အခန်း (၃၉၁-၃၉၅)
Vol. 21-25 Ch. 391-395
Chapter 391
"ဟန်ချုံးက အင်မော်တယ်မဟာမိတ်ရဲ့ခေါင်းဆောင်ဖြစ်သွားပြီလား...ခေါင်းဆောင်အိုကြီးက ဘာဖြစ်သွားလို့လဲ"
လုဝမ်ရှင်းက အံတင်းတင်းကြိတ်ပြီး မေးမြန်းလိုက်သည်။
ရှမင်တစ်က အချိန်တခဏကြာတွေဝေသွားပြီးမှ ပြန်လည်ပြောဆိုလိုက်လေ၏။
"ကောလဟာလတွေအရတော့ အင်မော်တယ်မဟာမိတ်ရဲ့ခေါင်းဆောင်ဟောင်းက သူရဲ့အိုမင်းလာတဲ့အသက်အရွယ်ကြောင့် အနားယူသွားတယ်တဲ့"
"ဟွမ့်...ပေါက်ကရတွေ...ခေါင်းဆောင်အိုကြီးက အသက်ကြီးတယ်ဆိုတာမှန်ပေမယ့် သူက အဝိုင်းကြီးနယ်ပယ်နဝမအဆင့်လေ...ဘယ်လိုလုပ်ပြီး သူကိုသာမာန်သေမျိုးတွေရဲ့အသက်နဲ့ နှိုင်းယှဥ်လို့ရမှာလဲ...ဖြစ်နိုင်တာတော့ ဟန်ချုံးက လှည့်ကွက်တစ်ချို့သုံးလိုက်တာပဲ"
လုဝမ်ရှင်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
လုယွီက ရှမင်တစ်အား ကြည့်လိုက်လေ၏။
"ဟန်ချုံးဆိုတဲ့သူ ဘယ်နေရာမှာလဲ"
ရှမင်တစ်က သတင်းအချက်အလက်များပါသောစာလိပ်တစ်လိပ်ကို လုယွီထံသို့ အလျှင်အမြန်ပေးအပ်လိုက်သည်။
လုယွီက စာလိပ်ကိုဖြည်ပြီး တစ်ချက်ကြည့်ကာ ရှမင်တစ်အား ပြောဆိုလိုက်လေ၏။
"အဲ့ဒီနေရာကို ငါဟာငါသွားမယ်...မင်းတို့ လိုက်စရာမလိုဘူး"
"ဒေါ်လေး...အခုသွားကြရအောင်"
လုယွီက လုဝမ်ရှင်းအား ကြည့်ရှုနေလေသည်။
လုဝမ်ရှင်းသည် အလွန်အမင်းဒေါသထွက်နေသဖြင့် ချက်ချင်းပင်သဘောတူညီပေ၏။
"ကောင်းပြီလေ"
လုယွီတို့တူဝရီးနှစ်ယောက်လုံးသည် အဝိုင်းကြီးအဆင့် ကျင့်ကြံသူများဖြစ်၍ သူတို့၏ကျန်းချီများဖြင့် မှော်ရတနာများကိုထိန်းချုပ်စီးနင်းကာ ကောင်းကင်ယံအတွင်းသို့ ပျံဝဲတတ်သွားတော့သည်။
****
ဒြပ်စင်ငါးပါးဂိုဏ်း
ဤဂိုဏ်းသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေရှိ ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်းအနက်မှတစ်ဂိုဏ်းဖြစ်သည်။ ကံဆိုးစွာဖြင့် ဤနေရာ၌ သွေးပျက်ဖွယ်ရာအဖြစ်အပျက်ကို ကျော်ဖြတ်ပြီးနောက် အပျက်အယွင်းနေရာတစ်ခုအဖြစ်သာ ကျန်ရှိတော့၏။
ယခင်က ခြောက်ကပ်နေသော ဒြပ်စင်ငါးပါးဂိုဏ်း၏စခန်းချရာနေရာသည် ယခုချိန်၌ မျှော်လင့်ချက်လင်းရောင်ခြည်များ တောက်ပလာခဲ့သည်။
အင်မော်တယ်မဟာမိတ်၏ခေါင်းဆောင်သစ်ဖြစ်သူက ကျန်သူများကို ဒြပ်စင်ငါးပါးဂိုဏ်း၌ စုဝေးစေခဲ့သည်။
ဟန်ချုံးက ထိပ်ဆုံးထိုင်ခုံ၌ထိုင်နေပြီး သူ့အားမတ်တတ်ရပ်၍အရိုအသေပြုနေသောလူများကိုကြည့်၍ ပီတိဖြစ်နေလေ၏။
"ခေါင်းဆောင်အိုကြီးရဲ့ ကျွန်တော်ကိုယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်....ဒီအင်မော်တယ်မဟာမိတ်ရဲ့ခေါင်းဆောင်နေရာမှာထိုင်ရတာ ကျွန်တော်အတွက်တော့ ကြီးမားတဲ့ဂုဏ်ကျက်သရေရရှိမှုပါပဲ"
ဟန်ချုံးက အပြုံးနှင့် ဆက်လက်ပြောဆိုလိုက်သည်။
"လူကြီးမင်းတို့အားလုံးကို ကျွန်တော် ဒီနေ့ ဒီနေရာကိုခေါ်လိုက်တာ ကိစ္စနှစ်ခုကြောင့်ပါ"
ဟန်ချုံးစကားပြောနေစဥ်တွင် မူလကဆူညံနေသောအသံများ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ သူက စိတ်ကျေနပ်မှုအပြည့်ရှိပုံဖြင့် ခေါင်းညိတ်ပြီး သူ၏လက်ချောင်းနှစ်ချောင်းကို ထောင်လိုက်သည်။
"ပထမအချက်က ဒြပ်စင်ငါးပါးဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ခဲ့တာက မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့လုပ်ရပ်ဆိုတာ ငါတို့မှာ လုံလောတ်တဲ့သက်သေအထောက်အထားရရှိပြီးသားဖြစ်တယ်"
"အဲ့ဒီ ယုတ်မာတဲ့နတ်ဆိုးတွေက လူကောင်းတွေမဟုတ်ဘူးဆိုတာ ငါတို့သိတာအတော်ကြာနေပြီ"
"တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို ငါတို့ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်းက အုပ်ချုပ်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ...သူတို့ ရိုင်းရိုင်းကားကား လူတွေကို သတ်ချင်တိုင်းသတ်နေတာကို ငါတို့က ဘယ်လိုလုပ်ပြီးခွင့်ပြုနိုင်မှာလဲ"
လူတိုင်းက ဒေါသများပြည့်နှက်နေကြ၏။
ဟန်ချုံးက သူ၏ဒုတိယလက်ချောင်းကို ကိုင်လိုက်သည်။
