အခနး (၅၀၁-၅၀၅)
Vol. 26-30 Ch. 501-505
Chapter 501
လုယွီ၏မျက်လုံးများ တဖြည်းဖြည်းကျဥ်းမြောင်းသွားလေ၏။
သူ တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင်ရှိနေစဥ်တုန်းကလည်း တာယွဲ့တိုင်းပြည်မှရွှေရောင်သံချပ်ကာဝတ်စစ်သားများနှင့်တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
သို့သော် ထိုအချိန်တုန်းက လုယွီသည် ယင်ကောင်ငယ်တစ်သိုက်ကိုသာ သတ်ဖြတ်ခဲ့ပေ၏။
စစ်ထူမိသားစု၏မိသားစုခေါင်းဆောင်ဆိုသူသည် မည်သူမှန်းပင် သူ မသိရှိချေ။
လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းတို့က မြို့တော်ကိုပြန်သွားချင်တယ်ဆိုရင်သွားကြ.....ဒါပေမယ့် မင်းတို့အပေါင်းအဖော်တွေရဲ့အလောင်းတွေက ဒီနေရာမှာရှိနေတယ်...သူတို့ကို အရင်မြှုပ်နှံပေးလိုက်ပါ"
ဝုန်း....
လုယွီ၏စကားကိုတုံပြန်နေသည့်အလား တားမြစ်နယ်မြေမှအတားအဆီးသည် ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။
စစ်ဗိုလ်ချုပ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တားမြစ်နယ်မြေအတွင်းသို့ ပြေးဝင်သွားလေ၏။
အချိန်တခဏအကြာတွင် စစ်ဗိုလ်ချုပ်က နီမြန်းနေသောမျက်လုံးများဖြင့် ပြန်ထွက်လာခဲ့ပြီး သူ၏လက်အတွင်း၌စစ်သားတစ်ယောက်၏အလောင်းကို ပွေ့ထားပေသည်။
"ငါက ဒီနေရာမှာ ချတ်ပိတ်ထားတဲ့ နတ်ဆိုးကို သုတ်သင်ပြီးသွားပြီ...ဒါကြောင့်မို့ အခုချိန်ကစပြီး မင်းတို့ ဒီနေရာကိုစောင့်ကြပ်စရာမလိုတော့ဘူး"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။
စစ်ဗိုလ်ချုပ်၏မျက်လုံးများသည် ဝမ်းသာမှုများနှင့်တောက်ပလာပြီး လုယွီအား အရိုအသေပြုနေခဲ့သည်။
သို့ရာတွင် သူ၏ခေါင်းကိုပြန်မော့လိုက်ချိန်၌ လုယွီက ပျောက်ကွယ်သွားလေပြီ။
တာအိုဒုတိယဆင့်သို့ချိုးဖျက်ဝင်ရောက်ပြီးချိန်တွင် လုယွီ၏လှုပ်ရှားမှုစွမ်းရည်သည် ခုန်ပေါတ်ကျော်လွှား၍ တိုးတက်လာခဲ့သည်။
ခြေတစ်လှမ်းဖြင့်ပင် လုယွီက အင်ပါယာမြို့တော်၏အထက်ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့၏။
ဤအချိန်တွင် လုံချွမ်အင်ပါယာမြို့တော်၏မိုးကောင်းကင်သည် မှုန်မှိုင်းနေလေသည်။
လမ်းမကြီးများပေါ်၌ လမ်းသွားလမ်းလာတချို့သာရှိပြီး စစ်သားများက နေရာတော်တော်များများ၌ စောင့်ကြပ်နေကြ၏။ မြို့ရိုးများပေါ်တွင်လည်း ဒူးလေးကြီးများ တပ်ဆင်ထားလေသည်။
လုယွီက မည်သူမျှမသိရှိစေဘဲ လေထုအတွင်း၌သာ မတ်တတ်ရပ်နေခဲ့သည်။
မြို့တော်မှစစ်သားအများစုသည် တာအိုပထမဆင့်ကျင့်ကြံသူများဖြစ်သည်။ စစ်ဗိုလ်ချုပ်အများစုသည် မြေပြင်နှင့်လေထုအတွင်း၌ ရှိနေသော်လည်း လုယွီရောက်ရှိနေခြင်းကို သူတို့မသိရှိကြချေ။
အင်ပါယာနန်းတော်အတွင်း၌....
လုံချွမ်အင်ပါယာမင်းသည် နဂါးပလ္လင်ပေါ်၌ထိုင်နေပြီး အမတ်ကြီးများတင်ပြသောအကြောင်းအရာများအား နားထောင်နေရာမှ မျက်မှောင်ကြုတ်နေလေ၏။
"အရှင်မင်းကြီး...လုံချွမ်တိုင်းပြည်ရဲ့ စီရီစုနယ်ဆယ့်တစ်ခုက တာယွဲ့တိုင်းပြည်ရဲ့သိမ်းပိုက်တာ ခံလိုက်ရတယ်...နယ်မြေအများစုက အခုရန်သူရဲ့လက်ထဲကိုကျရောက်သွားပြီ"
"ရန်သူနိုင်ငံက ချင်ဘုရင် မြို့တော်အနီးကို ရောက်နေပါပြီ...ဒါပြင် ကျွန်တော် ကြားထားသလောက် စစ်ထူမိသားစုရဲ့အကြီးအကဲသုံးယောက်လည်း သိပ်မကြာခင် အင်ပါယာမြို့တော်ကို ရောက်လာလိမ့်မယ်"
"စစ်ထူမိသားစုရဲ့အကြီးအကဲသုံးယောက်လုံးက သဘာဝလွန်စွမ်းအင်နယ်ပယ် ကျင့်ကြံသူတွေပါ...အင်ပါယာမြို့တော်မှာရှိတဲ့ ကျွန်တော်တို့ရဲ့အင်အားနဲ့ သူတို့ကိုခုခံဖို့မလုံလောတ်ဘူး"
စစ်မှုရေးရာအမတ်ကြီး၏စကားဆုံးသွားချိန်တွင် အင်ပါယာနန်းတော်ခန်းမအတွင်း၌ ပွက်လောရိုက်သွားခဲ့သည်။
"သဘာဝလွန်စွမ်းအင်နယ်ပယ် ကျင့်ကြံသူသုံးယောက်တောင်လား"
"ငါတို့ဘက်က ကျင့်ကြံသူထောင်သောင်းမက တိုက်ခိုက်ရင်တောင် သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို တားဆီးနိုင်မှာမဟုတ်ဘူး ..ဒါ့ပြင် ငါတို့လုံချွမ်တိုင်းပြည်ရဲ့စစ်အင်အားက တာယွဲ့တိုင်းပြည်လောတ်ကောင်းတာမဟုတ်ဘူး"
"ကျွန်တော်တို့က ချုဘုရင်ကို သူတို့စီလွှဲပြောင်းပေးလိုက်တာ ပိုမကောင်းဘူးလား...သူက လုံချွမ်တိုင်းပြည်သားမှမဟုတ်တာ...သူက လုံချွမ်တိုင်းပြည်အတွက်အရေးမပါဘူး"
အင်ပါယာမင်းက ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်ပြီး လေးနက်တည်ကြည်သောအသံဖြင့်အော်ဟစ်လိုက်သည်။
