အခန်း ၂၇၉၆-၂၈၀၀
Vol. 119 Ch. 2795-2800
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၉၆)
ဘာသာပြန်သူ_တိမ်တိုက်
သူတို့လေးဦးစလုံး ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို စူးစမ်းနေစဉ်မှာပင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာပြန်လေသည်။
နောက်ရက်များအတွင်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်တလဲလဲ ဖြစ်ပျက်သွားခဲ့သည်။
လေးလွှာမြောက်တွင် ထိုကဲ့သို့ ဖြစ်ပျက်နေရခြင်းမှာ လေးလွှာမြောက်၌ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များအနက် တစ်ယောက်ယောက်နှင့် ပတ်သက်နေရပေလိမ့်မည်။ ထိုလူများအနက် ရန်ကိုင်ကိုဖယ်ထားလိုက်မည်ဆိုလျှင် လန်ရွှင်း၊ ရှောင်ချန်းနှင့် လဲ့ထျန်းတို့ ရှိကြပေသည်။ ထိုသုံးဦးလုံးမှာ ကြယ်ဝိဉာဉ်နန်းတော် အထက်အရာရှိများ၏ မျိုးဆက်များ ဖြစ်ကြသည့်အတွက်ကြောင့် သုံးဦးစလုံး တစ်ခုခုဖြစ်သွား၍ မဖြစ်ပေ။
လက်ရှိကိစ္စမှာ အလွန်ကိုမှ အရေးကြီးသည့်အတွက်ကြောင့် အကြီးအကဲချုပ်လဲ့ဟုန်မှာ ဆက်၍ နှောင့်နှေးမနေရဲတော့ဘဲ မဟာဧကရာဇ်ကို တင်ပြလိုက်ရတော့သည်။
“မဟာဧကရာဇ် ဘာပြန်ပြောလဲ…” ရွှယ့်ကျန်းမောင်သည် စိတ်မရှည်ဟန်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးသည့်နောက် ရုတ်တရက် ရပ်ကာ လဲ့ဟုန်ကိုကြည့်၍ မေးလိုက်လေသည်။
လေးလွှာမြောက်တွင် သွားရောက်လေ့ကျင့်နေကြသော တပည့်များအနက် သူ့ဆွေမျိုး တစ်ဦးပင် မပါဝင်ပါသော်ငြား ရွှယ့်ကျန်းမောင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်နေဆဲ။ ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်၏ အနာဂတ်အတွက် တွေးပူရလေသည်။ ထိုအကြောင်းကြောင့်သာ မဟုတ်ပါက သူ့အဆင့်အတန်းကိုပင်လျှင် မထောက်ထားခဲ့ဘဲ ရန်ကိုင်ကဲ့သို့သော ဂျူနီယာတစ်ဦးအား အလစ်ချောင်း တိုက်ခိုက်ခဲ့လိမ့်မည် မဟုတ်ချေ။
လဲ့ဟုန်မှ ခေါင်းခါပြပြီးပြီးချင်းမှာပင် အဝေးတစ်နေရာဆီမှ အဖြူရောင်အလင်းတန်းတစ်ခု သူ့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရလေသည်။ ချက်ချင်းပဲ ထိုအလင်းတန်းကို ဖမ်းဆုပ်၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် လဲ့ဟုန်၏အမူအယာ ထူးဆန်းသွားခဲ့ရလေသည်။
“မဟာဧကရာဇ် ဘာပြောလဲ…” ရှောင်ယုယန်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
လဲ့ဟုန်သည် အကြီးအကဲသုံးဦးကို ကြည့်၍ ပြန်ပြောလိုက်လေသည်။ “စောင့်ကြည့်တဲ့…”
“စောင့်ကြည့်… ငါတို့ ဘယ်လိုလုပ်ပြီး စောင့်ကြည့်လို့ ဖြစ်မှာလဲ…” ရွှယ့်ကျန်းမောင်က ရေရွတ်လိုက်လေသည်။ မဟာဧကရာဇ် ယခုကဲ့သို့ အမိန့်ပေးလာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
ရှောင်ယုယန်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “မဟာဧကရာဇ်မှာ အခုလိုဆုံးဖြတ်ရတဲ့ အကြောင်းအရင်း ရှိပြီးသားဖြစ်လိမ့်မယ်… ငါတို့တဇွတ်ထိုးဝင်ရှုပ်လို့မဖြစ်ဘူး…”
မည်သူမျှ မဟာဧကရာဇ်၏အမိန့်ကို မလွန်ဆန်ရဲသည့်အတွက်ကြောင့် အကုန်လုံးမှာ မဟာဧကရာဇ်ပြောသည့်အတိုင်း စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့လေသည်။
ရန်ကိုင်သည် ကမ္ဘာပျက်တစ်ခုထဲတွင် ရပ်လျက် မျက်မှောင်ကြုတ်နေခဲ့သည်။ လွန်ခဲ့သည့်လဝက်အတွင်း အမျိုးမျိုးသော ကမ္ဘာပျက်များကြား ကူးကလန်ခတ် သွားလာပြီးသည့်နောက် လောကဓါတ်လုံးကိုသုံး၍ ပျက်စီးနေသော နိယာမစွမ်းအားများကို စုပ်ယူဝါးမျိုပစ်ခဲ့လေသည်။ ထိုအချိန်အတောအတွင်း လောကဓါတ်လုံး၏ပိုင်ရှင်ဖြစ်သော ရန်ကိုင်ကိုယ်တိုင်မှာလည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ရသည်။ လောကစွမ်းအားအပေါ် သူ၏ ထိုးထွင်းနားလည်မှု တိုးတက်လာသည့်အချက်ကို ထည့်မတွက်လျှင်ပင် နိယာမစွမ်းအားများကို စုပ်ယူပြီးသည့်နောက် လောကဓါတ်လုံး၏ လောကနိယာမများ ပိုမိုပြီးပြည့်စုံလာသည့် အချက်ကပင်လျှင် ရန်ကိုင်အတွက် အလွန်ကိုမှ အကျိုးရှိနေလေပြီ။ ရန်ကိုင်၏လုပ်ရပ်ကြောင့်လည်း ကမ္ဘာပျက်များ တစ်ခုပြီးတစ်ခု အပြီးတိုင် ပျက်စီးသွားခဲ့ရသည်။ ကမ္ဘာတစ်ခုထဲသို့ ဝင်သွားပြီး လောကနိယာမများကို စုပ်ယူလိုက်သည့်အချိန်တိုင်း ရန်ကိုင်မှာ ထိုကမ္ဘာ၏ ငြင်းဆန်ခြင်း ခံခဲ့ရသည်။ ကမ္ဘာပျက်များ၏ အရွယ်အစားပေါ် မူတည်၍ ကမ္ဘာပျက်များမှ ရန်ကိုင်အား ငြင်းဆန်သည့်စွမ်းအားမှာလည်း ကွဲပြားသွားရသည်။
မိုးကြိုးပစ်ချက်များကိုတော့ ရန်ကိုင်မှ ထိုကမ္ဘာပျက်များတွင် ရှိနေသည့် လောကနိယာမစွမ်းအားများကို သွားစုပ်ယူသည်နှင့် တစ်ပြိုင်နက် အမြဲလိုလို ကြုံတွေ့ခဲ့ရလေသည်။ တချို့သော ကမ္ဘာပျက်များဆိုလျှင် ထိုကမ္ဘာပျက်များထဲ အလွန်တရာကိုမှ အားကောင်းလှသော ရှေးဟောင်းအမွေအနှစ်အချို့ပင် ရှိနေကြလေသည်။ လောကဆန္ဒ၏ ထိန်းချုပ်မှုဖြင့် ထိုရှေးဟောင်းအမွေအနှစ်များမှာ ကျူးကျော်လာသည့်ရန်သူအား မောင်းထုတ်ရန်အတွက် ရန်ကိုင်အား တိုက်ခိုက်ကြတော့လေသည်။ ရန်ကိုင် သူ့ကိုယ်သူ မည်သို့ပင် ဖုံးကွယ်နေစေကာမူ ထိုကံတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ကံကောင်းစွာဖြင့် ဤအလွှာသည် လေးလွှာမြောက်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရှေးဟောင်းအမွေအနှစ်များမှာ အကောင်းအတိုင်း ကျန်ရစ်နေသေးသည်ဆိုလျှင်ပင် ၎င်းတို့၏ခွန်အားမှာ ထိုမျှ ကြောက်မက်ဖွယ်ရာ ကောင်းမနေခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုအတားအဆီးများကို သူ့လက်ရှိကျင့်ကြံခြင်းဖြင့် အနိုင်ယူဖို့ရာ မခက်ခဲခဲ့ပေ။ ငါးလွှာမြောက်တွင်သာ ရှိနေခဲ့မည်ဆိုလျှင်တော့ ယခုကဲ့သို့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ငါးလွှာမြောက်ကိုမူ ကြားခံဟင်းလင်းပြင်နယ်မြေထဲမှ တိုက်ရိုက်သွား၍ မရချေ။ ထိုအကြောင်းကြောင့် ရန်ကိုင်သည် လေးလွှာမြောက်ထဲရှိ ကမ္ဘာပျက်များကြား ငါးလွှာမြောက်သို့ ဦးတည်နေသည့် ဝင်ပေါက်ကို ကိုယ့်ဘာသာကိုယ် လိုက်ရှာရတော့လေ၏။
လွန်ခဲ့သည့်ရက်များအတွက် ရန်ကိုင်မှ လောကဓါတ်လုံး၏ အကူအညီဖြင့် စုပ်ယူဝါးမျိုကာ ဖျက်စီးပစ်ခဲ့သော ကမ္ဘာပျက်အရေအတွက်မှာ အခုနှစ်ဆယ်မက ရှိလာခဲ့လေပြီ။ ထို့နည်းတူစွာပင် ရန်ကိုင်မှ ဖျက်ဆီးပစ်ခဲ့သော ရှေးဟောင်းအမွေအနှစ်များမှာလည်း အတော်လေးကိုမှ များပြားလာခဲ့သည်။ သို့တိုင် ရန်ကိုင်မှာတော့ ငါးလွှာမြောက်သို့ ဦးတည်နေသည့် ဝင်ပေါက်ကို ရှာမတွေ့သေးချေ။ သူကံဆိုး၍ပဲလား ထိုသို့မဟုတ်ပဲ ဝင်ပေါက်များမှာ အလွန်တရာကိုမှ နည်းပါးနေသည့်အတွက်ကြောင့်လားဆိုသည်ကိုတော့ ရန်ကိုင်မပြောတတ်။
လဝက်ခန့်ကြာအောင် ကျားကုတ်ကျားခဲ ကြိုးစားနေပြီးသည့်နောက် အတားအဆီးတစ်ခုနှင့် ရန်ကိုင် သွားတိုးခဲ့လေသည်။ ကမ္ဘာငယ်လေးသည် ပြီးပြည့်စုံသည့် လောကတစ်ခု ဖြစ်လာနိုင်လောက်အောင်ကို များပြားလှသည့် နိယာမစွမ်းအားများကို ဝါးမျိုထားခဲ့ပါသော်ငြား ပြီးပြည့်စုံသည့်အဆင့်သို့ မည်သို့မှ မတက်လှမ်းနိုင်ဖြစ်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ကြည့်ရသလောက် တစ်ခုခုလိုနေသေးသည့်အတွက်ကြောင့် ကမ္ဘာငယ်လေးမှာ နောက်ဆုံးအဆင့်သို့ မည်သို့မှ မတက်လှမ်းနိုင် ဖြစ်နေသည့်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်မှာလည်း အကြပ်ရိုက်နေရတော့လေသည်။
“တာအိုက တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခုခွဲတယ်… သုံးခုကနေ အများကြီး ပြန်ထွက်သွားတယ်… ယင်နဲ့ယန်က ဓာတ်ကြီးငါးပါးဖြစ်လာတယ်… ဓာတ်ကြီးငါးပါး ပေါင်းစုံသွားတဲ့အခါကြရင် ကမ္ဘာသစ်တစ်ခုဖြစ်လာတယ်… ဓာတ်ကြီးငါးပါး… ဓာတ်ကြီးငါးပါး….” ရန်ကိုင်သည် ထိုစကားလုံးတစ်လုံးတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေရင်း တစ်ခုခုအား နားလည်သွားသည့်အလား သူ့မျက်လုံးများ တလက်လက် တောက်ပလာခဲ့လေသည်။ တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရုတ်တရက် ထရပ်လိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ကြားခံဟင်းလင်းပြင်ထဲသို့ ပြန်ထွက်လာခဲ့လေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်စူးစမ်း ရှာဖွေကြည့်ပြီးသည့်နောက် ခဏအကြာ၌ ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေ၏။ “တွေ့ပြီ…”
ရန်ကိုင်သည် ချက်ချင်းပဲ ရွှေရောင်တလက်လက် တောက်ပနေသည့် တိမ်တိုက်ထဲသို့ ပြေးဝင်သွားခဲ့လေ၏။ ထို့နောက်တွင် သတ္တုဓာတ်များ အလွန်တရာကိုမှ ပေါကြွယ်ဝသော ကမ္ဘာတစ်ခုထဲ၌ ပြန်ပေါ်လာခဲ့လေသည်။ ဤကမ္ဘာသည် လွန်ခဲ့သော လဝက်ခန့်က ရန်ကိုင် ပထမဦးဆုံး ဝင်ခဲ့သည့် ကမ္ဘာပျက်ဖြစ်ပေသည်။
(ဓာတ်ကြီးငါးပါးမရှိရင် ဓာတ်ကြီးငါးပါးကို ပြန်ဖြည့်ရုံပဲ ရှိတာပေါ့… ငါးရောင်ခြယ်ရတနာဘုရားထဲမှာဆိုတော့ ဓာတ်ကြီးငါးပါး နိယာမစွမ်းအားတွေကို ရှာဖို့က ဒီလောက်ခက်မှာမဟုတ်ဘူး…)
အထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လောကဓါတ်လုံးကိုထုတ်၍ သတ္တုဓာတ်နိယာမစွမ်းအားနှင့် မိုးမြေစွမ်းအင်များကို အရူးအမူး ဝါးမျိုပစ်စေလေသည်။ တစ်ချိန်တည်းတွင်လည်း ဘေးပတ်ဝန်းကျင်ကိုပါ သေသေချာချာ အာရုံစိုက် စောင့်ကြည့်ထားခဲ့လေသည်။
ကမ္ဘာပျက်များထဲသို့ ဝင်၍ လောကနိယာမစွမ်းအားများကို ထပ်တလဲလဲ စုပ်ယူဝါးမျိုပြီးသည့်နောက်ပိုင်း ရန်ကိုင်မှာ အတော်လေးကိုမှ အတွေ့အကြုံ ကြွယ်ဝလာပြီဟု ပြော၍ရပေသည်။ သူ မည်သည့်ကမ္ဘာပျက်ထဲသို့ ရောက်ပါစေ ထိုကမ္ဘာပျက်သည် သူတို့၏မိုးမြေစွမ်းအင်များကို ရန်ကိုင်မှ စုပ်ယူနေသည်အား ဤအတိုင်း ထိုင်ကြည့်မနေခဲ့။ ရန်ကိုင်အား သူတို့ကမ္ဘာထဲမှ မောင်းထုတ်ပစ်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားလေသည်။
ကမ္ဘာပျက်ထဲသို့ ရောက်လာပြီးသည့်နောက် သူ့ဘက်မှ မိုးမြေစွမ်းအင်များကို အတန်ကြာအောင် စုပ်ယူနေသည့်တိုင် ကောင်းကင်ထက်၌ တိမ်စိုက်တိမ်တိုက်များ စုဝေးလာသည့် အရိပ်အယောင်ကို မတွေ့ရသည့်အတွက်ကြောင့် ရန်ကိုင်မှာ စိတ်သက်သာရာ ရသွားခဲ့လေသည်။ ကြိမ်ဖန်များစွာ မိုးကြိုးပစ်ခံရပေါင်း များလာသော် တဂျုန်းဂျုန်းမြည်သံများကို ကြားလိုက်ရသည်နှင့် ရန်ကိုင်မှာ စတင်၍ စိုးရိမ်လာရတော့သည်။ ကံကောင်းစွာဖြင့် ဤကမ္ဘာတစ်ခုလုံးများ သတ္တုဓာတ်များဖြင့် ပြည့်နေခဲ့ပြီး အခြားသောဓာတ်များအတွက် နေစရာနေရာ မရှိသည့်အတွက်ကြောင့် မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လာနိုင်ခြင်း မရှိချေ။ သို့တိုင် ဤကမ္ဘာမှ ရန်ကိုင်အား ငြင်းဆန်နေသည့်စွမ်းအားမှာ အတော်လေးကိုမှ ပြင်းထန်လှသည်။ ရန်ကိုင်၏ မြင့်မားလှသည့် ခွန်အားကြောင့်သာ မဟုတ်ပါက အစောကြီးတည်းက ဤကမ္ဘာထဲမှ မောင်းထုတ်ခံရပြီးနေလောက်ပေပြီ။
“ဒီတစ်ကြိမ်ကရော…” ရန်ကိုင်မှာ စိုးရိမ်ခြင်းတော့မရှိ။ ထို့အစား အတော်လေးကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။
ကမ္ဘာလောကကြီးတစ်ခု၏ ရန်သူဖြစ်ရသည့် အတွေ့အကြုံ၊ ထိုကမ္ဘာလောကကြီးမှ သူ့အား ကမ္ဘာထဲမှထုတ်ပယ်ရန် ကြိုးစားလာသည့်အခါ ပြန်လည်ခုခံရသည့် အတွေ့အကြုံမှာ သာမန်လူများ ကြုံနိုင်သည့် အတွေ့အကြုံမျိုးမဟုတ်ချေ။ ယခင်က ရန်ကိုင်သည် အမျိုးမျိုးသော ဓာတ်သဘာဝများ ရောနှောနေသည့် မိုးမြေစွမ်းအင်များရှိသည့် ကမ္ဘာပျက်များကို လိုက်လံရှာဖွေခဲ့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ ဓာတ်သဘာဝတစ်မျိုးတည်းသာ ရှိသည့် လောကနိယာမစွမ်းအားကို ပထမဦးဆုံးအကြိမ် စတင်စုပ်ယူဖူးခြင်း ဖြစ်လေသည်။
“ရွှင်…”
ရုတ်တရက်ဆိုသလို ဓါးတစ်ချောင်းကို ဓါးအိမ်ထဲမှ ထုတ်လိုက်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်လည်း အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်ခုံးပင့်သွားခဲ့လေသည်။ မလှမ်းမကမ်းတစ်နေရာတွင် ရွှေရောင်အလင်းတို့ဖြင် ဖွဲ့စည်းထားသော ဓါးတစ်ချောင်း ရှိနေခဲ့လေသည်။ ထိုဓါးသည် လေပေါ်တွင်ဝဲလျက် ဖြည်းဖြည်းချင်း လည်ပတ်နေကာ ရန်ကိုင်တည့်တည့်သို့ ချိန်ရွယ်ထားခဲ့လေသည်။
