← Chapters

အခန်း (၄၃၁-၄၃၅)

Vol. 21-25 Ch. 431-435

အခန်း (၄၃၁-၄၃၅)

Vol. 21-25 Ch. 431-435

Chapter 431

"ဒါက မင်းရဲ့အသက်ကယ်ခဲ့တဲ့သူကို ပြန်ဆတ်ဆံတဲ့ပုံစံလား"

လုယွီက နောက်သို့လှည့်ကြည့်ခြင်းမပြုဘဲ တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

ပြင်ပမှလိုက်လံရှာဖွေနေသူများ ထွက်သွားပုံရသဖြင့် လုယွီက လှိုဏ်ဂူအဝင်ဝရှိသစ်ကိုင်းများကို ဖယ်ရှားထားခဲ့ရာ စူးရှရှနေရောင်က လှိုဏ်ဂူအတွင်း၌ဖြာထွက်နေခဲ့သည်။

လုယွီ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး မင်းသမီးလောဟယ်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်သည်။

လုယွီ၏အဝတ်အစားများက စုတ်ပြတ်သတ်နေသော်လည်း အလွန်ငယ်ရွယ်သောလူငယ်တစ်ယောက်ဖြစ်နေသည်။ ထို့ပြင် လုယွီ၏ခန္ဓာကိုယ်မှ မည်သည့်စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုကိုမျှ သူမက အာရုံခံစားမရချေ။ ဤကဲ့သို့လူမျိုးသည် ကျိုးမိသားစုမှ စစ်သည်တော်တစ်ယောက် မည်သို့မျှမဖြစ်နိုင်ပေ။

"ငါကိုကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...ငါ အင်ပါယာမြို့တော်ကိုပြန်ရောက်တာနဲ့ ငါ နင်ကို ဆုချီးမြှင့်ပေးမယ်"

မင်းသမီးလောဟယ်က မတ်တပ်ထရပ်နိုင်ရန် ကြိုးစားလိုက်၏။ သို့သော် သူမက မတ်တပ်ရပ်လိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအားနည်းနေသကဲ့သို့ ခံစားရပြီး မြေပြင်ပေါ်သို့ပစ်လဲကျသွားခဲ့သည်။

"မင်းက အဆိပ်မိထားတာ...အဆိပ်ကိုဖယ်ရှားပြီးပေမယ့် လှုပ်ရှားနိုင်ဖို့အတွက်တော့ မင်းကအားနည်းနေတုန်းပဲ....မင်း နည်းနည်းလေးပြန်ကောင်းလာမှ ဒီနေရာကထွက်သွားဖို့ ငါအကြံပေးချင်တယ်"

လုယွိ၏လက်အတွင်း၌ မီးဖုတ်ထားသောကန်စွန်းဥတစ်ချို့ရှိနေခဲ့သည်။

မီးဖိုအတွင်းမှ ကန်စွန်းဥဖုတ်ထားသောရနံက ပျံနှံ့နေမှုကြောင့် လှိုဏ်ဂူတစ်ဂူလုံး မွေးကြိုင်နေပေ၏။

"မရဘူး...ကျိုးမိသားစုမှာ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေရှိနေတယ်...ငါက ငါရဲ့ခမည်းတော်စီကို အမြန်ပြန်ပြီးသတင်းပို့ရမယ်"

မင်းသမီးလောဟယ်က အံတင်းတင်းကြိတ်ပြီး အားယူထလိုက်သော်လည်း မြေပြင်ပေါ်သို့ထပ်မံလဲကျသွားခဲ့သည်။

သူမ၌ ခွန်အားမရှိချေ။

လုယွီက သူမအား အညှာအတာကင်းမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"မင်းအခု အပြင်ထွက်သွားမယ်ဆိုရင်...မင်းကိုလိုက်ဖမ်းနေတဲ့လူတွေနဲ့မတွေ့ရင်တောင် ဝံပုလွေတွေကြားမှာ မင်း တစစီဖြစ်သွားလိမ့်မယ်"

"ငါ အပြင်ထွက်ချင်တယ်...ဒီနေရာမှာနေပြီး လုံချွမ်တိုင်းပြည်ရဲ့အကျပ်အတည်းကို လျစ်လျှူရှုထားလို့မရဘူး"

မင်းသမီးလောဟယ်က သူမ၏နှုတ်ခမ်းကို ဖိကိုက်ထားရင်းမှ ပြောဆိုလိုက်သည်။

"ဒါက မင်းကိစ္စလေ"

လုယွီက ကန်စွန်းဥများအား မီးဖိုအတွင်းမှ ထုတ်ယူနေလေ၏။

ရုတ်တရက် မွှေးပျံသောရနံက တဖန်ပြန်၍ပျံနှံ့လာခဲ့သည်။

"ဂလှီ...ဂလှီ"

မင်းသမီးလောဟယ်၏အစာအိမ်မှ တိုးညှင်းသောအသံများထွက်ပေါ်လာလေ၏။

လုယွီက ကန်စွန်းဥမီးဖုတ်တစ်ချို့အား မင်းသမီးလောဟယ်ထံ လက်ကမ်းပေးလိုက်သည်။

"ဒါကို ယူလိုက်"

မင်းသမီးလောဟယ်က အချိန်တခဏကြာ တွန့်ဆုန်နေသော်လည်း သူမက ဟန်မဆောင်နိုင်တော့ဘဲ လုယွီ၏လက်အတွင်းမှ ကန်စွန်းဥဖုတ်များကို ယူလိုက်တော့၏။

"နင်က မစားဘူးလား...."

မင်းသမီးလောဟယ်က လုယွီအားမေးရန် ကြံရွယ်လိုက်သော်လည်း လုယွီက ကြီးမားသောကန်စွန်းဥတစ်လုံးကို မီးဖိုအတွင်းမှ ထုတ်ယူနေခြင်းကို သူမက မြင်တွေ့ရသည်။

"နင် နာမည်ဘယ်လိုခေါ်လဲ"

"လုယှီ"

"ငါက လုံချွမ်တိုင်းပြည်ရဲ့အကြီးဆုံးသမီးတော် လောဟယ်မင်းသမီး ယဲ့လန်...တစ်ကယ်လို့ နင် ငါကို အင်ပါယာမြို့တော်ကို ပြန်ပို့ပေးနိုင်မယ်ဆိုရင် နင်ရဲ့ဘဝတလျှောက်လုံး စည်းစိမ်ချမ်းသာအပြည့်နဲ့နေရမယ်လို့ ငါကတိပေးတယ်...ဘယ်လိုလဲ"

ယဲ့လန်က လုယွီအား ပြောဆိုလိုက်၏။

လုယွီက ယဲ့လန်ကိုကြည့်ပြီး သရော်တော်တော်လေသံဖြင့် မေးမြန်းလိုက်သည်။

"မင်းနဲ့ငါနဲ့ ကောင်းကောင်းသိကျွမ်းလို့လား"

