← Chapters

အခန်း (၄၄၆-၄၅၀)

Vol. 21-25 Ch. 446-450

အခန်း (၄၄၆-၄၅၀)

Vol. 21-25 Ch. 446-450

Chapter 446

"သောက်ရူး...မင်းဘာတွေပြောနေတာလဲ"

အင်မော်တယ်သမားတော်အိုကြီးတစ်ယောက်က သူ၏မုတ်ဆိတ်မွှေးများ လွင့်လူးနေပြီး သူ့မျက်လုံးများပြူးကျယ်လာသည်အထိပင် လုယွီအားအော်ငေါက်လိုက်သည်။

တစ်ခြားအင်မော်တယ်သမားတော်များသည်လည်း အလွန်ပင်စိတ်ဆိုးဒေါသထွက်နေကြ၏။

သမားတော်ဖန်ရှန်းသည် သူတို့၏အင်မော်တယ်သမားတော်အစည်းအရုံး၌ မြင့်မားသောဂုဏ်သတင်းရှိသူဖြစ်သည်။ ထိုကဲ့သို့သူအား မည်သည့်နေရာကလာမှန်းမသိသော ကောင်လေးတစ်ယောက်က ဝေဖန်ပြောဆိုနေသနည်း....။

သမားတော်ဖန်ရှန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားလေသည်။

"မင်းက အဲ့ဒီလိုပြောမှတော့...ဒီအဖိုးကြီးက ဘယ်လိုကုသသင့်လဲဆိုတာလဲ ပြောပါအုံး"

လုယွီက အိပ်ယာထက်၌လဲလျောင်းနေသောအင်ပါယာမင်းကိုတစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။

"အဆိပ်ကအခု သူရဲ့နှလုံးသွေးကြောကိုတိုက်ခိုက်နေပြီ...တစ်ခုတည်းသောနည်းလမ်းက သူရဲ့သွေးကတဆင့်အဆိပ်ကိုထုတ်ပစ်ဖို့ပဲ"

"အဆင်အခြင်မဲ့လိုက်တာ...အရှင်မင်းကြီးရဲ့ မြင့်မားတဲ့ကျင့်ကြံဆင့်နဲ့ဘယ်လိုလုပ်ပြီး အဆိပ်မိနိုင်မှာလဲ"

အင်မော်တယ်သမားတော်များက လုယွီ၏စကားကို ပြက်ရယ်ပြုနေကြသည်။

လုယွီက ခေါင်းမော့ပြီး ပြောဆိုလိုက်၏။

"ဒါက ရိုးရှင်းပါတယ်...သူကို သွေးနည်းနည်းထွက်အောင်လုပ်လိုက်...ပြီးတာနဲ့ အဲ့ဒီသွေးကိုလေ့လာဆန်းစစ်ကြည့်ရင် ကျုပ်ပြောတာမမှားဘူးဆိုတာ တွေ့လိမ့်မယ်"

"ရူးနေတာလား"

"အတင့်ရဲလိုက်တာ"

ဒေါသတကြီးအော်ငေါက်သံတစ်ချို့က လုယွီ၏အသံအား ဖုံးလွှမ်းသွားခဲ့သည်။ လုယွီကိုကြည့်နေကြသောလူများ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေပေ၏။

ဤသည်က လုံချွမ်တိုင်းပြည် အင်ပါယာမင်း၏အရေးကိစ္စဖြစ်သည်။ မည်သည့်ကြောင့် ဤကိစ္စကို ခွေးလေးကြောင်လေးများကိစ္စကဲ့သို့ ထိုကောင်လေးကတွေးထင်လိုက်သနည်း။

အင်ပါယာမင်းအား သွေးထွက်အောင်လုပ်ရန် မဆိုထားနှင့်။ တစ်စုံတစ်ယောက်က သူ၏ဓားကိုဆွဲထုတ်လိုက်သော အချိန်တခဏတွင်းမှာပင် အင်ပါယာမင်း၏နံဘေးရှိသက်တော်စောင့်များက ထိုလူအားသတ်ဖြတ်ပစ်ပေမည်။

"ဘာဖြစ်ဖြစ် မင်းက လူငယ်တစ်ယောက်လေ...မင်း အရှုပ်အထွေးအများကြီးမပြုလုပ်သင့်ဘူး...ဒါပေမယ့် ဒီအဖိုးကြီးက ရောဂါကုသနေတဲ့နေရာမှာအနှောက်အယှက်ဖြစ်တာ မလိုချင်ဘူး...မင်း ဒီနေရာက ထွက်သွားတာပိုကောင်းလိမ့်မယ်"

သမားတော်ဖန်ရှန်းက လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုလိုက်၏။

မိန်းမစိုးက ဆူညံနေသော ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုပြီး လုယွီအား ပြောဆိုလိုက်တော့သည်။

"သမားတော် လု...ကျေးဇူးပြုပြီး အပြင်ကိုထွက်ပေးပါ...ကျွန်တော်တို့က မင်းကိုလိုက်ပို့ဖို့ လူတစ်ယောက်ထည့်ပေးလိုက်ပါမယ်"

မည်သို့ပင်ဆိုစေကာမူ သမားတော်ဖန်ရှန်းသည် နှစ်ပေါင်းများစွာကြာညောင်းသည်အထိ နာမည်ကျော်ကြားနေသောသမားတော်တစ်ယောက်ဖြစ်သည်။

လုယွီ၏မှတ်ချက်စကားအနည်းငယ်မျှဖြင့် အင်မော်တယ်သမားတော်ဖန်ရှန်း၏ဆေးညွှန်းအား ပြောင်းလဲခြင်းမပြုနိုင်ချေ။ မိန်းမစိုးက သူ၏ရောဂါကို လုယွီကပျောက်ကင်းအောင်ကုသပေးခဲ့သော်လည်း သူ့ရောဂါသည် ဤလူစုအနက်မှမည်သည့်အင်မော်တယ်သမားတော်မဆို ပျောက်ကင်းအောင်ပြူလုပ်ပေးနိုင်သောကိစ္စဖြစ်သည်။ ထို့ကြောင့် သူက မျက်လုံးစုံမှိတ်၍ သမားတော်ဖန်ရှန်းအား ရွေးချယ်လိုက်သည်။

လုယွီက တွန့်ဆုတ်နေခြင်းမရှိဘဲ နောက်လှည့်၍ ထွက်ခွါခဲ့တော့သည်။ ဤနေရာက သူ့အားအလိုမရှိမှဖြင့် သူကလည်းအရှက်ရခံပြီး နေနေရန်မလိုအပ်ချေ။

လုယွီက တံခါးကိုဖြတ်ကျော်ပြီးမှ ရုတ်တရက် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။

"တစ်ကယ်လို့ အင်ပါယာမင်းက သေရေးရှင်ရေးအခြေအနေနဲ့ကြုံတွေ့ရမယ်ဆိုရင်...ခင်ဗျားတို့က သူရဲ့လက်ကောတ်ဝတ်ကို ဓားနဲ့ဖြတ်ပြီး သွေးထွက်အောင်လုပ်လိုက်ပါ...သူအသက်ကို အချိန်ခဏတော့ ဆွဲဆန့်ကောင်းဆွဲဆန့်ထားနိုင်လိမ့်မယ်"

