← Chapters

အခန်း (၁၈၀၄)

Vol. 121 Ch. 1804

အခန်း (၁၈၀၄)

Vol. 121 Ch. 1804

“အားလုံးပဲ လုမိသားစုဝင်‌တွေကို အလွှတ်မပေးပဲ လိုက်သတ်ကြ..”

ထိတ်လန့်တကြား ထွက်ပြေးနေကြသော လုမိသားစုဝင်များကို မြင်လျှင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်ကြသော ဖုန်းရန်ဟွာတို့သည် ဖုန်းမိသားစုမှ ကျင့်ကြံသူများကို ဦးဆောင်ကာ လိုက်လံ ချေမှုန်းခဲ့ကြသည်။

ဖုန်းမိသားစုနှင့် လုမိသားစုသည် အမြဲတစေ တစ်ဦးကို တစ်ဦး သဟဇာတမဖြစ်ဘဲ ပွတ်တိုက်မှုများ ရှိခဲ့ကြသည်။

ဤတစ်ကြိမ်တွင်မူ လုမိသားစုသည် ရိုရှာတောင် ဓားပြအဖွဲ့နှင့်ပူးပေါင်းကာ ဖုန်းမိသားစုကို တိုက်ခိုက်ခဲ့၏။

ကျန်းချန်သာ မရှိခဲ့လျှင် ဖုန်းမိသားစုသည် သေရေးရှင်ရေးအန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။

ယခုအခါတွင်မူ ကျန်းချန်သည် ဓားချက် တစ်ချက်တည်းဖြင့် လုရှင်းကို သတ်ဖြတ်ပြီး ဖုန်းမိသားစုကို ကယ်တင်ကာ လုမိသားစုကို တစ်ခါတည်း ဖျက်ဆီးနိုင်မည့် အခွင့်အရေးကို ဖန်တီးပေးခဲ့သည်။

သို့ဖြစ်ရာ ဖုန်းရန်ဟွာတို့ လူစုသည် ထိုအခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါအံ့နည်း။

ဖုန်းရန်ဟွာတို့ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူနှစ်ဦး၏ ဦးဆောင်မှုအောက်တွင် တိုက်ပွဲဝင်လိုစိတ်

မရှိသော လုမိသားစုဝင်များသည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

တစ်ခဏ အတွင်းမှာပင် ဖုန်းရန်ဟွာ တို့သည် လုမိသားစုဝင်အများအပြားကို သတ်ဖြတ်နိုင်ခဲ့ပြီး အနည်းစုသာလျှင်

ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

လုမိသားစုဝင်များကို လိုက်လံသတ်ဖြတ်ပြီးသောအခါတွင် ဖုန်းရန်ဟွာသည် ကျန်းချန် ဆီသို့ လျှောက်လာခဲ့ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ငါတို့ဖုန်းမိသားစုက မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

နတ်ဘုရားနယ်မြေတွင် ခွန်အားကြီးသူကိုသာ အမြဲတစေလေးစားကြသည်။

ကျန်းချန်သည် ငယ်ရွယ်သေးသော်လည်း ခွန်အားကမူ သူတို့ဖုန်းမိသားစု ခေါင်းဆောင်ထက်ပင် များစွာ ပို၍ အားကောင်းနေခဲ့ပြီ ဖြစ်၏။

ထိုကဲ့သို့ စွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့် ဖုန်းရန်ဟွာသည် ကျန်းချန်ကို ယခင်ကထက်ပင် ပိုမိုလေးစားလာခဲ့သည်။

“ဒီလောက်ထိ မလိုပါဘူး အကြီးအကဲဖုန်း.. ဖုန်းမိသားစု အနေနဲ့ ကျွန်တော့်အတွက် ကျီဝူရွှယ်နဲ့ ပတ်သက်တဲ့ အကြောင်းကို အမြန်ဆုံး ရှာဖွေပေးဖို့ပဲ လိုအပ်ပါတယ်”

