အခန်း (၅၁၆-၅၂၀)
Vol. 26-30 Ch. 516-520
Chapter 516
"ငါ မင်း ထွက်လာတဲ့အချိန်ကို စောင့်နေပါ့မယ်"
စစ်ထူရှို့၏ရယ်မောသံသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ ပဲ့တင်ထပ်နေပေ၏။ သူက ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ လုယွီ ထွက်လာနိုင်မည်ဟု ယုံကြည်ခြင်းမရှိချေ။
ဤနေရာသည် သူ၏ပုံရိပ်ယောင်ကမ္ဘာဖြစ်သည်။ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူသည် မည်သူမျှကျော်လွှားမရနိုင်သော တည်ရှိမှုကြီးဖြစ်ပြီး တခြားသူများ၏စိတ်ကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပေသည်။
ရုတ်ချည်းဆိုသလိုပင် လုအိမ်တော်တစ်ခုလုံး သွေးများက မြစ်ပြင်အလား စီးဆင်းနေတော့သည်။
ယခင်က လုယွီ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် လူအားလုံး သူ၏မျက်စိရှေ့မှာပင် သေဆုံးသွားကြ၏။
ထိုကြမ်းကြုတ်ရက်စက်သောစစ်သားများသည် လုယွီအား မြင်ပုံမရချေ။ သူတို့က လုအိမ်တော်ခြံဝန်းတစ်ခုလုံးရှိ သစ်ပင်ပန်းမန်များပါမကျန် ဖျက်ဆီးပစ်နေလေသည်။
သူတို့ကိုကြည့်ရသည်မှာ ရူးသွပ်နေပုံရပြီး လုယွီ၏မှတ်ဥာဏ်အတွင်းမှ အရာရာတိုင်းအား ဖျက်ဆီးပစ်လိုနေကြ၏။
ဟူး.....
လေပြင်းတစ်ချက်တိုက်ခတ်လာမှုနှင့်အတူ လုယွီ၏ရှေ့ရှိမြင်ကွင်းမှာ ပြောင်းလဲသွားခဲ့သည်။
ဤတစ်ကြိမ်တွင် လုယွီက လုံကျင်းမြို့တော်၏ဂိတ်တံခါးရှေ့၌ ထပ်မံထွက်ပေါ်လာပြန်သည်။
အပျက်အယွင်းများ ဘေးပတ်လည်ဝန်းရံနေပြီး သွေးများဖုံးလွှမ်းနေသောမြင်ကွင်းတွင် ထိတ်လန့်တကြားအော်ဟစ်နေသံများကို လုယွီက ဆက်တိုက်ကြားနေရ၏။
လုယွီက တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ ဤအချိန်တွင် သူက အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။ သူ၏ယခုလက်ရှိဘဝတွင် လုယွီ၏အောက်ဆုံးစည်းမှာ သူ၏မိသားစုဖြစ်သည်။
လုယွီ၏မှတ်ဥာဏ်များကိုပြန်လည်ရရှိပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို လွှမ်းမိုးနိုင်သော အချိန်မှစ၍ အတိတ်ဘဝ၌ မခံစားခဲ့ရဘူးသော မိသားစုသံယောစဥ်ကို သူ ရရှိခဲ့သည်။
စစ်ထူရှို့အား သူ သတ်နိုင်ခဲ့လျှင်ပင် လုမိသားစုဝင်များသတ်ဖြတ်ခံရသော ပုံရိပ်ယောင်ကမ္ဘာအား သူ မနည်းမေ့ဖျောတ်ရပေမည်။
"အေးခဲစမ်း"
လုယွီက ရုတ်တရက် ကျယ်လောင်စွာအော်ငေါက်လိုက်၏။ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထူးခြားဆန်းကြယ်သောအားလှိုင်းတစ်ရပ်ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား သက်ရောက်စေခဲ့သည်။
လုယွီ၏အမြင်တွင် ပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ ကြမ်းကြုတ်ရက်စက်သောစစ်သားများသည် ရုတ်တရက် အဖိုးအိုများကဲ့သို့ နှေးကွေးသွားကြသည်။
သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်အား လှုပ်ရှား၍မရစေရန် ပုံရိပ်ယောင်ကမ္ဘာမှ ဖိနှိပ်ထားဆဲဖြစ်သည်။
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏မျက်လုံးများက တမူခြားနားသောပုံသဏ္ဌာန်ဖြင့် တောက်ပလာပေ၏။ အကယ်၍ တစုံတယောက်က အနီးကပ်ကြည့်ရှုပါက လုယွီ၏ဘယ်ဘက်မျက်လုံးသည် အနက်ရောင်ဖြစ်နေပြီး ညာဘက်မျက်လုံးက အဖြူရောင်ဖြစ်နေခြင်းကို မြင်တွေ့ရပေမည်။
လုယွီ၏မျက်လုံးများအတွင်း၌ မီးတောက်တစ်ခုက လောင်ကျွမ်းနေပြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ လေးလံသည့်ဖိအားလှိုင်းများကလည်း ကျရောက်နေဆဲပင်။ အက်ကွဲသံတချို့နှင့်အတူ လုယွီအား ပိတ်လှောင်ထားသော မမြင်နိုင်သည့်ဖိအားလှိုင်းများသည် ချက်ချင်းပင် ကျိုးပျက်သွားတော့သည်။
တချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိလေထုက အနည်းငယ်တုန်ခါသွားပေ၏။
"မင်း ဘယ်နေရာကို သွားပြီးပုန်းနေမှာလဲ"
လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
ဤနေရာသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူမျှထွက်ပေါ်လာခြင်းမရှိချေ။
လုယွီက မျက်မှောင်ကြုတ်နေလေ၏။ ထို့နောက် သူ၏လက်မှ ဓားချီများကို ပတ်ဝန်းကျင်ရှိထောင့်အသီးသီးသို့ ထုတ်လွှက်လိုက်သည်။
ဘုန်း....
