အခန်း ၂၇၇၆-၂၇၈၀
Vol. 119 Ch. 2776-2780
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၇၆)
ဘာသာပြန်သူ_တိမ်တိုက်
တကယ်တော့ ယခုကိစ္စတွင် နေမင်းပြာကျောင်းတော်၏ အကြီးအကဲဟူသော အဆင့်အတန်းမှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ပြော၍ရပေလိမ့်မည်။ ရန်ကိုင်နေရာတွင် အခြားတစ်ယောက်သာဆိုပါက ကျန်းတရှန်းအနေဖြင့် ထိုလူအား လုံးဝ ယုံလိမ့်မည်မဟုတ်ဘဲ အန္တိမရေစင်ကိုလည်း ပေးလိမ့်မည်မဟုတ်ချေ။ ရန်ကိုင်မှာ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်သာ ကျန်းတရှန်းမှာ ရန်ကိုင်အား ယုံကြည်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ရန်ကိုင် သဲလွန်စမကျန် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ကျန်းတရှန်းမှာတော့ အလွန်တရာကိုမှ ဝမ်းသာနေခဲ့လေသည်။
ဆေးဝိဇ္ဇာကျိယင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်တော့မည့်အကြောင်းကို တွေးရင်း ကျန်းတရှန်းမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေမိလေသည်။ နောက်နောင် ဧကရာဇ်အဆင့်ဆေးလုံးများ လိုအပ်လာသည့်အခါမျိုး ရှိလာခဲ့လျှင်လည်း ဆေးဝိဇ္ဇာကျိယင်ဆီမှ သွားရောက်အကူအညီတောင်းနိုင်ပေသည်။ ယခုတစ်ကြိမ် သူ အထူးတလည် ဝမ်းသာနေရသည့် အချက်မှာတော့ ဆေးဧကရာဇ်၏ တပည့် ဖြစ်သည့်အတွက်ကြောင့် ဆေးဝိဇ္ဇာကျိယင်သည် သူတောင်းဆိုသည့်ဆေးလုံးများကို လုံးဝ အောင်မြင်စွာ ဖော်စပ်ပေးနိုင်မည့် အတွက်ကြောင့်ပင်။
ဧကရာဇ်အဆင့်ဆေးပညာရှင်ဆိုတိုင်း ဧကရာဇ်အဆင့်ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်သည်တော့ မဟုတ်။ ကျရှုံးတတ်သည့်အခါမျိုးလည်း ရှိကြပေသည်။ ထိုကဲ့သို့ ကျရှုံးသွားသည့် အခါမျိုး၌ ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသည့် ကျင့်ကြံသူမှာ ခက်ခက်ခဲခဲဖြင့် စုဆောင်းထားရသော ဆေးပင်အားလုံး အလဟဿ ဖြစ်သွားနိုင်ပေသည်။ သို့တိုင် ဆေးပညာရှင်ဆီမှ မည်သည့်လျော်ကြေးကိုမှ ပြန်လည်ရရှိလိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့်ပင်လျှင် ကျန်းတရှန်း အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်နေခြင်း ဖြစ်လေသည်။ ယခုတစ်ကြိမ် သူတောင်းဆိုလိုက်သည့် ဆေးလုံး၏ ဆေးအမယ်များကို ရရှိရန်အတွက် ငါးနှစ်တိတိ စုဆောင်းခဲ့ရသည်။
ထိုကဲ့သို့ တွေးပျော်နေရင်းမှ ကျန်းတရှန်းသည် ရုတ်တရက် တစ်ခုခုအား သတိရသွားခဲ့ပြီး သူ့ပေါင်အား အားပါးတရဖြင့် ကောက်ရိုက်ချမိလိုက်လေသည်။ အစောပိုင်းက အလွန်တရာကိုမှ စိတ်လှုပ်ရှားလွန်းနေသည့်အတွက်ကြောင့် ရန်ကိုင်အား ဆေးအမယ်များကို ပေးလိုက်ပါသော်ငြား သူ မည်သည့်ဆေးလုံးအား လိုချင်သလဲ ဆိုသည်ကို ပြောဖို့မေ့သွားခဲ့သည်။ သို့သော်ငြား သေသေချာချာ ထပ်စဉ်းစားကြည့်လိုက်သည့်နောက် ဆေးဝိဇ္ဇာကျိယင်ကဲ့သို့သော လူတစ်ဦးသည် သူပေးလိုက်သည့် ဆေးအမယ်များကို မြင်ရုံဖြင့် သူ မည်သည့်ဆေးလုံးအား လိုချင်နေသလဲ ဆိုသည်ကို ကျိန်းသေ ခန့်မှန်းမိပေလိမ့်မည်။ သူ့အနေဖြင့် မည်သည့်ဆေးလုံးကို လိုချင်နေသလဲဆိုသည်ကို အထူးတလည်ပြောနေစရာပင်မလို။
တစ်ရက်ဟူသောအချိန် ကုန်ဆုံးသွားခဲ့လေသည်။ ထိုတစ်ရက်ဟူသော အချိန်ကာလသည် ကျန်းတရှန်းအတွက်တော့ နှစ်တစ်နှစ်ပမာ ကြာညောင်းလွန်းလှလေသည်။
ရုတ်တရက်ဆိုသလို အဝေးတစ်နေရာဆီမှ အလင်းတန်းတစ်ခု ပျံသန်းလာခဲ့လေသည်။ ကျန်းတရှန်းလည်း ထိုအလင်းတန်းရာဆီသို့ လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင် ပြန်ပေါ်လာခဲ့ပြီး ကျန်းတရှန်းဆီသို့ ကျောက်စိမ်းပုလင်းတစ်ပုလင်း ပစ်ပေးလိုက်လေသည်။ ထို့နောက် ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “ကံကောင်းစွာနဲ့ပဲ ကျုပ် အောင်မြင်သွားတယ်…”
ထိုစကားကိုကြားလိုက်သည့်အခိုက် ကျန်းတရှန်း၏ စိတ်ခံစားချက်များ ထိန်းမနိုင်သိမ်းမရအောင် ရုန်းကြွလာတော့လေသည်။ ဆေးပုလင်းကို ရလိုက်သည့်နောက် ဆေးပုလင်းအဖုံးကိုဖွင့်ကာ အထဲသို့ ကြည့်ကြည့်လိုက်သည်။ ထိုဆေးပုလင်းထဲ လုံးလုံးဝိုင်းဝိုင်း ဆေးလုံးခြောက်လုံးကို တွေ့လိုက်ရလေ၏။ ဆေးရနံ့ကို ရှူရှိုက်ပြီးလိုက်သည့်နောက် သူ့စိတ်အစုံ လန်းဆန်းသွားသလို ခံစားလိုက်ရလေသည်။
ထိုအခါ ကျန်းတရှန်းသည် ဝမ်းသာအားရ အော်ရယ်မောလျက် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့်ကြည့်ကာ ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရန်…”
ရန်ကိုင်၏ အဆက်အသွယ်ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ဤဆေးလုံးများကို တစ်ရက်အတွင်း ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ သူ့မူလအစီအစဉ်အရသာဆိုလျှင် ကျန်းတရှန်းအနေဖြင့် ပထမဦးစွာ ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဌာနချုပ်သို့ သွားရပေလိမ့်မည်။ သို့မှသာ ဆေးဝိဇ္ဇာဟွမ်ဖုဆီမှ အကူအညီတောင်းနိုင်ပေလိမ့်မည်။ ထို့နောက် အန္တိမရေစင်ကို ဆေးဝိဇ္ဇာဟွမ်ဖုအား ပေးပြီးသည့်နောက် အနည်းဆုံး နောက်ထပ်သုံးလခန့် စောင့်ရပေမည်။ ထိုအခါမှသာလျှင် သူလိုချင်နေသည့် ဆေးလုံးကို ရပေလိမ့်မည်။
ထို့အပြင် သူရနိုင်သည့် ဆေးလုံးအရေအတွက်မှာ အများဆုံးမှ သုံးလုံး လေးလုံးလောက်သာ။
မဟာဆေးဧကရာဇ်၏ တပည့်ဆိုသည့်အတိုင်း ဆေးဝိဇ္ဇာကျိယင်၏ ဆေးစွမ်းရည်သည် ဆေးဝိဇ္ဇာဟွမ်ဖုထက် အများကြီးပိုသာသည်မှာတော့ မေးနေစရာပင်မလိုချေ။ ရန်ကိုင်မှ သူ့အား ထွက်မသွားရန် လှမ်းတားခဲ့သည်မှာ သူ့အတွက်တော့ ကံကောင်းမှုတစ်ခုဟု ကျန်းတရှန်း မှတ်ယူထားခဲ့လေသည်။ ရန်ကိုင်ကိုသာ မယုံကြည်ခဲ့လျှင် သူ့အနေဖြင့် ယခုကဲ့သို့ အကျိုးကျေးဇူး ရခဲ့ရလိမ့်မည်မဟုတ်။
ထို့အတွက်ကြောင့် သူ့စိတ်ထဲ ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်နေမိရလေသည်။
“မလိုပါဘူး ဂိုဏ်းချုပ်ကျန်း… ကျုပ်တို့နှစ်ယောက်စလုံး ကိုယ်လိုချင်တဲ့ဟာကို ရသွားကြတာပါ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် လက်သီးဆုပ်ကာ “ဒါဆိုရင် ကျုပ် သွားလိုက်ပါဦးမယ်နော်…”
“နေပါဦး အကြီးအကဲရန်…” ကျန်းတရှန်းက ရုတ်တရက် လက်မြှောက်၍ အော်ပြောလိုက်လေသည်။
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ ဂိုဏ်းချုပ်ကျန်း….”
ကျန်းတရှန်းက ယဲ့ယဲ့လေးပြုံးလျက် “ဒီကျန်း မေးချင်တာလေး တစ်ခု ရှိလို့ပါ… ဒီကျန်း နောက်ပိုင်း ဆေးဖော်စပ်ပေးဖို့ တောင်းဆိုချင်တယ်ဆိုရင်လေ…”
ရန်ကိုင်က ပြုံးလျက် “ကျုပ်ကို နေမင်းပြာကျောင်းတော်မှာ လာရှာလိုက်…”
မည်သို့ပင်ဖြစ်နေစေကာမူ သူ့၌ ကျိယင်ရှိနေသည့်အတွက်ကြောင့် မည်သည့်ဧကရာဇ်အဆင့် ဆေးလုံးကိုမဆို အလွယ်တကူ ဖော်စပ်နိုင်ပေသည်။ ထို့အပြင် ဆေးဖော်စပ်ခလည်း ရပေဦးမည်။
ကျန်းတရှန်း ဝမ်းသာသွားခဲ့လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရန်…”
ရန်ကိုင်လည်း ခေါင်းညိတ်ပြီး လာရာလမ်းကြောင်းအတိုင်း ပြန်ထွက်လာခဲ့လိုက်သည်။
နေမင်းပြာကျောင်းတော် ကျောက်စိမ်းတောင်ပေါ်ရှိ ဒုကျောင်းသခင်ချို့ရန်နေသည့် နေရာတွင်…
“စီနီယာအစ်ကိုချို့ ကျုပ်ရောက်ပြီ…” အထဲသို့ဝင်လာရင်းမှ ရန်ကိုင်က အော်ပြောလိုက်လေသည်။ အထဲသို့ဝင်လာသည့်အခိုက် သူ့အား ရပ်စောင့်နေသယောင် ထင်ရသော လေးနက်စွာထိုင်နေသည့် ချို့ရန်ကို တွေ့လိုက်ရလေသည်။
“စီနီယာအစ်ကိုချို့… မျက်နှာအမူအယာမကောင်းပါလား… ဘာတွေဖြစ်လို့လဲ…” ရန်ကိုင်က ချို့ရန်ကို ကြည့်ရင်းမှ အံ့အားသင့်တကြီးဖြင့် မေးလိုက်လေသည်။
ချို့ရန်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေသည်။ “မနေ့တုန်းက ငါ့ကို ခဏလောက်စောင့်ဖို့ပဲ ပြောသွားတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး တစ်ရက်ကြာသွားရတာလဲ…”
ထိုအခါမှသာလျှင် ချို့ရန် ဘာကြောင့် ဤကဲ့သို့ သုန်သုန်မှုန်မှုန် ဖြစ်နေရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့ရလေသည်။ ချို့ရန်ပြောသည်မှာလည်း အမှန်ပင်။ ရန်ကိုင်သည် မနေ့က ချို့ရန်အား လုပ်စရာကိစ္စတစ်ခု ရှိသည့်အတွက်ကြောင့် ခဏလောက်စောင့်ပေးရန် ပြောကာ ထွက်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပြန်မသွားခဲ့ဘဲ ဆေးလုံးသွားပြန်ဖော်စပ်နေသည့်အတွက်ကြောင့် တစ်ရက်ခန့် ကြာသွားခဲ့ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်လည်း ခါးသက်သက် အမူအယာဖြင့် ရယ်မောလျက် “ကိစ္စလေးတစ်ခုနဲ့ သွားတိုးနေလို့ အချိန်နှောင့်နှေးသွားတာ…”
ချို့ရန်က ကူကယ်ရာမဲ့နေဟန်ဖြင့် ခေါင်းခါလိုက်လေသည်။ ရန်ကိုင်နှင့် ငြင်းခုန်နေရန် ပျင်းရိလွန်းနေသည့် အတွက်ကြောင့် လက်ဝှေ့ယမ်း၍သာ ပြောလိုက်သည်။ “ငါ့နောက်လိုက်ခဲ့…”
ရန်ကိုင်လည်း ချို့ရန်နောက်မှ လိုက်သွားခဲ့လေသည်။
အနည်းငယ်ကြီးမားသည့် ခန်းမတစ်ခုထဲသို့ ရောက်လာပြီးသည့်နောက်တွင် ချို့ရန်မှ သူ့လက်အား ဝှေ့ယမ်းလိုက်ရာ ခန်းမတံခါးများ ချက်ချင်း ပိတ်သွားခဲ့သည်။ သူ့ ဘယ်နှင့် ညာဘက်ဆီသို့ လှည့်ပတ်ကြည့်လိုက်ရာ ဤခန်းမထဲ စိတ်ဝိဉာဉ်အစီအရင်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေ၏။ မည်ကဲ့သို့သော အစီအရင်မျိုးလဲ ဆိုသည်ကိုတော့ ရန်ကိုင် မပြောနိုင်ခဲ့ပေ။
ခန်းမ၏အလယ်တွင်တော့ ဧရာမသဲစားပွဲခုံကြီးတစ်လုံး ရှိနေခဲ့လေသည်။ သေသေချာချာ အနီးကပ်ကြည့်လိုက်သည့်နောက်တွင် ထိုစားပွဲခုံပေါ်ရှိ သဲများမှာ အသက်ဝင်နေကြသည့်အလား သူတို့ဘာသာသူတို့ အလိုလို လှုပ်ရှားသွားလာနေကြောင်းကို တွေ့ရှိလိုက်ရသည်။ ထပ်မံ၍ သေချာစစ်ဆေးကြည့်လိုက်သည့်နောက်တွင် ရန်ကိုင်၏မျက်ခုံးများ မြင့်တက်သွားခဲ့ပြီး ချက်ချင်း မေးလိုက်လေ၏။ “ဒါ နေမင်းပြာတောင်တန်းမလား…”
ချို့ရန်က ခေါင်းညိတ်ပြလိုက်လေသည်။ “ဟုတ်တယ်… ဒါ ငါတို့နေမင်းပြာတောင်တန်းရဲ့ တောင်နဲ့မြစ်ပုံရိပ်ပဲ…” ထိုသို့ပြောပြီးသည့်နောက် ချို့ရန်မှ သူ့လက်ညှိုးကို ဆန့်ထုတ်လိုက်လေသည်။ ဧကရာဇ်ချီလှိုင်းတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက် သဲစားပွဲခုံမှာ စတင်၍ အသက်ဝင်လာတော့သည်။ သစ်ပင်ပန်းပင်များ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ကျောက်တောင်များ အစီအရီ ထွက်ပေါ်လာခဲ့ပြီးသည့်နောက်တွင် နေမင်းပြာတောင်တန်း၏ အသေးစား ပုံစံငယ်လေးတစ်ခု ထူးဆန်းစွာ ဖြစ်ပေါ်လာခဲ့လေသည်။ လက်ရှိ ရန်ကိုင်ရှေ့၌ ရှိနေသော ပုံစံငယ်လေးမှာ အစစ်အမှန် နေမင်းပြာတောင်တန်းနှင့် တစ်ထေရာတည်း တူညီနေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ပင့်သက်ရှိုက်လိုက်လေ၏။ ထက်ကောင်းကင်နန်းတော်သို့ ပြန်ရောက်ပါက ဟွာချင်းစီအား ယခု တောင်နဲ့မြစ်ပုံရိပ်နှင့် အလားတူ အရာတစ်ခု ဖန်တီးခိုင်းရမည်ဟု စဉ်းစားလိုက်လေသည်။
ဤကဲ့သို့သော ပုံစံငယ်များကို ဂိုဏ်းကြီးများတွင် တွေ့ရလေ့ရှိပါသော်ငြား ဤကဲ့သို့သောအရာမျိုးကို ဖန်တီးဖို့ရာ အဆင့်မြင့်ပညာရှင်များ လိုအပ်ပေသည်။ လက်ရှိ ထက်ကောင်းကင်နန်းတော်၏ အင်အားအရ ထိုကဲ့သို့သောအရာမျိုးကို ဖန်တီးဖို့ရာ ပြဿနာမရှိလောက်ပေ။
“ငါတို့နေမင်းပြာကျောင်းတော်က နေမင်းပြာတောင်တန်းမှာ တည်ရှိနေတာ… ဒီတောင်တန်းကိုပဲ အစွဲပြုပြီး နေမင်းပြာကျောင်းတော်လို့ ခေါ်ခဲ့တာ… တောင်အကြီးစားတွေရော အသေးလေးတွေရော ထည့်ပေါင်းလိုက်မယ်ဆိုလို့ရှိရင် စုစုပေါင်း တောင် ၁၃၅၂လုံး ရှိတယ်… အကြီးအကဲတွေအတွက် ပြင်ဆင်ပေးထားတဲ့တောင်ကတော့ နှစ်ဆယ့်ခုနှစ်လုံးရှိတယ်… အခုလောလောဆယ် တောင်အများစုက ဟာလာဟင်းလင်းတွေချည်းပဲ… မင်းကြိုက်တဲ့တောင်တစ်လုံးကို ရွေးယူလိုက်…” ချို့ရန်သည် တောင်နဲ့မြစ်ပုံရိပ်ကို ညွှန်ပြရင်းမှ ပြောလိုက်လေသည်။
ရန်ကိုင်လည်း အသက်ပြင်းပြင်း ရှူသွင်းလျက် ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုချို့… အဲ့အစိမ်းရောင်နေရာမှာ နေတဲ့လူ ရှိတယ်မလား…”
