အခန်း (၁၈၀၁)
Vol. 121 Ch. 1801
ဖုန်းမိသားစုစံအိမ်ထဲမှ အေးစက်စက်အသံ ထွက်ပေါ်လာသည်ကို ကြားလျှင် လူတိုင်းသည် အံ့အားသင့်သွားကြသည်။
လူတိုင်းက အသံလာရာဆီသို့ ကြည့်လိုက်ရာ ပုံရိပ်နှစ်ခုသည် ဖုန်းစံအိမ်ထဲကနေ လျင်မြန်စွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ချင်းမန် မင်းကို ထွက်သွားဖို့ မှာခဲ့တယ်မဟုတ်လား.. ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ"
ရုတ်တရက် ထွက်ပေါ်လာသော ဖုန်းချင်းမန်ကို မြင်လျှင် ဖုန်းရန်ဟွာ၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ယနေ့တွင် လုမိသားစုနှင့် ရိုရှာတောင် ဓားပြအဖွဲ့သည် ဖုန်းမိသားစုကို တိုက်ခိုက်ရန်အတွက် အကွက်ကျကျ အစီအစဥ်ချခဲ့ကြသည်။
ထို့ကြောင့် ဖုန်းမိသားစုသည် လက်ရှိအချိန်တွင် အခြေအနေသိပ်မကောင်းပေ။
မတော်တဆ ချွတ်ချော်မှုများ ဖြစ်မလာစေရန် အတွက် ဖုန်းရန်ဟွာသည် ဖုန်းမိသားစုမှ တပည့်များနှင့်အတူ ဆုတ်ခွာရန် ဖုန်းချင်းမန်အား အမိန့်ပေးခဲ့သည်။
အချိန်မီ ထွက်သွားနိုင်မည်ဆိုလျှင် ဖုန်းမိသားစုသည် အကယ်၍ မတော်တဆ ချွတ်ချော်မှုများနှင့် ကြုံတွေ့ခဲ့ရလျှင်ပင် ဖုန်းချင်းမန်တို့ လူစုသည် ဖုန်းမိသားစုကို အနာဂတ်တွင် ပြန်လည် ထူထောင်နိုင်သေးသည် မဟုတ်ပါလော။
သို့သော်လည်း သူမျှော်လင့်မထားသည်မှာ ဖုန်းချင်းမန်သည် မထွက်သွားရုံသာမက ကျန်းချန်ကိုပါ ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။
ကျန်ချန်း၏ ခွန်အားက ထူးခြားပြီး ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် ကျင့်ကြံသူထက် မနိမ့်ကျသော်လည်း သူတို့ဖုန်းမိသားစုနှင့် လုမိသားစုကြားရှိ ခွန်အားကွာဟမှုသည် အလွန်တရာ ကြီးမားနေ၍ ကျန်းချန်က ကူညီသည့်တိုင် လုမိသားစုကို ခုခံနိုင်လိမ့်မည်ဟု သူ မထင်ပေ။
လွန်ခဲ့သော နေ့ဝက်ခန့်ကပင် ဖုန်းမိသားစုသည် လုမိသားစုနှင့် ရိုရှာတောင် ဓားပြအဖွဲ့တို့က ပူးပေါင်းထားသည်ဟု ခန့်မှန်းခဲ့သည်။
သို့သော်လည်း လုမိသားစု နှင့် ရိုရှာတောင် ဓားပြအဖွဲ့တို့၏ လှုပ်ရှားမှုများက ဤမျှအထိ မြန်ဆန်လိမ့်မည်ဟုတော့ မထင်ထားခဲ့ကြချေ။
ရိုရှာတောင် ဓားပြအဖွဲ့က လေအေးမြို့တော်ကို တိုက်ခိုက်သောအခါ လေအေးမြို့တော်ကို တာဝန်ယူထားသော ဖုန်းမိသားစု အနေဖြင့် လက်ပိုက်၍ ကြည့်မနေနိုင်ပေ။
ထို့ကြောင့်လည်း ဖုန်းမိသားစုခေါင်းဆောင် ဖုန်းထျန်းချီသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးနှင့်အတူ ရိုရှာတောင် ဓားပြအဖွဲ့ကို ဖြေရှင်းရန်အတွက် ဖုန်းစံအိမ်ထဲကနေ ထွက်သွားခဲ့သည်။
