နောက်ထပ်မုန်တိုင်းတစ်ခု
Vol. 209 Ch. 3124
လူသုံးယောက်က ဂမ္ဘီရမိုးကောင်းကင်ခန်းမ၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေကြ၏။
ဤနေရာမှာ ရောက်နှင့်နေပြီးသားဖြစ်သော အင်မော်တယ်ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်နဲ့ အင်မော်တယ်ဧကရာဇ်နတ်ဆေးမိုးကောင်းကင်တို့အပြင် ယခုတင် ဆင်းသက်ရောက်ရှိလာသော အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်ကို သူတို့နှစ်ယောက်က တားဆီးပြီး ခန်းမ၏ အပြင်ဘက်မှာ စောင့်ကြပ်နေကြ၏။
“အထဲမှာရောက်နေတာ ဘယ်သူပါလိမ့်”
အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က ခဏမျှ စောင့်ဆိုင်းပြီးနောက် စိတ်မရှည်စွာဖြင့် မေးလိုက်၏။
“မပြောတတ်ဘူး”
အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က ပြောလိုက်၏။
“အဲ့ဒါက ကောင်းကင်အရှင် ဆဗြဟ္မ မဟုတ်ရင် မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးပဲ… တိတ်တဆိတ်ဆွေးနွေးဖို့အတွက် သခင်နဲ့ တွေ့ဆုံနိုင်တဲ့ ဧကရာဇ်က လက်တစ်ဆုပ်စာပဲ ရှိတယ်”
“မင်း တစ်ခုခုကို စိုးရိမ်ပူပန်နေတာလား”
အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က မေးလိုက်၏။
အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က မကျေမချမ်း ခံစားလာရပြီး ဒေါသတကြီး ပြောလိုက်၏။
“ငါ့ရဲ့ အဖြူရောင်မိုးကောင်းကင်နန်းတော်ကို ဟိုနိမ့်ကျသက်ရှိတွေက မီးလောင်ပြာချသွားတယ်…. ငါဘယ်လိုလုပ် မပူပန်ဘဲနေမှာလဲ”
အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“မင်းရဲ့ အဖြူရောင်မိုးကောင်းကင်နန်းတော်က မီးလောင်ခံရရုံပဲ… ငါ့ရဲ့နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကဆို အကုန်ပါသွားပြီ… ဒါတောင်မှ ငါလည်း အပြင်ကနေ စောင့်နေရတာပဲ”
“ကျေးဇူးပြုပြီး စိတ်ကိုလျှော့စမ်းပါ”
အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က မှင်သေသေဖြင့် ပြောလိုက်၏။
“မိုးကောင်းကင်ကိုးလွှာကို စုစည်းသိမ်းပိုက်ထားပြီဆိုမှတော့ အနာဂတ်မှာ နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရယ်၊ အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရယ်လို့ ရှိမှာမဟုတ်တော့ဘူး…. မင်းတို့တွေက ဘာမှဆုံးရှုံးစရာမရှိပါဘူး”
“မင်းကတော့ ပြောရတာလွယ်တာပေါ့”
အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က လှောင်ရယ်လိုက်၏။
“အဲ့ဒီနိမ့်ကျတဲ့သက်ရှိတွေက မင်းရဲ့ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို ပြဿနာလာရှာတာမှ မဟုတ်တာ… အဲ့ဒါကြောင့် မင်းက ဂရုမစိုက်ဘဲ နေနိုင်တာပေါ့”
“အမ်…”
ရုတ်တရက် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က အံ့အားတသင့် ရေရွတ်လိုက်၏။
“သူတို့အုပ်စုရဲ့ လှုပ်ရှားပုံအရဆို သူတို့တွေက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို ဦးတည်လာနေတဲ့ပုံပဲ”
“ဟုတ်သားပဲ”
အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီးနောက် အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်ကို အူမြူးအားရစွာ ကြည့်လိုက်၏။
“ငါ့တို့ထဲ ဘယ်သူကမှ မလွတ်တော့ဘူးထင်တယ်”
အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
တကယ်တော့ ဤရလဒ်က သူ့ကို အံ့အားသင့်မသွားစေပေ။
တကယ်ဆို သူက ဤနှစ်အတွက် ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။