"ဒုတိယအချက်ကတော့ အင်မော်တယ်မဟာမိတ်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ ငါရဲ့ပထမဆုံးအမိန့်ပဲ...ငါတို့ရဲ့စွမ်းအားရှိသလောတ် မြေအောက်လောကနတ်ဆိုးဂိုဏ်းကိုတိုက်ခိုက်ပြီး ဒြပ်စင်ငါးပါးဂိုဏ်းအတွက်လက်စားချေရမယ်"
ထိုအချက်ကိုပြောချိန်၌ ဟန်ချုံး၏မျက်နှာပေါ်၌ ရုတ်တရက်နာကျင်ဝမ်းနည်းနေသော အရိပ်အယောင်ထင်ဟပ်လာခဲ့သည်။
"ငါတို့ သမင်ဖြူကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးကို နတ်ဆိုးဂိုဏ်းကဖမ်းဆီးထားတာကို မင်းတို့ မသိလောတ်သေးဘူး...ပြီးတော့ သူမ ဘယ်နေရာမှာရှိနေလဲဆိုတာ ငါတို့ မသိဘူး"
"ဘယ်လို...ကျောင်းအုပ်ကြီးလုတောင်မှ အဖမ်းခံထားရတာလား"
သမင်ဖြူကျောင်းတော်ရှိကွန်ဖြူးရှပ်ပညာရှင်များသည် နတ်ဆိုးကျင့်ကြံသူများနှင့်တိုက်ခိုက်ရာတွင် သဘာဝအတိုင်းထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိသူများဖြစ်သည်။ ထိုကဲ့သို့သူမျိုးက အဖမ်းခံရမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။ ကျင့်ကြံသူများအားလုံး အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။
ဟန်ချုံးက ရုတ်တထာရက် မတ်တတ်ထရပ်ပြီး စူးရှသောလေသံဖြင့် ပြောဆိုလိုက်သည်။
"လူကြီးမင်းတို့အားလုံးကို ဒီနေရာမှာစုဝေးခိုင်းရတဲ့ရည်ရွယ်ချက်က အဲ့ဒီယုတ်မာတဲ့နတ်ဆိုးဂိုဏ်းကို ပပျောက်အောင်လုပ်ဖို့ပါပဲ"
ဟန်ချုံး၏စကားများက လူအမြောက်အများအား ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။
"ဒါပေမယ့် မြေအောက်လောကနတ်ဆိုးဂိုဏ်းက အရမ်းအစွမ်းထက်တယ်...ငါတို့နဲ့သူတို့က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပေမယ့် ငါတို့နိုင်တဲ့အကြိမ်ရေကနည်းလွန်းတယ်...သူတို့မှာ ငါတို့ထက် အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးပိုရှိတယ်"
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး ပြောဆိုလိုက်၏။
ဟန်ချုံးက ရယ်ပြုံးရင်း ဆက်လက်ပြောဆိုလိုက်သည်။
"မင်းတို့ စိတ်အေးအေးထားပါ...သမင်ဖြူကျောင်းတော်ရဲ့ဆရာသခင်လို့က ဝင်္ကပါကြီးတစ်ခုကို သူကိုယ်တိုင်ကိုယ်ကျ ခင်းကျင်းထားခဲ့တယ်....မင်းတို့အားလုံးလုပ်ရမှာက ဝင်္ကပါရဲ့နှလုံးသားကို စိတ်ဝိညာဥ်ကျောက်တုံးတွေ ဖြည့်ပေးဖို့ပဲ...အဲဒါနဲ့ဆိုရင် နတ်ဆိုးဂိုဏ်းကကျင့်ကြံသူတွေ ဘယ်တော့မှပြန်လာနိုင်မှာမဟုတ်တော့ဘူး"
ဟန်ချုံး၏စကားဆုံးသည်နှင့် ဆရာသခင်လို့က အပြုံးနှင့်ထွက်လာခဲ့သည်။
"လူကြီးမင်းတို့..ကျွန်တော်က ဒီတစ်ကြိမ်မှာ ကောင်းကင်မိုးကြိုးဝင်္ကပါကိုခင်းကျင်းထားခဲ့တယ်...ကျွန်တော်က အဲဒါကိုစစ်သင်္ဘောထဲမှာ လျှို့ဝှက်သိမ်းဆည်းထားတယ်...ကျွန်တော်တို့က နတ်ဆိုးဂိုဏ်းနဲ့တိုက်ခိုက်တဲ့အခါကျရင်.... မြေအောက်လောကနတ်ဆိုးဂိုဏ်းစီကို စစ်သင်္ဘောကိုမောင်းနှင်ပြီး သူတို့ပြန်စရာမြေမရှိအောင်နဲ့ ဘယ်တော့မှပြန်လာလို့မရအောင်လုပ်ကြမယ်"
ဆရာသခင်လို့က သူကိုယ်သူယုံကြည်ချက်ရှိသောအပြုံးဖြင့် ရှင်းပြပြောဆိုလိုက်၏။
Chapter 392
"ဒါက ဆရာသခင်လို့ကိုယ်တိုင် ခင်းကျင်းတယ်ဆိုမှတော့ ပြဿနာကြီးကြီးမားမားရှိမှာမဟုတ်ဘူး"
ယခုနေရာ၌ရှိနေသူများသည် ဆရာသခင်လို့၏ဂုဏ်သတင်းကို သိရှိထားသူများဖြစ်သည်။
"ကောင်းကင်မိုးကြိုးဝင်္ကပါက ဘယ်လောတ်ထိအားကောင်းလဲ...အဲဒါက မြေအောက်လောကနတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးနိုင်မှာလား"
တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။
ဆရာသခင်လို့သည် သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေရင်းမှ ပြောဆိုလိုက်လေသည်။
"ဝင်္ကပါရဲ့စွမ်းအားက...ဝင်္ကပါနှလုံးသားထဲကို စိတ်ဝိညာဥ်ကျောက်တုံးဘယ်လောက်များများ ဖြည့်နိုင်မလဲဆိုတာပေါ် မူတည်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒီလေါတ်ကြီးမားတဲ့ဝင်္ကပါကြီးကို စိတ်ဝိညာဥ်ကျောက်တုံးတွေရဲ့စွမ်းအားနဲ့ပဲ အသက်သွင်းလို့ရမှာလေ"
စိတ်ဝိညာဥ်ကျောက်တုံးများရရှိရန်သည် ဆရာသခင်လို့၏ရည်မှန်းချက်ပန်းတိုင်ဖြစ်ပေ၏။ ဆရာသခင်လို့က စကားပြောနေစဥ်တွင် သူ၏မျက်လုံးများက မမြင်နိုင်သောလောဘတရားများဖြင့် တောက်ပနေခဲ့သည်။