“ရွှေရောင်ဓါး…” ရန်ကိုင်က ပြုံးဖြီးလျက် “စိတ်ဝင်စားစရာပဲ…”
တရွှင်ရွှင်မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီးသည့်နောက်တွင် မကြာခင်၌ ရာနှင့်ချီသော ရွှေရောင်ဓါးများ နေရာအနှံ့အပြားတွင် ထွက်ပေါ်လာခဲ့လေသည်။ ရွှေရောင်ဓါးတစ်ချောင်းချင်းစီတိုင်းသည် တစ်ပုံစံတည်း ဖြစ်ကြပြီး အကုန်လုံးမှာ ကောင်းကင်နှင့်မြေပြင်ကိုပင်လျှင် ခွဲပစ်နိုင်သည့်အလား အလွန်ကိုမှ ထက်ရှာသည့် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။
ဂလု…
ရန်ကိုင် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။
သူ့တည့်တည့်သို့ ချိန်ရွယ်ထားကြသည့် ရာနှင့်ချီသော ရွှေရောင်ဓါးများကိုကြည့်ရင်း ရန်ကိုင်မှာ ပျော်ရမှန်းမသိ ငိုရမှန်းမသိ ဖြစ်ကုန်လေသည်။ အခြေအနေမှာ ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်းမရှိချေ။ ပိုပို၍များပြားလှသော ရွှေရောင်ဓါးများမှာ ထပ်မံ၍ ပေါ်ပေါက်လာလေခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်မှာ မြောက်မြားလှစွာသော ရွှေရောင်ဓါးများ ပြည့်နှက်ကာ တည်ရှိနေသည့် ဓါးပင်လယ်အလယ်သို့ ရောက်ရှိသွားလေ၏။ လက်ရှိ ရန်ကိုင်ဘဝသည် မုန်တိုင်းဝေနေသည့်ပင်လယ်ထဲ အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် လှေငယ်လေးတစ်စင်းပမာ ဖြစ်နေရလေသည်။
ထိုရွှေရောင်ဓါးများသည် ပေါ်လာပြီးသည့်နောက်တွင် ရန်ကိုင်အား ချက်ချင်း တိုက်ခိုက်ခြင်းမရှိသေးဘဲ တဝီဝီမြည်သံများ ပြုနေလေ၏။ ကြည့်ရသလောက် ရွှေရောင်ဓါးများမှာ ရန်ကိုင်အား သတိပေးနေသည့်ပုံပင်။ ထို့နောက်တွင် ရွှေရောင်ဓါးများ၏ စိတ်ဆန္ဒမှာ အတူတကွ ပေါင်းစည်းသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသော ဓါးစိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
သို့သော်ငြား ရန်ကိုင်ကမူ အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိဘဲ တိုးဝင်လာသမျှအရာမှန်သမျှကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားသည့်အလား ကျောက်ဆောင်ကြီးတစ်ဆောင်ပမာ မားမားမတ်မတ် ရပ်နေခဲ့လေသည်။
ရန်ကိုင်သည် အနန္တဓါးကိုထုတ်၍ မရေမတွက်နိုင်သော ဓါးလှိုင်းများကို ပစ်လွှတ်လိုက်လေသည်။ သို့တိုင် ရန်ကိုင်၏ဓါးလှိုင်းများမှာ ယာယီမျှသာ တောင့်ခံနိုင်ခဲ့ပြီး ပျက်စီးသွားကုန်ကြလေသည်။
“ထန်… ထန်… ထန်…”
သတ္တုချင်းထိခတ်သံများနှင့်အတူ မီးပွင့်များ နေရာအနှံ့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ ဓါးလှိုင်းများ ပျောက်ကွယ်သွားသည့်နောက်တွင် ပိုမိုများပြားသော ရွှေရောင်ဓါးများ တမုဟုတ်ချည်း ထွက်ပေါ်လာကုန်ကြလေသည်။
ရန်ကိုင်လည်း ထိတ်လန့်သွားခဲ့လေ၏။
ရန်ကိုင်သည် ရွှေရောင်ဓါးသွားများ၏ ခွန်အားကို အထင်သေးမထားပါသော်ငြား အရမ်းကြီးလည်း အထင်ကြီးမထားခဲ့ပေ။ ထို့အတွက်ကြောင့် ယခုကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရသော် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကိုသုံး၍ သူ့ကိုယ်သူ အလျင်စလို ကာကွယ်လိုက်ရသည်။ ကံမကောင်းစွာဖြင့် ထိုအကာအကွယ်မှာလည်း တခဏအတွင်း ပျက်စီးသွားခဲ့ရလေသည်။
“ရွှင်… ရွှင်… ရွှင်…”
ပိုပို၍များပြားသော ရွှေရောင်ဓါးများ တစ်ဆင်းပြီးတစ်ဆင်း တိုးဝင်လာနေသည့်နောက် ရန်ကိုင်၏ခန္ဓာကိုယ်ထက် ဓါးရှရာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတော့လေသည်။ မကြာမီ အရိုးထိနက်သော ဒဏ်ရာများပင်လျှင် ဖြစ်ပေါ်လာခဲ့ရသည်။ ထိုဒဏ်ရာကြောင့် ရန်ကိုင်တစ်ကိုယ်လုံးလည်း ရွှေရောင်သွေးများဖြင့် စိုရွှဲကုန်ရလေ၏။
အကြိမ်ကြိမ်တိုက်ခိုက်ပြီးသည့်နောက်တွင် ရွှေရောင်ဓါးများမှာ သိသိသာသာကို ငြိမ်ကျသွားခဲ့ပြီး ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်ခဲ့ချေ။ ကောင်းကင်လမ်းစဉ်သည် ၎င်းရရှိမည့် အကျိုးနှင့်အမြတ်ကို သေသေချာချာ ချင့်တွက်ပေသည်။ ထို့အတွက်ကြောင့် ကမ္ဘာလောကကြီး၏ဆန္ဒမှာ အလွန်အကျွံနည်းလမ်းများကို အသုံးပြုခြင်းမရှိဘဲ ရန်ကိုင်အား ရွေးချယ်ခွင့် ပေးထားခဲ့သည်။ ရန်ကိုင်အား သတိပေးလို၍ ယခုကဲ့သို့ တိုက်ခိုက်ပြလိုက်ခြင်းသာ ဖြစ်ပေသည်။
ယခုကဲ့သို့အခြေအနေမျိုးနှင့် ရန်ကိုင်သည် တစ်ကြိမ်မက ကြုံတွေ့ခဲ့ဖူးပေသည်။ အကြိမ်တိုင်းတွင်လည်း လက်လျှော့ခဲ့ခြင်းမရှိ။ ထို့အစား လောကဓါတ်လုံးအား သတ္တုဓာတ်နိယာမစွမ်းအားများကို ပို၍ လျင်လျင်မြန်မြန် စုပ်ယူရန်သာ တိုက်တွန်းနှိုးဆော်လိုက်လေသည်။ ထို့အတွက်ကြောင့် ဤကမ္ဘာပျက်ကြီးဆန္ဒမှာ ဒေါသထွက်သွားရတော့လေသည်။
ထိုသို့ဖြင့် မရေမတွက်နိုင်သော ရွှေရောင်ဓါးများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ် ထွက်ပေါ်လာသည့် ဓါးစိတ်ဆန္ဒသည် ယခင်တစ်ကြိမ်ကထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။
ထို့နောက်တွင် တရွှင်ရွှင်မြည်သံများနှင့်အတူ ရွှေရောင်ဓါးများ ထပ်မံတိုးဝင်လာခဲ့ပြန်လေသည်။
ရန်ကိုင်သည် ယခုအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေရာ ရွှေရောင်ဓါးများ တိုးဝင်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း အော်ဟစ်လိုက်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း…”
ရွှေနဂါးအမြုတေစွမ်းအားတို့ ထွက်ပေါ်လာခဲ့ပြီး ဧရာမရွှေနဂါးခေါင်းတစ်ခု ရန်ကိုင်၏ကျောထက်တွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်မှာ အရွယ်အစားကြီးမားလာခဲ့ပြီး ဆယ်မီတာခန့်မက မြင့်မားလာခဲ့လေ၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်ထက် အကြွေးခွံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ခေါင်းထက်တွင်လည်း ချိုပုပုလေးနှစ်ခု ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏လက်သည်းများမှာ ထက်ရှလှသည့် နဂါးလက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး အမြီးတစ်ခုမှာလည်း သူ့ကျောဘက်ဆီမှ တိုးထွက်လာခဲ့လေ၏။ ထို့အပြင် ရန်ကိုင်ဝတ်ဆင်ထားသော နဂါးနက်ပျံချပ်ကာသည် ရန်ကိုင်၏ခန္ဓာကိုယ်အရွယ်အစားကိုလိုက်၍ ကြီးမားလာခဲ့လေသည်။
ရန်ကိုင်သည် ကျုချင်းမှ ပေးထားခဲ့သော နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အားလျှင်အားသလို ကျင့်ကြံလေ့ရှိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် ယခုထုတ်သုံးလိုက်သည့် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်မှာ ယခင်က ထုတ်သုံးခဲ့ဖူးသော နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ထက် ပိုမိုအားကောင်းနေခဲ့သည်။
ရန်ကိုင် ယခင်တစ်ကြိမ် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ဟွာချင်းစီရှေ့၌ ထုတ်သုံးခဲ့စဉ်က သူ့အရွယ်အစားမှာ သုံးမီတာခန့်လောက်သာ ရှိပေသည်။ သို့သော်ငြား ယခုမူ ရန်ကိုင်သည် ဆယ်မီတာခန့်အမြင့်ထိသို့ ရောက်နေခဲ့လေပြီ။ သူသာ ဤကျင့်စဉ်ကို ဆက်လက်ကျင့်ကြံသွားမည်ဆိုပါက ရန်ကိုင်အသွင်ပြောင်းလိုက်သည့်ပုံစံသည် ပို၍ပင် အရွယ်အစား ကြီးမားလာပေလိမ့်မည်။ ဧကရာဇ်အဆင့်ချပ်ကာဖြစ်သော နဂါးနက်ပျံချပ်ကာကြောင့်သာမဟုတ်ပါက နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကိုသုံးပြီး၍ လူပုံစံပြောင်းလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင် ကိုယ်လုံးတီးဖြစ်သွားရပေလိမ့်မည်။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးဖို့ရာ ယာယီမျှသာ အချိန်ယူခဲ့သော်ငြား ထောင်နှင့်ချီသော ရွှေရောင်ဓါးများမှာတော့ ရန်ကိုင်အား တိုက်ခိုက်ပြီးနေခဲ့လေပြီ။ ရန်ကိုင်သည် သူ၏နဂါးလက်သည်းကိုဝှေ့ယမ်းလျက် တိုးဝင်လာနေသော ရွှေရောင်ဓါးများကို တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၉၇)
ဘာသာပြန်သူ_တိမ်တိုက်
နှစ်ရက်ကြာပြီးနောက်တွင် ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ပျံ့လွင့်လာခဲ့သည်။ ရာပေါင်းများစွာသော တိုက်ပွဲများကို ဆင်နွှဲထားရသည့်အလား ရန်ကိုင် တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေခဲ့သည်။ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို တစ်ချိန်ကုန် ထုတ်သုံးထားသည့်တိုင် နဂါးနက်ပျံချပ်ကာဖြင့် ဖုံးကွယ်ထားခြင်း မရှိသည့် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများထက် ဖြတ်ရှရာပေါင်းများစွာ ရှိနေခဲ့လေ၏။ သူ့ခေါင်းထက်ရှိ နဂါးချိုလေးများသည်ပင်လျှင် မဆိုသလောက်ကလေး ပဲ့ထွက်နေခဲ့သည်။ သို့တိုင် ရန်ကိုင်၏ တိုက်ခိုက်လိုစိတ်မှာတော့ အားနည်းသွားခြင်းမရှိဘဲ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့သည်။
ရန်ကိုင် ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထဲတွင်မူ မီတာတစ်ထောင်မက ရှည်လျားသော ဧကရာဇ်ရွှေဓါးကြီးတစ်ချောင်း ဝဲနေခဲ့လေသည်။ ရန်ကိုင်သည် ဤလောကကြီး၏ သတ္တုဓါတ်နိယာမများဖြင့် ဖန်တီးထားသော ဓါးစိတ်ဆန္ဒဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ ထိုသို့တိုက်ခိုက်ရာ၌ ရန်ကိုင်သည် သူတတ်ကျွမ်းသမျှ ပညာရပ်အားလုံးကို ထုတ်သုံးခဲ့ရသည်။ ကုသရေးဆေးလုံးများကိုလည်း အဆက်မပြတ် ထုတ်သောက်ခဲ့ရသည်။ သူ၏ မြင့်မားလှသည့် ရုပ်ခွန်အား အကူအညီပါ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်မှာ အစောကြီးကတည်းက ဤလောကကြီးထဲမှ မောင်းထုတ်ခြင်း ခံလိုက်ရလေပြီ။
သို့တိုင် လက်ရှိရန်ကိုင်မှာတော့ မီးစာကုန်ရေခမ်းဘဝ ရောက်နေခဲ့သည်။ ရန်ကိုင်မှာ ထိုသို့ဖြစ်နေသော်ငြား သတ္တုဓါတ်ကမ္ဘာငယ်မှာလည်း အကောင်းကြီးတော့မဟုတ်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း လောကဓါတ်လုံးမှာ သတ္တုဓါတ်နိယာမစွမ်းအားများနှင့် မိုးမြေစွမ်းအင်များကို တောက်လျှောက် စုပ်ယူနေခဲ့သည့် အတွက်ကြောင့် သတ္တုဓါတ်ကမ္ဘာငယ်၏ စွမ်းအားမှာ သိသိသာသာကို လျော့ကျလာခဲ့ရလေသည်။ သတ္တုဓါတ်ကမ္ဘာငယ်နှင့် ရင်ဆိုင်ရာတွင် အာရုံစိုက်နေရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ဤမျှ အားနည်းနေပြီဖြစ်သော ကမ္ဘာငယ်လေးကို သန့်စင်ဖို့ရာ ရန်ကိုင် အချိန်သိပ်ယူနေရလိမ့်မည် မဟုတ်ချေ။
“လာစမ်း၊ ဒါမင်းရဲ့ နောက်ဆုံးတိုက်ကွက်မှန်း ငါသိတယ်။ ဒီတစ်ကြိမ် ဘယ်သူ အသက်ရှင်နိုင်မလဲ ကြည့်ကြတာပေါ့” ရန်ကိုင်သည် ရွှေရောင်ဓါးကို စိုက်ကြည့်နေရင်းမှ အားပါးတရ အော်ရယ်မောလိုက်လေသည်။
ရန်ကိုင် ရန်စနေသည်ကို သည်းမခံနိုင်သည့်အလား ရွှေရောင်ဓါးကြီးသည် မြည်သံပေးလျက် ရန်ကိုင်ဆီသို့ တိုးဝင်လာလေ၏။ ဤဓါးချက်သည် ဤကမ္ဘာပျက်မှ စုစည်းနိုင်သမျှ လက်ကျန်စွမ်းအားများကို သိပ်သည်းရင်း ဖန်တီးထားသည့် တိုက်ကွက်တစ်ခု ဖြစ်လေရာ အလွန်ကိုမှ အားကောင်းလှပေသည်။ ဓါးသွား ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက် ပိန်းပိန်းပိတ် နက်မှောင်သော ဧရာမ အက်ကြောင်းကြီးတစ်ခု ထင်ကျန်ရစ်ခဲ့လေသည်။
ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်သည် နောက်သို့ ပြန်ဆုတ်သွားခြင်း မရှိဘဲ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် ရွှေရောင်ဓါးကြီးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။ နဂါးဟိန်းသံနှင့်အတူ ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ရန်ကိုင်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ရွှေနဂါး၏ ခန္ဓာကိုယ်ကြီးမှာ မီတာထောင်ပေါင်းများစွာ ရှည်လျားကာ အလွန်တရာကိုမှ အသက်ဝင်လွန်းလှပေသည်။
ဘုန်း...
ဓါးသွားနှင့် ရွှေနဂါးတို့ ထိပ်တိုက်တွေ့သွားသည့်အခိုက်... နားပင်းမတတ် ပေါက်ကွဲသံတို့ ထွက်ပေါ်လာခဲ့ပြီး အလွန်ပြင်းထန်သည့် အားလှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းနှစ်ခုဟာလည်း ပေါက်ကွဲထွက်လာခဲ့ရာ ရန်ကိုင်၏ မြင်ကွင်းတစ်ခုလုံး ရွှေရောင်အလင်းတို့ဖြင့် ပြည့်နှက်သွားခဲ့ရလေသည်။
ခရက်...
