အခန်း (၁၈၀၅)
Vol. 120 Ch. 1805
“ခေါင်းဆောင်ဖုန်း ကျွန်တော်ရှာနေတဲ့လူက ဟန်ယွဲ့နန်းတော်မှာ မရှိဘူးဆိုတာ သေချာရဲ့လား”
ကျန်းချန်က မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ထျန်းကျီမျှော်စင်က ကမ္ဘာပေါ်ရှိ အရာအားလုံးကို သိသည်ဟု ကြွေးကြော်ထား၍ ထျန်းကျီမျှော်စင်မှ ရောင်းသော သတင်းသည် မှားယွင်းရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သို့ဆိုလျှင် ဖုန်းမိသားစုက သူ့အမေ ကျီဝူရွှယ်၏ သတင်းကို ဟန်ယွဲ့နန်းတော်တွင် စုံစမ်း၍ မရသည်မှာ အဘယ်ကြောင့်နည်း။
“မိတ်ဆွေလေးကျန်းချန်.. ငါဒါကိုတော့ အတိအကျမပြောနိုင်ဘူး.. ဘာလို့လည်းဆိုတော့ ဖုန်းမိသားစုရဲ့ စွမ်းရည်နဲ့ဆိုရင် ဟန်ယွဲ့နန်းတော်မှာ ပုံမှန် မှတ်တမ်းတင်ထားတဲ့ လူတွေအကြောင်းကိုသာ မေးမြန်းနိုင်လို့ပဲ.. လူတချို့ရဲ့ အချက်အလက်တွေကိုတော့ ဖုန်းမိသားစုက မမေးမြန်းနိုင်ဘူး.. ဥပမာပြောရရင် ဂိုဏ်းခွဲတွေကို ရောက်ရှိလာတဲ့ တပည့်အသစ်တွေက နာမည်မကြီးသေးတဲ့အတွက် လူသိအရမ်းနည်းတယ်.. ဂိုဏ်းမှာ ပြုလုပ်ကျင်းပတဲ့ပြိုင်ပွဲတွေကို ဝင်ရောက်ဆင်နွှဲပြီးမှသာ သူတို့တွေက ဟန်ယွဲ့နန်းတော်မှာ တောက်ပလာပြီး လူသိများလာကြတယ်.. ဒါ့အပြင် ဟန်ယွဲ့နန်းတော်မှာ ပေါ်ပေါ်ထင်ထင် မနေတဲ့ ကျင့်ကြံသူ တချို့လည်း ရှိပြီး ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေပဲ သူတို့ကို သိကြတယ်”
ဖုန်းထျန်းချီက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ကျန်းချန်ကို ရှင်းပြလိုက်သည်။
ကျန်းချန်က ခဏမျှ စဥ်းစားဟန်ပြုလိုက်ပြီးမှ ဖုန်းထျန်းချီကို ပြောလိုက်၏။
“ခေါင်းဆောင်ဖုန်း.. ကျွန်တော် ဟန်ယွဲ့နန်းတော်ကို ကိုယ်တိုင်သွားပြီး စုံစမ်းချင်တယ်.. ဟန်ယွဲ့နန်းတော်ထဲ ဝင်ခွင့်ရဖို့အတွက် ခေါင်းဆောင်ဖုန်းဆီမှာ နည်းလမ်းရှိလား”
“ရှိပါတယ်.. မိတ်ဆွေလေးကျန်းချန်”
ဖုန်းထျန်းချီက ပြုံး၍ ပြောလိုက်သည်။
“ဟန်ယွဲ့နန်းတော်က နှစ်အနည်းငယ်တိုင်းမှာ တပည့်အသစ်တွေကို ခေါ်ယူလေ့ရှိတယ်.. ကျွန်တော်တို့ ဖုန်းမိသားစုက လူအနည်းငယ်ကို ဟန်ယွဲ့နန်းတော်ဆီ ကျင့်ကြံဖို့ စေလွှတ်နိုင်တယ်.. ဒါပေမဲ့ နောက်တစ်ကြိမ် ဟန်ယွဲ့နန်းတော်ရဲ့ တပည့်သစ် ခေါ်ယူဖို့အတွက်က ၁နှစ်ကျော်ကျော်လောက် ကြာပါဦးမယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
“၁နှစ်က အရမ်းကြာလွန်းတယ်.. ခေါင်းဆောင်ဖုန်း.. ဟန်ယွဲ့နန်းတော်ထဲဝင်ဖို့ တခြားနည်းလမ်းတွေရော ရှိသေးလား”
