← Chapters

အခန်း ၂၇၉၁-၂၇၉၅

Vol. 119 Ch. 2791-2795

အခန်း ၂၇၉၁-၂၇၉၅

Vol. 119 Ch. 2791-2795

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၉၁)

ဘာသာပြန်သူ_တိမ်တိုက်

ကြယ်တာရာအစုအဝေးထဲတွင် မဟာဧကရာဇ်များမှ တည်ထောင်ထားသည့်ဂိုဏ်း များများစားစား မရှိကြပေ။ အများဆုံးမှ သုံးဂိုဏ်းလောက်သာ ရှိကြပေသည်။ အရှေ့ဘက်နယ်မြေရှိ ရှုယဉ်သာမဟာဧကရာဇ်မှ တည်ထောင်ထားသော ရှုယဉ်သာနန်းတော်၊ တောင်ဘက်နယ်မြေရှိ လမင်းမဟာဧကရာဇ်မှ တည်ထောင်ထားသော ကြယ်ဝိဉာဉ်နန်းတော်နှင့် အနောက်ဘက်နယ်မြေရှိ လအရိပ်မဟာဧကရာဇ်မှ တည်ထောင်ထားသော အရိပ်သတ်ဖြတ်သူနန်းတော်တို့ ဖြစ်ကြလေသည်။

ဆေးလုံးတောင်ကြားနှင့် စိတ်ဝိဉာဉ်သားရဲကျွန်းတို့သည် မဟာဧကရာဇ်များ ဦးဆောင်နေသည့် အင်အားစုကြီးများအဖြစ် သတ်မှတ်၍ ရပါသော်ငြား ထိုအင်အားစုများသည် အပြင်လူများကို လက်ခံလေ့မရှိသည့်အတွက်ကြောင့် ဂိုဏ်းများအဖြစ် သတ်မှတ်ကြခြင်း မရှိပေ။ ထိုနေရာများသည် မဟာဧကရာဇ်နှစ်ပါး နေထိုင်ရာနေရာများသာ ဖြစ်ကြလေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ မည်သည့်မဟာဧကရာဇ် တည်ထောင်ထားသည့် ဂိုဏ်းမဆို ထိုဂိုဏ်းတည်ရှိနေသည့် နယ်မြေ၏ ထောက်တိုင်တစ်ပါး ဖြစ်လာရပေလိမ့်မည်။ ထို့အတွက်‌ကြောင့် ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေ၏ အရှင်သခင်တစ်ပါးဖြစ်သလို တောင်ဘက်နယ်မြေကိုလည်း နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် ကာကွယ်ပေးခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်ဘက်နယ်မြေ၌ နေကြသော ကျင့်ကြံသူများမှာ ကြယ်ဝိဉာဉ်နန်းတော်ကို အလွန်လေးစားကြခြင်းပင်။

ကြယ်ဝိဉာဉ်နန်းတော်၏ တည်ရှိမှုသည် တောင်ဘက်နယ်မြေ၏ လုံခြုံရေးနှင့်လည်း ပတ်သက်နေပေသည်။ ကြယ်ဝိဉာဉ်နန်းတော်ပျက်စီးသွားသည့်တစ်နေ့ တောင်ဘက်နယ်မြေတစ်ခုလုံး ဂယက်ရိုက်သွားရပေလိမ့်မည်။ အမျိုးမျိုးသော ပြဿနာများမှာလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာရပေလိမ့်မည်။ ကံကောင်းစွာဖြင့် ထိုကြယ်ဝိဉာဉ်နန်းတော်ကို ဖျက်ဆီးဖို့ရာ ထိုမျှ မလွယ်ကူ။ မဟာဧကရာဇ်တစ်ပါးကို ရင်ဆိုင်ဖို့ရာ ထိုမျှလွယ်ကူမည်လား။ ထို့အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ခေတ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်မျိုးသာ ထပ်မဖြစ်ခဲ့လျှင် ကြယ်ဝိဉာဉ်နန်းတော်သည် ဆက်လက်တည်ရှိနေပေလိမ့်မည်။

ခုနှစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကြယ်လတောင်တန်းဆီသို့ ရောက်လာခဲ့လေသည်။ ကြယ်လတောင်တန်းသည် အလွန်တရာကိုမှ ကျယ်ပြောလှပြီး မတ်စောက်လှသော တောင်နံရံများ၊ တောင်တန်းများ၊ တောင်ကတုံးများဖြင့် ပြည့်နှက်တည်ရှိနေသည်။ အမျိုးမျိုးသော သာယာလှပလှသည့် ရှုခင်းများကိုလည်း နေရာအနှံ့တွင် တွေ့နေကြရပြီး ကြယ်လတောင်တန်း၏ အမြင့်ဆုံးတောင်ထက်တွင် ရပ်၍ စီးမိုးကြည့်လိုက်မည်ဆိုပါက မိမိကိုယ်ကို နေ၊လ၊ကြယ်တို့ကိုပင်လျှင် ခူးဆွတ်နိုင်လိမ့်မည်ဟူသော ခံစားချက်မျိုး ရနိုင်ပေလိမ့်မည်။

ကြယ်လတောင်တန်းကြီးကိုကြည့်ရင်း သူ့ရှေ့တွင် ရှိနေသည့်အရာမှာ တောင်တန်းကြီးတစ်ခုမဟုတ်ဘဲ တောင်ဘက်နယ်မြေတစ်ခုလုံးကို နှစ်သောင်းနှင့်ချီတိုင်အောင် ကြီးစိုးလာခဲ့သော ဧရာမဘီလူးကြီးတစ်ကောင် ဖြစ်သည်ဟု ရန်ကိုင်စိတ်ထဲ ခံစားလိုက်ရလေသည်။

ရန်ကိုင်သည် နယ်မြေများထဲရှိ အမျိုးမျိုးသော ထိပ်တန်းဂိုဏ်းများဆီသို့ သွားရောက်ဖူးသည့်အတွက်ကြောင့် အတော်လေး အတွေ့အကြုံကြွယ်ဝသည်ဟု ပြော၍ရပေသည်။ ထို့အတွက်ကြောင့် နေမင်းပြာကျောင်းတော်၊ ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းတို့မှာ တစ်ခုနှင့်တစ်ခု သိပ်၍ ကွာခြားခြင်းမရှိမှန်း သူပြောနိုင်သည်။ သို့သော်ငြား ထိုဂိုဏ်းအားလုံး ကြယ်ဝိဉာဉ်နန်းတော်၏ အလှတရားနှင့် မယှဉ်နိုင်ကြပေ။ ဤနေရာတွင် ရပ်နေရသည်မှာ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အလိုလိုကို စိတ်လှုပ်ရှားလာမိသလို ကြည်လည်း ကြည်နူးလာမိပေသည်။

မြူခိုးတိမ်တိုက်များဖြင့် လွှမ်းခြုံနေသည့် တောင်တန်းများကြားဝယ် ရှားပါးလှသည့် ငှက်များနှင့် သားရဲများ ကျင်လည်ကျက်စားနေကြလေသည်။ အမျိုးမျိုးသော စံအိမ်များမှာလည်း တိမ်တိုက်မြူခိုးများကြား ဖုံးကွယ်တည်ရှိနေလေရာ နတ်ဘုံနတ်နန်းအလား အလွန်တရာကိုမှ လှပအသက်ဝင်လွန်းလှပေသည်။

“ဒီတော့ ဒါက မဟာဧကရာဇ်တစ်ပါးရဲ့ ဂိုဏ်းပေါ့…” ရန်ကိုင်ရေရွတ်လိုက်လေသည်။

“ဘယ်သူလဲ…”

ရန်ကိုင်ခမျာ တောင်အောက်ခြေတွင်ရပ်၍ တောင်တန်း၏အလှတရားကို သက်ဝင်ခံစားနေစဉ်မှာပင် ဒေါမာန်တကြီး အော်ဟစ်သံတစ်သံကို ကြားလိုက်ရလေသည်။ ထို့နောက်တွင် အလင်းတန်းနှစ်ခု သူ့ဆီသို့ ပျံသန်းလာခဲ့ပြီး အနားသို့ရောက်လာသည့်အခါ အလင်းတန်း ပျောက်ကွယ်သွားခဲ့ပြီး တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦး ပေါ်လာခဲ့လေ၏။ နှစ်ဦးစလုံးမှာ အားကောင်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။ ထိုအချက်ဖြင့်ပင်လျှင် ထိုနှစ်ဦးစလုံးမှာ သိပ်သည်းကျစ်လျစ်လှသည့် အုတ်မြစ်ကို ပိုင်ဆိုင်ထားကာ တောက်ပသည့် အနာဂတ်ကို ပိုင်ဆိုင်ထားသည့်လူများမှန်း မည်သူမဆို ပြောနိုင်ပေသည်။ မနှောင်းသောအချိန်အတွင်း ထိုနှစ်ဦးမှာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခြေ အတော်လေးကိုမှ များလှသည်။

သာမန်ဂိုဏ်းများတွင်သာဆိုလျှင်တော့ ထိုကဲ့သို့သော ပညာရှင်များကို ဂိုဏ်း၏ထောက်တိုင်ဖြစ်လာဖို့အရေး တယုတယ မြေတောင်မြှောက်ပေးလိမ့်မည် ဖြစ်ပါသော်ငြား ကြယ်ဝိဉာဉ်နန်းတော်တွင်မူ ထိုကဲ့သို့သောလူများသည် ဂိတ်စောင့်များနှင့်မခြား‌ချေ။ ကြယ်ဝိဉာဉ်နန်းတော်ဆိုသည့် အတိုင်းပါလားဟုပင် ရန်ကိုင်စိတ်ထဲ တွေးမိသွားရလေသည်။

“ဒါက ကြယ်လတောင်တန်းပဲ… ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး… မင်း လာတဲ့နေရာကို ပြန်သွားလိုက်ပေတော့… မဟုတ်ရင်တော့ လွယ်မယ်မထင်နဲ့…” တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးအနက်မှ ဘယ်ဘက်တွင်ရှိနေသော ကျင့်ကြံသူက ပြောလိုက်လေသည်။ အစောပိုင်းက ရန်ကိုင်ကို အော်ဟစ်လိုက်သည့်လူမှာလည်း သူသာ ဖြစ်လေသည်။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူ့ထက် ပိုမြင့်မားနေမှန်း သိသည့်တိုင် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် မာနတရားသည် အရိုးထဲ စိမ့်ဝင်ကိန်းအောင်းနေလေရာ တစ်ဖက်လူကို အနည်းငယ်မျှပင် အရေးစိုက်မနေခဲ့ပေ။

ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်များ၏ အမြင်တွင် တောင်ဘက်နယ်မြေရှိ ကျင့်ကြံသူအားလုံးကို နှစ်မျိုးနှစ်စား ခွဲခြား၍ရပေသည်။ ဂိုဏ်းများ၏ တပည့်များနှင့် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများပင်။ ရန်ကိုင်သည် ကျိန်းသေကို တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူ့ကျင့်ကြံခြင်းအဆင့် မည်သို့ပင် ဖြစ်နေစေကာမူ ထိုတပည့်များမှာတော့ ဂရုစိုက်နေကြခြင်း မရှိချေ။

ရန်ကိုင်သည် ထိုနှစ်ဦးကိုကြည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ကျုပ် ဒီကိုလာဖို့ ဖိတ်ခေါ်ခံထားရလို့ပါ…”

“ဖိတ်ခေါ်ခံထားရတယ်…” အစောပိုင်းက ရန်ကိုင်အား အော်ပြောလိုက်သည့်လူငယ်လေး မျက်မှောင်ကျုံ့သွားခဲ့ပြီး ရန်ကိုင်အား သေသေချာချာကိုမှ အစုံအဆန် စိုက်ကြည့်လျက် မယုံသင်္ကာဖြင့် မေးလိုက်လေသည်။ “ဘယ်သူဖိတ်ခေါ်တာလဲ… မင်းပြောတာမှန်တယ်ဆိုရင် မင်းကိုဖိတ်ခေါ်ထားတဲ့လူကို ငါ သွားအကြောင်းကြားပေးမယ်…”

သူ့ရှေ့တွင်ရှိနေသည့်လူသည် ဖိတ်ခေါ်ခံထားရသည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်လေရာ သူနှင့် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦးဦးကြား ဆက်သွယ်ချက်တစ်မျိုးမျိုး ရှိနေသည်မှာ သိသာလှပေသည်။ ထိုသို့ဆိုလျှင် ဤလူကို သွားရန်စလို့မကောင်းပေ။ ထို့အတွက်ကြောင့် ရန်ကိုင်အား အော်ပြောလိုက်သည့်လူ၏ လေသံမှာလည်း မသိမသာလေး ပိုမို၍ ယဉ်ကျေးလာခဲ့လေသည်။

ရန်ကိုင်က ရှင်းပြတော့မည်အပြု သူ့အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ပြုံး၍ပြောလိုက်လေ၏။ “မလိုတော့ဘူး… တစ်ယောက်ယောက် ကျုပ်ကို လာကြိုပြီ…”

ထိုစကားကိုကြားသည့်အခါ တာအိုသခင်အဆင့် ကျင့်ကြံသူများမှာလည်း နောက်သို့ လှည့်ကြည့်လာကြလေသည်။ အလင်းတန်းတစ်ခု အဝေးတစ်နေရာဆီမှ ပျံသန်းလာခဲ့ပြီး တစ်ခဏအကြာတွင် သူတို့နှင့် မလှမ်းမကမ်း၌ ရပ်လိုက်လေသည်။ ထို့နောက် အလင်းတန်းပျောက်ကွယ်သွားသည့်အခါ လှပသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေ၏။

“စီနီယာအစ်ကိုရန်…” လန်ရွှင်းက ပြုံး၍ နှုတ်ဆက်လိုက်လေသည်။

တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးမှာ အသစ်ရောက်လာသည့်လူကိုကြည့်ရင်း မျက်လုံးအပြူးသားဖြင့် ကြောင်တောင်တောင် ဖြစ်နေကြလေသည်။ ထို့နောက် အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေ၏။ “မင်း… မင်း… မင်းသမီး…”

ရန်ကိုင်သည် ဤနေရာသို့ ဖိတ်ခေါ်ခံရသည့်အတွက်ကြောင့် ရောက်လာခြင်းဖြစ်သည်ဟု ပြောစဉ်က အရမ်းကြီး များများစားစား တွေးထားခြင်း မရှိခဲ့။ ရန်ကိုင်သည် နန်းတော်၏ တပည့်တစ်ဦးဦးနှင့် အဆက်အသွယ်ရှိသည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာနိုင်ခြင်း ဖြစ်သည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်အား ဖိတ်ခေါ်ထားသည့်လူမှာ အခြားမဟုတ်ဘဲ ကြယ်ဝိဉာဉ်နန်းတော်၏မင်းသမီး ဖြစ်နေခဲ့လေသည်။

(ဘယ်လိုလုပ်ပြီး မင်းသမီး ဖြစ်နေရတာလဲ…)

မင်းသမီးသည် အလွန်တရာကိုမှ ချောမောလှပရုံသာလျှင် မဟုတ်ဘဲ လမင်းမဟာဧကရာဇ်၏ လစန္ဒာခန္ဓာကိုယ်ကိုပါ အမွေဆက်ခံထားခဲ့လေသည်။ ထို့အပြင် အလွန်တရာကိုမှ မြင့်မားလှသော အရည်အသွေးကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ မင်းသမီးသည် လှလည်းလှသလို သဘောထားလည်း ကောင်းသည့်အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်မှလူတိုင်း သူမအား နှစ်သက်ကြပေသည်။ ရှင်းရှင်းပြောရလျှင် လန်ရွှင်းသည် ကြယ်ဝိဉာဉ်နန်းတော်ထဲရှိ မရေမတွက်နိုင်သော ယောကျ်ားသားများ၏ စိတ်ကူးယဉ်အိပ်မက်ချစ်သူတစ်ဦးပင် ဖြစ်နေပေသေးသည်။

ပုံမှန်အားဖြင့် အလွန်တရာကိုမှ မောက်မာလှကြသော ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်များသည်ပင်လျှင် မင်းသမီးနှင့် စကားပြောဖို့ရာ အခွင့်အရေးမရကြချေ။ ထိုကဲ့သို့သောလူများအနက် အနည်းငယ်သည်သာ မင်းသမီးနှင့် တရင်းတနှီး ပြုမူနိုင်သည်။ ဥပမာပြရသော် ရှောင်ချန်းပင်။ ရှောင်ချန်းသည် အမြဲလိုလို မင်းသမီးအပြင်ထွက်လာတိုင်း မင်းသမီး၏ဘေးနားတွင် သက်တော်စောင့်တစ်ဦးသဖွယ် လိုက်ပါလာလေ့ရှိပေသည်။

သို့သော်ငြား ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်အားလုံးမှ နတ်သမီးသဖွယ် သဘောထားရသော လန်ရွှင်းသည် ဘာကြောင့်များ ယောက်ျားတစ်ဦးကို ဤနေရာသို့ ဖိတ်ခေါ်လိုက်ရလေသနည်း။ ထိုနှစ်ဦးမှာ ပြောစရာစကား ရှာမတွေ့နိုင်ရလောက်အောင်ကိုပင် ဆွံ့အနေကုန်ကြလေသည်။

“ဂျူနီယာညီမလန် ရောက်လာတာ မြန်သားပဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ ကြယ်လတောင်သို့ ရောက်လာစဉ်ကတည်းက ရန်ကိုင်သည် လန်ရွှင်းအား လှမ်းအကြောင်းကြားထားခြင်း ဖြစ်လေသည်။ လန်ရွှင်းမှ သူ့အား ဤနေရာ၌ ခေတ္တစောင့်နေရန် ပြောထားခဲ့သည့်အတွက်ကြောင့် ရပ်စောင့်နေခြင်း ဖြစ်ပါသော်ငြား လန်ရွှင်း ဤမျှ မြန်မြန်ရောက်လာလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

(ဒီကောင် မင်းသမီးလန်ရွှင်းကို ဂျူနီယာညီမလန်လို့ ခေါ်လိုက်တာလား…) ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်နှစ်ဦးစလုံး မျက်လုံးများ ပြူးကျယ်သွားကုန်ကြလေသည်။ ရန်ကိုင် လန်ရွှင်းနှင့် မည်မျှရင်းနှီးကြောင်းကို မြင်လိုက်သည့်အခိုက် သူတို့စိတ်ထဲ အလွန်ကိုမှ နာကျင်သွားခဲ့ရသည်။ သို့သော်ငြား မင်းသမီး၏ ဆက်ဆံပုံကို မြင်သည့်အခါ နှစ်ဦးစလုံးမှာ ရင်ကွဲပက်လက် ဖြစ်ကုန်ကြလေသည်။ သူတို့စိတ်ထဲ အသက်ရှင်ချင်စိတ်များပင် ပျောက်ကုန်ကြလေ၏။

“စီနီယာအစ်ကိုရန်က သတင်းပို့ထားမှတော့ ကျွန်မက မြန်မြန်လာရမှာပေါ့…” လန်ရွှင်းက ရယ်ရယ်မောမောဖြင့် သူမလက်ကိုဆန့်ထုတ်လျက် ဖိတ်ခေါ်လိုက်လေသည်။ “စီနီယာအစ်ကိုရန်… ဒီလမ်းအတိုင်း လာခဲ့ပါနော်…”

“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်လည်း လန်ရွှင်းဘေးနားသို့ လျှောက်သွားလိုက်လေ၏။ ရန်ကိုင် သူနားသို့ရောက်လာသော် လန်ရွှင်းသည် ရှေ့မှဦးဆောင်၍ ထွက်သွားလေသည်။