"တိတ်ကြစမ်း"
အင်ပါယာမင်း၏အော်ဟစ်သံအဆုံးတွင် ခန်းမတစ်ခုလုံး ချက်ချင်းပင်တိတ်ဆိတ်ငြိမ်သက်သွားပေသည်။
လူတိုင်းက အင်ပါယာမင်းအား တိတ်တဆိတ်ကြည့်ရှုနေကြ၏။ ယခုလက်ရှိအချိန်၌ အင်ပါယာမင်းသည် လုံချွမ်တိုင်းပြည်၏အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်ပေသည်။
"ချူဘုရင်က ငါတို့လုံချွမ်တိုင်းပြည်ရဲ့ကယ်တင်ရှင်...တကယ်လို့ တစ်ယောက်ယောက်က ချူဘုရင်ကို ရန်သူစီပေးအပ်မယ်ဆိုတဲ့ စကားထပ်ပြောရင်...အဲ့ဒီလူကို ငါ အရင်သတ်မယ်"
အင်ပါယာမင်း၏အသံသည် ခန်းမတစ်ခုလုံးအား ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
အမတ်ကြီးများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။
အင်ပါယာမင်းသည် အနည်းငယ်စိုးရိမ်ကြောင့်ကြမှုကို ခံစားနေရသဖြင့် သူက လေးလေးနက်နက်ပြောဆိုလိုက်တော့သည်။
"စစ်ထူမိသားစုရဲ့အကြီးအကဲသုံးယောက်ကို ငါ ကိုင်တွယ်ဖြေရှင်းမယ်...မင်းတို့တွေက မြို့တော်ထဲကလူတွေရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားထားကြ"
"အရှင်မင်းကြီးကို ပို့ဆောင်နှုတ်ဆတ်ပါတယ်"
အမတ်ကြီးများက ပူဆွေးဝမ်းနည်းမှုများနှင့်အတူ ခန်းမအတွင်းမှ ထွက်ခွါသွားကြ၏။
အင်ပါယာမင်းသည် နဂါးပလ္လင်မှထရန် ဟန်ပြင်လိုက်စဥ်မှာပင် မိန်းမစိုးတစ်ယောက်က အလျှင်စလိုဖြင့် ခန်းမအတွင်းသို့ ပြေးဝင်လာခဲ့သည်။
"အရှင်မင်းကြီး...ချူဘုရင် စောင့်နေတာ အချိန်တော်တော်ကြာနေပါပြီ"
မိန်းမစိုးက အင်ပါယာမင်းအား တီးတိုးပြောဆိုလိုက်၏။
အင်ပါယာမင်း၏မျက်လုံးများ ချက်ချင်းပင်တောက်ပသွားပြီး သူ၏နတ်ဘုရားစိတ်အာရုံအား နန်းတော်အတွင်းသို့ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူ၏ပုံရိပ်သည် နန်းတော်အတွင်းမှ လျှပ်တပြတ်အချိန်အတွင်း ပျောက်ကွယ်သွားလေ၏။
အချိန်မခြားဘဲ အင်ပါယာမင်းသည် နန်းတော်နံဘေးရှိ အခန်းငယ်တစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
လုယွီက ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေပြီး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အင်ပါယာမင်းအားစောင့်ဆိုင်းရင်း ကျင့်ကြံနေပေသည်။
"ချူဘုရင်...မင်း ပြန်လာပြီ"
အင်ပါယာမင်းက ရုတ်တရက် လုယွီအား အံ့အားသင့်နေသောအကြည့်ဖြင့် ကြည့်လိုက်လေ၏။
"မင်းရဲ့စွမ်းအားတွေ ပြန်ရရှိသွားပြီလား"
Chapter 502
လုယွီက အင်ပါယာမင်း၏စကားကို ဝန်ခံခြင်းလည်းမပြု ငြင်းဆန်ခြင်းလည်းမပြုဘဲ ခေါင်းကိုသာငြိမ့်ပြလေ၏။
အင်ပါယာမင်းက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပြောဆိုလေသည်။
"ငါက မင်း တားမြစ်နယ်မြေထဲမှာ ပြဿနာတချို့နဲ့ကြုံနေရတယ်လို့ထင်ခဲ့တာ...အခုကြည့်ကြည့်တော့မင်းရဲ့စွမ်းအားတွေ ပြန်ရရှိသွားတာပဲ....ဂုဏ်ယူပါတယ်"
လုယွီက ပြောဆိုလိုက်သည်။
"ကျုပ် ဒီကိုလာတဲ့လမ်းမှာ သတင်းတချို့ကြားခဲ့တယ်...တာယွဲ့တိုင်းပြည်ကလူတွေ နားလည်မှုလွဲတာများရှိနေမလား"
အင်ပါယာမင်းက လုယွီအား စူးစိုက်၍ကြည့်နေတော့သည်။
"စစ်ထူမိသားစုခေါင်းဆောင်ကို မင်း တကယ်မသတ်ခဲ့တာလား"
လုယွီက အပြုံးဖြင့် ပြောဆိုလိုက်၏။
"ကျုပ်က တားမြစ်နယ်မြေထဲမှာ ကျင့်ကြံနေတာလေ...စစ်ထူမိသားစုခေါင်းဆောင်ဆိုတာကို ကျုပ်မသိဘူး"
အင်ပါယာမင်းက သက်ပြင်းရှိုက်နေလေသည်။
"ဟူး...ဒါက တာယွဲ့တိုင်းပြည်ကလူတွေ စစ်ပွဲစတင်ဖို့ အကြောင်းပြချက်ရှာတာဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်....တာယွဲ့တိုင်းပြည်ရဲ့အမြင်မှာ ငါတို့လုံချွမ်က သူတို့အတွက်ဆူးတစ်ချောင်းလို ဖြစ်နေခဲ့တာ...သူတို့က အမြဲတမ်း ငါတို့ကိုဖယ်ရှားချင်နေပေမယ့်...စစ်ပွဲစဖို့ အကြောင်းပြချက်က မခိုင်လုံခဲ့ဘူးလေ"
အင်ပါယာမင်းက သူ၏လက်သီးနှစ်ဖက်ကိုဆုပ်၍ လုယွီအား အရိုအသေပြုရင်း ပြောဆိုလိုကိသည်။
"ငါတို့လုံချွမ်တိုင်းပြည်ရဲ့အရေးကို ဒီတကြိမ်တော့ မင်းကိုမငြိစွန်းစေချင်ဘူး...တာယွဲ့တိုင်းပြည်ကလူတွေ ဒီနေရာကို ချက်ချင်းတော့ရောက်လာသေးမှာ မဟုတ်ဘူး...မင်း လုမိသားစုကို မြန်မြန်ပြန်သွားတာ ပိုကောင်းလိမ့်မယ်... မင်း လုမိသားစုကိုပြန်ရောက်သွားတာနဲ့ တာယွဲ့အင်ပါယာမင်းတောင်မှ မင်းကိုနှောက်ယှက်ရဲမှာမဟုတ်ဘူး"
အင်ပါယာမင်း၏လေသံသည် စိတ်ရင်းမှန်အတိုင်းပြောဆိုနေခြင်းဖြစ်ပြီး အတုအယောင်ဟုထင်ဖွယ်ရာမရှိချေ။