လုအိမ်တော်၏မြင့်မားသောနံရံများသည် အပိုင်းပိုင်းအစစပြိုကွဲသွားပြီး မြေကွက်လပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ နံရံများ၏နောက်မှနေ၍ အနက်ရောင်မြူခိုးများက ရုတ်တရက်ထွက်ပေါ်လာပေသည်။
"ဒါဆိုရင်...ဒီပုံရိပ်ယောင်ကမ္ဘာက အိမ်မက်ဆိုးကောင်ပေါ့"
လုယွီက တီးတိုးရေရွတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ မြေအောက်လောကတာအိုသခင်၏အရှိန်အဝါများကို အထွတ်အထိပ်ရောက်သည်အထိ ထုတ်လွှက်လိုက်သည်။
အိပ်မက်ဆိုးကောင်သည် တုန်ခါသွားပြီးနောက် သူ၏စိတ်ဝိညာဥ်နက်ရှိုင်းသောနေရာမှနေ၍ သွေးပျက်လာမှုကို ခံစားမိတော့သည်။ မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ အိမ်မက်ဆိုးကောင်က ထွက်ခွါရန် ပြင်ဆင်လိုက်လေ၏။
"ဒီနေရာကို လာစမ်း"
လုယွီက နဂါးနက်လက်သည်းကိုအသုံးပြု၍ အိမ်မက်ဆိုးကောင်အား ဖမ်းဆီးလိုက်သည်။ သူက အချိန်တခဏကြာ လေ့လာဆန်းစစ်ပြီးနောက် သူ၏ရှေ့ရှိအရာရာတိုင်းအား သဘောပေါတ်နားလည်သွားတော့သည်။
"ဒါဆိုရင် ဒီရတနာကိုထိန်းချုပ်တဲ့ မူလလက်နက်ဝိညာဥ်က သေဆုံးတာကြာနေပြီပဲ...ဒီမှော်လက်နက်က လူတွေရဲ့စိတ်ကို သက်ရောက်မှုရှိစေတော့...အိမ်မက်ဆိုးကောင်တစ်ကောင်က လက်နက်ဝိညာဥ်ရဲ့အသိုက်ကို အပိုင်စီးထားခဲ့တာပဲ"
လုယွီက ချက်ချင်းပင် အိမ်မက်ဆိုးကောင်၏ဇစ်မြစ်ကို သိရှိသွားလေသည်။
အိမ်မက်ဆိုးကောင်သည် ညည်းညူနေပြီး လုယွီအား အသနားခံနေခဲ့သည်။
"မင်းအတွက် ကျင့်ကြံမှုဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး...ပြီးတော့ မင်းလိုဥာဏ်ရည်မြင့်မားတဲ့ အိမ်မက်ဆိုးကောင် မွေးဖွားလာဖို့ဆိုတာ ခဲယဥ်းတယ်...အရင်ကသာဆိုရင် ငါ မင်းကို လွှက်ပေးမိမှာသေချာတယ်"
လုယွီက သာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုနေပေ၏။
လုယွီ၏စကားကိုကြားပြီးနောက် အိမ်မက်ဆိုးကောင်၏ညည်းညူသံသည် ပို၍ကျယ်လောင်လာခဲ့သည်။
လုယွီ၏နှုတ်ခမ်းက မြင့်တက်သွားပြီးနောက် သူ၏မျက်နှာပေါ်၌ ကြောက်မက်ဖွယ်အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
"စိတ်ပျက်ဖို့ကောင်းတာတစ်ခုက...မင်းက ယုတ်မာတဲ့ကောင်ကိုကူညီပြီး ငါရဲ့မိသားစုအသတ်ခံရတဲ့မြင်ကွင်းကို ငါရှေ့မှာပြဝံ့တာပဲ"
"သေတော့"
လုယွီက စကားလုံးနှစ်လုံးကို တိုးညှင်းစွာပြောပြီးနောက် အိမ်မက်ဆိုးကောင်အား အဆုံးသတ်လိုက်တော့သည်။ သူ၏မျက်လုံးများမှ ရုတ်တရက် မှိန်ပျပျအလင်းရောင်ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်အားဝေ့ဝိုက်သွားကာ အိမ်မက်ဆိုးကောင်အား ဝါးမြိုပစ်လေ၏။
အိမ်မက်ဆိုးကောင်ပျောက်ကွယ်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်ကမ္ဘာသည် အက်ကွဲစပြုလာခဲ့သည်။
လုယွီက ခြေတလှမ်းရှေ့တိုးပြီး ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ချက်ချင်းပင် ထွက်ခွါခဲ့တော့သည်။
Chapter 517
လုယွီက သူ၏မျက်လုံးများကိုဖွင့်ပြီး ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုလိုက်သည်။
သူ၏နံဘေးပတ်ဝန်းကျင်သည် မူလတိုက်ပွဲကွင်းပြင်နေရာဖြစ်နေဆဲပင်။ လုယွီ၏ရှေ့ရှိ လေဟာနယ်အတွင်း၌ စစ်ထူရှို့က မှော်သံလိုက်အိမ်မြှောင်ကို ကိုင်ထားပြီး မတ်တတ်ရပ်နေလေ၏။
လုယွီက ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ အချိန်တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သော်လည်း အစစ်အမှန်ပြင်ပလောကတွင်မူ မျက်တောင်တခတ်စာအချိန်သာ ကြာမြင့်ပေသည်။
"အင်ပါယာ ယဲ့...ဘာမှစိုးရိမ်မနေနဲ့...ငါ မင်းကိုမသတ်ဘူး"
စစ်ထူရှို့က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
စစ်ထူရှို့၏ရှေ့တွင်ရှိနေသော အင်ပါယာမင်း၏နဂါးဝတ်ရုံပင်လျှင် တော်တော်များများထိခိုက်ပျက်စီးနေပေသည်။ အင်ပါယာမင်း၏ခန္ဓာကိုယ်မှ အရှိနိအဝါများသည်လည်း အလွန်အမင်းလျော့ကျသွားလေ၏။
အင်ပါယာမင်းက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
"မင်းက ဘာနည်းလမ်းနဲ့ ချူဘုရင်ကို ပိတ်လှောင်ထားမှန်း ငါ မသိပေမယ့်...မင်း အင်ပါယာမြို့တော်ထဲကိုဝင်ချင်တယ်ဆိုရင်...အရင်ဆုံး ငါရဲ့အလောင်းကို နင်းဖြတ်သွားမှရမယ်"
စစ်ထူရှို့က လှောင်ရယ်နေပေ၏။
"မင်းက ငါကို တကယ်ကိုရယ်မောစေတာပဲ...ငါက အရမ်းကြင်နာသနားတက်လို့ မင်းကိုမသတ်တာလို့ထင်နေတာလား"
သူက အင်ပါယာမင်းနှင့် မြို့ရိုးပေါ်ရှိကျင့်ကြံသူများကို လက်ညှိုးညွှန်ပြီး တင်းမာသောလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့အင်ပါယာတော်ဝင်မိသားစုတွေကို မင်းရဲ့ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် ငါက သတ်ပစ်မယ်...ပြီးတော့ မင်းရဲ့အင်ပါယာမြို့တော်ကလူတွေအားလုံးကို သုံးရက်အတွင်းမှာ သုတ်သင်ပစ်ပြီးတော့ မင်းကိုနက်ရှိုင်းတဲ့ခံစားချက်မျိုးပေးချင်လို့ပဲ"
အင်ပါယာမင်း၏မျက်လုံးများက သွေးနီရောင်သန်းလာလေသည်။
"မင်း...လုပ်ရဲလား"
ဝှစ်...ဝှစ်...ဝှစ်...
