အခန်း (၁၈၀၂)
Vol. 121 Ch. 1802
"ကောင်လေး မင်း မင်းဘယ်သူလဲ"
လုရှင်းက ကျန်းချန်ကို အသေအချာ စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
လုမိသားစု အကြီးအကဲလုချုံ၏ ခွန်အားကို လုရှင်းသည် အလွန်ပင် ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
သူ့လို ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ပင် လုချုံကို အနိုင်ယူရန်အတွက် အနည်းဆုံး ၁၀ကွက်ခန့် လိုအပ်၏။
သို့သော်လည်း သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ တစ်ကွက်တည်းဖြင့်ပင် လုချုံကို အမှုန့်ဖြစ်သည်အထိ ချေမှုန်းပစ်လိုက်သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိုကောင်လေးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် ပဉ္စမအဆင့်ကျင့်ကြံသူကို အသာအယာ သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။
ထိုကောင်လေး၏ ပါရမီသည် ဟန်ယွဲ့နန်းတော်နှင့် အခြားသော နယ်မြေနတ်ဘုရား အင်အားစုများ၏ အထွတ်အထိပ်ပါရမီရှင်များနှင့်ပင် နှိုင်းယှဥ်နိုင်လောက်၏။
“ငါက မင်းတို့ မယှဥ်နိုင်တဲ့လူလို့ ငါပြောခဲ့သားပဲ”
ကျန်းချန်က အေးစက်စက်ရေရွတ်လိုက်သည်။
“အသက်ဆယ်ရှိုက်စာ အချိန်အတွင်း မင်းတို့အားလုံး ငါ့ရဲ့ရှေ့ကနေ ထွက်သွားကြ.. ဒီလိုမှမဟုတ်ရင်တော့ မင်းတို့ လုမိသားစုကို သုတ်သင်ပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး”
“ကောင်လေး မင်းသိပ်ပြီး မောက်မာမနေနဲ့.. မင်းဘာသာ ဘယ်သူပဲ ဖြစ်နေပါစေ.. ငါတို့လုမိသားစုရဲ့ အကြီးအကဲကို သတ်ရဲမှတော့ ဒီအတွက် မင်း ကြီးလေးတဲ့ အဖိုးအခကို ပေးဆပ်ရလိမ့်မယ်”
လုရှင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများသည် ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
လေအေးမြို့တော်ကို နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့သည့် အရှင်သခင် တစ်ဦး အနေဖြင့် ဖုန်းမိသားစုသည် လုမိသားစုထက် သိသိသာသာပင် အားကောင်းခဲ့သည်။
ယခုအခါတွင် သူက ရိုရှာတောင် ဓားပြအဖွဲ့နှင့်ပူးပေါင်းပြီး ဖုန်းမိသားစုကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ရာ ရပ်တန့်ရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် လုမိသားစုသည် ယခုအခါတွင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကျင့်ကြံသူ တစ်ဦးကိုပါ ဆုံးရှုံးခဲ့ရပြီ ဖြစ်ရာ ဤအချိန်သို့ရောက်မှ ဖုန်းမိသားစုကို အလွှတ်ပေးရန်မှာ မဖြစ်နိုင်တော့ချေ။
ထိုသို့မဟုတ်ဘဲ ဤအခြေအနေကသာ ဖုန်းမိသားစု လွတ်မြောက်သွားခဲ့လျှင် လုမိသားစုကို အရေးယူရန် တုံ့ဆိုင်းနေမည် မဟုတ်ရာ လေအေးမြို့တော်တွင် သူတို့ လုမိသားစုအတွက် နေရာ မည်ကဲ့သို့ ရှိနိုင်တော့မည်နည်း။
ယနေ့တွင် လုမိသားစုနှင့် ဖုန်းမိသားစုကြားတွင် အဆုံးမဲ့ရန်ပွဲဖြစ်ပွားရန် ကံကြမ္မာက ပါလာခဲ့ပြီ ဖြစ်၏။
သို့ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ အလွယ်တကူ ဆုတ်နိုင်ပါအံ့နည်း။
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်သော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား အစောပိုင်းတွင်သာ ရှိသည်။
ထိုလူငယ်က လုချုံကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်မှာ လုချုံက ပေါ့ဆခဲ့၍လည်း ဖြစ်နိုင်လောက်၏။
သူ့လို ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါးအနေဖြင့် ထိုကောင်လေးကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
“ကောင်လေး.. မင်းက နတ်ဆိုးဆန်တဲ့ပါရမီရှင် ဖြစ်ပြီး အဆင့်တူ အတွင်းမှာ ပြိုင်ဘက်ကင်းပဲ.. ဒါပေမဲ့ မင်းက ငါ့ကိုသိပ်ပြီး အထင်သေးလွန်းတယ်.. ဒီနေ့ ငါမင်းကို ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရား တစ်ပါးရဲ့ခွန်အားကို အမြင်ကျယ်အောင် ပြသပေးမယ်”
လုရှင်က အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏တစ်ကိုယ်လုံးမှ ကမ္ဘာ့စွမ်းအား ၆မျိုးကို ထုတ်ဖော်ကာ ခရမ်းရောင်လျှပ်စီးတူ အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ကောင်းကင်ယံရှိ ကျန်းချန်ကို ရိုက်ချလိုက်သည်။