အစက သူသည် ဖုန့်စန်းထျန်ရှိရာ ထျန်ဟွမ်ဂိုဏ်းကို ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ဧကရာဇ်အထီးကျန်သိုင်းသခင်၏ အောင်မြင်ထွန်းပေါက်လာမှုက သူ့ကို တစ်စုံတစ်ရာ လွဲမှားနေကြောင်း နားလည်သဘောပေါက်လာစေ၏။
ဖုန့်စန်းထျန်သည် ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ပေါ်ထွက်လာစေနိုင်မည်ဆိုလျှင် သူသည် သေချာပေါက် ခုခံနိုင်မည်မဟုတ်ဘဲ ဂမ္ဘီရမိုးကောင်းကင်နန်းတော်တစ်ခုလုံးက ဖျက်ဆီးခံရပေလိမ့်မည်။
ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ခုခံဆန့်ကျင်နိုင်မည့် တစ်ဦးတည်းသောသူက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် မိုးကောင်းကင်ကိုးလွှာကို စုစည်းသိမ်းပိုက်လိုသည့် သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်သည့်အချိန်မှာ အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က အရင်ဆုံး အညံ့ခံဖို့ ရွေးချယ်ပြီး သူ့လက်အောက်သို့ ဝင်ရောက်လာခဲ့၏။
သူက ဤနေ့အတွက် အဲ့ဒါကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။
ဖုန့်စန်းထျန်နှင့် ဧကရာဇ်အထီးကျန်သိုင်းသခင်သည် သူ့ကို လက်စားချေဖို့အတွက် ထျန်ဟွမ်ဂိုဏ်းကို ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ဦးဆောင်လာမည်ဆိုလျှင် သူသည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ ကာကွယ်မှုကို ရယူနိုင်ပေဦးမည်။
ကြည့်ရသည်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ပေါ်ထွက်မလာသေးပေ။ ထျန်ဟွမ်ဂိုဏ်း၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ သူတို့သည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို မခြိမ်းခြောက်နိုင်ပေ။
ဘုရင်ကျင်း၏ သေခြင်းရှင်ခြင်းကိုတော့ အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က အရေးလုပ်မနေပေ။
ထျန်ဟွမ်ဂိုဏ်းမှ ဤလူအုပ်စုက လက်မလျှော့ဘဲ ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ ရောက်လာရဲမည်ဆိုလျှင် သူတို့က သက်သက်အသေလာခံခြင်းသာ ဖြစ်ပေလိမ့်မည်။
သူတို့သည် ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ဟိုလူနှစ်ယောက်ကို အနှောင့်အယှက်ပေးမိမည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်မှ နိမ့်ကျသက်ရှိများအားလုံးက သေချာပေါက် သေရပေလိမ့်မည်။
မဟာကျင်းအင်မော်တယ်နိုင်ငံမှာ...
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မြို့တော်သည် အလွန်တရာ စည်ကားသက်ဝင်လာခဲ့၏။ လူများက ဝင်ချည်ထွက်ချည်ဖြင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ဝှမ်းမှ ကျင့်ကြံသူများနှင့် အင်မော်တယ်များက စုဝေးရောက်ရှိလာကြ၏။ သူတို့အများစုက ကမ္ဘာမြေအင်မော်တယ်များ ဖြစ်ကြသည်။
အကြောင်းမှာ နှစ်တစ်သောင်းတွေ့ဆုံပွဲကို ပြန်လည်စတင်တော့မည် ဖြစ်သောကြောင့်ပင်။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက နောက်ထပ်မုန်တိုင်းတစ်ခုကို လှုပ်ခတ်လာစေ၏။
တကယ်တမ်းမှာ လွန်ခဲ့သည့် နှစ်တစ်သောင်းတွေ့ဆုံပွဲ ကျင်းပခဲ့သည်မှာ နှစ်တစ်သောင်း မပြည့်သေးပေ။
သို့သော်လည်း ဤနှစ်များအတွင်း ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အမျိုးမျိုးသော အဖွဲ့အစည်းများက လှုပ်ခတ်လာပြီး ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။
