← Chapters

အခန်း (၁၈၀၆)

Vol. 121 Ch. 1806

အခန်း (၁၈၀၆)

Vol. 121 Ch. 1806

ကျန်းချန်က သူ၏ရှေ့မှ အခြေအနေကိုကြည့်ကာ မှင်တက်ရာကနေ ခဏအကြာမှ သတိပြန်ဝင်လာခဲ့သည်။

သံသယဖြစ်စရာ မလိုလောက်အောင်ပင် သူ၏ ရှေ့မှ ဟန်ယွဲ့မြို့သည် နတ်ဘုရားနယ်မြေတွင် သူရောက်ဖူးသမျှ မြို့များထဲ၌ အချမ်းသာဆုံးမြို့ ဖြစ်သည်မှာ သေချာ၏။

နန်လီနယ်မြေရှိ နန်လီမြို့ပင်လျှင် ဟန်ယွဲ့မြို့နှင့် နှိုင်းယှဥ်၍ မရနိုင်ချေ။

ကျန်းချန်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ဟန်ယွဲ့နန်းတော်၏ ဧည့်သည် အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ရန် အလျင်မလိုဘဲ ဟန်ယွဲ့မြို့ကို အရင်ဦးဆုံး လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။

မကြာခင်မှာပင် ကျန်းချန်သည် ဟန်ယွဲ့မြို့၏ အလွန်စည်ကားသော နေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် လူအသွားအလာ များပြားရုံသာမက ဆိုင်ခန်းအများအပြားနှင့် ခန်းမများလည်း ရှိ၏။

ကျန်းချန်က အနည်းငယ် အကဲခတ်လိုက်ရာ လျှို့ဝှက်နည်းစနစ်များ၊ ဝိညာဥ်ဆေးဝါးများ၊ မှော်လက်နက်များနှင့် အခြားအရာများကို ရောင်းချနေသည့်ဆိုင်များ ရှိနေသည်ကို တွေ့လိုက်ရသည်။

သို့ရာတွင် ဆိုင်အများစုတွင် ရောင်းချသော ပစ္စည်းအရေအတွက်သည် အရမ်းကြီး မမြင့်မားဘဲ အမြင့်ဆုံးအဆင့်မှာ ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိသည်။

မှန်ပါသည်။ ပို၍ ကြီးသော ဆိုင်တချို့တွင်မူ နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်များနှင့် မှော်ရတနာများ

ရှိကောင်း ရှိနိုင်လောက်၏။

သို့သော်လည်း ထိုမှော်ရတနာများသည် အလွန်တရာ စျေးကြီးရုံသာမက နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်သည်လည်း သာမန် နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်သာလျှင် ဖြစ်၏။

ကျန်းချန်က လမ်းမပေါ်တွင် ခဏမျှ လှည့်လည်သွားလာပြီးနောက်တွင် အလွန်ခမ်းနားစွာ အလှဆင်ထားသော ခန်းမတစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုခန်းမ၏ အထက်တွင် မည်သည့် သတ္တုပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော ဆိုင်းဘုတ်တစ်ခု ရှိ၏။

ထိုဆိုင်းဘုတ်ပေါ်တွင် ကြယ်၇ပွင့် ပစ္စည်းသန့်စင်ခန်းမဟူသော စာသားကို ထွင်းထုထားပြီး ထိုစာသားကနေ ခမ်းနားသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

“ဒါက မှော်ပစ္စည်းတွေ ပြုလုပ် သန့်စင်တဲ့နေရာ ဖြစ်မယ်ထင်တယ်”

ကျန်းချန်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ခန်းမအတွင်းသို့ ဝင်ရောက်ကာ ပျံသန်းသည့် မှော်ရတနာတစ်မျိုးကို သန့်စင်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

တကယ်တမ်းတွင် မဟာမြေရိုင်းနယ်မြေသည် အလွန်တရာကျယ်ပြောလှပြီး အင်အားကြီးမားသော ကျင့်ကြံသူ ဖြစ်လျှင်ပင် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် မလွယ်ကူပေ။

ဤတစ်ကြိမ် နန်လီနယ်မြေမှ ဟန်ယွဲ့နယ်မြေသို့ ခရီးထွက်လာရာတွင် လမ်းတစ်လျှောက်၌ မရပ်မနား ခရီးဆက်ခဲ့သည့်တိုင် လဝက်ကျော် ကြာမြင့်ခဲ့သည်။

သူ့တွင် အသက်သစ်ကိုင်း ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်မှ ကုန်ခမ်းသွားသော စွမ်းအားများကို လျင်မြန်စွာ ဖြည့်တင်းနိုင်ရုံ မျှသာ တတ်နိုင်ခဲ့၏။

သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသာဆိုလျှင် ကျန်းချန်ကဲ့သို့ မရပ်မနား ခရီးဆက်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

၎င်းတို့သာ နန်လီနယ်မြေမှ ဟန်ယွဲ့နယ်မြေသို့ ခရီးထွက်မည်ဆိုလျှင် ကျန်းချန်ထက် ပို၍ ကြာမြင့်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် ခရီးသွားလာရန်အတွက် ပျံသန်းသည့် ကိရိယာတစ်ခုကို ပိုင်ဆိုင်ထားခြင်းသည် မဟာမြေရိုင်းနယ်မြေတွင် မရှိမဖြစ် လိုအပ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