လုယွီက သူ၏ခေါင်းကို အင်မော်တယ်သမားတော်များဘက်သို့လှည့်ပြီး ပြောဆိုခဲ့တော့သည်။

သို့သော် သူစကားပြောနေချိန်တွင် အင်မော်တယ်သမားတော်များက အော်ငေါက်လိုက်ကြ၏။

"မောက်မာနေတဲ့ကောင်လေးက ဒီလိုမျိုးအရိုအသေမဲ့တဲ့စကားတွေပြောဝံ့တယ်ပေါ့"

အင်မော်တယ်သမားတော်တစ်ယောက်က ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။

တစ်ခြားအင်မော်တယ်သမားတော်များကလည်း ပြက်ရယ်ပြုနေကြပြီး လုယွီ၏စကားများကို သူတို့ကစိတ်အတွင်းသို့မထည့်တော့ချေ။

"ဆေး မြန်မြန်သွားပြင်ကြ"

သမားတော်ဖန်ရှန်းက ပြောဆိုလိုက်၏။

အချိန်တခဏအကြာတွင် မိန်းမစိုးများက ဆေးညွှန်းကိုယူဆောင်ပြီး ဆေးပြင်ဆင်ရန်ထွက်ခွါသွားတော့သည်။

ဆေးယူဆောင်လာပြီးနောက် နန်းတွင်းအပျိုတော်များက အင်ပါယာမင်းအား ဖြည်းဖြည်းချင်း ဆေးတိုက်ကျွေးနေလေ၏။

ဆေးက လည်မြိုအတွင်းသို့ဝင်ရောက်သွားသည်နှင့် အင်ပါယာမင်း၏ဖြူရော်နေသောမျက်နှာသည် သွေးရောင်သန်းလာပြီး သူ၏အသက်ရှုသံကလည်း ကြည်လင်ပြတ်သားစပြုလာခဲ့သည်။

"သမားတော်ဖန်ရှန်းက တစ်ကယ့်အံဖွယ်သမားတော်ပဲ...ဒီဆေးက အရှင်မင်းကြီးရဲ့ရောဂါကို တကယ်ကုသပေးနိုင်ခဲ့တယ်"

"ကျွန်တော်တို့ရဲ့သမားတော်ဖန်ရှန်းကိုယ်တိုင်ကုသပေးနေမှတော့ အရှင်မင်းကြီးရဲ့ရောဂါ ပျောက်ကင်းသွားမှာသေချာတယ်"

လူအုပ်ကြီးက သမားတော်ဖန်ရှန်းအား ဝိုင်းဝန်း၍ချီးမွမ်းစကားပြောကြားနေကြ၏။

အင်ပါယာမင်း၏နံဘေးမှ မိန်းမစိုးများသည်လည်း ယခုမှစိတ်သက်သာရာရသွားပုံပင်။

လူတိုင်း ပျော်ရွှင်နေကြချိန်တွင် ရုတ်တရက် အင်ပါယာမင်းက အိပ်ယာပေါ်လဲလျောင်းနေရာမှ ငုတ်တုပ်ထထိုင်လိုက်သည်။

"အရှင်မင်းကြီး"

"အရှင်မင်းကြီး နေပြန်ကောင်းလာတာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်"

အင်ပါယာမင်းက သမားတော်ဖန်ရှန်းကိုတွေ့ချိန်တွင် ရုတ်တရက် သူက အက်ရှရှလေသံဖြင့်စကားပြောဆိုလိုက်၏။

"မင်း....."

"အရှင်မင်းကြီးက နေပြန်ကောင်းလာပြီဆိုမှတော့ ဒီအဖိုးအိုရဲ့တာဝန်က ပြီးမြောက်သွားပါပြီ"

သမားတော်ဖန်ရှန်းက ရယ်ပြုံးရင်းမှ ပြောဆိုလိုက်တော့သည်။

"မဟုတ်ဘူး...ဘယ်သူမှအဆိပ်ကို မဖယ်ရှားနိုင်ဘူး"

အင်ပါယာမင်း၏မျက်လုံးများက ညှို့မှိုင်းနေပေသည်။ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာပြီးနောက် အိပ်ယာပေါ်သို့ ပြန်လဲကျသွားတော့သည်။

ဘာ...အဆိပ်တဲ့လား..

ရုတ်တရက် သမားတော်ဖန်ရှန်းက အင်ပါယာမင်းအား ကြည့်လိုက်မိရာတွင် သူ၏မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

Chapter 447

"မြန်မြန်ဖယ်ကြ...ငါ ကြည့်ကြည့်အုံးမယ်"

သမားတော်ဖန်ရှန်း၏မျက်နှာပေါ်တွင် ရုတ်တရက် စိုးရိမ်ပူပန်မှုများထင်ဟပ်လာခဲ့သည်။ သူက လူအုပ်ကြီးအားတွန်းဖယ်ပြီး အင်ပါယာမင်းအနားသို့ ရောက်ရှိလာလေ၏။

ဤအချိန်တွင် အင်ပါယာမင်း၏မျက်နှာသည် ပြာနှမ်းနေပြီး သူ၏ရင်ဘတ်သည်လည်း အတက်အကျမြန်နေပေသည်။

သမားတော်ဖန်ရှန်းက သူ၏လက်ကို အင်ပါယာမင်း၏လက်ကောက်ဝတ်ပေါ်သို့တင်လိုက်သည်။ သူ၏မျက်လုံးများစုံမှိတ်လိုက်ပြီးနောက် ချက်ချင်းပင် သူက မျက်လုံးပြန်ဖွင့်လိုက်လေ၏။

"မဟုတ်သေးဘူး....ဒီလိုမဖြစ်သင့်ဘူး...ဒီအဖိုးကြီးက အင်ပါယာမင်းရဲ့ခန္ဓာကိုယ်ထဲမှာ ယန်ချီကို အာရုံခံမိခဲ့တာလေ...ဘယ်လိုလုပ်ပြီး ဒီယန်ချီတွေအားလုံးက အေးစက်တဲ့ယင်ချီအဖြစ် ပြောင်းလဲကုန်ကြတာတုန်း"

သမားတော်ဖန်ရှန်းက မယုံကြည်နိုင်သောအမူအယာဖြင့် ပြောဆိုနေပေသည်။

နံဘေးမှမိန်းမစိုးက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။

"သမားတော်ဖန်ရှန်း...မြန်မြန်အကြံထုတ်ပါဦး"

ဤအချိန်တွင် အင်မော်တယ်သမားတော်များအားလုံး နှုတ်ဆိတ်နေပေ၏။ ယခုအချိန်တွင် သသတို့က အင်ပါယာမင်းအား ဆေးကုသခြင်းမပြုရသေးချေ။ အကယ်၍ သူတို့ကုသနေစဥ် အင်ပါယာမင်းသာ တစ်ခုခုဖြစ်သွားပါက သူတို့အတွက်အဆုံးသတ်ကောင်းမည်မဟုတ်ပေ။

