အခန်း (၄၆၁-၄၆၅)
Vol. 26-30 Ch. 461-465
Chapter 461
မည်သည်ကြောင့် ဆေးလုံးများက လောင်ကျွမ်းသွားသနည်း...။
သမားတော်ဖန်ရှန်းက သူ၏အမြင်မှားယွင်းခြင်းမရှိသည်ကို အသေအချာသိရှိထားပေသည်။ ဆေးလုံး၏ပြင်ပတွင်မီးတောက်များက လွင့်မျောနေပေ၏။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"ဒါကဆေးလုံးရဲ့အပေါ်ယံက မီးတောက်တွေ ခုထိမလွင့်ပြယ်သေးတာ...ခဏနေကြရင် ကောင်းသွားလိမ့်မယ်"
"စာရွက်နဲ့စုတ်တံယူလာခဲ့...ကျုပ်က ခင်ဗျားအတွက် ဆေးဝါးပညာအတွေ့အကြုံတစ်ချို့ကို ရေးခဲ့ပေးမယ်...အဲဒါက အနာဂတ်မှာ ခင်ဗျား ဆေးဝါးပညာကိုလေ့လာတဲ့အချိန်ကျ အများကြီးအထောက်အကူဖြစ်လိမ့်မယ်"
လုယွီက သမားတော်ဖန်ရှန်းအား ပြောဆိုလိုက်သည်။
သမားတော်ဖန်ရှန်းက ဖန်ယင်းရွှယ်အား အလျှင်စလိုပြောဆိုလိုက်လေ၏။
"ယင်းရွှယ်...နင် ငါပြောတာကြားလား...ဆရာသခင်ကို စာရွက်နဲ့စုတ်တံပေးလိုက်စမ်း"
ဖန်ယင်းရွှယ်ကမူ လှုပ်ရှားခြင်းမရှိချေ။
သူမက လုယွီအား လှောင်ပြောင်လိုဟန်ဖြင့်ကြည့်နေလေ၏။ သူမ၏အကြည့်က အထင်အမြင်သေးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေသည်။
"ဘာလဲ...ဒါက နင်ရဲ့နည်းစနစ်လား"
လုယွီ၏မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
"မင်း ဘာကိုဆိုလိုချင်တာလဲ"
"ငါ ဘာကိုဆိုလိုချင်တာလဲ ဟုတ်လား...နင် ငါရဲ့အဖိုးကိုလှည့်စားရင်လှည့်စားနိုင်မယ်...ဒါပေမယ့် ငါကိုတော့လှည့်စားလို့မရဘူး...ငါ နင်လိုမျိုး ဆေးသန့်စင်တာကိုတစ်ခါမှမမြင်ဖူးဘူး....ဘယ်ဆေးဝါးပညာရှင်မှ နင်လိုနည်းစနစ်သုံးပြီး ဆေးသန့်စင်တာမလုပ်ဘူး...ငါ နင်ကို အကြံပေးချင်တယ်...နင် လိမ်ညာလှည့်စားမှုမလုပ်ခင် တစ်ခြားဆေးဝါးပညာရှင်တွေရဲ့နည်းစနစ်တွေကို လေ့လာထားတာ ပိုကောင်းလိမ့်မယ်...အနည်းဆုံးတော့ ဒီနေ့လိုမျိုး နင်ကိုယ်နင်အရူးလုပ်နေသလို မဖြစ်တော့ဘူးပေါ့"
ဖန်ယင်းရွှယ်က ပြက်ရယ်ပြုနေပေ၏။
လုယွီ၏လေသံကမူ အလွန်တည်ငြိမ်နေသည်။
"ငါက လိမ်ညာလှည့်စားနေတာလို့ မင်းထင်နေတာလား...မင်းက အမြင်တော်တော်ကျဥ်းတာပဲ"
"ဟ ဟ..ဘယ်လိုတောင် ရယ်ဖို့ကောင်းနေတာလဲ...ငါက ဆေးဝါးပညာရှင် ဆရာသခင်လုဖန်းနဲ့ သိကျွမ်းခဲ့ပြီးပြီ...သူက ပြောခဲ့တယ်...လူအများကြီးက မီးတောက်ကိုကျွမ်းကျွမ်းကျင်ကျင်ထိန်းချုပ်နိုင်ပေမယ့် ဆေးဝါးသန့်စင်တဲ့ဆေးမီးဖိုကို ထိန်းချုပ်နိုင်တဲ့သူက လူနည်းစုပဲရှိတယ်တဲ့"
ဖန်ယင်းရွှယ်က လုယွီ၏လက်အတွင်းရှိ မီးတောက်လောင်နေဆဲဖြစ်သော ဆေးလုံးများကို ညွှန်ပြပြီး သရော်တော်တော် ပြောဆိုနေပေ၏။
"နင်ရဲ့မသေသပ်တဲ့ လှည့်စားမှုကို ပြန်ကြည့်အုံး...နင်က ဟန်ဆောင်နေတာပဲ...ဘယ်သူက ဆေးလုံးကို ဒီလိုပုံစံဖြစ်အောင် သန့်စင်ကြလို့လဲ...တစ်ကယ်လို့ ဆေးပင်တွေယူသွားပြီးရင်လည်း နင် မြန်မြန်ထွက်သွားတော့...ဒီနေရာမှာနေပြီး ဟာသလုပ်မနေနဲ့"
သမားတော်ဖန်ရှန်း၏မျက်နှာအမူအယာက မကြည်မသာဖြစ်နေပြီး သူက လေသံသဲ့သဲ့ဖြင့်ပြောဆိုလိုက်သည်။
"ယင်းရွှယ်...နင်ပြောတာ အရမ်းလွန်နေပြီ"
သူက မြေးမဖြစ်သူသည် ယနေ့လောတ် စိတ်လှုပ်ရှားရသည့်ဖြစ်ရပ်မျိုး မည်သည့်အချိန်ကမျှ မတွေ့ကြုံဖူးသဖြင့် ရူးကြောင်ကြောင်ဖြစ်သွားသလောဟုပင် တွေးနေမိသည်။
ဖန်ယင်းရွှယ်က သူမ၏ခေါင်းကိုခါယမ်းပြီး လုယွီအား လက်ညှိုးထိုး၍ပြောဆိုလိုက်၏။
"အဖိုး...ဒီနေ့ ကျွန်မက ဒီလူလိမ်ကိုဖော်ထုတ်ပြီး အဖိုးကိုကူညီမယ်...မဟုတ်ရင် သူရဲ့ဆေးပညာလမ်းညွှန်မှုအတိုင်း အဖိုးကလေ့ကျင့်မယ်ဆိုရင် ဒုက္ခရောက်လိမ့်မယ်'