ချို့ရန်က ခေါင်းညိတ်လိုက်သည်။ “ရှိတယ်… အစိမ်းရောင်ပြထားတဲ့နေရာတွေက လူတွေနေတဲ့နေရာတွေ… အဖြူရောင်တွေပဲ လူမနေတဲ့နေရာ…” ထိုသို့ပြောပြီးသည့်နောက်တွင် တောင်နဲ့မြစ်ပုံရိပ်ပေါ်ရှိ တစ်ခုသောနေရာဆီသို့ ညွှန်ပြလျက် ပြောလိုက်လေသည်။ “ဒါက ငါနေတဲ့ ကျောက်စိမ်းတောင်…”
“အိုး…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ကျောက်စိမ်းတောင် မည်သည့်တောင်ဖြစ်သလဲ ဆိုသည်ကို သိရသွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် အခြားသောတောင်များ၏နေရာကို ခန့်မှန်းမိသွားခဲ့လေပြီ။ အဓိကတောင် နှစ်ဆယ့်ခုနှစ်လုံးအနက် ဆယ်လုံးကျော်လောက်ကိုသာ အကြီးအကဲများ အပိုင်စားယူထားကြပြီး ကျန်တောင်များမှာတော့ ဟာလာဟင်းလင်း ဖြစ်နေကြလေသည်။ လက်ကျန်တောင်များကိုကြည့်ရင်း ရန်ကိုင်မှာ အချိန်အတန်ကြာအောင် မဆုံးဖြတ်နိုင် ဖြစ်နေခဲ့သည်။
ထိုစဉ် ဘေးဘက်၌ရှိနေသော ချို့ရန်သည် သူ့လက်ကိုဆန့်ထုတ်၍ တစ်ခုသောတောင်အား ညွှန်ပြလျက် “အဲ့နေရာက မဆိုးဘူး… မင်းဘယ်လိုထင်လဲ ဂျူနီယာညီလေး…”
ရန်ကိုင်သည် ချို့ရန်ညွှန်ပြသည့်တောင်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် အနီးအနားတွင်ရှိနေသော တောင်အား အကြည့်ပြောင်းလျက် “ကျုပ်ထင်တာ မမှားရင် ဒါက ခရမ်းဝါးတောင်မလား…”
“ဟုတ်တယ်… အဲ့ဒါ ဂျူနီယာညီမကောင်းနေတဲ့ ခရမ်းဝါးတောင်ပဲ…”
“အဲ့ဒါဆို ထားလိုက်တော့…” ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။
နေမင်းပြာကျောင်းတော်ထဲရှိ လူများအနက် ကောင်းရွှယ်ထင်းသည် သူလုံးဝမလှန်နိုင်သည့် လူတစ်ဦး ဖြစ်လေသည်။ တကယ့်တကယ် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက ဆယ်ခါတိုက်လျှင် ကိုးခါလောက် သူ့အနေဖြင့် ကောင်းရွှယ်ထင်းအား အနိုင်ယူနိုင်ပါသော်ငြား ကောင်းရွှယ်ထင်းနှင့် အိမ်နီးနားချင်း မဖြစ်သည်မှာတော့ သူ့အတွက် အကောင်းဆုံးပင်။
“အို… ဒါဆိုရင်တော့လည်း သေချာစဉ်းစားပြီးတော့ ရွေးလေ…” ချို့ရန်မှာ ဘာမှပြန်မပြောခဲ့ချေ။
တစ်ခဏကြာမျှ ထိုင်စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ရုတ်တရက် ညွှန်ပြလိုက်လေသည်။ “အဲ့တောင်ယူမယ်…”
ချို့ရန်သည် ရန်ကိုင်ညွှန်ပြသည့်တောင်အား ကြည့်၍ ပြောလိုက်လေ၏။ “ဓါးတောင်ပဲ… အဲ့တောင်လည်းမဆိုးဘူး… နည်းနည်းချောင်ကျတာကလွဲလို့ အကုန်အဆင်ပြေပါတယ်…”
အကြီးအကဲများအတွက် ပြင်ဆင်ပေးထားသော တောင်နှစ်ဆယ့်ခုနှစ်လုံးစလုံးမှာ ဘာမှ ဤမျှ ကွာခြားခြင်း မရှိချေ။ တောင်အရွယ်အစားအရရော မိုးမြေစွမ်းအင်သိပ်သည်းနှုန်းကပါ အတူတူလောက်သာ ရှိကြသည်။ သို့သော်ငြား ရန်ကိုင်ရွေးလိုက်သည့်ဓါးတောင်မှာ နေမင်းပြာတောင်တန်း၏ အလယ်ဗဟိုဆီမှ အတော်လှမ်းလှမ်းတွင် တည်ရှိနေသည့်အတွက်ကြောင့် ချောင်ကျသည်ဟု ပြောရခြင်းပင်။ သို့သော်ငြား ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးအတွက် ထိုမျှလောက်သာအကွာအဝေးသည် ဘာမှ မပြောပလောက်ချေ။
“ဒါဆိုရင်တော့ ဓါးတောင်က မင်းအတွက်ဖြစ်သွားပြီပေါ့…” ချို့ရန်က သူ့လက်ကိုဝှေ့ယမ်း၍ တောင်နဲ့မြစ်ပုံရိပ်ကို ပြန်သိမ်းလိုက်လေသည်။ တောင်နဲ့မြစ်ပုံရိပ် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သဲစားပွဲခုံကြီး ပြန်ပေါ်လာလေ၏။ ထိုအခါ ချို့ရန်က ဆက်ပြောလိုက်လေသည်။ “ဂျူနီယာညီလေး… မင်းကိုပေးထားတဲ့ အကြီးအကဲတံဆိပ်ပြား ရှိတယ်မလား… အဲ့တံဆိပ်ပြားကိုသုံးပြီးတော့ ဓါးတောင်ပေါ်မှာရှိတဲ့ အကာအရံတွေနဲ့ အစီအရင်တွေကို ဖွင့်တာပိတ်တာတွေ လုပ်ရမှာ… မင်း အဲ့ကိုသွားမယ်ဆိုလို့ရှိရင် အကြီးအကဲတံဆိပ်ပြားကို ဓါးတောင်က မြေကမ္ဘာချီကြောမနဲ့ အတူပေါင်းပြီးတော့ သန့်စင်ဖို့ မမေ့နဲ့… အဲ့လိုလုပ်ပြီးသွားပြီဆိုလို့ရှိရင် ဓါးတောင်က မင်းအပိုင်ဖြစ်သွားပြီ… မင်းခွင့်ပြုချက်မရပဲနဲ့ ငါတောင် အဲ့ကို သွားချင်တိုင်း သွားလို့မရဘူး…”
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်ကိုချို့…” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။
“မလိုပါဘူး… အခု မင်းသွားလို့ရပြီ…” ချို့ရန်က လက်ဝှေ့ယမ်းပြလိုက်သည်။
ရန်ကိုင်လည်း နှုတ်ဆက်ပြီးသည့်နောက် ချက်ချင်း ထွက်လာခဲ့လိုက်လေ၏။
ကျောက်စိမ်းတောင်မှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူမှတ်ထားသည့်လမ်းကြောင်းအတိုင်း ဓါးတောင်ဆီသို့ ထွက်လာခဲ့လိုက်သည်။
လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက် တောင်တစ်လုံး ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုတောင်မှ ဓါးတစ်ချောင်း မြေကြီးထဲမှ ထိုးထွက်နေသည့်ပုံစံ ပေါက်နေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုတောင်အား ဓါးတောင်ဟု ခေါ်ဝေါ်ခြင်း ဖြစ်လေ၏။
ဓါးတောင်၏ ဘေးတစ်ဖက်တစ်ချက်စီမှာ အလွန်ကိုမှ မက်စောက်လှကာ ချောက်ကမ်းပါးကြီးများသဖွယ် ဖြစ်နေခဲ့ပြီး အဖြူရောင်တိမ်စိုင်တိမ်တိုက်များမှာတော့ တောင်အလယ်ဗဟိုတစ်ဝိုက် ရစ်သိုင်းနေကြလေသည်။ အမျိုးမျိုးသော သားရဲတိရစ္ဆာန်များမှာလည်း တောင်ပေါ်၌ ရှင်သန်ကျက်စားနေကြလေ၏။
ထိုတောင်ကိုကြည့်ရင်းမှ ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ ကျေနပ်မိလေသည်။
သူသည် ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်ပါသော်ငြား နေမင်းပြာကျောင်းတော်တွင်တော့ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးသာ ဖြစ်လေသည်။ သို့ရာတွင် မည်သို့ပင်ဖြစ်နေစေကာမူ ယခု သူ့၌ တောင်ဘက်နယ်မြေတွင် သူ့အပိုင်ဟု ခေါ်ဝေါ်၍ရလောက်သည့် နေရာတစ်ခု ရှိလာခဲ့လေပြီ။
ထို့အတွက်ကြောင့် ရန်ကိုင် ဝမ်းသာရခြင်းပင်။
တောင်ကိုမြင်သည်နှင့် ရန်ကိုင်လည်း ချက်ချင်းပဲ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ဓါးတောင်ဆီသို့ ပျံသန်းသွားလေသည်။ ဓါးတောင်ဆီသို့ ရောက်လာပြီးသည့်နောက် ဝေ့ဝဲကြည့်လိုက်လေရာ အထူးတလည်တည်ဆောက်ထားသော နန်းတော်အချို့ ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုနေရာများတွင် လူမနေသည်မှာ ကြာပြီဖြစ်သလို မည်သူကမှလည်း လာရောက် သန့်ရှင်းရေးလုပ်ထားခြင်း မရှိပါသော်ငြား အမျိုးမျိုးသောအစီအရင်များကို အသက်သွင်းထားသည့်အတွက်ကြောင့် တောင်ပေါ်ရှိ အဆောက်အဦးများမှာ အကောင်းအတိုင်း ရှိနေသေးပြီး ဖုန်များလည်း တစ်စက်မှ မစွန်းထင်းသေးချေ။
တောင်ပေါ်သို့ ဆင်းလာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ၏ကောင်းကင်စိတ်အာရုံအား ဒီရေလှိုင်းလုံးအလား တောင်တစ်ခုလုံးအနှံ့ ဖြန့်ကျက်ချလိုက်သ်ည။ ထိုသို့စစ်ဆေးကြည့်ပြီးသည့်နောက် ဓါးတောင်၏ အခြေအနေကို အပြည့်အဝ နားလည်သွားခဲ့လေသည်။
ထို့နောက်တွင် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ရန်ကိုင်သည် သူ့ပိုင်နက်နယ်မြေအား စစ်ဆေးနေသည့် ကြီးကြပ်ရေးမှူးတစ်ယောက်ပမာ လျှောက်ပတ်ကြည့်လေ၏။
နေ့ဝက်ခန့်ကြာအောင် လျှောက်ပတ်သွားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် ဓါးတောင်ပေါ်ရှိ အဓိကနန်းတော်ဆီသို့ ပြန်လာခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်က အလန့်တကြား အော်ပြောမိလိုက်လေ၏။ “စီနီယာအစ်ကို စီနီယာအစ်မတို့ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေကြတာလဲ…”
လက်ရှိအချိန်တွင် ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာ ဓါးတောင်၏ အဓိကနန်းတော်ဆီ၌ သူ့အား ရပ်စောင့်နေကြလေသည်။ ရန်ကိုင်ပြန်ရောက်လာသည်ကို မြင်သည့်အခါ ချန်းချန်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါတို့ နင့်ကို ဂုဏ်ပြုပေးဖို့ လာခဲ့တာလေ…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “မနေ့တည်းက ဂုဏ်ပြုပြီးသွားပြီ မဟုတ်ဘူးလား…”
“ဘာဖြစ်လို့လဲ… နင်က ငါတို့ကို မကြိုဆိုတာလား…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်က ကမန်းကတန်း လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ “အာ… ဘယ်လိုလုပ်ပြီး မကြိုဆိုပဲ နေရမှာလဲ… ကျုပ်ကတောင် ဝမ်းသာနေတာ… ကဲ ကဲ ကဲ… လာ… အထဲဝင်လာခဲ့လေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားသောအကြီးအကဲများကို နန်းတော်ခန်းမထဲသို့ ဖိတ်ခေါ်လိုက်လေ၏။
ရန်ကိုင် မထိုင်ရသေးခင်မှာပင် ကောင်းရွှယ်ထင်းသည် သူမလက်ကို ရုတ်တရက် ဝှေ့ယမ်းချလိုက်ရာ ချက်ချင်းဆိုသလို အရက်ပုလင်းတစ်ရာကျော် ကြမ်းပြင်ပေါ်၌ ပေါ်လာခဲ့လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “ဒီနေ့ ငါတို့ကျောင်းတော်မှာ အကြီးအကဲအသစ်တစ်ယောက် တိုးလာပြီဆိုတော့ ဒီနေ့ မမူးသေးသရွေ့ ဘယ်သူမှ ပြန်လို့မရဘူး…”
ထိုစကားကို ထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏မျက်နှာ ဖြူလျော်သွားကုန်ကြလေသည်။ ချန်းချန်၏မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ပြီး အလျင်စလို ပြောလိုက်လေ၏။ “မဆင်မခြင် မလုပ်နဲ့လေ စီနီယာအစ်မ…”
တိရုံ၏ အမူအယာမှာလည်း ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေ၏။ “အာ… ငါ အခုမှသတိရတယ်… ကျောင်းသခင်က ငါ့ကို အလုပ်တစ်ခုခု လုပ်ခိုင်းထားတာ… အခုထိ မလုပ်ရသေးဘူး… ကဲ အားလုံးပဲ ငါ့ကို တစ်ချက်လောက် ခွင့်ပြုပေးကြပါဦး…”
“ဟမ်…” ကောင်းရွှယ်ထင်း၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် နှာခေါင်းရှံ့လိုက်လေသည်။
ချက်ချင်းဆိုသလို တိရုန်၏ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ပြီး သူ၏ခြေလှမ်းများလည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် ရို့ခွမ်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရို့ခွမ်း သူ့အား ဤကပ်ဘေးမှ ကယ်ပေးရန် မျှော်လင့်နေခဲ့လေ၏။ သို့သော်ငြား ရို့ခွမ်းကိုယ်တိုင်မှာလည်း တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသလို သူ့မျက်နှာတစ်ပြင်လုံးမှာလည်း ဖြူဖတ်ဖြူလျော်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၇၇)
ဘာသာပြန်သူ_တိမ်တိုက်
တစ်ခဏအကြာတွင် အကြီးအကဲများသည် ခန်းမထောင့်တစ်နေရာ၌ ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် စုဝေးနေကြလေသည်။ ချန်းချန်နှင့် အခြားသော အမျိုးသမီးအကြီးအကဲမှာတော့ ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့လေသည်။
ခန်းမထဲဝယ် ဧကရာဇ်အဆင့်ဓါးတစ်ချောင်းကို ကိုင်စွဲလျက် ဝှေ့ယမ်းချင်သလို ဝှေ့ယမ်းနေသည့် မိန်းမချောလေးကိုကြည့်ရင်း ရန်ကိုင်မှာ မင်သက်နေခဲ့လေသည်။ တံတွေးတစ်လုပ်ကို ခက်ခက်ခဲခဲဖြင့် မျိုချလိုက်ပြီးသည့်နောက်တွင် ဘုရားကိုသာ တလိုက်ရတော့လေသည်။ “ဘာတွေဖြစ်နေတာလဲကွာ…”
ထိုမိန်းမချောလေးသည် ဓါးတစ်ချောင်းကို လက်ကကိုင် အရက်တစ်ပုလင်းကို ကျန်လက်တစ်ဖက်တွင် ကိုင်လျက် အရက်မူးဓါးကွက် ထုတ်ပြနေသည့်အလား သူမ၏ဓါးကို ဝှေ့ယမ်းချင်သလို ဝှေ့ယမ်းချနေခဲ့သည်။ အရက်ရှိန်ကြောင့် မျက်လုံးများမှာလည်း နီရဲနေခဲ့လေသည်။ ရံဖန်ရံခါ အရက်ပုလင်းကို မော့သောက်၍ ကောင်းလိုက်သည့်ဝိုင်ဟုလည်း ချီးကျူးတတ်သေး၏။ ဖြစ်သလို ဝှေ့ယမ်းနေသည့် ဓါးချက်များကြောင့် ခန်းမတစ်ခုလုံး ဓါးရောင်များဖြင့် တလက်လက်ကို တောက်ပနေတော့လေသည်။
တိရုံက ခါးသက်သက်လေသံဖြင့် “ဂျူနီယာညီလေးရန်… မင်းက အသစ်ဆိုတော့ ငါတို့ကျောင်းတော်ရဲ့ တားမြစ်ချက်ကြီးသုံးခုကို သိဦးမှာမဟုတ်သေးဘူး… ဒါပေမယ့် မင်း အကြီးအကဲဖြစ်လာလာချင်းမှာပဲ တားမြစ်ချက်ကြီးတစ်ခုနဲ့ လာတွေ့ရလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး… မင်းကတော့ တကယ်ကို ကံကောင်းတဲ့ကောင်ပါလားကွာ…”
ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ “တားမြစ်ချက်ကြီးသုံးခု… ဘာတားမြစ်ချက်ကြီးသုံးခုလဲ…”
