← Chapters

အခန်း (၁၈၀၉)

Vol. 121 Ch. 1809

အခန်း (၁၈၀၉)

Vol. 121 Ch. 1809

ကျန်းချန်က ပိုင်ရှင်းကျန့်ကို လျစ်လျူရှုကာ အခန်းအပြင်ဘက်သို့ လျှောက်လာခဲ့သည်။

“ဦးလေးဟဲ.. သူ့ကို ဖမ်းလိုက်”

“အမိန့်အတိုင်းပါ သခင်လေး”

ကျန်းချန်က သူ၏တည်ရှိမှုကို လျစ်လျူရှုလိုက်သည်အား မြင်လျှင် ပိုင်ရှင်းကျန့်၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

စကားဆုံးသည်နှင့် ပိုင်ရှင်းကျန့်၏ နံဘေးမှ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက တစ်ချက် လှုပ်ရှားလိုက်ရာ ကျန်းချန်၏ရှေ့တွင် တစ္ဆေတစ်ကောင် ကဲ့သို့ လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စက် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။

“ကောင်လေး.. ငါတို့သခင်လေးကို စော်ကားပြီးမှ ထွက်သွားချင်နေတယ်လား.. ငါတို့ ပိုင်မျိုးနွယ်စုကို မထီမဲ့မြင်လုပ်တဲ့အကျိုးဆက်ကို မင်းအခု ခံစားရလိမ့်မယ်”

ဟန်ယွဲ့နယ်မြေ၏ အင်အားကြီး ထိပ်တန်းမိသားစုထဲမှ တစ်စုအနေဖြင့် ပိုင်မိသားစုသည် နယ်မြေနတ်ဘုရား အင်အားစုနှစ်စု ဖြစ်သည့် ဟန်ယွဲ့နန်းတော်နှင့် အေးခဲမြစ်ဂိုဏ်း ပြီးလျှင် ဒုတိယနေရာ၌ ရှိသည်။

ယခုအခါတွင် ပိုင်မျိုးနွယ်စုမှ သခင်လေး ပိုင်ရှင်းကျန့်သည် ဟန်ယွဲ့နန်းတော်မှ အကြီးအကဲ တစ်ဦးကိုပင် ဆရာအဖြစ် တင်မြှောက်နိုင်ခဲ့ပြီ ဖြစ်၏။

ဆိုရလျှင် လက်ရှိအချိန်၌ ဟန်ယွဲ့နယ်မြေ တစ်ခုလုံးတွင် ပိုင်မိသားစုကို ရန်စရဲသူ အနည်းငယ်မျှသာ ရှိတော့သည်။

သို့သော်လည်း သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သခင်လေး ပိုင်ရှင်းကျန့်၏ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့သည်။

ထိုကောင်လေးကိုသာ ယနေ့တွင် ပညာမပေးခဲ့လျှင် သူတို့ ပိုင်မျိုးနွယ်စုကို အနိုင်ကျင့်၍ ရသည်ဟု တခြားသူများ ထင်သွားနိုင်သည် မဟုတ်ပါလော။

“ငါ့ရှေ့ကနေ ဖယ်စမ်း..”

ကျန်းချန်က သူ၏ရှေ့မှ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။

“ငါ့ကို ပိတ်ဆို့ရင် သေရလိမ့်မယ်”

“မလောက်လေး မလောက်စား ကောင်လေးကများ ငါ့ကိုရိုင်းပြရဲတယ်.. သွားသေလိုက်တော့”

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို အထင်သေးစွာ ပြုံး၍ ကြည့်လိုက်ပြီး သူ၏ အိုမင်းသော မျက်ဝန်းကနေ ကောင်းကင်ဘုံဓားကဲ့သို့ ထက်ရှသော အလင်းတန်းတစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ဓားဆန္ဒကို မျက်ဝန်းမှတစ်ဆင့် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

သူ၏ ဓားဆန္ဒစွမ်းအားသည် သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်ရန် လုံလောက်၏။

ထိုအချင်းအရာကို ကြည့်လျှင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ဓားလမ်းစဥ်တွင် မည်မျှ အောင်မြင်ပေါက်ရောက်ခဲ့သည်ကို သိနိုင်ပေ၏။

“ဒီနှစ်တွေအတွင်းမှာ ငါတို့ပိုင်မျိုးနွယ်စုရှေ့မှာ ဘယ်သူမှ မမောက်မာရဲဘူး မင်းက ပထမဆုံးပဲ”

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ထိုစကားကို တစ်လုံးချင်းပြောလိုက်သည်။

ပိုင်မိသားစုသည် ဓားလမ်းစဥ်ကို အထူးပြုသော မိသားစုဖြစ်သည်။

ပိုင်မိသားစု၏ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကျင့်ကြံသူအနေဖြင့် မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို၏ဓားလမ်းစဥ်ခွန်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။

