အခန်း ၂၇၈၁-၂၇၈၅
Vol. 119 Ch. 2781-2785
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၈၁)
ဘာသာပြန်သူ_တိမ်တိုက်
(ကိုယ့်ဘာသာကိုယ် ပန်းပဲပညာရှင်တစ်ယောက်ကို ပျိုးထောင်ဖို့ကတော့ ဒီလောက်လွယ်မှာမဟုတ်ဘူး… ကိုယ့်ဘာသာကိုယ် ပျိုးထောင်မယ်ဆိုလို့ရှိရင် အချိန်လည်းကုန်မယ် အရင်းအမြစ်တွေလည်း ကုန်မယ်…)
(ပြီးတော့ ပန်းပဲပညာရှင် အဆင့်မြင့်ပညာရှင်တစ်ယောက် ဖြစ်လာဖို့က နှစ်ရာနဲ့ချီပြီးတော့တောင် ကြာဦးမှာ…)
ကောင်းကင်နန်းတော်ကို တည်ထောင်ထားသည်မှာ မကြာသေးသည့်အတွက်ကြောင့် ရန်ကိုင်တွင် ကိုယ်ပိုင်ပန်းပဲပညာရှင်တစ်ဦးကို ပျိုးထောင်ပေးဖို့ရာ အချိန်မရှိချေ။ နောက်ပိုင်း ထက်ကောင်းကင်နန်းတော် အဆင်ပြေပြေနှင့် ဆက်သွားနိုင်မည်ဆိုသည့်အချိန်မှ ကိုယ်ပိုင်ပန်းပဲပညာရှင်များကို ပျိုးထောင်ဖို့ရာ နောက်မကျသေးချေ။ သို့သော်ငြား ယခုအချိန်တွင်တော့ ထိုသို့မဖြစ်နိုင်သေး။
ဟွာချင်းစီသည် ထိုကိစ္စကို သေသေချာချာ စဉ်းစားပြီးသွားသည့်အလား ပြန်မေးလိုက်လေသည်။ “နန်းတော်သခင်… ကျွန်မတို့ ပန်းပဲပညာရှင်တစ်ယောက်လောက်ကို ခေါ်ကြမလား… ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းမှာလည်း အရင်းအမြစ်ကျောက်တွေ ပေါပေါသောသော ရှိနေတာပဲလေ… ကျွန်မတို့သာ သင့်တော်တဲ့ဈေးနှုန်းနဲ့ ကမ်းလှမ်းလိုက်မယ်ဆိုရင် တစ်ယောက်ယောက် ကျိန်းသေလာမှာ…”
“အင်း…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ “ဒါဆိုရင် ဒီကိစ္စကို ခင်ဗျားဆီပဲ အပ်ထားလိုက်တော့မယ်…”
“နန်းတော်သခင်… နန်းတော်သခင် ဘယ်သူ့ကို ခေါ်ရမလဲ မစဉ်းစားထားရသေးရင် ကျုပ် စဉ်းစားမိတဲ့ လူတစ်ယောက်တော့ရှိတယ်…” နန်မန်တကျွင်းက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ “အဲ့လူသာဆိုလို့ရှိရင်တော့ တောင်နဲ့မြစ်ပုံရိပ်ကို အလွယ်လေး ဖန်တီးနိုင်လိမ့်မယ်…”
“အို… ခင်ဗျားက ပန်းပဲပညာရှင်တစ်ယောက်ကိုသိတာလား…” ရန်ကိုင်သည် နန်မန်တကျွင်းအား အံ့အားသင့်တကြီးဖြင့် ကြည့်၍ “အဲ့လိုဆိုလို့ရှိရင် သူ့ကို ခေါ်လိုက်လေ… သူ ထက်ကောင်းကင်နန်းတော်ထဲ ဝင်မယ်လို့ သဘောတူလို့ရှိရင် ကျုပ် သူ့ကို ကောင်းကောင်းဆက်ဆံမှာပါ…”
နန်မန်တကျွင်းက ခြောက်ကပ်ကပ်ရယ်မော၍ တောင်းတောင်းပန်ပန်ဖြင့် “အဲ့လူက တကယ်ကို အရည်အချင်းရှိတာတော့ မှန်တယ်… သူ့ရဲ့ပန်းပဲစွမ်းရည်ကို လုံးဝ မေးခွန်းထုတ်စရာမလိုဘူး… ဒါပေမယ့် သူ့ကို ဂိုဏ်းထဲခေါ်ဖို့က နည်းနည်းတော့ ပြဿနာများလိမ့်မယ်နော်… ပြီးတော့ ကျုပ်တစ်ယောက်တည်း သူ့ကို သွားတွေ့မယ်ဆိုရင် ထက်ကောင်းကင်နန်းတော်ထဲကို ခေါ်နိုင်ဖို့က မသေချာဘူး…”
“အို… ကြည့်ရတာ အဲ့ပန်းပဲဆရာက တော်တော်လေးကို မာနကြီးတဲ့ပုံပဲ…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “ခင်ဗျားလည်း အစီအရင်ပညာရှင်တစ်ယောက်ပဲ… ဘယ်လိုလုပ်ပြီး ဟိုတစ်ယောက်က ခင်ဗျားကို မလေးမစား လုပ်ရဲတာလဲ…”
နန်မန်တကျွင်းက သူ့ခေါင်းကိုကုတ်ရင်းမှ ပြန်ပြောလိုက်သည်။ “ရှင်းရှင်းပြောရရင် သူနဲ့ယှဉ်လိုက်လို့ရှိရင် ကျုပ်က အရမ်းကို ပြောရဆိုရ လွယ်ကူတာ နန်းတော်သခင်ရဲ့…”
ဟွာချင်းစီသည် နန်မန်တကျွင်းအား အထင်အမြင်တသေးဖြင့် ကြည့်လိုက်လေသည်။ သူတို့နှစ်ဦး သိလာခဲ့သည်မှာ အတော်လေးကိုမှ ကြာပြီဖြစ်သည့်အတွက်ကြောင့် နန်မန်တကျွင်း၏စရိုက်ကို ဟွာချင်းစီသိပေသည်။ ထက်ကောင်းကင်နန်းတော်တွင် နန်မန်တကျွင်းလိုအပ်နေသည့် အရင်းအမြစ်ပစ္စည်းများ ရှိသလို ထက်ကောင်းကင်နန်းတော်၏ ခွန်အားမှာလည်း ထိပ်တန်းထဲ ပါဝင်နေသည့်အပြင်ကိုမှ ရန်ကိုင်ကိုယ်တိုင်သည် ရမ္မက်ရှာဂိုဏ်းအား တစ်ချက်ပင် အရေးမစိုက်ဘဲ ဖျက်ဆီးခဲ့သည်ကို မြင်ခဲ့ရသည့် အတွက်ကြောင့်သာ နန်မန်တကျွင်းကဲ့သို့ ဧကရာဇ်အဆင့် အစီအရင်ပညာရှင် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ခဲ့ခြင်း ဖြစ်လေသည်။ အခြားဂိုဏ်းတစ်ဂိုဏ်းသာဆိုပါက နန်မန်တကျွင်းသည် ထိုဂိုဏ်းအား အရေးပင် စိုက်နေလိမ့်မည် မဟုတ်။ အထင်အမြင်တသေးဖြင့်သာ ပြန်လည်ပြောဆိုပေလိမ့်မည်။
သို့သော်ငြား ဤလောကကြီးထဲရှိ ပန်းပဲပညာရှင်၊ ဆေးပညာရှင်နှင့် အစီအရင်ပညာရှင်အားလုံး မောက်မာကြသည်မှာ သဘာဝသာ ဖြစ်လေသည်။ ဟွာချင်းစီသိသည့် မောက်မာ မာနကြီးခြင်း မရှိသော ဆေးပညာရှင်ဆို၍ ရန်ကိုင်သည်တစ်ဦးသာ ရှိပေသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသာလျှင် ဖြစ်လင့်ကစား သူ့ကိုယ်သူ နှိမ့်ချ၍သာ နေလေသည်။
“အဲ့လိုဆိုရင် မန်နေဂျာမှူးဟွာကို ခေါ်သွားလိုက်လေ…” ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။
“ရတယ်လေ… ကျွန်မလိုက်ပေးလို့ရတယ်…” ဟွာချင်းစီက ခေါင်းညိတ်လိုက်သည်။
သို့သော်ငြား နန်မန်တကျွင်းက ပြန်ပြောလိုက်သည်။ “နန်းတော်သခင်ကိုယ်တိုင် လိုက်မှ အဆင်ပြေလိမ့်မယ်နော်…”
ရန်ကိုင်က ရယ်မောလျက် “ကျုပ်လို နန်းတော်သခင်တစ်ယောက်က တစ်နေ့လုံး အလုပ်ကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေတာကို ဘယ်လိုလုပ်ပြီး သူ့ဆီ ကိုယ်တိုင်သွားတွေ့ဖို့ အချိန်ရှိမှာလဲ…”
ဟွာချင်းစီကလည်း အထင်အမြင်သေးခံလိုက်ရသည့်အပေါ် ဒေါသထွက်သွားဟန်ဖြင့် “ကျွန်မကလည်း ထက်ကောင်းကင်နန်းတော်ရဲ့ မန်နေဂျာမှူးလေ… သူ ကျွန်မကို အထင်သေးရဲမှာလား…ဘာလဲ အဲ့လူက ဧကရာဇ်အဆင့် ပန်းပဲပညာရှင်မို့လို့လား…”
နန်မန်တကျွင်းက ခေါင်းညိတ်ပြလိုက်လေ၏။
ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “တကယ်ကြီး ဧကရာဇ်အဆင့် ပန်းပဲပညာရှင်လား…”
“ဟုတ်တယ်… အဲ့ဒါကြောင့် နန်းတော်သခင်ကိုယ်တိုင် သွားတွေ့ရင် ကောင်းလိမ့်မယ်လို့ ပြောတာ… မဟုတ်ရင် သူ့ကို အထင်သေးသလို ဖြစ်နေမှာ…”
ရန်ကိုင်က သူ့မေးစေ့ကို ပွတ်ရင်းမှ အသေအချာ စဉ်းစားနေပြီးသည့်နောက် ခဏအကြာ၌ ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့လည်း ကျုပ်ကိုယ်တိုင်ပဲ လိုက်ပေးရတာပေါ့… ဒါနဲ့ အစီအရင်ပညာရှင်နန်မန်… အဲ့ပန်းပဲပညာရှင်က ကျုပ်တို့နန်းတော်ထဲကို ဝင်မယ်လို့ ခင်ဗျားထင်လား…”
နန်မန်တကျွင်း၏အမူအယာ ထူးဆန်းသွားခဲ့လေသည်။ “နန်းတော်သခင်က သူ့ကို ဂိုဏ်းထဲကို ဖိတ်ခေါ်ချင်နေတာလား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ခင်ဗျားပြောတဲ့ပုံအရဆိုရင်တော့ အဲ့ဧကရာဇ်အဆင့်ပညာရှင်က ဘယ်အင်အားစုထဲကိုမှ မဝင်ရသေးဘူးမလား… ကျုပ်တို့ထက်ကောင်းကင်နန်းတော်မှာလည်း ပန်းပဲပညာရှင်တစ်ဦး ရှိမနေဘူးလေ… ဒီတော့ သူ့လိုအဆင့်မြင့်တဲ့ ပန်းပဲပညာရှင်တစ်ယောက်နဲ့ လာတိုးမှတော့ ဒီအခွင့်အရေးကို လက်လွတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ…”
“အဟမ်း…” နန်မန်တကျွင်း ရုတ်တရက် ရှက်သွားခဲ့လေသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်… အဲ့လူက ယာယီလက်တွဲလို့ပဲကောင်းတာ… ဥပမာပြောရရင် တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးဖို့ သူနဲ့အတူ လက်တွဲပြီးတော့ ပြီးသွားတာနဲ့ သူ့ကို မောင်းထုတ်လိုက်တဲ့ ပုံစံမျိုးပေါ့… ရေရှည်ကတော့ ဘယ်လိုမှ မကောင်းဘူးနော် နန်းတော်သခင်… သူ့ကို ဂိုဏ်းထဲကိုခေါ်ဖို့ကတော့ ကျုပ် အကြံမပေးချင်ဘူး…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲ… ခင်ဗျားက အစီအရင်ပညာရှင်… သူက ပန်းပဲပညာရှင်… ခင်ဗျားတို့နှစ်ယောက်က သက်ဆိုင်ရာနယ်ပယ်အသီးသီးတွေမှာ ပညာရှင်တွေဖြစ်နေမှတော့ ခင်ဗျားတို့ကြားမှ ဘာ ပဋိပက္ခမှတော့ မရှိဘူးမလား ဟုတ်တယ်မလား…”
“အာ… အဲ့ဒါကို ပြောချင်တာမဟုတ်ဘူး… နန်းတော်သခင် သူနဲ့တွေ့ပြီးရင် သိပါလိမ့်မယ်…”
နန်မန်တကျွင်းမှာ ဤဧကရာဇ်အဆင့်ပန်းပဲပညာရှင်နှင့် ပတ်သက်၍ တစ်ခုခု ပြဿနာရှိနေသည့်ပုံပင်။ ကံမကောင်းစွာဖြင့် အကြောင်းအရင်းကိုတော့ သေသေချာချာ ရှင်းပြမသွားခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင်တွင် မေးစရာ မေးခွန်းများစွာ ရှိနေသည့်တိုင် သူကိုယ်တိုင် အဖြေရှာရုံသာ တတ်နိုင်တော့လေသည်။
“ဒါနဲ့ ကျုချင်းနဲ့ပတ်သက်ပြီး ဘာသတင်းကြားသေးလဲ…” ထွက်မသွားခင် ရန်ကိုင်က ဟွာချင်းစီဘက်သို့လှည့်၍ မေးလိုက်လေသည်။
ဟွာချင်းစီက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “သူ့ကိုစိတ်ပူနေတာလား နန်းတော်သခင်… စိတ်ပူတယ်ဆိုလို့ရှိရင် မွန်းစတားဘုရင်တွေကို သွားရှာခိုင်းလို့ရတယ်နော်…”
“မလိုဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်း၍ ဟွာချင်းစီဆီသို့ ကျောက်စိမ်းတစ်ပြား ပစ်ပေးလိုက်လေ၏။ ထို့နောက်တွင် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ပြောလိုက်လေသည်။ “ဒါ နင့်ရဲ့ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ဆုံးဖြတ်ချက်ပဲ… တစ်ချက်ကြည့်ကြည့်လိုက်…”
ဟွာချင်းစီသည် ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီးနောက် ရန်ကိုင်၏စကားကို ကြားသည့်အခါ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ကျောက်စိမ်းပြားထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကာ စစ်ဆေးကြည့်ပြီးသည့်နောက် စိုးရိမ်နေသည့် သူမ၏အမူအယာမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အပြုံးတစ်ပွင့်က သူမမျက်နှာထက် အစားထိုး ဝင်ရောက်သွားခဲ့လေ၏။
ကျောက်စိမ်းပြားထဲတွင် ရေးသားထားသည်မှာတော့ ရှင်းရှင်းလေးပင်။ ဟွာချင်းစီသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့် ဖြစ်နေသေးပါသော်ငြား သူမ၏လွတ်လပ်ခွင့်ကိုတော့ ကြယ်ဝိဉာဉ်နန်းတော်မှ ဂရုမစိုက်တော့ချေ။ တစ်နည်းဆိုရသော် ဟွာချင်းစီအနေဖြင့် သူမ နေချင်သည့်နေရာတွင် နေနိုင်ပေသည်။ သူမအနေဖြင့် ကြယ်ဝိဉာဉ်နန်းတော်သို့ လုံးဝပြန်မလာလျှင်ပင် ကိစ္စမရှိတော့ချေ။
ဤသည်မှာ ရိုးရိုးကျောက်စိမ်းပြားလေးတစ်ခုသာ ဖြစ်ပြီး တရားဝင်တံဆိပ်တုံး ပါရှိမနေသည့် ကျောက်စိမ်းပြားတစ်ခုလည်း ဖြစ်ပေသည်။ တရားဝင်တံဆိပ်တုံး ပါရှိမနေသည့်တိုင် မင်းသမီးလန်ရွှင်း၏ ဝိဉာဉ်အမှတ်အသားတော့ ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် ဤကျောက်စိမ်းပြားကို ကိုင်ဆောင်ထားပါက ဟွာချင်းစီသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦးပင် ဖြစ်နေလင့်ကစား ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိုင်ဆိုင်ထားသည့် တပည့်တစ်ဦး ဖြစ်သွားခဲ့လေပြီ။ သူမအနေဖြင့် ကြယ်ဝိဉာဉ်နန်းတော်ကိစ္စနှင့် ပတ်သက်၍ ဆက်လက်စိတ်ပူနေစရာ မလိုတော့ချေ။
ရန်ကိုင်သည် ဟွာချင်းစီကိစ္စအတွက်နှင့်ပင် လန်ရွှင်းနှင့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဆွေးနွေးခဲ့ခြင်း ဖြစ်လေသည်။
လန်ရွှင်းသည် လမင်းမဟာဧကရာဇ်၏ သမီးတော်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် သူမ၏အဆင့်အတန်းမှာ အခြားသူများထက် ပိုမိုမြင့်မားပေသည်။ အကြီးအကဲများနှင့် ယှဉ်လိုက်မည်ဆိုလျှင်ပင် လန်ရွှင်း၏ အဆင့်အတန်းမှာ ပိုမိုမြင့်မားသည်ဟု ပြော၍ရသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ဟွာချင်းစီသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် လန်ရွှင်းအနေဖြင့် ဟွာချင်းစီအား ကြယ်ဝိဉာဉ်နန်းတော်မှ ဖယ်ရှားချင်သည်ဆိုလျှင်ပင် စိတ်ရှိတိုင်း မဖယ်ရှားနိုင်တော့ပေ။ ကံကောင်းစွာဖြင့် လန်ရွှင်းမှာ ရန်ကိုင်အား မျက်နှာသာပေး၍ ဟွာချင်းစီအား ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်အဖြစ်မှ မထုတ်ပယ်ခဲ့သည့်တိုင် သူမ၏လွတ်လပ်ခွင့်ကိုတော့ ပြန်လည်ပေးအပ်ခဲ့လေသည်။
ထက်ကောင်းကင်နန်းတော်၏ အဓိကဂိတ်ပေါက်အပြင်ဘက်၌ နန်မန်တကျွင်းသည် လေထဲသို့ တစ်စုံတစ်ခုကို ပစ်တင်လိုက်လေသည်။ ထိုပစ္စည်းမှာ ရုတ်တရက် အဆပေါင်းများစွာ ကြီးမားလာခဲ့ပြီး မကြာခင်တွင် လှေငယ်လေးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် နန်မန်တကျွင်းသည် ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “နန်းတော်သခင် သွားကြမယ်…”
ရန်ကိုင်သည် လှေပျံကိုကြည့်၍ မျက်ခုံးပင့်ကာ ပြောလိုက်လေသည်။ “ဒါလေးက မဆိုးဘူးပဲ…”
