မျိုးနွယ်တူအတွင်းက သတ်ဖြတ်ပွဲ
Vol. 209 Ch. 3121
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အပြစ်သားကုန်းမြေကိုးခုထဲမှ တစ်ခုဖြစ်သော ယက္ခိုသ်အပြစ်သားကုန်းမြေသည် ကြေမွပျက်စီးပြီး မရေမတွက်နိုင်သော ယက္ခိုသ်အပြစ်သား စိတ်ဝိညာဉ်များက လွတ်မြောက်သွားခဲ့၏။ သူတို့သည် လေထဲမှာ အငွေ့ပျံသွားသည့်အလား တစ်စွန်းတစ်စမကျန် လုံးလုံးလျားလျား ပျောက်ကွယ်သွားကြသည်။
တကယ်ဆို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်း ဖြန့်ကြက်ပြီး အမဲလိုက်အမိန့်တစ်ခုကိုပင် ထုတ်ပြန်ခဲ့လေသည်။ ဤနှစ်များအားလုံးမှာ မည်သူကမှ ယက္ခိုသ်အပြစ်သား စိတ်ဝိညာဉ်များ၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ကြပေ။
ထိုအခိုက်အတန့်မှာ ဆူဇီမိုထံမှ ရုတ်တရက်ထွက်ပေါ်လာသော စကားလုံးများက လူတိုင်းကို တုန်လှုပ်သွားစေ၏။
လူတိုင်းသည် အဲဒါနှင့်ပတ်သက်၍ များစွာမစဉ်းစားကြဘဲ ဆူဇီမိုသည် နန်းကြည်ကို နှစ်သိမ့်ပေးဖို့အတွက် ပြောချင်ရာပြောနေသည်ဟုသာ အလိုလိုမှတ်ယူလိုက်ကြ၏။
ဆူဇီမို ဒုက္ခရောက်မည်ကိုစိုးပြီး သံသရဖူဆောင်းအဘိုးအိုက တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။
“ဇီမို... မင်း နောက်ပိုင်း ဒီလိုမျိုးစကားတွေကို ပြောတဲ့အခါ သတိထားရမယ်… ပြောချင်တာ လျှောက်ပြောလို့မရဘူး”
ဆူဇီမိုက ညင်သာစွာပြုံးပြီး ရှင်းမပြနေပေ။ ထိုအစား သူက နန်းကြည်ကို လှည့်ကြည့်ပြီး မေးလိုက်၏။
“အဲ့ဒီ အမှောင်သန္ဓေပြောင်းခြင်းဆိုတာ ဘာလဲ”
နန်းကြည်က ပြောလိုက်၏။
“နတ်ဘုရားမျိုးနွယ်သက်ရှိတွေအားလုံးက ပကတိဧကနယ်ပယ်ကို မဝင်ရောက်ခင် ကျင့်ကြံရေးဖြစ်စဉ်အတွင်းမှာ ဒီလိုမျိုးအပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်… ဒါပေမဲ့ အလင်းကမ္ဘာမှာ ဒီလိုမျိုးအပြောင်းအလဲတစ်ခုက အရမ်းကို ဆိုးယုတ်ပြီး သူတို့ရဲ့စိတ်နေစရိုက်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ သူတို့က မှတ်ယူကြတယ်”
အလင်းကမ္ဘာသည် အမှောင်သန္ဓေပြောင်းလဲခြင်းနှင့် ကြုံတွေ့ထားသော မည်သည့်နတ်ဘုရားမျိုးနွယ်သက်ရှိကိုမဆို မိစ္ဆာဒိဋ္ဌိဟု ရှုမြင်ပြီး အညှာတာမဲ့စွာ သတ်ဖြတ်ကြပေလိမ့်မည်။
“ကျွန်မလိုမျိုး ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းမှ အမှောင်သန္ဓေပြောင်းခြင်း ဖြစ်ပေါ်လာတဲ့သူတွေကိုတော့ သိပ်ပြီးတော့ တွေ့ရလေ့မရှိဘူး”
“အမှောင်ကမ္ဘာ... အမှောင်မျိုးနွယ်...”