အက်ကွဲသံကြီးနှင့်အတူ ရွှေရောင်ဓါးထက်တွင် ဧရာမအက်ရာကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ထို့နောက် ပင့်ကူအိမ်နှယ် အက်ကွဲကြောင်းများ ဓါးသွားတစ်လျှောက် ထွက်ပေါ်လာပြီး ဝုန်းခနဲ မြည်သံနှင့်အတူ ဓါးတစ်ချောင်းလုံး မှန်တစ်ချပ် ကွဲကြေသွားသည့်နှယ် တစ်စစီ ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်သည်လည်း ရွှေရောင်ဓါးဆီသို့ ပြေးဝင်သွားစဉ်ကထက် ပိုမို မြန်ဆန်သည့် အမြန်နှုန်းဖြင့် လွင့်စင်ထွက်လာခဲ့လေ၏။ သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသော ရွှေနဂါးပုံရိပ်သည်ပင်လျှင် ပျက်စီးသွားနေခဲ့ရလေသည်။ မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာပြီးသည့်နောက်တွင် သွေးအပွက်ပွက်ကို အန်ထုတ်ရတော့သည်။ ထို့အပြင် ရန်ကိုင်၏ အရှိန်အဝါဟာလည်း အချိန်မရွေး ငြိမ်းသေသွားတော့မည့် မီးအိမ်တစ်လုံးနှယ် အလွန်ကိုမှ အားနည်းဖျော့တော့နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး အလွန်ကိုမှ လှုပ်ရှားရ ခက်နေသည့်အတွက်ကြောင့် မြေပေါ်တွင်သာ မလှုပ်မယှတ် လဲလျောင်းနေခဲ့ပြီး လောကဓါတ်လုံးကိုသာ မိုးမြေစွမ်းအင်များအား စုပ်ယူနေစေလိုက်လေသည်။
အချိန်အတော်ကြာပြီးနောက်တွင် ရန်ကိုင်သည် တစ်ချက်ငြီးတွားလျက် စတင် လှုပ်ရှားလာခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ အရိုးများ သွင်သွင်ကျိုးသွားသည့်အလား တစ်ကိုယ်လုံးမှာ ကိုင်ဆောင့်ရိုက်ထားသည့်နှယ် အလွန်ကိုမှ နာကျင်နေခဲ့သည်။ နောက်ဆုံး ခက်ခက်ခဲခဲဖြင့် ထိုင်ချလိုက်ပြီးနောက် ကုသရေးဆေးလုံးတစ်လုံး ထုတ်သောက်ကာ ဒဏ်ရာများကို ပြန်ကုစားလိုက်လေသည်။
ခဏလောက် အနားယူ၊ ဒဏ်ရာများကို ပြန်ကုပြီးသည့် နောက်မှသာ ရန်ကိုင် မတ်တပ်ပြန်ရပ်လာနိုင်ခဲ့သည်။ သို့ရာတွင် သူ့မျက်နှာမှာတော့ စက္ကူဖြူတစ်ရွက်နှယ် ဖြူဖတ်ဖြူလျော် ဖြစ်နေဆဲ။ အစောပိုင်းကတိုက်ပွဲတွင် အလွန် အားကုန်သွားရသည့် အတွက်ကြောင့် ရထားသည့် ဒဏ်ရာများကို ပြန်ကုရန် အတော်လေး အချိန်ယူရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်တွင် ထိုမျှအချိန်ရှိမနေခဲ့။ ဤကမ္ဘာပျက် တစ်ခုလုံးမှာ လုံးဝကို ပျက်စီးသွားတော့မည်ဟု သူခံစားနေရသည်။ ထို့အပြင် ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးဟာလည်း အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်လည်း အချိန်ဆွဲမနေတော့ဘဲ လောကဓါတ်လုံးကို ပြန်သိမ်း၍ ကြားခံဟင်းလင်းပြင်ထဲသို့ ချက်ချင်း ပြန်လာခဲ့လိုက်လေသည်။
နောက်တစ်နေ့တွင် ရန်ကိုင်သည် အစိမ်းရောင်တောက်နေသော တိမ်တစ်လုံးထဲသို့ ပြေးဝင်သွားလေသည်။ ထိုကမ္ဘာပျက်တစ်ခုလုံးမှာ သိပ်သည်းလှသည့် သစ်သားဓါတ် နိယာမစွမ်းအားတို့ဖြင့် ပြည့်နေခဲ့လေသည်။ ထိုကမ္ဘာကြီးထဲတွင်ပင် ရန်ကိုင်သည် သူ၏ မိတ်ဆွေဟောင်းဖြစ်သော သစ်သားဝိဥာဉ်များနှင့် သွားတိုးလေ၏။ တစ်ကောင်ပင်မဟုတ်၊ ထောင်နှင့်ချီပေသည်။
သစ်သားဝိဥာဉ်များမှာ အလွန်ကိုမှ အသက်ပြင်းလှသည့်အပြင်ကိုမှ ၎င်းတို့၏ အစေ့များသည် လက်ခံကောင်များကို ဝင်ပူးနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင် သစ်သားဝိဥာဉ်များမှာ အလွန်ကိုမှ သတ်ရခက်လှသည့် အကောင်းများ ဖြစ်ကြခြင်းပင်။ ရန်ကိုင်နှင့် လာတိုးသည်မှာလည်း သစ်သားဝိဥာဉ်များအတွက် ကံဆိုးသွားသည်ဟု ပြော၍ရသည်။ သစ်သားဝိဥာဉ်အများစုမှ မီးဓါတ်ကို ကြောက်ကြသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုကို အထူးပြုကာ လေ့ကျင့်ပါသော်ငြား သူ့ကျင့်ကြံခြင်း ခရီးလမ်းအား မီးဓါတ်ကို အစပြုကျင့်ကြံခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သလို ရန်ကိုင်၌ တေဇောဓါတ် အသိစိတ်ပင်လယ်လည်း ရှိနေခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်သည် သစ်သားဝိဥာဉ်များ၏ အိမ်မက်ဆိုးဟုပင် ပြော၍ရသည်။
ရန်ကိုင်အတွက် ဤသစ်သားဓါတ်ကမ္ဘာပျက်ကို ရင်ဆိုင်ရသည်မှာ သတ္တုဓါတ်ကမ္ဘာပျက်နှင့် ရင်ဆိုင်ရသည်ထက်ပင် ပိုမို လွယ်ကူနေခဲ့လေသည်။ သူ့ကိုယ်သူ တေဇောဓါတ်အသိစိတ်ပင်လယ်ဖြင့် ကာကွယ်ထားလိုက်သည့်နောက် သစ်သားဝိဥာဉ်များမှာ သူ့အနားသို့ပင် မကပ်နိုင်ကြတော့ချေ။
နှစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် ထိုကမ္ဘာပျက်ထဲ၌ ရှိနေသော လောကနိယာမများကို စုပ်ယူလို့ပြီးသွားခဲ့ပြီး ကြားခံဟင်းလင်းပြင်ဆီသို့ ပြန်လာခဲ့လေသည်။ ထို့နောက် လုပ်ရိုးလုပ်စဉ်အတိုင်း နောက်ထပ် ဓါတ်သဘာဝအား ပိုင်ဆိုင်ထားသည့် ကမ္ဘာပျက်တစ်ခုကိုရှာကာ ထိုထဲသို့ ဝင်သွားလေ၏။
ရေဓါတ်ကမ္ဘာပျက်သည်သည် ပင်လယ်သမုဒ္ဒရာများဖြင့် ပြည့်နေပြီး ရေလှောင်အိမ်များ ဖန်တီးကာ ရန်ကိုင်အား ဖမ်းချုပ်၍ ပင်လယ်ထဲသို့ ရေနှစ်သတ်ရန် ကြိုးစားခဲ့သည်။ မြေဓါတ်ကမ္ဘာပျက်မှာတော့ ဧရာမကျောက်ဘီလူးများကို ဖန်တီး၍ ရန်ကိုင်အား တိုက်ခိုက်ခိုင်းခဲ့သည်။ သို့သော်ငြား ထိုကျောက်ဘီလူးအားလုံးမှာ ရန်ကိုင်၏ ဖျက်စီးခြင်း ခံခဲ့ရလေသည်။
(၂၅)ရက်ကြာပြီးသည့်နောက်တွင်၊ ရန်ကိုင်သည် မီးဓါတ်ကမ္ဘာပျက်ထဲသို့ ရောက်လာခဲ့လေသည်။ အန္တဓါးကိုထုတ်၍ ဓါးထဲသို့ ဧကရာဇ်ချီထည့်သွင်းကာ ဓါးလှိုင်းများကို ထုတ်လွှတ်ရင်း သူ့ရှေ့တွင်ရှိနေသော မီးနတ်ဆိုးကို ဖျက်စီးပစ်လိုက်၏။
တစ်ချိန်တည်းတွင် လေဟာနယ်နိယာမစွမ်းအားတို့ ထွက်ပေါ်လာပြီး ဝဲကတော့ အသွင်သို့ပြောင်းလဲကာ တစ်စစီ ဖြစ်သွားသော မီးနတ်ဆိုး၏ အစိတ်အပိုင်းများကို ဟင်းလင်းပြင်ထဲသို့ ဆွဲယူသွားလေ၏။ မီးနတ်ဆိုးမှာ ၎င်း၏ ကံကြမ္မာကို လက်မခံနိုင်သည့်အလား ဆွဲဆွဲငင်ငင် အော်ဟစ်နေခဲ့သည်။ သို့တိုင် ဝဲကတော့လက်မှ မလွတ်မြောက်နိုင်ခဲ့ဘဲ ဟင်းလင်းပြင်ထဲ သဲလွန်စမကျန် ဆွဲခေါ်သွားခြင်း ခံရလေ၏။
မီးနတ်ဆိုးကို ရှင်ထုတ်ပြီးသည့်နောက်မှသာ ရန်ကိုင် သက်ပြင်းချနိုင်ခဲ့လေသည်။ ဤကမ္ဘာပျက်ထဲ သူရင်ဆိုင်ရသည့် မီးနတ်ဆိုးမှာ ရွှေရောင်ဓါးလောက် အဖျက်စွမ်းအား ပြင်းထန်ခြင်းမရှိသလို ကျောက်ဘီလူးများလောက် မာကျောကြံ့ခိုင်ခြင်း မရှိသော်ငြား၊ အလွန်ကိုမှ သတ်ရခက်လှသည်။ ထိုမီးနတ်ဆိုးကို ရန်ကိုင် တစ်ကြိမ်မက ဖျက်စီးခဲ့ပါသော်ငြား မီးနတ်ဆိုးမှာတော့ မီးဓါတ်စွမ်းအင်များကို စုပ်ယူပြီး တစ်ကြိမ်ပြီးတစ်ကြိမ် အကောင်းအတိုင်း ပြန်ဖြစ်လာခဲ့သည်။
ရန်ကိုင်၌ ဝဲကတော့ဟူသည့် လေဟာနယ်စွမ်းအားပညာရပ်တစ်ခု ရှိနေသည်မှာ ကံကောင်းသွားခဲ့သည်။ ထို့ကြောင့်သာမဟုတ်ပါက ရန်ကိုင်အနေဖြင့် ထိုမီးနတ်ဆိုးကို မည်ကဲ့သို့ သတ်လို့သတ်ရမှန်းမသိ သိလိမ့်မည် မဟုတ်ချေ။ မီးနတ်ဆိုး ပျောက်ကွယ်သွားပြီးနောက် ဤကမ္ဘာပျက်ထဲရှိ အန္တရာယ်အများဆုံးအရာမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေရာ ရန်ကိုင်လည်း အေးအေးလူလူဖြင့် လောကဓါတ်လုံးကို သုံး၍ မီးဓါတ်စွမ်းအင်နှင့် မီးဓါတ်နိယာမစွမ်းအားတို့ကို စုပ်ယူနေတော့လေသည်။
သူ့ခန့်မှန်းထားသည့်အတိုင်းဆိုလျှင် လောကဓါတ်လုံး နောက်တစ်ဆင်သို့ မတက်နိုင်ခြင်းမှာ ဓါတ်ကြီးငါးပါနိယာမစွမ်းအား မပြည့်စုံသေးသည့် အတွက်ကြောင့် ဖြစ်သည်။ မပြည့်စုံသေးသည့် အတွက်ကြောင့် ပြည့်စုံသွားအောင် ဓါတ်ကြီးငါးပါး နိယာမစွမ်းအားတို့ ဖြည့်သွင်းပေးလိုက်ရုံပင်။
သတ္တုဓါတ်၊ သစ်သားဓါတ်၊ ရေဓါတ်၊ မီးဓါတ်နှင့် မြေဓါတ် နိယာမစွမ်းအားတို့ကို စုပ်ယူပြီးနောက်တွင် လောကဓါတ်လုံးမှာ အရောင်ငါးရောင် တောက်လာလေ၏။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ သူ့ခန့်မှန်းချက်နှင့် ပက်သက်၍ ပို၍ ယုံကြည်ချက်ရှိလာခဲ့သည်။
တစ်ရက်ကြာပြီးနောက်တွင် ကမ္ဘာပျက်ထဲ၌ ရှိနေသော မီးဓါတ်နိယာမ စွမ်းအားတို့ကို ကုန်စင်အောင် ရန်ကိုင် စုပ်ယူသွားနိုင်ခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လောကဓါတ်လုံးကို ပြန်သိမ်းလိုက်လေ၏။ လောကဓါတ်လုံး မည်ကဲ့သို့ ပြောင်းလဲသွားသလဲ ဆိုသည်ကို စစ်ဆေးရန်သူ့တွင် အချိန်ရှိမနေခဲ့ချေ။ သို့သော်ငြား ရန်ကိုင်သည် ကြားခံဟင်းလင်းပြင်ထဲသို့ ချက်ချင်း ပြန်မသွားခဲ့ဘဲ တစ်ခုသော ဘက်ဆီသို့ ထွက်သွားလေ၏။ ထိုဘက်တွင် ငါးလွှာမြောက်ဆီသို့ ဦးတည်နေဟန် ထင်ရသော ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ရှိနေခဲ့လေသည်။
ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်လာပြီး၊ ကမ္ဘာပျက်များစွာကို ဖြတ်ကျော်လာပြီးနောက် ထိုဝင်ပေါက်နှင့် ရန်ကိုင် သွားတိုးလေသည်။ ငါးလွှာမြောက်သို့ သွားနိုင်မည့် အခွင့်အရေး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် မည်သည့် နည်းနှင့်မှ လက်လွှတ်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် သတိချပ်၍ ဟင်းလင်းပြင်လိုဏ်ခေါင်းဆီထဲသို့ ခုန်ဝင်သွားလေသည်။ သူ့တစ်ကိုယ်လုံး အလေးချိန်မရှိတော့သည့်အလား ပေါ့ပါးသွားခဲ့ပြီးနောက် ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်အား ကောင်းကောင်း မစစ်ရသေးခင်မှာပင် အကြည့်စူးစူးတစ်ခုမှ သူ့အား စိုက်ကြည့်နေသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်သည်။
ချက်ချင်းပဲ ရန်ကိုင်သည် ဧကရာဇ်ချီကို လှည့်ပတ်၍ အကြည့်အား ခံစားမိသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ၊ မည်သူမှန်း သိလိုက်သည့်နောက် အံ့အားသင့်သွားဟန်ဖြင့် “ရောင်းရင်းလဲ့လား”
သူ့အား စိုက်ကြည့်နေသည့်လူမှာ လဲ့ထျန်း ဖြစ်နေခဲ့လေသည်။
“မင်းတကယ်ကြီး ငါးလွှာမြောက်ကို ရောက်လာတာပဲ” လဲ့ဟုန်မှာ ရန်ကိုင်ကို တွေ့လိုက်ရသည့်အပေါ် အနည်းငယ်မျှပင် အံ့အားသင့်နေခြင်း မရှိသည့်အပြင်၊ ရန်ကိုင် ဤနေရာသို့ ရောက်လာမည်ဟု ကြိုတင်မျှော်လင့်ထားသည့်အလား၊ ရန်ကိုင်ကို မြင်သည့်နောက် ပြုံးဖြီးလျက် “ကြည့်ရတာ ငါဒီမှာ ဆယ်ရက်ကျော်အောင် စောင့်နေလိုက်ရတာ အလဟဿ ဖြစ်မသွားဘူးပဲ”
ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည် “ရောင်းရင်းလဲ့၊ မင်းဘာလို့ ငါ့ကို စောင့်နေတာလဲ”
လဲ့ထျန်းက ဒေါမာန်တကြီးဖြင့် “မသိချင်ယောင် လာဆောင်မနေနဲ့။ အရင်တစ်ကြိမ်က ငါတို့တိုက်ပွဲ မပြီးသေးဘူး။ ဘာလဲ၊ အခုမှ ကြောက်နေတာလား”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ငါကတော့ ပြီးပြီးထင်တာပဲနော်”
လဲ့ထျန်းက နှာခေါင်းရှုံ့လျက် “ဘယ်သူနိုင်လဲ၊ ရှုံးလဲ မသိသေးဘဲနဲ့ တိုက်ပွဲက ပြီးစရာလား”
“ဘာလို့ အနိုင်အရှုံးကို ဆုံးဖြတ်ဖို့ လိုရဦးမှာလဲ” ရန်ကိုင်က ပြန်မေးလိုက်လေသည်။
လဲ့ထျန်းက ပြန်ပြောလိုက်လေ၏ “လိုတာပေါ့၊ ဘာလို့လဲဆိုတော့...” ထိုသို့ ပြောပြီးနောက် သူ့လက်ကို ရုတ်တရက် ဝှေ့ရမ်းလျက် ဆက်ပြောလိုက်သည် “မင်းဘာလို့ အဲ့ကိစ္စကို ဒီလောက် ဂရုစိုက်နေရတာလဲ။ အပိုတွေ ပြောမနေတော့၊ တိုက်ကြရအောင်”
ထိုသို့ ပြောပြီးနောက် သတိမပေးဘဲ ရန်ကိုင်အား လက်သီးဖြင့် ထိုးချလိုက်သည်။ သူ့လက်သီးထက်တွင် လျှပ်စီးမြွေတစ်ကောင် လူးလွန့်လှုပ်ရှားနေခဲ့ပြီး လက်သီး စွမ်းအားမှာလည်း ကြောက်မခန်းလိလိပင်။
ရန်ကိုင်ကမူ မျက်တောင်တစ်ခတ်ပင် မခတ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် လဲ့ထျန်၏ လက်သီးရှေ့ ပြေးရပ်လိုက်လေသည်။ လဲ့ထျန်း၏ လက်သီးသည် ရန်ကိုင် ရှေ့တည့်တည့်တွင် ရုတ်ချည်း ရပ်တန်သွားခဲ့လေသည်။
“မင်းဘာလုပ်နေတာလဲ” လဲ့ထျန်းက ရန်ကိုင်ကို စိုက်ကြည့်၍ “ငါ့စွမ်းအားကိုသာ အချိန်မှီ မရုတ်သိမ်းလိုက်ရင် မင်းသေသွားမှာကွ”
ရန်ကိုင်သည် သူ့တိုက်ကွက်နှင့် ရင်ဆိုင်ရသော် နောက်သို့ ဆုတ်မသွားခဲ့ဘဲ သူ့တိုက်ကွက် တည့်တည့်သို့ ပြေးဝင်လာခဲ့လေသည်။ သို့သော်ငြား ဧကရာဇ်ချီကို အနည်းငယ်မျှပင် လှုပ်ပတ်ထားခြင်းမရှိဘဲ ခန္ဓာကိုယ်သက်သက်ဖြင့် သူ့လက်သီးတည့်တည့်သို့ ပြေးဝင်လာခြင်း ဖြစ်သည်။
လဲ့ထျန်းစိတ်ထဲ ရန်ကိုင်အား အားရပါးရ ရိုက်နှက်ချင်နေပါသော်ငြား ရန်ကိုင်က ပြန်မတိုက်လျှင် သူ့အတွက် ဘာအကျိုးရှိဦးမည်နည်း။ သူလိုချင်နေသည်မှာ သေသေချာချာ တိုက်ခိုက်ပြီးမှ ရလာသည့် နိုင်ပွဲတစ်ခုပင်။