သမားတော်ဖန်ရှန်း၏အိုမင်းနေသောမျက်နှာသည် ညှိုးငယ်နေလေ၏။

"မဟုတ်ဘူး...ငါရဲ့ဆေးညွှန်းက အရှင်မင်းကြီးရဲ့အခြေအနေကို ဆိုးဆိုးရွားရွားလှုပ်ခတ်သွားစေခဲ့တယ်...တစ်ကယ်လို့ ငါတို့က အရှင်မင်းကြီးကို ဆေးပြင်းတွေထပ်ပြီးတိုက်ကျွေးမယ်ဆိုရင်....သူ ဘာဖြစ်ပျက်သွားမယ်ဆိုတာ ငါတို့မသိနိုင်ဘူး"

သမားတော်ဖန်ရှန်းက သူ၏ထိပ်တန်းဆေးပညာအရည်အချင်းအပေါ်၌ ဂုဏ်ယူဝင့်ကြွားတတ်သူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင်မှု သူ ထပ်မံ၍ မလှုပ်ရှားဝံ့တော့ချေ။

"ငါတို့ ဟိုကောင်လေးပြောခဲ့သလို ဘာလို့ကြိုးစားမကြည့်ရမှာလဲ"

အင်မော်တယ်သမားတော်တစ်ယောက်က ရုတ်တရက်ပြောဆိုလိုက်၏။

လူတိုင်း၏အကြည့်က ထိုသူထံသို့ ကျရောက်လာသော်လည်း မည်သူကမျှ ငြင်းဆန်ပြောဆိုခြင်းမရှိကြချေ။ ယခုလက်ရှိချိန်တွင် လူတိုင်းက မည်သို့လုပ်ဆောင်ရမည်မှန်း မသိတော့သောအချိန်ပင်။ ဤနည်းလမ်းကသာ နောက်ဆုံးမျှော်လင့်ချက် ဖြစ်ပေမည်။

"ဘာပဲဖြစ်ဖြစ်...ဒီနည်းလမ်းက ကောင်လေးအဆိုပြုခဲ့တာလေ...တစ်ကယ်လို့ အရှင်မင်းကြီးမှာအမှားအယွင်းတစ်ခုခုဖြစ်ရင် သူ တာဝန်ခံရလိမ့်မယ်"

"ဟုတ်တယ်...အရင်ဆုံး ကောင်လေးကိုထိန်းသိမ်းထားကြ...အရှင်မင်းကြီးကိုကုသပြီးချိန်ကျမှ သူကိုသွားခွင့်ပြုလည်းရတာပဲ"

အင်မော်တယ်သမားတော်များ၏အကြံပြုချက်ကိုကြားသော မိန်းမစိုးက ကူကယ်ရာမဲ့စွာဖြင့် သဘောတူညီလိုက်၏။

"နန်းတော်ထဲကိုဝင်လာတဲ့ လုယွီဆိုတဲ့ကောင်လေးကို ထိန်းသိမ်းထားဖို့ အပြင်ကအစောင့်တွေကိုခိုင်းစေလိုက်"

မိန်းမစိုးက ချက်ချင်းပင်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

အချိန်တခဏအကြာမှာပင် ထိုညွှန်ကြားချက်က ပျံ့နှံ့သွားပြီး အစောင့်များက လုယွီအား စတင်၍ရှာဖွေကြတော့သည်။

"ဒါပေမယ့် ဘယ်သူလုပ်မှာလဲ"

ရုတ်တရက် အင်မော်တယ်သမားတော်တစ်ယောက်က ကောက်ခါငင်ခါ မေးမြန်းလေ၏။

အင်ပါယာမင်း၏လက်ကောက်ဝတ်အား လှီးဖြတ်ရမည်လော.....။

ယခုလက်ရှိချိန်တွင် အင်ပါယာမင်းက အလွန်အားနည်းနေပေ၏။ အကယ်၍ သူတို့ လှီးဖြတ်သောဓားချက်ကနက်ပြီး အင်ပါယာမင်းသာသေဆုံးသွားပါက သူတို့လည်းအဆုံးသတ်ကောင်းမည်မဟုတ်ချေ။

"ငါ လုပ်မယ်"

ထိုအချိန်မှာပင် နန်းတော်၏တံခါးက ပွင့်လာခဲ့သည်။

နန်းတော်ပြင်ပမှနေ၍ ဖီးနစ်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသောမိန်းမတစ်ယောက်က အတွင်းသို့ဝင်လာလေ၏။ သူမ၏ကိုယ်နေဟန်ထားသည် တင့်တယ်ပြေပြစ်လှပြီး သူမ၏အမူအယာများက ကျက်သရေရှိလှပေသည်။

"ဧကရီကို အရိုအသေပြုပါတယ်"

အင်မော်တယ်သမားတော်များက ချက်ချင်းပင် သူမအား အရိုအသေပြုလိုက်ကြ၏။ ယခုမှသာ သူတို့က စိတ်သက်သာရာရရှိသွားသည်။ ဤကိစ္စအား ဧကရီမိဖုရားကြီးအပြင် မည်သူကမျှလုပ်ဝံ့မည်မဟုတ်ချေ။

ဧကရီမိဖုရားကြီးက ဓားတစ်ချောင်းကိုထုတ်ယူပြီး အနည်းငယ်အပူပေးကာ အင်ပါယာမင်း၏လက်ကောက်ဝတ်အား အနည်းငယ်လှီးဖြတ်လိုက်၏။

ဝှစ်....

ဓားချက်ကျရောက်သွားသော်လည်း အင်ပါယာ၏လက်ကောက်ဝတ်ပေါ်၌ အဖြူရောင်အစင်းကြောင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်က အရမ်းသန်မာတယ်...သာမာန်ခွန်အားနဲ့ လှီးဖြတ်လို့ရမှာမဟုတ်ဘူး"

သမားတော်ဖန်ရှန်းက လေးလေးနက်နက် ပြောဆိုလိုက်သည်။

ဧကရီဖိဖုရားကြီးက ထိုစကားကြားချိန်တွင် သူမ၏မျက်နှာအမူအယာတည်ကြည်လေးနက်သွားပြီးနောက် သူမ၏လက်များမှအဖြူရောင်ကျန်းချီလှိုင်းများထွက်ပေါ်လာခဲ့သည်။

ဝှစ်....ဗြန်း......

ဧကရီမိဖုရားကြီး၏ဓားချက်က အင်ပါယာမင်း၏လက်ကောက်ဝတ်အား ပြတ်ရှရာတစ်ခုထင်ကျန်သည်အထိ ဖြတ်တောက်ပစ်တော့သည်။ ရုတ်ချည်းဆိုသလိုပင် အင်ပါယာမင်း၏လက်ကောက်ဝတ်မှ အနက်ရောင်သွေးများ ပန်းထွက်လာခဲ့၏။

ရှဲ...ရှဲ....

