← Chapters

အခန်း ၂၇၈၆-၂၇၉၀

Vol. 119 Ch. 2786-2790

အခန်း ၂၇၈၆-၂၇၉၀

Vol. 119 Ch. 2786-2790

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၈၆)

ဘာသာပြန်သူ_တိမ်တိုက်

ထိုစဉ် ရန်ကိုင်မှ ရှေ့သို့တက်၍ သူ့လက်ဝါးအား ဆန့်ထုတ်လိုက်လေရာ ဟို့ယုနှင့် နန်မန်တကျွင်းတို့အပေါ်သို့ ဖိချလာနေသည့် ဖိအားမှာ နေလာနှင်းပျောက်သည့်အလား တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်၏လှုပ်ရှားမှုများမှာ အလွန်တရာကိုမှ ရိုးရှင်းလှပါသော်ငြား သူ၏လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် လောကနိယာမ သိုင်းတာအိုနှင့် လုံးဝကို ပနံသင့်နေသည့်အလား။

ထိုအချင်းအရာကိုမြင်သော် သက်လတ်ပိုင်းလူကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့လက်ဝါးကို လက်သီးအသွင်သို့ အလျင်စလို ပြောင်းလျက် လက်သီးထိပ်တွင် ဧကရာဇ်ချီကို စုဝေးကာ ရန်ကိုင်၏ လက်ဝါးတည့်တည့်သို့ ထိုးချလိုက်လေသည်။ လက်သီးနှင့်လက်ဝါး တွေ့သွားသည့်အခိုက် သက်လတ်ပိုင်းလူကြီး၏ အရှိန်အဝါမှာ လေလျှော့ခံလိုက်ရသည့် ပူပေါင်းတစ်ခုနှယ် ယိမ်းထိုးသွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးကိုယ်တိုင်မှာလည်း နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားခဲ့ရလေသည်။

ရန်ကိုင်ကမူ ကျောက်ဆောင်ကျောက်သားတစ်ခုပမာ မားမားမတ်မတ် မလှုပ်မယှက်ဖြင့်သာ ရပ်နေခဲ့လေသည်။ သူ့အရှိန်အဝါသည်ပင်လျှင် အနည်းငယ်မျှပင် လှုပ်ခတ်သွားခဲ့ခြင်းမရှိ။ သူ့အင်္ကျီများသည်သာ လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ဟို့ယုမှာတော့ မှင်တက်နေခဲ့လေသည်။ ထို့နောက် သူမဘာသာသူမ တွေးလိုက်လေ၏။ (ငါ အမြင်တွေများ မှားနေတာလား… ဧကရာဇ်ပထမအဆင့် ပညာရှင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ… နန်မန်တကျွင်းနဲ့ ငါတို့ နှစ်ယောက်စလုံးလည်း ဧကရာဇ်ပထမအဆင့် ပညာရှင်တွေပဲလေ… အဲ့ဒါကို ငါတို့က ဟိုလူရဲ့ဖိအားအောက်မှာ အသက်တောင် ကောင်းကောင်း မရှူနိုင်တဲ့အချိန် နန်းတော်သခင်က ရန်သူကို လက်ဝါးချက်လေးတစ်ချက်နဲ့ ဘယ်လိုလုပ်ပြီး ပြန်တွန်းထုတ်လိုက်နိုင်ရတာလဲ…)

“မင်း…” သက်လတ်ပိုင်းလူကြီးမှာလည်း ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ရန်ကိုင်သည် သာမန်ကာလျှံကာ လက်ဝါးချက်တစ်ချက်ကို ရိုက်ထုတ်လိုက်ခြင်းသာ ဖြစ်ပါသော်ငြား သက်လတ်ပိုင်းလူကြီးအတွက်မူ ထိုလက်ဝါးချက်သည် လက်ဝါးချက်တစ်ခုသာလျှင် မဟုတ်တော့ဘဲ တောင်တစ်လုံးနှယ် ဖြစ်နေခဲ့လေသည်။ ထိုလက်ဝါးချက် သူ့ဆီသို့ တိုးဝင်လာချိန် သေခြင်းတရားအငွေ့အသက်တို့ သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းလာသည်ကိုပါ ခံစားမိလိုက်ရသည်။ ထို့အပြင် ထိုလက်ဝါးချက်ကို သူ့အနေဖြင့် ရှောင်ချင်ပါသော်ငြား သူ့စိတ်ထဲ မည်သို့မှပင် ရှောင်၍ မရသလို ခံစားနေခဲ့ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် လက်ဝါးချက်နှင့် ရင်ဆိုင်လိုက်ရသည့်အခိုက် သူတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီဟု စိတ်ထဲတွင် တွေးနေမိခဲ့လေသည်။ သို့သော်ငြား အံ့အားသင့်ဖွယ်ကောင်းစွာပင် တစ်ဖက်လူ၏တိုက်ကွက်သည် သူ့အား မည်သည့်ဒဏ်ရာ ဆိုးဆိုးရွားရွားကိုမှ ရမသွားစေခဲ့။ ထိုလူသည် သူ့တိုက်ကွက်ကို အချိန်မီ ပြန်ရုတ်သိမ်းလိုက်သည့်ပုံပင်။

“မင်းတို့က တစ်ဖွဲ့တည်းသားတွေလား…” သက်လတ်ပိုင်းလူကြီးမှာ ရန်ကိုင်နှင့် နန်မန်တကျွင်းတို့အား ချက်ချင်း မှတ်မိသွားခဲ့လေသည်။ တကယ်တော့ လွန်ခဲ့သောနှစ်ရက်ခန့်က ရန်ကိုင်နှင့် နန်မန်တကျွင်းတို့ ကျွန်းပေါ်ရောက်လာစဉ် သက်လတ်ပိုင်းလူကြီးနှင့် တွေ့ခဲ့သည် မဟုတ်ပေလော။ (ဒီခွေးကောင်တွေက ငါ့ကို အကြွေးလာတောင်းတဲ့လူတွေဆိုပြီးတော့ လိမ်သွားတာ… ငါလည်း ရူးရူးမိုက်မိုက်နဲ့ပဲ ယုံမိလိုက်တယ်… အခုကြည့်ရတာတော့ ဒီကောင်တွေအကုန်လုံးက တစ်ဖွဲ့တည်းသားတွေနဲ့တူတယ်…)

အခြား သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုလျှင်တော့ သက်လတ်ပိုင်းလူကြီးအနေဖြင့် ထိုလူများကို လုံးဝ အရေးစိုက်နေလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား လက်ရည်ဖလှယ်ကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်၏စွမ်းအားကို နားလည်သွားသည့်အခိုက် သက်လတ်ပိုင်းလူကြီးမှာ စတင်၍ စိုးရိမ်ပူပန်လာရတော့လေသည်။

(တိုက်သာတိုက်မယ်ဆိုရင်တော့ ငါ သူ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး…) သက်လတ်ပိုင်းလူကြီးမှာ ချက်ချင်း သူ့အကြံအစည်ကို ပြောင်းလဲလိုက်တော့လေသည်။ သူတစ်ယောက်တည်း မနိုင်သည့်အတွက်ကြောင့် အဖော်ခေါ်ရန် ကြိုးစားလိုက်လေ၏ “ဘယ်လိုပဲဖြစ်ဖြစ် ငါ့အကြွေးပေးရင်ပေး မပေးရင်တော့ နင်သေရမယ်မှတ်…”

သက်လတ်ပိုင်းလူကြီးမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကြပြီး သက်လတ်ပိုင်းလူကြီး၏ရှေ့တွင် စုဝေးလိုက်ကြလေသည်။ ထိုလူအားလုံးမှာ ကျွန်းပေါ်တွင် ဟို့ယုအား အကြွေးပြန်တောင်းရန် လိုက်ရှာနေကြသည့် အကြွေးလာတောင်းသည့်သူများသာ ဖြစ်ကြလေသည်။ စုစုပေါင်း လူနှစ်ဆယ်ကျော်မက ရှိနေခဲ့ပြီး ထိုလူများအနက် ငါးယောက်မှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပေသည်။ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော သက်လတ်ပိုင်းလူကြီးမှလွဲ၍ ကျန်ဧကရာဇ်အဆင့်ပညာရှင် လေးဦးစလုံးမှာ ပထမအဆင့်များသာ ဖြစ်ကြသည်။

လူပေါင်းများစွာ သူ့ဘေးနားတွင် ရှိနေသည်ကို မြင်သည့်အခါ သက်လတ်ပိုင်းလူကြီး ပို၍ သတ္တိရှိလာတော့သည်။ တစ်ယောက်တည်းသာဆိုလျှင် ထိုလူငယ်လေး၏ပြိုင်ဘက် မဖြစ်နိုင်ပါသော်ငြား ဤလူအများကြီးနှင့်ပါ အတူပူးပေါင်းတိုက်ခိုက်မည်ဆိုပါက ထိုလူငယ်လေးကို ဘာကြောင့်များ အနိုင်မယူနိုင်စရာအကြောင်း ရှိပါမည်နည်း။ ကျားတစ်ကောင်သည် အားကောင်းပါသော်ငြား ဝံပုလွေတစ်အုပ်ကို တစ်ကောင်တည်းဖြင့် ခုခံ၍ မတိုက်ခိုက်နိုင်ပေ။ ထို့နည်းတူစွာပင် ဤလူငယ်လေး မည်မျှ အားကောင်းနေစေကာမူ သူတို့လူအုပ်ကြီးတစ်ခုလုံးကို သူတစ်ယောက်တည်းဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။

ထိုလူများသည်လည်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟို့ယုအား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်ကုန်ကြလေသည်။ အကုန်လုံးမှာ ဟို့ယုနှင့် ကမ္ဘာမကြေ ရန်ငြိုးများ ရှိနေကြသည့်အလား။

“ရောင်းရင်း… ဒီအမျိုးသမီးက ငါတို့အပေါ် အကြွေးတွေ အများကြီးတင်ထားတာ… မင်း သူ့ကို ဆက်ပြီး ကာကွယ်ပေးချင်နေသေးတယ်ဆိုရင် ငါတို့ကို ရိုင်းလို့ဆိုပြီးတော့ အပြစ်မတင်နဲ့နော်…” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ကိုကြည့်ရင်းမှ ပြောလိုက်လေသည်။

“လူစုံပြီလား…” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် အဆုံးတွင် သူ့အကြည့်သည် သက်လတ်ပိုင်းလူကြီးဆီသို့ ပြန်ရောက်လာခဲ့လေသည်။ ထို့နောက် အလျင်မလိုဟန်ဖြင့် ပြောလိုက်လေသည်။ “အကြွေးဆိုတာ ပြန်ပေးရမှာ သဘာဝပဲ… သူ့အကြွေးတွေအကုန်လုံးကို သူ့ကိုယ်စား ကျုပ် ရှင်းပေးမယ်…”

“မင်းက သူ့ကိုယ်စား အကြွေးပေးမှာ…” ထိုစကားကို ကြားပြီးသည့်နောက် သက်လတ်ပိုင်းလူကြီး အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်ကိုကြည့်ကာ မျက်မှောင်ကျုံ့၍ မေးလိုက်လေ၏။ “သူ ဘယ်လောက် အကြွေးတင်ထားလဲဆိုတာကို မင်းသိလား…”

“ဘယ်လောက်တင်တင် သူ့ကိုယ်စား ကျုပ်ပေးပေးမယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ဟို့ယုမှာ စိုးရိမ်တကြီးဖြင့် တံတွေးမျိုချလျက် နန်မန်တကျွင်း၏ အင်္ကျီလက်စကိုဆွဲကာ တိုးတိုးလေး မေးလိုက်လေသည်။ “နန်းတော်သခင်က အဲ့လောက်တောင် ချမ်းသာတာလား…”

နန်မန်တကျွင်းသည် ဟို့ယုအား ကြည့်၍ မိစ္ဆာဆန်ဆန်ပြုံးကာ ပြောလိုက်လေသည်။ “အဲ့ဒါ နင်နဲ့ ဘာဆိုင်လို့လဲ… နန်းတော်သခင်က နင့်ကိုယ်စား နင့်အကြွေးတွေကို ရှင်းပေးတယ်ဆိုပေမယ့် နင့်လစာထဲကနေ ပြန်နှုတ်မှာ… ဒီတော့ နင့်လက်ကျန်တစ်ဘဝလုံးကို ထက်ကောင်းကင်နန်းတော်မှာပဲ အမြဲတောက်လျှောက် ကုန်ဆုံးသွားရတော့မှာ…”

ထိုစကားကို ကြားလိုက်သည့်အခိုက် ဟို့ယု၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး နန်မန်တကျွင်း၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် တောင်းဆိုလိုက်လေသည်။ “တကျွင်း… ကျေးဇူးပြုပြီး ငါ့ကို မထားခဲ့ပါနဲ့နော်… ငါ ထက်ကောင်းကင်နန်းတော်ကိုဝင်တာ နင့်ကြောင့်လေ… နင်ထွက်သွားမယ်ဆိုရင် ငါ့ကို တစ်ယောက်တည်း ထားခဲ့လို့မရဘူး… ငါ့ကိုပါ ခေါ်သွားမှဖြစ်မှာနော်…”

နန်မန်တကျွင်းကမူ အေးစက်စက်အမူအယာဖြင့်သာ ပြုံးနေခဲ့လေသည်။

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက်တွင် သူ့ရှေ့၌ ရှိနေသော လူများမှာ ပျော်သည့်လူကပျော်၊ မယုံသင်္ကာဖြစ်သည့်လူကဖြစ် ဖြစ်ကုန်ကြလေသည်။ ဟို့ယုတင်ထားသည့်အကြွေးမှာ မနည်းလှ။ သို့သော်ငြား ဤလူငယ်လေးကမူ သူမအကြွေးအားလုံးကို သူမကိုယ်စား ရှင်းပေးမည်ဟု ပြောနေခဲ့လေသည်။ သို့သော်ငြား သူ့တွင် ထိုအမျိုးသမီး၏ အကြွေးအားလုံးကို ရှင်းပေးနိုင်မည့် အရင်းအမြစ်ကျောက်များ တကယ်ရှိနေသည်လား။ သူမ တင်ထားသည့် အကြွေးများမှာ အဆင့်နိမ့်အရင်းအမြစ်ကျောက်လည်းမဟုတ်သလို အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များလည်း မဟုတ်ပေ။ သန်းနှင့်ချီသော အဆင့်မြင့်အရင်းအမြစ်ကျောက်များသာ ဖြစ်ကြသည်။ အာကာယံကောင်းကင်နန်းတော်နှင့် မီးနဂါးနန်းတော်တို့သည်ပင်လျှင် သူမ၏အကြွေးအားလုံးကို ရှင်းပေးဖို့ရာ အလွယ်တကူ မတတ်နိုင်ကြချေ။

“ရောင်းရင်းဘယ်သူလဲ သိလို့ရမလား…” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ကိုစိုက်ကြည့်၍ “ရောင်းရင်းလို အားကောင်းတဲ့လူတစ်ယောက်က အခုလိုမျိုး ပြောရဲတယ်ဆိုတော့ ရောင်းရင်းက လူမသိ သူမသိ လူတစ်ယောက်တော့ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား…”

“ကျုပ် သူ့ကိုယ်စား သူ့အကြွေးတွေကို ရှင်းပေးမယ်လို့ ပြောပြီးသွားပြီလေ… ခင်ဗျား ဘာဖြစ်လို့ အပိုမေးခွန်းတွေ လာမေးနေသေးတာလဲ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

သို့သော်ငြား ထိုစဉ် နန်မန်တကျွင်းက ဝင်ပြောလိုက်လေသည်။ “ဒါက ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင် ရန်ကိုင်ပဲ… ခင်ဗျားတို့ သူ့နာမည်ကို ကြားဖူးကြမှာပေါ့ ဟုတ်တယ်မလား…”

“ဘယ်လို…”

“ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်လား…”

“ရမ္မက်ရှာဂိုဏ်းကို ဖျက်ဆီးပြီးတော့ အဲ့နေရာမှာ တည်ထောင်ထားတဲ့ ထက်ကောင်းကင်နန်းတော်ကို ပြောတာလား…”

“ငါကြားတာတော့ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်က လူငယ်လေးတစ်ယောက်ပဲတဲ့… ပြီးတော့ သူ့ကျင့်ကြံခြင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာတဲ့… အခု ကြည့်ရသလောက်ကတော့…”

နန်မန်တကျွင်း၏ စကားကို ကြားပြီးသည့်နောက်တွင် အကြွေးလာတောင်းသည့်သူများ အတော်လေးကိုမှ ထိတ်လန့်သွားကုန်ကြလေသည်။ သက်လတ်ပိုင်းလူကြီးမှာလည်း အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့ပြီး သူ့နဖူးထက် ချွေးအေးများ ဝေ့သီလာကုန်လေသည်။ လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးမှာ အခြားမဟုတ်ဘဲ မြောက်ဘက်နယ်မြေတွင် အလွန်တရာကိုမှ နာမည်ကျော်ကြားနေသည့် ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင် ဖြစ်နေခဲ့လေသည်။

ရမ္မက်ရှာဂိုဏ်း ဖျက်ဆီးခံလိုက်ရခြင်းသည် မြောက်ဘက်နယ်မြေထဲ ဂယက်ထသွားစေခဲ့လေသည်။ အကျိုးဆက်အနေဖြင့် ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားသည်မှာ မကြာသေးပါသော်ငြား ထက်ကောင်းကင်နန်းတော်ဟူသော နာမည်သည် မြောက်ဘက်နယ်မြေထဲ အလွန်ကိုမှ ကျော်ကြားလာရတော့သည်။ ပြင်ပရေးရာကိစ္စများအကြောင်းကို နည်းနည်းပါးပါး စုံစမ်းမေးမြန်းထားသည့် မည်သူမဆို ထက်ကောင်းကင်နန်းတော်နာမည်ကို ကြားဖူးနေကြပေလိမ့်မည်။

ရမ္မက်ရှာဂိုဏ်းကဲ့သို့သော ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကိုပင်လျှင် အမြစ်ပြတ် ရှင်းပစ်နိုင်ခဲ့သည့် ထက်ကောင်းကင်နန်းတော်၏ ခွန်အားမှာ မေးခွန်းထုတ်စရာမလိုချေ။ ထို့အပြင် ထက်ကောင်းကင်နန်းတော်ကို မွန်းစတားဘုရင်သုံးပါးမှ စောင့်ကြပ်နေကြသည်ဟု ကောလဟာလများလည်း ထွက်နေကြသေး၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဖုန်းရွှမ်သည် ထိုမွန်းစတားဘုရင်သုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ ခုခံချိန်ပင် မရလိုက်ဘဲ အသတ်ခံလိုက်ရသည်ဟူ၍ ကောလဟာလများ ပျံ့နေကြလေသည်။