ဟန်ချုံး၏မျက်နှာပေါ်တွင်မူ အလွန်နွေးထွေးပုံရသော အပြုံးတစ်ခုရှိနေပေ၏။
"ဟား ဟား ဟား...ဒါက ဆရာသခင်လို့ရဲ့ဝင်္ကပါကြီးအတွက်ပဲလေ...ဒါက ငါရဲ့ထိုက်ယွမ်ကျောင်းတော်ကို မျက်နှာသာပေးတာနဲ့အတူတူပါပဲ"
"ငါက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးဆယ်သန်းထောက်ပံမယ်"
လူတိုင်းက စိတ်ဝိညာဥ်ကျောက်တုံးများ အပြိုင်အဆိုင်ပေးနေကြ၏။
အကယ်၍ သူတို့ကသာ မြေအောက်လောကနတ်ဆိုးဂိုဏ်းကို တစ်ချက်တည်းဖြင့် အမြစ်ပြတ်သုတ်သင်နိုင်ပါက သူတို့ရရှိမည့် အကျိုးအမြတ်များသည် ဤစိတ်ဝိညာဥ်ကျောက်တုံးများထောက်ပံရသည်ထက် ပို၍များပြားပေမည်။
ဟန်ချုံးက လက်သီးဆုပ်အရိုအသေပြုပြီး အပြုံးနှင့်ပြောဆိုလိုက်သည်။
"မင်းတို့က တရားမျှတမှုရဖို့ မင်းတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေ ထုတ်ပေးတာအတွက် ငါက အရမ်းလေးစားကြည်ညိုမိတယ်...တစ်ကယ်လို့ ကောင်းပင်မိုးကြိုးဝင်္ကပါကိုသာ အပြည့်အဝခင်းကျင်းနိုင်ခဲ့ရင် အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေအကုန်ပျောက်ကွယ်စေရမယ်"
"အော်...အဲ့ဒီလိုလား...ငါ အဲ့ဒီဝင်္ကပါအကြောင်းကို အရက်ကမသိခဲ့ပါဘူး...ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေတာတောင် နင်က ဒီနေရာကို အကျိုးအမြတ်လာရှာနေတာလား"
အေးစက်စက်အသံတစ်သံက လေထုအတွင်းမှ ထွက်ပေါ်လာခဲ့၏။
ဧရာမနဂါးနက်ကြီးတစ်ကောင်က လေထုအတွင်းမှမြေပြင်ပေါ်သို့ ဆင်းသက်လာလေရာ ပတ်ဝန်းကျင်နေရာအနှံ့ လေပြင်းများတိုက်ခတ်လာလေသည်။ ကျင့်ကြံသူအမြောက်အများက နောက်သို့ အလန့်တကြားဆုတ်လိုက်ကြရသည်။
နဂါးနက်ကြီး၏ကျောပေါ်မှ လုဝမ်ရှင်းက ဆင်းသက်လာခဲ့သည်။
"ဒါက ကျောင်းအုပ်ကြီးလုပဲ"
"ကျောင်းအုပ် လုက မြေအောက်လေညကနတ်ဆိုးဂိုဏ်းရဲ့ အဖမ်းဆီးခံထားရတာမဟုတ်ဘူးလား...သူက ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
ဟန်ချုံး၏မျက်နှာအမူအယာ ချက်ချင်းပင်ပျက်ယွင်းသွားပြီး သူ၏မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားခဲ့သည်။
"လုဝမ်ရှင်း...."
တစ်ခြားတစ်ဖက်မှဆရာသခင်လို့ကမူ သရဲတစ္ဆေတစ်ကောင်အား မြင်တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်နေသည်။ သူ၏အိုမင်းနေသောမျက်နှာပေါ်တွင် အရောင်မျိုးစုံ ပြောင်းလဲနေလေ၏။
လုဝမ်ရှင်းက လှောင်ပြောင်သရော်လိုက်သည်။
"ဘာလို့လဲ....ငါ အသက်ရှင်ရက်ပြန်လာနိုင်မယ်လို့ နင်တို့ထင်မထားလို့လား"
သူမက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေလေ၏။
"နင်တို့နှစ်ယောက်က နှလုံးသားမဲ့တဲ့ကိစ္စတွေလုပ်ခဲ့တယ်...ငါရဲ့သမင်ဖြူကျောင်းတော်က နင်တို့ကိုချီးမြှောက်ဖို့ စိတ်ဝိညာဥ်ကျောက်တုံးတွေအများကြီး အကုန်အကျခံခဲ့တာ...ဘယ်လိုလုပ်ပြီး ငါကိုအဆိပ်ခတ်ရဲတာလဲ"
"ကျောင်းအုပ် လု...ငါတို့ကို မစွပ်စွဲပါနဲ့"
ဟန်ချုံးက ရုတ်တရက် အံတင်းတင်းကြိတ်ပြီး ပြန်လည်ပြောဆိုလိုက်သည်။
ထိုအချိန်မှာပင် ဟန်ချုံး၏အကြည့်က လုဝမ်ရှင်း၏နောက်ရှိ လုယွီထံသို့ ကျရောက်သွားခဲ့သည်။ သူက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်တော့သည်။
"မင်းရဲ့တူက နတ်ဆိုးလမ်းစဥ်ကိုကျင့်ကြံပြီးတော့ မြေအောက်လောကနတ်ဆိုးဂိုဏ်းထဲ သူဝင်သွားတယ်ဆိုတာ ငါကြားထားပြီးသား....မင်းကလည်း သူတို့ရဲ့ဖမ်းဆီးခြင်းထံလိုက်ရတယ်...မင်းက မြေအောက်လောကနတ်ဆိုးဂိုဏ်းကို အရှုံးပေးလိုက်လို့ ပြန်လွတ်လာတာမလား"
"ပေါက်ကရစကားတွေ"
လုဝမ်ရှင်း၏မျက်လုံးအကြည့်သည် သတ်ဖြတ်လိူခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေ၏။ ရုတ်ချည်းဆိုသလိုပင် သူမက အလွန်ဒေါသထွက်စွာဖြင့် ဟန်ချုံးအား လက်ညှိုးညွှန်လိုက်၏။
"ဟား ဟား...ငါက အမှန်တရားကိုသိသွားလို့ မင်းဒေါသထွက်နေတာမလား"
ဟန်ချုံးက ရယ်မောရင်းနှင့် သူ၏လက်ကိုမြှောက်လိုက်ရာတွင် သူ့ရှေ့၌ အလင်းနံရံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘုန်း...