ချန်းချန်က ပြန်ရှင်းပြလိုက်သည်။ “ကျောင်းသခင်ရဲ့မွေးနေ့ပွဲ၊ စီနီယာအစ်ကိုချို့ရဲ့ ဒေါသနဲ့ စီနီယာအစ်မကောင်း အရက်သောက်တဲ့ပြဿနာပဲ…”
“အဲ့ဒါတွေက ဘာဖြစ်လို့ တားမြစ်ချက်ကြီးသုံးခု ဖြစ်နေရတာလဲ…” ရန်ကိုင် လုံးဝနားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ထိုသို့ပြောပြီးသည့်နောက် ခန်းမအလယ်တွင် ဓါးတစ်ချောင်းကို ဝှေ့ယမ်းချင်သလို ဝှေ့ယမ်းနေသည့် လူဆီသို့ ပြန်လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲရှိ ထိုအမျိုးသမီး၏ မြင့်မြတ်ကျော့ရှင်းလှသည့် ပုံရိပ်မှာ လက်ရှိအဖြစ်အပျက်ကြောင့် လုံးဝကို ပျက်စီးသွားရတော့လေသည်။ လက်ရှိ သူကြည့်နေသည့် မိန်းမချောလေးမှာ သာမန်လူတစ်ဦးမဟုတ်တော့ဘဲ စိတ်အခြေအနေမကောင်းသည့် လူမမာတစ်ဦးနှင့်ပင် တူနေပေသေးသည်။ နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အရက်သောက်လိုက်တာနဲ့ စီနီယာအစ်မကောင်း ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်သွားရတာလဲ… ဘာလဲ… အရက်သောက်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးတွေက ဝင်စီးသွားလို့လား…”
“အဲ့လိုမျိုးမဟုတ်ဘူး…” ရို့ခွမ်းက သူ့လက်ကို အလျင်စလို ဝှေ့ယမ်းပြလျက် ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဂျူနီယာညီမကောင်း အရက်သောက်လိုက်ရင် အခုလိုဖြစ်သွားတာ သူကိုယ်တိုင်က အရက်ဒဏ်ကို မခံနိုင်လို့ပဲ…”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… စီနီယာအစ်မကောင်းက ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်လေ… သူသောက်နေတဲ့အရက် ဘယ်လောက်ပဲပြင်းပြင်း ဧကရာဇ်ချီကို လှည့်ပတ်လိုက်ရုံနဲ့ အရက်အာနိသင်ကို အလွယ်တကူ ဖယ်ရှားပစ်လိုက်လို့ ရတာပဲ… ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်သွားရမှာလဲ…”
ချန်းချန်က သက်ပြင်းချလျက် “ဘာလို့လဲဆိုတော့ ကျောင်းသခင်မကောင်းလို့ပဲပေါ့…”
“ဒါက ကျောင်းသခင်နဲ့ ဘယ်လိုပတ်သက်သွားပြန်ရတာတုန်း…” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြန်လေသည်။ ယနေ့ ကြုံလိုက်ရသည့် အဖြစ်အပျက်များသည် ယခင်ထင်မှတ်ထားခဲ့သော အထင်အမြင်အားလုံးကို တစ်စစီ ပျက်စီးသွားစေခဲ့ရလေသည်။
ချန်းချန်က ပြန်ပြောလိုက်သည်။ “စီနီယာအစ်မကောင်းကို ကျောင်းသခင်က ငယ်ငယ်လေးထဲက မွေးစားပြီး ပျိုးထောင်လာခဲ့တယ်ဆိုတာကို နင်သိတယ်မလား…”
“အင်း… ကြားဖူးတယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ချန်းချန်က ဝမ်းနည်းစိတ်ဓာတ်ကျနေသည့် အမူအယာဖြင့် “စီနီယာအစ်မကောင်းငယ်ငယ်တုန်းက ကျောင်းသခင်က စီနီယာအစ်မကောင်းကို အရက်တွေအရမ်းစွတ်တိုက်တာ… တစ်ခါတိုက်ပြီဆိုလို့ရှိရင်လည်း လုံးဝ မူးရူးသွားတဲ့အထိပဲ… အဲ့လိုတိုက်ရင်းနဲ့ တစ်ကြိမ်မှာ စီနီယာအစ်မကောင်း အရမ်းမူးရူးသွားပြီးတော့ ရက်အတော်ကြာအောင် ဒီလိုဖြစ်သွားခဲ့တယ်… တော်တော်လေးကြာသွားမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ… အဲ့အချိန်ကနေစပြီးတော့ စီနီယာအစ်မကောင်း အရက်သောက်လိုက်ပြီဆိုတာနဲ့ အခုလိုမျိုး ဖြစ်တော့တာပဲ…”
“ဒါက… ကျောင်းသခင်က တကယ်ကို မဟုတ်တာပဲ…” ရန်ကိုင်က အော်ဆဲလိုက်လေသည်။ အခြားသောအကြီးအကဲများမှာလည်း ရန်ကိုင်၏စကားကို ထောက်ခံနေသည့်အလား ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။ သူတို့၏မျက်လုံးများထဲ ကျောင်းသခင်အပေါ် အထင်အမြင်သေးသည့် အရိပ်အယောင်များကို အထင်းသား မြင်တွေ့နေရလေသည်။
တစ်ခဏမျှ ကြောင်အမ်းအမ်းဖြစ်နေပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “သူအရက်မသောက်နိုင်မှန်း သိလို့ရှိရင် အစကတည်းက မသောက်သင့်တာလေ… ဟုတ်တယ်မလား… ဒါပေမယ့် ဘယ်လိုလုပ်ပြီး သူ့မှာ ဒီလောက် အရက်ပုလင်းတွေအများကြီး…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် နှာခေါင်းတရှုံ့ရှုံ့လျက် ချီးကျူးလိုက်လေ၏။ “အရက်နံ့လေးက သင်းနေတာပဲ… အနည်းဆုံး နှစ်နဲ့ချီပြီးတော့ အချဉ်ဖောက်ထားတာ ဖြစ်ရလိမ့်မယ်… သောက်လိုက်ရရင်တော့ကွာ…”
“သူ အဲ့ဒါတွေကို ဘယ်ကရလာမှန်း ဘယ်သူသိမှာလဲ…” ချန်းချန်မှာ ငိုပွဲချလုမတတ် ဖြစ်နေခဲ့လေသည်။ “အရင်ရက်တွေတုန်းက သူတကယ်ကို အကောင်းကြီးပါ… မနေ့ညကတောင် ငါ့ရဲ့ နွေဦးတောင်ဆီလာပြီးတော့ စကား လာဖောင်ဖွဲ့သွားသေးတယ်…”
အခြားသော အမျိုးသမီးအကြီးအကဲကလည်း ဝင်ပြောလိုက်လေ၏။ “ဟုတ်တယ်… မနေ့ညတုန်းကလည်း ငါ့ဆီ လာသွားသေးတယ်…”
ရန်ကိုင်က သက်ပြင်းချလျက် “ကဲ… အခု ဒီလိုတွေ ဖြစ်နေပြီဆိုတော့ ဘယ်လိုဆက်လုပ်ကြမလဲ… သူအမူးပြေသွားတဲ့ထိ ထိုင်စောင့်နေရမယ်လို့တော့ မပြောနဲ့နော်…”
ချန်းချန်က ပြန်ပြောလိုက်လေသည်။ “အရက်ပုလင်းတွေ ကုန်သွားလို့ရှိရင် ပြီးသွားလိမ့်မယ်…”
ထိုစကားကိုကြားသော် ရန်ကိုင် ကောင်းရွှယ်ထင်းဆီ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် ချက်ချင်း ပြန်ပြောလေ၏။ “အရက်ပုလင်းက တစ်ရာကျော်တောင် ကျန်သေးတယ်… အဲ့ဒါတွေကို သူ ဘယ်လောက်ကြာအောင် သောက်နေမှာလဲ… သူ အခုသောက်နေတဲ့နှုန်းနဲ့ဆိုရင် အနည်းဆုံး ရက်နဲ့ချီပြီး ကြာမှာ…”
“အဲ့ဒါကလွဲပြီး အခြားနည်းလမ်းမရှိဘူး…” ချန်းချန် ခေါင်းခါပြလိုက်သည်။
ရန်ကိုင်သည် တစ်ခဏကြာမျှ အတွေးနက်သွားခဲ့လေသည်။ ထို့နောက် တစ်ခုခုအား ဆုံးဖြတ်လိုက်သည့်အလား မတ်တပ်ထရပ်လိုက်လေ၏။
“မင်း ဘာလုပ်ချင်နေတာလဲ ဂျူနီယာညီလေးရန်…” ရို့ခွမ်းက အံ့အားသင့်နေသည့်လေသံဖြင့် မေးလိုက်လေသည်။
“စီနီယာအစ်မကောင်းကို သွားကူသောက်ပေးမလို့လေ… ဘယ်လိုလဲ… အရက်ပုလင်းတွေ မြန်မြန်ကုန်လေ ဒီကိစ္စ မြန်မြန်ပြီးလေပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ထောင်ပေါင်းများစွာသော စစ်သည်တော်များကို တစ်ကိုယ်တည်း ရင်ဆိုင်တော့မည့် စစ်သူကြီးတစ်ဦး၏ ပုံစံမျိုးဖြင့် ခန်းမအလယ်ဆီသို့ လျှောက်သွားလေ၏။
အမျိုးမျိုးသောအကြီးအကဲများ၏ မျက်နှာထက် လေးစားအားကျသည့် အကြည့်များ ထွက်ပေါ်လာခဲ့ကြလေသည်။
“လူငယ်…” တိရုံက ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်လေသည်။
“အပိုတွေပြောမနေတော့နဲ့… ဂျူနီယာညီလေးရန် သူ့ကိုထိန်းထားတုန်း ငါတို့ ဒီကနေ မြန်မြန်ထွက်သွားကြရအောင်…” ရို့ခွမ်းသည် အခြားသူများကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်း၏ ဖမ်းဆီးထားခြင်း ခံရပြီး အရက်တစ်ပုလင်းပြီးတစ်ပုလင်း မော့သောက်နေရသည့် ရန်ကိုင်ကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။ ဆက်မကြည့်နိုင်တော့သည့်အဆုံး ချက်ချင်း အကြည့်လွှဲဖယ်လိုက်လေ၏။
(ဂျူနီယာညီလေးရန်… မင်း စတေးပေးခဲ့တာအတွက် ငါတို့ တကယ်ကို ကျိန်းသေ မှတ်ထားမှာပါကွာ…)
အကုန်လုံးမှာ အလိုက်တသိ နားလည်ထားကြသည့်အလား အသက်ကိုအောင့်လျက် ခြေဖျားထောက်ကာ ခန်းမထဲမှ ထွက်သွားရန် ပြင်လိုက်လေသည်။
သူတို့အားလုံး နန်းတော်ဝင်ပေါက်နားသို့ ရောက်သွားစဉ်မှာပင် လူတစ်ဦးသည် သူတို့ဆီသို့ အရှိန်ကုန်ဖြင့် ပြေးဝင်လာကာ ဓါးဖြင့် ဝှေ့ယမ်းချလိုက်လေသည်။ ထိုဓါးချက်ကြောင့် ရို့ခွမ်း၏ ဆံပင်အချို့ ပြတ်ထွက်သွားခဲ့ရပြီး နံရံထက်တွင်တော့ ပြတ်ရာကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ အစီအရင်၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက ထိုဓါးချက်သည် နန်းတော်တစ်ခုလုံးကို ပြိုကျသွားစေနိုင်ပေသည်။
“နင်တို့အားလုံး ထွက်သွားချင်နေတာပေါ့ ဟုတ်လား…” ကောင်းရွှယ်ထင်းသည် လူအုပ်ကြီးအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။ သူမ၏ ရေခဲတမျှအေးစက်သည့် စကားသံသည် လူတိုင်း၏ခြေလှမ်းများကို တုံ့ခနဲ ရပ်တန့်သွားစေခဲ့လေသည်။ ထို့နောက်တွင် ကောင်းရွှယ်ထင်းက ခြောက်ခြားဖွယ်ရာလေသံဖြင့် ဆက်ပြောလိုက်လေ၏။ “နင်တို့အားလုံး နောက်တစ်လှမ်း ထပ်လှမ်းရဲ လှမ်းကြည့်လိုက်စမ်း…”
ချန်းချန်သည် ကောင်းရွှယ်ထင်းအား သနားစဖွယ်အမူအယာဖြင့် ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်မကောင်း… နင် မူးနေပြီနော်…”
ကောင်းရွှယ်ထင်းသည် သူမလက်ထဲတွင် ကိုင်ထားသည့် ရန်ကိုင်အား လွှင့်ပစ်လိုက်ပြီးသည့်နောက် ခန်းမဝင်ပေါက်တွင် ပိတ်ရပ်လျက် လူအုပ်ကြီးအား ဓါးဖြင့် ချိန်ရွယ်ရင်းမှ ချန်းချန်ကိုကြည့်ကာ ပြောလိုက်လေသည်။ “ငါ ဘယ်လိုလုပ်ပြီး မူးရမှာလဲ…”
“နင်… နင်…” ချန်းချန် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ ကောင်းရွှယ်ထင်းနှင့်အတွေ့တွင် ချန်းချန်မှာ ကြောင်ကိုတွေ့သည့် ကြွက်တစ်ကောင်နှယ် စကားတစ်ခွန်းကိုပင် ကောင်းကောင်းမပြောနိုင်တော့ချေ။
“အပိုတွေပြောမနေပဲနဲ့ ဒီမှာလာသောက်…” ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ချန်းချန်ကို ဆွဲခေါ်၍ သူမပါးစပ်ထဲသို့ အရက်တစ်ပုလင်း ထည့်ပေးလိုက်လေသည်။
ချန်းချန်မှာ သုံးလေးငါးငုံလောက်သာ သောက်နိုင်ခဲ့ပြီး ဆက်မသောက်နိုင်တော့သည့်အဆုံး အရက်များ သူမပါးစပ်ထဲမှ လျှံထွက်လာရတော့သည်။ ထိုလျှံထွက်လာသည့်အရက်များကြောင့် သူမ၏အဝတ်အစားများလည်း စိုရွှဲကုန်ရလေသည်။
“ဟား ဟား ဟား ဟား…” ကောင်းရွှယ်ထင်းမှာ အလွန်ကိုမှ ကျေနပ်ပီတိ ဖြစ်နေသည့်အလား ဝါးလုံးကွဲ အော်ရယ်မောလေ၏။ ထို့နောက် သူမ၏အကြည့်သည် ရို့ခွမ်းဆီသို့ ရောက်ရှိသွားခဲ့လေသည်။
ရို့ခွမ်းသည် ချက်ချင်းပဲ အထိတ်တလန့်ဖြင့် နောက်သို့ခုန်ဆုတ်လျက် အရက်တစ်ပုလင်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် အလျင်စလို ပြန်ပြောလိုက်လေ၏။ “ဂျူနီယာညီမကောင်း လာတိုက်စရာမလိုပါဘူး… စီနီယာအစ်ကို ကိုယ့်ဘာသာကိုယ်ပဲ သောက်လိုက်ပါ့မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် အရက်ပုလင်းကိုကိုင်ကာ မော့ချလိုက်လေ၏။
ထိုအချင်းအရာကိုမြင်ပြီးသည့်နောက်မှသာ ကောင်းရွှယ်ထင်း ကျေနပ်သွားခဲ့လေသည်။ ထို့နောက်တွင် သူမ၏အကြည့်သည် အခြားသောလူများဆီသို့ ရောက်သွားခဲ့လေ၏။
မည်သည့်အကြီးအကဲပင် ဖြစ်နေစေကာမူ ကောင်းရွှယ်ထင်းမှ သူတို့ဆီသို့ လှည့်ကြည့်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံးမှာ အရက်တစ်ပုလင်းကို အလျင်စလို ကောက်ကိုင်၍ တစ်ကျိုက်ပြီးတစ်ကျိုက် မော့ချတော့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကောင်းရွှယ်ထင်းမှာ သည်းလှိုက်အူလှိုက် အော်ရယ်မောနေခဲ့လေသည်။ အကုန်လုံးအား အရက်အသီးသီး တိုက်ပေးလိုက်ပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် သူမ၏ဓါးကို ကိုင်ဆွဲလျက် အရက်မူးဓါးကွက်ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်ပြန်လေသည်။
“ဂျူနီယာမောင်လေးရန်…” အတော်ကြာပြီးသည့်နောက်မှသာ ချန်းချန် အသိပြန်ဝင်လာခဲ့လေသည်။ ပါးစပ်မှစီးကျနေသော အရက်များကို လက်ဖြင့်သုတ်လိုက်ရင်းမှ ရန်ကိုင်အား စေတနာဖြင့် သတိပေးလိုက်လေသည်။ “အမူးပြေအောင် ဧကရာဇ်ချီကို မလှည့်ပတ်လိုက်နဲ့နော်… အဲ့လိုလုပ်မယ်ဆိုရင်တော့…”
“အဲ့လိုလုပ်ရင် ဘာဖြစ်လို့လဲ…” ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ပြောလိုက်လေသည်။
ချန်းချန်သတိပေးသည်မှာ နောက်ကျသွားခဲ့သည်။ ချန်းချန်မှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ကောင်းရွှယ်ထင်းသည် တစ္ဆေတစ်ကောင်နှယ် ရန်ကိုင်ရှေ့၌ ပေါ်လာလေ၏။ ထို့နောက် သူမလက်ကို ဆန့်ထုတ်၍ ရန်ကိုင်၏လည်တိုင်မှ ဆွဲကိုင်ကာ သူ့အား ကြက်တစ်ကောင်ကို မြှောက်သည့်နှယ် လေပေါ်သို့ ဆွဲမြှောက်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ကောင်လေး… နင် မလှိမ့်တပတ် လုပ်ရဲတယ် ဟုတ်လား…”
ကောင်းရွှယ်ထင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူမလက်ထဲရှိ ဓါးရှည်သည့် အချိန်မရွေး ပျံထွက်သွားတော့မည့်အလား တဆတ်ဆတ် တုန်ခါလာခဲ့လေသည်။