သို့ရာတွင် လုယွီက အင်ပါယာမင်း၏စကားများတွင်ပါဝင်သော ဆိုလိုရင်းကို ချက်ချင်းပင်သဘောပေါတ်နားလည်သွားပေ၏။
အင်ပါယာမင်းဖြစ်လာသူများသည် ခန့်မှန်းရခက်ခဲသောပုံရိပ်များ ပိုင်ဆိုင်ထားသူများဖြစ်ပေရာ မည်သည်ကြောင့် သူတို့က သာမာန်သူများကဲ့သို့ ရိုးသားစွာဖြင့် တစ်ခြားတစ်ယောက်အား မိတ်ဆွေဖွဲ့နိုင်မည်နည်း။
ယခုလက်ရှိချိန်တွင် လုံချွမ်အင်ပါယာမင်းသည် လုယွီ၏နောက်ခံ လုမိသားစု၏နှစ်ခြိုက်မှုကိုလိုချင်ပြီး သစ်ပင်ကြီးတစ်ပင်၏အရိပ်အား နားခိုချင်နေခြင်းသာ ဖြစ်ပေသည်။
သို့ရာတွင် လုယွီက အရေးစိုက်ခြင်းမရှိချေ။
"တာယွဲ့တိုင်းပြည်ကလူတွေ ဘယ်ချိန်ရောက်လာမှာလဲ...ကျုပ်ကိုယ်တိုင် သူတို့နဲ့ စကားပြောမယ်"
လုယွီက ပြောဆိုလေ၏။
"မင်းကို ကျေးဇူးတင်ပါတယ်...စကားမစပ်...အရင်တုန်းက မင်းကို ငါ့တူတော်မောင်ကတိပေးထားတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ မင်းအိမ်တော်ကိုရောက်နေပြီ...ငါရဲ့တူတော်မောင်ကိုယ်တိုင် မင်းအိမ်တော်ကိုပို့ပေးဖို့ ငါ အမိန့်ပေးထားတာ"
အင်ပါယာမင်းက ပြောဆိုလေသည်။
လုယွီက ခေါင်းညိတ်ပြလိုက်၏။ ဤသည်က သူပြန်ရရှိမည့် တန်ကြေးဖြစ်ပေသည်။ ထို့ပြင် ယခုလက်ရှိချိန်၌ စိတ်ဝိညာဥ်ကျောက်တုံးများအား သူ လိုအပ်နေလေ၏။
လုယွီက အင်ပါယာမင်းနှင့် အချိန်အတန်ကြာသည်အထိ သူ၏ကျင့်ကြံခြင်းအတွေ့အကြုံများအကြောင်းကို ပြောဆိုပြီးနောက် သူ၏ချူဘုရင်နန်းဆောင်သို့ပြန်ရန် ပြင်ဆင်လိုက်တော့သည်။
"ချူဘုရင်က တကယ်ကို အတွေ့အကြုံ ကြွယ်ဝတဲ့သူပဲ...ငါက မင်းရဲ့အကြံဥာဏ်ကိုရယူပြီး ကျင့်ကြံဆင့်ချိုးဖျက်နိုင်တော့မယ်ထင်တယ်...လုမိသားစုက တကယ့်ကိုအခြေခံခိုင်မာတဲ့ မိသားစုကြီးပဲ"
အင်ပါယာမင်းက အံကြတကြီး ရေရွတ်နေပေ၏။
လုယွီ၏မျက်နှာပေါ်၌ နူးညံသောအပြုံးတစ်ခုသာရှိနေသည်။ သူ၏ကျင့်ကြံခြင်းအတွေ့အကြုံများအားလုံးသည် အတိတ်ဘဝက တဆင့်ပြီးတဆင့် သူ ကြိုးစားစုဆောင်းခဲ့သောရလဒ်မျါးသာဖြစ်သည်။ ဤအတွေ့အကြုံများက မည်သည့်နည်းဖြင့် လုမိသားစုက ပေးအပ်သည့်အရာများဖြစ်နိုင်မည်နည်း။
……
အင်ပါယာမြို့တော်၏လမ်းမကြီးများပေါ်၌ရှိနေသော လမ်းသွားလမ်းလာများထံမှ စကားသံများကို လုယွီက အတိုင်းသားကြားနေရသည်။ ဤသည်က သဘာဝလွန်စွမ်းအင်နယ်ပယ်၏စွမ်းရည်တစ်ခုဖြစ်သည်။ လူများစကားပြောဆိုနေသံ ခွေးဟောင်သံ အင်းဆက်ပိုးမွှားနှင့်ဌက်များအော်မြည်နေသံ ရထားဘီးများလည်ပတ်နေသံ စသဖြင့် ပတ်ဝန်းကျင်ရှိအသံများအားလုံးအား ကြားနိုင်ပေ၏။
ဤသည်က တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက်၏စွမ်းရည်တစ်ခုပင်ဖြစ်သည်။
"နင်က မြို့တော်မှာ ရှိနေတုန်းပဲလား...နင်က တော်တော်ဇွဲကောင်းတာပဲ"
စိတ်မရှည်သောလေသံဖြင့် ပြောဆိုသံတစ်သံက လုယွီ၏နောက်မှ ပေါ်ထွက်လာခဲ့သည်။
လုယွီက လှည့်ကြည့်လိုက်ရာတွင် ခမ်းနားထည်ဝါသောရထားလုံးတစ်လုံးက သူ၏နံဘေး၌ရပ်လိုက်ခြင်းကို တွေ့မြင်မိသည်။
ထိုရထားလုံး၏လိုက်ကာ လှစ်ဟလိုက်ချိန်တွင် သူ့အား စိတ်ပျက်လက်ပျက်ပုံဖြင့်ကြည့်နေသော ယဲ့လန်အား မြင်လိုက်ရသည်။
လုယွီက မတုန်မလှုပ်လုပ်နေသည်ကိုကြည့်ပြီး ယဲ့လန်က အပြုံးနှင့်ပြောဆိုလိုက်၏။
"အနည်းဆုံးတော့ ငါတို့ကမိတ်ဆွေဟောင်းတွေလေ...နင်နဲ့ငါ လမ်းပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး...ရထားလုံးပေါ်တက်ခဲ့လေ...ငါ နင်ကို တစ်ခုခုလိုက်ကျွေးမယ်"
ဤအချိန်တွင် လုယွီသည် မင်ခွမ်းနှင့်တိုက်ခိုက်ခဲ့ရခြင်းကြောင့် သူ၏အဝတ်အစားများ စုတ်ပြတ်သတ်နေပေသည်။
"မလိုဘူး"
လုယွီက ယဲ့လန်နှင့် စကားပြောဆိုရန် အကြောင်းရင်းမရှိချေ။ ထို့ပြင် ယို့ဝမ်အိမ်တော်မှ ပို့လိုက်သောစိတ်ဝိညာဥ်ကျောက်တုံးများသည်လည်း သူ၏အိမ်တော်၌ရောက်ရှိပြီးဖြစ်သည်။
လုယွီအတွက် အချိန်သည် အလွန်အဖိုးတန်သဖြင့် ဖြုန်းတီးရန်အကြောင်းမရှိချေ။
သို့ရာတွင် လုယွီက ထွက်ခွါသွားလိုသော်လည်း ယဲ့လန်က ရုတ်တရက် ရထားလုံးအတွင်းမှထွက်လာပြီး သူ၏လက်ကိုဖမ်းဆွဲထားလေ၏။
"နင်ကိုယ်နင်ပြန်ကြည့်အုံး...ဘာနဲ့တူနေပြီလဲဆိုတာကို...နင်ရဲ့မာနကို ခုထိအလေးထားနေတုန်းပဲလား...ငါနဲ့မြန်မြန်လိုက်ခဲ့စမ်းပါ"
ယဲ့လန်က ကူကယ်ရာမဲ့ပုံဖြင့်ပြောဆိုပြီး လုယွီအားဆွဲခေါ်ကာ ရထားလုံးအတွင်းသို့ ဝင်လိုက်တော့သည်။