သို့သော်လည်း ဖုန်းထျန်ချီတို့ ထွက်သွားပြီး မကြာမီမှာပင် လုမိသားစု ခေါင်းဆောင်လုရှင်းသည် လုမိသားစုဝင်များကို ဦးဆောင်ကာ ဖုန်းမိသားစုအိမ်တော် တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
ယခုအခါတွင် ဖုန်းမိသားစုတွင် သူနှင့် အတူ အခြားပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးသာ ကျန်ရှိတော့သည်။
လုမိသားစုဘက်တွင်မူ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား နှစ်ပါး သာမက လုမိသားစု ခေါင်းဆောင်ဖြစ်သည့် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား လုရှင်းပင် ပါဝင်နေခဲ့သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားသော်လည်း ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားနှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။
ဖုန်းထျန်းချီက ရိုရှာတောင် ဓားပြအဖွဲ့ကို အချိန်တိုအတွင်း ဖြေရှင်းကာ ပြန်လာနိုင်ခြင်း မရှိသရွေ့ သူတို့တွင် လုမိသားစုကို အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။
"အကြီးအကဲဖုန်း.. ချင်းမန်ကို ကျွန်တော်ပဲ ဒီကို ခေါ်လာခိုင်းခဲ့တာပါ"
ကျန်းချန်က ဆန့်ကျင်ဘက်ရှိ လုရှင်းတို့ လူစုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်တွင် ဖုန်းရန်ဟွာကို တည်ငြိမ်စွာ ပြောပြလိုက်သည်။
"စိတ်မပူပါနဲ့.. ဖုန်းမိသားစုက ကျွန်တော့်အတွက် လူရှာပေးသရွေ့ ကျွန်တော်က ဖုန်းမိသားစုကို အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးပါ့မယ်"
"ကောင်လေး မင်းဘယ်သူလဲ.. ဒါက ငါတို့ လုမိသားစုနဲ့ ဖုန်းမိသားစုရဲ့ကိစ္စပဲ.. မင်းအနေနဲ့ ဝင်မရှုပ်ဖို့ ငါအကြံပေးချင်တယ်"
ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် လုမိသားစုခေါင်းဆောင် လုရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ငါက မင်းတို့မယှဥ်နိုင်တဲ့သူပဲ"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေရင်း လုရှင်းကို ပြောလိုက်၏။
"ငါနောက်ဆုံးတစ်ခွန်း ထပ်ပြောမယ်.. ဖုန်းမိသားစုက ငါ့ရဲ့အကာအကွယ်အောက်မှာ ရှိတယ်.. ဘယ်သူမဆို ငါ့ရဲ့အကာအကွယ်အောက်မှာရှိတဲ့ ဖုန်းမိသားစုဝင်တွေကို ထိရဲရင် သေခြင်းတရားနဲ့ ကြုံတွေ့ရလိမ့်မယ်"
"ကောင်လေး လေလုံးထွားလှချည်လား.. မင်းလို ချာတိတ်လေးတစ်ယောက်က ငါတို့ လုမိသားစုရှေ့မှာ ဒီလိုစကားတွေ ပြောရဲဖို့ အတွက် ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ.. ခေါင်းဆောင်.. ဒီကောင်စုတ်လေးကို သတ်ဖို့ ကျွန်တော့်ကို ခွင့်ပြုပေးပါ"
"..........."
