လက်သည်တရားခံ
Vol. 209 Ch. 3122
အာရှဲ့သည် အိပ်မက်ထဲမှာ သိုင်းတာအိုပင်မခန္ဓာနှင့် ကြုံတွေ့ခဲ့ရသော မိန်းကလေးဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် တောကောင်တာအို၏ အရှင် ဧကရီဆိုးယုတ်ဖြစ်သည်။
ထိုတွေ့ကြုံကြိုက်မှုက အိပ်မက်တစ်ခုကဲ့သို့ ဖြစ်ပုံရ၏။
သို့သော်လည်း တကယ်တမ်းမှာ ဆူဇီမိုနှင့် အာရှဲ့သည် ထိုအိပ်မက်ထဲမှာ တစ်ဘဝလုံးစာ တစ်ယောက်ကိုတစ်ယောက် မှီခိုကာ ကုန်ဆုံးခဲ့ကြလေသည်။
အစစ်အမှန် ဧကရီဆိုးယုတ်သည် အိပ်မက်ထဲက အာရှဲ့နှင့် တူသလားဆိုတာကို သူ မသိပေ။
ထိုအိပ်မက်ထဲမှာ အာရှဲ့၏ နှလုံးသားက သန့်စင်ကြည်လင်လေသည်။ သူမသည် ကြင်နာတတ်သော လူများက ဆုချီးမြှင့်ခံရပြီး ဆိုးယုတ်သောလူများက အပြစ်ပေးခံရမည်ဟူသော ကောင်းကင်ဘုံတာအို၏ စက်ဝန်းကို ဇွတ်တရွတ်ယုံကြည်ထားလေသည်။
သို့သော်လည်း တကယ့်လက်တွေ့ဘဝမှာ ကောင်းကင်ဘုံတာအို၏ စက်ဝန်းကဲ့သို့အရာမျိုး မရှိပေ။
ကောင်းကင်ဘုံတာအို၏ စက်ဝန်းတစ်ခု ရှိမည်ဆိုလျှင် ကောင်းကင်ဘုံကိုးလွှာသည် ဖျက်ဆီးခံခဲ့ရသည်မှာ ကြာနေခဲ့လေပြီ။
ကောင်းကင်ဘုံတာအို၏ စက်ဝန်းတစ်ခု ရှိမည်ဆိုလျှင် ထိုရှေးဟောင်းမဟာဧကရာဇ်များသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကာ ခေတ်ပေါင်းများစွာ စော်ကားပုတ်ခတ်ခံရသည့် ဖြစ်ရပ်မျိုး မရှိခဲ့သင့်ပေ။
ကောင်းကင်ဘုံတာအို၏ စက်ဝန်းတစ်ခု ရှိမည်ဆိုလျှင် စစ်မြေပြင်မှာ မရေမတွက်နိုင်သော သက်ရှိများကို သေကြေပျက်စီးစေခဲ့သည့် နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲနှင့် ခွန်များနှင့် ဖန်းများ၏ စစ်ပွဲကို နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်ခဲ့သည့်လူက တန်ပြန်ရိုက်ခတ်တစ်ခုနှင့် ကြုံတွေ့သင့်ပြီး ယခုအချိန်ထိ အသက်ရှင်မနေသင့်ပေ။
သို့သော်လည်း ထိုလူသည် ယခု သူ့ရှေ့တည့်တည့်မှာ ထိုင်နေ၏။
သိုင်းတာအိုပင်မခန္ဓာက ခံစားချက်တစ်ခုကို ရရှိနေသည်။
တမလွန်ဘုံနှင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ခွဲထုတ်၍မရအောင် ချိတ်ဆက်နေကြ၏။
တကယ်ဆို သူတို့သည် ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်တိုက်ခိုက်ရန် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကိုပင် အတူပူးပေါင်းကာ ဆင်နွှဲခဲ့ကြ၏။
သို့သော်လည်း ဧကရီဆိုးယုတ်သည် သူ့ရှေ့မှ မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းနှင့် ကွဲပြားခြားနားနေပုံရသည်။
သူတို့၏ တာအိုများက မတူကြပေ။
သို့သော် မိစ္ဆာအရှင်ကရော…
ဗြဟ္မာတစ္ဆေမိခင်ကရော…
သိုင်းတာအိုပင်မခန္ဓာသည် သူတို့နှင့် ထိတွေ့ဆက်ဆံမှု များစွာမရှိခဲ့ဘဲ သူ့အနေဖြင့် တိကျသော အကဲဖြတ်မှုတစ်ခုကို ပြုလုပ်ဖို့က မလွယ်ပေ။