ကျန်းချန်က လက်ကာပြလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဖုန်းရန်ဟွာက ရဲရဲကြီး အာမခံလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. စိတ်ချပါ.. မင်းရှာနေတဲ့လူက ဟန်ယွဲ့နန်းတော်မှာ ရှိနေသရွေ့ ဖုန်းမိသားစုက သူ့ရဲ့ သတင်းကို သေချာပေါက် မင်းအတွက် ရှာဖွေပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် အကြီးအကဲဖုန်း.. ခင်ဗျားဆီက သတင်းကို ကျွန်တော်စောင့်နေပါ့မယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် ဖုန်းမိသားစုစံအိမ်တော် ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

သူက ဖုန်းမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့ပြီ ဖြစ်သောကြောင့် နောင်လာမည့် ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။

သူ့အနေဖြင့် ဖုန်းမိသားစုစံအိမ်တွင် နေထိုင်ကာ သူ့မိခင်၏ သတင်းကို စောင့်ဆိုင်းရန်သာ လိုအပ်သည် မဟုတ်ပါလား။

“အကြီးအကဲချုပ်.. မြက်ကို အမြစ်ကနေ မရိတ်ဘူးဆိုရင် နွေဦးလေ တိုက်ခတ်လာတာနဲ့ ပြန်လည် ပေါက်လာလိမ့်မယ်.. ခေါင်း‌ဆောင်က ပြန်မရောက်လာသေးဘူး ဆိုပေမဲ့ လုမိသားစုကို အသက်ရှင်ခွင့် လုံးဝ ပေးလို့မဖြစ်ဘူး.. ကျွန်တော်တို့ အချိန်မဆွဲဘဲ ဖုန်းမိသားစုရဲ့ အင်အားအကုန်လုံးကို ထုတ်သုံးပြီး လုမိသားစုဝင်တွေကို အမြစ်ပြတ် လိုက်လံချေမှုန်းမှ ဖြစ်မယ်ထင်တယ်”

ကျန်းချန် စံအိမ်တော်ထဲ ဝင်သွားပြီးနောက်တွင် ဖုန်းရန်ဟွာသည် သူ၏နံဘေးရှိ ဆံဖြူအဘိုးအိုကို အလျင်အမြန်ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဆံဖြူအဘိုးအိုက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

“ကောင်းပြီ.. အကြီးအကဲတွေကို ချက်ချင်းဆင့်ခေါ်ပြီး လုမိသားစုကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် အစည်းအဝေးခန်းမထဲမှာ တိုင်ပင်ကြရအောင်”

ဖုန်းရန်ဟွာတို့လူစုက အစည်းအဝေးခန်းမ ထဲသို့ သွားရန် ပြင်ဆင်နေချိန်မှာပင် ဖုန်းမိသားစုမှ ထိပ်တန်းတပည့် တစ်စုသည် ဖုန်းမိသားစု၏ တားမြစ်နယ်မြေထဲကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးလာခဲ့ကြ၏။

ထိုအုပ်စုသည် ဖုန်းမိသားစု တားမြစ်နယ်မြေရှိ လျှို့ဝှက်လမ်းကြောင်းကနေ ထွက်ပြေးခဲ့ကြသည့် ဖုန်းရွှယ် ဦးဆောင်သော ထိပ်တန်းတပည့်များ ဖြစ်ကြသည်။

သို့သော်လည်း ယခုအခါတွင် သူတို့ အားလုံးသည် ထိခိုက်ဒဏ်ရာများ ကိုယ်စီ ရရှိနေခဲ့ကြပြီး မျက်နှာများ ဖြူဖျော့နေခဲ့ကြသည်။

အထူးသဖြင့် ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သည့် ဖုန်းရွှယ်သည် သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပြီး အသက်တစ်ဝက်ခန့်သာလျှင် ကျန်ရှိတော့၏။