မကြာမီ ရန်ကိုင်တို့နှစ်ဦးသည် စိတ်ဓာတ်ချုံးချုံးကျနေသော ကြယ်ဝိဉာဉ်နန်းတော်တပည့်နှစ်ဦး၏ရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။ လန်ရွှင်းသည် ဤနေရာ၌ ပေါ်လာခဲ့ပါသော်ငြား သူတို့အား စကားတစ်ခွန်းပင်မပြောခဲ့သလို တစ်ချက်ကလေးပင် လှည့်မကြည့်သွားခဲ့ချေ။ သူမ၏ စိတ်အာရုံအလုံးစုံမှာ ထိုသောက်စုတ်သောက်ပြတ် အပြင်လူဆီတွင်သာ ရှိနေလေ၏။

ထိုအရာမှာ ဘာကိုရည်ညွှန်းနေလေသနည်း။ မင်းသမီး၏ပြုမူပုံသည် ထိုလူအား အလွန်ကိုမှ တန်ဖိုးထားသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက အလွန်တရာကိုမှ သဘောမနောကောင်းလှသည့် မင်းသမီးသည် ဘာကြောင့်များ သူတို့အား တစ်ကြိမ်လေးပင် ပြုံးပြခြင်းမရှိဘဲ အပြီးတိုင် လျစ်လျူရှုထားရပါလိမ့်မည်နည်း။

“စီနီယာအစ်ကို… စီနီယာအစ်ကိုရှောင်တော့ ပြဿနာတက်ပြီနဲ့တူတယ်…” တစ်ချိန်လုံး စကားမပြောဘဲ ရေငုံနှုတ်ပိတ်နေသော ဂျူနီယာညီလေးဆိုသူက ရုတ်တရက် ဝမ်းနည်းနည်းဖြင့် ထပြောလိုက်လေသည်။

“ဟုတ်တယ်… စီနီယာအစ်ကိုရှောင် ဒီအကြောင်းကို သိသွားတော့မလားမသိဘူး… စီနီယာအစ်ကိုရှောင်သာ…”

သူတို့ပြောနေသည့် စီနီယာအစ်ကိုရှောင်ဆိုသည့်လူမှာ ရှောင်ချန်းမှလွဲ၍ အခြားမဟုတ်ချေ။ ကြယ်ဝိဉာဉ်နန်းတော်၏ မျိုးဆက်တူတပည့်များကြားထဲတွင် ရှောင်ချန်းသည် မင်းသမီးနှင့် အနီးကပ်ဆုံးဆက်ဆံရေးကို ပိုင်ဆိုင်ထားသည့်လူတစ်ဦး ဖြစ်ပေသည်။ ရှောင်ချန်းကိုယ်တိုင်ကလည်း အလွန်ကိုမှ ထူးချွန်လှသလို မင်းသမီးနှင့်ပတ်သက်သည့် ကိစ္စများတွင်လည်း အလွန်တရာကိုမှ ဆတ်ဆတ်ထိမခံ ဖြစ်တတ်ပေသည်။ ကြယ်ဝိဉာဉ်နန်းတော်၏တပည့်များထဲမှ တစ်ဦးဦးသည်သာ မင်းသမီးနှင့် တရင်းတနှီး သွားစကားပြောမည်ဆိုလျှင် ရှောင်ချန်းသည် ထိုလူကို အငြိုးအတေးထားပြီး မင်းသမီးမမြင်ကွယ်ရာ၌ ပြန်လည်လက်စားချေလေ့ရှိပေသည်။ သို့တိုင် မင်းသမီးမှာတော့ ရှောင်ချန်းအား အစ်ကိုကြီးတစ်ဦးသဖွယ်သာ သဘောထားခဲ့ပြီး သူ့အပေါ် မည်သည့်ချစ်မြတ်နိုးစိတ်မှ မရှိခဲ့ပေ။

လက်ရှိအခြေအနေကို ကြည့်ရသလောက် အပြင်လူသည် သူ့စီနီယာအစ်ကိုရှောင်၏ ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့်ပုံပင်။ ရှောင်ချန်းသည်သာ ဤအကြောင်းကိုသိသွားမည်ဆိုပါက ပြဿနာတက်လိမ့်မည်မဟုတ်လေလော။

“စီနီယာအစ်ကိုရှောင်က ပြဿနာမဟုတ်ဘူး… ပိုဆိုးမှာက စီနီယာအစ်ကိုလဲ့ပဲ…”

စီနီယာအစ်ကိုလဲ့ဆိုသူအကြောင်း ကြားလိုက်သည့်အခါ နှစ်ဦးစလုံး တုန်တုန်ရီရီ ဖြစ်သွားကုန်ကြလေသည်။ နှစ်ဦးစလုံးမှာ စီနီယာအစ်ကိုလဲ့ဆိုသည့်လူအား အလွန်တရာကိုမှ ကြောက်ရွံ့နေကြသည့်အလား ထိုစကားကိုပြောပြီးသည့်နောက်တွင် ဘေးနား၌ အခြားတစ်ယောက်ယောက်များ ရှိနေမလားအထင်ဖြင့် ဘေးပတ်ဝန်းကျင်ကို အလျင်စလို လှည့်ပတ်စစ်ဆေးကြည့်လိုက်လေ၏။ မည်သူမျှမရှိမှန်း သေချာသွားသည့်နောက် ချက်ချင်း နန်းတော်ထဲသို့ ပြန်လှည့်ပြေးသွားကြလေသည်။

တစ်ချိန်တည်းတွင် အသက်နှစ်ဆယ်လောက်သာ ရှိမည်ထင်ရသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့်လူတစ်ဦးသည် ကြယ်ဝိဉာဉ်နန်းတော်၏ ကြယ်တာရာခန်းမထဲ၌ တင်ပလင်ခွေထိုင်နေခဲ့လေသည်။ ရုတ်တရက်ဆိုသလို ထိုလူ၏မျက်လုံးများ ပွင့်လာခဲ့လေသည်။ ထိုလူ၏မျက်လုံးများထဲ အရောင်တလက်လက် တောက်ပနေသော ကြယ်စင်အစုအဝေးများဖြင့် ပြည့်နှက်နေသည့်အလား။ ထို့နောက် ခေါင်းမော့၍ကြည့်လိုက်ရာ သူ၏ စူးရှလှသော အကြည့်သည် ကောင်းကင်ယံကိုပင် ထိုးဖောက်သွားသည့်အလား အဝေးတစ်နေရာဆီသို့ ရောက်ရှိသွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို ထိုလူမျက်မှောင်ကျုံ့သွားခဲ့ပြီး အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေ၏။ “ကြယ်ကိုးလုံး လပေါ်တက်လာတာ… ဘာဖြစ်လို့ အခုလိုတွေ ဖြစ်နေရတာလဲ… ငါ့ရဲ့အမှတ်အသားက လလေ… ဒါ ငါ့ကို ကျိန်းသေ ရည်ရွယ်နေတာပဲ… ကြည့်ရတာ အတိတ်လက္ခဏာတွေ မကောင်းတော့ဘူးနဲ့တူတယ်…”

လူအနည်းစုသည်သာ တောင်ဘက်နယ်မြေတစ်ခုလုံးကို ကြီးစိုးနေသည့် ကြယ်ဝိဉာဉ်နန်းတော်၏ အရှင်သခင်ဖြစ်သော လမင်းမဟာဧကရာဇ်မှာ လူငယ်လေးတစ်ဦး၏ပုံစံသာ ရှိကြောင်းကို သိထားကြလေသည်။ ထိုသို့စကားပြောနေရင်းမှ လမင်းမဟာဧကရာဇ်သည် ခေါင်းငုံ့၍ ထူးဆန်းသည့် လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေသည်။ လက်ကွက်များ ထုတ်ဖော်နေသည်နှင့်အမျှ ထူးဆန်းသည့် အရှိန်အဝါတစ်ရပ်မှာ စတင်၍ ပြန့်ထွက်လာခဲ့လေသည်။

တစ်ခဏအကြာတွင် လူငယ်လေး မျက်မှောင်ကျုံ့သွားခဲ့ပြီး လက်ကွက်များကို ပယ်ဖျက်လျက် ရေရွတ်လိုက်လေ၏။ “လူအိုကြီးထျန်းကျိရဲ့ ပညာရပ်က ဘာမှလည်းမဟုတ်ပါလားကွ… ငါထုတ်သုံးနေတာတောင် ဘာမှမသိရဘူး… သူ့ကိုယ်သူ ကောင်းကင်ကံကြမ္မာလို့ခေါ်တာ ရှက်စရာကောင်းလိုက်တာ… နောက်တစ်ကြိမ် သူနဲ့တွေ့မှ သူ့မုတ်ဆိတ်မွေးတွေအကုန်လုံးကို တစ်ပင်မကျန် ဆွဲနှုတ်ပစ်ရမယ်…”

ထိုသို့ရေရွတ်ပြီးသည့်နောက်တွင် ခဏမျှကြာအောင် အတွေးနက်နေပြီးသည့်နောက် ပြောလိုက်လေ၏။ “ထားလိုက်တော့… ဒါကလည်း ဘာမှ ဒီလောက်ပြဿနာမှမဟုတ်တာ… ထိုင်စဉ်းစားနေရင် အချိန်ကုန်တယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် မျက်လုံးပြန်ပိတ်ကာ တင်ပလင်ခွေ ထိုင်နေလိုက်တော့လေသည်။

“စီနီယာအစ်ကိုရန်… ဒါ အခုလောလောဆယ် စီနီယာအစ်ကိုရန် နေရမယ့်နေရာပဲ…” လန်ရွှင်းသည် ရန်ကိုင်အတွင် နန်တို့တောင်ပေါ်တွင် နေစရာနေရာတစ်ခု စီစဉ်ပေးလိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဂျူနီယာညီမလန်… ငါ ငါးရောင်ခြယ်ရတနာဘုရားထဲကို ဘယ်အချိန်ဝင်လို့ရမှာလဲ…”

ဟွာယုလုနှင့် ချိန်းထားသည့်ကိစ္စ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင် ဤမျှ အလျင်လိုနေလိမ့်မည် မဟုတ်ချေ။ ဤနေရာသည် မဟာဧကရာဇ်တစ်ပါး၏ဂိုဏ်း ဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင် ကြာကြာနေသည်မှာ သူ့အတွက် ဘာမှ အကျိုးမယုတ်သည့်အပြင်ကိုမှ အကျိုးကျေးဇူးများစွာပင် ရှိပေသေးသည်။ ကံမကောင်းစွာဖြင့် ဟွာယုလုနှင့် ချိန်းထားသည့် ကိစ္စတစ်ရပ် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အနည်းငယ်မျှပင် ဆက်၍ နှောင့်နှေးနေလို့ မရတော့ပေ။ ငါးရောင်ခြယ်ရတနာဘုရားထဲတွင် တစ်လခန့်ကြာအောင် ကျင့်ကြံပြီးသည်နှင့် အမြန်ပြန်သွားရပေလိမ့်မည်။ သို့မှသာလျှင် သူပြောထားသည့်အတိုင်း အချိန်မီနိုင်ပေလိမ့်မည်။

လန်ရွှင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့ စီနီယာအစ်ကိုရန်… ကျွန်မအဖေက အခုလိုမျိုးကတိပေးထားတယ်ဆိုမှတော့ သူ့စကားသူ ဖျက်မှာမဟုတ်ဘူး… ပုံမှန်အတိုင်းသာဆိုရင် ငါးရောင်ခြယ်ရတနာဘုရားက နောက်နှစ်ဝက်နေမှ ပွင့်မှာ… ဒါပေမယ့် အခုတော့ ရှင့်ကို ကတိပေးထားတာဆိုတော့ ကျွန်မတို့ဘက်က ပြင်ဆင်ရမှာတွေနဲ့ဆိုရင် အများဆုံးတော့ ငါးရက်လောက်ပါပဲ… နောက်ထပ် ငါးရက်လောက်ကြာရင် ငါးရောင်ခြယ်ရတနာဘုရား ပွင့်လိမ့်မယ်…”

“အင်း… အဲ့ဒါဆိုရင်ရတယ်…” ထိုစကားကိုကြားသည့်အခါမှသာ ရန်ကိုင် သက်ပြင်းချနိုင်သွားခဲ့လေသည်။

လန်ရွှင်းက တခစ်ခစ်ရယ်သွမ်းသွေးရင်းမှ စနောက်လိုက်လေ၏။ “စီနီယာအစ်ကိုရန်ကိုကြည့်ရတာ အရမ်း အလျင်လိုနေသလိုပဲနော်… ဘာလဲ… စီနီယာအစ်ကိုရန် မိန်းမချောလေးတစ်ယောက်နဲ့ ချိန်းထားတာလား…” လန်ရွှင်းမှာ စနောက်လိုက်ခြင်းသာ ဖြစ်ပါသော်ငြား ရန်ကိုင် မျက်နှာအမူအယာပျက်သွားသည်ကိုမြင်သော် အံ့အားသင့်တကြီးဖြင့် “အိုး… တကယ်ကြီးလား… စီနီယာအစ်ကိုရန် တကယ်ကြီး ကောင်မလေးတစ်ယောက်နဲ့ ချိန်းထားတာလား…”

ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် “အပိုတွေမပြောစမ်းပါနဲ့ ဂျူနီယာညီမလန်ရာ… ငါ ချိန်းထားတာတော့ဟုတ်တယ်… ဒါပေမယ့် အဲ့လိုမျိုး ချိန်းထားတာမဟုတ်ဘူး…”

လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် “ရှင်းပြနေစရာမလိုပါဘူး စီနီယာအစ်ကိုရန်ရယ်… ကဲ.. ကျွန်မ သွားလိုက်ဦးမယ်နော်… ငါးရောင်ခြယ်ရတနာဘုရား အဆင်သင့်ဖြစ်ပြီဆိုရင် စီနီယာအစ်ကိုရန်ကို အကြောင်းကြားလိုက်မယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၉၂)

ဘာသာပြန်သူ_တိမ်တိုက်

နန်တို့တောင်သည် ကြယ်လတောင်တန်း၌ ဒုတိယအမြင့်ဆုံး တောင်တစ်လုံးဖြစ်ကာ ဤနေရာရှိ မိုးမြေစွမ်းအင်မှာလည်း ကြယ်ဝိဉာဉ်နန်းတော်၏ အဓိကတောင်အောက် နိမ့်ကျခြင်း မရှိချေ။

ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေထဲရှိ မြောက်မြားလှစွာသော ကျင့်ကြံသူများ စုဝေးနေသည့် နေရာသာလျှင် မဟုတ်ဘဲ တောင်ဘက်နယ်မြေ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်နေသည့် အင်အားစုတစ်ခုဖြစ်သလို တောင်ဘက်နယ်မြေထဲရှိ မြေကမ္ဘာချီကြောမကြီးများ စုဆုံသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ သိပ်သည်းနေရခြင်းပင်။

ရန်ကိုင်အတွက် နေစရာနေရာတစ်ခု ပြင်ဆင်ပေးပြီးသည့်နောက် လန်ရွှင်း ပြန်ထွက်သွားခဲ့လေသည်။

ရုတ်ချည်းဆိုသလို နန်တို့တောင်မှာ အတော်လေးကိုမှ ငြိမ်သက် တိတ်ဆိတ်သွားတော့သည်။ ပတ်ဝန်းကျင်မှာ အလွန်ကိုမှ ငြိမ်သက်နေသည့်အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်သည်လည်း ဘာကြောင့်မှန်းမသိ စိတ်အေးတည်ငြိမ်သွားခဲ့လေသည်။ သူ့အား နှောင့်ယှက်မည့် မည်သည့်အရာမှ မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်သည် မျက်လုံးပိတ်၍ ကျုချင်းမှ သူမထွက်မသွားခင် သူ့အား သင်ပေးခဲ့သော နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို စတင်ကျင့်ကြံတော့လေသည်။

အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေခဲ့လေရာ မကြာမီ ညအချိန်သို့ ရောက်လာခဲ့လေသည်။ တင်ပလင်ခွေကျင့်ကြံနေခဲ့သော ရန်ကိုင်မှာ ရုတ်တရက်ဆိုသလို တစ်ခုခုအား ခံစားမိလိုက်ပြီး မျက်လုံးပွင့်လာခဲ့သည်။ ချက်ချင်းပဲ ထိုင်ရာမှ ထ၍ အခန်းထဲမှထွက်ကာ နန်တို့တောင်ပေါ်တွင်ရပ်၍ ကြည့်လိုက်လေသည်။ မြင်လိုက်ရသည့်အရာကြောင့် ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ လက်ရှိအချိန်တွင် လခြမ်းကွေးကြီးမှာ အာကာယံကောင်းကင်ထက် တောက်ပစွာ ထွန်းလင်းနေခဲ့ပြီး ကြယ်များမှာ ၎င်းအား ဝန်းရံထားခဲ့လေသည်။ ကြယ်လတောင်တန်းထက်ရှိ ညအာကာယံကြီးသည် အလွန်တရာကိုမှ လှပလှသည့် စုတ်ချက်ပန်းချီကားတစ်ခုကို ကောင်းကင်ထက်တွင် ခင်းကျင်းထားသည့်အလားပင် ထင်မှတ်ရလွန်းလောက်အောင်ကို လှပလွန်းလှသည်။ ထို့အပြင် ကြယ်တစ်လုံးခြင်းဆီမှာလည်း ထူးခြားလှပစွာ တလက်လက် တောက်ပနေခဲ့လေသည်။

ရန်ကိုင်အား အံ့အားအသင့်သွားစေဆုံးမှာ ကြယ်များ တစ်ကြိမ် တစ်ကြိမ် တောက်ပသွားတိုင်း တောက်ပသွားတိုင်းတွင် ကောင်းကင်နှင့်မြေပြင် ဆက်သွယ်သွားသလို ခံစားလိုက်ရသည့် သူ့ခံစားချက်ပင်။ ကြယ်ရောင်တစ်ချက်လက်သွားတိုင်း ကြယ်လတောင်တန်းပေါ်ရှိ မိုးမြေစွမ်းအင်မှာ ပို၍ အသက်ဝင်လှုပ်ရှားလာခဲ့လေသည်။ ကောင်းကင်နှင့် မြေပြင်ကြားရှိ ဟင်းလင်းပြင်မှာလည်း နေ့အချိန် နေ့အခါတွင် မခံစားနိုင်ခဲ့ရသော ထူးဆန်းသည့် အရှိန်အဝါတစ်မျိုးဖြင့် ပြည့်နေခဲ့လေသည်။

လက်ရှိအခိုက်အတန့်တွင် ကြယ်လတောင်တန်းတစ်ခုလုံးမှာတော့ ကောင်းကင်ဘုံနန်းအလားပင် ထင်မှတ်ရသည်။ ဤနေရာ၌ နေဖူးသူအဖို့ ဤနေရာမှ ထွက်မသွားချင်တော့လောက်အောင်ကိုပင် ဖြစ်သွားနိုင်ပေသည်။ ရန်ကိုင်သည် သူ့ရှေ့ရှိမြင်ကွင်းအား ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေမိလေရာ အသက်ရှူဖို့ပင်လျှင် သတိမေ့နေခဲ့သည်။ ထိုသို့ပင်ဖြစ်နေလင့်ကစား ထိုမြင်ကွင်းကိုကြည့်နေရင်းမှ သူ့စိတ်အစုံမှာ ပိုပို၍ တည်ငြိမ်လာခဲ့ရသည်။