လုယွီက အချိန်တခဏကြာတွန့်ဆုတ်နေသော်လည်း သူ့အားဖမ်းဆွဲထားသော ယဲ့လန်၏လက်အား ဖြုတ်ခြင်းမပြုချေ။
Chapter 503
ယဲ့လန်၏ရထားလုံးသည် အလွန်ကျယ်ဝန်းပေ၏။ ရထားလုံးဆွဲသော မှော်သားရဲ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌လည်း မီးတောက်များကဖုံးလွှမ်းထားသည်။
လုယွီက ထိုရထားလုံးကို အင်ပါယာမင်း သူ့အားတားမြစ်နယ်မြေသို့သွားရန် လာရောက်ခေါ်ဆောင်စဥ်က စီးနင်းခဲ့ဖူးသည်။ သို့ရာတွင် ထိုရထားလုံးသည် မှော်သားရဲလေးကောင်ဆွဲသောကြောင့် ယခုလက်ရှိ သူ၏ရှေ့ရှိရထားလုံးထက် ပို၍ကျယ်ဝန်းပေ၏။
"နင် ဒီလိုရထားလုံးမျိုး အရင်ကမစီးဖူးဘူးမလား...အဆင်ပြေသွားမှာပါ...နင် အတွေ့အကြုံရသွားတာပေါ့"
ယဲ့လန်က ရယ်မောရင်းမှ ပြောလိုက်သည်။
"မင်းသမီး....ကျွန်တော်တို့ နန်းတော်ကိုပြန်မှာလား"
ရထားလုံးလိုက်ကာ၏ပြင်ပမှနေ၍ ရထားမောင်းသမားက မေးမြန်းလေ၏။
ယဲ့လန်က သူမ၏လက်ကိုဝှေ့ယမ်းပြလေသည်။
"နန်းတော်ကို မပြန်သေးဘူး...ငါတို့ နွေဦးမြစ်စားသောက်ဆိုင်ကိုသွားမယ်"
"အမိန့်အတိုင်းပါ"
ရထားမောင်းသမားက ပြောလိုက်သည်။
ယဲ့လန်က လုယွီအား ကြည့်နေလေ၏။
"နင်...ငါ နင်လိုခေါင်းမာတဲ့ သေမျိုးလူတန်းစားမျိုးကို ငါ မတွေ့ဖူးဘူး...နင်ကိုကူညီမယ့်လူတွေက နယ်စပ်ဒေသလိုနေရာမျိုးမှာ ပေါများလိမ့်မယ်...ဒါပေမယ့် အင်ပါယာမြို့တော်မှာတော့ ကျင့်ကြံသူတွေတောင် အခြေအနေဆိုးရွားနေတာ...နင်လို သေမျိုးဆို ပြောမနေနဲ့တော့"
ယဲ့လန်၏အကြည့်သည် လုယွီ၏စုတ်ပြဲနေသော အဝတ်အစားများပေါ်သို့ ကျရောက်သွားခဲ့သည်။
အစောပိုင်းက လုယွီသည် ထိပ်တန်းစိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်း၌ ကျိုးဟန်ကိုသတ်ဖြတ်ခဲ့စဥ်က ထိုနေရာ၌ ယဲ့လန်သည် ရှိမနေချေ။
နောက်ပိုင်း၌ ယို့ဝမ်မင်းသားသည် စိတ်ဝိညာဥ်ကျောက်တုံးများစုဆောင်းရန် အလွန်အလုပ်များနေသဖြင့် ယဲ့လန်အားရှင်းပြရန်အချိန်မရှိပေ။ ယဲ့လန်၏အမြင်၌ လုယွီသည် မည်သည့်ကျင့်ကြံမှုမျှမရှိသော သာမာန်သေမျိုးတစ်ယောက်ပင်။
လုယွီ၏အဝတ်အစားများသည် မှော်ရတနာများဖြစ်သည်ကိုလည်း သူမက သိရှိခြင်းမရှိချေ။
လုယွီသည် မင်ခွမ်းနှင့်တ်ုက်ခိုက်စဥ်က ကောင်းကင်ဘုံအင်ပါယာမင်း၏ကွန်ဖြူးရှပ်တာအိုဥပဒေသကို အသုံးပြု၍ ဖိနှိပ်ထားနိုင်ခြင်းကြောင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက မင်ခွမ်း၏ကျင့်ကြံဆင့်သည် လုယွီထက် ပို၍မြင့်မားသောကြောင့် သူ ရှုံးနိမ့်ရပေမည်။
လုယွီ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ယခင်ကနဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ကို လေ့ကျင့်ခဲ့ခြင်းကြောင့် သန်မာသော်လည်း သူ၏အဝတ်အစားများမှာမူ မင်ခွမ်းကဲ့သို့အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်တွေ့ချိန်တွင် ပျက်စီးခဲ့ရသည်။
ရထားလုံးက အချိန်တခဏအကြာမှာပင် ခမ်းနားထည်ဝါသောစားသောက်ဆိုင်တစ်ဆိုင်၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။ နွေဦးမြစ်စားသောက်ဆိုင်သည် အင်ပါယာမြို့တော်တစ်ခုလုံး၌ လူစည်ကားဆုံးစားသောက်ဆိုင်ဖြစ်ပေ၏။ ဤနေရာသို့ရောက်ရှိလာသူတိုင်းသည် သူဌေးသူကြွယ်များနှင့်အထက်တန်းလွှာများသာဖြစ်သည်။
ယဲ့လန်၏ရထားလုံးကို အင်ပါယာတော်ဝင်မိသားစု၏နဂါးအလံဖြင့် အလှဆင်ထားသည်ဖြစ်၍ လမ်းတလျှောက်လုံးမည်သည့်အနှောက်အယှက်မျှ ကြုံတွေ့ရခြင်းမရှိချေ။
"လာလေ...ငါ နင်ကိုညစာကျွေးမလို့ခေါ်လာတာ...ဟီး ဟီး...နင်ကို ငါ အမှန်ပြောပြရရင်...နင်ငါကို မီးဖုတ်ကျွေးခဲ့တဲ့ ကန်စွန်းဥက အရသာပိုရှိတယ်လို့ ငါ ထင်နေတုန်းပဲ"
ယဲ့လန်က အပြုံးနှင့်ပြောဆိုလိုက်၏။ ထိုစကားနှင့်အတူ သူမ၏အကြည့်က စားသောက်ဆိုင်၏နံဘေးရှိ မြင်းဇောင်းနေရာသို့ ကျရောက်သွားခဲ့သည်။ မြင်းဇောင်းအတွင်း၌ ခမ်းနားထည်ဝါသောရထားလုံးအများအပြားရှိနေပေ၏။
"တကယ်ကို ကံမကောင်းတာပဲ...ဟိုလူတွေလည်းရောက်နေတယ်"
ယဲ့လန်က တီးတိုးရေရွတ်နေလေသည်။
"မင်းသမီး"
စားသောက်ဆိုင်၏ရှေ့၌ရှိနေသော စားပွဲထိုးများက ယဲ့လန်အား လေးလေးစားစားဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
"ကောင်းပြီလေ...ငါအရင်ယူနေကျ နေရာပဲယူမယ်...ငါတို့ကို အဲ့ဒီနေရာခေါ်သွားပေး"
ယဲ့လန်က စိတ်မရှည်ပုံဖြင့် ပြောဆိုခဲ့သည်။