နန်မန်တကျွင်း၏ လှေပျံသည် ဧကရာဇ်အဆင့် ပျံသန်းရေး မှော်ရတနာတစ်ခုဟု ဖြစ်ကာ မဆိုးဘူးဟု ဆိုရလောက်သည်ထက် အများကြီး ပိုကောင်းပေသည်။
ကြယ်တာရာအစုအဝေးထဲ၌ ဧကရာဇ်အဆင့် ပျံသန်းရေးမှော်ရတနာ များများစားစားကို တွေ့နိုင်သည်မဟုတ်။ ထို့အတွက်ကြောင့် လက်ရှိ နန်မန်တကျွင်း၏ ပျံသန်းရေးမှော်ရတနာမှာ အနည်းဆုံး အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနဲ့ချီကာ တန်ကြေးရှိပေသည်။
နန်မန်တကျွင်းက ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မောလျက် “ဒါမျိုးကိုတော့ ကျုပ်ဘာသာကျုပ်ဆို ဘယ်လိုမှ တတ်နိုင်မှာမဟုတ်ဘူး… ဒီတိုင်းပဲ အလောင်းအစားနိုင်လို့ ရလာခဲ့တာ…”
“ခင်ဗျားက တယ် ကံကောင်းပါလား…” ရန်ကိုင်သည် နန်မန်တကျွင်း၏ ကံအပေါ် မှတ်ချက်ပေးလိုက်သည်။
လှေပျံမှာ အရမ်းကြီးမကြီးလှ။ ဆယ်မီတာခန့်အရှည်သာ ရှိလေသည်။ လှေပျံသည် လူငါးဦး ချောင်ချောင်ချိချိ နေလို့ရလောက်သည်အထိ ကျယ်ဝန်းပေသည်။ ရန်ကိုင်မှ လှေပျံဆီသို့ ပျံသန်းသွားသည့်အခိုက် နန်မန်တကျွင်းက ရုတ်တရက် သူ့လက်ကို လှုပ်ရှားလိုက်လေသည်။ ချက်ချင်းဆိုသလို လှေပျံ၏ ဝမ်းတွင်းတံခါး ပွင့်လာခဲ့လေသည်။
ရန်ကိုင်လည်း ထိုတံခါးပေါက်မှတစ်ဆင့် လှေပျံထဲသို့ ဝင်လိုက်သည့်အခိုက် အထဲသို့ရောက်ပြီးသည့်နောက်တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လုံးဝကို မှင်တက်သွားခဲ့လေသည်။
လှေပျံ၏ အတွင်းပိုင်းသည် အပြင်ပန်းနှင့်မတူညီစွာ အလွန်တရာကိုမှ ကျယ်ဝန်းလှသည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ သူ့ကိုယ်သူ လှေပျံထဲသို့ ရောက်နေသည်ဟု မခံစားရဘဲ ခန်းမကျယ်ကြီးတစ်ခုထဲသို့ ရောက်နေသည်ဟုပင် ခံစားနေရသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ သေသေချာချာ ပြင်ဆင်ထားသော သီးသန့်ခန်းများစွာလည်း ထပ်ရှိနေသေးကြောင်း တွေ့လိုက်ရလေသည်။
ထို့အပြင် ဘေးဘက်တစ်နေရာဆီ၌ အထက်ဘက်သို့ ဦးတည်နေသော ကြောင်လိမ်လှေကားတစ်ခုလည်း ရှိနေသေး၏။
“လှေပျံရဲ့အတွင်းပိုင်းက ဒီလောက်တောင်ကျယ်တာလား… ကြည့်ရတာ ဒီလှေပျံထဲမှာ သီးခြားလေဟာနယ်တစ်ခုပုံစံမျိုး လုပ်ထားတာနဲ့တူတယ်…”
တစ်ခဏအကြာတွင် နန်မန်တကျွင်းသည် ရန်ကိုင်၏ဘေး၌ ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် နန်မန်တကျွင်းဘက်သို့လှည့်၍ မယုံကြည်နိုင်ဟန်ဖြင့် “ခင်ဗျား ဒါကို တကယ်ကြီး အလောင်းအစားနိုင်လို့ ရလာခဲ့တာလား…”
အစကတော့ ရန်ကိုင်ထင်နေသည်မှာ ဤလှေပျံသည် သာမန်ပျံသန်းရေးမှော်ရတနာတစ်ခု ဖြစ်သည်ဟူ၍ပင်။ ထို့အတွက်ကြောင့် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းခန့်လောက်သာ ရှိမည်ဟု ထင်ခဲ့ခြင်းပင်။ သို့သော်ငြား လက်ရှိပုံစံကို ကြည့်ရသလောက် ဤလှေပျံသည် အနည်းဆုံး အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာခန့် တန်ကြေးရှိပေသည်။
“လုံးဝကို ကံကောင်းသွားတာ…” နန်မန်တကျွင်းက ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် ပုံမှန်မဟုတ် ဖြစ်နေခဲ့လေသည်။ ထိုအကြောင်းကို ဆက်မပြောချင်သည်မှာ အသိသာကြီးပင်။ ထို့နောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ ပြောလိုက်လေ၏။ “နန်းတော်သခင်… အဆင်ပြေရာနေရာတစ်ခု ရှာပြီး နေလိုက်နော်… ကျုပ်တို့သွားမယ့်နေရာက နီးနီးလေးမဟုတ်ဘူး… အနည်းဆုံး သုံးရက်လောက်သွားရမှာ…”
“ကောင်းပြီလေ… အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကြောင်လိမ်လှေကားမှတစ်ဆင့် ဒုတိယအထပ်သို့ တက်၍ အခန်းတစ်ခန်းထဲ ဝင်နေလိုက်လေသည်။ အခန်းတံခါးကို ဖွင့်ကြည့်လိုက်သည့်နောက် အခန်းအတွင်းပိုင်းမှာ လုံးဝကို အဆင့်တန်းမြင့်မြင့် တန်ဆာဆင်ထားကြောင်း တွေ့ရှိလိုက်ရသည်။ အခန်းတစ်နေရာတွင် သေသေချာချာ ထွင်းထုထားသော မျောက်ခေါင်းတစ်ခေါင်း ရှိနေလေသည်။ အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည့် ထိုမျောက်ခေါင်း၏ပုံစံမှာ အလွန်ကိုမှ အသက်ဝင်လှလေ၏။
ထိုမျောက်ခေါင်းကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏စိတ်ထဲ ထိုမျောက်ခေါင်းအား တစ်နေရာရာ၌ မြင်ဖူးနေသလို ခံစားလိုက်ရလေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် လှေပျံမှာ တဝီဝီမြည်လာပြီး စတင်၍ ပျံသန်းတော့လေသည်။ လှေပျံသွားသည့်နှုန်းမှာ အစပိုင်းတွင် နှေးကွေးနေပါသော်ငြား တဖြည်းဖြည်းနှင့် မြန်သထက် မြန်လာခဲ့လေရာ မကြာမီ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး အရှိန်ကုန် ပျံသန်းနေသည့် နှုန်းနီးပါး ရောက်ရှိသွားခဲ့လေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဤလှေပျံအား ထပ်မံ၍ အထင်ကြီးသွားရပြန်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ကုတင်ပေါ်တွင် တင်ပလင်ခွေထိုင်ချကာ မျက်လုံးပိတ်၍ ကျင့်ကြံနေလိုက်တော့သည်။
ခရီးတစ်လျှောက်လုံး မည်သည့်အန္တရာယ်၊ အခက်အခဲနှင့်မှ မတွေ့ခဲ့ရ။ လှေပျံတုန်ခါသွားသည်ကိုလည်း မခံစားရ။ မည်သူမှလည်း သူတို့လမ်းကို လာပိတ်ရလောက်သည်အထိ ရူးနှမ်းမနေခဲ့ပေ။
ထို့အပြင် လှေပျံ၏အမြန်နှုန်းမှာ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး အရှိန်ကုန်တင်၍ ပျံသန်းနေသည့် နှုန်းလောက် မြန်ဆန်နေလေရာ မည်သူကရော သူတို့အား လာတားနိုင်ပါမည်နည်း။
ထိုသို့ဖြင့် သုံးရက်ဟူသော အချိန်ကာလမှာ တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့လေသည်။
ရုတ်တရက်ဆိုသလို လှေပျံ၏အမြန်နှုန်းမှာ ရုတ်ချည်း ထိုးကျသွားခဲ့သည်။ ထို့နောက်တွင် တဝီဝီမြည်သံနှင့်အတူ လှေပျံ ရပ်တန့်သွားခဲ့လေ၏။
ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာသည့်အခိုက် အပြင်ဘက်ဆီမှ အခန်းတံခါး ခေါက်သံကို ကြားလိုက်ရသည်။ ချက်ချင်းပဲ ထိုင်ရာမှ ထရပ်၍ အခန်းတံခါးကို ဖွင့်လိုက်ရာ အခန်းပေါက်ဝတွင် ရပ်စောင့်နေသော နန်မန်တကျွင်းကို တွေ့လိုက်ရလေသည်။ ရန်ကိုင်ကိုမြင်သော် နန်မန်တကျွင်းက ပြောလိုက်လေသည်။ “ကျုပ်တို့ရောက်တော့မယ် နန်းတော်သခင်… လက်ကျန်ခရီးကိုတော့ ဒီတိုင်း ကိုယ့်ဘာသာကိုယ် ပျံသန်းပြီးတော့ သွားမှပဲ ရလိမ့်မယ်…”
“လှေပျံတွေ ပျံသန်းလို့ မရအောင် လုပ်ထားတဲ့ အစီအရင်တွေဘာတွေ ရှိနေလို့လား…” ရန်ကိုင်က မေးလိုက်သည်။
“အဲ့ဒါကြောင့် မဟုတ်ဘူး…” နန်မန်တကျွင်းက ပြုံးဖြီးလျက် “ပြဿနာက အခြားလူတွေကို ဒီလှေပျံကို မြင်မသွားစေချင်လို့… မဟုတ်ရင် နည်းနည်း ပြဿနာတက်သွားနိုင်တယ်…”
နန်မန်တကျွင်းသည် သေသေချာချာ ရှင်းပြမနေခဲ့ဘဲ ဝိုးတိုးဝါးတားသာ ပြန်ပြောခဲ့လေသည်။ ထိုသို့ဖြင့် ရန်ကိုင်တို့နှစ်ဦးသည် လှေပျံထဲမှ ထွက်လာခဲ့လေ၏။
အပြင်ဘက်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ငါးညှီနံ့နှင့်အတူ လှိုင်းလုံးရိုက်ခတ်သံများကို ရန်ကိုင် ကြားလိုက်ရသည်။ ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ မျက်စိတစ်ဆုံး ကျယ်ပြောလှသော အပြာရောင်ပင်လယ်ပြင်ကြီးကို တွေ့လိုက်ရလေ၏။
(ငါတို့ ပင်လယ်ဘက်ကို ရောက်လာတာပဲ…)
“ဒါဆို ခင်ဗျားပြောတဲ့ ပန်းပဲပညာရှင်က ဒီပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်မှာ နေနေတာပေါ့…” ရန်ကိုင်က ပြောလိုက်လေသည်။
“ဟုတ်တယ်…” နန်မန်တကျွင်းက ခေါင်းညိတ်လိုက်သည်။ “သွားကြရအောင် နန်းတော်သခင်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်တို့သည် တစ်ခုသောဘက်စီသို့ ပျံသန်းသွားလေ၏။ နန်မန်တကျွင်းသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား သူသည် တိုက်ခိုက်ရာတွင် မကျွမ်းကျင်သလို သူ၏ဧကရာဇ်ချီမှာလည်း သန့်စင်လွန်းခြင်း မရှိသည့် အတွက်ကြောင့် သူ့အမြန်နှုန်းမှာ ရန်ကိုင်နှင့် ယှဉ်လိုက်သော် အလွန်ကိုမှ နိမ့်ကျနေခဲ့ရလေသည်။
နန်မန်တကျွင်း လိုက်မီနိုင်စေရန်အတွက် ရန်ကိုင်သည် အေးအေးလူလူသာ ပျံသန်းနေခဲ့သည်။ အလွန်တရာကိုမှ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ပျံသန်းနေရင်းမှ ဇိမ်ပြေနပြေ ချီးကျူးသွားသည့်အခိုက် ရံဖန်ရံခါ ထွက်ပေါ်လာသော ပင်လယ်သားရဲများကိုလည်း တွေ့ခဲ့ရသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ခပ်လှမ်းလှမ်းတစ်နေရာဆီမှ ပင်လယ်ငှက်အော်သံများကို ကြားလိုက်ရလေသည်။ တစ်ချိန်တည်းတွင်လည်း သူတို့သွားချင်သည့်နေရာဆီသို့ ရောက်တော့မည်မှန်း နားလည်လိုက်သည်။ ထိုကဲ့သို့အချိန်မျိုး၌ ပင်လယ်ငှက်အော်သံကို ကြားလိုက်ရခြင်းမှာ သူတို့နှင့် မလှမ်းမကမ်းတစ်နေရာ၌ ကျွန်းတစ်ကျွန်း ရှိနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၈၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်ထင်သည့်အတိုင်းပင်။ မကြာခင် မကြီးလွန်း မသေးလွန်းသည့် ကျွန်းတစ်ကျွန်း သူ့ရှေ့၌ ပေါ်လာခဲ့လေသည်။ ထိုကျွန်းမှာ အရွယ်အစား သိပ်မကြီးလှ။ မိုင်အနည်းငယ်ခန့်သာ ကျယ်ဝန်းသည့်ပုံပင်။ ကျွန်းပေါ်ရှိ ကမ်းခြေတစ်လျှောက်တွင်တော့ ငှက်များ နားနေကြလေသည်။
ရန်ကိုင်နှင့် နန်မန်တကျွင်းတို့သည် ကမ်းခြေပေါ်သို့ တစ်ခဏအကြာ၌ ရောက်လာကြလေသည်။
“ဟမ်…” ရုတ်တရက် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး နန်မန်တကျွင်းအား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လျက် “ခင်ဗျားပြောတော့ အဲ့ပန်းပဲပညာရှင်က ဘယ်သူနဲ့မှ မပတ်သက်ဘူး ဘယ်အင်အားစုထဲကိုမှ မဝင်ထားဘူးဆို… ဘယ်လိုလုပ်ပြီး ကျွန်းပေါ်မှာ ဒီလောက် လူအများကြီး ရှိနေရတာလဲ…”
သူ့ကောင်းကင်စိတ်အာရုံဖြင့် ကျွန်းတစ်ဝိုက်အား စစ်ဆေးကြည့်လိုက်ရာ ကျွန်းပေါ်တွင် လူအယောက်နှစ်ဆယ်နီးပါးခန့် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူများအနက် ခြောက်ယောက်မှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် ဤနေရာသည် ဂိုဏ်းငယ်လေးတစ်ဂိုဏ်း ဖြစ်သည်ဟု ထင်မိသွားပေလိမ့်မည်။ သို့သော်ငြား မည်သည့်ဂိုဏ်းငယ်လေးတွင်မှ ဧကရာဇ်အဆင့်ပညာရှင်များ ရှိမနေကြပေ။
နန်မန်တကျွင်းမှ ရန်ကိုင်၏အမေးကို ပြန်ဖြေတော့မည်အပြု အလင်းတန်းတစ်ခု သူတို့ဆီသို့ ရုတ်တရက် ရောက်ချလာခဲ့လေသည်။ တစ်ယောက်ယောက်သည် သူတို့ရောက်လာသည်ကို အာရုံခံမိသွားသည့် ပုံပင်။
“နန်းတော်သခင်… ဘာမှမပြောနဲ့နော်… ကျုပ် ကြည့်ပြီး ရှင်းလိုက်မယ်…” နန်မန်တကျွင်းသည် တစ်ခုခုအား အမှန်တကယ်ကို စိုးရိမ်နေသည့်အလား အလင်းတန်းတစ်ခု သူတို့ဆီသို့ ရောက်လာသည်ကိုမြင်သော် ချက်ချင်း ပြောလိုက်လေ၏။
နန်မန်တကျွင်း၏ ပုံစံကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ တစ်ခုခု မူမမှန်ဟု စတင် ခံစားလာရလေတော့သည်။
မကြာမီတွင် အလင်းတန်း သူတို့ရှေ့သို့ ရောက်လာပြီး သက်လတ်ပိုင်းလူကြီးတစ်ဦး ပေါ်လာခဲ့လေ၏။ ထိုသက်လတ်ပိုင်းလူကြီးသည် ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံခြင်းကို ထုတ်လွှတ်နေလေသည်။ ထိုလူသည် ရန်ကိုင်တို့အား ကြည့်ပြီးသည့်နောက် မေးလိုက်လေ၏။ “မင်းတို့တွေက ဘယ်သူလဲ…”
ရန်ကိုင်တို့နှစ်ဦးစလုံးမှာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ ရန်ကိုင်တို့အား အရမ်းကြီး စိတ်မပူသလို အရမ်းကြီးလည်း ဂရုစိုက်မနေခဲ့ပေ။ သူ့လေသံထဲ မောက်မာဝံ့ကြွားသည့် အရိပ်အယောင်တို့ကိုပင်လျှင် အထင်းသား မြင်တွေ့နိုင်ပေသည်။
နန်မန်တကျွင်းက ချက်ချင်းပဲ အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “အကြွေးလာတောင်းနေကြတာ…”
(အကြွေးလာတောင်းတာ…) နန်မန်တကျွင်း၏စကားကို ကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့ပြီး နန်မန်တကျွင်းအား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လိုက်လေသည်။ လက်ရှိ နန်မန်တကျွင်းမှာလည်း အမှန်တကယ်ကို ပီပီပြင်ပြင်ကို သရုပ်ဆောင်နေခဲ့သည်။ သူ့ပုံစံမှာ အကြွေးမပေးသူတစ်ယောက်အား အမှန်တကယ် အကြွေးလာတောင်းနေသည့် ပုံစံအလား လုံးဝကို ဒေါသထွက်နေခဲ့လေသည်။
