အခန်း (၁၈၀၈)
Vol. 121 Ch. 1808
“အဲဒီလူက နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို ထုတ်ယူလိုက်တယ်ဆိုတာ တကယ်ပဲလား”
ပိုင်ရှင်းကျန့်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး လူငယ်ကို ကြည့်ကာ မေးလိုက်သည်။
လူငယ်က ခဏမျှ မှင်တက်သွားသော်လည်း ပိုင်ရှင်းကျန့်ကို ပြန်ဖြေလိုက်၏။
“ဟုတ်ပါတယ် သခင်လေးပိုင်.. တကယ်ပဲ နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးအစစ်ပါ”
“ဒါဆို အဲဒီလူဆီ ငါ့ကို ခေါ်သွားပေးပါ”
ပိုင်ရှင်းကျန့်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
သူက သူ၏လက်နက်ကို အဆင့်မြှင့်တင်ရန်အတွက် နယ်မြေနတ်ဘုရားအဆင့်ကို ရှာဖွေရန် ခက်ခဲနေသောအချိန်တွင် တစ်စုံတစ်ယောက်သည် နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးနှင့်အတူ ရောက်ရှိလာခဲ့သည်။
ဤမျှ ရှားပါးသော အခွင့်အရေးကို သူက မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်ခံနိုင်ပါအံ့နည်း။
ဆရာဝမ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“သခင်လေးပိုင်က ဒီလူကို တွေ့ ချင်တယ်ဆိုမှတော့ ကျုပ်နဲ့ အတူ လိုက်လာခဲ့ပါ”
ဆရာဝမ်က နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးအား ပိုင်ရှင်းကျန့် လိုချင်နေမှန်း ကောင်းစွာ ရိပ်မိခဲ့သည်။
သို့သော်လည်း ပိုင်ရှင်းကျန့်သည် အင်အားစုကြီးမှ သခင်လေး ဖြစ်ပြီး ဟန်ယွဲ့နန်းတော်၏ အကြီးအကဲတစ်ဦးကို ဆရာအဖြစ် တင်မြှောက်ထားသူ ဖြစ်သည်။
ဟန်ယွဲ့နယ်မြေတစ်ခုလုံးကို ကြည့်လျှင်ပင် အစွမ်းအထက်ဆုံးပါရမီရှင်များထဲမှ တစ်ဦးလည်း ဖြစ်၏။
ထိုသို့သော ပါရမီရှင်တစ်ဦးကို ဆရာဝမ်သည် မိတ်ဆွေဖွဲ့ရန်အတွက် သဘာဝကျစွာပင် ဆန္ဒရှိခဲ့သည်။
ပိုင်ရှင်းကျန့်က နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးပိုင်ရှင်ကို တွေ့ဆုံလိုနေသည် ဖြစ်ရာ ဆရာဝမ်သည် ငြင်းဆန်လိမ့်မည်မဟုတ်ပေ။
ကျန်းချန်က ကြယ်၇ပွင့် ပစ္စည်းထုတ်လုပ် သန့်စင်ရေးခန်းမ၏ အနောက်ဘက်ရှိ အခန်းတစ်ခန်းထဲတွင် ခဏမျှ စောင့်ဆိုင်းပြီးနောက်၌ ခြေသံများကို ကြားလိုက်ရသည်။
သိပ်မကြာခင်မှာပင် အစောပိုင်းက သူနှင့် ပြောဆိုခဲ့သော လူငယ်၏ ဦးဆောင်မှုဖြင့် ပုဂ္ဂိုလ်များစွာသည် အခန်းထဲ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာခဲ့ကြသည်။
ဝင်ရောက်လာသူများမှာ ဆံပင်နီ အဘိုးအိုတစ်ဦးနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးတို့ ဖြစ်ကြ၏။
“သူကိုး”
ကျန်းချန်က အဖြူရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ဟန်ယွဲ့မြို့တော်၏ ဂိတ်တံခါး အပြင်ဘက်တွင် သူမြင်တွေ့ခဲ့ရသည့် ပိုင်ရှင်းကျန့်ပင် ဖြစ်သည်။
“မင်းက နယ်မြေနတ်ဘုရားအဆင့်နဂါးကျောရိုးပိုင်ရှင်လား”