ရန်ကိုင်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ပေါင်နှစ်ဖက်ကို ပူးကပ်လျက် အလန့်တကြားဖြင့် ထအော်လေ၏။ “ကျေးဇူးပြုပြီး ညှာတာပေးပါ စီနီယာအစ်မကောင်း…”
“ဟမ့်… ငါ့ကို ညှာတာစေချင်တယ်ပေါ့ ဟုတ်လား…” ကောင်းရွှယ်ထင်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင်အား ဝေ့ကြည့်ရင်းမှ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်လေသည်။ “အဲ့ဒါကတော့ နင့်အပေါ်မှာ မူတည်မှာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် အရက်တစ်ပုလင်းကို သူမဓါးဖြင့် ကောက်ယူကာ ထိုအရက်ပုလင်းကို ဓါးထိပ်တွင်တင်၍ ရန်ကိုင်ဆီသို့ ပို့ပေးလိုက်လေ၏။
ရန်ကိုင်၏မျက်နှာမှာ ဆေးခါးကြီးသောက်ထားရသည့်အလား မှုန်ုကုပ်ကုပ် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ကောင်းရွှယ်ထင်းမှ သူ့အား မမှိတ်မသုန် စိုက်ကြည့်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း မတတ်သာတော့ဘဲ ထိုအရက်ပုလင်းကို မော့သောက်ရတော့လေ၏။
“ဒါမှပေါ့….” ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် သူမ၏ဓါးရေးကို တစ်ဖန်ပြန်လည် ထုတ်ဖော်ပြန်လေသည်။ သူမပုံစံမှာ အရုပ်သစ်ရသွားသည့် ကလေးမလေးတစ်ယောက် ပျော်ရွှင်မြူးထူးစွာ ကခုန်နေသည့် ပုံစံနှင့်ပင် တူနေပေသေးသည်။ ရန်ကိုင်မှ အရက်တစ်ပုလင်း ကုန်အောင် သောက်လုပ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့ရှေ့သို့ နောက်ထပ် အရက်တစ်ပုလင်း ရောက်လာခဲ့လေသည်။
ရန်ကိုင် ကောင်းရွှယ်ထင်းအား ခါးသက်သက်အမူအယာဖြင့် ကြည့်လိုက်လေ၏။
“နင် သောက်မှာလား မသောက်ဘူးလား…” ကောင်းရွှယ်ထင်း၏မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
“သောက်ပါမယ်… သောက်ပါမယ်… သောက်ပါမယ်…” ရန်ကိုင်သည် သူ့လည်ပင်းနားအား လာလောက်ထားသည့် ဓါးရှည်ကို ကြည့်ရင်း အားတက်သရော ခေါင်းညိတ်ပြလျက် အရက်ပုလင်းကို ချက်ချင်း မော့ချလိုက်လေသည်။ အရက်ဆယ့်သုံးပုလင်းဆက်တိုက် သောက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လေချဉ်တစ်ချက် တက်လိုက်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးတော့လေ၏။ အခြားသောအကြီးအကဲများ၏ ကရုဏာသက်နေသည့် အကြည့်အောက်မှာပင် ပါးစပ်ကို ခက်ခက်ခဲခဲဖြင့် ဖွင့်လျက် ပြောလိုက်လေ၏။ “စီနီယာအစ်ကို စီနီယာအစ်မတို့ ဒီညီလေး သွားလိုက်ပါဦးမယ်…”
ထိုသို့ပြောပြီးသည်နှင့် ရန်ကိုင်သည် ကြမ်းပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားခဲ့လေသည်။
“အသုံးမကျလိုက်တာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ဆောင့်ကန်လိုက်လေသည်။ ထို့နောက် ရန်ကိုင်၏ခန္ဓာကိုယ်ပေါ် မှီလျက် အရက်ကို ဇိမ်ပြေနပြေဖြင့် ထိုင်သောက်တော့လေသည်။
ခဏအတွင်း ထိုအရက်တစ်ပုလင်းမှာ ကောင်းရွှယ်ထင်းသောက်လို့ ကုန်သွားခဲ့လေသည်။
ရန်ကိုင်ကို စံနမူနာအဖြစ် မြင်ပြီးသည့်နောက်တွင် အခြားသော အကြီးအကဲများမှာ ဆက်၍ တုံ့ဆိုင်းမနေရဲကြတော့ဘဲ အရက်တစ်ပုလင်းသောက်လို့ ကုန်သည်နှင့် နောက်အရက်တစ်ပုလင်းကို မော့၍ သောက်ကျလေသည်။
ဤအရက်မှာ အတော်လေးကိုမှ ပြင်းလှသည်။ သူတို့၏ကျင့်ကြံခြင်းကိုပါ လှည့်ပတ်၍ အရက်အာနိသင်ကို ဖျောက်ဖျက်ပစ်၍ မရသည့်အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်တိုင် တဖြည်းဖြည်းနှင့် အကုန်လုံးမှာ စတင်၍ မူးလာကြတော့သည်။
မကြာမီတွင် ချန်းချန်သည် သူမ၏အကန့်အသတ်သို့ ရောက်ရှိသွားခဲ့တော့လေသည်။ သူမ၏လောကတစ်ခုလုံး မှုန်ရီမှုန်ဝါး ဖြစ်ကုန်လေ၏။ သူမ၏မျက်တောင်များကို မည်သို့ပင် ကြိုးစားဖွင့်နေစေကာမူ မဖွင့်နိုင်တော့။ အဆုံးတွင် ကြမ်းပြင်ပေါ်သို့ ပက်လက် လဲကျသွားခဲ့လေသည်။
ချန်းချန် လဲကျသွားပြီး မကြာမီမှာပင် အခြားသောအမျိုးသမီးအကြီးအကဲလည်း သူမလမ်းစဉ်နောက်သို့ လိုက်သွားလေသည်။
ရို့ခွမ်းနှင့် တိရုံတို့သည်လည်း ထို့နည်းတူသာ။
တစ်ခဏအကြာတွင် ခန်းမထဲ ဟောက်သံများ အစီအရီ ထွက်ပေါ်လာကြလေသည်။ နေမင်းပြာကျောင်းတော်၏ အကြီးအကဲများသည် ကြမ်းပြင်ပေါ်တွင် ဖြစ်သလို လှဲလျောင်းနေကြလေ၏။ တစ်စုံတစ်ဦးသည်သာ ဤမြင်ကွင်းကို မြင်လိုက်မည်ဆိုပါက အကြီးအကဲကို ထိတ်လန့်သွားရပေလိမ့်မည်။
လဲမကျသေးဘဲ အရက်ဆက်သောက်နေသည့် လူဆို၍ ကောင်းရွှယ်ထင်းသာ ရှိလေသည်။ နောက်ဆုံး အရက်တစ်ပုလင်းကို သောက်ပြီးသွားသည့်အခါမှသာ ကောင်းရွှယ်ထင်းသည် ယဲ့ယဲ့လေး ပြုံးလျက် မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားလေသည်။
“နေ့ခင်းကြောင်တောင်ကြီးကိုတောင် နင်တို့အားလုံး အခုလိုမျိုး အရက်စုဖွဲ့ပြီး သောက်ရဲတယ်ပေါ့ ဟုတ်လား…” ကျောက်စိမ်းတောင်တန်းတွင် ဒုကျောင်းသခင်ချို့ရန်သည် ဒေါသတကြီးဖြင့် စားပွဲခုံကို အုန်းခနဲမြည်အောင် ကောက်ရိုက်ချလိုက်လေသည်။ အလွန်ကိုမှ ဒေါသထွက်နေသည့် အတွက်ကြောင့်လားမသိ သူ၏မုတ်ဆိတ်မွေးများသည်ပင်လျှင် တဆတ်ဆတ် တုန်ခါနေခဲ့လေသည်။ နေမင်းပြာကျောင်းတော်၏ အကြီးအကဲများမှာတော့ အကြီးအကဲချို့ရန်ရှေ့တွင် ခေါင်းကလေးငုံ့ကာ ရပ်နေကြလေသည်။
“နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတွေဖြစ်ပြီး ဒီလိုမျိုးလုပ်တာ မင်းတို့ နည်းနည်းလေးမှတောင် မရှက်တတ်ကြဘူးလား… မနေ့တုန်းကသာ ရန်သူတွေ ငါတို့ကျောင်းတော်ကို ကျူးကျော်လာမယ်ဆိုလို့ရှိရင် ကျောင်းတော်တစ်ခုလုံး ဘာဖြစ်သွားမယ်လို့ ထင်လဲ…” ချို့ရန်မှာ ပြောရင်းဆိုရင်းဖြင့် ပိုပို၍ ဒေါသထွက်လာခဲ့ရလေသည်။ ထို့အတွက်ကြောင့် သူ့ပါးစပ်မှ တံတွေးများမှာလည်း အဘက်ဘက်သို့ လွင့်စင်ထွက်နေလေ၏။
“ကျွန်မတို့ ကိုယ့်အမှားကိုယ် သိပါပြီ စီနီယာအစ်ကို…” ကောင်းရွှယ်ထင်းသည် ခေါင်းကိုငုံ့ထားရင်းမှ သူမ၏အမှားကို တည့်တိုးဝန်ခံလိုက်လေသည်။
“နင့်အမှားနင်သိတယ် ဟုတ်လား…” ကောင်းရွှယ်ထင်း၏ စကားကို ကြားပြီးသည့်နောက် ချို့ရန်မှာ ပို၍ပင် ဒေါသူပုန်ထသွားခဲ့ပြီး ကောင်းရွှယ်ထင်းကိုစိုက်ကြည့်၍ အော်ပြောလိုက်လေ၏။ “ငါမှားပါပြီဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ လုံလောက်ပြီလို့ နင်ထင်နေတာလား…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၇၈)
ဘာသာပြန်သူ_တိမ်တိုက်
ကောင်းရွှယ်ထင်းက ခေါင်းကိုငုံ့ထားရင်းမှ ရေရွတ်လိုက်လေ၏ “တောင်းပန်တယ်လို့ ပြောပြီးသွားပြီပဲဟာကို၊ ဘာတွေ ထပ်ပြောစေချင်နေသေးတာလဲ။ အဲ့ဒါကြောင့်ပဲ ဒီလောက်ကြာတာတောင် မိန်းမမရတာ။ ဒီပုံစံနဲ့ သေတာတောင် မိန်းမရမှာမဟုတ်ဘူး”
“နင်ဘာပြောလိုက်တာလဲ၊ ထပ်ပြောလိုက်စမ်း” ချိုရန်၏ နဖူးကြောကြီးများ ထောင်တက်လာခဲ့လေသည်။
“ဘာမှမပြောဘူး” ကောင်းရွှယ်ထင်းက မှင်သေသေအမူအရာဖြင့် ထပ်ပြောလိုက်ပြန်လေသည် “ဒါပေမယ့် ဒီကိစ္စက ကျွန်မကြောင့်ဖြစ်တာ၊ အပြစ်ပေးချင်ရင် ကျွန်မကိုပဲပေး၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး”
အခြားသော အကြီးအကဲများမှာ သူမ၏စကားကို ပြိုင်တူ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ရို့ခွမ်းက ဝင်ပြောလိုက်လေသည် “ဟုတ်တယ် စီနီယာအစ်ကို၊ ဒီကိစ္စက ဂျူနီယာညီမကောင်းကြောင့် ဖြစ်တာ။ ငါတို့နဲ့ အလကားသက်သက် ဆွဲခေါ်ခံရရုံပဲ။ အပြစ်ပေးမယ်ဆို ဂျူနီယာညီမကောင်းကိုပဲပေး။ ပြီးတော့ သေသေချာချာလေး ပေးသင့်တယ်။ ဒီအတိုင်း ပေါ့ပေါ့လေးပဲ နေလိုက်မယ်ဆိုရင် အခုလို ပြဿနာတွေ နောက်တစ်ခါ ထပ်ဖြစ်လာဦးမှာပဲ”
ရန်ကိုင်သည် ရို့ခွမ်း၏စရိုက်ကို ပထမဦးဆုံး နားလည်လိုက်သည့်ပုံစံမျိုးဖြင့် ရို့ခွမ်းကို ကြောင်ကြည့်နေခဲ့လေသည်။
ချိုရန်က လှောင်ပြုံးပြုံးလျက် “မင်းတို့ကို ဘယ်သူက အရက်အတင်းတိုက်နိုင်လို့လဲ”
တိရုန်က ခေါင်းကိုကုတ်ရင်းမှ “စီနီယာအစ်ကိုလည်း သိနေတာပဲ”
“အပိုတွေ ပြောမနေတော့နဲ့” ချိုရန်က ဒေါမာန်တကြီးဖြင့် “ဒီနေ့ မင်းတို့ ဘယ်သူမှ အပြစ်ကနေ မလွတ်ဘူး”
ထိုစကားကိုကြားသည့်အခါ အကြီးအကဲအားလုံး ခေါင်းငိုက်ငိုက် စိုက်ကျသွားခဲ့လေသည်။
“အပြစ်ပေးမယ်ဆိုရင်လည်း ပေးလိုက်လေ၊ ဘာတွေ လေကြောရှည်နေတာလဲ” ကောင်းရွှယ်ထင်းက အလွန်ကိုမှ စိတ်မရှည်သည့် အမူအရာဖြင့် ပြန်အော်ပြောလေ၏။
“နင်၊ နင်၊ နင်... နင်က စီနီယာတွေကို လုံးဝ လေးစားမှုမရှိတာပဲ” ချိုရန်သည် စားပွဲခုံအား နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်ပြန်လေသည်။ ထို့နောက် ဆက်ပြောလိုက်လေသည် “မနေ့ကကိစ္စက လုံးဝကို လက်ခံလို့မရဘူး။ တပည့်တွေသာ ဒီအကြောင်း သိသွားရင် ငါတို့ ဘယ်မျက်နှာနဲ့ သူတို့ကို သွားမျက်နှာချင်းဆိုင်ရတော့မှာလဲ။ ဒါကြောင့် မင်းတို့ အားလုံးဆီကနေ အကြီးအကဲ အကျိုးဆောင်မှတ် (၃၀၀၀)စီ နှုတ်မယ်”
“(၃၀၀၀)တောင်”
“မလုပ်ပါနဲ့စီနီယာအစ်ကိုချိုရယ်... အဲ့(၃၀၀၀) နှုတ်မယ့်အစား ဘာလို့ ကျုပ်ကိုပဲ သတ်မပစ်လိုက်တာလဲ”
“ကျေးဇူးပြုပြီး ညှာတာပေးပါ စီနီယာအစ်ကိုရယ်”
အကြီးအကဲများမှာ အရှင်လတ်လတ် အရေခွံဆုတ်ခံနေရသည့်အလား တစ်ယောက်တစ်ပေါက် ထအော်ကြကုန်လေသည်။ ချန်းချန်ဆိုလျှင် သနားစဖွယ် အမူအရာလေးဖြင့် ချိုရန်ကိုကြည့်ရင်း အော်ပြောလိုက်လေသည် “စီနီယာအစ်ကို... ကျေးဇူးပြုပြီး အဲ့လောက်ထိ မလုပ်လို့ မရဘူးလား...”
“ငါ့ရှေ့မှာ ဒီလို ကြက်သရေမရှိတဲ့ ပုံစံမျိုးတွေ လာလုပ်ပြမနေနဲ့၊ နင်တို့ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရဲပြောရတယ်၊ နောက်ထပ် အမှတ်(၂၀၀၀) ထပ်နှုတ်မယ်” ချိုရန်ကမူ အလျှော့မပေးရုံမက ထပ်မံ၍ပင် ခြိမ်းခြောက်လိုက်လေသည်။
ချိုရန် ပြောသည်ကို ကြားပြီးနောက် လူအုပ်ကြီး လုံးဝကို တိတ်ကျသွားခဲ့လေ၏။
“ဟန့်” ချိုရန်သည် ကောင်းရွှယ်ထင်းအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ “နင်ကတော့ အဓိက လက်သည်တရားခံဆိုတော့ အကြီးအကဲ အကျိုးဆောင်မှတ် (၃၀၀၀)အပြင် နောက်ထပ် (၁၀၀၀)ထပ်နှုတ်ခံရမယ်။ ပြီးတော့ သုံးလတိတိ အကျယ်ချုပ်နဲ့ နေရမယ်။ ဒီလိုကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်တယ်ကြားရင်တော့ နင့်ပြစ်ဒဏ်က မလွယ်တော့ဘူးမှတ်”
ကောင်းရွှယ်ထင်းကမူ ထီမထင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ဘေးဘက်တွင် ရှိနေသည့် ရန်ကိုင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း အတော်လေးကိုမှ စိတ်ဓါတ်ကျချင်နေခဲ့သည်။ နေမင်းပြာကျောင်းတော်၏ အမည်ခံတပည့်တစ်ဦး ဖြစ်စဉ်က ထိုအကြီးအကဲများနှင့် သိပ်အဆက်အဆံမရှိခဲ့။ တစ်ခါတစ်ရံ တွေ့ဆုံရသည့် အချိန်မျိုးတွင်ပင်လျှင် အဆင့်အတန်း ကွာခြားမှုကြောင့် အကြီးအကဲများ၏ တကယ့် စရိုက်ကို ကောင်းကောင်း သိရှိလေ့လာခွင့် မရခဲ့ချေ။
ယခု သူကိုယ်တိုင်က ထိုအကြီးအကဲများနှင့်အဆင့်တူ၊ အဆင့်မြင့် ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာသည့်အနောက်တွင်တော့ နေမင်းပြာကျောင်းတော် အထက်အရာရှိများ၏ စိတ်နေစိတ်ထား၊ စရိုက်များကို ကောင်းကောင်း သိသွားတော့လေသည်။ တစ်ချိန်က သူအထင်ကြီး၊လေးစားခဲ့ရသည့် လူအားလုံးမှာ ယခုကဲ့သို့ချည်းလားဟု တွေးမိသွားရသည်အထိပင်။
ရုတ်တရက် အကြည့်စူးစူးတစ်ခု သူ့ဆီသို့ ရောက်လာသည့်အတွက်ကြောင့် ရန်ကိုင် ခြောက်ကပ်ကပ် အော်ရယ်မောမိလိုက်၏။
ချိုရန်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆက်ပြောလိုက်လေသည် “ဂျူနီယာညီလေးရန်၊ အခုဟာက မင်းရဲ့ ပထမဆုံးအကြိမ်မို့လို့ ခွင့်လွှတ်ပေးလိုက်မယ်”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်စလို ပြန်ပြောလိုက်လေသည် “စီနီယာအစ်ကိုချိုကို ကျေးဇူးအများကြီး တင်ပါတယ်။ စီနီယာအစ်ကိုချိုက တကယ်ကို ကျိုးသင့်ကြောင်းသင့် စဉ်းစားတတ်တဲ့လူပဲ”
ရန်ကိုင်၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် မျက်ဝန်းရှစ်စုံ ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေသည်။
“ဒီတစ်ကြိမ်ပဲနော်၊ နောက်တစ်ကြိမ်ဆိုတာ ရှိမှာမဟုတ်ဘူး။ နောက်တစ်ကြိမ် ဆိုရင်တော့...”
