← Chapters

အခန်း (၁၈၀၇)

Vol. 121 Ch. 1807

အခန်း (၁၈၀၇)

Vol. 121 Ch. 1807

ကျန်းချန်က စာလိပ်ပေါ်ရှိ ပျံသန်းနိုင်သော မှော်ရတနာများကို လျင်မြန်စွာ ကျော်ကြည့်လိုက်သည်။

သူ၏ အဆင့်အတန်းအရ အလယ်အလတ်အဆင့် ပျံသန်းနိုင်သော မှော်ရတနာများကိုပင် စိတ်မဝင်စားပေ။

ဆိုရလျှင် ကျန်းချန်သည် အဆင့်မြင့်ပျံသန်းနိုင်သော မှော်ရတနာတစ်ခုကို အလိုရှိနေခဲ့သည်။

သို့ရာတွင် အဆင့်မြင့်ပျံသန်းခြင်း မှော်ရတနာများကို ဖန်တီးရန်အတွက် အရေးကြီးဆုံး ပစ္စည်းများကို ကိုယ်တိုင် ရှာဖွေပေးရန် လိုအပ်၏။

စာလိပ်ကို ခဏမျှ ကြည့်ရှုပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် အောက်ဆုံးမှနေ၍ ရေတွက်လျှင် ဒုတိယနေရာရှိ ပျံသန်းခြင်းမှော်ရတနာ တစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။

အဆင့်မြင့် ပျံသန်းခြင်း မှော်ရတနာဖြစ်သည့် နဂါးအရိုးလှေ၏ အရှိန်အဟုန်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်ပြီး နယ်မြေနတ်ဘုရားအဆင့်အောက်ရှိ မည်သည့် တိုက်ခိုက်မှုကိုမဆို လျစ်လျူရှုနိုင်စွမ်းရှိသည်။

ထို့အပြင် နဂါးစွမ်းအားများ ကိန်းအောင်းနေသောကြောင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်အောက်ရှိ သားရဲအများစုကို ဆုတ်ခွာစေနိုင်စွမ်းလည်း ရှိ၏။

နဂါးအရိုးလှေကို ဖန်တီးရန်အတွက် အဓိကလိုအပ်သည့်ပစ္စည်းမှာ နဂါးအရိုးပင် ဖြစ်၏။

နဂါးအရိုးများကို နဂါးသွေး ပါဝင်သည့် သားရဲများအား အမဲလိုက်ခြင်းကနေ ရရှိနိုင်သည်။

နဂါးအရိုးလှေကို တည်ဆောက်ရန်အတွက် အနည်းဆုံးကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ရှိသည့် နဂါးအရိုးကိုလိုအပ်သည်။

ကျန်းချန်က မဟာနဂါးနန်းတော်တွင် ရရှိခဲ့သည့် ပစ္စည်းများထဲတွင် ဧရာမ နဂါးအရိုးတစ်ခု ပါဝင်ခဲ့၏။

ထိုနဂါးအရိုး၏ အဆင့်အတန်းက မည်မျှရှိသည်ကို သေချာမသိသော်လည်း ထိုနဂါးအရိုးသည် နတ်ဘုရင်အဆင့်အင်အားစုဖြစ်သည့် မဟာနဂါးနန်းတော်ထဲမှ ဖြစ်သောကြောင့် သာမန်အရာ တစ်ခု မဟုတ်သည်မှာ ထင်ရှားပြီး နဂါးအရိုးလှေကို တည်ဆောက်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေလိမ့်မည် ဖြစ်၏။

ထိုသို့တွေးမိသည်နှင့် ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ရှေ့မှ လူငယ်ကို ချက်ချင်းပင် ပြောလိုက်သည်။

“ငါနဂါးအရိုးလှေ တစ်ခု ပြုလုပ်ချင်ပါတယ်”

“အဆင့်မြင့် ပျံသန်းခြင်း မှော်ရတနာဖြစ်တဲ့ နဂါးအရိုးလှေကို ပြုလုပ်ဖို့အတွက် အနည်းဆုံး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် နဂါးအရိုးကို လိုအပ်တယ်.. ညီနောင်အနေနဲ့ နဂါးအရိုးလှေကို ပြုလုပ်ချင်တာ သေချာရဲ့လား”

ကျန်းချန်၏ စကားကိုကြားလျှင် လူငယ်က အံ့အားသင့်သွားခဲ့ပြီး သေချာအောင် ထပ်မံ မေးမြန်းလိုက်သည်။

နဂါးအရိုးလှေသည် အဆင့်မြင့်ပျံသန်းခြင်း မှော်ရတနာထဲမှာပင် အကောင်းဆုံးစာရင်းဝင် ဖြစ်ပြီး သာမန် ကျင့်ကြံသူများ တတ်နိုင်သည့်အရာ မဟုတ်ပေ။