လုရှင်း၏ အနောက်ဘက်မှ လုမိသားစုဝင်များသည် သူတို့ကို မျက်စိထဲပင် မထည့်သည့် ကျန်းချန်၏ စကားများကို ကြားလျှင် သတ်ဖြတ်လိုစိတ်များဖြင့် အော်ဟစ် ပြောဆိုခဲ့ကြသည်။
"ရိုရှာတောင် ဓားပြအဖွဲ့က စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားကို သတ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်လူငယ်က မင်းမဟုတ်လား.. မင်းက အရမ်း သန်မာတယ် ဆိုပေမဲ့ ငါတို့ လုမိသားစုရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့တော့ အရည်အချင်း မပြည့်မီသေးဘူး"
လုရှင်းက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း လုရှင်းသည် ထိုလူငယ်၏ ထူးခြားမှုကို ခံစားမိနေခဲ့သည်။
သူ၏ ဖုန်းမိသားစုအပေါ် နားလည်ထားမှုအရ ဖုန်းမိသားစုတွင် ထိုကဲ့သို့သော လူငယ်ပါရမီရှင် မရှိမှန်း သူကောင်းစွာသိ၏။
ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူငယ်က လွန်ခဲ့သည့် နေ့ဝက်ခန့်ကမှ ဖုန်းရန်ဟွာတို့ လူစုကို ပြဿနာကနေ လွတ်မြောက်အောင် ကူညီပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်လူငယ် ဖြစ်မှန်း ခန့်မှန်းရန် မခက်ခဲပေ။
"ဟားဟား.. ကျုပ်က လုမိသားစုရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်း မပြည့်မီဘူးတဲ့လား"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီလေ.. မင်းတို့ လုမိသားစုက ပျက်စီးချင်တယ် ဆိုရင်တော့ အချိန်မရွေး ကြိုးစားကြည့်လို့ရတယ်"
"ခေါင်းဆောင်.. ဒီကောင်လေးက အကောင်းအဆိုးကို နားမလည်မှတော့ ဘာလို့ အချိန်ဖြုန်းနေသေးတာလဲ.. သူ့ကို သတ်လိုက်ရင် ပြီးသွားတာပဲ မဟုတ်လား"
လုရှင်း၏ နောက်ဘက်မှ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အကြီးအကဲ တစ်ဦးက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး.. မင်းက ဖုန်းမိသားစုနဲ့ သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
စကားသံဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကမ္ဘာ့စွမ်းအား ၅မျိုးသည် အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ယံတွင် ဧရာမ မြွေဟောက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဧရာမမြွေဟောက်က ကြောက်မက်ဖွယ် တွန်သံများနှင့် ပါးစပ်ကြီးကို ဖြဲကား၍ ကျန်းချန် ဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာခဲ့၏။
"ညီနောင်ကျန်းချန် သတိထားပါ.. ဒီလူက လုမိသားစုရဲ့ ပဉ္စမအဆင့် အကြီးအကဲတစ်ပါး ဖြစ်တဲ့ လုချုံပဲ"
ဖုန်းရန်ဟွာ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ချက်ချင်းဆိုသလိုပင် သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့ အကြီးအကဲဖုန်း.. ကောင်းကင်နတ်ဘုရား ပဉ္စမ အဆင့်လောက်က ကျွန်တော့်ရှေ့မှာ ပုရွက်ဆိတ်ထက် မပိုပါဘူး.. သူ့ကို သတ်ဖို့အတွက်က လက်ဝါးတစ်ချက်စာလောက်ပဲ လိုအပ်ပါတယ်"
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
စကားဆုံးသည်နှင့် ကျန်းချန်က လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
လေထုထဲတွင် ကမ္ဘာ့စွမ်းအား ၅မျိုးဖြင့် သိပ်သည်းထားသော ဧရာမ ရောင်စုံလက်ဖဝါးတစ်ဖက်က ထွက်ပေါ်လာခဲ့သည်။
"သေစမ်း"
ကျန်းချန်၏ ကြုံးဝါးသံနှင့်အတူ လေထုထဲမှ ရောင်စုံလက်ဖဝါးသည် ချက်ချင်းဆိုသလိုပင် ၎င်း၏ရှေ့မှ အမြင့်ပေ၁၀၀ ရှိသည့် ဧရာမမြွေဟောက်ကို ရိုက်ချလိုက်ရာ ဧရာမမြွေဟောက်ကြီးသည် တစစီဖြစ်သွားခဲ့သည်။
ဧရာမရောင်စုံလက်ဖဝါးက ဧရာမမြွေဟောက်ကို ရှင်းလင်းပြီးနောက်တွင် အရှိန်မလျော့သေးဘဲ လုချုံကိုပါ မြေပြင်ထက်သို့ ရိုက်ချလိုက်သည်။
"ဝုန်း.."
