← Chapters

ကောင်းကင်ဘုံသင်္ချိုင်း၏ လမ်းကြောင်း

Vol. 209 Ch. 3123

ကောင်းကင်ဘုံသင်္ချိုင်း၏ လမ်းကြောင်း

Vol. 209 Ch. 3123

“မင်းပြောလို့ပြီးပြီလား”

သိုင်းတာအိုပင်မခန္ဓာက ထိုစကားကို ကြားသောအခါ ဂရုမစိုက်သည့်ဟန်ဖြင့် မေးလိုက်၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် သူက ရှင်းပြပြီးတာတောင် သူ့အပေါ် သိုင်းတာအိုပင်မခန္ဓာ၏ ရန်လိုစိတ်က လုံးဝလျော့ကျမသွားသည်ကို အာရုံခံမိလိုက်၏။

“ဘာလို့လဲ… မင်း ငါပြောတာကို မယုံဘူးလား”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက မျက်ခုံးပင့်ကာ မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။

“ကောင်းကင်ဘုံခုံရုံးက အဓိကလက်သည်တရားခံဖြစ်ပြီး ကစဉ့်ကလျားအခြေအနေတွေအားလုံးရဲ့ အရင်းအမြစ်ဆိုတာ ငါယုံတယ်”

“ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ပွဲစတင်တာနဲ့ ကောင်းကင်ဘုံခုံရုံးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးကို စုစည်းပြီး ကောင်းကင်ဘုံဆန့်ကျင်လမ်းကြောင်းကို ပိတ်ဆို့တားဆီးမယ်ဆိုတာကိုလည်း ငါယုံတယ်”

တကယ်တော့ မိစ္ဆာအရှင်နှင့် စကားပြောဆိုပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်နေခဲ့ပြီးသားဖြစ်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ တည်ရှိမှုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပြုမူလှုပ်ရှားမှုများကို စောင့်ကြည့်ရုံသာ မဟုတ်ပေ။

ကစဉ့်ကလျားအခြေအနေများသည် ဆိုးယုတ်မိစ္ဆာများထံမှကနေ မွေးဖွားပေါ်ထွက်လာသည်ဟူသော သဘောတရားကို မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ စိတ်ထဲ ရိုက်သွင်းပေးရန်နှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ထိန်းသိမ်းထားဖို့ ဖြစ်လေသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပါရမီအရှိဆုံး ပကတိစိတ်ဝိညာဉ်ပညာရှင်များသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ စုဝေးရောက်ရှိလာပြီး ဆိုးယုတ်မိစ္ဆာများကို သတ်ဖြတ်ကာ ဆုလာဘ်များနှင့် ဖလှယ်ရယူနိုင်မည်ဖြစ်၏။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ဖြစ်ပွားလာပြီး ဆိုးယုတ်မိစ္ဆာဟု ခေါ်ဆိုသူများ ပြန်လည်ပေါ်ထွက်လာသည်နှင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ကောင်းကင်ဘုံခုံရုံးဘက်မှာ အလိုလိုရပ်တည်လာကြပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အမြင့်မှာ စွမ်းပကားကြီးမားစွာ ရပ်တည်ခဲ့ပြီး ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးသော အချက်နှင့်အတူ….

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို နောက်ခံပေးထားသည့် ကြီးမားသော အဖွဲ့အစည်းကို မပြောနှင့်၊ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတစ်ခုတည်းကပင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ စိတ်နှလုံးကို လွှမ်းမိုးခြယ်လှယ်ဖို့ လုံလောက်လေသည်။

သိုင်းတာအိုပင်မခန္ဓာက စကားလမ်းကြောင်းပြောင်းပြီး အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ မျက်လုံးများကို တောက်လောင်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ဒါပေမဲ့ မင်းက နဂါးတွေနဲ့ ဖီးနစ်တွေကြား စစ်ပွဲ၊ ခွန်းတွေနဲ့ ဖန်းတွေကြားက စစ်ပွဲကို သွေးထိုးလှုံ့ဆော်ခဲ့တာ အဲဒီအကြောင်းကြောင့်မဟုတ်ဘူး”