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏ “ရောင်းရင်းလဲ့လို အားကောင်းတဲ့ လူတစ်ယောက်ကို ငါအနိုင်ပေးပါတယ်လေ”
လဲ့ထျန်းမှာ အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ရှင်းတစ်လုံးနှယ်၊ သူ့နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့လေသည်။
သို့သော်ငြား ရန်ကိုင်ကမူ ထိုအချက်ကို သတိမထားမိချင်ယောင်ဆောင်လျက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်လေ၏ “ဒါက ဘယ်နေရာကြီးလဲ၊ ဘာလို့ ဒီမှာ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ရှိနေရတာလဲ”
ယခုမှသာလျှင် သူ့ကိုယ်သူ လေဟာနယ်လိုဏ်ခေါင်း တစ်ခုထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ လေဟာနယ်လိုဏ်ခေါင်း၏ အခြားတစ်ဖက်သည် သူလာခဲ့သည့် နေရာဖြစ်ပြီး ဟိုးတစ်ဖက်တွင်တော့ သားရဲတစ်ကောင်၏ ပါးစပ်ပေါက်အလား မည်းနက်နေသည့် ဝဲကတော့ တစ်ခု ရှိနေခဲ့သည်။
လဲ့ထျန်းက ပြန်ပြောလိုက်၏ “ဒီနေရာက လေးလွှာနဲ့ငါးလွှာကြားနေရာပဲ။ ဒီလေဟာနယ်လိုဏ်ခေါင်းကို ကျော်သွားရင် ငါးလွှာမြောက်ကို ရောက်လိမ့်မယ်”
ထိုစကားကိုကြားသော် ရန်ကိုင်သည် သူ့မေးစေ့ကိုပွတ်၍ ရေရွတ်လိုက်လေ၏ “ဒီတော့ လေးလွှာမြောက်နဲ့ဆင်တာပေါ့”
လေးလွှာမြောက်သို့ မရောက်ခင် လေးလွှာမြောက်ထဲတွင် ရှိနေသော ကမ္ဘာပျက်များဆီသို့ ဦးတည်နေသည့် ကြားခံဟင်းလင်ပြင်တစ်ခု ရှိနေခဲ့လေသည်။ ထိုနေရာထဲမှဆိုလျှင် လေးလွှာမြောက်ရှိ ကိုယ်သွားချင်သည့် ကမ္ဘာပျက်ဆီသို့ သွားနိုင်ပေသည်။ သို့သော်ငြား လေးလွှာမြောက်ရှိ ကြားခံဟင်းလင်းပြင်ဆီသို့ သွားနိုင်ရန် ရန်ကိုင်ကဲသို့ လေဟာနယ် နိယာမစွမ်းအားကို တတ်ကျွမ်းထားရန် လိုအပ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၉၈)
ဘာသာပြန်သူ_တိမ်တိုက်
လက်ရှိ ရန်ကိုင် ရောက်နေသည့် လေဟာနယ်လိုဏ်ခေါင်းသည် လေးလွှာမြောက်၌ သူတွေ့ခဲ့ရသော ကြားခံဟင်းလင်းပြင်နှင့် ဆင်တူသည့် နေရာတစ်ခု ဖြစ်ပေသည်။
(လဲ့ထျန်း ဒီမှာစောင့်နေတာ မထူးဆန်းတော့ပါဘူးလေ။ ငါ ငါးလွှာမြောက်ကို လာမယ်မှန်း သူကြိုသိနေတာကိုး)
“ရောင်းရင်းလဲ့၊ မင်း ငါးလွှာထဲကို မသွားဘူးလား” ရန်ကိုင်က ပိန်းပိန်းပိတ် နက်မှောင်သည့် ဝဲကတော့ကို လှမ်းကြည့်ရင်းမှ မေးလိုက်သည်။
“ငါက အလျင်မလိုဘူး” လဲ့ထျန်းက ပြန်ပြောလိုက်သည်။
ရန်ကိုင်က လက်ချောင်းများကိုချိုး၍ ရေတွက်ကြည့်ရင်းမှ “ငါမှတ်မိသလောက်ဆို ငါးရောင်ခြယ်ရတနာဘုရားပိတ်ဖို့ ရက်နည်းနည်းပဲ လိုတော့တာနော်။ အခုနေ ငါးလွှာထဲကို မသွားရင် နောက်ကျသွားမှာ”
လဲ့ထျန်းက လှောင်ပြုံးပြုံးလျက် “အဲ့ဒါ မင်းအတွက်ပဲလေ။ ငါအတွက်မှ မဟုတ်တာ”
သူသည် ကြယ်ဝိဥာဉ်နန်းတော်၊ အကြီးအကဲချုပ်၏ မြေတစ်ဦး ဖြစ်သလို ကြယ်ဝိဥာဉ်နန်းတော်၏ လူငယ်မျိုးဆက်ကို ဦးဆောင်နေသည့် လူတစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့် ငါးရောင်ခြယ်ရတနာဘုရားဖွင့်တိုင်း သူဝင်နိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ယခုတစ်ကြိမ်သာ ဝင်ခွင့်ရခြင်း ဖြစ်သည်။ ထို့ကြောင့် လဲ့ထျန်းအတွက်မူ ယခုတစ်ကြိမ် ငါးလွှာထဲ မဝင်လိုက်ရလျှင်ပင် နောက်တစ်ကြိမ်တော့ ဝင်နိုင်ပေသေးသည်။
“ဟုတ်တာပဲနော်” ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ ပြုံးလျက် “အဲ့လိုဆိုမှတော့ ငါပဲ အရင်သွားရတော့မှာပေါ့”
“မင်းဘယ်ကိုသွားမှာလဲ” လဲ့ထျန်းက ထအော်လျက် ရန်ကိုင်လမ်းကို ကောက်ပိတ်လိုက်သည်။
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်လေသည် “ရောင်းရင်းလဲ့၊ ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူးလေ။ အဲ့ဒါကို မင်းဘာလို့ ငါ့လမ်းကို ထပ်တလဲလဲ လာပိတ်နေရတာလဲ”
လဲ့ထျန်းက ပြန်ပြောလိုက်လေသည် “ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိတာဟုတ်တယ်။ ဒါပေမယ့် မင်းလို့ ပြိုင်ဘက်ကောင်းတစ်ယောက်ကို ရှာတွေ့ဖို့လွယ်တာမဟုတ်တော့ ဒီလို အခွင့်အရေးကို ငါဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လွှတ်ခံနိုင်မှာလဲ”
ရန်ကိုင်သည် ခဏမျှ ရပ်စဉ်းစားနေပြီးနောက် လဲ့ထျန်းကို ပြန်ကြည့်လျက် “အပိုတွေ ပြောမနေနဲ့ ရောင်းရင်းလဲ့၊ မင်းအခုလို ငါ့ကို လိုက်ပြဿနာရှာနေတာ မင်းသမီးကြောင့်မလား”
လဲ့ထျန်း ရှက်သွားခဲ့ပြီး ရှက်ရမ်းရမ်းလေ၏ “မင်းဘာတွေ လာပြောနေတာလဲ၊ မင်းစကားကို ကြည့်ပြော”
ရန်ကိုင်က ပြုံးဖြီးလျက် “တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ရောင်းရင်းလဲ့ မင်းသမီးကို ကြိုက်နေမှန်း ငါပြောနိုင်တယ်။ ငါရုပ်ရည်ကြောင့် မင်းသမီး ငါ့ကို ကြိုက်သွားမှာကို မင်းစိတ်ပူနေတာမလား ရောင်းရင်းလဲ့၊ အဲ့ဒါကြောင့်ပဲ ငါ့ကို စိန်ခေါ်ပြီး မင်းခွန်အားကို မင်းသမီး မြင်သွားအောင် သက်သေပြချင်နေတာ၊ ဟုတ်တယ်မလား”
လဲ့ထျန်း ရှက်သွားခဲ့လေသည် “အဲ့လောက်တောင် သိသာနေတာလား”
ရန်ကိုင်က သူ့မျက်လုံးကို လက်ညိုးထိုးရင်း “အဲ့လောက်ကိုမှ မမြင်ရအောင် ငါက ကန်းနေတာမို့လို့လား”
ရန်ကိုင် ထိုအကြောင်းကို ထုတ်ပြောလိုက်သည့်နောက် လဲ့ထျန်းမှာ အတော်လေးကိုမှ စိတ်လက်ပေါ့ပါးသွားသည့်ပုံပင်။ ယခင်ကကဲသို့ ခက်ထန်မာန်ပါနေခြင်း မရှိတော့ဘဲ ပုံမှန်လေသံမျိုးဖြင့် ပြန်ပြောလေသည် “မင်းမှန်တယ်။ ရွှမ်းအားနဲ့ငါက အတူ ကြီးပြင်းလာတာ။ ဒါပေမယ့် အခြားယောကျာ်းတစ်ယောက်ကို သူဒီလောက် တရင်းတနှီး ခေါ်တာမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး။ ဒီတော့ မင်းက ငါ့အတွက် အန္တရာယ်ကောင်ပဲ။ ဒါကြောင့်ပဲ မင်းကို သေသေချာချာလေး ရင်ဆိုင်ရတာ”
ရန်ကိုင်၏ မျက်လုံးထဲ ထူးဆန်းသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ပြုံးလျက် “ငါ့ကို အဲ့လိုမျိုး ချီးမြှောက်ပြီးတွေးပေးတာတော့ ကျေးဇူးပါပဲ။ ဒါပေမယ့် ရောင်းရင်းလဲ၊ မင်းတစ်ခုခုတော့ လွဲနေတယ်လို့ မထင်ဘူးလား...”
လဲ့ထျန်း ကြောင်သွားလေသည် “ဘာလွဲနေလို့လဲ”
ရန်ကိုင်က မျက်နှာတည်ဖြင့် ပြန်ပြောလိုက်၏ “မင်းသမီးက ချောလည်းချောတယ်၊ ဖော်လည်း ဖော်ရွေတယ်၊ ပေါင်းရသင်းရလည်း အဆင်ပြေတယ်။ ဒါပေမယ့် မင်းသမီးရဲ့ အဆင့်အတန်း၊ သူသတ်မှတ်ထားတဲ့ စံနှုန်းနဲ့ဆို ကြုံရာယောကျာ်းတစ်ယောက်ကို စိတ်ဝင်စားစရာ အကြောင်းမရှိဘူး။ ယောကျာ်းနဲ့ မိန်းမတစ်ယောက် ချစ်ကြိုက်ဖို့ဆိုတာ ကြိုက်တယ်ဆိုရုံနဲ့ မပြီးဘူး၊ ဂုဏ်အဆင့်အတန်း တူနေဖို့လည်း လိုသေးတယ်”
လဲ့ထျန်းသည် ထိုအကြောင်းကို သေချာရပ်စဉ်းစားနေခဲ့ပြီး အဆုံးတွင် ခေါင်းညိတ်၍ “မင်းပြောတာ ဟုတ်တယ်နော်”
ရန်ကိုင်က ဆက်၍ ပြောလိုက်သည် “ရောင်းရင်းလဲ့၊ မင်းက မင်းသမီးနဲ့ အတူတူ ကြီးပြင်းလာတာဆိုတော့ မင်းသမီးရဲ့ စိတ်နေစိတ်ထားကို သိမှာပေါ့။ ပြီးတော့ မင်းက အကြီးအကဲချုပ်လဲ့ရဲ့တူ၊ ရှင်းရှင်းပြောရင် မင်းအဆင့်အတန်းက မင်းသမီးပြီးရင် ဘယ်သူ့အောက်မှ မနိမ့်ကျဘူး။ တစ်နည်းပြောရရင်တော့ မင်းရဲ့ အဆင့်အတန်းက မင်းသမီးရဲ့ စံနှုန်းနဲ့ ကိုက်တယ်ပေါ့ကွ ။ ဒီတော့ အကုန်လုံးသာ အစီအစဉ်တကျ ဖြစ်သွားမယ်ဆို မင်းအတွက် မင်းသမီးရဲ့ နှလုံးသားကို ဖမ်းစားဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်တော့ဘူး”
လဲ့ထျန်းက အကျယ်ကြီး အော်ရယ်မောလျက် “အစကတော့ မပြောတတ်ဘူး။ ဒါပေမယ့် မင်းက တကယ်ကို စိတ်ဝင်စားစရာပါလားကွ” ထိုသို့ ပြောပြီးနောက် သူ့မျက်နှာမှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏ “မင်းငါ့ကို အရူးမှတ်နေတာလားကွ။ မင်းပြောချင်တိုင်းပြောနေတာကို ငါယုံမယ်များ ထင်နေတာလား”
ရန်ကိုင်လည်း သက်ပြင်းသာ ချလိုက်နိုင်တော့လေသည် “ရောင်းရင်းလဲ့၊ ရောင်းရင်းလဲ့... ငါကတော့ မင်းရဲ့ တကယ့်ရန်သူက ဘယ်သူလဲဆိုတာကို သိသွားစေချင်ရုံပဲ ရှိတာကွ။ မင်းရန်သူက ငါမဟုတ်ဘူး။ အခြားတစ်ယောက်ကွ”
လဲ့ထျန်းက နှာခေါင်းရှုံးလျက် “မင်းမဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ”
ရန်ကိုင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လျက် “ဘယ်သူဖြစ်ရမှာလဲ၊ ဟိုကောင် ရှောင်ချန်းပေါ့ကွ။ ရောင်းရင်းလဲ့၊ အနေနီးရင် နှလုံးနီးတယ်ဆိုတာကို မင်းမကြားဖူးဘူးလား။ မင်းအခု ငါ့လမ်းကို လာပိတ်နေတဲ့အချိန် ဟိုကောင် ရှောင်ချန်းက မင်းသမီးနားနေပြီး မင်းသမီးရဲ့ နှလုံးသားကို အရယူဖို့ကြိုးစားနေတော့မှာ။ ပြီးတော့ ရှောင်ချန်းရဲ့ ကျင့်ကြံခြင်းနဲ့ အဆင့်အတန်းက မင်းအောက် နိမ့်တာမဟုတ်ဘူး။ ရှောင်းချန် မင်းသမီးနောက် တကောက်ကောက် လိုက်နေတာကို ငါတစ်ကြိမ်မက မြင်ဖူးပြီးသွားပြီ။ ဒီအတိုင်းသာ ထားလိုက်ရင် မင်းသမီး ရှောင်ချန်းနောက် လိုက်သွားမှာကို မင်းမကြောက်ဘူးလား”
လဲ့ထျန်းက လှောင်ပြုံးပြုံးလျက် “ရှောင်ချန်းလား၊ သူ့လိုကောင်ကို ငါအရေးစိုက်စရာလား။ ငါသာဆန္ဒရှိရင် ချွေးမထွက်ဘဲနဲ့တောင် သူ့လိုကောင်ကို သတ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် မင်းကတော့... ရွှင်းအာ မင်းကို ဆက်ဆံတဲ့ပုံက ငါ့ကို တကယ် နေမထိ ထိုင်မထိ ဖြစ်စေတယ်ကွ” ထိုသို့ပြောရင်းမှ လဲ့ထျန်းသည် လက်ဆစ်ချိုးရင်း လက်သီးဆုပ်၍ ခက်ထန်စွာပြုံးလျက် “စိတ်မပူနဲ့ ငါမင်းကို မသတ်ဘူး။ မသေရုံတစ်မယ်ပဲ ရိုက်ပေးမှာ။ မင်းကိုသာ ရွှင်းအာ ရှေ့မှာ အရှက်ခွဲနိုင်မယ်ဆို ရွှင်းအာက ငါ့အပိုင် ဖြစ်သွားပြီပဲ”
“အို” ရန်ကိုင်က မျက်ခုံးပင့်လျက် “ရောင်းရင်းလဲ့၊ လျှာအရိုးမရှိတိုင်း လျှောက်ပြောရင် ပြဿနာတက်တက်တာကို မင်းမသိတာလား။ အခုလိုမျိုး မဟုတ်တရုတ် စကားတွေက ပြောလို့ကောင်းတယ်ဆိုတာ သေချာလို့လား”
လဲ့ထျန်းက လှောင်ပြုံးပြုံးလျက် “အပိုတွေ လာပြောမနေနဲ့၊ တိုက်ကြရအောင်”
“အို... ဒီတော့ ကျွန်မက စီနီယာအစ်ကိုလဲ့အပိုင်ပေါ့၊ ဟုတ်လား” ကြည်လင်သာယာ ချိုမြသည့် အသံတစ်သံ လဲ့ထျန်းနောက်မှ ထွက်ပေါ်လာခဲ့လေသည်။
လဲ့ထျန်း၏ ခက်ထန်ကြမ်းကြုတ်သည့် အမူအရာ တောင့်တင်းသွားခဲ့ပြီး သူ့ကိုယ်ထက်ရှိ အမွှေးအမျှင်များမှာလည်း ထောင်တက်သွားကုန်ကြလေသည်။ တစ်ချိန်တည်းတွင် အားကောင်းလှသည့် သူ၏ တိုက်ခိုက်လိုစိတ်ဖြင့် ရေအေးဖြင့် လောင်းချခံလိုက်ရသည့် အလား တမုဟုတ်ချည်း ပျောက်ကွယ်သွားလေ၏။
ဂလု...
ချွေးအေးတို့သည့် လဲ့ထျန်း၏ နဖူးထက် ဝေ့သီလာခဲ့လေသည်။ ခက်ခက်ခဲခဲဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ဘေးချင်းယှဉ် ရပ်နေသော လန်ရွှင်းနှင့် ရှောင်ချန်တို့ကို တွေ့လိုက်ရလေသည်။ လန်ရွှင်းမှာ သူ့အား ထူးမခြားနားဟန်ဖြင့် ကြည့်နေသော်ငြား ရှောင်ချန်းကမူ လဲ့ထျန်း ဒုက္ခရောက်နေသည့်အပေါ် ဝမ်းသာအားရ ဖြစ်နေသည့်အလား၊ ပြုံးဖြီးနေခဲ့လေသည်။
“ဘယ်... ဘယ်...” လဲ့ထျန်းမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေရာ ပြောချင်နေသည့် စကားများပင် ပြောမထွက်တော့ချေ။ (သွားပြီ၊ သွားပြီ၊ လုံးဝ သွားပြီ။ ရွှင်းအာ ငါပြောတာကို ကြားသွားပြီ။ နောက်ပိုင်း ငါဘယ်မျက်နှာနဲ့ သူ့ကို သွားရင်ဆိုင်ရတော့မှာလဲ)
လဲ့ထျန်း အထိတ်လန့်ရဆုံးမှာ ထိုနှစ်ဦး သူ့နောက်၌ ပေါ်လာသည်ကို လုံးဝ သတိမပြုမိသည့်အချက်ပင်။ ထို့ကြောင့်သာ မဟုတ်ပါက ယခုကဲသို့ ကြွားလုံး ထုတ်ခဲ့လိမ့်မည် မဟုတ်ချေ။
(အဲ့ခွေးကောင်ရန်ကိုင်ပဲ ဖြစ်ရမယ်။ အခြားသူတွေကို ငါအာရုံခံလို့မရအောင် ဒီကောင် လုပ်လိုက်တာပဲ၊ အစကတော့ လေဟာနယ်နိယာမစွမ်းအားကို ထုတ်သုံးနေတာ တိုက်ဖို့လားလို့၊ ဘယ်မဟုတ်မလဲ၊ မအေဘေးက ဘေးပတ်ဝန်းကျင်ကို ငါသေချာ အာရုံခံလို့မရအောင် လုပ်လိုက်တာကိုး)
“လဲ့ထျန်း၊ မင်းဘယ်လိုတောင် မဟုတ်တုတ်က စကားတွေ ပြောရဲတာလဲကွ။ မြန်မြန် မင်းသမီးကို ပြန်တောင်းပန်လိုက်စမ်း” ရှောင်ချန်းမှာ အခွင့်အရေးရတုန်း လဲ့ထျန်းအပေါ် အာဏာပြတော့လေသည်။
လဲ့ထျန်းမှာ ရှက်လွန်းသဖြင့် ပါးတစ်ပြင်လုံး ရဲတက်သွားပြီး ပျာယာခတ်နေသည့် လေသံဖြင့် “ငါ...”