ယဲ့လန်က နှာခေါင်းရှုံနေပေ၏။

"နင်နဲ့ငါက မရင်းနှီးပေမယ့်...ငါ နင်ကို အခကြေးငွေအများကြီးပေးနိုင်တယ်...ငါရဲ့ ယိုဝမ့်အိမ်တော်မှာ ငွေတွေအများကြီးရှိတယ်...နင် ငါကို ကူညီနိုင်မလား"

"မင်း ငါကို စိတ်ဝိညာဥ်ကျောက်တုံးတွေပေးနိုင်လား...တစ်ကယ်လို့ မင်း ငါကို ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာပေးမယ်ဆိုရင်...ငါ မင်းကို အင်ပါယာမြို့တော်လိုက်ပို့မယ်"

လုယွီက အလေးမထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"နင်က စိတ်ဝိညာဥ်ကျောက်တုံးကို သိတယ်ပေါ့...နင်က ကျင့်ကြံသူတစ်ယောက်လား"

ယဲ့လန်က သိချင်စိတ်ပြင်းပြစွာဖြင့် လုယွီအား ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေပေ၏။

"ငါ နင်လို အားနည်းတဲ့ကျင့်ကြံသူမျိုးကို ပထမဆုံးမြင်ဖူးတာပဲ...နင်စီက ဘာကျန်းချီအရိပ်အယောင်ကိုမှ ငါခံစားလို့မရဘူး"

လုယွီက အေးစက်စက်လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

"တစ်ကယ်လို့ မင်းမပေးချင်ရင်...မင်းဟာမင်း ထွက်သွားနိုင်တယ်"

"ဘယ်သူက မပေးဘူးပြောနေလို့လဲ...တစ်ကယ်လို့ ငါ အဆိပ်သာမမိခဲ့ဘူးဆိုရင် ဘာလို့နင်လိုကျင့်ကြံသူလေးတစ်ယောက်ကို အကူအညီတောင်းနေမှာလဲ....ငါ အသက်ကိုကယ်တင်ခဲ့တဲ့အတွက်တော့...နန်းတော်ထဲက အကောင်းဆုံးစိတ်ဝိညာဥ်စမ်းရေ နင်ကိုအသုံးပြုခွင့်ပေးမယ်...တစ်ကယ်လို့ နင်ရဲ့ခွန်အားကိုမြန်မြန်တိုးတတ်စေချင်တယ်ဆိုရင် အဲ့ဒါက နင်ကိုအခုလက်ရှိအခြေအနေထက်တော့ ပိုကောင်းအောင်ထောက်ပံပေးနိုင်လိမ့်မယ်"

ယဲ့လန်က အပြုံးနှင့် ပြောဆိုလိုက်လေ၏။

လုယွီက စဥ်းစားတွေးတောနေဆဲဖြစ်သည်ကိုကြည့်ပြီး ယဲ့လန်က ခနဲ့တဲ့တဲ့ထပ်မံပြောဆိုခဲ့သည်။

"နင်က စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာက မိုးပေါ်ကကျလာတယ်လို့ ထင်နေတာလား...ငါတို့လုံချွမ်တိုင်းပြည်ရဲ့တော်ဝင်မိသားစုတောင် စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာဆိုရင် တော်တော်စဥ်းစားဆုံးဖြတ်ပြီးမှ အသုံးပြုရမှာ"

"ကောင်းပြီလေ...ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေရရင်လည်း မဆိုးပါဘူး...ငါ မင်းကို အင်ပါယာမြို့တော်ကို လိုက်ပို့ပေးမယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"ကောင်းပြီလေ...အခုသွားကြမလား"

ယဲ့လန်က မတ်တတ်ထရပ်လိုက်၏။ သူမက စိတ်အတွင်းမှနေ၍ လုယွီအား ကြိတ်၍လှောင်ပြောင်နေခဲ့သည်။ ဤသည်က တော်ဝင်မိသားစုပိုင်ဆိုင်သော အကောင်းဆုံးစိတ်ဝိညာဥ်စမ်းရေဖြစ်ပြီး စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်နေပေ၏။ သာမာန်ကျင့်ကြံသူတစ်ယောက်သည် ဤမျှပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအင်များကို မည်သို့တောင့်ခံနိုင်မည်နည်း...။

Chapter 432

မိုးရေများကြားတွင် အနက်ရောင်လူရိပ်တစ်ရိပ်က ဖြတ်သန်းသွားလာနေ၏။

လုယွီက ယဲ့လန်ကို ကျောပိုး၍ သစ်တောအုပ်အားဖြတ်သန်းသွားနေခြင်းဖြစ်သည်။ လုယွီ၏လှုပ်ရှားမှုနည်းစနစ်သည် အလွန်အမင်းမြန်ဆန်သဖြင့် သူ၏ခြေထောက်သည် မြေကြီးနှင့်ထိသည်ဆိုရုံမျှပင် ထိတွေ့ခဲ့သည်။ လေထုအားထွင်းဖောက်သွားသံတစ်ချို့နှင့်အတူ သူက လီပေါင်းများစွာအကွာအဝေးကို ခရီးနှင်ခဲ့ပြီးဖြစ်သည်။

ရုတ်တရက် လုယွီက သွားနေရာမှ ရပ်တန့်လိုက်သည်။

"နင် ဘာလို့ဆက်မသွားတော့တာလဲ...နောက်ထပ်လီနည်းနည်းလောတ်သွားတာနဲ့ အင်ပါယာမြို့တော်ကို ငါတို့ရောက်ပြီလေ"

ယဲ့လန်က ကူရာကယ်ရာမဲ့ပုံဖြင့် ညည်းတွားပြောဆိုနေလေ၏။

"ပါးစပ်ပိတ်ထား"

လုယွီ၏အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။

ယဲ့လန်က စိတ်မကြည်မသာဖြစ်သွားခဲ့သည်။

"နင် ဘာလုပ်နေတာလဲ..တစ်လမ်းလုံးသွားပြီး ဒီနေရာရောက်မှ ရပ်နေရမှာလား...တစ်ကယ်လို့ နင်သေမှာကြောက်ရင် ငါကိုအောက်ချပေး...ငါ့ဟာငါသွားမယ်"

ဘုန်း...

လုယွီက လွှက်ချလိုက်မှုကြောင့် ယဲ့လန် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"နင်...."