“ဒီနှစ်တွေအားလုံးမှာ မင်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက်မဟုတ်ဘဲ မင်းကိုယ်ကျိုးအတ္တအတွက် မရေမတွက်နိုင်တဲ့သက်ရှိတွေရဲ့ သေကြေပျက်စီးမှုကို ဖြစ်စေခဲ့တာပဲ”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အမူအရာက တည်ငြိမ်နေပြီး သူက ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးကာမေးလိုက်၏။

“မင်း ဘာတွေလာပြောနေတာလဲ”

“တမလွန်ကပ်ဘေးအဆိပ်ရယ်၊ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာရယ်၊ မင်းရဲ့ လူသားသဘာဝအပေါ် ထွင်းဖောက်မြင်နိုင်စွမ်းနဲ့ လူသားနှလုံးသားအပေါ် ထိန်းချုပ်နိုင်စွမ်းနဲ့ဆို မင်းက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကို ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲရဲ့ အမှန်တရားကို ပြောပြလိုက်တာနဲ့ မင်းက ကောင်းကင်ဘုံခုံရုံးနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ ကမ္ဘာအတော်များများကို စည်းရုံးနိုင်တယ်”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ဒါပေမဲ့ မင်းမလုပ်ခဲ့ဘူး”

“အဲဒီအစား အရွယ်အစားအမျိုးမျိုးနဲ့ ကမ္ဘာပေါင်းတစ်ထောင်ကျော် ပါဝင်ပတ်သက်တဲ့ လောကစစ်ပွဲကြီးနှစ်ခုကို ဖြစ်လာအောင် မင်းက သွေးထိုးလှုံ့ဆော်ဖို့ ရွေးချယ်ခဲ့တယ်… မျိုးနွယ်စုတစ်သောင်းက မရေမတွက်နိုင်တဲ့သက်ရှိတွေက ပါဝင်ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်… နှစ်ပေါင်းထောင်ချီကြာအောင် သွေးသံရဲရဲတိုက်ပွဲတွေကို ဖြစ်နေစေခဲ့တယ်”

“ငါ ရှေးဟောင်းမှတ်တမ်းတချို့ကို စစ်ဆေးကြည့်ပြီးသွားပြီ… ခေတ်အတော်များများကြာအောင် သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာ၊ အဆိပ်ကမ္ဘာ၊ စုန်းကမ္ဘာ... မင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဲဒီကမ္ဘာတွေက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ကြဘူး”

“အဲဒါကြောင့်ပဲ အဲဒီကမ္ဘာတွေက အခုချိန်ထိ ရှင်သန်နိုင်ပြီး ဘာအန္တရာယ်မှ မကျရောက်ခဲ့တာပဲ”

ထိုစကားကို ကြားသွားသောအခါ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် သူ့မျက်နှာပေါ်ရှိ အပြုံးကို တဖြည်းဖြည်းရုတ်သိမ်းပြီး သုန်မှုန်နေသော အမူအရာဖြင့် သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။

“မင်းရဲ့ အစစ်အမှန်ရည်ရွယ်ချက်က ဘယ်တုန်းကမှ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ မဟုတ်ခဲ့ဘူး”

သိုင်းတာအိုပင်မခန္ဓာက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို စိုက်ကြည့်ပြီး စကားကို တစ်လုံးချင်းပြောလိုက်၏။

နှစ်ဦးနှစ်ဖက်ကြား လေထုက သိသိသာသာပြောင်းလဲသွားပြီး သူတို့က တုတ်ဆွဲဓားဆွဲဖြစ်လာကြလေသည်။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို လှည့်ပတ်ကစားနေ၏။

“နောက်ဆုံး ဒီနေ့မှာတော့ မင်းရဲ့ရည်ရွယ်ချက်က အဲဒီပုရွက်ဆိတ်တွေအတွက် ရပ်တည်ပေးပြီး ငါနဲ့စာရင်းရှင်းချင်တုန်းပဲကိုး… ဟဲဟဲ”

“အထီးကျန်သိုင်းသခင်... ငါထင်တာမမှားဘူးဆိုရင် မင်းက မကြာသေးခင်ကမှ ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာခါစပဲ ရှိသေးတယ်”