အခု ကြည့်ရသလောက်တော့ ထက်ကောင်းကင်နန်းတော်သည် ထိုမွန်းစတားဘုရင်သုံးပါး၏ ခွန်အားသက်သက်ပေါ်တွင်သာ မှီခိုနေခြင်းမဟုတ်ဘဲ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော နန်းတော်သခင်ကိုယ်တိုင်ကလည်း အတော်လေးကိုမှ အားကောင်းလှသည့် ပုံပင်။ သူ့ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့်ပင် ဖြစ်နေလင့်ကစား သူ့ထက် ကျင့်ကြံခြင်းတစ်ဆင့် ပိုမြင့်မားသော ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသည့်လူအား အသာလေး ဖိနှိပ်နိုင်ခဲ့လေသည်။ ထိုအရာမှာ ကြယ်တာရာအစုအဝေးထဲရှိ လူတိုင်း လုပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။ ကံကောင်းစွာဖြင့် သူတို့ကြားရှိ ပဋိပက္ခမှာ သိပ်၍ မကြီးမားလှ။ ထိုသို့သာမဟုတ်ပါက သူ့အဖို့ မြောက်ဘက်နယ်မြေတွင် နေစရာနေရာမရှိ ဖြစ်သွားရပေလိမ့်မည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် သက်လတ်ပိုင်းလူကြီး၏ အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး ချက်ချင်းပဲ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “ဒီတော့ နန်းတော်သခင်ရန်ပေါ့… အစောပိုင်းက ရိုင်းပျသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်…”

သက်လတ်ပိုင်းလူကြီး၏ အမူအယာကိုမြင်သော် အခြားသူများမှာလည်း ချက်ချင်းပဲ သံယောင်လိုက်ပြောလိုက်ကြလေသည်။ အကုန်လုံးမှာ လက်သီးဆုပ်၍ ရန်ကိုင်အား နှုတ်ဆက်လိုက်ကြလေသည်။ မည်သူမျှ ရန်ကိုင်အပေါ် အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲ။

ရန်ကိုင်ကမူ လက်ဝှေ့ယမ်း၍သာ ပြန်ပြောလိုက်သည်။ “ရှောင်ဟို့က အခု ထက်ကောင်းကင်နန်းတော်အဖွဲ့သားတစ်ယောက် ဖြစ်နေပြီ… ခင်ဗျားတို့ကို ပြဿနာရှာခဲ့လို့ရှိရင် သူ့ကိုယ်စား ကျုပ်ကပဲ တောင်းပန်တယ်… ကဲ… အခု သူ ခင်ဗျားတို့ကို အကြွေးဘယ်လောက်တင်ထားလဲ… ပြောသာပြောလိုက်… သူ့အကြွေးအားလုံးကို ကျုပ်ရှင်းပေးမယ်…”

လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ရန်ကိုင် မည်သူမှန်း မသိစဉ်က ရန်ကိုင်မှ ရှောင်ဟို့၏ အကြွေးများကို သူမကိုယ်စား ရှင်းပေးမည်ဟု ပြောလာစဉ်က လူတိုင်းသည် ရန်ကိုင်အပေါ် သံသယဝင်မိကြလေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်အပေါ် သံသယမဝင်တော့ပါသော်ငြား အခြားကိစ္စတစ်ခုနှင့် ပတ်သက်၍ စိတ်ဒုက္ခရောက်မိလာကြပြန်သည်။ ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် ရန်ကိုင်ဆီမှ ရှောင်ဟို့၏အကြွေးကို တောင်းသင့်မတောင်းသင့် သေချာစဉ်းစားရတော့လေသည်။

အကြွေးများမှာ လောင်းကစားလုပ်ရာမှ တင်နေသည့် အကြွေးဖြစ်ပြီး သမားရိုးကျ စီးပွားရေးလုပ်ရာမှ တင်နေသည့် အကြွေးများမဟုတ်ကြ။ ထို့အတွက်ကြောင့် သူတို့သည်သာ ထိုအကြွေးများကို သွားတောင်း၍ ထက်ကောင်းကင်နန်းတော်ကို ရန်စမိလိုက်သလို ဖြစ်သွားခဲ့မည်ဆိုလျှင် တန်ဖိုးထက် လက်ခ ကြီးသွားနိုင်ပေသည်။ သို့တိုင် အကြွေးများကို ဤအတိုင်း လက်လွှတ်ဖို့ရာလည်း မဖြစ်နိုင်ပြန်သေး။ ထိုရှောင်ဟို့ သူတို့အပေါ် တင်ထားသည့်အကြွေးမှာ နည်းနည်းလေးမှ မဟုတ်လေဘဲ။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ရှောင်ဟို့၏ အကြွေးများကို သူမကိုယ်စား ရှင်းပေးမည်ဟု ပြောလာသည့်တိုင် မည်သူမျှ ဘာမှ ပြန်မပြောရဲကြချေ။

ရန်ကိုင်သည် လူအုပ်ကြီးကို သေသေချာချာ ကြည့်နေခဲ့လေသည်။ ထိုလူများ၏အမူအယာကို မြင်သော် သူတို့ ဘာတွေးနေသလဲ ဆိုသည်ကို နားလည်သွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ကျုပ် မှတ်မိသလောက်ဆို ရှောင်ဟို့ ခင်ဗျားကို အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ဆယ် အကြွေးတင်နေတာနော်… ဟုတ်တယ်မလား…”

“အမ်း… ဟုတ် ဟုတ်ပါတယ်…” သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်နှင့် နန်မန်တကျွင်းတို့ကို ကျွန်းပေါ်၌ တွေ့ခဲ့စဉ်က သက်လတ်ပိုင်းလူကြီးမှ ထိုကဲ့သို့ ပြောခဲ့ဖူးပေသည်။

“ကဲ… ရော့… ပြည့်မပြည့် တစ်ချက် စစ်ကြည့်လိုက်…” ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်လေ၏။

သက်လတ်ပိုင်းလူကြီးသည် သိုလှောင်လက်စွပ်ကို လှမ်းဖမ်းယူ၍ အထဲရှိပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထိုသို့စစ်ဆေးပြီးသည့်နောက်တွင် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ပြည့်ပါတယ်…”

သက်လတ်ပိုင်းလူကြီးမှ သူ့အကြွေးအား ပြန်ရသွားသည်ကို မြင်သည့်အခါ အခြားသူများသည်လည်း တုံ့ဆိုင်းမနေကြတော့ဘဲ သူတို့ရစရာအကြွေးများကို စပြောကြတော့လေ၏။ ရှောင်ဟို့ သူတို့အပေါ် တင်နေသည့် အကြွေးမှာ အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်သန်းမှ ဆယ်သန်းအထိ လူပေါ်မူတည်၍ တန်ကြေးရှိကြလေသည်။ စုစုပေါင်း လူနှစ်ဆယ်ကျော်မက ရှိနေလေရာ ရန်ကိုင်သည် ရှောင်ဟို့၏ အကြွေးအားလုံးကို ရှင်းပေးရန်အတွက် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းခုနှစ်ဆယ်ခန့် သုံးလိုက်ရလေသည်။

လူတိုင်းမှာ သူတို့၏အကြွေးအားလုံးကို ပြန်ရလိုက်သည့်အတွက်ကြောင့် ဝမ်းသာနေကြလေသည်။ ထိုလူများအနက် ကျွန်းပေါ်သို့ စော၍ ရောက်လာသူများဆိုလျှင် ရှောင်ဟို့ကို တွေ့နိုင်ရန်အတွက် ဤနေရာ၌ တစ်နှစ်မက စောင့်နေခဲ့ရလေသည်။ သို့တိုင် ရှောင်ဟို့ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို မရှာနိုင်ခဲ့ချေ။ သူတို့အကြွေးများ ပြန်ရဖို့ဆိုလျှင်တော့ ဝေလာဝေး။ ထို့အတွက်ကြောင့် ယခု သူတို့၏အကြွေးများကို အောင်အောင်မြင်မြင်ဖြင့် ပြန်လည်ရရှိလိုက်သည့်အခါ အကုန်လုံးမှာ ဝမ်းသာနေကြခြင်းပင်။ အကြွေးများ ပြန်ရသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဤအစုတ်အပြတ် နေရာကြီးတွင် ဆက်၍ အချိန်ကုန်ခံနေစရာ မလိုတော့ချေ။

“အခု ခင်ဗျားတို့အကြွေးတွေကို ပြန်ပေးပြီးသွားပြီ…” ရန်ကိုင်က လက်နောက်ပစ်ရင်းမှ လူအုပ်ကြီးကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လျက် ပြောလိုက်သည်။ “ကဲ အခု ခင်ဗျားတို့ကို ကျုပ် တောင်းဆိုချင်စရာတစ်ခု ရှိတယ်… ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ကျုပ်ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”

သက်လတ်ပိုင်းလူကြီး၏အမူအယာ ရုတ်ချည်းလေးနက်သွားခဲ့ပြီး လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ပြောစရာရှိရင် ကျုပ်တို့ တတ်နိုင်တဲ့ဘောင်အတွင်းကဆိုရင် ကျိန်းသေ ကူညီပေးပါ့မယ်…”

အခြားသူများကလည်း သံယောင်လိုက်ပြောလိုက်ကြသည်။

ရန်ကိုင်က ပြုံးရင်း ပြောလိုက်လေသည်။ “ဘာမှမဟုတ်ပါဘူး… ကျုပ် ခင်ဗျားတို့ကို သတင်းစကားတစ်ခု ဖြန့်ခိုင်းစေချင်ရုံပဲ… အခုကနေစပြီးတော့ ဘယ်ဂိုဏ်းပဲဖြစ်ဖြစ် ဘယ်လူဖြစ်ဖြစ် ရှောင်ဟို့နဲ့ လောင်းကစားလုပ်ရဲတယ်ဆိုရင် ထက်ကောင်းကင်နန်းတော်က အဲ့လူကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူးလို့…”

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် လူတိုင်း ထိတ်လန့်သွားခဲ့ကြလေသည်။ ရှောင်ဟို့ကိုယ်တိုင်က မခံမရပ်နိုင်သည့် အမူအယာဖြင့် “နန်းတော်သခင်… အဲ့အစား ကျွန်မကို သတ်ပဲသတ်လိုက်ပါတော့လား…”

(သူက ဒီလို လုပ်လိုက်မှတော့ ငါနဲ့ ဘယ်သူကများ လောင်းကစားလုပ်ရဲတော့မှာလဲ) ရှောင်ဟို့မှာ ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ရန် ဆုံးဖြတ်မိလိုက်သည့်အပေါ် နောင်တပင် ရနေမိခဲ့လေသည်။ ယခုမူ သူမအနှစ်သက်ရဆုံး လောင်းကစားကိုပင်လျှင် မလုပ်နိုင်တော့ပေ။ လောင်းကစားလုပ်ခွင့် မရတော့ခြင်းသည် ရှောင်ဟို့အတွက် ဆေးစွဲနေသည့်လူတစ်ယောက် ဆေးသုံးခွင့်မရတော့သည့်အလား ဖြစ်သွားလေ၏။

သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလျက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကတော့ ပြဿနာမရှိပါဘူး… စိတ်ချထားလိုက်ပါ နန်းတော်သခင်… ကျုပ်တို့ ဒီအကြောင်းကို ကျိန်းသေ သတင်းဖြန့်ပေးလိုက်ပါမယ်… အစကတော့ ဒီအမျိုးသမီးက ထက်ကောင်းကင်နန်းတော်နဲ့ ပတ်သက်နေမှန်း မသိလို့ သူနဲ့ အလောင်းအစား လုပ်ခဲ့မိတာပါက... အစောကြီးတည်းက သိခဲ့မယ်ဆိုရင်တော့…”

“အရင်ကအကြောင်းတွေ ပြောနေစရာမလိုဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ သူ့အနေဖြင့် ဤလူအုပ်ကြီးနှင့် ဆက်၍ အချိန်ကုန်ခံမနေချင်တော့ပေ။ ထို့အတွက်ကြောင့် ဟို့ယုနှင့် နန်မန်တကျွင်းတို့ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “သွားကြရအောင်…”

နန်မန်တကျွင်းသည် သူ၏ ဧကရာဇ်အဆင့်‌လှေပျံကို ချက်ချင်း ထုတ်ယူလိုက်လေသည်။ သုံးဦးစလုံး လှေပျံထဲသို့ ဝင်သွားပြီးသည့်နောက်တွင် လှေပျံသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ထက်ကောင်းကင်နန်းတော်ရှိရာဆီသို့ ပျံသန်းသွားလေ၏။

လှေပျံအတွင်း၌ ရန်ကိုင်သည် စိတ်ဓာတ်ချုံးချုံးကျနေသော ဟို့ယုကိုကြည့်၍ မေးလိုက်လေသည်။ “ခင်ဗျား လောင်းကစားလုပ်ရတာကို အဲ့လောက်တောင် ကြိုက်တာလား…”

ဟို့ယုသည် ရန်ကိုင်အားကြည့်၍ ကြက်အစာကောက်နေသည့်အလား ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်လေသည်။

“ခင်ဗျား ကျုပ်ကိုတင်ထားတဲ့ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းခုနှစ်ဆယ်ကို အရင်ပေး…” ရန်ကိုင်က ပြုံးဖြီးလျက် “အဲ့အကြွေးတွေကိုပေးဖို့က ခင်ဗျားအတွက် သိပ်ကြာမှာမဟုတ်ပါဘူး… အနည်းဆုံး နှစ်တစ်ရာလောက်ဆိုရင် ကြေပါပြီ…”

ထိုစကားကိုကြားသော် ဟို့ယုမှာ မျက်ဖြူဆိုက်ကာ တစ်ခါတည်း တန်းသတိလစ်သွားတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၈၇)

ဘာသာပြန်သူ_တိမ်တိုက်

သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့သုံးဦး ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာကြသည်။ ပြန်လာနေစဉ်အတောအတွင်း ဟို့ယုသည် ထွက်ပြေးရန် တစ်ကြိမ်မက ကြိုးစားခဲ့သော်ငြား အကြိမ်တိုင်း ရန်ကိုင်၏ ဖမ်းဆီးခြင်းသာ ခံခဲ့ရလေသည်။ ထို့အတွက်ကြောင့် ဟို့ယုမှာ အလွန်ကိုမှ ဒေါသူပုန်ထနေခဲ့ရသည်။

(နင် ငါ့ကို နှစ်တစ်ရာလုံးလုံး ထိုင်ကြည့်နေနိုင်မယ်လို့ ငါမယုံဘူး… အဲ့အချိန်အတွင်း ငါ့မှာ ထွက်ပြေးဖို့အခွင့်အရေးတွေ အများကြီးရှိတယ်…) ဟို့ယုစိတ်ထဲ ကြိတ်ကာ တွေးနေခဲ့လေသည်။ ကံမကောင်းစွာဖြင့် သူမ၏ စိတ်ကူးယဉ်အတွေးသက်သက်မှာ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်ပြီး ဆယ့်ငါးမိနစ် မကြာသေးခင်မှာပင် ရက်ရက်စက်စက် နင်းချေဖျက်ဆီးခြင်း ခံလိုက်ရလေသည်။

“မွန်း… မွန်းစတားဘုရင်တွေ… သုံးယောက်တောင်…” ဟို့ယုသည် သူမရှေ့တွင်ရှိနေသော မွန်းစတားဘုရင်သုံးပါးအား ထိတ်လန့်တကြားအမူအယာဖြင့် ကြည့်နေခဲ့လေသည်။ ထိုသုံးဦးစလုံးကို သိပ်သည်းလှသည့် မွန်းစတားချီများမှ လွှမ်းခြုံနေခဲ့ကြလေသည်။

ထက်ကောင်းကင်နန်းတော်၌ ဤမျှအားကောင်းလှသည့် ပညာရှင်များ ရှိနေလိမ့်မည်ဟု ဟို့ယု လုံးဝ မထင်ထားခဲ့ပေ။ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် သူတည်ထောင်ထားသည့် ထက်ကောင်းကင်နန်းတော်သည် မည်မျှ အားကောင်းနိုင်ပါလိမ့်မည်နည်း။ ထို့အပြင် ပြန်လာရာလမ်းတစ်လျှောက်၌ ထက်ကောင်းကင်နန်းတော်အကြောင်း မေးမြန်းခွင့် မရခဲ့ချေ‌။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာသို့ ရောက်လာပြီးသည့်နောက် လုံးဝကို အလစ်အငိုက်မိသလို ဖြစ်သွားခဲ့ရခြင်းပင် ဖြစ်လေသည်။

မွန်းစတားဘုရင်သုံးပါး၏ ကာကွယ်မှုကို ရရှိထားသော ထက်ကောင်းကင်နန်းတော်မှာ အလွန်တရာကိုမှ အားကောင်းသည်ဟု ပြော၍ရလေသည်။ မြောက်ဘက်နယ်မြေရှိ မည်သည့်ထိပ်တန်းဂိုဏ်းမှ ထက်ကောင်းကင်နန်းတော်နှင့် ယှဉ်ပြိုင်နိုင်ခြင်း ရှိတော့လိမ့်မည်မဟုတ်။

“ဒါ ကျုပ်တို့ထက်ကောင်းကင်နန်းတော်ရဲ့ ပန်းပဲပညာရှင်မှူးပဲ…” ရန်ကိုင်က ဟို့ယုအား မွန်းစတားဘုရင်သုံးပါးနှင့် မိတ်ဆက်ပေးလိုက်သည်။ “သူ့ကို ဟို့ယုလို့ပဲ ခေါ်လို့ရတယ်… ရှောင်ဟို့က တက်တက်ကြွကြွနဲ့ ငြိမ်ငြိမ်နေလေ့မရှိဘူး… ဒါပေမယ့် ဒီမှာနေပြီးတော့ သူ့တာဝန်သူ ကျေပွန်နိုင်မယ်လို့ ကျုပ် မျှော်လင့်ထားတယ်… ဒါကြောင့်…”

ယင်ဖေးက ချက်ချင်း ဝင်ပြောလိုက်လေသည်။ “စိတ်မပူပါနဲ့ နန်းတော်သခင်ရန်… ကျုပ်တို့သုံးယောက်စလုံး သူ့ကို တစ်ယောက်တစ်လှည့်စီ စောင့်ကြည့်ထားမှာပါ… သူဘာပြဿနာမှ မရှာစေရပါဘူး…”