သူ၏ရှေ့မှ အခြေအနေကိုမြင်လျှင် ဖုန်းရန်ဟွာသည် မှင်တက်သွားခဲ့သည်။

“ဖုန်းရွှယ်.. မင်းက လျှို့ဝှက်လမ်းကြောင်းကနေ တစ်ဆင့် လေအေးမြို့တော်ရဲ့ အပြင်ဘက်ကို ထွက်သွားတာ မဟုတ်လား.. ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံမျိုး ဖြစ်နေရတာလဲ”

“ကျွန်တော်တို့ လျှို့ဝှက်လမ်းကြောင်း ထွက်ပေါက်ကို လုမိသားစုက သိထားတယ်.. ဒါကြောင့် လုမိသားက ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်ဖို့ အတွက် လူအများအပြား စေလွှတ်ထားခဲ့တယ်.. ကျွန်တော်တို့လည်း အပြင်းအထန် ရုန်းကန်ပြီးမှ ထွက်ပြေးလာနိုင်ခဲ့တာပဲ”

ဖုန်းရွှယ်က မချိပြုံးပြုံးကာ ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဖုန်းရန်ဟွာတို့ လူစုကို ကြည့်ကာ မေးလိုက်သည်။

သူ၏ ဖြူဖျော့သော မျက်နှာထက်တွင် သံသယ အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အကြီးအကဲ.. အခြေအနေက ဘယ်လိုဖြစ်သွားတာလဲ”

ဖုန်းရန်ဟွာတို့သည် လုမိသားစုကို ရင်ဆိုင်ရန်အတွက် အပြင်ဘက်တွင် ရှိနေသင့်သည် မဟုတ်ပါလော။

သို့ဆိုလျှင် သူတို့အားလုံးသည် အဘယ်ကြောင့် စံအိမ်တော်ထဲ ရောက်နေကြပါသနည်း။

“ဖုန်းမိသားစုနဲ့ လုမိသားစုက ငြိမ်းချမ်းရေး ရသွားတာများလား”

သို့သော်လည်း ဤတစ်ကြိမ်တွင် လုမိသားစုသည် ဖုန်းမိသားစုကို ဆန့်ကျင်ရန်အတွက် ရိုရှာတောင် ဓားပြအဖွဲ့နှင့်ပင် ပူးပေါင်းရန် တွန့်ဆုတ်မနေခဲ့သည် ဖြစ်ရာ ဖုန်းမိသားစုနှင့်အဘယ်ကြောင့် ငြိမ်းချမ်းရေး ရနိုင်ပါမည်နည်း။

ဖုန်းရန်ဟွာက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့.. ဖုန်းမိသားစုရဲ့အကျပ်အတည်းကို ဖြေရှင်းပြီးသွားပြီ.. အခုက လုမိသားစုကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် အစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေကြတာပဲ”

“ဘယ်လို..”

“ဖုန်းမိသားစုရဲ့ အကျပ်အတည်းကို ဖြေရှင်းပြီးသွားပြီဟုတ်လား”

ဖုန်းရန်ဟွာ၏ စကားကိုကြားလျှင် ဖုန်းရွှယ်၏ မျက်ဝန်းများက မှောင်မိုက်သွားခဲ့ပြီး ရုတ်တရက် သွေးအန်ချင်စိတ်ပင် ပေါက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် လုမိသားစုသည် ရိုရှာတောင် ဓားပြအဖွဲ့နှင့် ပူးပေါင်းကာ ဖုန်းမိသားစုကို တိုက်ခိုက်ခဲ့သည်။

ဖုန်းမိသားစုက ဤတစ်ကြိမ် ကြုံတွေ့ရသည့် ကပ်ဘေးကို ကျော်လွှားရန် ခက်ခဲမည်မှန်း ခန့်မှန်းမိသောကြောင့် ဖုန်းမိသားစုမှ ထိပ်တန်းတပည့်များကို လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ထွက်သွားစေရန် ဆုံးဖြတ်ခဲ့ကြသည်။