ထိုနေရာအရောက်မှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက လက်ဖက်ရည်ခွက်ကိုချပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ ချောက်ချားဖွယ်ရာနှင့် ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူက သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်၏။

“မင်းက ငါနဲ့စာရင်းရှင်းချင်ရအောင် မင်းမှာ အသက်ဘယ်နှစ်ချောင်းပါနေလို့လဲ”

အစကနေ ယခုအချိန်ထိ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူ့ကိုယ်သူ ချုပ်တည်းထားခဲ့၏။

ထိုအခိုက်အတန့်မှသာ သူသည် ကြမ်းကြုတ်ခက်ထန်သော အစွယ်များကို ထုတ်ဖော်လာပြီး မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်း သို့မဟုတ် တမလွန်ဘုံအရှင် ပိုင်ဆိုင်သော စွမ်းအားကြီးမားသည့် ဖိအားက ဖြာထွက်လာခဲ့လေသည်။

မမြင်ရသော အော်ရာတစ်ခုက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို လွှမ်းခြုံလာခဲ့၏။

ဤသည်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ်ကနေ ရရှိလာသော စွမ်းအားမဟုတ်ပေ။

ဤသည်မှာ ခေတ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်လာခဲ့သူတစ်ဦး စုဆောင်းထားသည့် အော်ရာတစ်ခုဖြစ်ပြီး ခုခံဖို့အတွက် ခဲယဉ်းလေသည်။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာရှေ့မှာ မည်သူမဆို သိမ်ငယ်မှုကို ခံစားရပေလိမ့်မည်။

အခြားသော ဧကရာဇ်ပညာရှင်များသာဆိုလျှင် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ မတ်တတ်ထရပ်လိုက်သည့်ခဏမှာပင် သူတို့၏ စိတ်များက လုံးလုံးလျားလျား လဲပြိုကျသွားပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာကတော့ သူက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ စွမ်းအားကြီးမားသော ဖိအားအောက်မှာ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။

သူသည် ကြီးမားသော ဖိအားအောက်မှာ ကျရောက်နေသည့်အလား ဤအပြုအမူက အတော်လေးနှေးကွေးနေ၏။

သို့သော်လည်း အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အော်ရာသည် မတ်တတ်ထရပ်လာသော သိုင်းတာအိုပင်မခန္ဓာကို မဖိနှိမ်နိုင်ပေ။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရပ်လိုက်ကြ၏။ အလယ်မှာရှိသော စားပွဲသည် သူတို့၏ မမြင်ရ၍ စွမ်းအားကြီးမားသော အော်ရာများအောက်မှာ တိတ်တဆိတ် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

“ငါက တကယ်ပဲ ဧကရာဇ်နယ်ပယ်ကို တက်လှမ်းခါစပဲ ရှိသေးတယ်”

သိုင်းတာအိုပင်မခန္ဓာက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အကြည့်ကို လုံးဝမရှောင်လွှဲဘဲ တုန်လှုပ်စရာကောင်းသော စကားကို ထုတ်ဖော်ပြောဆိုလိုက်၏။

“ဒါပေမဲ့ ဖုန့်တူ… မင်းလည်း အစစ်အမှန်မဟာဧကရာဇ်တစ်ပါး မဟုတ်ပါဘူး”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက အမူအရာကင်းမဲ့နေသော်လည်း သူ၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ်တင်းကျပ်သွား၏။

တကယ်တော့ ထိုစကားလုံးများသည် သိုင်းတာအိုပင်မခန္ဓာ၏ စမ်းသပ်ချက်နှင့် ထင်မြင်ယူဆချက်တစ်ခုသာဖြစ်သည်။

အရင်တုန်းက မိစ္ဆာအရှင်နှင့် အပြန်အလှန်ပြောဆိုခဲ့သော စကားမှာ တမလွန်ဘုံ၏အရှင် မဟာဧကရာဇ်ဖုန့်တူ ပါဝင်ခဲ့လေသည်။

မဟာဧကရာဇ်ဖုန့်တူအပေါ် မိစ္ဆာအရှင်၏ ပထမဆုံးတုံ့ပြန်မှုမှာ အနည်းငယ်ထူးဆန်းနေပြီးနောက် ထိုအကြောင်းအရာကို ပြောဖို့ရှောင်လွှဲခဲ့လေသည်။