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် အစက လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်သုံးနေစဉ် သူ့အပေါ်သို့ တောက်လောင်ပြင်းပြသော အကြည့်တစ်ခု ကျဆင်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
“ဟမ့်…”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက မျက်ခုံးအနည်းငယ်ပင့်ပြီး ရှောင်တိမ်းခြင်းမရှိဘဲ ပြန်ကြည့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး သူ၏ မျက်နှာအမူအရာကို မတွေ့မြင်နိုင်ပေ။ သူ၏ ချောက်နက်လို မျက်လုံးများကိုသာ ထုတ်ဖော်ထားပြီး တည်ငြိမ်နေပုံရ၏။
သို့သော်လည်း အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် ထိုမျက်လုံးများ၏ အနက်ပိုင်းထဲမှာ ရန်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စကို ခံစားနေရ၏။
“မင်း ဘာဖြစ်ချင်လို့လဲ”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူ၏ မျက်လုံးကို မှေးကျဉ်းကာ မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက တိုက်ရိုက်ပြန်မဖြေပေ။ ထိုအစား သူက မရေမရာ ပြောလိုက်၏။
“နဂါးကမ္ဘာရဲ့ နဂါးကျွန်းမှာတုန်းက နဂါးလောကအရှင်က ပင်ကိုယ်ဗီဇဝေဒနာကျိန်စာ မိထားပြီး သူ့ရဲ့ဆင်ခြင်တုံတရားကို ဆုံးရှုံးနေခဲ့တယ်… ဒီလိုမျိုးအခြေအနေမှာ ဘေးပတ်လည်မှာရှိတဲ့ နဂါးတွေက သူ့ကို အယူသန်တဲ့ အထင်ကြီးလေးစားမှုနဲ့ ကြည့်နေခဲ့ကြတယ်”
“အဲ့ဒီအချိန်တုန်းက အဲ့ဒီအယူသန်တဲ့ အကြည့်တွေကို နည်းနည်းရင်းနှီးနေပုံရတယ်လို့ ငါခံစားခဲ့ရတယ်… ဒါပေမဲ့ ငါ အဲ့ဒါကို အဲ့ဒီအချိန်တုန်းက ပုံမဖော်နိုင်ခဲ့ဘူး”
“နောက်ပိုင်း မင်းရဲ့သရုပ်သကန်ကို ခန့်မှန်းမိပြီးတဲ့နောက် ငါ အဲ့ဒီအကြည့်ကို ကောင်းကင်အရှင် ဆဗြဟ္မနောက်ကို လိုက်နေတဲ့ ကိုယ်တော်တွေဆီကနေ တွေ့မြင်ခဲ့ဖူးတယ်ဆိုတာကို အမှတ်ရသွားတယ်”
အင်မော်တယ်ဧကရာဇ် ကောင်းကင်ဘုံကိုးလွှာက ပြောလိုက်၏။
“တကယ်တော့ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာ မိထားတဲ့နဂါးတွေက အများကြီး မရှိဘူး”
“အမှန်ပဲ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့ မင်းက သူတို့ရဲ့နှလုံးသားကို ထွင်းဖောက်မြင်ပြီး သူတို့ရဲ့လူသားသဘာဝကို ကစားခဲ့တယ်… မင်းက နဂါးလောကအရှင်နဲ့ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာ ရုပ်သေးရုပ်တချို့ကို အသုံးချပြီး နဂါးမျိုးနွယ်ကို နေရာတိုင်းမှာ တိုက်ခိုက်ပြီး လူတိုင်းနဲ့ ရန်သူတွေ ဖြစ်လာစေခဲ့တယ်… နောက်ဆုံးမှာတော့ အဲ့ဒါက နဂါးတွေနဲ့ ဖီးနစ်တွေကြား စစ်ပွဲအဖြစ် ကျရောက်သွားခဲ့တယ်”