ထိုအနက်ရောင်သွေးများကို ကြည့်ရသည်မှာစေးကပ်နေလေ၏။ ထိုသွေးများက ကြမ်းပြင်ပေါ်သို့ လွင့်စင်ကျသွားချိန်တွင် ကျောက်တုံးကြမ်းခင်းအား အပေါတ်ကြီးများဖြစ်သွားသည်အထိ တိုက်စားသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အင်ပါယာမင်း၏ခန္ဓာကိုယ်မှထွက်လာသော အနက်ရောင်သွေးများမှ အစွမ်းထက်သောအရှိန်အဝါတစ်ခုကို ထုတ်လွှက်နေခြင်းကို သမားတော်ဖန်ရှန်းက အာရုံခံမိပေ၏။

သမားတော်ဖန်ရှန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။ သူ၏ဆေးညွှန်းက မှားယွင်းနေခြင်းကို နောက်ဆုံး၌ သိနားလည်ခဲ့လေ၏။

အင်ပါယာမင်းက အဆိပ်မိနေခြင်းသာဖြစ်သည်။

"မြန်မြန်....ဟိုကောင်လေးကို ပြန်ခေါ်ခဲ့ကြစမ်း"

သမားတော်ဖန်ရှန်းက အလျင်စလိုဖြင့် အော်ဟစ်လိုက်တော့သည်။

Chapter 448

နန်းတော်အတွင်း၌ဖြစ်ပျက်နေသောကိစ္စများကို လုယွီက သိရှိခြင်းမရှိချေ။ အင်မော်တယ်သမားတော်များအားလုံးက သူ့အားယုံကြည်ကြခြင်းမရှိသဖြင့် လုံချွမ်အင်ပါယာမင်းအားကယ်တင်ရန် သူ၌တာဝန်မရှိတော့ချေ။

"စိတ်ပျက်ဖို့ကောင်းတာတစ်ခုက...စိတ်ဝိညာဥ်စမ်းရေရဲ့အကူအညီနဲ့သာဆိုရင် ငါရဲ့နဂိုကျင့်ကြံဆင့်ပြန်ရတဲ့အပြင် အကြွင်းအကျန်စိတ်ဝိညာဥ်အပိုင်းအစကိုလည်း တစ်ချက်တည်းနဲ့ဝါးမြိုနိုင်လိမ့်မယ်"

လုယွီက စိတ်ပျက်လက်ပျက်လေသံဖြင့် တီးတိုးရေရွတ်နေပေ၏။

လုယွီ တည်းခိုခန်း၌ရှိနေစဥ်တုန်းက အကြွင်းအကျန်စိတ်ဝိညာဥ်အားဝါးမြိုရန် ကျရှုံးခဲ့ရခြင်းမှာ စိတ်ဝိညာဥ်စွမ်းအင်မလုံလောတ်ခြင်းကြောင့်ပင်။

လုယွီအား တစ်စုံတစ်ယောက်က လမ်းပြခေါ်ဆောင်သွားခြင်းကြောင့် နန်းတော်အတွင်းမှ အတားအဆီးမရှိ ထွက်လာနိုင်ခဲ့သည်။

"ဂရုစိုက်ပါ...အင်မော်တယ်သမားတော်လု"

မိန်းမစိုးငယ်လေးတစ်ယောက်က လုယွီအား ပြောဆိုလိုက်၏။ သူ၏စကားသံသည် အလွန်ရိုသေလေးစားဟန်ပေါတ်နေသော်လည်း သူ၏အကြည့်များကမူ လုယွီအား ပြက်ရယ်ပြုချင်သောအရိပ်အယောင်များထင်ဟပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ လုယွီက နန်းတော်မှမောင်းထုတ်ခံရသူ မဟုတ်ပေလော....။ ဤဖြစ်ရပ်က လုယွီ၏ဆေးပညာစွမ်းရည်သည် ကောင်းမွန်ခြင်းမရှိဟု ပြသနေပေသည်။

ရုတ်တရက် မိန်းမစိုးငယ်၏နောက်မှ နန်းတွင်းအစေခံတစ်ယောက်ရောက်ရှိလာပြီးနောက် တီးတိုးပြောဆိုလိုက်၏။

ထိုစကားကြားပြီးသည်နှင့် မိန်းမစိုးငယ်၏မျက်လုံးများပြူးကျယ်သွားပြီး လုယွီအား လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။

"ရပ်စမ်း"

လုယွီက မိန်းမစိုးငယ်အား လျစ်လျှူရှု၍ ရှေ့သို့ဆက်သွားနေပေ၏။

"မင်းတို့ ဘာလုပ်နေတာလဲ...သူကို တားဆီးကြစမ်း"

မိန်းမစိုးငယ်က အစောင့်များအား အော်ဟစ်၍အမိန့်ပေးလိုက်သည်။

ထိုအစောင့်များက အလျှင်အမြန်အသိဝင်လာကြပြီး လုယွီထံသို့ပြေးဝင်ကာ ဝိုင်းရံထားလိုက်ကြသည်။

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

"မင်းတို့ ဘာလုပ်ချင်နေတာလဲ"

မိန်းမစိုးငယ်က အေးစက်စက်လေသံဖြင့် တုန့်ပြန်ပြောဆိုလေသည်။

"မင်း အခုသွားလို့မရသေးဘူး"

လုယွီက သူ၏နံဘေးပတ်လည်ရှိအစောင့်များကို တစ်ချက်ကြည့်ပြီး ခပ်သဲ့သဲ့လေသံဖြင့်ပြောဆိုလိုက်သည်။

"ဘာလို့လဲ...ငါက ဒီနေရာကိုလာတာ မင်းတို့အင်ပါယာမင်းရဲ့နာမကျန်းမှုကို ကုသပေးဖို့လေ....ဒါက မင်းတို့ လုံချွမ်တိုင်းပြည်ရဲ့ဧည့်သည်ကို ဆတ်ဆံတဲ့နည်းလမ်းကဒီလိုလား"

"အရှင်မင်းကြီးက အခု မင်းပြောခဲ့တဲ့နည်းလမ်းအတိုင်းကုသမှုခံယူနေတယ်....တစ်ကယ်လို့ အမှားအယွင်းတစ်ခုခုဖြစ်ရင် ဘယ်သူကတာဝန်ယူမှာလဲ"

မိန်းမစိုးငယ်က လုယွီအား တာဝန်ခံရန် ပြောဆိုနေခြင်းပင်။

လုယွီက စိတ်မကြည်မသာဖြစ်သွားခဲ့သည်။ လုံချွမ်တိုင်းပြည်မှလူများသည် ဤမျှထိအဆင်အခြင်ကင်းမဲ့မည်ဟု သူ မျှော်လင့်မထားမိခဲ့ချေ။

သူ ပထမ ကုသမှုနည်းလမ်းပြောခဲ့စဥ်က အင်မော်တယ်သမားတော်တစ်စုသည် သူ့အားပြက်ရယ်ပြုခဲ့ကြသည်။ ယခုကမူ သူ၏ကုသမှုနည်းလမ်းကို အသုံးပြုမည်ဖြစ်၍ သူ့အား နန်းတော်အတွင်းမှထွက်ခွါခွင့်မပြုဟု ဆိုလာကြပြန်၏။

လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့ ငါကိုတားဆီးနိုင်မှာမဟုတ်ဘူး...မင်းတို့ထွက်သွားတာပိုကောင်းမယ်လို့ ငါ အကြံပြုပါရစေ"

"ဟား ဟား ဟား...မင်းက ဒီလိုစကားမျိုးကို နန်းတော်ရှေ့မှာပြောရဲတယ်ပေါ့"

မိန်းမစိုးငယ်က အော်ဟစ်ရယ်မောနေပေ၏။

မိန်းမစိုးငယ်က အင်ပါယာနန်းတော်တွင်နေထိုင်သူဖြစ်၍ ကျင့်ကြံသူများ၏မြှောက်ပင့်ပြောဆိုမှုကိုခံရကာ စိတ်ကြီးဝင်နေသူဖြစ်သည်။ သူက လုယွီကဲ့သို့ လူငယ်တစ်ယောက်အပေါ် အမှုထားခြင်းမရှိပေ။

မိန်းမစိုးငယ်က လုယွီအားညွှန်ပြ၍ အစောင့်များအားအမိန့်ပေးလိုက်သည်။

"သူကို အရင်ခေါ်သွားကြ...နန်းတော်ထဲကသတင်းရတဲ့အထိထိန်းသိမ်းထားလိုက်"

အစောင့်များက သူ၏အမိန့်ကိုနာခံသည့်အနေဖြင့် သူတို့၏လှံရှည်များကို ကိုင်မြှောက်ပြီး လုယွီထံသို့ တိုးဝင်လာကြ၏။

ဝှစ်...ဝှစ်...