“ဦးလေးဟဲက ဟန်ယွဲ့နယ်မြေက နာမည်ကျော် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်”

“တကယ်ကို သန်မာလွန်းတာပဲ”

ဆရာဝမ်က ကျန်းချန်ကို သနားစရာ သတ္တဝါတစ်ကောင် ကဲ့သို့ ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏အမြင်တွင် ဦးလေးဟဲ၏ရှေ့မှ ထိုလူငယ်သည် သေလူနှင့်မခြားတော့ပေ။

ပိုင်ရှင်းကျန့်က ကျန်းချန်ကို အထင်သေးစွာ ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။

ဦးလေးဟဲသည် ပိုင်မိသားစု၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူသုံးဦးထဲမှ တစ်ဦး ဖြစ်ပြီး သူ၏ခွန်အားဖြင့်ပင် ဦးလေးဟဲကို ယှဥ်နိုင်ရန် မဖြစ်နိုင်ပေ။

ဟန်ယွဲ့နယ်မြေ၏ ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်သည့်သူပင် ဦးလေးဟဲကို မယှဥ်နိုင်သည် ဖြစ်ရာ ထိုလူငယ်က မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

သို့သော်လည်း ထိုအချိန်မှာပင် သူတို့ကို အံ့အားသင့်စေမည့်မြင်ကွင်းသည် မျက်စိရှေ့မှာပင် ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ဦးလေးဟဲ၏ ဓားစွမ်းအင် ဖိအားအောက်တွင် လုံးဝ အထိအခိုက်မရှိခဲ့ဘဲ အေးအေးဆေး‌ဆေးသာ ရှိနေခဲ့သည်။

သူက ဦးလေးဟဲကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

“ပိုင်မိသားစုက ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားရဲ့ အစွမ်းက ဒီလောက်ပဲလား”

ထိုစကားကိုကြားလျှင် ဦးလေးဟဲ၏ တည်ကြည်သော မျက်နှာထက်တွင် အံ့သြသော အမူအရာသည် အဆုံးသတ်တွင် ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ခွန်အားဖြင့် စုစည်းထားသော ဓားလမ်းစဥ် ဖိအားသည် သာမန်ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားပင်လျှင် ခုခံရန်မလွယ်ကူပေ။

သို့သော်လည်း သူ၏ရှေ့မှ လူငယ်သည် အေးအေး‌ဆေးဆေးပင် ခုခံနိုင်ခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ဦးလေးဟဲသည် နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးဖြစ်၍ ထိတ်လန့်မသွားခဲ့ပေ။

“ကောင်လေး မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်လောက်တဲ့အထိ သန်မာသားပဲ.. မင်း မာန်တက်ရဲတာ အံ့သြစရာမရှိတော့ဘူး.. ဒါပေမဲ့ ပိုင်မိသားစုကို စော်ကားရဲမှတော့ မင်းကို ဘယ်သူမှ ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး”

စကားဆုံးသည်နှင့် ဦးလေးဟဲက သူ၏ ခန္ဓာကိုယ်မှ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး၏ ကမ္ဘာ့စွမ်းအားကို ချက်ချင်းဆိုသလို ထုတ်ဖော်ကာ ဓားစွမ်းအင်ကမ္ဘာ အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းက တည်ကြည်သွားခဲ့သည်။

သူက လက်ညှိုးကို အသာအယာ ဆန့်ထုတ်၍ ကြုံးဝါးလိုက်သည်။

“ပျက်စီးစမ်း..”

ကျန်းချန်က လက်ညှိုးကို အသာအယာသာ ဆန့်ထုတ်လိုက်သော်လည်း လက်ညှိုးကနေ ထွက်ပေါ်လာသော ဓားစွမ်းအားအရှိန်အဝါသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုဓားစွမ်းအားက ဦးလေးဟဲ၏ ဓားစွမ်းအင်ကမ္ဘာကို ချိုးဖျက်ပစ်လိုက်ရာ ဦးလေးဟဲသည် ခန္ဓာကိုယ် တုန်ယင်သွားခဲ့ပြီး ဖြူဖျော့သောမျက်နှာအမူအရာဖြင့် ခြေ၁၀လှမ်းခန့် နောက်ဆုတ်သွားခဲ့ရသည်။

သူ၏ ခြေလှမ်းများသည် ကြမ်းပြင်ပေါ်တွင် ကြီးမားသောအက်ကွဲကြောင်းများကိုပင် ဖြစ်ပေါ်စေခဲ့ဓ။

“ဒီကောင်လေးရဲ့ ခွန်အားက အရမ်းကို သန်မာတာပဲ”