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။ ထိုမိန်းကလေးက သူ့အား လူလိမ်တစ်ယောက်ဟု အမြဲတစေတွေးတောထားသဖြင့် သူ ဤနေရာ၌ဆတ်နေရန်မလိုအပ်တော့ချေ။
"ဒီလိုဆိုမှတော့ ကျုပ်သွားတော့မယ်...နောင်တစ်ချိန်ကျရင် ဒီဆေးပင်ပေးတဲ့ ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျုပ်ပြန်ပေးဆပ်ပါမယ်"
လုယွီက သမားတော်ဖန်ရှန်း၏အိမ်တော်မှ ထွက်ခွါခဲ့တော့သည်။
သို့သော် ထိုအချိန်မှာပင် ခြံဝန်း၏ပြင်ပမှ ဆူညံသံများ ကျယ်လောင်စွာထွက်ပေါ်လာပေ၏။ ခြံဝန်းအစောင့်များသည် ရိုက်ထုတ်ခြင်းခံလိုက်ရပြီး အားကောင်းသောအရှိန်အဝါရှိသော လူတစ်ချို့က ခြံဝန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။
"ငါ့သူငယ်ချင်းကို ဒဏ်ရါရအောင် ဘယ်ကောင်လုပ်တာလဲ ...မတ်တတ်ထရပ်လိုက်စမ်း"
လေးလံသောတုတ်ချောင်းတစ်ချောင်းကိုကိုင်ဆောင်ထားသော ခပ်ကြမ်းကြမ်းလူတစ်ယောက်က အော်ဟစ်လိုက်သည်။
ထိုသူသည် သာမာန်လူများထက် အရပ်နှစ်ဆခန့် ပို၍မြင့်မားပေသည်။ သူက လူဘီလူးကြီးတစ်ကောင်ကဲ့သို့ မတ်တတ်ရပ်နေသည်။ သူ၏ရုပ်သွင်ကို မြင်နိုင်ရန် လူတိုင်းက သူ့အားခေါင်းမော့၍ကြည့်ရှုရပေ၏။
ထို့ပြင် ထိုသူ၏ခန္ဓာကိုယ်မှထုတ်လွှက်ထားသောအရှိန်အဝါသည်လည်း ပို၍ပင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေသည်။
"အကို ခိုက်....ဟိုကောင်လေးပဲ"
လူထွားကြီး၏နောက်မှ အံကြိတ်ပြီးပြောဆိုသောအသံတစ်သံ ထွက်ပေါ်လာလေ၏။ ထိုအသံပိုင်ရှင်သည် လုဖန်းဖြစ်ပြီး လုယွီကိုကြည့်နေသော သူ၏မျက်လုံးများအတွင်း၌ ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
လူထွားကြီးက လုယွီကိုကြည့်ပြီး လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်သည်။
"ငါက ဝံပုလွေကျေးရွာကခိုက်စန်း...မင်းက ငါ့သူငယ်ချင်းကို တိုက်ခိုက်ရဲတယ်ပေါ့...မင်း သတ္တိတော်တော်ကောင်းပါလား"
ဝံပုလွေကျေးရွာ...
ဤသည်က မကြာသေးမီကမှ တရှိန်ထိုးမြင့်တက်လာသည့် အင်အားစုမဟုတ်လော....။
သမားတော်ဖန်ရှန်း၏မျက်နှာသည် ဖြူရော်နေပြီး သူ၏မသိစိတ်မှနေ၍ ဖန်ယင်းရွှယ်အားကာကွယ်နိုင်ရန် သူ့နောက်သို့ပို့လိုက်သည်။
လုဖန်းက ဤကဲ့သို့လူမျိုးကို ခေါ်ဆောင်လာနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဆေးဝါးပညာရှင်တွေမှာ အဆတ်အသွယ်အများကြီးရှိတယ်ဆိုတာ ကောလဟာလပဲထင်ခဲ့တာ...အခုတော့ အစစ်အမှန်ဖြစ်နေတာပဲ"
သမားတော်ဖန်ရှန်းက တီးတိုးရေရွတ်နေလေ၏။
Chapter 462
ခိုက်စန်းက သူ၏လက်များကို ဂျွတ်ခနဲမြည်အောင်ချိုးနေရင်း လုယွီအား ပေစောင်စောင်ကြည့်ရှုနေပေ၏။
"မင်းက ငါရဲ့ညီအကိုကို ထိရဲမှတော့....အကျိုးဆက်ကို မင်းသိစေရမယ်"
သူက လုယွီအား ခြေဆုံးခေါင်းဆုံး ထပ်မံကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်း အသက်က ငယ်ငယ်လေးရှိသေးတယ်...ငါ မင်းကိုအနိုင်ကျင့်တယ်လို့ မပြောနဲ့...မင်း ငါ့သူငယ်ချင်းရှေ့မှာ ဒူးထောက်ပြီးသုံးကြိမ်အရိုအသေပြု...ပြီးရင် မင်းရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး ဒီနေရာကထွက်သွားတော့"
"အကိုခိုက် ပြောတာမှန်တယ်...သူကို သတ်ပစ်ရင်...သူ့အတွက်အရမ်းလွယ်လွန်းနေမယ်"
လုဖန်းက နံဘေးမှနေ၍ မြှောက်ထိုးပင့်ကော်လုပ်နေပေသည်။