ဥပမာအားဖြင့် နဂိုမူလ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ဓားကမ္ဘာမှ ဧကရာဇ်တစ်ဦး၏ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရ၏။ တက္ကသိုလ်ဂိုဏ်းချုပ် ဘယ်ဆီရောက်နေသလဲဆိုသည်က လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်ပြီး သူက သေသလားရှင်သလား မသိရပေ။ တက္ကသိုလ်၏ အခြေခံအုတ်မြစ်က ဖျက်ဆီးခံလိုက်ရပြီး အင်မော်တယ်ဘုရင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ပြန်လည်တည်ဆောက်ထားသော်လည်း အဲ့ဒါက အရင်ကလောက် ခမ်းနားထည်ဝါမှု မရှိတော့ပေ။ လက်ရှိဂိုဏ်းချုပ် ယန်လောရှုသည် ပကတိအင်မော်တယ်တစ်ဦးသာဖြစ်ပြီး တက္ကသိုလ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အင်မော်တယ်ဘုရင်ပညာရှင်များ မရှိကြပေ။ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် သာမန်အဆန်ဆုံး ကမ္ဘာမြေအဆင့်အဖွဲ့အစည်းတစ်ခုသာ ဖြစ်လာခဲ့လေသည်။
လူများစွာသည် လက်ရှိကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အကြောင်း စကားထဲထည့်ပြောနေကြသေးသည်မှာ မဟာနတ်နတ်မိမယ်သုံးပါးထဲမှတစ်ပါး၊ ပန်းချီအင်မော်တယ်က တက္ကသိုလ်မှာ ရှိနေသေးသောကြောင့်ပင်။
မူလကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ လဲပြိုမှုနှင့်အတူ နောက်ထပ် ကောင်းကင်အဆင့်အဖွဲ့အစည်းနှစ်ခုက စီးပိုးခြယ်လှယ်စွာဖြင့် ပေါ်ထွက်လာခဲ့၏။
အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် ကျန်ရှိနေသော အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းနှင့် ရင်ဘောင်တန်းရပ်တည်လာသည်က လေမီးဘုရားကျောင်းနှင့် လေဟာနယ်ထိုးဖောက်နန်းတော် ဖြစ်လေသည်။
ယခုအချိန်မှာ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတွင် အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းငါးဂိုဏ်း ရှိလာခဲ့သည်။
ဤတစ်ခေါက် နှစ်တစ်သောင်းတွေ့ဆုံပွဲကို မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ကျင်းပမည်ဖြစ်သည်။
မကြာသေးခင်နှစ်များအတွင်း ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဖြစ်ပျက်လာခဲ့သည့် ကြီးမားသော အပြောင်းအလဲများကြောင့် မဟာကျင်းအင်မော်တယ်နိုင်ငံသည် အဲ့ဒါကို နှစ်ပေါင်းရာချီ ကြိုတင်ကျင်းပဖို့ ရွေးချယ်ခဲ့ပြီး အမျိုးမျိုးသော အဖွဲ့အစည်းများကို တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းစေရန် ခေါ်ယူစုဝေးထားလေသည်။
အဲ့ဒါသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲတစ်ခုသာဖြစ်သော်လည်း ဤတစ်ခေါက်မှာ ပကတိစိတ်ဝိညာဉ်တချို့နှင့် အမျိုးမျိုးသော အဖွဲ့အစည်းများမှ အင်မော်တယ်ဘုရင်များက ရောက်ရှိလာကြ၏။
လူတိုင်းသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ရှားရှားပါးပါး ဤကျင့်ကြံရေးပွဲတော်ကို အသုံးချကာ အဖွဲ့အစည်းကြီးများမှ ပညာရှင်များနှင့် မိတ်ဆွေဖွဲ့လိုကြ၏။
မဟာကျင်းမြို့တော်၏ လမ်းမများထက်မှာ ကျင့်ကြံသူတစ်အုပ်စုက လျှောက်လှမ်းလာကြ၏။ သူတို့က လူအယောက်လေးငါးဆယ်ဖြစ်ပြီး အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ကာ သူတို့၏ ဘေးပတ်လည်မှ လူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။
“ဟိုမှာကြည့်စမ်း…. သူတို့တွေက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က တပည့်ဂိုဏ်းသားတွေပဲ”
“ခေါင်းဆောင်က လက်ရှိဂိုဏ်းချုပ် ယန်လောရှုပဲ… သူက ဒီတစ်ခေါက်အဖွဲ့ကို ကိုယ်တိုင်တောင် ဦးဆောင်လာရတယ်ဆိုတော့...”