အကြောင်းအရင်းမှာ နဂါးအရိုးလှေကို တည်ဆောက်ရန်အတွက် လိုအပ်သည့် ပစ္စည်းသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် နဂါးအရိုး ဖြစ်နေသောကြောင့်ပင်။

နတ်ဘုရားနယ်မြေတွင် နဂါးသားရဲများသည် အလွန်တရာပင် အစွမ်းထက်ပြီး အရှိန်အဝါကြီးကြသည်။

နဂါးသွေးပါဝင်သည့် သားရဲမျိုးစုသည် အဆင့်တူ အတွင်းတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၏။

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် နဂါးအရိုးကို ရရှိရန် အလွန်တရာ ခက်ခဲ၏။

ဤလူငယ်သည် နဂါးအရိုးလှေကို ပြုလုပ်ရန်အတွက် နဂါးအရိုးကို အမှန်တကယ် ထုတ်ပေးနိုင်သည်ဆိုလျှင် သာမန်မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ ၁၀မီတာ အရှည်ရှိသော နဂါးအရိုးကို သိုလှောင်လက်စွပ်ထဲကနေ ထုတ်ယူလိုက်သည်။

နဂါးအရိုး ထွက်ပေါ်လာသည်နှင့်အမျှ မျက်စိကျိန်းလောက်စရာ အနီရောင် အလင်းတန်းသည် တစ်ခန်းလုံးကို ချက်ချင်းပင် လင်းထိန်သွားစေခဲ့ပြီး ကြောက်မက်ဖွယ် မီးအရှိန်အဝါပါရှိသည့် နဂါးစွမ်းအားသည်လည်း အခန်းထဲတွင် ပျံ့နှံ့သွားခဲ့သည်။

“ဒါ.. ဒါက နယ်မြေနတ်ဘုရားအဆင့် နဂါးသားရဲရဲ့ အရိုးပဲ”

ကျန်းချန် ထုတ်ယူလိုက်သော နဂါးအရိုးကို မြင်လျှင် လူငယ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်နှာထက်တွင်လည်း အံ့သြထိတ်လန့်သော အမူအရာများက ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နဂါးအရိုးကို ထုတ်ပေးနိုင်ရုံသာမက ထိုအရိုး၏ အဆင့်အတန်းသည်နယ်မြေနတ်ဘုရား အဆင့် ဖြစ်နေခဲ့၏။

မီးစွမ်းအား အရှိန်အဝါများ ကိန်းအောင်းနေသည့် နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို သာမန် နယ်မြေနတ်ဘုရား အင်အားစုပင်လျှင် အလွယ်တကူ ရရှိနိုင်မည် မဟုတ်ပေ။

“ညီနောင် ပြုလုပ်မဲ့ပစ္စည်းက ကျွန်တော် ပြုလုပ်နိုင်တဲ့ဘောင်ကို ကျော်လွန်နေတဲ့အတွက် တစ်ခဏလောက် စောင့်ဆိုင်းပေးပါ.. ကျွန်တော့်ရဲ့အထက်က ခန်းမအကြီးအကဲကို သွားခေါ်လိုက်ပါဦးမယ်”

လူငယ်က မှင်တက်ရာကနေ ပြန်လည် အသိဝင်လာပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။

သူ၏လေသံအရ ကျန်းချန်ကို ယခင်ထက် ပိုမိုလေးစားမှုရှိလာသည်မှာ ထင်ရှားနေ၏။

နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို ထုတ်ပေးနိုင်သူသည် သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ပါမည်လော။

သူ၏ရှေ့မှ လူငယ်သည် အနည်းဆုံး နယ်မြေနတ်ဘုရားအင်အားစု တစ်ခုခု၏ ထိပ်တန်းပါရမီရှင် ဖြစ်နိုင်ဖွယ်ရှိသည်။

လူငယ်က ကျန်းချန် အနားယူရန်အတွက် အခန်းတစ်ခန်းသို့ အစေခံ တစ်ဦးအား ခေါ်သွားစေခဲ့ပြီး သူကမူ ခန်းမ၏ အကြီးအကဲကို သွားရောက် ရှာဖွေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြယ်၇ပွင့် ပစ္စည်းသန့်စင်ထုတ်လုပ်ရေးခန်းမရှိ ကျယ်ဝန်းသော အခန်းတစ်ခန်းထဲတွင် ဆံပင်နီ အဘိုးအိုတစ်ဦးသည် ထိုင်ခုံတွင် ထိုင်နေခဲ့သည်။