လှံရှည်များမှ ပြင်းထန်သောကျန်းချီလှိုင်းများက လုယွီထံသို့တိုးဝင်လာကြသည်။

ထိုအစောင့်များအားလုံးသည် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူများဖြစ်ပေ၏။ သူတို့အားလုံး၏စွမ်းအားများကိုစုပေါင်း၍ ဝင်္ကပါပုံစံခင်းကျင်းကာ လုယွီအားချုပ်နိုင်ရန် ကြံရွယ်ထားကြခြင်းဖြစ်သည်။

လုယွီက တိုက်ပွဲ၏အလယ်ဗဟိုတွင် ရှိနေပေ၏။ အစောင့်များ၏လှံရှည်များသည် လုယွီအားသတ်ဖြတ်ရန် ကြံရွယ်ထားခြင်းမရှိဘဲ သူ့အား ချုပ်နှောင်နိုင်ရန် အတားအဆီးဝင်္ကပါဖွဲ့စည်းရန်အတွက်သာဖြစ်သည်။

ထိုအချိန်မှာပင် လုယွီက ရုတ်တရက်ပျံဝဲ၍ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှက်လိုက်သည်။

ဘန်း.....

လုယွီ၏လက်ဝါးမှ ပြင်းထန်သောလေလှိုင်းတစ်ရပ်နှင့်အတူ သူ၏နံဘေးပတ်လည်ရှိအစောင့်များအားလုံး ကျွမ်းထိုးမှောက်ခုံလဲကျသွားကြ၏။

"အတင့်ရဲလှချည်လား....မင်းက နန်းတော်ရှေ့မှာတိုက်ခိုက်ရဲတယ်ပေါ့"

စစ်ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက်ရောက်ရှိလာပြီး လုယွီအား ဒေါသတကြီးဖြင့်အော်ငေါက်နေတော့သည်။

ထိုစစ်ဗိုလ်ချုပ်သည် အဝိုင်းသေးအဆင့်ကျင့်ကြံသူဖြစ်သည်။ သူက ဓားရှည်ကိုဝှေ့ယမ်းပြီးစူးရှသောလေပြင်းလှိုင်းများနှင့်အတူ လုယွီထံဦးတည်၍ခုတ်ပိုင်းလိုက်လေ၏။

"ထွက်သွားစမ်း"

လုယွီ၏မျက်နှာက အေးစက်တင်းမာနေပေ၏။ သူက စစ်ဗိုလ်ချုပ်ကိုလှည့်ပင်မကြည့်ဘဲ လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည်။

ဘုန်း.....

စစ်ဗိုလ်ချုပ်၏ကျန်းချီလှိုင်းများသည် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ပျက်ပြယ်သွားခဲ့သည်။

လုယွီက သူ၏အစွမ်းထက်သောအော်ရာကို ထုတ်လွှက်၍ အစောင့်များအားလုံးအား ဖိနှိပ်ထားလေ၏။ သူက ခြေလှမ်းကျဲကြီးဖြင့် နန်းတော်မှ ထွက်ခွါခဲ့ပြီး မည်သူကမျှ သူ့အားတားဆီးနိုင်စွမ်းမရှိကြချေ။

မိန်းမစိုးငယ်၏မျက်နှာကဖြူရော်နေပြီး မြေပြင်ပေါ်၌ စိတ်ပျက်လက်ပျက်ပုံဖြင့် ထိုင်နေလေသည်။

လုယွီထွက်ခွါသွားပြီးအချိန်အတော်ကြာမှသာ မိန်းမစိုးငယ်က တုန်တုန်ရီရီဖြင့်မတ်တတ်ထရပ်လိုက်သည်။

"သူ ဘယ်မှာလဲ...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

မိန်းမစိုးငယ်၏နောက်မှ သုန်မှုန်နေသောအသံတစ်သံ ထွက်ပေါ်လာခဲ့၏။

မိန်းမစိုးငယ်က လှည့်ကြည့်လိုက်ရာတွင် သူ့အားစိုက်ကြည့်နေသော မိန်းမစိုးခေါင်းဆောင်အား တွေ့မြင်မိသည်။ မိန်းမစိုးငယ်က တုန်တုန်ရီရီဖြင့် ဤနေရာ၌ဖြစ်ပျက်သွားသည်များကို ပြောဆိုလိုက်တော့သည်။

"ခွေးမသား....."

မိန်းမစိုးခေါင်းဆောင်က ဒေါသတကြီးဆဲဆိုပြီး မိန်းမစိုးငယ်အား ပါးရိုက်လိုက်တော့သည်။

Chapter 449

မိန်းမစိုးခေါင်းဆောင်သည် အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေပေ၏။

လုယွီသည် အင်ပါယာအားကုသပေးနိုင်သည့် အခရာဖြစ်သည်။

အစောပိုင်းက သူသည်မိန်းမစိုးငယ်အားစေလွှက်၍ လုယွီအား တားဆီးခိုင်းခဲ့သည်။ ထိုသောက်သုံးမကျသောခွေးမသားက လူကို မောင်းထုတ်ပစ်မည်ဟု မည်သူကသိရှိမည်နည်း။

မိန်းမစိုးခေါင်းဆောင်က မြေပြင်ပေါ်၌လဲလျောင်းပြီး ညည်းတွားနေကြသော အစောင့်များကို ဒေါသတကြီးအော်ငေါက်လိုက်တော့သည်။

"မြန်မြန်ထပြီး လူသွားမရှာသေးဘူးလား"

အစောင့်များက နဝေတိမ်တောင်ဖြစ်နေကြ၏။ သူတို့က လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်၌ လဲလျောင်းနေရခြင်းဖြစ်သည်။ ယခု သူတို့အား ရိုက်နှက်သွားသူကို ပြန်လည်၍ရှာဖွေရဦးမည်လော....။

"ထားလိုက်တော့....ငါ သူကို ငါကိုယ်တိုင်သွားဖိတ်ခေါ်မယ်"

ထိုအချိန်မှာပင် သမားတော်ဖန်ရှန်းက မိန်းမစိုးခေါင်းဆောင်၏အနားသို့ ရောက်ရှိလာခဲ့သည်။

