အခန်း (၁၈၀၃)
Vol. 121 Ch. 1803
“ဟားဟား နယ်မြေနတ်ဘုရား တစ်ပိုင်း လက်နက်က တကယ့်နယ်မြေနတ်ဘုရား လက်နက်ရဲ့ စွမ်းအားတစ်ဝက်လောက်ကိုမှ အသုံးပြုလို့မရဘဲ ငါ့ရှေ့မှာ ဟန်ရေးပြနေတာ မင်းမရှက်ဘူးလား.. မင်းကို တကယ့် နယ်မြေနတ်ဘုရား လက်နက်အစစ်ရဲ့ စွမ်းအား ငါပြသပေးမယ်”
ကျန်းချန်က ပေါ့ပါးစွာ ရယ်မောလိုက်ပြီးနောက်တွင် ကြက်သွေးရောင် အလင်းတန်းများကို ထုတ်လွှတ်နေသော အနီရောင် ဓားတစ်လက်သည် သူ၏လက်ထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထိုအနီရောင်ဓား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေထုထဲတွင် ပြင်းပြသော အပူရှိန်က ချက်ချင်းဆိုသလို
ပြည့်နှက်သွားခဲ့၏။
ထိုအနီရောင်ဓားသည် ကျန်းချန်က အရှင်ဟော်ယွင်၏ အမွေအနှစ်ထဲကနေ ရရှိခဲ့သည့် နယ်မြေနတ်ဘုရား လက်နက်ဖြစ်သော ကောင်းကင်မီးနတ်ဓားပင် ဖြစ်သည်။
“လုရှင်း.. မင်း ငါ့ရဲ့ ဓားချက်ကို ခံနိုင်ရင် ဒီနေ့ ငါမင်းကို အသက်ချမ်းသာပေးလိုက်မယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး ကောင်းကင်မီးနတ်ဓားကို လှုံ့ဆော်ကာ ခုတ်ပိုင်းချလိုက်သည်။
လူတိုင်းက ကမ္ဘာကြီး တုန်ခါသွားသလို ခံစားလိုက်ရပြီး နေနှင့်လကိုပင် ဗြောင်းဆန်စေသော ဓားချက်ကို မြင်လိုက်ရ၏။
“မကောင်းတော့ဘူး”
ကျန်းချန်၏ ဓားချက်ကိုမြင်လျှင် လုရှင်းသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး အစွမ်းကုန် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။
ကျန်းချန်၏ဓားချက်သည် တောက်လောင်နေသော မီးလျှံကဲ့သို့ သူ့ဆီသို့ သက်ရောက်လာသည့် လျှပ်စီးဓားအလင်းကို ပိုင်းဖြတ်ပစ်လိုက်၏။
ပေ ၁၀၀ ကျော် ရှည်လျားသော လျှပ်စီးဓားအလင်းသည် တစ်လက်မချင်းစီ ပေါက်ကွဲထွက်သွားခဲ့ပြီး ဖန်သားကဲ့သို့ တစစီ ကြေမွသွားခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်၏ ဓားစွမ်းအားသည် လုရှင်း၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် လုရှင်း၏လက်ထဲမှ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့်လက်နက် ငွေရောင်ဓားပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝုန်း..”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံက ထွက်ပေါ်လာပြီး ကမ္ဘာကြီးကိုပင် တုန်ခါသွားစေခဲ့သည်။
ကျန်းချန်ကို ဗဟိုပြု၍ မိုင် ၁၀၀ ပတ်လည်ရှိ လေထုတွင် အဖျက်စွမ်းအင် မုန်တိုင်းသည် တိုက်ခတ်သွားခဲ့သည်။
ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းကြောင့် နှစ်ဖက်စလုံးမှ လူများသည် မီတာရာပေါင်းများစွာ အကွာအဝေးအထိ နောက်သို့ ဆုတ်လိုက်ရ၏။
လုရှင်းကမူ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲတွင် မီတာရာချီ အကွာအဝေးအထိ လွင့်စင်သွားပြီးမှ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်နိုင်ခဲ့သည်။