မင်းသမီးယဲ့လန်သည် အဝတ်အစားများစုတ်ပြဲနေသော လူငယ်တစ်ဦးနှင့်အတူယှဥ်တွဲ၍ ဆိုင်အတွင်းသို့ ဝင်လာသည့်အတွက် စားပွဲထိုးအများစုက အလွန်ပင်စပ်စုလိုနေကြ၏။ သို့ရာတွင် မည်သူကမျှ မေးမြန်းဝံ့ခြင်းမရှိချေ။
စားသောက်ဆိုင်အတွင်းမှ အမျိုးသမီးအစေခံတချို့ထွက်လာပြီး ယဲ့လန်နှင့်လုယွီအား အရိုအသေပြုကာ ခမ်းနားထည်ဝါသောသီးသန့်ခန်းအတွင်းသို့ ပို့ဆောင်ပေးလေ၏။
သီးသန့်ခန်းအတွင်းရှိ အပြင်အဆင်များသည် အလွန်ကြီးကျယ်ခမ်းနားပြီး နံရံပေါ်၌ချိတ်ဆွဲထားသော လက်ရေးလှစာလုံးများနှင့်ပန်းချီကားချပ်များက ထည်ဝါလှပေ၏။
စားသောက်ဆိုင်၏အစားအသောက် ဝန်ဆောင်မှုပေးသည့်နှုန်းသည် အလွန်လျှင်မြန်လေသည်။ ယဲ့လန်နှင့်လုယွီတို့ ထိုင်နေပြီး အချိန်တခဏအကြာတွင်ပင် စားပွဲတစ်ခုလုံးဟင်းပွဲများ ပြည့်နှက်သွားပေသည်။
ဟင်းပွဲများတွင် စိတ်ဝိညာဥ်စွမ်းအင်များပါဝင်နေသည်။ ဤဟင်းပွဲများအား အမြဲတစေစားသောက်သူသည် သူ၏ကျင့်ကြံမှု၌ အထောက်အပံ့ဖြစ်စေနိုင်ပေမည်။
"နင် အင်ပါယာမြို့တော်မှာနေရတာ ပျော်မှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် နင်က ငါ့အသက်ကိုကယ်တင်ခဲ့တဲ့သူလေ...ငါက အဲ့ဒီကိစ္စကို ရယ်စရာလို့ထင်ခဲ့ပေမယ့် နင်က အမှန်တကယ်လုပ်နိုင်ခဲ့တယ်"
ယဲ့လန်က သူမ၏ဆံပင်များကို ပွတ်သပ်နေရင်းမှ အပြုံးဖြင့် ပြောဆိုလိုက်၏။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလေသည်။
"စိတ်ထဲမထားနဲ့တော့...အဲ့ဒီကိစ္စအတွက် တန်ကြေးကို မင်း ပေးထားပြီးပြီလေ"
အဆုံးသတ်၌ အင်ပါယာမင်း၏အမိန့်အရ ယဲ့လန်အား ကယ်တင်ခဲ့ရသည့်အဖိုးအခကို ယို့ဝမ်မင်းသားက လုယွီအား ပေးအပ်ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် ယဲ့လန်က ထိုအကြောင်းများအား သိရှိထားခြင်းမရှိသည်မှာ သိသာထင်ရှားပေသည်။
"ညစာစားပြီးတာနဲ့...နင့်ကို မြို့တော်မှာနေဖို့အိမ်တစ်လုံးစီစဥ်ပေးပြီး ငွေပြားတချို့လည်းငါပေးမယ်...လုံချွမ်က ကျင့်ကြံသူတွေရဲ့တိုင်းပြည်ဆိုပေမယ့် ချမ်းသာကြွယ်ဝတဲ့သေမျိုးတွေလည်း နေထိုင်ဖို့အဆင်ပြေပါတယ်.. အဲဒါက ငါ နင်ကိုပြန်ပေးဆပ်တာပဲ...နောက်တခါ နင်နဲ့ငါပြန်တွေ့ရင် ငါတို့ကြားမှာအကြွေးမရှိတော့ဘူးနော်"
Chapter 504
လုယွီအား စကားပြောဆိုပြီးနောက် ယဲ့လန်က စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိသည်။ သူမက တခြားသူများအပေါ် အကြွေးတင်သည်ကို မနှစ်မြို့ခြင်းကြောင့် ယခုကဲ့သို့ပြုလုပ်ခြင်းက သူမ၏စိတ်ကိုဖြေလျော့ပေးသကဲ့သို့ပင်။
လုယွီက တုံပြန်ပြောဆိုလေ၏။
"ဒါက အဆင်ပြေပါတယ်...မင်းက တန်ရာတန်ကြေးပေးပြီးသားပဲ...မင်းနဲ့ငါကြားမှာ ဘာကိစ္စမှမရှိတော့ဘူး"
ယဲ့လန်က လုယွီသည် ရယ်စရာပြောနေသည်ဟုသာ သဘောထားနေပြီး သူမက အလေးအနက်ထားခြင်းမရှိချေ။
"နင်က သေမျိုးတစ်ယောက်လေ....ဒီနေရာမှာပဲရတဲ့ စိတ်ဝိညာဥ်စွမ်းအင်အစားအစာတွေကို မြည်းစမ်းဖူးမှာမဟုတ်ဘူး...ဒီစားသောက်ဆိုင်ရဲ့စားဖိုမှူးက အမြူတေစွမ်းအင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်လေ...သူရဲ့ ကျင့်ကြံဆင့်က အရမ်းမမြင့်မားပေမယ့် ဟင်းပွဲတွေကို စိတ်ဝိညာဥ်စွမ်းအင်ရောစပ်တဲ့နေရာမှာ အရမ်းတော်တယ်....တကယ်လို့ ဒီဟင်းပွဲတွေကို နင် ပါးစပ်တလုတ်အပြည့်စားလိုက်တာနဲ့...အကျိုးကျေးဇူးရရှိတာကို နင်တွေ့ရလိမ့်မယ်"
ယဲ့လန်က အပြုံးနှင့် ပြောဆိုနေပေ၏။
"အဲ့ဒီလိုကြောင့်ကိုး...ဒီဟင်းပွဲတွေမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ ပျံ့နှံ့နေတာ အံ့အားသင့်စရာမရှိတော့ဘူး"
လုယွီက ချက်ချင်းပင် ပြောဆိုလိုက်သည်။ သူက အားနာနေခြင်းလည်းမရှိတော့ချေ။ သူက တူကိုကိုင်မြှောက်ကာ ဟင်းပွဲများကို စတင်၍ပျော်ရွှင်စွာဖြင့် စားသောက်နေတော့သည်။
ထိုဟင်းပွဲများက သူ၏အစာအိမ်အတွင်းသို့ ရောက်ရှိသည်နှင့် ချက်ချင်းပင် ပူနွေးသောစွမ်းအားများ ပေါတ်ကွဲထွက်လာပြီး ဝမ်းတွင်းကလီစာများအားလုံးကိုပျံ့နှံ့သွားပေသည်။
လုယွီ စားသောတ်နေခြင်းကိုကြည့်ပြီး ယဲ့လန်၏ယူဆချက်က ပို၍ခိုင်မာသွားခဲ့သည်။ လုယွီ၏အဆင့်အတန်းသည် အလွန်နိမ့်ကျသည်ဟု သူမက ယူဆထားပေ၏။
"အခုလက်ရှိမှာ လုံချွမ်တိုင်းပြည်ရဲ့အခြေအနေက မအေးချမ်းဘူး...တာယွီတိုင်းပြည်က တိုက်ခိုက်လာရင် သာမာန်သေမျိူးတွေအတွက် ပိုပြီးအခက်အခဲဖြစ်မှာ ငါ စိုးရိမ်မိတယ်"
ယဲ့လန်က တီးတိုးရေရွတ်နေလေသည်။
ဒေါက်....ဒေါက်....