သူ၏အတွေးနှင့် ခိုက်စန်း၏အတွေးက အတူတူပင်။ လုယွီ ဟူသောကောင်အား လွယ်လင့်တကူသေဆုံးခွင့် မပြုနိုင်ချေ။
"မင်း စောင့်နေ...မင်းရဲ့ကျင့်ကြံဆင့်ပျက်စီးသွားချိန်ကျရင်...ငါက နှိပ်စက်နည်းအမျိုးမျိုးသုံးပြီး မင်းကိုဖြည်းဖြည်းချင်း ညှင်းဆဲမယ်"
လုဖန်း၏မျက်လုံးများအတွင်း၌ ယုတ်မာကောက်ကျစ်မှုအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
သူက လုမိသားစုဝင်ဖြစ်သည်။ လုမိသားစု၏အကျော်ကြားဆုံး ကောင်းကင်ဘုံ၏ချီးမြှောက်ခံကျွမ်းကျင်သူများတွင် သူမပါဝင်သော်လည်း ကြီးမားသောဂုဏ်သတင်းရှိသူတစ်ယောက်ပင်။ လုယွီ၏ပစ်ထုတ်ခြင်းခံရမှုကြောင့် သူ၏ဂုဏ်ကျက်သရေမှေးမှိန်ခဲ့ရသည်။
လုယွီက ခပ်သဲ့သဲ့လေသံဖြင့် ပြောဆိုလိုက်၏။
"အရင်တုန်းက ခင်ဗျား လုမိသားစုဝင်ဖြစ်နေလို့....ခင်ဗျားအသက်ကို ကျုပ် ချမ်းသာပေးခဲ့တာ...ဒါပေမယ့် ကြည့်ရတာတော့ ခင်ဗျားက တစ်ကယ်သေချင်နေပုံပဲ"
လုဖန်းသည် လုယွီ၏မျက်လုံးများကိုစူးစိုက်ကြည့်နေရင်းမှ သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ မွန်းကျပ်လာမှုကို ခံစားနေမိသည်။ သူက ရုတ်တရက် ကူကယ်ရာမဲ့လာသကဲ့သို့ပင်။ သူ၏သူငယ်ချင်း ခိုက်စန်းသည် ဝံပုလွေကျေးရွာ၏ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထိုကောင်လေးအား ကိုင်တွယ်ဖြေရင်းရန် ခိုက်စန်းအတွက် လွယ်ကူပေလိမ့်မည်။
"အကို ခိုက်...သူနဲ့အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့...ဒီကောင်လေးက အရေးမပါတဲ့ကိစ္စဖြစ်နေမှတော့...သူကို သတ်သာပစ်လိုက်တော့...ကိစ္စပြီးတာနဲ့...ကျွန်တော်က အကိုခိုက်ကို ကျန်းချီဆေးလုံးတစ်အိုးစာပေးမယ်"
လုဖန်းက အလျှင်စလိုအမူအယာဖြင့် ပြောဆိုလိုက်၏။
"မင်း ဘာမှစိတ်ပူမနေနဲ့...ဒီလိုပုရွတ်ဆိတ်တစ်ကောင်ကတော့...ငါရဲ့လက်ညှိုးတစ်ချောင်းနဲ့တင် ဖိချေပစ်လို့ရတယ်"
ခိုက်စန်းက ယုံကြည်ချက်ခိုင်မာသောအမူအယာဖြင့် သူ၏လက်ချောင်းကိုမြှောက်ပြီး လှုပ်ခတ်လိုက်သည်။
ဘန်း....
ခိုက်စန်း စကားပြောဆိုနေစဥ်တွင် သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပြည့်နှက်နေပေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေးညှို့မှပစ်လွှက်လိုက်သောမြှားတစ်ချောင်းကဲ့သို့ လုယွီထံသို့ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခိုက်စန်း၏လက်သီးသည် ပြင်းထန်သောလေအရှိန်အဟုန်နှင့်အတူ လုယွီထံသို့ ကျဆင်းလာလေ၏။
လုယွီကမူ နောက်ဆုတ်ခြင်းမရှိချေ။ သူက သူ၏လက်ကိုဆန့်ထုတ်ပြီး ခိုက်စန်း၏လက်သီးအား ဖမ်းဆုပ်လိုက်သည်။
"မင်း ကြားဝင်မစွက်ဖက်ဖို့ ငါ အကြံပေးချင်တယ်...တစ်ကယ်လို့ မင်းအသက် ဆုံးရှုံးသွားမယ်ဆိုရင်....ကျန်းချီဆေးလုံးတွေက မင်းအသက်ကိုပြန်ရှင်စေမှာမဟုတ်ဘူး"
လုယွီ၏လေသံက တင်းမာပြတ်သားနေပေ၏။
ခိုက်စန်းသည် သူ၏လက်သီးထုံကျင်လာမှုကို ခံစားမိသည်။ သူက မည်သည့်ခွန်အားမျှ ထုတ်လွှက်နိုင်ခြင်းမရှိတော့ဘဲ လုယွီ၏လက်ဝါးအတွင်းမှလည်း ရုန်းထွက်နိုင်ခြင်းမရှိချေ။
လုယွီ၏လက်ဝါးသည် လေးလံသောတောင်ကြီးတစ်လုံးကဲ့သို့ ခိုက်စန်း၏လက်သီးအား အပြည့်အဝ ထိန်းချုပ်ထားပေသည်။
"ဘာလို့ မင်း ဒီလေါတ်ထိ သန်မာနေတာလဲ"
ခိုက်စန်းက အံ့အားသင့်တုန်လှုပ်နေလေ၏။ သူက ခွန်အားကို အဓိကထား၍ ကျင့်ကြံသူဖြစ်သည်။ မည်သည်ကြောင့် သူထက် သန်မာသောသူ ရှိနေရသနည်း။
"ထွက်သွားစမ်း"
လုယွီ၏လက်လှုပ်ရှားသွားပြီး ခိုက်စန်းအား အဝေးသို့ပစ်ထုတ်လိုက်၏။
ဘုန်း...