မိန်းမစိုးခေါင်းဆောင်က အလျှင်စလိုဖြင့် ပြန်လည်ပြောဆိုခဲ့လေ၏။

"ဒါက ကိစ္စသေးသေးလေးပါ...ဒီကျွန်အိုကြီးပဲ လုပ်ဆောင်လိုက်ပါမယ်...သမားတော်ဖန် အရှင်မင်းကြီးကို ဂရုစိုက်နေတာက ပိုအရေးကြီးပါတယ်"

သမားတော်ဖန်ရှန်းက သက်ပြင်းရှိုက်လိုက်၏။

"ငါက နှစ်တွေအကြာကြီး အလဟာသဖြစ်အောင် နေခဲ့မိတာ...ပါရမီရှင်သမားတော်တစ်ယောက်က ငါရှေ့ကိုရောက်ရှိလာလိမ့်မယ်လို့ ငါမျှော်လင့်မထားမိခဲ့ဘူး...ဒီအဖိုးကြီးက မောက်မာပြီးစိတ်ကြီးဝင်ခဲ့မိတယ်....ဟား ဟား....ငါက တစ်ကယ်ကိုပြဿနာရှာခဲ့မိတာပဲ"

မိန်းမစိုးခေါင်းဆောင်က ဝေခွဲရခက်နေဟန်ဖြင့် မေးမြန်းလိုက်၏။

"အရှင်မင်းကြီးရဲ့နာမကျန်းဖြစ်မှုကို သမားတော်ဖန်တောင် ကုသမပေးနိုင်ဘူးလား"

"ဟူး...အရှင်မင်းကြီး အဆိပ်မိနေတယ်ဆိုတာ ငါ သိခဲ့ရပေမယ့်....ဘာအဆိပ်လဲဆိုတာကို ငါ မထုတ်ဖော်နိုင်ခဲ့ဘူး....ဟိုလူငယ်လေးက အရှင်မင်းကြီးရဲ့ရောဂါဇစ်မြစ်ကို အကြည့်တစ်ချက်နဲ့တင် မြင်ခဲ့မှတော့...သူက အရှင်မင်းကြီးကိုကယ်တင်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူဖြစ်နေမှာ ငါ စိုးရိမ်မိတယ်"

သမားတော်ဖန်ရှန်းက သက်ပြင်းရှိုက်ရင်းမှ ပြောဆိုခဲ့လေသည်။

မည်သို့ဖြစ်နိုင်မည်နည်း....။ လူငယ်လေးကသာ အင်ပါယာမင်းကြီးအား ကယ်တင်ပေးနိုင်မည့် တစ်ဦးတည်းသောသူဟု ဆိုလိုက်သလော....။

မိန်းမစိုးခေါင်းဆောင်သည် ကူကယ်ရာမဲ့ပုံဖြင့် သူ၏စိတ်အတွင်း၌ နောင်တများရနေလေ၏။ အကယ်၍ သူက ဤအကြောင်းကိုစောစီးစွာသိရှိရပါက လူငယ်လေး၏စကားကို နားထောင်ခဲ့ပေမည်။

မည်သို့ပင်ဆိုစေကာမူ သူ၏နံဘေး၌ သမားတော်ဖန်ရှန်းရှိနေခြင်းကြောင့် မိန်းမစိုးခေါင်းဆောင်က သူ့စိတ်ခံစားချက်ကိုမျက်နှာပေါ်၌ ထုတ်ဖော်ပြသခြင်းမရှိပေ။

"ကုန်းကုန်း...ကုန်းကုန်း ရှာခိုင်းတဲ့သူတွေ့ပြီ...သူက မြို့အရှေ့ဘက်ကတည်းခိုခန်းမှာအခုရှိနေတယ်"

အစောင့်တစ်ယောက်က မိန်းမစိုးခေါင်းဆောင်အား လာရောက်၍ သတင်းပို့လေ၏။

"ငါကို လမ်းပြစမ်း"

****

တည်းခိုခန်းအတွင်း၌....

ကလေးနှစ်ယောက်သည် စားကောင်းသောတ်ဖွယ်များ စားသောတ်ပြီးနောက် အိပ်ယာထက်၌လဲလျောင်းကာ အိပ်မောကျနေပေသည်။ သူတို့က အလွန်ပင်ပန်းနေကြသဖြင့် အိပ်ယာထဲရောက်ရောက်ချင်းပင် အိပ်ပျော်သွားကြ၏။

သို့ရာတွင် သူတို့နှစ်ယောက်၏နိုးကြားသတိရှိမှုက ရှိနေခဲ့သည်။ လုယွီက အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် သူတို့နှစ်ယောက်လုံး နိုးလာကြ၏။

"ဆရာသခင်"

ကလေးနှစ်ယောက်က လုယွီအား တရိုတသေကြိုဆိုနှုတ်ဆတ်လိုက်သည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"မင်းတို့ သန့်ရှင်းရေးလုပ်ထားကြ...ငါတို့ လုံချွမ်တိုင်းပြည်က ထွက်သွားတော့မယ်"

သူက ကောင်းကင်ဘုံအင်ပါယာ၏အကြွင်းအကျန်စိတ်ဝိညာဥ်အပိုင်းအစကို ရရှိထားပြီဖြစ်၍ ဤနေရာ၌ဆတ်နေရန် အကြောင်းမရှိတော့ချေ။

"ဆရာသခင်....ကျွန်မတို့ ဘယ်နေရာကိုသွားကြမှာလဲ"

ပုချောင်းချောင်းက မေးမြန်းလိုက်၏။

လုယွီက သက်ပြင်းတစ်ချက်ချပြီး အဝေးတစ်နေရာအား ကြည့်ရှုနေလေသည်။

"ငါတို့ လုမိသားစုစီ အရင်သွားကြမယ်...ပြီးမှအစီအစဥ်ဆွဲမယ်"

လုယွီ၏အင်္ကျီလက်မောင်းကြား၌ လုခိုင်ရှမ်က သူ့အားပေးအပ်ထားသောပစ္စည်းရှိနေခဲ့သည်။

ထိုပစ္စည်းကို လုမိသားစုကလူအိုကြီးလုထံသို့ သူက လက်လွှဲပေးရပေအုံးမည်။

သူက အထီးကျန်နတ်ဘုရားလှေပေါ်မှ ပြုတ်ကျခဲ့သော်လည်း အသက်သေဆုံးခဲ့ခြင်းမရှိသဖြင့် သူ၏ဖခင်ပေးထားသောတာဝန်ကို မေ့လျော့၍မဖြစ်ချေ။

"ဆရာသခင်....လုမိသားစုက ဆရာသခင်ရဲ့မိသားစုလား"

ပုချောင်းချောင်းက ကလေးပီပီ စပ်စုချင်စိတ်ဖြင့် မေးမြန်းခဲ့လေ၏။

လုယွီက သူ၏ခေါင်းကိုသာ ခါယမ်းပြလိုက်သည်။ အလယ်ပိုင်းကုန်းမြေမှလုမိသားစုသည် ထိပ်သီးမိသားစုကြီးဖြစ်သော်လည်း နဂိုလုယွီ၏မူလစိတ်ဝိညာဥ်မှာ ကွယ်ပျောက်သွားခဲ့လေပြီ။ ယခုက သူ မြေအောက်လောကတာအိုသခင်၏စိတ်ဝိညာဥ်သာကျန်ရှိတော့၍ အလယ်ပိုင်းကုန်းမြေမှလုမိသားစုက သူနှင့်သက်ဆိုင်ခြင်းမရှိချေ။