ထိုအချိန်မှာပင် သီးသန့်ခန်း၏တံခါးအား တစုံတယောက်က လာခေါက်လေ၏။
ယဲ့လန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သူလဲ"
ယဲ့လန်၏စစ်ဆေးမေးမြန်းသံကိုကြားချိန်တွင် အခန်းတံခါးခေါက်နေခြင်း ရပ်တန့်သွားခဲ့သည်။ ရုတ်တရက် ဘန်းဟူသောအသံနှင့်အတူ အခန်းတံခါးအား ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရ၏။
"ဟေး...ဒါက လောဟယ်မင်းသမီးမဟုတ်လား...ငါတို့က ယို့ဝမ်အိမ်တော်ကို သွားခဲ့ပေမယ့် မင်းက အဲ့ဒီမှါရှိမနေဘူး...မင်း ဒီနေရာမှာရှိနေမယ်လို့ ငါတို့ထင်မထားမိဘူး"
တံခါး၏ပြင်ပတွင် တော်ဝင်ဝတ်စုံများဝတ်ဆင်ထားသော လူငယ်များ မတ်တတ်ရပ်နေပြီး ယဲ့လန်အား ဆိုးညစ်သောအပြုံးဖြင့် ကြည့်ရှုနေကြသည်။
ထိုလူငယ်များသည် ပိုးထည်ဝတ်စုံများဝတ်ဆင်ထားပြီး သူတို့ထံမှ ကြွယ်ဝချမ်းသာသောအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ ဤသည်က သာမာန်လူတန်းစားများ စိတ်ကူးယဥ်၍မရနိုင်သောအရာဖြစ်သည်။ သူတို့က ကြွယ်ဝချမ်းသာသောအိမိတော်များတွင် နှစ်ပေါင်းများစွာနေထိုင်ပြီးမှသာ ဤကဲ့သို့အရှိန်အဝါမျိုး ပိုင်ဆိုင်ခဲ့ခြင်းပင်။
ထိုလူများကိုကြည့်မိလျှင် ချမ်းသာကြွယ်ဝသောအရှိန်အဝါဖြင့်ပင် သာမာန်လူတန်းစားများကို ဖိနှိပ်နိုင်ပြီး ရှက်ရွံမှုကိုပင်ခံစားသွားစေနိုင်သည်။
ယဲ့လန်က ထိုလူငယ်များကိုမြင်သည်နှင့် သူမ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားလေ၏။
"ကောရှင်း...လောရူ...နင်တို့ ဒီနေရာကို ဘာလို့လာတာလဲ"
ယဲ့လန်က အံတင်းတင်းကြိတ်ပြီးမေးမြန်းလိုက်သည်။
လူငယ်အုပ်စုအား ဦးဆောင်လာသောလူငယ်က အပြုံးနှင့် ပြောဆိုလေ၏။
"အရင်ကတော့ ဒီနေရာမှာ ဧည့်ခံပွဲလေးတစ်ခုလုပ်မလို့ စီစဥ်နေခဲ့တာ...ဒါပေမယ့် မင်းသမီးရဲ့ရထားလုံးရောက်လာမယ်လို့ ငါ ထင်မထားမိဘူး...ဒါကြောင့် ငါ မင်းစီကို လာရောက်လည်ပတ်တာပဲ"
ယဲ့လန်က ခနဲ့တဲ့တဲ့အကြည့်ဖြင့် ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရသော သီးသန့်ခန်းတံခါးကို လက်ညှိုးညွှန်လိုက်သည်။
"ဒါက နင် အလည်အပတ်လာတဲ့ နည်းလမ်းလား"
ကောရှင်းက ပြက်ရယ်ပြုနေလေသည်။
"ငါ ရိုင်းပျသွားမိတယ်...ဒါပေမယ့် ငါက မင်းသမီးကို စွဲလမ်းခဲ့တာ အချိန်အတော်ကြာနေပြီးတော့ မင်းနဲ့စေ့စပ်ကြောင်းလမ်းဖို့ မင်းရဲ့အိမ်တော်ကိုသွားဖို့ရည်ရွယ်ထားပြီးသား...ဒါပေမယ့် မင်းက ငါကိုတွေ့ဆုံဖို့ တကြိမ်ပြီးတကြိမ်ငြင်းဆိုနေခဲ့တယ်..ဘာလို့လဲ...မင်းက ငါတို့ကိုအထင်သေးနေတာလား"
ယဲ့လန်က စိတ်မကြည်မသာဖြစ်သွားလေသည်။
"ငါ နင်နဲ့စေ့စပ်ကြောင်းလမ်းဖို့ ဘယ်တုန်းကမှ လက်မခံဖူးဘူး...ဒါပြင် ငါရဲ့ခမည်းတော်ယို့ဝမ်က ကျိုးမိသားစုရဲ့ဖမ်းဆီးခံထားရတာကနေ လွတ်မြောက်လာတာမကြာသေးဘူး...သူ အနားယူဖို့လိုအပ်တယ်...ကျေးဇူးပြုပြီး ငါ့ကို မနှောက်ယှက်ပါနဲ့"
ယဲ့လန်က သူမ၏စိတ်ကိုထိန်းချုပ်ထားရသောလေသံဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ၏တုန်ခါနေသောလေသံမှနေ၍ သူမ စိတ်ဆိုးဒေါသထွက်နေခြင်းကို သိရှိနိုင်ပေသည်။
"ငါ စကားကိုမဆင်မခြင်ပြောမိတဲ့အတွက် တောင်းပန်ပါတယ်...လုံချွမ်တိုင်းပြည်က အန္တရာယ်ထဲကျရောက်နေပြီ...တာယွဲ့တိုင်းပြည်ကလူတွေက ဒီကလူတွေအကုန်လုံးကိုသတ်ပစ်မှာ ငါ စိုးရိမ်မိတယ်...ကောလဟာတွေအရတော့ စစ်ထူမိသားစုကသဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူအကြီးအကဲသုံးယောက် လုံချွမ်ကိုရောက်လာမယ်တဲ့"
"တကယ်လို့ မင်း ငါနဲ့လက်ထပ်လိုက်မယ်ဆိုရင်...မင်းက လုံချွမ်တိုင်းပြည်နဲ့အဝေးမှာ နေထိုင်နိုင်လိမ့်မယ်...ပြီးတော့ မင်း တာယွဲ့တိုင်းပြည်ရဲ့ကျေးကျွန်တစ်ယောက် မဖြစ်တော့ဘူး ..မင်းရဲ့ ဂုဏ်သိက္ခာတွေနဲ့ချမ်းသာကြွယ်ဝမှုကိုလည်း ဆက်ပြီးခံစားနိုင်မယ်"
ကောရှင်း၏နောက်မှ လူငယ်များကလည်း ရိုင်းပျသောအမူအယာများဖြင့် ပြက်ရယ်ပြုနေကြ၏။