လုဝမ်ရှင်း၏ကျန်းချီလှိုင်းက အလင်းနံရံနှင့်ရိုက်ခတ်မိသော်လည်း နံရံကကျိုးပျက်သွားခြင်းမရှိပေ။
လုဝမ်ရှင်းသည် သူမ၏ကျင့်ကြံမှုနယ်ပယ်ကို ပြန်လည်ရရှိထားသော်လည်း သူမ၏ခွန်အားသည် အထွက်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးချေ။
ဟန်ချုံးက မအောင့်အည်းနိုင်တော့ဘဲ သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုရှိနေခဲ့သည်။
"ကျောင်းအုပ်ကြီး...မင်းက မင်းကိုယ်မင်းဆုတ်ယုတ်အောင်လုပ်ပြီး နတ်ဆိုးဂိုဏ်းကလူတွေနဲ့ပူးပေါင်းနေမှတော့ ငါတို့ကိုအပြစ်မတင်နဲ့"
ဟန်ချုံးက ဓားရှည်တစ်ချောင်းကိုဆင့်ခေါ်ပြီး လုဝမ်ရှင်းထံသို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
သို့သော် ထိုဓားချက်က လေထုအတွင်းရှိနေစဥ်မှာပင် လက်တစ်ဖက်၏တားဆီးခြင်းကို ခံလိုက်ရသည်။
လုယွီက လုဝမ်ရှင်း၏ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာလေ၏။ သူ၏လက်ချောင်းများလှုပ်ခတ်လိုက်မှုနှင့်အတူ ဓားကအဝေးသို့လွင့်စင်သွားတော့သည်။
ဒေါင်.....
ခရက်...ခရက်
အက်ကွဲသံထွက်ပေါ်လာခြင်းနှင့်အတူ ဓားတစ်ချောင်းလုံး အပိုင်းပိုင်းအစစကျိုးပဲ့သွားလေ၏။
"ခင်ဗျားရဲ့ခန္ဓာကိုယ်ပေါ်မှာ အဆိပ်ကိုဖွက်ထားတာ အချိန်တော်တော်ကြာနေပြီ...အခု ထုတ်ပေးစမ်း"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
Chapter 393
"ဘာအဆိပ်လဲ...ကောင်လေး...ပေါက်ကရတွေမပြောစမ်းနဲ့"
ဟန်ချုံးက လုယွီအားအော်ငေါက်လိုက်၏။ ထိုအချိန်တခဏတွင် သူ၏မျက်လုံးများ၌ အနည်းငယ်အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်ပေါ်လွင်နေသည်။
"ခင်ဗျားရဲ့အဆိပ်ကိုထုတ်ပေးအောင် ကျုပ်ကိုတကယ်လုပ်စေချင်တာလား"
လုယွီက ခပ်ဆတ်ဆတ်အော်ငေါက်ပြီးနောက် ရုတ်တရက် အနက်ရောင်လူရိပ်တစ်ရိပ်က ဟန်ချုံး၏နောက်သို့ ရောက်ရှိလာခဲ့သည်။
ဟန်ချုံးက ထိတ်လန့်တုန်လှုပ်သွားလေ၏။ လုယွီ၏ခန္ဓာကိုယ်ရွေ့လျားမှုနည်းစနစ်သည် အလွန်လျှင်မြန်မည်ဟု သူမျှော်လင့်မထားမိချေ။
သို့သော် အချိန်တခဏအကြာတွင်မူ ဟန်ချုံးက စိတ်တည်ငြိမ်သွားပုံဖြင့် ပြောဆိုလိုက်သည်။
"ကောင်းကင်ဘုံသွားမယ့်လမ်းကြောင်းကို မင်းကငြင်းဆိုခဲ့မှတော့ ငရဲကိုသာသွားပေတော့...မင်းက ငါရှေ့မှာလာပြီး ရိုင်းရိုင်းပျပျပြုမူဝံ့တယ်ပေါ့"
ဟန်ချုံးက လက်သင်္ကေတတစ်ခုကိုဖွဲ့စည်းပြီး ဓားပျံတစ်ချောင်းကို ထပ်မံ၍ဆင့်ခေါ်လေ၏။ သူက ထိုဓားပျံဖြင့် လုယွီအား ခုတ်ပိုင်းလိုက်တော့သည်။
ဓားပျံမှပြင်းထန်သောလေပြင်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။
"သေပေတော့"
ဟန်ချုံးက ကြုံးဝါးလိုက်၏။
လုယွီ၏လက်က အလွန်လျှင်မြန်ပေသည်။ သူ့အနီးသို့ ဓားပျံချဥ်းကပ်လာချိန်တွင် သူ၏လက်သီးဖြင့် ရိုက်ထုတ်ခဲ့ပြီးဖြစ်သည်။
လုယွီ၏လက်သီးနှင့်ရိုက်ခတ်မိသောဓားပျံသည် တစစီကျိုးပဲ့သွားလေ၏။ သို့ရာတွင် လုယွီ၏လက်သီးချက်က ရပ်တန့်ခြင်းမရှိဘဲ ဟန်ချုံးထံသို့ တိုးဝင်သွားခဲ့သည်။
ဟန်ချုံး၏အကြည့်များက ပို၍လေးနက်လာထဲ့သည်။ ထိုလက်သီးချက်က သူ့အားအန္တရာယ်ပေးစွမ်းနိုင်သည်ကို ခံစားမိလေသည်။
"မကောင်းတော့ဘူး"
ထိတ်လန့်ကြောက်ရွံဖွယ်လက်သီးချက်မှ လွတ်မြောက်နိုင်ရန်အတွက် ဟန်ချုံးက ရှေ့သို့ခုန်ထွက်လိုက်သည်။
သို့ရာတွင် သူ အတန်ငယ်နောက်ကျသွားပေ၏။
လုယွီ၏လက်သီးနည်းစနစ်က ဟန်ချုံး၏ပတ်ဝန်းကျင်အား ပိတ်လှောင်ထားလေသည်။ ဟန်ချုံးက ချိပ်ပိတ်ခံထားရသကဲ့သို့ဖြစ်နေပြီး ထိုလက်သီးချက်အား ခံယူလိုက်ရသည်။
"အဲ့ဒီကောင်လေးက ဘာလို့ဒီလေါတ်ထိ သန်မာနေတာလဲ"
ဟန်ချုံး၏စိတ်နှလုံးသားများ တုန်ရီလာခဲ့၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လက်သီးချက်က ဟန်ချုံး၏ကျန်းချီအကာအကွယ်အလွှာအား ရိုက်ခတ်လာလေသည်။ ဧရာမတူကြီးနှင့်ကြေးမုံပြင်အားထုလိုက်သကဲ့သို့ ဟန်ချုံးက နောက်သို့လွင့်ထွက်သွားခဲ့သည်။
သို့သော် လုယွီက ဟန်ချုံးအား အသက်ရှုရန်ပင် အခွင့်အရေးမပေးချေ။ သူက ခြေလှမ်းရှေ့တိုးပြီး ဟန်ချုံးအား ထပ်မံထိုးနှက်လိုက်သည်။
"အဝိုင်းကြီးအဆင့်...."
