← Chapters

အခန်း (၁၈၁၀)

Vol. 121 Ch. 1810

အခန်း (၁၈၁၀)

Vol. 121 Ch. 1810

ပိုင်ရှင်းကျန့်က ကျန်းချန်ကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး ဒီနေ့ဆရာဝမ်ရဲ့မျက်နှာကြောင့် မင်းကို အရင်လွှတ်ပေးထားလိုက်မယ်.. ဒီနေ့ကိစ္စအတွက် ငါမင်းကို မှတ်ထားမယ်”

ထို့နောက်တွင် ပိုင်ရှင်းကျန့်က နံဘေးမှ ဦးလေးဟဲကို ပြောလိုက်သည်။

“ဦးလေးဟဲ ကျွန်တော်တို့သွားကြစို့”

ထိုကောင်လေးသည် ဦးလေးဟဲကိုပင် အသာစီးရယူကာ တိုက်ခိုက်နေနိုင်၍ တိုက်ခိုက်ရေးစွမ်းရည် အလွန်အားကောင်းသည်ဟု ဆို၍ရသည်။

သူနှင့် ဦးလေးဟဲ လက်တွဲလျှင်ပင် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ပြောနေစရာ မလို‌လောက်အောင်ပင် ထိုကောင်လေး၏ ပါရမီသည် သူ့ထက်ပင် သာလွန်နေခဲ့သည်။

သူ၏စိတ်ထင် ထိုကောင်လေးသည် အနည်းဆုံး နယ်မြေနတ်ဘုရား အင်အားစုတစ်ခုခု၏ ထိပ်တန်းပါရမီရှင် ဖြစ်နိုင်လောက်၏။

ပိုင်ရှင်းကျန့်သည် ဟန်ယွဲ့နယ်မြေရှိ နယ်မြေနတ်ဘုရားအင်အားစု နှစ်ခုမှ ထိပ်တန်းပါရမီရှင်များကို သိသော်လည်း သူ၏ရှေ့မှ ပုဂ္ဂိုလ်နှင့် ပတ်သက်၍ တစ်ခါမှ မကြားဖူးပေ။

သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တခြားသော နယ်မြေမှ နယ်မြေနတ်ဘုရား အင်အားစုဝင် ဖြစ်နိုင်ဖွယ်ရှိ၏။

ပိုင်မိသားစု၏ သခင်လေးတစ်ဦးအနေဖြင့် ပိုင်ရှင်းကျန့်သည် မာနကြီးသော်လည်း ပေါ့ပေါ့ဆဆ နေတတ်သည့်သူ တစ်ဦး မဟုတ်ပေ။

သူက ထိုလူငယ်၏ အသေးစိတ် အချက်အလက်များကို အရင်စုံစမ်းရန်် ဆုံးဖြတ်လိုက်သည်။

ဦးလေးဟဲကမူ စကားတစ်ခွန်းမှ မပြောဘဲ ပိုင်ရှင်းကျန့်၏ အနောက်ကနေ အခန်းအပြင်ဘက်သို့ လိုက်ပါသွားခဲ့၏။

“ဝေါ့..”

အပြင်ဘက်သို့ ရောက်လာပြီးနောက်တွင် ဦးလေးဟဲသည် အဆုံးသတ်တွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများကို မထိန်းချုပ်နိုင်တော့ဘဲ ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

“ဦးလေးဟဲ.. အဆင်ပြေရဲ့လား”

ထိုမြင်ကွင်းကိုမြင်လျှင် ပိုင်ရှင်းကျန့်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အစောပိုင်းက တိုက်ခိုက်ခဲ့ရာတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဦးလေးဟဲကို အနည်းငယ်သာ အသာစီးရသည်ဟု သူ မူလက ထင်ထားခဲ့သည်။

တကယ်တမ်းတွင်မူ ဦးလေးဟဲသည် အပြတ်အသတ်ပင် ရှုံးနိမ့်ခဲ့ပြီး ထိပ်တိုက် ရင်ဆိုင်မှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်မှာ ထင်ရှားနေခဲ့၏။

“ငါအဆင်ပြေပါတယ်.. ဒဏ်ရာက နည်းနည်းပါးပါးလောက်ပါပဲ”

ဦးလေးဟဲက နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်ကာ ပြောလိုက်သည်။

“သခင်‌လေး.. ဒီကောင်လေးက မဟာမြေရိုင်းပါရမီရှင် စာရင်းထဲက ထိပ်တန်းပါရမီရှင် ဖြစ်နေမှာကို စိုးရိမ်ရတယ်.. သူ့ရဲ့အကြောင်းကို အသေအချာ မသိရမချင်း ကမူးရှုးထိုး မလုပ်ဆောင်တာ အကောင်းဆုံးပဲ”