လန်ရွှင်းသည် လဲ့ထျန်း ရှင်းပြလာမည်ကို စောင့်နေသည့်အလား လဲ့ထျန်းအား စိုက်ကြည့်နေခဲ့သည်။ ကံမကောင်းစွာဖြင့် လဲ့ထျန်းမှာ အစောကတည်းက လန့်နေသည်ကို လန်ရွှင်းကပါ သူ့အား စိုက်ကြည့်နေသည်ကို မြင်သော်၊ စကားတစ်ခွန်းပင် မပြောထွက်နိုင်တော့ချေ။ နောက်ဆုံးတွင် အံကို တင်းတင်းကြိတ်၍ ခြေဆောင့်ရင်း ဝဲကတော့ဆီသို့သာ ပြေးဝင်သွားလေ၏။
“လဲ့ထျန်း၊ ဒီကို ချက်ချင်း ပြန်လာခဲ့စမ်း၊ မင်းကိစ္စကို မရှင်းဘဲနဲ့ ထွက်မသွားနဲ့လေ” ရှောင်ချန်းမှာ ဒေါမာန်တကြီးဖြင့် အော်ဟစ်နေခဲ့သည်။ လဲ့ထျန်းကို ပြန်ခေါ်၍ မရမှန်း သိသည့်တိုင် ထပ်တလဲလဲ အော်ဟစ်နေခဲ့သည်။ သို့သော် သူ့နှုတ်ခမ်းမှာတော့ ယဲ့ယဲ့လေး ကွေးတက်နေခဲ့လေသည်။
(ဒီကောင်တော့ သွားပြီ) ထိုသို့ တွေးရင်းမှ ရှောင်ချန်းသည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ရှောင်ချန်းမှာ လဲ့ထျန်းနှင့်မတူ၊ ရန်ကိုင်သည် သူ့အတွက် အန္တရာယ်ရှိမှန်း သိပါသော်ငြား ရန်ကိုင် ပြောသွားသည့်စကားမှာ အမှန် ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင်အပေါ် ရန်လိုခြင်းမရှိခဲ့။ ယခုတစ်ကြိမ်ပြီးလျှင် ရန်ကိုင်သည် ကြယ်ဝိဥာဉ်နန်းတော်မှ ပြန်ထွက်သွားလိမ့်မည် ဖြစ်ရာ မင်းသမီးနှင့် ထပ်တွေ့နိုင်တော့လိမ့်မည် မဟုတ်ချေ၊ ထိုသို့ ဖြစ်လေရာ ရန်ကိုင်သည် သူ့အတွက် မည်သို့များ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ပါမည်နည်း။
“အဲ့ဒါ နည်းနည်း မရက်စက်ဘူးလား” ရန်ကိုင်သည် လဲ့ထျန်း ထွက်သွားသည့်ဘက်သို့ ကြည့်ရင်းမှ ပြောလိုက်လေသည်။
လန်ရွှင်းက ပြန်ပြောလိုက်သည် “အခုတစ်ကြိမ် စီနီယာအစ်ကိုလဲ့မှားတာ။ ဒီတော့ စီနီယာအစ်ကိုရန် သူ့ကို သွားစိတ်ပူနေစရာမလိုဘူး”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည် “အင်း၊ ကောင်းပြီလေ။ အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို သူသေချာနားလည်သွားတယ်တစ်နေ့၊ သူ့အနာဂတ်က တကယ်ကို တောက်ပလာမှာ။ ဒီတစ်ကြိမ်ကတော့ သူ့အတွက် စမ်းသပ်ချက်ပဲပေါ့”
လန်ရွှင်းက ရန်ကိုင်အား ပြုံးကာကြည့်ရင်းမှ ပြန်မေးလိုက်လေ၏ “စီနီယာအစ်ကိုရန်ကို ကြည့်ရတာ အတွေ့အကြုံ ရှိသလိုပဲနော်”
ရန်ကိုင်က အသာအယာ ချောင်းဟန့်လျက် “နည်းနည်းပါးပါးလေး အတွေ့အကြုံ ရှိရုံပါပဲ”
ရှောင်ချန်ကမူ အေးစက်စက် အမူအရာဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။ ရန်ကိုင်နှင့် လန်ရွှင်းတို့ တွေ့တွေ့ချင်း စကားလက်ဆုံ ကျနေသည်ကိုမြင်သော် ရှောင်ချန်း မျက်နှာကြီး ဆူပုပ်သွားခဲ့ပြီး ချက်ချင်းပဲ ဖြတ်ပြောလိုက်လေသည် “ဝင်ပေါက်ကို ရှာတွေ့တဲ့အတွက် ရှောင်းရင်းရန်ကို ဂုဏ်ပြုပါတယ်”
“ဒီအတိုင်း ကံကောင်းသွားရုံပါပဲ” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ ထို့နောက် လန်ရွှင်းနှင့် ရှောင်ချန်းတို့အား မယုံသင်္ကာဖြင့် ကြည့်လျက် “ဒါနဲ့ ဘယ်လိုလုပ်ပြီး မင်းတို့ နှစ်ယောက်က အတူတူ ရှိနေရတာလဲ”
“ကံတရားလေ”
လေးလွှာမြောက်သို့ ရောက်လာပြီးနောက်တွင် ရှောင်ချန်းသည် လန်ရွှင်းအား မရမက လိုက်ရှာခဲ့လေသည်။ ကမ္ဘာပျက်ပေါင်းများစွာကို ဖြတ်ကျော်လာပြီးနောက်၊ အဆုံးတွင်၊ လွန်ခဲ့သော ရက်အနည်းငယ်ခန့်၌ လန်ရွှင်းအား ရှာတွေ့သွားခဲ့လေ၏။ ထိုသို့ဖြင့် သူ၏ လက်စွဲတော်အလုပ်ဖြစ်သော သက်တော်စောင့်အလုပ်ကို ပြန်လုပ်နိုင်ခဲ့လေသည်။
ထိုအခိုက်အတန့်တွင် လန်ရွှင်းက ဝင်ပြောလိုက်လေသည် “တစ်လပြည့်ဖို့ သိပ်မလိုတော့ဘူးနော်၊ စီနီယာအစ်ကိုရန်၊ ငါးလွှာမြောက်က ရှေ့မှာဆိုတော့ သွားကြည့်ကြမလား”
“ကြည့်ကြမယ်လေ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ငါးလွှာမြောက်နဲ့ လေးလွှာမြောက် ကွာမလားမသိဘူး”
လန်ရွှင်းက ပြန်ပြောလိုက်သည် “ကွာတာပေါ့”
“တစ်ချက်လောက် ရှင်းပြပေးလို့ရမလား” ရန်ကိုင်က မေးလိုက်သည်။
ရှောင်ချန်းက ဖြတ်ပြောလိုက်လေသည် “လေးလွှာမြောက်ထဲမှာ ကမ္ဘာပျက်တွေပဲ ရှိတာ။ ဒီတော့ လောကနိယာမတွေကလည်း မပြည့်စုံဘူး။ ဒါပေမယ့် ငါးလွှာမြောက်ထဲမှာ ရှိနေတဲ့ ကမ္ဘာတွေက မပျက်စီးသေးတဲ့ ကမ္ဘာငယ်လေးတွေပဲ”
“ကမ္ဘာငယ်လေးတွေ” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
ရှောင်ချန်းက ရှင်းပြလိုက်သည် “ဟုတ်တယ်။ အဲ့ကမ္ဘာငယ်လေးတွေက အရှေ့အလွှာတွေက ကမ္ဘာပျက်တွေ ပေါင်းစုပြီး ဖြစ်လာတာ။ ဟိုစီနီယာ ငါးရောင်ခြယ်ရတနာဘုရားကို ဖန်တီးတုန်းက ကမ္ဘာပျက်တွေကို စုပေါင်းပြီး လေးလွှာမြောက်ကို ဖန်တီးခဲ့တာ။ ကမ္ဘာငယ်လေးတွေ အကုန်လုံးကိုတော့ ငါးလွှာမြောက်ထဲ ထည့်ထားလိုက်တယ်”
တစ်ခဏမျှ စဉ်းစားနေပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်၏ “ဒီတော့ ငါးလွှာမြောက်က ကမ္ဘာငယ်လေးတွေက ကမ္ဘာပျက်တွေနဲ့ ဆက်စပ်နေနိုင်တာပေါ့”
“ဟုတ်တယ်၊ ဒါပေမယ့် သိပ်တော့လည်း မဟုတ်ဘူး။ ငါးလွှာထဲမှာ ကမ္ဘာငယ်လေး အမျိုးမျိုးအစားစား ရှိတယ်။ အရွယ်အစားတွေလည်း မတူကြဘူး။ ပြီးတော့ ငါးလွှာမြောက်ထဲကို ဝင်သွားရင် ကိုယ် ဘယ်ကမ္ဘာငယ်လေးထဲ ရောက်သွားမလဲ ဆိုတာကလည်း ကံပေါ်ပဲ မူတည်တယ်။ ရွေးချယ်ခွင့်မရှိဘူး။ တစ်နေရာ ရောက်ပြီးသွားရင် အခြားတစ်နေရာဆီ ကူးသွားလို့လည်း မရဘူး”
ထိုစကားကို ကြားပြီးနောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ အချိန်အတော်ကြာပြီးနောက် သက်ပြင်းချလျက် “ငါးရောင်ခြယ်ရတနာဘုရားက တကယ်ကို အထင်ကြီးစရာပါလား”
ငါးရောင်ခြယ်ရတနာဘုရားအကြောင်း နားမလည်စဉ်က ဤအရာသည် ကြယ်ဝိဥာဉ်နန်းတော်၏ အဖိုးတန် မှော်ရတနာတစ်ခု ဖြစ်သည်ဟုသာ မှတ်ယူခဲ့သည်။ ယခု သေချာ နားလည်သွားသည့် အခါမှသာ ငါးရောင်ခြယ်ရတနာဘုရားသည် အဖိုးမဖြတ်နိုင်သည့် ကျောက်စိမ်းတုံးမှန်း သိသွားရတော့လေသည်။
ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသော ကျင့်ကြံသူပေါင်းများစွာတို့သည် ကျင့်ကြံခြင်းအဆင့် တိုးတက်နိုင်ရန်၊ သူတို့၏ ခွန်အား တိုးတက်နိုင်ရန် အလို့ငှာ အမျိုးမျိုးသော အခွင့်အလမ်းများကို လိုက်လံ ရှာဖွေကြသည်။ ထိုကဲ့သို့သော အခွင့်အရေးများကို မည်သည့် နေရာတွင် တွေ့ရ အများဆုံးနည်း။ ကမ္ဘာငယ်လေးများထဲတွင်သာ ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၉၉)
ဘာသာပြန်သူ_တိမ်တိုက်
သာမန်လူများအဖို့ ကမ္ဘာငယ်တစ်ခုကို ရှာတွေ့ဖို့ရာမှာ ကောင်းကင်တက်သလောက်ကို ခက်ခဲလှပေသည်။ ကျင့်ကြံသူအများစုမှာ သူတို့တစ်ဘဝလုံး ကမ္ဘာငယ်လေးထဲသို့ ဝင်၍ ရတနာများ လိုက်လံရှာဖွေနိုင်သည့် အခွင့်အရေးမျိုးနှင့်ပင် မကြုံခဲ့ရပေ။ သို့သော်ငြား ကြယ်ဝိဉာဉ်နန်းတော်ထဲတွင်မူ ကျင့်ကြံသူများ လာရောက်စူးစမ်းရှာဖွေမည်ကို စောင့်ဆိုင်းနေသည့် မရေမတွက်နိုင်သော ကမ္ဘာငယ်ပေါင်းများစွာ ရှိနေခဲ့လေသည်။
(မဟာဧကရာဇ်တွေ တည်ထောင်ထားတဲ့ ဂိုဏ်းတွေအကုန်လုံးမှာ ဒီလိုမျိုးအမွေအနှစ်တွေ ရှိနေတာလား…)
လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်မေးလိုက်လေသည်။ “စီနီယာအစ်ကိုရန် ရွှေသံချပ်စာအုပ်ကို မှတ်မိသေးလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “မှတ်မိတာပေါ့…”
လန်ရွှင်းမှ သူ့ဆီမှရွှေသံချပ်စာအုပ်ကို ပြန်ယူသွားသည့် အတွက်ကြောင့်သာလျှင် ရန်ကိုင်လည်း ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်လေသည်။
(ဒါပေမယ့် အခုလိုအချိန်မျိုးကြီးမှာ ရွှေသံချပ်စာအုပ်အကြောင်းကို ပြောလာတယ်ဆိုတော့ အကြောင်းအရင်းမရှိဘဲနဲ့တော့ ပြောစရာအကြောင်းမရှိဘူး… ဒီတော့…) ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ဖြစ်နိုင်တာက ရွှေသံချပ်စာအုပ်က ငါးရောင်ခြယ်ရတနာဘုရားနဲ့ ပတ်သက်နေတာလား…”
လန်ရွှင်းက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်… ဂိုဏ်းတူဦးလေးတန်… အဟန်း... တန်ကျွင်းဟောင်ပေါ့… အဲ့ရွှေသံချပ်စာအုပ်ကို ငါးရောင်ခြယ်ရတနာဘုရားရဲ့ ငါးလွှာမြောက်ထဲက ကမ္ဘာငယ်လေးတစ်ခုထဲကနေ သူပြန်ယူလာခဲ့တာ… ဒီရွှေသံချပ်စာအုပ်က အားကောင်းတဲ့ ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုတင်မဟုတ်ဘူး… ငါးရောင်ခြယ်ရတနာဘုရားထဲမှာရှိတဲ့ အဲ့ကမ္ဘာငယ်လေးကို ကျွန်မတို့စိတ်ကြိုက် ဝင်ထွက်လို့ရအောင် လုပ်ပေးနိုင်တဲ့ သော့တစ်ခုလည်းဟုတ်တယ်…”
ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ပြန်၍မေးလိုက်လေ၏။ “ဒီတော့ အဲ့ကမ္ဘာငယ်လေးက အစတုန်းက ငါးရောင်ခြယ်ရတနာဘုရားရဲ့ ငါးလွှာမြောက်မှာရှိနေတာ… ဒါပေမယ့် တန်ကျွင်းဟောင်က အဲ့ကမ္ဘာငယ်လေးထဲကနေ ရွှေသံချပ်စာအုပ်ကို ပြန်ယူလာတော့ ကြယ်ဝိဉာဉ်နန်းတော်ကတပည့်တွေ အဲ့ကမ္ဘာငယ်လေးထဲကို စိတ်ကြိုက် ဝင်ထွက်သွားလာလို့ ရသွားတယ်ပေါ့…”
“ဟုတ်တယ်…” လန်ရွှင်းက ခေါင်းညိတ်လိုက်သည်။ “အဲ့ကမ္ဘာငယ်လေးက ငါးရောင်ခြယ်ရတနာဘုရားရဲ့ ငါးလွှာမြောက်မှာ ရှိနေတာ… ပုံမှန်အတိုင်းဆိုရင် အဲ့ကမ္ဘာငယ်လေးထဲကိုဝင်ဖို့ လေးလွှာမြောက်ကနေတစ်ဆင့် ဖြတ်ပြီးတော့မှပဲ သွားလို့ရတာ… အဲ့လိုသွားနိုင်ဖို့ကလည်း ကံပေါ်လည်းမူတည်သေးတယ်… ဒါပေမယ့် တန်ကျွင်းဟောင်က ရွှေသံချပ်စာအုပ်ကို ပြန်ယူလာတော့ ကြယ်ဝိဉာဉ်နန်းတော်က တပည့်တွေအကုန်လုံး အဲ့ကမ္ဘာငယ်လေးထဲကို စိတ်ကြိုက်ဝင်ထွက်သွားလာလို့ ရသွားတယ်…”
“တန်ကျွင်းဟောင်က တကယ် ကံကောင်းတာပဲ…” ရန်ကိုင် သူ့လျှာကို စုတ်သပ်လိုက်လေသည်။
လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် “အဖေတွက်ကြည့်ထားတာတော့ ဒီလိုကိုယ်ပိုင်သော့တွေရှိတဲ့ ကမ္ဘာငယ်လေးတွေ ငါးရောင်ခြယ်ရတနာဘုရားရဲ့ ငါးလွှာမြောက်မှာ အများကြီးပဲရှိနိုင်တယ်တဲ့… ကျွန်မတို့သာ အဲ့သော့တွေကို ရနိုင်မယ်ဆိုလို့ရှိရင် အဲ့ကမ္ဘာငယ်လေးတွေထဲကို စိတ်ကြိုက် ဝင်ထွက်သွားလာလို့ ရသွားပြီ…”
ထိုစကားကိုကြားသော် ရန်ကိုင်က အံ့ဩတကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါက တကယ်ကြီးဆိုတာကို ငါတကယ် မယုံနိုင်ဘူး”
ရုတ်တရက်ဆိုသလို ရှောင်ချန်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး လန်ရွှင်းအား တိုးတိုးလေးပြောလိုက်လေသည်။ “မင်းသမီး… မင်းသမီးပြောတာ နည်းနည်းများသွားပြီနော်…”
ယခုကိစ္စသည် ကြယ်ဝိဉာဉ်နန်းတော်၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေပေသည်။ ပင်မလျှို့ဝှက်ချက်ကြီးတစ်ခု မဟုတ်ပါသော်ငြား အခြားသူများအား ပြောချင်တိုင်းပြော၍ရသည့် လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။ ကံကောင်းစွာဖြင့် လန်ရွှင်း၏အဆင့်အတန်းကြောင့် သူမမှ ယခုကဲ့သို့ ပြောပြလိုက်မည်ဆိုလျှင်ပင် မည်သူမှ သူမအား သွားအပြစ်တင်၍ မရပေ။
လန်ရွှင်းက ခေါင်းခါလျက် “ဘာမှမဖြစ်ဘူး… သော့တစ်ချောင်းကိုရှာဖို့က အဲ့လောက်လွယ်တာမှမဟုတ်တာ… ငါတို့ကြယ်ဝိဉာဉ်နန်းတော်တောင် နှစ်နဲ့ချီပြီး အဲ့သော့တွေကို လိုက်ရှာနေတာ… အခုမှ တစ်ချောင်းပဲ တွေ့သေးတာပဲဟာကို”
လန်ရွှင်းပြောသည့်စကားကို ကြားပြီးသည့်နောက် ရန်ကိုင် အတွေးနက်သွားခဲ့လေသည်။ တစ်ခဏအကြာ၌ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။ “အခုလိုရှင်းပြပေးတဲ့အတွက် ဂျူနီယာညီမလန်ကို ကျေးဇူးအများကြီးတင်ပါတယ်…”
လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် “ပြောစရာရှိတာတွေလည်း ပြောပြီးသွားပြီ အချိန်တွေလည်း တော်တော်ကုန်နေပြီဆိုတော့ စီနီယာအစ်ကိုရန်… ကျွန်မတို့ ငါးလွှာမြောက်ကို သွားကြတော့မလား…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “သွားကြတာပေါ့ ဂျူနီယာညီမလန်…”
ရုတ်တရက်ဆိုသလို လန်ရွှင်း၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး ရန်ကိုင်အား သတိပေးလိုက်လေ၏။ “စီနီယာအစ်ကိုရန်ကို နောက်ထပ်ပြောစရာတစ်ခု ထပ်ရှိသေးတယ်… ငါးလွှာမြောက်ထဲက ကမ္ဘာငယ်လေးထဲကို ရောက်သွားပြီဆိုတာနဲ့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို သတိထားပေးပါနော်… ပြီးတော့ အဲ့ကကိစ္စတွေကြောင့်လည်း စီနီယာအစ်ကိုရန် အရမ်းကြီး ထိတ်လန့်မသွားနဲ့နော်…”