ဤတစ်ကြိမ် အကျပ်အတည်းသည် ခုခံရန် ခက်ခဲနိုင်သည်ဟု ခံစားမိသောကြောင့် ဖုန်းရွှယ်သည်လည်း ဖုန်းမိသားစုမှ ထိပ်တန်း တပည့်များနှင့်အတူ လျှို့ဝှက်လမ်းကြောင်းကနေ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း လျှို့ဝှက်လမ်းကြောင်း၏ ထွက်ပေါက်တွင် သူတို့သည် လုမိသားစု၏ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရ၏။

သိပ်မကြာခင်က သူသည် ကျန်းချန်နှင့် တိုက်ခိုက်ရာတွင် သူ၏ အားအကောင်းဆုံး တိုက်ကွက် ဖြစ်သည့် လေမိုးကြိုးဖျက်ဆီးခြင်း ဓားကွက်ကို အသုံးပြုခဲ့သည်။

ထိုတိုက်ကွက်၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သူ၏ ခွန်အားသည် အချိန်ကာလတစ်ခု အထိ အားနည်းနေမည် ဖြစ်ရာ လုမိသားစု၏ ခြုံခိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါတွင် ဖုန်းရွှယ်သည် အတော်လေး အကျပ်အတည်း ကြုံခဲ့ရသည်။

သူတို့လူစုက လုမိသားစု၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြပြီး လာရာလမ်းအတိုင်း နောက်ဆုတ်၍ ထွက်ပြေးလာခဲ့ကြသည်။

သို့သော် သူတို့သည် ဖုန်းမိသားစုသို့ ပြန်ရောက်လာသောအခါတွင် ဖုန်းရန်ဟွာသည် ဖုန်းမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းပြီးသွားပြီဟု ပြောနေခဲ့၏။

ထိုအကြောင်းကိုသာ ကြိုသိခဲ့လျှင် သူက ဖုန်းမိသားစု စံအိမ်တွင်သာ နာခံမှုရှိစွာ နေရစ်ခဲ့လိမ့်မည် ဖြစ်ပြီး လုမိသားစု၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်စရာပင် လိုအပ်တော့မည် မဟုတ်ချေ။

ဖုန်းရွှယ်က တဒင်္ဂအတွေးများ ပျံ့လွင့်သွားသောကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ ဒဏ်ရာများကို ဆက်လက် ဖိနှိပ်နိုင်စွမ်းမရှိတော့ပေ။

သူက ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီးနောက်တွင် ခန္ဓာကိုယ်က မြေပြင်ထက်သို့ လဲကျသွားခဲ့သည်။

“မမျှော်လင့်ဘဲ ဖုန်းရွှယ်တို့က လျှို့ဝှက်လမ်းကြောင်းရဲ့ ထွက်ပေါက်မှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်”

ဖုန်းရွှယ်၏ အခြေအနေဆိုးရွားမှုကို မြင်လျှင် ဖုန်းရန်ဟွာသည် ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။

“တော်သေးတာက ငါတို့ ဖုန်းမိသားစုမှာ ကောင်းကင်ကို ဆန့်ကျင်နေတဲ့ ပါရမီရှင်တစ်ယောက် ရှိနေခဲ့တာပဲ”

အကြီးအကဲချုပ် ဖြစ်သည့် ဆံဖြူအဘိုးအိုက မချိပြုံး ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“သူတို့ကို ကုသဖို့ သယ်သွားလိုက်.. ငါတို့အရင်ဆုံး အစည်းအဝေးခန်းမထဲမှာ ဆွေးနွေးကြမယ်”