“ဒါက ကြယ်လှိုင်းဖြစ်စဉ်ပဲ… အဲ့ဒါက တစ်လတစ်ခါ ဖြစ်လေ့ရှိတယ်… မဟာဧကရာဇ်ပြောတဲ့ပုံအရဆိုရင်တော့ ဒီကြယ်လှိုင်းထဲမှာ ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုတွေ ကိန်းအောင်းနေတယ်တဲ့… အဲ့ဒါတွေကိုသာ လေ့လာနိုင်မယ်ဆိုလို့ရှိရင် ကိုယ့်အတွက် အကျိုးကျေးဇူး အများကြီးရှိတယ်… အင်း… ဒါကတော့ ကြယ်ဝိဉာဉ်နန်းတော်တပည့် တော်တော်များများ သိထားတဲ့ အကြောင်းအရာပေါ့… ကြယ်ဝိဉာဉ်နန်းတော်က တပည့်တော်တော်များများတောင် ဒီကြယ်လှိုင်းကနေ အကျိုးကျေးဇူး အများကြီး ရသွားကြသေးတယ်… အချို့ဆိုရင် ဉာဏ်အလင်းပွင့်ပြီးတော့ ဈာန်ဝင်စားနေရင်းနဲ့မှာကို အဆင့်တစ်ဆို့နေတဲ့ အတားအဆီးတွေကို ချိုးဖြတ်သွားနိုင်တာမျိုးလည်း ရှိတယ်… အချို့ဆိုရင်တော့ ကောင်းကင်လမ်းစဉ်ကနေပြီးတော့ ကိုယ့်ကို တိုက်ရိုက်သင်ပေးတဲ့ စွမ်းရည်တွေကိုတောင် ရခဲ့တာမျိုးတွေ ရှိသေးတယ်… ကြယ်လပညာရပ်ကို ကျင့်ကြံထားတဲ့ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ တပည့်တွေကတော့ အခြားသူတွေထက် ပိုပြီးတော့ အကျိုးကျေးဇူးရကြတာများတယ်…” လူတစ်ဦး၏အသံ ရန်ကိုင်နှင့် မလှမ်းမကမ်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။

“အဲ့လိုကိုး…” ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။ လက်ရှိတွင် ရန်ကိုင်တစ်ကိုယ်လုံးကို ကြယ်ရောင်များဖြင့် လွှမ်းခြုံထားခဲ့ပါသော်ငြား ရန်ကိုင်ကိုယ်တိုင်ကမူ ကြယ်လှိုင်းဆီမှ မည်သည့်အကျိုးကျေးဇူးကိုမှ မရခဲ့ပေ။ ဤကြယ်လှိုင်းနှင့်ပတ်သက်၍ တစ်ခုခု ထူးခြားနေသည်ဟု ခံစားနေရသည့်တိုင် ဘာကိုမှ သေသေချာချာ ရေရေရာရာ မခံစားမိခဲ့ရပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူ့ဘေးနား၌ အခြားသော ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်တစ်ဦး ရှိနေသည့်အတွက်ကြောင့် ထိုလူမှ သူ၏အခွင့်အရေးကို လုယူသွားသလို ဖြစ်သွားသည့်အတွက်ကြောင့် ဖြစ်ရလေသလားဆိုသည်ကိုတော့ ရန်ကိုင်လည်းမသိပေ။

တစ်ခဏအကြာ၌ ရန်ကိုင်သည် အသံကြားရာဘက်ဆီသို့ လမ်းကြည့်လိုက်ရာ တုတ်ခိုင်ထွားကျိုင်းသည့်လူတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုလက်နောက်ပစ်ထားသည့်လူကို ကြည့်ရင်းမှ ရန်ကိုင်က မေးလိုက်လေ၏။ “ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ…”

ထိုလူငယ်လေးက ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးဖြီးကာ ပြောလိုက်လေ၏။ “လဲ့ထျန်း…”

မျက်မှောင်ကျုံ့ကာ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေ၏။ “မဟာဧကရာဇ်ရဲ့လက်အောက်မှာ အကြီးအကဲအဖြစ် တာဝန်ယူခစားနေတဲ့ ဧကရာဇ်တတိယအဆင့်ပညာရှင် လေးဦးရှိတယ်ဆိုတာကို ကျုပ်ကြားထားဖူးတယ်… အဲ့ဧကရာဇ်တတိယအဆင့်ပညာရှင်တွေထဲမှာမှ အကြီးအကဲချုပ် လဲ့ဟုန်က အားအကောင်းဆုံးလို့ပြောတယ်… သူ့ခွန်အားက ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ယှဉ်နိုင်တဲ့အရာမျိုးမဟုတ်ဘူးတဲ့… ခင်ဗျားက အကြီးအကဲချုပ်လဲ့နဲ့ ဘာပတ်သက်လဲ…”

လဲ့ထျန်းက လဲ့ဟုန်၏နာမည်ကို မကြားချင်သည့်အလား အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် ပြန်ပြောလိုက်လေ၏။ “သူက ငါ့ဦးလေးပဲ…”

“အင်း…” ရန်ကိုင်က ခေါင်းတညိတ်ညိတ်လုပ်လျက် ပြန်ပြောလိုက်သည်။ “ကျုပ်သိပြီ… ဒီတော့ ခင်ဗျားက အကြီးအကဲချုပ်လဲ့ရဲ့ တူပေါ့…”

လဲ့ထျန်း၏အကြည့် စူးရှသွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “သူက ငါ့ဦးလေးလို့ ပြောတာကိုပဲ ငါပိုကြိုက်တယ်…”

“တောင်းပန်ပါတယ်… ကျုပ် အကြီးအကဲချုပ်လဲ့ရဲ့ နာမည်ကိုပဲ ကြားဖူးလို့ပါ…”

လဲ့ထျန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ အပြာရောင်လျှပ်ပန်းလျှပ်နွယ်များသည် သူ့ဆံပင်တစ်လျှောက် ကူးလူးစီးဆင်းလာခဲ့ပြီးသည့်နောက် လဲ့ထျန်းက ပြောလိုက်လေသည်။ “ငါ့အချိန်အများစုကို ကြယ်ဝိဉာဉ်နန်းတော်ထဲမှာပဲ တံခါးပိတ်ကျင့်ကြံနေပြီး အပြင်ထွက်လေ့မရှိတော့ မင်း ငါ့နာမည်အကြောင်းကို တစ်ခါမှမကြားဖူးတာ မဆန်းပါဘူး… ဒါပေမယ့် ကိစ္စတော့မရှိပါဘူး… အခုချိန်ကနေစပြီး ငါ့နာမည်က ကျော်ကြားလာတော့မှာ…”

“ဒါဆိုရင် ရောင်းရင်းလဲ့….” ရန်ကိုင်သည် သူ့ရှေ့တွင် အရှက်မရှိ ကြွားဝါနေသည့် လဲ့ထျန်းကိုကြည့်ရင်းမှ ပြောလိုက်လေသည်။ “ရောင်းရင်းလဲ့ ညသန်းခေါင်ကြီး ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ…”

လဲ့ထျန်းက မျက်လွှာချလျက် ရန်ကိုင်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။ “မင်း ဒီကိုရောက်လာတုန်းက မင်းသမီးကိုယ်တိုင် မင်းကို လာကြိုတယ်ဆို…”

“ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

လဲ့ထျန်း၏ အရှိန်အဝါတို့ တဝုန်းဝုန်း ဖြာထွက်လာခဲ့ပြီးသည့်နောက် အံတင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။ “ဒီတော့ မင်းက မင်းသမီးနဲ့ ရင်းနှီးတာပေါ့…”

“အဲ့လိုတော့လည်း ပြောလို့မရဘူး… ကျုပ်တို့ တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ တွေ့ခဲ့ဖူးတာ…” ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ စိတ်ရှုပ်နေသည့်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျား ဘာလို့ ဒီကိုရောက်လာတာလဲ ကျုပ်သိသွားပြီ ရောင်းရင်းလဲ့…”

“မင်း နားလည်တာကောင်းတယ်… ငါတို့တိုက်ကြရအောင်… မင်းရှုံးသွားမယ်ဆိုလို့ရှိရင် ကြယ်ဝိဉာဉ်နန်းတော်ကနေ ချက်ချင်း ထွက်သွားပြီးတော့ မင်းသမီးနဲ့ ဘယ်တော့မှ လာမတွေ့တော့နဲ့…” ထိုသို့အော်ပြောလိုက်ပြီးသည့်နောက်တွင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါ လဲ့ထျန်း၏ ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲထွက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်ရှေ့၌ ရပ်နေသည့်လူမှာ ရန်ကိုင် ပထမဦးဆုံးအကြိမ် တွေ့ဖူးသည့် လူတစ်ဦးမဟုတ်ဘဲ သူနှင့် ကမ္ဘာမကြေရန်ငြိုးများ ရှိနေသည့် ရန်သူတော်ကြီးတစ်ဦး ဖြစ်သည့်အလား။

ရန်ကိုင်သည် လဲ့ထျန်းကို စိုက်ကြည့်နေရင်းမှ “ရောင်းရင်းလဲ့… ခင်ဗျား ပြိုင်ဘက်ရွေးမှားနေပြီလို့ မထင်ဘူးလား… ခင်ဗျားတိုက်မယ်ဆိုလို့ရှိရင် ရှောင်ချန်းနဲ့ သွားတိုက်ရမှာလေ… ခင်ဗျားနဲ့ မင်းသမီးကြားမှာ အကြီးအမားဆုံး အတားအဆီးက သူပဲမဟုတ်ဘူးလား…”

လဲ့ထျန်းက လှောင်ပြောင်ရယ်မောလျက် “ရှောင်ချန်းလား… အဲ့ကောင်က ဘာမှမဟုတ်ဘူး… ဒီကောင်သာ ငါပြောတဲ့စကားကို နားမထောင်ဘူးဆိုရင် သူ့အဖေတောင် မမှတ်မိလောက်တဲ့အထိ ငါ ဒီကောင်ကို ရိုက်နှက်ပေးလိုက်မှာ…”

လဲ့ထျန်း၏စကားကို ကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ရှောင်ချန်းသည် တောင်ဘက်နယ်မြေ၏ တက်သစ်စကြယ်ပွင့်တစ်ပွင့်ဖြစ်သလို ဧကရာဇ်အဆင့်သို့ မကြာသေးခင်ကမှ ရောက်ရှိထားသူတစ်ဦးလည်း ဖြစ်သည်။ လဲ့ထျန်းသည် ရှောင်ချန်းထက် ပိုအားကောင်းမည်ဆိုလျှင်ပင် သူသည်လည်း ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာလျှင် မဟုတ်ပေလော။ ထို့အတွက်ကြောင့် လဲ့ထျန်းမှာ ဘာကြောင့်များ သူ့ကိုယ်သူ ဤမျှ ယုံကြည်ချက် ရှိနေရလေသနည်း။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်မှာမူ လဲ့ထျန်းဆိုသည့်နာမည်အား တစ်ခါမှ မကြားခဲ့ဖူးချေ။ ယခု ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်မျိုးဆက်များကို ရှောင်ချန်းနှင့် လန်ရွှင်းတို့မှ ဦးဆောင်ထားကြောင်းကိုသာ သိထားရသည်။ ကြည့်ရသလောက် ထိုလူများထဲ နောက်ထပ်လူတစ်ဦး ထပ်ရှိနေသေးသည့်ပုံပင်။

လဲ့ထျန်းပြောသည်ကို ကြားပြီးသည့်နောက် အခြေအနေကို ရန်ကိုင် အမြန်နားလည်သွားခဲ့ရလေသည်။ လဲ့ထျန်းသည်သာ ကြယ်ဝိဉာဉ်နန်းတော်ထဲ တောက်လျှောက် တံခါးပိတ်ကျင့်စဉ်ဝင်နေပြီး အပြင်သို့ ထွက်လေ့မရှိပါက အပြင်ဘက်ရှိလူများ သူ့နာမည်ကို မသိကြသည်မှာ အထူးအဆန်းတော့ မဟုတ်ကြချေ။

တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းလဲ့… ခင်ဗျားကြည့်ရတာ ကျုပ်နဲ့ပတ်သက်ပြီးတော့ တစ်ခုခု နားလည်မှုလွဲနေတယ်နဲ့တူတယ်နော်…”

လဲ့ထျန်းမှ အကြောင်းအရင်းမရှိ သူ့အား ပြဿနာလာရှာသည်မှာ ရန်ကိုင်အတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာပင်။ သို့သော်ငြား သူသည် ကြယ်ဝိဉာဉ်နန်းတော်၌ ဧည့်သည်တစ်ဦးအဖြစ် နေနေခြင်းဖြစ်ပေသည်။ သူနှင့် လဲ့ထျန်းကြား ပဋိပက္ခ ဖြစ်လာမည်ဆိုပါက ကြယ်ဝိဉာဉ်နန်းတော်၏ အထက်အရာရှိများကို စိတ်ညစ်သွားစေနိုင်ပေသည်။ ထို့အပြင် လဲ့ထျန်း၏ ဦးလေးဆိုသည့်လူမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲချုပ် လဲ့ဟုန်ဖြစ်သည့်အတွက်ကြောင့် လဲ့ထျန်းနှင့်သာ ပြဿနာတက်လျှင် ငါးရောင်ခြယ်ရတနာဘုရားထဲ ကျင့်ကြံနိုင်မည့်အခွင့်အရေး ပျက်သွားခဲ့ပါက ရန်ကိုင် အတော်လေးကိုမှ စိတ်ညစ်သွားရနိုင်ပေသည်။

ရန်ကိုင်မှာတော့ သူ့စကားကို သေသေချာချာ မပြောနိုင်သေးခင်မှာပင် လဲ့ထျန်းက အော်ပြောလိုက်လေသည်။ “အပိုတွေပြောမနေတော့နဲ့… ငါနဲ့လာတိုက်…”

ထိုသို့ပြောပြီးသည့်နောက်တွင် လဲ့ထျန်း၏လက်ထဲ လျှပ်ပန်းလျှပ်နွယ်များ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး လျှပ်စီးများ စုဝေးလာကာ ကျာပွတ်တစ်ချောင်းအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် လဲ့ထျန်းသည် လျှပ်စီးကျာပွတ်ကို တင်းတင်းဆုပ်ကိုင်လျက် ရန်ကိုင်ဆီသို့ ရိုက်ချလိုက်လေ၏။

ရန်ကိုင်မှာလည်း ပြောရန်ကြံနေသည့် စကားများကိုပင်လျှင် မပြောနိုင်တော့ဘဲ အထိတ်တလန့်အမူအယာဖြင့် ထိုစကားလုံးများကို ပြန်လည်မျိုသိပ်ထားလိုက်ရလေသည်။ ထိုတိုက်ကွက်ကို ကြည့်ရုံဖြင့်ပင်လျှင် လဲ့ထျန်းသည် ရှောင်ချန်းထက် ပိုအားကောင်းကြောင်း သူပြောနိုင်ပေသည်။ ရှင်းရှင်းပြောရလျှင် လဲ့ထျန်းသည် ရန်ကိုင်မြင်ခဲ့ဖူးသည့် မည်သည့်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူထက်မဆို ပိုအားကောင်းပေသည်။ ရှင်းရှင်းပြောရလျှင် လက်ရှိ လဲ့ထျန်း၏ခွန်အားမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးနှင့်ပင်လျှင် ယှဉ်နိုင်ပေသည်။

(ဒါတောင် ဒီကောင် အားကုန်ထုတ်သုံးပြီး တိုက်ခိုက်သေးတာမဟုတ်ဘူး… ဒီကောင်သာ အားကုန်ထုတ်သုံးလိုက်လို့ရှိရင် သာမန်ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တွေ သူ့ပြိုင်ဘက် လုံးဝ ဖြစ်နိုင်တော့မှာမဟုတ်ဘူး… ဒီကောင်က ဆိုးတော့လည်း မဆိုးဘူးပဲ.. ဒါကြောင့်ပဲ ငါနဲ့ လာတိုက်ခိုက်ရဲတာကိုး…)

လျှပ်စီးကျာပွတ် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် ရန်ကိုင်သည် အနန္တဓါးကိုထုတ်၍ တိုးဝင်လာနေသည့် လျှပ်စီးကျာပွတ်အား ဓါးဖြင့် ပြန်ခုတ်ချလိုက်လေသည်။ မီးပွားများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လျှပ်စီးကျာပွတ်မှာ နောက်သို့ ပြန်ကန်ထွက်သွားလေ၏။ သို့တိုင် ကျာပွတ်နှင့် ထိခတ်ရာမှ ဓါးသွားတစ်လျှောက် စီးဆင်းလာသော လျှပ်စီးစွမ်းအင်ကြောင့် ရန်ကိုင်၏လက်မောင်းတစ်ဖက်လုံး ထုံတက်သွားခဲ့ရလေသည်။ ဧကရာဇ်ချီကိုလှည့်ပတ်လိုက်သည့် အခါမှသာလျှင် ရန်ကိုင်သည် ထိုစွမ်းအားကို ချေဖျက်လိုက်နိုင်လေ၏။

ရန်ကိုင်မှ သေသေချာချာ မတုံ့ပြန်နိုင်သေးခင်မှာပင် လျှပ်စီးကျာပွတ်မှာ သူ့ဆီသို့ နောက်တစ်ကြိမ် ထပ်မံ၍ တိုးဝင်လာပြန်လေသည်။ ယခုတစ်ကြိမ်တွင်တော့ လျှပ်စီးကျာပွတ်သည် ဧရာမလျှပ်စီးမြွေကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလျက် ရန်ကိုင်အား ကိုက်ချလာခဲ့လေသည်။ ရန်ကိုင်ကမူ သူ့လက်အား ဝှေ့ယမ်းလျက် လဓါးသွားတစ်စင်းကို ပစ်လွှတ်လိုက်လေရာ လျှပ်စီးမြွေကြီးမှာ လဓါးသွားကြောင့် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရလေသည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် လဲ့ထျန်း အံ့အားသင့်သွားခဲ့ရလေသည်။ သူ ဤလျှပ်စီးမြွေနဂါးပညာရပ်ကို ကျင့်ကြံနေသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ ဖြစ်သည့်အတွက်ကြောင့် ထိုပညာရပ် မည်မျှအားကောင်းမှန်းကို ပြောနိုင်ပေသည်။ ဧကရာဇ်ပထမအဆင့်ပညာရှင် အများစုသည်သာ ဤတိုက်ကွက်နှင့် ရင်ဆိုင်ရမည်ဆိုပါက မည်သို့ပင် ရုန်းကန်နေစေကာမူ ရန်ကိုင်ကဲ့သို့ လျှပ်စီးမြွေကို အလွယ်တကူ နှစ်ပိုင်းပြတ်ထွက်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်ထုတ်သုံးသွားသည့် ပညာရပ်သည် သူ့အား ထူးဆန်းသည့်ခံစားချက်ကို ရနေစေခဲ့လေသည်။ ထိုပညာရပ်များထဲ လေဟာနယ်စွမ်းအားအရိပ်အယောင်တို့ ပါဝင်နေသည့်အလား။

လျှပ်စီးမြွေ နှစ်ပိုင်းပြတ်ထွက်သွားပြီးပြီးချင်းမှာပင် လဲ့ထျန်းသည် ရန်ကိုင်ဆီသို့ မသိမသာ ချဉ်းကပ်လာခဲ့လေသည်။ လျှပ်ပန်းလျှပ်နွယ်များကြား ရန်ကိုင်မသိအောင် ရန်ကိုင်ဆီသို့ တိုးကပ်လာခဲ့လေရာ မကြာမီ ရန်ကိုင်နှင့် တစ်မီတာအကွာသို့ ရောက်လာခဲ့လေသည်။ ထို့နောက်တွင် သူ့လက်ကိုမြှောက်လျက် ရန်ကိုင်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။