“အင်း… ငါနားလည်ပြီ…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
စကားတပြောပြောနှင့် လျှောက်လာလိုက်ရာ ရန်ကိုင်တို့သုံးဦးသည် လေဟာနယ်လိုဏ်ခေါင်းရှေ့သို့ ရောက်လာကြလေသည်။ ရှေ့တည့်တည့်ဆီသို့ လှမ်းကြည့်လိုက်ရာ တဝဲလည်လည် လည်ပတ်နေသော ဝဲကတော့ကြီးတစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ ထို့အပြင် ထိုဝဲကတော့ကြီးဆီမှ ရန်ကိုင်အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေသော ထူးဆန်းသည့် အရှိန်အဝါတစ်ရပ်လည်း ဖြာထွက်နေသေး၏။
“စီနီယာအစ်ကိုရန်… ကျွန်မအရင် သွားနှင့်တော့မယ်နော်… အထဲကနေ ထွက်လာပြီးရင် အပြင်မှာ ပြန်တွေ့ကြတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် လန်ရွှင်းသည် ဝဲကတော့ထဲသို့ ခုန်ဝင်သွားခဲ့လေသည်။
ရှောင်ချန်းမှာ ဝဲကတော့ရှေ့တွင် ရပ်ရင်း စိတ်ဓာတ်ကျနေဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ သူ့အဖို့ လေးလွှာမြောက်တွင် မင်းသမီးလန်ရွှင်းအား ပြန်တွေ့အောင်ရှာဖို့ရာ မလွယ်ကူခဲ့ချေ။ ထို့အတွက်ကြောင့် မင်းသမီးလန်ရွှင်းနှင့်သာ တောက်လျှောက် အတူတူ ရှိနေချင်ပေသည်။ သို့သော်ငြား မင်းသမီးလန်ရွှင်းမှာ မည်သို့ပင်ဖြစ်နေစေကာမူ ငါးလွှာမြောက်ထဲသို့ ဝင်ချင်နေသည့်အတွက်ကြောင့် သူတို့နှစ်ဦးမှာ နောက်တစ်ကြိမ် ထပ်ခွဲရပြန်ပေဦးမည်။ ရန်ကိုင်အား စူးရဲစွာ တစ်ချက်စိုက်ကြည့်လိုက်ပြီးသည့်နောက်တွင် ရှောင်ချန်းသည်လည်း ဝဲကတော့ထဲသို့ ခုန်ဝင်သွားခဲ့လေသည်။
နှစ်ဦးစလုံး ထွက်သွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ အချိန်မှာ မရှိတော့သဖြင့် ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ ဝဲကတော့ထဲသို့ ခုန်ဝင်သွားလေ၏။
ရန်ကိုင်မှ ဝဲကတော့ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လေးလွှာမြောက်တွင် ရှိစဉ်ကကဲ့သို့ ကြားခံဟင်းလင်းပြင်ထဲ ဝင်လို့ရမရ စမ်းကြည့်ရန်အတွက် ရန်ကိုင်သည် သူ့ကိုယ်သူ လေဟာနယ်နိယာမစွမ်းအားများဖြင့် လွှမ်းခြုံလိုက်လေသည်။ လေးလွှာမြောက်တွင် ဖြစ်သွားသကဲ့သို့သော ဖြစ်နိုင်မည်ဆိုပါက ရန်ကိုင်အနေဖြင့် သူမည်သည့်သီးခြားကမ္ဘာထဲသို့ ဝင်နိုင်မလဲဆိုသည်ကို သူ့စိတ်ကြိုက် ဆုံးဖြတ်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် စိတ်ပျက်သွားခဲ့ရလေသည်။ သူ့ကိုယ်သူ လေဟာနယ်နိယာမစွမ်းအားများဖြင့် လွှမ်းခြုံထားလင့်ကစား ဘာမှထူးခြားမသွားခဲ့။ သူ့မြင်ကွင်း ပြန်လည်ကြည်လင်လာချိန် စိုးရိမ်တကြီး အော်သံတစ်သံကို ကြားလိုက်ရလေသည်။ “အားညို… ထတော့ ထတော့… သားရဲအုပ်လာနေပြီ… မြန်မြန်ထပေတော့… မင်း ဘာတွေငေးကြောင်နေတာလဲ…”
တစ်ချိန်တည်းတွင် လက်ကြီးတစ်ဖက်သည် သူ့ပုခုံးအား ဆုပ်ကိုင်၍ အားပါးတရ ဆောင့်နှိုးလေသည်။ ရန်ကိုင်မှာလည်း ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ထိတ်လန့်သွားခဲ့ရသည်။ သူ့တစ်ကိုယ်လုံးကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းနေသည့်လက်ကြောင့် ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး တစ်ဖက်လူ၏ လက်ကို ဖမ်းဆုပ်ရန်အတွက် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။
သို့ရာတွင် ရန်ကိုင်မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ သူ့လက်သည် တစ်ဖက်လူ၏လက်အား မဖမ်းနိုင်သေးခင်မှာပင် တစ်ဖက်လူ၏လက်သည် သူ့လက်ကောက်ဝတ်အား လှစ်ခနဲ ဖမ်းဆွဲလိုက်လေသည်။ သူ့လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်လက်ထဲတွင် ကိန်းအောင်းနေသော စွမ်းအားကို ခံစားမိလိုက်သည့်နောက် ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အထိတ်ထိတ် အလန့်လန့်ဖြင့် ရန်ကိုင်မှာ ဧကရာဇ်ချီကို လှည့်ပတ်၍ ရုန်းထွက်ရန် ကြိုးစားလိုက်ပါသော်ငြား ဘာမှထူးမလာကြောင်း တွေ့ရှိလိုက်ရလေသည်။
(ဘာဖြစ်လို့ ငါ့ကိုယ်ထဲမှာ ဘာဧကရာဇ်ချီမှ မရှိတော့တာလဲ…) ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေရာ သူ့မျက်နှာသည်ပင်လျှင် သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ ရုတ်တရက် မမျှော်လင့်ထားသည့် ဤအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ လိပ်ပြာလွင့်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ငါးလွှာမြောက်ထဲရှိ ကမ္ဘာငယ်လေးထဲသို့ ဝင်မလာစဉ်က သူ့အရည်အချင်းအပေါ် အလွန်ကိုမှ ယုံကြည်ချက်ရှိခဲ့လေသည်။ တကယ်တော့ ရန်ကိုင်၏ခွန်အားသည် အတော်လေးကိုမှ မြင့်မားနေပြီ မဟုတ်လေလော။ ဧကရာဇ်တတိယအဆင့် ပညာရှင်ပေါင်းများစွာသည်ပင်လျှင် ရန်ကိုင့်လက်၌ ကျရှုံးခဲ့ရပြီးဖြစ်သည်။ ထို့အပြင် လန်ရွှင်း၊ ရှောင်ချန်းနှင့် လဲ့ထျန်းတို့သည်ပင်လျှင် ငါးလွှာမြောက်ထဲရှိ ကမ္ဘာငယ်လေးထဲသို့ ဝင်ရဲကြလေရာ ရန်ကိုင်ကရော ဘာကြောင့်များ ကြောက်နေရဦးမည်နည်း။
ဤကမ္ဘာလေးထဲ မည်သို့သောအန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရစေကာမူ သူ့အတွက် အသက်အန္တရာယ်မရှိဟု ရန်ကိုင်ယုံကြည်ပေသည်။ အဆိုးဆုံးဖြစ်လာမည်ဆိုလျှင်ပင် လေဟာနယ်ပညာရပ်များကို အသက်သွင်း၍ ထွက်ပြေးနိုင်ပေသေးသည်။ ကံမကောင်းစွာဖြင့် ယခုကဲ့သို့သော တစ်ဆစ်ချိုးအပြောင်းအလဲသည် ရန်ကိုင်အား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားစေခဲ့လေသည်။
(ဘာဖြစ်လို့ ငါ့ဧကရာဇ်ချီတွေ မရှိတော့တာလဲ… ဧကရာဇ်ချီတွေမရှိမှတော့ ငါက ဘာဆက်လုပ်ရတော့မှာလဲ… ဒီခန္ဓာကိုယ်သက်သက်ကြီးနဲ့ ဘာမှလုပ်နိုင်တော့မှာမှမဟုတ်တာ… ဘာတွေဖြစ်နေရတာလဲ…) ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် လန်ရွှင်းပြောခဲ့သည့်စကားကို ပြန်အမှတ်ရသွားခဲ့လေသည်။ ငါးလွှာမြောက်ထဲရှိ ကမ္ဘာငယ်လေးထဲတွင် ဘာမဆိုဖြစ်နိုင်သည့်အတွက်ကြောင့် သူ့အား ထိတ်လန့်တုန်လှုပ်ခြင်းမရှိရန် လန်ရွှင်းမှ သတိပေးသွားခဲ့လေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း သူ့စိတ်ကို တည်ငြိမ်သွားအောင် အမြန်ပြန်ကြိုးစားလိုက်သည်။ (မလန့်နဲ့… မလန့်နဲ့… အရင်ဆုံး ဘာတွေဖြစ်နေလဲဆိုတာကို အဖြေရှာရမယ်… ကြည့်ရတာ ဒီကမ္ဘာငယ်လေးရဲ့ လောကနိယာမစွမ်းအားတွေက ငါ့ခွန်အားကို ဖိနှိပ်နိုင်တယ်နဲ့တူတယ်… ဒါကြောင့်ပဲ ဘာဧကရာဇ်ချီကိုမှ မခံစားရတာ… ပြီးတော့ ငါ့လက်ကို ချုပ်ထားတဲ့လူက အားကောင်းတယ်ဆိုပေမယ့် ငါ့အပေါ် ဘာရန်လိုစိတ်မှမရှိဘူး… ဒီတော့ ငါ့ကို အန္တရာယ်ပေးလောက်မှာမဟုတ်ဘူး…)
ရန်ကိုင် ခေါင်းမော့ကြည့်လိုက်ရာ သူ့မျက်နှာရှေ့တည့်တည့်၌ သွေးရောင်ရဲတောက်နေသော မျက်လုံးတစ်စုံကို မြင်လိုက်ရလေသည်။ ထို့နောက်တွင် မုတ်ဆိတ်မွေးထူလပျစ်ပေါက်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရလေ၏။
ထိုလူမှာ ရန်ကိုင်နှင့် အသက်တူအရွယ်တူ လူငယ်လေးတစ်ဦးသာ ဖြစ်လေသည်။ သို့သော်ငြား သူ့ရုပ်ရည်မှာတော့ အတော်လေးကိုမှ ရင့်သည်ဟု ပြော၍ရသည်။ ခန္ဓာကိုယ်မှာလည်း လူမဟုတ်သည့်အလား အလွန်တရာကိုမှ ထွားကြိုင်းလွန်းလှပေသည်။ ထို့အပြင် ထိုလူသည် ရန်ကိုင်မြင်ဖူးနေကြ လူများနှင့် ပုံစံသိပ်မတူ။ ကြည့်ရသလောက် ထူးခြားသည့် သွေးမျိုးဆက်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ဤလူငယ်လေးသည် ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းအချို့ကို ဖုံးကွယ်ထားရန်အတွက်သာ တိရစ္ဆာန်အရေပြားအချို့ကို ဝတ်ဆင်ထားခဲ့ပြီး အခြား ဘာဆိုဘာမှ ဝတ်မထားခဲ့ချေ။ ထို့အပြင် သူ့ခန္ဓာကိုယ်၏ ကြွက်သားတစ်ခုချင်းစီတိုင်းမှာလည်း သတ္တုတုံးတမျှ မာကြောလှပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်လျှင် သူ၏ရုပ်ခွန်အားမှာ အလွန်တရာကိုမှ အားကောင်းလှကြောင်း ခန့်မှန်းနိုင်ပေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်ရာ လက်မောင်း၊ ခြေထောက်များမှာ သေးသွယ်သွယ်သာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ လက်ရှိ သူ့ရှေ့တွင်ရပ်နေသော လူငယ်လေးနှင့်ဆိုလျှင်တော့ မိုးနှင့်မြေအလားပင်။ ပြောသာပြောရသော်ငြား ရန်ကိုင်သည် ပိန်လှသူမဟုတ်။ သူ့ခန္ဓာကိုယ်မှာ အတော်လေးကိုမှ ကျစ်လျစ်သည်ဟုပင် ပြော၍ရသည်။ သို့သော်ငြား သူ့ရှေ့တွင်ရှိနေသူမှာတော့ လူမဟုတ်လောက်အောင်ကိုပင် ထွားကျိုင်းလွန်းသည့်အတွက်ကြောင့် ရန်ကိုင်မှာ ပိန်းချုံးချုံးဖြစ်နေသည်ဟု ထင်သွားရခြင်းဖြစ်လေသည်။
(ဘာဖြစ်လို့ ငါ့ရှေ့မှာ အသက်ရှိနေတဲ့လူတစ်ယောက် ပေါ်လာရတာလဲ… ငါ အိပ်မက်များ မက်နေတာလား… ဒါမှမဟုတ် ကမ္ဘာငယ်လေးက ဖန်တီးထားတဲ့ ပုံရိပ်ယောင်ထဲများ ရောက်သွားတာလား… အိပ်မက်မက်နေတာတော့ မဖြစ်နိုင်ဘူး… ဒါကြီးက အိပ်မက်ဖြစ်ဖို့ အရမ်း ယုတ္တိရှိလွန်းနေတယ်…) ထို့အပြင် သူ့ရှေ့တွင် ရပ်နေသော မုတ်ဆိတ်မွေးထူရပျစ်နှင့် လူငယ်လေးဆီမှ ပုံရိပ်ယောင်တစ်ခုနှင့် ဆင်တူသော မည်သည့်အငွေ့အသက်ကိုမှ ရမနေခဲ့ပေ။ ရန်ကိုင်ပြောနိုင်သလောက် ဤလူငယ်လေးသည် အသွေးအသားကို ပိုင်ဆိုင်ထားသည့် အသက်ရှိနေသော လူတစ်ဦး ဖြစ်လေသည်။ ထို့အပြင် ဘေးပတ်ဝန်းကျင်မှာ အလွန်တရာကိုမှ ရိုးစင်းလှပါသော်ငြား ပုံရိပ်ယောင်တစ်ခုကဲ့သို့မဟုတ်ဘဲ ထိတွေ့ကိုင်တွယ်၍ရသည့် အစစ်အမှန်ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ လက်ရှိရန်ကိုင်သည် ချွတ်ခြုံကျလှသော သစ်သားအိမ်လေးတစ်လုံးထဲတွင် ရှိနေခြင်း ဖြစ်လေသည်။ သစ်သားအိမ်လေးထဲ မည်သည့်ပရိဘောဂ အဆင်တန်ဆာမှ ရှိမနေခဲ့။ သစ်ပင်ပင်စည်မှ ထုလုပ်ထားသော ညောင်စောင်းတစ်ခု၊ သစ်တိုသစ်စများဖြင့် ပြုလုပ်ထားသော သစ်သားစားပွဲခုံတစ်လုံး၊ သစ်သားပန်းကန်နှင့် သစ်သားအိုးအချို့၊ ကြပ်တိုက်ထားသော အသားပြားအချို့၊ သစ်သားခြင်းထဲထည့်ထားသော ဟင်းသီးဟင်းရွက်များနှင့် စားလက်စ ထမင်းဟင်းအကြွင်းအကျန်များ ထည့်ထားသည့် ကျောက်တုံးပန်းကန်လုံးတစ်လုံးသာ ရှိနေလေသည်။
(ဒါ ဘယ်နေရာကြီးလဲ…) ရန်ကိုင်စိတ်ထဲ အတွေးများနေစဉ်မှာပင် မုတ်ဆိတ်မွေးထူလပျစ်နှင့် လူငယ်လေးသည် ရန်ကိုင်ကို ကြည့်ကာ အော်ဟစ်လိုက်လေ၏။ “မင်း ရူးသွားတာလား… သားရဲအုပ်လာနေပြီလို့ ငါမင်းကိုပြောနေတယ်လေ… ငါပြောတာကို မင်းမကြားတာလား…”
ထိုလူငယ်လေး၏အသံထဲ စိုးရိမ်မှုတို့ ပြည့်နေခဲ့လေသည်။ ထို့အပြင် သူ့အသံမှာလည်း နားစည်ကွဲလုမတတ် ကျယ်လောင်လွန်းလှပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်လေသည်။ “ငါကြားတယ်…”
“ကြားတယ်ဆိုရင် မြန်မြန်ထပြီး လာကူပေးလေ… ငါတို့ရွာမှာ လူအင်အားက လောက်တာမဟုတ်ဘူးကွ… ဒီတိုင်းဆက်သွားနေလို့ရှိရင် အကုန်သေကုန်ကြလိမ့်မယ်…” ပြောနေရင်းမှ မုတ်ဆိတ်မွေးထူရပျစ်နှင့် လူငယ်လေးသည် ရန်ကိုင်၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ အပြင်သို့ အမြန်ပြေးထွက်သွားလေသည်။
ရန်ကိုင်က ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မေးလိုက်လေသည်။ “မင်းကဘယ်သူလဲ…”
မုတ်ဆိတ်မွေးထူလပျစ်နှင့် လူငယ်လေး၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်အား သားရဲကဲ့သို့သော နီရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့လေသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် လူငယ်လေးက သက်ပြင်းချလျက် “မင်း ထပ်ရူးသွားပြန်ပြီလား… ငါက အားဟူပဲ…”
ရန်ကိုင်၏နှုတ်ခမ်း တွန့်ကွေးသွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ငါ့နာမည်က အားညိုလို့ မင်းပြောလိုက်တယ်မလား…”
(အားညို… ဘာကြီးလဲ… ငါ့ကို အားညိုလို့ခေါ်တာလား… ငါ ဘယ်ကမ္ဘာငယ်လေးထဲ ရောက်နေတာလဲ… ပြီးတော့ သူ့ကိုယ်သူ အားဟူတဲ့… သူတို့နာမည်တွေက ဘယ်လိုကြီးတွေလဲ…)
