်စက်နှာမှုတ်ပြီး လက်ဝါးရိုက်ချက်တစ်ချက်ကို သတ်လတ်ပိုင်းအရွယ်လူကြီးထံသို့ ရိုက်ထုတ်လိုက်လေ၏။
"ဝင်္ကပါ ခင်းကျင်းကြ"
သတ်လတ်ပိုင်းအရွယ်လူကြီးက အော်ဟစ်လိုက်သည်တွင် သူ့နောက်ရှိအကြီးအကဲများက နေရာယူလိုက်ကြသည်။ ထိုလူများကကျန်းချီများကို တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆတ်လိုက်ရာတွင် ပြင်းထန်သောစွမ်းအားများထွက်ပေါ်လာပြီးနောက် ဝင်္ကပါကြီးတစ်ခုအား ဖွဲ့စည်းလိုက်ကြ၏။
ရှမင်တစ်က အထင်အမြင်သေးဟန်ဖြင့် လက်ဝါးရိုက်ချက်တစ်ချက်ကို သာမာန်ကာလျှံကာ ထုတ်လွှက်လိုက်ရာ ထိုရိုက်ချက်က ဝင်္ကပါပေါ်သို့ပြင်းပြင်းထန်ထန်ကျရောက်သွားခဲ့သည်။
သို့သော် ဝင်္ကပါကြီးက လှုပ်ရှားသွားခြင်းမရှိချေ။
"ဂုဏ်ထူးဆောင်အုပ်ချုပ်သူ....ငါတို့က ပြင်ဆင်မထားဘူးလို့ မင်းထင်ထားတာလား...မင်းရဲ့ညီတွေက မင်းသားတွေနောက်ကို လိုက်ပြီးဖမ်းဆီးနေတယ်...အခု မင်းတစ်ယောက်တည်းနဲ့ ငါတို့ကိုဘယ်လိုရင်ဆိုင်မှာလဲ"
သတ်လတ်ပိုင်းအရွယ်လူကြီးက ရှမင်တစ်ကို ထိန်းချုပ်ထားနိုင်ခြင်းကိုကြည့်ပြီး သူ့နံဘေးရှိကျူးကျွင်းဟောင်၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသောအပြုံးမျိုး ပေါ်ထွက်နေခဲ့သည်။
"ကောင်လေး...ဒီနေရာက ထွက်မသွားသေးဘူးလား...ဒီနေရာက မင်းနေရမယ့် နေရာမျိူးမဟုတ်ဘူး"
ကျူးကျွင်းဟောင်က လုယွီအား အော်ငေါက်လိုက်သည်။
လုယွီ၏မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားပြီး သူက အေးစက်စက်ပြောဆိုလိုက်လေ၏။
"မင်ယီ...သူတို့နဲ့ဘာကိစ္စရှိလို့လဲ"
"သူတို့အားလုံးက ဒီအစေခံရဲ့လက်အောက်က အကြီးအကဲတွေပါ...ကျွန်တော် သူတို့ကိုသွန်သင်ဆုံးမမှုညံဖျင်းခဲ့တယ်...အရှင်သခင်က ကျွန်တော်ကို အပြစ်ပေးပါ"
ရှမင်တစ်က လုယွီ၏ရှေ့၌ ချက်ချင်းပင် ဒူးထောက်လိုက်လေသည်။
"ငါက မင်းကို ဆယ်ရက်ပဲအချိန်ပေးခဲ့တာလေ...ကိစ္စတွေအားလုံးဖြေရှင်းဖို့ အချိန်နည်းလွန်းတာပါ....မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့"
လုယွီက နူးညံသိမ်မွေ့စွာပြောဆိုလိုက်သည်။
အနီးပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေနေကြ၏။
မည်သို့ ဖြစ်ပျက်နေသနည်း...။
ထိုကောင်လေးက ဂုဏ်ထူးဆောင်အုပ်ချုပ်သူ ထောက်ပံပေးထားသော ရုပ်သေးအရှင်သခင်မဟုတ်ပေလော....။
မည်သည်ကြောင့် ဂုဏ်ထူးဆောင်အုပ်ချုပ်သူက ရုပ်သေးအရှင်သခင်၏ရှေ့၌ ဒူးထောင်နေရသနည်း...။
သတ်လတ်ပိုင်းအရွယ်လူကြီး၏မျက်လုံးများအတွင်း၌ တည်ကြည်လေးနက်မှုများထင်ဟပ်လာခဲ့သည်။ ဤဖြစ်ရပ်များသည် သူတွေးတောထားသကဲ့သို့ ရိုးရှင်းမှုမရှိသည်ကို သူ ခံစားမိလေ၏။
သို့သော် လေးညှို့ပေါ်သို့ မြှားတစ်ချောင်းတင်ပြီးမှတော့ သူ စေလွှက်ရပေတော့မည်။