“ဓားချက်တစ်ချက်ရဲ့ စွမ်းအားက ကြောက်စရာပါလား.. မိတ်ဆွေလေးကျန်းချန်ရဲ့လက်ထဲမှာ နယ်မြေနတ်ဘုရားအဆင့် လက်နက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ဖုန်းရန်ဟွာက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်သည်။
သူ၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
လုရှင်းက နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်ကို ထုတ်သုံးလိုက်သောအခါ ဖုန်းရန်ဟွာက တိုက်ပွဲပြီးဆုံးသွားပြီဟု မူလက ထင်မိခဲ့သည်။
မမျှော်လင့်ဘဲ တကယ့် အရေးပါသောအချိန်တွင် ကျန်းချန်သည် နယ်မြေနတ်ဘုရားအဆင့် လက်နက်ကို ထုတ်ဖော်ခဲ့ပြီး ဓားချက် တစ်ချက်တည်းဖြင့်ပင် လုရှင်းကို လွင့်စင်စေခဲ့သည်။
“ဒီကောင်လေးက တကယ်ပဲ အဆင့်နိမ့်နယ်မြေကနေ လာတာရော ဟုတ်ရဲ့လား”
ဖုန်းရန်ဟွာက ကျန်းချန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုကောင်လေးသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသောပါရမီရှင် ဖြစ်ရုံမက ဤအသက်အရွယ်ဖြင့်ပင် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးလည်း ဖြစ်နေခဲ့သည်။
ထိုကောင်လေး၏ အရှိန်အဝါသည် အလွန်ပင် အားကောင်းပြီး မဟာမြေရိုင်း နယ်မြေတွင် အဆင့်ထိုးဖောက်ခဲ့သော ပါရမီရှင်များထက်ပင် သာလွန်နေခဲ့၏။
ထို့အပြင် ထိုကောင်လေး၏ ကိုယ်ပေါ်တွင် နယ်မြေနတ်ဘုရားအဆင့် လက်နက်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
သိထားရမည့်အချက်မှာ မဟာမြေရိုင်းနယ်မြေမှာပင် နယ်မြေနတ်ဘုရား အဆင့် လက်နက်သည် အလွန်တရာ ရှားပါးခြင်းပင်။
ဟန်ယွဲ့နန်းတော်ကဲ့သို့ နာမည်ကျော် နယ်မြေနတ်ဘုရားအင်အားစုများပင် နယ်မြေနတ်ဘုရားအဆင့် လက်နက်မှာ လက်တစ်ဆုပ်စာမျှသာ ရှိ၍ ၎င်းတို့၏ ထိပ်တန်း တပည့်များကို နယ်မြေနတ်ဘုရား အဆင့် လက်နက်များ ပေးအပ်ထားရန်မှာ ယေဘုယျအားဖြင့် မဖြစ်နိုင်ပေ။
ထိုကောင်လေးသာ အဆင့်နိမ့်နယ်မြေကနေ အမှန်တကယ် လာခဲ့သည် ဆိုလျှင် ကြီးကျယ်သော ကံကြမ္မာပိုင်ရှင် တစ်ယောက် ဖြစ်မည်မှာ သေချာသလောက်ပင် မဟုတ်ပါလား။
“မင်း.. မင်းမှာ နယ်မြေနတ်ဘုရားအဆင့် လက်နက် ရှိနေတယ်လား”
ဤအချိန်တွင် လုရှင်း၏ မျက်ဝန်းတွင် ထိတ်လန့်သောအမူအရာများသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်ကိုပင် ဆန့်ကျင်နေရုံသာမက နယ်မြေ နတ်ဘုရားအဆင့် လက်နက်ကိုပါ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူလုံးဝ မတွေးမိခဲ့ပေ။
ထိုကောင်လေး ပိုင်ဆိုင်ထားသည့် နယ်မြေနတ်ဘုရားအဆင့်လက်နက်သည် အလွန်တရာပင် အရည်အသွေး ကောင်းမွန်ပြီး သူ၏ လက်ထဲမှ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်သည် လုံးဝ မယှဥ်နိုင်ပေ။
“ကောင်လေး.. ငါ မင်းရဲ့ဓားချက်ကို ရင်ဆိုင်ပြီးပြီ.. ဒါကြောင့် ကတိအတိုင်း မင်းငါ့ကို ထပ်ပြီး တိုက်ခိုက်လို့မရတော့ဘူး”
လုရှင်းသည် အခြေအနေကို ကောင်းစွာ သဘောပေါက်ခဲ့သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက် ပိုမို အားကောင်းရုံသာမက ယခုအခါတွင် နယ်မြေနတ်ဘုရားအဆင့် လက်နက်ကိုပင် ကိုင်ဆောင်ထားခဲ့သည်။
ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ယနေ့တွင် သူ့အနေဖြင့် သေဆုံးရမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် လုရှင်းက ကျန်းချန် အစောပိုင်းက ပြောခဲ့သောစကားဖြင့် ကျန်းချန်ကို ကိုင်ပေါက်ကာ ပြောလိုက်သည်။
ကျန်းချန်ကဲ့သို့ အထွတ်အထိပ် ပါရမီရှင်များသည် မာနအလွန်ကြီးကြပြီး ပြောပြီးသား စကားများကို ရုတ်သိမ်းလိမ့်မည် မဟုတ်ပေ။
သူအသက်ရှင်နိုင်သရွေ့ လုမိသားစုကို လေအေးမြို့ကနေ ခေါ်ထုတ်သွားပြီး ပြန်လာနိုင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနိုင်သည် မဟုတ်ပါလော။
“ဟုတ်တယ် ငါ့ရဲ့ဓားချက်ကို ခံနိုင်ရည်ရှိရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ပြောခဲ့တာအမှန်ပဲ”
ကျန်းချန်က လုရှင်းကို သနားစရာကောင်းသော သတ္တဝါ တစ်ကောင် ကဲ့သို့ကြည့်ကာ ပြောလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ မင်းက ငါ့ရဲ့ဓားချက်ကို အဆုံးသတ်မှာ ခံနိုင်ရည် မရှိခဲ့ဘူး”
ထိုစကားကိုကြားလျှင် လုရှင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
သူက စကားပြောရန် ပြင်လိုက်စဥ်မှာပင် သူ၏ လက်ထဲရှိ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်ဆီမှ ဆန်းကြယ်သော မီးလျှံတစ်ခုသည် ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် လုရှင်း၏ ညာဘက်လက်သည် ဆန်းကြယ်သော မီးတောက်အောက်တွင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း ယင်းမှာ အစသာ ရှိပါသေး၏။
လုရှင်း၏လက်မောင်း၊ ပခုံး၊ ရင်ဘတ်၊ ပေါင်နှင့် အဆုံးသတ်တွင် ဦးခေါင်းအထိ ဆန်းကြယ်သောမီးလျှံ၏ အောက်တွင် အလွန်လျင်မြန်စွာ လောင်ကျွမ်းပျက်သုဥ်းသွားခဲ့သည်။
လုရှင်းက ထိတ်လန့်တကြားဖြင့် သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန် စွန့်ပစ်ကာ ဝိညာဥ်ခန္ဓာကိုယ် အဖြစ် အလျင်အမြန်ပင် ထွက်ပြေးလိုက်သည်။
သို့သော်လည်း သူ၏ ဝိညာဥ်က ခန္ဓာကိုယ်ကို စွန့်ခွာသည်နှင့်တစ်ပြိုင်နက် ဆန်းကြယ်သောမီးလျှံများသည် သူ၏ဝိညာဥ် ခန္ဓာကိုယ် ဆီသို့ ပျံဝဲကာ သက်ရောက်သွားခဲ့၏။
ယင်းနောက်တွင်မူ လုရှင်း၏ ဝိညာဥ်ခန္ဓာကိုယ်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ဆန်းကြယ်သောမီးလျှံ၏ လောင်ကျွမ်းသန့်စင်ခြင်းကို ခံလိုက်ရသည်။
ကျန်းချန်၏ လက်ရှိခွန်အားနှင့် ကောင်းကင်မီးနတ်ဓားကို ပေါင်းစပ်လိုက်သော စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သည့် နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီပင်လျှင် သူ့ကို အနည်းငယ်မျှ အသာစီး မယူနိုင်ခဲ့ပေ။
သူ၏ရှေ့မှ လုရှင်းသည် ယန်ဝူကျီ၏ ခွန်အားနှင့် နှိုင်းယှဥ်လျှင် နိမ့်ကျနေသည် ဖြစ်ရာ သူ၏ ဓားချက်ကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