ထိုအချိန်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိနေခဲ့၏။

ဖုန့်တူသည် အစစ်အမှန်မဟာဧကရာဇ်တစ်ပါး ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။

နောက်ပိုင်းမှာ စုန်းကမ္ဘာ၏ တိုက်ပွဲတွင် တမလွန်စုန်းတောင်ထွတ်၏ ထိပ်မှာ တမလွန်စုန်း တဗူးနည်းစနစ်တစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းကို မဟာဧကရာဇ်ဖုန့်တူက ချန်ထားခဲ့ခြင်းဖြစ်သည်။

ထိုတဗူးနည်းစနစ်၏ စွမ်းအားသည် အထွတ်အထိပ်ဧကရာဇ်များထက် များစွာကျော်လွန်နေပြီး မဟာဧကရာဇ်တစ်ပါး၏ အဆင့်ကို ရောက်ရှိနေနိုင်လောက်၏။

ထိုအချက်သည် သိုင်းတာအိုပင်မခန္ဓာ၏ စစချင်းခန့်မှန်းချက်ကို တွေဝေရှုပ်ထွေးသွားစေလေသည်။

သူသည် ယခုတင် မဟာဧကရာဇ်မိုးကောင်းကင်ကိုးလွှာနှင့် အပြန်အလှန်စကားပြောဆိုစဉ်မှာသာ သတင်းအချက်အလက်တစ်ခုက အမှတ်တမဲ့ပေါ်ထွက်လာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားခဲ့၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည်.. ဒီဘက်မျိုးဆက်မှာ အလောင်းသုံးလောင်းက မတူညီသော အဟန့်အတားများနှင့် ကြုံတွေ့နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့လေသည်။ သူတို့သည် မဟာဧကရာဇ်များဖြစ်လာဖို့ နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ကြပေ။

ထို့ကြောင့် သူသည် အလောင်းသုံးလောင်းကို ပြန်လည်ရှင်သန်စေပြီး သူတို့၏ မှတ်ဉာဏ်များကို နိုးထစေမည့် နောက်ထပ်လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း မဟာဧကရာဇ်ဖုန့်တူ၏ ဆက်တိုက်ပြုမူလှုပ်ရှားမှုများကို နားထောင်ခဲ့ရပြီးနောက် တမလွန်ဘုံ၏ ထူးခြားမှုနှင့် ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်၏ စွမ်းအားကို ပြန်လည်စဉ်းစားသုံးသပ်ရင်း သိုင်းတာအိုပင်မခန္ဓာသည် ဤဖြစ်နိုင်ခြေကို တွေးမိလာခဲ့၏။

“မဟာဧကရာဇ်ဖုန့်တူဆိုတာက အမြုတေစိတ်ဝိညာဉ်ကသာ မဟာဧကရာဇ်နယ်ပယ်မှာ ရှိတဲ့သူတစ်ယောက်ပဲ”

သိုင်းတာအိုပင်မခန္ဓာက တုန်လှုပ်စရာကောင်းသော နောက်ထပ်စကားကို ထပ်မံ၍ ထုတ်ဖော်ပြောဆိုလိုက်၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက မှင်သေသေဖြင့် ရှိနေသော်လည်း သိုင်းတာအိုပင်မခန္ဓာက ထိုစကားကို ပြောပြီးနောက် သူ၏ အော်ရာက သိသိသာသာ မတည်မငြိမ်ဖြစ်လာ၏။

အလောင်းသုံးလောင်းနည်းစနစ်သည် တကယ်ပင်စွမ်းအားကြီးမားသော်လည်း မည်သို့ပင်ဆိုစေ ကန့်သတ်ချက်တချို့ရှိနေဆဲဖြစ်၏။

ဥပမာအားဖြင့် အရင်တုန်းက အထွတ်အထိပ်ဧကရာဇ်တစ်ပါးအနေဖြင့် ဧကရာဇ်ပိုရွှင်း ကျင့်ကြံခဲ့သော အလောင်းသုံးလောင်းသည် ဧကရာဇ်နယ်ပယ်အထိ မတက်လှမ်းနိုင်ခဲ့ပေ။