“အဲဒါ ငါ့အမှားလို့ ပြောချင်တာလား”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ရယ်မောကာ ပြောလိုက်၏။
“ငါက နဂါးတွေအများကြီးကို မထိန်းချုပ်ခဲ့ဘူးဆိုတာကို မင်းသိထားရမယ်… တကယ်ဆို ငါက အဲ့လောက်များတဲ့ ပုရွက်ဆိတ်တွေကို ထိန်းချုပ်ဖို့ စိတ်လည်းမဝင်စားဘူး… ငါက နဂါးမျိုးနွယ်ကို သူတို့ရဲ့ နှလုံးသားအနက်ပိုင်းထဲက ဆိုးယုတ်မှုကို ထုတ်လွှတ်ဖို့ အခွင့်အရေးတစ်ခုပေးခဲ့ရုံပဲ”
“အဲ့ဒီနဂါးအုပ်စုက မုန်းတီးမှုတွေနဲ့ ပြည့်နှက်လာပြီး အမှားအမှန်ကို မခွဲခြားနိုင်တော့ဘူးဆိုတာ သူတို့က သူတို့ရဲ့ နှလုံးသားအနက်ပိုင်းထဲမှာ အဲ့ဒီ မှောင်မိုက်တဲ့အရာတွေကို ဖုံးကွယ်ထားခဲ့လို့ပဲ… ဒါပေမဲ့ ငါက သူတို့ကို ဖွင့်ထုတ်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့ရုံပဲ”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ မျက်နှာပေါ်တွင် ထူးဆန်း၍ ကြောက်စရာကောင်းသော အပြုံးတစ်ခုက နောက်တစ်ဖန်ပေါ်ထွက်လာပြီး သူက ခပ်တိုးတိုးပြောလိုက်၏။
“မင်းသိလား… လူတိုင်းရဲ့ နှလုံးသားထဲမှာ အကျဉ်းချခံထားရတဲ့ မိစ္ဆာတစ်ကောင်စီရှိကြတယ်… ငါလုပ်စရာရှိတာက အဲ့ဒီလှောင်ချိုင့်တံခါးကို အသာလေး ဖွင့်ပေးလိုက်ရုံပဲ”
ထိုအခိုက်အတန့်မှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် သိုင်းတာအိုပင်မခန္ဓာကို တကယ်ပင် မကြုံစဖူးအကြောက်တရားတစ်ခု ပေးလာခဲ့၏။
သူသည် လူများ၏ နှလုံးသားများကို ကိုင်တွယ်ထိန်းချုပ်ရန် လူသားသဘာဝ၏ အားနည်းချက်ကို အသုံးချကာ အမှောင်ထုထဲမှာ ပုန်းကွယ်နေသော မိစ္ဆာတစ်ကောင်နှင့် တူလေသည်။ နောက်ဆုံးမှာ သူသည် လူများကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲပေးပြီး သူတို့ကို သွေးအေးရက်စက်၍ နှလုံးသားကင်းမဲ့သူများ ဖြစ်လာစေ၏။
တကယ်ဆို မရေမတွက်နိုင်သော သက်ရှိများ သေကြေပျက်စီးအောင် သူက ကိုယ်တိုင်ပင် သတ်ဖြတ်စရာမလိုခဲ့ပေ။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် သူ့ရှေ့မှာ ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေ၏။ တကယ်တော့ တက္ကသိုလ်ဂိုဏ်းချုပ်သည်လည်း လူသားသဘာဝကို လေ့လာအကဲခတ်ပြီး ထိန်းချုပ်ရာမှာ ပညာရှင်တစ်ဦးဖြစ်လေသည်။
အရင်တုန်းက တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရချိန်မှာ တူညီသော အယူသန်မှုကို ထုတ်ဖော်ခဲ့သည့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တပည့်တစ်အုပ်စု ရှိခဲ့လေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်က သူတို့ကို သူတို့၏ မိသားစုများနှင့် မိတ်ဆွေများကို သတ်ဖြတ်ဖို့ အမိန့်ပေးမည်ဆိုလျှင်တောင် သူတို့က တွေဝေတုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပေ။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မင်းရဲ့နည်းလမ်းတွေနဲ့ဆို မင်းက တမလွန်ကပ်ဘေးအဆိပ်နဲ့ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာ အကူအညီနဲ့ဆို တက္ကသိုလ်ဂိုဏ်းချုပ်ကို ထိန်းချုပ်ဖို့က လွယ်ကူနေမှာပဲ… မင်းက သူ့ကို အလွယ်တကူ လွှတ်ပေးလိုက်တယ်ပေါ့”
မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်း၏ ပုံစံနှင့် စိတ်နေစရိုက်အရ သူသည် ဤကဲ့သို့သော အခွင့်အလမ်းတစ်ခုကို လက်လွှတ်မခံသင့်ပေ။
ဤအကြောင်းကို ပြောဆိုချိန်မှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြုံး၍ပြောလိုက်၏။
“အဲ့ဒီအချိန်တုန်းက တက္ကသိုလ်ဂိုဏ်းချုပ် ငါ့ကို လာရှာတုန်းက ငါ့မှာ တကယ်ပဲ အဲ့လိုအတွေးမျိုး ရှိခဲ့တယ်”
“ဒါပေမဲ့ အဲ့ဒီလူက တော်တော်သတိကြီးတယ်… ငါ့ကို လာတွေ့ခဲ့တဲ့သူက ကိုယ်ပွားတစ်ခုပဲ”
“ထပ်ပြောရရင် သူအဆိုပြုခဲ့တဲ့ ပူးပေါင်းဆောင်ရွက်စရာကိစ္စကလည်း ငါ့ရဲ့စိတ်ကို တကယ်ပဲ ယိမ်းယိုင်စေခဲ့တယ်… ပြီးခဲ့တဲ့နှစ်တွေထဲမှာ ငါ့ဆီကနေ ချီးကျူးစကားကို ရနိုင်တဲ့သူ အများကြီးမရှိဘူး… ငါ သူနဲ့ ခဏစကားပြောပြီးတဲ့နောက် ငါ သူ့ကို တကယ်ပဲ မတိုက်ခိုက်ရက်တော့ဘူး… ဟား ဟား”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
မည်သို့ပင်ဆိုစေ တက္ကသိုလ်ဂိုဏ်းချုပ်သည် မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းထံကနေ မထိမခိုက်လွတ်မြောက်နိုင်ခဲ့သည့်အတွက် တကယ်ပင် အစွမ်းအစရှိလေသည်။
“နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ စစ်ပွဲနဲ့ ခွန်တွေနဲ့ ဖန်းတွေရဲ့ စစ်ပွဲမှာ လူတွေအများကြီး သေခဲ့ရတယ်”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ သက်ပြင်းချလိုက်၏။
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် သိုင်းတာအိုပင်မခန္ဓာ၏ လေသံမှ တစ်နည်းတစ်ဖုံ မူမမှန်ပုံနှင့် သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ပြောနိုင်လေသည်။ သူက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။
“မင်းက သူတို့အတွက် တရားမျှတမှုကို ရှာပေးချင်လို့လား”
အဲ့ဒီအကြွေးအတွက် တစ်ယောက်ယောက်ကတော့ ပေးဆပ်ရမယ်”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“ဒါဆို မင်း ငါ့ကို ဘာလုပ်ချင်လို့လဲ”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ရှေ့သို့အနည်းငယ်တိုးကပ်ပြီး သိုင်းတာအိုပင်မခန္ဓာကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“စုန်းကမ္ဘာ၊ အဆိပ်ကမ္ဘာနဲ့ သွေးကမ္ဘာက လူတွေအများကြီးကလည်း သေခဲ့ရတယ်… ငါကလည်း မင်းနဲ့ အဲ့ဒီအကြွေးကို မရှင်းရသေးဘူး”