ထိုစကားကိုကြားလျှင် ပိုင်ရှင်းကျန့်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဦးလေးဟဲ စိတ်မပူပါနဲ့.. ကျွန်တော်ကမူးရှုးထိုး လုပ်ဆောင်မှာ မဟုတ်ပါဘူး”

မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် မြေရိုင်းနယ်မြေရှိ အစွမ်းအထက်ဆုံး လူငယ်ပါရမီရှင် ၃၆ဦးကို မှတ်တမ်းတင်ထားသည်။

ထိုစာရင်းထဲတွင် ပါဝင်နိုင်သူများသည် သာမန်ပုဂ္ဂိုလ်များမဟုတ်ကြပေ။

ဥပမာအားဖြင့် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင်သည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်(၃၂) နေရာတွင်ရှိသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီရှင်များသည် နယ်မြေနတ်ဘုရား အင်အားစုများ၏ အထောက်အပံ့ကို ရရှိထားကြပြီး ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သော ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အထွတ်အထိပ်ပါရမီရှင်များ ဖြစ်ကြ၏။

ထိုပါရမီရှင်မျိုးကို တစ်စုံတစ်ရာ ဖြစ်စေခဲ့လျှင် ၎င်းတို့၏ နောက်ကွယ်ရှိ အင်အားစုများကို ဒေါသထွက်စေမည်မှာသေချာ၏။

သူတို့ ပိုင်မိသားစု၏ ခွန်အားက အားမနည်းသော်လည်း နယ်မြေနတ်ဘုရားအဆင့် အင်အားစုများ၏ ဒေါသကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

-----------------

ကျန်းချန်က ကြယ်၇ပွင့် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမကနေ ထွက်ခွာလာပြီးနောက်တွင် ပျံသန်းခြင်းမှော်ရတနာကိုပြုလုပ်ရန် စိတ်ကူးမရှိတော့ပေ။

သူက ဟန်ယွဲ့မြို့တွင် ခဏမျှ လှည့်လည်သွားလာခဲ့သည်။

ထိုသို့ လှည့်လည်သွားလာပြီးနောက်တွင် သူက ဟန်ယွဲ့နန်းတော်၏ ဧည့်သည်အဖြစ် စစ်ဆေးအကဲဖြတ်မှုကို ခံယူရန်အတွက် အကဲဖြတ်သည့် နေရာ၏ လိပ်စာကို တစ်စုံတစ်ဦးအား မေးမြန်းခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် သိပ်မကြာခင်မှာပင် ဟန်ယွဲ့မြို့လယ်ရှိ လုံခြုံရေး အထူးတင်းကျပ်သော စံအိမ်တစ်လုံး ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုစံအိမ်သည် ဟန်ယွဲ့မြို့၏ မြို့စားအိမ်တော် ဖြစ်ပြီး ဟန်ယွဲ့နန်းတော်၏ ဧည့်သည် အကဲဖြတ် စစ်ဆေးမှုကို အကဲဖြတ်သည့်နေရာလည်း ဖြစ်သည်။

နယ်မြေနတ်ဘုရား အင်အားစုဖြစ်သည့် ဟန်ယွဲ့နန်းတော်၏ အထောက်အပံ့ကို ရရှိထား၍ ဟန်ယွဲ့မြို့၏ မြို့စားအိမ်တော်သည် အလွန်တရာပင် အစွမ်းထက်ပြီး ဟန်ယွဲ့နယ်မြေရှိ ထိပ်တန်း ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုများကို ကောင်းစွာယှဥ်နိုင်စွမ်း ရှိသည်။

ဟန်ယွဲ့မြို့စား ဝူထျန်းကျီသည် ဟန်ယွဲ့နယ်မြေတွင် နာမည်ကျော်ကြားသော ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ဟန်ယွဲ့နယ်မြေ၏ နယ်မြေနတ်ဘုရားအဆင့်အောက်တွင် ပြိုင်ဘက်ကင်းအဖြစ် လူသိများသည်။

“ကောင်လေး.. ဒါက ဟန်ယွဲ့မြို့တော်ရဲ့ မြို့စားအိမ်တော်ပဲ.. ခပ်ဝေးဝေးကို သွားစမ်း..”