ရှီလဲ့နှင့် ရှဲ့ဝူဝေတို့မှာလည်း ထို့နည်းတူ ပြောလိုက်ကြလေသည်။

ထိုအချိန်အတောအတွင်း မွန်းစတားဘုရင်သုံးပါး ပြောသည်ကို ကြားပြီးသည့်နောက် ဟို့ယု၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ပြီး အော်ငြီးလိုက်လေ၏။ “ဘယ်လိုလုပ်ပြီး ဒီလိုမျိုးတွေ ဖြစ်ကုန်ရတာလဲ…” (ငါ့ကို မွန်းစတားဘုရင်သုံးပါးက တစ်ယောက်တစ်လှည့် စောင့်ကြည့်နေမှာ… ငါ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆက်နေသွားရတော့မှာလဲ… ထွက်ပြေးဖို့အသာထားဦး… ငါ့လျှို့ဝှက်ချက်တွေတောင် အကုန် ပေါက်ကြားကုန်တော့မှာ…)

“ကောင်းပြီ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်က ယင်ဖေးဘက်သို့လှည့်၍ “သူ့ကို မန်နေဂျာမှူးဆီ ခေါ်သွားပြီးတော့ သူ့နာမည်ကို ဂိုဏ်းထဲမှာ စာရင်းသွင်းလိုက်… ပြီးတော့ သူနေဖို့ နေရာတစ်ခုလည်း စီစဉ်ပေးလိုက်…”

“ဟုတ်ကဲ့ပါ…” ယင်ဖေးက ခေါင်းညိတ်လိုက်ပြီး ဟို့ယုဘက်သို့လှည့်၍ “ညီမဟို့… ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း လိုက်ခဲ့ပေးပါ…”

“ငါမလိုက်ချင်ဘူး…” ဟို့ယုက အံကြိတ်၍ ထွက်ပြေးရန် ကြိုးစားလေသည်။

ယင်ဖေးသည် ရန်ကိုင်အား လှမ်းကြည့်လိုက်ရာ ရန်ကိုင်က ခေါင်းညိတ်ပြနေသည်ကိုမြင်သော် ရယ်သွမ်းသွေးလျက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ဟို့ယုနောက်သို့ ပြေးလိုက်သွားလေ၏။ ထို့နောက် သူမအား ဖမ်းမိသွားသည့်နောက်တွင် ကြက်ကလေးတစ်ကောင်ကို ကိုင်ထားသည့်နှယ် တင်းတင်းကြပ်ကြပ် ဆွဲဖမ်းထားလျက် အဝေးတစ်နေရာဆီသို့ ခေါ်သွားလေ၏။

ထိုအချိန်အတောအတွင်း ရှီလဲ့နှင့် ရှဲ့ဝူဝေမှာ တစ်ဦးကိုတစ်ဦး ခဏမျှကြာအောင် ကြည့်နေကြပြီးသည့်နောက် ယင်ဖေးနောက်သို့ လိုက်သွားကြလေသည်။ ဟို့ယု၏ ကျိန်ဆဲသံများ၊ အော်ဟစ်သံများမှာ တဖြည်းဖြည်းနှင့် တိုးလျလာခဲ့ပြီး အဆုံးတွင်တော့ ပျောက်ကွယ်သွားခဲ့လေ၏။

ဟို့ယုအား မွန်းစတားဘုရင်သုံးပါးလက်ထဲသို့ ထည့်ပေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ဟွာချင်းစီအား အကြောင်းကြားလိုက်လေ၏။ ထို့နောက်တွင် နန်မန်တကျွင်းဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “တောင်နဲ့မြစ်ပုံရိပ်ကို မြန်မြန်ပြီးအောင်လုပ်နော်…”

“စိတ်မပူနဲ့ နန်းတော်သခင်… ရှောင်ဟို့သာ ကူညီပေးမယ်ဆိုရင် တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးဖို့က ဘာမှမခက်တော့ဘူး…”

“ပြီးတော့ တောင်နဲ့မြစ်ပုံရိပ်ကို ဖန်တီးပြီးတာနဲ့ ကျုပ်အတွက်အတွက် ပျံသန်းရေးမှော်ရတနာကောင်းကောင်းတစ်ခုလောက် လုပ်ပေးဖို့ ရှောင်ဟို့ကိုပြောဖို့ သတိမမေ့နဲ့ဦးလို့ မန်နေဂျာမှူးကိုလည်း ပြောလိုက်ပါဦး… ကုန်ကျစရိတ်ကတော့ ပြဿနာမရှိဘူး… ကျုပ် အကောင်းဆုံးပဲ လိုချင်တယ်…”

ပန်းပဲပညာရှင်မှူးတစ်ဦးကို ရလိုက်ပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် အတော်လေး စိတ်ကောင်းဝင်နေခဲ့လေသည်။ ခဏအကြာတွင် ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် နေမင်းပြာကျောင်းတော်ဆီသို့ ပြန်လာခဲ့လေ၏။ ဓါးတောင်ပေါ်သို့ ခြေကျလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ ဘေးတစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်ရာ တောင်ကြားထဲ၌ အမည်းရောင်သားရဲလေးတစ်ကောင်ကို တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ထိုသားရဲလေးသည် ရန်ကိုင်ရှိနေရာဘက်ဆီသို့ စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့လေ၏။ ထို့အပြင် ၎င်း၏မျက်လုံးများမှာ တစ်စုံတစ်ခုအား ရှာဖွေနေသည့်အလား ဟိုမှသည်သို့ ကူးကလန်ခတ်နေခဲ့လေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် စိတ်ဝိဉာဉ်အစီအရင် ရှိနေသည့်နေရာကို ဓါးတောင်အောက်တွင် ရှိနေသော မြေကမ္ဘာချီကြောမ၏စွမ်းအားအကူအညီဖြင့် ဖုံးကွယ်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် ထိုသားရဲလေး မည်သို့ပင် ကြည့်နေစေကာမူ ဟင်းလင်းပြင်အစီအပြင်ကို တွေ့နိုင်လိမ့်မည်မဟုတ်ချေ။

သားရဲလေးမှာ အခြားမဟုတ်။ ရန်ကိုင်မှ အရက်ပုလင်းများကို ရှင်းလင်းစဉ် တွေ့ခဲ့ရသည့် သားရဲလေးသာ ဖြစ်ပေသည်။ ထိုသားရဲလေးသည် ဤဓါးတောင်ပေါ်တွင် နေထိုင်နေသည့် ဒေသခံမွန်းစတားသားရဲတစ်ကောင် ဖြစ်လောက်၏။ သို့သော်ငြား ထိုသားရဲလေးမှာ အရမ်းကြီး အားကောင်းလှခြင်း မရှိပေ။ သားရဲဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါကိုမှ ရန်ကိုင်မခံစားမိ။

ရုတ်တရက် ရန်ကိုင် ဗြုန်းစားကြီးပေါ်လာသည်ကို မြင်သည့်အခါ ထိုသားရဲလေး အထိတ်တလန့် ဖြစ်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဆုတ်သွားခဲ့လေသည်။ ၎င်း၏မျက်လုံးများထဲ လူသားတစ်ဦးမှ တစ်ခုခုကို ခံစားမိလိုက်ချိန် ဘေးပတ်ဝန်းကျင်အား သတိကြီးကြီးဖြင့် ကြည့်နေသည့် အကြည့်မျိုးကို မြင်တွေ့နေခဲ့ရသည်။ သို့သော်ငြား ပေါ်လာသည့်လူ မည်သူမှန်း သိသွားသည့်နောက် သားရဲလေးမှာ ထိုမျှ ထိတ်လန့်နေခြင်းမရှိတော့ချေ။ ထို့အစား ရန်ကိုင်ရှေ့တွင် ချစ်စဖွယ်ကောင်းအောင် လုပ်ပြနေသည့်အလား လျှာလေးကို ထုတ်ပြလိုက်လေသည်။

ထိုမွန်းစတားသားရဲလေးကိုကြည့်ရင်း ရန်ကိုင် ရယ်ချင်ပတ်ကျိ ဖြစ်သွားမိခဲ့သည်။ ထို့နောက် မွန်းစတားသားရဲလေးကို ကောက်ယူ၍ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဘာလဲ… မင်း လမ်းပျောက်နေတာလား… ဒါက မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့ နေရာမဟုတ်ဘူးကွ…”

ဓါးတောင်ပေါ်ရှိ မွန်းစတားသားရဲများ၏ ကျင့်ကြံခြင်းအဆင့်မှာ ထိုမျှမြင့်မားခြင်း မရှိပါသော်ငြား အတော်များများမှာ ဤသားရဲ‌လေး ယှဉ်ပြိုင်နိုင်သည့် အကောင်များ မဟုတ်ကြချေ။ အထူးသဖြင့် ဤတောင်ကြားထဲတွင် အားကောင်းလှသော မွန်းစတားသားရဲများစွာ ရှိနေလေသည်။ သားရဲလေးသည်သာ ထိုအားကောင်းလှသည့် မွန်းစတားသားရဲတစ်ကောင်ကောင်နှင့် သွားတိုးမည်ဆိုပါက တစ်ဖက်မွန်းစတားသားရဲ၏ တစ်ချက်ကိုက်စာသာ ရှိပေလိမ့်မည်။ ထို့အတွက်ကြောင့် ဤကဲ့သို့သော ခွန်အားလေးဖြင့် ဤမွန်းစတားသားရဲလေး ဤမျှကြာအောင် မည်ကဲ့သို့ အသက်ရှင်နေခဲ့သလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်စိတ်ပင် ဖြစ်မိသွားခဲ့လေသည်။

ထိုအချိန်အတောအတွင်း သားရဲလေးသည် ရန်ကိုင်မှ သူ့အား ခေါင်းပွတ်ပေးနေသည့်အပေါ် ကြည်နူးနေသည့်အလား မျက်လုံးလေးကိုပိတ်လျက် ရန်ကိုင်လက်မောင်းပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ခေါင်းတခါခါသာ လုပ်နေခဲ့လေ၏။ ထို့နောက် လျှောက်လာလိုက်ရာ သူနေသည့် ဓါးတောင်ပေါ်ရှိ နန်းတော်ဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်မှ သားရဲလေးကို မြေပြင်ပေါ်သို့ ပြန်ချပေးရန် ကြိုးစားလိုက်ပါသော်ငြား သားရဲလေးမှာတော့ မဆင်းပဲ သူ့ကိုသာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ခြောက်ကပ်ကပ်ရယ်မောလျက် သားရဲလေး၏နဖူးကို တောက်ရန် သူ့လက်ညှိုးကို ကွေးလိုက်လေ၏။

ထိုအခိုက်အတန့်မှာပင် လုံးဝကို ငြိမ်နေခဲ့သော သားရဲလေးသည် ရုတ်တရက်ကြီး ၎င်း၏ပါးစပ်ကိုဟကာ ရန်ကိုင်၏လက်ချောင်းကို မပြောမဆိုပဲ ကိုက်ချလိုက်လေသည်။ တစ်ခဏတာဆိုသလို လူသားတစ်ဦးနှင့်သားရဲတစ်ကောင်မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေလေ၏။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ရန်ကိုင်မှာ အနည်းငယ် အံ့အားသင့်နေခဲ့လေသည်။ ရုတ်တရက် သူ့လက်ချောင်းကို နာကျင်လာသည်ကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင် မျက်မှောင်ကြုတ်သွားမိခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့ဒန်တျန်အတွင်း၌ စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး သောင်းကျန်းသွားသလိုလည်း ခံစားလိုက်ရသည်။

ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ့အတွေးများကို သေသေချာချာပင် မစုစည်းနိုင်သေးခင်မှာပင် သားရဲလေးသည် ရန်ကိုင်လက်ပေါ်မှ ပြေးဆင်းသွားလေ၏။ နောက်သို့မကြည့်ဘဲ တဝူးဝူးအော်မြည်ရင်း ထွက်ပြေးသွားလေသည်။ သားရဲလေး ကိုယ်တိုင်သည်လည်း ယခုအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားသည့်ပုံပင်။

ထို့နောက်တွင် ရန်ကိုင်သည် အကိုက်ခံလိုက်ရသည့် သူ့လက်ချောင်းကို ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။ သားရဲလေး၏ကိုက်ခဲခြင်း ခံလိုက်ရသည့် သူ့လက်ချောင်းမှာ ကျိုးသွားကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထို့အပြင် လက်ချောင်းပေါ်၌ သွားကိုက်ရာကြီးနှင့် ရွှေရောင်သွေးများ ယိုစီးကျနေသော အပေါက်များကိုလည်း ရှိနေပေသေးသည်။

(ငါ့ကိုတောင် သွေးထွက်အောင် ကိုက်နိုင်တာလား… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ…)

ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲရှိ ဧကရာဇ်အဆင့်ပညာရှင်များအနက် အားအကောင်းဆုံးသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဟု ပြော၍ရပေသည်။ အားကောင်းလှသည်ဟူသော ခွန်အားကို ပိုင်ဆိုင်ထားကြသည့် မွန်းစတားမျိုးနွယ်စုဝင်များမှလွဲ၍ ရန်ကိုင်သည် ရုပ်ခန္ဓာချင်းယှဉ်ပြိုင်ရမည်ဆိုပါက မည်သူကိုမှမကြောက်ပေ။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှ အားကုန်သုံး၍ သူ့အား ကိုက်မည်ဆိုလျှင်ပင် ဧကရာဇ်ချီကိုသာ အသုံးမပြုပါက သူ့အရေပြားကို ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ထိုသားရဲလေးကမူ သူ့အရိုးကိုပါ ကျိုးအောင် ကိုက်ပစ်သွားနိုင်ခဲ့သည်။ ထို့အပြင် ၎င်းကိုက်ပုံကို ကြည့်ရသလောက်လည်း အရမ်းကြီး အားစိုက်သည့်ပုံမပေါ်။

(အဲ့သားရဲရဲ့ အစွယ်တွေက အဲ့လောက်တောင်ရှတာလား…) ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ဤသားရဲလေးသည် တော်တော်လေးကို ပုံမှန်မဟုတ်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရသည်။

ရန်ကိုင် ပို၍ ထိတ်လန့်သွားရသည်မှာ ထိုသားရဲလေးမှ သူ့လက်ချောင်းကို ကိုက်လိုက်စဉ် သူ၏ဒန်တျန်ထဲတွင် ချိပ်ပိတ်ထားသော ရှေးဟောင်းနတ်ဆိုးချီများ တုံ့ပြန်လာသည့် အချက်ပင်။ ရှေးဟောင်းနတ်ဆိုးချီကို မိုးကောင်းကင်သစ်ပင်၏ ရွှေရောင်နှင့်ငွေရောင်စွမ်းအားကိုသုံး၍ ချိပ်ပိတ်ထားခဲ့ခြင်းဖြစ်ကာ ချိပ်စည်းမှာ အလွန်တရာကိုမှ အားကောင်းလှသည့် အတွက်ကြောင့် ချိပ်ပိတ်ပြီးသည့် အချိန်မှစ၍ ယခုအချိန်အထိ ပုံမှန်မဟုတ်သည့် မည်သည့်အဖြစ်အပျက်နှင့်မှ ရန်ကိုင် မကြုံရချေ။ သို့သော်ငြား ယနေ့တွင်မူ သားရဲလေး၏ ကိုက်ခဲခြင်း ခံလိုက်ရပြီးသည့်နောက် ထိုချိပ်ပိတ်ထားခံရသည့် နတ်ဆိုးချီများမှာ တုံ့ပြန်လာခဲ့လေသည်။

တကယ်ကြီး ဘာတွေများ ဖြစ်နေလေသနည်း။

ရန်ကိုင်သည် သူ့ဒန်တျန်ထဲတွင် ရှိနေသော ချိပ်စည်းကို သေချာစစ်ဆေးကြည့်လေသည်။ ချိပ်စည်းနှင့်ပတ်သက်၍ မည်သည့်ပြဿနာမှမရှိ။ သူ့ဒန်တျန်ထဲတွင် ရှိနေသော ရှေးဟောင်းနတ်ဆိုးချီ တုံ့ပြန်လာခြင်းနှင့် သားရဲလေး သူ့လက်ချောင်းအား ကိုက်လိုက်ခြင်းသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်ဆိုလျှင်တော့ ထိုနှစ်ခုမှာ အလွန်ကိုမှ တိုက်ဆိုင်လွန်းနေသည်ဟု ပြောရပေလိမ့်မည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေရာ သားရဲလေးအား မလှမ်းမကမ်းတစ်နေရာရှိ လိုဏ်ဂူထဲတွင် တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ဘာကြောင့်မှန်းမသိ သားရဲလေးမှာ လိုဏ်ဂူထဲ၌ အိပ်ပျော်နေခဲ့လေသည်။ အိပ်နေစဉ်၌ပင်လျှင် တစ်စုံတစ်ခု၏ ခြောက်လှန့်ခြင်း ခံနေရသည့်အလား ကြောက်ရွံ့မှုကြောင့် ၎င်း၏ခန္ဓာကိုယ်လေးမှာ တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။

(ဘာဖြစ်လို့ ငါ့ကို ကိုက်ပြီးတာနဲ့ ဒီလိုမျိုးဖြစ်သွားရတာလဲ…) ရန်ကိုင် ဆွံ့အနေခဲ့လေသည်။ အစကတော့ သားရဲလေးကို ဖမ်းဆီး၍ သေချာစစ်ဆေးကြည့်မလို့ပင်။ ကံမကောင်းစွာဖြင့် လက်ရှိအချိန်၌ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့သည့်ပုံပင်။

“ဘာတွေဖြစ်နေတာလဲ…” အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် မော့ကြည့်လိုက်ရာ ဓါးတောင်ပေါ်၌ ကောင်းရွှယ်ထင်း ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ကောင်းရွှယ်ထင်းသည် ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လှည့်ပတ်စစ်ဆေးကြည့်နေပြီး ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေသည်။ “ခုနတုန်းက ဘာတွေဖြစ်သွားတာလဲ…”

ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ဇဝေဇဝါဖြစ်နေသည့် ပုံစံမျိုး လုပ်ပြလျက် ပြန်မေးလိုက်လေသည်။ “ဘာတွေဖြစ်သွားလို့လဲ…”

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။ “ငါအရမ်းမုန်းတဲ့ စွမ်းအင်အရှိန်အဝါတစ်ရပ်ကို ရုတ်တရက်ကြီး ခံစားလိုက်ရလို့… ဒီမှာ ထူးဆန်းတာ တစ်ခုခု ဖြစ်သွားသေးလား…”

“ဘာထူးဆန်းတာဖြစ်ရမှာလဲ…” ရန်ကိုင်က ယတိပြတ် ငြင်းဆိုလိုက်လေသည်။ “ကျုပ်ဘာသာကျုပ် အခုလေးတင် အသစ်တတ်ထားတဲ့ ပညာရပ်တစ်ခုကို စမ်းကြည့်နေတာ…”