(ဘာတွေဖြစ်နေတာလဲ…) ရန်ကိုင် လုံးဝကို ကြောင်သွားတော့သည်။ ကံမကောင်းစွာဖြင့် အခြေအနေသည် သူ့အား သူမေးချင်နေသည့် မေးခွန်းကို မေးရန် အခွင့်မပေးခဲ့ပေ။
သို့သော်ငြား ရန်ကိုင် ပို၍ အံ့အားသင့်သွားရသည့် အချက်မှာတော့ နန်မန်တကျွင်း၏စကားအပေါ် သက်လတ်ပိုင်းလူကြီးမှ အနည်းငယ် ထူးဆန်းသည့် အရိပ်အယောင်မှ မပြခြင်းပင်။ ခေါင်းညိတ်၍ ပြန်ပြောလိုက်သေး၏။ “ဒီတော့ ငါတို့တွေက အတူတူပဲပေါ့… သူ မင်းအပေါ် ဘယ်လောက်အကြွေးတင်ထားတာလဲ…”
နန်မန်တကျွင်းက တစ်ချက်ပင် စဉ်းစားမနေဘဲ ချက်ချင်း ပြန်ပြောလိုက်လေသည်။ “အဆင့်မြင့်အရင်းအမြစ်ကျောက် ငါးသန်း… ခင်ဗျားရော…”
သက်လတ်ပိုင်းလူကြီးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “သန်းနှစ်ဆယ်… အဲ့ခွေးမကို တွေ့လို့ကတော့ ကျိန်းသေ အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်…”
“အများကြီးပဲ…” နန်မန်တကျွင်းက အံ့ဩတကြီးဖြင့် ပြောလိုက်ပြီးသည့်နောက် ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “သူ့လိုလူကို မိလို့ကတော့ အရှင်လတ်လတ် အရေခွံဆုတ်ဖို့ဆိုတာ လွယ်လွယ်လေးပဲ… ကျုပ်သာ အဲ့ကောင်မကို မိလို့ကတော့ ကောင်းကောင်းကြီးကို နှိပ်စက်ပြမှာ…”
“ဟား ဟား ဟား…” သက်လတ်ပိုင်းလူကြီးက ပြုံး၍ ခေါင်းညိတ်လေ၏။ “ကြည့်ရတာ မင်းလည်း တော်တော် ဒေါသထွက်နေတယ်နဲ့တူတယ်…”
နန်မန်တကျွင်းက မေးလိုက်လေသည်။ “အဲ့လူတွေအကုန်လုံးကရော အကြွေးလာတောင်းကြတာလား…”
“ဟုတ်တယ်…” သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်၍ ရှင်းပြလိုက်လေသည်။ “ငါတို့အကုန်လုံး သဘောတူညီချက် လုပ်ထားတယ်… တစ်ယောက်ယောက်ကသာ သူ့ကိုတွေ့ရင် အရင်ဖမ်းပြီးတော့ အခြားလူတွေကို အချက်ပြပေးရမယ်လို့… ကျန်တဲ့သူတွေသာ ချက်ချင်းပြေးလာမယ်ဆိုလို့ရှိရင် အဲ့ကောင်မလည်း ဘယ်လိုမှ လွတ်နိုင်တော့မှာမဟုတ်ဘူး… မင်းတို့နှစ်ယောက်စလုံးက အကြွေးလာတောင်းတဲ့လူတွေဆိုမှတော့ ငါတို့လည်း သူ့ကိုတွေ့တာနဲ့ မင်းတို့ကို အချက်ပြပေးရမှာပေါ့… ဒါပေမယ့် ငါ မင်းကို ကြိုသတိပေးထားလိုက်မယ်နော်… ကြည့်ရတာ ဒီကျွန်းပေါ်မှာ အရမ်းအားကောင်းတဲ့ အစီအရင်တစ်ခု ရှိနေတယ့်ပုံပဲ… ဒီတော့ သံသယဝင်စရာ ဘာကိုမှ မလုပ်မိစေနဲ့…”
“ကျေးဇူးအများကြီးတင်ပါတယ်…” နန်မန်တကျွင်းက လက်သီးဆုပ်၍ ပြောလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး… ငါတို့အကုန်လုံးက သူ့သားကောင် ဖြစ်ခဲ့ရတဲ့ လူတွေချည်းပဲကို… ဒီတော့ တစ်ယောက်ကိုတစ်ယောက် ကူညီပေးရမှာပေါ့…” သက်လတ်ပိုင်းလူကြီးက တယဉ်တကျေးဖြင့် ပြန်ပြောလိုက်လေသည်။ ထို့နောက် နန်မန်တကျွင်းအား စကားအချို့ ဆက်ပြောပြီးသည့်နောက်တွင် မူလနားနေရာဆီသို့ ပြန်လှည့်ထွက်သွားလေ၏။
ထိုလူထွက်သွားသည်အထိ စောင့်နေပြီးသည့်နောက်တွင် နန်မန်တကျွင်းသည် ရန်ကိုင်အား မသိမသာလေး မျက်စပစ်ပြလျက် ကျွန်း၏ အခြားတစ်ဖက်ဆီသို့ ထွက်လာခဲ့လိုက်သည်။
“အဲ့ပန်းပဲပညာရှင် ဘာဖြစ်သွားတာလဲ…” ရန်ကိုင်က ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်လေသည်။ “ဘာဖြစ်လို့ အကြွေးတောင်းမဲ့လူတွေ အများကြီး ရောက်လာနေတာလဲ… သူ အဲ့လူတွေကို အကြွေး ဘယ်လောက်တောင် တင်ထားတာလဲ…”
“မသိဘူးလေ…” နန်မန်တကျွင်းက ပြန်ပြောလိုက်သည်။
ထိုအခါ ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည်။ “ဒါပေမယ့် ခင်ဗျားပုံကိုကြည့်ရတာ ခင်ဗျား အခုလိုဖြစ်မယ်မှန်း အစောကြီးတည်းက သိထားတယ်မလား…”
နန်မန်တကျွင်းက ခါးသက်စွာပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။ “အဲ့ဒါကြောင့်ပဲ အဲ့မိန်းမက အရမ်းမုန်းဖို့ကောင်းတာ… အခုလိုမျိုးဖြစ်တာ တစ်ကြိမ်မကတော့ဘူး…”
ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ပြောလိုက်လေသည်။ “သူက ပန်းပဲပညာရှင်မဟုတ်ဘူးလား… အကြွေးတင်နေတယ်ဆိုလို့ရှိရင်တောင် ဧကရာဇ်အဆင့်မှော်ရတနာလေး တစ်ခုနှစ်ခုလောက် လုပ်ပြီးတော့ အကြွေးပြန်ချေလိုက်လို့ရတာပဲ…”
နန်မန်တကျွင်းက သက်ပြင်းချလျက် “သူ ဧကရာဇ်အဆင့်မှော်ရတနာတွေ ဘယ်လောက်ပဲ ဖန်တီး ဖန်တီး အကြွေးကတော့ ကြေမှာမဟုတ်ဘူး… ဘာလို့လဲဆိုတော့ အားအားနေ လောင်းကစားချည်းပဲ လုပ်နေတာကို…”
“အဲ့ပန်းပဲပညာရှင်က လောင်းကစားလုပ်ရတာကို ကြိုက်တာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“ကြိုက်တာမဟုတ်ဘူး… လောင်းကစားကို အရက်စွဲသလို စွဲနေတာ… လောင်းတတ်စားတတ်ရင်တော့ တော်ပါသေးတယ်… ဒါပေမယ့် သူက လောင်းတိုင်းလည်း ရှုံးနေတာပဲ…” နန်မန်တကျွင်းက ပြောလိုက်လေသည်။ “အဲ့ဒါကြောင့်ပဲ သူ့ကို ပြဿနာများတယ်လို့ ပြောတာ…”
ရန်ကိုင် ရုတ်တရက် တစ်ခုခုအား နားလည်သွားပြီး ပြန်ပြောလိုက်လေသည်။ “ခင်ဗျား အဲ့ပျံသန်းရေးဧကရာဇ်အဆင့်မှော်ရတနာကို သူနဲ့ အလောင်းအစားလုပ်ပြီး နိုင်လာတာလား…”
နန်မန်တကျွင်း ရှက်သွားလေ၏။ “ကျုပ်လည်း သူနဲ့ အလောင်းအစား မလုပ်ချင်ပါဘူး… ဒါပေမယ့် သူက အတင်း လောင်းမယ်ချည်းပဲ ပြောနေတော့ ကျုပ်လည်း လောင်းလိုက်တာ…”
ယခုဆိုလျှင် ထိုဧကရာဇ်အဆင့်ပန်းပဲပညာရှင်ကို ရန်ကိုင် အတော်လေး နားလည်သွားခဲ့လေသည်။
(ဒီပန်းပဲပညာရှင်က တကယ်ကို လူတစ်မျိုးပဲကွ… သန်းရာနဲ့ချီတဲ့ ဧကရာဇ်အဆင့်ပျံသန်းရေးမှော်ရတနာတစ်ခုကိုတောင် အလောင်းအစား လုပ်ပစ်လိုက်တယ်ဆိုတာ ငါတကယ်ကို မယုံနိုင်ဘူး.. ပြီးတော့ နိုင်တာလည်း မဟုတ်ဘဲနဲ့… ဒါကြောင့် သူ့မှာ အကြွေးရှင်တွေ ပတ်လည်ဝိုင်းနေတာကိုး… ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်နေတာတောင် အကြွေးရှင်တွေ ဝိုင်းနေတယ်ဆိုတော့ သူ့ဘဝကြီးက တကယ်ကို ဆိုးလှပါလား…)
စကားတပြောပြောနှင့် လျှောက်လာလိုက်ရာ မတ်စောက်သည့် တောင်နံရံတစ်ခုဆီသို့ ရန်ကိုင်တို့ ရောက်လာကြလေသည်။ ထို့နောက်တွင် နန်မန်တကျွင်းသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်လေ၏။ အနားတွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် တံဆိပ်ပြားတစ်ခုကို ထုတ်၍ တောင်နံရံရှေ့၌ ဝှေ့ယမ်းချလိုက်လေသည်။ ချက်ချင်းဆိုသလို တောင်နံရံပေါ်၌ လှိုင်းတွန့်များ ထွက်ပေါ်လာခဲ့ပြီး လူတစ်ယောက်ဝင်နိုင်သည့် အကျယ်ခန့်ရှိသော ဝင်ပေါက်တစ်ခု ပေါ်လာခဲ့လေ၏။ နန်မန်တကျွင်းသည် အထဲသို့ အမြန်ဝင်သွားလိုက်ပြီး ရန်ကိုင်ကိုလည်း လိုက်လာရန် အချက်ပြလိုက်လေသည်။ ရန်ကိုင် အထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် နန်မန်တကျွင်းသည် သူ့နောက်ရှိ ဝင်ပေါက်ကို အလျင်အမြန် ပြန်ပိတ်လိုက်လေ၏။
ရန်ကိုင် သူ့အား မယုံသင်္ကာ အမူအယာဖြင့် ကြည့်နေသည်ကို မြင်သော် နန်မန်တကျွင်းက ရှင်းပြလိုက်လေသည်။ “ကျုပ်ကိုယ်တိုင် ဒီအစီအရင်ကို ခင်းကျင်းပေးထားခဲ့တာ… ဒီပုံရိပ်ယောင်အစီအရင်ကြောင့်သာမဟုတ်ရင် သူ ပုန်းစရာနေရာ ရှိတော့မှာမဟုတ်ဘူး…”
“ခင်ဗျားတို့နှစ်ယောက်ကိုကြည့်ရတာ တော်တော်လေး ရင်းနှီးတဲ့ပုံပဲ…” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်လေသည်။
“ဟာ… နန်းတော်သခင် ကျုပ်ကို သူနဲ့ တစ်ပူးတစ်တွဲ လာမပြောနဲ့…” နန်မန်တကျွင်းက အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်သာ သူနဲ့ အသိအကျွမ်းတွေမှန်း အခြားသူတွေ သိသွားလို့ရှိရင် ပြဿနာကို လက်ယပ်ခေါ်လိုက်သလို ဖြစ်သွားတော့မှာ…”
“အဲ့လောက်ကြီးတော့ မဆိုးနိုင်ဘူးမလား…” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
နန်မန်တကျွင်းက ခါးသက်စွာ ပြုံးလျက် “အာ… သူ ဘယ်လောက်အရှက်မဲ့မှန်း နန်းတော်သခင် မသိလို့… အရင်တုန်းကတော့ သူ့ကိုသနားပြီးတော့ သူ့ကိုယ်စား သူ့အကြွေးနည်းနည်းပါးပါးကို ရှင်းပေးခဲ့ပါတယ်… ဒါပေမယ့် နောက်တစ်နေ့လည်း ရောက်လည်းရောက်ရော အကြွေးရှင်တွေ ကျုပ်အိမ်တံခါးကို လာခေါက်ရော… အဲ့အဖြစ်အပျက်ကို ကျုပ် အခုထိ မမေ့သေးဘူး…” ထိုအကြောင်းကိုတွေးရင်း နန်မန်တကျွင်း တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။
ရန်ကိုင်မှာ ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားလေ၏။ ကြည့်ရသလောက် ထိုဧကရာဇ်အဆင့် ပန်းပဲပညာရှင်သည် နန်မန်တကျွင်းအား အတော်လေး စိတ်ဒဏ်ရာရအောင် လုပ်ခဲ့သည့်ပုံပင်။
အထဲသို့ ဆက်ဝင်သွားလိုက်ရာ နာရီဝက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့၏ရှေ့ဘက်၌ ရုတ်တရက် လင်းလက်တောက်ပလာခဲ့ပြီး လိုဏ်ဂူရှည်ကြီးတစ်လုံး သူတို့ရှေ့၌ ပေါ်လာခဲ့လေသည်။ သို့သော်ငြား လိုဏ်ဂူတစ်ခုလုံးမှာ ဗလာကျင်းနေခဲ့ပြီး အခြားသော နေရာများဆီသို့ ဦးတည်နေသည့် လိုဏ်ခေါင်းအသွယ်သွယ်လေးများလည်း ထပ်ရှိနေခဲ့သေးသည်။
“ဒီမှာ ခဏစောင့်နေဦးနော် နန်းတော်သခင်…” ထိုသို့ပြောပြီးသည့်နောက်တွင် နန်မန်တကျွင်းသည် လိုဏ်ခေါင်းများကို လိုက်လံစစ်ဆေးကြည့်လေ၏။ ထို့နောက်တွင် သူ့အကြည့်သည် တစ်ခုသောလိုဏ်ခေါင်းဆီသို့ ရောက်သွားခဲ့ပြီး အသာအယာချောင်းဟန့်လျက် အော်ပြောလိုက်လေသည်။ “ရှောင်ဟို့… ထွက်လာခဲ့…”
မည်သည့် ပြန်ထူးသံမှ မကြားရ။ သူ့အသံသည်သာ လိုဏ်ခေါင်းထဲ ပဲ့တင်ထပ်နေခဲ့လေသည်။
“နင် ထွက်လာမှာလား မထွက်လာဘူးလား… ငါ နင့်ကို မမြင်ဘူးထင်နေတာလား…” နန်မန်တကျွင်းက ထပ်အော်ပြောပြန်လေသည်။ သူ့အမူအယာမှာတော့ သုန်မှုန်နေခဲ့လေ၏။
“မလာနဲ့နော်… နင် ရှေ့ကို တစ်လှမ်း တိုးရဲတိုးရဲကြည့်… ငါ့ကိုယ်ငါ သတ်သေပစ်လိုက်မှာ…” လိုဏ်ခေါင်းလေးများထဲမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့လေသည်။ အသံပိုင်ရှင်သည် ဆိုးဆိုးရွားရွား ဒဏ်ရာတစ်ခု ရထားသည့်အလား အသံမှာ အလွန်တရာကိုမှ အားနည်းနေခဲ့သည်။ ထို့အပြင် သူ့အသံထဲ တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေ၏။
ပန်းပဲပညာရှင်သည် အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု နန်မန်တကျွင်းမှ ပြောစဉ်က ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။ သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် အရမ်းကြီး ထူးဆန်းမနေတော့ပေ။ သူ့ဘဝတွင် အမျိုးသမီးပန်းပဲပညာရှင်တစ်ဦးအား မတွေ့ဖူးသည်တော့ မဟုတ်။ သူသိခဲ့ဖူးသည့် ပန်းပဲပညာရှင်များအနက် ယန်ယန်သည် အတော်ဆုံး ပန်းပဲပညာရှင်နှင့် အစီအရင်ပညာရှင်တစ်ဦး ဖြစ်ပေသည်။
နန်မန်တကျွင်း၏အမူအယာ သုန်မှုန်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “အရူးမ… ငါ့အသံကိုတောင် မမှတ်မိတော့ဘူးလား…”
လိုဏ်ခေါင်းထဲရှိ အမျိုးသမီး၏အသံ တိတ်သွားခဲ့သည်။ သို့သော်ငြား သူ့အား စူးစမ်းကြည့်နေသည့် မျက်ဝန်းတစ်စုံကိုတော့ ရန်ကိုင် ခံစားမိပေသည်။ တစ်ခဏအကြာ၌ လိုဏ်ခေါင်းတစ်ခုထဲမှ လူတစ်ယောက် လေအလျင်အလား ပြေးထွက်လာခဲ့၏။
“အို… နင်ပါလား တကျွင်း…” အမျိုးသမီးက အံ့အားသင့်နေသည့်လေသံဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်လည်း ထိုအမျိုးသမီးအား လှမ်းကြည့်လိုက်ရာ အမျိုးသမီးသည် နတ်မိမယ်တစ်ပါးအလား လှပနေခြင်း မရှိသည့်တိုင် အတော်လေးကိုမှ ချောမောလှပကြောင်း တွေ့ရှိလိုက်ရလေသည်။ ပန်းပွင့်များဖြင့် တန်ဆာဆင်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူမပုံစံမှာ အတော်လေးကိုမှ ချစ်စဖွယ် ကောင်းလှပါသော်ငြား သူမ၏ကိုယ်လုံးကိုယ်ပေါက်မှာလည်း တကယ်ကို မျက်စိကျဖွယ်ဖြစ်ပေသည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ သူမ၏အသားအရေမှာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။
လက်ရှိအချိန်တွင် ထိုကောင်မလေးမှာ သူမ၏မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်ဆုံရသည့်အတွက် အလွန်ကိုမှ ဝမ်းသာနေသည့်အလား အပြင်သို့ ရောက်လာပြီး တစ်ချက်မျှ ရပ်နေပြီးသည့်နောက် နန်မန်တကျွင်းအား ပြေးဖက်လေသည်။
“နင် ဘာလုပ်နေတာလဲ…” နန်မန်တကျွင်းမှာ ယခုကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားသဖြင့် သူ့လက်ကို အလျင်အမြန် ဆန့်ထုတ်၍ သူ့ဆီသို့ ပြေးဝင်လာနေသည့် ကောင်မလေးအား တွန်းထုတ်လိုက်လေသည်။
ကောင်မလေးက ချိုမြိန်စွာ ပြုံးရင်းမှ ချစ်စဖွယ်အမူအယာလေးဖြင့် “တကျွင်း….”