ဆူဇီမိုက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းကပင် သူသည် အမှောင်မျိုးနွယ်မှ သက်ရှိများစွာနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိပေ။
နန်းကြည်ပြောပုံအရ အဲဒါသည် အချက်တစ်ချက်ကို အတည်ပြုပေးနေ၏။
အမှောင်မျိုးနွယ်ဟု ခေါ်ဆိုခံရသူများမှာလည်း အစက နတ်ဘုရားမျိုးနွယ်ပင် ဖြစ်လေသည်။
သူ၏ ခန့်မှန်းချက်ကို အတည်ပြုပေးနိုင်သော နောက်ထပ်အချက်တစ်ချက် ရှိနေ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူသည် အောက်ဘုံလောကရှိ နတ်ဘုရားမျိုးနွယ်နှင့် တိုက်ခိုက်ခဲ့ရလေသည်။
ထိုအချိန်တုန်းက နတ်ဘုရားမျိုးနွယ်များကြားမှာ အမှောင်စစ်တပ်လည်း ပါဝင်လေသည်။ သို့သော်လည်း အထက်ဘုံလောက၏ နတ်ဘုရားမျိုးနွယ်မှာ အမှောင်စွမ်းအား လုံးဝမရှိပေ။
“အရင်တုန်းက အလင်းခေတ်နဲ့ အမှောင်ခေတ်မှာ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ”
မဟာဧကရာဇ်အလင်းနှင့် မဟာဧကရာဇ်အမှောင်သည် အရင်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ပါဝင်ခဲ့ကြ၏။ သို့သော်လည်း အပြစ်သားကုန်းမြေကိုးခုမှာ နတ်ဘုရားမျိုးနွယ်မှလူများ တစ်ဦးတစ်ယောက်မှ မရှိပေ။
ဆူဇီမိုက အဖြေတစ်ခုကို ခပ်ရေးရေး တွေးမိနေ၏။
သို့သော်လည်း ထိုအဖြေက အရမ်းကို ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းတမ်းလွန်း၏။
ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ...
ဂမ္ဘီရမိုးကောင်းကင်နန်းတော်…
ခန်းမထဲမှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် သိုင်းတာအိုပင်မခန္ဓာက မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
“အမှောင်မျိုးနွယ်က အစတုန်းက နတ်ဘုရားမျိုးနွယ်ပဲမလား”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ဟုတ်တာပေါ့”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြောလိုက်၏။
“အလင်းနဲ့အမှောင်က တစ်ခုကိုတစ်ခု ဖြည့်စွက်ပေးကြတယ်… လောကမှာ အလင်းရှိရင် သေချာပေါက် အမှောင်လည်း ရှိရမယ်… နတ်ဘုရားမျိုးနွယ်မှာ အစတုန်းက ပင်မမျိုးဆက်သွေး နှစ်ခုရှိခဲ့တယ်… တစ်ခုကတော့ အလင်းဂမ္ဘီရခန္ဓာနှင့် နောက်တစ်ခုက အမှောင်ဂမ္ဘီရခန္ဓာပဲ”
“အလင်းခေတ်နဲ့ အမှောင်ခေတ်ရဲ့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတွေအပြီးမှာ ဘာတွေဖြစ်ခဲ့တာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
သူက အလင်းခေတ်နှင့်အမှောင်ခေတ်အကြောင်း မမေးမြန်းရသေးခင် မိစ္ဆာအရှင်က ထွက်ခွာသွားခဲ့၏။
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြောလိုက်သည်။
“အရင်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အလင်းကမ္ဘာဆိုတာ လုံးဝမရှိခဲ့ဘူး… အဲ့ဒီမှာ အလင်းမျိုးဆက်သွေးနဲ့ အမှောင်မျိုးဆက်သွေး ပါဝင်တဲ့ နတ်ဘုရားကမ္ဘာပဲ ရှိခဲ့တယ်”
“နောက်ပိုင်းမှာ အလင်းနတ်ဘုရားမျိုးနွယ်ကနေ မဟာဧကရာဇ်တစ်ပါး မွေးဖွားပေါ်ထွက်လာခဲ့တယ်… သူက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ငါတို့နဲ့ပူးပေါင်းခဲ့တယ်… နောက်ပိုင်းမှာတော့ ငါတို့က ရှုံးနိမ့်ပြီး မဟာဧကရာဇ်အလင်းက သေဆုံးသွားတယ်… နတ်ဘုရားကမ္ဘာကိုလည်း ကျဆုံးသွားစေခဲ့တယ်”