ယဲ့လန်က ရူးသွပ်လုနီးပါး ခံစားနေရသည်။ ဤကဲ့သို့လူစားမျိုးနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမက မျှော်လင့်မထားမိချေ။

သူမ၏ဘဝတစ်လျှောက်လုံး ဝတ်ကောင်းစားလှများဝတ်ဆင်၍ စားကောင်းသောတ်ဖွယ်များစားသောတ်ကာ ချမ်းသာကြွယ်ဝစွာနေထိုင်ခဲ့ရ၏။ သူမ ငယ်ရွယ်စဥ်ခလေးဘဝကတည်းက သူမနံဘေး၌ ခြွေရံသင်းပင်းမြောက်များစွာရှိခဲ့သည်။ သူမက လုယွီကဲ့သို့ ကြမ်းတမ်းသောယော်ကျားမျိုးကို မည်သည့်အချိန်ကမျှ မတွေ့ဘူးခဲ့ချေ။

ယဲ့လန်က အော်ဟစ်ရန်ကြံရွယ်လိုက်စဥ်တွင် လုယွီ၏လက်က ရုတ်တရက်ဆန့်တန်းလာပြီး သူမ၏ပါးစပ်ကို ပိတ်ထားလေ၏။

"တစ်ကယ်လို့ မင်းအရမ်းသေချင်နေတယ်ဆိုရင် မင်းဟာမင်းသေ...ငါကို ဆွဲမထည့်နဲ့"

လုယွီက လေးလေးနက်နက် ပြောဆိုလိုက်သည်။

လုယွီတို့နှစ်ယောက်က မြက်ပင်ရှည်များကြား၌ ပုန်းအောင်းနေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်မှ အင်းဆက်ပိုးမွှားများနှင့်ဌက်များ၏အသံသဲ့သဲ့ကိုသာ ကြားနေရသည်။

ထိုအချိန်မှာပင် ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားလေ၏။ သူတို့နှစ်ယောက်၏ခေါင်းအထက်ရှိ လေထုအတွင်းမှ အားကောင်းသောအော်ရာတစ်ခုကို ခံစားမိသဖြင့် ယဲ့လန်က သူမ၏အော်ရာကိုထိန်းချုပ်ပြီး အသက်ပင်မရှုဝံ့တော့ချေ။

သူတို့၏ခေါင်းအထက်၌ ကြီးမားသောဦးခေါင်းတစ်လုံးရှိနေခြင်းကို တွေ့မြင်မိကြသည်။ ဤသည်က ကြမ်းကြုတ်ရက်စက်သောမှော်သားရဲတစ်ကောင်ဖြစ်ပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ချော်ခဲများက သံချပ်ကာကဲ့သို့ဖုံးလွှမ်းနေပြီး ခြစ်ခြစ်တောက်ပူသောအရှိန်အဝါများက ထွက်ပေါ်နေလေသည်။

မှော်သားရဲက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုနေပေ၏။ သူက ပစ်မှတ်ကိုရှာတွေ့ခြင်း မရှိသည့်အတွက် တစ်ခြားဘက်ခြမ်းသို့ အလျှင်အမြန်​ပြေးလွှားသွားလေသည်။

ကြမ်းကြုတ်ရက်စက်ပုံရသည့်မှော်သားရဲ အဝေးသို့ထွက်ခွါသွားချိန်တွင် ယဲ့လန်က တီးတိုးရေရွတ်လိုက်သည်။

"ဒါက တာယွီအင်ပါယာက နတ်ဆိုးခြင်္သေ့မှော်သားရဲပဲ...ဘာလို့ဒီကို ရောက်နေတာပါလိမ့်"

"တာယွီအင်ပါယာလား"

လုယွီက မျက်မှောင်ကြုတ်လိုက်လေ၏။

ယဲ့လန်က လုယွီအား ထပ်မံ၍ပြောဆိုလိုက်သည်။

"ငါတို့ လုံချွမ်တိုင်းပြည်က တာယွီအင်ပါယာနဲ့ နယ်နမိတ်ချင်းထိစပ်နေတာ...တာယွီအင်ပါယာက ဝံပုလွေတွေလိုကောက်ကျစ်ပြီး ငါတို့လုံချွမ်တိုင်းပြည်ကို သိမ်းပိုက်ချင်နေတာ ဟိုးအရင်ကတည်းက...ဒါကြောင့် ငါတို့နိုင်ငံနှစ်ခုက ရန်ဘက်တွေပဲ"

ယဲ့လန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

"ဒါက တော်တော်တော့ ထူးဆန်းနေတယ်...ဒီနေရာက နယ်စပ်လည်းမဟုတ်ဘူး...ဘယ်လိုလုပ်ပြီး တာယွီအင်ပါယာကလူတွေက ဒီနေရာကို ရောက်လာကြတာလဲ"

လုယွီကမူ တာယွီအင်ပါယာအကြောင်းကို တွေးတောနေလေ၏။ ပြန်ပြောင်းတွေးကြည့်လျှင် တားမြစ်နယ်မြေအတွင်း၌ သူနှင့်တာယွီအင်ပါယာမှအင်အားစုများသည် တစ်ဘက်နှင့်တစ်ဘက် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ ဤနေရာ၌ ယခုကဲ့သို့ တာယွီအင်ပါယာမှလူများနှင့် တွေ့ဆုံရလိမ့်မည်ဟု လုယွီက ထင်မထားခဲ့ချေ။ သူက ရန်သူများနှင့် ရေစက်ပါနေခြင်းသာ ဖြစ်ပေမည်။

"ကောင်းလိုက်တာ...နတ်ဆိုးခြင်္သေ့ရဲ့အော်ရာက ဝေးကွာသွားတာကို ငါ ခံစားမိတယ်...မြန်မြန်သွားကြရအောင်..."

ထိုအချိန်မှာပင် ယဲ့လန်က ရုတ်တရက် ပြောဆိုလိုက်၏။

သို့ရာတွင် သူမ၏စကားမဆုံးခင် လုယွီကသူမ၏ပါးစပ်ကို ထပ်မံဖုံးအုပ်လိုက်သည်။

လုယွီ၏လက်က အလွန်လျှင်မြန်သော်လည်း သူက ခြေတစ်လှမ်းစာခန့် နောက်ကျသွားခဲ့သည်။

ယဲ့လန်သည် မင်းသမီးတစ်ပါးဖြစ်နေသဖြင့် သူမ၌အားကောင်းသောကျင့်ကြံခြင်းနည်းစနစ်များရှိသော်လည်း သူမ၏အတွေ့အကြုံက နည်းပါးလွန်းပေသည်။

ဤကဲ့သို့မှော်သားရဲအမျိုးအစားသည် နတ်ဆိုးတစ်ကောင်နီးပါး ဥာဏ်ကောင်းသည်ဖြစ်၍ မည်သည့်ကြောင့် ပတ်ဝန်းကျင်အား ရိုးရိုးရှင်းရှင်းသာကြည့်ရှုပြီး ထွက်ခွါသွားမည်နည်း...။

မှော်သားရဲက ပစ်မှတ်အားစိတ်အေးချမ်းသွားစေရန် ထွက်ခွါဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပစ်မှတ်က စိတ်သက်သာရာရပြီး ထွက်လာချိန်သည် မှော်သားရဲ၏အမဲလိုက်ချိန် ဖြစ်ပေ၏။

ဘုန်း....