ခရမ်းရောင်လျှပ်စီးတူသည် အလွန်တရာ အားကောင်းပြီး လေဟာနယ်ကိုပင် ရိုက်ချိုးပစ်နိုင်စွမ်း ရှိ၏။
“ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားက ဘာများ အံ့သြစရာကောင်းနေလို့လဲ.. ငါက ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရားကို မသတ်ဖူးတာလဲ မဟုတ်ဘူး”
ကျန်းချန်က သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ညှိုးထိပ်မှ ဓားစွမ်းအားဖြင့် ခရမ်းရောင်လျှပ်စီးတူကို ချက်ချင်းဆိုသလို ပစ်ခတ်လိုက်သည်။
“အကြီးအကဲ ကျန်းချန်က လုရှင်းရဲ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား”
ဖုန်းရန်ဟွာက လေထုထဲတွင် တိုက်ခိုက်နေသော ကျန်းချန်တို့နှစ်ဦးကို ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ၏နံဘေးမှ ဆံဖြူအဘိုးအိုကို လေးနက်စွာ မေးလိုက်သည်။
ဤတိုက်ပွဲသည် သူတို့ဖုန်းမိသားစု၏ အနာဂတ်နှင့် လုံးဝဆက်စပ်နေခဲ့၏။
ကျန်းချန်သာ အနိုင်ရခဲ့လျှင် ဖုန်းမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကျန်းချန် ရှုံးနိမ့်ခဲ့လျှင် ဖုန်းမိသားစု အပေါ်တွင် အန္တရာယ်များ ကျရောက်နိုင်ဖွယ်ရှိသည်။
“စိတ်မပူပါနဲ့.. ဒီကောင်လေးက သူမတူတဲ့ အထွတ်အထိပ်ပါရမီရှင် တစ်ယောက်ပဲ...သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အစောပိုင်းမှာပဲ ရှိသေးပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားတွေထက် လုံးဝ မနိမ့်ကျဘူး.. သူက လုရှင်းကို မနိုင်ရင်တောင် လုရှင်းက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. လုရှင်းကို ထိန်းထားနိုင်သရွေ့ ငါတို့ဖုန်းမိသားစုက မရှုံးနိမ့်နိုင်ပါဘူး”
ဆံဖြူအဘိုးအိုက ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
သူတို့နှစ်ဦးသား စကာားပြောဆိုနေစဥ်မှာပင် လေထုထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ ရောင်စုံဓားစွမ်းအင်က နေရာလွတ်ကို ချက်ချင်းဆိုသလို ဖြတ်သန်းသွားခဲ့ပြီး လုရှင်း၏ ဧရာမ ခရမ်းရောင်တူကို ထိုးဖောက်ကာ လုရှင်း၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။
“ဝုန်း..”
လုရှင်း၏ ပုံရိပ်က တုန်ခါသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း ချက်ချင်းဆိုသလို ပေရာပေါင်းများစွာ အထိ လွင့်စင်သွားခဲ့သည်။
လုရှင်းသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ဆဋ္ဌမအဆင့် အစောပိုင်းအဆင့်တွင်သာ ရှိပြီး နန်လီမျိုးနွယ်စုမှ ယန်လဲ့ခုံးနှင့် ယှဥ်လျှင်ပင် အနည်းငယ် အားနည်း၏။
သူက ယန်လဲ့ခုံးကိုပင် အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည် ဖြစ်ရာ သူ၏ရှေ့မှ လုရှင်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။
လေထုထဲမှ မှင်တက်ဖွယ်ရာကောင်းသော မြင်ကွင်းကိုမြင်လိုက်ရလျှင် ဖုန်းရန်ဟွာနှင့်အခြားသူများသည် အသက်ရှူရပ်လုမတတ်ပင် ဖြစ်သွားခဲ့ကြသည်။
ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားဖြစ်သည့် လုရှင်းပင်လျှင် ကျန်းချန်၏ ဓားစွမ်းအားကို မတားဆီးနိုင်ခဲ့ပေ။
ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
“မေဘေး.. ငါမင်းကို သတ်ပစ်မယ်”
ဤအချိန်တွင် လုရှင်းသည် ဆောက်တည်ရာမရ ဖြစ်ကာ ဒေါသအကြီးအကျယ် ထွက်နေခဲ့သည်။
သူ၏မျက်လုံးတွင်လည်း သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့၏။
သူက လေအေးမြို့၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားသော လုမိသားစုခေါင်းဆောင် ဖြစ်သော်လည်း ယခုအခါတွင် ကောင်လေးတစ်ယောက်၏ တစ်ကွက်တည်းဖြင့် နှိမ်နင်းခြင်းကို ခံလိုက်ရသည်။
ဤသည်က သူ့အတွက် အလွန်ပင် အရှက်ရစရာ ဖြစ်နေခဲ့၏။
ယနေ့တွင်သာ ထိုကောင်လေးကို မရှင်းလင်းနိုင်လျှင် သူ့အနေဖြင့် လေအေးမြို့တွင် မည်ကဲ့သို့ ရပ်တည်နိုင်ပါတော့မည်နည်း။
ထိုအချိန်တွင် လုရှင်း၏ ဆင်ခြင်တုံတရားများကို ဒေါသတရားက လုံးဝ စိုးမိုးသွားခဲ့သည်။