ဖုန်းရန်ဟွာက အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ကာ ဖုန်းမိသားစုဝင်များကို အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် သူက အကြီးအကဲများကို အစည်းအဝေးခန်းမသို့ ဆင့်ခေါ်ကာ လုမိသားစုကို အမြစ်ပြတ်ချေမှုန်းရန် အတွက် ဆွေးနွေးခဲ့၏။

ဆွေးနွေးမှု ပြီးစီးပြီးနောက်တွင် ဖုန်းမိသားစုသည် လေအေးမြို့ရှိ လုမိသားစု ပိုင်ဆိုင်သော လုပ်ငန်းများကို တိုက်ခိုက်ရန်အတွက် လူများကို လျင်မြန်စွာ စေလွှတ်ခဲ့သည်။

တစ်ခဏအတွင်းမှာပင် လေအေးမြို့တော်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။

လုမိသားစုသည် ခေါင်းဆောင်ဖြစ်သည့် လုရှင်း မရှိတော့၍ ဝါးအစီးပြေ သကဲ့သို့ ဖြစ်နေခဲ့ရာ ဖုန်းမိသားစု၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။

နှစ်ရက်ပင် မကြာလိုက်ဘဲ ဖုန်းမိသားစုသည် လုမိသားစု၏ ပိုင်ဆိုင်မှု အများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး လေအေးမြို့တော်၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာခဲ့သည်။

ထိုကိစ္စများနှင့် ပတ်သက်၍ ကျန်းချန်သည် သဘာဝကျစွာပင် ဂရုမစိုက်ခဲ့ပေ။

သူက ဖုန်းမိသားစု၏ အခက်အခဲကို ကူညီဖြေရှင်းပြီးနောက်တွင် သူ့မိခင်နှင့် ပတ်သက်သည့်ကိစ္စကို ဖုန်းမိသားစုထံမှ သိရရန်အတွက် သတင်း စောင့်ဆိုင်းနေခဲ့သည်။

သုံးရက်ခန့် ကြာပြီးနောက်တွင် ဖုန်းမိသားစု၏ ခေါင်းဆောင် ဖုန်းထျန်းချီသည် အဆုံးသတ်တွင် ကျန်းချန်ဆီသို့ လူကိုယ်တိုင် လာရောက် တွေ့ဆုံခဲ့၏။

“ခေါင်းဆောင်ဖုန်း...ကျွန်တော် စုံစမ်းခိုင်းထားတဲ့သတင်း ရပြီလား”

သူ့ရှေ့မှ ဖုန်းထျန်းချီကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဖုန်းထျန်းချီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. မင်းရှာနေတဲ့လူက ဟန်ယွဲ့နန်းတော်မှာ ရှိနေတယ်ဆိုတာ တကယ်ရော သေချာရဲ့လား”

“သေချာပါတယ် ကျွန်တော် ဒီသတင်းကို ထျန်းကျီမျှော်စင်ကနေ ရခဲ့တာပါ”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်ဖုန်းရဲ့ စကားအရဆိုရင် ကျွန်တော်ရှာနေတဲ့လူက ဟန်ယွဲ့နန်းတော်မှာ ရှိမနေတာလား”

“ထျန်းကျီမျှော်စင်က သတင်းဆိုရင်တော့ မမှားလောက်ဘူးထင်တယ်”

ဖုန်းထျန်းချီက အနည်းငယ် တွေဝေသွားပြီးမှ ချက်ချင်းဆိုသလိုပင် တောင်းပန်သော အမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် ငါတောင်းပန်ပါတယ်.. ငါတို့ ဖုန်းမိသားစုရဲ့ အင်အားကို အစွမ်းကုန် အသုံးပြုခဲ့ပေမဲ့ ဟန်ယွဲ့နန်းတော်မှာ ကျီဝူရွှယ်လို့ အမည်ရတဲ့လူကို တစ်ယောက်မှ ရှာမတွေ့ခဲ့ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် အနည်းငယ် မသာမယာ ဖြစ်သွားခဲ့သည်။

All Chapters