“နောက်တစ်ကြိမ် မရှိစေရတော့ဘူး” ရန်ကိုင်က ချက်ချင်းပဲ အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို အကောင်းဆုံးပဲ” ချိုရန်က သက်ပြင်းအမောကြီး ချလိုက်ပြီးနောက် ဆက်ပြောလိုက်လေ၏ “ဂျူနီယာညီလေးရန်၊ မင်းက အခုမှ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ မင်းရှေ့ဆက်လျှောက်ရမယ့် လမ်းကြောင်းက အဝေးကြီး ကျန်းသေးတယ်။ မင်းရဲ့ အနာဂတ်ကို ဒီလို လူရမ်းကာတွေနဲ့ ပေါင်းပြီး အပျက်စီးမခံနဲ့။ သိုင်းတာအိုကိုပဲ သေချာအာရုံစိုက်၊ ကြားလား”
ရန်ကိုင်မှာ ရှက်ရှက်ဖြင့်သာ မဲ့ပြုံးပြုံးနေရပြီး ဘာမှပြန်မပြောနိုင်ခဲ့ချေ။
ကံကောင်းစွာဖြင့် ချိုရန်မှာ ရန်ကိုင်အား ပြောလို့ပြီးသွားသည့်နှင့် သူတို့အား ဆက်၍ ဩဝါဒ ချွေမနေတော့ဘဲ မောင်းထုတ်လိုက်လေသည်။
အကြီးအကဲအားလုံးသည် သေဘေးမှ လွတ်လာကြသည့်အလား အလျင်စလို ထွက်လာခဲ့ကြလေ၏။
ကျောက်စိမ်းတောင်မှ ထွက်လာပြီးသည့်နောက်တွင် အကြီးအကဲအားလုံးမှာ စိတ်ဓါတ်ကျနေဟန်ဖြင့် ခေါင်းငိုက်ငိုက် စိုက်ကျသွားခဲ့သည်။ ရှေ့ဆုံးတွင် ရှိနေသော ကောင်းရွှယ်ထင်းမှာတော့ ချိုရန်ကို ကျိန်ဆဲနေသည့်အလား ပွစိပွစိဖြင့် ဘာမှန်းမသိသော စကားများကို ရေရွတ်နေခဲ့လေသည်။ သူမ၏ မျက်နှာကြီးမှာလည်း သံပုရာသီး ကိုက်ထားရသည့်အလား လုံးဝကို မှုန်ကုတ်နေခဲ့လေသည်။
“ဟူး... ငါမင်းကို မနေ့က တားမြစ်ချက်ကြီး သုံးခုအကြောင်း ပြောခဲ့တယ်မလား။ မင်းအကြီးအကဲ ဖြစ်ဖြစ်ချင်းမှာပဲ အဲ့ထဲက နှစ်ခုနဲ့ သွားတိုးမယ်လို့ ငါတကယ်ကို မထင်ထားဘူး ဂျူနီယာညီလေးရန်” ရို့ခွမ်က သက်ပြင်းချလျက် ရန်ကိုင်၏ ပခုံးကို ပုတ်ပေးရင်းမှ ပြောလိုက်လေသည် “မင်းကြောက်သွားလား ဂျူနီယာညီလေး”
“ကျုပ်အဆင်ပြေပါတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်၍ မေးလိုက်လေသည် “ဒါနဲ့ လူတိုင်းက စီနီယာအစ်ကိုချိုကို ဘာလို့ ဒီလောက်တောင် ကြောက်နေကြတာလဲ”
ချန်းချန်က ဝင်ဖြေပေးလိုက်လေ၏ “စီနီယာအစ်ကိုချိုက ငါတို့ ကျောင်းတော်ရဲ့ ဒုကျောင်းသခင်တင်မဟုတ်ဘူး။ အပြစ်ပေးခန်းမကို တာဝန်ယူစီမံနေတဲ့ အကြီးအကဲလည်း ဟုတ်တယ်။ ကျောင်းတော်က အဖွဲ့သားတွေကို အပြစ်ပေးခွင့် သူ့မှာ ရှိနေတာ ဘယ်သူက သူ့ကို မကြောက်ဘဲ နေမှာလဲ။ ကျောင်းသခင်တောင် သူ့ကို မျက်နှာသာပေးနေရတာ”
“အဲ့ဒါကြောင့်ကိုး” ရန်ကိုင် နားလည်သွားလေပြီ။ ထိုနောက် ထပ်၍ မေးလိုက်ပြန်၏ “ဒါဆို အကြီးအကဲ အကျိုးဆောင်မှတ်တွေဆိုတာကကော ဘာလဲ”
ချိုရန်မှ အကြီးအကဲ အကျိုးဆောင်မှတ် (၃၀၀၀)ကို နှုတ်မည်ဟု ပြောစဉ်က အကြီးအကဲအားလုံး အတော့်ကိုမှ ပျာယာခတ်သွားကြလေသည်။ ကြည့်ရသလောက် အကြီးအကဲ အကျိုးဆောင်မှတ်များသည် အလွန်ကိုမှ အဖိုးတန်သည့်ပုံပင်။
ရို့ခွမ်းက ရှင်းပြလိုက်သည် “ဂျူနီယာညီလေးရန်၊ မင်းက အခုမှ အကြီးအကဲတစ်ဦး ဖြစ်လာတာဆိုတော့ အဲ့အကြောင်းမသိတာ မထူးဆန်းဘူး။ ရှင်းရှင်းပြောရရင် ဂိုဏ်းတိုင်းမှာ ဒီလို အကျိုးဆောင်မှတ်တွေရှိတယ်။ တပည့်တွေမှာ တပည့် အကျိုးဆောင်မှတ် ရှိသလို အကြီးအကဲတွေမှာ အကြီးအကဲ အကျိုးဆောင်မှတ် ဆိုတာ ရှိတယ်။ အဲ့ဒါတွေကို ဂိုဏ်းမှာရှိတဲ့ ကိုယ်လိုချင်တဲ့ဟာ တစ်ခုခုနဲ့ ပြန်လဲယူလို့ရတယ်။ ဒီအတိုင်းပဲ တိုက်ရိုက်လဲမယ်ဆိုရင်တောင် အကြီးအကဲ အကျိုးဆောင်မှတ် တစ်မှတ်ကို အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်ထောင်တန်တယ်”
“အဲ့လောက်တောင် များတာလား” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ထို့နောက် သူ့စိတ်ထဲ တွက်ကြည့်လိုက်ရာ အကြီးအကဲ အကျိုးဆောင်မှတ် (၃၀၀၀)သည် အဆင့်မြင့် အရင်းအမြစ်ကျောက် သုံးသန်းနှင့် ညီမျှကြောင်း တွေ့လိုက်ရလေသည်။
အရက်လေး တစ်ညလောက် သောက်မိလိုက်သည့်အတွက်ကြောင့် အဆင့်မြင့် အရင်းအမြစ်ကျောက် သုံးသန်း ကုန်သွားရလေရာ ထိုအကြီးအကဲများ အလွန်ကိုမှ စိတ်ညစ်နေသည်မှာလည်း အထူးအဆန်းမဟုတ်။ အကြီးအကဲ အကျိုးဆောင်မှတ် (၃၀၀၀)ကို ရှာဖို့ရာ လွယ်မှမလွယ်လေပပဲ။
“အဲ့ဒါတွေကို အဆင့်မြင့် အရင်းအမြစ်ကျောက်တွေနဲ့ လဲလို့ရတယ်ဆိုပေမယ့် တစ်နှစ်တစ်နှစ်ကို ကိုယ်ရနိုင်တဲ့ အကြီးအကဲ အကျိုးဆောင်မှတ်က အကန့်အသတ်နဲ့ ရှိတယ်။ အများဆုံးမှ နှစ်ထောင်ပဲ။ ဒီထက် ပိုလိုချင်တယ်ဆိုရင်တော့ ဂိုဏ်းကပေးတဲ့ တာဝန်တွေ လုပ်ရင်လုပ်၊ မလုပ်ရင် ဂိုဏ်းအတွက် အကျိုးဆောင်ပေးဖို့ပဲရှိတယ်”
“ရှင်းရှင်းပြောရရင် အကြီးအကဲတစ်ယောက် တစ်နှစ်တစ်နှစ် စုဆောင်းနိုင်တဲ့ အကြီးအကဲ အကျိုးဆောင်မှတ်က ငါးထောင်၊ ခြောက်ထောင်ထက် မပိုဘုး”
“ဟုတ်တယ်။ အကြီးအကဲအကျိုးဆောင်မှတ်တွေက ငါတို့အတွက် အရမ်းအသုံးဝင်တာ။ ဥပမာပြောရရင် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲ ဝင်ချင်တယ်ဆို အကြီးအကဲ အကျိုးဆောင်မှတ် နှစ်ထောင်ပေးရတယ်”
ရို့ခွမ်းက ရန်ကိုင်၏ ပခုံးကိုပုတ်၍ “ဂျူနီယာညီလေးရန်၊ နောက်ကျ အလုပ် အတူတူ ကြိုးစားကြတာပေါ့ကွာ”
ရန်ကိုင်က သာမန်ကာလျှံကာသာ ပြန်ပြောလိုက်သည်။ ထို့နောက်တွင် ရို့ခွမ်းက ရန်ကိုင်ကို ကြည့်၍ “ကျောင်းသခင်ရဲ့ မွေးနေ့ပွဲက နောက်သုံးလနေရင် ရောက်လာတော့မှာ။ အဲ့အချိန်ကျရင် ဒီကနေ ထွက်သွားနိုင်ရင် ထွက်သွား၊ မထွက်သွားနိုင်ရင်လည်း ကိုယ့်ဘာသာ အိမ်တွင်းအောင်းပြီးတော့သာ တံခါးပိတ်ကျင့်စဉ် ဝင်နေလိုက်။ အပြင်ကိုတော့ လုံးဝ မထွက်မိစေနဲ့”
ချန်ချန်ကလည်း အားတက်သရောဖြင့် ခေါင်းညိတ် ထောက်ခံနေခဲ့လေသည် “ဟုတ်တယ် ဂျူနီယာညီလေးရန်၊ နင်ငါတို့ ကျောင်းတော်ရဲ့ တားမြစ်ချက်ကြီး နှစ်ခုကို ကြုံပြီးသွားပြီ ဆိုတော့ နောက်ဆုံးတစ်ခုကိုတော့ မကြုံချင်တော့ဘူးမလား”
ရန်ကိုင်မျက်နှာ ဖြူလျော်သွားပြီး ချက်ချင်း ပြန်ပြောလိုက်လေ၏ “ဘာလဲ၊ ကျောင်းသခင်ရဲ့ မွေးနေ့ပွဲက စီနီယာအစ်မကောင်း အရက်သောက်တာထက်တောင် ပိုဆိုးလို့လား”
ချန်ချန်သည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်လေ၏ “ဆိုးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကောင်းတဲ့အထဲတော့ လုံးဝ မပါဘူး”
ရို့ခွမ်းက တုန်တုန်ရီရီဖြင့် “တော်ပြီ၊ တော်ပြီ၊ ငါသွားပြန်နားတော့မယ်၊ ငါ့ရဲ့ နှလုံးသားလေး၊ ဟူး... “
“ငါလည်း သွားတော့မယ်၊ နောက်ပိုင်းအားရင် ငါ့နွေးဦးတောင်ဆီ လာလည်လေ ဂျူနီယာမောင်လေး” ထိုသို့ ပြောပြီးနောက်တွင် ချန်ချန်သည်လည်း အခြားတစ်ဖက်သို့ ပျံသန်းထွက်သွားလေ၏။
တစ်ခဏအကြာ၌ အကြီးအကဲအားလုံး အသီးသီး ပြန်သွားကုန်ကြလေသည်။ ကောင်းရွှဘ်ထင်းကတော့ အစောဆုံး ထွက်သွားသည့်လူဖြစ်သည်။ ချိုရန်မှာ သူမအား အကျယ်ချုပ် သုံးလ နေရမည်ဟု ပြောခဲ့သည့်အတွက်ကြောင့် အတော်လေး ဒေါသထွက်နေသည့်ပုံပင်။
ရန်ကိုင်သည်လည်း သူ၏ ဓါးတောင်ဆီ ပြန်လာခဲ့လေသည်။ နန်းတော်ထဲ ပြန့်ကျဲနေသော အရက်ပုလင်းများကို မြင်ပြီးနောက် သက်ပြင်းအမောကြီး ချလိုက်လေ၏။ ထို့နောက်တွင် အရက်ပုလင်းများကိုကောက်ကာ တောင်အောက်သို့ ပစ်ချလေ၏။ အရက်ပုလင်းများကို လိုက်ကောက်နေစဉ်၊ ပုလင်းတစ်ပုလင်းအနားသို့ ရောက်သည့်အခိုက်၊ ထိုပုလင်းအနက်ဆီမှ အကောင်းလေးတစ်ကောင် ခုန်ထွက်လာခဲ့လေ၏။
ရန်ကိုင်ကမူ ထိတ်လန့်သွားခဲ့ခြင်းမရှိဘဲ ခုန်ဝင်လာသည့် အကောင်လေးကိုသာ လက်ညိုးဖြင့် တောက်ချပစ်လိုက်ရာ ထိုကောင်လေးလည်း နောက်သို့ ပက်လက်လှန် လဲကျသွားခဲ့လေသည်။ ထို့နောက် သေသေချာချာ ကြည့်လိုက်ရာ ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။
လက်ရှိအချိန်တွင် သူ့ရှေ့၌ လက်တစ်ဝါးစာ အရွယ်ခန့်ရှိသော အနက်ရောင် အကောင်လေးတစ်ကောင်ရှိနေခဲ့သည်။ ထိုအကောင်လေးမှာ ခွေးတစ်ကောင်နှင့်ပင် တူနေပေသေးသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ လက်ညိုးစာမိပြီး နာသွားသည့် အတွက်ကြောင့်လားမသိ၊ အစွယ်များကိုထုတ်ပြရင်း ရန်ကိုင်ကိုကြည့်ကာ မာန်ဖီနေခဲ့လေ၏။
“ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ” ရန်ကိုင် လုံးဝကို အံ့အားသင့်နေခဲ့သည်။
ပို၍ အရေးကြီးသည့်အချက်မှာ ဤအကောင်လေး သူ့ရှေ့၌ မပေါ်လာခင် အချိန်ထိ ဤအကောင်လေး ဤနား၌ ရှိနေလို့ ရှိနေမှန်းကို ရန်ကိုင် မသိခြင်းပင်။ သူ့ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် သေချာ စစ်ဆေးခဲ့ခြင်း မရှိပါသော်ငြား သူနှင့် ခြေလှမ်းအနည်းငယ်လောက်သာ ဝေးကွာသည့်နေရာ၌ သက်ရှိတစ်ကောင် ရှိနေသည်ကို သူမသိသည်မှာ လုံးဝ မဖြစ်သင့်ပေ။
ထို့နောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သားရဲလေးအား စစ်ဆေးကြည့်လိုက်ရာ သားရဲလေးမှာ ဘာမှထူးခြားခြင်းမရှိကြောင်း တွေ့လိုက်ရသည်။ အရက်နံ့ရသည့် အတွက်ကြောင့်သာ ဤနေရာသို့ ရောက်လာခြင်း ဖြစ်လောက်သည်။
ခဏမျှကြာအောင် စိုက်ကြည့်နေပြီးနောက် ရန်ကိုင်သည် သားရဲလေးအား လှမ်းဖမ်းလိုက်လေသည်။ သို့သော် သားရဲလေးမှာ အန္တရာယ်အငွေ့အသက်ကို ခံစားမိပြီး ချက်ချင်း ရှောင်သွားတိမ်းသွားလေ၏။ သို့သော်ငြား ရန်ကိုင်လက်မှ မည်ကဲ့သို့များ လွတ်နိုင်မည်နည်း။ ရှောင်ပြေးခဲ့ပါသော်ငြား အဆုံးတွင်တော့ ရန်ကိုင်၏ ဖမ်းဆီးခြင်းသာ ခံခဲ့ရသည်။
အဖမ်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သားရဲလေးမှာ လုံးဝကို ရန်လိုခက်ထန်ခြင်း မရှိတော့ဘဲ သခင်ကို ဖားယားနေသည့် ခွေးတစ်ကောင်နှယ် လျှာတန်းလန်းထုတ်ကာ ဟောဟဲလိုက်နေသည့် ပုံစံမျိုး လုပ်ပြလေ၏။
“မင်းက ကိုယ့်အကြောင်း ကိုယ်သိသားပဲ” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် သားရဲလေးကို အခြားတစ်နေရာသို့ လွှင့်ပစ်လိုက်လေသည်။
ဘယ်ကမှန်းမသိ ရောက်လာသော ဧည့်သည်ကို မောင်းလွှတ်ပြီးနောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းတံဆိပ်ပြားကိုထုတ်၍ ဓါးတောင်တစ်ဝိုက်တွင် ရှိနေသော အကာအကွယ် အရံအတားများကို ဖွင့်လိုက်သည်။ ထို့နောက် ချိုရန် သင်ပေးထားသည့်အတိုင်း ဓါးတောင်အောက်တွင် ရှိနေသော မြေကမ္ဘာချီကြောမကြီးထဲမှ စွမ်းအင်အချို့ကို ထုတ်ယူကာ တံဆိပ်ပြားနှင့် ပေါင်းစပ်စေလိုက်လေသည်။
ထိုသို့ လုပ်ပြီးသည့်အခါမှသာလျှင် သူ့အနေဖြင့် ဓါးတောင်၏သခင် ဖြစ်လာနိုင်ပေလိမ့်မည်။
ဓါးတောင်ကို သန်စင်ဖို့ရာမှာ သိပ်မခက်လှ၊ စိတ်စွမ်းအင်များများစားစား လိုအပ်သည့်တစ်ချက်သာ ရှိလေသည်။ မြေကမ္ဘာချီကြောမဆီမှ စွမ်းအင်ထုတ်ယူနိုင်ရန် ၎င်း၏ တည်နေရာကို လိုက်ရှာရသည်မှာတော့ ရန်ကိုင်အတွက် ထမင်းစားရေသောက်ပမာ လွယ်ကူ၏။
ငါးရက်ခန့်ကြာပြီးသည့်နောက်တွင် ကျောက်စိမ်းတံဆိပ်ပြား အရောင်တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင်စိတ်ထဲ ဆန်းကြယ်သည့် ခံစားချက်တစ်ခုကို ရလိုက်လေ၏။ ကျောက်စိမ်းတံဆိပ်ပြားနှင့် ဓါးတောင်သည် တစ်သားတည်း ဖြစ်သွားသည့်အလား။
ဓါးတောင်အား သန့်စင်လို့ ပြီးသွားခဲ့လေပြီ။
တံဆိပ်ပြားကို ပြန်သိမ်းတော့မည်အပြု ဓါးတောင်၏ အကာအကွယ်အရံအတား အပြင်ဘက်ဆီမှ ရင်းနှီးနေသည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရလေသည်။ ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပြီး တစ်ဖက်လူ ဝင်လာလို့ရလေအောင် အရံအတားကို ဖွင့်ပေးလိုက်လေ၏။
ခဏအကြာ၌ အလင်းတန်းတစ်ခု ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့ပြီး ကောင်းရွှယ်ထင်း ပေါ်လာခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၇၉)
ဘာသာပြန်သူ_တိမ်တိုက်
“စီနီယာအစ်မကောင်း ဘာလာလုပ်တာလဲ” ရန်ကိုင်က အံ့အားသင်နေဟန်ဖြင့် မေးလိုက်လေသည်။ ထိုသို့ မေးပြီးနောက်တွင် ဘေးဘီဝဲယာကို တိုးတိုးတိတ်တိတ် စစ်ဆေးကြည့်လိုက်သည်။ မည်သူ့ကိုမှ မမြင်သည့်အခါမှသာ နန်းတော်တံခါးကို ပိတ်လိုက်လေ၏။
ကောင်းရွှယ်ထင်းက မျက်မှောင်ကြုတ်လျက် “နင်ဘာတွေ ဒီလောက်တောင် တိုးတိုးတိတ်တိတ် လုပ်နေတာလဲ”
ရန်ကိုင်က ကောင်းရွှယ်ထင်းအား စူးရဲစွာ စိုက်ကြည့်လျက် “ဘာကို တိုးတိုးတိတိတ် မလုပ်ရမှာလဲ။ စီနီယာအစ်မ သုံးလ အကျယ်ချုပ်ကျထားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်လာတာလဲ။ စီနီယာအစ်ကိုချိုသာ သိသွားရင်... စီနီယာအစ်မကောင်းရဲ့ အကြီးအကဲ အကျိုးဆောင်မှတ်တွေကို အကုန် နှုတ်ပစ်မှာ”
ကောင်းရွှယ်ထင်းက အရေးမစိုက်ဟန်ဖြင့် “အဲ့တစ္ဆေအိုကြီးက အားနေရင် ငါ့ကို အကျယ်ချုပ်ချဖို့ပဲသိတာ။ ဒါပေမယ့် သူပြောတဲ့ အကျယ်ချုပ်ကျရမယ့် နေရာက ခရမ်းဝါးတောင်လို့ပဲ မပြောဘူးလေ။ ဒီတော့ ကျောင်းတော်ထဲမှာ ငါသွားချင်သလို သွားလို့ရတယ်။ ကျောင်းတော်အပြင်ကို မထွက်ရင် အဆင်ပြေပြီ”
“ဒီနေရာလည်း ပါတာလား” ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ သူပို၍ အံ့အားသင့်သွားရသည့် အချက်မှာ ကောင်းရွှယ်ထင်းမှ ချိုရန်အား “တစ္ဆေအိုကြီး”ဟု ခေါ်လိုက်သည့်အချက်ပင်။
ကောင်းရွှယ်ထင်းက အေးစက်စက် လေသံဖြင့် ရယ်မောလျက် “ကြည့်နေ၊ ငါသူ့ရာထူးကို အနှေးနဲ့အမြန် လုယူမှာ။ အဲ့ကျတော့မှ အကြီးအကဲ အကျိုးဆောင်မှတ် နှုတ်ခံရပြီး အကျယ်ချုပ် ကျခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲ သူသိသွားအောင် ပြန်ပြပေးမယ်”
ကောင်းရွှယ်ထင်းပုံစံကို ကြည့်ရင်း နေမင်းပြာကျောင်းတော်၏ အဆင့်မြင့် ဧည့်အကြီးအကဲ လုပ်မိသည်မှာ မှားများမှားသွားပြီလားဟုပင် ရန်ကိုင် သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်ရတော့လေသည်။
ရှေးဆောင်နွားက ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက်က ဖြောင့်ဖြောင့် လိုက်လိမ့်မည် မဟုတ်လေလော။ အထက်အရာရှိများက ယခုကဲ့သို့ ဖြစ်နေလေရာ တပည့်များလည်း အလားတူသာ ဖြစ်ပေလိမ့်မည်။ အစကတော့ ကောင်းရွှယ်ထင်းသည် ဂုဏ်သရေရှိကာ မြင့်မြတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ယခု ကြည့်ရသလောက်တော့ ဝမ်ကျိရှန်း ပျိုးထောင်ပေးခဲ့သည့် ပုံစံကြောင့် သူမ၏ စိတ်ဓါတ်မှာ ငယ်စဉ်ကတည်းက ပျက်စီးခဲ့ရသည့်ပုံပင်။ ထိုသို့ ဖြစ်လေရာ ကောင်းရွှယ်ထင်းမှာ သူထင်ထားသကဲ့သို့သော အမျိုးသမီးတစ်ဦး မည်ကဲ့သို့များ ဖြစ်နိုင်ပါတော့မည်နည်း။
ကောင်းရွှယ်ထင်းမှာ လူရှေ့သူရှေ့၌ အမှန်တကယ်ကို သရုပ်ဆောင်ကောင်းခဲ့သည်။ ယခု သူကိုယ်တိုင် အကြီးအကဲတစ်ဦး ဖြစ်လာသည့်အခါမှသာ သူမ အကြောင်းကို ပို၍ ကောင်းကောင်း နားလည်လာရတော့၏။
“ဟုတ်သားပဲ၊ စီနီယာကောင်း ဘာလို့ ကျုပ်ကို လာရှာတာလဲ” အတင်းအဖျင်း ဆက်မပြောချင်တော့သည့် အတွက်ကြောင့် ရန်ကိုင်လည်း ချက်ချင်း ခေါင်းစဉ် ပြောင်းလိုက်လေ၏။
“ကိစ္စလေးရှိလို့” ထိုသို့ ပြောပြီးနောက်တွင် ကောင်းရွှယ်ထင်းသည် သိုလှောင်လက်စွပ် တစ်ကွင်းကိုထုတ်၍ ရန်ကိုင်ဆီသို့ ပေးလိုက်လေသည်။
ရန်ကိုင်လည်း သိုလှောင်လက်စွပ်ကိုယူ၍ မယုံသင်္ကာဖြင့် ယူစစ်ဆေးပြီးနောက်တွင် အံ့အားသင့်နေသည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏ “ဧကရာဇ်အဆင့် ဆေးပင်တွေ အများကြီးပဲ။ ကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာရင် ဒီလို အခွင့်အရေးတွေ ရတာလား။ ကျောင်းတော်က တကယ်ကို စဉ်းစားတတ်တာပဲ။ ဒါပေမယ့် ကျုပ်မှာက ဆေးပင်တွေ ရှိပြီးသားမို့လို့ ဒါတွေမလိုတော့ဘူး”
ကောင်းရွှယ်ထင်းက ရန်ကိုင်အား မျက်နှာသေဖြင့် ကြည့်လျက် “နင်အထင်မှားနေပြီ။ ဒါတွေက နင့်အတွက်မဟုတ်ဘူး။ အကြီးအကဲဖြစ်လာလို့ ကျောင်းတော်က နင့်ကိုပေးတာ ဓါးတောင်ပဲ။ နောက်ပိုင်း ဓါးတောင်ပေါ်မှာ ဆေးပင်တွေ၊ ပန်းပင်တွေ စိုက်ပျိုးချင်လို့ အဲ့ဒါတွေကို ရေလောင်းပေါင်းသင်ပေးဖို့ လူလိုတယ်ဆိုရင် ဂျူနီယာညီမချန်းချန်ကို သွားပြောလိုက်နော်။ သူနင့်အတွက် လူရှာပေးလိမ့်မယ်။ ဒီသိုလှောင်လက်စွပ်ထဲက ဆေးပင်တွေကတော့...”