ခိုက်စန်း လွင့်စင်ထွက်သွားပြီး သူ၏နောက်ရှိ တောင်အတုတစ်လုံးနှင့် ရိုက်ခတ်မိလေသည်။
ခိုက်စန်းနှင့်ရိုက်ခတ်မိသော တောင်အတုသည် မြောက်များစွာသောအက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ပေါတ်ကွဲသွားတော့သည်။
ခိုက်စန်း၏မျက်လုံးများ ပြူးကျယ်နေပေသည်။ သူ၏အတွေ့အကြုံများအရ လုယွီ၏ခွန်အားသည် သူထက်အဆများစွာ သာလွန်နေခြင်းကို ချက်ချင်းပင်သိနားလည်သွားခဲ့သည်။
သူ ထွက်ပြေးရမည်။ မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ ခိုက်စန်းက နောက်လှည့်၍ ထွက်ခွါခဲ့တော့သည်။
"အကို ခိုက် ...မင်း ဘာလို့ထွက်သွားတာလဲ"
လုဖန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။
"ထွက်သွားစမ်း....ခွေးမသား...ဒီလေါတ်သန်မာတဲ့လူနဲ့ ငါကိုရင်ဆိုင်ခိုင်းတယ်...မင်း ငါ့ကို သေစေချင်နေတာလား"
ခိုက်စန်းက လုဖန်းအား အော်ငေါက်ပြီး အဝေးသို့ထွက်ပြေးသွားတော့သည်။
ခိုက်စန်း ထွက်ခွါသွားပြီးချိန်၌ လုဖန်း၏မောက်မာဝင့်ကြွားနေဟန်များ ချက်ချင်းပင် ပျောက်ဆုံးသွားလေ၏။
"ခင်ဗျားက ကျုပ်ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်မယ်လို့ ကျုပ် ကြားမိသလား"
လုယွီ၏အသံက ရုတ်တရက် လုဖန်း၏နားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
လုဖန်း၏စိတ်ဝိညာဥ်ပင် လွင့်စင်သွားပြီး သူက အလျှင်စလို ငြင်းဆန်လိုက်၏။
"ကျွန်တော် မလုပ်ရဲပါဘူး...မလုပ်ရဲပါဘူး"
"ခင်ဗျား မလုပ်ရဲပေမယ့်....ကျုပ် လုပ်ရဲတယ်"
လုယွီက ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး လုဖန်း၏ဒန်တျန်နေရာအား ရိုက်ချလိုက်လေသည်။
လုဖန်းသည် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားမိပြီး ချက်ချင်းပင် ပုစွန်ဆိတ်တစ်ကောင်ကဲ့သို့ လူးလိမ့်ကွေးကောတ်နေပေ၏။
Chapter 463
"မင်း....မင်း ငါရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်တယ်ပေါ့"
လုဖန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။
လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေလေသည်။
"တစ်ကယ်လို့ မင်း မသေချင်သေးရင်...ဒီနေရာကထွက်သွားတော့"
လုဖန်းက သူ၏လျှာထိပ်သို့ရောက်ရှိပြီးဖြစ်သော စကားလုံးများကို အလျှင်စလိုပြန်လည်ရုတ်သိမ်းလိုက်သည်။ ခိုက်စန်းပင်လျှင် လုယွီ၏ပြိုင်ဘက် မဖြစ်ခဲ့၍ သူ ထွက်ပြေးခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပေမည်။
"ဆရာသခင်လု...မင်း လုံချွမ်တိုင်းပြည်ကထွက်သွားတာ ပိုကောင်းလိမ့်မယ် ...တစ်ကယ်လို့ ဝံပုလွေကျေးရွာကလူတွေ ဒီနေရာကိုရောက်လာရင် ပြဿနာကဖြေရှင်းဖို့လွယ်မှာမဟုတ်ဘူး"
သမားတော်ဖန်ရှန်းက လုယွီအား အကြံပြုလိုက်သည်။
လုယွီက မျက်မှောင်ကြုတ်နေလေ၏။
"ဝံပုလွေကျေးရွာက အရမ်းအင်အားကောင်းနေလို့လား"
"အရမ်းအင်အားကောင်းတယ်...လုံချွမ်တိုင်းပြည်ရဲ့အင်ပါယာနန်းတော်ကတောင် တိုင်းပြည်ကိုကာကွယ်ဖို့အတွက် ဝံပုလွေကျေးရွာကို အကျိုးအမြတ်တစ်ချို့ပေးရတယ်"
သမားတော်ဖန်ရှန်းက လုယွီအား သတိပေးနေပေ၏။
လုယွီက ခေါင်းငြိမ့်ပြလိုက်သော်လည်း သူက အမှုထားခြင်းမရှိချေ။
"ကိစ္စက ဒီလိုဖြစ်လာမှတော့...ကျုပ် သွားတော့မယ်"
လုယွီက အချိန်တခဏကြာတွေးတောပြီးနောက် သူ၏လက်ဝါးအတွင်းရှိ ဆေးလုံးတစ်လုံးအား သမားတော်ဖန်ရှန်းထံသို့ ပေးလိုက်သည်။
"ဒါက....မင်း ငါကို ပေးတာလား"
သမားတော်ဖန်ရှန်းက ယုံကြည်နိုင်ခြင်းမရှိတော့ပေ။ လုယွီ၏လက်အတွင်း၌ဆေးလုံးနှစ်လုံးသာရှိသော်လည်း သူအား တစ်လုံးပေးခဲ့သည်။
"ကျုပ်ရဲ့တပည့်နှစ်ယောက်က ဒီဆေးစွမ်းကို အပြည့်အဝစုပ်ယူနိုင်ဖို့ အရမ်းငယ်သေးတယ်...ဆေးတစ်လုံးက သူတို့နှစ်ယောက်အတွက် လုံလောတ်ပြီ....ဒီဆေးတစ်လုံးက ခင်ဗျားရဲ့ဆေးပင်တွေ ပေးခဲ့တဲ့အတွက် ဆုလဒ်ပဲ"
လုယွီက သူ၏စကားဆုံးသည်နှင့် သမားတော်ဖန်ရှန်း၏အိမ်တော်မှ ထွက်ခွါသွားတော့သည်။
"အဖိုး...ကျွန်မတို့ ဒီနေရာကနေ အချိန်တစ်ချိန်လောတ်ထိ တိမ်းရှောင်နေကြမလား....တစ်ကယ်လို့ ဝံပုလွေကျေးရွာကလူတွေ ဒီနေရာကိုရောက်လာရင်...ကျွန်မတို့အဖြစ်က ရေအိုင်ထဲကငါးတွေထက် ပိုဆိုးလိမ့်မယ်"
ဖန်ယင်းရွှယ်က စိုးရိမ်ပူပန်နေလေ၏။
သမားတော်ဖန်ရှန်းကမူ ဖန်ယင်းရွှယ်၏စကားများကို ကြားပုံမရချေ။ သူက သူ၏လက်အတွင်းရှိ ဆေးလုံးကိုသာကြည့်ပြီး တွေးတောနေပေသည်။
ဖန်ယင်းရွှယ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။
"အိုး....အဖိုး...ဘာလို့ အဲ့လူလိမ်ရဲ့ဆေးလုံးကိုပဲ ကြည့်နေတာလဲ...ကျွန်မ အဲ့ဆေးလုံးကို လွှက်ပစ်လိုက်တော့မယ်...အဲ့ဒီဆေးလုံးထဲမှာ ဘာအဆိပ်တွေပါနေမလဲဆိုတာ ဘယ်သူကသိမှာလဲ"
ထို့နောက် ဖန်ယင်းရွှယ်က သမားတော်ဖန်ရှန်းထံမှဆေးလုံးကို ဆွဲယူရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သမားတော်ဖန်ရှန်းက သူ၏ခေါင်းကိုခါယမ်းပြီးနောက် မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ ဆေးလုံးအား ဝါးမြိုလိုက်တော့သည်။
"အဖိုး....ဘာလို့ သောတ်လိုက်တာလဲ....မြန်မြန်ထွေးထုတ်ပစ်လိုက်ပါ"
ဖန်ယင်းရွှယ်က စိုးရိမ်ပူပန်တကြီး အော်ဟစ်နေပေ၏။
"ယင်းရွှယ်....နေဦး...."