“မိတ်ဆွေလေး ကျန်းချန် မစောင့်ဆိုင်းချင်ဘူး ဆိုရင်တော့ ဟန်ယွဲ့မြို့ကို သွားရလိမ့်မယ်.. ဟန်ယွဲ့မြို့မှာ ဟန်ယွဲ့နန်းတော်အတွက် ဧည့်သည် အကဲဖြတ် စစ်ဆေးမှုရှိတယ်.. ဒီအကဲဖြတ်စစ်ဆေးမှုကို အောင်မြင်သရွေ့ မိတ်ဆွေလေးကျန်းချန်က ဟန်ယွဲ့နန်းတော်ကို ဝင်ရောက်နိုင်ပြီး ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်သည် ဖြစ်လာနိုင်တယ်.. မိတ်ဆွေလေး ကျန်းချန်ရဲ့ ခွန်အားနဲ့ဆိုရင် ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်သည် ဖြစ်ဖို့က ပြဿနာရှိမှာ မဟုတ်ဘူး”
“ဒီလိုဆီ ကျွန်တော် ဟန်ယွဲ့နန်းတော်ဆီ ခရီးထွက်တော့မယ် ခေါင်းဆောင်ဖုန်း”
ထိုစကားကိုကြားလျှင် ဖုန်းထျန်းချီက “ဖုန်း”ဟူသော စာလုံး ထွင်းထားသည့် တံဆိပ်ပြားတစ်ခုကို ကျန်းချန်ထံ ကမ်းပေးလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ငါ့ရဲ့ ထောက်ခံချက် တံဆိပ်ပြားနဲ့ဆိုရင် မင်းအတွက် အခက်အခဲတွေ များစွာ သက်သာသွားလိမ့်မယ်”
“ခေါင်းဆောင်ဖုန်းကို ကျေးဇူးတင်ပါတယ်.. နောက်မှပဲ ကျွန်တော်တို့ ထပ်တွေ့ကြတာပေါ့”
ကျန်းချန်က တံဆိပ်ပြားကို လက်ခံရယူပြီးနောက်တွင် ဖုန်းထျန်းချီကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
ထို့နောက်တွင် မည်သူ့ကိုမှ နှုတ်မဆက်တော့ဘဲ လေအေးမြို့တော်ကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။
ဟန်ယွဲ့မြို့သည် ဟန်ယွဲ့နယ်မြေဗဟိုရှိ အခမ်းနားဆုံးမြို့ ဖြစ်ပြီး ဟန်ယွဲ့နန်းတော်ကနေ ထိန်းချုပ်ထားသော မြို့တစ်မြို့ဆိုလည်း မမှားပေ။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်သည် ဟန်ယွဲ့မြို့သို့ ချောမွေ့စွာ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က အဝေးကနေ လှမ်းကြည့်လိုက်သောအခါ လရောင်ဖြင့် လွှမ်းခြုံထားသော မြို့တစ်မြို့ကို တွေ့လိုက်ရ၏။
မြို့တော်ကို ချဥ်းကပ်လာသည်နှင့်အမျှ သူက မြို့တော်၏ ခမ်းနားသော အရှိန်အဝါကို ခံစားမိခဲ့သည်။
ဟန်ယွဲ့မြို့တော်၏ မြို့ဂိတ်တံခါးသို့ ရောက်ရှိလာပြီးနောက်တွင် ရှည်လျားစွာ တန်းစီနေသော လူတန်းရှည်ကြီးအား တွေ့လိုက်ရ၏။
ဟန်ယွဲ့မြို့တော်က အလွန်တရာ စည်ကားလျက် ရှိသည်ကို တွေ့ရပြီးနောက်တွင် ကျန်းချန်သည် မြို့ထဲသို့ ဝင်ရောက်ရန်အတွက် လူတန်းရှည်ကြီး၏ နောက်တွင် တိတ်တဆိတ်ဝင်ရောက် တန်းစီလိုက်သည်။
“ဝေါင်း..”