“ငါ့မှာ ဒီကိစ္စကို မင်းကိုရှင်းပြဖို့ အချိန်မရှိသေးဘူး… မြန်မြန် အရင်လာကူပေး… ဒီသားရဲအုပ်ထွက်သွားတော့မှပဲ ငါမင်းကို ရှင်းပြပေးမယ်…” အားဟူသည် ရန်ကိုင်အား အလျင်စလို ဆွဲခေါ်သွားခဲ့လေသည်။
သစ်သားအိမ်လေးထဲမှ ထွက်လာလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဦးကိုတစ်ဦး အော်ပြောနေသံများ၊ အထိတ်တလန့် အော်ဟစ်နေသံများ၊ သားရဲဟိန်းသံများကို ကြားလိုက်ရလေသည်။ သားရဲဟိန်းသံများမှာ အာကာတစ်ခွင်အနှံ့ ပဲ့တင်ထပ်နေခဲ့ကာ မြေပြင်သည်ပင်လျှင် တုန်ခါနေခဲ့လေသည်။
သူ့ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင်စိတ်ထဲ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ ဤနေရာတွင် ပြေးလွှားနေသည့် လူများမှာ အားဟူကဲ့သို့ပင် လူ့ဘီလူးကြီးများနှယ် တုတ်ခိုင်ထွားကျိုင်းလွန်းလှသည်။ ထိုမျှသာမဟုတ်သေး၊ မိန်းကလေးအချို့မှာလည်း ယောကျ်ားသားများနည်းတူ အရပ်ရှည်ရှည်၊ ထွားထွားကျိုင်းကျိုင်းနှင့် ကိုယ်လုံးကိုယ်ပေါက် အလွန်ကိုမှ တောင့်တင်းလှသည်။
အမျိုးသမီးတစ်ဦးဆိုလျှင် အချင်းခြောက်မီတာခန့်ရှိသော ဧရာမ ကျောက်တုံးကြီးတစ်တုံးကို ငှက်မွေးတောင်ပမာ ပေါ့ပါးသွက်လက်စွာ ထမ်းပိုးရင်းမှ လျှပ်စီးတမျှအမြန်နှုန်းဖြင့် ပြေးလွှားနေခဲ့လေသည်။ ထိုအမျိုးသမီးဆီမှ မည်သည့်ချီစွမ်းအင်အရှိန်အဝါကိုမှ ရန်ကိုင် အာရုံခံမရခဲ့ပေ။ တစ်နည်းဆိုရသော် အမျိုးသမီးသည် ထိုကျောက်တုံးကို သူမ၏ ရုပ်ခွန်အားသက်သက်ဖြင့် ထမ်းထားခြင်း ဖြစ်လေသည်။ ထိုသူများထဲ အသက်မပြည့်သေးသော တစ်နှစ်လောက်သာ ရှိသေးသည့် ကလေးအချို့လည်း ရှိနေကြပေသေးသည်။ ထိုကလေးများသည် လက်နက်အသီးသီးကို ကိုင်ဆွဲထားရင်း တိုးဝင်လာနေသည့် ရန်သူများအား အလွန်တရာကိုမှ မုန်းတီးသည့်အကြည့်များဖြင့် စိုက်ကြည့်နေကုန်ကြလေသည်။
ရန်ကိုင်မှာ ဘာတွေဖြစ်နေလို့ဖြစ်နေမှန်း မသိသေးခင်မှာပင် လူတိုင်းမှာတော့ တစ်ခုသောနေရာဆီသို့ အပြေးအလွှား သွားနေကြလေသည်။ ထိုနေရာတွင်ရှိနေသည့်လူတိုင်းသည် အားဟူကဲ့သို့ပင် တိရစ္ဆာန်အရေပြားအချို့ကိုသာ ဝတ်ဆင်ထားခဲ့ကြလေသည်။ ရန်ကိုင်လည်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ရာ သူကိုယ်တိုင်သည်လည်း ထိုလူများနည်းတူ တိရစ္ဆာန်အရေပြားအချို့ကိုသာ ဝတ်ဆင်ထားကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်၏အသားအရေမှာ အားဟူတို့ကဲ့သို့ နေလောင်ထားသည့် အညိုရောင်အသားအရေမျိုးမဟုတ်ဘဲ ဖြူဖွေးနေခဲ့လေသည်။
( ထားလိုက်တော့ ထားလိုက်တော့… ဒါတွေက ဒီလောက်ဂရုစိုက်စရာမဟုတ်ဘူး…) ရန်ကိုင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၀)
ဘာသာပြန်သူ_တိမ်တိုက်
အနီးအနားတစ်ဝိုက်တွင် သစ်သားအိမ်လေးများစွာ ရှိနေခဲ့လေသည်။ ဤနေရာရှိလူများ၏ ဝတ်စားဆင်ယင်ပုံမှာ အလွန်တရာကိုမှ ရိုးစင်းလှဘိသကဲ့သို့ သစ်သားအိမ်လေးများမှာလည်း လုံးဝကို ရွက်ကြမ်းရေကြိုပင်။ ထို့နောက် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေရာ သစ်တိုင်သစ်လုံးများ၊ ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော နံရံတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ လက်ရှိ သူရောက်နေသည့်နေရာသည် ကျေးရွာတစ်ခု ဖြစ်သည့်ပုံပင်။ သာမန်ကျေးရွာပင်လျှင်မဟုတ်။ အလွန်ကိုမှ ရှေးကျသည့် ကျောက်ခေတ်ဦးကျေးရွာတစ်ခု ဖြစ်လေသည်။
ထိုအချိန်အတောအတွင်း ချောက်ခြားဖွယ်ရာကောင်းလှသော သားရဲဟိန်းသံများမှာ နံရံအပြင်ဘက်ဆီမှ ထွက်လာနေခဲ့လေသည်။ ကျောက်တုံးများကို ပစ်ချသူကပစ်ချ၊ မြားများကို ပစ်သူကပစ်ဖြင့် အလုပ်ရှုပ်နေကြသော ရွာသူရွာသားများမှာ နံရံပေါ်၌ အသီးသီး ရပ်နေကြလေသည်။ တိုက်ပွဲမီးတောက်များမှာ နေရာအနှံ့ ပြည့်နှက်နေသလို သွေးညှီနံ့များမှာလည်း လေထဲ ထောင်းထွက်နေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့သည်။ ဆယ်မီတာခန့်မက ရှည်လျားလှသော ကျားသစ်တစ်ကောင်သည် နံရံကို ခုန်ကျော်လာလျက် ရွာသားတစ်ဦး၏ ခေါင်းကို ကိုက်ခဲချလိုက်သည်။ ထိုရွာသားမှာ အလွန်တရာကိုမှ ထွားကျိုင်းလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သည့်တိုင် ထိုကဲ့သို့သော ကျားသစ်ကောင်ကြီးကို မည်ကဲ့သို့များ ယှဉ်ပြိုင်နိုင်ပါမည်နည်း။ တခဏမျှ ရုန်းကန်နေပြီးသည့်နောက်တွင် ရွာသား၏ခေါင်းမှာ လည်တိုင်မှ ပြုတ်ထွက်သွားခဲ့ကာ သွေးများမှာ ရေတံခွန်အလား ပန်းထွက်လာခဲ့လေသည်။ နေပူချစ်ချစ်တောက်ကြီးထဲ ထိုကဲ့သို့ သွေးသံရဲရဲမြင်ကွင်းမှာ အလွန်တရာကိုမှ ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။
ထိုအဖြစ်အပျက်ကြောင့် ဒေါသထွက်သွားသည့်အလား အနီးအနားတွင် ရှိနေသော ရွာသားများမှာ ကျားသစ်ဆီသို့ ဒေါမာန်တကြီးအော်ဟစ်ရင်း ပြေးဝင်သွားကြလေသည်။ တစ်ချိန်တည်းတွင်လည်း မြားများမှာ တစ်စင်းပြီးတစ်စင်း ကျားသစ်ကိုယ်အား လာစိုက်လေ၏။
ကျားသစ်မှာလည်း နာကျင်စွာအော်ဟစ်ရင်း ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ရွာသားတစ်ဦးသည် ကျားသစ်ဆီသို့ ပြေးဝင်သွားပြီး ကျားသစ်နှင့် လုံးဖက်ရင်း နံရံပေါ်မှ အောက်သို့ ပြုတ်ကျသွားခဲ့လေ၏။ ထိုရွာသား မည်ကဲ့သို့ဖြစ်သွားမလဲ ဆိုသည်ကိုတော့ တွေးနေစရာပင် မလိုတော့ချေ။
ထိုအဖြစ်အပျက်ကြောင့် ထိုရွာသား ကာကွယ်နေသည့် နံရံဘက်ခြမ်းမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် လက်ကျန်ရွာသားများမှာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ကာ စတင်၍ ထိတ်လန့်လာကုန်ကြလေသည်။
“မြန်မြန် မြန်မြန် မြန်မြန်…” အားဟူသည် ရန်ကိုင်အား နံရံအောက်ခြေဆီသို့ ဆွဲခေါ်သွားခဲ့လေသည်။ ထို့နောက်တွင် အားစိုက်၍ ရန်ကိုင်အား နံရံပေါ်သို့ ပစ်တင်ပေးလိုက်ပြီးသည့်နောက် အနီးအနားတွင်ရပ်နေသော ထွားထွားကျိုင်းကျိုင်းဖြင့် အမျိုးသမီးတစ်ဦးဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “အားဟွာ… ငါသူ့ကို နင့်လက်ထဲ ထည့်ထားခဲ့မယ်နော်…”
ထိုစကားကိုကြားသော် အားဟွာဟုခေါ်သည့် အမျိုးသမီးမှာ အားညိုဘက်သို့ လှည့်ကြည့်လာခဲ့သည်။ လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်သွားသည့်အလား သူမ၏မျက်ခုံးလေးများ တွန့်ကွေးသွားခဲ့သည်။ တစ်ခုခုပြောတော့မည်အပြု အားဟူမှာ ရွာအပြင်ဘက်သို့ ပြေးထွက်သွားပြီးဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“ထားလိုက်တော့… ဘာမှမရှိတာထက်စာရင်တော့ သာသေးတယ်…” ထိုသို့ရေရွတ်ပြီးသည့်နောက်တွင် အားဟွာသည် ရန်ကိုင်ဆီသို့ သူမလက်ကို ဆန့်တန်းပေးလျက် ပြောလိုက်လေ၏။ “မြား…”
သူမ၏စကားကြောင့် ရန်ကိုင်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရလေသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် ဤကမ္ဘာငယ်လေးထဲသို့ ရောက်လာပြီးသည့်နောက် ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် မှင်တက်နေသေးဆဲဖြစ်ကာ ယခုအချိန်ထိတိုင် ကောင်းကောင်း အသိပြန်ဝင်မလာနိုင်သေးပေ။ မည်သို့သောနေရာဆီသို့ သူရောက်လာလို့ရောက်လာမှန်းကို ရန်ကိုင် အဖြေရှာရ ခက်နေခဲ့လေသည်။
သို့သော်ငြား ကြုံခဲ့ရသည့် အဖြစ်အပျက်များမှတစ်ဆင့် သူရောက်နေသည့်နေရာကိုတော့ ရန်ကိုင် အကြမ်းဖျင်း နားလည်သွားခဲ့ရသည်။ သူသည် သမိုင်းမတင်မီခေတ်က ကျေးရွာတစ်ရွာသို့ ရောက်နေကြောင်း ခန့်မှန်းမိသွားခဲ့သည်။ ထို့အပြင် အားညိုဟူသည့် နာမည်ကိုလည်း ဘာကြောင့်မှန်းမသိ ရရှိထားခဲ့ပြီး သွေးသံတရဲရဲ တိုက်ပွဲတစ်ခုထဲ အမှတ်မထင် ဆွဲခေါ်ခံနေရသည်။
ရန်ကိုင်သည် ကမ္ဘာငယ်လေးတစ်ခုမက ဝင်ခဲ့ဖူးပါသော်ငြား ယခုကဲ့သို့ စိတ်ရှုပ်စရာအခြေအနေမျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဖူးချေ။ ယခုတစ်ကြိမ် သူဝင်လာခဲ့သည့် ကမ္ဘာငယ်လေးမှာ လုံးဝကို ထူးခြားသည့်ကမ္ဘာတစ်ခုမှန်းတော့ ရန်ကိုင် ပြောနိုင်ပေသည်။ ထိုသို့သာမဟုတ်ပါက ယခုကဲ့သို့အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်မဟုတ်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် သေသေချာချာကို သတိချပ်ထားခဲ့သည်။ ဤကမ္ဘာငယ်လေးမှာ အတော်လေးကိုမှ ထူးခြားလှသည့်အတွက်ကြောင့် ဤကမ္ဘာငယ်လေးထဲမှ သူရရှိမည့် အကျိုးအမြတ်များမှာလည်း လုံးဝကို သေးလိမ့်မည်မဟုတ်ပေ။ ထို့အပြင် လက်ရှိအခြေအနေအရ ရန်ကိုင်တွင် ဤရပ်သူရွာသားများ၊ သားရဲများမှာ ပုံရိပ်ယောင်လား အိပ်မက်လားဆိုသည်ကို စဉ်းစားနေချိန် မရှိသေး။
(နောင်လာနောင်ရှင်းပေါ့ကွာ… အခုကတော့ မီးစင်ကြည့်ကရုံပဲ ရှိတော့မယ်…)
“နင် နားပင်းနေတာလား… ငါ့ကိုမြားတွေပေးလို့ ပြောနေတယ်လေ…” ရန်ကိုင် ငေးကြောင်ကြောင်ဖြင့် ရပ်နေသည်ကိုမြင်သော် အားဟွာဟုခေါ်သည့် အမျိုးသမီးမှာ စိတ်မရှည်တော့ဘဲ ထအော်တော့လေသည်။ သူမ၏မျက်လုံးများမှာလည်း အားဟူကဲ့သို့ပင် သွေးရောင်ရဲနေလေသည်။ ထို့အပြင် သူမ၏စိတ်ခံစားချက်များမှာလည်း အလွန်ကိုမှ ပြင်းထန်နေခဲ့လေရာ အစိုင်အခဲဖြစ်လုမတတ်ပင် ဖြစ်နေခဲ့လေသည်။
သူမ၏ဒေါသနှင့် အမုန်းတရားမှာ ရန်ကိုင်ဆီသို့ ဦးတည်နေခြင်းမဟုတ်။ ထို့အစား သူမနှင့်တစ်ရွာတည်းသားများ သားရဲများကြောင့် သေနေသည့်အဖြစ်အား ဝင်မတားနိုင်သည့်အပေါ် ကူကယ်ရာမဲ့သည့် ခံစားချက်များမှ ဖြစ်တည်လာခြင်းသာ ဖြစ်လေသည်။ ရွာသားများမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေပါသော်ငြား သူမအနေဖြင့် ထိုသေဆုံးသွားသည့်လူများအတွက် ပြန်လည်၍ လက်စားချေမပေးနိုင် ဖြစ်နေခဲ့ရသည်။
အားဟွာ၏အော်သံကြားမှပင် ရန်ကိုင်လည်း အသိပြန်ဝင်လာတော့လေသည်။ ချက်ချင်းပဲ အလျင်စလို လှည့်ပတ်ကြည့်လိုက်ရာ ဘာမှန်းမသိရသော် သစ်သားတစ်မျိုးမျိုးဖြင့် ဖန်တီးထားသည့် ပုံထပ်နေသော မြားများကို တွေ့လိုက်ရလေသည်။ သစ်သားမြားတစ်ချောင်းချင်းစီတိုင်းသည် သုံးမီတာခန့်ရှည်လျားပြီး ကလေးလက်မောင်းအရွယ်မျှ ထူထဲလှသည်။
ရန်ကိုင်လည်း မြားတစ်ချောင်းကို အလျင်စလို ကောက်ယူလိုက်လေရာ အလေးချိန်ကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ ဤသစ်သားမြားမှာ အတော်လေးကိုမှ လေးလွန်းလှပေသည်။ သစ်သားနှင့်လုပ်ထားသည်ဟု မထင်ရဘဲ အလွန်ကိုမှလေးလံသည့် သံတစ်မျိုးမျိုးဖြင့် လုပ်ထားသလားဟုပင် ထင်ရသည်အထိပင်။ ယွမ်ချီကိုမပိုင်ဆိုင်ထားသည့် သာမန်လူတစ်ဦးသည် ဤကဲ့သို့သော မြားတစ်ချောင်းအား မည်ကဲ့သို့များ အလွယ်လေး မနိုင်သလဲ ဆိုသည်ကို ရန်ကိုင် လုံးဝမတွေးတတ်အောင် ဖြစ်သွားခဲ့ရသည်။
“နင့်တာဝန်က ငါ့ကို အဲ့မြားတွေပေးဖို့ပဲ…” အားဟွာသည် ရန်ကိုင်အား ခက်ထန်စွာ စိုက်ကြည့်လျက် အော်ပြောလိုက်လေသည်။ “နားလည်လား…”
“ဟုတ်… နားလည်ပါတယ်…” ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အားဟွာဟုခေါ်သည့် အမျိုးသမီးအား သေသေချာချာ ကြည့်ကြည့်လိုက်သည်။ ဤရပ်သူရွာသားများမှာ အလွန်ကိုမှ ထွားထွားကျိုင်းကျိုင်းဖြင့် လူထွားကြီးများ ဖြစ်ကြပါသော်ငြား ဤအားဟွာဟုခေါ်သည့် အမျိုးသမီးမှာတော့ အတော်လေးကိုမှ ချောလှကာ အမို့အမောက်အရှိုက်အဝန်းများကိုလည်း ပိုင်ဆိုင်ထားခဲ့လေသည်။ မို့ထွက်နေသော သူမ၏ ရင်အစုံမှာ တိရစ္ဆာန်အရေပြားအောက်ဝယ် မပေါ့်တပေါ် ဖြစ်နေခဲ့ရလေသဖြင့် နက်ရှိုင်းလှသည့် တောင်ကြားနေရာကို အထင်းသား မြင်တွေ့နေခဲ့ရလေသည်။ ထို့အပြင် ခါးလေးမှာလည်း သေးသွယ်သွယ်လေးဖြစ်ကာ ဗိုက်မှာလည်း အဆီပိုမရှိ ချပ်ရပ်နေခဲ့လေသည်။ တင်ပါးဆုံမှာလည်း မိန်းမသားတို့ ရှိသင့်ရှိထိုက်သည့်အတိုင်း စွင့်ကား လုံးဝန်းနေခဲ့လေသည်။