သူ၏ ဆန့်ကျင်ဘက်တွင်မူ မျက်နှာကြော ခပ်တင်းတင်းရှိသည့် အဖြူရောင်ဝတ်စုံဝတ်လူငယ် တစ်ဦး ထိုင်နေခဲ့၏။

ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်၏ အနောက်တွင် ထူးခြားသော ပုံပန်းသဏ္ဌာန် ရှိသည့် ပုဂ္ဂိုလ်သုံးဦးသည် ဟန်ပန်အပြည့်ဖြင့် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

အထူးသဖြင့် ထိုသုံးဦးထဲမှ မီးခိုးရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အရှိန်အဝါ ဖြစ်သည်။

ဤနေရာတွင် ကျန်းချန်သာ ရှိနေခဲ့လျှင် အဖြူရောင်ဝတ်စုံဝတ်လူငယ်က ပိုင်မိသားစုမှ ပိုင်ရှင်းကျန့် ဖြစ်သည်ကို မှတ်မိပေလိမ့်မည်။

“သခင်လေးပိုင်...ကျွန်တော့်ရဲ့ ကြယ်၇ပွင့် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမကို ဘာအတွက် ရောက်လာသလဲဆိုတာ သိပါရစေ”

ဆံပင်အနီရောင် အဘိုးအိုက သူ၏ရှေ့မှ အကြမ်းရည်ခွက်ကို တစ်ငုံ သောက်လိုက်ပြီးနောက်တွင် ပြုံး၍ မေးလိုက်သည်။

“ဆရာဝမ်က ဟန်ယွဲ့မြို့ရဲ့ နံပါတ်(၁) ပန်းပဲဆရာ ဆိုတာ ကြားဖူးထားတာ ကြာပါပြီ. ဒီတစ်ကြိမ် ကျွန်တော် ရောက်လာတာ ကျွန်တော့်ရဲ့လက်နက်ကို အဆင့်မြှင့်တင်ဖို့ အတွက် ဆရာဝမ်ဆီ တောင်းဆိုချင်လို့ ရောက်လာတာပါ”

စကားဆုံးသည်နှင့် ပိုင်ရှင်းကျန့်၏ လက်ဖဝါးပေါ်တွင် တောက်ပသော ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့သည်။

ဆံပင်အနီအဘိုးအိုက ပိုင်ရှင်းကျန့်၏ လက်ထဲမှ ဓားရှည်ကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“သခင်လေးပိုင်ရဲ့ လက်နက်က ထိပ်တန်းအဆင့် ကောင်းကင်နတ်ဘုရား လက်နက်ပဲ”

“ကျွန်တော်က ဒီလက်နက်ကို နယ်မြေနတ်ဘုရား တစ်ပိုင်း လက်နက်အဖြစ် အဆင့်မြှင့်တင်ချင်တယ်.. ဆရာဝမ်ရဲ့ စွမ်းရည်နဲ့ဆိုရင် မခက်ခဲလောက်ဘူး ထင်ပါတယ်”

ပိုင်ရှင်းကျန့်က ပြုံးရွှင်စွာ ပြောလိုက်သည်။

ဆံပင်နီ အဘိုးအိုက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“ကျွန်တော့်စွမ်းရည်နဲ့ ဆိုရင် သခင်လေးပိုင်ရဲ့ လက်နက်ကို အဆင့်မြှင့်တင်ဖို့က မခက်ခဲပါဘူး.. ဒါပေမဲ့ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်အဖြစ် အဆင့်မြှင့်တင်ချင်ရင် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် ပစ္စည်းတချို့ကိုတော့ လိုအပ်လိမ့်မယ်”

“ကျွန်တော်နားလည်ပါတယ်”

ထိုစကားကိုပြောလိုက်ပြီးနောက်တွင် ပိုင်ရှင်းကျန့်က လက်သီးဆုပ် အရွယ်အစားရှိ သွား၂ချောင်းကို ထုတ်ယူကာ ဆံပင်နီ အဘိုးအို၏ ရှေ့တွင် ချပေးလိုက်သည်။

“ဒါက နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့်သားရဲဧကရာဇ် ဖြစ်တဲ့ အနက်ရောင်ကျားရဲ့ သွား၂ချောင်းပဲ.. ဒီပစ္စည်းနဲ့ဆိုရင် ကျွန်တော့်ရဲ့လက်နက်ကို အဆင့်မြှင့်လို့ ရမရ သိချင်ပါတယ်”

“ရတာက ရပေမဲ့ အနက်ရောင်ကျားရဲ့ သွား၂ချောင်းက အနည်းငယ် နည်းနေတဲ့အတွက် သခင်လေးပိုင်ရဲ့ လက်နက်ကို နယ်မြေနတ်ဘုရား တစ်ပိုင်း အဆင့် မြှင့်တင်ပေးနိုင်မယ်လို့တော့ သေချာပေါက် အာမ မခံနိုင်ဘူး”