မြေပြင်က အပြင်းအထန်တုန်ခါသွားပြီးနောက် နတ်ဆိုးခြင်္သေ့က သူ၏ချော်ရည်မီးများဖုံးလွှမ်းနေသောခန္ဓာကိုယ်ဖြင့် လုယွီတို့ထံသို့ ပြေးဝင်လာခဲ့သည်။

ယဲ့လန်၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေ၌ သူမက လုယွီ၏လည်ပင်းကို တွဲလွဲခိုလိုက်သည်။

လူနှစ်ယောက်က အတူတကွပူးကပ်နေပြီး သူတို့၏ကိုယ်နေဟန်ထားများသည် ထူးဆန်းနေသော်လည်း ဤကဲ့သို့အခြေအနေမျိုး၌ သူတို့က တစ်ခြားကိစ္စရပ်များကို ဂရုစိုက်နိုင်ခြင်းမရှိကြချေ။

ဤအရာက ဆိုးရွားလွန်းပေသည်။ အရာအားလုံး ချုပ်ငြိမ်းသွားတော့မည်လော...။ သူမကဲ့သို့ မြင့်မြတ်သောမင်းသမီးတစ်ပါးက ဤကဲ့သို့လူသူကင်းမဲ့သောနေရာမျိုး၌ သေဆုံးရမည်ဟု ယဲ့လန်က မျှော်လင့်မထားမိချေ။

"ငါ သေရတော့မှာလား...ငါ ခုချိန် မသေချင်သေးဘူး"

ယဲ့လန်၏မျက်လုံးများသည် မျက်ရည်များနှင့်စိုစွက်နေပေ၏။

"ဘာမှစိုးရိမ်မနေနဲ့...မင်း မသေဘူး"

ထိုအချိန်မှာပင် လုယွီက ရုတ်တရက် ယဲ့လန်အား အဝေးသို့ ပစ်လွှက်လိုက်၏။

ယဲ့လန်၏အံ့အားသင့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လုယွီက နတ်ဆိုးခြင်္သေ့မှော်သားရဲထံသို့ ပြေးဝင်သွားတော့သည်။

C433

"သူက သေလမ်းရှာနေတာလား"

ယဲ့လန်က အံ့အားသင့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ နတ်ဆိုးခြင်္သေ့မှော်သားရဲ မည်မျှထိသန်မာကြောင်းကို သူမက ကောင်းစွာသိရှိထားခဲ့သည်။ ဤနှစ်များအတွင်းတွင် လုံချွမ်တိုင်းပြည်နှင့်တာယွီအင်ပါယာတို့သည် မကြာခဏတိုက်ပွဲများဖြစ်ခဲ့ကြသည်။ နက္ခက်တာရာပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပင် ဤနတ်ဆိုးခြင်္သေ့အား ပြန်လည်တိုက်ခိုက်ရန်အခွင့်အရေးမရှိဘဲ သတ်ဖြတ်ခံခဲ့ရ၏။

လုယွီကဲ့သို့ မည်သည့်ကျန်းချီမျှပင် သူမ အာရုံခံ၍မရသောသူမျိုးဆိုလျှင် ထည့်ပြောရန်ပင်လိုမည်မဟုတ်ချေ။

ယခုအချိန်၌ လုယွီက သူသေရမည်ကို အသေအချာသိနေ၍သာ နတ်ဆိုးခြင်္သေ့ထံ ပြေးဝင်သွားခြင်းဖြစ်မည်ဟု ယဲ့လန်က တွေးတောနေမိသည်။

လုယွီ၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် သူက နတ်ဆိုးခြင်္သေ့အား ဝင်တိုက်မိလုနီးပါးပင်။

ထိုအချိန်တွင် နတ်ဆိုးခြင်္သေ့က သူ၏ပါးစပ်ကို ကျယ်လောင်စွာဟထားရာ သူ၏သွေးသံတရဲရဲအစွယ်များက ထွက်ပေါ်နေပေ၏။

လုယွီက နတ်ဆိုးခြင်္သေ့အနီးသို့ရောက်ချိန်တွင် ပို၍မြန်ဆန်လာပြီး သူက ဖျတ်ခနဲနံဘေးဘက်သို့ ခုန်လိုက်သည်။

လုယွီ၏လှုပ်ရှားမှုများသည် ရေစီးဆင်းနေသည့်အလား သဘာဝကျလှပေသည်။ သူက နတ်ဆိုးခြင်္သေ့ကို သူအားထိတွေ့နိုင်ရန် အခွင့်အရေးမပေးဘဲ ရှေ့နောက်ခုန်ပေါတ်၍ ရှောင်ရှားနေလေ၏။

"ဝေါင်း"

နတ်ဆိုးခြင်္သေ့သည် စိတ်အနှောက်အယှက်ဖြစ်လာပုံဖြင့် ဒေါသတကြီးဟိန်းဟောက်နေလေ၏။ သူက ခြေတစ်လှမ်းရှေ့တိုးပြီး ဖျတ်ခနဲပျောက်ကွယ်သွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏နောက်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

"သတိထား..."

ယဲ့လန်က ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်သတိပေးလိုက်၏။

နတ်ဆိုးခြင်္သေ့က လုယွီအား ကိုက်မိတော့ဆဲဆဲအချိန်မှာပင် လုယွီက နံဘေးဘက်သို့ ရှောင်တိမ်းသွားနိုင်ခဲ့သည်။ ရုတ်တရက် လုယွီ၏ရှေ့၌ ချွန်ထက်သောသစ်ကိုင်းတစ်ကိုင်းက ထွက်ပေါ်လာပေ၏။

ထိုသစ်ကိုင်းသည် အလွန်ပင်မထင်မရှားရှိနေခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုခြင်းမရှိပါက ဤသစ်ကိုင်းရှိနေခြင်းကို သတိပြုမိမည်မဟုတ်ချေ။

အူး....

နတ်ဆိုးခြင်္သေ့သည် လုယွီထံ တရကြမ်းပြေးဝင်လာမှုကြောင့် သူ၏အရှိန်ကိုထိန်းနိုင်ခြင်းမရှိဘဲ သစ်ကိုင်းပေါ်သို့ ခုန်အုပ်မိလျက်သား ဖြစ်သွားပေ၏။

စူးရှသောသစ်ကိုင်းက နတ်ဆိုးခြင်္သေ့၏ဦးနှောက်အား ဖောတ်ဝင်သွားခဲ့သည်။ နတ်ဆိုးခြင်္သေ့က အချိန်တခဏကြာသည်အထိ ရုန်းကန်နေသော်လည်း နောက်ဆုံး၌ ငြိမ်သက်သွားခဲ့သည်။

"နင်က တစ်ကယ်ကို...."