ဟန်ချုံး၏မျက်လုံးများတွင် အံ့အားသင့်တုန်လှုပ်နေမှုများ အထင်းသားပေါ်လွင်နေပေ၏။
မည်သို့ ဖြစ်နိုင်မည်နည်း....။
လုယွီက သမင်ဖြူကျောင်းတော်မှ ထွက်ခွါသွားစဥ်တွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။
လုယွီက ဤကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနေရန်မှာ အချိန်မည်မျှကြာသေးလို့နည်း....။
ဟန်ချုံးသည် ဒေါသတကြီးအော်ဟစ်လိုက်၏။
"ကောင်လေး...အရမ်းလွန်မလာနဲ့"
သူ၏စကားကို တုန့်ပြန်လိုက်သည်က လုယွီ၏ခြေထောက်များသာဖြစ်သည်။ ထိုခြေထောက်က ဟန်ချုံး၏မျက်နှာပေါ်သို့ တည့်တည့်နင်းချေနေပြီး သူ၌တားဆီးနိုင်စွမ်းမရှိပေ။ လုယွီက ဟန်ချုံး၏မျက်နှာအား ဖိနင်းလိုက်ခြင်းဖြစ်သည်။
ဘန်း....
ဟန်ချုံး၏ဦးခေါင်းသည် မြေကြီးအတွင်းသို့ နက်ရှိုင်းစွာနစ်ဝင်သွားပြီးနောက် မြေပြင်ပေါ်၌ မြောက်များစွာသောအက်ကွဲကြောင်းများဖြစ်ပေါ်လာကာ နေရာအနှံပျံနှံ့သွားခဲ့သည်။
လူတိုင်းက ကြက်သေသေနေကြ၏။
ဤဖြစ်ရပ်သည် လူတိုင်း၏တွေးတောနိုင်စွမ်းထက် ကျော်လွန်နေပေသည်။
ထိုသူက အင်မော်တယ်မဟာမိတ်၏ခေါင်းဆောင်ဖြစ်ပေ၏။ ယခုလက်ရှိချိန်၌ သူက မြေပြင်ပေါ်၌ လဲလျောင်းနေရသည်။
ထို့ပြင် တိုက်ခိုက်မှုပြုလုပ်ခဲ့သူသည် အသက်ငယ်ရွယ်သော လူငယ်တစ်ယောက်ဖြစ်နေသည်။
လုယွီက ဟန်ချုံး၏ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်ကိုဖြုတ်ယူလိုက်သည်။ သူ၏နတ်ဘုရားစိတ်အာရုံနှင့်အာရုံခံပြီးနောက်တွင်မူ သူက ဟန်ချုံးကို ခနဲ့တဲ့တဲ့ပြောဆိုလိုက်တော့သည်။
"ဂုဏ်သိက္ခာကြီးမြတ်လှပါတယ်ဆိုတဲ့ ကွန်ဖြူးရှပ်ပညာရှင်က ဒီလိုဆိုးညစ်တဲ့အဆိပ်မျိုးကို ဖော်စပ်ခဲ့တယ်ပေါ့...ခင်ဗျားလိုဆိုးရွားတဲ့လူက ဘယ်လိုနည်းနဲ့ဆရာတစ်ယောက်ဖြစ်လာတာလဲ"
ဟန်ချုံးက ရုန်းကန်၍မတ်တတ်ထရပ်လိုက်သော်လည်း လုယွီ၏ကန်ကျောက်ခြင်း ခံလိုက်ရသည်။
"ရပ်လိုက်စမ်း"
တည်ကြည်လေးနက်ပုံရသော လူလတ်ပိုင်းကြီးတစ်ယောက်က ရုတ်တရက်မတ်တတ်ရပ်၍ တားဆီးလိုက်၏။
လုဝမ်ရှင်းက မျက်မှောင်ကြုတ်ပြီး လုယွီအား အသိပေးလိုက်လေသည်။
"ယွီအာ...သူက ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်ပဲ"
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ငါက မင်းတို့သမင်ဖြူကျောင်းတော်ရဲ့ အတွင်းရေးကိစ္စတွေကို ဝင်မပါချင်ဘူး...ဒါပေမယ့် အခုချိန်မှာ ဟန်ချုံးက အင်မော်တယ်မဟာမိတ်ရဲ့ခေါင်းဆောင်ဖြစ်နေတယ်...မင်းက ဒီနေရာမှာ အင်မော်တယ်မဟာမိတ်ရဲ့ခေါင်းဆောင်ကို ရိုက်နှက်ပြီး ဘာတွေကြံစည်နေတာလဲ"
လုဝမ်ရှင်းက ကိစ္စရပ်များအားရှင်းပြရန်ကြံစည်လိုက်သော်လည်း လုယွီက တားဆီးထားလေ၏။
လုယွီက ခက်ထန်တင်းမာစွာဖြင့် ပြောဆိုလိုက်သည်။
"ခင်ဗျားတို့အားလုံး လှည့်စားခံနေရတာ....ခုချိန်ထိ ခင်ဗျားတို့က နိုးထဖို့အဆင်သင့်မဖြစ်ကြသေးဘူးပဲကို..."
လုယွီက ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်အား လက်ညှိုးညွှန်လိုက်သည်။
"ခင်ဗျားရဲ့ကျန်းချီတွေလှည့်ပတ်မှုက အရင်ကလိုချောမွေ့မှု မရှိတာကို ခင်ဗျားသတိမပြုမိဘူးလား....ခင်ဗျား ကျန်းချီတွေလှည့်ပတ်တဲ့အခါတိုင်း ခင်ဗျားရဲ့ခန္ဓာကိုယ်တစ်ခုလုံး စူးရှနာကျင်လာတာကို ခံစားရလိမ့်မယ်"
Chapter 394
"အဓိပ္ပါယ်မရှိတာတွေ...ငါ...."