ဆံပင်အနီအဘိုးအိုက ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။

ကောင်းကင်နတ်ဘုရားအဆင့် လက်နက်ကို နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်အဖြစ် အဆင့်မြှင့်တင်လိုရင် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် ပစ္စည်းများများ ရှိလေ အဆင့်မြှင့်တင်ရန် အောင်မြင်နိုင်ခြေ ပိုများပြားလေ ဖြစ်၏။

ထို့ကြောင့် အနက်ရောင်ကျား၏ သွား၂ချောင်းထဲဖြင့် အောင်မြင်စွာ မြှင့်တင်ရန်သည် အလွန်ခက်ခဲသော အလုပ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ဆံပင်နီ အဘိုးအိုထံမှ စကားကိုကြားလျှင် ပိုင်ရှင်းကျန့်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့၏။

နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် ပစ္စည်းများသည် အမှန်တကယ်ပင် ရှာဖွေရန် အလွန်တရာ ခက်ခဲသည်။

သူတို့ ပိုင်မိသားစုကဲ့သို့ အင်အားကြီး မိသားစုပင်လျှင် နယ်မြေနတ်ဘုရားအဆင့် ပစ္စည်းများကို ရရှိရန် မလွယ်ကူပေ။

သူက သားရဲဧကရာဇ် ဖြစ်သည့် အနက်ရောင်ကျား၏ သွား၂ချောင်းကို ရရှိရန်အတွက်ပင် အားထုတ်မှုများစွာကို ပြုလုပ်ခဲ့ရသည်။

ပိုင်ရှင်းကျန့်က ဆံပင်နီ အဘိုးအို၏ စကားကြောင့် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

“ဆရာဝမ်”

ထိုအချိန်မှာပင် လူငယ်တစ်ဦးက အခန်းအပြင်ဘက်ကနေ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

ထိုလူငယ်က အစောပိုင်းတွင် ကျန်းချန်နှင့် ဆွေးနွေးပြောဆိုခဲ့သည့် လူငယ်ပင် ဖြစ်သည်။

လူငယ်က အလောတကြီး ဝင်ရောက်လာသည်ကို မြင်လျှင် ဆံပင်နီ အဘိုးအို၏ မျက်နှာက ရုတ်တရက် တည်သွားခဲ့ပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။

“ငါ ဒီမှာ သခင်လေးပိုင်ကို လက်ခံတွေ့ဆုံနေတာ မင်းမမြင်ဘူးလား.. ဘာလို့ငါ့ကို အနှောင့်အယှက် လာပေးနေရတာလဲ”

ဆံပင်နီ အဘိုးအို၏ ဆူငေါက်မှုကို ခံခဲ့ရသော်လည်း လူငယ်က အလျင်အမြန်ပင် ပြောလိုက်သည်။

“ဆရာဝမ်.. ခုနက ဧည့်သည်တစ်ဦး ခန်းမထဲကို ဝင်လာပြီး နဂါးအရိုးလှေ ပြုလုပ်ဖို့အတွက် တောင်းဆိုခဲ့တယ်”

“နဂါးအရိုးလှေက အဆင့်မြင့် ပျံသန်းခြင်းမှော်ရတနာ ဆိုပေမဲ့ မင်းဘာသာလည်း တည်ဆောက်နိုင်တာပဲ.. ဘာလို့ငါ့ကို လာတင်ပြနေရတာလဲ”

ဆံပင်နီ အဘိုးအို၏ မျက်နှာထက်တွင် စိတ်မရှည်သည့်အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

“သာမန်နဂါးအရိုးလှေကို တည်ဆောက်ဖို့အတွက် ဆိုရင်တော့ ဆရာဝမ်ကို အနှောင့်အယှက် လာမပေးပါဘူး”

လူငယ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“နဂါးအရိုးလှေကို ပြုလုပ်ဖို့အတွက် ဒီဧည့်သည် ထုတ်ပေးခဲ့တဲ့ ပစ္စည်းက နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုး ဖြစ်နေလို့ပဲ.. ဒီလို အဆင့်အတန်းမြင့်တဲ့ ပစ္စည်းကို ဆရာဝမ် ကိုယ်တိုင် တည်ဆောက်မှပဲ ဖြစ်ပါလိမ့်မယ်”

လူငယ်ထံမှ နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးဟူသော စကားကိုကြားလျှင် ပိုင်ရှင်းကျန့်က စိတ်လှုပ်ရှားလာခဲ့ပြီး မျက်ဝန်းများ အရောင်တဖျပ်ဖျပ် လက်သွားခဲ့သည်။

All Chapters