ယဲ့လန်က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ထိုကောင်လေးက ပတ်ဝန်းကျင်ရှိမထင်မရှားသစ်ကိုင်းကိုအသုံးပြု၍ ကြမ်းကြုတ်ရက်စက်သောနတ်ဆိုးခြင်္သေ့အား သတ်ဖြတ်ခဲ့သည်။ သူက ကံကောင်းသွားသလော မဟုတ်လျှင် သူ အမှန်တကယ်ပင်အစွမ်းထက်သလောကိုမှု ယဲ့လန်က ဝေခွဲမရတော့ချေ။

"မင်း ဘာကိုစောင့်နေသေးတာလဲ...သွားကြမယ်"

လုယွီက ယဲ့လန်ကို ပြန်လည်ချီပိုးပြီး အင်ပါယာမြို့တော်ထံသို့ ဦးတည်၍ထွက်ခွါခဲ့တော့သည်။ သူက ခြေတစ်လှမ်းရှေ့တိုးအပြီးမှာပင် ရုတ်တရက် အေးစက်စက်လေပြင်းတစ်ချက်က သူ၏နောက်၌တိုက်ခတ်လာလေ၏။

"မင်းက ငါရဲ့နတ်ဆိုးသားရဲကို သတ်ရဲတယ်ပေါ့...မင်း သေဖို့သာပြင်ထား"

လုယွီ၏နောက်မှ မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးထွက်ပေါ်လာခဲ့သည်။

လုယွီက လှည့်ကြည့်လိုက်ရာတွင် တာယွီအင်ပါယာမှစစ်သားများ ပြေးဝင်လာခြင်းကို တွေ့မြင်မိသည်။

"ဒါက လုံချွမ်တိုင်းပြည်ရဲ့ပိုင်နက်လေ...တာယွီအင်ပါယာကစစ်သားတွေ ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်နေကြတာလဲ"

ယဲ့လန်၏လေသံက တုန်ရီနေပေ၏။

သို့ရာတွင် ယခုအချိန်သည် ဤကိစ္စများတွေးတောနေရန် အချိန်မရှိခြင်းမှာ သိသာထင်ရှားပေသည်။ လုယွီ၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် သစ်တောအုပ်ကိုကျော်ဖြတ်ကာ လမ်းမကြီးသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာမှကြည့်လျှင် အဝေးတစ်နေရာမှ လုံချွမ်တိုင်းပြည်၏မြို့ရိုးများကို မြင်နိုင်ပေသည်။

"မင်းတို့ ပြေးလို့လွတ်မယ်မထင်နဲ့"

အသံနက်ကြီးဖြင့်အော်ဟစ်လိုက်သူ၏နောက်တွင်ရှိသော တာယွီအင်ပါယာမှစစ်သားများသည် သူတို့၏လှံရှည်များအတွင်းသို့ ကျန်းချီများကို ဖြည့်သွင်းနေကြ၏။ လှံရှည်များ၏ထိပ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီးနောက် ထိုထက်ရှသောလှံရှည်များကို ချက်ချင်းပင် လုယွီတို့ထံသို့ ချိန်ရွယ်၍ စစ်သားများက ပစ်ခတ်လိုက်ကြသည်။

လှံရှည်များက လုယွီတို့ပေါ်သို့ ကျလုဆဲဆဲတွင် ရုတ်တရက် လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့သည်။

ခရက်....ခရက်....

လေထုအတွင်း၌ရှိနေသော လှံရှည်များသည် ရုတ်တရက်တိုက်ခတ်လာသောလေပြင်းကြောင့် ကျိုးပဲ့သွားပေ၏။

"မြှားတွေ ပစ်ကြစမ်း"

လမ်းမကြီး၏နံဘေးဘက်မှ အနက်ရောင်သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော နောက်ထပ်စစ်သားတစ်အုပ်စု ထွက်ပေါ်လာခဲ့သည်။ ထိုစစ်သားများ၏စစ်ဗိုလ်ချုပ်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာတွင် လေးနှင့်မြှားကိုကိုင်ဆောင်ထားသည့် မြောက်များစွာသောအနက်ရောင်သံချပ်ကာဝတ်စစ်သားများက မြှားများကို ပစ်လွှက်လိုက်ကြ၏။

"မကောင်းတော့ဘူး....သူတို့က လုံချွမ်တိုင်းပြည်ရဲ့စစ်သားတွေ"

တာယွီအင်ပါယာမှစစ်သားများက နောက်သို့ပြန်လှည့်ပြီး ထွက်ပြေးကြတော့သည်။

ဝှစ်...ဝှစ်

စူးရှချွန်ထက်သော မြှားများက တာယွီအင်ပါယာမှစစ်သားများ၏သံချပ်ကာများကို ထိုးဖောက်ဝင်ရောက်သွားခဲ့၏။ တာယွီအင်ပါယာမှစစ်သားများသည် ခုခံနိုင်စွမ်းကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျသေဆုံးသွားလေရာ သွေးများက မြစ်ပြင်အလားစီးဆင်းနေပေသည်။

သွေးပျက်ဖွယ်မြင်ကွင်းသည် အချိန်တခဏအကြာ၌ပင် ပြီးဆုံးသွားပေ၏။

လုံချွမ်တိုင်းပြည်မှ စစ်သားများသည် တိုက်ခိုက်ရန်အဆင်သင့်ပြင်ထားပုံ ပေါ်လွင်နေသည်။ တာယွီအင်ပါယာမှစစ်သားများက ကမူးရှုးထိုးပြန်လည်တိုက်ခိုက်သော်လည်း နောက်ဆုံး၌ တာယွီစစ်တပ်တစ်တပ်လုံး ပျက်သုဥ်းခဲ့ပေ၏။

"ဟန်ယွမ်ဂိတ်ရဲ့အစောင့်စစ်ဗိုလ်ချုပ် ထောင်ရုံက မင်းသမီးကို အရိုအသေပြုပါတယ်...မင်းသမီးကို ကယ်တင်တာနောက်ကျခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ဒီငယ်သားကို အပြစ်ပေးပါ"

စစ်ဗိုလ်ချုပ်ထောင်ရုံက လုယွီတို့ထံသို့လျှောက်လာပြီး ဒူးထောက်၍အရိုအသေပေးရင်း ပြောဆိုလိုက်သည်။

Chapter 434

ယဲ့လန်က လုယွီ၏လက်မောင်းကြားမှ ရုန်းကန်၍တိုးထွက်လိုက်သည်။ သူမက အားနည်းနေဆဲဖြစ်သော်လည်း အားတင်း၍ လမ်းလျှောက်နေလေ၏။

"ဗိုလ်ချုပ် ထောင်က အချိန်မှီရောက်လာတာပဲ...ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး"

ယဲ့လန်က ပြောဆိုလိုက်သည်။

ယဲ့လန်၏မျက်နှာသည် အနည်းငယ်ဖြူရော်နေဆဲဖြစ်သည်။ သူမ၏ခန္ဓာကိုယ်မှအဆိပ်များ ပျက်ပြယ်သွားခြင်း ဟုတ်မဟုတ်ကို သူမသေချာမသိရှိသော်လည်း အားနည်းနေသာ်ကိုမှု ခံစားနေရဆဲပင်။

"ဗိုလ်ချုပ် ထောင်...ကျွန်မ အင်ပါယာမြို့တော်ကိုပြန်ဖို့ အစောင့်အကြပ်စစ်သားတွေလွှက်ပေးပါ...ကျွန်မက အရှင်မင်းကြီးကို အရေးတကြီးပြောစရာရှိတယ်"

ယဲ့လန်က စိုးရိမ်ပူပန်နေသောလေသံဖြင့် ပြောဆိုခဲ့လေ၏။

ထောင်ရုံ၏မျက်နှာအမူအယာက အနည်းငယ်အံ့အားသင့်သွားပုံရသော်လည်း သူက ယဲ့လန်အား ပြန်လည်ပြောဆိုလိုက်သည်။