အင်ပါယာမင်း၏အနောက်မှနေ၍ ကြီးမားသောရွှေရောင်ဓားပျံများ ရုတ်တရက်ပျံဝဲထွက်လာပြီး စစ်ထူရှို့ထံဦးတည်သွားလေ၏။
"သဘာဝလွန်စွမ်းအင်နယ်ပယ် အစောပိုင်းအဆင့်နဲ့ ငါရှေ့မှာလာပြီး မဆင်မခြင်လုပ်ရဲတယ်ပေါ့"
စစ်ထူရှို့က တည်ငြိမ်သောအနေအထားနှင့် မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ၏မျက်လုံးများအတွင်း၌ အထင်သေးသောအရိပ်အယောင်များထင်ဟပ်နေပေသည်။
စစ်ထူရှို့က သူ၏ရှေ့သို့ ကျဆင်းလုဆဲဆဲဖြစ်သော ဓားပျံများကို ကြည့်ရှုနေလေ၏။ သူ၏လက်အတွင်းမှ မှော်သံလိုက်အိမ်မြှောင်အား လှည့်ပတ်လိုက်ခြင်းနှင့်အတူ အင်အားတစ်ရပ်က အင်ပါယာမင်းအား လွှမ်းခြုံသွားခဲ့သည်။
ပတ်ဝန်းကျင်ရှိလေဟာနယ်သည် တွန့်လိမ်သွားပေ၏။
အင်ပါယာမင်း၏ပါးစပ်ထောင့်မှ သွေးများယိုစီးလာပြီး သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရတော့သည်။
"ထားလိုက်စမ်းပါ...မင်းလို သဘာဝလွန်စွမ်းအင်နယ်ပယ် အစောပိုင်းအဆင့်ကို အနိုင်ကျင့်ရတာ...ငါ ပင်ပန်းတာပဲအဖတ်တင်မယ်...ငါ့အမိန့်ကို ထုတ်ပြန်လိုက်ကြစမ်း...စစ်တပ်တစ်ခုလုံး လုံချွမ်အင်ပါယာမြို့တော်ထဲကိုဝင်ပြီး သုံးရက်တိုင်တိုင် မင်းတို့စိတ်ကြိုက်သတ်ဖြတ်နိုင်တယ်"
စစ်ထူရှို့၏အသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေပေ၏။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဝမ်းသာအားရအော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာခဲ့သည်။
ထိုဝမ်းသာအားရအော်ဟစ်သံများနှင့် ယှဥ်တွဲနေသည်မှာ လုံချွမ်တိုင်းပြည်မှလူများ၏ ဖြူရော်နေသော မျက်နှာများပင်။
"မိတ်ဆွေရောင်းရင်းတို့...တာယွဲ့တိုင်းပြည်က ခွေးကောင်တွေက ငါတို့ရဲ့အင်ပါယာမြို့တော်ကလူတွေကို သတ်ချင်နေကြတယ်...ငါတို့က သူတို့ကိုမြို့တော်ထဲ ဝင်ခွင့်မပြုသင့်ဘူး"
"ငါတို့ မြို့တော်ကို အသက်ပေးပြီးကာကွယ်မယ်...ခြေလှမ်းဝက်တောင် နောက်ဆုတ်မပေးနိုင်ဘူး"
သို့ရာတွင် လုံချွမ်တိုင်းပြည်မှကျင့်ကြံသူများ၏ မျက်လုံးများအတွင်းတွင် စိတ်ပျက်အားငယ်မှုများ ကြီးစိုးနေပေသည်။ တချို့ကျင့်ကြံသူများသည် ဤနေရာမှနေ၍ တိတ်တဆိတ်ထွက်ခွါသွားကြတော့သည်။
ဤမျှထိအစွမ်းထက်သော အင်ပါယာမင်းပင်လျှင် စစ်ထူရှို့၏ပြိုင်ဘက်မဟုတ်ခဲ့၍ မည်သူကမျှ သူ့အား တားဆီးနိုင်မည်မဟုတ်ဟု လူတိုင်းကသိထားကြသည်။
"ဟူး...အရင်တုန်းက မင်းတို့ရဲ့သေးငယ်တဲ့လုံချွမ်တိုင်းပြည်ကို ငါက လွယ်လင့်တကူ ဖျက်ဆီးပစ်မယ်လို့ပဲ တွေးထားခဲ့တာ...ကံဆိုးချင်တော့ မင်းတို့က ငါရဲ့စစ်ထူမိသားစုကို ထိပါးဝံ့ခဲ့တာပဲ"
စစ်ထူရှို့၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်သောအပြုံး ထွက်ပေါ်နေခဲ့သည်။
"အမှန်ပဲ...မင်းတို့မိသားစုကို ငါထိပါးရဲတယ်...မင်း ဘာလုပ်ချင်လဲ"
အေးစက်စက်အသံတစ်သံက စစ်ထူရှို့၏နောက်မှ ထွက်ပေါ်လာခဲ့သည်။
စစ်ထူရှို့သည် သူ၏မသိစိတ်မှနေ၍ တုံပြန်ပြောဆိုလိုက်၏။
"ဒါက မင်းရဲ့အဆုံးသတ်လှမှာ မဟုတ်တော့ဘူး...ငါ မင်းကို လွယ်လွယ်ကူကူနဲ့ သေခွင့်မပြု....."
စစ်ထူရှို့၏စကားလုံးများ ရုတ်တရက်ရပ်တန့်သွားပေ၏။
ဤအချိန်တွင် သူ၏နောက်သို့ တိတ်တဆိတ်ရောက်ရှိနေနိုင်သော စွမ်းရည်ရှိသူမှာ မည်သူဖြစ်သနည်း...။
စစ်ထူရှို့က ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာတွင် သူက လုယွီကို တွေ့မြင်ရလေသည်။
"မင်း...မင်း...မင်း...မင်းက ငါရဲ့ မှော်သံလိုက်အိမ်မြှောင်ထဲမှာ ပိတ်မိနေတာလေ"
စစ်ထူရှို့က အံ့အားသင့်တုန်လှုပ်နေပေ၏။
လုယွီက ပြက်ရယ်ပြုနေပေသည်။
"တကယ်လို့သာ တခြားတစ်ယောက်က ဒီမှော်ရတနာကို ထိန်းချုပ်ထားမယ်ဆိုရင်...ငါ့ကိုပိတ်လှောင်ထားကောင်း ထားနိုင်လိမ့်မယ်...ဒါပေမယ့် မင်းက အိမ်မက်ဆိုးကောင်တစ်ကောင်ရဲ့အစွမ်းလောတ်နဲ့ ငါ့ကိုပိတ်လှောင်ထားချင်တယ်ပေါ့...မင်းက တကယ့်ရူးသွပ်နေတာပဲ"
စစ်ထူရှို့သည် သူကိုယ်သူ ယုံကြည်နေမှု ပျက်ပြားသွားတော့သည်။ သူ၏သဘာဝလွန်စွမ်းအင်များကို မှော်သံလိုက်အိမ်မြှောင်အတွင်းသို့ ပို့လွှက်ကာ အိမ်မက်ဆိုးကောင်နှင့် ဆတ်သွယ်ကြည့်လေ၏။
သို့သော် သူ မည်မျှထိကြိုးစားသည်ဖြစ်စေ မှော်သံလိုက်အိမ်မြှောင်က တုံပြန်မှုမရှိတော့ချေ။
"ဘာတွေဖြစ်ကုန်တာလဲ"
စစ်ထူရှို့က ထိတ်လန့်တုန်လှုပ်သွားသည်။
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် စစ်ထူရှို့၏လက်အတွင်းရှိ မှော်သံလိုက်အိမ်မြှောင်အား လက်ညှိုးညွှန်လိုက်သည်။ ထို့နောက်တွင်မူ မှော်သံလိုက်အိမ်မြှောင်၏အစွမ်း ကုန်ဆုံးသွားသကဲ့သို့ ၎င်းကအလွန်လျှင်မြန်စွာဖြင့် အဆက်မပြတ်လည်ပတ်နေပေ၏။