ကျန်းချန် ဝင်ရောက်တန်းစီပြီး သိပ်မကြာမီမှာပင် အနောက်ဘက်ကနေ ကျယ်လောင်သော ဟိန်းဟောက်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုဟိန်းဟောက်သံက တန်းစီနေသူများကိုပင် တုန်ယင်သွားစေခဲ့၏။
ကျန်းချန်က နောက်သို့လှည့်ကြည့်လိုက်ရာ ကျားပုံသဏ္ဌာန် မွန်းစတားနှစ်ကောင် ဆွဲထားသော မြင်းရထားတစ်စီးသည် အရှိန်အဟုန်ဖြင့် မြို့ဂိတ်တံခါး ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
“ဒါက ပိုင်မိသားစုရဲ့ မြင်းရထားပဲ"
"မြင်းရထားပေါ်က အဖြူရောင်ဝတ်စုံဝတ် လူငယ်က ပိုင်မိသားစုရဲ့ ပါရမီရှင် ပိုင်ရှင်းကျန့် မဟုတ်လား”
ထိုအချိန်တွင် မြင်းရထားထဲရှိ အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အောက်ဘက်သို့ မထီမဲ့မြင်ပြုံးကာ ငုံ့ကြည့်လိုက်သည်။
မြင်းရထားက ကျန်းချန်တို့၏ ဦးခေါင်းအထက်ကနေ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး ဟန်ယွဲ့မြို့၏ ဂိတ်တံခါးဆီသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။
မြင်းရထားက တန်းစီစရာပင် မလိုအပ်ဘဲ မြို့ဂိတ်တံခါး ထဲသို့ ဝင်ရောက်သွားသော်လည်း တန်းစီနေသူ အားလုံးသည် လုံးဝ စောဒက တက်ရဲခြင်းမရှိပေ။
မိနစ်(၃၀)ခန့် တန်းစီစောင့်ဆိုင်းပြီးနောက်တွင် အဆုံးသတ်၌ ကျန်းချန်၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။
ကျန်းချန်က အဆင့်မြင့် နတ်ခရစ္စတယ် ၁၀၀ ကို ဝင်ကြေးအဖြစ် ပေးဆောင်ကာ ဟန်ယွဲ့မြို့တော် ထဲသို့ ဝင်ရောက်သွားခဲ့သည်။
မြို့တော်ထဲသို့ ရောက်သည်နှင့် ခမ်းနားသော အဆောက်အဦးများ၊ နန်းတော်များ၊ စိတ်ဝိညာဥ် အိမ်မွေးသားရဲ အဆီအနှစ်များနှင့် ပျံသန်းနိုင်သော အသုံးအဆောင် အားလုံးသည် ကျန်းချန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။
ဤမျှစည်ကားလှသော မြင်ကွင်းသည် ကျန်းချန်ကို တစ်ခဏမျှ မှင်တက်သွားစေခဲ့၏။
အခန်း(၁၈၀၅)ပြီး၏။
အခန်း(၁၈၀၆)
ကျန်းချန်က သူ၏ရှေ့မှ အခြေအနေကိုကြည့်ကာ မှင်တက်ရာကနေ ခဏအကြာမှ သတိပြန်ဝင်လာခဲ့သည်။
သံသယဖြစ်စရာ မလိုလောက်အောင်ပင် သူ၏ ရှေ့မှ ဟန်ယွဲ့မြို့သည် နတ်ဘုရားနယ်မြေတွင် သူရောက်ဖူးသမျှ မြို့များထဲ၌ အချမ်းသာဆုံးမြို့ ဖြစ်သည်မှာ သေချာ၏။
နန်လီနယ်မြေရှိ နန်လီမြို့ပင်လျှင် ဟန်ယွဲ့မြို့နှင့် နှိုင်းယှဥ်၍ မရနိုင်ချေ။
ကျန်းချန်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ဟန်ယွဲ့နန်းတော်၏ ဧည့်သည် အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ရန် အလျင်မလိုဘဲ ဟန်ယွဲ့မြို့ကို အရင်ဦးဆုံး လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။
မကြာခင်မှာပင် ကျန်းချန်သည် ဟန်ယွဲ့မြို့၏ အလွန်စည်ကားသော နေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် လူအသွားအလာ များပြားရုံသာမက ဆိုင်ခန်းအများအပြားနှင့် ခန်းမများလည်း ရှိ၏။