"အမိန့်အတိုင်းပါ မင်းသမီး...ဒါပေမယ့် အိမ်ရှေ့စံမင်းသားကလည်း အင်ပါယာမြို့တော်ကိုသွားဖို့ ဒီနေရာမှာရှိနေတယ်...မင်းသမီးက ကျွန်တော်တို့နဲ့အတူတူမသွားဘူးလား"

"အကိုတော်ကလည်း ဟန်ယွမ်ဂိတ်မှာ ရှိနေတာလား"

ယဲ့လန်၏မျက်လုံးများက ချက်ချင်းပင် လင်းလက်တောက်ပသွားလေ၏။

အင်ပါယာမင်းသည် သူ၏ကျင့်ကြံမှုတွင်သာ များသောအားဖြင့် နစ်မြုပ်နေတက်သဖြင့် ကိစ္စကြီးငယ်မှန်သမျှကို မင်းသားကသာ ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။

အိမ်ရှေ့စံမင်းသား ဤနေရာ၌ရှိသည်ဟုကြားချိန်တွင် ယဲ့လန်က သူမ၏နောက်တွင် ကျောထောက်နောက်ခံတစ်ခုရရှိသွားသကဲ့သို့ ခံစားမိသည်။

"မြန်မြန်...ကျွန်မကို အကိုတော်စီ ခေါ်သွားပေး"

ယဲ့လန်က အချိန်တခဏကြာစဥ်းစားပြီးနောက် လုယွီကိုလက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်သည်။

"သူကို ရှင်နဲ့အတူ ခေါ်ထားလိုက်ပါ"

အမှန်အားဖြင့် လုယွီက မည်သည့်အရာကိုမျှအမှုမထားချေ။ လူများရှိနေသောနေရာတစ်ခုသည် နတ်ဆိုးပင်လယ်တောအုပ်ထက်တော့ သူ၏ကျင့်ကြံမှုပြန်လည်ကောင်းမွန်စေနိုင်သည်။

လုံချွန်စစ်တပ်၏စောင့်ကြပ်ပေးမှုနှင့်အတူ လုယွီက ဟန်ယွမ်ဂိတ်သို့ အလျှင်အမြန်ရောက်ရှိလာခဲ့သည်။ ဤနေရာသည် အလွန်အမင်းခြောက်ကပ်ပြီး နေရာအနှံ့ခြောက်သွေ့နေသောမြင်ကွင်းသာ ရှိနေပေ၏။

"ငါ နင်ကို ကတိပေးထားတာ ဖြည့်ဆည်းပေးမှာပါ...နင် တစ်ယောက်တည်း အင်ပါယာမြို့တော်ကို မသွားနဲ့အုံး"

ယဲ့လန်က ပြောဆိုလိုက်၏။

လုယွီက သဘောတူလက်ခံခဲ့သည်။ ယခုလက်ရှိ သူ့အတွက် အရေးအကြီးဆုံးကိစ္စသည် သူ၏ကျန်းချီများ ပြန်လည်ကောင်းမွန်လာပြီး ကျင့်ကြံဆင့်ပြန်လည်ရရှိစေရန်သာဖြစ်သည်။ သို့သော် ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအင်လုံလောတ်စွာမရှိလေရာ သူက နှစ်ဆခန့်အင်အားစိုက်ထုတ်လျှင်ပင် တစ်ဝက်ခန့်သာ အကျိုးကျေးဇူးရနိုင်ပေမည်။

"တတ်နိုင်သလောတ်မြန်မြန်သွားရအောင်...ငါ အလျှင်လိုတယ်"

လုယွီက ယဲ့လန်အား သတိပေးလိုက်၏။

လုယွီက တည်းခိုခန်းတစ်ခု၌ နေထိုင်ခဲ့၏။ ဟန်ယွမ်မြို့တစ်မြို့လုံးသည် စစ်တပ်အခြေစိုက်ရာမြို့တစ်မြို့ဖြစ်သည်။ ဤနေရာမျိုး၌ တည်းခိုခန်းတစ်ခုရှိနေခြင်းကပင် အတော်ကောင်းမွန်သောအခြေအနေဖြစ်သည်။

လုယွီက တည်းခိုးခန်းအတွင်း၌ သုံးရက်တိုင်တိုင် ကျင့်ကြံ၍ နေခဲ့သည်။ ဤအချိန်အတောအတွင်းတွင် လုယွီက ယဲ့လန်ထံသွားရောက်ခြင်းမရှိသော်လည်း မြို့အတွင်း၌ရှိသောယဲ့လန်၏အော်ရာကို သူအာရုံခံနိုင်လေသည်။

ဤှသုံးရက်အတွင်းတွင် လုယွီက ပြန်လည်ကောင်းမွန်ရန်ရုန်းကန်ပြီးမှ နောက်ဆုံး၌ ကျန်းချီအနည်းငယ်ပြန်လည်ရရှိခဲ့သည်။ သုံးရက်ကြာပြီးချိန်တွင် လုယွီ၏အခန်းတံခါးအား ပြင်ပမှ ပြင်းပြင်းထန်ထန်လာခေါက်လေ၏။

"သခင်လေးလု...အရှင်အိမ်ရှေ့စံမင်းသားက သခင်လေးကို လာရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်"

အခန်းတံခါး၏ပြင်ပတွင် စစ်သားနှစ်ယောက်က မတ်တတ်ရပ်နေပေသည်။

လုယွီက ခေါင်းညိတ်ပြပြီး စစ်သားများ၏ခေါ်ဆောင်မှုဖြင့် ဗိုလ်ချုပ်အိမ်တော်သို့ လိုက်ပါသွားခဲ့သည်။

ဤနေရာအား တင်းတင်းကြပ်ကြပ်စောင့်ကြပ်ထားပြီး နေရာအနှံ့သံချပ်ကာစစ်သားများဖြင့် ပြည့်နှက်နေလေ၏။

အိမ်တော်၏ခန်းမအတွင်း၌ ရုပ်ရည်ချောမောသောလူငယ်တစ်ယောက်သည် တည်ကြည်သောမျက်လုံးများနှင့် ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်နေသည်။

"ကျိုးမိသားစုက လှုပ်ရှားမှုအရင်စလုပ်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဗိုလ်ချုပ် ထောင်...စစ်သားတွေအသင့်ပြင်ထား...မြို့တော်ပြန်မယ်"

လုယွီ ခန်းမအတွင်းသို့ ဝင်ခါနီးတွင် ရုပ်ရည်ချောမောသောလူငယ်ထံမှ စကားသံအား ကြားနေရသည်။

"အရှင်မင်းသား...ခေါ်ခိုင်းတဲ့သူရောက်ပါပြီ"

အိမ်ရှေ့သံမင်းသားက ခန်းမအဝင်ဝရှိလုယွီကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"သေမျိုးလား"

"သူက သေမျိုးမဟုတ်ဘူး အကိုတော်...သူကလည်းကျင့်ကြံသူတစ်ယောက်ပါ...ဒါပေမယ့် သူရဲ့ကျင့်ကြံဆင့်က နိမ့်ပါးနေတာ"