ကောင်းရွှယ်ထင်းသည် အလွန်ကိုမှ အာရုံခံနိုင်စွမ်း မြင့်မားလှသည်ဟု ပြောရပေလိမ့်မည်။ သူ့ဒန်တျန်ထဲရှိ ရှေးဟောင်းနတ်ဆိုးချီမှာ ယာယီမျှသာ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ပါသော်ငြား ကောင်းရွှယ်ထင်းကမူ သတိပြုမိသွားသေး၏။

နတ်ဆိုးချီး၏ ဝင်စီးခြင်း ခံရစဉ်က ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်သုံးဦးဖြစ်သော ကောင်းရွှယ်ထင်း၊ ချန်ဝမ်ဟောင်၊ ဖုန်းမင်တို့နှင့် တိုက်ခိုက်ခဲ့လေသည်။ ထိုစဉ်က ရန်ကိုင်သည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသည့်အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်သုံးဦးနှင့် ရင်ဆိုင်ရသည်မှာ အတော်လေးကိုမှ ဖိအားဝင်ခဲ့ရသည်။ နောက်ဆုံး၌ ဝှက်ဖဲတစ်ခုကို ထုတ်သုံးပြီးသည့်နောက်မှသာ ထိုသုံးယောက်လက်မှ လွတ်မြောက်နိုင်ခဲ့လေသည်။ ထို့ကြောင့်ပင် ရန်ကိုင်သည် ကောင်းရွှယ်ထင်းနှင့်ပတ်သက်၍ ထိုနတ်ဆိုးချီကိစ္စအကြောင်းကို လုံးဝ မဆွေးနွေးရဲခဲ့ပေ။ ထိုစဉ်က သူမတိုက်ခိုက်ခဲ့သော နတ်ဆိုးသည်သာ ရန်ကိုင်ဖြစ်နေမှန်း ကောင်းရွှယ်ထင်း သိသွားမည်ဆိုပါက သူမ ဘာလုပ်လိမ့်မလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။

“ဟုတ်လို့လား..” ကောင်းရွှယ်ထင်း မျက်မှောင်ကြုတ်နေခဲ့လေသည်။ သူမကြည့်ရသည်မှာ ယခုအချိန်ထိ သံသယမကင်းသေးသည့်ပုံပင်။ ရန်ကိုင်သည်သာ သူတတ်ကျွမ်းထားသည့် ပညာရပ်အသစ်တစ်ခုကို လေ့ကျင့်နေခြင်းသာ ဆိုပါက သူမ အလွန်မုန်းတီးရသည့် စွမ်းအင်လှိုင်းတစ်ခုကို အာရုံမခံမိလိုက်သင့်ပေ။ သို့သော်ငြား ထိုစဉ်က ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းကို သူမစိတ်ထဲ အလွန်ကိုမှ ရွံရှာမုန်းတီးသလို ခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့် ထိုခံစားချက်မှာ ယာယီလေးသာ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် တကယ်ဟုတ်မဟုတ် ဆိုသည်ကိုတော့ ကောင်းရွှယ်ထင်းကိုယ်တိုင်လည်း သေချာမပြောတတ်ပေ။

“ဟုတ်တယ်လေ…” ရန်ကိုင်၏ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲလာခဲ့လေသည်။ ထိုသို့ဆိုလျှင်ပင် မျက်နှာတစ်ချက် မပျက်စေဘဲ ရုပ်တည်တည်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ “ဒါနဲ့ ခရမ်းဝါးတောင်က ဒီကနေ တော်တော်လေး ဝေးတာလေ… စီနီယာအစ်မကောင်းက ဒီကို ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ရောက်လာရတာလဲ…”

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။ “ငါ အခုလေးတင် ဒီနားကနေ ဖြတ်သွားနေတာ… ကျောင်းသခင်ဆီသွားပြီးတော့ ပြန်လာရင်းနဲ့ အဲ့မုန်းစရာစွမ်းအင်အရှိန်အဝါကို ခံစားမိလိုက်လို့ ဒီကို အပြေးလာခဲ့တာ…” တစ်ချက်မျှရပ်ပြီးသည့်နောက် ကောင်းရွှယ်ထင်းက ထပ်ပြောလိုက်လေသည်။ “အခု စဉ်းစားမိလိုက်တော့မှပဲ ငါသတိရတယ်… နင် ဟိုတလောတုန်းက ဘယ်ရောက်နေတာလဲ… အဲ့တုန်းက ငါလာတာတောင် ဘာဖြစ်လို့ နင့်ကို ရှာလို့မတွေ့ရတာလဲ…”

(မနေ့တုန်းက မြောက်ဘက်နယ်မြေရောက်တာလေ… စီနီယာအစ်မ ကျုပ်ကို ရှာမတွေ့တာလည်း မဆန်းပါဘူး…) ရန်ကိုင် သူ့စိတ်ထဲ၌ တွေးလိုက်လေ၏။ သို့သော်ငြား သူ့ပါးစပ်ထဲမှ ထွက်လာသည်မှာတော့ အခြားတစ်မျိုးပင်။ “ခဏလောက် တံခါးပိတ်ကျင့်စဉ်ဝင်နေလိုက်တာ..”

ကောင်းရွှယ်ထင်း ရန်ကိုင်အား မယုံသင်္ကာအမူအယာဖြင့် ကြည့်နေခဲ့လေသည်။ ရန်ကိုင်မှ သူမ၏မေးခွန်းအား ရှောင်လွှဲဖြေသွားသည့်အပေါ် ကောင်းရွှယ်ထင်းစိတ်ထဲ သင်္ကာမကင်းဖြစ်မိသည်။ သို့တိုင် ရန်ကိုင်အား ဆက်၍ မေးခွန်းမထုတ်ချင်တော့သလို ရန်ကိုင်ကိုယ်တိုင်ကလည်း ထိုအကြောင်းကို မပြောချင်သည့်အတွက်ကြောင့် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။ “နင်ဘာသာလုပ်စရာရှိတာဆက်လုပ်... ငါသွားတော့မယ်...”

“စီနီယာအစ်မကောင်း…” ရန်ကိုင်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“ဘာကိစ္စလဲ…” ကောင်းရွှယ်ထင်းက ရပ်၍ မေးလိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “စီနီယာအစ်မကောင်းကိုကြည့်ရတာ အရမ်း အလျင်လိုနေသလိုပဲနော်… ဘာလဲ… ပြဿနာတစ်ခုခုနဲ့ ကြုံနေရလို့လား… ကြုံနေရရင် ကျုပ်ကိုပြောလေ… ကျုပ် ကူညီပေးကောင်း ကူညီပေးနိုင်မှာပေါ့…”

ကောင်းရွှယ်ထင်းက ပြန်၍ပြောလိုက်လေသည်။ “ဒီကိစ္စက ကျောင်းတော်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတယ်… နင်က အဆင့်မြင့်ဧည့်အကြီးအကဲဆိုတော့ ဒီအကြောင်းကို သိခွင့်မရှိဘူး… ဒါပေမယ့် နင်သိချင်တယ်ဆိုရင်…”

“ရပြီ စီနီယာအစ်မကောင်း… စီနီယာအစ်မကောင်း ဆက်ပြောနေစရာမလိုတော့ဘူး…” ရန်ကိုင် ချက်ချင်းပဲ ကောက်တားလိုက်လေသည်။ သူ့အဖို့ ကျောင်းတော်၏ ဧည့်အကြီးအကဲဖြစ်လာသည်ကပင်လျှင် လုံလောက်နေပြီဖြစ်လေရာ ဘာကြောင့်များ ကျောင်းတော်နှင့် အတွင်းကျကျ ထပ်မံပတ်သက်ရပါဦးမည်နည်း။ ထို့အပြင် သူ့၌ သူကိုယ်တိုင်တည်ထောင်ထားသော ဂိုဏ်းတစ်ဂိုဏ်းလည်း ရှိနေပေသေးသည်။

“ဒါနဲ့ ကျုပ် မကြာခင် ခရီးတစ်ခုသွားစရာ ရှိသေးတယ်…”

“သွားလေ… ဘယ်သူမှ နင့်ကို တားမှာမှမဟုတ်တာ…” ကောင်းရွှယ်ထင်း၏အသံ အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၈၈)

ဘာသာပြန်သူ_တိမ်တိုက်

“ရောင်းရင်းရန်…” ခန်စစ်ရန်သည် ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ သီးသန့်ခန်းတစ်ခန်းထဲဆီသို့ လာခဲ့လိုက်လေသည်။ ထိုသို့ရောက်လာပြီးသည့်နောက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။

ရန်ကိုင်က မတ်တပ်ရပ်၍ ပြန်၍နှုတ်ဆက်လိုက်သည်။ “ရောင်းရင်းခန်…”

“ထိုင်ပါဦး… မသိရင် ငါတို့လုပ်တဲ့ပုံက တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေကျနေတာပဲ…” ခန်စစ်ရန်က ရန်ကိုင်အား ထိုင်ရန် အချက်ပြလိုက်ပြီးသည့်နောက် သူ့နောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ချက်ချင်းဆိုသလို အခန်းအပြင်ဘက်၌ အဆင့်မြင့်ရေနွေးကြမ်းဗန်းကို သယ်လာသည့် အစေခံမလေးတစ်ဦး ပေါ်လာခဲ့လေသည်။ အခန်းတံခါးကို ပိတ်ပြီးသည့်နောက်တွင် ခန်စစ်ရန်က မေးလိုက်လေသည်။ “မင်းမှာထားတဲ့ပစ္စည်းတွေ ယူဖို့ လာခဲ့တာလား…”

“ဟုတ်တယ်… နှစ်လက ပြည့်တော့မှာဆိုတော့ အခု အခြေအနေဘယ်လိုရှိလဲ…”

ခန်စစ်ရန်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ရောင်းရင်းရန်နဲ့ အလုပ်တွဲလုပ်တာ အရမ်း အမြတ်များတယ်လေ… ဒီတော့ ဆိုင်ခွဲမှူးလော့ကလည်း အတတ်နိုင်ဆုံး ပြင်ဆင်ပေးထားတာပေါ့… ဒီမှာ… ရောင်းရင်းရန်မှာထားတဲ့ လေဟာနယ်သလင်းကျောက်တွေနဲ့ လေဟာနယ်ကျောက်စိမ်းတွေ…” ထိုသို့ပြောပြီးသည့်နောက်တွင် ခန်စစ်ရန်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်လျက် စားပွဲခုံပေါ်တွင် တင်ပေးကာ ရန်ကိုင်ဆီသို့ တွန်းပို့ပေး၍ ပြောလိုက်လေ၏။ “အဲ့ဒါတွေအကုန်လုံးက စုစုပေါင်း အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းလေးဆယ် တန်ကြေးရှိတယ်… ရောင်းရင်းရန် တစ်ချက် စစ်ဆေးကြည့်လိုက်ပါဦး…”

“မလိုတော့ပါဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။ အခြားတစ်ဦးနှင့်သာ အလုပ်တွဲလုပ်နေရမည်ဆိုလျှင် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်မိလိမ့်မည် ဖြစ်ပါသော်ငြား ခန်စစ်ရန်နှင့် အလုပ်တွဲလုပ်နေခြင်း ဖြစ်သည့်အတွက်ကြောင့် ခန်စစ်ရန် သူ့အား လိမ်ညာလိမ့်မည်မဟုတ်မှန်း ရန်ကိုင် ယုံကြည်ပေသည်။

တကယ့်တကယ်တွင်ဆိုလျှင်တော့ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းလေးဆယ်တန်ကြေးရှိသော လေဟာနယ်သလင်းကျောက်များနှင့် လေဟာနယ်ကျောက်စိမ်းများကို တောင်ဘက်နယ်မြေအတွင်းတွင် ရှိနေသော ဆိုင်ခွဲများမှ ဤနေရာသို့ ပို့ပေးရာ အတော်လေးကိုမှ အချိန်ကုန်သလို အကုန်အကျလည်း များပေသည်။ လော့ချီကိုယ်တိုင်မှာ ရန်ကိုင်တောင်းဆိုထားသည့်အတိုင်း ဖြစ်လာစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးနေပါသော်ငြား ခန်စစ်ရန်မှလည်း အရှိန်တင်ကာ လုပ်ဆောင်ပေးရန် မကြာခဏ တိုက်တွန်းနှိုးဆော်နေသည့် အတွက်ကြောင့်လည်း ပါပေသည်။ နောက်ဆုံးတွင်တော့ လိုသည့်ပစ္စည်းအားလုံးကို စုဆောင်းနိုင်ခဲ့ပေသည်။ အပိုပစ္စည်းအချို့ပင် ပါလာပေသေးသည်။ သို့သော်ငြား ထိုအပိုပစ္စည်းများကိုတော့ ရန်ကိုင်ဆီသို့ လက်ဆောင်အဖြစ် ပေးလိုက်ရန်သာ ခန်စစ်ရန်ဆုံးဖြတ်လိုက်လေသည်။

“ငါ ဘယ်လောက်ပေးရမလဲ…” ရန်ကိုင်က မေးလိုက်သည်။

“စရန်ငွေဆယ်သန်း ပေးထားတာရယ်… အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ့်သုံးသန်း တန်ကြေးရှိတဲ့ အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေ နှစ်ခုရယ်နဲ့ဆိုတော့ နောက်ထပ် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ့်ခုနှစ်သန်းပဲ ထပ်ပေးရတော့မယ်…” ခန်စစ်ရန်က ပြောလိုက်သည်။ “အော် ပြီးတော့ ဆိုင်ခွဲမှူးလော့ ထပ်ပြောသွားတာရှိသေးတယ်… အရင်းအမြစ်ကျောက်တွေနဲ့ ပေးဖို့ အဆင်မပြေရင်လည်း မပေးနဲ့တဲ့… အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေတွေနဲ့လည်း လက်ခံတယ်တဲ့…”

ရန်ကိုင်က ပြုံးဖြီးလျက် “ဆိုင်ခွဲမှူးလော့က တကယ်ကို ပါးတာပဲ… ဘာပဲဖြစ်ဖြစ် အဆင့်မြင့်အရင်းအမြစ်ကျောက်တွေနဲ့ပဲ ရှင်းမယ်…”

သူ့တွင် မွန်းစတားအမြုတေများစွာ ရှိနေပါသော်ငြား ရန်ကိုင်အနေဖြင့် ထိုမွန်းစတားအမြုတေများကို ထုတ်ချင်တိုင်း ထုတ်ပေး၍ မဖြစ်ပေ။ မြောက်မြားလှစွာသော အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေများသည်သာ ဈေးကွက်ထဲသို့ ဝင်ရောက်လာပါက ထိုမွန်းစတားအမြုတေများ၏တန်ကြေး လျော့ကျသွားရနိုင်ပေသည်။ ရန်ကိုင်သည် ကိုယ့်သေတွင်းကိုယ် တူးမည့်လူမဟုတ်။ ထို့အပြင် ရန်ကိုင်၌ ဟို့ယု၏ အကြွေးဖြစ်သော အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းခုနှစ်ဆယ်ကိုပင်လျှင် ပေးနိုင်သည့် အဆင့်မြင့်အရင်းအမြစ်ကျောက်များ ရှိလေရာ ဤဆယ့်ခုနှစ်သန်းလောက် ဘာပြောပလောက်ပါမည်နည်း။

မကြာမီတွင် ရန်ကိုင်တို့ကြားရှိ အရောင်းအဝယ် ပြီးမြောက်သွားခဲ့လေသည်။ ခန်စစ်ရန်သည် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ထုတ်ယူလိုက်ပြီး ဝိဉာဉ်စာချုပ်ပေါ်တွင် အသီးသီး ဝိဉာဉ်အမှတ်အသားများ ချန်ရစ်ခဲ့ကြပြီးသည့်နောက် အရောင်းအဝယ်မှာ ဖြစ်မြောက်သွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်က တောင်းဆိုလိုက်လေသည်။ “လေဟာနယ်သလင်းကျောက်တွေနဲ့ လေဟာနယ်ကျောက်စိမ်းတွေကို ကျုပ်ကိုယ်စား ဆက်ပြီး ဝယ်ထားပေးဦးနော်‌ ရောင်းရင်းခန်… အချိန်မီ ကျုပ် မလာဖြစ်ခဲ့လို့ရှိရင် နေမင်းပြာကျောင်းတော်ဆီကိုသာ ပို့ထားပေးလိုက်…”

“ကိစ္စမရှိဘူး…” ခန်စစ်ရန်က ခေါင်းညိတ်လိုက်လေသည်။ “ပြီးတော့ နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာတဲ့အတွက် ရောင်းရင်းရန်ကို ဂုဏ်ပြုပါတယ်…”

“အာ… ဘာမှ ဒီလောက်မဟုတ်ပါဘူး.. ဒီတိုင်းပဲ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာရုံပဲ…” ရန်ကိုင်က‌ ခေါင်းခါလိုက်လေသည်။

ခန်စစ်ရန်က သက်ပြင်းချလျက် “ငါတို့ကုန်သွယ်ရေးအဖွဲ့အစည်းလည်း ဖိတ်စာရတယ်… ဒါပေမယ့် လေဟာနယ်သလင်းကျောက်တွေနဲ့ လေဟာနယ်ကျောက်စိမ်းတွေကို လိုက်စုဆောင်းရင်းနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ဘယ်လိုမှကို မလာဖြစ်လိုက်တာ… အားတော့နာပါတယ်ကွာ ရောင်းရင်းရန်ရေ…”

“ရောင်းရန်းခန်ကလည်း… သူစိမ်းတွေမှမဟုတ်တာ… ဘာတွေအားနာနေရတာလဲ..” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။

အရောင်းအဝယ်ပြီးမြောက်သွားသည့်နောက်တွင် ရန်ကိုင်တို့ အလာပ သလာပ စကားများ ခဏမျှ ထိုင်ပြောနေလေ၏။

ခန်စစ်ရန်၏ လက်ရှိအခြေအနေကို မေးမြန်းကြည့်လိုက်ရာ ခန်စစ်ရန်သည် မေပယ်မြို့ထဲရှိ ဆိုင်ခွဲတွင် အတော်လေးကိုမှ အဆင်ပြေပြေရှိနေကြောင်း ကြားလိုက်ရလေသည်။ ခန်စစ်ရန်၏ကျင့်ကြံခြင်းမှာ တာအိုသခင်ပထမအဆင့်သာ ရှိသေးသည့် အတွက်ကြောင့် ပုံမှန်အားဖြင့် သူ့အဖို့ ဤကဲ့သို့သော ဆိုင်ခွဲတစ်ခုတွင် မန်နေဂျာရာထူး ရယူနိုင်ရန် မဖြစ်နိုင်ပေ။ သို့သော်ငြား မေပယ်မြို့အကြောင်းကို အခြားသူများအတွက် ပိုမိုရင်းနှီးနေသည့် အတွက်ကြောင့် အထူးကိစ္စရပ်တစ်ခုအနေဖြင့် မန်နေဂျာရာထူး ရယူနိုင်ခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် အခြားမြို့တစ်မြို့သို့ ပြောင်းရခါနီး ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရန်ကိုင်၏အကူအညီကြောင့် ထိုသို့မပြောင်းလိုက်ရဘဲ မေပယ်မြို့တွင်သာ ဆက်လက် ခြေကုပ်ရယူထားနိုင်ခဲ့လေသည်။