ဆေးသောတ်သုံးပြီးနောက် သမားတော်ဖန်ရှန်း၏မျက်နှာသည် ရုတ်တရက် နီမြန်းသွားခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး စတင်တုန်ရီလာပေ၏။
"အဖိုး....ကျွန်မကို မခြောက်ပါနဲ့...ဟုတ်ပြီ....ကျွန်မ ရေသွားယူဦးမယ်....အဖိုး ဒီနေရာမှာပဲစောင့်နေနော်"
ဖန်ယင်းရွှယ်သည် ခြေဆောင့်ပြီး အနောက်ဘက်ခြံဝန်းအတွင်းသို့ အလျှင်အမြန်ပြေးဝင်သွားခဲ့သည်။
ထိုလူလိမ်ကောင်က မည်သည့်နည်းဖြင့် ဆေးဝါးပညာရှင်ဖြစ်မည်နည်း။ သူက အဆိပ်များကို ဆေးလုံးပုံသဏ္ဌာန်ဖန်တီးထားခြင်းသာဖြစ်ပေမည်။ ဆေးလုံးအတွင်း၌ သေစေနိုင်သော အဆိပ်ပြင်းများ ပါဝင်နေသလော....။
ဖန်ယင်းရွှယ် ငယ်စဥ်ကလေးလဝကတည်းက သမားတော်ဖန်ရှန်းမှခေါ်ဆောင်လာခြင်းဖြစ်သည်။ သူမ၏အဖိုးသေလုမျောပါးခံစားနေရခြင်းအား သူမ မကြည့်ရက်ချေ။
ဖန်ယင်းရွှယ်က အစေခံများကို ရေတခရားယူဆောင်လာရန် အမိန့်ပေးလိုက်၏။ သူမ၏မျက်စိရှေ့မြင်သမျှ အဆိပ်ဖြေဆေးများကို သိမ်းကျုံးယူပြီး လူများကိုခေါ်ဆောင်၍ ဆေးစိုက်ခင်းဘက်သို့ အပြေးပြန်လာခဲ့သည်။
သို့သော် ဆေးစိုက်ခင်းတွင် မည်သူမျှရှိမနေချေ။
"အဖိုး"
ဖန်ယင်းရွှယ်က စိုးရိမ်ပူပန်တကြီးအော်ဟစ်နေပေ၏။
ကျွီ...
ရုတ်တရက် ဆေးစိုက်ခင်း၏နံဘေးရှိ အခန်းငယ်၏တံခါးက ပွင့်လာခဲ့သည်။ လူရိပ်တစ်ရိပ်က တံခါး၏နောက်၌ ရှိနေလေ၏။ ထိုသူက သမားတော်ဖန်ရှန်း၏အဝတ်အစားများကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း သူ၏မျက်နှာပေါ်၌ အရေးအကြောင်းများ မရှိတော့ချေ။
သူက သမားတော်ဖန်ရှန်းဖြစ်သော်လည်း သူ၏မျက်နှာသည် ယခုအချိန်၌ လင်းလက်တောက်ပနေပေ၏။ သူ၏အဖြူရောင်ဆံပင်များပင် အနက်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
"အဖိုး....အဖိုး အဆိပ်မမိဘူးလား"
ဖန်ယင်းရွှယ်က သမားတော်ဖန်ရှန်းကိုကြည့်ပြီး မယုံကြည်နိုင်မှုများဖြင့် မေးမြန်းလိုက်သည်။
သမားတော်ဖန်ရှန်းကိုကြည့်ရသည်မှာ အသက်နှစ်ဆယ်ခန့် ငယ်ရွယ်သွားသလိုပင်။ နေဝင်ဆည်းဆာချိန်ရောက်နေသော အဖိုးအိုအဖြစ်မှ စွမ်းအင်များပြည့်ဝနေသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဟား ဟား ဟား...သေချာတာပေါ့...ငါ ဘာအဆိပ်မှမမိဘူး"
သမားတော်ဖန်ရှန်းက အော်ဟစ်ရယ်မောနေလေသည်။
"လာကြစမ်း....လက်ဆောင်ကြီးကြီးပြင်ဆင်ထားကြ...ငါက ဆရာသခင်လုစီကိုယ်တိုင်သွားပြီး ကျေးဇူးတင်စကားပြောရမယ်"
သမားတော်ဖန်ရှန်း၏စကားသံ၌ အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ယခင်က သူ၏အသက်အရွယ်ကြောင့် အားနည်းနေခြင်းမျိုးလည်း ယခု မကျန်ရှိတော့ချေ။
"အဲ့ဒီလူက တကယ်အရည်အချင်းရှိတာလား"
ဖန်ယင်းရွှယ်က တီးတိုးရေရွတ်နေလေ၏။
Chapter 464
အင်ပါယာနန်းတော်၏ပြင်ပ...ပို့ဆောင်ဆတ်သွယ်ရေးနေရာ...