“နောက်ပိုင်းမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက နတ်ဘုရားအပြစ်သားကုန်းမြေလို့ခေါ်တဲ့ အပြစ်သားကုန်းမြေတစ်ခုမှာ နတ်ဘုရားမျိုးနွယ်သက်ရှိတွေကို အကျဉ်းချထားခဲ့တယ်”
“ဟဲဟဲ”
ထိုနေရာရောက်မှ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ထူးဆန်းစွာ ရယ်မောလိုက်၏။
“အဲ့လိုနဲ့ အလင်းခေတ်က အဆုံးသတ်ပြီး နောက်ထပ်ခေတ်တစ်ခေတ်ကို ငါတို့က ဝင်ရောက်လာခဲ့တယ်… ဒါပေမဲ့ အရင်ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ နတ်ဘုရားမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းက လုံးဝကို ကြောက်လန့်သွားခဲ့တယ်”
“နတ်ဘုရားအပြစ်သားကုန်းမြေရဲ့ ခြောက်လှန့်မှုနဲ့ နတ်ဘုရားမျိုးနွယ်သက်ရှိ အတော်များများက ကောင်းကင်ဘုံခုံရုံးကို လက်စားမချေရဲကြဘူး…. သူတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကိုလည်း မဆန့်ကျင်ရဲကြဘူး”
“နတ်ဘုရားမျိုးနွယ်ရဲ့ တခြားသက်ရှိတစ်အုပ်စုက မဟာဧကရာဇ်အလင်းအတွက် လက်စားချေလိုပြီး သူတို့က နောက်ထပ် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ခဲ့ကြတယ်”
“နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခက ပိုပြီးတော့ ပြင်းထန်ကြမ်းတမ်းလာခဲ့တယ်… နတ်ဘုရားမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းက နတ်ဘုရားကမ္ဘာကနေ ထွက်ခွာပြီး နောက်ထပ် ကမ္ဘာတစ်ခုသက်သက်ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြတယ်… အဲ့ဒါက အဲ့ဒီခေတ်ရဲ့ အမှောင်ကမ္ဘာပဲ”
“အမှောင်ကမ္ဘာမှာ နောက်ထပ် မဟာဧကရာဇ်တစ်ပါး မွေးဖွားပေါ်ထွက်လာခဲ့တယ်… နောက်ပိုင်းမှာ သူက မဟာဧကရာဇ်အမှောင်ဆိုပြီး ကျော်ကြားခဲ့တယ်”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ခေတ်ဆယ်ခေတ်ထက်ပို၍ မှတ်တမ်းတင်မထားပေ။ သို့သော်လည်း သူတို့ကြားမှာ နတ်ဘုရားမျိုးနွယ်မှ မဟာဧကရာဇ်နှစ်ပါး ပေါ်ထွက်ခဲ့ကြသည်။
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ဆက်ပြောလိုက်သည်။
“အမှောင်ထုက သူ့ရဲ့တာအိုကို အတည်ပြုပြီးတဲ့နောက် သူက မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တယ်… အဲ့ဒီအချိန်မှာ သူ ပထမဆုံးပြုလုပ်ခဲ့တာကတော့ နတ်ဘုရားအပြစ်သားကုန်းမြေကို ဖျက်ဆီးပြီး အဲ့ဒီမှာ အကျဉ်းချခံထားရတဲ့ သူ့ရဲ့မျိုးနွယ်ဝင်တွေကို ကယ်တင်ခဲ့တာပဲ… နောက်ပိုင်းမှာ ငါတို့တွေက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို စတင်ခဲ့ကြတယ်… ဒါပေမဲ့ ငါတို့တွေ နောက်ဆုံးမှာ ထပ်ပြီးရှုံးနိမ့်ပြီး အမှောင်ကမ္ဘာကလည်း ပြင်းထန်တဲ့ ပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်… အလင်းကမ္ဘာက အမှောင်ခေတ်ရဲ့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ဝင်မပါခဲ့ကြဘူး”
“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ပြီးဆုံးသွားတဲ့နောက် ကောင်းကင်ဘုံခုံရုံးက အစက ဒေါသချောင်းချောင်းထွက်ပြီး သူတို့က နတ်ဘုရားမျိုးနွယ်တစ်ခုလုံးအပေါ် သူတို့ရဲ့အမျက်ဒေါသကို ဖွင့်ထုတ်လိုခဲ့တယ်… ဒါပေမဲ့ အလင်းကမ္ဘာရဲ့ လောကအရှင်နဲ့ ဧကရာဇ်တွေက ကောင်းကင်ဘုံခုံရုံးထံမှာ အညံ့ခံဖို့ ရွေးချယ်ပြီး သူတို့ရဲ့ သစ္စာစောင့်သိမှုကို ပြသဖို့အတွက် အမှောင်နတ်ဘုရားမျိုးနွယ်ဝင်တွေကို အစုလိုက်အပြုံလိုက် ထင်တိုင်းကျဲ သတ်ဖြတ်ခဲ့ကြတယ်”