ရန်ကိုင်နှင့်လုပ်ခဲ့သည့် အရောင်းအဝယ်သည် ခန်စစ်ရန်အတွက် အလွန်ကိုမှ အရေးကြီးသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့လေသည်။

လော့ချီကိုယ်တိုင်ကလည်း သူတို့ဆီမှ အားပါးတရ ဝယ်ယူအားပေးသော ရန်ကိုင်အား အတော်လေးကိုမှ တန်ဖိုးထားပေသည်။ ထို့အပြင် ရန်ကိုင်သည် ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းသို့ နှစ်ဝက်ကြာတိုင်း အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေ နှစ်ခုစီ ပေးမည်ဟု ပြောထားခဲ့သည်။ ဤသည်မှာ ရေရှည် စီးပွားရေးတစ်ခု ဖြစ်သည့်အတွက်ကြောင့် ကုန်သွယ်ရေးအဖွဲ့အစည်းမှာလည်း ခန်စစ်ရန်အား အခြားတစ်နေရာဆီသို့ မပြောင်းစေတော့ဘဲ မေပယ်မြို့တွင်သာ မန်နေဂျာရာထူး ဆက်ယူထားခိုင်းခဲ့လေသည်။ တကယ်တော့ ရန်ကိုင်သည် ထိုမွန်းစတားအမြုတေနှစ်ခုပေးမည့် အရောင်းအဝယ်ကို ခန်စစ်ရန်ရှိနေမှသာ ဆက်လုပ်ပေးလိမ့်မည် မဟုတ်လေလော။

ထို့အပြင် လော့ချီသည် လက်ရှိမန်နေဂျာများအနက် ခန်စစ်ရန်အား မျှော်လင့်ချက် အထားဆုံးဖြစ်ကာ အရေးကြီးသည့် ဧည့်သည်ပေါင်းများစွာကိုလည်း ခန်စစ်ရန်လက်ထဲသို့သာ ထည့်ပေးခဲ့လေသည်။ အထူးသဖြင့် ကုဟုန်ဟုခေါ်သော မန်နေဂျာ မေပယ်မြို့ထဲမှ ရုတ်တရက် ထွက်သွားသည့် နောက်ပိုင်းပင်။ ထိုသို့ဖြစ်ပြီးနောက်ပိုင်း ခန်စစ်ရန်သည် ကုဟုန်နှင့် အရောင်းအဝယ်လုပ်နေသည့် ဧည့်သည်အားလုံးကို လက်ခံတာဝန်ယူထားခဲ့လေသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် ခန်စစ်ရန်မှာ မေပယ်မြို့ထဲရှိ ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့၏ မန်နေဂျာခေါင်းဆောင် ဖြစ်နေပြီဟူ၍ပင် ပြော၍ရသည်။

“ကုဟုန် မေပယ်မြို့ထဲက ထွက်သွားတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ (ငါ ဒီကိုလာတုန်းက သူ့ကို မတွေ့တာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူးလေ…)

“ဟုတ်တယ်… ရောင်းရင်းရန် ရောက်လာပြီးတဲ့နောက်ပိုင်း သူ ဒီကနေ အခြားတစ်နေရာဆီ ပြောင်းချင်ပါတယ်ဆိုပြီးတော့ ဌာနချုပ်ကို ဆက်သွယ်လိုက်တာ… ဆိုင်ခွဲမှူးလော့ကလည်း ဘယ်ငြင်းပါ့မလဲ… ချက်ချင်းကို သူ့ကို လွှတ်ပေးလိုက်တာပေါ့…” ခန်စစ်ရန်သည် နားရွက်တက်ချိတ်လုမတတ် ပြုံးနေခဲ့လေသည်။ ပုံမှန်အားဖြင့် ကုဟုန်နှင့် သူမှာ ပြိုင်ဘက်များ ဖြစ်ကြပြီး အစပိုင်းတွင် ကုဟုန်ဘက်မှ အရေးသာနေသည်ဟု ပြော၍ရပေသည်။ သို့သော်ငြား နောက်ဆုံး၌ ရယ်မောနိုင်ခဲ့သည့်လူမှာ သူသာ ဖြစ်သွားခဲ့ရလေ၏။

“သူ ဒီမှာ အလုပ်ဆက်မလုပ်ချင်လို့ နေမှာပေါ့… ဒါကလည်း မင်းကျေးဇူးကြောင့်ပဲ ရောင်းရင်းရန်ရေ…” ခန်စစ်ရန်မှာ ရန်ကိုင်အား ထပ်တလဲလဲကို ကျေးဇူးတင်နေတော့လေ၏။

ခန်စစ်ရန်ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်လျက် အတွေးနက်သွားခဲ့လေသည်။ ထို့နောက် ခန်စစ်ရန်အား ပြန်မေးလိုက်လေသည်။ “သူမသွားခင်တုန်းက သူ့ပုံစံ ဘယ်လိုရှိလဲ…”

ခန်စစ်ရန်မှာ ရန်ကိုင် ဘာကြောင့် ဤကဲ့သို့ မေးလို့ မေးလာမှန်းမသိ။ သို့သော်ငြား ပြန်၍တော့ ဖြေလိုက်လေ၏။ “ကြည့်ရတာ နည်းနည်း လန့်နေသလိုပဲ… အတော်လေးကို စိတ်မသက်သာလည်း ဖြစ်နေတဲ့ပုံပဲ… မသိရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတဲ့ ပုံစံမျိုးကြီးပဲ…”

“ဒီခွေးကောင်တော့ကွာ…” ရန်ကိုင်မှာ ဒေါသတကြီးဖြင့် ထဆဲလေသည်။

“ဘာဖြစ်လို့လဲ…” ခန်စစ်ရန် ကြောင်သွားလေ၏။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “သူ အခု ဘာဖြစ်လို့ မေပယ်မြို့ထဲက ထွက်သွားလဲဆိုတာကို ငါသိသွားပြီ… ငါ သူ့ကို ပြန်လက်စားချေမှာကို အဲ့ကောင်ကြောက်နေတာ…”

ခန်စစ်ရန်က မယုံသင်္ကာဖြင့် မေးလိုက်လေသည်။ “ကုဟုန် ရောင်းရင်းရန်ကို တစ်ခုခုလုပ်ခဲ့လို့လား…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “မင်းတို့ကုန်သွယ်ရေးအဖွဲ့အစည်းမှာ ကိုယ့်ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ရောင်းစားမယ်ဆိုရင် ဘယ်လိုအပြစ်မျိုးနဲ့ ရင်ဆိုင်ရနိုင်လဲ…”

ရန်ကိုင်၏စကားကိုကြားသော် ခန်စစ်ရန်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကတော့ အဆိုးဆုံးပြစ်မှုတွေထဲက တစ်ခုပဲ… သက်သေအထောက်အထားသာ အတိအကျ ပြနိုင်မယ်ဆိုရင် အဲ့စည်းမျဉ်းကို ချိုးဖောက်တဲ့လူက ချက်ချင်း အသတ်ခံရနိုင်တယ်… မင်း ဘာဖြစ်လို့ မေးတာလဲ ရောင်းရင်းရန်…”

ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “မေပယ်မြို့က လေလံပွဲကို တက်ပြီးတော့ မြို့ကနေ ပြန်ထွက်လာတဲ့အချိန် တောင်ပြိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် လီတုန်းကျန်းနဲ့ ငါသွားတိုးတယ်… အစတုန်းကတော့ အဲ့ကောင် ငါ့နောက်ကို ဘယ်လိုခြေရာခံပြီး လိုက်လာလဲပေါ့ စဉ်းစားနေတာ… အခုမှပဲ ဘာလို့မှန်း နားလည်သွားတော့တယ်… တစ်ယောက်ယောက်က ငါ ဘယ်မှာရှိနေလဲဆိုတာကို ပြောပြလိုက်တာကိုး…”

“ဘယ်လို… လီတုန်းကျန်း မင်းလက်မှာ သေသွားတာလား ရောင်းရင်းရန်…” ခန်စစ်ရန် ထိတ်လန့်သွားလေသည်။ လီတုန်းကျန်းသေသွားသည့်အကြောင်း သူလည်း သတင်းကြားပေသည်။ တကယ်တော့ လီတုန်းကျန်းသည် ဂိုဏ်းချုပ်တစ်ဦးဖြစ်သလို ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဖောက်သည်ကြီးတစ်ဦးလည်း မဟုတ်လေလော။ ထို့အတွက်ကြောင့် ထိုကဲ့သို့သော သတင်းမျိုးကို ခန်စစ်ရန် ကြားမိသည်မှာ အထူးအဆန်းမဟုတ်ပေ။ အထူးသဖြင့် ကုဟုန်၏ ဖောက်သည်အားလုံးကို ခန်စစ်ရန်မှ တာဝန်ယူလိုက်ချိန်တွင်ပင်။

လီတုန်းကျန်းသည် မူလက ကုဟုန်၏ဖောက်သည်များအနက် တစ်ဦးဖြစ်ပေသည်။ ထို့အတွက်ကြောင့် ခန်စစ်ရန်မှာ ကုဟုန်၏ ဖောက်သည်အားလုံးကို တာဝန်ယူလက်ခံလိုက်သော် တောင်ပြိုဂိုဏ်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားကာ နှုတ်ဆက်စကားဆိုရလေ၏။ သို့သော်ငြား ထိုနေရာသို့အရောက်တွင် လီတုန်းကျန်းကို မတွေ့ခဲ့ဘဲ လီတုန်းကျန်း သေသွားပြီဟူသည့် သတင်းကိုသာ ကြားခဲ့ရလေသည်။ လီတုန်းကျန်း သေဆုံးသွားသည့်နောက်ပိုင်း တောင်ပြိုဂိုဏ်းမှ ပြိုကွဲသွားခဲ့ရကာ တပည့်များမှာလည်း ဘက်ပေါင်းစုံဆီသို့ ထွက်သွားကုန်ကြလေ၏။

လိုက်လံမေးမြန်းကြည့်ပြီးသည့်နောက်တွင် လီတုန်းကျန်းမှာ လေလံပွဲပြီး မကြာခင်မှာပင် သေသွားခဲ့ကြောင်း ကြားလိုက်ရသည်။ ထိုအကြောင်းကို လူများများစားစား မသိကြ။ လီတုန်းကျန်းအား သတ်သွားသည့်လူ မည်သူဖြစ်သလဲ ဆိုသည်ကိုလည်း မည်သူမှ မသိကြချေ။ ယခု ရန်ကိုင်ပြောသည့်အခါမှသာလျှင် လီတုန်းကျန်းကို သတ်သွားသည့်လူမှာ ရန်ကိုင်ဖြစ်နေကြောင်း ခန်စစ်ရန် နားလည်သွားခဲ့ရခြင်းပင်။

ယခု ရန်ကိုင် ပြောသွားသည်ကို ကြားပြီးသည့်နောက် ကုဟုန်သည် ရန်ကိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို လီတုန်းကျန်းဆီသို့ ထုတ်ပြောခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ထို့နောက်တွင် လီတုန်းကျန်းမှာ ရန်ကိုင် မည်သည့်နေရာတွင် ရှိနေမှန်း သိသွားသည့်အတွက်ကြောင့် ရန်ကိုင်အား ခြုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့လေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်ကို မနိုင်ခဲ့ဘဲ ရန်ကိုင်၏ ပြန်လည်သတ်ဖြတ်ခြင်းသာ ခံလိုက်ရသည်။

ရန်ကိုင်နှင့် လီတုန်းကျန်းတို့ကြားရှိ ရန်ငြိုးရန်စကို ခန်စစ်ရန်လည်း သိပြီးသားပင်။ ထို့အပြင် ကုဟုန်မှ ရန်ကိုင်အား ဘာကြောင့် ရန်လိုနေရသလဲ ဆိုသည်ကိုလည်း ခန်စစ်ရန် သိပေသည်။ ကုဟုန်နှင့် ခန်စစ်ရန်တို့မှာ မန်နေဂျာရာထူးအတွက် ပြိုင်ဆိုင်နေရခြင်း ဖြစ်လေရာ ရန်ကိုင်ကြောင့် ခန်စစ်ရန်၏ရာထူး တည်ငြိမ်သွားသည်ကိုမြင်သော် ကုဟုန်မှာ ဒေါသလည်းထွက် မနာလိုလည်း ဖြစ်လာခဲ့ရလေသည်။

သေချာစဉ်းစားပြီးသည့်နောက် ခန်စစ်ရန်၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ “ဒီကိစ္စက အရမ်းအရေးကြီးတယ်… ရောင်းရင်းရန်… မင်း ဒီမှာ ခဏစောင့်ပေး… ငါ ဒီအကြောင်းကို ဆိုင်ခွဲမှူးလော့ဆီ အရင်သွားပြောပေးမယ်…”

သို့သော်ငြား ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ထားလိုက်ပေတော့… လီတုန်းကျန်းလည်း သေသွားပြီ… ကုဟုန်ကလည်း သူ့ဘာသာသူ အခြားတစ်နေရာဆီ ပြောင်းသွားပြီဆိုမှတော့ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြတော့… ဆိုင်ခွဲမှူးလော့ကို ဒုက္ခပေးနေစရာ မလိုတော့ဘူး…”

ကုဟုန်သည် သူ့အတွက်တော့ ဘာဆိုဘာမှ မဟုတ်ချေ။ ထို့အတွက်ကြောင့် ဒီကိစ္စကို လိုက်လံ၍ အရေးစိုက်နေစရာ မလိုတော့။

ခန်စစ်ရန်ကမူ ခေါင်းခါ၍ အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ရောင်းရင်းရန်… မင်း မသိလို့… ငါတို့ကုန်သွယ်ရေးအဖွဲ့အစည်းက ဂုဏ်သတင်းကို အရမ်းတန်ဖိုးထားတယ်… ဂုဏ်သတင်းဆိုတာမရှိတော့ရင် ဒီလောကကြီးမှာ ဘာစီးပွားရေးမှ လုပ်လို့ရတော့မှာမဟုတ်ဘူး… ဝယ်သူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို အပြင်ဘက်ဆီ ပေါက်ကြားစေလိုက်တဲ့ ကုဟုန်ရဲ့လုပ်ရပ်က လုံးဝကို လက်ခံနိုင်စရာမရှိဘူး… ကုန်သွယ်ရေးအဖွဲ့အစည်းကလည်း ဒီလိုလုပ်ရပ်မျိုးကို လုံးဝ သည်းမခံနိုင်ဘူး… ငါတို့သာ သူ့ကို ဒီတစ်ကြိမ် လွှတ်ပေးလိုက်ရင် ဒီကောင် နောက်တစ်ကြိမ် ထပ်လုပ်ရင်လုပ်မှာ… အဲ့အချိန်ကြရင် ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဂုဏ်သတင်း ထိခိုက်သွားရနိုင်တယ်…”

ခန်စစ်ရန်မှ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဂုဏ်သတင်းအကြောင်း ထုတ်ပြောလာသော် ရန်ကိုင်လည်း ဆက်၍ မငြင်းနိုင်တော့ချေ။ “ဒါပေမယ့် ငါ့မှာ ဘာသက်သေမှမရှိဘူးလေ…”

ခန်စစ်ရန်က ခေါင်းခါလျက် “သက်သေမလိုဘူး… ဒီကိစ္စက ဒီလောက်သိသာနေတာကြီးကို ဆိုင်ခွဲမှူးလော့လည်း မသိဘဲနေမလား…” ထိုသို့ပြောပြီးသည့်နောက် အခန်းထဲမှ ထွက်သွားလေ၏။

ခန်စစ်ရန်သည် ဤအခွင့်အရေးကို အသုံးချ၍ ကုဟုန်အပေါ် လက်စားပြန်ချေနေခြင်းမဟုတ်။ ကုဟုန်နှင့် ခန်စစ်ရန်သည် ပြိုင်ဘက်များ ဖြစ်ခဲ့ကြသလို ကုဟုန်သည် ခန်စစ်ရန်၏စီးပွားရေးကို ထပ်တလဲလဲ နှောင့်ယှက်ခဲ့ပါသော်ငြား ခန်စစ်ရန်သည် စိတ်ထားသေးသိမ်သည့် လူစားမျိုး မဟုတ်။ သူ ယခုကဲ့သို့ လုပ်နေရခြင်းမှာ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဂုဏ်သတင်းအတွက်ကြောင့်သာ ဖြစ်လေသည်။ တကယ်တော့ ငါးခုံးမတစ်ကောင်ကြောင့်ပင်လျှင် တစ်လှေလုံး ပုတ်သွားရနိုင်သည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ထိုသို့မဖြစ်လေအောင် ကြိုတင်တားဆီးနေခြင်းသာ ဖြစ်လေသည်။

တစ်ခဏအကြာ၌ ခန်စစ်ရန် ပြန်ရောက်လာခဲ့လေသည်။ ပြန်ရောက်လာပြီးသည့်နောက်တွင် ခန်စစ်ရန်မှာ ကုဟုန် ဘာဖြစ်သွားမလဲ၊ လော့ချီမှ ကုဟုန်အား မည်ကဲ့သို့ အပြစ်ပေးမလဲ ဆိုသည်ကို ဘာမှမပြောခဲ့ပဲ လော့ချီကိုယ်စားသာ ရန်ကိုင်အား တောင်းပန်လိုက်လေ၏။ ရန်ကိုင်ကလည်း ထိုအကြောင်းကို သွားမေးမနေခဲ့ပေ။ ထို့အပြင် နောက်နောင် ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကုန်ပစ္စည်းများ ဝယ်ယူမည်ဆိုပါက တစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးရမည်ဟုလည်း ခန်စစ်ရန်မှ ရန်ကိုင်အား ပြောပြခဲ့လေသည်။ တစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးမှာ လော့ချီမှ ရန်ကိုင်အား တောင်းပန်သည့်သဘောမျိုးဖြင့် လျှော့ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။ တကယ်တော့ ကုဟုန်၏လုပ်ရပ်ကြောင့် သူ၏ဖောက်သည်ကြီးဖြစ်သော ရန်ကိုင် ခြုံခိုတိုက်ခိုက်ခံခဲ့ရသည် မဟုတ်ပေလော။