ဒေါက်...ဒေါက်....ဒေါက်

ထိုအချိန်မှာပင် လုယွီ၏အခန်းတံခါးအား လာခေါက်နေသံက ထွက်ပေါ်လာခဲ့သည်။

လုယွီက တံခါးဖွင့်လိုက်ရာတွင် စိုးရိမ်ပူပန်နေသောမျက်နှာအမူအယာများပေါ်လွင်နေသော သမားတော်ဖန်ရှန်းနှင့်နန်းတွင်းအစောင့်တစ်စုကို တွေ့မြင်ရပေ၏။

"သမားတော်လု....ဒီကျွန်အိုကြီးက ထိပ်သီးသမားတော်ကို မမြင်မိဘဲ ကန်းနေခဲ့မိတယ်...အရှင်မင်းပြီးရဲ့ရောဂါက အရမ်းပြင်းထန်နေပြီ...ကျေးဇူးပြုပြီး သမားတော်လုက ကူညီပေးပါလို့ တောင်းဆိုပါရစေ"

မိန်းမစိုးခေါင်းဆောင်က ခါးသည်းသောအပြုံးဖြင့် လုယွီအား အသနားခံတောင်းဆိုလိုက်သည်။

မိန်းမစိုးခေါင်းဆောင်၏နံဘေးမှ သမားတော်ဖန်ရှန်းကလည်း သက်ပြင်းရှိုက်နေပေ၏။

"ငါ အမှားကျူးလွန်ခဲ့မိတာပါ...မင်းက တစ်ကယ့်ကို ကျွမ်းကျင်တဲ့သမားတော်တစ်ယောက်ပဲ...ကျေးဇူးပြုပြီး ငါရဲ့အမှားအတွက် ဗွေမယူပါနဲ့"

လုယွီက သူတို့ကိုတစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။

"ဘာလို့လဲ...ခင်ဗျားတို့ အသုံးမလိုဘူးထင်တော့ ကျုပ်ကိုကန်ထုတ်ခဲ့တာလေ...အခု အသုံးလိုမှ ကျုပ်ကိုလာတောင်းပန်ကြတာလား"

လူတိုင်း၏မျက်နှာများ ပူနွေးလာကြ၏။

လုယွီ ပြောဆိုနေသည်မှာအမှန်ပင်။ သူတို့က လုယွီ၏အစစ်အမှန်စွမ်းရည်ကို မြင်တွေ့ခြင်းမရှိခဲ့ချေ။

လုယွီက လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်သည်။

"သူကို ကယ်တင်ဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး...ဒါပေမယ့် ကျုပ်မှာတောင်းဆိုချက်သုံးခုရှိတယ်"

Chapter 450

"မင်း ပြောပါ...ဒီကျွန်အိုကြီးက မင်းရဲ့တောင်းဆိုချက်တွေကို တက်စွမ်းသလောတ်ဖြည့်ဆည်းပေးပါ့မယ်"

မိန်းမစိုးခေါင်းဆောင်ကလည်း လုယွီအား တောင်းဆိုရန် တဲ့တိုးပင်လမ်းဖွင့်ပေးလိုက်သည်။

ယခုလက်ရှိချိန်၌ အင်ပါယာမင်း၏ရောဂါအား ကုသရန် နှောင့်နှေးနေ၍မရချေ။ အချိန်အနည်းငယ်နှောင့်နှေးလေလေ အင်ပါယာမင်းအတွက်အန္တရာယ်ပိုကြီးလေလေဖြစ်ပေ၏။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်တော့သည်။

"ကောင်းပြီလေ...ကျုပ်ရဲ့ပထမဆုံးတောင်းဆိုချက်က...ကျုပ် လူနာကုသနေချိန်မှာ ဘယ်သူမှကြားဝင်မစွက်ဖက်ရဘူး"

မိန်းမစိုးခေါင်းဆောင်က သမားတော်ဖန်ရှန်းအား တစ်ချက်ကြည့်လိုက်၏။ သမားတော်ဖန်ရှန်းက ကန့်ကွက်ခြင်းမရှိသည်ကိုမြင်သည်နှင့် သူက ခေါင်းညိတ်၍သဘောတူညီကြောင်း ပြသလိုက်တော့သည်။

"ကောင်းပြီလေ...ဒါက သဘာဝကျတဲ့တောင်းဆိုချက်ပါ"

"ဒုတိယတစ်ချက်က...ကျုပ်ကို ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေထဲမှာလေ့ကျင့်ခွင့်ပေးရမယ့်အပြင် စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာလည်း ကျုပ်လိုအပ်တယ်"

လုယွီက ထပ်မံပြောဆိုလိုက်၏။

စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာဟု ဆိုလိုက်သလော....။

ဤပမာဏသည် အလွန်များပြားနေပေ၏။ မိန်းမစိုးခေါင်းဆောင်က နန်းတော်အားအုပ်ချုပ်နေသော အကြီးအကဲတစ်ယောက်ဖြစ်သည့်တိုင် တွေဝေသွားခဲ့သည်။ သို့ရာတွင် သူအတွက် အင်ပါယာမင်းကိုကုသရန်က ပို၍အရေးပါပြီး စိတ်ဝိညာဥ်ကျောက်တုံးများက အရေးမပါချေ။

"ကောင်းပြီလေ...ငါ မင်းကိုကတိပေးတယ်"

မိန်းမစိုးခေါင်းဆောင်က အံကြိတ်ရင်းမှ ကတိစကားပြောဆိုခဲ့လေ၏။

လုယွီက လက်ချောင်းသုံးချောင်းထောင်လိုက်သည်။

"ကျုပ် လိုအပ်နေတဲ့ဆေးပင်တွေရှိတယ်...လုံချွမ်တိုင်းပြည်တစ်ခုလုံးရဲ့အင်အားကိုအသုံးပြုပြီး အဲ့ဒီဆေးပင်တွေကိုရှာပေးရမယ်"

တစ်ချိန်တည်းမှာပင် လုယွီက စာရွက်နှင့်စုတ်တံကိုထုတ်ယူပြီး ချက်ချင်းရေးသား၍ မိန်းမစိုးခေါင်းဆောင်အားပေးလိုက်သည်။

မိန်းမစိုးခေါင်းဆောင်က စာရွက်ကိုလှမ်းယူပြီး တစ်ချက်ကြည့်ကာ ရယ်ပြုံးရင်းမှပြောဆိုလိုက်လေ၏။

"အင်မော်တယ်သမားတော်လု...ဘာမှစိတ်မပူပါနဲ့....ကျွန်တော်က အင်အားအကုန်သုံးပြီး လုံချွမ်တိုင်းပြည်အနှံအပြား ဒီဆေးပင်တွေကိုရှာပေးပါမယ်"

"ဒါက....တိမ်ဖီးနစ်နွယ်ပင်လား..."