ကျန်းချန်က မြို့စားအိမ်တော်၏ တံခါးဝသို့ ရောက်ရှိလာသည်နှင့် တံခါးဝရှိ အစောင့်တစ်ဦး၏ ကျယ်လောင်သော အော်ငေါက်သံသည် ကျန်းချန်၏ နားထဲသို့ ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

“ကျွန်တော်က မြို့စားအိမ်တော်မှာ ဟန်ယွဲ့နန်းတော်ရဲ့ဧည့်သည်အဖြစ် အကဲဖြတ်မှု ခံယူဖို့အတွက် ရောက်လာခဲ့တာပါ”

“မင်းက ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်သည်အဖြစ် အကဲဖြတ်မှုခံယူဖို့ ရောက်လာတာလား”

ကျန်းချန်ကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် အစောင့်တစ်ဦး၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို အထင်သေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ကောင်လေး.. ဟန်ယွဲ့နန်းတော်ရဲ့ဧည့်သည် အကဲဖြတ် စစ်ဆေးမှုကို လူတိုင်းပါဝင်နိုင်တာ မဟုတ်ဘူး”

နယ်မြေနတ်ဘုရား အင်အားစု အနေဖြင့် ဟန်ယွဲ့နန်းတော်၏ ဧည့်သည်အဖြစ် ခေါ်ယူရန်အတွက် သဘာဝကျစွာပင် အလွန်မြင့်မား‌သော ကန့်သတ်ချက်များ ရှိသည်။

ဥပမာအားဖြင့် ဟန်ယွဲ့နန်းတော်၏ ဧည့်သည် အကဲဖြတ် စစ်ဆေးမှုတွင် ပါဝင်လိုသော ကျင့်ကြံသူများသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်နေရမည် ဖြစ်သည်။

သူ၏ရှေ့မှ မလောက်လေး မလောက်စားကောင်လေး ထံတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ခွန်အား မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

ထိုကောင်လေး၏ အသက်အရွယ်ဖြင့်သာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့လျှင် ပြိုင်ဘက်ကင်း ပါရမီရှင်ဟုပင် ဆို၍ ရနေမည်ဖြစ်ရာ ဟန်ယွဲ့နန်းတော်သည် ထိုကောင်လေးကို အချိန်ကြာမြင့်စွာကတည်းကပင် သိမ်းသွင်းထားပြီးလောက်ပြီ ဖြစ်၏။

ထိုကောင်လေးသာ ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုလျှင် ဟန်ယွဲ့နန်းတော်၏ ဧည့်သည် အကဲဖြတ် စစ်ဆေးမှုတွင် ပါဝင်စရာအကြောင်းကို လုံးဝမရှိပေ။

“ကျွန်တော်က ဧည့်သည် အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ဖို့အတွက် တကယ်ကို လာခဲ့တာပါ”

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းထျန်းချီ သူ့ကို‌ပေးလိုက်သော တံဆိပ်ပြားကို ချက်ချင်းဆိုသလို ထုတ်ယူကာ ပြလိုက်သည်။

“လေအေးမြို့က ဖုန်းမိသားစုက ကျွန်တော့်အတွက် ထောက်ခံချက် ပေးထားပါတယ်”

“ဖုန်းမိသားစုက မင်းကို ထောက်ခံချက်ပေးထားတာလား”

အစောင့်က ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြားကို ကြည့်လိုက်ပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်သည်။

“ဖုန်းမိသားစုက ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်သည်အကဲဖြတ်စစ်ဆေးမှုကို စိတ်ဝင်စားလေ့မရှိဘူး...ဒီထောက်ခံချက်ရဖို့ ဖုန်းမိသားစုကို မင်းဘယ်လောက်တောင် ပေးလိုက်ရလဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထားက ချက်ချင်းပင် ခက်ထန်သွားခဲ့သည်။

“မင်းစကားက ဘာကိုဆိုလိုတာလဲ”

အစောင့်က ကျန်းချန်ကို မထီမဲ့မြင်ပြုံးကာ ပြောလိုက်၏။

“ကောင်လေး မင်းကို ဖုန်းမိသားစုက အကြံပြုထားပေမဲ့ မင်းရဲ့ ခွန်အားနဲ့ဆိုရင် ဧည့်သည် အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်တာက အချိန်ဖြုန်းတာနဲ့အတူတူပဲ...လာရာလမ်းအတိုင်း ပြန်သွားလိုက်ဖို့ ငါအကြံပေးချင်တယ်”

“ကျုပ်ဘာသာ အချိန်ဖြုန်းဖြုန်း မဖြုန်းဖြုန်း အဲဒါခင်ဗျားစိတ်ပူစရာ မဟုတ်ဘူး”