“တော်လောက်ပြီ…” ရန်ကိုင်က ဒေါသတကြီးဖြင့် ထအော်လျက် သူ့လက်ချောင်းကိုမြှောက်ကာ လဲ့ထျန်း၏ လက်ဝါးတည့်တည့်သို့ ညွှန်လိုက်လေသည်။ ဤလက်ချောင်းနှင့် လဲ့ထျန်း၏လက်ဝါးသာ ထိသွားမည်ဆိုပါက လဲ့ထျန်း၏လက်ဝါးထက် ကျိန်းသေ အပေါက်ဖြစ်သွားရပေလိမ့်မည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဒဏ်ရာအချို့ ရသွားလိမ့်မည် ဖြစ်ပါသော်ငြား လဲ့ထျန်းရလိုက်သည့် ဒဏ်ရာလောက်တော့ ပြင်းလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား သူတို့၏တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ခါနီးပင် လဲ့ထျန်း၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားခဲ့လေသည်။ သူ့မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း နောက်သို့ အလျင်စလို လှည့်ကြည့်လိုက်လေ၏။ သူထုတ်ဖော်ရန်ပြင်နေသည့် လက်ဝါးချက်သည်ပင်လျှင် လေထဲ၌ တန့်တန့်ကြီး ဖြစ်သွားခဲ့ရလေသည်။

လဲ့ထျန်းဆက်မတိုက်တော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း သူ့လက်ချောင်းကို ရပ်လိုက်လေ၏။

“ခွေးသူတောင်းစားကောင်ရှောင်ချန်း… ငါ့ကိစ္စကို လာပြီး ဖျက်လို့ဖျက်ဆီး လုပ်ရဲတယ်ပေါ့…” ထိုသို့အော်ဆဲပြီးသည့်နောက်တွင် လဲ့ထျန်းသည် သူ့လက်ဝါးကို ပြန်ရုတ်သိမ်းလျက် ထွက်သွားရန် ပြင်လိုက်လေသည်။ သို့သော်ငြား ခြေနှစ်လှမ်းသာ လှမ်းပြီးရသေးသည့်အချိန်၌ ရန်ကိုင်ဘက်သို့ပြန်လှည့်၍ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ “ဒီနေ့ည ငါလုံးဝမလာခဲ့ဘူး… မင်းနဲ့ငါလည်း ဘယ်တုန်းကမှ မတွေ့ခဲ့ဘူး… ငါနဲ့မင်းနဲ့ လုံးဝမတိုက်ခိုက်ခဲ့ဘူး… အဲ့ဒါကို မင်း သေချာမှတ်ထားနော်…”

ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ “အာ… ညကောင်းကင်ကြီးက လှလိုက်တာကွာ…”

“မင်း…” လဲ့ထျန်းမှာ ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား အချိန်မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် တစ်ချက်စိုက်ကြည့်လိုက်ပြီးသည့်နောက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ပြေးထွက်သွားခဲ့လေ၏။

လဲ့ထျန်းထွက်သွားပြီး မကြာမီတွင် နန်တို့တောင်ပေါ်၌ အလင်းတစ်ချက် လက်သွားခဲ့လေသည်။ ထို့နောက် လန်ရွှင်းပေါ်လာခဲ့ပြီး ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “စီနီယာအစ်ကိုရန် အဆင်ပြေရဲ့လား…”

“ပြေပါတယ်… ဘာလို့လဲ…” ရန်ကိုင်က ပြုံးလျက် “ကြယ်ဝိဉာဉ်နန်းတော်က ကောင်းကင်က တော်တော်လေးလှတာနော်… အခု ညကောင်းကင်အလှကို ခံစားရင်း လေညှင်းလာခံနေတာ…”

“လဲ့ထျန်း ဒီကိုလာတယ်ကြားလို့ လာခဲ့တာ… သူ စီနီယာအစ်ကိုရန်ကို ပြဿနာလာရှာသေးလား…”

“လဲ့ထျန်းက ဘယ်သူလဲ…” ရန်ကိုင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။ သို့သော်ငြား လဲ့ထျန်း၏လျှပ်စီးကြောင့် ထိုးထိုးထောင်ထောင်ဖြစ်နေသော ရန်ကိုင်၏ဆံပင်များမှာ သူ၏ ဟန်ဆောင်နေသည့်အမူအယာကို အတို့အထောင်လုပ်နေသလို ဖြစ်နေခဲ့လေသည်။

လန်ရွှင်းသည် ရန်ကိုင်၏ဆံပင်များကို ကြည့်ရင်းမှ ယဲ့ယဲ့လေးပြုံးလိုက်လေ၏။ ရန်ကိုင်ကမူ သူ့ဆံပင်ကို ပြန်သပ်ချရင်းမှ ပြောလိုက်လေသည်။ “လေတွေကလည်း ပြင်းလိုက်တာကွာ… ဘယ်လိုတောင်တိုက်သွားလို့ ငါ့ဆံပင်တွေ အခုလိုဖြစ်ကုန်ရတာလဲ…”

လန်ရွှင်းက ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်လေ၏။ “လဲ့ထျန်းက အားနေရင် တံခါးပိတ်ကျင့်စဉ်ဝင်ပြီးတော့ပဲ ကျင့်ကြံနေလို့ နည်းနည်းလေး ရူးကြောင်ကြောင်ဖြစ်နေတာ… သူက ဘာမှ သေသေချာချာ စဉ်းစားတတ်တဲ့လူမဟုတ်ဘူး… ဒါကြောင့် စီနီယာအစ်ကိုရန် နောက်တစ်ကြိမ် သူနဲ့တွေ့လို့ရှိရင် ကျွန်မကို ချက်ချင်း အကြောင်းကြားပေးလိုက်… ကျွန်မ သူ့ကိစ္စကို ရှင်းလိုက်မယ်…”

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ…”

“အင်း… ဒါဆို စီနီယာအစ်ကို ဆက်ပြီးတော့ လေညှင်းခံနေလိုက်ဦးနော်… ကျွန်မ ပြန်သွားတော့မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် လန်ရွှင်းသည် ပါးစပ်ကို လက်ဖြင့်အုပ်၍ တခစ်ခစ် ရယ်သွမ်းသွေးလိုက်လေသည်။ ထို့နောက် လှည့်ထွက်သွားလေ၏။

“လဲ့ထျန်း…” ရန်ကိုင်သည် သူ့မေးစေ့ကို ပွတ်ရင်းမှ အတွေးနက်သွားသည့်ဟန်ဖြင့် စဉ်းစားနေလေ၏။ မကြာမီ သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

နန်တို့တောင်ဆီမှ အဝေးတစ်နေရာ၌ လဲ့ထျန်းသည် ရှောင်ချန်းအား အင်္ကျီလည်တိုင်မှ ဆွဲကိုင်မြှောက်ရင်းမှ အော်မေးလိုက်လေသည်။ “အခုလိုဖြစ်အောင်လုပ်တာ မင်းမလား… မင်းဆိုတာသေချာတယ်… မင်းသာ ညီမလန်ရွှင်းကို သွားအကြောင်းမကြားရင် သူ ဒီလောက် အချိန်ကိုက် ရောက်လာစရာအကြောင်းမရှိဘူး… ငိုးမခွေးသူတောင်းစား… အချိန်သာ နည်းနည်းလေး ထပ်ရလိုက်လို့ရှိရင် အဲ့ကောင်ကို ကြယ်ဝိဉာဉ်နန်းတော်ထဲက ကန်ထုတ်နိုင်တော့မှာကို…”

“ငါ့ကိုလွှတ်… ငါ့အင်္ကျီတွေကို ဒါမျိုးလာမဆွဲနဲ့…” ရှောင်ချန်းသည် သူ့အင်္ကျီကော်လံကို ဆွဲကိုင်ထားသည့် လဲ့ထျန်း၏လက်ကြီးများကို ရွံရှာစက်နေသည့်အမူအယာဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၉၃)

ဘာသာပြန်သူ_တိမ်တိုက်

လဲ့ထျန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သို့တိုင် ရှောင်ချန်း၏ အင်္ကျီလည်တိုင်အား ဆွဲကိုင်ထားသည်ကို ပြန်လွှတ်ပေးလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “မင်း အဲ့ကောင်နဲ့တိုက်ပြီးတော့ မနိုင်လိုက်ဘူးဆို…”

ရှောင်ချန်းက သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းကိုယ်တိုင်လည်း သူနဲ့တိုက်ဖူးတာပဲ… သူဘယ်လောက်အားကောင်းမှန်း မသိဘူးလား…”

လဲ့ထျန်း၏အမူအယာ သုန်မှုန်သွားခဲ့ပြီး သေသေချာချာ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “အဲ့ကောင်က တကယ်ကို အားကောင်းတယ်ကွ…”

ရှောင်ချန်းက ဆက်ပြောလိုက်သည်။ “ပိုပြီးမုန်းစရာကောင်းတာက ရွှင်းအာက အဲ့ကောင်ကို အရမ်းအရေးပေးနေတာပဲ… အခုချိန် ငါတို့နှစ်ယောက်က ရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး… ငါတို့နှစ်ယောက် အတူပူးပေါင်းပြီးတော့ ဒီကနေမောင်းထုတ်ရမှာကွ…”

လဲ့ထျန်းက လှောင်ပြုံးပြုံးလျက် “အတူပူးပေါင်းဖို့… မင်းနဲ့ ဘာဖြစ်လို့ အတူပူးပေါင်းရမှာလဲ… မင်း ခေါင်းရောကောင်းသေးရဲ့လား…”

ရှောင်ချန်းက ပြန်ပြောလိုက်သည်။ “ရွှင်းအာကို အခုလိုမျိုး ပြောရဲလား… ဟမ်… မင်း သူ့မျက်လုံးတည့်တည့်ကိုတောင် စိုက်ကြည့်ရဲလို့လား…”

ထိုစကားကိုကြားသော် လဲ့ထျန်း အသံတိတ်သွားခဲ့လေ၏။ အချိန်အတော်ကြာပြီးသည့်နောက်မှသာ ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိတယ်ကွ…”

ရှောင်ချန်းက လှောင်ပြုံးပြုံးလျက် “ရွှင်းအာကို တိုက်ရိုက်တောင် မကြည့်ရဲနဲ့ဘဲ လာပြီးတော့များ… ရွှင်းအာသာ အဲ့ကောင်နဲ့ တပူးပူး တတွဲတွဲ ဖြစ်သွားလို့ရှိရင် မင်း ဘယ်လိုလုပ်မှာလဲ…”

“ဒါဆို ငါတို့ ဘယ်လိုလုပ်ရမလဲ…” လဲ့ထျန်းက ပြန်မေးလေသည်။

ရှောင်ချန်းက အဓိပ္ပာယ်ပါပါပြုံးလျက် ရှင်းပြလိုက်လေသည်။ “ငါးရောင်ခြယ်ရတနာဘုရားက ခဏနေကြရင် ပွင့်တော့မှာ… မင်းနဲ့ငါနှစ်ယောက်စလုံး အဲ့ထဲကိုဝင်ရမယ်… ငါတို့ ဝင်လို့ရမယ့်အချိန်က တစ်လပဲ… အဲ့တစ်လအတွင်း ငါတို့အခွင့်အရေးရမှာပေါ့… အဲ့ထဲကို ရောက်ပြီဆိုတာနဲ့ ငါတို့နှစ်ယောက်ပေါင်းပြီး အဲ့ကောင်ကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်… အဲ့ခါကြမှ ဒီကောင် မှတ်လောက်သားလောက် ဖြစ်သွားမှာ…”

“အတူပူးပေါင်းပြီး အဲ့ကောင်ကို အနိုင်ယူရမယ်…” လဲ့ထျန်း တုံ့ဆိုင်းသွားခဲ့လေသည်။ “အဲ့လိုမျိုးမလုပ်နိုင်ဘူး… အဖွဲ့လိုက်ပေါင်းပြီးတော့ တစ်ယောက်တည်းကို အနိုင်ကျင့်တာ ငါ့စတိုင်မဟုတ်ဘူး…”

ရှောင်ချန်းက ပြန်ပြောလိုက်သည်။ “အဲ့လိုမှမလုပ်ချင်ရင်လည်း ရတယ်လေ… မင်းတစ်ယောက်တည်း သူနဲ့သွားတိုက်ပေါ့… ငါ ရွှင်းအာ မင်းတို့နှစ်ယောက်တိုက်နေတာကို လာမရှုပ်အောင် တားထားပေးမယ်…”

ထိုစကားကိုကြားသည့်အခါ လဲ့ထျန်းက ခေါင်းတညိတ်ညိတ်ဖြင့် “ကောင်းတယ်… အဲ့ဒါဆို အဆင်ပြေတယ်…” ထို့နောက် ရှောင်ချန်း၏ပုခုံးကို ပုတ်၍ ပြောလိုက်လေသည်။ “ဒါဆိုရင် ညီမလန်ရွှင်းကိစ္စကို မင်းဆီ အပ်ထားလိုက်မယ်နော်… အဲ့ကောင်ကို ငါ့တာဝန်ထားလိုက်…”

“ဒီတော့ မင်းက ငါနဲ့အတူ ပူးပေါင်းဖို့ သဘောတူတယ်ပေါ့…” ရှောင်ချန်း၏မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

“ဒါပေါ့ ဒါပေါ့… မင်းနဲ့ပူးပေါင်းရမှာပေါ့… ငါ့ဂျူနီယာညီလေးက အခုလိုမျိုး ပြောလာတယ်ဆိုမှတော့လည်း မင်းစီနီယာအစ်ကိုကြီးက သဘောထားကြီးကြီးနဲ့ မင်းနဲ့အတူ ပူးပေါင်းပေးရသေးတာပေါ့…” လဲ့ထျန်းမှာ အလွန်တရာကိုမှ ပျော်ရွှင်နေသည့်အလား သည်းလှိုက်အူလှိုက် အော်ရယ်မောနေခဲ့လေသည်။

ရှောင်ချန်း၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ “မင်းနဲ့ စီနီယာအစ်ကို ဂျူနီယာညီလေးတွေ ငြင်းပြီး အချိန်ကုန်ခံမနေတော့ဘူး…”

(ငါသာ မင်းသမီးနဲ့ အတူရှိနေလို့ရရင် အကုန်အဆင်ပြေသွားပြီ… ဘာဖြစ်လို့ မင်းထက်ပိုပြီးတော့ မင်းသမီး မျက်နှာသာပေးတာ ခံရအောင် ကြိုးစားနေရမှာလဲ… ဟမ့်… မင်းလိုအရူးတစ်ကောင်ကတော့ အားနေရင် တိုက်ဖို့ခိုက်ဖို့ပဲ သိတဲ့ကောင်… မင်းလိုကောင်မျိုးကတော့ ဘာမှစိတ်ပူနေစရာမလိုတာ…)

သူတို့ဆွေးနွေးပြီးသည့်နောက်တွင် နှစ်ဦးစလုံး လမ်းခွဲသွားလိုက်ကြလေသည်။

လဲ့ထျန်း ရန်ကိုင်အား ပြဿနာလာရှာပြီးသွားသည့်နောက်တွင် မည်သူမျှ နန်တို့တောင်ပေါ်သို့ လာ၍ ရန်ကိုင်နှင့် မတိုက်ခိုက်ကြတော့ချေ။ ကြယ်ဝိဉာဉ်နန်းတော်တစ်ခုလုံးမှာ ငါးရောင်ခြယ်ရတနာဘုရား ဖွင့်လှစ်ဖို့ရာ ပြင်ဆင်နေရင်း အလုပ်ရှုပ်နေကြလေသည်။ လန်ရွှင်းသည်ပင်လျှင် ရန်ကိုင်ဆီသို့ ရောက်မလာတော့ချေ။

ရန်ကိုင်အတွက်လည်း ယခုကဲ့သို့ အေးအေးလူလူ အနားယူခွင့်ရမည့်အချိန် ရဖို့ရာမှာ မလွယ်ကူလှပေ။ ထို့အတွက်ကြောင့် အချိန်ရတုန်းရခိုက် နန်တို့တောင်ပေါ်၌ အေးအေးဆေးဆေး တံခါးပိတ်ကျင့်စဉ် ဝင်နေလေ၏။ ဤအချိန်တွင် ရန်ကိုင်သည် အားလပ်နေသည့် အချိန်အခိုက်အတန့်ကို အမိအရ အသုံးချလျက် ကျိယင်မှ ဖော်စပ်ထားပေးခဲ့သော နဂါးသွေးဆေးလုံးများကို သန့်စင်နေခဲ့လေသည်။

နဂါးသွေးဆေးလုံးများမှာ အလွန်တရာကိုမှ အံ့ဩဖွယ်ကောင်းလှလေသည်။ ထိုနဂါးသွေးဆေးလုံးများကို သန့်စင်ပြီးသွားသည့်နောက်တွင် သူ့ခန္ဓာကိုယ်၏ မာကျောမှုမှာ ယခင်ကထက် ပို၍ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။ များများစားစားတိုးတက်လာခဲ့ခြင်း မရှိပါသော်ငြား အနည်းငယ်မျှသော တိုးတက်မှုကသည်ပင်လျှင် သူ့လက်ရှိခွန်အားအတွက် အတော်လေးကိုမှ အသုံးဝင်လှပေသည်။ ရန်ကိုင်သည်သာ နဂါးသွေးဆေးလုံးများကို ထပ်မံ၍ စားသုံးလိုက်မည်ဆိုပါက သူ့ခန္ဓာကိုယ်မှာ အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားရပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူ့၌ နဂါးသွေးဆေးလုံး သုံးလုံးသာ ရှိနေခဲ့လေသည်။

သို့သော်ငြား ကျိယင်ပြောခဲ့သော နဂါးသွေးဆေးလုံးမှ နဂါးသွေးမျိုးဆက်အား သန့်စင်ပေးနိုင်သည့် အကျိုးအာနိသင်ကိုတော့ ရန်ကိုင်မတွေ့ရှိခဲ့ရပေ။ သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ဘာကြောင့် ထိုသို့ဖြစ်ရသလဲဆိုသည်ကို နားလည်သွားခဲ့သည်။ ရန်ကိုင်သည် နဂါးကလန်သားတစ်ဦးမဟုတ်။ သူ့အနေဖြင့် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုနိုင်နေရခြင်းမှာ သူပိုင်ဆိုင်ထားသည့် ရွှေနဂါးအမြုတေကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် နဂါးသွေးဆေးလုံး၏ သွေးမျိုးဆက်အား သန့်စင်ပေးနိုင်သည့် အကျိုးအာနိသင်မှာ ရန်ကိုင်အပေါ် အကျိုးသက်ရောက်မှု မရှိခြင်းပင်။

ငါးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် နောက်ဆုံးလက်ကျန် နဂါးသွေးဆေးလုံးအား သန့်စင်လို့ ပြီးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာလည်း ယခင်ကထက်ကို သိသိသာသာ ပိုမိုမာကြော ကြံ့ခိုင်လာကြောင်း တွေ့ရှိလိုက်ရလေသည်။

နဂါးသွေးဆေးလုံးအား သန့်စင်ပြီးသွားလို့ မကြာခင်မှာပင် တစ်စုံတစ်ဦး သူ့ဆီသို့ ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။ တစ်ခဏအကြာ၌ လန်ရွှင်း၏အသံ ရန်ကိုင်နားထဲသို့ ရောက်ရှိလာခဲ့လေသည်။ “စီနီယာအစ်ကိုရန်…”

ရန်ကိုင်လည်း ထရပ်၍ ခန်းမထဲမှ ထွက်လာခဲ့လိုက်လေသည်။ လန်ရွှင်းက ပြုံး၍ နှုတ်ဆက်လိုက်လေသည်။ “ကျွန်မတို့ရတနာဘုရားကို ဒီနေ့ ဖွင့်တော့မှာ… စီနီယာအစ်ကိုရန် အဆင်သင့်ဖြစ်ပြီလား…”

“အမ်း… ဖြစ်ပြီ…”

“အဲ့ဒါဆိုရင် ကျွန်မနောက် လိုက်ခဲ့နော်…” ထိုသို့ပြောပြီးသည့်နောက်တွင် လန်ရွှင်းသည် ရှေ့မှ ဦးဆောင်သွားလေသည်။