လုရှင်းက သူ့ကိုသူ ကျန်းချန်၏ ပြိုင်ဘက် ဟုတ်မဟုတ် ဆိုသည်ကိုပင် မစဥ်းစားတော့ဘဲ ကျန်းချန်ကို သတ်ဖြတ်ဖို့သာ စိတ်ရောက်နေခဲ့၏။
သူက လက်ဖဝါးကို တစ်ချက် လှုပ်ရှားလိုက်ရာ ငွေရောင်ဓားတစ်လက်သည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုငွေရောင်ဓားပေါ်တွင် မိုးကြိုးလျှပ်စီး အလင်းရောင်များက လင်းလက်နေခဲ့ပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါများသည် ငွေရောင်ဓားထံကနေ ထွက်ပေါ်နေခဲ့၏။
“ကောင်လေး ဒီနယ်မြေနတ်ဘုရား တစ်ပိုင်း လက်နက် အတွက် ငါငွေကြေး အများကြီး သုံးစွဲခဲ့ရတယ်.. ဒီဓားကို ဖုန်းထျန်းချီနဲ့ ရင်ဆိုင်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားပေမဲ့ မင်းအပေါ်မှာ သုံးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်အောက်မှာ သေဆုံးရတဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ”
လုရှင်းက မထီမဲ့မြင် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူက သူ၏ လက်ထဲမှ ငွေရောင်ဓားကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်၏။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတွင် မိုးခြိမ်းသံများသည် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ ပေရာချီ နေရာလွတ်သည် မိုးကြိုးလျှပ်စီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ထူထပ်သော မိုးကြိုးလျှပ်စီးများသည် ကောင်းကင်နေ ဆင်းသက်လာကာ လုရှင်း၏ လက်ထဲရှိ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်ထံတွင် စုဝေးလာခဲ့သည်။
“လုရှင်းမှာ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
လုရှင်း၏လက်ထဲက ငွေရောင်ဓားထံကနေ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ရာစွမ်းအားကို မြင်လျှင် ဖုန်းရန်ဟွာတို့လူစု၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့၏။
နယ်မြေနတ်ဘုရားအဆင့်သည် ကောင်းကင်နတ်ဘုရားအဆင့်ကို လုံးဝ ကျော်လွန်သော အဆင့် ဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် နယ်မြေနတ်ဘုရား အဆင့်သည် အလွန်ပင် အင်အားကြီးသောအဆင့် ဖြစ်သည်။
လုရှင်း၏ လက်ထဲရှိ နယ်မြေနတ်ဘုရားအဆင့် လက်နက်သည် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်သာ ဖြစ်သော်လည်း လုရှင်း၏ စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားစွမ်းအားဖြင့် ဆိုလျှင် သာမန် ကောင်းကင်နတ်ဘုရားများသည် ခုခံနိုင်စရာအကြောင်း လုံးဝမရှိပေ။
အစောပိုင်းက ကျန်းချန် ထုတ်ဖော်ခဲ့သော ခွန်အားသည် ဖုန်းမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းရန် လုံလောက်သော ခွန်အားမျိုး ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့ အရေးကြီးသော အချိန်တွင် လုရှင်းသည် ဤမျှ အစွမ်းထက်သော ဝှက်ဖဲကို ထုတ်သုံးလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
သူတို့၏ ခေါင်းဆောင်ဖြစ်သည့် ဖုန်းထျန်းချီ ပြန်လာလျှင်ပင် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်ကို ကိုင်ဆောင်ထားသော လုရှင်းကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ကို ဖုန်းရန်ဟွာက စိုးရိမ်နေမိ၏။
“မင်းရဲ့ဝှက်ဖဲက မင်းလက်ထဲမှာရှိတဲ့ နယ်မြေနတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်လား”
ကျန်းချန်က လုရှင်း၏ လက်ထဲမှ ငွေရောင်ဓားကို တည်ငြိမ်စွာကြည့်ကာ မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
“ဒီနယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်လောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ မင်းတကယ် ထင်နေတာလား”
“ဟမ့်.. သေခါနီးတာတောင် မင်းက လေလုံးထွားရဲသေးတယ်.. သွားသေလိုက်တော့”
လုရှင်းက အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲမှ ငွေရောင်ဓားကို အင်အား အပြည့်အဝဖြင့် လှုံ့ဆော်ကာ ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။