မျိုးနွယ်တူအတွင်းက သတ်ဖြတ်ပွဲ…
ထိုစကားလုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာ၏။ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက လှောင်ရယ်လိုက်၏။
“အရင်တုန်းက အမှောင်ကမ္ဘာကို ကောင်းကင်ဘုံခုံရုံးက ဖျက်ဆီးခဲ့တာလို့ မင်းထင်နေတာမလား… အဲ့ဒီမှာ သူတို့ကို ကူညီပေးခဲ့တဲ့ ကောင်းကင်ဘုံခုံရုံးနဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူတွေ တကယ်ပဲ ရှိခဲ့တယ်”
“ဒါပေမဲ့ အမှောင်ကမ္ဘာကို တကယ်တမ်း ဖျက်ဆီးပြီး အမှောင်နတ်ဘုရားမျိုးနွယ်ဝင်တွေကို ချေမှုန်းသုတ်သင်ခဲ့တာကတော့ အလင်းကို ကိုယ်စားပြုတယ်ဆိုတဲ့ အဲ့ဒီနတ်ဘုရားမျိုးနွယ်သက်ရှိတွေပဲ”
အရင်တုန်းက ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အမှောင်ကမ္ဘာနှင့်ပတ်သက်ပြီး နန်းကြည်နှင့် စကားပြောဆိုခဲ့ကြ၏။
နန်းကြည်သည် တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုခဲ့လေသည်။ ဘာကြောင့်ရယ်မသိ အလင်းကမ္ဘာသည် အမှောင်ခေတ်အပြီးမှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ထိပ်တန်းကမ္ဘာကြီးတစ်ခုအဖြစ် ပြန်လည်ရောက်ရှိလာခဲ့၏။
ယခု သူက အဲ့ဒါနှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားကြည့်လိုက်၏။ သူတို့သည် ထိုတိုက်ပွဲမှာ သူတို့၏ အကျိုးဆောင်မှုများကနေတစ်ဆင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ယုံကြည်မှုကို ရရှိခဲ့သောကြောင့် ဖြစ်ရပေမည်။
“တကယ်တော့ အဲ့ဒီတိုက်ပွဲတစ်ခုတည်းက အလင်းနတ်ဘုရားမျိုးနွယ်ကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ အကျဉ်းချခံရခြင်းကနေ တားဆီးပေးဖို့ မလုံလောက်ခဲ့ဘူး”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြောလိုက်၏။
“အဲ့ဒါကြောင့် အလင်းနတ်ဘုရားမျိုးနွယ်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ရှေ့မှာ ကတိကဝတ်တစ်ခုကို ပြုခဲ့ရတယ်… အဲ့ဒါကတော့ သူတို့မျိုးနွယ်အတွင်းမှာ အမှောင်နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ဦး မွေးဖွားပေါ်ထွက်လာတာနဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဝင်ပါစရာမလိုဘဲ သူတို့ဘာသာသူတို့ အဲ့ဒီလူကို သတ်ဖြတ်ပေးမယ်ဆိုတာပဲ”
“အဲဒါကြောင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက နတ်ဘုရားအပြစ်သားကုန်းမြေက အခုချိန်မှာ အမှောင်အပြစ်သားကုန်းမြေဆိုပြီး ဖြစ်လာခဲ့တာပဲ”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
သူသည် ဤအကြောင်းအရာများကို အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာထံမှတစ်ဆင့် ကြားသိရခြင်း ဖြစ်သည်ဆိုလျှင်တောင် သူက အဲဒါသည် မနှိုင်းယှဉ်သာအောင် ရက်စက်ကြမ်းတမ်းလွန်းသည်ဟု ခံစားနေရ၏။
အလင်းကို ကိုယ်စားပြုသော နတ်ဘုရားမျိုးနွယ်၏ တစ်စိတ်တစ်ဒေသသည် ဤကဲ့သို့ မှောင်မိုက်၍ သွေးအေးရက်စက်လွန်းသော ကိစ္စတစ်ခုကို တကယ်ပဲ ပြုလုပ်ခဲ့ကြလေသည်။