တကယ်တမ်းတွင် ကျန်းချန်၏ လက်ထဲ၌ ပျံသန်းသည့် မှော်ရတနာတစ်ခု ရှိနှင့်ပြီးသား ဖြစ်ပြီး ၎င်းမှာ ထာဝရဟင်းလင်းပြင်တွင် မောင်းနှင်ခဲ့သည့် ဟင်းလင်းပြင်လှေပင် ဖြစ်သည်။

ဟင်းလင်းပြင်လှေသည် ထာဝရဟင်းလင်းပြင်တွင် မောင်းနှင်နိုင်ပြီး နယ်မြေများကြားတွင် ပျံသန်းရန် မခက်ခဲပေ။

သို့ရာတွင် ဟင်းလင်းပြင်လှေကို မောင်းနှင်ရာတွင် နတ်ခရစ္စတယ် အများအပြားကို အသုံးပြုရန် လိုအပ်၏။

တချို့မှော်ရတနာများဆိုလျှင် မည်သည့် စွမ်းအင်ကိုမှ အသုံးပြုစရာ မလိုအပ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ စွမ်းရည်ဖြင့် တိုက်ရိုက် ပျံသန်းနိုင်စွမ်းရှိသည်။

ထို့ကြောင့် ဟင်းလင်းပြင်လှေကို အသုံးပြု၍ ပျံသန်းခြင်းသည် အလွန်အမင်း အကုန်အကျများသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

ကြယ်၇ပွင့် ပစ္စည်းသန့်စင်ခန်းမသို့ ဝင်ရောက်လာပြီး‌နောက်တွင် ငယ်ရွယ်သော ပန်းပဲဆရာတစ်ဦးက ကျန်းချန်ကို ပြုံးရွှင်စွာ မေးလိုက်သည်။

“ညီနောင် ဘာအလိုရှိပါသလဲ”

“ပျံသန်းနိုင်တဲ့ ရတနာတစ်ခုကို ပြုလုပ်ချင်ပါတယ်”

ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လူငယ်က စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်ကာ ကျန်းချန်ကို စာလိပ်၏ အကြောင်းအရာများအား ရှင်းပြလိုက်သည်။

“ဒီစာလိပ်ထဲမှာ ကျွန်တော်တို့ ကြယ်၇ပွင့် ပစ္စည်းသန့်စင်ခန်းမက ပြုလုပ်ပေးနိုင်တဲ့ ပျံသန်းနိုင်တဲ့ မှော်ရတနာအမျိုးအစားတွေ ပါဝင်တယ်.. ညီနောင်အနေနဲ့ ကိုယ်ပြုလုပ်ချင်တဲ့ ရတနာကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်.. ဒါပေမဲ့ အဆင့်မြင့် မှော်ရတနာ တချို့အတွက်ကတော့ အဓိကပစ္စည်းတွေကို ကိုယ်တိုင် ရှာဖွေပေးဖို့ လိုအပ်တယ်”

ကျန်းချန်က လူငယ်၏ လက်ထဲမှ စာလိပ်ကို ကြည့်လိုက်ရာ စာလိပ်ပေါ်တွင် ပျံသန်းနိုင်သော မှော်ရတနာ ဒါဇင်ပေါင်းများစွာကို မှတ်တမ်းတင်ထားသည်အား တွေ့ရှိခဲ့သည်။

မှော်ရတနာ တစ်ခုချင်းစီတွင်လည်း အသေးစိတ် ရှင်းပြချက်များ ပါရှိနေခဲ့၏။

“အဆင့်နိမ့် ပျံသန်းခြင်းရတနာဖြစ်တဲ့ ဆန်းကြယ် သံမဏိလှေပျံက ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူရဲ့ အမြန်နှုန်းနဲ့ ညီမျှပြီး ကုန်ကျစရိတ်က အဆင့်မြင့် နတ်ခရစ္စတယ် ၈သန်းဖြစ်တယ်.. အလယ်အလတ်အဆင့် ပျံသန်းခြင်းလှေဖြစ်တဲ့ ခရမ်းရောင်လျှပ်စစ် လေမိုးကြိုးယာဥ်ပျံက ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူရဲ့ အမြန်နှုန်းနဲ့ ညီမျှတယ် ဒါ့အပြင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိပြီး ကုန်ကျစရိတ်ကတော့ အဆင့်နိမ့် နတ်ခရစ္စတယ်သန်း ၅၀ ဖြစ်တယ်.. အဆင့်မြင့်ပျံသန်းခြင်း မှော်ရတနာဖြစ်တဲ့ အဆုံးမဲ့နတ်သင်္ဘောက ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူရဲ့ အမြန်နှုန်းနဲ့ ညီမျှပြီး ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိတယ်.. ကုန်ကျစရိတ်က အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၁၀၀ ဖြစ်တယ်.. ဒါ့အပြင် ကြယ်ဥက္ကာခဲကို ယူလာပေးဖို့လည်း လိုအပ်တယ်”

“..........”

All Chapters