ကျန်းချန်က အနည်းငယ် အကဲခတ်လိုက်ရာ လျှို့ဝှက်နည်းစနစ်များ၊ ဝိညာဥ်ဆေးဝါးများ၊ မှော်လက်နက်များနှင့် အခြားအရာများကို ရောင်းချနေသည့်ဆိုင်များ ရှိနေသည်ကို တွေ့လိုက်ရသည်။
သို့ရာတွင် ဆိုင်အများစုတွင် ရောင်းချသော ပစ္စည်းအရေအတွက်သည် အရမ်းကြီး မမြင့်မားဘဲ အမြင့်ဆုံးအဆင့်မှာ ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိသည်။
မှန်ပါသည်။ ပို၍ ကြီးသော ဆိုင်တချို့တွင်မူ နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်များနှင့် မှော်ရတနာများ
ရှိကောင်း ရှိနိုင်လောက်၏။
သို့သော်လည်း ထိုမှော်ရတနာများသည် အလွန်တရာ စျေးကြီးရုံသာမက နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်သည်လည်း သာမန် နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်သာလျှင် ဖြစ်၏။
ကျန်းချန်က လမ်းမပေါ်တွင် ခဏမျှ လှည့်လည်သွားလာပြီးနောက်တွင် အလွန်ခမ်းနားစွာ အလှဆင်ထားသော ခန်းမတစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုခန်းမ၏ အထက်တွင် မည်သည့် သတ္တုပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော ဆိုင်းဘုတ်တစ်ခု ရှိ၏။
ထိုဆိုင်းဘုတ်ပေါ်တွင် ကြယ်၇ပွင့် ပစ္စည်းသန့်စင်ခန်းမဟူသော စာသားကို ထွင်းထုထားပြီး ထိုစာသားကနေ ခမ်းနားသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
“ဒါက မှော်ပစ္စည်းတွေ ပြုလုပ် သန့်စင်တဲ့နေရာ ဖြစ်မယ်ထင်တယ်”
ကျန်းချန်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ခန်းမအတွင်းသို့ ဝင်ရောက်ကာ ပျံသန်းသည့် မှော်ရတနာတစ်မျိုးကို သန့်စင်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
တကယ်တမ်းတွင် မဟာမြေရိုင်းနယ်မြေသည် အလွန်တရာကျယ်ပြောလှပြီး အင်အားကြီးမားသော ကျင့်ကြံသူ ဖြစ်လျှင်ပင် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် မလွယ်ကူပေ။
ဤတစ်ကြိမ် နန်လီနယ်မြေမှ ဟန်ယွဲ့နယ်မြေသို့ ခရီးထွက်လာရာတွင် လမ်းတစ်လျှောက်၌ မရပ်မနား ခရီးဆက်ခဲ့သည့်တိုင် လဝက်ကျော် ကြာမြင့်ခဲ့သည်။
သူ့တွင် အသက်သစ်ကိုင်း ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်မှ ကုန်ခမ်းသွားသော စွမ်းအားများကို လျင်မြန်စွာ ဖြည့်တင်းနိုင်ရုံ မျှသာ တတ်နိုင်ခဲ့၏။
သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသာဆိုလျှင် ကျန်းချန်ကဲ့သို့ မရပ်မနား ခရီးဆက်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
၎င်းတို့သာ နန်လီနယ်မြေမှ ဟန်ယွဲ့နယ်မြေသို့ ခရီးထွက်မည်ဆိုလျှင် ကျန်းချန်ထက် ပို၍ ကြာမြင့်လိမ့်မည် ဖြစ်၏။
ထို့ကြောင့် ခရီးသွားလာရန်အတွက် ပျံသန်းသည့် ကိရိယာတစ်ခုကို ပိုင်ဆိုင်ထားခြင်းသည် မဟာမြေရိုင်းနယ်မြေတွင် မရှိမဖြစ် လိုအပ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
တကယ်တမ်းတွင် ကျန်းချန်၏ လက်ထဲ၌ ပျံသန်းသည့် မှော်ရတနာတစ်ခု ရှိနှင့်ပြီးသား ဖြစ်ပြီး ၎င်းမှာ ထာဝရဟင်းလင်းပြင်တွင် မောင်းနှင်ခဲ့သည့် ဟင်းလင်းပြင်လှေပင် ဖြစ်သည်။