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေ၏။
“သူတို့တွေက သေသင့်သေထိုက်လို့ သေရတာပဲ… အဲ့ဒါက သူတို့ပေးဆပ်ရမယ့် တန်ဖိုးပဲ”
“ဟား ဟား ဟား ဟား”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ရုတ်တရက် ရယ်မောလိုက်၏။
ထိုစဉ် သူ၏ အမူအရာက ပြောင်းလဲသွား၏။
“သူတို့တွေက သေသင့်တယ်ပေါ့… ဒါပေမဲ့ နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာနဲ့ အခြားကမ္ဘာပေါင်းထောင်ချီက ပုရွက်ဆိတ်တွေကရော မသေသင့်ဘူးလား”
“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ စတင်တာနဲ့ အဲ့ဒီကမ္ဘာတွေက ကောင်းကင်ဘုံခုံရုံးဘက်ကနေ ရပ်တည်ပြီး ငါတို့ရဲ့လမ်းကြောင်းကို ပိတ်ဆို့တားဆီးလာမယ်ဆိုတာ မင်းသိထားရမယ်”
“ငါတို့က သူတို့နဲ့တိုက်ခိုက်ဖို့ကို မရှောင်လွှဲနိုင်ဘူးဆိုမှတော့ ငါက သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ လှည့်ကွက်တချို့ကို ကြိုတင်ပြီး ထုတ်ဖော်ထားရတာပေါ့… အဲ့လိုနဲ့ ငါတို့ရဲ့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ပိုပြီးတော့ချောချောမွေ့မွေ့ရှိလာလိမ့်မယ်”
“အထီးကျန်သိုင်းသခင်…. ငါ မင်းကို ပြောပြမယ်”
အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက အေးစက်စွာ ပြောလိုက်၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မျိုးနွယ်စုတစ်သောင်းက အသက်တွေကို ဘယ်သူကမှ ဂရုစိုက်မနေဘူး… ကောင်းကင်ဘုံခုံရုံးက လူတွေရဲ့ မျက်လုံးထဲမှာ သူတို့တွေက အလကားသက်သက် ရှင်သန်နေတဲ့ ပုရွက်ဆိတ်တစ်အုပ်စုပဲ”
“ကောင်းကင်ဘုံကိုလွှာဝင်္ကပါကြောင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ဖြတ်ကျော်ရတယ်… ကောင်းကင်ဘုံခုံရုံးက အဲ့ဒီအလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိတွေကို ရှေ့ကနေ တိုက်ခိုင်းပြီး ငါတို့ရဲ့ ကောင်းကင်ဘုံခုံရုံးဆီ ချီတက်မှုကို တားဆီးခိုင်းလိမ့်မယ်”
“အစကတော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အဲ့ဒီသက်ရှိတွေက ဒီကိစ္စမှာ ပါဝင်ပတ်သက်စရာ မလိုခဲ့ဘူး… အစကနေ နောက်ဆုံးအချိန်ထိ ငါတို့မှာ ရည်မှန်းချက်တစ်ခုပဲ ရှိခဲ့တယ်… အဲ့ဒါက ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးဖို့ပဲ”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက လူတွေကို ပါဝင်ပတ်သက်ခိုင်းပြီး ကပ်ဘေးတွေကို တစ်ခုပြီးတစ်ခု ဖြစ်စေခဲ့တာက ကောင်းကင်ဘုံခုံရုံးပဲ”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ကစဉ့်ကလျားတွေနဲ့ ကမ္ဘာတွေရဲ့ ကပ်ဘေးဆိုတာတွေကို အဲ့ဒီကောင်းကင်ဘုံခုံရုံးကပဲ ဖြစ်စေခဲ့တာ… ကောင်းကင်ဘုံခုံရုံးကမှ အစစ်အမှန် လက်သည်တရားခံပဲ”