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အရင်ကနဲ့ မတူတော့ဘူး… လက်ရှိဂိုဏ်းချုပ်က ပကတိအင်မော်တယ်တစ်ဦးပဲ… သူ့အနေနဲ့ အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်လာရတယ်ဆိုတာ ပုံမှန်ပါပဲ”
ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများစွာက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းကိုကြည့်ကာ တိတ်တဆိတ်ဆွေးနွေးပြောဆိုလာကြ၏။
“အရင် နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ရဲ့ ဆူဇီမိုက အရမ်းကို အောင်မြင်ကျော်ကြားခဲ့တယ်လို့ ငါကြားဖူးတယ်… သူက ပြန်ဝင်စားအင်မော်တယ်တစ်ဦးကို အနိုင်ယူပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ပထမနေရာကို စီးပိုးခြယ်လှယ်စွာနဲ့ ရယူခဲ့တယ်”
“အမှန်ပဲ… အရင်မျိုးဆက်မှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်မှုက အရမ်းကို ပြင်းထန်ကြမ်းတမ်းခဲ့တယ်… ဆူဇီမိုက တကယ့်ကို စွမ်းအားကြီးမားပြီး နောက်ပိုင်းမှာ ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကိုပါ ရယူခဲ့သေးတယ်… ကံဆိုးစွာနဲ့ပဲ သူက သိပ်မကြာခင် တက္ကသိုလ်ကို သစ္စာဖောက်ပြီး ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သေဆုံးခဲ့ရတယ်လို့ ငါကြားတယ်”
“ဆူဇီမိုမှာ ဖန်တီးခြင်းကြာပဒုမ္မာမျိုးဆက်သွေး ရှိတယ်တဲ့… တက္ကသိုလ်ဂိုဏ်းချုပ်က အဲ့ဒါကို ရယူချင်လို့ သူက တက္ကသိုလ်ကနေ ထွက်ခွာရအောင် ဖိအားပေးခံခဲ့ရတာပဲ… အဲ့လိုနဲ့ သူက နောက်ဆုံးမှာ သေခဲ့ရတာ”
သူတို့သည် ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားသောအခါ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာမှာ တွေဝေရှုပ်ထွေးသော အမူအရာများ ရှိနေပြီး ညည်းတွားရေရွတ်လိုက်ကြ၏။
တစ်ခဏချင်းမှာပင် နှစ်တစ်သောင်းနီးပါးက ကုန်ဆုံးသွားခဲ့၏။
အထက်ဘုံလောက၏ အင်မော်တယ်များအတွက် နှစ်တစ်သောင်းသည် တစ်ခဏချင်းမှာ ကုန်ဆုံးသွားတတ်လေသည်။ သို့သော်လည်း အတိတ်ကို ပြန်ကြည့်လျှင် အရာများစွာက ပြောင်းလဲသွားခဲ့၏။
လွန်ခဲ့သည့် နှစ်တစ်သောင်းက တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် လမ်းမများပေါ်မှာ လျှောက်လှမ်းသည့်အခါ အခြားသောကျင့်ကြံသူများက သူတို့၏ လက်နှစ်ဖက်ကိုယှက်ပြီး ရိုသေလေးစားစွာဖြင့် ဦးညွှတ်နှုတ်ဆက်ရလေသည်။
နှစ်တစ်သောင်းကြာပြီးနောက် သူတို့သည် လူအများ လက်ညှိုးထိုးဝေဖန်ပြောဆိုစရာ ဖြစ်လာခဲ့၏။
ယန်လောရှုသည် ဘေးပတ်လည်ကို ကြည့်ရှုပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
“တစ်ယောက်ယောက်က နှစ်တစ်သောင်းတွေ့ဆုံပွဲအကြောင်း စပြီးပြောတာနဲ့ သူတို့တွေက ဂျူနီယာညီဆူအကြောင်းကို သေချာပေါက် ပြောလာကြလိမ့်မယ်…. အရင်တုန်းက သူက တက္ကသိုလ်အတွက် အနှိုင်းမဲ့ဂုဏ်ကျက်သရေကို ဆောင်ပေးခဲ့တယ်… ဒါပေမဲ့ အခုတော့ သူက မရှိတော့ပါ့လား”