“ဒီဆေးပင်တွေက ဘာအတွက်လဲ”
“နင်ဆေးဖော်စပ်ပေးရမယ့်ဟာတွေပဲ”
“ဆေးဖော်စပ်ပေးရဖို့” ရန်ကိုင်၏ အမူအရာ သုန်မှုန်သွားခဲ့လေသည် “ဒီလောက်များတဲ့ ဆေးပင်တွေအကုန်လုံးကို ကျုပ်က ဆေးဖော်စပ်ပေးရမှာ...”
“ဟုတ်တယ်။ နင်အဲ့ဒါတွေကိုသုံးပြီး ဧကရာဇ်အဆင့် ဆေးလုံးတွေ ဖော်စပ်ပေးရမှာ” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည် “ငါတို့ကျောင်းတော်မှ ဧကရာဇ်အဆင့် ဆေးပညာရှင်တွေမရှိတော့ ရှိနေတဲ့ ဧကရာဇ်အဆင့် ဆေးပင်တွေ အကုန်လုံး ဒီအတိုင်း စုံပြုံနေရော။ နင့်ကို ကျောင်းတော်ထဲ ဝင်လာအောင် လုပ်ဖို့က လွယ်တာမဟုတ်ဘူး။ အခု ဝင်လာပြီဆိုမှတော့ နင့်ကိုပဲ အားကိုးရတာပေါ့”
“ဘာလို့လဲကျုပ်လဲ” ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။
ကောင်းရွှယ်ထင်းက ယဲ့ယဲ့လေးပြုံးလျက် “ရာထူးကြီးရင် တာဝန်ကြီးတယ်တဲ့။ နင်ဥတုလေးမျိုး နယ်မြေမှာရှိတုန်းက အဆုံးမဲ့ရတနာဆေးလုံးတွေကို ဖော်စပ်ခဲ့တယ်မလား။ အဲ့အကြောင်းကို မေ့သွားတဲ့လူတွေ ရှိလောက်ပေမယ့် ငါကတော့ သေချာ မှတ်မိနေတုန်းပဲ။ အဲ့တုန်းက ငါကိုယ်တိုင်လည်း အဲ့ဆေးလုံးနဲ့ ပက်သက်တဲ့ အကြောင်းကို သေချာလိုက်ပတ်စုံစမ်းကြည့်တယ်။ အဲ့ကတည်းကတောင် အဆုံးမဲ့ရတနာ ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တာဆိုတော့ နင့်အဆင့်က ဧကရာဇ်အဆင့် ဆေးပညာရှင်အဆင့်ကို ရောက်ဖို့ သိပ်မဝေးလောက်တော့ဘူး။ အခု ဒီလောက် ကြာပြီးတဲ့နောက်ပိုင်း နင်ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာလောက်ပြီပေါ့ ဟုတ်တယ်မလား။ ဒီတော့ ဒီဆေးပင်တွေကို ဆေးလုံးအဖြစ် ဖော်စပ်ပေးဖို့ နင့်ကိုပဲ အားကိုးရတာပေါ့။ ငါတို့ကျောင်းတော်က အကြီးအကဲတွေသာ မတောက်တခေါက်နဲ့ လျှောက်လုပ်ရင် ဆေးပင်တွေအကုန်လုံး အလဟသ ဖြစ်ကုနမှာ။ ပြီးတော့ မနေ့တုန်းက နင်ငါ့ရဲ့ ခရမ်းဝါးတောင်မှာ ဧကရာဇ်အဆင့် ဆေးလုံးတွေကို လာဖော်စပ်သွားသေးတယ်မလား။ ကျွတ်... ကျွတ်... နေ့ဝက်အတွင်း အောင်မြင်အောင် ဖော်စပ်နိုင်တယ်ဆိုတော့ နင့်အရည်အချင်းက တကယ် မဆိုးဘူးပဲ။ ဒါကြောင့်ပဲ တစ်နှစ်ခွဲလောက်သာ အချိန်ပေးလိုက်တယ် နင်ဒါတွေအားလုံးကို ဆေးလုံးအဖြစ် ဖော်စပ်ပေးနိုင်မယ်လို့ ငါယုံကြည်တာ”
ရန်ကိုင်သည် တစ်ခဏကြာအောင် တိတ်နေပြီးနောက်တွင် ပြန်၍ မေးလိုက်လေသည် “ကျုပ်ငြင်းလို့ရလား”
“ရတာပေါ့” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်လေသည် “ဘယ်သူကမှ နင့်ကို မရမက ခိုင်းနေတာမဟုတ်ဘူး”
“ဒါဆိုရင် ငြင်းတယ်” ရန်ကိုင်က သိုလှောင်လက်စွပ်ကို ပြန်ပေးလိုက်လေသည်။
ကောင်းရွှယ်ထင်းလည်း သိုလှောင်လက်စွပ်ကို ယူ၍ လှည့်ထွက်သွားလေ၏။ ထိုသို့ သွားနေရင်းမှ သက်ပြင်းချလျက် “ငါကတော့ နင့်ကို စေတနာနဲ့ လာကူညီတာပဲ။ နင်က လက်မခံချင်မှတော့… ကြည့်ရတာ နင့်တစ်ဘဝလုံး ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲကို ဝင်ဖို့ မဖြစ်နိုင်တော့ဘူးနဲ့တူတယ် ဂျူနီယာမောင်လေးရန်ရေ”
ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား ချက်ချင်း လှမ်းတား၍ “နေပါဦး စီနီယာအစ်မ”
ကောင်းရွှယ်ထင်းက ရန်ကိုင်ဘက်သို့ ပြန်လှည့်လျက် ပြုံးကာ မေးလိုက်လေ၏ “ဂျူနီယာမောင်လေး ဘာပြောချင်သေးလို့လဲ”
ရန်ကိုင်က အသာအယာ ချောင်းဟန့်လျက် “စီနီယာအစ်မ ပြောတော့မှပဲ ကျုပ်လည်း အဲ့ကိစ္စကို ပြန်သတိရတော့တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက စီနီယာအစ်မကို ကောင်းကင်တက်လှမ်းခြင်းကြေးမုံ သုံးမယ်လို့ ပြောခဲ့ကိစ္စလေ၊ အဲ့တုန်းကတော့ အထဲမှာ လူရှိနေလို့ သွားဖို့အဆင်မပြေဘူးဆိုလို့ မသွားလိုက်ရဘူး။ အခုကော သွားလို့ အဆင်ပြေပြီလား”
“နင့်မှာ အကြီးအကဲ အကျိုးဆောင်မှတ်ရှိလား” ကောင်းရွှယ်ထင်းက ပြန်မေးလိုက်သည်။
“မရှိဘူး”
ကောင်းရွှယ်ထင်းက လှောင်ပြုံးပြုံးလျက် “ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲ တစ်ခါဝင်ချင်ရင် အကြီးအကဲ အကျိုးဆောင်မှတ် (၂၀၀၀)ပေးရမယ်။ အမှတ် မရှိဘဲနဲ့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဝင်ချင်နေတာ၊ ဂျူနီယာမောင်လေး အရက်များ မူးနေတာလား”
“ဒါပေမယ့် အဲ့တုန်းက...”
“အဲ့တုန်းက ဂျူနီယာမောင်လေးက ကျောင်းတော်ရဲ့ အကြီးအကဲ မဟုတ်သေးဘူးလေ။ အခု အကြီးအကဲ ဖြစ်လာပြီဆိုမှတော့ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာရတော့မှာပေါ့။ အဲ့လိုမှမဟုတ်ဘဲ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရနေမယ်ဆိုရင် အဲ့နေရာက အဖိုးတန်တော့မှာ မဟုတ်ဘူးလေ”
“စီနီယာအစ်မ ဘယ်လိုလုပ်ပြီး အခုလို လုပ်ရတာလ” ရန်ကိုင် လုံးဝကို စိတ်ညစ်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းက ပြုံးလျက် “ရာထူးကြီးရင် တာဝန်ကြီးတယ်လို့ ငါပြောခဲ့တယ်မလား။ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေမှတော့ ဧကရာဇ်အဆင့် ဆေးလုံးတွေကို ကျောင်းတော်အတွက် ဖော်စပ်ပေးရမှာ နင့်တာဝန်ပဲလေ ဂျူနီယာမောင်လေးရဲ့”
ရန်ကိုင်က အံကြိတ်၍ မကျေမနပ်ဖြင့် “စီနီယာအစ်မက မလှိမ့်တပတ်နဲ့ ကျုပ်ကို ကျောင်းတော်ရဲ့ အကြီးအကဲဖြစ်အောင် လုပ်ခဲ့တာပဲ။ စီနီယာတစ်ယောက် ဖြစ်ပြီး ကိုယ့်ဂျူနီယာကို အခုလိုမျိုး လှည့်စားရက်တယ်လား”
ကောင်းရွှယ်ထင်းက ပြုံး၍ပင် ပြန်ပြောလိုက်သည် “ဘာလို့ မလှည့်စားနိုင်ရမှာလဲ။ ရှင်းရှင်းပြောရရင် နင် အဆုံးမဲ့ရတနာဆေးလုံးတွေကို ဖော်စပ်လိုက်ကတည်းက ငါအခုလိုမျိုး လုပ်ဖို့ စဉ်းစားထားတာ”
“ကျုပ်တကယ်ကို မသိခဲ့တာပဲ” ရန်ကိုင် ရင်ထဲ ခါးသက်သက် ဖြစ်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်၏ “ဒေါသကြီးလည်း အဲ့လောက် မထွက်စမ်းပါနဲ့။ နင်ဆေးမဖော်စပ်ချင်ရင် အခြားနည်းလမ်းတစ်ခု ရှိတယ်”
ရန်ကိုင်က ပြန်မေးလိုက်လေ၏ “ဘာနည်းလမ်းလဲ”
“နင့်ရဲ့ ထက်ကောင်းကင်နန်းတော်မှာ မဟာဆေးဧကရာဇ်ရဲ့ တပည့် ရှိတယ်လို့ နင်ပြောခဲ့တယ်မလား။ ဒီတော့ နင်ဆေးမဖော်စပ်ချင်ရင် ဘာလို့ သူ့ကို မဖော်စပ်ခိုင်းတာလဲ”
“အဲ့ဒါလည်း ဟုတ်တာပဲနော်” ရန်ကိုင် သူ့မေးစေ့ကိုပွတ်ရင်း အတွေးနက်သွားခဲ့၏။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် အတွေးနက်သွားဟန်ဖြင့် “ဒီတော့ ကျုပ်ဘက်က ဆေးဖော်စပ်ပေးမယ်ဆိုရင် ဘာအကျိုးကျေးဇူး ရမှာလဲ”
“ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးကို အကြီးအကဲ အကျိုးဆောင်မှတ် ဆယ်မှတ်။ နင်သာ ဧကရာဇ်အဆင့် ဆေးလုံး အလုံးနှစ်ရာ ဖော်စပ်ပေးမယ်ဆိုရင် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲကို ဝင်လို့ ရလိမ့်မယ်”
“ကျုပ်ကို အရူးမှတ်မနေနဲ့” ရန်ကိုင် ဆွေ့ဆွေ့ခုန်သွားလေသည် “အကြီးအကဲ အကျိုးဆောင်မှတ် ဆယ်မှတ်ဟုတ်လား။ အဲ့ဆယ်မှတ်က အဆင့်မြင့် အရင်းအမြစ်ကျောက် တစ်သောင်းပဲ တန်တာ။ ဘယ်ဧကရာဇ်အဆင့် ဆေးပညာရှင်ကများ အဆင့်မြင့် အရင်းအမြစ်ကျောက် တစ်သောင်းတည်းနဲ့ ဆေးဖော်စပ်ပေးလို့လဲ”
“ဟူး.... ဘယ်အရူးကောင်တွေက ငါ့စီးပွားရေးကို လာဖျက်လိုဖျက်စီး လုပ်သွားလဲ မသိဘူး” ကောင်းရွှယ်ထင်း၏ မျက်နှာ သုန်မှုန်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ရေရွတ်လေ၏။
ရန်ကိုင်၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေသည် “စီနီယာအစ်မ ပြောနေတာကို ကျုပ်ကြားတယ်နော်”
ကောင်းရွှယ်ထင်းက နှုတ်ခမ်းလေးဆူလျက် “ဒါဆို နင်ဘယ်လို လိုချင်လဲ”
“ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးကို အကြီးအကဲ အကျိုးဆောင်မှတ် (၁၀၀)။ အဲ့ဒါတောင် လက်ခံနိုင်ရုံလေးပဲ ရှိသေးတယ်”
အကြီးအကဲ အကျိုးဆောင်မှတ် (၁၀၀)သည် အဆင့်မြင့် အရင်းအမြစ်ကျောက် တစ်သိန်းနှင့် ညီမျှပေသည်။ ပုံမှန်အားဖြင့် မည်သည့် ဧကရာဇ်အဆင့် ဆေးပညာရှင်မဆို သာမန် ဧကရာဇ်အဆင့် ဆေးလုံးများကို ဖော်စပ်မည်ဆိုပါက ဆေးတစ်အိုးလျှင် အနည်းဆုံး လေးလုံးခန့် ရတတ်ကြသည်။ ထို့အပြင် ဧကရာဇ်အဆင့် ဆေးပညာရှင်တိုင်း တစ်ခါ ဆေးဖော်စပ်ပေးလျှင် ဆေးဖော်စပ်ခ အရင်းအမြစ်ကျောက် ငါးသိန်းလောက် တောင်းလေ့ရှိ၏။
“အဲ့ဒါတော့မရဘူး။ အမှတ်(၂၀)ပဲ ရမယ်” ကောင်းရွှယ်ထင်းက ပြန်ငြင်းလိုက်သည်။
“အမှတ်တစ်ရာပဲ”
“အိမ်မက်သာ မက်နေလိုက်”
“မရဘူး (၁၀၀)ပဲ”
“အများဆုံး သုံးဆယ်ပဲရမယ်”
….