ငါးရောင်ခြယ်ရတနာဘုရားသည် ကြယ်ဝိဉာဉ်နန်းတော်၏ အရေးကြီးဆုံးနေရာများအနက် တစ်ခုဖြစ်ကာ ထိုရတနာဘုရားမှာ အလွန်တရာကိုမှ ကြီးမားလှသော သီးခြားကမ္ဘာတစ်ခု ဖြစ်သည်ဟု ပြော၍ရပေသည်။ တန်ခိုးရှင်အဆင့်မှနေ၍ ဧကရာဇ်အဆင့် ကျင့်ကြံသူများအထိ မည်သူမဆို ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ကာ ကျင့်ကြံနိုင်ကြသည်။ ပြောကြသည်မှာတော့ ငါးရောင်ခြယ်ရတနာဘုရားထဲရှိ သီးခြားနေရာလပ်များသည် ဖျက်ဆီးခံလိုက်ရသော ကမ္ဘာများ၏ ပျက်စီးနေသော အစိတ်အပိုင်းများ ဖြစ်သည်ဟူ၍ပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ကျင့်ကြံသူများမှာ လောကနိယာမစွမ်းအားများကို အလွယ်တကူ ထိတွေ့နိုင်ခြင်းပင်။ လောကနိယာမများမှာ အစိတ်အပိုင်းများ ဖြစ်ကြပါသော်ငြား ထိုအရာများသည် ကျင့်ကြံသူများအဖို့ နားလည်ရ ပို၍ လွယ်ကူပေသည်။

နေမင်းပြာကျောင်းတော်၏ ကောင်းကင်တက်လှမ်းခြင်းကြေးမုံကြောင့် နေမင်းပြာကျောင်းတော်မှ ကျင့်ကြံသူများမှာ ဝိဉာဉ်ကျင့်ကြံခြင်းတွင် အဆင့်တူကျင့်ကြံသူများထက် ပိုမိုအားကောင်းနေလေ့ရှိသည်။ ထို့နည်းတူစွာပင် ငါးရောင်ခြယ်ရတနာဘုရားကြောင့် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်များမှာ နိယာမစွမ်းအားအပေါ် နားလည်မှုတွင် အခြားသောကျင့်ကြံသူများထက် ခေါင်းတစ်လုံး ပိုသာနေလေ့ ရှိပေသည်။

နိယာမစွမ်းအားကို ပိုမိုနားလည်လေ ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းမှာ ပို၍ ကျစ်လျစ်လာလေပင်။ ထို့အပြင် နောက်တစ်ဆင့်သို့ တက်ဖို့ရာလည်း ပို၍ လွယ်ကူလာရလေ၏။ ရှင်းရှင်းပြောရသော် ငါးရောင်ခြယ်ရတနာဘုရားသည် ကြယ်ဝိဉာဉ်နန်းတော်၏ အုတ်မြစ်ဖြစ်သည်ဟူ၍ပင် ပြော၍ရပေသည်။

သို့သော်ငြား ကြယ်ဝိဉာဉ်နန်းတော်သည် ငါးရောင်ခြယ်ရတနာဘုရားအား စိတ်ရှိတိုင်း မဖွင့်နိုင်ပေ။ ငါးရောင်ခြယ်ရတနာဘုရားကို တစ်ကြိမ်တစ်ကြိမ် ဖွင့်ရန်အတွက် လူအင်အားများစွာ လိုအပ်သလို အရင်းအမြစ်များစွာလည်း လိုအပ်ပေသည်။ ထို့အပြင် အကြီးအကဲများမှာလည်း အတူပူးပေါင်းကာ ငါးရောင်ခြယ်ရတနာဘုရားအား ဖွင့်လှစ်ပေးရန် လိုအပ်ပေသေးသည်။

ထို့ကြောင့်သာလျှင် ကြယ်ဝိဉာဉ်နန်းတော်သည်ပင်လျှင် ငါးရောင်ခြယ်ရတနာဘုရားအား သုံးနှစ်မှတစ်ကြိမ် ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံထားရသည့် တပည့်များကိုသာ ဝင်ခွင့်ပေးခြင်းပင်။

ငါးရောင်ခြယ်ရတနာဘုရား တစ်ကြိမ်ဖွင့်ပါက ရတနာဘုရားထဲသို့ လူမည်မျှ ဝင်နိုင်သလဲ ဆိုသည်နှင့် ပတ်သက်၍ ကန့်သတ်ချက် ရှိပေသည်။ ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်သည် တပည့်များကြား ပြိုင်ပွဲတစ်ခု ပြုလုပ်ပေးလေသည်။ ထိုပြိုင်ပွဲ၌ သတ်မှတ်ထားသည့်အဆင့်ထဲ ဝင်နိုင်မည်ဆိုပါက ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ရောက်ကျင့်ကြံခွင့် ရနိုင်ပေလိမ့်မည်။

ပုံမှန်အားဖြင့် ငါးရောင်ခြယ်ရတနာဘုရားကို ယခုအချိန်မှစ၍ နောက်ထပ် နှစ်ဝက်ခန့်ကြာမှသာ ဖွင့်ရန် စီစဉ်ထားခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်ကြောင့် ဖွင့်မည့်အချိန်ကို ရှေ့သို့ တိုးလိုက်ရပေသည်။ ပြောစရာမလိုအောင်ပင် ကြယ်ဝိဉာဉ်နန်းတော်အနေဖြင့် ငါးရောင်ခြယ်ရတနာဘုရားကို နောက်ထပ်နှစ်ဝက်ကြာမှသာ ဖွင့်၍လည်း ရပေသည်။ ရန်ကိုင်အနေဖြင့် မည်သို့မျှ အထွန့်တက်နိုင်လိမ့်မည်မဟုတ်။ သို့သော်ငြား တောင်ဘက်နယ်မြေတစ်ခုလုံး၏ ထောက်တိုင်ကြီးဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်သည် သူတို့၏စကားနှင့် ဂုဏ်သတင်းကို ဂရုစိုက်ရပေသည်။ ထို့အတွက်ကြောင့် ဂုဏ်သတင်းပျက်ပြားမည်ကို မလိုချင်လေရာ ရန်ကိုင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ငါးရောင်ခြယ်ရတနာဘုရား ဖွင့်မည့်အချိန်ကို ချက်ချင်း ရှေ့တိုးပေးလိုက်ခြင်း ဖြစ်ပေသည်။ ထိုသို့လုပ်လိုက်ရသည့်အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်သည် လူရောကိုယ်ပါ ပင်ပန်းခဲ့ရသလို လိုအပ်သည့်အရင်းအမြစ်များမှာလည်း ပိုမိုများပြားသွားခဲ့ရသည်။

ရန်ကိုင်သည် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ တစ်ကြိမ်ဝင်ဖူးပေသည်။ မေပယ်မြို့သို့ရောက်စဉ်က ရှောင်ယုယန်သည် ငါးရောင်ခြယ်ရတနာဘုရားကို ဖွင့်ပေးခဲ့ပြီး မေပယ်မြို့ထဲတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအား ထိုထဲသို့ ဝင်ခွင့်ပေးခဲ့သည်။ ရန်ကိုင်သည်လည်း ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ပြီးသည့်နောက် အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။

ငါးရောင်ခြယ်ရတနာဘုရားထဲတွင် အပိုင်းအစဖြစ်နေသော လောကနိယာမပေါင်းများစွာ ရှိနေလေရာ ထိုအရာများသည် သူ၏ကျင့်ကြံခြင်းကို သိသိသာသာ ကူညီပေးနိုင်ရုံမက ရန်ကိုင်ပိုင်ဆိုင်ထားသော ကမ္ဘာငယ်လေးအား ပိုမိုပြီးပြည့်စုံအောင်လည်း ကူညီပေးနိုင်ပေသည်။ ကမ္ဘာငယ်လေးသည် သီးခြားကမ္ဘာတစ်ခု ဖြစ်ပါသော်ငြား ကမ္ဘာငယ်လေး၏ လောကနိယာမများမှာ ပြီးပြည့်စုံခြင်း မရှိသေးချေ။ ကမ္ဘာငယ်လေး သူ့၌ ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့်တိုင် ရန်ကိုင်မှာတော့ ကမ္ဘာငယ်လေး၏ လောကနိယာမများကို မည်ကဲ့သို့ ပြည့်စုံအောင် လုပ်ရမလဲ ဆိုသည်နှင့်ပတ်သက်၍ ယခုထိတိုင် အဖြေမရှာနိုင်သေးပေ။ သို့သော်ငြား ယခင်တစ်ကြိမ် ရန်ကိုင် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်သွားစဉ်က ကမ္ဘာငယ်လေးမှာ ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ရှိနေသော အပိုင်းပိုင်းအစစ ဖြစ်နေသည့် လောကနိယာမများကို စုပ်ယူခဲ့လေသည်။ ထိုသို့လုပ်ပြီးသည့်နောက်တွင် ကမ္ဘာငယ်လေး၏ လောကနိယာမများမှာ ပို၍ ပြီးပြည့်စုံလာခဲ့ရလေသည်။ ထို့နောက် ကြယ်ပျက်ပင်လယ်ထဲရှိ ပျက်စီးနေသော ကြယ်အမြုတေများကို ထပ်မံစုပ်ယူခဲ့လေရာ ပြီးပြည့်စုံလုနီးနီး ဖြစ်သွားခဲ့ရလေသည်။

ကမ္ဘာငယ်လေးသည်သာ ငါးရောင်ခြယ်ရတနာဘုရားထဲရှိ ပျက်စီးနေသော လောကနိယာမများကို ထပ်မံစုပ်ယူနိုင်မည်ဆိုပါက ၎င်း၏လောကနိယာမများမှာ လုံးဝ ပြီးပြည့်စုံသွားပေလိမ့်မည်။ ပြီးပြည်စုံသွားသော သီးခြားကမ္ဘာငယ်လေးတစ်ခုသည် လက်ရှိ ရန်ကိုင်နေနေသည့် ကြယ်တာရာအစုအဝေးကဲ့သို့သော ကမ္ဘာကြီးတစ်ခုနှင့် မခြားချေ။ ကမ္ဘာငယ်လေးသည်သာ ပြီးပြည့်စုံသွားမည်ဆိုပါက ရန်ကိုင်အတွက် မရေမတွက်နိုင်သော အကျိုးကျေးဇူးများကို ယူဆောင်လာပေးနိုင်ပေသည်။

ထို့ကြောင့်ပင်လျှင် ရန်ကိုင်မှာ လမင်းမဟာဧကရာဇ်အား မေးခွန်းသုံးခုမေးနိုင်မည့် အခွင့်အရေးကို မရွေးချယ်ခဲ့ပဲ ကမ္ဘာငယ်လေးကို တိုးတက်အောင် လုပ်ရန်အတွက် ငါးရောင်ရတနာဘုရားကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်ပေသည်။ တကယ်တော့ ကမ္ဘာငယ်လေးသည် လောကစွမ်းအားအပေါ် ရန်ကိုင်၏နားလည်မှုနှင့် ရန်ကိုင်၏ မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မည့် အခွင့်အရေးအပေါ် သက်ရောက်နိုင်သည် မဟုတ်ပေလော။

ရှောင်ယုယန်သည် မေပယ်မြို့တွင် ရှိစဉ်က ထိုနေရာတွင် အခြားသောဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာနှင့်အတူ ပူးပေါင်း၍ ငါးရောင်ခြယ်ရတနာဘုရား၏ ဝင်ပေါက်ကို ဖွင့်လှစ်ခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် ငါးရောင်ခြယ်ရတနာဘုရား၏ တကယ့်ပုံစံကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ယခုအချိန်တွင်တော့ သူကိုယ်တိုင် မြင်လိုက်နိုင်လေပြီ။ ထိုအရာမှာ အရောင်ငါးရောင်တောက်နေသည့် မိုးထိမတတ် မြင့်မားလှသော စေတီကြီးတစ်ဆူသဖွယ် ဆောက်လုပ်ထားသော အဆောက်အဦးကြီးတစ်ခု ဖြစ်လေသည်။

လန်ရွှင်းမှ ရန်ကိုင်အား ထိုနေရာသို့ ခေါ်လာသည့်အခါတွင် ငါးရောင်ခြယ်ရတနာဘုရားအနီး၌ ကျင့်ကြံသူပေါင်း တစ်ထောင်နီးပါးခန့် စုဝေးနေကြောင်း တွေ့လိုက်ရလေသည်။ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်အဆင့်မှနေ၍ ဧကရာဇ်အဆင့်ထိ ရှိနေကြသည်။ ထို့အပြင် တစ်ယောက်ချင်းစီ၏ အရှိန်အဝါမှာ အလွန်ကိုမှ ကျစ်လျစ်သိပ်သည်းနေခဲ့လေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ထိုလူများမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အနာဂတ်ထောက်တိုင်များမှန်း သိနိုင်ပေသည်။ ထိုတစ်ထောင်သော ကျင့်ကြံသူများသည် ယခုတစ်ကြိမ်တွင် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်၍ လေ့ကျင့်ကြတော့ပေမည်။

ရန်ကိုင်တို့နှစ်ဦး ရောက်လာသည့်အခိုက် ထောင်နှင့်ချီသော မျက်ဝန်းများမှာ ရန်ကိုင်တို့ဆီသို့ စုပြုံရောက်ရှိလာကြသည်။ ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တိုင်းသည် ယစ်မူးနေသည့် အမူအယာများဖြင့် လန်ရွှင်းအား ကြည့်နေကြလေသည်။ သို့သော်ငြား သူတို့၏အကြည့် ရန်ကိုင်ဆီသို့ ရောက်လာချိန် မုန်းတီးမှု၊ မနာလိုဝန်တိုမှုများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။ လန်ရွှင်းကိုကြည့်သည့်ပုံစံနှင့် ရန်ကိုင်ကိုကြည့်သည့်ပုံစံမှာ မိုးနှင့်မြေအလားပင်။ ရန်ကိုင်သည် ထိုလူများကို ဂရုစိုက်မနေခဲ့ပါသော်ငြား တစ်ချို့သောအကြည့်များမှာတော့ ရန်ကိုင်ကိုပင်လျှင် ထိုလူများဘက်ဆီသို့ လှည့်ကြည့်သွားရစေလေသည်။

ငါးရောင်ခြယ်ရတနာဘုရားရှေ့တွင် လူလေးဦး ဘေးချဉ်းယှဉ် ရပ်နေခဲ့သည်။ ထိုလူများ၏ အရှိန်အဝါမှာ ပင်လယ်တမျှ နက်ရှိုင်းလှပြီး အလွန်တရာကိုမှ အားကောင်းလှသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။ ထိုလူလေးဦးမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲလေးဦးသာ ဖြစ်လေသည်။

ရန်ကိုင် တွေ့ခဲ့ဖူးသော ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့မှာလည်း ထိုလေးဦးထဲ ရှိနေကြလေသည်။ သူတို့နှစ်ဦးအပြင် နောက်ထပ် လူအိုကြီးနှစ်ဦး ရှိနေခဲ့လေသည်။ တစ်ဦးမှာ နီကျင့်ကျင့်အသားအရေဖြင့်ဖြစ်ကာ ကျောက်တုံးကျောက်ဆိုင်သဖွယ် ကြံ့ခိုင်လှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ကျန်တစ်ဦးမှာတော့ မီးခိုးရောင်ဆံပင်ဖြင့် လူအိုကြီးတစ်ဦးဖြစ်ပေသည်။

ရှောင်ယုယန်သည် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်သည်။ ရွှယ့်ကျန်းမောင်မှာတော့ ရန်ကိုင်ကိုမြင်ပြီးသည့်နောက် မျက်နှာကြီးမဲ့ကာ နှာခေါင်းရှုံ့လိုက်လေသည်။

“အဲ့ဒါ ရန်ကိုင်လား…” နီကျင့်ကျင့်အသားအရေနှင့် လူအိုကြီးက ရန်ကိုင်ကိုကြည့်ကာ မေးလိုက်လေသည်။

ရှောင်ယုယန်က ပြန်ပြောလိုက်၏။ “ဟုတ်တယ်… ရန်ကိုင်ပဲ…”

“တကယ်ကို ပါရမီပါတဲ့လူတစ်ယောက်ပဲ… သူ့ကျင့်ကြံခြင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာ… ဂျူနီယာညီလေးရွှယ့်ကို ဘယ်လိုလုပ်ပြီး ဒဏ်ရာရအောင် လုပ်နိုင်သွားရတာလဲ…” ထိုလူအိုကြီးက မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။

ရွှယ့်ကျန်းမောင်၏အမူအယာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “အဲ့ကောင်က လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်လေ… ဒီတော့ သူ ရုတ်တရက်ကြီး အလစ်ချောင်းတိုက်ခိုက်လာတာကို ကျုပ် သတိမထားမိသလို ဖြစ်သွားတာ…”

ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ရန်ကိုင်ကဲ့သို့သော ဂျူနီယာတစ်ဦး၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် သူ့မာနမှာ ကွဲကြေပျက်စီးသွားခဲ့ရလေသည်။

“အလစ်ချောင်းတိုက်ခိုက်တယ်ဆိုရင်တောင် အရမ်းကိုအားကောင်းလို့ပဲ ဖြစ်ရလိမ့်မယ်… မဟုတ်ရင် မင်းလိုလူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး…” လူအိုကြီးက ခေါင်းတညိတ်ညိတ် လုပ်လိုက်လေ၏။

“အာ… သူ့ကို အဲ့လောက်ကြီး သွားချီးကျူးလွန်းမနေနဲ့…” ရွှယ့်ကျန်းမောင်က စိတ်ညစ်ညစ်ဖြင့် “ကျုပ်သာ တကယ် အလေးအနက်ထားပြီး တိုက်မယ်ဆိုရင် အဲ့ကောင်ကို တိုက်ကွက်သုံးကွက်အတွင်း သတ်ပစ်လို့ရတယ်…”

မျက်နှာနီကျင့်ကျင့်နှင့် လူအိုကြီးမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲချုပ် လဲ့ဟုန်မှလွဲ၍ အခြားမဟုတ်ချေ။ သူသည် တောင်ဘက်နယ်မြေထဲရှိ အားအကောင်းဆုံးသော ဧကရာဇ်အဆင့်ပညာရှင်များအနက် တစ်ဦးလည်း ဖြစ်ပေသည်။ ရွှယ့်ကျန်းမောင်၏အပြောကို ကြားသော် လဲ့ဟုန်က ရယ်သွမ်းသွေးလျက် “ငါ သူ့ကို အရမ်းချီးကျူးလွန်းနေတာမဟုတ်ဘူး… ဒါပေမယ့် တန်ကျွင်းဟောင် ဘယ်လိုသေသွားလဲ ဆိုတာကို မင်းမေ့နေတာလား…”

ရွှယ့်ကျန်းမောင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “အဲ့တုန်းက အဲ့ကောင်လေးက မွန်းစတားဘုရင်တစ်ပါး ရှိနေတယ်လို့ ခင်ဗျားပဲ ပြောတာမဟုတ်ဘူးလား… တန်ကျွင်းဟောင် အဲ့မွန်းစတားဘုရင်ကြောင့် သေသွားတာ ဖြစ်မှာပေါ့… သူနဲ့ဘာဆိုင်လို့လဲ…”

လဲ့ဟုန်က ခေါင်းတခါခါသာ လုပ်နေပြီး ဘာမှဆက်မပြောတော့ပေ။ ရွှယ့်ကျန်းမောင် ရန်ကိုင်အား အတော်လေးကိုမှ ကြည့်မရဖြစ်နေမှန်း သူသိနေသည်။ သူသာ ထိုအကြောင်းကို ဆက်ပြောနေမည်ဆိုပါက ရွှယ့်ကျန်းမောင် ဒေါသထွက်နေပေလိမ့်မည်။ တစ်ဂိုဏ်းတည်းသား အကြီးအကဲများ ဖြစ်ကြသည့်အတွက်ကြောင့် ရွှယ့်ကျန်းမောင်အား အကြောင်းအရင်းမရှိ ဒေါသထွက်အောင် လုပ်စရာမလိုပေ။ သို့တိုင် သူ့အနေဖြင့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးအား ဧကရာဇ်ပထမအဆင့်လေးဖြင့် ဒဏ်ရာရအောင် လုပ်နိုင်သော လူတစ်ဦးကို မတွေ့ဖူးသည်မှာ လဲ့ဟုန်အဖို့တော့ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။