စစ်ထူရှို့၏မျက်နှာ ချက်ချင်းပင် ဖြူရော်သွားသည်။
"ပြေးမယ်"
မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ စစ်ထူရှို့က သင်္ကေတအဆောင်တစ်ခုကိုထုတ်ယူ၍ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေလေသည်။
"ဝုန်း"ဟူသော အသံနှင့်အတူ စစ်ထူရှို့သည် သူ၏နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။
Chapter 518
စစ်ထူရှို့သည် လွယ်လင့်တကူ လွတ်မြောက်သွားခဲ့သည်။
"သူ ထွက်ပြေးတာမြန်သားပဲ"
လုယွီ၏အကြည့်သည် တာယွဲ့တိုင်းပြည်စစ်တပ်ပေါ်သို့ ကျရောက်လာခဲ့သ inည်။
ဤအချိန်တွင် တာယွဲ့တိုင်းပြည်စစ်တပ်သည် လုံချွမ်အင်ပါယာမြို့တော်အား ရူးသွပ်နေသည့်အလား တိုက်ခိုက်နေပေ၏။
နှစ်ဘက်လုံးမှ တိုက်ခိုက်နေကြသူများသည် ကျင့်ကြံသူများဖြစ်ခြင်းကြောင့် မည်သည့်အပိုစကားမျှဆိုမနေကြချေ။ သူတို့အားလုံးသည် သူတို့၏မှော်လက်နက်များကို ဆွဲကိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နေကြတော့သည်။
လုံချွမ်အင်ပါယာမြို့တော်ဘက်ခြမ်းတွင် မြောက်များစွာသော ဝင်္ကပါများ ထွက်ပေါ်လာခဲ့သည်။ ထိုဝင်္ကပါများ ထွက်ပေါ်လာသည်နှင့် တစ်ခုနှင့်တစ်ခု ချိတ်ဆတ်သွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားလှိုင်းများ စတင်စုဝေးလာတော့သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျယ်လောင်သောမြည်ဟီးသံများနှင့်အတူ မြောက်များစွာသော အလင်းရောင်တန်းများကျဆင်းလာပြီး တာယွဲ့တိုင်းပြည်စစ်တပ်၏ဖွဲ့စည်းပုံကို ပြိုပျက်သွားစေသည်။
တာယွဲ့တိုင်းပြည်စစ်တပ်သည်လည်း အားပျော့ခြင်းမရှိချေ။ သူတို့က အစွမ်းထက်သောနတ်ဆိုးမှော်သားရဲများကိုထိန်းချုပ်၍ လုံချွမ်တိုင်းပြည်၏မှော်ဝင်္ကပါများကို ချိုးဖျက်ကာ မြို့ရိုးများအား ဝင်ဆောင့်နေပေသည်။
ဘုန်း.....
နတ်ဆိုးမှော်သားရဲများ၏တိုက်ခိုက်ခံရမှုကြောင့် လုံချွမ်အင်ပါယာမြို့တော်၏မြို့ရိုးတစ်ခုလုံး စတင်တုန်ခါလာခဲ့သည်။
လုယွီက သူ၏ရှေ့ရှိ တိုက်ပွဲကွင်းပြင်ကိုကြည့်ပြီးဘရုတ်တရက် အော်ဟစ်လိုက်သည်။
"ရပ်ကြစမ်း"
လုယွီက ထိုစကားကိုညင်သာစွာပြောလိုက်ခြင်းဖြစ်သော်လည်း တိုက်ခတ်နေသောလေပြင်းများမှတဆင့် အသံက ပျံ့နှံ့သွားခဲ့သည်။ ထိုအသံက အင်ပါယာမြို့တော်ပေါ်သို့ ကျရောက်ချိန်တွင် မိုးခြိမ်းသံတမျှကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံအဖြစ်သို့ ပြောင်းလဲသွားပေ၏။
လုယွီ၏စကားသံအဆုံးတွင် လူတိုင်းနီးပါးက သူတို့၏တိုက်ခိုက်မှုများကို ရပ်တန့်၍ လုယွီအား ကြည့်လိုက်ကြသည်။
အချိန်တခဏအကြာမှသာလျှင် သူတို့က အသိစိတ်ပြန်ဝင်လာကြ၏။ ထိုအချိန်တခဏတွင် လူတိုင်းက လုယွီ၏ထိန်းချုပ်မှုအောက်သို့ကျရောက်သွားရသည်။
"ဥပဒေသအရ စကားဆိုခြင်း....မင်းက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူလား"
အင်ပါယာမင်းက အံ့အားသင့်တုန်လှုပ်နေသောလေသံဖြင့် မေးမြန်းလေသည်။
လုယွီက အင်ပါယာမင်း၏အမေးကို ဖြေဆိုခြင်းမရှိသော်လည်း သူ၏မှော်စွမ်းအားကိုအသုံးပြု၍ သူ့အသံအား ဆက်လက်ထုတ်ဖော်နေလေ၏။
"စစ်ထူရှို့က အရှုံးပေးပြီးထွက်ပြေးသွားပြီ...မင်းတို့ ခုချက်ချင်းနောက်ဆုတ်ကြစမ်း...ငါ မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်"
လုယွီ၏အသံက ချက်ချင်းပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားပေသည်။
လူတိုင်းက လုယွီ၏နောက်ဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့က အကြီးအကဲစစ်ထူ မရှိတော့သည်ကို တွေ့မြင်ရပေ၏။
"သူ့စကားကို နားမယောင်ကြနဲ့...အကြီးအကဲစစ်ထူရဲ့မှော်စွမ်းအားက အရမ်းမြင့်မားတယ်...သူက အကြီးအကဲစစ်ထူကို သတ်နိုင်မှာမဟုတ်ဘူး"
တာယွဲ့တိုင်းပြည်၏စစ်ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်၍ပြောဆိုလေသည်။
ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသောလူများက တာယွဲ့စစ်ဗိုလ်ချုပ်၏စကားကို အာရုံစိုက်လိုက်ကြ၏။
လုယွီက ထိုလူကိုတစ်ချက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
"သေစမ်း"
လုယွီ၏စကားသံ ထွက်ပေါ်လာသည်နှင့် လုံချွမ်တိုင်းပြည်၏စွမ်းအားများက ထိုစစ်ဗိုလ်ချုပ်၏ဦးခေါင်းအား ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။
ဗုန်း....
ရုတ်ချည်းဆိုသလိုပင် တာယွဲ့စစ်ဗိုလ်ချုပ်၏ဦးခေါင်း ပေါတ်ကွဲသွားလေ၏။
တာယွဲ့တိုင်းပြည်မှကျင့်ကြံသူများအားလုံး လုယွီ၏နည်းစနစ်ကို မျက်လုံးအပြူးသားဖြင့် ကြည့်ရှုနေကြတော့သည်။
မည်သို့သောသူက ကျင့်ကြံသူတစ်ယောက်ကို စကားတစ်ခွန်းဖြင့် သတ်နိုင်သနည်း...။
ဝူ....