တစ်ဦးနှင့်တစ်ဦး၊ အပြန်အလှန် ကျားကုတ်ကျားခဲ ငြင်းနေကြပြီးသည့်နောက်၊ အဆုံးတွင် ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းသည် ငါးဆယ်၊ ငါးဆယ်၌ ဈေးတည့်သွားခဲ့ကြသည်။
“ကဲ၊ လာ... ဒီဝိဥာဉ်စာချုပ်မှာ လာလက်မှတ်ထိုး” သဘောတူညီချက် ရသွားသည်နှင့် တစ်ပြိုင်နက် ကောင်းရွှယ်ထင်းသည် ချက်ချင်းပဲ ဝိဥာဉ်စာချုပ်တစ်ခုကို ထုတ်ယူလာခဲ့သည်။ ဤစာချုပ်သည် အရှေ့ဘက်နယ်မြေတွင်သာ ရနိုင်သည့် ပစ္စည်းတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် ကောင်းရွှယ်
ဟူထင်းအဖို့ ဤကဲ့သို့သော အရာတစ်ခုအား မည်ကဲ့သို့ ရခဲ့သလဲ ဆိုသည်မှာတော့ အတော်လေးကိုမှ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
“စီနီယာအစ်မ၊ ခင်ဗျား ကျုပ်ကို လာအထင်သေးနေတာလား။ ကျုပ်က ငယ်သေးတယ် ဆိုပေမယ့် ကိုယ့်စားကိုယ် ပြန်ရုတ်သိမ်းမယ့် လူစားမျိုးမဟုတ်ဘူး” ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြောလိုက်လေသည်။
“နင့်လက်မှတ် ထိုးသာထိုးလိုက်စမ်းပါ” ကောင်းရွှယ်ထင်းက ပြောလိုက်သည်။
မရသည့်အဆုံး ရန်ကိုင်လည်း ဝိဥာဉ်စာချုပ်ပေါ် သူ့ဝိဥာဉ်အမှတ်အသားကို ချန်ထားပေးလိုက်ရလေသည်။
ဝိဥာဉ်စာချုပ်ပေါ်၌ လက်မျတ် ရေးထိုးပြီးသည့်နောက်တွင် ကောင်းရွှဘ်ထင်း၏ မျက်လုံးများတ ဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ထိုဝိဥာဉ်စာချုပ်ကို တယုတယဖြင့် သိမ်းဆည်းလိုက်ပြီးနောက် ရန်ကိုင်၏ ပခုံးကို ပုတ်လျက် “ဂျူနီယာမောင်လေး၊ အစ်မ ဘယ်လောက် အဆင်ပြေမလဲဆိုတာ ဂျူနီယာမောင်လေးအပေါ် မူတည်နေမှာနော်”
ထိုစကားကို ကြားလိုက်သည့်အခိုက်၊ ရန်ကိုင် ချက်ချင်း ကြောင်သွားခဲ့ပြီး ကောင်းရွှယ်ထင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်လျက် “စီနီယာအစ်မ၊ ဒီတာဝန်က စီနီယာအစ်ကိုချို စီနီယာအစ်မကို ပေးလိုက်တဲ့ တာဝန်လား။ ဒီတာဝန် ပြီးသွားရင် အကြီးအကဲ အကျိုးဆောင်မှတ် ဘယ်လောက်ရမယ်လို့ ပြောလဲ”
“နင်ရမှာနဲ့အတူတူပဲ” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်သည်။
“ဘာအတူတူပဲလဲ”
“အဲ့တစ္ဆေအိုကြီးက ငါ့ကို ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးကို အကျိုးဆောင်မှတ် (၁၀၀)နှုန်းနဲ့ နင်ကို ဆေးဖော်စပ်ပေးဖို့ ပြောခိုင်းလိုက်တာ။ အခုငါက တစ်လုံးကို ငါးဆယ်နှုန်းနဲ့ အပြီးသတ်နိုင်ခဲ့တာ ဆိုတော့ ကျန်တဲ့တစ်ဝက်က ငါ့အပိုင် ဖြစ်သွားပြီ”
“ဟူး...” ရန်ကိုင်က မချိတင်ကဲပြုံးလျက် “အခုမှ ဒီအကြောင်းကို ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ ကျုပ်ကို လာပြောရတာ စီနီယာအစ်မအတွက် အရမ်း ခက်ခဲနေမှာပေါ့နော်။ စီနီယာအစ်မက တကယ်ကို ကြင်နာတတ်တဲ့ လူတစ်ယောက်ပဲ။ ဂျူနီယာမောင်လေး စီနီယာအစ်မရဲ့ စေတနာကို သေချာ မှတ်ထားပါ့မယ်”
ကောင်းရွှယ်ထင်းက ပြန်၍ ပြောလိုက်လေ၏ “သိုင်းခရီးဆိုတာ ဆူးညှောင့်ခလုတ်တွေနဲ့ ပြည့်နေတာ ဂျူနီယာမောင်လေးရဲ့။ ဒီတော့ နင့်ခရီးမှာ နင်ကြုံရတယ့် အမှားတွေ၊ ဒုက္ခတွေဆိုတာ ယူတတ်ရင် သင်ခန်းစာတွေချည်းပဲ။ နင်သာ အတိတ်အမှားတွေကို ကောင်းကောင်း အသုံးချတတ်ရင် ကျိန်းသေ တိုးတက်လာလိမ့်မယ်”
“အခုလိုမျိုး သင်ကြားပြသပေးတဲ့အတွက် စီနီယာအစ်မကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က အံကို တင်းတင်းကြိတ်ရင်းမှ ပြန်ပြောလိုက်လေသည်။
ကောင်းရွှယ်ထင်းက ချိုသာစွာပြုံးလျက် “နင်ဝိဥာဉ်စာချုပ်မှာ လက်မှတ်ထိုးထားတယ် ဆိုတာကိုလည်း မမေ့နဲ့ဦးနော်။ ကဲကဲ၊ အလုပ်သေချာ ကြိုးစားပေးတော့။ အဲ့ဒါမှ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ မြန်မြန် ဝင်လို့ရမှာ” ထိုသို့ ပြောပြီးနောက်တွင် ကောင်းရွှယ်ထင်းသည် အကြောအချဉ် ဆန့်ရင်းမှ နန်းတော်တံခါးကို တွန်းဖွင့်လိုက်လေ၏။ ထို့နောက် ကောင်းကင်ပေါ်သို့မော့၍ မှတ်ချက်ပေးလိုက်၏ “သာယာလိုက်တဲ့ နေ့လေးပါလား”
ထို့သို့ပြောပြီးနောက် အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလျက် ဓါးတောင်မှ ထွက်သွားလေ၏။
ရန်ကိုင်မှာတော့ နှစ်ကွက်ကျော် ရိုက်ခံလိုက်ရသည့် လူတစ်ဦးပမာ ငုတ်တုတ်မေ့ ကျန်ခဲ့လေသည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ဓါးတောင်နောက်ရှိ ချောင်ကျသော တောင်ကြားတစ်ခုထဲ၌... ရန်ကိုင်သည် ကျောက်စိမ်းတံဆိပ်ပြားကိုသုံး၍ တောင်အောက်တွင် ရှိနေသော မြေကမ္ဘာချီကြောမကြီး၏ စွမ်းအားကို ထုတ်ယူကာ တောင်ကြားနေရာ တစ်ဝိုက်ကို ဖုံးကွယ်ထားလိုက်လေသည်။
ယခုကဲ့သို့ လုပ်လိုက်သည့်အတွက်ကြောင့် သေချာ ဂရုစိုက်၍ မစစ်ဆေးလျှင် ဧကရာဇ်တတိယအဆင့် ပညာရှင်များသည်ပင်လျှင် ဤတောင်းကြားကို ထွင်းဖောက် မြင်နိုင်တော့လိမ့်မည် မဟုတ်ချေ။
ထိုသို့ လုပ်ပြီးနောက်တွင် ရန်ကိုင်သည် သက်ပြင်းချလျက် သိုလှောင်လက်စွပ်ထဲမှ အမျိုးမျိုးသော ပစ္စည်းများကိုထုတ်ကာ ဟင်းလင်းပြင်အစီအရင်တစ်ခုကို စတင် ခင်းကျင်းတော့လေ၏။
မူလကမူ ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို ဖုံးကွယ်ရန် မစီစဉ်ထားခဲ့ဘဲ ဝမ်ကျိရှန်းတို့နှင့် မျှသုံးရန်ပင် စဉ်းစားထားခဲ့သည်။ ထက်ကောင်းကင်နန်းတော်နှင့် နေမင်းပြာကျောင်းတော်ကိုသာ ဆက်သွယ်နိုင်ပါက နှစ်ဂိုဏ်းစလုံးအတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။
လက်ရှိတွင် ဟွာချင်းစီသည် မြောက်ဘက်နယ်မြေတွင်သာ ရနိုင်သည့် ပစ္စည်းများကို စုဆောင်းနိုင်ပြီး တောင်ဘက်နယ်မြေသို့ တင်ပို့ရောင်းချရန် စီစဉ်နေလေသည်။ နေမင်းပြာကျောင်းတော်သည်လည်း ထိုနည်းတူ လုပ်နိုင်မည်ဆိုပါက သူတို့အတွက် အလွန်ကိုမှ အကျိုးထူးပေလိမ့်မည်။
ထို့အပြင် ဂိုဏ်းနှစ်ဂိုဏ်းလုံး အန္တရာယ်တစ်ခုခုနှင့် ကြုံလာရပါကလည်း တစ်ဂိုဏ်းကို တစ်ဂိုဏ်း အလျင်အမြန်၊ အပြန်အလှန် အကူအညီ ပေးနိုင်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၈၀)
ဘာသာပြန်သူ_တိမ်တိုက်
ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းလိုက်၍ ရေတိုတွင် မသိသာပါသော်ငြား ရေရှည်တွင်တော့ ဂိုဏ်းနှစ်ဂိုဏ်းလုံးအတွက် သိသိသာသာကို အကျိုးရှိနိုင်ပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်လာရန် သဘောတူခဲ့ခြင်းပင်။ သူ့တွင် ကိုယ်ပိုင်တောင်တစ်လုံး ရှိလာမည်ဖြစ်လေရာ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းဖို့ရာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
သို့သော်ငြား ကောင်းရွှယ်ထင်းကြောင့် ရန်ကိုင်မှာ သူ့အစီအစဉ်ကို ပြန်လည်သုံးသပ်ရတော့သည်။
ကောင်းရွှယ်ထင်းသည်သာ ဟင်းလင်းပြင်အစီအရင်အကြောင်းကို သိသွားမည်ဆိုပါက ကျိယင်သည် ထက်ကောင်းကင်နန်းတော်သာ ပိုင်ဆိုင်သည့် ဆေးပညာရှင်မှူး ဖြစ်တော့လိမ့်မည်မဟုတ်ဘဲ နေမင်းပြာကျောင်းတော်အတွက်လည်း တောက်လျှောက်ကို ဆေးဖော်စပ်ပေးနေရတော့ပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင်လျှင် လတ်တလောတွင်တော့ ဟင်းလင်းပြင်အစီအရင်ခင်းကျင်းသည့် ကိစ္စကို အခြား မည်သူမျှ မသိအောင် လျှို့ဝှက်ထားသည်မှာ အကောင်းဆုံး ဖြစ်ပေသည်။ နောက်ကျမှ ထိုလူများသိသွားလျှင်လည်း ပြောပြလိုက်၍ နောက်မကျသေးချေ။
နေ့ဝက်ကြာပြီးသည့်နောက်တွင် အသစ်စက်စက် ဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ကျောက်စိမ်းတံဆိပ်ပြားကိုသုံး၍ ဓါးတောင်၏အောက်ဘက်တွင် ရှိနေသော မြေကမ္ဘာချီကြောမ၏ စွမ်းအားဖြင့် ဟင်းလင်းပြင်အစီအရင်ကို ဖုံးကွယ်ထားလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သာ ခွင့်မပြုပါက ဝမ်ကျိရှန်းသည်ပင်လျှင် ဤဟင်းလင်းပြင်အစီအရင်ကို အာရုံခံမိလိမ့်မည် မဟုတ်ပေ။
ဟင်းလင်းပြင်အစီအရင်ထဲသို့ အရင်းအမြစ်ကျောက်များကို ထည့်သွင်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် ထက်ကောင်းကင်နန်းတော်၏ ဟင်းလင်းပြင်အစီအရင်ပေါ်၌ ပြန်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်၏ အဓိကတောင်များအနက် တစ်လုံးဖြစ်သော ဆေးလုံးတောင်၌ ကျိယင်အား သွားရှာလေသည်။
ရန်ကိုင်အား တွေ့လိုက်ရသည့်အတွက်ကြောင့် ကျိယင် အံ့အားသင့်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “ရောင်းရင်းရန်… မင်း ဘာဖြစ်လို့ ဒီလောက်မြန်မြန် ပြန်လာတာလဲ…”
“ဟူး…” ရန်ကိုင်မှာ အတော်လေးကို စိတ်ညစ်နေသည့် ပုံပင်။ ခုံပေါ်တွင် သွားထိုင်လိုက်ပြီးသည့်နောက် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်ရင်းမှ စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်လေ၏။ “ပြောကို မပြောချင်တော့ပါဘူးဗျာ…”
ကျိယင် ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ ရန်ကိုင် ဘာတွေ ကြုံလာရလို့ ကြုံလာရမှန်း သူမသိ။ သူပြောနိုင်သည်မှာတော့ ရန်ကိုင် အတော်လေး စိတ်ညစ်နေသည်ဟူ၍ပင်။ ထို့အတွက်ကြောင့် ဆေးပုလင်းတစ်ပုလင်းကို ထုတ်၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေ၏။
ရန်ကိုင်က ဆေးပုလင်းကို ယူ၍ ပြန်မေးလိုက်လေ၏။ “ဒါဘာလဲ…”
“နဂါးသွေးဆေးလုံးတွေလေ…” ကျိယင်က ရှင်းပြလိုက်သည်။ “အရင်တစ်ကြိမ် မင်းပေးခဲ့တဲ့ နဂါးသွေးပန်းကနေ ဖော်စပ်ထားတာလေ…. မင်းအတွက်တော့ အသုံးဝင်မှာပေါ့ ရောင်းရင်းရန်…”
“အို… နဂါးသွေးဆေးလုံးတွေလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ ပုလင်းအဖုံးကို ဖွင့်၍ သူ့လက်ထဲသို့ ဆေးလုံးများကို သွန်ချလိုက်လေရာ သွေးနီရောင်ဆေးလုံးသုံးလုံး ကျလာလေ၏။ ဆေးလုံးတစ်လုံးချင်းစီတိုင်းသည် လက်သည်းခွံအရွယ်အစားခန့်သာ ရှိပြီး သွေးရနံ့ကို ထုတ်လွှတ်နေလေသည်။ သို့သော်ငြား ထိုသွေးနံ့မှာ ညှီစို့စို့ ဖြစ်နေခြင်း မရှိပေ။
ထို့အပြင် ဆေးလုံးပုံစံကို ကြည့်ရသလောက် ထိုနဂါးသွေးဆေးလုံးများသည် ဧကရာဇ်အဆင့်နိမ့်ဆေးလုံးများ ဖြစ်သည့်ပုံပင်။
“ငါလည်း နဂါးသွေးဆေးလုံးကို အခုမှ ပထမဦးဆုံးအကြိမ် ဖော်စပ်ဖူးတာဆိုတော့ အရမ်းကြီးတော့ မရလိုက်ဘူးကွာ ရောင်းရင်းရန်ရေ၊ သုံးလုံးပဲ ရလိုက်တယ်၊ စိတ်တော့မရှိနဲ့ကွာ” ကျိုယင်က ပြောလိုက်လေသည်။
ရန်ကိုင်က ရယ်မောလျက် “ဒီလောက်လည်း နှိမ့်ချမနေစမ်းနဲ့ပါ ရောင်းရင်းကျိရာ... ဒီလို ဆေးလုံးမျိုးကို ပထမအကြိမ်မှာတင် သုံးလုံးရအောင် ဖော်စပ်နိုင်ကတည်းက ရောင်းရင်းကျိ ဘယ်လောက်တော်လဲဆိုတာ သိသာနေပါပြီ”
ကျိယင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးသာလျှင် မဟုတ် မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦးလည်း ဖြစ်သည်။ သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် ကြိုးစားဖော်စပ်ခြင်း၌ ဆေးလုံးသုံးလုံးအား ဖော်စပ်နိုင်သည်ကပင်လျှင် ဆေးပညာ၌ သူမည်မျှ ထူးချွန်ကြောင်းကို ပြသနေခဲ့လေသည်။ သာမန်ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးသာဆိုပါက ယခုကဲ့သို့ ဖော်စပ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျိယင်သည် သူ့လက်ကို ဝှေ့ယမ်းလျက် မဲ့ပြုံးပြုံးရင်းမှ ပြန်ပြောလိုက်လေသည်။ “တကယ်တော့ ငါနည်းနည်းလိုသွားတယ်ကွ…”
ဆေးပညာအရာတွင် သူ့အား အနိုင်ယူခဲ့သော ရန်ကိုင်ရှေ့မှောက်၌ ကျိယင်မှာ သူ့ဆေးစွမ်းရည်ကို ထုတ်မကြွားလိုပေ။
တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် ကျိယင်က ဆက်ပြောလိုက်လေသည်။ “ဒါပေမယ့် ငါမေးစရာတစ်ခုတော့ ရှိသေးတယ်… ရောင်းရင်းရန်… ငါ အခု ထက်ကောင်းကင်နန်းတော်ကို ဝင်လာပြီးသွားပြီဆိုတော့ ဘာလုပ်ရမှာလဲ… လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းကတော့ မန်နေဂျာမှူးဟွာနဲ့ တွေ့ခဲ့သေးတယ်… ဒါပေမယ့် သူက အခုလောလောဆယ် ငါ့အတွက် ဘာတာဝန်မှ မရှိသေးတဲ့အတွက် အေးအေးဆေးဆေး နားနေဦးလို့ပဲ ပြောသွားတယ်… ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူးတစ်ယောက် ဖြစ်နေပြီဆိုတော့ ဒီတိုင်းပဲ အေးအေးဆေးဆေး နားနေလို့တော့ မရဘူးနော် ဟုတ်တယ်မလား… ငါက ဆေးဖော်စပ်တာကလွဲရင် အခြား ဘာမှ လုပ်တတ်တာမှမဟုတ်တာ… ”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… ရောင်းရင်းကျိရဲ့ ဆေးပညာစွမ်းရည်ကိုပဲ ကျုပ် အထူးစိတ်ဝင်စားတာ… ရောင်းရင်းကျိ… ဒါကို တစ်ချက်ကြည့်ကြည့်လိုက်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းရွှယ်ထင်းမှ သူ့အား ပေးခဲ့သော သိုလှောင်လက်စွပ်ကို ကျိယင်ဆီသို့ ပစ်ပေးလိုက်သည်။
ကျိယင်သည် သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် အံ့အားသင့်သွားသည့် လေသံဖြင့် “ဧကရာဇ်အဆင့် ဆေးပင်တွေ အများကြီးပါလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အဆင်ပြေသလိုသာ အဲ့ဒါတွေကို ဆေးဖော်စပ်ပေး… အလျင်လိုနေစရာမလိုဘူးနော်… ပုံမှန်နှုန်းလေးနဲ့ပဲသွား…”
“ကိစ္စမရှိဘူး ရောင်းရင်းရန်…”