“နင် ဘာတွေလုပ်ချင်နေတာလဲ…” နန်မန်တကျွင်းက ဒေါမာန်တကြီးဖြင့် အော်ဟစ်လျက် သူ့လက်ဝါးထဲ ဧကရာဇ်ချီကို ထည့်သွင်းကာ သူမအား တွန်းထုတ်လိုက်လေသည်။
အမျိုးသမီးသည် နန်မန်တကျွင်းမှ တွန်းထုတ်နေသည်ကို အသာအယာ ရှောင်တိမ်းသွားခဲ့ပြီး သူ့ရင်ခွင်ထဲသို့ ပြေးဝင်လေ၏။ ထို့နောက် ချက်ချင်းပဲ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လျက် အသာအယာ ပြန်ဆုတ်သွားရင်းမှ တခစ်ခစ်ရယ်မောလျက် ကျောက်တုံးတစ်တုံးပေါ်တွင် သွားထိုင်နေလေသည်။
“ငါ့လက်စွပ်…” သူ့လက်မှ တစ်ခုခုပျောက်သွားကြောင်း သတိပြုမိလိုက်သော် နန်မန်တကျွင်း၏အမူအယာ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေသည်။ ထို့နောက် လှမ်းကြည့်လိုက်ရာ အမျိုးသမီး၏လက်ထဲ သူ့သိုလှောင်လက်စွပ် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ကောင်မလေးမှာ သူ့သိုလှောင်လက်စွပ်ကို လက်နှစ်ချောင်းထဲထည့်ရင်း ဝှေ့ယမ်းကာ ဆော့ကစား နေခဲ့လေသည်။
ရန်ကိုင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့အားသင့်နေခဲ့လေသည်။ လက်ရှိဖြစ်ပျက်သွားသည့် ကိစ္စမှာ အတော်လေးကိုမှ မြန်ဆန်လွန်းလှသည်။ ရန်ကိုင်ကိုယ်တိုင်သည် ထိုအမျိုးသမီး မည်ကဲ့သို့ လှုပ်ရှားသွားသလဲ ဆိုသည်ကို သေသေချာချာ မမြင်လိုက်ရပါသော်ငြား အနည်းအကျဉ်းတော့ သတိပြုမိပေသည်။ ဤဧကရာဇ်အဆင့် ပန်းပဲပညာရှင်မှာ အတော်လေးကိုမှ ခြေသွက်သည်ဟု ပြော၍ရသည်။ နန်မန်တကျွင်းမှာ သူမအား အတန်တန် သတိထားနေသည့်တိုင် သူ့သိုလှောင်လက်စွပ်အား ယူသွားခြင်း ခံလိုက်ရပေသေးသည်။ သူမသည် တကယ်ကို ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦး ဟုတ်မှဟုတ်ပါလေရဲ့လော။ ထိုအမျိုးသမီးသည် ဧကရာဇ်အဆင့်ပန်းပဲပညာရှင်တစ်ဦး မလုပ်သင့်ဘဲ သူခိုးတစ်ယောက်သာ လုပ်သင့်ပေသည်။
“ငါ့သိုလှောင်လက်စွပ်ပြန်ပေး…” နန်မန်တကျွင်းက အေးစက်စက်အမူအယာဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
အမျိုးသမီးကမူ ယဲ့ယဲ့လေးပြုံးလျက် သိုလှောင်လက်စွပ်ပေါ်မှ နန်မန်တကျွင်း၏ ဝိဉာဉ်အမှတ်အသားကို ဖယ်ရှားပစ်လိုက်လေသည်။ ထို့နောက်တွင် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို လှန်လှောရှာဖွေကြည့်တော့လေ၏။ ခဏအကြာတွင် အမျိုးသမီးသည် အော်ရယ်မောလျက် အရက်ပုလင်း တစ်ပုလင်းပြီး တစ်ပုလင်းကို ထုတ်ယူလျက် ပျော်ရွှင်စွာ ရယ်မောရင်းမှ ပြောလိုက်လေသည်။ “နင်က ငါ့အပေါ် အကောင်းဆုံးပဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ကျောက်ဆောင်ကိုမှီလျက် အရက်ပုလင်းကိုဖွင့်ကာ အားပါးတရ မော့ချလိုက်သည်။ တစ်ချိန်တည်းတွင် နန်မန်တကျွင်း၏ သိုလှောင်လက်စွပ်ကို သူ့ဆီသို့ ပြန်ပေးလိုက်လေသည်။ နန်မန်တကျွင်းသည် သုန်သုန်မှုန်မှုန်ဖြင့် သိုလှောင်လက်စွပ်ကို ပြန်ယူထားလိုက်ပါသော်ငြား ဘာမှတော့ မပြောခဲ့ပေ။ ထို့နောက်တွင် လိုဏ်ဂူထဲ အမျိုးသမီး၏ အရက်သောက်သံသာ ထွက်ပေါ်နေတော့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ရုတ်တရက်ဆိုသလို ခေါင်းကိုက်ချင်လာခဲ့လေသည်။ ဤဧကရာဇ်အဆင့် ပန်းပဲပညာရှင် လောင်းကစားရသည်ကို အလွန်ကိုမှ နှစ်ခြိုက်သည်ဟု နန်မန်တကျွင်းမှပြောစဉ်က ရန်ကိုင် အရမ်းကြီး စိတ်ထဲမထားခဲ့။ သို့သော်ငြား လက်ရှိ ဤအမျိုးသမီး အရက်သောက်နေသည့် ပုံကို မြင်ပြီးသည့်နောက်တွင် ရန်ကိုင်စိတ်ထဲ ချက်ချင်း ပြန်လှည့်ထွက်သွားချင်တော့လေသည်။ အမျိုးသမီး အရက်သောက်နေသည့်ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်စိတ်ထဲ အတွေးတစ်ခုသာ ပေါ်လာတော့သည်။ (ငါ့လခွမ်း… နောက်ထပ်အမျိုးသမီးအရက်သမားတစ်ယောက် လာပြန်ပြီ…)
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကောင်းရွှယ်ထင်းကြောင့် ရန်ကိုင်ခမျာ အတော်လေးကိုမှ စိတ်ဒဏ်ရာရခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လက်ရှိ ဤအမျိုးသမီး အရက်သောက်နေသည်ကိုမြင်သော် ကောင်းရွှယ်ထင်းကိစ္စကို ရန်ကိုင် ပြန်မမှတ်မိဘဲ မနေနိုင်အောင်ကို ဖြစ်သွားခဲ့သည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်ရုံဖြင့်ပင်လျှင် ရန်ကိုင်မှာ ရင်တဒုန်းဒုန်း ခုန်လာရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၈၃)
ဘာသာပြန်သူ_တိမ်တိုက်
အရက်ပုလင်း တော်တော်များများကို သောက်ပြီးသည့်နောက်တွင် အမျိုးသမီးသည် ကျေနပ်သွားသည့် အမူအယာဖြင့် လေချဉ်အကျယ်ကြီး တက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းနားတွင် ကပ်ပေနေသော အရက်များကိုသုတ်၍ ဝမ်းသာအားရဖြင့် အော်ပြောလိုက်လေ၏။ “အခုမှပဲ ပြန်လည်အသက်ရှင်ရသလို ခံစားလိုက်ရတော့တယ်…”
အရက်ရှိန်ကြောင့် ဖြူဖတ်ဖြူလျော်နေဖြစ်နေသော သူမ၏မျက်နှာလေးသည်ပင်လျှင် လုံးဝကို နီမြန်းသွားခဲ့လေသည်။ နောက်ထပ် အရက်နှစ်ပုလင်းကား ကျန်နေသေး၏။ သို့သော်ငြား ထပ်မသောက်ခဲ့ဘဲ တယုတယဖြင့် သူမ၏သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးသည့်နောက် နန်မန်တကျွင်းဘက်သို့လှည့်၍ မေးလိုက်လေသည်။ “တကျွင်း… နင် ငါ့ကိုကယ်ဖို့ ဒီကို ရောက်လာတာလား…”
နန်မန်တကျွင်းက အေးစက်စက်လေသံဖြင့် “နင်ဘယ်လိုထင်လဲ…”
“ဒါဆို ငါတို့ ဘယ်အချိန်လက်ထပ်မှာလဲ…” အမျိုးသမီးက ထပ်မေးလိုက်လေသည်။
“ထွက်သွားစမ်း…”
အမျိုးသမီးက ယဲ့ယဲ့လေး ပြုံးလျက် ပါးစပ်ကို ပွစိပွစိလုပ်လိုက်သည်။ သူမပါးစပ် လှုပ်နေသည့် ပုံစံအရ တစ်ယောက်ယောက်အား ကျိန်ဆဲနေသည့်ပုံပင်။ သို့သော်ငြား ချက်ချင်းပဲ ရန်ကိုင်ဆီသို့ လှမ်းကြည့်၍ နန်မန်တကျွင်းအား ပြုံးကာ မေးလိုက်လေသည်။ “ဒီမောင်လေးကရော ဘယ်သူလဲ… သူ့ပုံစံက တကယ်မဆိုးဘူးပဲ… သူက ချမ်းသာလားဟင်… ဘာလဲ သူရော ငါ့အတွက် အရက်ကောင်းတွေ သယ်လာသေးတာလား…”
“အပိုတွေလုပ်မနေနဲ့တော့…” နန်မန်တကျွင်းက အေးစက်စက်အမူအယာဖြင့် “ဒါက ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ပဲ… အရူးမ… မြန်မြန် လာနှုတ်ဆက်လိုက်လေ…”
“ထက်ကောင်းကင်နန်းတော်…” အမျိုးသမီးသည် ခဏမျှကြာအောင် အသေအချာ ထိုင်စဉ်းစားနေပြီးသည့်နောက် ပြုံး၍ ပြန်ပြောလိုက်လေသည်။ “တစ်ခါမှမကြားဖူးပါလား… အဲ့ဂိုဏ်း ဘယ်တုန်းက ထွက်လာတာလဲ…”
နန်မန်တကျွင်းက ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “နင် ကြားဖူးဖူး မဖူးဖူး ကိစ္စမရှိဘူး… အရေးကြီးတဲ့အချက်က ငါက ထက်ကောင်းကင်နန်းတော်ရဲ့ အစီအရင်ပညာရှင်မှူး ဖြစ်နေတာပဲ…”
ထိုစကားကိုကြားသော် အမျိုးသမီး၏မျက်နှာထက်ရှိ အပြုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး နန်မန်တကျွင်းအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် ရန်ကိုင်ဆီသို့ လှည့်ကြည့်လိုက်လေ၏။ အဆုံးတွင် ထိုင်ရာမှထ၍ နန်မန်တကျွင်း၏နဖူးပေါ် သူမလက်ကို တင်လိုက်လေသည်။
“နင်ဘာလုပ်နေတာလဲ…” နန်မန်တကျွင်းက အထိတ်တလန့်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
“နင် ရူးသွားတာလား…” အမျိုးသမီးက ပြန်မေးလိုက်လေသည်။
“နင်ကမှ ရူးနေတာ…” နန်မန်တကျွင်းက ဒေါသတကြီးဖြင့် ထအော်လေသည်။ “နင်တို့တစ်မိသားစုလုံး ရူးနေတာ…”
အမျိုးသမီးသည် ယဲ့ယဲ့လေး ရယ်မောလျက် အစောပိုင်းက ထိုင်နေခဲ့သည့် ကျောက်ဆောင်ပေါ်တွင် ပြန်သွားထိုင်လိုက်ပြီး နန်မန်တကျွင်းကိုကြည့်ကာ ပြောလိုက်လေသည်။ “နင် မရူးရင် ဘာဖြစ်လို့ ဂိုဏ်းတစ်းဂိုဏ်းထဲ ဝင်လိုက်မှာလဲ… ငါသိသလောက်ဆိုရင် နင့်ကိုလာကမ်းလှမ်းတဲ့ ဂိုဏ်းတွေအကုန်လုံးကို ငြင်းလွှတ်ခဲ့တာမဟုတ်ဘူးလား…”
“ထက်ကောင်းကင်နန်းတော်ထဲကိုဝင်တာ ငါ့မှာ ငါအကြောင်းနဲ့ငါ ရှိပြီးသား…” နန်မန်တကျွင်းက ပြန်ပြောလိုက်သည်။
နန်မန်တကျွင်းအား နှစ်ပေါင်းများစွာကြာအောင် သိလာသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် နန်မန်တကျွင်းပြောသည်ကို ကြားပြီးသည့်နောက် အမျိုးသမီး၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ သူတို့နှစ်ဦးမှာ ငယ်ငယ်တည်းက တစ်ဦးကိုတစ်ဦး သိလာခဲ့ခြင်း ဖြစ်လေသည်။ လွန်ခဲ့သောနှစ်များအတွင်း မကြာခဏဆိုသလို နှစ်ဦးအတူတူ အလုပ်လုပ်ဖြစ်ခဲ့ကာ တဖြည်းဖြည်းနှင့် နှစ်ဦးစလုံးမှာလည်း ယခင်ကထက်ပို၍ အားကောင်းလာကြလေသည်။ ထို့အတွက်ကြောင့် နန်မန်တကျွင်းအကြောင်းကို သူမ လုံးဝ သေချာသိသည်ဟု ပြောလျှင်ပင် မမှားချေ။ ထို့အတွက်ကြောင့်ပင်လျှင် သူ့အား ဖိတ်ခေါ်ချင်သည့် ဂိုဏ်းများအပေါ် နန်မန်တကျွင်း မည်ကဲ့သို့ ဆက်ဆံသလဲ ဆိုသည်ကိုလည်း သူမ ကောင်းကောင်း သိနေခြင်းပင်။ နန်မန်တကျွင်းသည်သာ ဂိုဏ်းတစ်ဂိုဏ်းထဲသို့ ဝင်လိုပါက သူ့စိတ်ကြိုက်ဂိုဏ်းထဲသို့ ဝင်နိုင်ပေသည်။ ထိုဂိုဏ်းသည် အားနည်းသည်ဖြစ်စေ အားကောင်းဖြစ်စေ သူကြိုက်ရာဂိုဏ်းတစ်ဂိုဏ်းကို ရွေးချယ်နိုင်ပေသည်။ မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းသည်ပင်လျှင် နန်မန်တကျွင်းသာ သူတို့ဂိုဏ်းထဲသို့ ဝင်လိုပါက ဝမ်းပန်းတသာဖြင့် ကြိုဆိုကြပေလိမ့်မည်။ ယခင်တစ်ကြိမ် နန်မန်တကျွင်းအား တွေ့ခဲ့စဉ်က နန်မန်တကျွင်းသည် သူ့ဘာသာ တစ်ယောက်တည်း အလုပ်လုပ်နေခြင်းပင်။ သို့သော်ငြား ယခု နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရချိန်တွင်တော့ နန်မန်တကျွင်းသည် ထက်ကောင်းကင်နန်းတော်၏ အစီအရင်ပညာရှင်မှူး ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် အမျိုးသမီး ထိတ်လန့်သွားရခြင်းပင်။
(ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်… သူ့ကျင့်ကြံခြင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာ… ဒီလောက်အားကောင်းတာလဲ မဟုတ်ဘူး… နန်မန်တကျွင်းက သူတည်ထောင်ထားတဲ့ ဂိုဏ်းထဲကို ဘာလို့ဝင်သွားရတာလဲ…) အမျိုးသမီးသည် ရန်ကိုင်အား သေသေချာချာကို စိုက်ကြည့်နေလေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ထိုအမျိုးသမီးအား ပြုံးကာ ပြန်စိုက်ကြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင်တော့ အတော်လေးကိုမှ နောင်တရနေခဲ့လေသည်။ (ချက်ချင်း ပြန်လှည့်သွားလိုက်ရင် ကောင်းမလား… ဧကရာဇ်အဆင့်ပန်းပဲပညာရှင်တစ်ဦးကို ထက်ကောင်းကင်နန်းတော်ထဲ ခေါ်နိုင်မယ်ဆိုရင်တောင် ဒီလိုပန်းပဲပညာရှင်မျိုးကတော့ ကောင်းမှာမဟုတ်ဘူး…)
အချိန်အတော်ကြာပြီးသည့်နောက် အမျိုးသမီးသည် တစ်ခုခုအား နားလည်သွားသည့်အလား လက်တစ်ဖက်ကို လက်သီးဆုပ်လျက် ထိုလက်သီးဖြင့် ကျန်လက်တစ်ဖက်၏ လက်ဝါးပေါ်သို့ ရိုက်ချလိုက်လေသည်။ ထို့နောက် နန်မန်တကျွင်းအား အံ့အားသင့်နေဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “တကျွင်း… ငါတို့သိလာတာ နှစ်တွေ ဒီလောက်ကြာနေပြီ… ဒါပေမယ့် အခုမှပဲ နင် ဘာဖြစ်လို့ မိန်းမတွေကို မကြိုက်မှန်း ငါသိတော့တယ်… ဒါကြောင့်ပဲ နင် ငါ့ကို လက်မထပ်တာကိုး…”
“နင်… နင်… နင်…” နန်မန်တကျွင်းမှာ အလွန်ကိုမှ ဒေါသထွက်သွားလေရာ နဖူးကြောကြီးများပင် ထောင်တက်လာခဲ့လေသည်။ ထို့နောက် အမျိုးသမီးအား လက်ညှိုးငေါက်ငေါက်ထိုးလျက် အော်ပြောလိုက်လေ၏။ “အရူးမ…” ထို့နောက်တွင် ရန်ကိုင်ကိုဘက်သို့လှည့်၍ မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြောလိုက်လေ၏။ “နန်းတော်သခင်… ဒီအမျိုးသမီးက ရူးနေလို့ သူပြောတာကို ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော်…”