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး မြေပြင်က တုန်ခါသွားခဲ့ကာ ဖုန်မှုန့်များက ကောင်းကင်ထိတိုင် လွင့်စင်သွားခဲ့သည်။
ဖုန်မှုန့်များအားလုံး ပျောက်ကွယ်သွားသောအခါတွင် မြေပြင်ပေါ်မှ ဧရာမ လက်ဖဝါး အရာတစ်ခုကို အားလုံးက တွေ့လိုက်ရ၏။
လုချုံကိုမူ အစအနပင် မမြင်တွေ့ရတော့ပေ။
မြေပြင်ပေါ်ရှိ လက်ဝါးရာထဲတွင် တောက်ပသော အနီရောင် သွေးအိုင်များသာ ကျန်ရစ်ခဲ့သည်ကို အားလုံးက ထင်ရှားစွာ မြင်လိုက်ရ၏။
ထိုအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။
ဖုန်းရန်ဟွာနှင့် ဖုန်းမိသားစုဝင်များဖြစ်စေ၊ လုရှင်းနှင့် လုမိသားစုဝင်များ ဖြစ်စေ အားလုံးသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြ၏။
လုချုံသည် လုမိသားစု၏ အကြီးအကဲ ဖြစ်ပြီး ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။
လေအေးမြို့ တစ်ခုလုံးမှာပင် လုချုံ၏ ခွန်အားသည် ထိပ်ဆုံး၅ဦး စာရင်းတွင် ပါဝင်၏။
လေအေးမြို့တော်၏ နာမည်ကျော် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားကို ကျန်းချန်က လက်ဝါးရိုက်ချက် တစ်ချက်ဖြင့်ပင် ယင်ကောင်တစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့ အသာအယာ သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
ဖုန်းရန်ဟွာက မှင်တက်နေခဲ့ပြီး ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကျန်းချန်က စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားကို အလွယ်တကူ သတ်ဖြတ်ခဲ့ပြီး ဖုန်းမိသားစု၏ နံပါတ်(၁)ပါရမီရှင် ဖုန်းရွှယ်ကို အသာအယာ အနိုင်ယူနိုင်သည်ကို မျက်မြင်တွေ့ခဲ့ရသောကြောင့် ဖုန်းရန်ဟွာသည် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန် အားကောင်းကြောင်း သိရှိခဲ့ပြီး သူ့ထက်ပင် မနိမ့်ကျလောက်ဟု ခန့်မှန်းခဲ့၏။
သို့သော်လည်း ဖုန်းရန်ဟွာသည် ကျန်းချန်က လုချုံကို တစ်ချက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ရန်မှာ သူတို့ဖုန်းမိသားစု၏ ခေါင်းဆောင် ဖုန်းထျန်းချီပင်လျှင် အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
"သိပ်ကို ကြောက်ဖို့ကောင်းလိုက်တဲ့ ခွန်အားပါလား"
ဖုန်းရန်ဟွာ၏ နံဘေးရှိ ဆံဖြူအဘိုးအို တစ်ဦး၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကောင်းကင်ကို ဆန့်ကျင်နေတဲ့ အပြင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိနေခဲ့ပြီ.. ဒီလိုပါရမီရှင်မျိုးက မဟာမြေရိုင်း ပါရမီရှင် စာရင်းထဲက ပါရမီရှင်တွေထက် ဘယ်လိုမှ မနိမ့်ကျနိုင်ဘူး"
"ဒါက အစ်ကိုကျန်းချန်ရဲ့ ခွန်အားအစစ်အမှန်လား"
ဖုန်းချင်းမန်ကလည်း ထိုမြင်ကွင်းကိုကြည့်ကာ မှင်တက်နေခဲ့ပြီး ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူမ၏ လှပသော မျက်ဝန်းလေးတွင် အံ့သြထိတ်လန့်မှုအပြင် စိတ်လှုပ်ရှားသော အမူအရာများလည်း ဖုံးဖိမရစွာဖြစ်ပေါ်လာခဲ့၏။
ယခုအခါတွင် ကျန်းချန်က ဖုန်းမိသားစုကို အကာအကွယ်ပေးမည်ဟု ပြောဆိုခဲ့သည်မှာ လေလုံးထွားခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားနေခဲ့သည်။
ကျန်းချန်တွင် ဖုန်းမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် စွမ်းရည်အမှန် တကယ် ရှိနေသည်ဟု သူမ ခံစားမိခဲ့သည်။