ဤအားဟွာဟုခေါ်သည့် အမျိုးသမီးသည်သာ အလွန်ကိုမှ အရပ်ရှည်လွန်း၊ ထွားကျိုင်းလွန်းနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက အတော်လေးကိုမှ ချောမောလှပမည့် အမျိုးသမီးတစ်ဦး ကျိန်းသေ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်မျိုးတွင် အသားဖြူဖြူ နူးနူးညံ့ညံ့အသားအရေကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးကို မွေးထုတ်ပေးနိုင်စရာ အကြောင်းမရှိချေ။ ထိုကဲ့သို့သော အမျိုးသမီးမျိုးများသာ မွေးဖွားလာမည်ဆိုပါက သေခြင်းတရားသည်သာ သူတို့အား စောင့်ကြိုနေပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် ဤအားဟွာဟုခေါ်သည့် အမျိုးသမီးမှာတော့ မိန်းမရိုင်းလေးတစ်ဦးပမာ ချောမောလှပနေခဲ့လေသည်။
မြားတံကိုကိုင်ပြီးသည့်နောက် အားဟွာသည် လေးကိုင်းအား ကွေးတက်သွားအောင် ဆွဲလိုက်လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။ ဤကဲ့သို့သော လေးကိုင်းမျိုးကို ကွေးတက်သွားအောင်ဆွဲဖို့ရာ အားဟွာဟူသော အမျိုးသမီး မည်ကဲ့သို့သော ရုပ်ခွန်အားကို ပိုင်ဆိုင်ထားပါလေသနည်း။ ထို့အပြင် သူမပုံစံကို ကြည့်ရသည်မှာ ဤလေးကိုင်းကို ကွေးတက်သွားအောင် ဆွဲဖို့ရာ အားသိပ်မစိုက်ရသည့်အလား။
“ဝုန်း…”
လေတိုးသံနှင့်အတူ မြားသည် လေးကိုင်းမှ တဟုန်ထိုး လွတ်ထွက်သွားခဲ့လေသည်။ အလွန်ပြင်းထန်သည့်အရှိန်ကြောင့် မြားဖြတ်သွားရာလမ်းကြောင်းတစ်လျှောက် လေတိုးသံများ တဟူးဟူး ထွက်ပေါ်လာရသည်။
ထို့နောက်တွင် ထိုမြားသည် လေပေါ်သို့ ရုတ်တရက် ခုန်တက်လာသော သားရဲတစ်ကောင်၏ မျက်လုံးတည့်တည့်ကို သွားမှန်လေသည်။ သုံးမီတာခန့်အရှည်ရှိသော မြားမှာ ထိုသားရဲ၏ဦးခေါင်းကို ထုတ်ချင်းပေါက် ဖောက်ထွက်သွားခဲ့လေရာ သွေးများ အဘက်ဘက်သို့ ဖြာထွက်လာကုန်ကြလေ၏။ ထို့နောက်တွင် သားရဲကြီးမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့ပြီး ယာယီမျှ ရုန်းကန်နေပြီးသည့်နောက် အသက်ငင်သွားခဲ့ရတော့သည်။
“မိုက်လိုက်တာ…” ရန်ကိုင် ချီးကျူးလိုက်လေသည်။
အားဟွာသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် သူမလက်ကို ဆန့်ထုတ်ပေးလိုက်သည်။ သူမဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်လိုက်သည့်အလား ရန်ကိုင်သည် မြားတစ်ချောင်းကို အမြန်ကောက်ယူ၍ သူမလက်ထဲသို့ ထည့်ပေးလိုက်လေ၏။ ထို့နောက်တွင် အားဟွာသည် မြားကို လေးကိုင်းတွင်တပ်ကာ ထပ်ပစ်လိုက်လေသည်။
အားဟွာပစ်လွှတ်လိုက်သည့် မြားတစ်ချောင်းချင်းစီသည် သားရဲတိုင်း၏ မျက်လုံးတည့်တည့်ကိုသာ သွားရောက်ထိမှန်လေသည်။ ရှင်းရှင်းပြောရလျှင် အားဟွာ၏ ပစ်ချက်တိုင်းသည် ပစ်မှတ်ကို မှန်ကန်စွာ ထိမှန်သွားသည်ဟုပင် ပြော၍ရသည်။
အားဟွာကဲ့သို့သော အလွန်ကိုမှ မြားရေးကျွမ်းကျင်လှသည့် မြားသမား ဆယ်ယောက်မက နံရံပေါ်တွင် ရှိနေလေသည်။ ထိုမြားသမားများ၏ စွမ်းရည်ကိုကြည့်ရင်း ရန်ကိုင်မှာတော့ အတော်လေးကိုမှ အံ့အားသင့်နေခဲ့ရသည်။ ဤရပ်သူရွာသားများတွင်သာ ယခုကဲ့သို့သော စွမ်းရည်မျိုး ရှိမနေပါက ဤကဲ့သို့ ခက်ခဲကြမ်းတမ်းလှသည့် နေရာမျိုးတွင် ယခုအချိန်ထိတိုင် အသက်ရှင်နေနိုင်ခဲ့လိမ့်မည်မဟုတ်မှန်းလည်း ရန်ကိုင် ခန့်မှန်းမိသွားလေသည်။
နံရံပေါ်ရှိ တိုက်ပွဲမှာ အစီအစဉ်တကျ ရှိနေခဲ့သည်။ အားဟွာနှင့် မြားသမားများသည် မြားများကို ချိန်သားကိုက် တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေခဲ့သည်။ ထိုအချိန်အတောအတွင်း ရာနှင့်ချီသော ရွာသားများမှာတော့ အမျိုးမျိုးသောလက်နက်များကို ကိုင်စွဲရင်း ရွာအပြင်ဘက်၌ နေကာ သူတို့ဆီသို့ ပြေးဝင်လာနေကြသော သားရဲကြီးများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ပစ်နေခဲ့သည်။
သားရဲဟိန်းသံများနှင့် ယောကျ်ားသားတို့၏ ဒေါမာန်တကြီး အော်ဟစ်သံများမှာ ရောစပ်ပဲ့တင်ထပ်နေခဲ့သည်။ သွေးများမှာ နေရာအနှံ့ စွန်းထင်းနေခဲ့ပြီး ဖြတ်တောက်ထားခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာလည်း မြေပြင်အနှံ့ ပြန့်ကျဲနေကြလေသည်။ ဧရာမသားရဲကြီးများ သေဆုံးနေကြသလို ရွာသားများလည်း သေဆုံးနေခဲ့ကြသည်။ သားရဲများနှင့် ရွာသားများမှာ မကျေချမ်းနိုင်သော ရန်ငြိုးရန်စများကို ပိုင်ဆိုင်ထားသည့်အလား တစ်ဦးကိုတစ်ဦး အလွန်တရာကိုမှ မုန်းတီးစွာဖြင့် တိုက်ခိုက်နေကြလေသည်။
တစ်ဖက်အဖွဲ့ အပြီးတိုင် သုတ်သင်ခံရခြင်း မရှိသရွေ့ ဤတိုက်ပွဲမှာ ပြီးသွားမည့်ပုံမပေါ်။
ထိုကဲ့သို့ တိုက်ပွဲရေချိန် မြင့်တက်နေစဉ်တွင် ရှေးဟောင်းသံစဉ်တစ်ခုပမာ ထင်မှတ်ရသည့် အိုမင်းလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ခါးကိုင်းကိုင်းနှင့် လူအိုကြီးတစ်ဦးသည် တုတ်ကောက်တစ်ချောင်းကိုကိုင်ရင်း အလောင်းများ ပြန့်ကျဲနေသည့် မြေပြင်ထက် လမ်းလျှောက်လာခဲ့လေသည်။ လူအိုကြီး၏ အနိမ့်အမြင့် အတက်အကျ မတူညီသော အသံနှင့်အတူ သူ၏ တုတ်ကောက်မှာလည်း လင်းလာလိုက် မှိန်သွားလိုက် ဖြစ်နေခဲ့လေသည်။ လူအိုကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်နေသည့် ရပ်ရွာသားများ၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်တစ်မျိုးမျိုး စီးဝင်လာသည့်အလား ရပ်ရွာသားတိုင်း၏ ခန္ဓာကိုယ်များမှာ ရုတ်တရက်ဆိုသလို နီရဲတောက်လာခဲ့လေသည်။ သူတို့တစ်ကိုယ်လုံးကို အနီရောင်အလင်းတန်းတစ်ခုမှ လွှမ်းခြုံသွားသည့်ပမာ။ ထို့နောက်တွင် ဒေါမာန်တကြီးအော်ဟစ်ရင်း သူတို့ရင်ဆိုင်နေရသည့် သားရဲများအား အကြောက်အရွံ့ကင်းမဲ့စွာ အကြမ်းပတမ်း တိုက်ခိုက်ကြတော့သည်။
အလွန်တရာကိုမှ အားနည်းသည်ဟု ထင်ရသော ခါးကိုင်းကိုင်းနှင့် လူအိုကြီးတစ်ဦးမှ ဤကဲ့သို့သော သွေးသံတရဲရဲ တိုက်ပွဲကွင်းပြင်ကြီးအား အကာအကွယ်မပါဘဲ တုတ်ကောက်တစ်ချောင်းဖြင့် ဖြတ်လျှောက်နေသည်ကို ကြည့်ရသည်မှာ အလွန်ကိုမှ ထူးဆန်းလှသည်။ သို့တိုင် သားရဲများမှာတော့ ထိုလူအိုကြီးကို မမြင်သည့်အလား မျက်ကွယ်ပြုထားကြလေသည်။
ထိုအချင်းအရာကိုကြည့်ရင်း ရန်ကိုင်က မျက်လုံးအပြူးသားဖြင့် ပြောလိုက်လေသည်။ “လူရိုင်းပညာရပ်… လူရိုင်းမျိုးနွယ်… ရှေးခေတ်လူရိုင်းမျိုးနွယ်လား…”
အစကတော့ သူမည်သည့်နေရာသို့ ရောက်လို့ရောက်နေမှန်း ရန်ကိုင် မပြောနိုင်သေး။ သမိုင်းမတင်မီခေတ်က ရွာတစ်ရွာသို့ ရောက်နေမှန်းသာ သိခဲ့ရသည်။ သို့သော်ငြား ယခု လူအိုကြီးသုံးသွားသည့်ပညာရပ်နှင့် လူအိုကြီးကို မြင်ပြီးသည့်နောက် သူ မည်သည့်နေရာသို့ ရောက်နေသလဲဆိုသည်ကို ရန်ကိုင် ခန့်မှန်းမိသွားလေပြီ။
ကျင့်ကြံခြင်း အစမပြုခင်ကာလ။ လူသားများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားဖို့ရာ အချိန်မရှိသည့် ခေတ်ကာလတစ်ခုတွင် လူသားများသည် အသက်ရှင်သန်ဖို့ရာ သဘာဝတရားမှ ပေးအပ်လာသော အခက်အခဲများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်ဟု ပြောကြပေသည်။ ထိုသို့ဖြင့် လူရိုင်းပညာရပ်များမှာ ထွက်ပေါ်လာခဲ့ရလေ၏။
ရှေးခေတ်လူရိုင်းမျိုးနွယ်များသည် သူတို့၏ရုပ်ခန္ဓာကိုယ်အား အထူးအလေးပေးကာ ကျင့်ကြံကြပြီး သူတို့၏ခန္ဓာကိုယ်ကိုသာ အဆင့်အမြင့်ဆုံးထိသို့ရောက်အောင် ကျင့်ကြံနိုင်မည်ဆိုပါက ဖျက်ဆီး၍မရသည့် အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ကာ မဟာဧကရာဇ်တစ်ပါးအောက် နိ့မ်ကျခြင်းမရှိသည့် အရှင်သခင်တစ်ပါးပင် ဖြစ်လာနိုင်လိမ့်မည်ဟု ပြောလေ့ရှိကြပေသည်။ ထိုခေတ်ကာလတွင် မည်သည့်သိုင်းပညာရပ်များ၊ ကျင့်စဉ်များ၊ မှော်ရတနာများမှ မရှိကြ။ လူတိုင်းသည် မိမိ၏ ရုပ်ခွန်အားကိုသာ အားကိုးကြလေသည်။ ထို့အတွက်ကြောင့် ထိုခေတ်အခါကလူသားများကို ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များဟု ခေါ်ဝေါ်ကြပေသည်။ ထိုလူရိုင်းမျိုးနွယ်စုဝင်များသည် ယနေ့ခေတ် လူသားမျိုးနွယ်စု၏ ဘိုးဘေးများပင် ဖြစ်ကြ၏။
လူရိုင်းပညာရပ်များကြား နာမည်အကျော်ကြားဆုံးနှင့် အသုံးအများဆုံး ပညာရပ်တစ်ခုမှာ သွေးလောင်ကျွမ်းခြင်းပညာရပ်သာ ဖြစ်လေသည်။ လက်ရှိ လူအိုကြီးအသုံးပြုနေသည်မှာလည်း ထိုသွေးလောင်ကျွမ်းခြင်းပညာရပ်သာ ဖြစ်၏။ သွေးလောင်ကျွမ်းခြင်းပညာရပ်သည် သွေးအဆီအနှစ်ကို လောင်ကျွမ်းခြင်းဖြင့် ခန္ဓာကိုယ်၏ အလားအလာကို မြှင့်တင်ကာ ခွန်အားကို အဆင့်တစ်ခုအထိသို့ တမုဟုတ်ချည်း မြှင့်တင်ပေးနိုင်သည့် ပညာရပ်တစ်မျိုးဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် သွေးလောင်ကျွမ်းခြင်းပညာရပ်တွင် အားနည်းချက်ကြီးတစ်ခု ရှိနေခဲ့သည်။ သွေးလောင်ကျွမ်းခြင်းပညာရပ်ကိုသာ အသုံးပြုလိုက်မည်ဆိုပါက အသုံးပြုလိုက်သည့်လူသည် အတော်အတန်ကြာအောင် အားနည်းသွားနိုင်၏။ ထို့အပြင် ထိုပညာရပ်သည် အသုံးပြုသူ၏သက်တမ်းကိုလည်း လျော့ကျစေနိုင်ပေသေးသည်။ ထိုပညာရပ်ကိုသာ ထပ်တလဲလဲ အသုံးပြုမည်ဆိုပါက သက်တမ်းအလွန်လျော့ကျကာ အရွယ်မတိုင်ခင် သေဆုံးရနိုင်ပေသည်။ အကြောင်းမှာ သွေးလောင်ကျွမ်းခြင်းပညာရပ်သည် လူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးအဆီအနှစ်ကို လောင်စာအဖြစ် အသုံးပြုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
(ရွာသားတွေ ဒီလောက် ရုပ်ရည်ကြမ်းတမ်းပြီး အိုမင်းနေတဲ့ပုံပေါက်နေတာ မဆန်းတော့ပါဘူးလေ… ကြည့်ရတာ သူတို့ သွေးလောင်ကျွမ်းခြင်းပညာရပ်ကိုသုံးတာ တစ်ကြိမ်မကတော့ဘူးနဲ့တူတယ်…)
သွေးအဆီအနှစ်ကိုသာ ထပ်တလဲလဲ လောင်ကျွမ်းလိုက်မည်ဆိုပါက သွေးအဆီအနှစ်လောင်ကျွမ်းခံရသည့်လူမှာ သာမန်လူများထက် ပို၍ အိုမင်းရင့်ရော်နေပေလိမ့်မည်။ ထို့အပြင် ရှေးခေတ် လူရိုင်းမျိုးနွယ်စုများထဲ အနည်းငယ်သည်သာ လူရိုင်းပညာရပ်များကို အသုံးပြုနိုင်ကြပေသည်။ အများစုမှာတော့ ရုပ်ခန္ဓာကိုယ်ကိုသာ လေ့ကျင့်နိုင်ကြသည်။ လူရိုင်းပညာရပ်များကို အသုံးပြုနိုင်သည့် လူများကိုမူ မှော်ဆရာများဟု ခေါ်ဝေါ်ကြပေသည်။ ထို့အတွက်ကြောင့် လူရိုင်းပညာရပ်များမှာလည်း မှော်ပညာရပ်များဟု အမည်တွင်လာရတော့သည်။
လက်ရှိ တုတ်ကောက်တစ်ချောင်းနှင့် လမ်းလျှောက်နေသော လူအိုကြီးမှာ မှော်ဆရာတစ်ဦးဖြစ်ပေသည်။ သို့သော်ငြား မှော်ဆရာများနှင့် ပတ်သက်သည့် အကြောင်းအရာများမှာ ရှေးခေတ်အချိန်တွင်သာ ကျန်ရစ်ခဲ့သဖြင့် မှော်ဆရာတစ်ဦး မည်မျှအားကောင်းသလဲ ဆိုသည်ကိုတော့ ရန်ကိုင်မပြောတတ်ပေ။ ထို့အပြင် ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲ နှစ်အတန်ကြာအောင် လှည့်ပတ်သွားနေပြီးသည့်နောက်မှသာ ရှေးခေတ်လူရိုင်းမျိုးနွယ်ဟူသောစကားကို ရံဖန်ရံခါ ကြားခဲ့ရခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုခေတ်အခါက ပညာရှင်များကြား ခွန်အားအဆင့် ခွဲဝေသတ်မှတ်ထားပုံကို ရန်ကိုင်မပြောတတ်ပေ။
(ဒီလူတွေက ရှေးခေတ်လူရိုင်းမျိုးနွယ်စုတွေ ဖြစ်နေလိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး… ပြီးတော့ ငါကိုယ်တိုင်လည်း မှော်ပညာရပ်တစ်ခုကို လာတွေ့ရမယ်လို့လည်း တကယ်ကို မထင်ထားခဲ့တာ… ကြည့်ရတာ ငါ အခုရောက်နေတဲ့နေရာက ရှေးခေတ်သမိုင်းကြောင်းထဲမှာနဲ့တူတယ်… ဒါပေမယ့် ဘယ်လိုလုပ်ပြီး အခုလိုမျိုးဖြစ်ရတာလဲ… အခုခေတ်နဲ့ ရှေးခေတ်က အကွာကြီးကွာနေတာလေ… ပြီးတော့ ဒီမျိုးနွယ်စုတစ်ခုလုံးက သမိုင်းကြောင်းထဲမှာ ပျောက်ကွယ်သွားပြီပဲဟာကို… ဒီကမ္ဘာငယ်လေးက ရှေးခေတ်တည်းက အဖြစ်အပျက်တွေကို ဘယ်လိုလုပ်ပြီး ထိန်းထားနိုင်ရတာလဲ… ဘာလဲ… ဒီနေရာကြီးက အတုလား အစစ်လား… ငါကရော တကယ်ကြီး အားညိုလား… ငါက အားညိုဆိုရင် ရန်ကိုင်ဆိုတဲ့တစ်ယောက်က ဘယ်ရောက်သွားတာလဲ… ငါ အိပ်မက်မက်နေတာပဲလား…)
“ရွာသူကြီးက မှော်အတတ်သင်တစ်ယောက်ဆိုတာကို နင် အခုမှသိတာလား… အဲ့အကြောင်းကို အခုမှသိရအောင် အရင်တုန်းက နင် ဘယ်တွေ သဝေလျှောက်ထိုးနေတာလဲ…” ရန်ကိုင်၏ရေရွတ်သံကို ကြားသော် အားဟွာက ဒေါသတကြီး ထအော်တော့လေသည်။ သူမ၏တံတွေးစက်များမှာ ရန်ကိုင်မျက်နှာသို့ပင် လာစင်ကုန်လေ၏။ “ငါတို့ရွာမှာ ဆန်ကုန်မြေလေးတွေကို အလိုမရှိဘူးဆိုတာ မှတ်ထားဦး… အားဟူ သူ့ဝေစုကို နင့်ကို ခွဲခွဲပြီး ပေးနေလို့ပေါ့… မဟုတ်ရင်တော့ နင် ငတ်ပြီးသေတာ ကြာနေပြီ… ဒီနေ့က နင်ဘယ်သူဆိုတာကို သက်သေပြလို့ရမယ့်နေ့ပဲ… အားဟူ နင့်အပေါ် အနစ်နာခံပေးထားတာတွေကို အလဟဿဖြစ်အောင်မလုပ်နဲ့…”