“နင် ဘယ်သူ့ကို အရူးလို့ပြောနေတာလဲ…” အမျိုးသမီးက ပြန်အော်ပြောလေသည်။
ထိုစဉ် ရန်ကိုင်က ရှေ့ထွက်၍ ဝင်ပြောလိုက်လေသည်။ “အစကတော့ သူသိတဲ့ အရမ်းတော်တဲ့ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦး ရှိတယ်လို့ တကျွင်းက ပြောလို့ ကျုပ်လည်း မျှော်လင့်ချက်အပြည့်နဲ့ လာခဲ့လိုက်တာ… ဒါပေမယ့် အခု ကြည့်ရတာကတော့ ကျွတ် ကျွတ်…”
“နင်က ဘာတွေ ကျွတ်ကျွတ်လုပ်နေတာလဲ…” အမျိုးသမီးသည် ရုတ်တရက် မကျေမနပ် ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်ဆီသို့ ပျံသန်းသွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးကို ပြူးကာ စိုက်ကြည့်လျက် သူ့အင်္ကျီလည်တိုင်မှ ဆွဲကိုင်၍ ဒေါမာန်တကြီးဖြင့် မေးလိုက်လေသည်။ “နင် သေသေချာချာ ရှင်းပြရင် ကောင်းလိမ့်မယ်နော်… မဟုတ်ရင် အကျိုးဆက်နဲ့ ရင်ဆိုင်တွေ့ရမယ်မှတ်…”
“လွှတ်လိုက်…” နန်မန်တကျွင်း ထိတ်လန့်သွားခဲ့ပြီး အလျင်စလို အော်ပြောလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်ကိုစိတ်ပူနေခြင်းမဟုတ်။ ရန်ကိုင် ဒေါသထွက်သွားမည်ကိုသာ စိတ်ပူနေခြင်း ဖြစ်လေသည်။ ရန်ကိုင်သာ ဒေါသထွက်သွားမည်ဆိုလျှင် သူ့မိတ်ဆွေ ဒုက္ခရောက်ရပေလိမ့်မည်။ နှစ်ဦးစလုံးမှာ ဧကရာဇ်ပထမအဆင့် ပညာရှင်များ ဖြစ်ကြပါသော်ငြား သူမသည် ရန်ကိုင်၏ပြိုင်ဘက် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ရန်ကိုင်သည် လက်မြှောက်၍ နန်မန်တကျွင်းကို တားလိုက်ပြီးသည့်နောက် ထိုအမျိုးသမီးအား အထင်အမြင်တသေးဖြင့်ကြည့်ကာ ပြောလိုက်လေသည်။ “ခင်ဗျားက ပန်းပဲဝိဇ္ဇာတစ်ပါးဆိုရင် ပန်းပဲဝိဇ္ဇာတစ်ပါးရဲ့ ပုံစံအတိုင်း နေရမှာပေါ့… ဘာဖြစ်လို့ ခင်ဗျားဆီကနေ ပန်းပဲဝိဇ္ဇာတစ်ပါး ရှိသင့်ရှိထိုက်တဲ့ ပုံစံမျိုးကိုတောင် နည်းနည်းလေးမှ မတွေ့ရတာလဲ… ခင်ဗျားပုံစံက မသိရင် တောသားတစ်ယောက်နဲ့တောင် တူသေးတယ်… ရှင်းရှင်းပြောရရင် ကျုပ်တကယ်ကို စိတ်ပျက်သွားရတယ်…”
အမျိုးသမီးသည် ရန်ကိုင်၏အင်္ကျီကော်လံအား ပြန်လွှတ်ပေးလျက် လှောင်ပြောင်ရယ်မောလိုက်လေသည်။ “တကယ်ကို ရယ်စရာပဲ… ဘာလဲ… ပန်းပဲဝိဇ္ဇာ ဖြစ်လာပြီဆိုတာနဲ့ တစ်ဖက်လူအပေါ် ယဉ်ယဉ်ကျေးကျေးနဲ့ တလေးတစားနဲ့ ပြုမူရမှာပေါ့ ဟုတ်လား… အားတော့နားပါတယ်… ငါက ဒီလိုမျိုးပဲ မွေးလာတာ…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီတော့ ခင်ဗျားကိုယ်ခင်ဗျား ပန်းပဲဝိဇ္ဇာလို့ တွေးထားသေးတယ်ပေါ့…”
အမျိုးသမီးက အေးစက်စက်အမူအယာဖြင့် အခြား ဘာမှတော့ မပြောရဲပေမယ့် ဒီလောကကြီးမှာ ပန်းပဲပညာနဲ့ ပတ်သက်လာရင် ငါ့ထက်ပိုသာတဲ့လူ ဘယ်သူမှမရှိဘူး…”
“လေလုံးကတော့ ရှယ်ထွားတာပဲနော်… ခင်ဗျား ကိုယ့်စကားနဲ့ကိုယ် ပြန်အအေးပတ်မှာ မကြောက်ဘူးလား…”
အမျိုးသမီးကမူ သူမကိုယ်သူမ ယုံကြည်ချက် အပြည့်ရှိသည့်အလား ပြုံးသာ ပြုံးနေခဲ့လေသည်။
“စကားကတော့ လူတိုင်း ကြီးကြီးကျယ်ကျယ် ပြောလို့ရတယ်… ဒါပေမယ့် ခင်ဗျားမှာ ခင်ဗျားစကားကို ထောက်ပံ့ပေးနိုင်တဲ့ အရည်အချင်းရော ရှိရဲ့လား…”
“နင်က ငါ့ကိုယ်ငါ သက်သေပြစေချင်တာလား…” အမျိုးသမီးသည် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်မှ သူမအား ရန်စလိုသည့် အကြည့်ဖြင့် ကြည့်နေသည်ကိုမြင်သော် ချက်ချင်း ပြန်ပြောလိုက်လေ၏။ “ကောင်းတယ် ကောင်းတယ်… အဲ့လိုဆိုမှတော့ ဒီအစ်မကြီး ဘယ်လောက်တော်လဲဆိုတာကို မောင်လေးသိသွားအောင် ပြပေးရသေးတာပေါ့…”
ပြောပြီးသည့်နောက်တွင် သူမလက်ကို ဆန့်ထုတ်၍ နန်မန်တကျွင်းအား ပြောလိုက်လေ၏။ “ငါ့ကို ပစ္စည်းတွေပေး…”
နန်မန်တကျွင်းသည် ရန်ကိုင်အား မေးခွန်းထုတ်လိုသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်သည်။ ရန်ကိုင် ဘာကြံနေသလဲ ဆိုသည်ကို နားလည်သွားလေပြီ။ ရန်ကိုင်မှာ အမျိုးသမီး၏ ပန်းပဲစွမ်းရည်ကို စမ်းသပ်လိုခြင်းပင်။
အမျိုးသမီးကိုယ်တိုင်မှာလည်း ရန်ကိုင်ဘာကြံနေသလဲ ဆိုသည်ကို မသိသည်တော့မဟုတ် သိပေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမ၏ပန်းပဲစွမ်းရည်အပေါ် လာရောက် မေးခွန်းထုတ်သည်အပေါ် အမျိုးသမီးမှာ အတော်လေးကိုမှ မကျေမနပ် ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ရည်ရွယ်ချက်ကို သိနေသည့်တိုင် ရန်ကိုင်ကြိုးဆွဲရာအတိုင်း လိုက်ကပေးလိုက်ခြင်းပင်။
ရန်ကိုင်ခေါင်းညိတ်ပြနေသည်ကိုမြင်သော် နန်မန်တကျွင်းက မေးလိုက်လေ၏။ “နင် ဘာပစ္စည်းတွေလိုတာလဲ…”
“ဘာဖြစ်ဖြစ် အဆင်ပြေတယ်…”
ထိုအခါ နန်မန်တကျွင်းသည် သိုလှောင်လက်စွပ်ကို လှန်လှောရှာဖွေကြည့်လေ၏။ ထက်ကောင်းကင်နန်းတော်ထဲ၌ ရှိနေစဉ်အတောအတွင်း အစီအရင်များကို တောက်လျှောက် ပြုပြင်မွမ်းမံနေခဲ့ရသည့် အတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲ အမျိုးမျိုးသော ပစ္စည်းများ ရှိနေခဲ့လေသည်။ မကြာမီ ဖရဲသီးတစ်လုံး အရွယ်အစားခန့် ရှိသည့် သတ္တုတုံးတစ်တုံးကို ထုတ်ယူလာပြီး အမျိုးသမီးဆီသို့ ပေးလိုက်လေ၏။
ရန်ကိုင်လည်း နန်မန်တကျွင်းထုတ်ပေးလာသည့် သတ္တုတုံးအား လှမ်းကြည့်လိုက်ရာ ငှက်မွေးနီသတ္တုတုံး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုသတ္တုသည် ၎င်း၏မာကြောမှုကြောင့် နာမည်ကျော်ကြားပြီး ထိုသတ္တုကို အခြားသော သတ္တုများနှင့်အတူ ရောစပ်၍ အရည်ကျိုကာ မှော်ရတနာတစ်ခုကို ဖန်တီးလိုက်မည်ဆိုပါက မှော်ရတနာ၏ မောကြာမှုစွမ်းရည်မှာ ယခင်ကထက် ပိုမို တိုးတက်လာပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ငှက်မွေးနီသတ္တုကို ပန်းပဲထုလုပ်ရာတွင် အကူပစ္စည်းတစ်ခုအဖြစ် အသုံးပြုကြခြင်းဖြစ်လေသည်။ မည်သို့ပင်ဖြစ်လင့်ကစား နန်မန်တကျွင်းမှာတော့ ထိုကဲ့သို့သော အကူပစ္စည်းတစ်မျိုးကိုသာ ထုတ်ပေးလာခဲ့သည်ကို ကြည့်မည်ဆိုပါက အမျိုးသမီး၏စွမ်းရည်အပေါ် အတော်လေးကိုမှ ယုံကြည်နေကြောင်း မြင်တွေ့နိုင်ပေသည်။
“နင့်မျက်လုံးကိုပြူးပြီးတော့ သေသေချာချာ ကြည့်ထား… မဟုတ်ရင် ဒီအစ်မကြီးရဲ့စွမ်းရည်တွေကို နင် မမြင်လိုက်ရပဲ နေသွားလိမ့်မယ်…” အမျိုးသမီးသည် ငှက်မွေးနီသတ္တုကို ယူပြီးသည့်နောက် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် ပြုံးပြလိုက်လေသည်။ သူမ၏လက်ချောင်းများမှာ သွက်လက်စွာ စတင်လှုပ်ရှားလာခဲ့လေရာ ဖရဲသီးအရွယ်အစားရှိသော ငှက်မွေးနီသတ္တုမှာ သူမလက်ထဲ စတင်၍ လည်ပတ်လာတော့လေ၏။ အမျိုးသမီးသည် ငှက်မွေးနီသတ္တုအား မြန်မြန်သန့်စင်နိုင်ရန် စိတ်စောမနေခဲ့ပေ။ ထို့အစား ကျန်လက်တစ်ဖက်တွင် ကိုင်ထားသည့် အရက်ပုလင်းကို မြှောက်၍ တစ်ကျိုက်မော့ချလိုက်လေသည်။ ထို့နောက် အရက်ပုလင်းကို ပြန်သိမ်းလိုက်ပြီး သူမပါးစပ်ကိုဟကာ အရက်များနှင့် ရောယှက်နေသည့် မီးတောက်များကို မှုတ်ထုတ်လိုက်လေ၏။
“ဖူး…”
ထိုသို့မှုတ်ထုတ်သံနှင့်အတူ မီးတောက်များ ထွက်ပေါ်လာပြီး လိုဏ်ဂူအပူချိန်မှာ ရုတ်ချည်း မြင့်တက်လာခဲ့သည်။ ထိုမီးတောက်၏ အရောင်မှာ သာမန်မီးတောက်များကဲ့သို့မဟုတ်ဘဲ ဖြူလွလွ ဖြစ်နေခဲ့လေသည်။ ကြည့်ရသလောက် ကောင်းကင်မီးတောက်တစ်မျိုး ဖြစ်သည့်ပုံပင်။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ပန်းပဲပညာရှင်ဖြစ်စေ ဆေးပညာရှင်ဖြစ်စေ ထိုလူများ အသုံးပြုကြသည့် မီးတောက်များနှင့်ပတ်သက်သည့် လိုအပ်ချက်မှာ အတော်လေးကိုမှ မြင့်မားလှသည်။ အလွန်ကိုမှ ကောင်းမွန်လှသော မီးတောက်တစ်ခုအား ပိုင်ဆိုင်ထားခြင်းသည် ပန်းပဲပညာရှင် သို့မဟုတ် ဆေးပညာရှင်တစ်ဦး၏ စွမ်းရည်ကို သိသိသာသာ တိုးတက်လာစေနိုင်ပေသည်။
အမျိုးသမီး စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဤအမျိုးသမီးသည်မှာ သူမပြောသလို အမှန်တကယ် အရည်အချင်းရှိကြောင်း ရန်ကိုင် နားလည်သွားခဲ့ရသည်။ အမျိုးသမီးသည် ငှက်မွေးနီသတ္တုအား သန့်စင်ရာတွင် ပန်းပဲမီးဖိုကိုပင် ထုတ်မသုံးခဲ့ဘဲ လက်ဗလာသက်သက်ဖြင့် သန့်စင်ပြခဲ့သည်။ ထိုကဲ့သို့ သန့်စင်ဖို့ရာ အလွန်တရာကိုမှ ကျွမ်းကျင်နေရန် လိုအပ်ပေသည်။ သာမန်ပန်းပဲပညာရှင်များသာဆိုလျှင်တော့ ထိုကဲ့သို့ လုပ်နိုင်လိမ့်မည်မဟုတ်။ ရန်ကိုင် ပို၍ အံ့အားသင့်သွားရသည်မှာ ထိုအမျိုးသမီး၏ မီးတောက်အပေါ် ထိန်းချုပ်နိုင်စွမ်းပင်။ သူမ၏ မီးတောက်ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ကိုမှ ပြီးပြည့်စုံလှပေသည်။
အလွန်မြင့်မားလှသည့် အပူချိန်အောက်တွင် ငှက်မွေးနီသတ္တုမှာ အလျင်အမြန် အရည်ပျော်ကျလာခဲ့သည်။ အမျိုးသမီးသည် အားနေသော ကျန်လက်တစ်ဖက်ဖြင့် ငှက်မွေးနီသတ္တုတုံးထဲမှာ အညစ်အကြေးများကို ဖြည်းဖြည်းချင်း စတင်စစ်ထုတ်တော့လေ၏။ အညစ်အကြေးများ မရှိတော့သည်နှင့်အမျှ ငှက်မွေးနီသတ္တု၏ အရွယ်အစားမှာလည်း တဖြည်းဖြည်း သေးငယ်လာခဲ့လေသည်။
ဆေးဖော်စပ်ရာ၌ ဆေးရည်သိပ်သည်းခြင်း ပထမဆုံးအဆင့်တစ်ခု ဖြစ်သလို ပန်းပဲထုလုပ်ရာတွင် အညစ်အကြေးများကို ဖယ်ရှားခြင်းသည် ပထမဦးဆုံးအဆင့် ဖြစ်ပေသည်။ ဤအခြေခံအကျဆုံး အဆင့်သည် ပန်းပဲပညာရှင် သို့မဟုတ် ဆေးပညာရှင်တစ်ဦး၏ စွမ်းရည်ကို အကောင်းဆုံး ဖော်ပြနိုင်သည့် အဆင့်တစ်ခုလည်း ဖြစ်ပေသည်။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ငှက်မွေးနီသတ္တု၏ အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်နေခဲ့လေသည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် အမျိုးသမီးသည် ငှက်မွေးနီကျောက်တုံးထဲတွင် ရှိနေသော အညစ်အကြေးအားလုံးကို ကုန်စင်အောင် ဖယ်ထုတ်ပစ်နိုင်ခဲ့လေသည်။ ပထမအဆင့်တွင် အမျိုးသမီးမှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ခဲ့သည်။ ထိုတစ်ချက်တည်းနှင့်ပင် သူမ၏ပန်းပဲစွမ်းရည်ကို ခန့်မှန်းကြည့်နိုင်နေလေပြီ။
အမျိုးသမီး၏ ပန်းပဲစွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးသည့်နောက်တွင် ရန်ကိုင်မှာ ဤအမျိုးသမီးအား ယခင်ကလောက် အမြင်ကပ်ခြင်း မရှိတော့ချေ။ သူမသည်သာ တကယ်တမ်း အရည်အချင်းရှိမည်ဆိုပါက သူမ မည်ကဲ့သို့ပင် နေနေစေကာမူ ကိစ္စမရှိပေ။
နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ငှက်မွေးနီသတ္တုတုံးသည် လက်သီးဆုပ်အရွယ်မျှသာ ရှိသော သန့်စင်လှသည့် သတ္တုအရည်ဘောလုံးလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ အမျိုးသမီးသည် ထိုသတ္တုအရည်ဘောလုံးလေးကို ကိုင်ရင်း ရန်ကိုင်အား ကြည့်၍ “မောင်လေး… အခု တောင်းပန်လိုက်မယ်ဆိုလို့ရှိရင် နောက်မကျသေးဘူးနော်… နင်သာ ငါ့ကို အရင်းအမြစ်ကျောက် နည်းနည်းပါးပါး လျော်ကြေးပေးမယ်ဆိုလို့ရှိရင် နင် ရိုင်းပျခဲ့တာတွေကို ငါ ခွင့်လွှတ်ပေးလိုက်မှာ…”
“ဟမ့်…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။
“ကြည့်ရတာ နင်က အခေါင်းမမြင်သေးသရွေ့ နောင်တရမယ့်လူမျိုး မဟုတ်ဘူးဘဲ… နင့်လိုခေါင်းမာတဲ့လူမျိုးတွေကိုမှ ငါကြိုက်တာ…” အမျိုးသမီး အံကြိတ်လိုက်လေသည်။