ကျန်းချန်က ပိုင်ရှင်းကျန့်ကို ကြည့်နေစဥ်မှာပင် ပိုင်ရှင်းကျန့်၏ မောက်မာသောအသံသည် အခန်းထဲတွင်ထွက်ပေါ်လာခဲ့သည်။
“ဟုတ်တယ်”
ထိုသို့ ပြန်ဖြေရင်း ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ပျံသန်းခြင်း မှော်ရတနာကို ပြုလုပ်ရန်အတွက် ကြယ်၇ပွင့် ပစ္စည်းသန့်စင်ခန်းမသို့ ရောက်လာခဲ့သော်လည်း ခန်းမအကြီးအကဲသည် ပိုင်မျိုးနွယ်စုမှ ပါရမီရှင်ကို သူ့ထံသို့ ခေါ်ဆောင်လာခဲ့သည်။
ဤသည်က ထူးဆန်းသော အခြေအနေ တစ်ခုဆိုလည်း မမှားပေ။
ကျန်းချန်၏ မျက်ဝန်းများက တဖျပ်ဖျပ် လက်သွားခဲ့ပြီး အစောပိုင်းက သူနှင့် ဆွေးနွေးခဲ့သော လူငယ်ကို လှမ်းကြည့်လိုက်သည်။
လူငယ်က ကျန်းချန်၏ အကြည့်ကို မမြင်ချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်၏။
ထိုအခြေအနေကို မြင်လျှင် ကျန်းချန်၏ စိတ်နှလုံးသည် အနည်းငယ် တင်းကျပ်သွားခဲ့သည်။
ပိုင်မျိုးနွယ်စုမှ ပါရမီရှင် ပိုင်ရှင်းကျန့် ထံတွင် ကောင်းမွန်သော ရည်ရွယ်ချက် ရှိမနေမည်ကို သူစိုးရိမ်လာမိသည်။
“ဒီကညီနောင် မင်းသိပ်ကံကောင်းတယ်.. ငါသခင်လေးက မင်းရဲ့ နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို သဘောကျသွားခဲ့ပြီ.. မင်းသာ ငါ့ကို ရောင်းချပေးမယ်ဆိုရင် မင်းကျေနပ်လောက်တဲ့ စျေးနှုန်းကို ပေးမယ်လို့ ငါကတိပေးတယ်”
ပိုင်ရှင်းကျန့်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏လေသံတွင် ဗိုလ်ကျလိုသော ဆန္ဒများ ပါဝင်နေခဲ့၏။
“စိတ်မကောင်းပါဘူး.. နဂါးအရိုးကို ရောင်းချဖို့အတွက် ငါ့မှာအစီအစဥ် မရှိဘူး”
ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
ပိုင်ရှင်းကျန့်က သူ၏ လက်ထဲမှ နဂါးအရိုးအား ရယူလိုမှန်း သူနားလည်သွားခဲ့ချေပြီ။
“ဒီက ညီနောင်.. ငါက ပိုင်မိသားစုက ပိုင်ရှင်းကျန့်ပါ.. မင်းငါ့ကို တကယ်ပဲ နဂါးအရိုး မရောင်းပေးဘူးလား”
သူက အင်အားကြီး မိသားစု ဖြစ်သည့် ပိုင်မိသားစု၏ သခင်လေး ဖြစ်သည့်အပြင် ဟန်ယွဲ့ဂိုဏ်းမှ အကြီးအကဲ တစ်ဦးကို ဆရာအဖြစ် တင်မြှောက်ထားသည့် အတွက် ဟန်ယွဲ့ဂိုဏ်းတွင် အလွန် မြင့်မားသော အဆင့်အတန်း ရှိသည်။
ဟန်ယွဲ့ဂိုဏ်းမှ အကြီးအကဲ တချို့ပင်လျှင် သူ့ကို ရိုသေလေးစားစွာ ဆက်ဆံကြရ၏။
ထို့ကြောင့် ပိုင်ရှင်းကျန့်သည် သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်မှု ရှိနေခဲ့သည်။
သူ ဘယ်သူလဲ ဆိုသည်ကို သိရှိလျှင် သူ၏ ရှေ့မှလူငယ်က နယ်မြေနတ်ဘုရား အဆင့် နဂါးအရိုးကို သူ့ထံ သေချာပေါက် ရောင်းချလိမ့်မည်ဟု တွက်ဆထားခဲ့သည်။
ကျန်းချန်က ပိုင်ရှင်းကျန့်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါက မရောင်းဘူးလို့ ပြောပြီးရင် လုံးဝ မရောင်းဘူးပဲ”