ယဲ့လန်က ဝင်ရောက်ပြောဆိုရှင်းပြလိုက်သည်။

အိမ်ရှေ့စံမင်းသားက အထင်အမြင်သေးဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်လေ၏။

"မင်း ဘယ်လိုလူမျိုးဖြစ်ဖြစ် ကိစ္စမရှိဘူး....မင်းက ငါ့ညီမတော်ကို ကယ်တင်ခဲ့မှတော့...ငါ မင်းကို ဆုချီးမြှင့်မယ်"

ထို့နောက် အိမ်ရှေ့စံမင်းသားက စစ်သားတစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာစမ်း...သူကို စိတ်ဝိညာဥ်ကျောက်တုံးနှစ်သိန်းပေးလိုက်"

အချိန်တခဏအကြာမှာပင် စစ်သားတစ်ယောက်က သိုလှောင်အိတ်တစ်အိတ်ယူဆောင်လာပြီး လုယွီ၏ရှေ့၌ ပစ်ချခဲ့သည်။

"ဒီ စိတ်ဝိညာဥ်ကျောက်တုံးနှစ်သိန်းက မင်းကယ်တင်ခဲ့တာအတွက် လုံလောတ်ပြီ"

ထို့နောက် အိမ်ရှေ့စံမင်းသားက တံခါးကို လက်ညှိုးညွှန်လိုက်၏။

"စိတ်ဝိညာဥ်ကျောက်တုံးတွေယူပြီး မြန်မြန်ထွက်သွားတော့...မြို့တော်မှာစစ်ပွဲစတင်တော့မှာ..တစ်ကယ်လို့ မင်းက မြို့တော်ကိုသွားရင်တောင်...မင်းအတွက် စိတ်ဝိညာဥ်စမ်းရေရမှာမဟုတ်ဘူး"

လုယွီက သိုလှောင်အိတ်ကိုကောက်ယူခြင်းမရှိဘဲ ခန်းမအတွင်း၌ မတ်တပ်ရပ်နေဆဲပင်။

"ဘာလဲ...ငါက မင်းလက်ထဲ ကိုယ်တိုင်ကိုယ်ကျ လာပေးရအုံးမှာလား"

အိမ်ရှေ့စံမင်းသား၏လေသံက ရုတ်တရက် စိတ်မရှည်သောအသံဖြစ်လာခဲ့သည်။

"ငါက မင်းရဲ့ညီမကိုကယ်တင်ဖို့သဘောတူခဲ့တာ...အခြေအနေနှစ်ခုထဲက တစ်ခုရမယ်လို့ သူ ကတိပေးခဲ့လို့ပဲ"

"ပထမအချက်က မြို့တော်ကိုသွားပြီး အကောင်းဆုံးစိတ်ဝိညာဥ်စမ်းရေနဲ့ကျင့်ကြံခွင့်ပေးရမယ်"

လုယွီက လက်နှစ်ချောင်းထောင်ပြီး အေးစက်စက်အသံဖြင့် ထပ်မံပြောဆိုလိုက်သည်။

"ဒုတိယအချက်က ငါ စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာလိုချင်တယ်...တစ်တုံးမှမလျော့စေနဲ့"

Chapter 435

"ဒါကတော့ ငါညီမတော် မိန်းမောနေတဲ့အချိန်မှာ ကတိပေးခဲ့တာလေ...မင်း ထည့်တွက်လို့မရဘူး"

အိမ်ရှေ့စံမင်းသားက ပေါ့ပေါ့တန်တန်သာ ပြောဆိုလိုက်သည်။

"မင်း ညီမတော်ရဲ့အသက်က စိတ်ဝိညာဥ်ကျောက်တုံးနှစ်သိန်းပဲတန်မယ်လို့ ထင်မထားမိဘူး"

လုယွီ၏မျက်နှာအမူအယာက ပျက်ယွင်းသွားခြင်းမရှိချေ။

အိမ်ရှေ့စံမင်းသားက လုယွီအားကြည့်၍ ခနဲ့တဲ့တဲ့ပြောဆိုလိုက်လေ၏။

"ဒါက မင်းရဲ့ခွန်အားပေါ်မူတည်တယ်...မင်းက နတ်ဆိုးခြင်္သေ့ကို လှည့်ကွက်နည်းနည်းလေးသုံးပြီး သတ်ခဲ့တယ်လို့ ငါကြားထားတယ်...အဲ့လိုနတ်ဆိုးသားရဲလောတ်ကတော့ ငါရဲ့စစ်သားတွေထဲက ဘယ်သူမဆိုအလွယ်တကူ သတ်နိုင်တယ်"

"ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာ...လုံချွမ်တိုင်းပြည်ကိုလှည့်စားဖို့ အရမ်းလွယ်မယ်လို့ မင်း ထင်နေတာလား....ဒါပြင် မင်းကိုမြို့တော်ခေါ်သွားပြီး စိတ်ဝိညာဥ်စမ်းရေအသုံးပြုဖို့ကို ဘယ်သူက ခွင့်ပြုပေးမှာလဲ"

အိမ်ရှေ့စံမင်းသားက စကားပြောနေစဥ်တွင် မောက်မာဝံ့ကြွားသောအမူအယာဖြင့် သူ၏ခေါင်းကိုမော့ထားခဲ့၏။

"ဒီ စိတ်ဝိညာဥ်ကျောက်တုံးကိုယူပြီး မြန်မြန်ထွက်သွားတော့...ဒီအရှင်က အလုပ်အရမ်းရှုပ်နေတယ်"

"ဒါဆို မင်းကလည်းမပေးဘူးပေါ့"

လုယွီက ယဲ့လန်အားကြည့်၍ မေးမြန်းလိုက်၏။

ယဲ့လန်က အိမ်ရှေ့စံမင်းသား၏နောက်၌ကွယ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

"ဘာလဲ...မင်းက ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေ မလိုချင်တော့ဘူးလား"

အိမ်ရှေ့စံမင်းသားက အေးစက်စက်ပြောဆိုလိုက်သည်။

လုယွီက သူ၏အင်္ကျီလက်များကိုခါ၍ ထွက်ခွါခဲ့တော့သည်။ သူက ကြမ်းပြင်ပေါ်ရှိ စိတ်ဝိညာဥ်ကျောက်တုံးများထည့်ထားသောသိုလှောင်အိတ်ကို ကြည့်ရှုခြင်းပင်မပြုချေ။

သူက ဒဏ်ရါအပြင်းအထန်ရရှိထားသည့်ကြားက နတ်ဆိုးခြင်္သေ့အား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိချိန်၌ သူက ကျန်းချီမျှင်တစ်မျှင်ကိုပင် ထုတ်လွှက်နိုင်စွမ်းမရှိချေ။

သာမာန်ရှီထျန်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် သိုင်းပညာစွမ်းရည်ကိုအသုံးပြု၍ တစ်ခြားသူများအား သတ်ဖြတ်နိုင်စွမ်းရှိသည်။ သို့သော် ဤတစ်ကြိမ် လုယွီ၏အခြေအနေသည် ရှီထျန်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်မျှပင် ကောင်းမွန်ခြင်းမရှိပေ။