“ပြီးတော့ ရောင်းရင်းကျိကို ကျုပ် နောက်ထပ် အကူအညီတောင်းစရာတစ်ခု ရှိသေးတယ်…”
“ဘာအကူအညီတောင်းမလို့လဲ…”
ရန်ကိုင်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ဆက်ပြောလိုက်လေသည်။ “ရောင်းရင်းကျိ ခန္ဓာဖြစ်တည်ဆေးလုံးအကြောင်း သိလား…”
“ခန္ဓာဖြစ်တည်ဆေးလုံး…” ကျိယင် မှင်တက်သွားခဲ့လေသည်။ ထို့နောက် သူ့အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့လေ၏။ “ဘာလဲ… ရောင်းရင်းရန် မင်းမှာ ခန္ဓာဖြစ်တည်အသီး ရှိနေတာလား…”
ရန်ကိုင်က သူ့ဘာသာသူ တွေးလိုက်လေသည်။ (ခန္ဓာဖြစ်တည်အသီးတင်မဟုတ်ဘူး… ခန္ဓာဖြစ်တည်သီးအပင်ပါ ရှိနေတာ… ဒါပေမယ့် အသီးတွေကို ခူးပြီးသွားပြီဆိုတော့ အသစ်ပြန်သီးဖို့က တော်တော်ကြာဦးမှာ…)
ရန်ကိုင်သည် အခြားမည်သည့်အပိုစကားမှ ပြောမနေဘဲ ခန္ဓာဖြစ်တည်အသီးကို ထုတ်ပြပေးလိုက်လေသည်။
ကျိယင်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်၏လက်ထဲတွင် ရှိနေသော ခန္ဓာဖြစ်တည်အသီးကိုယူ၍ ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်လေ၏။ အသီးကို စစ်ဆေးကြည့်နေရင်းမှ ကျိယင်မှာ ပိုပို၍ စိတ်အားတက်ကြွလာခဲ့လေသည်။ နောက်ဆုံးတွင် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “တကယ်ကြီး ခန္ဓာဖြစ်တည်အသီးပဲ… ရှေးဟောင်းစာအုပ်တွေထဲမှာ ပြောထားတာနဲ့ တစ်ပုံစံတည်းပဲ… ဒီလိုအသီးတွေက မျိုးတုံးပျောက်ကွယ်သွားတာ ကြာပြီမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ရောင်းရင်းရန်ဆီမှာ ရှိနေရတာလဲ…”
ထိုသို့ပြောနေရင်းမှ ကျိယင်သည် ခန္ဓာဖြစ်တည်အသီးကို သေသေချာချာ ထပ်တလဲလဲ စစ်ဆေးကြည့်နေခဲ့လေသည်။
“ဆေးပင်တွေက ဘယ်သူမှ ရှာလို့မတွေ့တော့မှ မျိုးတုံးပျောက်ကွယ်သွားပြီလို့ ပြောကြတာ… ဒါကိုတော့ ကျုပ် မတော်တဆ တွေ့လာခဲ့တာပဲ…”
ထိုစဉ် ကျိယင်က ရုတ်တရက် ခေါင်းမော့၍ မေးလိုက်လေသည်။ “ရောင်းရင်းရန်… မင်း ငါ့ကို ခန္ဓာဖြစ်တည်ဆေးလုံး ဖော်စပ်ခိုင်းချင်တာလား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်၍ ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “အစကတော့ ကိုယ့်ဘာသာကိုယ် ဖော်စပ်မလို့… လိုအပ်တဲ့ဆေးအမယ်တွေ အကုန်လုံးနီးပါးကိုတောင် စုစည်းပြီးသွားပြီ… ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ဖော်စပ်ဖို့က သိပ်အဆင်မပြေဘူးလားလို့… ဖော်စပ်ရင်းနဲ့ မအောင်မြင်သွားခဲ့လို့ရှိရင် ခန္ဓာဖြစ်တည်အသီးက အလကားဖြစ်သွားမှာ… ဒီလောကကြီးမှာ ခန္ဓာဖြစ်တည်အသီးဆိုလို့ ဒီတစ်လုံးပဲ ရှိတာ… ဒါကြောင့်ပဲ ရောင်းရင်းကျိကို ဖော်စပ်ခိုင်းချင်တာ… ရောင်းရင်းကျိ ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်မယ်ဆိုရင် အောင်မြင်နိုင်ချေ ဘယ်လောက်ရှိလဲ…”
ကျိယင်သည် မျက်မှောင်ကျုံ့၍ သေသေချာချာ ထိုင်စဉ်းစားနေလေ၏။ တစ်ခဏကြာမှသာ ပြန်ဖြေလာခဲ့လေသည်။ “သုံးဆယ်ရာခိုင်နှုန်းတောင်မရှိဘူး…”
(သုံးဆယ်ရာခိုင်နှုန်း… တော်တော်နည်းတာပဲ… ကျိယင်တောင်မှ အောင်မြင်နိုင်ချေသုံးဆယ်ရာခိုင်နှုန်းပဲ ရှိတာလား… ငါကိုယ်တိုင်ဖော်စပ်မယ်ဆိုရင်တောင် ဘာမှ သိပ်မကွာလောက်တော့ဘူး… ကြည့်ရတာ ခန္ဓာဖြစ်တည်အသီးကို ရရချင်း ချက်ချင်းကြီး ဆေးလုံး ကောက်မဖော်စပ်လိုက်တာ ကံကောင်းသွားတယ်နဲ့တူတယ်…)
“အဲ့ကိစ္စနဲ့ပတ်သက်ပြီး မဟာဆေးဧကရာဇ်ကို အကူအညီ တောင်းကြည့်လို့ရလား…” ရန်ကိုင်ကမေးလိုက်လေသည်။
“ဆရာ့ကိုလား…” ကျိယင်သည် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြုံးလျက် “လွန်ခဲ့တဲ့နှစ်ထောင်နဲ့ချီလောက်ကတည်းက ဆရာက ဘယ်သူ့အတွက်ကို ဆေးမဖော်စပ်ပေးတော့တာ… ဒါပေမယ့် ခန္ဓာဖြစ်တည်အသီး ဆိုရင်တော့ သူ ချွင်းချက်ထားပေးလောက်မှာပါ… ငါ ဆေးလုံးတောင်ကြားဆီပြန်သွားပြီး ဆရာ့ကို တစ်ချက်မေးကြည့်လိုက်မယ်လေ… ကူညီမလား မကူညီဘူးလား ဆိုတာကတော့ ဆရာ့အပေါ်ပဲ မူတည်မှာပေါ့…”
“အဲ့ဒါဆိုလို့ရှိရင် ကျုပ် ရောင်းရင်းကျိကိုပဲ အားကိုးနေလိုက်တော့မယ်နော်… ဒီကိစ္စက အလျင်မလိုဘူး… အဆင်ပြေမှ လုပ်လို့ရတယ်…”
“ရတယ်… ငါချက်ချင်းသွားလိုက်မယ်…” ထိုသို့ပြောပြီးသည့်နောက် ကျိယင် ထရပ်လိုက်လေ၏။ ကြည့်ရသလောက် ခန္ဓာဖြစ်တည်အသီးသည် မဟာဆေးဧကရာဇ်အတွက်ပင်လျှင် အတော်လေးကိုမှ စိတ်ဝင်စားစရာ ကောင်းသည့်ပုံပင်။ ထိုသို့သာမဟုတ်ပါက ကျိယင် ဤမျှ အလျင်လိုနေလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်လည်း ကျိယင်အား သွားမတားခဲ့။
ကျိယင် ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟွာချင်းစီအား သွားရှာပြီး တောင်နဲ့မြစ်ပုံရိပ်အကြောင်း ဆွေးနွေးလေသည်။
ဟွာချင်းစီမှာ တောင်နဲ့မြစ်ပုံရိပ်အကြောင်းကို သိပြီးသားပင်။ သို့သော်ငြား ထိုတောင်နဲ့မြစ်ပုံရိပ်အား မည်ကဲ့သို့ ဖန်တီးသလဲ ဆိုသည်ကိုတော့ မသိပေ။
“အဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ နန်မန်တကျွင်း သိလောက်တယ်…” ဟွာချင်းစီသည် ရုတ်တရက် တောင်နဲ့မြစ်ပုံရိပ်အကြောင်း သိနေလောက်မည့် လူတစ်ဦးအား စဉ်းစားမိသွားလေသည်။ တောင်နဲ့မြစ်ပုံရိပ်သည် အများအားဖြင့် စိတ်ဝိဉာဉ်အစီအရင်တစ်မျိုးသာ ဖြစ်သည့်အတွက်ကြောင့် အစီအရင်ပညာရှင်တစ်ဦးဖြစ်သော နန်မန်တကျွင်းအနေဖြင့် ထိုအကြောင်းကို မသိစရာအကြောင်း မရှိပေ။
“အဲ့ဒါဆို သူ့ကိုခေါ်လိုက်…”
ဟွာချင်းစီလည်း ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ နန်မန်တကျွင်းအား လှမ်းခေါ်လိုက်လေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် နန်မန်တကျွင်း ရောက်လာခဲ့လေသည်။
“နန်းတော်သခင်… မန်နေဂျာမှူး… ဘာလို့ ကျုပ်ကို ရှာနေတာလဲ…” နန်မန်တကျွင်းက ပြုံး၍ မေးလိုက်လေသည်။ လက်ရှိအချိန်တွင် နန်မန်တကျွင်းမှာ အတော်လေးကိုမှ စိတ်လက် ရွှင်လန်းနေသည့်အလား သူ့မျက်နှာမှာ နီမြန်းမြန်းနှင့် အသားအရေမှာလည်း ရွှန်းစိုပြေနေခဲ့လေသည်။
ရန်ကိုင်၏ ဟင်းလင်းပြင်အစီအရင်ကို လေ့လာလိုသည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်၌ အစီအရင်မှူးအဖြစ် ဆယ်နှစ်ကြာအောင် လုပ်ပေးမည်ဟု ရန်ကိုင်နှင့် သဘောတူညီချက် လုပ်ခဲ့လေသည်။ သို့သော်ငြား ထိုကဲ့သို့ သဘောတူညီချက် လုပ်ပြီးသည့်နောက်ပိုင်းတွင် နန်မန်တကျွင်းသည် ထိုကိစ္စနှင့် ပတ်သက်၍ မပျော်မရွှင် မဖြစ်ရုံမက သူ့ကံတရားကိုပင်လျှင် လက်ခံလိုက်သည့်ပုံပင်။
တဖြည်းဖြည်းနှင့် ထက်ကောင်းကင်နန်းတော်၏ အစီအရင်ပညာရှင်မှူး ဖြစ်လာရသည့်အပေါ် အသားကျလာခဲ့လေ၏။ အထူးသဖြင့် ရန်ကိုင်မှ သူ့အား ထက်ကောင်းကင်နန်းတော်၏ အစီအရင်များနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့် အပြည့်ပေးထားသည့် အခါမျိုးတွင်ပင်။
ထက်ကောင်းကင်နန်းတော်၌ ရှိနေစဉ်အတောအတွင်း နန်မန်တကျွင်းသည် ထက်ကောင်းကင်နန်းတော်ထဲ၌ ရှိနေသော အစီအရင်များကို စစ်ဆေးကာ ပြန်လည်ပြုပြင်ခဲ့ရသည်။ ထိုသို့ပြုလုပ်နေစဉ်အတောအတွင်း ပစ္စည်းပေါင်းများစွာကိုလည်း အသုံးပြုခဲ့ရလေသည်။ အစီအရင်များကို ထပ်တလဲလဲ ပြုပြင် ပြင်ဆင် မွမ်းမံရခြင်းသည် နန်မန်တကျွင်းအတွက်တော့ အမှန်တကယ်ကို ပျော်စရာအလုပ်တစ်ခုပင်။
ယခင်က သူ့ဘာသာ သူကြိုက်သည့်နေရာသို့ စိတ်ကြိုက် သွားလာနိုင်ပါသော်ငြား နန်မန်တကျွင်း၏ ငွေရေးကြေးရေးမှာ အကန့်အသတ်နှင့် ရှိပေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ကြိုက် အစီအရင်များကို မဖန်တီးနိုင်ခဲ့ပေ။ သို့သော်ငြား ယခု သူ့အား ထက်ကောင်းကင်နန်းတော်မှ ကျောထောက်နောက်ခံ ပေးထားသည့်အတွက်ကြောင့် သူယခင်က စိတ်ကူးရုံသာ တတ်နိုင်ခဲ့သော အစီအရင်များကို စိတ်ကြိုက် ခင်းကျင်းနိုင်ခဲ့လေ၏။ ထို့အပြင် အစီအရင်များကို ခင်းကျင်းရာ၌ လူလိုအပ်ပါက ထက်ကောင်းကင်နန်းတော်မှ လူလည်းစီစဉ်ပေးသည့် အတွက်ကြောင့် သူကိုယ်တိုင်လည်း အရမ်းကြီး ပင်ပန်းနေစရာ မလိုတော့ပေ။
ထိုအကြောင်းကြောင့်ပင်လျှင် နန်မန်တကျွင်း အတော်လေးကိုမှ ရွှင်ရွှင်မြူးမြူး ဖြစ်နေရခြင်းပင်။
ရုတ်တရက်ဆိုသလို ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်လိုက်သည်မှာ သူ့အတွက် အမှန်တကယ်ကိုမှ ကောင်းမွန်လှသည်ဟုပင် တွေးမိသွားခဲ့လေသည်။
သို့သော်ငြား လွတ်လပ်ခွင့်မှာတော့ အရေးအကြီးဆုံးအချက်ပင်။
သူသည် ထက်ကောင်းကင်နန်းတော်၏ အစီအရင်မှူးတစ်ဦး ဖြစ်ပါသော်ငြား တကယ့်တကယ်တွင်တော့ မည်သူမျှ သူ့အား လာအလုပ်ရှုပ်မနေခဲ့ပေ။ သူ့ဘာသာသူ စိတ်ကြိုက် အေးအေးဆေးဆေး နေနိုင်လေ၏။ ထို့အတွက်ကြောင့် နန်မန်တကျွင်းမှာ ရည်မှန်းချက်ချက် ကြီးကြီးမားမားတစ်ခုကို ထိုင်တွေးရင်းမှ ထက်ကောင်းကင်နန်းတော်ထဲ အေးအေးဆေးဆေး နေလေ၏။ သူသည် ထက်ကောင်းကင်နန်းတော်၌ ရှိနေစဉ် အတောအတွင်း ဧရာမအစီအရင်ကြီးတစ်ခုကို ခင်းကျင်းရပေလိမ့်မည်။ ထိုအစီအရင်သာ ပြီးမြောက်သွားခဲ့မည်ဆိုလျှင် မဟာဧကရာဇ်တစ်ပါး၏ တိုက်ကွက် တစ်ကွက်နှစ်ကွက်လောက်ကိုပင်လျှင် ခုခံနိုင်ပေလိမ့်မည်။
မဟာဧကရာဇ်တစ်ပါး ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလာမှ ဖျက်ဆီးနိုင်မည့် ဂိုဏ်းကာကွယ်ရေးအစီအရင် ရှေ့မှောက်တွင် ဧကရာဇ်အဆင့်ပညာရှင်အားလုံး လက်မှိုင်ချသွားကြရပေလိမ့်မည်။
(ငါ့ပန်းတိုင်က မဖြစ်နိုင်တာတော့မဟုတ်ဘူး… ဖြစ်တော့ဖြစ်နိုင်တယ်… ဒါပေမယ့် ထက်ကောင်းကင်နန်းတော်က ငါလိုတဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်မှ အဆင်ပြေမှာ… သူတို့မှာလည်း အဲ့ပစ္စည်းတွေ ရှိလောက်ပါတယ်… နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကိုတောင် သူတို့ ခင်းကျင်းထားနိုင်သေးတာပဲ… အဲ့ဟင်းလင်းပြင်အစီအရင်တွေကို ခင်းကျင်းဖို့က ပိုက်ဆံတွေအများကြီး လိုတာ… ဒီတော့ ငါခင်းကျင်းချင်တဲ့ အစီအရင်ကို ထောက်ပံ့ပေးနိုင်တဲ့အရင်းအမြစ်တွေလည်း သူတို့မှာ ရှိနေမှာပါ…)
ဟွာချင်းစီက ပြောလိုက်လေသည်။ “နန်းတော်သခင်က တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးချင်လို့တဲ့… ရှင်လုပ်နိုင်လား…”
“မန်နေဂျာဟွာ… ခင်ဗျား ကျုပ်ကို လာအထင်သေးနေတာလား…” နန်မန်တကျွင်းက ဟွာချင်းစီအား ကြည့်ရင်းမှ နှာခေါင်းရှုံ့လျက် “တောင်နဲ့မြစ်ပုံရိပ်လို ဟာလေးကိုတောင် မဖန်တီးနိုင်လို့ရှိရင် ကျုပ်ကိုယ်ကျုပ် ဘယ်လိုလုပ်ပြီး အစီအရင်ပညာရှင်တစ်ယောက်လို့ ခေါ်ရဲတော့မှာလဲ…”
ရန်ကိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ… အဲ့ဒါဆိုလို့ရှိရင် ဒီကိစ္စကို ခင်ဗျားနဲ့ မန်နေဂျာမှူးဟွာဆီ အပ်ထားလိုက်မယ်နော်…”
ရုတ်တရက် နန်မန်တကျွင်းသည် ခေါင်းကိုကုတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ဒါပေမယ့် တောင်နဲ့မြစ်ပုံရိပ်ကို တစ်ယောက်တည်းတော့ မဖန်တီးနိုင်ဘူး…”
“ဘာလို့လဲ…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ (အခုလေးတင် ခင်ဗျား အဲ့ဒါကို မလုပ်နိုင်ရင် ခင်ဗျားကိုယ်ခင်ဗျား အစီအရင်ပညာရှင်တစ်ယောက်လို့ မခေါ်တော့ဘူးဆို… ဘာဖြစ်လို့ ရုတ်တရက်ကြီး လေသံက ပြောင်းသွားရတာလဲ…)
နန်မန်တကျွင်းက ပြန်ပြောလိုက်လေသည်။ “ရှင်းရှင်းပြောရရင် တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးဖို့က လွယ်လည်းလွယ်တယ်… ခက်လည်းခက်တယ်လို့ ပြောလို့ရတယ်… ဘာဖြစ်လို့လဲဆိုတော့ တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးဖို့က အစီအရင်ပညာရှင်တစ်ယောက်တင် လိုတာမဟုတ်ဘူး… ပန်းပဲပညာရှင်တစ်ယောက်လည်း လိုသေးတယ်… နှစ်ယောက်အတူ ပူးပေါင်းမှ တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးနိုင်မှာ…”
“ပန်းပဲပညာရှင်…”
“ဟုတ်တယ်… ရှင်းရှင်းပြောရရင် တောင်နဲ့မြစ်ပုံရိပ်က မှော်ရတနာတစ်ခုပဲ… ဒါကြောင့်ပဲ အဲ့ဒါကိုဖန်တီးဖို့ ပန်းပဲပညာရှင်တစ်ယောက်ကို လိုတာ… ပြီးတော့ ဒီတိုင်း သာမန်ပန်းပဲပညာရှင်တစ်ယောက်တောင် မရဘူးနော်… သာမန်ပန်းပဲပညာရှင်တွေကတော့ တောင်နဲ့မြစ်ပုံရိပ်ကို ဘယ်လိုမှ ဖန်တီးနိုင်မှာမဟုတ်ဘူး… အနည်းဆုံး တာအိုသခင်အဆင့်မြင့် ပန်းပဲပညာရှင်တစ်ယောက်တော့ လိုလိမ့်မယ်… “
“အဲ့ဒါဆိုရင်တော့ သိပ်တော့မလွယ်လောက်တော့ဘူး…” ရန်ကိုင် သူ့မေးစေ့ကိုပွတ်ရင်းမှ ထိုင်စဉ်းစားနေလေသည်။ ကြည့်ရသလောက် တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးဖို့ရာ မလွယ်ကူသည့်ပုံပင်။ ထက်ကောင်းကင်နန်းတော်မှာ လူအရေအတွက် နည်းနေသေးပါသော်ငြား လိုအပ်သည့်အရာအားလုံးအတွက် လူအသီးသီး ရှိနေကြလေသည်။ ဆေးပညာရှင်များဖြစ်စေ၊ အစီအရင်ပညာရှင်များစေ၊ ရုပ်သေးရုပ်ပညာရှင်များဖြစ်စေ အကုန်ရှိနေကြသည်။ လိုအပ်နေသည့်လူဆို၍ အဆင့်မြင့် ပန်းပဲပညာရှင်တစ်ဦးသည်သာ။
နန်မန်တကျွင်းပြောမှသာလျှင် ရန်ကိုင်လည်း ထိုအချက်ကို စဉ်းစားမိသွားခဲ့သည်။ ကြည့်ရသလောက် ထက်ကောင်းကင်နန်းတော်အနေဖြင့် ကိုယ်ပိုင်ပန်းပဲပညာရှင်တစ်ဦးကို ခေါ်ယူရတော့မည့်ပုံပင်။