ယဲ့လန်က သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားသော်လည်း သူမက အော်ငေါက်ခြင်းမပြုဝံ့ချေ။
"ထူးဆန်းလိုက်တာ...ငါ ကြားထားတာ မင်းသမီးက အိမ်တော်ထဲမှာပဲ အမြဲနေနေပြီး အပြင်ထွက်လေ့မရှိဘူးတဲ့...ဘာလို့ ဒီနေ့မှ အပြင်ကိုခိုးထွက်လာပါလိမ့်...ကြည့်ရတာတော့ ဒီလူက မင်းအတွက်အရေးပါတဲ့ မိတ်ဆွေဖြစ်လိမ့်မယ်"
ကောရှင်းက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ရှုနေလေ၏။ လုယွီ၏ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများ စုတ်ပြတ်နေသည်ကိုကြည့်ပြီး ကောရှင်း၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"ယဲ့လန်...မင်းက ဂုဏ်သိက္ခာရှိတဲ့မင်းသမီးတစ်ပါးလေ...ဘယ်လိုလုပ်ပြီး သေမျိုးသူတောင်းစားလိုကောင်နဲ့ အတူရှိနေရတာလဲ...ငါ မင်းကိုပြောရဦးမယ်...ယဲ့လန်..မင်းရဲ့အမြင်မျိုးက အလယ်ပိုင်းကုန်းမြေမှာတောင် တော်တော်ရှားပါးတာပဲ"
ကောရှင်းက ယဲ့လန်အား လှောင်ပြောင်သရော်နေလေ၏။
Chapter 505
လုယွီက ဟင်းပွဲများကိုသာ ဆက်လက်စားသုံးနေပြီး သူရှေ့မှကိစ္စများ၌ ပါဝင်ပတ်သက်ခြင်းမရှိချေ။
"မင်း နားကန်းနေလို့...ငါတို့ပြောနေတာတွေ မကြားတာလား"
ကောရှင်းက အော်ငေါက်လိုက်၏။
တခြားလူငယ်များကလည်း အဆက်မပြတ်ရယ်မောနေကြသည်။ သာမာန်သေမျိုးသူတောင်းစားတစ်ယောက်သည် သူတို့၏ရှေ့တွင် အပြင်းအထန်ထိတ်လန့်ကြောက်ရွံနေပေမည်။
လုယွီက သူစားနေသောတူလှုပ်ရှားမှုကို ရပ်တန့်ပြီး ကောရှင်းတို့လူစုအား ကြည့်လိုက်သည်။
"မင်းတို့ရဲ့ပါးစပ်တွေကို မင်းတို့ထိန်းချုပ်မထားနိုင်ဘူးလား"
လုယွီ မဆင်မခြင်ပြုလုပ်မည်ကိုစိုးရိမ်ခြင်းကြောင့် ယဲ့လန်က လုယွီ၏အင်္ကျီစကို အလျှင်အမြန်ဆွဲထားလေသည်။
"မဆင်မခြင်မလုပ်နဲ့...သူတို့က ဝူတိုင်းပြည်နဲ့မုန့်တိုင်းပြည်က မင်းသားတွေ...သူတို့ကို စာပေလေ့လာဖို့ သူတို့ရဲ့နယ်မြေတွေကနေ လုံချွမ်တိုင်းပြည်ကို စေလွှက်ထားတာ...သူတို့အားလုံးက ကျင့်ကြံသူတွေ...နင် အနိုင်ယူနိုင်မှာမဟုတ်ဘူး"
ယဲ့လန်၏နံဘေး၌ မတ်တတ်ရပ်နေသူမှာ ဝူတိုင်းပြည်၏မင်းသားဆယ့်တစ် ကောရှင်းဖြစ်သည်။ သူ၏နောက်က မုန့်တိုင်းပြည်၏ဒသမမြောက်မင်းသား လောရူ ဖြစ်ပေ၏။
ကောရှင်းတို့နှစ်ယောက်သည် ကျင့်ကြံခြင်းနိုင်ငံများမှ မင်းသားများဖြစ်သည်။ သူတို့၏အဆင့်အတန်းမြင့်မားရုံသာမက သန်မာသောကျင့်ကြံသူများလည်းဖြစ်ပေ၏။
အတိတ်ကာလတုန်းက သူတို့သည် ယဲ့လန်၏ရှေ့၌ ရိုသေလေးစားခြင်းမရှိသောအပြုအမူမျိုး မလုပ်ဝံ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် လုံချွမ်တိုင်းပြည်၏အင်ပါယာမြို့တော် မဟုတ်လော။
သို့သော် ယခုလက်ရှိချိန်တွင်မူ လုံချွမ်တိုင်းပြည်သည် တာယွဲ့တိုင်းပြည်၏ကျူးကျော်တိုက်ခိုက်ခြင်းကို ခံနေရပြီး နယ်မြေအများစုအား သိမ်းပိုက်ခံထားရကာ အင်ပါယာမင်းပင် စိတ်ညစ်ညူးနေရသည်။
လုံချွမ်တိုင်းပြည်၏အခြေအနေသည် ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လူတိုင်းက ရှင်းရှင်းလင်းလင်းသိထားကြသည်။
ရလဒ်အနေဖြင့် ယခင်က ရိုသေလေးစားဟန်ဆောင်နေသော တခြားတိုင်းပြည်မှမင်းသားများက ယခုလက်ရှိချိန်တွင် သူတို့၏နဂိုမူလမောက်မာ၍စိတ်ကြီးဝင်မှုများကို ထုတ်ဖော်ပြသကြခြင်းဖြစ်သည်။
ကောရှင်းက ရယ်မောလိုက်သည်။
"ယဲ့လန်...ဒီသူတောင်းစားကို မင်းက ဘာလို့တားဆီးနေတာလဲ....သူတောင်းစားတစ်ယောက်က ငါကိုဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်လို့ပါ"
လုယွီက သူ၏ရှေ့၌ မောက်မာနေသောကောရှင်းကို ကြည့်ရှုနေလေသည်။
"ဒါက လုံချွမ်ရဲ့အင်ပါယာမြို့တော် မဟုတ်လား...ဘယ်လိုလုပ်ပြီး တခြားတိုင်းပြည်ကမင်းသားတွေက ဒီနေရာမှာလာပြီး ဟောင်နေကြတာလဲ"
"မင်း ဘာစကားပြောတာလဲ"
ကောရှင်းက အလွန်ပင် ဒေါသထွက်သွားပေ၏။
ဟောင်နေသည်ဟု ဆိုလိုက်သလော...ဤသည်က သူ့အား ခွေးဟုခေါ်ဆိုလိုက်ခြင်း မဟုတ်လော...