ထိုက်ယွမ်ဂိုဏ်း(ကြယ်တာရာကောင်းကင်ဘုံဂိုဏ်း)ခေါင်းဆောင်သည် ငြင်းဆန်ရန်ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် သူက ဆွံအသွားလေ၏။
လုယွီ၏စကားများကိုနားထောင်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ ကျန်းချီများကိုအနည်းငယ်လှည့်ပတ်လိုက်ရာတွင် သူက စူးရှရှနာကျင်လာမှုကို ခံစားမိခဲ့သည်။ ထို့ပြင် သူ၏ကျင့်ကြံမှုများသည် ယခင်ကထက် အဆပေါင်းများစွာအားနည်းသွားခဲ့သည်။
"ငါရဲ့ကျန်းချီတွေကို ဘာလို့အသုံးပြုမရတော့တာလဲ"
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်က ထိတ်လန့်တကြားအော်ဟစ်လိုက်တော့သည်။
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်ကိုကြည့်ပြီး တစ်ခြားသူများကလည်း သူတို့၏ကျန်းချီများကို လှည့်ပတ်ကြည့်လိုက်ကြ၏။ သို့သော် အချိန်တခဏအကြာမှာပင် ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
"အိုးးး....မဟုတ်သေးဘူး...ငါရဲ့ကျန်းချီတွေ အသုံးပြုလို့မရတော့ဘူ"
"ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးက မရီးဒါန်းတွေတင်းမာနေပြီး ကျန်းချီတွေပေးပို့လို့မရတော့ဘူး"
လူတိုင်းက စတင်၍ထိတ်လန့်စပြုလာကြသည်။
လုယွီက အလေးအနက်ထားသောလေသံဖြင့် ဟန်ချုံးအားညွှန်ပြပြီး ပြောဆိုလိုက်သည်။
"ခင်ဗျားတို့အားလုံး ဘယ်လိုလုပ်ပြီး ကျန်းချီလှည့်ပတ်နိုင်မှာတုန်း...သူက အဆိပ်ကို ထုတ်လွှတ်ထားတာကို...သူနဲ့ခင်ဗျားတို့က အချိန်အကြာကြီးနေခဲ့ပြီးမှတော့...ခင်ဗျားတို့ ပြန်ကောင်းဖို့ခက်ခဲမှာ ကျွန်တော်စိုးရိမ်မိတယ်"
"ဟီး ဟီး ဟီး...မင်းသိသွားရင်တောင်မှ ဘာလုပ်နိုင်မှာမလို့လဲ"
ဟန်ချုံးက အူလှိုက်သည်းလှိုက် ရယ်မောနေလေ၏။
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောက်က သူ၏လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ပြီး သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုလိုက်သည်။
"မင်းက ငါတို့ကို ရန်စရဲတယ်ပေါ့...ဒီနေ့မင်းကို ငါဆုံးမမှရတော့မယ်"
လူတိုင်းသည် ဟန်ချုံးအား ဒေါသတကြီး ကြည့်နေကြ၏။
ဤဖြစ်ရပ်များမတိုင်ခင်က သူတို့သည်ဟန်ချုံးအား အင်မော်တယ်မဟာမိတ်၏ခေါင်းဆောင်အဖြစ် လေးလေးစားစားဆတ်ဆံခဲ့ကြသည်။
သို့သော် သူတို့အားလုံးသည် အရူးလုပ်ခံရမည်ဟု ထင်မထားခဲ့ကြချေ။
"မင်းရဲ့အသိပေးမှုအတွက် ကျေးဇူးတင်ပါတယ်...မဟုတ်ရင် အဲ့ဒီလူယုတ်မာရဲ့လှည့်စားမှုကို ငါတို့သိမှာမဟုတ်ဘူး"
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်က လုယွီအား ပြောဆိုလိုက်၏။
"ဟား ဟား ဟား ဟား...မင်းတို့အရူးကောင်တွေက မြောင်းထဲကျနေပြီဆိုတာကို မသိကြသေးဘဲကိုး"
ဟန်ချုံးက ပို၍ကြမ်းတမ်းစွာ ရယ်မောနေလေသည်။
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်၏မျက်နှာအမူအယာ ပို၍သုန်မှုန်သွားလေ၏။
"ငါက အဆိပ်မိနေပေမယ့်....မင်း အလွယ်တကူရှင်းထုတ်လို့ရမယ့်လူစားမျိုးမဟုတ်ဘူးဆိုတာ ငါ ပြပေးမယ်"
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်၏လက်အတွင်း၌ ရုတ်တရက်စေတီတစ်ဆူ ထွက်ပေါ်လာခဲ့သည်။ ထိုစေတီက လှည့်ပတ်နေပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောမန္တန်ရွတ်ဖတ်သံများ ထွက်ပေါ်လာကာ ဟန်ချုံးအားဖိနှိပ်ထားလေသည်။
"စိတ်ဝိညာဥ်ဆတ်နွယ်မှုအဆင့် မှော်ရတနာ..."
ဟန်ချုံးက ထိတ်လန့်တကြားရေရွတ်လိုက်သည်။
စေတီ၏ထိပ်မှနေ၍ ဗုဒ္ဓပုံရိပ်များက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဗုဒ္ဓ၏မန္တန်ရွတ်ဖတ်သံများအောက်တွင် ပတ်ဝန်းကျင်လေထုအတွင်းရှိ အဆိပ်ငွေ့များသည် ပျက်ပြယ်သွားပေ၏။
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်က ဟန်ချုံးအား လက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်သည်။
"နှိမ်နင်းစမ်း"
စေတီသည် အမိန့်ကိုရရှိသည်နှင့် ဟန်ချုံးထံသို့ တိုးဝင်သွားတော့သည်။
ဒေါင်...