ကျင့်ကြံခြင်းနိုင်ငံများနှင့် သာမာန်သေမျိုးနိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွင် အကြီးမားဆုံးကွာခြားချက်မှာ ကျင့်ကြံခြင်းနိုင်ငံများက ပျံသန်းနိုင်သောနတ်ဆိုးသားရဲများကို အသုံးပြုကြခြင်းပင်။
ပို့ဆောင်ဆတ်သွယ်ခြင်းနေရာမှကြည့်လျှင် အဆတ်မပြတ်အော်ဟစ်နေသော ဧရာမမိုးပျံသားရဲများကို တွေ့မြင်နိုင်ပေသည်။ လူတစ်ယောက်က သွေးစိမ်းသားစိမ်းများကို ခြင်းတောင်းတစ်ခုအတွင်းမှထုတ်ယူပြီး ထိုသားရဲများ၏ပါးစပ်အတွင်းသို့ ပစ်ပေးနေလေ၏။
မိုးပျံသားရဲများ၏ကျောထက်တွင် အထပ်နှစ်ထပ် သို့ သုံးထပ် မြင့်သော သစ်သားအဆောက်အအုံများရှိနေသည်။ ထိုအဆောက်အအုံများကို ဝင်္ကပါခင်းကျင်းပြီးအခိုင်အမာပြုလုပ်ထားသဖြင့် ပြိုလဲနိုင်ခြင်းမရှိချေ။
လုဖန်းက ပို့ဆောင်ဆတ်သွယ်ခြင်းနေရာသို့ရောက်ချိန်တွင် သူ၏ပါးစပ်ထောင့်၌ သွေးစသွေးနများ ကျန်ရှိနေဆဲဖြစ်သည်။
"မိုးကောင်းကင်ရှုခင်းမြို့ကိုသွားမယ့် အမြန်ဆုံးလမ်းကြောင်းကိုရှာပေး"
လုဖန်းက စားပွဲပေါ်သို့ သိုလှောင်အိတ်တစ်အိတ်ကို ပစ်ချလိုက်၏။
"ဧည့်သည်တော်...မိုးကောင်းကင်ရှုခင်းမြို့ကိုသွားမယ့်လမ်းကြောင်းက လူပြည့်နေပြီ...နောက်တစ်ခေါက်မှရလိမ့်မယ်"
လူကြီးတစ်ယောက်က ရယ်မောရင်းမှ ပြောဆိုလိုက်လေသည်။
လုဖန်းက ထိုသူနှင့် အဓိပ္ပါယ်မရှိသောစကားများပြော၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။ သူ၏အင်္ကျီအိတ်ကပ်အတွင်းမှ တံဆိပ်ပြားတစ်ခုကို ချက်ချင်းပင်ထုတ်ယူလိုက်၏။
ထိုတံဆိပ်ပြား ပေါ်ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေထုပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
"လု မိသားစုက လူလား"
ရုတ်ချည်းဆိုသလိုပင် လူကြီး၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက အပြုံးဖြင့် အလျှင်အမြန်ပြောဆိုလိုက်သည်။
"ဧည့်သည်တော်...ကျွန်တော်တို့က ဒီခရီးမှာ အပိုနေရာပြုလုပ်ပေးပါမယ်....ဧည့်သည် အဆင်ပြေပြေ သွားလို့ရပါတယ်"
လုဖန်းက ချက်ချင်းပင် မိုးကောင်းကင်ရှုခင်းမြို့သို့ ထွက်ခွါမည့် မိုးပျံသားရဲပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သစ်သားအဆောက်အအုံအတွင်း၌ထိုင်နေသော လုဖန်း၏မျက်လုံးများတွင် ကြမ်းကြုတ်ရက်စက်သည့်အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
သူ ဤနေရာသို့ လာခဲ့စဥ်က ပြဿနာတစ်ခုနှင့်ကြုံတွေ့ရမည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ ယခုမူ သူ၏ကျင့်ကြံမှုကိုပင် ဆုံးရှုံးခဲ့ရသည်။
"ငါ့မိသားစုကို ပြန်ရောက်ပြီဆိုတာနဲ့....ငါရဲ့ကျင့်ကြံဆင့်ကို ပြန်လည်ရရှိနိုင်မယ့်ဆေးမျိုး အကြီးအကဲတွေကို ဖော်စပ်ခိုင်းရမယ်...ပြီးတာနဲ့ ငါတို့လုမိသားစုဝင် အယောင်ဆောင်တဲ့ကောင်ကို အလွတ်မပေးနိုင်ဘူး"
လုဖန်းက သူ၏လက်အတွင်းရှိဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးများက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
*****
အင်ပါယာမြို့တော်အတွင်း၌....
ဆေးသန့်စင်ပြီးနောက် လုယွီက တည်းခိုခန်းသို့ ပြန်ခဲ့တော့သည်။ သူဖော်စပ်ခဲ့သော အရိုးသန့်စင်ဆေးလုံးသည် သာမာန်အရိုးသန့်စင်ဆေးလုံးများနှင့် များစွာကွာခြားပေသည်။ အဓိကကွာခြားချက်မှာ တိမ်ဖီးနစ်နွယ်ပင် ဖြစ်သည်။
သူ၏အတိတ်ဘဝ အင်္သချေကောင်းကင်ဘုံနယ်မြေတွင် ဤအရိုးသန့်စင်ဆေးလုံးသည် တာယွီကောင်းကင်ဘုံနိုင်ငံတော်မှ အိမ်ရှေ့စံမင်းသားနှင့် မင်းသားတစ်ချို့သာ အသုံးပြုရသောဆေးလုံးဖြစ်သည်။
အမှန်အားဖြင့် လုယွီ၏အရိုးသန့်စင်ဆေးလုံးနှင့် တာယွီနိုင်ငံတော်၏မူလအရိုးသန့်စင်ဆေးလုံး၌ ကွာခြားချက်ရှိနေဆဲဖြစ်သည်။ ဆေးလုံး၌ပါဝင်သော ဆေးပင်များ၏အရည်အသွေးခြားနားချက်ကြောင့် ဆေးလုံးသည်ထိပ်တန်းအဆင့်သို့ မရောက်ရှိသော်လည်း သူ၏တပည့်များအတွက်မူ လုံလောတ်ပေမည်။
တည်းခိုခန်း၏ပြင်ပ၌ လူများစုစုရုံးရုံး ရှိနေကြ၏။ ခပ်သဲ့သဲ့ငိုရှိုက်သံများကလည်း တစ်နေရာပြီးတစ်နေရာမှ ကြားနေရသည်။
အစေခံတစ်သိုက်သည် သေမျိုးလူစု၏လက်အတွင်းမှ ခလေးငယ်များကို လုယူနေခြင်းကို လုယွီက တွေ့မြင်မိသည်။