ဟင်းလင်းပြင်လှေသည် ထာဝရဟင်းလင်းပြင်တွင် မောင်းနှင်နိုင်ပြီး နယ်မြေများကြားတွင် ပျံသန်းရန် မခက်ခဲပေ။
သို့ရာတွင် ဟင်းလင်းပြင်လှေကို မောင်းနှင်ရာတွင် နတ်ခရစ္စတယ် အများအပြားကို အသုံးပြုရန် လိုအပ်၏။
တချို့မှော်ရတနာများဆိုလျှင် မည်သည့် စွမ်းအင်ကိုမှ အသုံးပြုစရာ မလိုအပ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ စွမ်းရည်ဖြင့် တိုက်ရိုက် ပျံသန်းနိုင်စွမ်းရှိသည်။
ထို့ကြောင့် ဟင်းလင်းပြင်လှေကို အသုံးပြု၍ ပျံသန်းခြင်းသည် အလွန်အမင်း အကုန်အကျများသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
ကြယ်၇ပွင့် ပစ္စည်းသန့်စင်ခန်းမသို့ ဝင်ရောက်လာပြီးနောက်တွင် ငယ်ရွယ်သော ပန်းပဲဆရာတစ်ဦးက ကျန်းချန်ကို ပြုံးရွှင်စွာ မေးလိုက်သည်။
“ညီနောင် ဘာအလိုရှိပါသလဲ”
“ပျံသန်းနိုင်တဲ့ ရတနာတစ်ခုကို ပြုလုပ်ချင်ပါတယ်”
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လူငယ်က စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်ကာ ကျန်းချန်ကို စာလိပ်၏ အကြောင်းအရာများအား ရှင်းပြလိုက်သည်။
“ဒီစာလိပ်ထဲမှာ ကျွန်တော်တို့ ကြယ်၇ပွင့် ပစ္စည်းသန့်စင်ခန်းမက ပြုလုပ်ပေးနိုင်တဲ့ ပျံသန်းနိုင်တဲ့ မှော်ရတနာအမျိုးအစားတွေ ပါဝင်တယ်.. ညီနောင်အနေနဲ့ ကိုယ်ပြုလုပ်ချင်တဲ့ ရတနာကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်.. ဒါပေမဲ့ အဆင့်မြင့် မှော်ရတနာ တချို့အတွက်ကတော့ အဓိကပစ္စည်းတွေကို ကိုယ်တိုင် ရှာဖွေပေးဖို့ လိုအပ်တယ်”
ကျန်းချန်က လူငယ်၏ လက်ထဲမှ စာလိပ်ကို ကြည့်လိုက်ရာ စာလိပ်ပေါ်တွင် ပျံသန်းနိုင်သော မှော်ရတနာ ဒါဇင်ပေါင်းများစွာကို မှတ်တမ်းတင်ထားသည်အား တွေ့ရှိခဲ့သည်။
မှော်ရတနာ တစ်ခုချင်းစီတွင်လည်း အသေးစိတ် ရှင်းပြချက်များ ပါရှိနေခဲ့၏။
“အဆင့်နိမ့် ပျံသန်းခြင်းရတနာဖြစ်တဲ့ ဆန်းကြယ် သံမဏိလှေပျံက ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူရဲ့ အမြန်နှုန်းနဲ့ ညီမျှပြီး ကုန်ကျစရိတ်က အဆင့်မြင့် နတ်ခရစ္စတယ် ၈သန်းဖြစ်တယ်.. အလယ်အလတ်အဆင့် ပျံသန်းခြင်းလှေဖြစ်တဲ့ ခရမ်းရောင်လျှပ်စစ် လေမိုးကြိုးယာဥ်ပျံက ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူရဲ့ အမြန်နှုန်းနဲ့ ညီမျှတယ် ဒါ့အပြင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိပြီး ကုန်ကျစရိတ်ကတော့ အဆင့်နိမ့် နတ်ခရစ္စတယ်သန်း ၅၀ ဖြစ်တယ်.. အဆင့်မြင့်ပျံသန်းခြင်း မှော်ရတနာဖြစ်တဲ့ အဆုံးမဲ့နတ်သင်္ဘောက ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူရဲ့ အမြန်နှုန်းနဲ့ ညီမျှပြီး ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိတယ်.. ကုန်ကျစရိတ်က အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၁၀၀ ဖြစ်တယ်.. ဒါ့အပြင် ကြယ်ဥက္ကာခဲကို ယူလာပေးဖို့လည်း လိုအပ်တယ်”
“..........”