စေတီသည် တစ်စုံတစ်ခုနှင့်ရိုက်ခတ်မိပုံဖြင့် နောက်သို့ပြန်ကန်ထွက်လာခဲ့၏။
စေတီနှင့်ရိုက်ခတ်မိသောနေရာတွင် အက်ကွဲကြောင်းတစ်ခုရှိနေသော်လည်း အချိန်တခဏအကြာတွင်မူ ထိုအက်ကွဲကြောင်းက ပျောက်ကွယ်သွားခဲ့သည်။
"ငါ အပြင်ထွက်လို့မရတော့ဘူး"
""ဘာလို့ ဒီပတ်ဝန်းကျင်ကို ချိပ်ပိတ်ထားသလိုဖြစ်နေတာလဲ"
ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကုန်၏။ သူတို့ထဲမှတစ်ချို့သည်စိတ်မရှည်တော့သဖြင့် သူတို့၏မှော်ရတနာများကို ထုတ်ယူ၍စီးနင်းလိုက်ကြသည်။
သို့သော် မည်သည့်အချိန်ကရှိနေမှန်းမသိသော မမြင်နိုင်သည့်လေနံရံကြီးတစ်ခုက ဤနေရာပတ်ဝန်းကျင်တစ်ခုလုံးအား လှောင်ပိတ်ထားခဲ့သည်။
လူဖြစ်စေ မှော်ရတနာများဖြစ်စေ အတားအဆီး၏ပြင်ပသို့ ထွက်လို့မရတော့ချေ။
"ငါက မင်းတို့ရဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေ လွှဲပြောင်းပေးဖို့ပဲ လိုချင်ခဲ့တာ...ဒါပေမယ့် မင်းတို့က ငါရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်မယ်လို့ ငါမသိခဲ့ဘူး...ကောင်းပြီလေ...မင်းတို့ကောင်တွေ ဒီနေရာမှာပဲနေပြီး အပြင်ထွက်မလာကြနဲ့တော့"
ဟန်ချုံး၏မျက်နှာပေါ်၌ ကြောက်မက်ဖွယ်အပြုံးတစ်ခုရှိနေလေသည်။
သူ၏နံဘေး၌ ဆရာသခင်လို့ရှိနေပြီး ဒြပ်စင်ငါးပါးဂိုဏ်းကိုပိတ်လှောင်ထားသော ဝင်္ကပါကြီးကို ထိန်းချုပ်ထားပေ၏။
"ခွေးမသား..."
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်က သူ၏စေတီကို ဝင်္ကပါ၏နေရာတစ်ခုတည်းသို့ အကြိမ်ပေါင်းများစွာဦးတည်တိုက်ခိုက်ရန် ထိန်းချုပ်လိုက်တော့သည်။
ကံဆိုးစွာဖြင့် စေတီက အတားအဆီးအလွှာပေါ်သို့ ကျရောက်သွားသော်လည်း ချိုးဖျက်နိုင်ခြင်းမရှိခဲ့ချေ။
"အားလုံးပဲ...ဒီအတါးအဆီးအလွှာကိုချိုးဖျက်နိုင်အောင်လို့ ငါတို့အကောင်းဆုံးကြိုးစားကြရအောင်"
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်က ရုတ်တရက်အော်ဟစ်လိုက်၏။
ကျင့်ကြံသူများအားလုံးက အတားအဆီးအား အတူတကွစုစည်း၍ချိုးဖျက်ရန် အဆင်သင့်ဖြစ်နေကြသည်။
"ဟမ့်...မင်းတို့က ပြန်တိုက်ခိုက်ချင်သေးတယ်ပေါ့...ဂိုဏ်းခေါင်းဆောင် လော...ခန်းမသခင်ဖန်း...အခုက မင်းတို့လှုပ်ရှားရမယ့်အချိန်ပဲ"
ဟန်ချုံးက အေးစက်စက်အပြုံးနှင့် ပြောဆိုလိုက်လေသည်။
Chapter 395
"ဘာတွေ ဖြစ်ကုန်တာလဲ"
ဟန်ချုံး၏စကားသံထွက်ပေါ်လာသည်နှင့် ကျင့်ကြံသူတစ်ချို့သည် ဖရိုဖရဲပြိုလဲကျသွားကြသည်။
ထိုက်ယွမ်ဂိုဏ်းနှင့်ကွေ့ယွမ်ခန်းမမှကျင့်ကြံသူတစ်ချို့က သူတို့၏မှော်လက်နက်များကိုထုတ်ယူပြီး သူတို့အနီးရှိ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
"မင်းတို့ ဘာလုပ်တာလဲ"
"မကောင်းတော့ဘူး...သူတို့ကလည်း သစ္စာဖောတ်တွေပဲ"
ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်ကုန်၏။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှလူများ၏အနီးအနားတွင်ရှိနေသူများသည် သတ်ဖြတ်ခြင်းခံလိုက်ရတော့သည်။
လောဝူတောက်၏အင်္ကျီလက်များသည် လေပြင်းနှင့်အတူလှုပ်ယမ်းနေပြီး သူက အဝိုင်းကြီးအဆင့်ကျင့်ကြံသူနှစ်ယောက်၏ရှေ့သို့ ရောက်ရှိလာလေ၏။
"လောဝူတောက်...မင်း...."
"အင်မော်တယ်မဟာမိတ်ကို သစ္စာဖောတ်လို့ မင်းကဘာအကျိုးကျေးဇူးရမှာမို့လို့လဲ...မင်းက မြေအောက်လောကနတ်ဆိုးဂိုဏ်းနဲ့ပူးပေါင်းချင်နေတာလား"
အဝိုင်းကြီးအဆင့်ကျင့်ကြံသူနှစ်ယောက်သည် အလွန်အမင်းဒေါသထွက်နေကြသော်လည်း သူတို့ကအဆိပ်မိနေသဖြင့် အနည်းငယ်တွန့်ဆုတ်နေလေသည်။
လောဝူတောက်သည် သူတို့၏အတွေးများကို ထွင်းဖောတ်မြင်နိုင်ပုံဖြင့် ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။
"မင်းတို့က အဝေးကြီးစဥ်းစားနေတာပဲ...မြေအောက်လောကနတ်ဆိုးဂိုဏ်းက ဘာမလို့လဲ...ငါနဲ့ပူးပေါင်းဖို့ ထိုက်တန်လို့လား"
ဘန်း...