ကျယ်လောင်သော တံပိုးခရာမှုတ်သံနှင့်အတူ တာယွဲ့တိုင်းပြည်စစ်တပ်သည် တဖြည်းဖြည်း တပ်ရုတ်သိမ်း၍ ဆုတ်ခွါလိုက်ကြ၏။
လုယွီက တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။
"ငါ မင်းတို့ကို အချိန်တစ်ရက်ပေးမယ်...မနက်ဖြန်ကနေစပြီး လုံချွမ်တိုင်းပြည်မှာရှိနေတဲ့ တာယွဲ့တိုင်းပြည်ကကျင့်ကြံသူတွေကို ငါက အသက်ချမ်းသာပေးမှာမဟုတ်ဘူး"
လုယွီ၏စကားလုံးများသည် တာယွဲ့တိုင်းပြည်မှစစ်သားများ၏ စိတ်နှလုံးသားများအတွင်းသို့ စူးနင့်ဝင်သွားခဲ့သည်။ တချို့အားနည်းသောကျင့်ကြံသူများသည် လုယွီ၏စကားများကြောင့် သွေးများပင်အန်ထွက်လာပေ၏။
"ချူဘုရင်က အစွမ်းထက်တဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...မင်းက လုံချွမ်တိုင်းပြည်ရဲ့စွမ်းအားကို အလွယ်တကူထုတ်သုံးနိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး"
အင်ပါယာမင်း၏ခန္ဓာကိုယ်သည် ပြိုလဲလုနီးပါးဖြစ်နေပြီး ခက်ခက်ခဲခဲမတ်တတ်ရပ်နေရသည်။
"ခင်ဗျားက ခုထိ အပြည့်အဝကျန်းမာသေးတာမဟုတ်ဘူး...ပြီးတော့ ခင်ဗျားရဲ့သဘာဝလွန်စွမ်းအင်တွေကို အလွန်အကျွံထုတ်သုံးခဲ့တယ်...ပြန်သွားပြီး အနားယူတော့"
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလေ၏။
အင်ပါယာမင်းက လုယွီအား ကျေးဇူးတင်ကြောင်းကို ထုတ်ဖော်ပြလေသည်။
"ငါက ခုထိဆေးတွေ မှီဝဲနေရတုန်းပဲ...ဒါပေမယ့် စစ်ထူရှို့က လွတ်မြောက်သွားခဲ့တယ်...ငါ သူကို မဖမ်းဆီးနိုင်မှာကို စိုးရိမ်မိတယ်"
လုယွီက လေထုအတွင်း၌မတ်တတ်ရပ်နေရာမှ အောက်သို့ငုံကြည့်လိုက်သည်။
ဤနေရာသို့ သူ အချိန်မီကယ်တင်ရန် ရောက်ရှိမလာနိုင်ခဲ့ခြင်းကြောင့် သေမျိုးအများစု သေဆုံးသွားခဲ့ရသည်။
တချို့ကလေးများသည် သူတို့၏မိဘများ ပျောက်ကွယ်သွားကြသဖြင့် မြေပြင်ပေါ်၌ထိုင်ကာ ငိုကြွေးနေကြ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ သေမျိုးများ၏အလောင်းများက ပြန့်ကျဲနေပေသည်။
အင်မော်တယ်များတိုက်ခိုက်ခြင်းတွင် သေမျိုးများက ဒုက္ခဆင်းရဲများခံစားရလေ၏။
လုယွီ၏မျက်လုံးမှ အေးစက်စက်အလင်းရောင်ထွက်ပေါ်လာပြီး အဝေးတနေရာရှိအစွမ်းထက်သောစိတ်ဝိညာဥ်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။
စစ်ထူရှို့လွတ်မြောက်မသွားမီ လုယွီက အမှတ်အသားတစ်ခုကို သူ၏စိတ်ဝိညာဥ်ပေါ်၌ ခတ်နှိပ်ထားခဲ့သည်။
"တကယ်လို့ မင်း ကောင်းကင်ဘုံထိထွက်ပြေးမယ်ဆိုရင်တောင်...ငါ မင်းကို ရအောင်သတ်မယ်"
လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး တိမ်များအကြားသို့ ရောက်ရှိသွားပေသည်။
Chapter 519
တာယွဲ့တိုင်းပြည်...အင်ပါယာမြို့တော်..
အင်အားကြီးမားသော ကျင့်ကြံခြင်းနိုင်ငံဖြစ်သည့်အလျောက် တာယွဲ့တိုင်းပြည်သည် ဧရိယာမိုင်ပေါင်းသောင်းချီကျယ်ဝန်းပြီး စည်ကားသိုက်မြိုက်ပေ၏။ တာယွဲ့အင်ပါယာမြို့တော်သည် ပို၍ပင်လူစည်ကားသောနေရာဖြစ်သည်။
ဤအချိန်တွင် စာပို့ခိုပျံများက တာယွဲ့အင်ပါယာမြို့တော်တစ်ခုလုံးအနှံ့ ပျံဝဲနေပေ၏။
စာပို့ခိုပျံများအား အထူးလေ့ကျင်ထားခြင်းဖြစ်ပြီး သာမာန်ခိုများထက် များစွာပို၍အစွမ်းထက်သည်။ သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် နတ်ဆိုးအော်ရာများ ဝန်းရံထားလေ၏။ သူတို့အား တာယွဲ့တိုင်းပြည်၏စစ်တပ်စည်းအမှတ်အသား ခတ်နှိပ်ထားသည်။ အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်ကသာ ထိုစာပို့ခိုများကိုတားဆီးဝံ့လျှင် ကြီးမားသောရာဇဝတ်မှုသင့်ပေမည်။
"စာပို့ခိုက သတင်းစကားထပ်ပြီးသယ်ဆောင်လာတယ်"
"ငါတို့ရဲ့စစ်တပ်က တောင်ပိုင်းမိုးကောင်းကင်တိုင်းပြည်ကိုတောင် သိမ်းပိုက်နိုင်ခဲ့တာ...လုံချွမ်တိုင်းပြည်ရဲ့နယ်မြေအများစုက ငါတို့တာယွဲ့တိုင်းပြည်ရဲ့လက်အောက်ကို ကျရောက်မှာသေချာတယ်"
"စစ်ထူမိသားစုက အရမ်းအင်အားကြီးတယ်...သူတို့မိသားစုရဲ့ကျင့်ကြံသူတစ်ယောက်နဲ့တင်...ငါတို့က လုံချွမ်တိုင်းပြည်ကို သိမ်းပိုက်နိုင်လိမ့်မယ်"
တာယွဲ့တိုင်းပြည်၏အင်ပါယာတော်ဝင်ခန်းမအတွင်းတွင် မူးကြီးမတ်ရာများက ဂုဏ်ယူစကားများပြောဆိုနေကြ၏။