ကျန်းချန်၏ ခပ်ပြတ်ပြတ်စကားကို ကြားလျှင် ပိုင်ရှင်းကျန့်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက မွေးဖွားလာသည့် အချိန်မှစ၍ ပိုင်မိသားစု၏ အတောက်ပဆုံး ပါရမီရှင် ဖြစ်ခဲ့သည်။
အထူးသဖြင့် ဟန်ယွဲ့ဂိုဏ်းကို ဝင်ရောက်ပြီး အကြီးအကဲတစ်ဦးအား ဆရာအဖြစ် တင်မြှောက်ပြီးနောက်တွင် ဟန်ယွဲ့နယ်မြေတွင် သူ့ကို ဤကဲ့သို့ စကားခပ်မာမာ ပြောရဲသူ အနည်းငယ်မျှသာ ရှိတော့၏။
သူ၏ရှေ့မှ လူငယ်သည် အင်အားကြီး အဖွဲ့အစည်းတစ်ခုခုမှ ဖြစ်နိုင်ပါသလော။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က အရှိန်အဝါကို ကောင်းစွာဖုံးကွယ်ထားသဖြင့် ပိုင်ရှင်းကျန့်က ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်ခဲ့ပေ။
သို့သော်လည်း ထိုလူငယ်က မည်သည့်အင်အားစုမှ အဖွဲ့ဝင်ဖြစ်နေပါစေ ဤဟန်ယွဲ့မြို့တော်တွင် မည်သည့် လှုပ်ရှားမှုကိုမှ လုပ်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့ချေ။
ပိုင်ရှင်းကျန့်က ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင်များက လင်းလက်နေခဲ့၏။
“ဒီနဂါးကျောရိုးက ရောင်းဖို့ မဟုတ်ဘူးလို့ မင်းကို ခုနကတည်းက ပြောပြီးပြီလေ.. မင်းလူစကား နားမလည်ဘူးလား”
ကျန်းချန်က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းသေချာစဥ်းစားနော်.. ဒီဟန်ယွဲ့မြို့တော်မှာ ငါနဲ့ဆက်ဆံရေးမကောင်းရင် မင်းရဲ့အဆုံးသတ်က ကောင်းမှာ မဟုတ်ဘူး”
ပိုင်ရှင်းကျန့်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏အကြည့်တွင် မမြင်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေသကဲ့သို့ အခန်းထဲမှ လူများကိုပင် တုန်လှုပ်စေခဲ့၏။
ကျန်းချန်က ပိုင်ရှင်းကျန့်ကို လျစ်လျူရှုကာ ဆံပင်နီ အဘိုးအိုကို တိုက်ရိုက်ပင် ကြည့်လိုက်သည်။
“ခင်ဗျားက ကြယ်၇ပွင့် ပစ္စည်းသန့်စင်ထုတ်လုပ်ရေး ခန်းမရဲ့ အကြီးအကဲ ပန်းပဲဆရာ မဟုတ်လား.. ခန်းမအကြီးအကဲ တစ်ယောက်ဖြစ်ပြီး ကျုပ်မှာရှိတဲ့ ပစ္စည်းတွေအကြောင်းကို တခြားသူဆီ ပြောပြတာက ယဥ်ကျေးမှု ကင်းမဲ့တယ်လို့ မထင်ဘူးလား”
“ဒီက မိတ်ဆွေလေး.. သခင်လေးပိုင်က မင်းရဲ့လက်ထဲက နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို တကယ်ပဲ လိုအပ်နေတာပါ”
ဆံပင်နီ အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
“မိတ်ဆွေလေးသာ နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို သခင်လေးပိုင်ဆီ ရောင်းချပေးမယ်ဆိုရင် ငါက တခြား အဆင့်မြင့် ပျံသန်းခြင်း မှော်ရတနာကို ၅၀ ရာခိုင်နှုန်းလျော့စျေးနဲ့ ပြုလုပ်ပေးပါ့မယ်”
“ရပြီ.. အကြီးအကဲက နဂါးအရိုးလှေကို ပြုလုပ်ဖို့ ဆန္ဒမရှိမှတော့ ကျွန်တော်အခုပဲ ထွက်သွားပါတော့မယ်”
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး ကြယ်၇ပွင့်ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမကနေ ထွက်ခွာရန် ပြင်လိုက်သည်။