“ကိစ္စတွေက ပြောင်းလဲသွားခဲ့ပြီ”
သူ၏ နောက်ဘက်မှ အမျိုးသမီးတစ်ဦးက တွေဝေရှုပ်ထွေးသော အမူအရာနှင့်အတူ မှင်သေသေဖြင့် ပြောလိုက်၏။
အမျိုးသမီးမှာ ကြော့ရှင်းသော သွင်ပြင်ရှိပြီး သူမ၏ အနက်ရောင်ဆံပင်ကို ဆံထုံးတစ်ခုအဖြစ် စုထားလေသည်။ သူမ၏ အသားအရေက ဖြူဖွေးပြီး ပန်းချီကားချပ်ထဲကနေ လျှောက်လှမ်းထွက်လာသော နတ်မိမယ်တစ်ပါးနှင့်တူကာ လူတိုင်းကို မှင်တက်သွားစေ၏။
“ကြည့်စမ်း… ပန်းချီအင်မော်တယ်လည်း ဒီကိုရောက်လာတာပဲ”
“နတ်မိမယ်မိုချင်လား.. ဘယ်မှာလဲ”
“နတ်မိမယ်မိုချင်က အခန်းအောင်းနေတတ်ပြီး တိတ်ဆိတ်မှုကို သဘောကျတယ်လို့ ငါကြားတယ်… သူက ဒီလိုမျိုး စုဝေးပွဲတွေမှာ ပါဝင်လေ့မရှိဘူး… ငါက ပန်းချီအင်မော်တယ်ရဲ့ အလှအပကို မြင်တွေ့ခွင့်ရမယ်ဆိုရင် ဒီတစ်ခေါက် ငါ့ရဲ့ခရီးစဉ်က အချည်းနှီး ဖြစ်မှာမဟုတ်တော့ဘူး”
တဖြည်းဖြည်းနှင့် လူအုပ်ကြားထဲမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာပြီး အကြည့်များစွာက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာသို့ ဆင်းသက်ရောက်ရှိလာ၏။
မိုချင်သည် သူမ၏ ဘေးပတ်လည်မှ တောက်လောင်ပြင်းပြ၍ အရိုင်းဆန်သော အကြည့်များကို သဘောမကျပေ။
ဤတစ်ခေါက်မှာ သူမသည် နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ပါဝင်ပြီး တက္ကသိုလ်တပည့်ဂိုဏ်းသားများနှင့် လိုက်ပါလာခဲ့သည်မှာ တက္ကသိုလ်ကို ပြန်လည်တည်ထောင်ထားခါစ ဖြစ်သောကြောင့်ပင်။
ယန်လောရှုသည် လက်ရှိဂိုဏ်းချုပ်ဖြစ်သော်လည်း သူသည် သိုင်းတာအိုကို ပြန်လည်ကျင့်ကြံပြီး အစစ်အမှန်သိုင်းနယ်ပယ်ကို ဝင်ရောက်ခါစသာဖြစ်၏။
မိုချင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ အသန်မာဆုံးသူဖြစ်သည်ဟု ဆိုနိုင်သည်။
လူအိုကြီးရွှမ်နှင့် လင်းရွှမ်ကျီတို့နှစ်ယောက်စလုံးက အင်မော်တယ်ဘုရင်များ ဖြစ်ကြ၏။ သို့သော်လည်း သူတို့၏ ဖုံးကွယ်ထားသော အမွေအနှစ်များနှင့်အတူ သူတို့၏ သရုပ်သကန်များက ထူးခြားနေ၏။ တက္ကသိုလ်မှ အခြားသော တပည့်ဂိုဏ်းသားများကလည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များကို မသိရှိကြပေ။
ထို့ကြောင့် လူအိုကြီးရွှမ်က ဤနေရာမှာ ရှိနေသော်လည်း သူ့အနေဖြင့် ရှေ့ကိုထွက်လာဖို့က မဖြစ်နိုင်ပေ။
မိုချင်က ရွေးချယ်စရာမရှိဘဲ ရှေ့သို့ထွက်လာရ၏။ တစ်ဖက်မှာတော့ သူမသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး တက္ကသိုလ်တပည့်ဂိုဏ်းသားများကို အားမငယ်စေဖို့ ဖြစ်လေသည်။
တစ်ဖက်မှာတော့ တစ်ခုခုဖြစ်လာမည်ဆိုလျှင် သူမ ရှိနေသရွေ့ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သောကြောင့်ပင်။