အမျိုးသမီးသည် ရန်ကိုင်ဘက်သို့လှည့်၍ စကားပြောလာခဲ့ပါသော်ငြား သူမ၏လှုပ်ရှားမှုများမှာတော့ တစ်ချက်မျှပင် ရပ်တန့်သွားခဲ့ခြင်း မရှိချေ။ သတ္တုအရည်ကို လက်ထဲတွင် ကိုင်ရင်းမှ အမျိုးမျိုးသော လက်ကွက်များကို တစ်ခုပြီးတစ်ခု ဖန်တီးနေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း အဖြူရောင်မီးတောက်များမှာ အပူချိန်အမျိုးမျိုးဖြင့် သတ္တုအရည်အား လောင်မြိုက်နေခဲ့လေသည်။
သတ္တုအရည်မှာ အဖြူရောင်မီးတောက်၏ လောင်မြိုက်မှုနှင့် အမျိုးသမီး၏ ထိန်းချုပ်မှုအောက်၌ အရည်ဝိုင်းဝိုင်းလေးပုံစံမှ တဖြည်းဖြည်း ဆန့်ထွက်လာခဲ့ရာ မကြာမီ ဓါးတစ်ချောင်းအသွင်သို့ ပြောင်းလဲလာခဲ့လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဓါးအသွင်မှာ ပိုပို၍ ပုံပေါ်လာတော့လေသည်။ ဓါးပြားလေးမှာ အရောင်တလက်လက် တောက်နေခဲ့ပြီး အနုစိတ်လှသည့် ဓါးရိုးပုံစံမှာလည်း စတင်၍ ပုံပေါ်လာတော့သည်။
ဤပန်းပဲထုလုပ်သည့် လုပ်ငန်းစဉ်သည် အတော်လေးကိုမှ ပျင်းရိငြီးငွေ့စရာ ကောင်းလှပါသော်ငြား ရန်ကိုင်နှင့် နန်မန်တကျွင်းတို့မှာတော့ အမျိုးသမီး ဓါးတစ်ချောင်းဖန်တီးနေသည်ကိုကြည့်ရင်း အကြည့်မခွာနိုင် ဖြစ်နေကြလေသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် အမျိုးသမီးသည် အရက်တစ်ပုလင်းကို ရုတ်တရက် ကောက်ကိုင်လိုက်သည်။ ထို့နောက် မော့သောက်လိုက်ပြီးသည့်နောက် သောက်လက်စအရက်များကို ထွေးထုတ်လိုက်ရာ မီးတောက်များ ငြိမ်းသေသွားကုန်လေ၏။ ထို့နောက်တွင် တရှဲရှဲမြည်သံများနှင့်အတူ သူမဖန်တီးထားသည့် ဓါးဆီမှ အရောင်တလက်လက် တောက်ပလာခဲ့သည်။
“ပြီးသွားပြီ…” အမျိုးသမီးသည် သူမဖန်တီးထားသည့်ဓါးကို လေပေါ်သို့ ကောက်မြှောက်လိုက်လေ၏။ ဓါးမှာ မြေပြင်ပေါ်သို့ ပြန်ကျလာခဲ့ပြီး မြေကြီးပေါ်တွင် သွားစိုက်နေလေသည်။ ဓါးသွား မည်မျှ ထက်သလဲဆိုလျှင် လေပေါ်သို့ မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြန်စိုက်လာရာ ဓါးသွားတစ်ချောင်းလုံးမှာ ဓါးရိုးသို့ ရောက်သည်အထိ မြေကြီးထဲသို့ နစ်ဝင်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၈၄)
ဘာသာပြန်သူ_တိမ်တိုက်
လိုဏ်ဂူ၏ မြေသားမှာ အလွန်ကိုမှ မာကျောလှသည်။ သို့သော်ငြား ငှက်မွှေးနီကျောက်တုံးဖြင့် လုပ်ထားသော ဓါးသည် အပေါ်မှ ပြုတ်ကျလာရုံဖြင့် မြေကြီးထဲသို့ ဓါးရိုးထိ နစ်ဝင်သွားအောင် စိုက်သွားခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့် ဓါးသွား မည်မျှထက်ကြောင်း မြင်တွေ့နိုင်ပေသည်။ ပို၍ မှတ်သားထိုက်သည်မှာ မည်သည့် မှော်ရတနာတွင်မှ ပင်မပစ်စည်းအဖြစ် အသုံးပြုခြင်းမရှိသော ငှက်မွှေးနီ ကျောက်တုံးဖြင့် ဤဓါးအား လုပ်ထားသည် ဟူသော အချက်ပင်။ ငှက်မွှေးနီ ကျောက်တုံးသည် မာကျောမှုကြောင့် နာမည်ကျော်ပါသော်ငြား ပုံစံသွင်းလို့ကောင်းသည့် ပစ္စည်းတစ်ခု မဟုတ်ချေ။ ထိုတစ်ချက်တည်းနှင့်ပင် အမျိုးသမီး၏ ပန်းပဲစွမ်းရည်ကို ရန်ကိုင် ကောင်းကောင်း သိသွားရတော့လေသည်။
ရန်ကိုင်သည် မြေကြီးထဲတွင် စိုက်ဝင်နေသော ဓါးကို နှုတ်၍ ဓါးထဲသို့ ဧကရာဇ်ချီ ထည့်သွင်းလိုက်ရာ ဓါးမှာ တဝီဝီ မြည်ဟည်းလာခဲ့လေသည်။
“တာအိုသခင်အဆင့်နိမ့်” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့၏။
“ဟားဟားဟား” အမျိုးသမီးသည် ကျောက်ဆောင်ပေါ်တွင် ရပ်ရင်း လက်နှစ်ဖက်ကို ဖြန့်လျက် အရူးတစ်ယောက်နှယ် အော်ရယ်မောကာ ပြောလိုက်၏ “ဘယ်လိုလဲ၊ ဒီအစ် မကြီး ဘယ်လောက်တော်လဲ သိသွားပြီမလား”
နန်မန်တကျွင်း၏ အမူအရာ သုန်မှုန်သွားခဲ့လေသည် “နန်းတော်သခင်၊ ကျုပ်တို့ ဒီအတိုင်းပဲ ပြန်လိုက်ကြမလား”
နန်မန်တကျွင်းသာ အစောကြီးကတည်းက ထိုစကားကို ပြောခဲ့လျှင် ရန်ကိုင် တကယ်ကြီး ပြန်မိပေလိမ့်မည်။ သို့သော်ငြား ဤအမျိုးသမီး၏ ပန်းပဲစွမ်းရည်ကို မြင်ပြီးသည့် နောက်တွင်တော့ ရန်ကိုင် ပြန်ချင်စိတ် မရှိတော့ချေ။ ဤအမျိုးသမီးမှာ သာမန် ပန်းပဲဝိဇ္ဇာတစ်ဦးပင်မဟုတ်။
“မောင်လေး၊ အစ်မကြီး တော်ကြောင်း ယုံသွားပြီလား” အမျိုးသမီးသည် မေးကိုငေါ့၍ ဆရာကြီးအထာဖြင့် ရန်ကိုင်ကိုကြည့်ကာ မေးလိုက်လေသည်။
“မဆိုပါဘူး” ရန်ကိုင် ခေါင်းညိတ်လိုက်၏။
“မဆိုးဘူး” အမျိုးသမီး၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး “မ.. ဆိုး.. ဘူး.. ဟုတ်လား” သူမ၏ ပန်းပဲစွမ်းရည်မှာ မဆိုးဘူးဟု ဝေဖန်ခံလိုက်ရပြီးသည့်နောက်တွင် အမျိုးသမီးမှာ အတော်လေး ဒေါသထွက်သွားသည့်ပုံပင်။ ယင်ကောင်များကို မောင်းထုတ်ပစ်နေသည့် အလား သူမလက်ကို ဝှေ့ရမ်းလျက် “ထွက်သွား၊ ထွက်သွား၊ ဒီနေရာကနေ ချက်ချင်း ထွက်သွားလိုက်ကြတော့။ ရှင့်ကို ဒီကနေ မကြိုဆိုဘူး။ ငါနဲ့ ဝေးဝေးမှာသာသွားနေ”
နန်မန်တကျွင်း ခေါ်လာသည့် ဧည့်သည် ဖြစ်သည့်အတွက်ကြောင့် တစ်ဖက်လူအား အနည်းငယ် လေးလေးစားစားဖြင့် ဆက်ဆံခဲ့သည်။ ထိုသို့သာ မဟုတ်လျှင် သူမ၏ ပန်းပဲစွမ်းရည်ကို ထုတ်ပြခဲ့လိမ့်မည် မဟုတ်။ သို့သော်ငြား တစ်ဖက်လူမှ သူမ၏ ပန်းပဲစွမ်းရည်ကို မဆိုးဘူးဟုသာ အထင်အမြင်တသေးဖြင့် ပြောလာသည်ကို မြင်သော် အမျိုးသမီးမှာ ထိုသကောင့်သားအား ဤနေရာမှ ကန်ထုတ်ပစ်ချင်စိတ်များပင် ဖြစ်လာရတော့လေသည်။ ရန်ကိုင်ကဲ့သို့သော လူစားမျိုးကို သူမ တကယ် မုန်းပေသည်။ ရန်ကိုင်ကဲ့သို့သော လူများသည် သူမ၏ ပန်းပဲစွမ်းရည်ကို နားမလည်ပါသော်ငြား နားလည်ချင်ယောင်ဆောင်ပြီး ဆရာယောင်ယောင် သမားယောင်ယောင်ဖြင့် သူမအား လာအထင်သေးသည်။
ရန်ကိုင်က ပြုံးလျက် “တကယ်ကို မဆိုးတာ”
အမျိုးသမီး၏ အမူအရာ အေးစက်သွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေသည် “မောင်လေး၊ နင့်စကားကို သတိထားနော်။ စကားက လူကို သေတတ်တယ်တဲ့။ ငါပုံစံက ဘာမှမဟုတ်ပေမယ့် ငါ့စကားတစ်ခွန်းနဲ့ နင့်ကို ဖျက်စီးပစ်လိုက်လို့ရတာကိုတော့ မယုံမရှိနဲ့”
နန်မန်တကျွင်းက ရယ်သွမ်းသွေးလျက် “ငါက ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ယောက်ပဲ။ ငါလူတစ်ယောက်ကို သတ်ချင်တယ်ဆိုရင် ငါ့အတွက် လူသတ်ပေးချင်တဲ့လူ မရှိဘဲနေမယ်ထင်လား။ အပြင်မှာ ရှိတဲ့လူတွေက ငါ့ဆီကနေ အကြွေးသာ လာတောင်းနေကြတာ။ ငါသာ လူလုံးထွက်ပြပြီး သူတို့နဲ့ ဆွေးနွေးလိုက်မယ်ဆို အကုန်လုံး ငါခိုင်းတာကို နာနာခံခံနဲ့ လုပ်ပေးကြမှာ”
နန်မန်တကျွင်းက ပြန်ပြောလိုက်လေသည် “နန်းတော်သခင်က ဧကရာဇ်အဆင့် ဆေးပညာရှင်ပဲ”
“အန်...” အမျိုးသမီးသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်ပြီးနောက် နန်မန်တကျွင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။ နန်မန်တကျွင်း လိမ်မလိမ်သူမ တကယ် သိချင်နေမိသည်။ သို့သော်ငြား နန်မန်တကျွင်းကမူ မျက်နှာသေဖြင့်သာ ရှိနေသဖြင့် အမျိုးသမီး စိတ်ပျက်သွားရလေ၏။ နန်မန်တကျွင်းသည် ယခုကဲ့သို့သော ကိစ္စများကို လိမ်တတ်လေ့ မရှိချေ။
(ဧကရာဇ်အဆင့် ဆေးပညာရှင်... ဒီလောက် အသက်ငယ်ငယ်လေးနဲ့လေ) အမျိုးသမီးမှာ သူကြားလိုက်ရသည့် သတင်းကြောင့် အံ့အားသင့်သွားခဲ့လေသည်။ သို့တိုင် ခေါင်းမာမာနှင့် ပြန်ပြောလိုက်သေး၏ “အဲ့တော့ ဘာဖြစ်လဲ။ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်နဲ့ ဆေးပညာရှင်က ဘာမှ ဒီလောက် ကွာတာမှ မဟုတ်တာ”
တွေးကြည့်လျှင်လည်း ရယ်တော့ရယ်စရာပင်... ဧကရာဇ်အဆင့် ဆေးပညာရှင်၊ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်နှင့် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တို့သည် ကျွန်းပေါ်၌ အတူတကွ စုဝေးနေခဲ့ကြသည်။ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကသာ ဤဖြစ်ရပ်ကို မြင်လျှင် သူတို့သုံးယောက်ကို ဂိုဏ်းထဲသို့ လာရန် အားတက်သရော ဖိတ်ခေါ်ပေလိမ့်မည်။
ရန်ကိုင်က ပြောလိုက်သည် “ခင်ဗျားက ပန်းပဲဝိဇ္ဇာဟို့မလား၊ ခင်ဗျားကို ကြည့်ရတာ ကျုပ်ကို သိပ်အမြင်မကြည်သလိုပဲနော် ပန်းပဲဝိဇ္ဇာဟို့”
အမျိုးသမီးက နှာခေါင်းရှုံ့လျက် “ဘာပဲဖြစ်ဖြစ်၊ ငါနင်နဲ့ဘာမှ ရင်းနှီးတာမဟုတ်ဘူး။ ဒီတော့ နင်ငါ့ကို ဘယ်လိုထင်ထင် အရေးမကြီးဘူး”
“ကျုပ်ခင်ဗျားရဲ့ ပန်းပဲစွမ်းရည်ကို မဆိုးဘူးလို့ ပြောရတဲ့ အကြောင်းအရင်းက ခင်ဗျားထက် ပိုတော်တဲ့ ပန်းပဲပညာရှင်တစ်ယောက်ကို ကျုပ်တွေ့ဖူးလို့ပဲ”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသမီးသည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ ဆွေ့ဆွေ့ခုန်သွားပြီး ချက်ချင်း ပြန်ပြောလေသည် “အပိုတွေ၊ ဒီလောကကြီးမှာ ငါ့ထက်ပိုတော်တဲ့ ပန်းပဲပညာရှင် တစ်ယောက် ရှိစရာလား။ ငါသာ ပန်းပဲပညာရှင်မှာ အတော်ဆုံး” ထိုသို့ ပြောပြီးနောက် နန်မန်တကျွင်းဘက်သို့လှည့်၍ အံကြိတ်ကာ ပြောလိုက်လေ၏ “ငါဒီကောင့်ကို တိုက်ခိုက်လို့ရလား”
နန်မန်တကျါင်းက ခေါင်းတခါခါနှင့် “ဒီလောကကြီးမှာ အတော်ဆုံးဆိုတာ မရှိဘူး”
မည်သူမှ ကိုယ့်ကိုယ့်ကို သက်ဆိုင်ရာနယ်ပယ်၌ အတော်ဆုံး မပြောရဲကြချေ။ မဟာဆေးဧကရာဇ်သည် ဆေးတာအိုတွင် အတော်ဆုံး ဖြစ်လိမ့်မည် ဖြစ်ပါသော်ငြား ဤအမျိုးသမီးမှာတော့ ပန်းပဲပညာတွင် အတော်ဆုံး မဟုတ်သေးချေ။
“ခင်ဗျား ကျုပ်ကို မယုံဘူးလား ပန်းပဲဝိဇ္ဇာဟို့” ရန်ကိုင်၏ နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။
အမျိုးသမီးက ပြန်ပြောလိုက်လေ၏ “ငါ့ထက် ပိုတော်တဲ့ ပန်းပဲဝိဇ္ဇာကို တွေ့ဖူးတယ်ဆို အဲ့လူကို ငါ့ရှေ့ခေါ်လာခဲ့လေ။ သူဘယ်လောက်တော်လဲ ငါကြည့်ရတာပေါ့”
ရန်ကိုင်က ခေါင်းခါလျက် “သူအခုဘယ်မှာလဲ ကျုပ်မသိဘူး”
ထိုစကားကိုကြားသော် အမျိုးသမီးသည် အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင်သည် သူမအား တမင်သက်သက် အပုပ်ချနေခြင်း ဖြစ်သည်ဟုသာ ထင်နေခဲ့လေသည်။
“ဒါပေမယ့်...” ရန်ကိုင်က ဆက်ပြောလိုက်သည် “ဒီလောကကြီးမှာ ခင်ဗျားထက် ပန်းပဲပညာ ပိုတော်တဲ့လူတစ်ယောက် ရှိကြောင်း ကျုပ်ဘက်က သက်သေပြနိုင်မယ် ဆိုရင်ကော...”
“အဲ့ဒါဆို ငါနင့်ကို လက်ထပ်မယ်” အမျိုးသမီးက ပြန်ပြောလိုက်သည်။ ထို့နောက် ခေါင်းကိုမော့၊ ရင့်ကိုကော့လျက် ထပ်ပြောလိုက်လေ၏ “ငါရုပ်ရည်က ဘာမှအပြစ်ပြောစရာ မရှိဘူး။ လှပြီးသား။ ရင်သားမရှိဘူးလည်း လာမပြောနဲ့။ မို့မောက်နေတာပဲ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း အချိုးအစား ကျနပြီးသား။ ပြီးတော့ အပျိုရည်လည်း ပျက်သေးတာမဟုတ်ဘူး။ ငါက နင့်အတွက် မသင့်တော်ဘူးလို့ လာမပြောနဲ့”
ရန်ကိုင် နန်မန်တကျွင်းဘက်သို့ မျက်လုံးအပြူးသားဖြင့် လှည့်ကြည့်လိုက်သည်။ နန်မန်တကျွင်းမှာတော့ သူ့မျက်နှာကို လက်ဖြင့်အုပ်ရင်း အလွန်ကိုမှ စိတ်ညစ်နေဟန်ဖြင့် သက်ပြင်းချနေခဲ့လေသည်။ ယခုမှသာလျှင် ဤအမျိုးသမီး မည်မျှ အရှက်မဲ့ကြောင်းကို နှစ်ဦးစလုံး နားလည်သွားကြသည့်အလား။
“ကောင်းပြီ၊ ကောင်းပြီ” ရန်ကိုင်က ခေါင်းညိတ်၍ သိုလှောင်လက်စွပ်ထဲမျ ပစ္စည်းတစ်ခုကို ထုတ်ကာ အမျိုးသမီးဆီသို့ ပစ်ပေးလိုက်လေ၏ “ရော့၊ ဒါကို တစ်ချက် ကြည့်ကြည့်လိုက်”
အမျိုးသမီးသည် ရန်ကိုင်ပေးလာသည့် ပစ္စည်းကို တစ်ချက်ကြည့်ပြီးနောက် “တန်ခိုးရှင်ဘုရင်အဆင့်လား... နင်ဒီအရုပ်ကို ဘယ်ကနေ ကောက်လာတာလဲ။ ပြီးတော့ ဒါက စစ်သင်္ဘောကြီး..”
တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများကို တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများကသာ အသုံးပြုကြသည်။ သူမကဲ့သို့သော ပန်းပဲပညာရှင်တစ်ဦးအတွက် ဤအရာသည် အသုံးမဝင်သည့် အရုပ်သာသာ ပစ္စည်းတစ်ခုသာ ဖြစ်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ပစ္စည်းတစ်ခုက ပိုရိုးရှင်းလေ၊ အဲ့ပစ္စည်းကို ဖန်တီးခဲ့တဲ့ လူရဲ့ အရည်အချင်းကို သုံးသပ်ဖို့က ပိုလွယ်လေပဲလေ။ ဟုတ်တယ်မလား”
အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့လေ၏။
“ဟန်” ရုတ်တရက် စစ်သင်္ဘောကို ကြည့်နေသည့် အမျိုးသမီး၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက်တွင် စစ်သင်္ဘော၏ အတွင်းပိုင်းကို ကောင်းကင်စိတ်အာရုံဖြင့် သေချာ စစ်ဆေးကြည့်တော့လေ၏။
“နန်းတော်သခင်… သူ့ကို တကယ်ကြီး ထက်ကောင်းကင်နန်းတော်ဆီ ခေါ်ချင်တာလား” နန်မန်တကျွင်းက ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးလေး မေးလိုက်၏ “သူဘယ်လိုလူမျိုးလဲ နန်းတော်သခင်လည်း မြင်တာပဲ... သူ့ကိုသာ ထက်ကောင်းကင်နန်းတော်ထဲ ဝင်ခွင်းလိုက်ရင် ပြဿနာကို လက်ယပ်ခေါ်နေသလို ဖြစ်သွားမှာနော်။ ပြီးတော့ သူက စည်းကမ်းရှိတာမဟုတ်ဘူး။ သူ့စိတ်ကြိုက် နေချင်သလို နေတာ။ အခုအချိန်ထိ သူ့ကို နာခံအောင် လုပ်နိုင်တဲ့လူမျိုးကို ကျုပ်တစ်ခါမှ မတွေ့ဖူးသေးဘူး”
“မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါလျက် “သူအခုလိုမျိုး မောက်မာဝံ့ကြွားနေရတဲ့ အကြောင်းအရင်းမှ သူ့ကျွမ်ကျင်တဲ့ နယ်ပယ်မှာ သူ့ထက် ပိုတော်တဲ့လူကို မတွေ့သေးလို့ပဲ။ ဒါပေမယ့် ငါကတော့ သူ့နယ်ပယ်မှာ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ရန်ကိုင် ပြောချင်သည့် အဓိပ္ပါယ်ကို နန်မန်တကျွင်း နားလည်ပေသည်။ သူ့အနေဖြင့် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ရန် သဘောတူလိုက်ရခြင်းမှာ ရန်ကိုင်မှာ သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်အတွက်ကြောင့်မဟုတ်၊ ထက်ကောင်းကင်နန်းတော်ထဲ သူ့စိတ်ဝင်စားသည့် ဟင်းလင်းပြင်အစီအရင်များ ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
“ပန်းပဲပညာမှာတော့ ကျုပ်သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ပေမယ့် ကျုပ်လူတွေကတော့ ယှဉ်နိုင်တယ်” ရန်ကိုင် ပြုံးလိုက်လေသည်။
ရန်ကိုင်သည် ဘာမှပြန်မပြောခဲ့ဘဲ အဓိပ္ပါယ်ပါပါသာ ပြုံးလိုက်လေသည်။ ထိုစစ်သင်္ဘောသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုသာ ဖြစ်ပါသော်ငြား ထိုအရာကို အရိပ်ကြယ်တွင် ရှိစဉ်က ယန်ယန်ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။ ယန်ယန်၏ ပန်းပဲစွမ်းရည်အကြောင်းကို ရန်ကိုင် သိပေသည်။ ဤပန်းပဲဝိဇ္ဇာဟို့သည်သာ ယန်ယန်ထက် ပန်းပဲပညာ ပိုတော်နေလျှင် ရန်ကိုင် ဘာမှပြောလိမ့်မည်မဟုတ်။ သို့သော်ငြား ထိုသို့ ဖြစ်နိုင်ချေတော့ နည်းလှသည်။ အထူးသဖြင့် ဤအမျိုးသမီးမှ စစ်သင်္ဘောအား အလေးအနက် အမူအရာဖြင့် လေ့လာနေသည့် အချိန်တွင်ပင်။
ဤတန်ခိုးရှင်ဘုရင်အဆင့် စစ်သင်္ဘောသည် ရန်ကိုင်နှင့် နန်မန်တကျွင်းတို့အတွက် အသုံးမဝင်သည့် အရုပ်သာသာ တစ်ခုသာ ဖြစ်ပါသော်ငြား ပန်းပဲပညာရှင်တစ်ဦး အတွက်မူ စစ်သင်္ဘောအား ဖန်တီးထာသည့်ပုံစံသည် လေ့လာစရာ ဖြစ်လေသည်။
“ဒါကို အသက်သွင်းလိုက်” အမျိုးသမီးသမီးသည် ရုတ်တရက် ရန်ကိုင်ကိုကြည့်ကာ အမိန့်ပေးလိုက်လေသည်။ သူမ၏ လေသံမှာ အလွန်ကိုမှ ရိုင်းစိုင်းလှသည်။
ရန်ကိုင်ကမူ သူမပြောပုံနှင့်ပက်သက်၍ ဂရုစိုက်နေခြင်းမရှိဘဲ စစ်သင်္ဘောကို အသက်သွင်းလိုက်ရာ စစ်သင်္ဘောမှာ ရုတ်ချည်းဆိုသလို မီတာသုံးဆယ်ကျော် ရှည်လျားလာခဲ့လေ၏။ သင်္ဘောဝမ်းတွင်းတံခါး ပွင့်သွားသော် အမျိုးသမီးသည် အထဲသို့ ချက်ချင်း ပြေးဝင်သွားလေသည်။ ကြည့်ရသလောက် အမျိုးသမီးသည် သင်္ဘော၏ အတွင်းကို သေချာအသေးစိတ် လေ့လာချင်သည့်ပုံပင်။
ရန်ကိုင်ကမူ အပြင်ကနေသာ အေးအေးဆေးဆေး ရပ်စောင့်နေခဲ့လေသည်။ အမျိုးသမီး၏ ပုံစံကို မြင်ပြီးနောက် သူမအား သူ့ဂိုဏ်းထဲသို့ ခေါ်နိုင်လိမ့်မည်ဟု ရန်ကိုင် အတော်လေး ယုံကြည်ချက် ရှိလာခဲ့လေသည်။ နောက်ဆုံး လက်ကျန်အပိုင်းမှာတော့ အမျိုးသမီးသည် သူမ၏ အရှုံးအား လက်ခံနိုင်သလား ဟူသည့် အချက်ပေါ်တွင် မူတည်နေပေသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် အမျိုးသမီးသည် သင်္ဘောထဲမှ စိတ်ညစ်ညစ်၊ စိတ်ပျက်ပျက် အမူအရာဖြင့် ပြန်ထွက်လာခဲ့သည်။ သို့သော်ငြား သူမ၏ မျက်လုံးများမှာမူ ထူးဆန်းသည့် အရောင်ဖြင့် တလက်လက် တောက်ပနေပြီး သူမ၏ ပါစပ်မှာလည်း တစ်ခုခုအား ရေရွတ်နေသည့်အလား လှုပ်စိလှုပ်စိ ဖြစ်နေခဲ့သည်။
ရန်ကိုင်နှင့် နန်မန်တကျွင်းသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူမအား ထိုအတိုင်း လွှတ်ထားပေးလိုက်လေသည်။
အချိန်သည် တရွေ့ ကုန်ဆုံးနေခဲ့လေရာ… မကြာမီ တစ်ရက်တတိတိ ကုန်ဆုံးသွားခဲ့သည်။ ထိုအခါမှသာလျှင် အမျိုးသမီး၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး လက်ခုပ်တီးလျက် ထခုန်လိုက်လေ၏ “ဟားဟားဟား၊ ငါနားလည်သွားပြီကွ။ ဒီလိုကိုး”
(သူတကယ်ကြီး ဥာဏ်အလင်းပွင့်သွားတာပဲ) ထိုအချင်းအရာကိုမြင်သော် နန်မန်တကျွင်းက သက်ပြင်းချလျက် ပြေလိုက်လေသည်။ လွန်ခဲ့သည့် ရက်အတွင်း သူမအား အတော်လေး စိတ်ပူခဲ့ရသည်။ ဤအမျိုးသမီးသည် သူ့အား အမြဲလိုလို မခံချင်အောင် စပါသော်ငြား သူတို့နှစ်ဦးမှာ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် သူ့မိတ်ဆွေ စိတ်ဓါတ်ကျလွန်းပြီး ကျင့်ကြံခြင်း သွေဖယ်သွားမည်ကို စိုးရိမ်ခဲ့ရလေသည်။ သို့သော်ငြား ကြည့်ရသလောက် သူစိတ်ပူလွန်းနေသည့်ပုံပင်။ တစ်ချိန်တည်းတွင်လည်း ဒေါသထွက်မိသွားလေ၏ (လူကောင်းတွေ အသက်တိုပြီး လူဆိုးတွေ သက်ဆိုးရှည်တယ်ဆိုတာ တကယ် မှန်ပါလား။ ငါဘာလို့ သူ့ကို သွားပြီး စိတ်ပူနေရတာလဲ)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၈၅)
ဘာသာပြန်သူ_တိမ်တိုက်
“ဘယ်လိုနေလဲ…” ရန်ကိုင်က အမျိုးသမီးကိုကြည့်၍ ပြုံးကာ မေးလိုက်သည်။
“အဟမ်း အဟမ်း…” အမျိုးသမီးက ခေါင်းကိုကုတ်ရင်းမှ ရန်ကိုင်ဆီမှ အကြည့်လွှဲဖယ်လျက် ခြောက်ကပ်ကပ်ရယ်မောကာ ပြန်ပြောလိုက်လေသည်။ “ဒီစစ်သင်္ဘောက… အင်း… ဆိုးတော့လည်းမဆိုးပါဘူး… ဟဲ ဟဲ ဟဲ…”
နန်မန်တကျွင်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရှောင်ဟို့… နင်ပြောခဲ့တာကို နင်မှတ်မိသေးလား…”
အမျိုးသမီးသည် နန်မန်တကျွင်းအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် အမှန်တရားကို လက်ခံလိုက်သည့် ပုံစံမျိုးဖြင့် ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “ကောင်းပြီလေ… ငါ့စရိုက်မှာ အားနည်းတဲ့အချက်ကလေးတွေ နည်းနည်းပါးပါးရှိတယ်ဆိုပေမယ့်…”
“အားနည်းတဲ့အချက်…” ရန်ကိုင်၏နဖူးကြောကြီးများ ထောင်တက်သွားခဲ့လေသည်။
“ငါ့မှာလည်း ငါ့အားသာချက်နဲ့ငါ ရှိပြီးသားပဲ… ငါ့ရဲ့ အကြီးမားဆုံးသော အားသာချက်က အရှုံးကို လက်ခံနိုင်တာပဲ…” အမျိုးသမီးသည် ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေ၏။ “ကဲ… အခု အဲ့လိုဖြစ်သွားပြီဆိုမှတော့ ငါတို့ ဘယ်အချိန် လက်ထပ်ကြမှာလဲ…”
“လက်ထပ်ဖို့မလိုဘူး…” ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ပန်းပဲဝိဇ္ဇာဟို့… ခင်ဗျားက ပန်းပဲပညာရှင်တစ်ယောက်ဆိုတော့ ကျုပ် ခင်ဗျားကို ကျုပ်ရဲ့ထက်ကောင်းကင်နန်းတော်ထဲကို ဖိတ်ခေါ်ချင်တယ်… ခင်ဗျား ပန်းပဲပညာရှင်မှူးနေရာကို ယူပေးမယ်လို့ မျှော်လင့်ပါတယ်… ခုနတုန်းက ကျုပ်ပြောခဲ့တာ နည်းနည်း ရိုင်းသလို ဖြစ်သွားခဲ့ရင်လည်း တောင်းပန်ပါတယ် ပန်းပဲဝိဇ္ဇာဟို့…”
“ဟဲ ဟဲ ဟဲ…” အမျိုးသမီးသည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်၍ ရယ်သွမ်းသွေးလျက် “မောင်လေးက စကားကို ဘယ်လိုပြောရမလဲ တကယ်သိတာပဲနော်…” ထို့နောက်တွင် သူမ၏အမူအယာမှာ ရုတ်ချည်း ခက်ထန်သွားလေ၏။ “ရှင်းရှင်းပြောထားလိုက်မယ်… ငါ့ကတိငါ မတည်တာမဟုတ်ဘူးနော်… နင်ကပဲ လက်မခံတာနော်… အလကားသက်သက် ငါ့ဂုဏ်သိက္ခာ ပျက်စီးတာမျိုး အဖြစ်မခံနိုင်ဘူး…”
“တကျွင်းကိုယ်တိုင် သက်သေထူပေးလို့ရတယ်…” ရန်ကိုင်က ပြုံး၍ ထပ်ပြောလိုက်သည်။ “အဓိကအချက်ကတော့ ခင်ဗျားအနေနဲ့ ကျုပ်နဲ့အတူ ထက်ကောင်းကင်နန်းတော်ဆီ ပြန်လိုက်ပေးဖို့ပဲ ပန်းပဲဝိဇ္ဇာဟို့…”
ထိုစကားကိုကြားသည့်အခါ အမျိုးသမီး၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး နန်မန်တကျွင်းအား ကြည့်၍ သေသေချာချာ ထိုင်စဉ်းစားနေလေသည်။ ထို့နောက် ပြန်ပြောလိုက်လေ၏။ “တကျွင်းကြောင့်သာ မဟုတ်လို့ရှိရင် နင်တို့ထက်ကောင်းကင်နန်းတော် ငါ့ကို ဘယ်လိုပဲလာပြီး ကမ်းလှမ်း ကမ်းလှမ်း ငါလက်ခံမှာမဟုတ်ဘူး… ဒါပေမယ့် တကျွင်းကတောင် ထက်ကောင်းကင်နန်းတော်ထဲ ဝင်ပြီးနေပြီဆိုမှတော့ ငါလည်း ဝင်လိုက်ပါမယ်လေ…”
“ကျုပ် ပန်းပဲဝိဇ္ဇာဟို့ကို တကယ် စိတ်မပျက်စေရပါဘူး…” ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။
“နေပါဦး…” အမျိုးသမီးက ရုတ်တရက် လက်မြှောက်လျက် ပြောလိုက်လေသည်။ “အဲ့မတိုင်ခင် ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်…”
ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်သည်။ “ဘာလဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် အမျိုးသမီးသည် အစောပိုင်းက သူမထိုင်နေခဲ့သည့် ကျောက်ဆောင်ဆီသို့ ပြန်သွားလေ၏။ ထို့နောက် သူမ၏ ပန်းပွင့်များဖြင့် ထိုးထွင်းတန်ဆာဆင်ထားသော စကပ်ကို မြှောက်လျက် ကျောက်ဆောင်ပေါ်သို့ ခြေတစ်ဖက်လှမ်းလိုက်သည်။ ထိုကဲ့သို့လုပ်လိုက်သည့်အတွက်ကြောင့် သူမ၏ခြေတံရှည်ရှည်လေးများ ပေါ်သွားခဲ့ရပါသော်ငြား အမျိုးသမီးကတော့ ဂရုစိုက်မနေခဲ့ပေ။ ထို့အပြင် သူမ၏လက်ထဲ အံစာတုံးခွက်တစ်ခွက် ပေါ်လာခဲ့လေ၏။ အမျိုးသမီးသည် အံစာတုံးခွက်ကို အားတက်သရော လှုပ်ခါပြီးသည့်နောက် ကျောက်ဆောင်ပေါ်သို့ ကောက်ဖိချလိုက်သည်။ ထို့နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ငါနဲ့ အလောင်းအစား လုပ်ကြရအောင်… လောင်းကြေးက အဲ့စစ်သင်္ဘောပဲ…”
“အဲ့ဒါက ခင်ဗျားတောင်းဆိုချင်တာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
“ဟုတ်တယ်…” အမျိုးသမီး ခေါင်းညိတ်ပြလိုက်၏။
ရန်ကိုင် လုံးဝကို ဆွံ့အသွားတော့လေသည်။ ဤအမျိုးသမီးမှာ လောင်းကစားလုပ်ရသည်ကို အရူးအမူးစွဲလမ်းနေသည်ဟု နန်မန်တကျွင်းပြောသည်ကို ကြားခဲ့ပါသော်ငြား ယခု ကိုယ်တိုင် ကြုံလိုက်ရသည့်အခါမှသာလျှင် ရန်ကိုင် အပြည့်အဝ နားလည်သွားရတော့သည်။ (သူ့ရဲ့ လောင်းကစားစွဲတဲ့အကျင့်ကို ထွက်မသွားခင် ငါကိုယ်တိုင်မြင်ရဦးမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး… ကြည့်ရတာ ယန်ယန်ဖန်တီးထားတဲ့ အဲ့တန်ခိုးရှင်ဘုရင်အဆင့် စစ်သင်္ဘောက သူ့အတွက် တော်တော်လေး စွဲမက်စရာ ဖြစ်နေတယ်နဲ့တူတယ်… အဲ့ဒါကြောင့်မလို့ လောင်းကြေးအဖြစ် ထပ်ခိုင်းချင်နေတာ…)
“ကောင်းပြီလေ…” ရန်ကိုင်လည်း သဘောတူလိုက်လေ၏။ လောင်းကြေးသေးသေးလေးသာ ဖြစ်သည့်အတွက်ကြောင့် ဂရုစိုက်နေခြင်း မရှိခဲ့ပေ။ “ကျုပ်နိုင်တယ်ဆိုရင်ရော… ခင်ဗျားရဲ့ လောင်းကြေးက ဘာလဲ…”
“နင်နိုင်တယ်ဆိုရင် ငါ့မှာ နင့်ကို ပေးစရာရှိပြီးသား…” အမျိုးသမီးက နှာခေါင်းရှုံ့လျက် အော်ပြောလိုက်လေသည်။ “ဘာရွေးမှာလဲ… အကြီးလား အသေးလား…”
ရန်ကိုင်က နန်မန်တကျွင်းကို ကြည့်လိုက်လေသည်။
နန်မန်တကျွင်းက ပြန်ပြောလိုက်သည်။ “ကြိုက်တာသာရွေးလိုက် နန်းတော်သခင်… သူ မလှိမ့်တပတ်လုပ်မှာ စိတ်ပူနေစရာ မလိုဘူး… လောင်းကစားလုပ်ပြီဆိုရင် သူက အမြဲတမ်း သမာသမတ်ကျကျနဲ့ပဲ လုပ်တယ်…”
“ကောင်းပြီလေ… ဒါဆိုရင် အကြီးကိုရွေးမယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ နိုင်နိုင်ရှုံးရှုံး ကိစ္စမရှိ။ ရှုံးလျှင်ပင် တန်ခိုးရှင်ဘုရင်အဆင့် စစ်သင်္ဘောတစ်စီးကို ဆုံးရှုံးရမည် ဖြစ်သည့်အတွက်ကြောင့် ဘာမှကိစ္စမထူး။
ထိုသို့ပြောပြီးသည့်နောက်တွင် နန်မန်တကျွင်းကလည်း မျက်မှောင်ကျုံ့လျက် သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ကာ ကျောက်ဆောင်ဆီသို့ ပစ်ပေးလိုက်လေ၏။ “ငါလည်း အကြီးကိုရွေးတယ်…”
အမျိုးသမီးသည် နန်မန်တကျွင်းအား လှောင်ပြုံးပြုံးကာ ကြည့်လျက် “သတိထားနော်… နင်ပိုင်တာတွေအကုန်လုံး ဆုံးရှုံးသွားရလိမ့်မယ်…”
“စိတ်မပူနဲ့… မျက်လုံးမှိတ်ပြီးဆော့ရင်တောင် နင့်ကိုနိုင်တယ်…”
“ကောင်းပြီလေ…”
တစ်ခဏအကြာတွင် အမျိုးသမီးသည် အံစာတုံးခွက်ကို မြှောက်လိုက်လေ၏။ ထို့နောက် သူမ၏ အဆိုးရွားဆုံးသော အိပ်မက်ဆိုးကို မြင်လိုက်ရသည့်အလား မကျေမနပ်ဖြင့် ထအော်လေသည်။ “ဘယ်လိုလုပ်ပြီး အကြီးဖြစ်နေရတာလဲ…”
နန်မန်တကျွင်းသည် သူ့သိုလှောင်လက်စွပ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ယူလျက် ပြောလိုက်လေသည်။ “ဒါနဲ့ဆိုရင် နင် ငါ့အပေါ် အကြွေးတင်နေတာ အရင်းအမြစ်ကျောက် စုစုပေါင်း သန်းငါးဆယ်ရှိသွားပြီနော် ရှောင်ဟို့…”