လုယွီက ကြင်နာတတ်သူတစ်ယောက်မဟုတ်ချေ။ သူသာ ဤကဲ့သို့အကျပ်အတွင်း၌ကျရောက်နေခြင်းမရှိပါက သူရှေ့ရှိလူများအားလုံး မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးရပေမည်။

"ကောင်းကောင်းသွားပါ"

အိမ်ရှေ့စံမင်းသားက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

လုယွီက ခြံဝန်းအတွင်းမှထွက်ခွါခါနီးဆဲဆဲတွင် သူက ရပ်တန့်ပြီး နောက်လှည့်၍ ပြောဆိုခဲ့သည်။

"ငါ ပိုင်ဆိုင်ရမယ့်အရာကို ဘယ်သူမှမပေးဘဲ မနေရဲစေရဘူး"

လုယွီထွက်ခွါးသွားချိန်တွင် အိမ်ရှေ့စံမင်းသားက သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ရယ်မေယနေလေသည်။

ယဲ့လန်၏မျက်နှာအမူအယာကမူ အနည်းငယ်ပျက်ယွင်းနေပေ၏။

"အကိုတော်...ကျွန်မတို့ ဒီလိုလုပ်ဖို့ တကယ်လိုအပ်လို့လား"

အိမ်ရှေ့စံမင်းသားက ယဲ့လန်၏စကားကို သဘောတူညီလက်ခံဟန်မရချေ။

"အင်ပါယာမြို့တော်ရဲ့ဘဏ္ဌာရေးပိုင်းကို ကျိုးမိသားစုကချုပ်ကိုင်ထားတာ..တစ်ကယ်လို့ ငါတို့တော်ဝင်မိသားစုအပေါ်သစ္စာစောင့်သိမယ့် စစ်တပ်တစ်တပ်လိုချင်တယ်ဆိုရင်...ငါတို့က စိတ်ဝိညာဥ်ကျောက်တုံးအမြောက်အများ ထောက်ပံပေးရလိမ့်မယ်...ငါက သူကိုစိတ်ဝိညာဥ်ကျောက်တုံးနှစ်သိန်းပေးပြီးသားလေ...သူက ငါရှေ့မှာမဆင်မခြင်ပြောနေတာတောင် သူကိုမသတ်တာက...သူကို ငါ မျက်နှာသာပေးထားတာပဲ"

ယဲ့လန်ကမူ စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက ကျွန်မကို ကယ်တင်ခဲ့တာလေ...ကျွန်မ သူကိုအင်ပါယာမြို့တော်ကိုခေါ်သွားပြီး အကောင်းဆုံးစိတ်ဝိညာဥ်စမ်းရေအသုံးပြုခွင့်ပေးမယ်လို့ ကတိပေးခဲ့တာ"

"လန်အာ...မင်းက အရမ်းရိုးအလွန်းတယ်"

အိမ်ရှေ့စံမင်းသားက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်လေ၏။

"သူလို အားနည်းတဲ့သေမျိုးတွေက တော်ဝင်မိသားစုကိုအမှီပြုပြီး အမြင့်တက်ချင်နေကြတာ...ငါက သူလိုလူစားတွေအများကြီးနဲ့ကြုံတွေ့ဘူးပြီးပြီ...ဘယ်လိုလုပ်ပြီး အဲ့လိုလူရမ်းကားကောင်မျိုးကို စိတ်ဝိညာဥ်စမ်းရေအသုံးပြုခွင့် ငါက ခွင့်ပြုပေးနိုင်မလဲ"

"အရှင့်သား ..စစိတပ်တစ်တပ်လုံးအသင့်ပြင်ထားပြီးပါပြီ...အရှင့်သား မြို့တော်ကိုသွားချင်တဲ့အချိန်သွားနိုင်ပါတယ်"

ဟန်ယွမ်ဂိတ်မှစစ်သားတစ်ယောက်က ခန်းမပြင်ပ၌ဒူးထောက်ပြီး အိမ်ရှေ့စံမင်းသားအား သတင်းပို့လာခဲ့သည်။

အိမ်ရှေ့စံမင်းသားက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။

"အင်ပါယာမြို့တော်ကို ချက်ချင်းထွက်ခွါမယ်"

"လန်အာ...ခုက အရေးကြီးတဲ့အချိန်ရောက်နေပြီ...မင်းက ကျိုးမိသားစုကို လက်ဦးမှုရယူခွင့်မပြုသင့်ဘူး...တစ်ကယ်လို့ သူတို့က အရင်လှုပ်ရှားရင်...ငါတို့အားလုံးအဆုံးသတ်သွားလိမ့်မယ်"

အိမ်ရှေ့စံမင်းသားက အလေးအနက်ထား၍ ပြောဆိုနေပေ၏။

သူမ၏အကိုတော်ဖြစ်သူကိုကြည့်ပြီး ယဲ့လန်က မည်သည့်စကားမျှထပ်မဆိုနိုင်တော့ချေ။

လုယွီအား သူမ၏မှတ်ဥာဏ်များအတွင်းမှ ယာယီဖယ်ထုတ်ထားရပေမည်။

"သူက မာနကြီးတာတော့ စိတ်ပျက်စရာပဲ...တစ်ကယ်လို့ ဒီစိတ်ဝိညာဥ်ကျောက်တုံးနှစ်သိန်းကို ယူဆောင်သွားမယ်ဆိုရင် အနည်းဆုံးတော့ သူက ချမ်းချမ်းသာသာနေနိုင်လိမ့်မယ်"

ယဲ့လန်က ကူကယ်ရာမဲ့ပုံဖြင့် တီးတိုးရေရွတ်နေလေသည်။

သူမက ကျိုးမိသားစု၏လက်အတွင်းသို့ ကျရောက်လုဆဲဆဲဖြစ်ခဲ့ရသည်။ အကယ်၍ သူမသာ အင်ပါယာမြို့တော်မှပြင်ပသို့မထွက်ခွါခဲ့လျှင် ထိုနေ့ကကဲ့သို့ သူမ အန္တရာယ်ကြားကျရောက်မည်မဟုတ်ချေ။

သူမနှင့်လုယွီသည်လည်း ဆုံတွေ့ရန်အခွင့်အရေးရှိခဲ့မည်မဟုတ်ချေ။

****

လုယွီက တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့၏။ သူက အကြွင်းအကျန်ကျန်းချီများကိုဖိအားပေး၌ထုတ်လွှက်ပြီး သိုလှောင်အိတ်ပေါ်သို့ကျဆင်းစေသည်။

အချိန်တခဏအကြာတွင် လုယွီက အခန်းအတွင်းမှပျောက်ကွယ်သွားပြီး သိုလှောင်အိတ်အတွင်းရှိကမ္ဘာငယ်လေးအတွင်း၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ကမ္ဘာငယ်လေးအတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်အား ပြုစုပျိုးထောင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်တွင်လွင့်မျောနေသော စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝစွာရှိနေပေ၏။

All Chapters