ကျန်းချန်က အစောင့်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“ငါ့မှာ လေအေးမြို့က ဖုန်းမိသားစုရဲ့ ထောက်ခံချက်ရှိတယ်.. မင်းလို အစောင့် တစ်ယောက်က ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်သည် အကဲဖြတ်စစ်ဆေးမှုမှာ ငါပါဝင်မှာကို တားဆီးနိုင်ခွင့်မရှိဘူး ထင်တယ်”

“ဖုန်းမိသားစုက အခြေအနေနဲ့ ကိုက်ညီတဲ့ တစ်စုံတစ်ဦးကို အကြံပြုထားရင်တော့ ငါ့အနေနဲ့တားဆီးဖို့ အခွင့်အရေးမရှိဘူး”

အစောင့်က အေးစက်စက် လေသံဖြင့် လှောင်ပြောင်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဖုန်းမိသားစုက ဒီတစ်ကြိမ်မှာ မင်းလိုကောင်ကို ထောက်ခံချက်ပေးခဲ့တယ်.. ဒါက စည်းမျဥ်းကို အထင်အရှားချိုးဖောက်လိုက်တာပဲ ငါက ဘာလို့ တားဆီးခွင့်မရှိရမှာလဲ”

“ဒါဆိုလည်း ခင်ဗျားပြောကြည့်ပါ.. ကျုပ်အနေနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့ ကိုက်ညီရမှာလဲ”

“ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်သည် အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ဖို့အတွက် ဆိုရင် အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထ အဆင့်ကို ရောက်နေဖို့ လိုအပ်တယ်.. မင်းကိုယ်မင်း ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ မှတ်နေလား.. ကောင်းပြီလေ ဖုန်းမိသားစုက ထောက်ခံချက်ပေးထားမှတော့ ငါမင်းကို အခွင့်အရေးပေးမယ်.. မင်းငါ့ကို အနိုင်ရသရွေ့ ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်သည် အကဲဖြတ်စစ်‌ဆေးမှုမှာ ပါဝင်ဖို့ ခွင့်ပြုပေးမယ်”

အစောင့်က ကျန်းချန်ကို မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

ဟန်ယွဲ့စံအိမ်၏ အစောင့်ခေါင်းဆောင် အနေဖြင့် သူ၏ခွန်အားသည် ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး စတုတ္ထအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ထို့ကြောင့် သူ၏ရှေ့မှ လူငယ်တွင် သူနှင့် ယှဥ်ပြိုင်နိုင်သော ခွန်အားရှိမည် မဟုတ်လောက်ပေ။

“ကောင်းပြီလေ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

စကားဆုံးသည်နှင့် ကျန်းချန်က တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့ရာ တစ်ဖက်မှ အ‌စောင့်ခေါင်းဆောင်သည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် သူ၏ ရင်ဘတ်ပေါ်သို့ ကြောက်မက်ဖွယ်ရာကောင်းသော လက်ဝါးတစ်ဖက်က ကျရောက်လာခဲ့သည်။

“ဝေ့ါ..”

အစောင့်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ တစ်ကိုယ်လုံးကလည်း ၁၀ပေ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

အစောင့်ခေါင်းဆောင်က ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြောက်ရွံ့သော အမူအရာဖြင့် ကြည့်လိုက်သည်။

ကျန်းချန်က လက်ပိုက်၍ ရပ်နေခဲ့ပြီး အစောင့်ကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။

သူ၏ အေးစက်စက်အသံသည် အစောင့်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဘယ်လိုလဲ ငါ့ရဲ့ အရည်အချင်းက ပြည့်မီပြီလား”

အခန်း(၁၈၁၀)ပြီး၏။

စာရေးဆရာစုံညီ အစည်းအဝေးရဲ့ စံသတ်မှတ်ချက်အရ ၁၀ခန်း ၅၀၀၊ ၁၅ခန်း ၇၀၀၊ ၂၀ခန်း ၁၀၀၀ ဖြစ်ပါတယ်။

ကျွန်တော်က အရင်လို ခပ်သွက်သွက်လေး ထွက်ချင်လို့ ၁၀ခန်း ၅၀၀ကို ရွေးချယ်လိုက်ပါတယ်။

စာစဥ်စျေးမတက်ဘဲ အခန်းလျော့လိုက်ရပေမဲ့ စာဖတ်သူတွေကို မကြာမကြာ ဖရီးချပေးပါ့မယ်။

All Chapters