တာယွဲ့အင်ပါယာမင်း၏မျက်နှာပေါ်၌ အပြုံးများ ဝေဆာနေပေသည်။
"လုံချွမ်တိုင်းပြည်က နယ်မြေငယ်လေးတစ်ခုလေ...တကယ်လို့ ငါရဲ့ကျမ်းမာရေးအတွက် ကျင့်ကြံဖို့ရည်ရွယ်ချက်သာမရှိဘူးဆိုရင်...ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး ငါ လွဲချော်ခံမလဲ...တိုင်းပြည်ငယ်လေးတစ်ခုရဲ့နယ်မြေဘုရင်တစ်ပါးကများ စစ်ထူမိသားစုခေါင်းဆောင်ကို ထိပါးဝံ့မှတော့...လုံချွမ်တိုင်းပြည်က သူတို့သေတွင်းကို သူတို့ဟာသူတို့တူးလိုက်တာပဲ"
"စစ်ထူမိသားစုခေါင်းဆောင်က အရမ်းအစွမ်းထက်တယ်...ဒါပေမယ့် သူက ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့ကောင်တစ်ကောင်ကြောင့် သေခဲ့ရတာ...ကြည့်ရတာတော့ လုံချွမ်တိုင်းပြည်ကလည်း အရှက်မဲ့ပြီးရွံဖို့ကောင်းတဲ့နေရာဖြစ်ပုံပဲ"
"စိတ်ပျက်ဖို့ကောင်းတာတစ်ခုက...စစ်ထူမိသားစုခေါင်းဆောင် လုံချွမ်တိုင်းပြည်လိုနေရာမျိုးမှာ သေဆုံးခဲ့ရတာပဲ"
အမတ်ကြီးများက မတ်တတ်ထရပ်ပြီး ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်ကြသည်။
"အရှင်မင်းကြီး...စစ်ထူမိသားစုခေါင်းဆောင်က ရန်သူ့နိုင်ငံအတွင်းမှာ သေဆုံးခဲ့ရတာပါ...စစ်ထူမိသားစုရဲ့ အကြီးအကဲသုံးယောက်က စစ်တပ်ကိုဦးဆောင်ပြီး ရန်သူတွေကို တိုက်ခိုက်နေပါတယ်...စစ်ထူမိသားစုက အောင်မြင်မှုတွေကိုဆောင်ကျဥ်းပြီး ပြန်လာမှာဖြစ်လို့ အရှင်မင်းကြီးက ဆုလင်္ဒအကြီးကြီးပြင်ဆင်ထားသင့်တယ်"
အင်ပါယာမင်းက ပြောဆိုလေ၏။
"ငါက စစ်ထူမိသားစုကို ဘယ်လိုဆုလင်္ဒမျိုး ပေးသင့်သလဲ"
"စစ်ထူအကြီးအကဲသုံးယောက်ကို ဘုရင်ရာထူးအဆင့်အတန်း ခန့်အပ်သင့်ပါတယ်...ပြီးတော့ ကွယ်လွန်သွားတဲ့ စစ်ထူမိသားစုခေါင်းဆောင်ကိုလည်း ဘုရင်ရာထူးခန့်အပ်ပြီး သူကိုအမွှေးနံသာနဲ့ပူဇော်နိုင်ဖို့ သူရဲ့ကမ္ပည်းတိုင်ကို အင်ပါယာဘုရားကျောင်းမှာ ထားသင့်တယ်"
အမတ်ကြီးများက အော်ဟစ်ပြောဆိုလိုက်ကြသည်။
တာယွဲ့အင်ပါယာမင်း၏မျက်နှာသည် သုန်မှုန်သွားပေ၏။ မည်သည့်တိုင်းပြည်ဖြစ်ပါစေ ဘုရင်တစ်ပါးအပ်နှင်းရန်ဆိုသည်မှာ အလွန်ကြီးလေးသောကိစ္စဖြစ်သည်။
ကျင့်ကြံခြင်းနိုင်ငံများတွင်နေထိုင်ကြသော ကျင့်ကြံသူများသည် သူတို့၏အဆင့်အတန်းများအရ သူတို့နေထိုင်သောနယ်မြေ၏ကောင်းချီးပေးမှုများကို ပိုင်ဆိုင်နိုင်ကြသည်။ တိုင်းပြည်စွမ်းအား၏ကူညီထောက်ပံမှုနှင့်အတူ နယ်မြေဘုရင်များ၏ကံကောင်းမှုတိုးမြင့်သွားစေသည်သာမက သူတို့၏ကျင့်ကြံခြင်းလမ်းကြောင်းတွင်လည်း အကျိုးကျေးဇူးကြီးစွာရရှိနိုင်ပေမည်။
နဝမအဆင့်အရာရှိတစ်ယောက်၏အဆင့်အတန်းသည် အလွန်နိမ့်ကျသော်လည်း သူတို့ရရှိထားသောရာထူးအရ တိုင်းပြည်စွမ်းအား၏တစိတ်တဒေသကို ရရှိနိုင်ပေသည်။
ကျင့်ကြံခြင်းနိုင်ငံများတွင် အင်ပါယာမင်းသည် တိုင်းပြည်စွမ်းအား အများဆုံးရရှိသူဖြစ်ပြီး သူ၏နောက်တွင် နယ်မြေဘုရင်များက ရရှိလေ၏။
ထို့ကြောင့် တိုင်းပြည်နိုင်ငံတိုင်းသည် ဘုရင်ရာထူးခန့်အပ်ရာတွင် တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပေသည်။ အင်ပါယာတော်ဝင်မိသားစုပင်လျှင် ဆွေမျိုးတော်စပ်မှု အနီးအဝေးအလိုက် အများစုကိုအမတ်ကြီးရာထူးများကိုသာလျှင် ခန့်အပ်သည်။
မည်သို့ပင်ဆိုစေကာမူ ဘုရင်တစ်ပါး ပိုလာခြင်းသည် အင်ပါယာမင်း၏တိုင်းပြည်စွမ်းအားကို ခွဲဝေပေးရခြင်းပင်။
"မင်းတို့က စစ်ထူမိသားစုကို ဘုရင်အဆင့်အတန်းလေးနေရာ ခန့်အပ်စေချင်နေတာလား"
"အဓိပ္ပါယ်မရှိလိုက်တာ...တာယွဲ့တိုင်းပြည်မှာ မျိုးရိုးကွဲတွေထဲက ဘုရင်အဖြစ်ခန့်အပ်တာ အများဆုံးနှစ်ယောက်ထက်မပိုဘူး...မင်းတို့က မိသားစုတစ်စုထဲကို ဘုရင်အဆင့်အတန်းအများကြီး ခန့်အပ်စေချင်နေကြတာ...မင်းတို့ ပုန်ကန်ချင်နေတာလား"
တချို့အမတ်ကြီးများက စစ်ထူမိသားစုအား ဘုရင်အဆင့်အတန်းများစွာခန့်အပ်မည့်ကိစ္စအား ကန့်ကွက်နေလေသည်။
စစ်ရေးအမတ်ကြီးကမူ ထိုသူတို့၏အမြင်အား သဘောတူညီချင်ပုံ မရချေ။
"စစ်ထူမိသားစုက စစ်မှုရေးရာမှာ အရမ်းကျွမ်းကျင်တယ်...တကယ်လို့ အင်ပါယာမင်းဖြစ်နေရင်တောင် စစ်ထူမိသားစုအကြီးအကဲတွေလောတ် တိုက်ခိုက်ရာမှာကျွမ်းကျင်မှုမရှိနိုင်ဘူး....ဒါပြင် လုံချွမ်တိုင်းပြည်ကတောင် ချူဘုရင်ဆိုပြီး နယ်မြေဘုရင်အသစ်ခန့်အပ်ထားတာပဲလေ"