ထို့အပြင် ကုဟုန်၏လုပ်ရပ်သည် ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဂုဏ်သတင်းကို ပျက်ပြားစေခဲ့သလို ဤကိစ္စသည်သာ အပြင်ဘက်သို့ ပေါက်ကြားသွားခဲ့မည်ဆိုပါက ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းအနေဖြင့် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ဆက်လက်ယှဉ်ပြိုင်နိုင်တော့လိမ့်မည် မဟုတ်ချေ။ တစ်ဖက်ကုန်သွယ်ရေးအဖွဲ့အစည်းသည် သူတို့နှင့်တွေ့တိုင်း ယခုကဲ့သို့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပေါက်ကြားစေသည့် ကိစ္စကိုသာ အစဖော်လာပေလိမ့်မည်။

တစ်ခဏလောက် အလာပ သလာပများ ထိုင်ပြောနေပြီးသည့်နောက်တွင် ရန်ကိုင်သည် နှုတ်ဆက်စကားဆိုကာ ထွက်လာခဲ့လိုက်လေသည်။ ထိုနေရာမှ ထွက်လာပြီးသည့်နောက် ရန်ကိုင်သည် စိတ်ဝိဉာဉ်ရေကန်မြို့ဆီသို့ တန်းသွားလေ၏။ သွားနေရင်းမှ ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ကာ ရှရှန်းဆီသို့ သတင်းပို့ထားလိုက်သည်။ ထို့အတွက်ကြောင့် ရန်ကိုင်ရောက်လာသည့်အခါ ရှရှန်းသည် အပြုံးကြီးပြုံးလျက် သူ့အား ရပ်စောင့်နေလေ၏။

ရန်ကိုင်ရောက်လာသော် ရှရှန်းသည် ရန်ကိုင်အား ပုခုံးမှ သိုင်းဖက်၍ ပြုံးကာ ပြောလိုက်လေ၏။ “ဂျူနီယာညီလေးရန်… အကြီးအကဲတစ်ယောက်ဖြစ်လာလို့ ဂုဏ်ယူပါတယ်ကွာ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်ကိုမနောက်နဲ့ စီနီယာအစ်ကို…”

“ငါ မင်းကို နောက်နေတာမဟုတ်ဘူးကွ… ဒါ မင်းအတွက်ရော ကျောင်းတော်အတွက်ရော ဝမ်းသာစရာ အဖြစ်အပျက်တစ်ခုပဲလေ… ” ရှရှန်းသည် ရန်ကိုင်၏ပုခုံးကိုပုတ်ရင်းမှ တိုးတိုးလေး ပြောလိုက်လေ၏။ “ပိုအရေးကြီးကတော့ မင်း ကျောင်းတော်ရဲ့ တားမြစ်ချက်ကြီးသုံးခုထဲ နှစ်ခုနဲ့ ကြုံလိုက်ရတယ်ဆို…”

ထိုအကြောင်းကိုမပြောခင် အကုန်လုံး အဆင်ပြေနေပေသေးသည်။ သို့သော်ငြား ရှရှန်းမှ ထိုအကြောင်းကို အစဖော်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ ကောင်းရွှယ်ထင်း အရက်သောက်ရင်း ဓါးရေးပြနေသည့် အဖြစ်အပျက်ကို ပြန်မြင်ယောင်မိသွားကာ သူ့မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေ၏။

ထိုအချင်းအရာကိုမြင်သော် ရှရှန်းက ဝါးလုံးကွဲအော်ရယ်မောလျက် “ကဲ ကဲ… ထားလိုက်ပါတော့ ထားလိုက်ပါတော့… ငါမပြောဘူးလို့ပဲ သဘောထားလိုက်တော့…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၈၉)

ဘာသာပြန်သူ_တိမ်တိုက်

ရှရှန်းသည် ရန်ကိုင်အား သူ့အခန်းထဲသို့ ဖိတ်ခေါ်လိုက်လေသည်။ အခန်းထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်က ပိရန်ယုချင်းအကြောင်းကို မေးကြည့်လိုက်သည်။

“လွန်ခဲ့တဲ့ လဝက်လောက်တုန်းက သူဧကရာဇ်အဆင့်ကို ရောက်သွားတာယ်။ သူ့ကြောင့် ဖြစ်လာတဲ့ မိုးမြေကောင်းချီက တော်တော်လေး အားကောင်းတယ်ကွ” ရှရှန်းက ပြောလိုက်သည်။

“သူဧကရာဇ်အဆင့်ကို ရောက်သွားတာလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ဤသူထင်ထားသည် သူထင်ထားပြီးဖြစ်သလို ထင်မထားသည့် သတင်းတစ်ခုလည်း ဖြစ်သည်။

ပိရန်ယုချင်း၏ အရည်အချင်းအရ သူမအနေဖြင့် စိတ်ဝိဥာဉ်ရေကန်နန်းတော်၏ ကောင်းကင်အဆင့် ကျင့်ကြံရေးအခန်းထဲ၌ နှစ်လခန့်ကြာအောင် ကျင့်ကြံမည်ဆိုလျှင်ပင် ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်ချေ အလွန်နည်းပေသည်။ သူမ၏ သိုင်းပါရမီမှာ သိပ်မကောင်းလှသလို တာအိုသခင်အဆင့်တွင်လည်း နှစ်ပေါင်းများစွာကြာအောင် တစ်ဆို့နေခဲ့ရသည်။ မြင့်မားလှသော သိုင်းတာအို၏ ထိပ်ဆုံးသို့ အရောက်လှမ်းချင်သည့် သူမ၏ စိတ်ဆန္ဒမီးတောက်မှာ ညိုးကျနေခဲ့ပြီ ဖြစ်လေရာ သူမအနေဖြင့် မည်သို့များ အဆင့်တက်နိုင်တော့ပါမည်နည်း။ တာအိုသခင်တတိယအဆင့်သည် သူမ ရောက်ရှိနိုင်သည့် အမြင့်ဆုံးသော အဆင့်တစ်ခု ဖြစ်ပေသည်။

သို့သော်ငြား ခို့ဝူ၏ သေဆုံးမှုသည် သူမ၏ အားကောင်းလာချင်စိတ်ကို လှုံ့ဆော်ပေးခဲ့သည်။ ထို့အပြင် ရန်ကိုင်ဆီမှကလည်း အရင်းအမြစ်ကျောက်များ၊ ဧကရာဇ်အဆင့်ဆေးလုံးများ ရရှိထားသေးလေရာ သူမအဖို့ ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်ဖို့ အချိန်သာ လိုအပ်ပေသည်။

မည်သို့ပင် ဖြစ်စေကာမူ ပိရန်ယုချင်း အဆင့်ချိုးဖျက်သွားသည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော် အတွက် နောက်ထပ် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ထပ်တိုးလာတော့မည် ဖြစ်လေရာ ရန်ကိုင် အတွက်တော့ သတင်းကောင်းတစ်ခုပင် ဖြစ်လေသည်။

စိတ်ဝိဥာဉ်ရေကန်းနန်းတော်ကို တည်ထောင်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ထိုနှစ်များအတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နောက်တစ်ဆင့်သို့ တက်လိုတက်ငြား ဤနေရာသို့လာကာ ကံစမ်းကြသည်။ သို့သော်ငြား လူများများစားစား ဧကရာဇ်အဆင့်သို့ တက်နိုင်ခဲ့ကြသည်တော့မဟုတ်။ ထိုအကြောင်းကြောင့်ပင်လျှင် ပိရန်ယုချင်း၏ အဆင့်တက်မှုသည် စိတ်ဝိဥာဉ်ရေကန်မြို့ထဲ အတော်လေးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့လေသည်။ အထူးသဖြင့် စိတ်ဝိဥာဉ်ရေကန်နန်းတော်၌ ကျင့်ကြံခွင့်ရဖို့ရာ တန်းစီစောင့်ဆိုင်းနေကြသူများအတွက် မျှော်လင့်ချက်တစ်ခုကို မြင်တွေ့လိုက်ရသလို ဖြစ်သွားခဲ့လေသည်။

“လွန်ခဲ့တဲ့ လဝက်လုံးလုံး သူ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်နေခဲ့တာဆိုတော့ နောက်ထပ်ရက်နည်းနည်းလောက် ကြာရင် တံခါးပိတ်ကျင့်စဉ် ဝင်နေတာကနေ ထွက်လာလောက်တယ်” ရှရှန်းက ပြုံး၍ ပြောလိုက်သည်။

“ကောင်းတယ်” ရန်ကိုင် ဝမ်းသာအားရ ခေါင်ညိးတ်လိုက်လေသည်။

“ဂျူနီယာညီလေး၊ မင်းအခြားလုပ်စရာရှိသေးလား” ရှရှန်းက ရုတ်တရက် ခေါင်းစဉ်ပြောင်း၍ မေးလိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်၏ “ကြယ်ဝိဥာဉ်နန်းတော်ဆီတော့ သွားစရာရှိတယ်။ အဲ့ဒါကလွဲပြီး အခြား ဘာမှတော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲ စီနီယာအစ်ကို”

“ကြယ်ဝိဥာဉ်နန်းတော်...” ရှရှန်း ကြောင်သွားခဲ့လေသည်။ သို့သော် ရန်ကိုင် ကြယ်ဝိဥာဉ်နန်းတော်သို့ ဘာကြောင့် သွားမလဲဆိုသည်ကိုတော့ သွားမမေးခဲ့ဘဲ ခဏမျှ စဉ်းစားနေပြီးနောက် ပြန်မေးလိုက်လေ၏ “ဘယ်လောက်ကြာမလဲ”

“တစ်လလောက်၊ နှစ်လလောက်လည်း ဖြစ်သွားနိုင်တယ်”

“အဲ့ဒါဆိုရင် အချိန်လောက်ပါတယ်” ရှရှန်းက ထိုသို့ ရေရွတ်လိုက်ပြီးနောက် “ငါမင်းဆီကနေ အကူအညီ တစ်ခု တောင်းချင်လို့”

“ဘာအကူအညီတောင်းမလို့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

သို့သော်ငြား ရှရှန်းသည် ရန်ကိုင်အမေးကို ပြန်မဖြေခဲ့ဘဲ အခန်းတစ်ခန်းဘက်သို့ လှည့်၍သာ အော်ပြောလိုက်လေ၏ “ရှောင်ဟွာ၊ ထွက်လာတော့လေ။ နင်လည်း ဂျူနီယာညီလေးရန်ကို သိနေတာပဲကို။ ဘာတွေ ပုန်းနေရတာလဲ”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် ကြည့်နေသည့် အခန်းထဲဆီမှ အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။

“နန်းတော်သခင်ဟွာလား” ထိုရုတ်တရက် ပေါ်လာသည့် အမျိုးသမီးကို မြင်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။

ဤအမျိုးသမီးသည် ပန်းတစ်ရာနန်းတော်၏ နန်းတော်သခင် ဟွာယုလုမှလွဲ၍ အခြားမဟုတ်ချေ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် ရန်ကိုင်သည် ဟွာယုလုနှင့် နေမင်းပြာကျောင်းတော်၌ တွေ့ခဲ့သေးသည်။ ထို့ကြောင့် သူမအား ဤနေရာတွင် ထပ်လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုနေ့က ဟွာယုလုမှာ ရှရှန်းအကြောင်းကို မေးခဲ့လေသည်။ ရန်ကိုင်မှ ရှရှန်းကို စိတ်ဝိဥာဉ်ရေကန်နန်းတော်၌ တွေ့နိုင်သည်ဟု ပြောလိုက်သည့်နောက် ဤနေရာသို့ တန်းလာခဲ့သည့်ပုံပင်။

ထိုအခန်းထဲတွင် အခြားလူတစ်ဦး ရှိနေမှန်း ရန်ကိုင် သိထားပါသော်ငြား တစ်ဖက်လူမှ လူလုံး ထွက်မပြလာချင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း အတွင်းကျကျ သွားစစ်ဆေးမနေခဲ့ချေ။

(ယောကျာ်းတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်... အခန်းတစ်ခန်းထဲမှာ ရှိနေကြတာ...) ရန်ကိုင်သည် ဟွာယုလုအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။

ဟွာယုလု၏ မျက်နှာလေးမှာတော့ နီမြန်းနေခဲ့လေသည်။ ရန်ကိုင်အနားသို့ ရောက်လာသည့်အခိုက် ဦးညွှတ်လျက် ပြောလိုက်လေ၏ “မင်္ဂလာပါ အကြီးအကဲရန်”

“နန်းတော်သခင်ဟွာ အခုလိုတွေ လုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ဟွာယုလုသည် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသည့် လူတစ်ဦးဖြစ်သည် ပန်းတစ်ရာနန်းတော်၏ နန်းတော်သခင်လည်း ဖြစ်သည်။ သို့သော်ငြား ရှရှန်းနှင့် သူမကြားရှိ ဆက်ဆံရေးကို သေချာမသိရသေးသည့်အတွက်ကြောင့် ဟွာယုလုမှ သူ့အပေါ် အလွန်ယဉ်ကျေးနေသည်ကို မြင်သော် ရန်ကိုင်စိတ်ထဲ မသက်မသာ ဖြစ်သွားခဲ့ရလေသည်။ ထို့ကြောင့် ရှရှန်းဘက်သို့ အမြန်လှည့်၍ မေးလိုက်လေ၏ “စီနီယာအစ်ကို၊ မင်းငါ့ဆီကနေ တောင်းချင်တဲ့ အကူအညီက နန်းတော်သခင်ဟွာနဲ့ ပက်သက်နေတာလား”

ရှရှန်းက ယဲ့ယဲ့လေးပြုံးလျက် “ဟုတ်တယ်။ ရှောင်ဟွာနဲ့ ပက်သက်နေတာ” ထို့နောက်တွင် ဟွာယုလုဘက်သို့ လှည့်၍ “ရှောင်ဟွာ၊ ဘာလို့ နင်ကိုယ်တိုင် ရှင်းမပြလိုက်တာလဲ”

ဟွာယုလုက ခေါင်းညိတ်ပြလိုက်ပြီးနောက် စရှင်းပြလိုက်လေသည် “ဒီလိုပါ အကြီးအကဲရန်... ဟိုတစ်လောက ကျွန်မ တောင်ပိုင်းနွံအိုင်ဆီ ဆေးပင်ရှာဖို့ သွားတော့ အဲ့မှာ ရှေးဟောင်းလိုဏ်ဂူစံအိမ်တစ်လုံးနဲ့ အမှတ်မထင် သွားတွေ့တယ်...”

“ရှေးဟောင်းလိုဏ်ဂူစံအိမ်” ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။

“ဟုတ်တယ်” ဟွာယုလု ခေါင်းညိတ်ပြလိုက်သည် “ရှေးဟောင်းလိုဏ်ဂူစံအိမ်ဆိုတာ သေချာတယ်။ အဲ့လိုဏ်ဂူကနေ ရှေးကျတဲ့အရှိန်အဝါတွေကို ရတယ်။ လိုဏ်ဂူပိုင်ရှင် ဘယ်သူလဲ မသိပေမယ့် အဲ့တုန်းက ကျွန်မအပါအဝင် လူသုံးယောက် လိုဏ်ဂူထဲကို ဝင်သွားကြည့်တယ်။ အစပိုင်းမှာ အကာအရံတစ်ခုနဲ့ တိုးတယ်။ အဲ့အကာအရံက တော်တော်လေး ပျက်စီးနေတာဆိုတော့ အကုန်ကြိုးစားပြီးတော့ ဖျက်စီးနိုင်ခဲ့တယ်။ ဒါပေမယ့် အထဲကို ဆက်ဝင်သွားတဲ့နောက်ပိုင်း ပိုပြီးအားကောင်းတဲ့ အကာအရံတွေနဲ့ ထပ်တိုးတယ်။ တဖြည်းဖြည်းနဲ့ အဲ့က အကာအရံတွေကို ဖျက်စီးပြီး အထဲကို ဝင်လာနိုင်ခဲ့ပေမယ့် အကာအရံတစ်ခုနဲ့မှာ ရှေ့ဆက်သွားလို့မရတော့ဘူး။ အဲ့ဒါကို ကျွန်မတို့ ဘယ်လိုပဲ ကြိုးစားဖျက်စီးဖျက်စီး ဖျက်စီးလို့မရခဲ့ဘူး”

“ဘာလို့ ခင်ဗျားနဲ့အတူ အခြားလူနှစ်ယောက်ပါ ရှိနေရတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့သည်။

ဟွာယုလုက ပြန်ရှင်းပြလိုက်လေသည် “တောင်ပိုင်းနွံအိုင်က အန္တရာယ်များတယ်ဆိုပေမယ့် အခွင့်အလမ်းတွေ အများကြီးနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဆိုလည်း ဟုတ်တယ်။ တစ်ချိန်တုန်းက တောင်ဘက်နယ်မြေဆိုတာ ရှေးဟောင်းကျင့်ကြံသူတွေအများကြီး စုဝေးခဲ့တဲ့ နေရာတစ်ခုတဲ့။ ဒီတော့ အဲ့မှာ အဖိုးတန်ရတနာတွေ အများကြီးပဲရှိတယ်။ ပြီးတော့ အဲ့က အခြေအနေကြောင့် အဲ့မှာ ရှားပါးအဖိုးတန်တဲ့ ဆေးပင်တွေလည်း ပေါ်လာနိုင်တယ်။ ဒါကြောင့်ပဲ နှစ်စဉ်နှစ်တိုင်း ကျင့်ကြံသူတွေ တောင်ပိုင်းနွံအိုင်ဆီသွားပြီး ကံစမ်းကြည့်ကြတာ။ ရှေးဟောင်းလိုဏ်ဂူပွင့်သွားတုန်းက ဘေးပတ်ဝန်းကျင်ကိုပါ နည်းနည်း ရိုက်ခတ်သွားတယ်လေ။ ဒါကြောင့် အနီးအနားမှာ ရှိနေတဲ့ အခြားနှစ်ယောက်က လိုဏ်ဂူရှိနေမှန်း သတိထားမိသွားကြတာ”

ဟွာယုလု ရှင်းပြသည်ကို နားထောင်ပြီးနောက် ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။

ဟွာယုလုက ဆက်ပြောပြလိုက်သည် “အဲ့လူနှစ်ယောက်မှာ တစ်ယောက်က အစီအရင်တွေအကြောင်း သိတယ်။ သူပြောတာတော့ ကျွန်မတို့ ခွန်အားသက်သက်နဲ့ဆို အဲ့အကာအရံကို ဖျက်စီးနိုင်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်ပဲ အခြားလူတွေဆီကနေ အကူအညီ လိုက်တောင်းရတာ။ နှစ်ဝက်နေရင် တောင်ပိုင်းနွံအိုင်မှာ ပြန်တွေ့ဖို့ ကျွန်မတို့ ချိန်းထားတယ်”

“ဒါကြောင့်ပဲ စီနီယာအစ်ကိုရှဆီ လာအကူအညီတောင်းတာပေါ့” ရန်ကိုင် နားလည်သွားခဲ့သည်။

ဟွာယုလုက ခါးသက်စွာပြုံးလျက် “အခြားဧကရာဇ်အဆင့် ပညာရှင်တွေကို သိပေမယ့် သူတို့က ယုံရတာ မဟုတ်ဘူးလေ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