သမားတော်ဖန်ရှန်းက ရုတ်တရက် မေးမြန်းလေသည်။

လုယွီ၏မျက်လုံးများတွင် လေးနက်သောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"ခင်ဗျား....ဒီဆေးပင်ကိုသိတာလား"

သမားတော်ဖန်ရှန်းက အလျှင်အမြန်တုံပြန်ပြောဆိုလေသည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်လောတ်က...လေလံအိမ်တစ်ခုကနေပြီး အဲ့ဒီဆေးပင်ကို ငါဝယ်ခဲ့တယ်...ဒါပေမယ့် အဲ့ဒါကို ဘယ်လိုသန့်စင်ရမယ်ဆိုတာ ငါမသိဘူး....နောက်ပိုင်းကျမှ ဒီဆေးပင်ရဲ့နာမည်ကို ရှေးဟောင်းစာအုပ်တွေထဲမှာ ငါ တွေ့ရှိခဲ့တယ်....နှမြောဖို့ကောင်းတာက အဲ့ဒီဆေးပင်နဲ့ပတ်သတ်လို့ ရှေးဟောင်းစာအုပ်ထဲမှာနာမည်ပဲပါပြီး ဆေးအဖြစ်အသုံးပြုလို့ရမယ့်နည်းလမ်းမပါဘူး"

မိန်းမစိုးခေါင်းဆောင်က သမားတော်ဖန်ရှန်းအား အသနားခံပြောဆိုလိုက်တော့သည်။

"သမားတော်ဖန်ရှန်း...ခုက အရှင်မင်းကြီးရဲ့ သေရေးရှင်ရေးကိစ္စဖြစ်နေတယ်...ကျေးဇူးပြုပြီး ကျွန်တော်ကိုကူညီပါ"

"မေ့လိုက်တော့...ဒီဆေးပင်က ငါရဲ့လက်ထဲမှာထားလည်း အသုံးဝင်မှာမဟုတ်ဘူး...ဒါကို အမှန်တကယ်အသုံးပြုနိုင်တဲ့သူရဲ့လက်ထဲမှာရှိတာ ပိုကောင်းလိမ့်မယ်"

သမားတော်ဖန်ရှန်းက သူမည်သို့ပြုလုပ်ရမည်ကို ချက်ချင်းပင်သိနားလည်သွားပေ၏။ သူက လုယွီကိုစိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။

"မင်းက ဆေးဝါးပညာရှင်တစ်ယောက်လား"

လုယွီက ခေါင်းညိတ်ပြလေ၏။

သမားတော်ဖန်ရှန်းက အံ့အားသင့်သွားပြီး ပြောဆိုလိုက်တော့သည်။

"မင်းရဲ့ငယ်ရွယ်တဲ့အသက်အရွယ်နဲ့ ဆေးဝါးပညာရှင်တစ်ယောက်ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး"

ဆေးဝါးပညာရှင်သည် အင်မော်တယ်သမားတော်ထက် အဆင့်အတန်းပို၍မြင့်မားလေသည်။ အင်မော်တယ်သမားတော်များသည် ရောဂါများကိုသာကုသနိုင်သော်လည်း ဆေးဝါးပညာရှင်များကသန့်စင်လိုက်သောဆေးများသည် အံ့ဖွယ်အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်ပေ၏။

သေရေးရှင်ရေးအခြေအနေသို့ ရောက်ရှိနေသဖြင့် မိန်းမစိုးခေါင်းဆောင်က ချက်ချင်းပင် လုယွီအားနန်းတော်သို့ ခေါ်ဆောင်သွားတော့သည်။

နန်းတော်အတွင်း၌.....

အင်မော်တယ်သမားတော်များသည် အင်ပါယာမင်း၏အိပ်ယာနံဘေး၌ မတ်တတ်ရပ်နေကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏။

အင်ပါယာမင်း၏လက်ကောက်ဝတ်တွင် သွေးစီးကြောင်းရာက ရှိနေဆဲပင်။ ထိုဒဏ်ရါမှသွေးများစီးကျမှုရပ်တန့်သွားပြီးနောက် အင်ပါယာမင်း၏အခြေအနေသည်လည်း တည်ငြိမ်နေခဲ့သည်။

အင်ပါယာမင်း၏လက်ကောက်ဝတ်အောက်တွင်မူ အနက်ရောင်သွေးများပြည့်နေသော ရွှေအင်တုံတစ်လုံးရှိနေသည်။

"ဒီအဆိပ်က တစ်ကယ်ကို ဆိုးရွားလွန်းတာပဲ"

အင်မော်တယ်သမားတော်တစ်ယောက်က တုန်တုန်ရီရီဖြင့် ပြောဆိုနေလေ၏။

ဆေးပညာကိုနကန်းတစ်လုံးမျှနားမလည်သူပင် ဤအဆိပ်၏ချောက်ချားဖွယ်ကောင်းပုံကို သိရှိနိုင်ပေမည်။

အင်ပါယာမင်း၏နံဘေး၌ထိုင်နေသော ဧကရီဖိဖုရားကြီးက စိုးရိမ်ပူပန်နေသောလေသံဖြင့် ပြောဆိုလိုက်၏။

"အင်မော်တယ်သမားတော်တွေအားလုံးပဲ...ကျေးဇူးပြုပြီး နည်းလမ်းတစ်ခုမြန်မြန်စဥ်းစားကြပါအုံး"

အင်မော်တယ်သမားတော်များကမူ သူတို့၌ရွေးချယ်စရာမရှိဘဲ အင်မော်တယ်သမားတော်ဖန်ရှန်းသွားရောက်ဖိတ်ကြားသူကိုသာ စောင့်ဆိုင်းရန် ဧကရီမိဖုရားကြီးအား ပြောဆိုခဲ့သည်။

ဧကရီမိဖုရားကြီးက အံ့အားသင့်သွားသဖြင့် သူမ၏မျက်လုံးများပင်ပြူးကျယ်သွားခဲ့သည်။

"သမားတော်ဖန်ရှန်းကတောင် အရှင်မင်းကြီးရဲ့ရောဂါကို မကုသနိုင်ဘူးလား....သူရဲ့ဆေးပညာစွမ်းရည်ထက်ပိုကောင်းတဲ့လူ ရှိနေသေးတာလား"

"သမားတော်ဖန်ရှန်း ရောက်လာပြီ"

ထိုအချိန်မှာပင် နန်းတော်ပြင်ပမှ အသံများထွက်ပေါ်လာခဲ့၏။

မိန်းမစိုးခေါင်းဆောင်နှင့်သမားတော်ဖန်ရှန်း၏ ခေါ်ဆောင်မှုအောက်တွင် လုယွီက နန်းတော်ခန်းမအတွင်းသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာလေသည်။

"သမားတော်ဖန်...အရှင်မင်းကြီးကို ကယ်ပါအုံး"

သမားတော်ဖန်ရှနရောက်ရှိလာသည်ကိုမြင်သော ဧကရီမိဖုရားကြီးက ချက်ချင်းပင် အသနားခံ​တောင်းဆိုနေတော့သည်။

သမားတော်ဖန်ရှန်းက သူ၏လက်ကိုဝှေ့ယမ်းပြပြီးနောက် သူ့နံဘေးရှိလုယွီအား ညွှန်ပြလိုက်သည်။

"ကျွန်တော် ဘာမှမကူညီနိုင်တာကို စိုးရွံမိပါတယ်...အခု ဒီပုဂ္ဂိုလ်က အရှင်မင်းကြီးကိုကယ်တင်ပေးနိုင်မယ့် တစ်ဦးတည်းသောသူပဲ"

All Chapters