ရှောင်ယုယန်သည် ရန်ကိုင်ကိုကြည့်ပြီးသည့်နောက် ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်လေသည်။ သူ့သားမှာ အတော်လေးကိုမှ တော်ပါသော်ငြား ရန်ကိုင်နှင့် ယှဉ်လိုက်သော် အတော်လေးကိုမှ လိုအပ်နေပေသေးသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၉၄)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်နှင့် လန်ရွှင်းတို့ အတူတူ မြေပေါ်သို့ ဆင်းလာကြလေသည်။ ရှောင်ချန်းနှင့် လဲ့ထျန်းသည် သူတို့အား ချက်ချင်း လာရောက်နှုတ်ဆက်ကြလေ၏။

“မင်းသမီး…” ရှောင်ချန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။ ရှောင်ချန်းပုံစံမှာ အေးအေးဆေးဆေးသာ ရှိပါသော်ငြား သူ့ဘေးနားတွင်ရှိနေသော လဲ့ထျန်းမှာမူ ရှက်လည်းရှက်သလို အတော်လေးကိုမှ နေမထိထိုင်မသာ ဖြစ်နေခဲ့လေသည်။

“စီနီယာအစ်ကိုရှောင်… စီနီယာအစ်ကိုလဲ့…” လန်ရွှင်းက တောက်ပစွာပြုံးရင်းမှ ထိုနှစ်ဦးအား နှုတ်ဆက်လိုက်သည်။

“အမ်…” လန်ရွှင်း၏အပြုံးကို မြင်ပြီးသည့်နောက် လဲ့ထျန်းမှာ ပျာယာကို ခတ်ကုန်တော့လေသည်။ သူ့မျက်နှာ ရဲတက်သွားခဲ့ပြီး လန်ရွှင်းနှင့် အကြည့်ချင်း မဆိုင်ရဲတော့လောက်အောင် ဖြစ်သွားခဲ့သည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ လဲ့ထျန်းအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လန်ရွှင်းဘက်သို့ လှည့်ကြည့်လိုက်လေ၏။ ထို့နောက် သူ့မျက်နှာထက် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့် ထွက်ပေါ်လာလေ၏။

“ရောင်းရင်းရန်…” ရှောင်ချန်းသည် ရန်ကိုင်ကိုလည်း လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ အစောပိုင်းက ရန်ကိုင်နှင့် တွေ့ခဲ့စဉ်က မောက်မာဝံ့ကြွားလှသည့် သူ့အမူအယာကို မည်သည့်နေရာတွင်မှ မတွေ့ရ။ လက်ရှိရှောင်ချန်းသည် လူသစ်တစ်ဦး ဖြစ်သည့်အလား။

“ရောင်းရင်းရှောင်… ရောင်းရင်းလဲ့… ကျုပ်တို့ ထပ်တွေ့ပြန်ပြီနော်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

လဲ့ထျန်းသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင်ဆီမှ အကြည့်လွှဲသွားခဲ့သည်။

ရန်ကိုင်ကမူ လဲ့ထျန်း၏ပြုမူပုံနှင့် ပတ်သက်၍ ဂရုစိုက်မနေခဲ့ဘဲ “ဒီတစ်ကြိမ် ငါးရောင်ခြယ်ရတနာဘုရားထဲကိုဝင်မယ့် ဧကရာဇ်အဆင့်တွေက ကျုပ်တို့လေးဦးတည်းလား…”

ဤနေရာတွင် ကျင့်ကြံသူပေါင်းများစွာ စုဝေးနေကြပါသော်ငြား သူတို့လေးဦးသည်သာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြလေသည်။ အကြီးအကဲလေးဦးသည်လည်း ဧကရာဇ်တတိယအဆင့်ပညာရှင်များ ဖြစ်ကြပါသော်ငြား သူတို့လေးဦးသည် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ကြလိမ့်မည် မဟုတ်ချေ။

လန်ရွှင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ကျွန်မတို့လေးဦးတည်းပဲ… ပြီးတော့ ဧကရာဇ်အဆင့် ပညာရှင်တွေက တာအိုသခင်အဆင့် ကျင့်ကြံသူတွေနဲ့ အဲ့အဆင့်အောက်ကျင့်ကြံသူတွေထက် အများကြီးပိုပြီးတော့ နေရာစားတယ်… ဒါကြောင့်ပဲ ငါးရောင်ခြယ်ရတနာဘုရားကို ဖွင့်တိုင်း ဧကရာဇ်အဆင့်ပညာရှင် နည်းနည်းလောက်ကိုပဲ ဝင်ခွင့်ပေးတာ…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

လန်ရွှင်းက ဆက်၍ပြောလိုက်သည်။ “စီနီယာအစ်ကိုရန်… ရှင် အရင်တစ်ကြိမ်က ငါးရောင်ခြယ်ရတနာဘုရားထဲကို ဝင်ခဲ့ဖူးတယ်ဆိုပေမယ့် အခုတစ်ကြိမ်ကတော့ အရင်တစ်ကြိမ်နဲ့ နည်းနည်းကွာနေလိမ့်မယ်… ငါးရောင်ခြယ်ရတနာဘုရားမှာ စုစုပေါင်း အဆင့်ငါးဆင့် ရှိတယ်… တစ်ဆင့်ချင်းစီတိုင်းမှာလည်း ကကမ္ဘာပျက်တွေ အများကြီးရှိတယ်… ကမ္ဘာပျက်တွေက တစ်ခုနဲ့တစ်ခု ဆက်နေပေမယ့် အချို့ဟာတွေကျတော့ သူတို့ဘာသူတို့ တစ်သီးတစ်သန့် တည်ရှိနေတာ… အထက်ပိုင်းကို ရောက်လေရောက်လေ ပိုပိုပြီး သိသာလာလေပဲ… ပထမဦးဆုံးအလွှာက တန်ခိုးရှင်အဆင့်က ကျင့်ကြံသူတွေအတွက် သင့်တော်တယ်… ဒုတိယအလွှာက တန်ခိုးရှင်ဘုရင်အဆင့်တွေအတွက်… တတိယအလွှာက တာအိုသခင်အဆင့်တွေအတွက်… နောက်ဆုံး စတုတ္ထအလွှာကတော့ ဧကရာဇ်အဆင့် ပညာရှင်တွေအတွက်တော့… ပဉ္ဇမမြောက်အလွှာကတော့ စတုတ္ထအလွှာမှာရှိနေတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေပဲ ဝင်နိုင်တဲ့အလွှာ…”

“အဲ့မှာ ကန့်သတ်ချက်တွေ ရှိသေးလို့လား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

လန်ရွှင်း ခေါင်းညိတ်ပြလိုက်သည်။ “ရှိတယ်… လုံလောက်အောင် အားမကောင်းသေးဘဲနဲ့ နောက်တစ်လွှာဆီ သွားလို့မရဘူး… ပြီးတော့ အလွှာတွေက ပိုပိုပြီးမြင့်လာလေ ပိုပိုပြီး အန္တရာယ်များလာလေပဲ… လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ငါးရောင်ခြယ်ရတနာဘုရားကို ဖွင့်ပေးတုန်းက ဒုတိယအလွှာမှာ ရှေးဟောင်းသစ်သားဝိဉာဉ်တစ်ကောင်‌ ပေါ်လာတယ်လေ… အဲ့ဒါကြောင့်ပဲ မေပယ်မြို့ကလူတွေအများကြီး သေသွားရသေးတယ်… စီနီယာအစ်ကိုရန်လည်း အဲ့တုန်းက အဲ့မှာ ကိုယ်တိုင်ရှိနေတာဆိုတော့ အဲ့အကြောင်းကို သေချာသိလောက်မှာပေါ့…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ “သိတယ်…”

ထိုစဉ်က သစ်သားဝိဉာဉ်ကပ်ဘေးကြောင့် မေပယ်မြို့ထဲရှိ ကျင့်ကြံသူပေါင်းများစွာ သေဆုံးခဲ့ရလေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း သစ်သားဝိဉာဉ်ကိုယ်ပွားများကို ရှင်းထုတ်ရာတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုအကြောင်းကို သေသေချာချာ မှတ်မိနေပေသေးသည်။

လန်ရွှင်းက ရှင်းပြလိုက်လေ၏ “ငါးရောင်ခြယ်ရတနာဘုရားက ကျင့်ကြံသူတွေအတွက် အကျိုးရှိတယ်ဆိုပေမယ့် အဲ့ထဲမှာ အန္တရာယ်တွေနဲ့လည်း ပြည့်နေတယ်… ငါးရောင်ခြယ်ရတနာဘုရားထဲကိုဝင်ရင်း သေသွားခဲ့ရတဲ့ ကျွန်မတို့ကြယ်ဝိဉာဉ်နန်းတော်က တပည့်တွေ နည်းတာမဟုတ်ဘူး…”

“အဲ့ထဲကို ရောက်သွားတာနဲ့ သူတို့လုံခြုံရေးနဲ့ ပက်သက်ပြီး ဘာအာမခံချက်မှ မရှိတော့ဘူးပေါ့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

လန်ရွှင်းက ခေါင်းခါလျက် “မရှိတော့ဘူး… ပြောကြတာတော့ ငါးရောင်ခြယ်ရတနာဘုရားထဲက ကမ္ဘာပျက်တွေက အရင်တုန်းက စစ်မြေပြင်တွေ ဖြစ်ခဲ့တာတဲ့… အဲ့တုန်းက တိုက်ပွဲတွေမှာ ကမ္ဘာတွေအများကြီး ဖျက်ဆီးခံခဲ့ရတယ်… အဲ့ကမ္ဘာတွေက ပျက်စီးသွားတယ်ဆိုပေမယ့် ပျက်စီးသွားတဲ့ လောကနိယာမစွမ်းအားတွေက ကျွန်မတို့လို့ ကျင့်ကြံသူတွေအတွက် အသုံးဝင်သေးတယ်လေ… နောက်ပိုင်းကျတော့ အရမ်းအားကောင်းတဲ့ ပညာရှင်တစ်ဦးက အဲ့ကမ္ဘာပျက်တွေကို အကုန်လုံး စုပေါင်းပြီးတော့ ငါးရောင်ခြယ်ရတနာဘုရားကို ဖန်တီးခဲ့တယ်… ငါးရောင်ခြယ်ရတနာဘုရားက ပိုင်ရှင်တွေ အဆက်ဆက်‌ ပြောင်းလာပြီး အခု နောက်ဆုံးကျမှပဲ ကျွန်မအဖေလက်ထဲ ရောက်ခဲ့တာ… ဒါပေမယ့် ကျွန်မအဖေတောင် ငါးရောင်ခြယ်ရတနာဘုရားထဲက ကမ္ဘာပျက်တွေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး…” တစ်ခဏမျှရပ်ပြီးသည့်နောက် လန်ရွှင်းက ပြုံးလျက် “ဒါပေါ့… သူထိန်းချုပ်နိုင်တယ်ဆိုလို့ရှိရင်တောင် တပည့်တွေ ကိစ္စမှာ ဝင်ပါမှာတော့ မဟုတ်ဘူး… ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ကျင့်ကြံသူတွေအတွက် အတွေ့အကြုံပဲလေ… အတွေ့အကြုံမရှိဘဲနဲ့ ဘယ်သူကများ တိုးတက်လာနိုင်မှာလဲ…”

ရန်ကိုင်ကလည်း ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… ဂျူနီယာညီမလန်ပြောတာ အမှန်ပဲ…”

လန်ရွှင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “ဒါကြောင့်ပဲ ငါးရောင်ခြယ်ရတနာဘုရားထဲဝင်မယ်ဆိုရင် ဂရုစိုက်ဖို့ စီနီယာအစ်ကိုကို ပြောချင်တာ… တစ်ချက်လောက် သတိလက်လွတ်ဖြစ်သွားတာနဲ့ ငါးပါးမှောက်သွားနိုင်တယ်…”

“ငါနားလည်ပြီ…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။

တစ်ချိန်တည်းတွင် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ကြမည့် တပည့်များမှာလည်း မကြာမီ လူစုံလုနီးပါး ဖြစ်ကုန်ကြလေသည်။

အကြီးအကဲလဲ့ဟုန်က လည်ချောင်းကို အသာအယာရှင်းလိုက်ရာ ဆူညံနေသည့် လူအုပ်ကြီးမှာ ရုတ်ချည်း တိတ်ကျသွားခဲ့ပြီး အကုန်လုံးသည် သူ့ဆီသို့ စုပြုံစိုက်ကြည့်လာခဲ့လေသည်။

“ငါးရောင်ခြယ်ရတနာဘုရားက ဒီနေ့ပွင့်တော့မှာ… မင်းတို့အားလုံးက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ လက်ရွေးစင်တွေ… အနာဂတ်ထောက်တိုင်တွေဆိုလည်း ဟုတ်တယ်… ဒါကြောင့် ငါတို့အကြီးအကဲတွေအားလုံး မင်းတို့ ငါးရောင်ခြယ်ရတနာဘုရားထဲ ဝင်ပြီးသွားရင် အခုထက်ပိုပြီး တိုးတက်လာနိုင်မယ်လို့ မျှော်လင့်တယ်… ဒါပေမယ့် မင်းတို့ကိုယ်မင်းတို့ အသက်ရှင်အောင် လုပ်ဖို့ကတော့ အရေးကြီးဆုံးပေါ့ကွာ… ပြီးတော့ တစ်ဂိုဏ်းတည်းသားတွေဖြစ်လို့ အထဲရောက်လို့ရှိရင် အချင်းချင်း ခိုက်ရန်မဖြစ်ကြဘဲ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမပေးကြနော်…”

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လန်ရွှင်းသည် ငါးရောင်ခြယ်ရတနာဘုရားနှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောပြလာခဲ့လေသည်။

လဲ့ဟုန်မှာမူ စကားများများစားစား မပြောခဲ့။ အနည်းအကျဉ်းလောက်သာ ပြောပြီးသည့်နောက် လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။ “မင်းတို့အားလုံး ငါပြောတာကို သေချာမှတ်ထားပြီးသွားပြီဆိုလို့ရှိရင် ကဲ… အခု ပြင်ဆင်ကြပေတော့…”

သူ့စကားဆုံးသွားသည်နှင့် ကျန်အကြီးအကဲသုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ငါးရောင်ခြယ်ရတနာဘုရား၏ ထောင့်လေးထောင့်တွင် အသီးသီး သွားရပ်နေလိုက်ကြလေသည်။ ထို့နောက်တွင် ပညာရပ်တစ်ခုကို အသုံးပြုကာ အစီအရင်ကို အသက်သွင်းလိုက်လေ၏။ ဧကရာဇ်ချီများ ထွက်ပေါ်လာသည့်အခိုက် လေးဦးစလုံးသည် သူတို့၏လက်ကို ဆန့်ထုတ်၍ အောက်တည့်တည့်သို့ ညွှန်လိုက်ကြလေသည်။

တဝုန်းဝုန်းမြည်သံများနှင့်အတူ တင်းတင်းကြပ်ကြပ်ပိတ်နေသော ငါးရောင်ခြယ်ရတနာဘုရား၏ တံခါးများ ရုတ်တရက် ပွင့်လာခဲ့သည်။ အကြီးအကဲလေးဦးလုပ်သွားသည်မှာ အတော်လေးကိုမှ မြန်ဆန်လှပါသော်ငြားထိုသို့လုပ်ဖို့ရာ အလွန်တရာကိုမှ အားစိုက်နေရသည့်အလား အကြီးအကဲလေးဦးစလုံး ဇောချွေးပြန်နေကြလေသည်။

တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် ပိန်းပိန်းပိတ်နက်မှောင်သော ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအရာကြီးမှာ သီးခြားကမ္ဘာသို့ ဦးတည်နေသည့် ဝင်ပေါက်တစ်ခု မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်၏ ပါးစပ်ပေါက်ကြီးတစ်ခုအလား ချောက်ခြားဖွယ် ကောင်းလှပေသည်။ ဝဲကတော့ကြီးသည် ပေါ်လာလာခြင်း၌ အရမ်းကြီး တည်ငြိမ်ခြင်းမရှိသေးဘဲ တွန့်လိမ့်နေခဲ့လေသည်။ ထို့အပြင် ၎င်းဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်အရှိန်အဝါမှာလည်း အကုန်လုံးအား စိတ်မသက်မသာ ဖြစ်စေလေ၏။ သို့သော်ငြား အကြီးအကဲလေးဦးမှ ၎င်းတို့၏ ဧကရာဇ်ချီကို အဆက်မပြတ် ပို့လွှတ်နေသည်နှင့်အမျှ မငြိမ်မသက်ဖြစ်နေသော စွမ်းအင်လှိုင်းများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့လေသည်။

အခြေအနေမှာ ထိုကဲ့သို့ ဆယ့်ငါးမိနစ်ခန့်တိုင်တိုင် ဆက်လက်ဖြစ်ပွားနေခဲ့လေ၏။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်အခါမှသာ အကြီးအကဲလေးဦး သူတို့၏ ဧကရာဇ်ချီအား ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ပို့လွှတ်နေသည်ကို ရပ်တန့်လိုက်လေသည်။

ထိုသို့ ရပ်တန့်လိုက်ပြီးသည့်နောက် အကုန်လုံး၏မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြပြီး အမောတ‌ကော အသက်ရှူလိုက်ကြသည်။ ထို့အပြင် သူတို့၏အရှိန်အဝါများမှာလည်း အတော်လေးကိုမှ အားနည်းသွားကုန်ကြလေသည်။ ယခုနေ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသည်သာ သူတို့အား လာတိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့အနေဖြင့် ပြန်လည်ခုခံတိုက်ခိုက်နိုင်လောက်လိမ့်မည် မဟုတ်ပေ။

“မင်းတို့ ဘာတွေရပ်ကြည့်နေကြသေးတာလဲ… ဝင်တော့လေ…” အကြီးအကဲလဲ့ဟုန်က ရုတ်တရက် အော်ပြောလိုက်လေသည်။

အကြီးအကဲလဲ့ဟုန်၏ အော်ပြောသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် တပည့်များသည် ဝဲကတော့ထဲသို့ တဟုန်ထိုး ပြေးဝင်သွားကုန်ကြလေသည်။

သို့သော်ငြား အကုန်လုံးမမှာ သူ့ထက်ငါ အလုအယက် ပြေးလွှားနေခြင်းမဟုတ်ဘဲ အစီအစဉ်တကျ တစ်ဦးပြီးတစ်ဦး လျင်မြန်စွာ ဝင်သွားနေကြခြင်း ဖြစ်လေသည်။

ပထမဦးစွာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများက ဝင်သွားသည်။ ထို့နောက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများက ဝင်လေသည်။ ထိုလူများပြီးမှ တာအိုသခင်အဆင့် ကျင့်ကြံသူများက လိုက်ဝင်သည်။ မကြာမီ ထောင်နှင့်ချီသော တပည့်အုပ်ကြီး ဝဲကတော့ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေရာ ရန်ကိုင်နှင့် ကျန်ဧကရာဇ်အဆင့်ပညာရှင်သုံးဦးသာ ကျန်ရစ်ခဲ့တော့လေသည်။