"အရှင်မင်းကြီး...ကျွန်တော်က စစ်ထူမိသားစုခေါင်းဆောင်နဲ့အကြီးအကဲသုံးယောက်ကို ဘုရင်အဖြစ်ခန့်အပ်ဖို့ သဘောတူသင့်တယ်လို့ ထင်ပါတယ်"
"ကျွန်တော်လည်း သဘောတူပါတယ်"
အမတ်ကြီးများက တစ်ယောက်ပြီးတစ်ယောက် တာယွဲ့အင်ပါယာမင်း၏ရှေ့တွင်ဒူးထောက်၍ တောင်းဆိုလိုက်ကြ၏။
တာယွဲ့အင်ပါယာမင်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အမျက်ဒေါသများထွက်နေပေသည်။ တာယွဲ့တိုင်းပြည်၏အမတ်ကြီးတစ်ဝက်ခန့်သည် စစ်ထူမိသားစုဘက်သို့ ရောက်ရှိသွားပြီသာဖြစ်ပေ၏။ သူ၏ဧကရီမိဖုရားပင်လျှင် စစ်ထူမိသားစုဝင် ဖြစ်နေခဲ့သည်။
ဤသည်ကြောင့် စစ်ထူမိသားစုခေါင်းဆောင်သေဆုံးရသည့်ကိစ္စအတွက် တာယွဲ့တိုင်းပြည်စစ်တပ်ကို လုံချွမ်တိုင်းပြည်သို့စေလွှက်ခဲ့ရခြင်းဖြစ်သည်။
စစ်ထူမိသားစု၏အခွင့်အာဏာသည် အင်ပါယာမင်းထက်ပင် ပို၍မြင့်မားနေပေသည်။
တာယွဲ့အင်ပါယာမင်းက တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"စစ်ထူအကြီးအကဲသုံးယောက်က စစ်ပွဲကနေ ပြန်မလာသေးဘူး....သူတို့ပြန်လာမှ ဒီကိစ္စကိုဆက်ပြီးဆွေးနွေးကြတာပေါ့"
"လုံချွမ်လိုတိုင်းပြည်ငယ်လေးကို...အကြီးအကဲသုံးယောက်က လက်တစ်ဖက်နဲ့တင်ဖျက်ဆီးပစ်နိုင်မှာသေချာတယ်"
စစ်ရေးအမတ်ကြီးက တိုက်ပွဲ၏နောက်ဆုံးရ သတင်းပို့စာလွှာကို ဖွင့်ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် စစ်ရေးအမတ်ကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။
Chapter 520
တာယွဲ့အင်ပါယာနန်းတော်ခန်းမအတွင်း၌ စစ်ရေးအမတ်ကြီးသည် ရှေ့တန်းတွင်မတ်တတ်ရပ်နေခြင်းဖြစ်သည်။
စစ်ရေးအရာရှိများသည် စစ်ရေးအမတ်ကြီး၏နောက်တွင်ရှိနေသဖြင့် သူ၏မျက်နှာအမူအယာကိုမမြင်ကြချေ။ သို့ရာတွင် သူ၏နံဘေး၌ရှိနေသော စစ်ရေးအကြံပေးမှာမူ စစ်ရေးအမတ်ကြီး၏မျက်နှာအမူအယာပျက်ယွင်းနေခြင်းကို တွေ့မြင်မိသည်။
"ဘာတွေဖြစ်နေတာလဲ...ဘာကိစ္စရှိလို့လဲ"
စစ်ရေးအမတ်ကြီး၏အကြံပေးသည်လည်း စစ်ထူမိသားစုဝင်တစ်ယောက်ဖြစ်သည်။
စစ်ရေးအမတ်ကြီး၏လက်များတုန်ခါနေပြီး တုန်ရီနေသောလေသံဖြင့် ပြောဆိုလေသည်။
"မဖြစ်နိုင်ဘူး...ဒါက သတင်းမှားပဲဖြစ်ရမယ်...ဒါက ရှေ့တန်းကသူလျှိုတစ်ယောက်က သတင်းပေးပို့တာ...ဘယ်ကောင်က ဒီအဓိပ္ပါယ်မရှိတဲ့သတင်းကိုပို့တယ်ဆိုတာ ချက်ချင်းစုံစမ်းကြစမ်း"
စစ်ရေးအကြံပေးသည် စိတ်မြန်ကိုယ်မြန်ရှိသောလူတစ်ယောက်ဖြစ်သဖြင့် စစ်ရေးအမတ်ကြီးလက်အတွင်းမှ သတင်းပို့လွှာကို သူက အလျှင်စလိုလူယူလိုက်တော့သည်။
"ငါတို့အင်ပါယာစစ်တပ်က လုံချွမ်အင်ပါယာမြို့တော်ရဲ့ရှေ့မှာ ဖျက်ဆီးခံလိုက်ရပြီတဲ့လား...စစ်ထူဝမ်နဲ့စစ်ထူဝူ...သဘာဝလွန်စွမ်းအင်နယ်ပယ် အကြီးအကဲနှစ်ယောက်က ချူဘုရင်ရဲ့သတ်ဖြတ်ခြင်းခံလိုက်ရတယ်တဲ့...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
စစ်ရေးအကြံပေးသည် အံ့အားသင့်တုန်လှုပ်နေပေ၏။
ထိုစကားသံထွက်ပေါ်လာသည်နှင့် တာယွဲ့အင်ပါယာတော်ဝင်ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထို့နောက်မှ ရယ်မောသံများ ထွက်ပေါ်လာပေ၏။
အမတ်ကြီးများသည် မူလအနေအထားကဲ့သို့ တည်ငြိမ်ခြင်းမရှိတော့ဘဲ ရယ်မောရင်း ပြောဆိုလိုက်သည်။
"အမတ်ကြီး လျို...မင်း စိတ်ရှုပ်ထွေးနေပြီလို့ ငါတော့ထင်တယ်...ဒါက သူလျှိုရဲ့မှားယွင်းမှုဆိုတာ သိသာထင်ရှားနေတာပဲလေ...ဘယ်လိုလုပ်ပြီး မင်းက ရေးကြီးခွင်ကျယ်လုပ်နေတာတုန်း"
"အကြီးအကဲသုံးယောက် အတူစုပေါင်းပြီးသာတိုက်ရင်....သူတို့က တိုင်းပြည်တစ်ပြည်ကိုတောင် အလွယ်လေးဖျက်ဆီးပစ်နိုင်တယ်...ဒါပြင် သူတို့နဲ့အတူ တာယွဲ့စစ်တပ်လည်းအတူရှိနေတယ်လေ"
"ဒါက အဓိပ္ပါယ်မရှိလိုက်တာ...အမတ်ကြီးလျိုက သူရဲ့စိတ်တည်ငြိမ်အောင်ထားတက်ဖို့ အရင်ကျင့်ကြံသင့်တယ်"
အမတ်ကြီး လျိုအား ပြက်ရယ်ပြုနေသော လူအများစုသည် စစ်ထူမိသားစုဘက်တော်သားများဖြစ်သည်။
စစ်ထူမိသားစုဘက်မှမဟုတ်သော အမတ်ကြီးများနှင့်အရာရှိများကမူ သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်၍ နောင်တတချို့ရရှိနေကြသကဲ့သို့ ခံစားနေရသည်။