“လုမိသားစုခေါင်းဆောင်လုရှင်းက ဒီလိုပဲ သေဆုံးသွားပြီလား”
ဖုန်းရန်ဟွာနှင့် တခြားသူများက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူတို့၏မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
လုရှင်းသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
လေအေးမြို့တော် တစ်ခုလုံးတွင် သူတို့ ဖုန်းမိသားစုခေါင်းဆောင် ဖုန်းထျန်းချီကို ယှဥ်ပြိုင်နိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်၏။
ဤမျှအင်အားကြီးမားသော ကျင့်ကြံသူသည် ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
“ရန်ဟွာ.. ဒီတစ်ခေါက် မင်း ငါတို့ ဖုန်းမိသားစုအတွက် အများကြီး အကျိုးဆောင်ခဲ့တာပဲ.. မင်းသာ ဒီကောင်လေးလို
ကောင်းကင်ကို ဆန့်ကျင်နေတဲ့ ပါရမီရှင်ကို ငါတို့ ဖုန်းမိသားစုဆီ ခေါ်မလာခဲ့ဘူးဆိုရင် လေအေးမြို့မှာ ငါတို့ ဖုန်းမိသားစုက ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး”
ဖုန်းရန်ဟွာ၏ နံဘေးမှ ဆံဖြူအဘိုးအိုက လေးနက်စွာ ပြောဆိုလိုက်သည်။
သူ၏ အိုမင်းသော မျက်နှာထက်တွင် အလွန်တရာ စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်၏ ဇာစ်မြစ်ကို မသိသောကြောင့် သူတို့ ဖုန်းမိသားစုသည် ကျန်းချန်ကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။
ယခုအခါတွင်မူ သူတို့၏ စိုးရိမ်မှုများက မလိုအပ်တော့သည်မှာ ထင်ရှားလာခဲ့သည်။
ကျန်းချန်သည် လုရှင်းကိုပင် ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ သူတို့ ဖုန်းမိသားစုကိုသာ တကယ်တမ်း ထိခိုက်စေလိုခဲ့လျှင် သူတို့ဖုန်းမိသားစုသည် လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။
“ဒီကောင်လေးက ငါတို့ခေါင်းဆောင်ကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အခြားတစ်ဖက်တွင်လည်း လုမိသားစုမှ ကျင့်ကြံသူအများအပြားသည် မှင်တက်ရာကနေ အသိစိတ် ပြန်ဝင်လာခဲ့သည်။
သူတို့က မယားငယ် လူမိသကဲ့သို့ ကြောက်လန့်နေခဲ့ပြီး မျက်နှာများ ဖြူဖျော့နေခဲ့သည်။
သူတို့၏ ခေါင်းဆောင်ဖြစ်သည့် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား လုရှင်းက ကျဆုံးသွားပြီ ဖြစ်ရာ သူတို့လုမိသားစုသည် ဖုန်းမိသားစုကို ယှဥ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။
ဆိုရလျှင် သူတို့ လုမိသားစုသည် ဖုန်းမိသားစု၏ ဖျက်ဆီးခြင်းကို အနှေးနှင့်အမြန် ခံရတော့မည် ဖြစ်၏။
သူတို့သာ ဤနေရာတွင် ဆက်လက်ရှိနေခဲ့လျှင် သေခြင်းတရားကို ရှာဖွေနေသည်နှင့် ခြားနားနေမည် မဟုတ်ချေ။
“ခေါင်းဆောင် ကျဆုံးသွားပြီ.. အားလုံးပဲ ထွက်ပြေးကြတော့..”
လေထုထဲတွင် ထိတ်လန့်တကြား ရေရွတ်သံ ပျံ့နှံ့လာသည်နှင့်အမျှ လုမိသားစုမှ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားအပါအဝင် လူတိုင်းသည် ထိတ်လန့်နေသာ ယုန်သူငယ်ကဲ့သို့ အဝေးကို ထွက်ပြေးသွားခဲ့ကြသည်။