“သွားကြရအောင်…” ထိုသို့ပြောပြီးသည့်နောက် လန်ရွှင်းသည် ရှေ့မှ ဦးဆောင်၍ ပျံသန်းသွားပြီး ဝဲကတော့ထဲသို့မဝင်ခင် အကုန်လုံးအား လှမ်း၍ သတိပေးလိုက်လေသည် “သတိထားနော် စီနီယာအစ်ကိုတို့…”

“မင်းသမီးလည်း သတိထားပါ…” ရှောင်ချန်းက ပြုံး၍ ပြောလိုက်လေသည်။

“ရွှင်း… ရွှင်း…” လဲ့ထျန်းမှာမူ စကား အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့လေသည်။ ကံမကောင်းစွာဖြင့် သူ့ခမျာ စကားတစ်လုံးတည်းကိုသာ ပြောပြီးရသေးသည့်အချိန်၌ လန်ရွှင်းမှာ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။ ထို့အတွက်ကြောင့် လဲ့ထျန်းမှာ စိတ်ဓာတ်လည်းကျမိ စိတ်လည်းညစ်မိသွားသည်။

“ငါ အရင်သွားနှင့်ပြီနော်…” ရှောင်ချန်းက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

ထို့နောက်တွင် လဲ့ထျန်းသည် ရန်ကိုင်အား စူးရဲစွာ တစ်ချက် စိုက်ကြည့်လိုက်သည်။

“ဘာလဲ…” ရန်ကိုင်က ပြန်စိုက်ကြည့်လိုက်သည်။

“အထဲမှာ ငါတို့အချင်းချင်း မတွေ့စေနဲ့ပေါ့ကွာ… မဟုတ်ရင်တော့ မင်း သေပြီသာမှတ်…” လဲ့ထျန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

ရန်ကိုင်လည်း အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အထဲသို့ ပြေးဝင်သွားလေ၏။

ရန်ကိုင် ဝဲကတော့ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့ရသည်။ သူမျှော်လင့်ထားသကဲ့သို့ သူ့အား အမျိုးမျိုးသော ကမ္ဘာပျက်များမှ စောင့်ကြိုနေခြင်းမရှိချေ။ ထိုအစား ထူးဆန်းသည့် စွမ်းအားတစ်မျိုးကသာ သူ့အား လာရောက်ရစ်ပတ်လေသည်။ ရန်ကိုင်လည်း ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် အလို့ငှာ လေဟာနယ် နိယာမစွမ်းအားတို့ဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလိုက်လေ၏။ သို့သော်ငြား ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ ဝါးဂွမ်းပုံပေါ်သို့ ကျသွားသည့်အလား သူ့ခန္ဓာကိုယ်မှာ တစ်စုံတစ်စုံ၏ တွန်းကန်ထုတ်ခြင်း ခံလိုက်ရလေသည်။

ထို့နောက်တွင် သူ့မြင်ကွင်းထဲ ပေါ်ပေါက်လာသည့် ပုံရိပ်များကြောင့် ရန်ကိုင်မှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရသည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ ဟင်းလင်းပြင်ထဲ ဝဲနေပြီး သူ့ဘေးပတ်ပတ်လည်တွင် အရောင်အမျိုးအစား စုံလင်လှသော တိမ်စိုင်တိမ်တိုက်များစွာ ရှိနေခဲ့သည်။ အချို့တိမ်တိုက်များမှာ အလွန်တရာကိုမှ တောက်ပသက်ဝင်လှပြီး အချို့မှာတော့ မည်းမှောင်မှောင် ဖြစ်နေကြလေသည်။ ထို့အပြင် ကြည့်လိုက်ရုံဖြင့် လူကို အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေနိုင်သော အနက်ရောင် အက်ကြောင်းကြီးတစ်ခုလည်း ရှိနေသေးလေ၏။

ရန်ကိုင်မှာ လက်ရှိဖြစ်ပျက်နေသည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ နားမလည်နိုင်ဖြစ်နေခဲ့လေသည်။ သူလက်ရှိ ကြုံနေရသည့် အရာများသည် လန်ရွှင်း ပြောပြထားသည်နှင့် လုံးဝကို ကွဲပြားနေခဲံလေသည်။

ငါးရောင်ခြယ်ရတနာဘုရားကို အဆင့်ငါးဆင့် ခွဲထားကာ အဆင့်တစ်ဆင့်တိုင်းတွင် ကမ္ဘာပျက်များအသီးသီး ရှိနေကြသည်။ အချို့သည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေကြပါသော်ငြား အချို့မှာတော့ တသီးတခြား ဖြစ်နေကြလေသည်။ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူတစ်ဦးသည် မိမိ၏ခွန်အားအလိုက် သင့်တော်ရာ အလွှာတွင် နေရာချထားပေးခြင်း ခံရပေလိမ့်မည်။ ဥပမာဆိုရသော် တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ဦး ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်လာလိုက်မည်ဆိုပါက ပထမအလွှာတွင် နေရာချထားပေးခြင်း ခံရမည် ဖြစ်ပါသော်ငြား ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးမှာတော့ လေးလွှာမြောက်တွင် နေရာချထားပေးခြင်း ခံရပေလိမ့်မည်။ ငါးလွှာထဲသို့ ဝင်ချင်သည်ဆိုပါက လေးလွှာမြောက်မှတစ်ဆင့်သာ ဝင်ရပေလိမ့်မည်။

ရန်ကိုင် ထင်ထားသည်မှာတော့ လန်ရွှင်းပြောသကဲ့သို့ သူ့ကိုယ်သူ လေးလွှာမြောက်တွင် ပေါ်လာလိမ့်မည်ဟူ၍ပင်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် တစ်ခုခုမှားယွင်းနေသည့်ပုံပင်။ လက်ရှိ သူရောက်နေသည့်နေရာသည် လေးလွှာမြောက်ထဲရှိ နေရာမဟုတ်ချေ။ အကြောင်းမှာ ဤနေရာ၌ မည်သည့်နိယာမစွမ်းအားကိုမှ မခံစားရသည့် အတွက်ကြောင့်ပင်။ ထို့အစား အမျိုးမျိုးသော ရောင်စုံတိမ်စိုင်တိမ်တိုက်များကိုသာ မြင်တွေ့နေရလေသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်မှာ ထိတ်လည်းထိတ်လန့် ကြောက်လန့်ကြောက်သွားခဲ့ရသည်။ အကြောင်းမှာ တိမ်စိုင်တိမ်တိုက်များသည် ဟင်းလင်းပြင်ဝင်ပေါက်နှင့် ဆင်တူသည့် ဝင်ပေါက်များ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။ ထိုတိမ်စိုင်တိမ်တိုက်များထဲသို့ ဝင်သွားပြီးသည့်နောက် မည်သည့်နေရာသို့ ရောက်သွားမလဲ ဆိုသည်ကိုလည်း ရန်ကိုင် မပြောနိုင်ပေ။

ရန်ကိုင်သည် ရောက်နေသည့်နေရာတွင်သာ မျက်မှောင်ကြီးကြုတ်လျက် အတန်ကြာအောင် ရပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို မိန်းမောနေရာမှ ချက်ချင်း အသိပြန်ဝင်လာပြီး သူ့နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ပိန်းပိန်းပိတ်အောင် မည်းမှောင်နေသော ဧရာမ ဝဲကတော့ကြီးတစ်ခုသည် သူ့နောက်တွင် တဖြည်းဖြည်းချင်း လည်ပတ်နေခဲ့လေသည်။

(ဒါက ငါးရောင်ခြယ်ရတနာဘုရားထဲကို သွားတဲ့ ဝင်ပေါက်မဟုတ်ဘူးလား… ဘာဖြစ်လို့ ငါ့နောက်မှာ ပေါ်လာတာလဲ… ဝင်ပေါက်က ငါ့နောက်မှာဆိုရင် ငါ့ရှေ့မှာက ဘာရှိနေတာလဲ… ငါက ငါးရောင်ခြယ်ရတနာဘုရားထဲက အလွှာတွေကြားမှာရှိတဲ့ လေဟာနယ်ထဲကို ရောက်သွားတာလား…) ရာပေါင်းများစွာသော အတွေးများ ရန်ကိုင်ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာခဲ့လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားဟန်ဖြင့် (အဲ့လေဟာနယ်လိုဏ်ခေါင်းနဲ့တူတဲ့ တိမ်တွေက…)

ထို့နောက်တွင် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ရာ တိမ်တစ်ခုသည် ရွှေရောင်တလက်လက် တောက်ပနေကြောင်း တွေ့လိုက်ရပြီး ရန်ကိုင်လည်း ထိုတိမ်တိုက်ထဲသို့ ချက်ချင်း ပြေးဝင်သွားလေသည်။ ရန်ကိုင်၏မြင်ကွင်းတစ်ခုလုံး ဝိုးတဝါးတား ဖြစ်သွားခဲ့ပြီး ထူးဆန်းသည့် လေဟာနယ်နိယာမစွမ်းအားတို့မှာ သူ့ခန္ဓာကိုယ်အား ရစ်သိုင်းသွားသည်ကို ခံစားမိလိုက်၏။ ထို့နောက် ရန်ကိုင် အသိပြန်ဝင်လာချိန်တွင် သူ့ကိုယ်သူ ကျယ်ပြောလှသည့် မြေပြင်တစ်ခုပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရလေသည်။

မြေပြင်တစ်ခုလုံးမှာ ကျောက်စကျောက်နများဖြင့် ပြည့်နေခဲ့ပြီး မြက်ပင်တစ်ပင်ပင် ပေါက်ရောက်နေခြင်းမရှိ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်ကိုမှ ခြောက်သွေ့ကာ ခေါင်လှသည်။ ထို့အပြင် ကောင်းကင်ထက်၌ နေ၊ လ၊ ကြယ်တို့ကိုလည်း မတွေ့ရ။ သို့ပင်ဖြစ်လင့်ကစား ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ နေ့အလား လင်းထိန်နေခဲ့လေသည်။

“သိပ်သည်းလိုက်တဲ့ သတ္တုဓာတ်တွေပါလား…” ရုတ်တရက် တွေ့ရှိမှုကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်မှာ အလွန်တရာကိုမှ ထူးဆန်းလှသည်။ မိုးမြေစွမ်းအင်မှာ သိပ်သည်းလှရုံမက မိုးမြေစွမ်းအင်ထဲ သတ္တုဓာတ်တစ်ခုလည်း ပါဝင်ကိန်းအောင်းနေသေး၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၉၅)

ဘာသာပြန်သူ_တိမ်တိုက်

သတ္တုဓာတ်တစ်မျိုးမျိုးအား ကျင့်ကြံသည့် ကျင့်ကြံသူတစ်ဦးသည်သာ ဤနေရာသို့ ရောက်လာမည်ဆိုပါက အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်သွားပေလိမ့်မည်။ တကယ်တော့ ဤကဲ့သို့သော နေရာမျိုးတွင်သာ ကျင့်ကြံမည်ဆိုပါက ထိုသူ၏ ကျင့်ကြံနှုန်းမှာ အဆတစ်ရာမက ပိုမိုမြန်ဆန်လာပေလိမ့်မည် မဟုတ်လေလော။

“ဒီတော့ ဒါက လေးလွှာမြောက်ထဲက ကမ္ဘာပျက်တစ်ခုပေါ့…” ရန်ကိုင် တွေးတွေးဆဆဖြင့် ရေရွတ်လိုက်သည်။ “အင်း… တကယ်ကို ကမ္ဘာကြီးက ပျက်စီးနေတာပဲ…”

ငါးရောင်ခြယ်ရတနာဘုရားထဲရှိ ကမ္ဘာများမှာ ပျက်စီးနေပြီး ပြီးပြည့်စုံခြင်းမရှိကြောင်း လန်ရွှင်းမှ ပြောပြခဲ့သည်။ ကမ္ဘာများ ပျက်စီးနေသည့်အတွက် လောကနိယာမများသည်ပင်လည်း ပျက်စီးနေခဲ့ရလေသည်။ ထိုကြောင့်ပင်လျှင် အချို့သော ကမ္ဘာများထဲရှိ နိယာမစွမ်းအားတို့မှာ အချိန်တိုက်စားမှုဒဏ်ကို ဆက်လက် တောင့်ခံနိုင်ကြခြင်း မရှိကြတော့ချေ။ အချို့သော နိယာမများမှာ အခြားသော နိယာမစွမ်းအားတို့အား ဝါးမြိုလျက် ပိုမိုအားကောင်းလာကြချိန် အချို့မှာတော့ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။ ဤသည်မှာ ကမ္ဘာပျက်များအတွင်း ဖြစ်ပျက်နေသည့် နိယာမစွမ်းအားတို့၏ လတ်တလော အခြေအနေ ဖြစ်လေသည်။ လက်ရှိအချိန်တွင် ဤကမ္ဘာပျက်ထဲ သတ္တုဓါတ်နိယာမတို့သာ ကြီးစိုးနေသည့်အတွက်ကြောင့် အခြားသော နိယာမစွမ်းအားတို့ ထွက်ပေါ်လာရန် အခွင့်အရေး မရှိတော့ချေ။

(ရွှေရောင်တောက်နေတဲ့ တိမ်တိုက်ထဲကို ဝင်လာတော့ ဒီနေရာရောက်လာတာဆိုတော့ တိမ်တိုက်တွေရဲ့အရောင်က နိယာမအမျိုးအစားတွေကို ကိုယ်စားပြုတာ ဖြစ်ရလိမ့်မယ်… ပြီးတော့ အဲ့တိမ်တိုက်တွေက ကမ္ဘာပျက်တွေဆီ ဦးတည်နေတဲ့ ဝင်ပေါက်တွေဆိုတော့ ငါကြိုက်တဲ့တိမ်တိုက်ကို ရွေးပြီး သွားလိုက်လို့ရှိရင် ငါသွားချင်တဲ့နေရာဆီ ရောက်မှာပေါ့… ဘယ်လိုလုပ်ပြီး ဒီလိုမျိုးတွေ ဖြစ်ရတာလဲ…)

အခြားသော ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်များ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ဟု ရန်ကိုင်ပြောနိုင်ပေသည်။ သူတို့သာ ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံခဲ့ရလျှင် လန်ရွှင်းမှ ထိုအကြောင်းကို သူ့အား ကျိန်းသေ ပြောပြခဲ့ရပေလိမ့်မည်။ သို့သော်ငြား လန်ရွှင်းမှ ထိုအကြောင်းကို မပြောပြခဲ့လေရာ လန်ရွှင်းကိုယ်တိုင်သည်လည်း ထိုအကြောင်းကို မသိထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ယခုကဲ့သို့သော ကြားခံဟင်းလင်းပြင်ထဲတွင် ပေါ်လာခဲ့ရသည့်အတွက်ကြောင့် ရန်ကိုင်မှာ မိမိသွားချင်သည့်နေရာဆီသို့ သွားနိုင်တော့မည်ဖြစ်လေရာ ဤသည်မှာတော့ သူ့အတွက် သတင်းကောင်းတစ်ရပ်ပင်။ ရန်ကိုင်သည် ကြိုက်ရာကမ္ဘာတစ်ခုကို ရွေးသွားနိုင်ပြီး အဆင်မပြေပါက ထိုကမ္ဘာထဲမှ ပြန်လာနိုင်ကာ အခြားကမ္ဘာတစ်ခုဆီသို့ ပြန်သွားနိုင်ပေသည်။

ထိုကဲ့သို့ စဉ်းစားပြီးသွားသည့်နောက်တွင် ရန်ကိုင် စတင်၍ လှုပ်ရှားတော့လေသည်။ လေဟာနယ်နိယာမစွမ်းအားများကို အသုံးပြု၍ သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်အား ဆုတ်ဖြဲချလိုက်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် ဟင်းလင်းပြင်အား ဆုတ်ဖြဲရသည်မှာ သူ့အတွက်တော့ အတော်လေးကိုမှ လွယ်ကူနေခဲ့သည်။ သူမျှော်လင့်ထားသည့် မည်ကဲ့သို့သော အခက်အခဲနှင့်မှ ကြုံခဲ့ရခြင်း မရှိချေ။ သေချာစဉ်းစားကြည့်လိုက်သည့်နောက် ယခုကဲ့သို့ ဖြစ်ရခြင်းမှာ လောကနိယာမစွမ်းအားများ မပြည့်စုံသည့် အတွက်ကြောင့်သာ ဖြစ်ရလိမ့်မည်မှန်း သိသွားခဲ့သည်။ လောကနိယာမစွမ်းအားများမှာ ပြည့်စုံခြင်း မရှိတော့သည့်အတွက်ကြောင့် ကမ္ဘာခုလုံးကို ကန့်သတ်ချုပ်ခြယ်ထားသည့် အကာအရံများမှာလည်း ပြည့်စုံခြင်း မရှိတော့ရာ ရန်ကိုင်အဖို့ ဟင်းလင်းပြင်အား ဖျက်ဆီးဖို့ရာမှာ ပိုမိုလွယ်ကူသွားရလေတော့သည်။

အက်ကြောင်း ပေါ်လာပြီးသည့်နောက် ရန်ကိုင်သည် အက်ကြောင်းထဲသို့ ခုန်ဝင်သွားလိုက်လေ၏။ တစ်ကြိမ်ကြုံဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် လေဟာနယ် နိယာမစွမ်းအားတို့ သူ့ခန္ဓာကိုယ်အား ရစ်သိုင်းလာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့ကိုယ်ပိုင် လေဟာနယ်နိယာမစွမ်းအားကိုသုံး၍ သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။ ထို့နောက်တွင် အမျိုးမျိုးသော အရောင်မျိုးစုံရှိသည့် တိမ်တိုက်များဖြင့် ပြည့်နေသည့် ထူးဆန်းသော ကြားခံဟင်းလင်းပြင်ထဲသို့ ပြန်ရောက်လာခဲ့သည်။

“အင်း…. အဲ့လိုကိုး…” ရန်ကိုင် သည်းလှိုက်အူလှိုက် အော်ရယ်မောလိုက်လေသည်။ ကြားခံဟင်းလင်းပြင်ထဲသို့ ပထမဦးဆုံးအကြိမ် ဝင်လာစဉ်က ဘာတွေဖြစ်လို့ဖြစ်သွားမှန်း ရန်ကိုင် မသိခဲ့ရပေ။ သို့သော်ငြား ဒုတိယအကြိမ် ရောက်လာပြီး ဤနေရာကို သေချာစစ်ဆေးကြည့်လိုက်သည့်နောက်တွင် ရန်ကိုင်မှာ တစ်ခုခုအား စတင်နားလည်သွားရတော့သည်။

(ဒီလိုဖြစ်ရတာ လေဟာနယ်နိယာမစွမ်းအားကြောင့်ကိုး..) လန်ရွှင်းပြောပုံအရ ငါးရောင်ခြယ်ရတနာဘုရားသည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးအား လေးလွှာမြောက်တွင် နေရာချထားပေးပေလိမ့်မည်။ ဤကဲ့သို့ နေရာချထားပေးသည့်အရာမှာ ဟင်းလင်းပြင်နိယာမစွမ်းအားများသာ ဖြစ်လေသည်။

သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်သည် လေဟာနယ်နိယာမစွမ်းအားကို ကျွမ်းကျင်ထားသည့်အတွက်ကြောင့် သူ့အား သင့်တော်ရာအလွှာထဲသို့ နေရာချထားပေးမည့် လေဟာနယ်နိယာမစွမ်းအားများကို ကြားဖျက်ဝင်ရောက်နှောင့်ယှက်နိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှ သူ့ကိုယ်သူ လေဟာနယ်နိယာမစွမ်းအားတို့ဖြင့် လွှမ်းခြုံလိုက်သည့်အခိုက် ငါးရောင်ခြယ်ရတနာဘုရားမှာ သူနှင့်သင့်တော်မည့် ကမ္ဘာထဲတွင် နေရာချထားမပေးနိုင်တော့ဘဲ ကြားခံဟင်းလင်းပြင်ထဲတွင်သာ နေရာချထားလိုက်ရတတော့လေသည်။