ဤနှစ်များမှာ နောက်ပိုင်းမွေးဖွားပေါ်ထွက်လာခဲ့သည့် အမှောင်နတ်ဘုရားမျိုးနွယ်သက်ရှိများက တကယ့်ကို အပြစ်ကင်းကြလေသည်။ သို့သော်လည်း သူတို့၏ မျိုးဆက်သွေးမှာ အမှောင်စွမ်းအား ပါဝင်နေတာနှင့်ပင် သူတို့သည် အလင်းနတ်ဘုရားမျိုးနွယ်၏ အညှာအတာမဲ့စွာ သတ်ဖြတ်ခြင်းခံခဲ့ရ၏။
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရယ်မောလိုက်၏။
“အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အကျိုးသင့်အကြောင်းသင့် ဖြစ်စေဖို့အတွက် အဲဒီနတ်ဘုရားမျိုးနွယ်သက်ရှိတွေက အခုချိန်ထိ လက်ဆင့်ကမ်းလာခဲ့တဲ့ ပြောင်မြောက်တဲ့ အကြောင်းပြချက်တစ်ခု ရှိတယ်”
“အဲဒါကတော့ အမှောင်စွမ်းအားကို နိုးထစေတဲ့ ဘယ်သူ့မှာမဆို စိတ်နေစရိုက်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပြီး အပြစ်သားစိတ်ဝိညာဉ်တွေ ဖြစ်လာမယ်ဆိုတာပဲ”
“အဲဒီစည်းမျဉ်းစည်းကမ်းနဲ့ဆို သူတို့တွေက သူတို့ရဲ့ မျိုးနွယ်ဝင်အချင်းချင်း သတ်ဖြတ်တဲ့အခါ ဝန်ထုပ်ဝန်ပိုးကို ခံစားရမှာ မဟုတ်တော့ဘူး… သူတို့ရဲ့ စိတ်ထဲမှာ သူတို့က အမှောင်နတ်ဘုရားမျိုးနွယ်ကို သူတို့ရဲ့ မျိုးနွယ်ဝင်လို့တောင် မသတ်မှတ်ကြတော့ဘူး… အဲ့လိုနဲ့ သူတို့တိုက်ခိုက်တဲ့အခါမှာ အညှာအတာမဲ့နိုင်ကြတယ်”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
သနားစရာကောင်းသော နတ်ဘုရားမျိုးနွယ်သည် မဟာဧကရာဇ်အလင်းနှင့် မဟာဧကရာဇ်အမှောင်ကို မွေးထုတ်ပေးခဲ့သော်လည်း အနာဂတ်မှာ သူတို့သည် မျိုးနွယ်ဝင်အချင်းချင်း သတ်ဖြတ်ရခြင်းဖြင့် အဆုံးသတ်သွားခဲ့လေသည်။
တကယ်တော့ ဤဖြစ်ရပ်ဆိုးသည် အရင်တုန်းက အလင်းနတ်ဘုရားမျိုးနွယ်ဝင်များ၏ သတ္တိကြောင်မှုကြောင့် ဖြစ်လေသည်။
သို့သော်လည်း ဤဖြစ်ရပ်ဆိုး၏ အရင်းအမြစ်က ကောင်းကင်ဘုံခုံရုံးပင် ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် နေနှင့်ညကုန်းမြေမှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ကြုံတွေ့ခဲ့ရသော အမှောင်မြင်းစီးစစ်သည်အုပ်စု၏ ထပ်တလဲလဲ ရေရွတ်နေသော စကားသံများကို ပြန်လည်အမှတ်ရလာ၏။
“ခန္ဓာကိုယ်ကို အမှောင်ထုက လွှမ်းခြုံထားပေမဲ့ နှလုံးသားက အလင်းဆီသို့ ဦးတည်နေတယ်…..”
အမှောင်နတ်ဘုရားမျိုးနွယ် မျှော်လင့်တောင့်နေသော အလင်းသည် အလင်းကမ္ဘာမှ အလင်းမဟုတ်ပေ။ ထိုအစား အဲ့ဒါသည် ကောင်းကင်ဘုံခုံရုံး၏ ချိပ်စည်းကို ချိုးဖျက်ကာ နောက်တစ်ဖန်ပေါ်ထွက်လာမည့် နေ့အလင်းရောင် ဖြစ်လေသည်။
“အဲ့ဒီတုန်းက အမှောင်နတ်ဘုရားမျိုးနွယ်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့တဲ့ ဧကရာဇ်တချို့ကလည်း အဆုံးသတ်မကောင်းခဲ့ကြဘူး”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ဆက်ပြောလိုက်၏။
“နောက်ပိုင်းမှာ သူတို့က အာရှဲ့ရဲ့ ပစ်မှတ်ထားခြင်းခံရပြီး တောကောင်တာအိုထဲကို အတင်းအကျပ် ဆွဲခေါ်ယူသွင်းခြင်းခံခဲ့ရတယ်… အခုအချိန်ထိကို သူတို့တွေက ပြန်ဝင်စားခြင်းလမ်းကြောင်းကို မဝင်ရောက်နိုင်ကြဘူး… သူတို့တွေက ခေတ်အဆက်ဆက် တောကောင်တာအိုထဲမှာ အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်”