မည်သူကမျှ ဤသတင်းသည် အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်ခြင်းမရှိသည်မှာ သိသာထင်ရှားလှပေ၏။
"အရှင်မင်းကြီး...အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်...အကြီးအကဲသုံးယောက် လုံချွမ်တိုင်းပြည်ကို ဖျက်ဆီးပစ်ဖို့ဆိုတာ အချိန်ကာလတစ်ခုပဲ လိုအပ်တာပါ..ကျေးဇူးပြုပြီး အရှင်မင်းကြီးက စစ်သားတွေကို ဆုလာဘ်ချီးမြှင့်ဖို့ မြို့ပြင်ကသာ ကြိုဆိုပေးပါ"
စစ်ရေးအကြံပေးက မောက်မာသောလေသံဖြင့် ပြောဆိုနေလေသည်။
တာယွဲ့အင်ပါယာမင်းက စစ်ရေးအကြံပေးအား ချက်ချင်းပင် စူးစိုက်ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အင်ပါယာမင်းတစ်ပါးဖြစ်သည်။ စစ်တပ်ကြီးက အနိုင်ရရှိခဲ့လျှင်ပင် သူကဲ့သို့ အင်ပါယာမင်းတစ်ပါးက မည်သည်ကြောင့် ထိုသူများကို ကြိုဆိုနှုတ်ဆတ်ရမည်နည်း။ မည်သည်ကြောင့် သူ့အား ဤကဲ့သို့ခြိမ်းခြောက်ခံနေရသနည်း။ ဤအချိန်တွင် အင်ပါယာမင်းသည် သူ့အား စစ်ထူမိသားစုမှ နိုင်လိုမင်းထက်ပြုမူနေသည်ဟု ခံစားနေရ၏။
"စစ်ထူအကြီးအကဲတွေက ခုထိပြန်မလာသေးဘူး...ငါတို့က သူတို့ပြန်လာတဲ့အထိစောင့်ပြီးမှ ဒီကိစ္စကို ပြောကြတာပေါ့"
အင်ပါယာမင်း၏မျက်နှာက သုန်မှုန်နေပေသည်။
"တကယ်လို့ အင်ပါယာမင်းက မြို့ပြင်ကိုထွက်ပြီး ကြိုဆိုနှုတ်ဆတ်မှုမပြုဘူးဆိုရင်...အောင်ပွဲခံပြီးပြန်လာတဲ့ စစ်သားတွေရဲ့ စိတ်နှလုံးသားကို ဖမ်းဆုပ်နိုင်မှာမဟုတ်တော့ဘူး"
စစ်ရေးအကြံပေးက ပြောဆိုလိုက်၏။
"ရဲတင်းလှချည်လား...မင်းက အမတ်တစ်ယောက်ဖြစ်ပြီး...ငါ့ကို ဒီလိုပုံစံနဲ့စကားပြောဝံ့တယ်ပေါ့"
အင်ပါယာမင်းက နဂါးပလ္လင်အား သူ၏လက်ဖြင့်ရိုက်ပုတ်လိုက်သည်။
သို့ရာတွင် အင်ပါယာမင်း၏အမျက်ဒေါသအား စစ်ရေးအကြံပေးက အနည်းငယ်မျှပင်အရေးစိုက်ပုံမရချေ။
"လုံချွမ်တိုင်းပြည်ကိုတောင် စစ်ထူမိသားစုက လက်ညှိုးတစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်...အရှင်မင်းကြီးက အမှားတွေမကျူးလွန်ဖို့ ကျွန်တော်က မျှော်လင့်ထားတယ်....."
စစ်ရေးအကြံပေး၏စကားအဆုံးမှာပင် အနက်ရောင်အရိပ်တစ်ရိပ်က ပြင်ပမှနေ၍ အင်ပါယာတော်ဝင်ခန်းမအတွင်းသို့ ဒရောသောပါးဝင်လာခဲ့သည်။
စစ်ရေးအကြံပေးက ထိုဧည့်သည်အား မြင်ချိန်တွင် သူက အပျော်လွန်သွားလေ၏။
"အကြီးအကဲစစ်ထူရှို့...ရောက်လာပြီလား...အကြီးအကဲက လုံချွမ်တိုင်းပြည်ကို ဖျက်ဆီးခဲ့ပြီမလား"
ဤနေရာသို့ ရောက်ရှိလာသူသည် စစ်ထူရှို့ဖြစ်ပေ၏။
သူအားမြင်တွေ့ချိန်တွင် အမတ်ကြီးနှင့်အရာရှိများက ချက်ချင်းပင် အရိုအသေပြုလိုက်ကြသည်။
သို့ရာတွင် စစ်ထူရှို့က သူတို့လူစုအား မြင်ပုံမရချေ။ သူက တာယွဲ့အင်ပါယာမင်းထံသို့သာ တဟုန်ထိုး ပြေးဝင်သွားလေသည်။
"စစ်ထူရှို့....မင်း ဘာလုပ်ဖို့ကြံစည်နေတာလဲ"
"အကြီးအကဲစစ်ထူ"
အင်ပါယာမင်းနှင့်အမတ်ကြီးများက တပြိုင်နက်တည်း စူးစူးဝါးဝါးအော်ဟစ်နေကြ၏။
စစ်ထူမိသားစုသည် အင်အားကိုတိတ်တဆိတ်စုဆောင်းနေပြီး ရာဇပလ္လင်အားလုယူရန်ရည်ရွယ်ချက်ရှိသော်လည်း မည်သည့်အချိန်ကမျှ ဝရုန်းသုန်းကားပြုလုပ်ခြင်းမရှိခဲ့ချေ။
စစ်ထူရှို့က အင်ပါယာမင်းအား အပြည့်အဝလျစ်လျှူရှုထားလေသည်။ သူက အင်ပါယာမင်း၏ရှေ့တွင်ရှိသော ကျောက်စိမ်းတံဆိပ်ကို ဆွဲယူလိုက်သည်။
"စစ်ထူရှို့...မင်း ဘာလုပ်တာလဲ"
တာယွဲ့အင်ပါယာမင်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလေ၏။
"ပါးစပ်ပိတ်ထားစမ်း"
စစ်ထူရှို့က အော်ငေါက်ပြီး စိတ်လှုပ်ရှားနေပုံဖြင့် အင်ပါယာတော်ဝင်နန်းတော်ပြင်ပအါး ကြည့်ရှုနေပေသည်။
အမတ်ကြီးများ အရာရှိများအားလုံး၏အကြည့်များကလည်း ခန်းမပြင်ပသို့ရောက်ရှိသွားကြ၏။
စစ်ထူရှို့ မည်သည့်အရာအား စောင့်ဆိုင်းနေသည်ကို မည်သူကမျှမသိရှိချေ။
သို့သော် အချိန်ကြာညောင်းခြင်းမရှိသေးမီမှာပင် အင်ပါယာတော်ဝင်ခန်းမ၏ပြင်ပမှ မြေပြင်သည် စတင်၍အပြင်းအထန်တုန်ခါလာခဲ့သည်။
ခရက်...ခရက်....
နန်းတော်၏ပြင်ပရှိ မြေပြင်မှ ဧရာမနဂါးတစ်ကောင်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"စစ်ထူရှို့...သေဖို့လာခဲ့စမ်း"
စူးရှရှ ဒေါသတကြီးအော်ဟစ်သံက နန်းတော်တစ်ခုလုံးအား ပျံ့နှံ့သွားပေ၏။