ကြယ်၇ပွင့် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမ၏ ပန်းပဲဆရာသည် ပိုင်ရှင်းကျန့်နှင့် တစ်ဖွဲ့တည်း ဖြစ်နေသည်မှာ ထင်ရှားသည်။
ထို့ကြောင့် နဂါးအရိုးလှေကို ပြုလုပ်ရန်အတွက် နဂါးအရိုးကို စိတ်ချလက်ချ အပ်နှံနိုင်မည် မဟုတ်ပေ။
သူက နဂါးအရိုးကို ထုတ်ပေးလိုက်သည်နှင့် ထိုနဂါးအရိုးသည် ပိုင်ရှင်းကျန့်၏ လက်ထဲသို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း ကျန်းချန် လှည့်ထွက်ချိန်မှာပင် ပိုင်ရှင်းကျန့်၏ အနောက်မှ ကျင့်ကြံသူ တစ်ဦးသည် ရှေ့တက်လာခဲ့ပြီး ကျန်းချန်၏ သွားလမ်းကို ပိတ်ဆို့လိုက်သည်။
ထိုကျင့်ကြံသူက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်၏။
“ကောင်လေး ငါတို့သခင်လေးက မင်းရဲ့ နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို ဝယ်တာက မင်းကို တန်ဖိုးထားလို့ပဲ.. ဒါကို မင်းက အခြေအနေ နားမလည်ဘဲ လူပါးဝရဲတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ကျုပ်က လူပါးဝတော့ရော ခင်ဗျား ဘာလုပ်နိုင်မှာမို့လဲ”
“ကောင်လေး မင်းဒီနေ့ နယ်မြေနတ်ဘုရားအဆင့် နဂါးအရိုးကို ထုတ်မပေးဘူးဆိုရင် ဒီကြယ်၇ပွင့် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမကနေ မင်းဘယ်လိုမှ ထွက်သွားလို့ မရစေရဘူး”
စကားဆုံးသည်နှင့် ထိုကျင့်ကြံသူက ကြောက်မက်ဖွယ်လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်အား တိုက်ခိုက်လိုက်သည်။
“ကောင်းကင်နတ်ဘုရား တတိယအဆင့် ပုရွက်ဆိတ်လေးကများ ငါ့ရှေ့မှာ ရမ်းကားရဲတယ်.. ထွက်သွားလိုက်စမ်း..”
ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်ပြီး လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်သည်။
“ဝုန်း..”
ပိုင်မိသားစုမှ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးက လွင့်စင်ကာ အခန်းနံရံကို ဝင်ဆောင့်မိသွားခဲ့သည်။
အခန်းနံရံက ချက်ချင်းဆိုသလိုပင် ပြိုကျသွားခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအား၏ သက်ရောက်မှုသည် ကြယ်၇ပွင့်ပစ္စည်းသန့်စင် ထုတ်လုပ်ရေး ခန်းမတစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့၏။
ကြယ်၇ပွင့် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမကိုသာ အထူးပစ္စည်းများဖြင့် မတည်ဆောက်ထားခဲ့လျှင် ခန်းမတစ်ခုလုံးသည် ပြာမှုန်အဖြစ် ပြောင်းလဲသွားမည်ကိုပင် စိုးရိမ်ရသည်။
“ကောင်လေး မင်းက ငါပိုင်ရှင်းကျန့်ရဲ့ လူကိုတောင် ထိရဲတယ်ဆိုတော့ ကိုယ်သေလမ်း ကိုယ်ရှာနေတာပဲ”
သူ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် ပိုင်ရှင်းကျန့်၏ မျက်နှာအမူအရာက ခက်ထန်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။