“ငါ့စာရင်းထဲ ထည့်မှတ်ထားလိုက်…” အမျိုးသမီးသည် နန်မန်တကျွင်းအား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ရန်ကိုင်ကိုကြည့်၍ သက်ပြင်းချလိုက်လေ၏။ “ငါ ရှုံးသွားပြီဆိုမှတော့လည်း နင့်ကို တစ်ခုခု ပြန်ပေးရတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် သူမ၏ အင်္ကျီထဲမှ ပစ္စည်းတစ်ခုကို နှိုက်ယူ၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေ၏။
ရန်ကိုင်လည်း မသိလိုက်မသိဘာသာဖြင့် လှမ်းဖမ်းထားမိလိုက်လေသည်။ အမျိုးသမီးမှ ပေးလာသည့် ပစ္စည်းကို သေချာ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် နှာခေါင်းသွေးလျှံခါနီး ဖြစ်သွားခဲ့ရသည်။
အမျိုးသမီးက ရယ်သွမ်းသွေးလျက် “အဲ့ဒါ ငါ့ရဲ့ အတွင်းခံပဲ… ပြီးတော့ နွေးနွေးထွေးထွေးလေးပဲ ရှိသေးတယ်…”
ရန်ကိုင်၏အမူအယာ သုန်မှုန်သွားခဲ့ပြီး ထအော်လေ၏။ “ငါက ဒါနဲ့ ဘာလုပ်ရမှာလဲ…”
အမျိုးသမီးက အဓိပ္ပာယ်ပါပါပြုံးလျက် “ဘယ်သူသိမှာလဲ…”
ရန်ကိုင် သက်ပြင်းချလျက် အတွင်းခံကို ပြန်ပေးတော့မည်အပြု ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး အတွင်းခံအား သေသေချာချာ စတင်စစ်ဆေးတော့လေသည်။
အမျိုးသမီးမှာ ရန်ကိုင်အား စချင်သဖြင့် ထိုကဲ့သို့ လုပ်လိုက်ခြင်းသာ ဖြစ်ပါသော်ငြား ရန်ကိုင်မှ အတွင်းခံအား အသေအချာကြီး လေ့လာနေသည်ကိုမြင်သော် ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး နန်မန်တကျွင်းအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးလေး လှမ်းမေးလိုက်လေသည်။ “တကျွင်း… နင့်နန်းတော်သခင်က လူပျိုလား… ငါ သူ့ကို အခုလိုမျိုး သွားနောက်လိုက်လို့ သူ တကယ်ကြီး ငါ့ကို စားပစ်မှာတော့ မဟုတ်ပါဘူးနော်…”
“နင့်ကိုစားဖို့… နင့်ကိုလေ…” နန်မန်တကျွင်းက အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။
“ငါက ဘာဖြစ်နေလို့လဲ…” အမျိုးသမီး ချက်ချင်း ဒေါသထွက်သွားခဲ့လေသည်။
ရန်ကိုင်ကမူ သဲလွန်စတစ်ခုခုအား ရှာတွေ့သွားသည့်အလား အမျိုးသမီးအား အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်၍ ပြောလိုက်လေသည်။ “ခင်ဗျားက မျောက်ခေါင်းပန်းပဲဝိဇ္ဇာဆိုတဲ့တစ်ယောက်လား…”
အမျိုးသမီးမှာ အံ့အားသင့်သွားခဲ့ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လျက် ပြန်ပြောလိုက်လေသည်။ “အင်း ဟုတ်တယ်… ငါ့ရဲ့နောက်ဆုံးနာမည်က ဟို့… ငါ့ကိုပေးထားတဲ့နာမည်က ယုပဲ…”
“ဒီတော့ ခင်ဗျားက မျောက်ခေါင်းပန်းပဲပညာရှင်ပေါ့…” ရန်ကိုင်သည် အတွင်းခံပေါ်ရှိ မျောက်ခေါင်းတံဆိပ်ကို လက်ညှိုးထိုးရင်း သည်းလှိုက်အူလှိုက် အော်ရယ်မောလိုက်လေသည်။
ထိုအခါမှသာလျှင် ရန်ကိုင် ဘာပြောချင်နေသလဲ ဆိုသည်ကို ဟို့ယု နားလည်သွားခဲ့ပြီး ယဲ့ယဲ့လေးပြုံးလျက် “ငါသိသွားပြီ… နင်က အဲ့ဒါကို ပြောချင်နေတာကို… ဟုတ်တယ်… ငါက အဲ့မျောက်ခေါင်းပန်းပဲပညာရှင်ပဲ…”
“ခင်ဗျားဆိုတာ ကျုပ် တကယ် မယုံနိုင်ဘူး…” ရန်ကိုင်က မျက်လုံးအပြူးသားဖြင့် ခေါင်းတညိတ်ညိတ်လုပ်လျက် “အစောကြီးတည်းက အဲ့အချက်ကို နားလည်လိုက်သင့်တာ…”
ရန်ကိုင်သည် နန်မန်တကျွင်း၏ လှေပျံထဲ၌ မျောက်ခေါင်းရုပ်ထုတစ်ခုကို တွေ့ခဲ့ရပေသည်။ ထိုစဉ်က ထိုမျောက်ခေါင်းရုပ်ထုကို ရင်းနှီးနေသည်ဟု ခံစားခဲ့ရပါသော်ငြား လှေပျံသည် မျောက်ခေါင်းပန်းပဲဝိဇ္ဇာနှင့် ဆက်စပ်နေသည်ကိုတော့ မစဉ်းစားမိခဲ့ပေ။ ယခု ဟို့ယုမှ ပေးလာသည့် အတွင်းခံပေါ်တွင် ရှိနေသော မျောက်ခေါင်းကို မြင်လိုက်သည့်အခါမှသာလျှင် ဟို့ယု မည်သူမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားရတော့သည်။
လွန်ခဲ့သော လအနည်းငယ်ခန့်က ချင်းယုအား မေပယ်မြို့တွင် ကျင်းပသော လေလံပွဲဆီသို့ ခေါ်သွားခဲ့လေသည်။ ထိုလေလံပွဲတွင် ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက်များစွာ သုံး၍ တိမ်ပျံလိပ်ပြာဆံထိုးကို ဝယ်ယူခဲ့သည်။ ထိုဆံထိုးပေါ်တွင် မျောက်ခေါင်းအမှတ်အသား ရှိနေခဲ့လေသည်။
ချင်းယုပြောပုံအရ မျောက်ခေါင်းပန်းပဲဝိဇ္ဇာသည် အလွန်ကိုမှ နက်နဲဆန်းကြယ်သည့် ပန်းပဲဝိဇ္ဇာတစ်ဦး ဖြစ်လေသည်။ ထိုလူမှာ ယောကျ်ားလား မိန်းမလား ဆိုသည်ကိုပင် မည်သူမျှ မသိကြချေ။ မည်သို့ပင်ဖြစ်နေစေကာမူ မျောက်ခေါင်းပန်းပဲဝိဇ္ဇာမှ ဖန်တီးထားသည့် မှော်ရတနာများမှာ အလွန်ကိုမှ ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်လေ၏။
ထို့အတွက်ကြောင့်ပင်လျှင် မျောက်ခေါင်းပန်းပဲဝိဇ္ဇာသည် တောင်ဘက်နယ်မြေ၌ အတော်လေးကိုမှ နာမည်ကျော်ကြားနေခဲ့ရလေသည်။ သို့သော်ငြား မမျှော်လင့်ထားစွာပင် မျောက်ခေါင်းပန်းပဲဝိဇ္ဇာသည် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အပြင် ထိုအမျိုးသမီးသည် အရက်သောက်ခြင်းနှင့် လောင်းကစားလုပ်ရသည်ကိုလည်း အလွန်တရာကိုမှ နှစ်သက်နေ၏။ ပိုဆိုးသည်မှာ လောင်းကစားလုပ်တိုင်း ရှုံးနေခြင်းပင်။
လက်ရှိအချိန်တွင် ထက်ကောင်းကင်နန်းတော်၌ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး၊ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦးနှင့် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦးတို့ ရှိနေကြလေပြီ။ ထို့အပြင် ရုပ်သေးရုပ်တာအိုကို လေ့လာကြသည့် ကျင့်ကြံသူများစွာလည်း ရှိနေကြသေးသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ ဂိုဏ်းတစ်ခုလုံးကို မွန်းစတားဘုရင်သုံးပါးမှ စောင့်ကြပ်နေပြီး ဂိုဏ်းထဲတွင် တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေသို့ ဆက်သွယ်ထားသော နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခုလည်း ရှိနေခဲ့လေသည်။ ထိုကဲ့သို့ ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော် တိုးတက်လာတော့မည်ကို မည်သူမျှ တားဆီးနိုင်တော့လိမ့်မည် မဟုတ်ချေ။
ထိုအကြောင်းကိုတွေးရင်း ရန်ကိုင် အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး သူ့လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်လေသည်။ “ကျုပ် ဒီတန်ခိုးရှင်ဘုရင်အဆင့် စစ်သင်္ဘောကို ခင်ဗျားဆီပေးလိုက်တော့မယ်… ဒါက ကျုပ်အတွက် နည်းနည်း လွမ်းစရာ အမှတ်တရလေးတွေပဲ ရှိတာ…”
“တကယ်လား…” ဟို့ယု ဝမ်းသာသွားခဲ့လေသည်။ ထို့နောက် အပြုံးကြီးပြုံးလျက် ရန်ကိုင်အား ကျော့ရှင်းလှပစွာ ဦးညွှတ်လိုက်ရင်းမှ ပြန်ပြောလိုက်လေ၏။ “နန်းတော်သခင်ရဲ့လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”
ဟို့ယု၏ ရုတ်တရက် ပြောင်းလဲသွားသည့် ပုံစံကို ကြည့်ရင်း ရန်ကိုင်မှာ သိပ်၍ အသားမကျသလို ဖြစ်နေခဲ့ရလေသည်။ သို့သော်ငြား မျက်တောင်တစ်ခတ်အတွင်း ချက်ချင်းပဲ မူလပုံစံသို့ ပြန်ပြောင်းသွားလေ၏။ အလွန်ကိုမှ အဖိုးထိုက်တန်သည့် ရတနာတစ်ခုကို ရလိုက်သည့်အလား ချက်ချင်း တန်ခိုးရှင်ဘုရင်အဆင့် စစ်သင်္ဘောဆီသို့ ပြေးသွားပြီး အားပါးတရ ပွေ့ဖက်လိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် စစ်သင်္ဘောပေါ်ရှိ သူ့ဝိဉာဉ်အမှတ်အသားကို ဖယ်ရှားလိုက်လေရာ အမျိုးသမီးမှာ စစ်သင်္ဘောကို ချက်ချင်း စတင် သန့်စင်တော့လေသည်။ မကြာမီတွင် ဟို့ယုသည် စစ်သင်္ဘောကို ပြန်သိမ်းလိုက်ပြီး ရန်ကိုင်ဆီသို့ လျှောက်လာ၍ ခက်ထန်သည့်အမူအယာဖြင့် “နန်းတော်သခင်… အခွင့်အရေးရမယ်ဆိုလို့ရှိရင် ဒီစစ်သင်္ဘောကို ဖန်တီးခဲ့တဲ့လူနဲ့ ကျွန်မကို မိတ်ဆက်ပေးမယ်လို့ မျှော်လင့်ပါတယ်…”
“အဲ့အခွင့်အရေးက ရောက်လာမှာပါ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ခင်ဗျား သယ်စရာ အထုပ်အပိုးတွေဘာတွေ ရှိသေးလား… မရှိရင် သွားကြရအောင်…”
အမျိုးသမီးက ခေါင်းကိုမော့၍ အော်ရယ်မောလိုက်လေသည်။ “ကျွန်မမှာ ဘာမှမရှိဘူး…”
နှစ်ပေါင်းများစွာကြာအောင် အလောင်းအစားလုပ်လာခဲ့သလို အလောင်းအစားတိုင်းကို ရှုံးနိမ့်ခဲ့သည့်အတွက်ကြောင့် သူမသည် ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား အလွန်ကိုမှ ဆင်းရဲမွဲတေလှပေသည်။
“အဲ့လိုဆိုမှတော့ သွားကြတာပေါ့…” ရန်ကိုင်က ပြောလိုက်လေသည်။ “မခုခံနဲ့နော်…”
ကြိုတင်သတိပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် နှစ်ဦးစလုံးကို ဧကရာဇ်ချီဖြင့် လှည့်ပတ်၍ လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်သည် လိုဏ်ဂူထဲမှ တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ကျွန်းပေါ်ရှိ ကောင်းကင်ထက်တွင် ပြန်ပေါ်လာခဲ့သည်။
နန်မန်တကျွင်းမှာ ယခုကဲ့သို့ ဖြစ်လာမည်မှန်း ကြိုသိထားသည့်အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့ပါသော်ငြား ဟို့ယုမှာတော့ ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် အထိတ်တလန့်ဖြင့် ထအော်လိုက်လေသည်။ “တည်နေရာခုန်ကူးတာလား…”
အစောပိုင်းက သူတို့သုံးဦးမှာ လိုဏ်ဂူထဲတွင် ရှိနေပါသော်ငြား ရုတ်တရက်ဆိုသလို မြင်ကွင်းများ ဝေဝါးသွားကုန်ပြီး ကျွန်းထက်ရှိ ကောင်းကင်ထက်သို့ ရောက်နေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်မှ မှော်ရတနာတစ်ခုခုအား အသုံးပြုသွားသည်ကိုလည်း သူမ မတွေ့ခဲ့ရ။ ထို့ကြောင့်ပင်လျှင် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည်ဟု သူမထင်လိုက်ခြင်းပင်။
“နန်းတော်သခင်… ရှင်က လေဟာနယ်တာအိုကို ကျွမ်းကျင်တာလား…”
“နန်းတော်သခင်ရဲ့ ဒီစွမ်းရည်က ဘာမှဒီလောက်မဟုတ်သေးဘူး… နောက်ပိုင်းကြရင် နန်းတော်သခင်နဲ့ပတ်သက်ပြီး နင် ပိုပြီး အံ့အားသင့်လာရတော့မှာ…” နန်မန်တကျွင်းက အဓိပ္ပာယ်ပါပါပြုံး၍ ပြောလိုက်လေသည်။
ဟို့ယုမှာ အတော်လေးကိုမှ အံ့အားသင့်နေခဲ့ရလေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်နှင့် သွားရောက်မတိုက်ခိုက်ခဲ့သည့်အပေါ် သူမစိတ်ထဲ ဝမ်းသာမိသလို ဖြစ်သွားခဲ့သည်။ (ခုနတုန်းက သူနဲ့ သွားမတိုက်ခိုက်ခဲ့တာ ကံကောင်းသွားတာ… ငါတို့နှစ်ယောက်စလုံးက ဧကရာဇ်ပထမအဆင့်တွေဆိုပေမယ့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူတစ်ယောက်ကို ငါ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး…)
“အိုး… မဟုတ်တော့ဘူး… သွားပြီ…” အမျိုးသမီး၏မျက်နှာ ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား အလျင်စလို တိုက်တွန်းလိုက်လေသည်။ “မြန်မြန်သွားကြရအောင်… အခုနေထွက်မသွားရင် နောက်ကျသွားလိမ့်မယ်…”
သူမ ဘာကိုစိတ်ပူနေသလဲ ရန်ကိုင်သိပေသည်။ ထို့အတွက်ကြောင့် ပြန်၍သာ ပြောလိုက်လေ၏။ “ထက်ကောင်းကင်နန်းတော်က ကြယ်တာရာအစုအဝေးထဲမှာ တစ်နေ့နေ့ကြရင် ကျိန်းသေ ကျော်ကြားလာတော့မှာ… အဲ့အချိန်ကြလို့ရှိရင် နင်က ထက်ကောင်းကင်နန်းတော်ရဲ့ ပန်းပဲပညာရှင်မှူးတစ်ယောက် ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားလို့ ရတော့မှာမဟုတ်ဘူး… အဲ့အချိန်ကျမှ လူတိုင်း ထက်ကောင်းကင်နန်းတော်ကို လာပြီးတော့ နင့်ဆီကနေ အကြွေးတောင်းမှာကို စောင့်နေမယ့်အစား အခုကတည်းက ဒီအကြွေးကိစ္စတွေကို တစ်ခါတည်း ဖြေရှင်းလိုက်ရင် အကောင်းဆုံးပဲ… အဲ့လိုဆိုလို့ရှိရင် ထက်ကောင်းကင်နန်းတော်လည်း နာမည်ပျက်စရာအကြောင်း မရှိတော့ဘူး…”
“နန်းတော်သခင်… ရှင်…” ဟို့ယု ရင်ထဲထိသွားခဲ့လေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်ထပ်ပြောလိုက်သည့် စကားလုံးမှာ သူမ၏ ခံစားချက်အားလုံးကို တမုဟုတ်ချည်း ပျက်စီးသွားစေခဲ့ရလေသည်။
“ဒီနေ့ ပေးခဲ့ရတာတွေအကုန်လုံးအတွက် ခင်ဗျားရဲ့လစာထဲကနေ တတိတိချင်း ဖြတ်သွားမယ်…”
“ခွေးမ… နောက်ဆုံးတော့ နင် ပေါ်လာပြီပေါ့… နင် ဒီနေ့ မလွတ်တော့ဘူးသာမှတ်…” ရုတ်တရက်ဆိုသလို ဒေါမာန်တကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အလင်းတန်းတစ်ခုသည် ရန်ကိုင်တို့သုံးဦးရှိရာဆီသို့ အဝေးတစ်နေရာဆီမှ ပျံသန်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း ကောင်းကင်ထက်တွင် အချက်ပြမီးတစ်ခု ပေါက်ကွဲထွက်သွားခဲ့လေသည်။
မကြာမီတွင် ထိုအလင်းတန်း ရန်ကိုင်တို့ဆီသို့ ရောက်လာခဲ့လေသည်။ ထိုအလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကျွန်းပေါ်သို့ စရောက်ရောက်ချင်း ရန်ကိုင်နှင့် နန်မန်တကျွင်းတို့ တွေ့ခဲ့သည့် သက်လတ်ပိုင်းလူကြီး ပေါ်လာခဲ့လေသည်။ သက်လတ်ပိုင်းလူကြီးမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေသည်။ ဤနေရာသို့ ရောက်လာပြီးသည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းလူကြီးသည် ဟို့ယု ထွက်မပြေးနိုင်စေရန် သူ့ကောင်းကင်စိတ်အာရုံဖြင့် သူမအား ချိန်ရွယ်ထားလိုက်လေသည်။
ရန်ကိုင်တို့အနီးသို့ ရောက်လာသော် ဟို့ယုကို လှမ်းဖမ်းချင်နေသည့်အလား သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် အလွန်ကိုမှ အားကောင်းလှသည့် ဖိအားတစ်ရပ်သည် ဟို့ယုပေါ်သို့ တောင်တစ်လုံးနှယ် ပြိုဆင်းကျလာခဲ့လေရာ ဟို့ယု၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ရလေသည်။ ထိုဖိအားအောက်ဝယ် နန်မန်တကျွင်းပင်လျှင် တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။ နှစ်ဦးစလုံးမှာ ဧကရာဇ်ပထမအဆင့် ပညာရှင်များသာလျှင် ဖြစ်ကြသည့်အတွက်ကြောင့် ဒေါသထွက်နေသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး၏ ဖိအားကို ခုခံရန် အတော်လေး ခက်ခဲနေသည်မှာ အထူးအဆန်းတော့မဟုတ်။ ထိုဖိအားအောက်ဝယ် နှစ်ဦးစလုံး အသက်ရှူရ ခက်ခဲလာတော့လေသည်။