နောက်ကျောကို ဓါးနှင့်ထိုးသည်မှာ ကျင့်ကြံခြင်းလောကကြီးတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အရာများ ဖြစ်ကြသည်။ ထို့ကြောင့် အလုပ်တစ်ခုကို အတူတူ ပူးပေါင်းလုပ်ဆောင်သည့် အခါ ယုံရသည့် လူများဆီမှ အကူအညီတောင်းသည်မှာ အကောင်းဆုံး ဖြစ်ပေသည်။ သို့မှသာ နောက်ကျောဓါးနှင့်ထိုးခံရသည့် အရေးမှ ရှောင်ရှားနိုင်ပေလိမ့်မည်။

ရှရှန်းက ဝင်ပြောလိုက်သည် “အခုလောလောဆယ် ငါက ဒီကနေ ခွာမရလို့ကွ။ အနည်းဆုံး ဒီမှာ သုံးနှစ်လောက်နေရမှာ။ အဲ့မတိုင်ခင် ဒီကနေ ခြေတစ်ဖဝါးတောင် ခွာလို့မရဘူး။ အဲ့ဒါကြောင့်သာ မဟုတ်ရင် မင်းကို အနှောင့်အယှတ်‌ မပေးပါဘူးကွာ”

“ကိစ္စမရှိပါဘူး။ အဲ့လိုဏ်ဂူစံအိမ်ကို သွားရှာဖွေရုံပဲမလား...” ရန်ကိုင်က ဟွာယုလုဘက်သို့လှည့်၍ “ဒါပေမယ့် ကျန်တဲ့နှစ်ယောက်က ယုံရလို့လား”

ဟွာယုလုက ပြန်ပြောလိုက်သည် “ပထမဆုံးအကြိမ် တွေ့ဖူးကြတဲ့လူတွေဆိုတော့ ယုံတော့ မယုံရဘူးပေါ့... ဒါပေမယ့် သူတို့ကလည်း ဧကရာဇ်ပထမအဆင့်တွေပဲမို့လို့ အရမ်းကြီး အရေးမစိုက်တာ။ ကျွန်မ သူတို့ကို မယုံသလိုပဲ သူတို့ကလည်း ကျွန်မကို မယုံဘူး။ ဒါကြောင့် ကိုယ်တွင်းနတ်ဆိုးကို တိုင်တည်ပြီး ကျိန်ဆိုထားခဲ့တယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ လျှောက်မပြောကြဖို့ပေါ့။ ပြီးတော့ လူခေါ်လာတဲ့ အခါကျရင်လည်း တစ်ယောက်ကို လူတစ်ယောက်ပဲ ခေါ်လာလို့ရပြီး အဲ့ခေါ်လာမယ့် လူကလည်း အများဆုံး ဧကရာဇ်ဒုတိယအဆင့်ပဲ ဖြစ်လို့ရမယ်။ အဲ့ထက်ပိုလို့မရဘူး”

“ကျုပ်သိပြီ...” ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။

ကိုယ်တွင်းနတ်ဆိုးမှာ စကားသက်သက်သာ ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်သို့ ရောက်ထားသည့် ကျင့်ကြံသူတစ်ဦး အလွယ်တကူ တိုင်တည်ကျိန်ဆိုနိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။ သူတို့သည်သာ ကိုယ့်စကားကိုယ်မတည်ပါက၊ နောက်ပိုင်း ကျင့်ကြံသည့်အခါတွင် ကိုယ်တွင်းနတ်ဆိုးနှင့် ကြုံရနိုင်ပေသည်။ ကိုယ်တွင်းနတ်ဆိုးသည် အဆင့်တက်သည့် အခါမျိုးတွင် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်လှပေသည်။

“ကျွန်မထင်တာသာမှန်ရင် အဲ့လူတွေ သူတို့ကို ကူညီပေးဖို့ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တွေကို ကျိန်းသေ လိုက်ရှာမှာ” ဟွာယုလုက ရန်ကိုင်ကို ကြည့်၍ ပြောလိုက်၏ “အကြီးအကဲရန် ကူညီလို့ အဆင်မပြေဘူးဆိုရင်တော့ ရပါတယ်။ ကျွန်မ အခြားတစ်နည်း စဉ်းစားရတာပေါ့”

သူမအနေဖြင့် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးကို မရှာနိုင်ခြင်းမဟုတ်ဘဲ၊ ထိုလူနှင့် အတူတကွ မပူးပေါင်းနိုင်ခြင်းသာ ဖြစ်လေသည်။ ရှရှန်းသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါသော်ငြား သူသည် နေမင်းပြာကျောင်းတော်၏ တပည့်ခေါင်းဆောင် ဖြစ်လေရာ သူသေကိုယ်သေတိုက်ပွဲ၌ ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးလျှင်ပင် သူ့အား အလွယ်တကူ မသတ်နိုင်ချေ။

ရန်ကိုင်ကမူ… သူမည်မျှအားကောင်းကြောင်း ဟွာယုလု သိပြီးသားပင်။ ကြယ်ဝိဥာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးကိုပင် ဒဏ်ရာရအောင် လုပ်နိုင်သည့် ခွန်အားမျိုးသည် သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်နိုင်သည့် ခွန်အားမျိုး မဟုတ်ချေ။ အနည်းဆုံးတော့ ရန်ကိုင်သည် ရှရှန်းနှင့် အဆင့်တူတွင် ရှိပေသည်။

ဘေးနားတွင်ရှိနေသော ရှရှန်းက ပြောလိုက်လေသည် “ဂျူနီယာညီလေးရန် ငါ့ကို အားမနာနဲ့နော်။ ငါက ဒီအတိုင်း မေးကြည့်ပေးရုံပဲ။ အဆင်ပြေမပြေ မင်းဘာသာမင်းပဲ ဆုံးဖြတ်”

ရန်ကိုင်က ပြုံး၍သာ ပြန်ပြောလိုက်လေသည် “ကျုပ်လည်း အဲ့ရှေးဟောင်းလိုဏ်ဂူစံအိမ်ကို စိတ်ဝင်စားတယ်”

ထိုစကားကိုကြားသည့်အခါ ဟွာယုလု၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည် “အကြီးအကဲရန် သဘောတူတယ်ပေါ့”

ရန်ကိုင်သည် သူမ၏အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည် “ခင်ဗျားတို့တွေ ဘာလို့ အဲ့ရှေးလိုဏ်ဂူစံအိမ်ကို ဒီလောက်တောင် စိတ်ဝင်စားနေတာလဲ။ လူတွေတောင် မရမက လိုက်ရှာတယ်ဆိုတော့။ ခင်ဗျားတို့တွေ အဲ့လိုဏ်ဂူတွေထဲကနေ ဘာတွေများ ရလိုက်လို့လဲ”

“ရတာကတော့ ရလိုက်တာပေါ့” ဟွာယုလုက ပြန်ပြောလိုက်သည် “အကြီးအကဲရန် မမေးရင်တောင် ကျွန်မက ရှင်းပြဦးမလို့ပဲ။ ကျွန်မတို့ သုံးယောက်ပေါင်း လိုဏ်ဂူစံအိမ် အတွင်းပိုင်းထဲကို မရောက်လိုက်ပေမယ့် အပြင်ဘက်က အကာအရံတွေကို ဖျက်စီးပြီးတော့ ရတနာအတော်များများတော့ ရလိုက်တယ်။ ဒါ အဲ့ကနေ ကျွန်မ ရလာတဲ့ ပစ္စည်းတစ်ခုပဲ”

ထိုသို့ပြောပြီးနောက်တွင် ဗုံလေးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ထိုဗုံလေးမှာ ဘာမှမထူးခြားလှဘဲ လက်တစ်ဝါးစာ အရွယ်အစားလောက်သာ ရှိပေသည်။ သို့သော်ငြား လက်ရှိတွင် ဗုံလေးဆီမှ အလွန်ကိုမှ ထူးခြားသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့၏။

ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး အထိတ်တလန့် အမူအရာဖြင့် “ရှေးဟောင်းမှော်ရတနာလား”

ဤဗုံလေးသည် သန့်စင်ပြီး ရှေးကျသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသဖြင့် တောင်နဲ့မြစ်ခေါင်းလောင်ကဲ့သို့ ရှေးဟောင်းမှော်ရတနာတစ်ခု ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ရှေးခေတ်အခါက မိုးမြေစွမ်းအင်နှင့် လောကနိယာမစွမ်းအားတို့သည် ယနေ့ခေတ် မိုးမြေစွမ်းအင်၊ လောကနိယာမတို့နှင့် အလွန်ကွဲပြားပေသည်။ ထိုအကြောင်းကြောင့် ထိုနေ့ခေတ်က အသုံးပြုခဲ့သော မှော်ရတနာများမှာလည်း ယနေ့ခေတ် မှော်ရတနာများနှင့် မတူကွဲပြားနေရခြင်းပင်။ သို့သော်ငြား ရှေးခေတ်အချိန်က အသုံးပြုခဲ့ပြီး ယနေ့ထိတိုင် တည်ရှိနေသေးသော မှော်ရတနာများမှာတော့ အမှန်တကယ်ကို အားကောင်းလှပေသည်။

ပြဿနာကား ရှေးဟောင်းမှော်ရတနာများမှာ အရေအတွက် အလွန်ကိုမှ နည်းပါးနေရခြင်းပင်။ လွန်ခဲ့သော နှစ်များအတွင်း လူများများစားစားသိသည့် ရှေးဟောင်းမှော်ရတနာဆို၍ တောင်နဲ့မြစ်ခေါင်းလောင် တစ်ခုသာ ရှိခဲ့သည်။ အခြားသော လူမသိသူမသိ ရှေးဟောင်းမှော်ရတနာများလည်း ပေါ်လာခဲ့လိမ့်မည် ဖြစ်သော်ငြား ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် ရှိနေသော ရှေးဟောင်းမှော်ရတနာများကို ရေတွက်ကြည့်ပါက လက်ဆယ်ချောင်းပင် ပြည့်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ယခုတွင်မူ ဟွာယုလု၏ လက်ထဲ၌ ရှေးဟောင်းမှော်ရတနာတစ်ခု ရှိနေခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၉၀)

ဘာသာပြန်သူ_တိမ်တိုက်

“ဒီဝိဥာဉ်ခေါ်ဗုံက စိတ်ကို တုန်ခါသွားအောင် လုပ်နိုင်တယ်။ အရမ်းကြီးတော့ မပြင်ပေမယ့် အလစ်ချောင်း တိုက်ခိုက်တာမျိုးအတွက် အထူး ဖန်တီးထားတာဆိုတော့ ဒါနဲ့ဆို ရန်သူတွေကို အလစ်အငိုက်ချောင်း တိုက်ခိုက်လို့ရတယ်” ထိုသို့ပြောပြီးနောက် ဟွာယုလုသည် ဗုံကို အသာအယာ ပုတ်လိုက်လေသည်။ မည်သည့်အသံမှ ထွက်လာခြင်း မရှိပါသော်ငြား မမြင်နိုင်သည့် လှိုင်းတစ်လှိုင်းသည် ထက်ရှသည့် ဓါးတစ်ချောင်းနှယ် ရန်ကိုင်၏ အသိစိတ်ပင်လယ်ကို ဖြတ်တောက်ရန် လာရောက်ကြိုးစားလေ၏။

ရန်ကိုင်မှာ သူ့ကိုယ်သူ ကြိုတင် မကာကွယ်ထားသည့်အတွက်ကြောင့် သူ့စိတ် မသိမသာလေး တုန်ခါသွားခဲ့ရသည်။ ဟွာယုလု ပြောသလိုပင် ဝိဥာဉ်ခေါ်ဗုံ၏ စွမ်းအားမှ မပြင်းလှသည့်အတွက်ကြောင့် ရန်ကိုင်၏ အသိစိတ်ပင်လယ်အား ထိုးဖောက်နိုင်ခဲ့ခြင်း မရှိချေ။ ဝိဥာဉ်ခေါ်ဗုံ၏ စွမ်းအား ဤမျှ နည်းပါးနေရခြင်းမှာ ဟွာယုလုမှ ဝိဥာဉ်ခေါ်ဗုံအား အပြည့်အဝ မသန့်စင်ရသေးသည့် အတွက်ကြောင့်လည်း ပါပေသည်။

အဆင့်တူသည့် လူနှစ်ဦး ထိပ်တိုက်တိုက်ခိုက်နေကြသည့် အတောအတွင်း တစ်ဦးသည်သာ ဝိဥာဉ်ခေါ်ဗုံကို မသိမသာလေး ထုတ်သုံးကာ တစ်ဖက်လူအား အလစ်အငိုက်ဖမ်းနိုင်မည်ဆိုပါက တိုက်ပွဲရေချိန်ကို ပြောင်းလဲသွားစေနိုင်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝိဥာဉ်ခေါ်ဗုံသည် ဧကရာဇ်အဆင့် မှော်ရတနာ အများစုထက်ပင် ပိုအသုံးဝင်ပေသေးသည်။

“တကယ်ကို မဆိုဘူးပဲ” ဝိဥာဉ်ခေါ်ဗုံစွမ်းအားကို သိပြီးနောက် ရန်ကိုင်က ချီးကျူးလိုက်လေ၏။

ဟွာယုလုက ပြန်၍ ပြောလိုက်လေသည် “အကြီးအကဲရန် ချီးကျူးလွန်းနေပါပြီ”

ရန်ကိုင်က ပြန်မေးလိုက်လေ၏ “ခင်ဗျားက ဝိဥာဉ်ခေါ်ဗုံရတယ်ဆိုတော့ ကျန်တဲ့ နှစ်ယောက်ကကော ဘာရသွားလဲ”

“တစ်ယောက်က ကျင့်စဉ်တစ်ခုရသွားတယ်။ သူဘာမှမပြောတော့ ဘယ်လို ကျင့်စဉ် ရသွားလဲဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမယ့် သူ့ပုံစံကို ကြည့်ရသလောက်တော့ အဲ့ကျင့်စဉ်က တော်တော် အားကောင်းလောက်တယ်။ အခြားတစ်ယောက်ကတော့ ဘာမှမရပေမယ့် သူ့ကျင့်ကြံခြင်းကတော့ တော်တော် မြင့်တက်သွားတယ်။ လိုဏ်ဂူထဲကို ဝင်တုန်းက အဲ့တစ်ယောက်က ကျွန်မတို့ သုံးယောက်ထဲမှာ အားအနည်းဆုံးပဲ။ သူဧကရာဇ်ပထမအဆင့်ကို ရောက်ထားတာ မကြာသေးဘူး။ ဒါပေမယ့် လိုဏ်ဂူထဲကနေ ပြန်ထွက်လာလည်းလာရော၊ သူက ကျွန်မတို့ သုံးယောက်ထဲမှာ အားအကောင်းဆုံး ဖြစ်နေကော”

“ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတော့ ချက်ချင်းကြီး အားကောင်းသွားအောင် လုပ်ပေးနိုင်တာလား” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းကို သိသိသာသာ မြှင့်တင်ပေးနိုင်သည့် အခွင့်အလမ်းများမှာ အလွန်ကိုမှ ရှားပါလှပေသည်။ ထို့ကြောင့် ဟွာယုလုတို့ သွားခဲ့သည့် လိုဏ်ဂူစံအိမ် ပိုင်ရှင်မှာ အလွန်ကိုမှ အားကောင်းသည့် လူတစ်ဦး ဖြစ်ရပေလိမ့်မည်။ လိုဏ်ဂူအပြင်ပိုင်းကို ရှာဖွေခဲ့ရုံဖြင့် ထိုကဲ့သို့သော အကျိုးအမြတ်များကို ရခဲ့လျှင် အတွင်းပိုင်းကိုသာ သွားရှာဖွေကြည့်မည်ဆိုပါက မည်သို့သော အကျိုးအမြတ်များကိုပင် ရလိမ့်မည်နည်း။

အစကတော့ ရှရှန်း မျက်နှာကိုထောက်၍ ဟွာယုလုကို ကူညီပေးချင်ခဲ့သည်ဆိုပါက၊ ယခုအချိန်တွင်တော့ ရန်ကိုင် ကိုယ်တိုင်သည်လည်း ထိုလိုဏ်ဂူစံအိမ်ကို တကယ်ကြီး စိတ်ဝင်စားမိနေပြီဟု ပြော၍ရပေသည်။

“အကြီးအကဲရန်၊ စိတ်ဝင်စားတယ်ဆိုရင် ကျွန်မတို့ တောင်ပိုင်းနွံအိုင်မှာ နှစ်လနေရင် တွေ့ကြမယ်လေ” ဟွာယုလုက ရန်ကိုင်ကိုကြည့်၍ ပြောလိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်နှင့် ဟွာယုလုသည် အချင်းချင်း ဆက်သွယ်နိုင်ရန်အတွက် တစ်ဖက်လူ၏ ဆက်သွယ်ရေးမှော်ရတနာထဲ ဝိဥာဉ်အမှတ်အသားကိုယ်စီကို ချန်ရစ်ခဲ့ကြလေသည်။ ထိုနည်းဖြင့် သူတို့ နှစ်ဦးသည်သာ တစ်ဦးနှင့်တစ်ဦး အလွန်ကိုမှ မဝေးသရွေ့ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်ကြပေလိမ့်မည်။

“ကဲဒါဆို ရှောင်ဟွာကို မင်းလက်ထဲ အပ်ထားလိုက်မယ်နော် ဂျူနီယာညီလေး” ရှရှန်းက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်၏ “စိတ်မပူနဲ့ စီနီယာအစ်ကို၊ နန်းတော်သခင်ဟွာ ဘာမှ မဖြစ်စေရဘူး”

ရှရှန်းမှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပါသော်ငြား ဟွာယုလုမှာတော့ ရှက်သွေးဖြာသွားခဲ့လေသည်။ ထို့နောက် ရှရှန်းဆီသို့ မသိမသာလေး ချောင်းကြည့်လိုက်ရာ သူမ မျှော်လင့်ထားသလို ဖြစ်မလာသည့် အတွက်ကြောင့်လား မသိ၊ စိတ်ပျက်သွားခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်လည်း ဟွာယုလုနှင့် ရှရှန်းကြားရှိ ဆက်ဆံရေးကို အနည်းအကျဉ်းတော့ ခန့်မှန်းမိသွားလေသည်။

“ဒီရက်ပိုင်း ငါစိတ်ဝိဥာဉ်ရေကန်နန်းတော်မှာ ရှိနေမယ်။ ပိရန်ယုချင်း ထွက်လာရင် ငါ့ကို လှမ်းခေါ်လိုက်နော် စီနီယာအစ်ကို”