ခလေးအများစုသည် ငယ်ရွယ်ပြီး မသိနားမလည်သေးသောအရွယ်များဖြစ်သည်။ သေမျိုးလူစုသည် မြို့တော်အတွင်းနေထိုင်သော သာမာန်လူတန်းစားသာဖြစ်၍ ထိုအစေခံများအား ပြန်လည်မတိုက်ခိုက်ဝံ့ကြချေ။
"အရှင်သခင်က ခလေးအယောက်ကိုးရာကို ရွေးချယ်ဖို့ အမိန့်ပေးထားတယ်...ငါတို့ အရှင်သခင်ရဲ့ရွေးချယ်ခြင်းခံရတာက မင်းတို့အတွက် ကံကြမ္မာကောင်းပဲ...ဒီနေရာကထွက်သွားကြစမ်း"
အစေခံတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။
ခလေးငယ်များ၏မိဘများသည် ထိုအစေခံများအား တားဆီးရန်ကြိုးစားကြသော်လည်း အဝေးသို့ကန်ကျောက်ပစ်ခြင်းကိုသာ ခံနေရသည်။
လုယွီ၏အကြည့်များက တည်ကြည်လေးနက်နေပြီး သူက ရှေ့သို့သွားရန် ခြေလှမ်းပြင်လိုက်၏။
"မိတ်ဆွေလေး...အဲ့ဒီနေရာကိုမသွားနဲ့"
ရုတ်တရက် လူတစ်ယောက်က လုယွီ၏အနားသို့ချဥ်းကပ်လာပြီး သတိပေးလေသည်။
လုယွီက လှည့်ကြည့်လိုက်ရာတွင် သူ့အားသတိပေးနေသော မုတ်ဆိတ်မွှေးရှည်များနှင့်လူလတ်ပိုင်းကြီးတစ်ယောက်ကို တွေ့မြင်မိသည်။
"တာအိုမိတ်ဆွေလေးက အသက်ငယ်ငယ်လေးနဲ့ ကျန်းချီပိုင်ဆိုင်ထားတာက ပါရမီရှိတဲ့ပုံပဲ...ဒီလိုကိစ္စတွေက သေမျိုးတွေကြုံတွေ့နေရတာကြာပြီ...သေမျိုးတွေရဲ့ကိစ္စက ငါတို့တွေနဲ့ဘာမှမဆိုင်ဘူးလေ"
လူလတ်ပိုင်းအရွယ်ကျင့်ကြံသူက ပြောဆိုလိုက်၏။
လုယွီ၏အမူအယာ ပြောင်းလဲခြင်းမရှိသည်ကိုကြည့်ပြီး လူလတ်ပိုင်းကြီးက သူ၏အကြံပြုချက်ကို လုယွီက နားမထောင်ဟု တွေးတောမိသွားပုံပင်။ ထို့ကြောင့် သူက လုယွီအား ထပ်မံပြောဆိုလိုက်သည်။
"ကျိုးမိသားစုရဲ့အရှင်သခင်က ဒီနှစ်တွေမှာ အဝိုင်းကြီးအဆင့်ထိ အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ခဲ့တယ်...ကောလဟာလတွေအရတော့ သူက တာအိုဒုတိယဆင့်ကို ဝင်ရောက်နိုင်ဖို့ ခလေးတွေကို စတေးတဲ့အခမ်းအနားပြုလုပ်မယ်တဲ့"
"မလှမ်းမကမ်းနေရာက အဆောက်အအုံရဲ့ခေါင်မိုးပေါ်က ကျင့်ကြံသူတွေကို မင်း မြင်လား...သူတို့က ကျိုးမိသားစုက ကျင့်ကြံသူတွေ...အားအနည်းဆုံးလူတောင် ကမ္ဘာမြေသင်္ကေတနယ်ပယ်မှာရှိတယ်...တစ်ကယ်လို့ မင်း မဆင်မခြင်တိုးဝင်သွားရင်...သူတို့က တိုက်ခိုက်မှာအသေအချာပဲ...မင်းရဲ့အဆုံးသတ်ကောင်းမှာမဟုတ်ဘူး"
ခလေးများ၏မိဘများက ငိုယိုနေဆဲပင်။
လုယွီက ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွား၏။ သူ လှုပ်ရှားလိုက်သည်နှင့် တည်းခိုခန်းရှိ သူ၏အခန်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
အခန်းအတွင်း၌ ပု မောင်နှမနှစ်ယောက် ရှိမနေချေ။
Chapter 465
လုယွီ၏မျက်လုံးအကြည့်များ အေးစက်စက်ဖြစ်သွားခဲ့သည်။ သူ၏လက်တစ်ဖက်လှုပ်ရှားလိုက်မှုနှင့်အတူ နံဘေးတစ်နေရာရှိတည်းခိုခန်းပိုင်ရှင်အား ဖမ်းကိုင်ထားလေသည်။
"အခန်းထဲက ခလေးနှစ်ယောက် ဘယ်ရောက်သွားတာတုန်း"
လုယွီက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်၏။
တည်းခိုခန်းပိုင်ရှင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေသည်။
"ဧည့်သည်...ကျွန်တော်ကို အပြစ်မတင်ပါနဲ့...ဒီနိမ့်ကျတဲ့အဖိုးအိုက တည်းခိုခန်းသေးသေးလေးရဲ့ပိုင်ရှင်အဆင့်ပဲရှိတာ...ကျိုးမိသားစုကအစေခံတွေဝင်လာပြီး လူတွေကိုဖမ်းဆီးသွားတာကို ကျွန်တော် တားဆီးနိုင်စွမ်းမရှိဘူး"
လုယွီ၏ခန္ဓာကိုယ်မှ ရုတ်တရက် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။
"ကျိုးမိသားစုက လူတွေလား"
"ဟုတ်ပါတယ်"
တည်းခိုခန်းပိုင်ရှင်သည် လုယွီထံမှသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ကြောက်ရွံနေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေသည်။
လုယွီ၏ပုံရိပ် ဖျတ်ခနဲရွေ့လျားသွားပြီး ကျိုးမိသားစု၏အစေခံများရှေ့၌ ထွက်ပေါ်လာခဲ့သည်။
"ခွေးကောင်းတစ်ကောင်က လမ်းပိတ်မထားဘူး...ထွက်သွားစမ်း"
အစေခံက လုယွီအား ကြည့်ရှုခြင်းပင်မရှိချေ။ သူ၏လက်ကိုဆန့်တန်းပြီး လုယွီအား တွန်းထုတ်ရန်သာ ကြံရွယ်လေသည်။
အစေခံက လက်ကိုဆန့်ထုတ်လိုက်သည်နှင့် သူ၏လက်သီးအတွင်းသို့ တိုးဝင်လာသော ကြီးမားသည့်ခွန်အားတစ်ရပ်ကို ခံစားမိသည်။
ခရက်...ခရက်...