ကျန်းချန်က ဦးလေးဟဲနှင့် ယှဥ်ပြိုင်နိုင်သည်ကိုမြင်လျှင် ဆရာဝမ်က အံ့သြထိတ်လန့်သွားခဲ့သည်။

ဦးလေးဟဲသည် ပိုင်မိသားစု၏ အကြီးအကဲ ဖြစ်ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

ထိုကောင်လေးက ငယ်ရွယ်ပုံရသော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်သော ခွန်အားရှိနေခဲ့၏။

ထိုအခြေအနေက သူ့ရှေ့မှ ကောင်လေး၏ ပါရမီသည် ပိုင်ရှင်းကျန့်ကဲ့သို့ ဟန်ယွဲ့ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ထက် မနိမ့်ကျဟု ဆိုလိုရာ‌ ရောက်နေသည် မဟုတ်ပါလော။

“နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်က သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါအစောကတည်းက မှန်းဆမိသင့်တယ်”

ဆရာဝမ်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက ပိုင်ရှင်းကျန့်ကို ခါးသီးစွာပြုံး၍ ပြောလိုက်၏။

“သခင်လေးပိုင်.. ကြယ်၇ပွင့် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမမှာ မတိုက်ခိုက်ဖို့ အတွက် တောင်းဆိုပါရစေ.. သခင်လေးတို့ နောက်ထပ် တိုက်ခိုက်မယ်ဆိုရင် ကျွန်တော့်ရဲ့ခန်းမတစ်ခုလုံး ပြိုကျသွားမှာကို စိုးရိမ်ရပါတယ်.. သခင်‌လေးအနေနဲ့ ကျွန်တော့်ကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်”

ကြယ်၇ပွင့် ပစ္စည်း ထုတ်လုပ်ရေးခန်းမကို အထူးနည်းစနစ်ဖြင့် တည်ဆောက်ထားပြီး ၎င်း၏ ကာကွယ်ရေး စွမ်းအားက အလွန်တရာပင် အားကောင်းသော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူ၏ရှေ့မှလူငယ်ကို ရှင်းလင်းရန်မှာ ပိုင်ရှင်းကျန့်တို့၏ ခွန်အားဖြင့်ဆိုလျှင် အလွန်တရာ လွယ်ကူလိမ့်မည်ဟု သူ မူလက ထင်ခဲ့သည်။

ထို့ကြောင့်လည်း ပိုင်ရှင်းကျန့်၏ နှစ်သက်မှုကို ရရှိရန်အတွက် ကျန်းချန်ကို ရောင်းစားရန် စီစဥ်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လျှော့တွက်ခဲ့မိမှန်း သူကောင်းစွာ သိလိုက်သည်။

ဤကောင်လေးသည် ပါရမီထူးကဲပြီး ပိုင်ရှင်းကျန့် ကဲ့သို့ပင် အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွင် ထူးခြားသော နောက်ခံများ ရှိမည်မှာ သေချာ၏။

ကြယ်၇ပွင့် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမသည် ဟန်ယွဲ့မြို့တွင် အကြီးဆုံး ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမ ဖြစ်ပြီး ဟန်ယွဲ့မြို့တွင် ကြီးမားသောခွန်အားနှင့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။

သို့သော်လည်း ပိုင်မိသားစုမှ ပိုင်ရှင်းကျန့်နှင့် သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ ကြယ်၇ပွင့်ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမမှ စော်ကား၍ ရသူများ မဟုတ်ပေ။

ထို့ကြောင့် ဆရာဝမ်သည် ဤကိစ္စတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိတော့ချေ။

“ဒီကောင်က ဘယ်သူများလဲ”

ကျန်းချန်ကို ကြည့်နေသော ပိုင်ရှင်းကျန့်၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ မြင်နိုင်စွမ်းအရ ကျန်းချန်၏ လက်ညှိုးမှ ဓားစွမ်းအားတွင် ကမ္ဘာ့စွမ်းအား ၅မျိုး ပေါင်းစပ်ထားသည်ကို မြင်နိုင်ရန် မခက်ခဲပေ။

ဆိုလိုသည်မှာ သူ၏ အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ့ထက်ပင် ကျင့်ကြံခြင်းအဆင့် မြင့်မားသည့် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေခဲ့သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် မဟာမြေရိုင်းပါရမီရှင် စာရင်းမှာပင် အဆင့်သတ်မှတ်ရန် လုံလောက်သော ပြိုင်ဘက်ကင်းပါရမီရှင်မျိုး ဖြစ်၏။

သူ၏ရှေ့မှ သူအထင်သေးမိခဲ့သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ထိုမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ပိုင်ရှင်းကျန့် တစ်ခါမှ မတွေးမိခဲ့ပေ။

All Chapters