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"တိုင်းပြည်တစ်ပြည်ရဲ့အင်ပါယာမြို့တော်ဆိုတာ...တိုင်းပြည်ရဲ့စွမ်းအားတွေ အများဆုံးစုဝေးတဲ့နေရာဖြစ်ပြီးတော့...တိုင်းပြည်ရဲ့မျက်နှာစာပဲ...တခြားတိုင်းပြည်ကလူတွေ ဒီနေရာက စည်းမျဥ်းတွေကို လိုက်နာသင့်တယ်"
"မင်းတို့က စည်းမျဥ်းတွေကိုချိုးဖျက်ခဲ့တယ်"
လုယွီ၏မျက်လုံးမှ စူးရှရှအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကောရှင်း၏နှလုံးသားကို ထိုးဖောတ်သွားလေ၏။
ဝီ....ဝီ...ဝီ...
ဤအချိန်တခဏတွင် ကောရှင်းသည် အင်ပါယာမြို့တော်တစ်ခုလုံးအပြင် လုံချွမ်တိုင်းပြည်တစ်ပြည်လုံးကပင် သူအား မနှစ်မြို့နေသကဲ့သို့ ခံစားမိသည်။ ထို့ပြင် မြောက်များစွာသော အသံများက သူ၏နားအတွင်းသို့ဝင်ရောက်လာပြီး သူ၏အသိစိတ်ပင်လယ်သည် ခိုင်မာမှုမရှိတော့ချေ။
ဖူး....
ကောရှင်း၏ပါးစပ်မှ ရုတ်တရက်သွေးများ ပန်းထွက်လာလေ၏။
"အကို ကော...မင်း အဆင်ပြေရဲ့လား"
နံဘေးဘက်၌ မတ်တတ်ရပ်နေသော လောရူက အံ့အားသင့်သွားပုံဖြင့် ကောရှင်းအား အလျင်စလို ကူညီပေးလေသည်။
ကောရှင်းက အံ့တင်းတင်းကြိတ်ပြီး သူ၏ခေါင်းကိုခါပြကာ သူအဆင်ပြေကြောင်းဖော်ပြလိုက်၏။ သူက စကားပြောရန်ကြံရွယ်လိုက်သော်လည်း သူ၏ပါးစပ်မှ သွေးများ ထပ်ခါထပ်ခါအန်ထွက်လာလေသည်။ တချို့သွေးများသည် စားပွဲပေါ်သို့ပင် လွင့်စင်ကျလာခဲ့သည်။
လုယွီက သူ၏လက်မှတူကိုပစ်ချကာ သက်ပြင်းချလိုက်၏။
"ကြည့်ရတာတော့ ဒီနေရာမှာ ငါ ဆက်စားဖို့အဆင်မပြေတော့ပုံပဲ"
"လာကြစမ်း...သမားတော်တစ်ယောက် ပင့်ခဲ့ကြ...တကယ်လို့ ကောရှင်း တစ်ခုခုအမှားအယွင်းဖြစ်သွားရင်...သူနဲ့အတူ မင်းတို့လုံချွမ်တိုင်းပြည်တစ်ခုလုံးကို မြေမြှုပ်ပစ်မယ်"
လောရူက အော်ဟစ်ပြောဆိုနေလေ၏။
"ဆူလိုက်တာ"
လုယွီက လောရူအား အေးစက်စက်အကြည့်ဖြင့် ကြည့်ရှုလိုက်သည်။
လောရူက သူ့အား လျှပ်စီးဖြင့်ရိုက်ခတ်လိုက်သကဲ့သို့ ခံစားမိသည်။ သူသည်လည်း ကောရှင်းကဲ့သို့ သူ၏ပါးစပ်မှသွေးများ အဆက်မပြတ်အန်ထွက်လာပေ၏။ သူတို့နောက်ရှိ လူငယ်များကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့အား ကူညီပေးလိုက်ကြသည်။
နွေဦးမြစ်စားသောက်ဆိုင်အတွင်း၌ ရှိနေသောလူများအနက်မှ တချို့လူများသည် ကျယ်လောင်သောအော်ဟစ်သံများက သိလိုစိတ်ပြင်းပြလာကြသဖြင့် လုယွီတို့အခန်းအနီးသို့ ရောက်ရှိလာကြ၏။
"သူတို့နှစ်ယောက်က ဝူတိုင်းပြည်နဲ့မုန့်တိုင်းပြည်က မင်းသားငယ်နှစ်ပါးမလား"
"ဟီး...ဟီး...သူတို့ဖြစ်နေတဲ့ပုံတွေကိုလည်းကြည့်အုံး...ကြည့်ရတာတော့ ကံဆိုးသွားပုံပဲ"
"အဲ့ဒီကောင်တွေက လုံချွမ်အင်ပါယာမြို့တော်မှာ မောက်မာရိုင်းစိုင်းနေတာ အတော်ကြာနေပြီ...ကြည့်ရတာတော့ ကောင်းကင်ဘုံက သူတို့ရဲ့အပြစ်တွေကိုမြင်လို့ အပြစ်ပေးလိုက်တာပဲနေမှာ"
လူအများသည် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြ၏။
ယဲ့လန်၏မျက်လုံးများအတွင်း၌ ဝေခွဲရခက်သောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူမ မသိရှိခဲ့ချေ။ သို့ရာတွင် လုယွီက စကားအနည်းငယ်ပြောဆိုရုံဖြင့် မည်သည်ကြောင့် ကောရှင်းနှင့်လောရူက သွေးများအန်ထွက်နေရသနည်း။
ဤသည်က လုယွီ ပြုလုပ်လိုက်သလော....။
ထိုအတွေးက ယဲ့လန်၏စိတ်အတွင်း၌ ဖျတ်ခနဲပေါ်ထွက်လာသော်လည်း သူမက ခါးသက်သက်အပြုံးနှင့်အတူ ခေါင်းခါယမ်းလိုက်သည်။
မည်သို့ဖြစ်နိုင်မည်နည်း...။
လုယွီက သေမျိုးသာသာလူတစ်ယောက်သာ ဖြစ်ပေသည်။
"မင်းရဲ့ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ်...ငါ ဒီနေရာမှာ အရမ်းအရသာရှိတဲ့အစားအစာတွေကို မြည်းစမ်းခဲ့ရတယ်...မင်းနဲ့ငါကြား ဘာအကြွေးမှမရှိတော့ဘူး...ငါ သွားတော့မယ်"
လုယွီက မတ်တတ်ထရပ်ပြီး ယဲ့လန်အားနှုတ်ဆက်လေ၏။
ယဲ့လန်က အနည်းငယ်ကြက်သေသေနေသဖြင့် လုယွီ၏စကားများကို ချက်ချင်းတုံပြန်ပြောဆိုနိုင်ခြင်းမရှိချေ။
"နေဦး...နင် ငွေတွေကိုယူသွားဦးလေ"
ယဲ့လန်က သေတ္တာငယ်တစ်လုံးကိုထုတ်ယူ၍ လုယွီနောက်သို့အပြေးလိုက်သော်လည်း အခန်းပြင်ပ၌ လုယွီက ရှိမနေတော့ပေ။