ဒီဘက်မျိုးဆက်မှာ မဟာဧကရာဇ်ဖုန့်တူ ခွဲထုတ်ထားသော ကောင်းမွန်၊ ဆိုးယုတ်နှင့် အတ္တအလောင်းများကတော့ သူတို့သည်လည်း နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ကြပေ။

ခွဲထုတ်ထားသော အလောင်းသုံးလောင်းသည် သူတို့ဘာသာသူတို့ ကျင့်ကြံနိုင်ကြ၏။ သူတို့မနိုးထခင် သူတို့မှာ ကိုယ်ပိုင်အသိဉာဏ်နှင့် သီးခြားရပ်တည်နိုင်စွမ်းပင် ရှိနေကြ၏။

သို့သော်လည်း ကျင့်ကြံမှုနယ်ပယ်မှာ သူသည် ပင်မခန္ဓာကို လုံးဝကျော်နိုင်မည် မဟုတ်ပေ။

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းဆိုသည်မှာ အရင်တုန်းက မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည့် တစ်ဦးတည်းသော အမြုတေစိတ်ဝိညာဉ်ပိုင်ရှင် ဖြစ်နိုင်လေသည်။

သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာမဟာနယ်မြေရှိ မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ အုတ်ဂူမှာ မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ အလောင်းသာမက အခြားသော မဟာဧကရာဇ်များ၏ ရုပ်အလောင်းများပါ ရှိနေနိုင်သည်ဟု ထင်မြင်ယူဆမိလေသည်။

သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။

“မင်းက ဒီဘက်မျိုးဆက်မှာ နောက်ထပ်လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့တယ်လို့ အခုပဲပြောထားခဲ့တယ်”

“အဲဒီလမ်းကြောင်းမှာ မင်းက ပင်မခန္ဓာဖြစ်မယ်… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ဂူသင်္ချိုင်းဖြစ်လာမယ်… မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက အလောင်းသုံးလောင်းအတွက် ယဇ်ပူဇော်မှုအဖြစ် မြှုပ်နှံခံရပြီး အလောင်းသုံးလောင်းရဲ့စွမ်းအားကို အကန့်အသတ်အထိ မြှင့်တင်မယ်… နောက်ဆုံးမှာ အလောင်းသုံးလောင်းက တစ်ခုတည်းအဖြစ်ပေါင်းစည်းပြီး မဟာဧကရာဇ်နယ်ပယ်ကိုရောက်နိုင်တဲ့ အလောင်းသုံးလောင်းခန္ဓာ ဖြစ်လာလိမ့်မယ်”

“နောက်ဆုံးမှာတော့ အဲဒီမဟာဧကရာဇ်ရုပ်အလောင်းက မင်းရဲ့ မဟာဧကရာဇ်အမြုတေစိတ်ဝိညာဉ်နဲ့ပေါင်းစည်းပြီး အစစ်အမှန်မဟာဧကရာဇ်တစ်ပါးဖြစ်လာမယ်”

ထိုစကားကို ပြောလိုက်သည့်ခဏမှာပင် တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေသော သူတို့နှစ်ယောက်၏ အခြေအနေက သိသိသာသာပြောင်းလဲသွား၏။

မဟာဧကရာဇ်မိုးကောင်းကင်ကိုးလွှာက သိသိသာသာ အရေးနိမ့်လာခဲ့၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ယဇ်ပူဇော်မှုအဖြစ် အသုံးပြုခြင်း…။ ဤသည်မှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ခုဖြစ်သည်။

မဟာဧကရာဇ်တစ်ပါးဖြစ်လာမည့် ဤလမ်းကြောင်းကို မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ အလောင်းများဖြင့် ဖောက်လုပ်ရပေလိမ့်မည်။

သူ၏ တစ်ကိုယ်ကောင်းဆန်သော အတ္တများအတွက် မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိတိုင်းကို သူ့ခြေရင်းမှာ အပြစ်မဲ့စွာဖြင့် သေဆုံးစေမည်ဖြစ်၏။

နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲ၊ ခွန်များနှင့် ဖန်းများ၏ စစ်ပွဲက သူ၏ ပထမဆုံးခြေလှမ်းသာ ဖြစ်လေသည်။

All Chapters