ထိုအစေခံသည် မည်သို့မျှတောင့်မခံနိုင်သော ကြီးမားသည့်ခွန်အား၏ရိုက်ခတ်ခံရမှုကြောင့် သူ၏လက်မောင်းအရိုးများကျိုးပဲ့သွားပေ၏။
"ပြောစမ်း....တည်းခိုခန်းက ခေါ်သွားတဲ့ကလေးနှစ်ယောက် ဘယ်နေရာမှာလဲ"
လုယွီက အစေခံကိုလည်ဂုတ်မှဆွဲကိုင်ထားလေသည်။ သူ၏မျက်လုံးများအတွင်း၌ မည်သည့်စိတ်ခံစားချက်မျှရှိမနေချေ။
အစေခံသည် အသည်းအသန်ရုန်းကန်နေသော်လည်း သူသည် သေမျိုးသာသာအဆင့်သာရှိသူဖြစ်၍ လုယွီ၏လက်မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။
"တာအိုမိတ်ဆွေလေး...ဘာလို့မဆင်မခြင်လုပ်နေတာလဲ"
လူအုပ်အကြားမှ အစောပိုင်းက လုယွီအား သတိပေးနေသော လူလတ်ပိုင်းကြီးသည် ကူကယ်ရာမဲ့ပုံဖြင့် သက်ပြင်းချနေပေ၏။
လုံချွမ်တိုင်းပြည်တစ်ခုလုံးတွင် သေမျိုးများနှင့်ကျင့်ကြံသူများ အုပ်စုနှစ်စုလုံးသည် ကျိုးမိသားစုဟူသော အသံကြားသည်နှင့် နောက်ဆုတ်သွားကြရသည်။
အစောပိုင်းက ကျိုးမိသားစုအား ဆန့်ကျင်တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများရှိခဲ့သော်လည်း နောက်ဆုံး၌ သူတို့အနက်မှမည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိချေ။
"အို....ဒီနေရာမှာ သေမှာမကြောက်တဲ့ကောင်ရှိသေးတာပဲ....ကောင်လေး....ဒါက ကျိုးမိသားစုရဲ့အရေးကိစ္စ...မင်း ဒီနေရာက မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"
လမ်းနံဘေးရှိခေါင်မိုးထက်မှ ကျင့်ကြံသူတစ်ယောက်က စိတ်လက်မရှည်စွာဖြင့် ပြောဆိုလိုက်၏။
လုယွီကမူ ထိုသူ၏စကားများကို မကြားသကဲ့သို့ပင်။ သူက အစေခံကိုသာ စူးစူးဝါးဝါးစိုက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"ငါ မင်းကို မေးနေတာလေ....ပြောစမ်း"
ထိုအစေခံသည် ခေါင်မိုးထက်မှကျင့်ကြံသူရှိနေမှုကြောင့် ဤအချိန်တခဏအတွင်း၌ ခွန်အားများရရှိသွားသကဲ့သို့ ခံစားနေမိသည်။ သူက သရော်တော်တော်စကားပြောဆိုလိုက်၏။
"တည်းခိုခန်းမှာရှိတဲ့ ကလေးအားလုံးကို ငါက ကျိုးအိမ်တော်ကို ပို့လိုက်ပြီ....ဘာလဲ...မင်းက ကျိုးအိမ်တော်ကို ကျူးကျော်တိုက်ခိုက်ရဲလို့လား"
လုယွီက ထိုသူအား စကားပြောဆိုခြင်း မပြုတော့ချေ။ သူ၏ကျန်းချီများ ရုတ်တရက်ထွက်ပေါ်လာမှုနှင့်အတူ အစေခံအား သတ်ဖြတ်ပစ်လေသည်။
"ခွေးမသား....မင်းက ငါရှိနေတာတောင်မှ တိုက်ခိုက်ရဲတယ်ပေါ့"
ခေါင်မိုးပေါ်မှ ကျင့်ကြံသူသည် ဒေါသအလွန် ထွက်နေပေ၏။
လုယွီကမူ ထိုကျင့်ကြံသူအား အရေးစိုက်ခြင်းမရှိချေ။
ကျင့်ကြံသူ၏နဖူးမှ သင်္ကေတတစ်ချို့ ရုတ်တရက်ထွက်ပေါ်လာပြီး မှိန်ပျပျအလင်းရောင်အား ထုတ်လွှက်လာခဲ့သည်။
ဘန်း....
ကျင့်ကြံသူသည် သူ၏ခြေထောက်ကို အိမ်ခေါင်မိုးအားဆောင့်နင်းလိုက်ရာတွင် အိမ်တစ်အိမ်လုံး ပြိုလဲသွားလေ၏။ တစ်ချိန်တည်းမှာပင် ထိုကျင့်ကြံသူက လေထုအတွင်းသို့ ခုန်တက်လိုက်သည်။
"ကောင်လေး...ကျိုးမိသားစုကို ဆန့်ကျင်တဲ့အတွက် မင်းနောင်တရအောင် ငါလုပ်ပြမယ်"
ကျင့်ကြံသူ၏လက်များက လုယွီအား ဖမ်းဆုပ်ရန်အတွက် ဦးတည်လာပေ၏။
လုယွီက နေရာမှရွေ့လျားခြင်းမရှိဘဲ ခြေထောက်တစ်ဖက်နှင့် ကန်ထုတ်လိုက်သည်။
ဘုန်း....
လုယွီထံမှ အားကောင်းသောကျန်းချီလှိုင်းတစ်ရပ် ထွက်ပေါ်လာပြ ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် တိုးဝင်သွားခဲ့သည်။
ထိုကျင့်ကြံသူသည် အချိန်တခဏပင် တောင့်ခံနိုင်ခြင်းမရှိချေ။ လုယွီ၏ကန်ချက်ကြောင့် သူက သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားရသည်။
မည်သို့ ဖြစ်ပျက်သွားသနည်း....။
ယခုဖြစ်ရပ်အား နံဘေးနားမှကြည့်ရှုနေကြသော ကျင့်ကြံသူများ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဤသည်က ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မြေပြင်ပေါ်မှသေးငယ်သည့် ပုရွတ်ဆိတ်တစ်ကောင်မဟုတ်ချေ။
ကန်ချက်တစ်ချက်မျှဖြင့် မည်သည်ကြောင့် ထိုသူ သေဆုံးသွားသနည်း။ သူ၏ခန္ဓာကိုယ်ပင် အစအနကျန်ရစ်ခြင်းမရှိချေ။
လုယွီ၏မျက်လုံးများကမူ မည်သည့်ကိစ္စရပ်မှ မဖြစ်ပွါးခဲ့သကဲ့သို့ တည်ငြိမ်နေပေ၏။
"အခုချက်ချင်း...ငါကို ကျိုးအိမ်တော် လိုက်ပို့စမ်း"
လုယွီက နောက်ထပ်အစေခံတစ်ယောက်အား ဖမ်းကိုင်ပြီး ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့...ဟုတ်ကဲ့"
လုယွီ၏ကြမ်းတမ်းမှုကိုကြည့်ပြီး ထိုအစေခံသည် အပိုစကားမဆိုဝံ့ဘဲ ကျိုးအိမ်တော်သို့ လမ်းပြခေါ်ဆောင်သွားတော့သည်။
*****
ကျိုးအိမ်တော်...
ဤသည်က မြို့တော်တစ်မြို့လုံးတွင် ခမ်းနားထည်ဝါဆုံးအိမ်တော်ဖြစ်သည်။ အိမ်တော်တံခါးကပင် အင်ပါယာနန်းတော်၏တံခါးထက် ပို၍ခမ်းနားထည်ဝါပေသည်။
ကျိုးအိမ်တော်၏တံခါးရှေ့တွင် အားကောင်းသောအော်ရာထုတ်လွှက်ထားသည့် ကျင့်ကြံသူအများအပြားရှိနေပေ၏။
"ဘာလဲ...တစ်ယောက်ယောက်က ကျိုးအိမ်တော်ကလူကို ထိဝံ့တယ်ပေါ့"
ရုတ်တရက် ကျင့်ကြံသူတစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။