လောဝူတောက်က လက်ဝါးရိုက်ချက်နှစ်ချက် ထုတ်လွှက်လိုက်ရာတွင် ယခင်ကမတ်တတ်ရပ်နေသော အဝိုင်းကြီးအဆင့်ကျင့်ကြံသူနှစ်ယောက်လုံး နောက်သို့လွင့်စင်သွားလေ၏။
"တောင်ပိုင်းကုန်းမြေလို ကျယ်ပြန့်တဲ့နယ်မြေမျိုးမှာ မင်းတို့နဲ့အတူရှိနေရတာ ငါအတွက် အရှက်ရစရာကိစ္စပဲ"
လောဝူတောက်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်း လုပ်ရဲတယ်ပေါ့"
ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်သည် ဒေါသတကြီးဖြင့် သူ၏စေတီကိုထိန်းချုပ်ကာ လောဝူတောက်ထံသို့ ညွှန်ပြလိုက်တော့သည်။
လောဝူတောက်က လှောင်ပြောင်သရော်လိုက်လေ၏။
"တစ်ကယ်လို့ မင်း အဆိပ်မိမနေဘူးဆိုရင်...ငါ နည်းနည်းကြောက်ရင်ကြောက်မိဦးမယ်...အခုတော့ မင်း ဒီနေရာကထွက်သွားတာ ပိုကောင်းလိမ့်မယ်"
လောဝူတောက်က သူ၏လက်ချောင်းထိပ်ကိုရုတ်တရက် လှုပ်ရှားလိုက်ရာတွင် ဓားချီစီးကြောင်းတစ်ခုထွက်ပေါ်လာပြီး စေတီပေါ်သို့ ကျဆင်းသွားခဲ့သည်။
စေတီက တုန်ခါသွားပြီးနောက် ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်၏လက်အတွင်းသို့ ပြုတ်ကျသွားလေ၏။
လောဝူတောက်က ရယ်မောရင်းမှပြောဆိုလိုက်သည်။
"မင်းတို့က လူပြက်တွေပဲ..မင်းတို့အားလုံးက မြေအောက်လောကနတ်ဆိုးဂိုဏ်းနဲ့ မဆင်မခြင်တိုက်ခိုက်နေကြတယ်...တစ်ကယ်လို့ မင်းတို့မှာအသိစိတ်နည်းနည်းရှိပြီး ငါရဲ့အစီအစဥ်ကိုသာ ရိုရိုကျိုးကျိုးနာခံမယ်ဆိုရင် ဒြပ်စင်ငါးပါးဂိုဏ်းနဲ့ တူညီတဲ့ကံကြမ္မာမျိုး မင်းတို့ကြုံတွေ့ရမှာမဟုတ်ဘူး"
"ဘာ...."
"မင်းက ဒြပ်စင်ငါးပါးဂိုဏ်းကို ဖျက်ဆီးခဲ့တာလား"
လူများက အံ့အားသင့်ထိတ်လန့်သွားကြ၏။ လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ဖော်ပြနိုင်စွမ်းမရှိသောစိတ်ခံစားချက်များ ခံစားနေရသည်။ သူတို့က မြေအောက်လောကနတ်ဆိုးဂိုဏ်းနှင့်တိုက်ခိုက်နေရသော အဓိကအကြောင်းအရင်းမှာ နတ်ဆိုးဂိုဏ်းက ဒြပ်စင်ငါးပါးဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
သို့ရာတွင် ဒြပ်စင်ငါးပါးဂိုဏ်းကိုဖျက်ဆီးသူသည် တစ်ခြားလူတစ်ယောက်ဖြစ်နေမည်ဟု သူတို့မျှော်လင့်မထားမိကြချေ။
လောဝူတောက်က ကြမ်းကြုတ်ရက်စက်သောအပြုံးနှင့် ပြောဆိုလိုကိ၏။
"ဘာမှစိုးရိမ်မနေကြနဲ့...သိပ်မကြာခင်မှာပဲ မင်းတို့က မြေအောက်လောကနတ်ဆိုးဂိုဏ်းကလူတွေနဲ့ တွင်းနက်ကြီးထဲကို အတူတူခုန်ချရတော့မှာ"
"တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့သူက တစ်ယောက်ပဲရှိသင့်တယ်"
ထို့နောက် လောဝူတောက်က လုယွီအား ရုတ်တရက် ကြည့်ရှုနေလေသည်။
"ကောင်လေး...မင်းက အရမ်းမောက်မာနေတဲ့သူ မဟုတ်ဘူးလား...အခု မင်းရဲ့ကျန်းချီတွေ လှည့်ပတ်လို့ရသေးရဲ့လား"
သူက လုယွီကိုဦးတည်၍ အထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်သည်။
"ငါ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်...ပထမတစ်ခုက မင်းက ပါရမီရှင်တစ်ယောက်လို့ ငါ တွေ့မိတယ်...ဒါကြောင့် ငါရှေ့မှာ မင်းက ဒူးထောက်ပြီး သုံးကြိမ်အရိုအသေပြုလိုက်...ဒါဆို ငါကမင်းကို ငါရဲ့တပည့်အဖြစ်လက်ခံမယ်...တစ်ကယ်လို့ မင်းရဲ့လုပ်ဆောင်မှုကမဆိုးဘူးဆိုရင် ငါရဲ့ထိုက်ယွမ်ဂိုဏ်းမှာ အတွင်းစည်းတပည့်အဖြစ် မင်းကိုခန့်အပ်မယ်"
"ဒုတိယအချက်ကတော့ မင်းရဲ့ကျင့်ကြံဆင့်တွေအကုန်ဖျက်ဆီးပြီး မင်းကိုထွက်သွားခွင့်ပြုမယ်...ဘယ်လိုလဲ...အခွင့်အရေးနှစ်ခုလုံးက မင်းအတွက် ကောင်းတာတွေချည်းပဲ"
လောဝူတောက်က သူကိုယ်သူ ယုံကြည်ချက်ရှိစွာဖြင့် ပြုံးနေလေ၏။ ဤအခြေအနေ၌ လုယွီ၌ တစ်ခြားရွေးချယ်စရာမရှိဟု သူတွေးတောထားပြီးဖြစ်သည်။
လုယွီက ရယ်မောလိုက်၏။
"ခင်ဗျားက ဒီနေရာမှာရှိနေမှတော့...ခင်ဗျားမှာ ဘာအစွမ်းရှိလဲဆိုတာ ကျုပ်ကိုပြစမ်းပါ"
လောဝူတောက်၏ရှေ့၌ ထိတ်လန့်တုန်လှုပ်ဖွဟ်အရှိန်အဝါဖြင့် ဓားချီလှိုင်းများက ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။
ထိုဆေဘာဓားချီများသည် ပတ်ဝန်းကျင်နေရာအနှံပျံနှံ့သွားပြီးနောက် ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးပြည့်နှက်သွားခဲ့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဆေဘာဓားချီများက လောဝူတောက်၏ကျန်းချီအကာအကွယ်အလွှာအား ထိုးဖောက်ဝင်ရောက်သွားလေ၏။
ဖူး.....
လောဝူတောက်၏ပါးစပ်မှ သွေးများအန်ထွက်လာခဲ့သည်။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေလေ၏။
လောဝူတောက်၏နဖူးပေါ်၌ နက်ရှိုင်းသောအမှတ်တစ်ခု စတင်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထက်ခြမ်းကွဲသွားပြီး သွေးများက နေရာအနှံလွင့်စင်သွားတော့သည်။