“စိတ်မပူနဲ့” ရှရှန်းက ပြန်ပြောလိုက်သည် “သူထွက်လာတာနဲ့ ငါမင်းကို ချက်ချင်း လှမ်းအကြောင်းကြားလိုက်မယ်”

ထို့နောက်တွင် ရန်ကိုင် ထွက်သွားလေ၏။ သို့သော်ငြား ခြေတစ်လှမ်း၊ နှစ်လှမ်း လှမ်းပြီးရုံတင်ရှိသေး၊ ချက်ချင်း နောက်သို့ ပြန်လှည့်လာလျက် မေးလိုက်လေ၏ “ဒါနဲ့၊ ခင်ဗျားတို့ ဖျက်စီးလို့မရတဲ့ အကာအရံက ဘယ်လိုပုံစံမျိုးလဲဆိုတာ မှတ်မိသေးလား၊ နန်းတော်သခင်ဟွာ”

ရန်ကိုင်၏ အမေးကို ကြားကြားချင်း ဟွာယုလု ကြောင်သွားခဲ့ပါသော်ငြား ချက်ချင်းပဲ ခေါင်းညိတ်လျက် “မှတ်မိတယ်။ အကြီးအကဲရန် ကြည့်ကြည့်ချင်လို့လား။ ကျွန်မ ဆွဲပြလို့ရတယ်”

“ဆွဲပြနိုင်ရင် ကောင်းတာပေါ့”

ဟွာယုလုက ခေါင်းညိတ်၍ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ကာ ကောင်းကင်စိတ်အာရုံဖြင့် ထိုကျောက်စိမ်းပြားထဲ သူမ မြင်ခဲ့သည့်ပုံစံကို ဆွဲပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားကို ရန်ကိုင်ဆီသို့ ပေး၍ “ဒါက အဲ့အကာအရံပဲ။ ကျွန်မကိုယ်တိုင်က အစီအရင်တွေအကြောင်း နားမလည်လို့ လိုရမယ်ရ ဒီအတိုင်းပဲ မှတ်လာလိုက်တာ”

“ကျုပ်လည်း အစီအရင်တွေအကြောင်း သိတာမဟုတ်ဘူး။ အခြား တစ်ယောက်ကို သွားမေးကြည့်မလို့” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

“နန်းတော်သခင်ရန်ရဲ့ အသိထဲမှာ အစီအရင်အကြောင်းသိတဲ့လူ ရှိတာလား။ အဲ့ဒါဆို အဆင်ပြေသွားတာပေါ့။ အစကတော့ ဒီကိစ္စပြီးရင်း ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသွားစုဆီသွားမလို့။ အခုတော့ အဲ့လိုလုပ်စရာ မလိုတော့တဲ့ပုံပဲ”

ကောင်းကင်မြစ်တောင်ကြားမှ ကုန်းမိသွားစုသည် တောင်ဘက်နယ်မြေအတွင်း အစီအရင်ပညာကြောင့် နာမည်ကျော်ကြားသည့် မိသားစုတစ်ခု ဖြစ်ပေသည်။ ဟွာယုလု ကိုယ်တိုင်မှာ အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အခြား ဧကရာဇ်အဆင့် ပညာရှင်နှစ်ယောက်ကို စုံလုံးမှိတ်ကာ ယုံလိမ်မည် မဟုတ်ချေ။ ထို့ကြောင့် လိုဏ်ဂူထဲရှိ အစီအရင်အကြောင်းကို သိရအောင် အစီအရင်ပညာရှင် တစ်ယောက်ဆီ သွားရောက် မေးမြန်းရပေလိမ့်မည်။ ထိုသို့ လုပ်ရန်အတွက် ကုန်းမိသားစုသည် သူမအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် ယခု ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် သူမအနေဖြင့် အလုပ်ရှုပ်ခံနေစရာ မလိုတော့ကြောင်း ဟွာယုလု သိလိုက်လေသည်။ သူမကိုယ်တိုင်သာ ကောင်းကင်မြစ်တောင်ကြားဆီသွားပြီး ကုန်းမိသားစုဆီမှ အကူအညီတောင်းမည်ဆိုလျှင် အစီအရင်၏ ဇာစ်မြစ်နှင့် ပက်သက်၍ လိမ်ညာရပေဦးမည်။

“ဒီကိစ္စကို ကျုပ်တာဝန်သာထားလိုက် နန်းတော်သခင်ဟွာ။ နောက်နှစ်လလောက်တော့ အေးဆေးနေလိုက်။ သတ်မှတ်ထားတဲ့အချိန်ရောက်ရင် တောင်ပိုင်းနွံအိုင်မှာ တွေ့ကြတာပေါ့”

“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရန်” ဟွာယုလုက ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှရှန်းက မတ်တပ်ကောက်ရပ်၍ ပြောလိုက်၏ “ရှောင်ဟွာ၊ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီးနေနော်။ ငါလည်း သွားလိုက်ဦးမယ်”

“နင်က ဘယ်သွားချင်နေတာလဲ” ဟွာယုလုက ရှရှန်းကို ဒေါသတကြီး စိုက်ကြည့်လျက် “ဘာလဲ၊ ငါနင့်ကို အစိမ်းလိုက်ဝါးစားမှာ ကြောက်နေလို့ ဒီလောက် မြန်မြန် ထွက်သွားချင်နေတာလား”

ရှရှန်း၏ မျက်နှာ တစ်ချက် မဲ့သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏ “ငါဘာလို့ နင့်ကို ကြောက်ရမှာလဲ။ ဒါပေမယ့် ငါသာ ကြိုးစားပြီးမကျင်ကြံရင် အကြီးဆုံးစီနီယာအစ်ကိုဆိုတဲ့ ရာထူးကို ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကြိုးစားကျင့်ကြံမှရမယ်”

ထို့နောက် လက်နောက်ပစ်လျက် ကျေနပ်နေသည့် အမူအရာဖြင့် ထွက်သွားလေ၏။

“အကျင့်မကောင်းတဲ့ကောင်” ဟွာယုလုမှာ ဒေါသထွက်နေဟန်ဖြင့် နှုတ်ခမ်းလေး ဆူလိုက်လေသည်။ ပိုင်ရှင် မရှိတော့ပြီဖြစ်လေရာ ဧည့်သည်ဖြစ်သည့် သူမက ဘာကြောင့်များ ဆက်နေရဦးမည်နည်း။ ထို့နောက် သူမလည်း ထိုနေရာမှ ထွက်သွားလေ၏။

ရန်ကိုင်သည် စိတ်ဝိဥာဉ်ရေကန်မြို့ထဲရှိ တည်းခိုခန်းတစ်ခန်းတွင် နားနေခဲ့သည်။ ရက်အနည်းငယ်ခန့်ကြာပြီးနောက် ပိရန်ယုချင်း သူ့အား လာရှာလေသည်။ သူမ ကြည့်ရသည်မှာ အလွန်ကိုမှ အားတင်တက်ကြွနေလေ၏။ အကြည့်ချင်း ဆုံးသွားသည့် အခိုက်တွင် ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏ “မဆိုဘူးပဲ’

ပိရန်ယုချင်းသည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်၍ မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည် “နင့်ကျေးဇူးကြောင့်ပဲ၊ နင့်ကြောင့်သာမဟုတ်ရင် ငါဧကရာဇ်အဆင့်ကို တက်နိုင်မှာ မဟုတ်ဘူး”

တကယ်ဆိုလျှင် သူမကိုယ်တိုင်လည်း အတော်လေး ထိတ်လန့်နေမိလေသည်။ ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်နှင့် ရင်ဆိုင်ရသည့်အခါ ယခင်ကလောက် ဖိအားဝင်တော့လိမ့်မည် မဟုတ်ဟု ထင်ခဲ့ပါသော်ငြား တကယ်တမ်း ရန်ကိုင်နှင့် ရင်ဆိုင်တွေ့လိုက်ရသည့် အခါမှသာ ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို နားလည်သွားရတော့သည်။ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေမှန်းသာ မသိခဲ့လျှင် ရန်ကိုင်သည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်ဟုပင် သူမ ထင်မိပေလိမ့်မည်။

“နင့်အရှိန်အဝါကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူးဆိုတော့ နင့်ကျင့်ကြံခြင်းက မတည်ငြိမ်သေးဘူးလို့ ဆိုလိုက်တာပဲ” ရန်ကိုင်က ပြောလိုက်သည် “နင့်အရှိန်အဝါကို စိတ်ရှိတိုင်း ထိန်းချုပ်နိုင်မှပဲ နင့်ကျင့်ကြံခြင်းက ကျစ်လစ်သွားပြီလို့ ပြောလို့ရမှာ”

“နားလည်ပါပြီ။ အခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်” ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။ ရန်ကိုင်အား ယခုကဲ့သို့ ခေါ်ဝေါ်ရသည့်အပေါ် သူမစိတ်ထဲ မသက်မသာ ဖြစ်ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်ခန့်က သူမသည် ရန်ကိုင်အထက်၌ ရပ်တည်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါသော်ငြား ယခုမူ၊ သူမတို့၏ အဆင့်အတန်းမှာ ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ သူမအနေဖြင့် ယနေ့အချိန်ထိ အသက်ရှင်ပြီး ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ရန်ကိုင်၏ ကျေးဇူးကြောင့်သာ ဖြစ်လေသည်။ ယခု ယခင်အကြောင်းများကို ပြန်စဉ်းစားမိသော် ပိရန်ယုချင်းစိတ်ထဲ ရှက်ချင်သလိုလိုပင် ဖြစ်သွားခဲ့သည်။

ရန်ကိုင်က ပြုံးလျက် “ကြည့်ရတာ ခင်ဗျား ထက်ကောင်းကင်နန်းတော်ထဲကို ဝင်ဖို့ အဆင်သင့် ဖြစ်နေပြီနဲ့တူတယ်”

ပိရန်ယုချင်းက ပြုံးလျက် “ဘာလဲ၊ နန်းတော်သခင်က ကျွန်မကို ထက်ကောင်းကင်နန်းတော်ထဲ မဝင်စေချင်လို့လား”

“ဘာလို့ မဝင်စေချင်ရမှာလဲ” ရန်ကိုင်က ချက်ချင်း ထရပ်၍ ပြန်ပြောလိုက်လေသည် “ကဲ၊ သွားကြရအောင်”

ထိုသို့ပြောပြီးနောက်တွင် ရန်ကိုင်သည် စိတ်ဝိဥာဉ်ရေကန်နန်းတော်မှထွက်၍ တစ်ခုသော ဘက်ဆီသို့ ပျံသန်းသွားလေ၏။ ပိရန်ယုချင်းသည် သွားလာနေရင်းမှ သူမ၏ ကျင့်ကြံခြင်းကို အခြေခိုင် ကျစ်လစ်သွားအောင် အဆက်မပြတ် ကျင့်ကြံနေခဲ့လေသည်။ နှစ်ရက်ခန့် ကြာပြီးသည့်နောက်တွင် ပိရန်ယုချင်းမှာ သူမ၏ အရှိန်အဝါကို အတော်လေး ကောင်းကောင်းမွန်မွန် ထိန်းချုပ်လာနိုင်လေ၏။

“နန်းတော်သခင်၊ ကျွန်မတို့ အခု ဘယ်ကိုသွားမှာလဲ” ရန်ကိုင် မရပ်မနား ပျံသန်းသွားနေသည်ကို မြင်သော် ပိရန်ယုချင်းက မေးလိုက်လေသည်။

“ခင်ဗျားကို ထက်ကောင်းကင်နန်းတော်ဆီ ပို့ပေးမလို့လေ” ရန်ကိုင်က ပြောလိုက်သည်။

“ထက်ကောင်းကင်နန်းတော်ဆီ ပို့ပေးမလို့...” ပိရန်ယုချင်း ကြောင်သွားခဲ့ပြီး အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်၏ “ထက်ကောင်းကင်နန်းတော်က မြောက်ဘက်နယ်မြေမှာ မဟုတ်ဘူးလား”

မြောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေသည် မိုင်ပေါင်း ကုဋေကုဋာနှင့်ချီကာ ဝေးကွာပေသည်။ ပျံသန်း၍သွားမည်ဆိုလျှင် အနည်းဆုံး နှစ်ပေါင်းများစွာ အချိန်ယူရသည်။ လမ်းခရီး၌ နှောင့်နှေးကြန့်ကြာနေခဲ့မည် ဆိုပါက နှစ်ရာနှင့်ချီ၍ပင် ကြာသွားနိုင်ပေသည်။

မူလကမူ ရန်ကိုင်အား ဟင်းလင်းပြင်အစီအရင်များကိုသုံး၍ သွားရန် ပြောလိုသေးသည်။ သို့သော်ငြား ရန်ကိုင်မှာ ထိုကဲ့သို့ လုပ်ချင်ပုံမရသဖြင့် ပိရန်ယုချင်လည်း ဘာမှ ပြောမနေတော့ချေ။ လက်ရှိအချိန်တွင် သူမသည် ထက်ကောင်းကင်နန်းတော်၏ အဖွဲ့သားတစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် ပြောသည့်အတိုင်း လုပ်ရုံသာ ရှိတော့လေသည်။

သုံးရက်ကြာပြီးနောက်တွင် ရန်ကိုင်တို့သုံးဦး ပျက်စီးယိုယွင်းနေသည့် နေရာတစ်ခုသို့ ရောက်လာခဲ့လေသည်။

“ကျွန်မ မှတ်မိတာမှန်ရင် ဒါ ရွက်တစ်ထောင်ဂိုဏ်း ရှိခဲ့တဲ့နေရာမလား” မြေပြင်ပေါ်သို့ ဆင်းလာပြီးနောက်တွင် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရင်းမှ ပိရန်ယုချင်းက မေးလိုက်လေသည်။

“ဟုတ်တယ်”

ပိရန်ယုချင်းက သက်ပြင်းချလျက် “ဒီလောကကြီးမှာ ထာဝရတည်မြဲတဲ့အရာဆိုတာ ဘာမှ မရှိပါလား”

ပျက်စီးနေသည့် ရွက်တစ်ထောင်ဂိုဏ်းကိုကြည့်ရင်း ငှက်မွှေးပြာဂိုဏ်း ပျက်စီးရသည့် အဖြစ်ကို ပိရန်ယုချင်း ပြန်သတိရသွားခဲ့လေသည်။ ဂိုဏ်းနှစ်ဂိုဏ်းစလုံးမှား ခွန်အား အတူတူလောက်သာ ဖြစ်ကြပြီး နှစ်ဂိုဏ်းစလုံးမှာလည်း ပျက်စီးခဲ့ရသည်။

“လာခဲ့” ပိရန်ယုချင်း မိန်းမောတွေဝေနေစဉ် ရန်ကိုင်သည် တောင်ကြားထဲ၌ ရှိနေသော ဟင်းလင်းပြင်အစီအရင်ပေါ်သို့ ရောက်နေခဲ့လေပြီ။ ရန်ကိုင်၏ လုပ်ပုံနှင့် ပက်သက်၍ ထူးဆန်းနေသည်ဟု ပိရန်ယုချင်း ခံစားနေရပါသော်ငြား ဘာမှမေးမနေခဲ့ဘဲ ရန်ကိုင် ပြောသည့်အတိုင်းသာ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ဦး ကမ္ဘာငယ်လေးတစ်ခုထဲ၌ ပေါ်လာလေသည်။ ရန်ကိုင်သည် ဘာမှပြောမနေဘဲ ဧကရာဇ်တောင်ကြားရှိရာဆီသို့သာ ပျံသန်းသွားလေသည်။ ထို့နေရာသို့ ရောက်၍ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို မြင်လိုက်သည့်အခိုက် ပိရန်ယုချင်းသည် လုံးဝကို မှင်တက်နေသည့် အမူအရာဖြင့် “ဒါ... ဒါ... ဒါကြီးက...”

ရန်ကိုင်က ခေါင်းညိတ်၍ ရှင်းပြလိုက်သည် “ဟုတ်တယ်။ ခင်ဗျား ဒီကနေ ဖြတ်သွားတာနဲ့ ထက်ကောင်းကင်နန်းတော်ဆီ ရောက်သွားလိမ့်မယ်။ ကျုပ်၊ ခင်ဗျားနဲ့အတူ ကျောက်စိမ်းပြားသုံးပြား ပြန်ထည့်ပေးလိုက်မယ်”

ပိရန်ယုချင်းမှာ သူမ၏ ဟန်အမူအရာကို ပြန်ထိန်းရင်း ကျောက်စိမ်းပြားသုံးပြားကိုယူ၍ မေးလိုက်သည် “ဒါတွေကို ဘယ်သူ့ကို သွားပေးရမှာလဲ”

ရန်ကိုင်က ပြန်ပြောလိုက်၏ “တစ်ခုကို ဟွာချင်းစီဆိုတဲ့လူကို ပေးလိုက်။ သူက ထက်ကောင်းကင်နန်းတော်ရဲ့ မန်နေဂျာမှူးပဲ။ နန်းတော်ရဲ့ ကိစ္စအရပ်ရပ်ကို သူပဲ စီမံတာ။ ဒီကျောက်စိမ်းပြားကို သူ့ကိုပေးလိုက်၊ အဲ့ဒါဆို သူခင်ဗျားကို နေရာချပေးလိမ့်မယ်။ ကျန်တဲ့ကျောက်စိမ်းပြားနှစ်ခုကိုတော့ သူ့ကိုပဲပေးပြီး နန်းတော်သခင်က နန်မန်တကျွင်းဆိုတဲ့လူဆီ ပေးခိုင်းလိုက်တယ်လို့ ပြောလိုက်။ နားလည်လား”

ပိရန်ယုချင်း ခေါင်းညိတ်လိုက်၏ “သိပြီ”

“ကောင်းပြီ။ ဒါဆို သွားပေတော့” ရန်ကိုင်က သူမအား အစီအရင်ပေါ်သို့တက်ရန် အချက်ပြလိုက်သည်။

ထို့နောက်တွင် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ အဆင့်မြင့်အရင်းအမြစ်ကျောက်များ ထွက်ပေါ်လာပြီး အစီအရင်ပေါ်ရှိ မြောင်းငယ်လေးများထဲ ရောက်ရှိသွားကုန်ကြလေသည်။

ဟင်းလင်းပြင်အစီအရင် အသက်ဝင်လာသည့်နောက်တွင် လေဟာနယ်နိယာမစွမ်းအားတို့ ထွက်ပေါ်လာပြီး ပိရန်ယုချင်းသည်လည်း ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ယခု ပိရန်ယုချင်းကို ပြန်ပို့ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အလုပ်ကို ဆက်လုပ်လို့ရလေပြီ။

ကြယ်ဝိဥာဉ်နန်းတော်ဆီသို့ သွားရပေမည်။

All Chapters