“ဒီတော့ ဒီနေရာမှာ ငါစိတ်ကြိုက်သွားလာလို့ ရတယ်လို့ ပြောလိုက်တာပေါ့…” ထိုအချက်ကို နားလည်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင် ပြုံးဖြီးလိုက်လေသည်။

အခြားသူများ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်လာမည်ဆိုပါက ထိုလူများအနေဖြင့် မိမိကံကိုအားကိုး၍ အခွင့်အလမ်းများနှင့် ကြုံရရန်သာ ကြိုးစားရပေသည်။ သူတို့သည်သာ သေခြင်းတရားနယ်မြေထဲသို့ ဝင်သွားခဲ့မည်ဆိုပါက ကံမကောင်းလှသည့် သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကမူ သူ မည်သည့်နေရာသို့ သွားချင်သလဲ ဆိုသည်ကို သူ့ဘာသာသူ ဆုံးဖြတ်နိုင်လေပြီ။

အတွေးများကို စုစည်းပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ဘေးပတ်ဝန်းကျင်ကို စတင်ရှာဖွေတော့လေသည်။ သေခြင်းချီတို့ဖြင့် လွှမ်းခြုံထားသော အနက်ရောင်တိမ်တိုက်များကို လုံးဝ လျစ်လျူရှုထားခဲ့လေသည်။ ထိုနေရာသို့သွားပါက မည်သည့်လောကနိယာမစွမ်းအားမှ ရှိလိမ့်မည်မဟုတ်သည့် နေရာတစ်ခုဆီသို့သာ ရောက်သွားရပေလိမ့်မည်။ ရန်ကိုင်သည် အရောင်တောက်တောက်တိမ်တိုက်များကိုသာ လိုက်လံရှာဖွေလေသည်။ တိမ်တိုက်များ၏အရောင် ပိုတောက်လေ ထိုတိမ်တိုက်နှင့် ဆက်သွယ်ထားသော ကမ္ဘာလည်း ပိုပြီးပြည့်စုံမှန်း ရန်ကိုင် သိလေသည်။

ရန်ကိုင်သည် အရောင်တောက်တောက် တိမ်တိုက်တစ်ခုထဲသို့ ပြေးဝင်သွားလေ၏။ သူမျှော်လင့်ထားသည့်အတိုင်းပင် ဤကမ္ဘာထဲရှိ လောကနိယာမစွမ်းအားများမှာ ပျက်စီးနေသေးပါသော်ငြား အတော်လေးကိုမှ ပြီးပြည့်စုံနေခဲ့လေသည်။ ထို့အပြင် မိုးမြေစွမ်းအင်မှာလည်း အလွန်တရာကိုမှ သိပ်သည်းလှကာ တောင်ဘက်နယ်မြေရှိ ပထမအဆင့် အင်အားစုတစ်ခုအောက် နိမ့်ကျနေခြင်းမရှိချေ။

သို့သော်ငြား ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်အခိုက် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “သေးလိုက်တာ…”

ဤကမ္ဘာလေးသည် အလွန်တရာကိုမှ သေးငယ်လှကြောင်း တွေ့ရှိလိုက်ရသည်။ စုစုပေါင်းမှ မိုင်အနည်းငယ်ခန့်သာ ကျယ်ဝန်းလေရာ ရန်ကိုင်အဖို့ အတော်လေးကို စိတ်ပျက်သွားခဲ့ရသည်။

ရှင်းရှင်းပြောရသော် ဤနေရာလေးသည် ရွက်တစ်ထောင်ဂိုဏ်း၏ ဧကရာဇ်တောင်ကြားထက်ပင် ပိုသေးငယ်နေလေသည်။ ကမ္ဘာပျက်လေးထဲ အပင်အချို့ ပေါက်ရောက်နေပါသော်ငြား မည်သည့် သက်ရှိမှတော့ ရှိမနေခဲ့ချေ။

(သေးလည်းဘာဖြစ်လဲ… ဘာမှမရှိတာထက်စာရင်တော့ ကောင်းသေးတာပေါ့… ဒီက လောကနိယာမစွမ်းအားတွေကိုသာ စုပ်ယူလိုက်မယ်ဆိုရင် လောကဓါတ်လုံး ဘယ်လိုပြောင်းလဲသွားမလဲ မသိဘူး… စမ်းကြည့်ရမယ်…) ထိုသို့တွေးပြီးသည့်နောက်တွင် ရန်ကိုင်သည် လောကဓါတ်လုံးကို ထုတ်ယူ၍ တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ (ယခင်က သုံးနေကျ ကမ္ဘာငယ်လေးအစား လောကဓါတ်လုံးကို ပြောင်းလဲသုံးနှုန်းသွားပါမည်)

မျက်တောင်တစ်ခတ်အတွင်း လောကဓါတ်လုံးပေါ်တွင် အပေါက်တစ်ပေါက် ပွင့်လာခဲ့သည်။ ရန်ကိုင်မှ သူ့အသိစိတ်ကို လောကဓါတ်လုံးထဲသို့ ပို့လွှတ်၍ လက်ကွက်တစ်ခု ထုတ်ဖော်လျက် လောကဓါတ်လုံးကို ထိန်းချုပ်ကာ လောကနိယာစွမ်းအင်များနှင့် မိုးမြေစွမ်းအင်များကို စတင်စုပ်ယူတော့လေသည်။ မကြာမီ လေပြင်းများ တဖြူးဖြူး တိုက်ခတ်လာခဲ့ပြီး မိုးမြေစွမ်းအင်များမှာ အလျင်မပြတ် စီးဆင်းနေသည့် မြစ်တစ်စင်းပမာ လောကဓါတ်လုံးထဲကို စီးဝင်ကုန်ကြလေသည်။

တစ်ချိန်တည်းတွင်လည်း နက်နဲဆန်းကြယ်လှသည့် လောကနိယာမစွမ်းအားများမှာ လောကဓါတ်လုံးထဲသို့ တရဟော တိုးဝင်နေခဲ့လေသည်။

ရုတ်တရက်ဆိုသလို လျှပ်စီးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး မိုးခြိမ်းသံတို့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဘက်ပေါင်းစုံမှ အန္တရာယ်အငွေ့အသက်များ သူ့ဆီသို့ စုပြုံတိုးဝင်လာနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ရန်ကိုင်မှာတော့ အန္တရာယ်တစ်ခုခုအား သူသတိမထားမိဘဲ နေမိလိုက်လေသလားဟု တွေးရင်း ထိတ်လန့်သွားခဲ့ရပါသော်ငြား သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက် သူထင်ထားသလို ဟုတ်မနေကြောင်း တွေ့ရှိလိုက်ရသည်။ ဤကမ္ဘာပျက်တွင် မည်သည့်သက်ရှိမှ ရှိမနေခဲ့။ သို့သော်ငြား သူ့အပေါ် ပစ်မှတ်ထားနေသည့် အန္တရာယ်အငွေ့အသက်များမှာတော့ နေရာအနှံ့ပင်။ ထိုအန္တရာယ်အငွေ့အသက်အားလုံးသည် ဘက်ပေါင်းစုံမှ သူ့ဆီသို့ တိုးဝင်လာနေခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သူ့ကိုယ်သူ ရန်သူပေါင်းများစွာ၏ အလယ်ထဲသို့ ရောက်နေသလိုပင် ခံစားလိုက်ရလေသည်။

“လောကစွမ်းအား…” ရန်ကိုင်၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။

ဤကမ္ဘာပျက်ထဲရှိ လောကနိယာမစွမ်းအားများကို လောကဓါတ်လုံးအား စုပ်ယူသန့်စင်ခိုင်းလိုက်သည့် အတွက်ကြောင့် ကမ္ဘာပျက်လေးမှာ ရန်ကိုင်အပေါ် စတင်၍ အမြင်မကြည် ဖြစ်လာတော့လေသည်။ ကောင်းကင်လမ်းစဉ်သည် အမြဲတမ်း သမာသမတ်ကျကာ ချွင်းချက်ဟူ၍ မရှိချေ။ ဤနေရာသည် ပျက်စီးနေသည့် ကမ္ယာပျက် တစ်ခု ဖြစ်ပါသော်ငြား ကမ္ဘာတစ်ခုတော့ ဖြစ်နေသေးဆဲ။

မိုးချုန်းသံ၊ လျှပ်စီးလက်သံများကြားဝယ် အရောင်များ ဖြိုးဖြိုးဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ရန်ကိုင်ပေါ်သို့ မိုးကြိုးတစ်စင်း ကျဆင်းလာခဲ့သည်။ ရန်ကိုင်မှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အတွက်ကြောင့် မိုးကြိုးပစ်ချက်ကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ဧကရာဇ်ချီကို အလျင်စလို လှည့်ပတ်၍ နာကျင်ထုံထိုင်းလှသည့် ဝေဒနာကို ဖယ်ရှားပစ်လိုက်ရလေသည်။

တစ်ချိန်တည်းတွင်လည်း ရန်ကိုင်စိတ်ထဲ ကြိတ်၍ အံ့ဩသွားခဲ့ရသည်။ မိုင်အနည်းငယ်ခန့်သာ ကျယ်ဝန်းလှသော ကမ္ဘာပျက်လေးတစ်ခုသည် ဤမျှ အားကောင်းလှသော စွမ်းအားကို ထုတ်လွှတ်နိုင်သည်လား။ ကမ္ဘာကြီးတစ်ခုသာဆိုလျှင် မည်မျှပင် အားကောင်းလိုက်လေမည်နည်း။ ကံကောင်းစွာဖြင့် စမ်းသပ်ရန်အလို့ငှာ ဤကဲ့သို့သော သေးငယ်လှသည့် ကမ္ဘာငယ်လေးတစ်ခုအား ရွေးချယ်မိလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ ပို၍ကြီးမားသည့် ကမ္ဘာတစ်ခုကိုသာ ရွေးချယ်လိုက်မည်ဆိုပါက ပြဿနာကို လက်ယက်ခေါ်လိုက်သလို ဖြစ်သွားရပေလိမ့်မည်။

သူ့စိတ်ထဲ ထိုအချက်နှင့်ပတ်သက်၍ ဝမ်းသာမိနေစဉ်မှာပင် ဤလောကကြီးထဲမှ သူ့အား အတင်းအကြပ် မောင်းထုတ်ပစ်နေသည့် စွမ်းအားတစ်ရပ်ကို ခံစားမိလိုက်ရလေသည်။ ထိုစွမ်းအားမှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား ရန်ကိုင်မခုခံနိုင်သည့် အရာမျိုးတော့ မဟုတ်ချေ။

မိုးကြိုးပစ်ချက်များမှာလည်း ပိုပို၍ ပြင်းထန်လာခဲ့လေသည်။ ရန်ကိုင်ကမူ မလှုပ်မယှက်အမူအယာဖြင့်သာ တင်ပလင်ခွေထိုင်ရင်း မိုးကြိုးပစ်ချက်အားလုံးကို လျစ်လျူရှုထားခဲ့သည်။

“လောကစွမ်းအား…” ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့ပြီး ယဲ့ယဲ့လေးပြုံးလိုက်လေသည်။ လောကစွမ်းအားကို မြင်ပြီးသည့်နောက် ရန်ကိုင်သည် ကြောက်ရွံ့သွားခြင်းမရှိရုံမက ပို၍ပင် စိတ်လှုပ်ရှားလာခဲ့လေသည်။

ကြယ်ပျက်ပင်လယ်ထဲ၌ မဟာဧကရာဇ်နှစ်ပါးကြား ပြင်းထန်လှသည့် တိုက်ပွဲကို ရန်ကိုင်မြင်တွေ့ခဲ့ရသည်။ ထိုအချိန်မှာပင်လျှင် လောကစွမ်းအားဟူသည့် စွမ်းအားတစ်မျိုးကို နားလည်သွားခဲ့ရခြင်းလည်း ဖြစ်လေသည်။ လောကစွမ်းအားသည် နိယာမစွမ်းအားထက် ပိုမိုအားကောင်းသည့် စွမ်းအားတစ်ရပ်ဖြစ်ပြီး မဟာဧကရာဇ်များကသာလျှင် အနည်းငယ်ထိန်းချုပ်နိုင်သည့် စွမ်းအားတစ်ရပ်လည်း ဖြစ်ပေသည်။

(ဒါက အဲ့လောကစွမ်းအားပဲမဟုတ်ဘူးလား…) ဤကမ္ဘာထဲရှိ လောကစွမ်းအားသည် လောကစွမ်းအားတစ်မျိုးသာလျှင် ဖြစ်ပါသော်ငြား ဤကမ္ဘာ၏အပိုင် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အပေါ် ရန်လိုပေသည်။ သို့တိုင် ရန်ကိုင်အား ထိခိုက်အောင် မလုပ်နိုင်ခဲ့။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် လောကစွမ်းအားနှင့် ထိတွေ့နိုင်မည့် အခွင့်အရေးတစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် ရရှိသွားသလို ဖြစ်သွားခဲ့ကာ ထိုလောကစွမ်းအားကို နားလည်သဘောပေါက်အောင် စတင်ကြိုးစားတော့လေသည်။

ရန်ကိုင်မှာ ထိုစွမ်းအားကို သေချာ စတင် လေ့လာတော့လေသည်။ သို့သော်ငြား အချိန်ကောင်းများမှာ ကြာရှည်ခံခဲ့ခြင်း မရှိချေ။ ခြောက်နာရီမပြည့်တတ်သေးခင်မှာပင် မိုးခြိမ်းသံများ၊ မိုးကြိုးပစ်သံများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရန်ကိုင်အား ဤကမ္ဘာထဲမှ တွန်းထုတ်ရန် ကြိုးစားနေသည့် စွမ်းအားသည်ပင်လျှင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤကမ္ဘာလေးမှ ရန်ကိုင်အား လက်ခံလိုက်သည့်အတွက်ကြောင့်မဟုတ်။ လောကဓါတ်လုံးမှ ဤကမ္ဘာပျက်လေးထဲတွင် ရှိနေသော ပျက်စီးနေသည့် လောကနိယာမစွမ်းအားအားလုံးကို စုပ်ယူလိုက်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ မည်သည့်လောကနိယာမစွမ်းအားမှ မကျန်ရစ်တော့လေရာ ရန်ကိုင်အား ဤကမ္ဘာထဲမှ မောင်းထုတ်ရန် ကြံနေသည့် မည်သည့်စွမ်းအားရော ရှိပါဦးမည်နည်း။

ရန်ကိုင် မျက်လုံးပြန်ဖွင့်လာခဲ့ပြီး ဗိုက်မဝသေးသည့် ပုံစံမျိုးဖြင့် လျှာကို သပ်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်ရှိနေသည့် ကမ္ဘာကြီးမှာ ရုတ်တရက် တုန်ခါလာခဲ့လေသည်။ အမျိုးမျိုးသော လေဟာနယ်အက်ကြောင်းများ ကောင်းကင်ထက် နေရာအနှံ့တွင် ထွက်ပေါ်လာခဲ့သည်။ မြေပြင်မှာလည်း အက်ကွဲလာခဲ့လေရာ အလွန်တရာကိုမှ မက်စောက်လှသည့် လျှိုမြောင်အက်ကြောင်းများ နေရာအနှံ့၌ ထွက်ပေါ်လာခဲ့လေသည်။ ဟင်းလင်းပြင်တစ်ခုလုံးမှာလည်း စတင်၍ ကသောင်းကနင်း ဖြစ်လာတော့လေ၏။

ရန်ကိုင်သည် ထိုင်ရာမှ အလျင်စလို ကုန်းထ၍ ဟင်းလင်းပြင်ကိုဆုတ်ဖြဲကာ ထိုကမ္ဘာထဲမှ အမြန် ပြန်ထွက်လာခဲ့လိုက်သည်။ ကြားခံဟင်းလင်းပြင်ထဲသို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ့ရှေ့တည့်တည့်တွင် ရှိနေသော တိမ်တိုက်မှာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့လေ၏။

“နောက်တစ်ခု…” ရန်ကိုင်က ထိုသို့ရေရွတ်လိုက်ပြီးသည့်နောက် သူ၏ နောက်ထပ်ပစ်မှတ်ကို လိုက်လံရှာဖွေလေရာ မကြာမီ အခြားသော ကမ္ဘာပျက်တစ်ခုကို ရှာတွေ့သွားခဲ့လေသည်။

ဤနေရာထဲတွင် ကမ္ဘာပျက်ပေါင်းများစွာ ရှိနေခဲ့ကာ ကမ္ဘာပျက်များမှာလည်း တစ်ခုနှင့်တစ်ခု အရွယ်အစား တူညီခြင်း မရှိကြချေ။ ရန်ကိုင်သည် အရွယ်အစားကြီးသည့် ကမ္ဘာပျက်များကို သွားမရွေးခဲ့ဘဲ ခပ်သေးသေး ကမ္ဘာပျက်လေးများကိုသာ ရွေးချယ်ခဲ့လေသည်။

ထိုနည်းလမ်းအတိုင်း သွားလိုက်ရာ ရန်ကိုင်သည် သုံးရက်အတွင်း လောကဓါတ်လုံး၏အကူအညီဖြင့် ကမ္ဘာငယ်ဆယ်ခုကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့လေသည်။ ထိုကမ္ဘာငယ်လေးများထဲမှ လောကနိယာမစွမ်းအားများကို စုပ်ယူပြီးသည့်နောက် လောကဓါတ်လုံးသည် ယခင်ကနှင့်မတူ အနည်းငယ်ပြောင်းလဲသွားသည်ကို ရန်ကိုင် ခံစားမိလိုက်ရသည်။ လောကဓါတ်လုံးမှာ ပြီးပြည့်စုံခါနီး အဆင့်နှင့် တဖြည်းဖြည်း နီးကပ်လာနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ကြိတ်၍ ဝမ်းသာနေခဲ့ရလေသည်။

ရန်ကိုင်မှာ သုံးရက်အတောအတွင်း ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ပျော်မွေ့နေခဲ့ပါသော်ငြား ငါးရောင်ခြယ်ရတနာဘုရားရှေ့၌ ရပ်နေကြသော ဧကရာဇ်တတိယအဆင့်ပညာရှင်လေးဦးမှာတော့ အတော်လေးကိုမှ စိတ်ပူနေကြလေသည်။ အကြောင်းမှာ ငါးရောင်ခြယ်ရတနာဘုရား ပွင့်သွားချိန် ပုံမှန်မဟုတ်သည့် အဖြစ်အပျက်တစ်ခုခု ဖြစ်လာသည့်အတွက်ကြောင့်ပင်။

ငါးရောင်ခြယ်ရတနာဘုရားပွင့်သွားပြီး ခြောက်နာရီခန့်အကြာ၌ လေးလွှာမြောက်ဆီမှ အရောင်တလက်လက် တောက်ပလာနေခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ငါးရောင်ခြယ်ရတနာဘုရားအနီးတွင် တင်ပလင်ခွေထိုင်ကျင့်ကြံနေကြသော အကြီးအကဲလေးဦးမှာ ရုတ်တရက် နိုးနိုးကြားကြား ဖြစ်သွားကုန်ကြရလေသည်။

အထိတ်ထိတ်အလန့်လန့်ဖြင့် လဲ့ဟုန်မှာ ချက်ချင်း သွားရောက်စစ်ဆေးကြည့်ပါသော်ငြား ဘာကြောင့် ထိုကဲ့သို့ ဖြစ်သွားရသလဲ ဆိုသည်နှင့်ပတ်သက်၍ အဖြေမရှာနိုင်ခဲ့ပေ။ ထို့နည်းတူစွာပင် အခြားသော အကြီးအကဲသုံးဦးမှာလည်း ဘာတွေဖြစ်လို့ဖြစ်နေမှန်း မပြောနိုင်ခဲ့ကြချေ။

All Chapters