သတ်လတ်ပိုင်းအရွယ်လူကြီး၏အသိစိတ်အာရုံနှင့် နှိုင်းယှဥ်ပါက ကျူးကျွင်းဟောင်သည် အခြေအနေအား သိနားလည်တတ်သူမဟုတ်သေးချေ။ ဤကဲ့သို့အသက်ငယ်ရွယ်သောကောင်လေးတစ်ယောက်သည် သူထက်ပို၍သာလွန်မည်ဟုလည်း သူမယုံကြည်နိုင်ချေ။
ကျူးကျွင်းဟောင်က လုယွီ၏ရှေ့သို့ ကြွားကြွားဝင့်ဝင့် လမ်းလျှောက်လာပြီး ပြောဆိုလိုက်သည်။
"မင်းကို ထွက်သွားခိုင်းနေတာလေ...နားကန်းနေတာလား...လမ်းလျှောက်သူအဆင့်ပဲရှိတဲ့အမှိုက်...မင်းက ငါရှေ့မှာမတ်တတ်ရပ်ပြီး နေသင့်လို့လား"
ကျူးကျွင်းဟောင်က လုယွီအားဂုတ်ကဆွဲရန် သူ၏လက်ကို ဆန့်တန်းလိုက်လေ၏။
သို့ရာတွင် သူ၏လက်ဆန့်ထုတ်လိုက်သည်နှင့် အနက်ရောင်လူရိပ်တစ်ရိပ် ဖျက်ခနဲရွေ့လျားသွားခြင်းကို သူကခံစားမိခဲ့သည်။
လုယွီက သူ၏လက်ကိုညင်သာစွာဝှေ့ယမ်းလိုက်သော်လည်း သူ၏အရှိန်သည်လျှပ်ပြက်သကဲ့သို့မြန်ဆန်နေကာ ကျူးကျွင်းဟောင်၏ဝမ်းဗိုက်အား ရိုက်ခတ်ခဲ့သည်။
"အမှိုက်ကောင်...မင်း လုပ်ရဲ...."
ကျူးကျွင်းဟောင်၏စကားလုံးများသည် တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားလေ၏။ ကျူးကျွင်းဟောင်အား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သူ၏မျက်လုံးများပြူးကျယ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ဒူးထောက်ရက်သားပြိုလဲကျသွားခဲ့သည်။
လုယွီက ရှေ့သို့ဆက်တိုးလိုက်ရာတွင် အကြီးအကဲများအုပ်စု၏ရှေ့သို့ ချက်ချင်းပင်ရောက်ရှိသွားခဲ့သည်။
"စိတ်ကူးယဥ်နေကြတာလား"
လုယွီက ဝင်္ကပါအား ပြင်းထန်သောလက်သီးချက်ဖြင့် ထိုးနှက်လိုက်၏။
သာမာန်မျက်လုံးဖြင့်မြင်နိုင်သောအရှိန်ဖြင့် ဝင်္ကပါကြီးပေါ်သို့ လုယွီ၏လက်သီးချက်က ကျရောက်သွားခဲ့သည်။
ဝင်္ကပါအတွင်းရှိအကြီးအကဲများအားလုံး လုယွီအယး ထိတ်လန့်တကြားအကြည့်ဖြင့် ကြည့်ရှုနေကြ၏။
အစွမ်းထက်သောစွမ်းအားတစ်ရပ်က သူတို့အားလုံးကို ကာကယ်နိုင်စွမ်းကင်းမဲ့သွားစေပြီး သတ်လတ်ပိုင်းအရွယ်လူကြီး၏ပါးစပ်မှ သွေးများအန်ထွက်လာခဲ့သည်။
ဖူး.....
သွေးများအန်ထွက်လာပြီးနောက် သတ်လတ်ပိုင်းမရွယ်လူကြီး၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။
"ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်"
သတ်လတ်ပိုင်းအရွယ်လူကြီးက အံသြထိတ်လန့်စွာဖြင့် ပြောဆိုလိုက်သည်။
သို့သော် ဤဖြစ်ရပ်သည် လုယွီ ထုတ်လွှက်လိုက်သောလက်သီးချက်၏အဆုံးသတ် မဟုတ်သေးချေ။
လုယွီ၏လက်သီးမှ အစွမ်းထက်သောလေပြင်းများ ရုတ်တရက်ထွက်ပေါ်လာပြီး ဝင်္ကပါ၏မျက်နှာပြင်၌ အက်ကွဲကြောင်းများကို ဖြစ်ပေါ်သွားစေသည်။
ခရက်....
တိုးညင်းသောအသံတစ်သံနှင့်အတူ ဝင်္ကပါတစ်ခုလုံး ပျက်စီးပြိုလဲသွားတော့သည်။
လုယွီက သတ်လတ်ပိုင်းအရွယ်လူကြီးထံသို့ လျှောက်လှမ်းသွားပြီးနောက် ပြောဆိုလိုက်သည်။
"အခု မင်း လက်ခံနိုင်ပြီလား"